❝ မိုးတိမ်မည်းတို့၏ ခြေရာ ❞
( နောင်သွေးညို )
၁ ။
“ ဟေ့ကောင် ဖိုးအောင် ၊ မင်း ခွေးရူးလုပ်ရမှာနော် ၊ မညစ်နဲ့ဗျ ”
“ ဟေ့ကောင် ၊ မင်း ပုတ်လိုက်တာ ငါ့ကို မထိပါဘူးဆိုမှ ၊ ဟုတ်တယ်မဟုတ်လား မိနု ”
“ ဟုတ်မနေဘူးကွဲ့ ၊ ငါ မြင်တယ် ။ နင့်ရဲ့ကျောကို ဂျစ်ပု ပုတ်မိတယ်ကွဲ့ ”
မိနု မဖြေခင် ဖြူဖြူက ဝင်ဖြေသွားတယ် ။ ဂျစ်ပုကတော့ ဖြူဖြူရဲ့ စကားကြောင့် “ ကဲ ၊ ငါမပြောဘူးလား ” ဆိုပြီး ဖိုးအောင်ကို လျှာထုတ်ပြောင်ပြနေတယ် ။ ဖိုးအောင်ကတော့ မိနုကို စစ်ကူတောင်းသလို ကြည့်နေတယ် ။ အိမြတ်နဲ့ ရွှေလုံးတို့ကတော့ ဂျစ်ပုကို တစ်လှည့် ၊ ဖိုးအောင်ကို တစ်လှည့် ကြည့်နေကြတယ် ။
“ ကဲပါဟာ ... အပြတ်တရား ငါပဲ ခွေးရူးလုပ်လိုက်မယ် ။ ဒီတစ်ခါပဲနော် ။ အေး ၊ နောက်တစ်ခါဆိုရင်တော့ ငါ မလုပ်ဘူးနော့ ။ အဲဒါ ပြောပြီးပြီဗျ ”
မိနု အဲဒီလို ပြောလိုက်တော့ ဖိုးအောင်ကော ၊ ဂျစ်ပုကော ပျော်သွားကြတယ် ။ ဂျစ်ပုကဆို လက်ခုပ်တွေပါ တီးလို့ရယ် ။ ပြီးတော့ သူတို့တွေ အကုန်လုံး ထိုင်နေရာက ထ , လိုက်ကြတယ် ။ မိနုလည်း ခွေးရူးလုပ်ရမှာ ဆိုတော့ မတ်တတ်ရပ်လိုက်ရတာပေါ့ ။
“ နင်တို့တွေ ညစ်ပတ်ရင်တော့ နောက်တစ်ခါ ငါခွေးရူးမလုပ်တော့ဘူးနော် ”
သူတို့ ငါးယောက်စလုံးကို မိနု ပြောလိုက်ရသေး တယ် ။ ဟုတ်တယ်လေ ၊ သူတို့ ညစ်ပတ်ရင် မိနုက ခွေးရူး ကျွတ်တော့မှာမှ မဟုတ်တာကို ။
“ ကဲ ၊ တစ် ... နှစ် ... သုံး ... စိန်ပြီဟေ့ ”
ရွှေလုံးက သူ့လက်တွေကို ထောင်ပြီးတော့ အော် တယ် ။ ရွှေလုံးရဲ့ အော်သံဆုံးပြီဆိုတာနဲ့ မိနု ကတော့ ဖိုးအောင် ရှိတဲ့ဘက်ကို အားကုန် ပြေးလိုက်တော့တာပဲ ။ ဖိုးအောင်က အပြေးမသန်ဘူးလေ ၊ ဟီး ဟီး ။ ဖိုးအောင် ကလည်း ပါးတယ်ဗျ ။ သူ့ ဘက်ကို မိနု ပြေးလာပြီဆိုတာနဲ့ နောက်ကို တအားလှည့် ပြေးတော့တာပဲ ။ ဟွန်း ၊ ဘယ်ရမလဲ ။ သူက ရှေ့ကနေ အတင်းပြေးတော့ မိနုလည်း နောက်ကနေ အတင်းလိုက်တာပေါ့ ။ ဟော ... မိနုရဲ့ဘေးကနေ ဖိုးအောင် ကွေ့ပြီးပြေးတယ် ။ မိပြီ ဆိုပြီး မိနု လှမ်းပုတ်လိုက်တယ် ။ ဖိုးအောင်က ငုံ့ရှောင်သွားတယ် ။ မမိလိုက်ဘူး ။ တောက် ၊ မိဖို့ နည်းနည်းလေး လိုတော့တာကို ။
“ ဟဲ့ ... ဖိုးအောင် ၊ လာခဲ့စမ်း ဒီကို ။ ဒီလောက် ပြောထားတာကို ကစားချင်သေးတယ် ၊ လာခဲ့ ”
ဖိုးအောင်ကို နောက်ကနေ အော်လိုက်သံကြားတော့ မိနုတို့လည်း ကစားနေတာကို ရပ်ပြီး နောက်ကို လှည့်ကြည့်မိကြတယ် ။
ဟင် ... ဖိုးအောင်ရဲ့ အမေကြီး ။ လက်ထဲမှာလည်း တုတ်ကြီးနဲ့ ။
“ လာ လာ ၊ နင့်ကို အဲဒီ မိနု ဆိုတဲ့ ကလေးမနဲ့ မကစားနဲ့လို့ ပြောထားတာကို မရဘူး ။ အဲဒီ မိသားစုနဲ့ မပတ်သက်ချင်ဘူးလို့ ခဏခဏ ပြောနေတာလည်း နားမလည်ဘူး ၊ လာခဲ့စမ်း ”
မိနုတို့လည်း အရမ်းကြောက်သွားတယ် ။ ဖိုးအောင်ရဲ့ အမေက အဲဒီလို ကြီးပဲရယ် ။ ဖိုးအောင်ကိုဆို မိနုနဲ့ ဘာလို့ မကစားခိုင်းတာလဲ မသိဘူး ။ အဘွားနဲ့ အမေ့ကို မေးတုန်းကလည်း မိနုကို ဘာမှ မပြောကြဘူး ။ အဲ ၊ အဘွားကတော့ “ ဖိုးအောင်ရဲ့ အမေနဲ့ အဘွားတို့ ရန်ဖြစ်ထားကြလို့ မကစားခိုင်းတာ နေမှာပေါ့ ” လို့ ပြောတယ် ။ ဒါပေမဲ့ ဖိုးအောင်နဲ့ မိနုကမှ ရန်မဖြစ်ထားတာကို ။ ကစားခိုင်းရမှာပေါ့ ။ ဖိုးအောင်ကတော့ သူ့အမေနားကို ရောက်သွားပြီ ။
“ နင့်ကို အဲဒီကလေးမနဲ့ မကစားနဲ့လို့ ခဏခဏ ပြောထားတာကို ကစားချင်ဦး ကဲဟယ် ... အဲဒါ ကစားချင်ဦး ”
“ ဖြန်း .. ဖြန်း... ဖြန်း .. ”
အား လား လား ကြောက်ပါပြီ အမေရဲ့ ။ အီး ... ဟီး ... နောက် မကစားတော့ပါဘူးဗျ ”
ဖိုးအောင်ရဲ့ ငိုသံကြီးက ထွက်လာတယ် ။ မိနုကြောင့် ဖိုးအောင် အရိုက်ခံရတော့ မိနုလည်း ငိုမိတော့တာပေါ့ ။ ပြီးတော့ ဖိုးအောင်ရဲ့အမေက မိနုကို စိုက်ကြည့်ပြီး ဖိုးအောင် ကို ဆွဲခေါ်သွားတယ် ။ မိနု လည်း ဖိုးအောင်ရဲ့ အမေကို ကြောက်ပြီး ပိုငိုမိတယ် ။
••••• ••••• •••••
၂ ။
“ ဟေ့ မိနု ၊ ငါတို့ ညနေကျရင် စိန်ပြေးတမ်း ကစားရ အောင်နော် ”
“ ဟင်း ... အဲဒါဆို နင့် အမေက လာရိုက်မှာပေါ့ ”
“ ရိုက်လည်း ဘာဖြစ်လဲဟ ”
ဖိုးအောင်က မိနုတို့နဲ့ ဆော့ချင်တာရယ် ။ ဒါပေမဲ့ မိနုကတော့ ဖိုးအောင်ရဲ့ အမေ ကို ကြောက်တယ်ကွဲ့ ။
“ ဟေ့ကောင် ဖိုးအောင် ”
ဂျစ်ပုက ဖိုးအောင်ကို ခေါ်တယ် ။ ဖိုးအောင်က ဂျစ်ပုကို မေးငေါ့ပြတယ် ။
“ မင်းအမေက မင်းကို မိနုနဲ့ ဘာလို့ မဆော့ခိုင်းတာတဲ့လဲကွ ”
“ မသိဘူးဟ ။ ငါ့အမေက ပြောတော့ ပြောဖူးတယ် ။ ငါက မေ့နေပြီရယ် ။ ဟီး ဟီး ။ အဲ ၊ ဟိုတစ်နေ့တုန်းကလည်း ငါ့အမေက မမမျိုးရဲ့ စာအုပ်တွေကို ကိုင်ကြည့်ပြီးတော့ ငိုတယ်ကွ ။ ပြီးတော့ ငါ့ကိုလည်း ခေါင်းခေါက်သေးတယ် ၊ မိနုနဲ့ ကစားလို့တဲ့ ။ ဒါပေမဲ့ ငါကတော့ ကစားမှာပဲ ။ နင်လည်း ကစားခိုင်းမှာမလား မိနု ”
ဖိုးအောင်က မိနုကို မေး တယ် ။ မိနုကတော့ ဖိုးအောင်ကို ကစားခိုင်းချင်တာပေါ့ ။ ဒါပေမဲ့ ဖိုးအောင်ကို သူ့အမေ ရိုက်တာခံရမှာလည်း စိုးသေး တယ် ။
“ ငါတို့ကတော့ ကစားခိုင်းချင်တာပေါ့ကွဲ့ ။ ဒါပေမဲ့ နင့်အမေက ရိုက်မှာပေါ့ ။ အဲ့ဒီအခါကျရင် ပျော်စရာမှ မကောင်းတော့တာကို ”
မိနု အဲဒီလို ပြောလိုက် တော့ ဖိုးအောင်က နှုတ်ခမ်းစူတယ် ။ ပြီးတော့ မိနုတို့ကို ပြန်ပြောတယ် ။
“ ငါ့ အမေရိုက်တာက ခဏလေးပဲ နာတာကို ” တဲ့ ။
••••• ••••• •••••
၃ ။
သင်ပုန်းမှာ ဆရာမ ရေးပေးထားတဲ့ စာတွေကို လိုက်ကူးနေရင်း ခေါင်းမူး သလိုလိုကြီး ဖြစ်လာတယ် ။ နှာလည်း စေးသလိုလို ဖြစ်လာတော့ နောက်ထပ် ဖျားတော့မယ် ဆိုတာကို သိလိုက်ပြီး အရင်လိုပဲ မျက်ရည်တွေက ဝဲလာတယ် ။ ဘေးခုံမှာ ထိုင်နေတဲ့ အိမြတ်ကို ပြောပြလိုက်တော့ သူက “ ဆရာမကို ပြောလိုက် ” တဲ့ ။ မိနုလည်း “ ငါ မပြောရဲဘူး ” လို့ ပြန်ပြောလိုက်တော့ အိမြတ်က “ ငါ ပြောပေးမယ် ” ဆိုပြီး ဆရာမ အနားကို ထ , သွားတယ် ။
“ ဆရာမ ၊ မိနုက ဖျားနေတယ်ရှင့် ”
မိနု ဝမ်းသာသွားတယ် ။ အိမြတ်ကိုလည်း ကျေးဇူးတင်သွားတယ် ။ ဆရာမက မိနုရဲ့ နဖူးလေးကို သူ့လက်တစ်ဖက်နဲ့ လာ စမ်းတယ် ။
“ အင်း ... ကိုယ်ကတော့ ပူနေတာပဲ ။ ကဲ ကဲ ၊ အဲဒါဆိုလည်း အိမ်ပြန်လိုက်တော့နော် မိနု ။ နေကောင်းမှ ကျောင်းပြန်တက် ၊ သိလား ”
ဆရာမက အဲဒီလိုပြောလိုက်တော့ မိနုလည်း ပျော် သွားတာပေါ့ ။ မိနုတို့ရဲ့အခန်းကို ဒီဆရာမ အတန်းပိုင် လာလုပ်တာ တကယ် အကောင်းဆုံးပဲ ။ ဆရာမက သဘောကောင်းတယ်ရယ် ။
မိနု လွယ်အိတ်လေးကို ခုံအောက်ကနေ ဆွဲထုတ်ပြီး လွယ်လိုက်တယ် ။ လွယ်အိတ်ထောင့်က အပေါက်ကလည်း ဟိုတစ်ခါက အမေချုပ်ပေး ထားတာတောင်မှ ပြန်ပေါက်နေပြန်ပြီ ။ အမေ့ကို ပြန်ချုပ်ခိုင်းရဦးမယ် ။ လွယ်အိတ် လွယ်ပြီး ဆရာမကို လှမ်းကြည့်တော့ ဆရာမက ခေါင်း ညိတ်ပြတာနဲ့ မိနုလည်း အိမ်ကိုပဲ တန်းပြန်ခဲ့တော့တယ် ။
အိမ်ရောက်တော့ အမေက မိနုရဲ့ နဖူးကို စမ်းကြည့် တယ် ။ ပြီးတော့ “ ဟင်း ” ခနဲ အသက်ရှူသံ အကျယ်ကြီးကိုလည်း လုပ်တယ် ။ ဘာဖြစ်လို့လဲ မသိဘူး ။ မိနုကတော့ ဘာမှမသိပါဘူးလေ ။
ကျောင်းမှာ စာမသင်ရဘဲ အိမ်ကို ပြန်ခဲ့ရတာနဲ့တင်ကို ပျော်နေတော့တာပဲ ။ ခေါင်းတောင် သိပ်မမူးတော့ဘူး ၊ ဟီး ဟီး ။
“ အမေ့ အဘွားကော ” လို့ မိနု မေးတော့ အမေက “ အခန်းထဲမှာ အိပ်နေတယ် ” တဲ့ ။ မိနုလည်း ကပ်ပေါက်ကြီးကြားထဲကနေ ချောင်းကြည့်လိုက်တော့ အဘွားက အိပ်နေတာ ဟုတ်တယ် ။ ဒါပေမဲ့ အိပ်နေရင်းနဲ့ ချောင်းတွေ ခဏခဏ ဆိုးနေတာကွဲ့ ။ အမေ ပြောတာကတော့ အဘွားလည်း ဖျားနေတာတဲ့ ။
ဒီနေ့ကတော့ မိနုလည်း ဖျားတာဆိုတော့ ကစားလို့ မရတော့ဘူး ။ မနေ့ညနေကဆို ဖြူဖြူတို့ ၊ အိမြတ်တို့ ၊ ရွှေလုံးတို့ ၊ ဂျစ်ပုတို့ ၊ ဖိုးအောင် တို့နဲ့ စိန်ပြေးတမ်း ကစားရတာ ပျော်စရာကြီးပဲ ။ ဖိုး အောင်ရဲ့ အမေကလည်း ဖိုးအောင်ကို လာမရိုက်ဘူး လေ ။ အဲဒီတော့ ပိုပြီး ပျော်စရာကောင်းတာပေါ့ ။ ရွှေလုံးကလည်း သူ့အစ်ကို ကိုကြီး ရွှေပြုံးရဲ့ ဘောင်းဘီကြီး ဝတ်လာခဲ့တော့ ပြေးရင်းနဲ့ကို ဘောင်းဘီက ခဏခဏ ကျွတ်ကျနေတာရယ် ။ အဲဒီတော့ သူ့ကိုချည်းပဲ ခွေးရူးက ဖမ်းမိနေတော့တာပေါ့ ။ ဘောင်းဘီနဲ့ သူ့ခြေထောက်က ငြိနေတော့ မြန်မြန်မှ ပြေးလို့ မရတာကို ။ လက်တစ်ဖက်နဲ့ ကိုင်ပြီးပြေးတာတောင်မှ ဘောင်းဘီက ချောင်လွန်း တော့ ရွှေလုံးဆို ပြေးရင်းနဲ့ကို ဖင်လေးကို ပေါ်လို့ပဲ ။ ဟီး ဟီး ၊ ရယ်ရတယ် ။ ဖြူဖြူဆို ရွှေလုံးကို ကြည့်ပြီး ရယ်တာဖြင့် ရှူးတောင် ထွက်ကျတယ် ။ ဟီး ဟီး ။ မိနုလည်း ဘာထူးလဲ ၊ ရယ်လိုက်ရတာဖြင့် မျက်ရည်တွေပါ ထွက်လို့ ။ ရွှေလုံးကလည်း ငပါး ဗျ ။ သူချည်းပဲ ခွေးရူး ခဏခဏ ကျနေတော့ ဘောင်းဘီကို ချွတ်လိုက်တော့တာရယ် ။ အဲဒီအခါမှ မြန်မြန်ပြေးလို့ ရသွားပြီး တစ်ခါမှကို ခွေးရူး မလုပ်ရတော့ဘူးရယ် ။ မိနုတို့လည်း သိပ်မရယ်ရတော့ဘူးပေါ့ ။
ဒါပေမဲ့ မိနုလည်း အဖျားပျောက်ရင် ပြန်ကစားလို့ ရပါပြီလေ ။ မိနုက အခုလို ခဏခဏ ဖျားနေကျဆို တော့ အကြာကြီး မဖျားဘူး ဆိုတာလည်း သိနေပြီ ။ ဒီနေ့ က သောကြာဆိုတော့ တနင်္လာနေ့ ကျရင် ပြန်ဆော့လို့ ရလောက်ပြီ ။ အဲဒီအခါကျမှ ကျောင်းမှာ ကစားရမယ် ။
အဲ ၊ အဲဒီနေ့ကျရင် ဖိုးအောင်ရဲ့အမေက ဖိုးအောင်ကို ကျောင်းထိ လိုက်မပို့ပေးရင် ကောင်းမှာပဲ ။ အဲဒါဆို ဖိုးအောင်လည်း ကစားလို့ ရတာပေါ့ ။ ဖိုးအောင်ရဲ့အမေကလည်း မိနုနဲ့ ဖိုးအောင်ကို ဘာလို့ မကစားခိုင်းတာလဲ မသိပါဘူး ။ ဟိုးအရင်တုန်းကကျတော့ ကစားခိုင်းပြီးတော့ ။ ဟိုးအရင်တုန်းက ဆိုတာက မိနုရယ် ၊ အဘွားရယ် ၊ အဖေရယ် ၊ အမေရယ် သူတို့ ဘေးက အိမ်မှာ နေတုန်းက ပြောတာ ။ အဲဒီတုန်းက ဆိုရင် ဖိုးအောင်တို့ အိမ်ကို မိနုက လည်း သွားကစားတာပဲ ။ မိနုတို့အိမ်ကို ဖိုးအောင်ကလည်း လာကစားတာပဲကွဲ့ ။ တစ်ခါတလေကျရင် မမမျိုးကောတောင်မှ ပါသေးတယ် ။ မမမျိုး ဆိုတာက ဖိုးအောင်ရဲ့ အစ်မလေ ။ မမမျိုးက ချစ်စရာကောင်းတယ် ။ မိနုနဲ့ ဖိုးအောင်ကိုဆိုလည်း မုန့်တွေ ဝယ်ဝယ်ကျွေးတာရယ် ။ မိနု ကတော့ မမမျိုးကို တအား ချစ်တာပဲ ။ ဒါပေမဲ့ အခုကျတော့ မမမျိုးက မရှိတော့ဘူးကွဲ့ ၊ သေသွားပြီရယ် ။
မမမျိုး မသေခင်မှာ အဖေက အလုပ်လုပ် ထွက်သွားတယ်တဲ့ ။ အမေက ပြောတာ ။ ပြီးတော့ မိနုရယ် ၊ အဘွားရယ် ၊ အမေရယ်က ဒီအိမ်ကို ပြောင်းလာခဲ့တာပဲ ။ အဲ ၊ မမမျိုး မသေခင်လေးမှာ အခု မိနုတို့ အိမ်ကို မမမျိုးက တစ်ခါလာသေးတယ် ။ ပြီးတော့ အဘွားရယ် ၊ အမေရယ် ၊ မမမျိုးရယ်က အခန်းထဲမှာ အကြာကြီး နေနေကြတာ ။ မမမျိုးက ငိုသေးတယ်ကွဲ့ ။ ဘာလို့ ငိုတာလဲတော့ မသိပါဘူး ။ အဲဒီတုန်းက မိနုက အိမ်အောက်မှာ ကစားနေတာ ။ နောက်ပိုင်းကျတော့ မမမျိုးက သေသွားပြီတဲ့ ။ ပြီးတော့ အမေတို့နဲ့ ဖိုးအောင်ရဲ့ အမေတို့တွေ ရန်ဖြစ်ကြတယ် ။ အဲဒီလို ရန်ဖြစ်လို့ မိနုနဲ့ ဖိုးအောင်ကို မကစားခိုင်းတာနေမှာပေါ့လို့ အဘွားက ပြောတာ ။
အခုဆို အဖေ အလုပ်လုပ်သွားတာလည်း ကြာလှပြီ ။ ခုထိ ပြန်မလာသေးဘူး ။ ဒါပေမဲ့ မိနုက အမေနဲ့ အဘွားကိုပဲ ချစ်တာပါ ။ အဖေက မူးရင် မိနုနဲ့ အမေ့ကို ရိုက်တာကိုး ။ အဲ့ဒါဆိုတော့ အဖေ့ကို မချစ်တော့ဘူးပေါ့ ။
••••• ••••• •••••
၄ ။
“ လာ မိနုလေး ၊ အဘွားနဲ့ ထမင်းစားရအောင် ။ အဟွတ် ၊ အဟွတ် ။ အင် ... ဒီချောင်းကလည်း ”
မိနု မျက်နှာသစ်ပြီး အိမ်ပေါ်ပြန်တက်ခဲ့တော့ အဘွားက ထမင်းစားဖို့ ခေါ် တယ် ။ အဘွားက အခုထိ အဖျားမပျောက်သေးဘူးလား မသိဘူး ။ ချောင်းတွေ ခဏခဏ ဆိုးနေတာရယ် ။ မိနု ကတော့ အဖျားပျောက်သွားပြီ ။ အဘွားက မိနု ပန်းကန်ထဲကို ပဲပြုတ်တွေ ထည့်ပေးတယ် ။ အဘွားရဲ့ လက်လေးတွေကလည်း မိနုရဲ့ လက်လေးတွေလို ပိန်ပိန် လေးတွေပဲရယ် ။
“ အဘွား အမေကကော ” လို့ မိနု မေးတော့ အဘွားက “ ဈေးက ပြန်မလာသေးဘူး ” တဲ့ ။ ဒါဆို ဒီနေ့ အမေ့ ပဲပြုတ်တွေက ရောင်း မကောင်းလို့လား မသိဘူး ။ အရင်နေ့တွေတုန်းကဆိုရင် မိနု အိပ်ရာနိုးရင် အမေက အိမ်ပြန်ရောက်နေပြီကို ။ ဒါပေမဲ့ ခဏနေတော့ အမေ ပြန်ရောက်လာတယ် ။
ဒီနေ့ကတော့ မိနုလည်း အဖျားပျောက်ပြီ ၊ တနင်္လာ နေ့လည်း ရောက်ပြီဆိုတော့ ကျောင်းသွားရတော့မယ် ။ မိနုရဲ့ လွယ်အိတ်ထောင့်က အပေါက်ကိုလည်း အမေက ပြန်ချုပ်ပေးထားပြီးပြီ ။
ပထမကတော့ ကျောင်းကို ဖြူဖြူတို့နဲ့ အတူတူ သွားမလို့ပဲရယ် ။ အရင်နေ့တွေ တုန်းကဆိုလည်း ဖြူဖြူနဲ့ အိမြတ်တို့က မိနုအိမ်ကိုလာ ၊ ပြီးတော့ မိနုတို့ အိမ်ကနေ သုံးယောက်စလုံး အတူတူ သွားနေကျ ။ တစ်ခါတလေ ဆိုလည်း ဂျစ်ပုတို့ ၊ ရွှေလုံးတို့ကော အဖွဲ့လိုက် အတူတူ သွားနေကျပဲ ။
ဒီနေ့ကျတော့ အမေက မိနုကို ကျောင်းလိုက်ပို့မယ် ဆိုလို့ ဖြူဖြူတို့ကို မစောင့် တော့ဘဲနဲ့ အမေနဲ့ပဲ ကျောင်းကို လာခဲ့လိုက်တော့တယ် ။ အမေက မိနုရဲ့ လက်ကလေးထဲကို သူ့လက်ညှိုးလေးထည့်ပေးတယ် ။ မိနုလည်း အမေ့ရဲ့ လက်ညှိုးလေးကို ပြန်ပြီး ဆုပ်ထားလိုက်တာပေါ့ ။ မိနုရဲ့ လွယ်အိတ်ကလေးက လည်း အမေ့ဆီမှာ ။
ကျောင်းကို ရောက်တော့ ကျောင်းမတက်သေးပေမဲ့ ဆရာမက ကျောင်းခန်း အပြင်မှာ ရောက်နေပြီ ။ ဟိုဘက်ရပ်ကွက်ထဲက နီတွတ်တို့ ၊ ဖိုးဆိုးတို့လည်း ရောက်နေကြပြီ ။ အမေက ဆရာမ အနားမှာ ရပ်နေခဲ့တယ် ။ မိနု ကတော့ အခန်းထဲမှာ လွယ်အိတ်သွားထားလိုက်တယ် ။ ဖြူဖြူတို့က မလာကြသေး ဘူးလား မသိဘူး ။ အခုက မိနုလည်း အဖျားပျောက်ပြီ ဆိုတော့ သူတို့နဲ့ စိန်ပြေးတမ်း ကစားလို့ရပြီလေ ။ ကစားလည်း ကစားချင်လှပြီ ။ ခဏနေတော့ အခန်းအပြင်ကို မိနု ထွက်လိုက်တယ် ။ ဖြူဖြူတို့ကလည်း အခုထိကို မလာကြသေးဘူး ။ အဲဒီကောင်မတွေ ဘာလုပ်နေကြတာလဲ မသိ ။
“ မိနုရေ ခဏလာဦး ”
အခန်းအပြင်ကို ရောက်တုန်းရှိသေးတယ် ၊ ဆရာမက လှမ်းခေါ်တာနဲ့ မိနု သွားလိုက်ရတယ် ။ ဆရာမက မိနုရဲ့ ခေါင်းလေးကို ပွတ်ရင်း “ မိနု က ကျန်းမာရေးချူချာတယ် နော် အစ်မ ။ ကျွန်မ ရောက်တာ တစ်လမပြည့်သေးဘူး ၊ သူဖျားတာက အခုကောဆို နှစ်ခါရှိပြီ ” ဆိုပြီး အမေ့ကို ပြောတယ် ။
“ ဟုတ်တယ် ဆရာမရေ ၊ မိနုက ငယ်ငယ်ကတည်း က ကျန်းမာရေး ချူချာတာရယ် ။ ဒီနှစ်လည်း ခဏခဏ ဖျားနေတာဆိုတော့ နှစ်တန်း စာမေးပွဲတောင် အောင်ပါ့မလားလို့ ကျွန်မက တွေးနေတာ ”
“ ဟင်း ဟင်း ၊ အဲဒီ အတွက်တော့ မစိုးရိမ်ပါနဲ့ အစ်မရဲ့ ။ အခုက စနစ်သစ်ဆိုတော့ စာမေးပွဲမရှိတော့ဘူးရယ် ။ ဒါပေမဲ့ မိနုက စာတော့ သိပ်မရဘူးရှင့် ။ အဲဒါ အစ်မတို့လည်း အိမ်မှာ သူ့ကို ဂရုစိုက်ပေးကြဦးပေါ့ ”
ဆရာမက ပြောပြီး မိနုကို ကြည့်နေတယ် ။ ပြီးတော့ မိနုကိုလည်း ပြုံးပြတယ် ။ မိနုကတော့ ဆရာမကို သိပ်မကြည့်ပါဘူး ။ ကျောင်းဝင်းပေါက်ကို ကြည့်ပြီးတော့ပဲ ဖြူဖြူတို့ကို မျှော်နေမိတယ် ။
“ ဪ ... ဒါနဲ့လေ အစ်မ ။ တစ်လောက ဖိုးအောင်ရဲ့ အမေနဲ့ ကျွန်မ တွေ့သေးတယ်ရှင့် ။ သူက ဖိုးအောင်နဲ့ မိနုကို မပေါင်းခိုင်းချင်ဘူးတဲ့ ။ ဘာဖြစ်လို့လဲလို့ ကျွန်မက မေးတော့ သူတို့ မိသားစုနဲ့ မပတ်သက်ချင်လို့ ၊ ပြဿနာဖြစ်ထားလို့ ဆိုပြီးတော့ပဲ ပြောသွားတယ် ။ ကျွန်မလည်း လူကြီးတွေ ပြဿနာကြောင့်တော့ ကလေးတွေကို မပေါင်းခိုင်းတာက အဓိပ္ပာယ် မရှိပါဘူးလို့ ပြောလိုက်တယ် ။ အဲ ၊ ဒါနဲ့လေ အစ်မ ။ ကျွန်မ ကြားမိတာက ဟို ... ဖိုးအောင်ရဲ့ အစ်မက ကိုယ်ဝန်ဖျက်ချရာက သေသွားတာဆို ၊ ပြီးတော့ အဲဒီ ကိုယ်ဝန်က အစော်ကားခံရတာလို့လည်း ကြားတယ် ၊ ဟုတ်လား ”
ဆရာမက အသံတိုးတိုး လေးနဲ့ ပြောတယ် ။ အမေက မိနုကို ငုံ့ကြည့်တယ် ။ မိနုလည်း အမေ့ကို မော့ကြည့်မိတယ် ။ အမေက စိတ်ညစ်နေတာလား မသိဘူး ။ အမေ့မျက်နှာက တစ်မျိုးတော့ တစ်မျိုးပဲရယ် ။
“ ဟုတ်တယ် ဆရာမ ။ အဲဒီကိစ္စက မနှစ်ကမှ ဖြစ် သွားတာလေ ။ ကလေးမ လေးက နဝမတန်းပဲ ရှိသေးတယ် ”
“ အင်း ... စိတ်မကောင်းစရာပဲရှင် ၊ အဲဒီ အဖြစ်အပျက်တွေကလည်း တစ်နေ့တခြား များလာသလား မှတ်ရတယ် ။ လောကကြီးကလည်း ဘာ တွေ ဖြစ်ကုန်ပြီလဲ မသိပါဘူးနော် ”
အမေက မိနုကို ကြည့်ပြန်တယ် ။ မိနုကတော့ ကျောင်းဝင်းပေါက်ကိုပဲ မျှော်ကြည့်နေမိတယ် ။ ဖြူဖြူတို့က အခုထိကို မလာကြသေးဘူး ။ ကြာလိုက်တာ ၊ တကယ်ပဲ ။ ကစားချင်လှပါပြီ ဆိုမှ ။ ဒါနဲ့ ကျောင်းက တက်တော့မှာ ။
“ လောကကြီးနဲ့တော့ မဆိုင်ပါဘူး ဆရာမရယ် ။ အဓိက , ကတော့ လူတွေပါပဲ ။ အခုတော့ အဲဒီလူလည်း ထောင်ထဲမှာပါ ။ ကျွန်မတော့ သူ့ကို ရွံမုန်းကြီးကို ဖြစ်သွားတော့တာပဲ ။ သူ့ကြောင့်မို့ ကလေးမလေးတို့ အသိုင်းအဝိုင်းက ကျွန်မတို့ကို ကမ္ဘာမကျေ ဖြစ်သွားတာ ။ အင်းလေ သမီး ငယ်ငယ်ရွယ်ရွယ် လေး ဒီလိုဖြစ်တော့ ဘယ် မိဘက ခွင့်လွှတ်နိုင်ပါ့မလဲ ။ ပထမက ကလေးမမှာ ကိုယ်ဝန်ကျန်မှန်း မသိကြဘူးရှင့် ။ နောက်ပိုင်းကျ ကလေးမလေးက သိတော့ ဘယ်သူ့မှ မပြောရဲဘူး ထင်ပါရဲ့ ။ သူ မသေခင်တုန်းက သူ့ကိုယ်ဝန် ဖျက်ချချင်လို့ ကူညီပေးပါ ဆိုပြီး ကျွန်မဆီ ရောက်လာသေးတယ် ”
“ ရှင် ... အဲ အဲဒါဆို အစ်မက သူ့ကိုယ်ဝန်ကို ဖျက် ပေးလိုက်တဲ့သူပေါ့ ”
“ အဲ မဟုတ်ပါဘူး ဆရာမရယ် ၊ ကျွန်မက မကူညီနိုင်ဘူးလို့ပဲ ပြောလိုက်တာပါ ။ ဒါပေမဲ့ ကျွန်မကတော့ စိတ်မကောင်း ဖြစ်ရတာပေါ့လေ ။ ကျွန်မတို့နဲ့ အဲဒီကိစ္စကလည်း ဆိုင်သလို ဖြစ်နေတာပဲကို ”
“ အင် ဘယ်လို ဆိုင်တာလဲ အစ်မရဲ့ ၊ အစ်မ ပြောတာကို ကျွန်မ နားမလည်ဘူး ”
အမေက မိနုကို ကြည့်ပြန်တယ် ။ မိနုကတော့ ပျော် သွားတယ် ။ ဖြူဖြူနဲ့ အိမြတ်တို့ ကျောင်းထဲ ဝင်လာတာကို မြင်ရတယ်လေ ။ သူတို့ နှစ်ယောက်တင်မကဘူး ။ ဂျစ်ပုတို့ ၊ ရွှေလုံးတို့လည်း ပါတယ် ။ အဲ ၊ ဟိုးနောက်မှာ ဖိုးအောင်လည်း ပါတယ် ။ သူ့ အမေက ဒီနေ့ လိုက်မပို့ဘူး ထင်တယ် ။ မိနုကတော့ ပိုပျော်သွားတာပေါ့ ။ နီတွတ်နဲ့ ဖိုးဆိုးကော ကစားမှာ ဆိုရင် ပိုကောင်းတယ် ။ လူများတော့ ပိုပျော်ရတာပေါ့ ။
ဖြူဖြူတို့အဖွဲ့ကို မိနု လက်ကလေး မြှောက်ပြလိုက် တယ် ။ “ ဟေး … ” လို့လည်း အကျယ်ကြီး အော်လိုက်တယ် ။ ဖြူဖြူတို့အဖွဲ့က မိနုကို မြင်သွားတော့ သူတို့ဖိနပ်တွေကို ချွတ်လိုက်ကြတယ် ။ ပြီးတော့ ဖိနပ်တွေကို လက် က ကိုင်ပြီး အတင်းပြေးလာကြတယ် ။ “ မိနု ဆီကို ဘယ်သူ အရင်ရောက်ရောက် ” ဆိုပြီး အော်လိုက်တဲ့ ဂျစ်ပုရဲ့ အသံကလည်း အကျယ်ကြီး ။
မိနုလည်း သူတို့လိုပဲ ဖိနပ်ကို ကုန်းချွတ်လိုက်ပြီး “ ငါတို့ စိန်ပြေးတမ်း ကစားရအောင်ဟေ့ ” လို့ အော်ပြောရင်း အမေနဲ့ ဆရာမ အနားကနေ ဖြူဖြူတို့ အဖွဲ့ဆီကို အားကုန် ပြေးသွားလိုက်တယ် ။
“ သိပ်ဆိုင်တာပေါ့ ဆရာမရယ် ၊ ကလေးမလေးကို အဲဒီလို လုပ်တဲ့လူက မိနုရဲ့ အဖေလေ ။ အဲဒီတော့ ကျွန်မတို့ကိုပါ မုန်းကြတော့တာပါပဲရှင် ”
နောက်က အမေ့အသံ တိုးတိုးလေးကို ကြားရတယ် ။ ဆရာမရဲ့ “ ရှင် ” ဆိုတဲ့ အသံကတော့ အကျယ်ကြီးပဲ ။ ဘာဖြစ်လို့လဲ မသိဘူး ၊ ဒါပေမဲ့ မိနု ကတော့ နောက်ကို လှည့်မကြည့်တော့ဘဲ ဖြူဖြူတို့ဆီကိုပဲ ရောက်အောင် ပြေးနေမိတော့တယ် ။
မိနု ဖျားနေတဲ့ အချိန်မှာ မကစားရတဲ့ စိန်ပြေးတမ်းကို ကစားချင်လှပြီလေ ။
⎕ နောင်သွေးညို
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၉
No comments:
Post a Comment