❝ မျှော်ဆဲ မျှော်ခါ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ခပ်လှမ်းလှမ်း မြောင်းပေါင်ပေါ်မှ ကိုင်းနုများကို နွား ဖြတ်စားသံသည် ခပ်သဲ့သဲ့ ထွက်ပေါ်နေလေ၏ ။ မြောင်းပေါင်ပေါ်တွင် အစိမ်းနုရောင် လွှမ်းစပြုနေပေပြီ ။ လယ်ကွင်းထဲရှိ ကန်သင်းပေါင်များတွင်မူ အစိမ်းရောင်သည် ဝေစည်နိုင်ခြင်း မရှိသေး ။ တစ်နွေလုံး ငုပ်လျှိုးကွယ်ပျောက်နေခဲ့သော ပန်းတော်နီများသည် ယခုမှ ခေါင်းပြူနိုင်ခါစသာရှိသေးသဖြင့် မြမြ မစိမ်းနိုင်သေးချေ ။ ဪ ... ယခုမှ မိုးတစ်ပြိုက်ပဲ ရွာနိုင်သေးသည် မဟုတ်လား ။
“ ဟယ် ဒီနွားလေးဟာ ”
ကိုဆေးရိုးသည် ထွန်ကြောင်း ကွေ့သွားသည်နှင့် နှင်တံကိုမြှောက်၍ ကြိမ်းမောင်းလိုက်၏ ။ အတိုင်ဘက်မှ နွားကလေးမှာ တင်ပါးဆီသို့ မှက်ဖြူဝဲသလို ပျံတက်လာသော နှင်တံကို ရိပ်ခနဲမြင်လိုက်သည်နှင့် တစ်ပြိုင်နက် ကန်သင်းဆီသို့ အလျားထိုးထုတ်လိုက်သော လျှာကြီးကို ကပျာကယာ သိမ်းလျက် ရှေ့သို့ ခပ်သွက်သွက် လှမ်းထွက်သွားလေ၏ ။
“ မမိုက်ချင်စမ်းပါနဲ့ သားရာ ”
ထွန်ကြောင်း ဖြောင့်သွားလျှင် ကိုဆေးရိုးက အေးဆေးစွာ ဆက်၍ ဆိုလေသည် ။
လေပြည်သည် ကိုဆေးရိုး၏ နားရွက်နှစ်ဖက်ကို ကျယ်လောင်သောအသံပေးလျက် တိုးဝှေ့နေပေ၏ ။ ထွန်သွားနှင့် မြေကြီး ဆွဲခြစ်သံလည်း မြောင်းပေါင်ပေါ်ရှိ ကိုင်းပင်ပြတ်သံကို တစ်ချက်တစ်ချက် ဖုံးအုပ်သွားပေသည် ။ ကွင်းထဲတွင် လှုပ်လှုပ်ရွရွဖြင့် မိုးစဲခိုက်တွင် တွင်းထဲမှ ထွက်လာသော ပုရွက်ဆိတ်များ သဖွယ် ထွန်ရေးငင်နေသည်များကို မြင်ရ၏ ။
“ မည်းလိုက်ပါနဲ့ ရွှေမိုးညိုရယ် ၊ ဩော် မှောင်လာပါနဲ့ ရွှေမိုးညိုရယ် ၊ ပျိုတို့မောင် ရွှေယောင်ရစ်ကို ရေနစ်မှာစိုး ”
တောင်ဘက်မြောင်းပေါင်၏ ဟိုဘက်လယ်ပွဲမှ ထွန်းသာ၏ အသံဝါကြီးပေတည်း ။ ကိုဆေးရိုးသည် ထွန်ကိုင်းကို နောက်ပြန်လှမ်းကိုင်ရင်း ဆတ်ခနဲ လှမ်း ကြည့်လိုက်၏ ။ ထွန်းသာ၏ ကျောပြင်ကြီးမှ ချွေးစက်များမှာ နေရောင်ဖြင့် တလက်လက် တောက်ပနေကာ ကိုဆေးရိုးနှင့် မျဉ်းပြိုင်မောင်းနေသည်ကို မြင်ရသည် ။
“ ဟေ့ ထွန်းသာ.. ထွန်းသာ ”
“ ဗျိုး ”
ထွန်းသာက ကိုဆေးရိုးကို လှမ်းကြည့်၏ ။
“ မည်းစမ်းပါစေကွာ ၊ ဘာဖြစ်လို့ မည်းလာပါနဲ့ ရွှေမိုးညိုရယ်လို့ ဆိုနေရတာလဲ ”
“ ဪ ဟဲ .. ဟဲ ”
ထွန်းသာသည် ခပ်ကျယ်ကျယ် အော်ရယ်ရာက “ တယ် ဒီနွားကြီးဟာ ” ဟု တစ်ချက်ငေါက်ပြီးနောက် ကိုဆေးရိုးကို လည်ပြန်လှည့်ကြည့်၏ ။
“ မမည်းပါနဲ့လို့သာ ဆိုတာပဲဗျ ၊ မရွာပါနဲ့လို့ ဆိုတာမှ မဟုတ်ဘဲ ”
“ အေး ၊ ဟုတ်သားပဲ ”
“ မည်းလာ မှောင်လာပြီးမှ မရွာဘဲ ပျောက်ပျောက် ပြေးမှာစိုးလို့ပါဗျာ ”
“ အေးကွ ”
ပြောပြောဆိုဆို ထွန်းသာ၏ အပြောကို ထောက်ခံရင်း ကိုဆေးရိုးသည် မိုးကို အမှတ်ရလာသည့် အလား စနေထောင့်ဆီသို့ မျှော်ကြည့်လေ၏ ။ စနေထောင့်ဆီ၌ ရှင်းနေသည် ။ မိုးသား မရှိ ။ ပကတိ ပြာစင်နေချေ၏ ။ ကိုဆေးရိုးတို့သည် အဲဒါကို စိတ်အပျက်ဆုံးဖြစ်ပေသည် ။ မိုးကလေး ရွာလိုက်၍ အစို မခွာခင် မဆုတ်ခင် ကပျာကယာ ထွန်ရေး ဖုံအောင် လုပ်ထားရင်း နှမ်းမျိုးတောင်း တပိုက်ပိုက်ဖြင့် မိုးကို စောင့်ကြ၏ ။ မိုးကား မလာ ။ လေသာလျှင် တဟူးဟူး တိုက်ခတ်နေသဖြင့် နောက်ဆုံး မြောင်းရေသွင်း၍သာ နှမ်းကြဲရတော့သည် ။
မိုးနှင့် မြောင်းရေသည် ရေပင် ဖြစ်ပါ၏ ။ သို့ရာတွင် မတူပေ ။ ထွန်ရေးပေါ်သို့ မိုးစက်မိုးပေါက်ကလေးတွေ ကျဆင်းလာခြင်းကြောင့် ထွန်ရေးမှာ ပွသည်ထက် ပွကာ မွသည်ထက် မွလာ၏ ။ အစိုဓာတ်လည်း ကြီးမား၏ ။ မြောင်းရေမှာသော်ကား အစိုဓာတ်ကို ပေးနိုင်သော်လည်း ထွန်ရေးကို မာစေကျစ်စေ၏ ။ ရေနှင့် အတူ ပါလာသော ရွှံ့ညွန်များက လယ်ကို ပို့စေကောစေ၏ ။ ထို့ကြောင့် ကိုဆေးရိုးတို့က မိုးကို တစ်လောပြီးတစ်လော ရွာစေချင်ကြသည် ။
ယခုဆိုလျှင် ကိုဆေးရိုးမှာ အကောလယ် အားလုံးကို ထွန်ရေးညက်အောင် ထွန်ပြီးနေပေပြီ ။ သည် အတိုင်းသာ လေချည်း ဆက်လက် တိုက်ခတ်နေပါ က ထွန်ရေးတွေ လေဖြင့်လွင့်ကုန်မှာ စိုးရလောက်အောင်ပင် ကိုဆေးရိုး၏ ထွန်ရေးက လှည်းလမ်း ကြောင်းမှ ဖုန်လို မှုန့်နေ၏ ။ လယ်ကောများမှာသာ နှမ်းကြဲပြီး ကျင်းလယ်များတွင် နှမ်းမကြဲခြင်းမှာ ကျင်း လယ်များသည် မိုးဦး ကောင်းလာပါက ရေလမ်းကျ၏ ။ မိမိ၏ လယ်ကွက်ထဲမှ ရေသာလျှင် မဟုတ်ဘဲ အထက်ရှိ လယ်ပွဲများမှ စီးဆင်းလာသော ရေကလည်း ရှိသေးသည့်အတွက် ရေဝပ်လျှင် မကြိုက်သော နှမ်းပင် နှင့် မကိုက်ပေ ။
သို့ကြောင့်လည်း ကိုဆေးရိုးမှာ အကောလယ်များကိုပင် မြောင်းမကြီး သို့မဟုတ် မြောင်းလက်တက်နှင့် နီးပါက လယ်ကွက်ထဲတွင် ရေထုတ်မြောင်းကလေး များ တူးထားရပေ၏ ။ သည်မျှ ဝပ်သော ရေ ၊ အိုင်သော ရေကို ကြောက်သောနှမ်းသည် ပန်းခရားဖြင့် ပန်းချသလို ရွာချသည့် မိုးကိုကား အင်မတန်ကြိုက်၏ ။ မိုးသာ ပြတ်တောင်းတောင်း ရွာပေးမည်ဆိုလျှင် မြေမှ ပေါက်သော နှမ်းပင်သည် ပိတ်ကားပေါ်မှ ရေးဆွဲဆဲ ပန်းချီဆရာ၏ သစ်ပင်လို ကြီးထွားခြင်း မြန်ဆန်သည် ။ ထိုးတက်လာသည် ။ အကယ်၍သာ ယနေ့ မိုးရွာမည်ဟု သေချာပေါက် သိနိုင်ပါလျှင် ကိုဆေးရိုးသည် အသင့်ဆောင်ခဲ့သော မျိုးနှမ်းတွေကို ကြဲပစ်လိုက်ချင်၏ ။ မိုးကို စောင့်ရင်း အချိန်လင့်သွားပြန်လျှင်လည်း စပါးစိုက် နောက်ကျမှာ စိုးရသေး၏ ။
“ ယမထာ ရွှေကြိမ်လုံးရယ်နဲ့ ”
“ ဒီလိုလုပ်စမ်းပါကွ ”
ထွန်းသာက ထွန်တစ်ကျော့ လှည့်အလာတွင် ဟစ်လိုက်ခြင်းဖြစ်သည် ။
“ ထွန်တုံးကိုတဲ့ ခြေတော်တင် ၊ နွားကြန်စုံရှင် ၊ ပျိုးခင်းကိုဝင် ၊ မိုးပေါ်က ရွှေပိန်ညင်းရယ် မိုးခေါ်လို့ ဆင်း ”
“ ဟုတ်ပါ့ ဟုတ်ပါ့ ကောင်းလိုက်တဲ့သီချင်းကွာ ”
ကိုဆေးရိုးမှာ မြူး၍ သွားလေ၏ ။ စိတ်မြူးသည်နှင့် လိုက်အောင် နှုတ်ကလည်း ကျူးရင့်လိုက်မိသည် ။
“ အမယ် ... အမယ် ”
ကိုဆေးရိုး၏ ကျောဘက် ကန်သင်းထက်မှ အသံတစ်သံ ထွက်ပေါ်လာ၏ ။ ကိုဆေးရိုး လယ်၏ အထက်လယ်ပွဲမှ ကိုကွန်းထိန် ဖြစ်ပေသည် ။
“ မကြီးမငယ်နဲ့ ဘာတေ သဘောကျနေတာလဲဗျ ၊ ဟဲ ဟဲ ”
ကိုကွန်းထိန်သည် နွားနှစ်ကောင်ကို အနားခိုင်းပြီး လျှောက်လာခြင်း ဖြစ်၏ ။ ကိုကွန်းထိန်က စပ်ဖြဲဖြဲ အော်ပြောရင်း လယ်ကွက်ထဲသို့ ဆင်းလာသည် ။ ကိုကွန်းထိန် ထွန်နားလာသည်ကို မြင်မှ ကိုဆေးရိုး မှာလည်း မိမိ၏ နွားနှစ်ကောင်ကို လှမ်းကြည့်လိုက်မိ၏ ။ နွားနှစ်ကောင်မှာ ပါးစပ်မှ အမြှုပ်များပင် ထွက် နေပါကလား ။
“ အေးကွာ ၊ ဒီလိုပဲပေါ့ ”
ကိုဆေးရိုးက ပြန်ဖြေပြီးနောက် နွားနှစ်ကောင်ကို ဆွဲရပ်လိုက်သည် ။ နွားနှစ်ကောင်မှာလည်း ဘယ်အချိန်များ အရပ်ခိုင်းပါ့မလဲဟု နဖားကြိုးအတင်းကို စောင့်နေသူများပီပီ တစ်ချက်ဆွဲရုံဖြင့် တုံ့ခနဲ ထိုးရပ်သွားကြသည် ။
ရပ်တန့်မိသည်ဆိုလျှင် နွားနှစ်ကောင်မှာ ရှေ့တိုး နောက်ငင်ဖြင့် အမောဆို့ နေချေ၏ ။
“ ဘယ်နှယ့် စပါးဈေးများ တိုးပေးမယ် မကြား သေးဘူးလားကွ ”
ညောင်ပင်ရိပ်သို့ ဝင်မိလျှင် ကိုဆေးရိုးက စကားစလေသည် ။
“ ဒါထားပါဦးဗျာ ။ ခင်ဗျားအိမ် မမိုးရသေးဘူး မဟုတ်လား ”
ကိုကွန်းထိန်က ညောင်မြစ်ပါးပျဉ်းတစ်ခုပေါ်တွင် ဝင်ထိုင်ရင်းဆိုလိုက်၏ ။
“ မမိုးရသေးဘူးကွ ”
“ ဒါဖြင့် သရက်ချင် မြောက်ကျောင်းမှာ ထန်းရွက် တောင်းထားတယ် ။ အဲဒါ တစ်နေ့လောက် သွားချိုင် ကြရအောင် ”
“ ကောင်းသားပဲ ”
ကိုဆေးရိုးက လေကွယ်သို့ ခေါင်းထိုးကာ ဆေးလိပ်မီးညှိလိုက်ပြီးမှ ကိုကွန်းထိန်ကို မော့ကြည့်သည် ။ ဆေးလိပ်မီးခိုးများသည် လယ်ကွင်းထဲသို့ ပြေးလွင့်သွားလေ၏ ။
“ ဒါပေမဲ့ ငါ့အိမ်က မိုးရုံနဲ့ မရတော့ဘူးကွ ”
“ ဘာဖြစ်လို့လဲ ”
“ ဪ ကွန်းထိန်ရာ ”
ကိုဆေးရိုးက ခပ်ညည်းညည်း ရေရွတ်လိုက်ရာ နွားနှစ်ကောင်ကို တစ်ချက်မျှ လှမ်းကြည့်လိုက်သည် ။ နွားနှစ်ကောင်မှာ ရုပ်ပျက်ဆင်းပျက် ယိမ်းထိုး မောပန်းခြင်း မရှိတော့သော်လည်း စားမြုံ့မခတ်နိုင်ကြသေးချေ ။
“ ငါ့အိမ်က အခြေ မရှိတော့ဘူးကွ ။ ဆောက်ထားတာ ဘယ်လောက်ကြာပြီလဲ ။ အသစ် ပြန်ဆောက်ရမှာ ”
“ အင်း ”
အိမ်တစ်လုံး ဆောက်ဖို့ ဆိုသည်မှာ သစ်ကြီးဝါးကြီးရှိရာ တောနှင့် မနီးသော ကိုဆေးရိုးတို့ ဒေသက လူတွေအတွက် ပင်ပန်းသောကိစ္စ ဖြစ်ပေသည် ။ ကိုကွန်းထိန်က ညည်းနေစဉ် ကိုဆေးရိုးက ဆက်၍ ပြောပြန်၏ ။
“ တစ်နှစ် တစ်မိုးတင် မကဘူး ကွန်းထိန်ရ ။ ကျားကန်ပြီး နေခဲ့တာ နှစ်နှစ်ရှိပြီ ”
“ ဒါဖြင့် ဒီလိုလုပ်ဗျာ ”
ကိုဆေးရိုးက ကိုကွန်းထိန်အား မျှော်လင့်တကြီး ကြည့်နေမိသည် ။
“ သရက်ချင် မြောက်ကျောင်းဘုန်းကြီးဆီမှာပဲ ထန်းပင်လေးပင်လောက် ကျုပ် တောင်းပေးမယ် ။ လှဲဖို့ ခွဲဖို့တော့ သရက်တောက ဦးစိန်ကြီးကို တောင်းပန်ပြီး ငှားဗျာ ”
ကိုကွန်းထိန်က အိမ်အတွက် လိုအပ်သော တိုင် နှင့် ထုတ်လျောက် ၊ ဒိုင်းမြား ၊ ခါးပန်း စသည်များကို သစ်ဖြင့် မလုပ်ဘဲ ထန်းသားကို အသုံးပြုရန် အကြံပေးခြင်း ဖြစ်ပေသည် ။ အရပ်ဓလေ့အားဖြင့် ထန်းပင်သည်လည်း အိမ်ဆောက်၍ ဖြစ်၏ ။ ထန်းပင် ပင်စည်ကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် သပ်ဖြင့် ခွဲချပြီးနောက် ရွေပေါ်ထိုးသည်နှင့် မခြား ချောမွေ့အောင် ဓားဖြင့် ‘ ဖျင်း ’ ပေးနိုင်သော ကျင်လည်သည့် ထန်းခွဲသမားများ ရှိပေသည် ။ သရက်တောက ဦးစိန်ကြီးမှာ ပထမတန်း ထန်းခွဲသမားကြီး ဖြစ်ပေ၏ ။
“ ဟ ကွန်းထိန်ရ ၊ ဘယ်လောက်ပဲ တောင်းပန်တောင်းပန် တစ်ပင်ကို ခွဲခ လေးကျပ်တော့ ပေးရမှာပဲကွ ”
“ ဟာဗျာ ၊ သည့်ပြင်မှာ ကိုးကျပ် တစ်ဆယ် ယူနေတာ ငါးကျပ် ၊ ခြောက်ကျပ် တော်ရောပေါ့ဗျ ”
ကိုဆေးရိုး ခေါင်းယမ်းပြသည် ။
“ ငါးကျပ် ခြောက်ကျပ်ကို များတယ် ပြောတာ မဟုတ်ဘူး ကွန်းထိန် ၊ ငါ မတတ်နိုင်တာကို ပြောတာ ။ ထန်းပင် ပေးတဲ့ ဘုန်းကြီးကိုလည်း ဝတ္ထုလေး နည်းနည်းပါးပါး ကပ်မှ ကောင်းမယ်ကွ ”
ကိုဆေးရိုး၏ ရင်ထဲ၌ ပူကောင်းပူနေချေမည် ။ အဘယ်ကြောင့်ဆိုသော် ထွန်းသာနှင့် ဟေးလားဝါးလား လုပ်နေခဲ့သော ကိုဆေးရိုး၏ လူပျိုပေါက်ကလေးနှယ် ရွှင်နုသောမျက်နှာသည် ယခုမူ အိုစာရော် မှိုင်းနေသောကြောင့်တည်း ။
“ ခင်ဗျားမလဲဗျာ အမတော်ကြေး နှစ်ရာတောင် ရရက်သားနဲ့ ”
“ ခက်ပါဘိတော့ ကွန်းထိန်ရယ် ။ နအိုကြီး နေရာမှာ အစားထိုးမယ့် နွားကလေး ချိုပုပ်သွားလို့ နွားတစ်ကောင် ဝယ်လိုက်ရတာ မင်း မသိဘူးလား ”
“ အင်း ”
ကိုကွန်းထိန် မပြောတတ်တော့ပေ ။ အလကား ရသည် ဆိုသော ထန်းပင်ကို အစိတ်သုံးဆယ် ကုန်ဦးမည့်အပြင် မဝယ်လျှင် မဖြစ်သော ဝါးနှင့် သံ ၊ နှီး စသည် ။ ကူညီသူများကို ကျွေးရမွေးရဦးမှာနှင့် ။ အိုးသမား တစ်ယောက်အတွက် လျောက်ပတ်သော အိမ်သည် တစ်ရာကုန်လျှင် မဖြစ်ပေ ။ သို့သော် ထိုတစ်ရာကျပ်မျှသော ငွေကလေးပင် မတတ်နိုင်ပါဟု ဆိုသောအခါ ကိုကွန်းထိန် ဘာပြောရမည်နည်း ။ ထို့ကြောင့်လည်း ပင်ပန်းစွာညည်းညူလျက် “ ကဲ ကဲ နေမပူခင် မောင်းလိုက်ဦးမှပဲဗျို့ ” ဟု ဆိုကာ ကိုကွန်းထိန်က လေးလံစွာ ထသွားလေ၏ ။
ကိုဆေးရိုးမှာ သူ့ဘာသာသူ ဟေးလားဝါးလား လုပ်နေသည်မှာ အကောင်းသား ။ ကိုကွန်းထိန်က အိမ်မိုးရန် ထန်းရွက် အလကားရမည်ဟု စေတနာဖြင့် လာပြောခါမှ ထန်းရွက်မှ ဆက်၍ အိမ်ဆောက်ဖို့သို့ ဆက်သွားသည့်အတွက် ကိုဆေးရိုးမှာ ရင်တွင်းပူလောင်၍ ကျန်ခဲ့သည် ။
“ ဟယ် မတတ်သာတဲ့အဆုံး အိုးဖောက်သည်ဆီက ယူရမှာပဲ ”
ကောင်းသောနည်း မဟုတ် ။ မူမှန်ဈေးအားဖြင့် ဆီအိုး အနက်တစ်ရာကို ငါးဆယ်နှုန်း ရှိသည်ဆိုလျှင် ငွေကြို၍ ယူထားပါက သုံးဆယ်ဈေး အစိတ်ဈေးဖြင့် အပ်ရ၏ ။ ထို့ကြောင့် နစ်နာလှသည် ။ နစ်နာခါမှ နစ်နာပေရော့ ။ နှမ်း မပေါ်မချင်း ၊ စပါး မပေါ်မချင်း ကိုဆေးရိုးတို့ လက်ထဲသို့ ဝင်လာမည့် ငွေ မရှိပေ ။ ရှိသည့် ငွေမှာလည်း အဆမတန် နစ်နာပြီးမှ ရမည့်ငွေ ဖြစ်သည် ။ မနစ်နာရနိုင်သည့် ငွေတော့ရှိ၏ ။ ယင်းသည်ကို မျှော်ကိုး၍ “ ဘယ်နှယ့်လဲဟေ့ ၊ စပါးဈေးကလေးများ ” ဟု ကိုဆေးရိုးက စလိုက်ကာရှိသေး ၊ ကိုကွန်းထိန်က ထန်းရွက်ဘက်သို့ ဦးလှည့်လိုက်သဖြင့် အစပျောက်သွားခဲ့လေ၏ ။
“ ကဲ ကဲ သွားကြစမ်း သားတို့ရယ် ”
ကိုဆေးရိုး၏ နွားမောင်းသံမှာ မာကျောခက်ထန်ခြင်း မရှိတော့ချေ ။ ညှိုးငယ်အားလျှော့သံဖြင့် ပြည့်နေသည် ။ ကွေ့ ရမည့် နေရာသို့ရောက်လျှင် လက်က အတိုင်ကြိုးကို ဆွဲပေး၍ ၊ ထွန်သွားကြား၌ အမှိုက်တွေ ငြိကပ်ပါလာလျှင် ထွန်တုံးကိုစီးလျက် တစ်ဖက် ကြွပေးလိုက်ရပေမယ့် ကိုဆေးရိုး မျက်စိထဲ၌ အိုမင်းလှပြီဖြစ်သော တဲကုပ်ကြီးကိုသာ မြင်နေပေ၏ ။ လေပြင်းပြင်းလာလျှင် ဘုရားတလျက် ပြေးပေါက်ကို ရှာနေရသော တဲအိုကြီး ။ အဲဒါကြီးကို ဘယ်လိုလုပ်၍ ပြင်ရပါမည်နည်း ။
“ တယ် ၊ ဒီနွားကြီး အရိုက်ခံရတော့မှာပဲ ”
နေက ပူလာပေပြီ ။ နေပူသည်နှင့်အမျှ နွားတွေမှာလည်း ပင်ပန်းလှပေပြီ ။ အလုပ်ကို ရပ်နားချင်ပြီမို့ ထွန်ပေါ်က လူတဟင်းဟင်း အသံ မပေးဘဲနေသည် ကိုပင် အရပ်ခိုင်းသည် ထင်ပြီး တုံ့ဆိုင်းလိုက်သည့် အတွက် ကိုဆေးရိုးမှာ နှင်တံကို မြှောက်၍ ငေါက် လိုက်ရသည် ။ ထွန်ကြောင်းအသစ် ပေါ်လာတိုင်း ပေါ် လာတိုင်း ဆက်ရက်ဖြူနှင့် ဆက်ရက်ညိုများသည် ထွန်ကြောင်းထဲသို့ ပြေးဆင်းလာကြ၏ ။ ပွလန်သွားသော မြေစာထဲမှ အချိန်မီ မပုန်းအောင်းနိုင်သော ပိုးကောင်ကလေးများကို လုယက်စားသောက်ကြ၏ ။ တစ်ကောင်နှင့် တစ်ကောင် သောသောညံအောင် ရန်ဖြစ်ကြသည် ။
ကိုဆေးရိုးက နောက်မှ တကောက်ကောက် လိုက်ပါလာရင်း ဆူပွက်နေသည့် ဆက်ရက်သံများကို မကြားနိုင်ပေမယ့် နားထဲတွင် တဲအိုကြီးမှ လေပြင်းပြင်း လာတိုင်း တဖြောင်းဖြောင်း တဖျစ်ဖျစ် မြည်သံများကိုကား ကြားယောင်နေ၏ ။
“ ဒါကြီးကို ဘယ်လိုလုပ်ရပါ့မလဲ ။ တဲကြီးကို ဘယ်လို အစားထိုးရပါ့မလဲ ”
အောက်ဆုံး လယ်ကွက်၏ ဘေးမှ လယ်ကွက်ကို လေးစပ်မွှေပြီးသွား၍ လက်ကျန် လယ်ကွက်ကလေး ထဲသို့ ထွန်ကိုမရွှေ့လာရင်းလည်း တဲအိုကြီး ပြဿနာက ခေါင်းထဲမှာ ပြေးလွှားလှုပ်ရှားနေ၏ ။ မေးခွန်းသည် ထပ်ကာထပ်ကာ ပေါ်လာသလို ၊ တစ်ခုတည်းသာရှိသည့် အဖြေကလည်း ထပ်တလဲလဲသာ ပေါ်လာချေသည် ။
“ စပါးဈေး တိုးပေးရင် ”
ဒါပဲရှိသည် ။ ကိုဆေးရိုးအတွက် ဒီလမ်းသာလျှင် အကောင်းဆုံးလမ်းဖြစ်သလို အခြားသူများအတွက်လည်း အကောင်းဆုံးနည်းမှာ ဒီနည်းပဲ ရှိချေ၏ ။ လက်ရှိ စပါးဈေးဖြင့် ဆိုလျှင် ကိုဆေးရိုးမှာ ပုတ်ထဲတွင် ချန်ထားသော စပါး တစ်ရာ့ငါးဆယ်ကို အချိန် မကျမချင်း မတို့ဝံ့ပေ ။ လယ်စိုက်ခါ နီးမှသာ စပါး ခုနစ်ဆယ့်ငါးတင်းခန့် ထုတ်ရောင်းဝံ့ပြီး သုံးစွဲဝံ့ပေမည် ။
“ ကဲကွ ကဲကွ တစ်စပ်တည်းပဲ ကျန်တော့တယ်ကွ ၊ ကြိတ်လိုက်စမ်း သားလေးရဲ့ ”
နောက်ဆုံးတော့ ကိုဆေးရိုးမှာ ကိုယ့်ဘာသာ ကိုယ်ပဲ အားတင်းလိုက်ကာ လူကို ပြန်ကြည့်ပြန်ကြည့် လုပ်နေသော နွားနှစ်ကောင်ကို ချော့မော့လိုက်ပြီး ညာသံပေးလိုက်ရလေ၏ ။
“ ဗျို့ ကိုဆေးရိုး ”
“ ဟေလကွာ ”
မကြာပါချေ ။ လေးစပ် ပြည့်ရန် နှစ်တုံးစာမျှအလိုတွင် တောင်ဘက်မှ နွားလှည်းတစ်စင်း မောင်းလာသံ ကြားရပြီး ထွန်းသာ၏ အသံ ထွက်ပေါ်လာ၏ ။
“ မသိမ်းသေးဘူးလားဗျ ”
“ သိမ်းတော့မှာပါကွာ ၊ ခဏနေပါဦး ”
ကိုဆေးရိုးက ပြန်ဖြေရင်း နွားနှစ်ကောင်ကို နှင်တံတဝဲဝဲဖြင့် အသော့နှင်လေ၏ ။ သူသည် လှည်းအိမ်ချပြီး ပြင်ဆင်နေသေးသောကြောင့် လှည်း မယူခဲ့ပေ ။ နွားနှစ်ကောင်နှင့် ထွန်ကို ရှေ့က လွှတ်လိုက်ပြီး ထွန်းသာ၏ လှည်းကို စီးလိုက်ချင်သဖြင့် ခဏ အဆိုင်းခိုင်းခြင်း ဖြစ်ပေ၏ ။ နွားနှစ်ကောင်မှာလည်း ထွန်ကို ထမ်းပိုးပေါ်သို့ ပြောင်းပြန်တင်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လာလမ်းအတိုင်း သုတ်ခြေတင်တော့သည် ။
“ ခင်ဗျာ့ နွားတွေက လူမပါဘဲ ပြန်လွှတ်လို့ရတယ် ။ ကျုပ်နွားတွေက မရဘူးဗျ ။ ဟိုဝင်ဒီထွက်နဲ့ ”
လှည်းပေါ်သို့ ကိုဆေးရိုး တက်မိလျှင် ထွန်းသာက စကားစလိုက်ပြီးနောက် “ ခင်ဗျာ့အိမ်ကော ပြင်မယ် ဆိုဗျ ” ဟု မေးလိုက်လေ၏ ။
“ အေးကွာ ၊ ဝမ်းစာရော မျိုးစပါးရော ပေါင်းပါမှ တစ်ရာ့ငါးဆယ်လောက်ပဲရှိတော့ ဘာလုပ်ရမှန်း မသိတော့ဘူးကွာ ”
အိမ်အကြောင်း အစဖော်သူ ရှိလာသောအခါ ကိုဆေးရိုးမှာ ညှိုးငယ်သွားလေသည် ။
“ အေးဗျ ၊ ကျုပ်လည်း ဒီလိုပဲ ၊ စပါးဈေးကလေးများ တိုးပေးလိုက်ရင် ”
“ ဟုတ်လိုက်လေ ထွန်းသာရာ ”
ကိုဆေးရိုးသည် မျက်လုံးကြီးဖြဲကာ ထွန်းသာ၏ ပေါင်ကို ပုတ်၍ အားရပါးရ အော်လိုက်၏ ။
“ ငါလည်း ဒါပြောမလို့ဘဲ ။ ဒါနဲ့ပတ်သက်လို့ မင်းကော ဘာများ ကြားမိသလဲဟေ့ ”
ကိုဆေးရိုးသည် ထွန်းသာ၏ ဘေးသို့ လူချင်း ကပ်မိအောင် ရွှေ့လိုက်သည် ။
“ စပါးဈေး ငါးရာကို တိုးပေးမလိုလို ကြားနေရ ပြန်ပြီဗျ ”
“ အေးပေါ့ အေးပေါ့ ၊ ဒီအစိုးရ လက်ထက်မှာတော့ ဘာပဲဖြစ်ဖြစ် စပါးဈေးကို မုချ ငါးရာ အထိ တိုးပေးမှာ သေချာတယ်ကွ ”
“ ဪ ကိုဆေးရိုး ”
ကျေနပ်လွန်း ပြောချင်လွန်းသဖြင့် ပလုတ်ပလောင်းကြီး ပြောချလိုက်ရာ ထွန်းသာ၏ ပါးပေါ်သို့ တံတွေးတွေပင် စဉ်ကုန်တော့သည် ။ ထွန်းသာမှာ လည်း ပါးပေါ်သို့ ကျလာသည့် တံတွေးအမြှုပ်များကို သတိ မထားအားပေ ။ အိမ်ပြန်ခြေသွက်နေသော နွားများကို ကြိုးကိုင်ရုံသာ ကိုင်ပြီး ကိုဆေးရိုးဘက်သို့သာ အလောတကြီး လှည့်၍ ပြောနေ၏ ။
“ စပါးဈေးသာ ငါးရာ ပေးစမ်းဗျာ ၊ ကျုပ်လေ ဟောဒီလို ဟောဒီလို ”
ထွန်းသာသည် လှည်းကြမ်းပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီလိုက်စဉ် လှည်းသည် ကန်သင်းတစ်ခုကို ခပ်ကြမ်းကြမ်း ဖြတ်ကျော်လိုက်သည့် အတွက် ထွန်းသာမှာ ပက်လက်လန် လဲကျသွားသဖြင့် ကိုဆေးရိုးက ဖက်ထားလိုက်ရ၏ ။ သို့သော် တစ်ကိုယ်လုံး ပက်လက်လန်သွားသည့်တိုင်အောင် ပါးစပ်ကတော့ အပြောမပျက်ပေ ။
“ ဟောဒီလို ထိုင်ထိုင်ပြီး တစ်နေ့ကို သုံးကြိမ် ရှိခိုးမယ်ဗျာ ”
“ အခုတော့ ငါ့မှာ စပါး တစ်ရာ့ငါးဆယ်လောက် ရှိသေးတယ်ကွ ။ ဝမ်းစာက ခြောက်ဆယ် ၊ မျိုးက ဆယ့်ငါးတောင်းထား ၊ ခုနစ်ဆယ့်ငါးတောင်းလောက်ပဲ ကျန်တော့မယ်ကွ ”
“ ကျုပ်လည်း တစ်ရာ့သုံးလေးဆယ်လောက် ကုပ်ထားတာ ရှိသေးတယ် ”
“ အေး ၊ ကနေ့ စပါးဈေးနဲ့ ဆိုရင် ငါ့လခွေးတယ်မှပဲ ၊ လယ်စိုက်ချိန် ခါးပြတ်နေမှာ စိုးတာနဲ့ မရောင်းဘဲ အငတ်ခံတန်ခံရလိမ့်မယ် ”
လှည်းက ဖုန်ချိုင့် တစ်ခုထဲသို့ ကျသွားသဖြင့် ကိုဆေးရိုးမှာ လှည်းရံတိုင်နှင့် နောက်စေ့နှင့် ဆောင့်မိသွားသည် ။ သို့ရာတွင် ကိုဆေးရိုးက နောက်စေ့ကို ယောင်၍သော်မျှ မပွတ် ။
“ တကယ်လို့များ စပါးဈေးသာ ငါးရာ ဖြစ်လာရင် စပါး ခုနစ်ဆယ့်ငါးတောင်းကို ငွေသုံးရာကျော်ကွ ၊ ငါ့တဲအိုကြီးလည်း ပြင်နိုင်မယ် ။ လယ်စရိတ်လည်း လုံလုံလောက်လောက် ရှိမယ်ကွ ”
“ ဟာ ကျုပ်လည်း နားရွက် မလှုပ်ဝံ့ဘူး ၊ မိသဲက မမာလိုက် ၊ ကလေးတွေက မမာလိုက်နဲ့ ရတဲ့ အမတော်ကြေးကို နတ်ကိုးသလို ကိုးထားတာတောင် ကုန်ပါရောလားဗျ ။ အခုတော့ ရှေ့နှစ်အဖို့ နွားကလေး တစ်ကောင် အချောင်ရတာတောင် ရဲရဲမကြည့်ဝံ့ဘူး ”
“ အေးပေါ့ကွာ စိုက်ချိန်က အရေးကြီးတာကိုး ”
“ စပါးဈေးသာ ငါးရာဆိုရင် ကျုပ်လည်း စပါး ခြောက်ဆယ်လောက်တော့ ထုတ်ရောင်းရဲတာပေါ့ဗျ ။ လယ်စရိတ်အပြင် နွားကလေး တစ်ကောင်လည်း ရှေ့ နှစ်ဖို့ ဝယ်ထားနိုင်ရုံမကဘူး ၊ ထယ်တစ်စုံတော့ ကောင်းကောင်းကြီး ဝယ်ဆင်နိုင်သေးတယ် ။ ဒီအတိုင်းဆိုရင်တော့ ဒီနှစ်လည်း သူများ ထယ်ကိုပဲ ငှားသုံးရဦးမှာပဲ ”
ပြောရင်းဆိုရင်း ထွန်းသာ၏ ပါးစပ်မှ သွားရည်ပေါက်ကြီးများကျလာရာ ကိုဆေးရိုး၏ ဒူးတစ်ဖက် ရွှဲသွားလေ၏ ။ စကားပြော လောကြီးလွန်း၍လား ၊ မိမိ ဆွေးနွေးနေသော ကိစ္စ၌ လိုလားနှစ်သက်၍လား ဆိုတာတော့ မသိနိုင်ပေ ။
“ ဟာ ... ထွန်းသာနှယ် ပြောလို့ပြောသာ မဟုတ် ဘူး ၊ ငါဆိုရင် ပုဆိုးဆိုလို့ ဟောဒီခေါင်းပေါင်းထားတဲ့ ပုဆိုးနဲ့ အိမ်ကဖာထဲမှာ ထည့်ထားတဲ့ ပုဆိုးပါမှ သုံးထည်ပဲရှိတယ် ။ ကဲ ”
“ ကျုပ်လည်း မဝယ်ဝံ့ပါဘူးဗျာ ။ အဲ စပါးဈေး ကလေးများ ငါးရာဖြစ်လာရင်တော့ ချည်လုံချည် တစ်ထည် ရဲရဲကြီးဝယ်ပစ်လိုက်မယ်ဗျ ”
“ ငါတင်လားကွ ။ ကျီးဒန် ဆိုရင် တစ်နွေလုံး တစ်ဆောင်းလုံး အိုးလုပ်လိုက်ရတာ ဖင်မှာ ကျွဲပခုံးထနေပြီ ။ အဲဒါမှ ဝတ်မဖြစ်တော့တဲ့ လုံချည်နှစ်ထည် နဲ့ပေါင်းမှ လေးထည်ပဲရှိတယ် ။ တောက် ၊ စပါးဈေးများ ငါးရာဖြစ်ရင်တော့ကွာ လေးကျပ်တန် သရက်ထည် တစ်ထည် ဝယ်ပေးပစ်လိုက်မယ် ”
ကိုဆေးရိုးက အားရပါးရ ကြုံးဝါးပစ်လိုက်လေ၏ ။ ထွန်းသာမှာ ကိုဆေးရိုး၏ မျက်နှာကို ကြည့်ကာ အားတက် ကျေနပ်ဟန်ဖြင့် ကိုဆေးရိုး၏ ပေါင်ကို ပုတ်လိုက်လေသည် ။
“ စပါးဈေးသာ ငါးရာ အခုဖြစ် ၊ ကျုပ်လေ ”
“ ဟေ့ ၊ ဟေ့ ”
ရုတ်တရက် လှည်းနှင့် မလှမ်းမကမ်းမှ ထွက်ပေါ်လာသောအသံကြောင့် ထွန်းသာမှာ ပြောလက်စ စကားပြတ်သွား၏ ။ အသံလာရာဘက်သို့ နှစ်ယောက်ပြိုင်တူ ကြည့်လိုက်ကြသည် ။ အလို ဘောင်းဘီတို ၊ ရှပ်လက်တို ၊ ဖော့ဦးထုပ် ၊ နောက်ပိတ်ဖိနပ်ဖြင့် လူတစ်ယောက်ပါလား ။
“ မင်းတို့လှည်း ရပ်လိုက်စမ်း ”
ထွန်းသာမှာ ကြိုးကို ဆွဲ၍ ထားမိလေရာက ကိုဆေးရိုးအား ပြူး၍ ကြည့်၏ ။ ကိုဆေးရိုးကလည်း ထွန်းသာကို ပြူး၍ ကြည့်သည် ။
“ ဒီမြောင်းပေါင်ပေါ်မှာ လှည်း မမောင်းရ ၊ နွား မသွားရဘူးဆိုတာ မသိဘူးလား ။ မင်းတို့ကို တရားစွဲရမယ် ။ လှည်းသမားနာမည် ပြောစမ်း ”
မြောင်းအင်စပက်တော်ပါကလား ။ ယခုမှပဲ သိရတော့သည် ။
“ သိပါတယ်ခင်ဗျာ ။ ကျွန်တော်တို့လည်း စကား ကောင်းလာတာနဲ့ ။ နွားတေလည်း အိမ်ပြန်မှာတော့ ဖြောင့်ဖြောင့် ပြန်လိမ့်မယ် ထင်တာနဲ့ ”
အင်စပက်တော်နှင့် တူသူ ဖမ်း၍ တားတော့မှ ကိုဆေးရိုးနှင့် ထွန်းသာတို့မှာ နွားနှစ်ကောင်သည် လာလမ်းအတိုင်း မလာဘဲ လှည်းနွား မလျှောက်ရသော မုန်းမြောင်းပေါင်ပေါ်သို့ ဆွဲလာကြောင်း သိရသည့်အတွက် ကိုဆေးရိုးက ကုပ်ကုပ်ကလေးတောင်းပန်၏ ။
“ ဘယ် ဒီလိုသာ စည်းကမ်းမဲ့နေကြရင် ပြည်သူပိုင်မြောင်း ပျက်မှာပေါ့ဗျ ။ ကဲ သူကြီးအိမ် မောင်းစမ်း ”
ကိုဆေးရိုး၏ တောင်းပန်စကားကိုပင် ဆက်လက် နားမထောင်တော့ဘဲ အင်စပက်တော်က လှည်းပေါ်တက်ထိုင်လိုက်သည်တွင် ထွန်းသာမှာ ကြိုးကို လှုပ်ပေးရင်း ကိုဆေးရိုးကို ခပ်မဲ့မဲ့ကလေး ကြည့်လေသည် ။ ကိုဆေးရိုးမှာလည်း ဒဏ်ငွေ ငါးကျပ်ပဲလား ၊ တစ်ဆယ်ပဲလား ။ ငါ့နွားတွေကော အိမ်မှ တန်းတန်း ပြန်ပါ့မလားဟု တွေးရင်း ထွန်းသာကို ပြန်ကြည့်နေမိ တော့၏ ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment