❝ အရိပ်နှင့် အမှောင် ❞
( သံလွင်ကို - မော်လမြိုင် )
မှောင်ရိပ်ဝင်လာသောကြောင့် အိမ်တံခါးများကို လိုက်ပိတ်လိုက်သည်။ အိမ်ရှေ့တံခါးမကြီးကို မပိတ်ရသေးခင် စိတ်ထဲမှာ တစ်ခုခု လစ်ဟာနေသဖြင့် ခြံထောင့်ကို မျက်စိက အလိုလို ရောက်သွားသည်။
မိုးမခပင် ငုတ်တိုကြီး။ မနက်က တစ်ပင်လုံးကို ခုတ်လှဲပစ်လိုက်ကြသည်။ ပင်စည်၊ အကိုင်း၊ အခက်တို့ကို လိုချင်သူ တချို့ ဆွဲယူသွားဖို့ ခွင့်ပြုထားခဲ့သည်။ ကိုင်းထိုး၍ စိုက်လွယ်သော၊ အခြောက်လှန်း၍ မီးမြှိုက်လွယ်သော အပင်အစိတ်အပိုင်း အားလုံးကို သူတို့ လိုသလို ခုတ်ဖြတ် ယူသွားကြသည်။ နောက်ဆုံး သပ်ချထားခဲ့သော အရွက်များသာ မြောင်းထဲမှာ ပုံလျက်ကျန်ခဲ့သည်။
ထိုသစ်ရွက်ပုံနှင့် ပင်စည်ငုတ်တိုကို တစ်နေကုန် ထိုင်ငေးကာ အမေ နှမြောတသသ ဖြစ်နေသည်။ သည်မြေကို ပြောင်းလာစက အပင်ဟူ၍ ထိုမိုးမခပင် တစ်ပင်သာ မည်မည်ရရ ရှိနေခဲ့သည်။ ပုံမှန် ကိုင်းသပ်ပေးခြင်း၊ ကျီးပေါင်းပင် ရှင်းပေးခြင်းတို့ကို မျှော်လင့်ချက်များဖြင့် ကျွန်မတို့ ပျော်ပျော်ရွှင်ရွှင် လုပ်ခဲ့ကြသည်။ အချိန်များ ရွှေ့ပြောင်းသော် အပင်သည် ညိုမှောင်သော ပင်စည်၊ စိမ်းမြသော အရွက်ရှည်များဖြင့် အုပ်အုပ်ဆိုင်းဆိုင်း ကြီးထွားလာခဲ့သည်။ အိမ်ခြံအပေါ် အုပ်မိုးဖြာကျသော သူ့အရိပ်သည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့လေသည်။
သစ်ပင်သစ်ရိပ်၏ တန်ဖိုးကို ကျွန်မတို့ ကောင်းကောင်း နားလည်ထားကြသည်။ ပူပြင်းသော ရာသီများမှာ ကျွန်မတို့ ခြံကလေးသည် သူ့အရိပ်ဖြင့် အေးအေးမြမြ ရှိနေတတ်သည်။ မွန်းလွဲနေအပူကို အိမ်မှာ နေလျက် မကြောက်ရပါ။ သင်ဖြူးဖျာ တစ်ချပ်ခင်းပြီး ကျွန်မတို့ သက်သောင့်သက်သာ စကားပြောနိုင်ကြသည်။ အမေက သူ့အိမ်အောက်မှာ ခြေလေးချောင်းထောက် သစ်သားစင်ထိုးပြီး ပန်းအိုးမျိုးစုံကိုတင်ထားသည်။ နှင်းဆီ၊ ဂမုန်း၊ ရှားစောင်း၊ ကစ်(စ်)မီ၊ ပိန်းပန်းနှင့် သစ်ခွ မျိုးနွယ်ဝင် ပန်းပင်ပေါင်းများစွာ။ မနက်ခင်း နေရောင်ခြည်၏ အနွေးဓာတ်မှာ ပန်းပင်ကလေးများ ခိုလှုံကြရပြီး ညှိုးနွမ်း လောင်ကျွမ်းစေနိုင်သော အပူဒဏ်ကိုတော့ မိုးမခပင်က ကာကွယ်ပေးထားသည်။ ထိုပန်းပင်များကို အရိပ်တကြည့်ကြည့် ပြုစုရင်း သူ့ဘာသာ အလိုလို စိတ်ချမ်းမြေ့ရသည်ဟု အမေ မကြာခဏ ရေရွတ်နေတတ်ပါသည်။
နွေ အပူလျော့၍ အနောက်တောင် မုတ်သုံလေ ဝင်လျှင် ရပ်ကွက်ထဲမှာ အိမ် တချို့တလေ ဒုက္ခရောက်ကြ ရသည်။ ဓနိမိုး၊ ထရံကာ သစ်လုံးခြေတိုင်အိမ်များ လဲကြပြိုကြသည့်အဖြစ် မကြာခဏ မြင်ရ၊ ကြားနေရသည်။ မိုးထက် လေကို ကျွန်မ ကြောက်သည်။ တဟူးဟူး တဟဲဟဲသံများဖြင့် ဝှေ့ယမ်း တိုက်ခတ်ပြီဆိုလျှင် ကျွန်မမှာ ဘုရားပဲတ နေမိသည်။ အုတ်မြစ်ခံ ခြေတံရှည်အိမ်တစ်လုံးကို လေနီလေကြမ်းများက မဖြိုချနိုင်ဘူးဟု ဘယ်သူမှ အာမမခံနိုင်။ ကြောက်တတ်သောစိတ်က အစိုးရိမ်လွန်နေတာလည်း ဖြစ်နိုင်သည်။ သို့သော် မိုးမခပင်သည် ကျွန်မတို့ အိမ်ကို လေဒဏ် မိုးဒဏ်မှ အတော်အတန် ကာကွယ်ပေးထားခဲ့သည်။ ထို့ အတွက် ကျွန်မ အနည်းငယ် စိတ်သက်သာရာရပါသည်။
မိုးကုန်ပြီး ဆောင်းအငွေ့အသက် ဝင်လျှင် ဝင်ချင်း သူသည် ရွက်ဟောင်းများကို ပင်လုံးကျွတ် ခြွေချပစ်လိုက်သည်။ ရက်အနည်းငယ်အတွင်း ပင်စည်၊ အကိုင်း၊ အခက်တို့၏ အဆစ်အကောက် များမှ ပုရစ်ဖူးကလေးများ ထွက်လာတတ်သည်။ နှင်းဝေသော မနက်ခင်းများတွင် ခူယားကောင်ကဲ့သို့ အမွေးဖြူပွပွနှင့် ရှည်လျားသော အပွင့်များကို သည်အတိုင်း ရပ်ငေးကြည့်ကာ တစိမ့်စိမ့် ကြည်နူးရသည်။ အဖန်တလဲလဲ ဟောင်းကြွေ ဖူးပွင့် အသစ် ထပ်ဖြစ်နိုင်သော သဘောတရားကို မြင်ကာ ကျွန်မ စိတ်ကို ဆင်ခြင်ခွင့်ရစမြဲ။ ထိုအချိန်မျိုးမှာ လှပသော အသစ်တရားများကို ပြန်လည်မွေးဖွားဖို့ သတ္တိခွန်အားတို့ ဖြစ်လာတတ်ပါသည်။
သစ်ပင်တစ်ပင်သာ ဖြစ်သည်။ သို့သော် ရုပ်ဝတ္ထုကို သာယာအေးချမ်းစေသကဲ့သို့ စိတ်လုံခြုံမှုကိုလည်း ပေး သည်။ လူသွားလမ်းမ၏ ထောင့်မှာ ဖြစ်သော ကျွန်မတို့ အိမ်ကို ကာကွယ်အုပ်မိုးထားသဖြင့် ရန်လို ကောက်ကျစ်သော မျက်လုံးများ အောက်မှ လွတ်မြောက်နေပြီဟု ယုံကြည် ခံစားခဲ့ရ၏။ လမ်းမ အပြင်ဘက်ကကြည့်လျှင် ကျွန်မတို့ အိမ်သည် ထိုမိုးမခပင်ကြီး၏ ဟိုးအတွင်းဘက်မှာ ငုပ်ငုပ်လျှိုးလျှိုး။ အေးချမ်းလုံခြုံ လှပြီထင်ကာ ကျွန်မ စိတ်ချ ကျေနပ်နေခဲ့သည် ဆိုပါတော့။
••••• ••••• •••••
ကျွန်မတို့ခြံသည် ပေလေးဆယ်၊ ခြောက်ဆယ် ခြံဝန်းကျယ်ဖြစ်သည်။ စည်းရိုး မရှိပါ။ ခြံပတ်ပတ်လည် မှာ ဇလပ်၊ ဇီဇဝါနှင့် ပုဏ္ဍရိက်ပင်များကို တောထ ,အောင် စိုက်ထားပြီး အလယ်မှာ ရေနံဝနေသော ခြေတံရှည် သစ်သားအိမ် ကလေးရှိသည်။ အိမ်ခေါင်းရင်း၊ ခြေရင်း၊ အိမ်ရှေ့မျက်နှာစာနှင့် နောက်ဖေးတို့တွင် မြေအလွတ်ကို ခပ်ကျယ်ကျယ်ချန်ထားပြီး ငှက် ပျောပင်၊ မာလကာပင်၊ ရှောက်ပင်၊ သံပရာပင်တို့ကို နေရာတကျ စိုက်ပျိုးထားသည်။ ကိုယ့်ခြံကိုယ့်ဝင်းနှင့်မို့ သာယာငြိမ်သက်သောနေရာဟု ယူဆ၍ ရနိုင်ပါသည်။
အိမ်ဝရန်တာကို လမ်းသွယ်ဘက်သို့ မျက်နှာမူထားသည်။ နေ့တစ်နေ့၏ မနက်ခင်း မြင်ကွင်းနှင့် ညရှုခင်းတို့ကို ထိုနေရာမှ လှမ်းမြင်ရသည်။ အမြဲတစေ မြင်နေရသော ပုံမှန် နိစ္စဓူဝအရာများ၊ တစ်ခါတစ်ရံ ပဋိပက္ခရန်ပွဲများ ဖြစ်သည်။ ထိုပစ္စက္ခ စက်ဝိုင်းမှာ ကျွန်မကိုယ်တိုင်လည်း မောမောပန်းပန်း လုံးလည်ချာလည်လိုက်နေသည်။ အိမ်၏ တာဝန်ဝတ္တရားများနှင့် ကျွန်မ အဆက်ပြတ်ရသည် မရှိပါ။ သည့်ပြင် နာမည်တပ် မရသော ဗာဟီရကိစ္စများနှင့်လည်း နပန်းလုံးနေရသေးသည်။
အိမ်တွင် အမေနှင့် ကျွန်မအပြင် ကလေးနှစ်ယောက် ရှိသည်။ အစ်ကို့သားနှင့် အစ်မသမီး။ ကျွန်မ ထိန်းပေးနေရသည်။ တူလေးက မူကြိုနေအရွယ်ဖြစ်ပြီး တူမလေးက သုံးနှစ်။ ကျွန်မ ပျင်းရိလေးလံစွာ အအိပ်မက်၍ မရ။ ကလေးများက မနက်ခင်းမှာ စောစီးစွာနိုး ထ , ပြီး အစာကို တောင်းတတ်ကြသူများ ဖြစ်သည်။ မနက် လေးနာရီတိုင်း ကျွန်မ ထ , ရသည်။ ကိုယ်လက်သန့် စင်ပြီးသည်နှင့် ချက်ရပြုတ်ရသည်။ မနက်စာအတွက် အသင့်ပြင်ဆင် ထားပြီးပါက ခြင်းတောင်းဆွဲကာ ဈေးသို့ပြေးရသည်။ ပြန်လာလျှင်ချက်ပြုတ်ရပြန်သည်။ သည်ကြားထဲ တူလေးကို လည်း အပြေးအလွှား ကျောင်း လိုက်ပို့ပေးရသေးသည်။ ထို့နောက် အဝတ်အစားများကို လျှော်ဖွပ်ပြီး တစ်နေကုန် မီးပူထိုးပေတော့။
အမေက ကျန်းမာရေး သိပ်မကောင်းသဖြင့် ကျွန်မကို မကူနိုင်။ သူ စိတ်လက် ကြည်သာပြီး လှုပ်ရှားသွားလာချင်သော နေ့များမှာတော့ တူကလေးကို ကျောင်းလိုက်ဖို့ ပေးတတ်သည်။ ကျောင်းပိတ်သည့်ရက်များမှာ ကျွန်မသက်သောင့်သက်သာ နေရဖို့ စိတ်မကူးရဲပါ။ ကလေးနှစ်ယောက်နောက် တကောက်ကောက်လိုက်ပြီး ပြောရဆိုရသည်နှင့်ပင် ကျွန်မ အသက်ထွက်ချင်ချင်။ တူလေးကကျောင်းသွားပြီး တူမလေး တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့လျှင် အဟုတ်။ နှစ်ယောက် အတူရှိပြီဟေ့ ဆိုသည်နှင့် ထိန်းမရ သိမ်းမရတော့။ တစ်ခါ ဆော့ရင်းနောက်ရင်း တူလေးက တူမလေးကို အိမ်ပေါ်မှ တွန်းချလိုက်သည်။ ကျွန်မ ခေါင်းမှာ မီးတောက်ကြီး တစ်ခု ထ , ကျွမ်းသွားသလိုပင်။ အုတ်လှေကားထစ်များပေါ်မှ အောက်သို့ တူမလေး လွင့်ကျသွားပုံကို ပြန်တွေးမိတိုင်း ကျွန်မမှာ ရင်တဖိုဖို၊ အသည်း တတုန်တုန်။ မျက်ခွံကွဲသွားပြီး သုံးချက် ချုပ်လိုက်ရသည်။ ဆိုးဆိုးရွားရွားဖြစ်မသွားသည်ကိုပင် ကျွန်မ ကျေးဇူးတင်နေရသည်။ တစ်ခုခု ဆိုလျှင် ကျွန်မ တရားခံမဟုတ်လား။
သူတို့ကို ထိန်းရင်း ပြောမနိုင် ဆိုမနိုင်သည်နှင့် ကျွန်မ ကလေးတစ်ယောက်လို ငိုချပစ်လိုက်ဖူးသည်။ ထိုအခါမှ ကျွန်မနားမှာ ကျုံ့ကျုံ့ကလေး လာထိုင်ကာ ကျွန်မကို ငြိမ်သက်ငေးမောနေကြရှာသည်။ အင်မတန် လည်လွန်းတတ်လွန်းသော တူမလေးက “တီတီ ရယ်တော့မယ်၊ ရယ်တော့မယ်၊ စိတ်ဆိုးတော့ဘူး” ဟု ကျွန်မကို သူ့လက်ညှိုးကလေးနှင့် ကျီစယ်သည်။ မျက်ရည်များကြားမှ ခပ်တိုးတိုးရယ်မောလျက် သူတို့ကို ပွေ့ဖက်လိုက်မိသည်။ သံယောဇဉ် အကိုင်းအခက်များ ကျွန်မရင်ထဲမှာ ခိုင်မာကြီးထွားလာခဲ့ပေပြီ။
••••• ••••• •••••
ညများမှာ ကျွန်မကောင်းကောင်း အိပ်မပျော်တတ်ပါ။ မဝံ့မရဲကြောက်စိတ်ဖြင့် မှေးခနဲ အိပ်ပျော်သွားပြီး ခဏမှာ သံသယနိုးကြားသည့် အသိဖြင့် လန့်နိုး လာတတ်ပြန်သည်။ ချိုးချိုး ချွတ်ချွတ် အသံများကြားက ကျွန်မ အသက်ရှူသံများ ရပ်တန့်သွားပြီး နားကို ပါးပါး စွင့်ထားမိတတ်ပါသည် ။ ပန်းရုံများကြား ခွေးတိုးသံ၊ လမ်းပေါ်မှ လူစကားပြောသံတို့ပင် ကျွန်မကို ခြောက်လှန့် နေသည်။ ဘေးတစ်ဖက် တစ်ချက်မှာ အပြစ်ကင်းစွာ အိပ်မောကျနေကြသော ကလေးနှစ်ယောက်ကို ကြည့်ရင်း ကျွန်မ ရင်မောရသည်။ စိုးရိမ်ကြောင့် ကြနေသလို တစ်စုံတစ်ခု ဖြစ်လာခဲ့လျှင် ကလေးများနှင့် ဒုက္ခပါပဲဟု ကျွန်မ ရတက်မအေးရပေ။
လွန်ခဲ့သော လပိုင်းများမှ စ , ခဲ့သည်။ တွေ့ဆုံနှုတ် ဆက်နေကျ မဟုတ်သည့် မျက်နှာစိမ်း တစ်ခု။ ညနေ မှောင်ရီဖျိုးဖျ အချိန်တိုင်းမှာ ကျွန်မ သတိထားမိနေသည်။ ညနေခင်းများတွင် အိမ်မှုကိစ္စ အားလုံးကို အစအဆုံးလက်စ သတ်ပြီးမှ ကျွန်မ ရေချိုးလေ့ ရှိသည်။ ပထမတစ်ခါ ထိုလူ့ မျက်နှာကို မြင်စက လျှပ် တစ်ပြက်မျှသာ။ လူသွား လမ်းမပေါ်မှာ ဖြတ်လျှောက်သွားရင်း ရေချိုးနေသော ကျွန်မကို စိုက်ကြည့်သွားသည်ဟုသာ သိလိုက်သည်။ လမ်းသွားဟန်လွဲပါပဲဟု ထင်မိခဲ့ခြင်း ဖြစ်သည်။
အမှန်က ထိုလူကို ရပ်ကွက်ထဲမှာ ကျွန်မ မမြင်ခဲ့ဖူးပေ။ တောမြေရိုင်းတို့ကို သုတ်သင်ရှင်းလင်း၍ အစိုးရက မြေနေရာ ချပေးနေစဉ် ကာလများမှာ သည်ရပ်ကွက်ကို တည်ထောင်ဖြစ်တည်စေခဲ့ကြသည့် အိမ်ထောင်စုများထဲတွင် ကျွန်မတို့ မိသားစုက ထိပ်ဆုံးက ပါခဲ့သည်။ တစ်နည်းဆိုရသော် ဖက်လှဲတကင်း ဆက်ဆံရေး မဟုတ်သော်ငြား ရပ်ကွက်တွင်းမှ လူတို့အကြောင်း ကျွန်မ ကောင်းကောင်းကြီး သိနေပေသည်။ မြင်သည်နှင့်လည်းရပ်ကွက်သား ဟုတ် , မဟုတ် ခွဲခြားနိုင်သည်။ ထိုလူစိမ်းကို အခြားတစ်ဒေသမှ အိမ်ငှားတစ်ယောက်ဟု အလွယ်တကူ ကောက်ချက်ချလိုက်သည်။ သူ့လိုပင် မြို့မှာ အလုပ်လာလုပ်ကြသော နယ်ရပ်ဝေးမှ လူတချို့ ကျွန်မတို့ ရပ်ကွက်ထဲမှာ ရှိနေသည်။ သူ့မျက်လုံးများကို ကျွန်မ မကြိုက်ပါ။ တစ်ရက်၊ နှစ်ရက်၊ ရက်များစွာကြာသော် သူ ပို၍ အတင့်ရဲလာသည်။ ဖြတ်သွားဖြတ်လာ သဘောမျိုး မဟုတ်တော့ဘဲ လမ်းမဘက် ခြံထောင့်က နေ၍ ကျွန်မကို သူ ရပ်ကြည့်နေခဲ့သည်။ ကျွန်မ ရေချိုးရသည်မှာ စိတ်မလုံတော့။ စိတ်ထဲ သရိုးသရီ ဖြစ်လာခဲ့ပြီ။ တိုင်ကီပြတ်နားမှာ ရေချိုးနေသော မိန်းမတစ်ယောက်နှင့် ထိုမိန်းမကို ရပ်ငေးကြည့်နေသော လူယောက်ျားတို့ကို မြင်လျှင် လမ်းသွားလမ်းလာတို့ ဘယ်လို ပြောကြလေမလဲ။
“ဟေ့ကောင် မင်း ဒါ ဘာလုပ်တာလဲ” ဟု ထိုလူစိမ်းကို တားမြစ်ကန့်ကွက်ကြမည် မထင်။ ဖြစ်နိုင်ခြေက ယုန်ထင်ကြောင်ထင် စကားများကိုသာ သူတို့ ပြောကြလိမ့်မည်။ ကျွန်မ၏ နားမှာ စကားသံများ ပွက်လောရိုက်သွားသည်။
မှောင်ရီဝိုးတဝါး ညနေခင်းတိုင်း ဇလပ်၊ ဇီဇဝါပန်းရုံများကြားမှာ မျက်လုံးစိမ်း တစ်စုံ အမြဲ ရှိနေခဲ့သည်။ အသားအချင်းချင်း သန့်စင်ပွတ်သပ်ဖို့ကိုပင် ကျွန်မ တွေ ဝေနေရသည်။ ခန္ဓာကိုယ်ပေါ် က ရေစီးကြောင်းများ။ တစ်ခါတစ်ရံ လုံးထွေးစိုစွတ်နေသော ဆံပင်ရှည်များ။ မတော်မတရားစိတ်နှင့် စောင့်ကြည့်ခံနေရသည်ဆိုသော အသိကြောင့် ကျွန်မ ရှက်ကြောက်ဝမ်းနည်းလာရသည်။ တစ်ပြိုင်တည်း တစ်ခုခု တုံ့ပြန်လိုက်ဖို့ ဒေါသသွေးများ ဆူပွက်လာသည်။ ကျယ်လောင် မုန်းတီးစွာ အော်ဟစ်ဆဲဆို၍ ထိုအောက်တန်းစား မျက်လုံး များကို ဖောက်ထုတ်ပစ်လိုက်ချင်သည်။ သိက္ခာနှင့် အရှက်တရားအတွက်။
ယောက်ျား၊ မိန်းမ ခန္ဓာဗေဒ ကွဲပြားခြင်းအပေါ် ပထမဆုံးအကြိမ်အဖြစ် ကျွန်မ စိတ်ပျက်ရွံရှာသွားမိသည်။
••••• ••••• •••••
မိုးမခပင် နောက်မှာ သူ အမြဲ ရှိနေသည်။ ဘေးပတ် ဝန်းကျင်က ဖြတ်သွားဖြတ်လာလျှင် တစ်စုံတစ်ယောက်ကို ရပ်စောင့်နေပုံ သူ ဖမ်းသည်။ ကျွန်မတို့အိမ်မှာ ယောက်ျားသား မရှိဟု သူ သိထားပုံ ရပါသည်။ ညနေ မှောင်၍ အချိန်ရောက်လျှင် သူ ရောက်လာလေပြီ။ ကျွန်မ ရေကို စောစောချိုးထားရသည်။ အိမ်ထဲမှ မသိမသာ ချောင်းကြည့်လိုက်သည့်အခါ တိုင်ကီပြတ်နားမှာ ထဘီကို ရင်ရှား၍ ရေချိုးနေသော မိန်းမတစ်ယောက်ကို သူ ပြူးပြဲ ရှာနေပုံကို တွေ့ရသည်။ အော်ဂလီဆန်ချင်စရာ ကောင်းလှပါဘိ။
ကျွန်မ ကြိုးစားရှောင်နေခဲ့သည်။ မကြာမီ သူ လက်လျှော့သွားလေသည်။ မှောင်ရိပ်မှာ လမ်းလျှောက်ဖြတ်သွားရင်း တစ်ချက်တစ်ချက် သူ လှမ်းကြည့်သွားသည်ကို သတိထားမိသည်။ ကိုယ်က အနေအထိုင် ဆင်ခြင်လိုက်လျှင်ရပြီဟု သဘော ထားလိုက်သည်။ တဏှာမျက်လုံးများ အောက်မှာ ကျွန်မ၏ ခန္ဓာကိုယ် အရိပ် ထင်မနေလျှင် ပြီးရော။ နောက်များမှာတော့ ကျွန်မလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါသည်။
ညတစ်ညမှာ ကျွန်မ ခြေလက် ထွက်ဆေးသည်။ အပြင်ကို ဟိုကြည့် ဒီကြည့် ရင်းနေမိစဉ်မှာပင် မိုးမခပင်ကြီး၏ ပင်စည်လုံးပတ်နောက်မှာ လူရိပ်တစ်စွန်းတစ်စကို ကျွန်မ မြင်လိုက်သည်။ နားထင်သွေးများ ထိုးတက်လာပြီး တစ်ကိုယ်လုံး ထူပူသွားသည်။
“ လူ…… လူ” ဟု အော်ဟစ်ဖို့ သတိမရ။ အံ့ဩ ကြောက်လန့်နေသဖြင့် ပါးစပ်က ဗလုံးဗထွေးသံများသာ ထွက်နိုင်သည်။ ကျွန်မ သူ့ကို မြင်သည်ဟု သိသွားသော် ပုန်းခိုနေရာမှ ထပြေးလေသည်။ အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ထည်သာ မြင်လိုက်ပြီး ဘယ်သူမှန်း သေချာ မသိလိုက်ပေ။
ကျွန်မ စိတ်ချောက်ချား တုန်လှုပ်ရပြန်သည်။ အိမ်ကို လူကပ်သည် ဆိုသော ကိစ္စကို တစ်ခါမှ မကြုံဖူး။ ကြောက်လန့်စရာ ကောင်းလှသည်။ အိမ်ကပ်ရသည့် သူ့ ရည်ရွယ်ချက်ကို ဆန်းဆန်းပြားပြား လျှောက်တွေးရလျှင် ကြက်သီးမွေးညင်းများ ထ၍ အသက်ရှူကျပ်လာသည်။ ကျွန်မမှာ သက်ကြီး အမေနှင့်၊ လူမမည် ကလေးနှစ်ယောက်နှင့်။ ပြေးစရာ မြေမရှိ။ ခုခံစရာ အားအင် မရှိ။
ထိုညက ကျွန်မ အိပ်မပျော်ပါ။ တွေးတလန့်လန့် နှင့် ညသည် ပို၍ ရှည်လျားခဲ့သည်။ လမ်းမှ လူတို့ ဖြတ်လျှောက်သွားရင်း တီးတိုး စကားသံများကြားလျှင်၊ ခြံအတွင်း တိုးဝင်ဖြတ်ပြေးလာသော ခွေးသံများကြားလျှင် ငေါက်ခနဲ ထထိုင်ပြီးသား။ ကြားသော အသံများမှ ထင်ချင်သလို ကျွန်မ ပုံဖော်သည်။ ပြီး ညကင်းသမားကို ကျွန်မ မျှော်နေမိပါသည်။ သို့သော် ညဆယ်နာရီခွဲမှာ သံချောင်း ခေါက်သံ ဆယ့်တစ်ချက်ကို နောက်ဆုံး ကြားရပြီး အသံများ တိတ်ဆိတ်သွားတော့သည်။
နှလုံးခုန်သံများ ပုံမှန် တည်ငြိမ်၍ ကြောက်အား ငယ်စိတ် လျော့လာသော အခါ ဒေါသစိတ်များ ဝင်လာ ပြန်သည်။ ဘာကြောင့်များ ဒီလိုအတင့်ရဲဝံ့သလဲ။ အခွင့်အရေးရသည်နှင့် ခွန်အားကြီးသူသည် အားငယ်သူအား မကောင်းစိတ်၏ စေလိုရာ အတိုင်း ကျူးကျော်ကြံစည်တတ်မှန်း ကျွန်မ ရိပ်မိသည်။ အထူးသဖြင့် သူစိမ်းမိန်းမ တစ်ယောက်အပေါ် ကြံစည် ယုတ်မာတတ်သော၊ အလစ်ငိုက်ဖမ်း ထိုးနှက်တတ်သော ယောက်ျားမျိုးကို ကျွန်မ ရွံလှသည်။ ကျွန်မတို့ နှစ်များစွာကတည်းက ဖန်တီးခဲ့သော ထိုအရိပ်သည် သူ့အတွက် ပုန်းခိုစရာ အမှောင်နေရာ ဖြစ်သွားခဲ့သည်။ ခံပြင်းရလေပြီ။ ကိုယ်၊ စိတ် လုံခြုံမှုအတွက် ကျွန်မ တစ်ခုခုတော့ လုပ်ရပေလိမ့်မည်။ အတွေးများစွာနှင့် မေးခွန်းများစွာ သုံးသပ်ဆင်ခြင်ပြီးနောက် လွန်ဆွဲသော စိတ်နှင့်ပင် မျက်စိမှိတ် ဆုံးဖြတ်လိုက်ရ၏။
••••• ••••• •••••
မနေ့က မိုးမခပင် ခုတ်မည့်ကိစ္စအတွက် အမေနှင့် ကျွန်မ ကတောက်ကဆတ် ဖြစ်ရသေးသည်။ အမေက သူ ပျိုးထောင်လာသည့် သစ်ပင်ပန်းပင်တွေကို ခုတ်ပစ်၊ နုတ်ပစ်ရမည်ကို နှမြောတွန့်တိုတတ်သူ ဖြစ်သည်။ တကယ်တော့ ကျွန်မလည်း သစ်ပင်အေးရိပ်ကို မက်မောလှသည်ပင်။ သို့ပေမဲ့ စိတ်ထဲမှာ စိုးတထိတ်ထိတ် ဖြစ်နေရမည့်ကိစ္စကို ကျွန်မ ဘယ်လို ဆက်ပြီး သည်းခံနိုင်ပါ့မလဲ။ ထိုမိုးမခပင်ကြီးကို ကြည့်မိတိုင်း နောက်ကွယ်မှာ တစ် ယောက်ယောက်ကများ ကျွန်မကို တိတ်တဆိတ် ပုန်းကွယ်စောင့်ကြည့်နေသည်ဟု စိတ္တဇဖြစ်နေတော့မှာ။
နှမြောတသသ ဖြစ်ရသည်။ သက်တမ်းအားဖြင့် နှစ်ဆယ့်သုံးနှစ်။ နွေ၊ မိုး၊ ဆောင်း ရာသီအပြောင်းအလဲကို ကြံ့ကြံ့ခံရင်း သူ့အမြစ် များ ကျွန်မတို့ မြေမှာ ပိုမို နက်ရှိုင်းစွာ ကုပ်တွယ်ရှင်သန်နေခဲ့သည်။ သူ့အရိပ်၊ သူ့အကာအောက်မှာ မိသားစုဝင်များစွာ ခိုနား နေထိုင်ခဲ့ကြသည်။ သို့နှင့်ပင် တစ်အိုးတစ်အိမ် ထူထောင်ကြ၍ သော်လည်းကောင်း၊ ရေခြားမြေခြား ရုန်းကန် အသက်မွေး ၍သော်လည်းကောင်း ခွဲခွာ ထွက်သွားလိုက်ကြသည်မှာ တစ်ယောက်ပြီး တစ်ယောက်။ ခြံထောင့်က မိုးမခပင်ကြီးကမူ ပုံစံအရောင်သဏ္ဌာန်တချို့ ပြောင်းလဲသွားသည်မှ လွဲ၍ မြဲမြံစွာ အရိပ်ပေးလျက်ပင်။ သည်မနက်မှာတော့ လူတချို့ ခေါ်၍ သူ့ကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ဖြိုလှဲခိုင်းလိုက်ရသည်။ အမေရော ကျွန်မပါ အတော် လေး စိတ်မကောင်းကြပါ။ ခြံတစ်ဝိုက် ဝဲဖြာကျနေသော သူ့အကိုင်းအခက်များ မြေသို့ တဖုန်းဖုန်းကျသွားတိုင်း လူကလည်း နွမ်းလျနုံးချည့်သွားရသည်။ အကိုင်းအရွက်တို့ပြောင်စင်သွားချိန် ပင်စည် ထီးထီးကို ကြည့်ကာ ရင်ထဲမှာ ဝမ်းနည်းသလိုဖြစ်ရသည်။ ပုဆိန်ဖြင့် လွှဲပေါက်၍ အောက်ခြေ အနိမ့်ဆုံးနေရာကို တစစ ဖြတ်တိုက်လိုက်ကြသည့်အခါ မိနစ်အတွင်း ဝုန်းခနဲ လဲပြိုကျသွားတော့သည်။ အေးရိပ်အကာ တစ်ခုကို ဆုံးရှုံးလိုက်ရပြီဟု ကျွန်မ ချက်ချင်း သိလိုက်ပါသည်။
••••• ••••• •••••
ဆည်းဆာသည် ညအမှောင်အောက် စုံးစုံးမြုပ် သွားလေပြီ။ လမ်းထောင့် ဓာတ်မီးတိုင်မှ မှိတ်တုတ် မှိတ်တုတ် အလင်းတချို့ ဖြာကျလာသည်။ လှုပ်ရှားသွားလာနေသော အရာများ ထင်ရှားပေါ်လာလိုက်၊ မှေးမှိန်ပျောက်သွားလိုက်နှင့်။ မနက်ဖြန်တော့ မီးလုံးလဲဖို့ ဆော်သြဦးမှပါဟု တေးထားလိုက်သည်။ စက်ဘီးတစ်စီး ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ ထိုအခိုက် ကျွန်မ၏ လက်ချောင်းများကို အေးစက်ပြောင်ချောသော အရာတစ်ခု လာထိတွေ့၏။ “အမေ့” ဟု နှုတ်မှ ရေရွတ်မိကာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ငုံ့ကြည့်လိုက်တော့ ကျွန်မကို မျက်လုံးဝိုင်းများဖြင့် ငေးနေသော တူမကလေး။
“လန့်လိုက်တာ တုံတုံရယ်၊ ဒါ တီတို့ကို လှန့်တာပေါ့ ဟုတ်လား၊ လာစမ်း ဒီကို”
ထွေးဖက်ပွေ့ချီ၍ တူမ လေး၏ လည်ပင်းကို လက်ချောင်းများဖြင့် ထိုးဖွကျီစယ်လိုက်သည်။ တခစ်ခစ်ရယ်သံများ ဆူညံသွားသည်။ ဆည်းလည်းသံသည် ကျွန်မရင်ထဲသို့ စိမ့်ဝင်စီးဆင်းလာပြီး တအုံ့နွေးနွေး ဖြစ်နေသော ခံစားချက်ကြီး ပေါ့ကျသွားသည်။
တံခါးမကြီး အပြင်ဘက်မှာ လရောင်ကို လှမ်းမြင်နေရသည်။ အရင်က သူ့ အရွက်များတွင် ငွေရောင် အနားကွပ်နေခဲ့သည့် မြင်ကွင်းမျိုးကို ကျွန်မ သတိရသည်။ ကလေးနှစ်ယောက် ၏ လက်များကို ဆွဲရင်း ခြေခင်းလက်သာ လမ်းလျှောက် ထွက်ရသည့် ညများကို ကျွန်မ ပျော်ရွှင်နှစ်ခြိုက်ဖူး သည်။ ယခုမူ စိတ်မပါလှ တော့။ သူတို့အား လရောင် ပုံပြင်များအကြောင်း မပြောပြဖြစ်ခဲ့သည်မှာလည်း အတော်ကြာပြီ။ စောစီးစွာ တံခါးပိတ်တတ်လာသောအကျင့်ကို ရခဲ့သောကြောင့် ဖြစ်သည်။
ခြံထောင့်တွင် ပြောင်ရှင်းနေသည်။ အရိပ်အကာ မရှိတော့သဖြင့် လမ်းဘက်ကို တိုက်ရိုက်လှမ်းမြင်နေရသည်။ ရပ်ကွက်အောက်ပိုင်းက လူတချို့ လက်ဖက်ရည်ဆိုင်ထိုင်ရန် အပြင်ထွက်သွားကြသည်။ အဓိပ္ပာယ် ဖမ်းမရသော စိုးစီစီစကားသံများ နောက်မှာ လွင့်လျက် ကျန်ခဲ့ သည်။
ပန်းရုံ၏ အခက်အလက်များကြား ခွေးတိုးပေါက်ကို ကျွန်မ သေချာ အကဲခတ် ကြည့်လိုက်သည်။ တစ်စုံတစ်ရာ ရှိနေသည့် အရိပ်အယောင် မမြင်ရပါ။ အနည်းငယ် စိတ်သာရာ ရဟန် သက်မောတစ်ချက် ချမိသည်။ ပိုမိုလုံခြုံသော အငွေ့အသက်ကို ခံစားရသော်လည်း အကျင့် ဖြစ်ခဲ့ သည့်အတိုင်း စိတ်ချ နှစ်ခြိုက်စွာ အိပ်မောကျလိမ့်မည် မထင်ပါ။ ရံဖန်ရံခါ နိုးထ,ပြီး အသံနှင့် လှုပ်ရှားမှုများကို နားစွင့်နေမိပေလိမ့်မည်။ အိမ်တံခါးမကြီးကို ကျွန်မ ပိတ်ချလိုက်သည်။ ငွေလရောင်ဖြာကျနေသည့် ပတ်ဝန်းကျင်နှင့် ကျွန်မ တသီးတခြား ဖြစ်သွားသည်။ အရိပ်နှင့် အမှောင် ကွဲပြားမှုမှာ လူတချို့၏ အခွင့်အရေး ယူတတ်ပုံကို အံ့ဩမုန်းတီးနေမိသည်။ သို့ပေမဲ့ ကျွန်မ ဘာမှ မတတ်နိုင်ပါ။ နှမြော တသ ခံပြင်းရသော စိတ်အခံနှင့်ပင် ကိုယ့်အရိပ် ကိုယ် ပြန် ဖျက်ဆီးလိုက်ရပြီ။
အိမ်အပြင်မှ အရိပ်တစ်ခု၏ အေးမြလုံခြုံမှုကို ရှာဖွေနေမိသေးသည်။ ကျွန်မ ရင်ထဲမှာ လစ်ဟာနေသည့် ခံစားချက် ဝမ်းနည်းအားငယ်လောက်အောင် လှုပ်ခတ်သွားပါသည်။
⎕ သံလွင်ကို ၊ မော်လမြိုင် ၊
📖ရွှေအမြုတေ မဂ္ဂဇင်း
နိုဝင်ဘာ၊ ၂၀၁၇
No comments:
Post a Comment