❝ မုန့်တစ်တုံး နှင့် ထွန်သန်တစ်ချောင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
နေသာသဖြင့် လယ်တောတစ်ခွင် တစ်ပြင်လုံးမှာ တောက်ပနေပေသည် ။ မိုးသို့ မျှော်လျှင် မိုးသား ဖြူဖြူများသည် မြောက်အရပ်သို့ ပြေးလွှားနေ၏ ။ လေသည် ဖြူးရုံမျှသာ ဖြူး၍နေရောင်ဖြင့် ရွှန်းလက်နေသော ကောက်ပင်များမှာ ညီညာသည် ဆိုရုံကလေး ဦးညွှတ်ငိုက်နေကြလေ၏ ။ စိုက်သက်ရင့်သော ကောက်ပင်များက စိမ်းသည် ။ အစိမ်းရောင်သည် နေ ရောင်ဝယ် ဝင့်မှောင်နေ၏ ။ စိုက်ပြီးခါစ ကောက်ပင်များက ဝါသည် ။ နေခြည်ဝယ်ထွေးနုသော ကောက်နုဝါများက ဝင်းလက်နေကာ လယ်တောတစ်ခွင် တစ်ပြင်လုံး၌ အစိမ်းနှင့် အဝါသည် ကွက်ပြောက်နေလေသည် ။
“ ဟယ် .. ဒီအမြီးကြီးကလည်းဟာ တယမ်း ယမ်းနဲ့ ”
နွားမြီး တစ်ချက်ယမ်းလိုက်တိုင်း ကိုဆေးရိုး၏ မျက်နှာသို့ ရွှံ့စက်များ လာစဉ်၏ ။ ခတ်လိုက် ယမ်းလိုက်သော နွားမြီး မူလနေရာသို့ ပြန်လာလျှင် ကိုဆေးရိုး၏ မျက်နှာနှင့် ရင်ဘတ်ကို ရွှံ့စက်များ ထိမှန်ပြန်သည် ။ ကိုဆေးရိုး၏ အထက်ပိုင်း၌ မည်းသော ရွှံ့ရေများက အနက်ပြောက် ၊ အနက်စင်း ၊ အမည်းစင်း ၊ အမည်းပွင့်တွေ ထင်နေလေသည် ။
ရေနှင့် ထိတွေ့က လေးလေးမှန်မှန် ရုန်းရသည် ။ ဆွဲရသောဝန်က ရေနူးနေသောမြေကို ခွဲဖျက်ရုံမျှသာ ဖြစ်၏ ။ ထို့ကြောင့် နွားနှစ်ကောင်မှာ စားမြုံ့အပြန်ပင် မပျက်ကြပေ ။ နွားတွေက စားမြုံ့ကလေး တခတ်ခတ် ၊ အမြီးကလေး ယမ်းကာ ယမ်းကာဖြင့် မမောမပန်း သွားနေနိုင်သလောက် ကိုဆေးရိုးမှာ ပင်ပန်းလှသည် ။ နွားနှစ်ကောင်၏ အမြီးမှစဉ်သော ရွှံ့များသည် ရင်ဘတ်နှင့် လည်ပင်း စသည်များကိုသာ ပေကျံစေသည်မဟုတ် ၊ တစ်ခါတစ်ရံ မျက်ခမ်းအစပ်သို့ ရောက်လာ၏ ။ တစ်ခါတလေ မျက်လုံးထဲသို့ ဝင်လာသော အခါ၌ အောင့်သက်သက် စူးဝါးဝါးနှင့် မျက်လုံးကို မှိတ်ထားလိုက်ရလေ၏ ။
“ ဟယ် .. ဒီအမြီးကြီးကလဲဟာ တယမ်းယမ်းနဲ့ ”
ကိုဆေးရိုးက မျက်လုံးကို မှိတ်ထားရင်း မာန်လေသည် ။ မာန်သာ မာန်နေရပေမဲ့ ထိုခဏ၌ သူသည် နွားနှစ်ကောင်ကို ထိန်းသိမ်းနိုင်ခြင်းမရှိ ။ နွားနှစ် ကောင်ဆွဲသွားသည့် နောက်သို့သာ မှေး၍ လိုက်ပါလာရသည် ။
သို့စဉ်တွင် ထွန်ရေးအစပ်တိုင်း အစပ်တိုင်း၌ ဖဲ့မိ ခွဲမိခြင်း မရှိဘဲ တင်း၍ချော်၍ ခံနေခဲ့သော ရေအောက်က ကုန်းတစ်ခုကို ထွန်သွားဦးဖြင့် တည့်တည့်မတ်မတ် သွားထိုးမိလေ၏ ။ အကြော့သား အမော့သား ဆွဲရုန်းလာသော နွားနှစ်ကောင်မှာ ရုတ်တရက် အမာခံနှင့် တွေ့သဖြင့် တွန့်ခနဲ ဖြစ်သွားရာ ခွေးလိမ္မာ ဆွဲခေါ်ရာသို့ ပါလာရသော မျက်မမြင် ဒုက္ခိတနှင့် ဘာမျှ မခြားသော ကိုဆေးရိုးမှာ ညို့သကျည်းနှင့် ထွန်တုံးနှင့် ဝင်တိုက်မိလေ၏ ။
“ အူး ... အင်း ”
မျက်လုံးထဲ ရွှံ့စဉ်သော ဝေဒနာသည် လွင့်စဉ် ပြေးပျောက်သွားတော့သည် ။
ညို့သကျည်း ဆိုသည်မှာ အရိုးကဲသော အစိတ်အပိုင်းဖြစ်၏ ။ ရေကလည်း စိုနေပြန်သေး၏ ။ သို့ကြောင့် အသည်းခိုက်အောင် နာလှသည် ။ တိုက်မိရာ နေရာမှာလည်း ထွန်တုံးပင် မဟုတ်ပြန်ချေ ။ ထွန်တုံးကို ဖောက်၍ အပြင်သို့ လက်သုံးလုံးခန့် ထွက်နေသော ထွန်သန်အမြီးဖြင့် ဆောင့်မိခြင်းဖြစ်၏ ။ ထွန် တုံးကမှ ချောသေးသည် ။ ပြောင်သေးသည် ။ ထွန်သန် အမြီးပိုင်းမှာ အနားများ ‘ စွာ ’ နေ ၊ ထက်နေသောကြောင့် ပို၍ နာသည် ။ သွေးစို့လာအောင် ပြင်းထန်သည် ။
“ အီး ... ”
သူက နာကျင်နေသော်လည်း နွားနှစ်ကောင်က နားမလည်ချေ ။ ကြိုးမတင်းဘဲနှင့် ရပ်လျှင် ကျောကွဲမှာ တစ်ခုကိုသာ သိသောကြောင့် ခြေလှမ်းမပျက် ဆက်ဆွဲနေကြ၏ ။ ကိုဆေးရိုးမှာ မချိမဆံ့ အသံကြီးဖြင့် ညည်းတွားရင်း ထွန်တုံး၏ နောက်မှ ထော့ကျိုး ထော့ကျိုးဖြင့် လိုက်ပါလာရလေသည် ။
“ ဟင်း ... ဟင်း ... နင်တို့အမြီးတေတော့လားနော် ဟင်း ”
အံကြီးကြိတ်၍ မာန်စဉ်တွင် ထွန်ကြောင်း၏ အစပ်အနားကို မှတ်သော မှတ်တိုင်တစ်တိုင်၏ ဘေးသို့ ရောက်လာသောကြောင့် မှတ်တိုင်ကို ဆွဲနုတ်၍ ထွန်သန်ပေါ်သို့ ကန့်လန့်တင်ထားလိုက်ရသေး၏ ။ ထွန်သန်နှစ်ချောင်းပေါ်၌ အထစ်ကလေးများ လုပ်ထားသဖြင့် မှတ်တိုင်များ လျှောမကျပေ ။ မှတ်တိုင်မှာ ထွန်ကြောင်း၏ အစပ်ကို ရေထဲမှာ မမြင်ရသောကြောင့် စိုက်ထူထားရသော လူ့ခါးခန့် အမြင့်ရှိသည့် တိုင်များ ဖြစ်၏ ။ ထွန်ကြောင်းတစ်ကြောင်းနှင့် တစ်ကြောင်း အကြားတွင် တစ်တုံးစာမျှသာ ကွာရာ ထွန်ကြောင်း နှစ်ကြောင်း၏ ကြားသို့ ဝင်လာတိုင်း မှတ်တိုင်ဟောင်းများကို တွေ့သည် ။
ထွန်ကြောင်း နှစ်ကြောင်းကြားသို့ ဝင်လျှင် ဝင်ချင်း တစ်တိုင်တွေ့၍ ရှေ့ကန်သင်းသို့ ရောက်ခါ နီး၌ တစ်တိုင် တွေ့ရပြန်သည် ။ ကိုဆေးရိုးသည် ထို မှတ်တိုင်များကို ကြည့်၍ ထွန်ကြောင်း ဖြောင့်အောင် မောင်းရ၏ ။ ခွဲကြောင်း အဟောင်းထဲက နုတ်လာခဲ့သော မှတ်တိုင်များကို ခွဲကြောင်းအသစ်ခွဲသောအခါ ဝင်ဝင်ချင်း တစ်တိုင် ၊ ကန်သင်းနားသို့ ရောက်ခါနီး၌ တစ်တိုင် စိုက်ပစ်ခဲ့ရပြန်၏ ။ ဤနည်းဖြင့် မှတ်တိုင် လေးချောင်းမှာ ထွန်သန်ပေါ် ရောက်လိုက် ၊ ရွှံ့ထဲ ပြန်ဆင်းရလိုက် ၊ ခွဲကြောင်း မှတ်တိုင်သစ် ဖြစ်လိုက် ၊ ခွဲကြောင်း မှတ်တိုင်ဟောင်း ဖြစ်လိုက် ၊ အဝင်မှတ်တိုင် ဖြစ်လိုက် ၊ အထွက်မှတ်တိုင် ဖြစ်လိုက်ဖြင့် သံသရာ လည်နေပေ၏ ။
“ နင်တို့ အမြီးတွေတော့လား ဟနော် ... ဟင်း ဟင်း ... ဓားနဲ့ကို ဖြတ်ပစ်ဦးမယ် ”
တကယ်တော့ နွားနှစ်ကောင်မှာ ဘာမျှ အပြစ် မရှိသော်လည်း အနီးအနား၌ မာန်မဲစရာဟူ၍ သည်နွား နှစ်ကောင်သာလျှင်ရှိသောကြောင့် ကိုဆေးရိုးက အားပါးတရ အံကြိတ်၍ မာန်ချေသည် ။ မာန်၍ မဆုံးသေးမီ ခွဲကြောင်းဟောင်း၏ အထွက်မှတ်တိုင်နားသို့ ရောက်လာသဖြင့် မှတ်တိုင်ကို ဆွဲနုတ်လိုက်ရ၏ ။ တစ်ပြိုင်တည်းပင် လက်ဝဲဘက် ဒုတိယထွန်သွား၌ ငြိစပြုလာသော ပုစွန်စာပင်များကို ခြေဦးဖြင့် ထိုးချလိုက်သည် ။ ပြီးလျှင် ပြီးချင်း ထွန်ကိုင်းမှ မ၍ ထွန်တုံးကို ကန်သင်းခြေသို့ ပစ်ကပ်ပေးလိုက်ရလေ၏ ။ အလုပ်သုံးခုကို ဆက်၍ဆက်၍ အပြေးအလွှား လုပ်လိုက်ရသဖြင့် အနာသည် လျော့သွားသည် ။ လူမူ မောသွားချေသည် ။ မောမောနှင့် ရှေ့သို့ မျှော်ကြည့်ချေသော် ပြာစင်သော မိုးသားကို မြင်ရ၏ ။ မိုးသားပြာပြာ၏ သည်ဘက်ဝယ် မြနှစ်သွေးဖြင့် ပြေးနေသော ခင်တန်း ၊ သည်မှာဘက်၌မူ လေဆော့တိုင်း နော့နေသော မြနုရောင်ကောက်သားနှင့် နံ့သာရောင် ကောက်ပင်များ စသည်တို့ကြောင့် အမောပါ ပြေသွားရလေ ၏ ။ သို့သော် ကိုဆေးရိုး၏ စိတ်ထဲ၌ တစ်စုံတစ်ခုသည် လိုနေသလို ခံစားမိသည် ။
“ ဘာပါလိမ့် ”
အခါတိုင်းမူ ကြည့်လေရာ၌ တလှုပ်လှုပ်တရွရွ လှုပ်ရှားနေသော ထွန်နှင့် ထွန်သမားများကို မြင်နိုင်၏ ။ ယနေ့မူ ထွန်သမားတို့ နည်းပါးလှချေ၏ ။ ယင်းကြောင့်ပင်လျှင် ကိုဆေးရိုး၏ ရင်၌ ဟာခြင်းပေလော ။ လယ်ကွက်တွင်း၌ တဟင်းဟင်း တဟဲဟဲ မောင်းနှင် သံပြု၍ ထွန်ယက်သူတို့ ပွေနောက်နေလျှင် ကန်သင်း ထက်၌လည်း ထွန်သမားတို့၏ အမောပြေဆေးများကို မြင်ရ၏ ။ ထမင်းပို့သူ ၊ လယ်၏ ဗာဟီရလုပ်သူ စသည်ဖြင့် ။ ထိုသူထိုသူတို့ ရှိလေလျှင် လယ်ပွဲများ မီးခိုး အူမြဲတည်း ။ နေပူသော် ကန်သင်းဆုံထက်မှ နွားချေးခြောက်မီးခိုးတို့သည် နွယ်လိမ်ယှက်ဝှေ့၍ တက်မြဲတည်း ။ မီးခြစ်တစ်ဆံသည် တစ်ပြား၏ ရှစ်ပုံ တစ်ပုံ သာလျှင် တန်ဖိုးရှိ၏ ။ ဤသည်ကိုပင် ဇယားမမိ ဟု ဆိုကာ လယ်သမားတို့ မသုံးကြကုန် ။ နံနက်က “ ဖို ” ထားလျှင် နောက်တစ်နေ့သို့ပါ မီးကူးသော နွားချေးခြောက် တစ်ချပ်ကိုသာ သုံးစွဲကြ၏ ။ ထို့ကြောင့် မိုးရွာလျှင်လည်း မီးခိုးနွယ်များသည် ကောက်ပင်များ ပေါ်တွင် ဖြတ်ပြေး၍ လည်းကောင်း ၊ အထက်သို့ လိမ်တက်၍ လည်းကောင်း မြူးကြွသည် ။ မီးခိုးလာရာ နေရာမှာ သစ်ခေါင်းတွင်းမှ ဖြစ်၏ ။ သစ်မြစ်ကြားမှ လာ၏ ။ မိုးရေလွတ်ရာ နေရာများမှ ဖြစ်သည် ။ ယခုသော် ခြူးနွယ်ကနုတ် မီးခိုးရုပ်တို့ ကင်းစင်နေပေ၏ ။ ဒါသည်ပင် ကိုဆေးရိုး၏ ရင်တွင်းမှ ဟာခြင်းပေပဲလား ။
အခါတိုင်းမူ တေးသံသည် ညံ၏ ။ ထွန်ယက်ရင်း ညည်းသော တေးသံများကိုလည်း ကြားရ၏ ။ မြက်ရိတ်သူတို့၏ တေးသံကိုလည်း ကြားနိုင်သည် ။ တေးသံများသည် ဖိုသံလည်း ပါ၍ မသံလည်း ပါဝင်ကာ နားထောင်၍ ကောင်းသောအသံ ပါသလို ၊ အော့နှလုံးနာစရာ အသံများလည်း ပါဝင်ပေသည် ။ ယနေ့ သော်ကား ထိုအသံအမျိုးမျိုးကိုလည်း မကြားရပြီ ။ ကောက်ပင်ကို လေတိုးသံက လွဲ၍ လယ်ပြင်ကြီးမှာ တိတ်နေ၏ ။ ကောက်ပင်နှင့် ချုံတန်းများ လေတွင် မြူးဆော့သည်က လွဲ၍ အမြင်သည်လည်း ရှင်းနေ၏ ။ အမှန်မှာမူ အားလုံးသောအရာများမှာ ခါတိုင်းနှင့် မတူသောကြောင့် ကိုဆေးရိုးမှာ ဟာတိဟာတာ ခံစား နေရခြင်းဖြစ်၏ ။ တစ်ခုခု လိုနေသည်ဟု ထင်ရခြင်း ဖြစ်ပေသည် ။
“ အင်း ... လယ်တွေလည်း မပိတ်ကြသေးပါဘူး ”
ကိုဆေးရိုးက မိမိဘာသာ ပြောနေမိ၏ ။ လယ်ကွက်များသို့လည်း လှမ်းကြည့်သည် ။ ပတ်ဝန်းကျင်ရှိ လယ်ပွဲများမှာ ထွန်တုံး မပိတ်သေးပေ ။ အချို့မှာ စိုက်ဆဲ ၊ အချို့မှာ စိုက်ရန် ပြင်ဆင်ဆဲနှင့် အချို့မှာ ပိတ်လုပိတ်ခင်များသာ ဖြစ်ကြ၏ ။ အချို့သော လယ်ကွက်များမှာ တမန်းပြန် အပြီး၌ ရေပြည့်သွင်းထားသည် ။ ရေပြည့်သော လယ်ကွက်သည် ကြီးမားသော ပလတ်စတစ်ပြားကြီးဖြင့် တင်းတင်းရင်းရင်း ဖုံးလွှမ်း ထားသလို ပြောင်လက်နေ၏ ။ အချို့ လယ်ကွက်များသော်ကား ခွဲခါစ နှမ်းခင်းကျွတ်များ ဖြစ်သည် ။ ရေသွင်းထားခဲ့ပြီး လူမရှိသဖြင့် ဗျိုင်းအုပ်များနှင့် ငှက်ကြီးဝန်ပို တစ်ကောင်တလေပင် ကျန်နေလေသည် ။ အချို့မှာမူ စိုက်၍ကား အားလုံးပြီးပြီ ။ သို့သော် မပိတ်သေး ။ အဘယ်ကြောင့်ဆိုသော် ပျိုးခင်းကျွတ်တွင် မစိုက်ရ သေးသောကြောင့်တည်း ။ ကိုဆေးရိုးမှာ ဟာတိဟာ တာဖြင့်သာ ဆက်လက်၍ ထွန်နေရ၏ ။ ဟိုငေး သည်မောဖြင့်သာ ထွန်၏ နောက်က လိုက်နေရပေသည် ။
ခွဲကြောင်းပိတ်ရန် ထွန်ကြောင်းနှစ်ကြောင်းကြားရှိ ခွဲကြောင်းအဟောင်းထဲသို့ ထွန်ဦး ဝင်လာ၏ ။ ကိုဆေးရိုးက မှတ်တိုင်ကို နုတ်ပြီး ထွန်သန်ပေါ် ပစ်တင်သည် ။ မျက်နှာမူမိရာ အထက်လယ်ပွဲ၏ ဟိုဘက် အစပ်ရှိ ချုံတန်းကလေးတွင် ပန်းများဝေနေပေ၏ ။ ဟင်းရန်ပွင့်လေလား ၊ ရေခံမိုးပန်းတွေလား မှုန်သီ၍ မကွဲပြား ။ ပြက်ခနဲနီသော အရာတစ်ခု ချုံကြားမှ ထွက်လာပေ၏ ။ ကိုဆေးရိုးက မျက်တောင်ခတ်၍ ကြည့်မိသည် ။ ထိုအရာ၏ နောက်မှာလည်း မည်းမည်းအရာများ ၊ နီနီအရာများကို ဆက်၍ မြင်ရ ပြန်လေ၏ ။
“ ဟာ ... ဥပုသ်နေ့ပါကလားဟ ... ”
ကိုဆေးရိုးမှာ ထိတ်လန့်တကြား ရေရွတ်မိလေသည် ။ မှန်ပေ၏ ။ သည်နေ့မှာ တော်သလင်းလပြည့်နေ့ ဖြစ်လေသည် ။ ချုံကြားမှ ဦးစွာထွက်ပေါ်လာသောအရာမှာ မိန်းမတစ်ယောက်၏ ဦးခေါင်းပေါ်တွင် တင်ထားသော ဆွမ်းအုပ်ဖြစ်၏ ။ ထိုအနီ၏ နောက်မှာ အုပ်ဆောင်းအနက် အုပ်ထားသော လင်ပန်း ၊ အနီ အုပ်ထားသော လင်ပန်းများနှင့် ဆွမ်းအုပ်အနက် စသည်တို့ပါဝင်၏ ။ ဆွမ်းအုပ်ဆိုသည်မှာ သတ္တုချိုင့် စသည့် ထည့်သိုစရာပစ္စည်းများ မပေါ်ပေါက်မီက သုံးစွဲအားထားခဲ့ရသော ထမင်းဟင်းနှင့် အခြားသော စားသောက်ဖွယ်ရာများ ထည့်သော ‘ အလုံပိတ်သည့် တောင်း ’ ဖြစ်သည် ။ နှီးဖြင့် ရက်လုပ်ကာ ရေလုံသည် အထိ သစ်စေးဖြင့် သုတ်၍ သရိုးကိုင်ထား၏ ။အောက်ဆုံးကိုယ်ထည်မှာ ကြီးမား၍ ဆန်တစ်ပြည်ချက်ခန့်မျှ ဝင်သည် ။ ကိုယ်ထည်၏ အထက်၌ ဇောက်နက်သော အံကြီးရှိ၍ ၎င်းအပေါ်က ဇောက်တိမ်၍ ငယ်သော အံကလေးများရှိကာ စေတီကဲ့သို့ အထက်သို့ သေးငယ်သွားသည် ။ ထိပ်ဆုံးက လုံးသော အဖုံးကလေး ထပ်ဆင့်ထားပေ၏ ။
အုပ်ဆောင်းမှာ အပေါ်ရှူး၍ အောက်ကားသော အုပ်စရာတစ်မျိုးဖြစ်သည် ။ ထိပ်၌ သစ်သားလက်ကိုင်ကလေး တပ်ထား၏ ။ ကိုယ်ထည်ကို နှီးဖြင့် ပြုလုပ်သည် ။ နှီးဖြင့် ရက်လုပ်ရာ၌ ဆန်ခါသဖွယ် အပေါက်များ ပါသည်လည်း ရှိ၍ မပါဘဲ ပိတ်စိပ်နေသည်များ လည်း ရှိ၏ ။ သုတ်လိမ်းရာတွင်မူ သစ်စေးသာဖြစ်၍ အနီရောင်နှင့် အနက်ရောင်သာ ကွဲပြား၏ ။ ထိုအုပ် ဆောင်းများ၏ အောက်ခံ၌ ဆွမ်း စသည် ၊ ဟင်း စသည်နှင့် အခြားပစ္စည်းများ ထည့်သောအရာမှာ လင်ပန်းလည်း ရှိသည် ။ ဗျပ်ခွက်လည်း ရှိ၏ ။ လင်ပန်းမှာ ကြေးလင်ပန်းနှင့် ကြွေရည်သုတ်သော သံလင်ပန်း တို့ဖြစ်ပေသည် ။ ကြွေရည်သုတ်သော သံလင်ပန်းများမှာ အချို့သည် အနား စောက်၍ ၊ အချို့သည် အနား ပြေ၏ ။ ဗျပ်ခွက်ကား သစ်သားတည်း ။ ထု တစ်ထွာခန့်ရှိသော သစ်သားပြားကြီးကို ပါးနိုင်သရွေ့ ပါးအောင် စောက်ဖော်၍ ထွင်းပြီး သရိုးကိုင်ထားပေသည် ။ အရောင်မှာ အားလုံး အနီချည်းဖြစ်ပေသည် ။ ဤအရာအားလုံးမှာ ဘုရားသွားကျောင်းတက်ရာတွင်သာ သုံးစွဲကြ၏ ။ ဆွမ်းတော်ကြီးပေါင်း ဆိုလျှင် သူတို့ပါ၏ ။ ဆွမ်းလုံး ဆိုလျှင် သူတို့ ရှေ့က ။ ဥပုသ်စောင့် သီလယူရာတွင်လည်း သူတို့ကိုသာ သုံးစွဲရ၏ ။ အရောင်အားလုံးသည် အနက်နှင့် အနီသာ ဖြစ်ကာ နေခြည်၌လက်နေပေမယ့် ကိုဆေးရိုး၏ မှုန်သီသော မျက်လုံးများက ရုတ်တရက် မခွဲခြားနိုင်ပေ ။ အိုပြီကော …. ။
လယ်သမားအိုကြီး၏ သီမွဲသောမျက်လုံးအစုံမှာ အတော်ကလေး နီးလာမှ ဘာရယ်ဟူ၍ ခွဲခြားနိုင်တော့သည် ။ အထက်ပိုင်းမှ အနီအနက်များသည် အုပ်ဆောင်းဟူ၍ လည်းကောင်း ၊ ဆွမ်းအုပ်ဟူ၍ လည်းကောင်း ဖြူဖြူ နီနီ ပြာပြာ ဝါဝါ စိမ်းစိမ်းနှင့် ပြောက်တောက် ကျားတားများမှာ အင်္ကျီ လုံချည်နှင့် ထဘီများပဲဟု ကိုဆေးရိုးက သိလာရလေ၏ ။
“ ဪ … ဥပုသ်နေ့ပါလား ”
ဥပုသ်စောင့်ရန် သွားကြသူများဟူ၍ သိမှ ဥပုသ်နေ့ ဖြစ်ကြောင်း သတိရလာသော လယ်သမားအိုကြီးမှာ ဝမ်းနည်းသလိုလို ဖြစ်သွားသည် ။ မြတ်သောသီလကို ကျင့်သုံးပါမည်ဟူ၍ ရဟန်းတော်ရှေ့၌ ကတိခံယူကာ သီလစောင့်ထိန်းကြမည့် သူများ၏ စိတ်နှလုံးသည် မိမိ ထက်လည်း စင်ကြယ်အေးငြိမ်းပေလိမ့်မည် ဟု ဆက်လက် တွေးတောမိသောအခါ ရင်ထဲ၌ နင့် လာရလေ၏ ။
ရှေ့ကသွားသော ယောက်ျားများသည် ဝိပဿနာ ကျင့်စဉ်တစ်ရပ်ကို ဆွေးနွေးသွားကြသည် ။
“ အင်း .. ငါ့မှာ နွားတေနဲ့ ဆွေးနွေးရတာကတော့ နင့်အမေ ၊ နင့်နှမပါကလား ”
ယောက်ျားအုပ်၏ နောက်မှ မိန်းမများသည်လည်း ဝိပဿနာကိစ္စကိုပင် ပြောသွားကြ၏ ။
အသံသြသြကြီး တစ်ခုက
“ မယ်ခန့်ရယ် တိုင်းပြည်ထဲမှာ မပစ်ခတ်ကြတော့ဘူး ၊ မသ,တ်ကြတော့ဘူး ဆိုတဲ့ ငြိမ်းချမ်းရေးကိုတောင် ဒါလောက်လိုလားနေကြရင် မီးဆယ့်တစ်ပါး တောက်လောင်နေတဲ့ ဒီခန္ဓာကောင်ကြီး ငြိမ်းချမ်းရေးကို သာပြီး လိုချင်ရမှာပေါ့ အေရဲ့ ၊ တပ်မက်လိုလားရမှာပေါ့ ”
နောက်အသံ တစ်ခုက
“ ဟုတ်ကဲ့ အစ်မကြွယ် ၊ ပြည်တွင်းငြိမ်းချမ်းရေးကို လိုချင်သလို ကိုယ်တွင်းငြိမ်းချမ်းရေး ရအောင်လည်း အချိန်ရတိုင်း အားထုတ်ပါတယ် အစ်မကြွယ်ရဲ့ ”
အခြားအသံတစ်ခုက ဝင်၍ထောက်ခံပြန်သည်မှာ
“ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတုန်းမှာ တော်တော်ကလေး အေးချမ်းနေသလို ၊ ကျုပ်လည်း မအောင်မြင် မပေါက်ရောက်သေးပေမယ့် အားထုတ်ရင် အားထုတ်သလို ခဏကလေးပဲဖြစ်ဖြစ် သောကတွေ အေးသွားတာပဲ ၊ ဒေါသတွေ ကွာသွားတာပဲ တော့်ရဲ့ ” ဟူ၍ ဖြစ်ပေ၏ ။ သီတင်းသည်များ သည် တဖြည်းဖြည်း ဝေးသွားလေ၏ ။
“ အင်းဟင်း ... ၊ ဟဲ့ ... အင်းဟင်း ”
ကိုဆေးရိုးသည် ပါးစပ်က တဟင်းဟင်း မောင်းနေသော်လည်း စိတ်ကတော့ ဥပုသ်သည်များ နောက်သို့ လိုက်သွား၏ ။ ဥပုသ်သည်များထက် ခြေလှမ်း သွက်သွက် လှမ်းသဖြင့် ဥပုသ်ဇရပ်သို့ ရှေ့က ရောက်သွားသည် ။ ဥပုသ်ဇရပ်တွင်း၌ သီလယူမည့်သူများ အတော်ပင် ရောက်ရှိ နေကြပေပြီ ။ သီလပေးမည့် ပုဂ္ဂိုလ် ၊ တရားဟောမည့် ပုဂ္ဂိုလ်များကား ကြွလာတော် မမူကြသေးပေ ။ ညောင်စောင်းနှစ်ခု ချထားကာ နေရာထိုင်ကလေးတွေ တစ်ခုစီ ခင်းထားပေ၏ ။ နေကထိုင် ( နေရာထိုင် ) တစ်ခုစီ ခင်းထားသော ညောင်စောင်း နှစ်ခုကို မြင်ရသဖြင့် တရားဟောမည့် ပုဂ္ဂိုလ်ကား တစ်ဦးတည်း ၊ သီလပေးမည့်ပုဂ္ဂိုလ်ကား တစ်ဦးတည်းဟူ၍ လူပရိသတ်က ကြိုတင်သိနေနှင့်ကြ၏ ။
‘ သီလပေးသူက ဦးပဉ္စင်း ၊ တရားဟောသူက သာမဏေလား ’
ဝါတွင်း ဖြစ်သောကြောင့် ကျောင်း၌ သာမဏေတွေ များသည် ။ ထိုသာမဏေများသည် သီတင်းတစ်ပတ်တွင် တစ်ပါးကျ ဥပုသ်ဇရပ်၌ဟောရန် တရားစာများ ကျက်ကြရ၏ ။ များသောအားဖြင့် ထိုသာမဏေ၏ ကျက်စာကို ထောက်ပေးနိုင်သော ကိုရင်ကြီး စသည် ၊ ဦးပဉ္စင်း စသည်များက တွဲဖက်ပါဝင်ရပေ သည် ။
“ ဒါမှမဟုတ်လည်း နှစ်ပါးလုံးဟာ ကိုရင် ( သာမဏေ ) တွေချည်းလား ၊ ဦးဇင်း ( ဦးပဉ္စင်း )တွေ ချည်းပဲလား ”
ပရိသတ်က စိတ်ဝင်စားနေကြလေ၏ ။
ဥပုသ်ဇရပ်၏ ကြမ်းပြင်သည် ဦးပိုင်းက မြင့်၍ ခြေရင်းပိုင်းကို အဆင့်နှိမ့်ထားပေ၏ ။ ကြမ်းပြင်ပေါ်တွင် ထန်းလက်အကြောဖြင့် ရက်လုပ်ထားသော ထန်းကြောဖျာ တစ်ချပ်စီသာ ရှိသည် ။
ဇရပ်တစ်ဆောင်လုံးမှာမှ နှစ်ချပ်တည်းသာ ရှိသော ဖျာများမှာ ဤဇရပ်ကြမ်းပြင်ပေါ်တွင် တိုင်း၍ ရက်လုပ်ထားသော ဖျာများဖြစ်၏ ။ တိုင်ကို တွေ့လျှင် တိုင်နေရာအတွက် ဝန်းဝိုက်ပြီး ရက်သွား၏ ။ ထိုဖျာများသည် ရွှေ့၍ ပြောင်း၍ မရချေ ။ ထို့ကြောင့် ဥပုသ်ဇရပ်တစ်ခုလုံးမှာမှ နှစ်ချပ်သာ ရှိ၏ ။ အမြင့်ပိုင်း တစ်ချပ် ၊ အနိမ့်ပိုင်း တစ်ချပ် ။
အမြင့်ပိုင်းတွင် ယောက်ျားတွေချည်း ရှိ၏ ။ ဟိုတစ်စု သည်တစ်စု ။ လူကြီးတွေချည်း ရှိနေသော အစုလည်း ပါဝင်၏ ။ လူငယ်တွေချည်း သပ်သပ်လည်း စုနေ၏ ။ လူငယ်လူလတ်ရော လူကြီးပါ ရောနေသော အစုလည်း ပါဝင်၏ ။ အချို့သည် တရားကိစ္စကို ဆွေးနွေးနေကြ၏ ။ အချို့အစုကား လယ်ကြောင်း ယာကြောင်း ၊ အချို့ကား ထွန်စက်အကြောင်းနှင့် လျင်မြန်သော အတန်းလိုက်စိုက်သည့် ကိရိယာအကြောင်း ။ အချို့မူ ငြိမ်းချမ်းရေး ၊ လူငယ်ပိုင်းမှာကား တသောသော တအုန်းအုန်း ။
ကိုဆေးရိုးသည် လူလတ်နှင့် လူငယ်များ ရောနေသော အစုတစ်စု၏ နောက်ပါးတွင် ဝင်ထိုင်လိုက်၏ ။ မိန်းမပရိသတ်ဘက် လှမ်းကြည့်လိုက်သောအခါ အချို့ ပုတီးစိပ် နေကြ၏ ။ အချို့မူ ဝိုင်းဖွဲ့စကားပြော နေကြသည် ။
“ လက်ဖက်ကလေး တစ်ရိုးလောက် ”
ဘေးဘက်မှ အသံလာသဖြင့် လှည့်ကြည့်လိုက်မိသည် ။ လက်ဖက်ပန်းကန်တစ်ချပ်တည်း ။
“ သာဓုဗျာ … သာဓု … ”
ကိုဆေးရိုးက အားရပါးရ နှိုက်စားလိုက်၏ ။ ဇရပ်လက်ဖက်ဆိုတာ ဒါထင်ပါရဲ့ ။ စားလို့ ကောင်းလိုက်တာ ။
“ ချင်းသုပ်ကလေး စားကြပါဦး ”
မိန်းမသံ တစ်သံနှင့်အတူ ပန်းကန်တစ်ချပ်သည် လူအုပ်ထဲသို့ ရောက်လာပြန်၏ ။ ပန်းကန်သည် တစ်လက်မှ တစ်လက်သို့ ပြောင်းပြီးနောက် ကိုဆေးရိုးထံ ရောက်လာ၏ ။
“ သာဓုဗျာ…. သာဓု ... သာဓု ”
ကိုဆေးရိုးက ထမင်းစားသလို တစ်ဆုပ်ကြီး နှိုက်၍ လွေးလိုက်လေသည် ။ ဆာကလည်း ဆာနေပေသမို့ အရသာရှိလှသည် ။ မကြာပါချေ ၊ ထန်းသီးမုန့် အတုံးတစ်တုံးသည် အသံမပေးဘဲ မျက်နှာနားသို့ ရောက်လာ၏ ။ မုန့်ကို ညှပ်ကိုင်ထားသော လက်မ၏ လက်သည်းမှာ ရှည်လျားလှကာ ချေးများဖြင့် မည်းနက်နေပေသည် ။ ကိုဆေးရိုးက မော့ကြည့်လိုက်၏ ။ အသက်ခြောက်ဆယ်ကျော် အဘွားအို တစ်ယောက်ဖြစ်၏ ။
“ ဆီတော့ မပါဘူး တော်ရဲ့ ၊ သည်တိုင်းပဲ ကမ်းနိုင်မယ် ”
အမယ်အိုက တုန်နေသော အသံဖြင့် မလုံမလဲ ဆိုသည် ။ ကိုဆေးရိုးကတော့ ဆီပါသည် ဖြစ်စေ ၊ မပါသည် ဖြစ်စေ ၊ လက် ရှည်ရှည် တိုတို ၊ မည်းမည်း ဖြူဖြူ ဂရုမထားပါပေ ။ ဆာကလည်း ဆာသနှင့် လှမ်းယူကာ တစ်ချက်တည်း ပါးစပ်ထဲ ထိုးသွင်းလိုက်လေ၏ ။
တကယ်တော့ စေတနာသာ ပဓာန မဟုတ်လား ။ နောက်ထပ်လည်း အကမ်းအလှမ်းများ လာကြသေး၏ ။ ဆေးလိပ် ၊ ဆပ်ပြာ ၊ မီးခြစ် ၊ တရားစာအုပ် ၊ ပေါက်ဖက်ဖြင့် ကန်တော့ပုံထုပ်သော ထန်းသီးမုန့် စသည်များ ။ အကမ်းအလှမ်းများ တဖြည်းဖြည်း ရှင်းသွား၏ ။ ပရိသတ်လည်း ပြည့်ကျပ်နေပေပြီ ။ မရှေးမနှောင်းပင် ဦးပဉ္စင်းတစ်ပါးနှင့် သာမဏေတစ်ပါးသည် ယပ်ကိုယ်စီထမ်း၍ ရောက်ရှိလာလေ၏ ။
“ သီလယူကြရအောင်ဗျို့ ”
ဦးပဉ္စင်းနှင့် သာမဏေ ထိုင်မိလျှင် ရှေ့ဆုံးမှ လူတစ်ယောက်က ဆော်သြသည် ။ မိန်းမများသည် ကျုံ့ကျုံ့ထိုင်၍ တဘက်ကလေးတွေ ရှေ့ဖြန့်ချ၏ ။ ယောက်ျားများကမူ အချို့ကျုံ့ကျုံ့ထိုင်၍ အချို့ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီကြလေသည် ။
“ အဟမ်း … ကဲ ကဲ ကန်တော့ကြ ”
ဦးပဉ္စင်းက အမိန့်ရှိလေသည် ။ ဇရပ်တွင်း၌ ကန်တော့သံသည် အုန်းအုန်းကျွက်ကျွက် မြည်သွား၏ ။ ကိုဆေးရိုးကလည်း အများထက် နောက်မကျအောင် အပြေးအလွှား ကန်တော့၏ ။
“ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ .. ဟာ နင့်မေကလွှားတဲ့ ”
အရေးထဲမှာမှ ကိုဆေးရိုးမှာ ကန်တော့စာကို မေ့သွားသဖြင့် ထိတ်လန့်စွာ ရေရွတ်မိလေ၏ ။ တစ်ပြိုင်နက်ပင် ရင်ဘတ်ကို တစ်စုံတစ်ခုဖြင့် ပြင်းထန်စွာ ရိုက်နှက်သလို နာကျင်စွာ ခံလိုက်ရသည် ။
“ အင်း .. ဘုရား ဘုရား ”
ကိုဆေးရိုးသည် တမန်းပြင် ထဲသို့ မှောက်လျက် လဲကျနေကြောင်း ယခုမှ သတိပြုမိလေ၏ ။
စိတ်သည် အဝေးသို့ ပြေးလွင့်နေခဲ့သည် ။ နွားနှစ်ကောင်သည် အထိန်းမရသဖြင့် ဆွဲချင်သလို ဆွဲနေခဲ့ကြ၏ ။ မှတ်တိုင်တွေလည်း ထွန်ဖြင့် အနင်းခံရသည့်အတွက် ပြိုလဲ နစ်မြုပ်ကုန်ပြီ ။ ယခု နောက်ဆုံး ထွန်သွားတစ်ဖက် ငြိသွားရာ နွားနှစ်ကောင် မရမက အတင်းရုန်းလိုက်သဖြင့် ထွန်သန် တစ်ဖက် ကျိုး၍ ကိုဆေးရိုး၏ ရင်ဘတ်ကို ထွန်ကိုင်းနှင့် ဆောင့်မိပြီး လူက တမန်းပြင်ထဲသို့ လေးဖက်ထောက် ကျရခြင်း ဖြစ်ပေ၏ ။
“ နင်တို့ တယ်ဆိုးပါကလားဟင် ”
နှင်တံကို မြှောက်လိုက်သေးသည် ။ သို့သော် မရိုက်ဖြစ်ပေ ။ မိမိက စိတ်ပြေးကစားနေမိသည် မဟုတ်ပါလား ။
“ အေးလေ ၊ ငါကမှ အဟုတ် မဟုတ်ပဲကိုး ”
ကိုဆေးရိုးက နွားနှစ်ကောင်ကို မြောင်းပေါင်ပေါ်သို့ ရွှေ့တင်ပြီး ထွန်ကို ညောင်ပင်ရိပ်သို့ ရွှေ့လာပေ၏ ။ ထွန်သန်များမှာ သပ်မလျှိုဘဲ ပုရစ်ပေါက်ဖောက်ဖြင့် စို့ရိုက်ထားသည် ။ တစ်ချောင်း ကျိုးသွားသောအခါ ဓား သက်သက်ဖြင့် လုပ်၍ မရပေ ။ စူးကလေး တစ်ချောင်းတော့ လိုနေပေ၏ ။ သို့ရာတွင် လယ်ထဲ၌ စူး ၊ ဆောက် မရှိချေ ။ မရှိလျှင် ဒီလိုပဲ နေရရောလား ၊ မနေပေ ။ ကျိုးသွားသော ထွန်သန်ကို တိပစ်သည် ။ ထွန်တုံး ၏ တစ်ဖက်ပေါက်မှ လက်လေးလုံးခန့် ထွက်လာအောင် ရွှေ့လိုက်ကာ ခိုင်ခံ့သော အထစ်တစ်ထစ်ကို ထစ်၍ သပ်ပင်းပေးလိုက်လေ၏ ။ ထစ်ထားသော အထစ်က ထွန်တုံးနှင့် ချိတ်နေသောကြောင့် နွားဆွဲသော အခါ ကျွတ်မထွက်နိုင်ပေ ။ ထွန်သန်အရင်းကို ပြင်ပြီးသောအခါ အဖျားပိုင်း အတိုအရှည် ညီအောင် ပြင်ရသည် ။ တုပ်ထားသော လျှော်ကို ပြန်ဖြုတ်ရ၏ ။ ပြီးလျှင် ကျိုးသည့်ဘက်မှ ထွန်သန်ကို ထစ်ပေးရ ပြန်သည် ။ သို့စဉ်တွင် မျက်တောင်တစ်ခတ်မျှ ကို ဆေးရိုး၏ စိတ်က လွင့်သွား၏ ။ လွင့်သွားသည့် အကြောင်းအရာမှာလည်း ဥပုသ်ဇရပ်ထဲတွင် ကန်တော့စဉ်က ကန်တော့စာကို ဆုံးအောင် မဆိုနိုင်သော ကိစ္စဖြစ်၏ ။
ယင်းအချက်ကို ပြန်လည် စဉ်းစားမိသည့် ခဏဝယ် လက်ဝဲလက်ညှိုးထိပ်ကို ဓားထိ သွားလေ၏ ။ နေပူသည်မို့ သွေးထွက်များသည် ။ ကိုဆေးရိုးက ညောင်ပင်ကို ထစ်၍ ညောင်စေးဖြင့် သိပ်ပစ်၏ ။ အရှ များသောကြောင့် သွေးတော်တော်နှင့်မတိတ် ။ အရှ များပေမဲ့ ကိုဆေးရိုးက နာသည် မထင် ။ ရင်ထဲက အနာက ရင်ကျိုးလုမတတ် နာ၏ ။ ဗုဒ္ဓဘာသာ ဖြစ်ပါလျက်နှင့် သြကာသ အစချီသော ဘုရားရှိခိုးကလေးပင် မေ့ယူရလောက်အောင် ဘုရား ၊ ကျောင်း ၊ ကန် ၊ ဥပုသ်ဇရပ်နှင့် ဝေးသော မိမိဘဝအတွက် နာသော အနာက ဓားရှတာထက် ပို၍ နာသည် ။ သို့ကြောင့်လည်း သွေးစေးဖြင့် လူးနေသော ညောင်စေးများကိုသာ တနုံ့နုံ့ ငေးကြည့်နေရာက ဆွေးဆွေးမြည့်မြည့်ကြီး ညည်းတွားမိလေ၏ ။
“ ဪ … ဘုရားရှိခိုးတွေတောင် ငါ မေ့ကုန်ပါပေါ့ကလား ”
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment