Monday, July 13, 2026

အချစ်သည် ...


❝ အချစ်သည် ... ❞
    ( ဇွန်မိုးစက် )

၁ ။

ဝေသည် အိပ်ရာထက်မှ နေ၍ မျက်နှာကြက်ကို မော့ကြည့်နေရင်း ဝေ့ဝဲလာသော မျက်ရည်တို့ ပါးပြင်ပေါ် လိမ့်မဆင်းရလေအောင် မျက်တောင်ကို တဖျတ်ဖျတ်ခတ်လိုက်သည် ။ အတွေးတို့က ဟိုတစ်စ ဒီတစ်စ ပျံ့လွင့်နေသည် ။

“ နင့်ကို ငါ ပြောစရာရှိတယ် ။ ညကျရင် ဖုန်းခေါ်လိုက်မယ် ”

နေ့လယ်က လမ်းထိပ်မှာ ဇော်နှင့် တွေ့စဉ် စက်ဘီးပေါ်မှနေ၍ သူမကို လှမ်းပြောသွားခဲ့ခြင်းဖြစ်သည် ။ ဒီလိုပဲ ဇော် တစ်ယောက်က အကြောင်းထူး ရှိလည်း ဆက် ၊ မရှိလည်း ဆက်နေကျမို့ ဝေ့ အတွက် အထူးတဆန်းတော့ မဖြစ်လှ ။ ဇော်နှင့် ဝေက မူလတန်းကတည်းက အတူတူ ကျောင်းသွား ၊ အတူတူ ဆော့ကစားပြီး ကြီးပြင်းလာကြသူများမို့ တစ်ယောက်အကြောင်း တစ်ယောက် မညာနိုင်အောင် သိကာ ယောက်ျားလေး ၊ မိန်းကလေး ခွဲခြားမနေဘဲ အခင်မင်ဆုံး အရင်းနှီးဆုံး သူငယ်ချင်း ခေါင်းစဉ်အောက်မှာ ဖြူစင်လှပသော သံယောဇဉ် တစ်စုံကို ချည်နှောင်ထားကြသူများဖြစ်သည် ။

“ ဝေ … ငါလေ ချစ်သူတွေ့ နေပြီသိလား ”

ဒါကလည်း ရည်းစားတစ်ယောက်ရတိုင်း ဇော် ပြောနေကျ ။

“ ဟုတ်လား ။ ဒါက ဘယ်နှယောက်မြောက်လဲ ”

ဝေက စိတ်ဝင်တစားရှိလိုဟန် မပြဘဲ ခပ်ရွတ်ရွတ်လေး ပြန်မေးလိုက်တော့

“ ဒီတစ်ခါတော့ ဝေ မှားပြီကွာ ။ သူက ငါ့ရဲ့ တစ်ဦးတည်းသော အချစ်စစ်ဗျ သိလား ၊ အချစ်ကို ငါနားလည်တတ်ခဲ့ပြီ ဝေ ။ ငါ သူ့အရင် ရည်းစား ၃ ယောက် ထားခဲ့ဖူးလို့ သူ့ကို ရည်းစားအနေနဲ့ နံပါတ် ၄ လို့ နင် ပြောချင် ပြောနိုင်တယ် ။ ဒါပေမဲ့ ချစ်သူအနေနဲ့ ဆိုရင်တော့ သူက ငါ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး တစ်ဦးတည်းသော ချစ်သူ ဖြစ်တာ သိပ်ကို သေချာတယ် ဝေ ။ နင့်ကို ငါ့အခင်ဆုံး သူငယ်ချင်းတစ်ယောက် အနေနဲ့ အရင်ဆုံး ပြောပြတာ ။ ဟိုကောင်တွေကိုတောင် မပြောရသေးဘူး ”

ဇော့်ရဲ့ တည်ငြိမ်လေးနက် တဲ့ စကားသံတွေ ကြားမှာ ဝေ တစ်ယောက် အံ့ဩငြိမ်သက်စွာ နားထောင်နေမိသည် ။ ငယ်ပေါင်းကြီးဖော်မို့ ဒီတစ်ခါ ဇော့် စကားသံရဲ့ အတိမ်အနက် ခံစားချက် အစစ်အမှန်ကို ဝေ နားလည်လိုက်သည် ။ အနည်းငယ် ထူးဆန်းစွာပင် ဝမ်းနည်း စိတ်မကောင်းဖြစ်ခြင်းက ဝေ့ ရင်ထဲ လှိုက်ခနဲ ပေါ်လာသည် ။

“ အေးပါ ၊ နင်တကယ် အချစ်ကို ရှာဖွေတွေ့ရှိသွားတယ်ဆိုရင် ငါ ဝမ်းသာရမှာပေါ့ ”

ဝေက သူမ ရင်တွင်းဆန္ဒနှင့် ဆန့်ကျင်ပြီး ဇော့်ကို  ပြန်ပြောလိုက်သည် ။ နောက်ထပ် ဇော် ပြောပြသည့် သူ့အချစ်အကြောင်းတွေ ဝေ မကြားတစ်ချက် ၊ ကြားတစ်ချက် ။ ဇော်နှင့် ဖုန်းပြောပြီးသည့်အခါ သူမ ရင်တစ်ခုလုံး နွမ်းလျစွာ ကျန်ခဲ့သည် ။ အရင်ကလည်း သူ့ရည်းစားအကြောင်းတွေ ဝေ နားထောင်နေကျပါပဲ ။ ဒီ တစ်ခေါက်ကျမှ ဝေ့ ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ မနာလိုဝန်တိုမှုတွေ ကြီးစိုးသွားတာ ဘာကြောင့်များပါလိမ့် ။

တကယ်ဆို ဝေနှင့် ဇော် ကြားက ပိုင်းခြားထားသည့် အဖြူရောင်စည်းက ပါးပါးလေး ။ အချစ်ဆိုသောအရာကို ခံစားသိလိုက်ချိန် တစ်ခဏမှာ ဝေ့ နှလုံးသားက ဝမ်းနည်းနာကျင်စွာ ၊ ဖြည်းနှေးလေးကွေးစွာဖြင့် တစ်စုံတစ်ရာကို တီးတိုးမြည် တမ်းလိုက်သည် ။

“ နင့်ကို ငါ ချစ်နေတယ် ဇော် ”

••••• ••••• •••••

၂ ။

ချစ်သော ဝေ ..

      နင် ထည့်လိုက်တဲ့စာ မနေ့ ကပဲ ရတယ် ။ နင် သိပ်ဝမ်းနည်းနေလား ။ ဝမ်းမနည်းပါနဲ့ဟာ ။ ဇော် ထက် ပိုချစ်ရတဲ့သူ နင် တစ်ချိန်ကျရင် တွေ့သွားမှာပါ ။ နင်တို့ နှစ်ယောက်က ငယ်ငယ်လေးကတည်းက သံယောဇဉ် ရှိလာကြသူတွေ ဆိုတော့ နင်က အချစ်လို့ ထင်ပြီး ဝမ်းနည်းသွားတာလည်း ဖြစ်နိုင်တယ် ။ နောက်ပြီး နင့်ထက် ပိုချစ်ရမယ့်သူ ၊ ဂရုစိုက်ရမယ့်သူ တွေ့သွားလို့ နင်က အချစ်ဆုံး မိန်းကလေး သူငယ်ချင်း တစ်ယောက်အနေနဲ့ ဝန်တိုမိတာလည်း ပါမှာပေါ့ ။ ငါ သူ့ကို ချစ်နေတာ သေချာပါတယ်လို့ နင် ငါ့ကို ပြန်ပြောလာခဲ့မယ် ဆိုရင်လည်း နင့် ခံစားချက်ကို မြှုပ်နှံလိုက်ပါ သူငယ်ချင်းလို့ပဲ ငါပြောချင်တယ် ။

      ငါတို့တွေ အချစ်အကြောင်း နားလည်သင့်သလောက် နားလည်တဲ့အရွယ် ရောက်နေပြီ ဆိုပေမယ့် ငါ ထပ်ပြောချင်သေး တယ် ။ မိန်းကလေးတစ်ယောက်အတွက် သူချစ်က ပိုကောင်းပါတယ် ဝေရယ် ။ ကိုယ်ချစ်ရတဲ့ သူက ကိုယ့်ကို ပြန်ချစ်ရင်တော့ တစ်မျိုးပေါ့ဟာ ။ အဲလိုမှမဟုတ်ရင်တော့ ကိုယ့်ကိုယ်ကိုယ် အနာကျင်ခံပြီး သူချစ်အတွက် မခံစားစေချင်ဘူး ။ နင့်အနေနဲ့ ရော ... ဇော်ရေ နင့်ကို ငါချစ်နေပါတယ်လို့ နင့်သိက္ခာအကျခံ ၊ သူများ အထင်မြင်သေးခံပြီး ပြောရဲတဲ့ လူစားမျိုး မဟုတ်ဘူး ဆိုတာ ငါ သိတယ် ။ နောက်ပြီး သူတကယ် ချစ်မြတ်နိုးတဲ့သူ တွေ့သွားတာလည်း နင်အသိဆုံးပဲ ။ ဝေ နင့်ရဲ့ သူ့အပေါ်ထားရှိတဲ့ချစ်ခြင်းကို သူငယ်ချင်း ကောင်းတစ်ယောက်ရဲ့ ခင်မင်မှု သစ္စာနဲ့ပဲ လှလှပပ ဖုံးကွယ် ဖျောက်ဖျက်လိုက်ပါနော် ။ တစ်နေ့မှာ နင့်အပေါ် မေတ္တာစစ် ၊ မေတ္တာမှန်နဲ့ ချစ်လာမယ့် သူ ၊ နင်က ပြန်ချစ်ရမယ့်သူ တွေ့လာဦးမှာပါ သူငယ်ချင်း ။

      ငါလေ တကယ်တော့ အောင့်ကို အဖြေပေးခဲ့တုန်းက ငါ မချစ်တတ်ခဲ့သေးဘူး သိလား ။ ငါ ချစ်တယ် ထင်လို့ ၊ ငါ့ဘဝ အတွက် လက်တွဲသင့်တယ် ထင်လို့သာ ဦးနှောက်နဲ့ ရွေးချယ် စဉ်းစားပြီး အဖြေပေးခဲ့တာ ။ ငါတို့ ရည်းစားဖြစ်ပြီး နောက်ပိုင်း သူက ငါ့မျက်နှာ တစ်ချက် အညှိုးမခံဘဲ ဂရုစိုက်ခဲ့တယ် ။ နောက်ပြီး ငါတို့ နှစ်ယောက်လုံးက မိဘဆွေမျိုးတွေနဲ့ ခွဲပြီး နိုင်ငံ ရပ်ခြားမှာ အတူတူ ပညာသင်ရင်း ရုန်းကန်ကြရတော့ ငါ ဝမ်းနည်း အားငယ်တဲ့အချိန် ၊ အိမ် ကို လွမ်းတဲ့အချိန် ၊ စာတွေ မကျက်နိုင်လို့ စိတ်ပင်ပန်းတဲ့ အချိန် တစ်လျှောက်လုံး သူ ငါ့ကို ဘေးကနေ အမျိုးမျိုး အားပေးပြီး စိတ်ဓာတ်မကျအောင် စောင့်ရှောက်ပေးခဲ့တာ ။ ငါ့အပေါ် ထားတဲ့ သူ့မေတ္တာကို ခံစားမိပြီး သူ့အချစ်ကို တဖြည်းဖြည်း နားလည်လက်ခံလာတယ် ။ သူ့ကိုလည်း ငါ တကယ်ပြန်ချစ်မိသွားတယ် ။ အခုအချိန်မှာတော့ အောင်က သူချစ်ကနေ ၊ ကိုယ်ချစ်သူချစ် အခြေအနေရောက်အောင် ပြောင်းလဲစွမ်းဆောင်နိုင်ခဲ့သူတစ်ဦးပေါ့ဟယ် ။

      နင်လည်း တစ်ယောက် တည်း ဝမ်းနည်းပြီး ငိုမနေနဲ့ နော် ။ ငါ နင့်ဆီ တစ်လတစ်ကြိမ်တော့ ဖုန်းဆက်ပါ့မယ် ။ စာလည်း ထပ်ထည့်ဦးမှာပါ ။ အရေးကြီးဆုံးက နင် ဇော့် အပေါ် ထားမိတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ဇော် မရိပ်မိစေဖို့ပဲ ။ ဒါနဲ့ နင် မိသော် နဲ့ရော တွေ့ဖြစ်သေးလား ။ သူရော ရည်းစားတွေ ဘာတွေ ရနေပြီလား ။ ငါ သူ့ကို သတိရကြောင်း ပြောပေးပါ ။ ငါတို့ သုံးယောက် အထက်တန်းကျောင်းတုန်းက အတူတူ ပျော်ခဲ့တဲ့ နေ့ရက်တွေကို သတိရတယ်ဟာ ။ နောက်နှစ် နွေရာသီ ကျောင်းပိတ်တဲ့အခါ ငါ ပြန်လာနိုင်ရင် လာခဲ့မယ် ။ အဲ့ဒီအခါကျရင် သော်နဲ့လည်း ဆုံရအောင် ။

      နင် ကျန်းမာရေး ဂရုစိုက်ဦးနော် ။

      ချစ်ခင်လွမ်းဆွတ်ခြင်းများစွာနဲ့ ...
                  ထွဋ်ထွဋ်

••••• ••••• •••••

၃ ။

ကိုကိုသည် သော့် ဘဝ အတွက် လမ်းပြကြယ်တစ်စင်း ဖြစ်ခဲ့သည် ။

စာတော်သော ၊ အဝတ်အစားကို သပ်ရပ်သန့်ရှင်းစွာ ဝတ်ဆင်တတ်သော ၊ ဘာလုပ်လုပ် စေ့စပ်သေချာသော ၊ ဆုံးဖြတ်ချက် ပြတ်သားသော ၊ အရပ်မြင့်သော ၊ ဘာသာတရား ရိုသေကိုင်းရှိုင်းသော ကိုကို့ကို အထင်ကြီးလေးစားစိတ်နှင့် သော် ငယ်ငယ်ကတည်းက ချစ်ခင်တွယ်တာခဲ့ရသည် ။ သော့် ဘဝတွင် ကိုကို တစ်ယောက်တည်းကိုသာ စွဲမြဲစွာ ချစ်ခဲ့သည် ။ ကိုကိုက လွဲ၍ ဘယ်ယောက်ျားလေး အပေါ်မှ စိတ်မကစားခဲ့ ၊ စိတ်မဝင်စားခဲ့ ။ ခြံချင်းကပ်ရပ်မှာ နေသော ကိုကိုက သော့်ကို ချစ်ကြောင်း တစ်ခါမှ ဖွင့်ဟ မပြောခဲ့ ။ သော့် အပေါ် ညီမလေး တစ်ယောက်ထက်ပိုသော သံယောဇဉ်ရှိတာတော့ သေချာသည်ဟု သော် ခံစားမိသည် ။

စာလုပ်ရမှာ ပျင်းသော ကစားမက်သော သော့်ကို စာကြိုးစားချင်စိတ်ပေါ်လာအောင် ကိုကိုက လူကြီး တစ်ယောက်လို အမြဲပြောဆို ဆုံးမလေ့ရှိသည့်အပြင် စာလည်း အတူ လိုက်ကျက်ပေး သည် ။ သော့် အပေါ် စိတ်ရှည် လက်ရှည်နှင့် ကရုဏာထားပြီး သွန်သင်ညွန်ပြခဲ့သည်မှာ ကိုကို ။ သော် စွာတေးသမျှ သည်းခံပြီး အမြဲပြုံးရယ် ခွင့်လွှတ်တတ်သည်မှာလည်း ကိုကို ။ သော် မှားနေကြောင်း သိလျှင်သိချင်း ထောက်ပြဆုံးမ အမှန်ပြင်ပေးတတ်သည်မှာလည်း ကိုကို ။ ကိုကို့ကို သော် သိပ်ချစ်ပါသည် ။ တကယ်လို့များ အဲ့ဒီနေ့ကို သော် ကြိုသိမည်ဆိုလျှင် ကိုကို့ကို ချစ်ကြောင်း သော် ဖွင့်ပြောမိမည်လား ။ သိပ်တော့ မသေချာပါ ။ သေချာသည်ကတော့ ကိုကို့ ရည်မှန်းချက် မပြည့်အောင် နည်းလမ်းသုံး၍ ပိတ်ပင်တားဆီးဖို့ သော် ကြိုးစားခဲ့လိမ့်မည် ။

ကိုကို ဆယ်တန်းအောင်တုန်းက အဖြစ်အပျက်လေးကို သော် သတိရမိသည် ။ ကိုကိုတို့ နှစ် အမှတ်စာရင်းတွေ ထွက် တော့ ကိုကိုက ဆေးကျောင်းကို လွတ်လွတ်ကျွတ်ကျွတ် ဝင်သည် ။ မိသားစု ဆွေမျိုးနှင့် အများဖြစ်စေချင်သော ဆန္ဒကို ဆန့်ကျင်ပြီး စက်မှုတက္ကသိုလ်ပဲ လျှောက်မည်ဟု ကိုကိုက ခိုင်မာသော ဆုံးဖြတ်ချက်ခသည် ။ အဲ့ဒီတုန်းက ကိုကို့ဘက်မှာ သော် အခိုင်အမာ ရပ်တည် ခဲ့သည် ။ ကိုကို့ ဆုံးဖြတ်နိုင်စွမ်းနဲ့ သတ္တိကို သော်က တိတ်တိတ်ကလေး ကျိတ်ပြီး အားကျမိသည် ။ သော် သာဆို ကိုကို့လို ဆုံးဖြတ်ချက်ချဖို့ သတ္တိရှိမှာ မဟုတ် ။ ကိုကို့ဘဝအတွက် ကိုကို ကိုယ်တိုင် ရွေးချယ်လျှောက်လှမ်းမည့် လမ်းသည် ဘယ်တော့မှ မှားလိမ့်မည်မဟုတ်ဟု ထိုစဉ် ကတည်းက သော် ယုံကြည်ခဲ့သည်လေ ။

ကိုကို စက်မှုတက္ကသိုလ် စတုတ္ထနှစ်ရဲ့ နောက်ဆုံးစာမေးပွဲကို သွားမဖြေဖြစ်ခဲ့ ။ အိမ်ကိုလည်း ပြန်မလာခဲ့ ။ ကိုကို ပြန်မရောက်လာတော့ ကိုကို့ မိဘ ၊ မောင်နှမတွေရော ၊ သော်တို့ အိမ်ကပါ ဝိုင်းဝန်းပြီး စိတ်ပူကြ ၊ သောကဗျာပါဒတွေ များခဲ့ ကြရသည် ။ တကယ်တမ်း ကိုကိုသည် မိမိကိုယ်ပိုင်ဆန္ဒဖြင့် လူဝတ်ကြောင်ကို စွန့်ကာ ရဟန်းဘဝကို အပြီးတိုင် ကူးပြောင်းသွားသည်ကို နောက် သုံးရက်အကြာမှာ သိခွင့်ရခဲ့သည် ။ ကိုကို့မေမေက ဝမ်းနည်း ဝမ်းသာ ၊ ကိုကို့ဖေဖေက နှုတ်ဆိတ်စွာနှင့်ပင် ကိုကို့ဆန္ဒကို ခွင့်ပြုလိုက်ပြီး ကြည်ဖြူစွာပင် ပစ္စည်းလေးပါး ဒါယကာ ခံခဲ့သည် ။ သော် တစ်ယောက်သာ ဝမ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုကြွေးခဲ့သော ရက်ပေါင်း အတော်ကြာသည် ။ နောက်ပိုင်း သွေးအေးသွားမှ သေသေချာချာ ပြန်တွေးမိပြီး သော် ရှက်သွားသည် ။ ကိုကို့ ဆုံးဖြတ်ချက်တိုင်း မှန်ကန်သည်ဟု သော် ယုံကြည် ထောက်ခံခဲ့သည် ။ အခုလည်း ဒီအတိုင်းပဲ ဖြစ်သင့်သည် ။

ဒီလိုနှင့် သော်သည် ကိုကို့ ဆုံးဖြတ်ချက်ကို ယုံကြည် ထောက်ခံဖို့အတွက် ယခင်က စိတ်ဝင်စားမှု နည်းပါးခဲ့သော ဗုဒ္ဓတရားတော်များကို လေ့လာ ကျွမ်းဝင်ခဲ့လေသည် ။

••••• ••••• •••••

၄ ။

အချစ်သည် ...

ဝေ ၊ ထွဋ်ထွဋ် နှင့် သော် တို့ သုံးဦး ပြန်ဆုံကြချိန်သည် နောင် ၅ နှစ်အကြာ ရန်ကုန်မြို့တွင်းက အေးချမ်းဆိတ်ငြိမ်သော ကော်ဖီဆိုင် တစ်ဆိုင်မှာ ဖြစ်သည် ။ တိုက်ဆိုင်စွာပင် သူမတို့ သုံးယောက်လုံး အိမ်ထောင်မကျသေး ။ ငယ်ငယ်က အကြောင်းတွေ ပြန်ပြောင်းတမ်းတရင်းငယ်ကျိုးငယ်နာ ဖော်ကြ ၊ စကြ နောက်ကြသည် ။ ပြီးတော့ အချစ်အကြောင်း ရောက်သွားကြသည် ။

ဝေက “ မိထွဋ် နင် အရင်ဆုံး ရည်းစားရပြီး ဘာလို့ ခုထိ ယောက်ျား မယူသေးတာလဲ ”

“ အေးလေ ၊ ဟုတ်ပ ။ လင်း စမ်းပါဦး ”

သော်က ထောက်ခံပြီး အကြောင်းပြချက်တောင်းသည် ။

“ အချစ်က အနေဝေးရင် မီးအေးသွားတဲ့ ချိပ်ပမာ အေးခဲ သွားတတ်တယ်လို့ ဆိုရိုးရှိတာ ကြားဖူးတယ် မဟုတ်လား ။ ငါ့ ကိုယ်တွေ့ကျတော့ အချစ်ဟာ အနေမဝေးပေမယ့်လည်း အချိန် ကြာလာရင် အေးစက်သွားတတ်တဲ့အရာလိုပဲ သတ်မှတ်လိုက် တယ် ။ ဒီအချိန် ငါနဲ့ အောင် ကြားမှာ အချစ်ဆိုတာထက် ချစ်ခဲ့ဖူးလို့ နှောင်တွယ်မိတဲ့ သံယောဇဉ်ပဲ ရှိတော့တာလို့ ပြောရင် နင်တို့ ယုံချင်မှ ယုံမှာ ။ ဒါပေမဲ့ အဲဒါ တကယ်ပဲ ။ ငါတို့တွေ ကျောင်းပြီးလို့ ကိုယ်ပိုင်ဘဝကို stable ဖြစ်အောင် ကြိုးစားရင်းနဲ့ လက်ထပ်ဖို့ကို ရွှေ့ဆိုင်းလာလိုက်တာ ခုချိန်ထိပဲ ။ ငါတို့ နှစ်ယောက်ရဲ့ အချစ်ဟာ ဟိုး အရင်ကလို မနွေးထွေးတော့ဘူး ။ သမီးရည်းစား သက်တမ်း သိပ်ကြာပြီး မယူဖြစ်ခဲ့ရင် အချစ်ကလည်း အထိုက်အလျောက် နောက်မှာ ကျန်ရစ်ခဲ့တယ် ။ ဒါကြောင့် နင်တို့လည်း ရည်းစားထားရင် သိပ်အကြာကြီး မတွဲနဲ့ ။ ၃ နှစ်ကနေ ၅ နှစ်လောက်ဆို တော်ပြီ ။ ၅ နှစ် ကျော်သွားရင် အချစ်က တစ်နည်းတစ်ဖုံနဲ့ အားလျော့ပြီး သွေးအေးသွားတတ်တယ် ။ အဲဒါ ငါ့ကိုယ်တွေ့ အချစ်ပဲ ”

မိထွဋ်က ဆရာကြီး စတိုင်နဲ့ လက်ချာရိုက်အပြီး အသားညှပ် ပေါင်မုန့်တစ်ခုကို ကိုက်စားလိုက်သည် ။

ဝေနှင့် သော် နှစ်ယောက် လုံးရဲ့ မျက်နှာမှာ စိတ်မကောင်းခြင်းတွေ အတိုင်းသား ပေါ်သွားသည် ။

မိထွဋ်က “ နင်တို့ ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့ ။ အဲဒါ ငါတစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူး ။ ဟိုက မယူဖြစ်သေးတဲ့ ငါ့သူငယ်ချင်းစုံတွဲတွေလည်း အဲလိုပဲ ။ ငါ့ကိုပဲ မေးမနေကြနဲ့ ။ နင်တို့ကရော ... ဟို မိဝေ နင်က ဘယ်တော့ ကျွေးမှာလဲ ”

“ သိပ်မလိုတော့ပါဘူး ။ နောက်နှစ်ထဲလောက် ဖြစ်မယ် ထင်တယ် ”

ဝေက ရှက်ပြုံးဖြင့် ဖြေသည် ။

“ မိထွဋ်ရယ် … တစ်ချိန်က နင် နှစ်သိမ့်ပေးခဲ့လို့ ငါ့စိတ်တွေ သက်သာရာရခဲ့တာအတွက် ကျေးဇူးတင်ပါတယ် ။ နင် ပြောသလိုပဲ ငါ့အပေါ် မေတ္တာစစ် ၊ မေတ္တာမှန်နဲ့ ချစ်တဲ့သူ တကယ် ရှိနေခဲ့တယ် ။ သူ့အချစ်ကိုပဲ ငါ လက်ခံလိုက်တာ ။ ကံကောင်းစွာ နဲ့ ငါစိတ်ချမ်းသာရတယ် ။ ဇော် နဲ့ ငါက ခုချိန်ထိ သူငယ်ချင်း အရင်းကြီးတွေပါပဲ ။ သူလည်း သူတွေ့ခဲ့တဲ့ အဲ့ဒီအချစ်နဲ့ပဲ လက်ထပ်တော့မှာ ။ ရယူပိုင်ဆိုင်ခြင်း မရှိခဲ့တဲ့ ငါ့အတွက်တော့ အချစ်က ပေးဆပ်ခြင်းပေါ့ဟာ ။ မပိုင်ဆိုင်ရသည့် တိုင်အောင် ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာရင် ၊ ပြုံးပျော်နေရင် ကိုယ်လည်း လိုက်ပျော်တတ်ခဲ့ပြီ ဆိုတာလေ ... အခု ဇော် နဲ့ သူ့အချစ်အတွက် ငါဝမ်းသာနိုင်ခဲ့ပါပြီ သူငယ်ချင်းရယ် ”

ဝေက ပြုံးရွှင်ကျေးဇူးတင် သော အကြည့်ဖြင့် ထွဋ်ထွဋ် ကို ကြည့်လိုက်သည် ။

သူငယ်ချင်းနှစ်ယောက်ကို သဘောကျစွာ ကြည့်ပြီး သော် က ဝင်အော်သည် ။

“ ငါကတော့ အပျိုကြီးပဲလုပ်မှာ ”

“ တကယ်လား ”

ဝေနှင့် ထွဋ် ပြိုင်တူမေးမိသွားသည် ။

“ တကယ်ပေါ့ ”

သော်က တည်တံ့စွာနဲ့ ပြန်ဖြေသည် ။

“ ငါ့ဘဝမှာ ကိုကို့ တစ်ယောက်ကိုပဲ ချစ်ခဲ့တာ ။ အရင်တုန်းက ကိုကိုက လွဲပြီး နောက်ထပ် ဘယ်သူ့ကိုမှ မချစ်နိုင်တော့တာ သေချာသွားလို့ အပျိုကြီးလုပ်မယ် တွေးခဲ့ပေမယ့် ၊ အခုကျတော့ အဲဒါ့ထက် ပိုတွေးမိလာတယ် ။ အချစ်ဆိုတာ ငါ့အတွက်တော့ သံသရာရှည်စေခြင်း အကြောင်းအရင်း တစ်ခုပဲ မိထွဋ်နဲ့ ဝေ ။ ဒီလို နှောင်တွယ်တတ်တဲ့ ချစ်ခြင်း မေတ္တာ သမုဒယသစ္စာကို အရင်းခံပြီး ဒုက္ခသစ္စာ ရလာကြတာ မဟုတ်လား ။ ကိုကို့ဆုံးဖြတ်ချက်ကို ဘာမဆိုလေးစား ယုံကြည်တဲ့ ငါ့အဖို့ ကိုကို ဘာကြောင့်သာသနာ့ဘောင်ကို အပြီးတိုင် ဝင်ရောက်သွားသလဲ ဆိုတဲ့ အကြောင်းပြချက်ကို လိုက်ရှာလေ့လာရင်းနဲ့ ငါ တွေ့ ခဲ့တဲ့ အချစ်ရဲ့ အဓိပ္ပာယ်ပေါ့ဟာ ။ အချစ်ကြောင့် ငါဟာ ရင်ခုန်ကြည်နူးခဲ့ဖူးတယ် ။ ဝမ်းနည်း ငိုကြွေးခဲ့ဖူးတယ် ။ အချစ်ကြောင့်ပဲ သစ္စာတရားလေးပါးရဲ့ အနက်အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခဲ့တယ် ။ အဲဒါကြောင့် ငါ ကိုကို့အပေါ် ထားခဲ့တဲ့ ချစ်ခြင်းကို ဒီဘဝမှာပဲ အပြီးတိုင် စွန့်လွှတ်လိုက်ပြီ ”

သော့် စကား အဆုံးမှာ သူငယ်ချင်း သုံးယောက် အတွေးကိုယ်စီဖြင့် တိတ်ဆိတ်ငြိမ်သက်သွားကြသည် ။

ထွဋ်က အတန်ငယ်အေးစ ပြုနေသော ကော်ဖီတစ်ကျိုက် အမော့မှာ ခပ်တိုးတိုးပျံ့လွင့်လာသော သီချင်းသံ တစ်ပိုင်းတစ်စက သူမတို့ သုံးယောက်လုံးရဲ့ အကြားအာရုံကို ရိုက်ခတ်သွားသည် ။

      ××× တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ ပြဿနာ ××× အချစ်ဟာ အဖြေရှာ မရတဲ့ ပုစ္ဆာ ××× ငါကိုယ်တိုင် အချစ်ဟာ ဘာလဲ မသိတော့ပါ ××× တစ်ခါတစ်ရံမှာ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်းလိုက်ချင်လည်း တစ်ခါတစ်ရံတော့ အချစ်နဲ့ ဝေးချင်တယ် ×××

⎕ ဇွန်မိုးစက်
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
     ဒီဇင်ဘာ  ၊ ၂၀၁၇

No comments:

Post a Comment