❝ မြစိမ်းရောင် မျဉ်းပြိုင်နှစ်ကြောင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
မည်းနက်သော ကတ္တရာလမ်း၏ ဝဲယာတွင် ပင်ပျိုကလေးတွေ မျဉ်းပြိုင်ပြေးနေ၏ ။ လေပြင်းသည် ဖုန် နှင့် အမှိုက်တွေကို ကျုံးယူလာ၏ ။ အော်သံ ဟစ်သံ ၊ ထန်းရွက်ခြောက်တွေ ပြုတ်ကျသံဖြင့် မိုးရွာပြီ ထင်ရသော သည်လေပြင်းသည် မိုးကို သယ်ဆောင်မလာပါ ၊ ဖုန်နှင့် အမှိုက်များသာ ။
ကိုဆေးရိုးသည် ဆိုင်းထမ်းကို ချထားကာ မျက်နှာကို ခမောက်ဖြင့် ကာထား၏ ။ လေပြင်းတွန်း ဝှေ့ရာကို ညွှတ်ယိုင်ဆင်းလာသော ပင်ပျိုတွေကို ကိုဆေးရိုး မော့ကြည့်သည် ။ အပင်ကလေးတွေ ကျိုးပဲ့ကုန်မည်လော စိုးရိမ်စိတ်ဖြင့် ၊ မြေကျင်းတူးသည်ကအစ ခြံကာခြင်း ၊ ထုံးသုတ်ခြင်း ၊ ဆိုင်းဘုတ်တပ်ခြင်းနှင့် ရေလောင်းခြင်း ၊ ကင်းစောင့်ခြင်းအဆုံး ကိုဆေးရိုး လုပ် ခဲ့ရသည် ။ သည်အခါ သည်အပင်ကလေးတွေ မနာသင့်ဘဲ နာမည်ကို ၊ မပဲ့သင့်ဘဲ ပဲ့မည်ကို ကိုဆေးရိုး စိုးရိမ်သည် ။ စိုးရိမ်သောကြောင့် ရင်မှာ တထိတ်ထိတ် ဖြစ်ရသည် ။
လေပြင်းသည် တစ်ခဏသာ လျော့သွား၏ ။ ချက်ချင်း ဗြောင်းဆန်အောင် ဆူညံသောအသံဖြင့် နောက်တစ်လုံး ဆင့်လာပြန်သည် ။
“ ထန်းရွက်ခြောက်တွေ လွင့်လာမှဖြင့် ”
ထန်းပင်ရှိသော ဘက်သို့ ကိုဆေးရိုး ကဲကြည့်သည် ။ အပင်တွေမှာ တစ်နှစ်ကျော်ပြီ ။ သို့ရာတွင် အပင် ဖြစ်အား မလျော့စေရန် ကိုဆေးရိုးတို့ ရေလောင်းနေဆဲ ။ ထန်းရွက်ခြောက်ပိလျှင်လည်း မသေနိုင်တော့ပါ ။ သို့ရာတွင် ဝေစည်အုပ်မြိုင်သော အပင်တွေ၏ အလှ မချွတ်ယွင်းစေချင် ။ စနေထောင့်တွင် မင်ရည်ပြင်ကြီး စီးဆင်းနေသည် ။ သည်မိုးသာ ယခုနေ ရွာလိုက်လျှင် ပင်ပျိုလှကလေးတွေ မည်မျှ ဝမ်းသာလိုက်ကြမည်နည်း ။ မှန်သည် ။ ဝမ်းသာသူမှာ ကိုဆေးရိုးတို့သာ ဖြစ်ရပါမည် ။ ပင်ပျိုလှတွေမှာ ဝမ်းသာနိုင်စိတ် မရှိပါ ။ ရေတစ်အိုး မိုးတစ်ပေါက် မဟုတ်လား ။ ရွှန်းရွှန်းဝေလျက် ထိုးတက်လာကြလိမ့်မည် ။ ကာထားသော ခမောက်ကို ကိုဆေးရိုး ဖယ်သည် ။ ဗွတ်ချွဲသိုက်ကလေး လေပင့်၍ သစ်ခက်ကလေး မြင့်အတက်၌ ပေါ်လာသော အသိုက်ကလေး ၊ လူ့ခါးခန့်သာမြင့်သော နေရာ၌ ကြံကြံဖန်ဖန် လာလုပ်ထားသည် ။ ထန်းရွက်မျှင်ကလေးတွေကို ခွေရက်ထားပုံမှာ လူ့လက်ဖြင့် လုပ်သည်ထက် သပ်ရပ်သေး၏ ။
ပုခက်ကဲ့သို့ ရှည်လမျောကလေး မဟုတ်သော်ငြား ကိုဆေးရိုးစိတ်ထဲတွင် ပုခက်ဟုသာ မြင်သည် ။ လေအရုပ်တွင် ပုခက်ကလေး ကွယ်သွားပြီ ။ သို့အတွက် ပုခက်ဘေးသို့ ကိုဆေးရိုး ပြုံးပြုံးကြီး ချဉ်းကပ်သည် ။ သစ်ရွက်ကို ဖယ်သည် ။ ရင်ထဲ၌ ကြည်နူးရပါဘိ ။ ပြောက်ကျားသွေးရှိသည့် ဥကလေးနှစ်လုံး မဟုတ်လား ။ ရင်ကျပ်သံကြီးဖြင့် ဗွတ်ချွဲတစ်ကောင် ရောက်လာသည် ။
“ ဥကလေးတွေရဲ့ အမေများလား မသိဘူး ”
ကိုဆေးရိုးသည် အလိုက်သိစွာဖြင့် နောက်ဆုတ်သည် ။ ဗွတ်ချွဲမကြီး အသိုက်ထဲသို့ ကြောင့်ကြကင်းစွာ ဝင်နိုင်စေလိုလျှင် အနီးအနားတွင် သူ ရှိနေ၍ မဖြစ် ။ ဆိုင်းထမ်းကို မကာ ခပ်ဝေးဝေးသို့ လာခဲ့သည် ။ အတန်မြင့်သော နေရာဖြစ်သည် ။ ကိုယ့်တာကိုသာမက အခြား တာများတွင် ရှိသည့် ပင်ပျိုလှများကိုပါ စီးမိုးပြီး မြင်ရသည် ။ ဖုန်ဖြင့် ဖွေးနေသော်ငြား ပင်ပျိုတောသည် လှနေ၏ ။ ကိုဆေးရိုးသည် မြင်ကွင်းကို စုန်ချည် ဆန်ချည် သုံးသပ်၏ ။ ထိုအခါ ကြည်နူးရသည် ။
“ ကြည့်စမ်း ၊ သစ်ပင်တွေ စိုက်ဖို့ ကျင်းတွေ စတူး ကတည်းက ညည်းညည်းတွားတွားနဲ့ လုပ်ခဲ့ကြတာ အခုတော့ လှနေပြီ ”
မှန်ပေသည် ။ နွား ၊ ဆိတ်နှင့် မြင်းများ၏ ရန်မှ ကာကွယ်ရန် တိုင်စိုက်ပြီး ဝါးလုံးဖြင့် တန်းကာသည် အထိ ညည်းတွားကြဆဲသာ ။ ကာရံထားပါလျက်က အလှည့်ကျ ကင်းစောင့်စဉ်တွင်လည်း ညည်းညူသံရှိနေသေးသည် ။
သို့သော် လူဟူသည် သံယောဇဉ်ပျိုးတတ်သော သတ္တဝါမျိုး မဟုတ်လား ။ အလှည့်ကျ ရေလောင်း ၊ အလှည့်ကျ ကင်းစောင့်စဉ်တွင် အပင်ကလေးတွေ ဒူးဆစ်ပေါင်လယ် ဖြစ်လာသည် ။ ဝတ်ကျေတန်းကျေ ရေလောင်းနေရာက ‘ အပင်ကလေးတွေ ရေဝမှ ဖြစ်မယ် ၊ နေပူလာပြီ ’ ဟူသည့် ကရုဏာစိတ် ပေါ်လာသည် ။
ရေကလည်း အနီးအနားတွင် မရှိပါ ။ ခဲတစ်ပစ် အကွာတွင် မြောင်းရှိငြား မြောင်းရေ မလာပါ ။ ထိုအခါ စလင်းချောင်းသို့ ပြေးရသည် ။ အဘိုးကြီး အိုကြီးအိုမ မြစ်တွေ အုံပြီး ရေထမ်းနေသည်ကိုမြင်ရသောအခါ ပါလာသည် ။ ကိုဆေးရိုး၏ လမ်းဘေးသစ်ပင် ရေလောင်းပွဲမှာ သိုက်သိုက်ဝန်းဝန်း ရှိနေလေ၏ ။
“ ဟေ့ သည်အပင်လေးတွေ မြန်မြန်ကြီးအောင် မာလာသီယွန် ဖျန်းပေးရ မကောင်းဘူးလား ”
ရီးသာဒွန်း၏ မြေးသည် ကိုဆေးရိုးအား အထူးအဆန်းသဖွယ် ပြူးတူးပြဲတဲ ကြည့်နေလေ၏ ။
“ ဟကောင်ရ ၊ ဘာပြုလို့ ကြည့်နေတာတုံး ”
“ မာလာသီယွန်က အလကားရတာ မဟုတ်ဘူး ကောင်းဆေးရိုးရ ၊ အရိပ်ရ အပင်ကို မာလာသီယွန် ပက်ရမယ်လို့ ၊ အောင့်အောင့်အက်အက်ကြီး ”
ကိုဆေးရိုး အပြစ်မတင်လိုပါ ။ မာလာသီယွန်ကို စိုက်ပျိုးရေးမှ ရငြား ဈေးနှုန်း မသက်သာပါ ။ ပင်ရင်းဈေး မချိုသာလျှင် အပြင်ဈေး နင့်ပြီ မှတ် ။ သို့ကြောင့် လေအေးဖြင့်သာ ရှင်းပြမိသည် ။
“ အောင့်အောင့်အက်အက်ရယ်လို့ သဘောမထားပါနဲ့ ငါ့ကောင်ရာ ၊ ဒီအပင်တွေ သေသွားရင် ငါတို့ ခေါင်းပေါ်ပဲ ကျမှာ မဟုတ်လား ။ သေတဲ့အပင်ကို ပြန်စိုက် ၊ ရေလောင်း ၊ ကင်းစောင့် ၊ မကြီးမချင်း တာဝန်ယူရမှာဟ လူရ ”
သိပြီးသားစကားကြီးကို ပြန်ရွတ်နေရသဖြင့် စိတ်မရှည်ချင်စရာ ။ သို့တစေ ငယ်စိတ်များ လျော့ပါးခဲ့ပြီမို့ ကိုဆေးရိုး အေးဆေးစွာ ရှင်းပြနိုင်သည် ။ ထိုအခါတွင် ကင်းစောင့်ဖက်သည် လှုပ်ရှားလာ၏ ။
“ ပိုးမှ မကျတာဗျာ ၊ ကောင်းဆေးရိုးကလဲ ”
“ အပြောရ လက်ဝင်ပါကလား ၊ ပိုးကျမှ ပိုးသတ်ဆေးပက်တော့ အပင် နာသွားပြီဟ ။ ပိုးမကျခင်က ကြိုတင် ပက်ထားတော့ ပိုးမွှားကာကွယ်ပြီးသားလည်း ဖြစ် ၊ အပင်ကော အားမရှိဘူးလား ”
“ ဟုတ်တယ် ၊ ဟုတ်သဗျို့ ၊ မာလာသီယွန်က ပိုး သာသတ်တာ မဟုတ်ဘူး ၊ အပင်လည်း အားဖြစ်တယ် ဆိုတာ ကျုပ်မေ့သွားလို့ ”
စိတ်မပါသော အလုပ်ကို ကိုဆေးရိုးတို့တစ်တွေ စိတ်ပါလက်ပါလုပ်ခဲ့သည့်အကြောင်းသည် ချက်ချင်း ပျံ့နှံ့၏ ။ သရော်သူက သရော်ငြား ၊ နှာခေါင်းရှုံ့သူက ရှုံ့ငြား မကြာမီ လိုက်လုပ်ကြတော့သည် ။ သဘောမပေါက်သူ ရှိသည့်နည်းတူ သဘောပေါက်သူလည်း ရှိသောကြောင့်ဖြစ်သည် ။
သည်နည်းဖြင့် ကိုဆေးရိုးတို့ အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ရသော အပင်များ ၊ သည်ပုံဖြင့် ကိုဆေးရိုးတို့ တစ်တွေ ယုယပြုစုခဲ့ရသော ပင်ပျိုလှများ ယခု လက်ခုပ်တစ်ဖောင် ဖြစ်လာပြီ ။ စည်မြဲစည် ၊ လှမြဲလှကာ တောကြီး မြန်မြန်ဖြစ်စေချင်ပြီ ။ တောကြီး မြန်မြန်ဖြစ်ရေးအတွက် မကျိုးပဲ့ မပျက်စီးစေချင် ။
လေပုန်းတစ်ချက် ဝင်ဆောင့်သည် ။ ကိုဆေးရိုး၏ ခမောက်မှာ ကြိုးသိုင်းပြီး ဆောင်းထားပါလျက်က ကြိုးပြတ်ပြီး လွင့်ထွက်သည် ။ ခမောက်နောက်သို့ လိုက်ရန် အားယူ အထတွင် ဆိုင်ထမ်းတွင်းရှိ ရေအိုးတွေပါ တုံးလုံးလဲသဖြင့် လှမ်းထိန်းထားရသည် ။
သည်လေကား တစ်ချက်ကောင်း မဟုတ် ။ အဆက်မပြတ် တိုက်တော့သည် ။ ပြင်းလည်း ပြင်းထန် ၊ အသံလည်း ပိုမို ကျယ်လောင်လာချေသည် ။ ကျောဘက်ရှိ ထန်းတောတွင်းမှ ထန်းပင်အချို့လည်း ဆစ်ပြတ်ကျသံ ကြားရ၏ ။ ကိုဆေးရိုးမှာ တုံ့ခနဲ ဖြစ်သွား၏ ။ မြေကြီးပါ သိမ့်သိမ့်ခါသွားသည် မဟုတ်လော ။ သို့ကြောင့် မြင်ရလို မြင်ရငြား လည်ပြန်လှည့်ကြည့်မိ၏ ။ ဓာတ်ပေါင်းစုဘုရားကို အမြင်တွင် ကိုဆေးရိုး၏ အလှုပ်အရွ ရပ်စဲ၏ ။
ဘုရားကို ထီးတင်ရန် ငြမ်းဆင်ထား၏ ။ ငြမ်း၏ နေရာအချို့တွင် ထန်းရွက်တွေ ကာရံထားသည် ။ သည်ထန်းရွက်တွေက ငြမ်းလွင့်ပါးအောင် တွန်းနိုင် တိုက်နိုင်သည် ။ ငြမ်းကြီးလွင့်အသွားတွင် စေတီတော်ကို ရိုက်ဖဲ့ဖျက်ဆီး မသွားနိုင်ပေသလော ။ လွန်ခဲ့သော နှစ်အတန်ကြာက ဖောင်တော်ဦးဘုရားကြီး ဖောင်းရစ်က ပြတ်ထွက်ခြင်းမှာ သည်ရာသီ ၊ သည်လေမျိုးကြောင့် ဖြစ်သည် ။
ကိုဆေးရိုး အပြေးအလွှား ထသည် ။ ခမောက်ကို လက်ကကိုင်လျက် ဆိုင်းထမ်းကို ကတိမ်းကပါး ထမ်းပြီး ဘုရားဘက်သို့ ပြေးသည် ။ ထန်းတောကို ဖြတ်ပြေးလာသည် ။ တန်းလန်းဆွဲနေသော ထန်းရွက်ခြောက်များအနက် ရွက်ခြောက် တစ်ခုပြုတ်ကျသည် ။ သို့သော် ပင်ခြေသို့ တည့်တည့် မဆင်း ၊ လေဟုန်စီးလျက် ကိုဆေးရိုးထံ ပြေးလာသည် ။
“ ဟာဟ ဟဲ့ ”
ကိုဆေးရိုးက ယောင်ယမ်းအော်လျက် အပြေးအလွှား တိမ်းရှောင်သည် ။ စောင်းဖြင့် ခုတ်မိလျှင် လည်ပင်းပြတ်နိုင်သည် ။ အခွဖြင့် မရိုက်မိဘူးထား ၊ အရွက်ဖြင့် ရိုက်မိဦး ၊ သည်လူအိုကြီး လွယ် ။ ပုံလဲနိုင် ၊ ကျိုးပဲ့နိုင်သည် ။ သို့အတွက် ကိုဆေးရိုးသည် မုဆိုးဒူးထောက် ထိုင်ချလိုက်ရင်း တိမ်းငဲ့ပေးလိုက်သည် ။ ထန်းရွက်ခြောက်က ခရာပင်တွေ ကြားထဲ၌ ထိုးစိုက်နေချိန်တွင် ‘ ဖြောင်း ’ ၊ ‘ ဝုန်း ’ အစချီသည့် အသံကြီး ပေါ်လာသည် ။ သည်ထန်းတော၌ ထန်းမတက်သည်မှာ ကြာပြီဖြစ်ငြား ၊ ရင်းဆွဲတွေကို သိမ်းမသွား ။ လက်ကျန်များထဲမှ ရင်းဆွဲ အဆွေးတစ်ချောင်း ပြုတ်ထွက်လာသည် ။
“ စေတီပြိုမှာ စိုးလို့ ပြေးလာတဲ့လူ ၊ စေတီကို ဘာမှ မလုပ်နိုင်ခင် ရင်းဆွဲပိပြီး သေပြီ ထင်တယ်ဟေ့ ”
ကိုဆေးရိုး ရှောင်တိမ်း မရ ၊ မျက်စိ မှိတ်ထားလိုက်ရသည် ။ မျက်စိ မှိတ်ထားချိန်တွင် သည်ထန်းတော၌ ထန်းပင်ပိ၍ သေသူများ ၊ လူပေါ်သို့ ရင်းဆွဲ ပြုတ်ကျ၍ သေသူများ၏ မျက်နှာတွေကို ထင်းခနဲမြင်လာ၏ ။
“ သွားပြီ ၊ သည်တစ်ခါတော့ သေပြီ ”
စိတ်နှလုံး တုံးတုံးချထားငြား ဗုန်းခနဲကျသံ ကြားရသည် ။ ဖုန်နံ့အသစ် နှာခေါင်းထဲ ဝင်လာသည် ။ ကြည့်စမ်း ၊ ရင်းဆွဲသည် ကိုဆေးရိုးကို မထိုး ၊ ကျောဘက် တစ်လံကွာ၌ ကျကာ ကျိုးကျေသွားသည် ။ သို့ဖြစ်ငြား ကိုဆေးရိုးမှာ ရင်ခုန်နေ၍ မဖြစ်သေး ၊ ဘုရားဘက်သို့ ပြေးသည် ။ စပါးမှော်တွေ ထောင်းထောင်း ထလာသည် ။ ကိုဆေးရိုး မပြေးနိုင် ၊ ခမောက်ဖြင့် မျက်နှာကို ကာထားရသည် ။
လေပြင်းသည် ပျော့ညံ့ မသွား ၊ တဝီဝီ အော်နေဆဲ ။ ဆူးခက် ၊ ထန်းရွက် ၊ ထရံ စသည်များ အော်ဟစ်ပျံပြေးနေကြသည် ။ မျက်နှာကို ခမောက်ဖြင့် ကာ၍ ရမှန်း သိသောအခါ ဘုရားဘက်သို့ ကိုဆေးရိုး ဆက်လှမ်းသည် ။ လေသံထဲမှာ လူသံတွေပါလာသည် ။
“ ရီးဆေးရိုး တောင်ဘက်ကို သွားဗျို့ ၊ ဗျို့ ရီးဆေးရိုး ”
ပထမသော် ကိုဆေးရိုး နားမလည်သေး ။
“ ထန်းရွက်တွေ လွင့်လာလိမ့်မယ် ။ ရီးဆေးရိုး တည့်တည့် မလာနဲ့ဗျို့ ။ ရီးဆေးရိုး တောင်ဘက် ၊ တောင်ဘက် ”
ခမောက် အတွင်းမှ ခိုးကြည့်သည် ။ ကိုဆေးရိုး၏ ရင်ထဲ၌ နွေးခနဲ ဖြစ်သွားသည် ။ ဘုရားငြမ်းပေါ်တွင် လူငယ် လူလတ် လေးငါးဦး ရောက်နေသည် ။
“ သာဓုပါ မောင်တို့ရာ ”
“ ဗျို့ ရီးဆေးရိုး ”
အော်သံသည် ရှေ့သို့ မဆက်တော့ပါ ။ အနောက်အရပ်သို့ တည့်တည့်ကြီး လာနေသည့် ကိုဆေးရိုး၏ ခြေဦးက တောင်အရပ်သို့ ဦးလှည့်သွားပေပြီကိုး ။ ကိုဆေးရိုးသည် မတော်တဆ လွင့်လာမည့် ထန်းရွက် လမ်းကြောင်းမှ တိမ်းငဲ့ရင်း လှမ်းကြည့်သည် ။ ထန်းရွက်တွေ လျောကျကုန်ပြီ ။ အချို့ လွင့်ကုန်သည် ။
မည်သို့ဖြစ်စေ ဖုန်မိုးမှောင်ကြီး ထဲမှာပင် ဓာတ်ပေါင်းစုဘုရား၏ ရွှေသင်္ကန်းရောင်သည် တောက်ပ ဝင်းရွှန်းနေပါတကား ။ အမှန်ပင် ကိုဆေးရိုး အမောပြေသွားသည် ။ လေငြိမ်အောင် စောင့်ပြီးမှ စေတီနားသို့ ကပ်ရဲသည် ။ စေတနာရှင် လူငယ်လူလတ်တွေကို မတွေ့တော့ငြား ဝမ်းသာရွှင်လန်းစွာ ချဉ်းကပ်လာသည် ။
“ စိန်ထွား အိမ်ပိလို့တဲ့ဟေ့ ”
လူသုံးယောက် အော်သံဟစ်သံနှင့်အတူ မြောက်ဘက်သို့ ပြေးသွားကြသည် ။
ကိုဆေးရိုးမှာ အထိတ်ကြီး ထိတ်ပြီး မျှော်ကြည့်သည် ။
“ စိန်ထွား ဘာဖြစ်လို့ အိမ်ပိတာတုံး ။ အိမ်ပြိုကျတာလား ၊ အိမ်ပေါ်ကို သစ်ပင်လဲတာလား ”
မေးခွန်းတွေ ပေါ်လာသည် ။
“ သလိုဆို ငါ့အိမ်ကော ”
ဘုရားတံတိုင်း အသစ်စက်စက်ကလေးဘေးမှ ကိုဆေးရိုး ခွာသည် ။ ခမောက်ကို ထမ်းပိုးထိပ်တွင် ချိတ်ကာ သုတ်သုတ်လာသည် ။ သည်အရပ်၌ ‘ ကြက်နင်း ’ အုပ်လေ့အုပ်ထ မရှိရကား သက်ငယ်မိုးအိမ်တွေ ကြက်လည်ဆံ ထနေ၏ ။ ထန်းရွက်မိုးအိမ်တွေမူ ပွင့်လန်နေ၏ ။ ထန်းရွက်မှာ သက်ငယ်ပျစ်ထက် အဆများစွာ ကြီးမားရာ ပို၍ လန်မည် ၊ လွင့်မည် ။ သို့ဖြစ်၍ ကိုဆေးရိုး၏ နွားတင်းကုပ်နှင့် စပါးခွေတဲမှာလည်း နေမြင် လမြင် ဖြစ်နေပြီ ။
အတော်လှမ်းလှမ်းမှ လှမ်းမြင်ရသဖြင့် ကိုဆေးရိုး မှာ ရှေ့ဆက် မသွားချင်တော့အောင် အားအင်ကုန်ခန်းသွား၏ ။ လှည်းလမ်းဘေးရှိ နန်းလုံးကြိုင်ပင်အောက်၌ ဝင်ထိုင်မိတော့သည် ။
“ မောင်ကိုကြီး ဘယ်ရောက်နေပါလိမ့် ။ သည်ကောင်ကိုပဲ အမိုးခိုင်းရမှာပဲ ။ အင်း ထရွက်တွေ လွင့်ကုန်တာ အစုံအစေ့မှ ပြန်ရပါ့မလား ”
ဖုန်တထောင်းထောင်း ထလာသည် ။ ဖုန်လုံးထဲ၌ လူသုံးယောက် နီးလာပြီ ။ ရှေ့ဆုံးက မြေးကြီး ကိုကိုကြီး ၊ နောက်မှ နှစ်ယောက်မှာ သာစိန် နှင့် ငကျွဲ ။
“ ရီးဆေးရိုးက သည်မှာ ရောက်နေတာကိုး ။ ကျုပ်တို့ တာထဲက သစ်ပင်ကလေးတွေထဲကို ဟိုဘက်တာထဲက ကင်းတဲကြီး ပြုတ်ပြီး လွင့်လာလို့တဲ့ ”
ငကျွဲ၏ စကားအဆုံးတွင် “ ဟေ ” ဆိုကာ ကိုဆေးရိုး ဝုန်းခနဲ ထသည် ။ နောက်ကြောင်းသို့ လှည့်ပြေးသည် ။ သို့သော် “ ဘ ဘ ” ဆိုကာ ကိုကိုကြီးက ဖမ်းပွေ့ထားသည် ။
“ ဘ မောနေပြီ ၊ ပြေးနိုင်မှာ မဟုတ်ဘူး ။ ပြီးတော့ ကင်းတဲက ကျုပ်တို့ နေရာကို ရောက်မလာဘူး ။ ကျုပ် ရောက်ခဲ့ပြီးပြီ ။ ဟိုဘက် အုပ်စုထဲမှာ ပြားဝပ်နေတာ ”
“ တော်သေးတာပေါ့ကွာ ” ဆိုသံနှင့်အတူ ကိုဆေးရိုး ပြန်ထိုင်သည် ။ ရုတ်တရက် ထခုန်သော ရင် မငြိမ်သေးငြား အိမ်ဘက်သို့ အေးဆေးစွာ မျှော်ကြည့်နိုင်ပါပြီ ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment