Tuesday, July 7, 2026

အချစ်လား ဘဝလား


❝ အချစ်လား ဘဝလား ❞      
   ( ကျိုက်စကောခင်စိုး )

အလုပ်ထဲ စိတ်နစ်သွားတာ ဘာတစ်ခုမှ သတိမရတော့ ။ အာရုံဝင်စား လှုပ်ရှားမှုတွေ တစ်ခုပြီး တစ်ခု သွက်လက်ရှုပ်ယှက် ဘယ်လောက် ကြာသွားမှန်း မသိတော့ပါ ။ လုပ်လက်စ , နား သတိထားလိုက်မိချိန်မှာတော့ ကျွန်မဘေးမှာ ဥရောပသူ နှစ်ယောက်နဲ့ ယောက်ျားတစ်ယောက် ၊ အလယ်မှာ ထိုင်နေတာက မိမွေးတိုင်း ဖမွေးတိုင်း ဘာအကာအဖုံးမှ မရှိတဲ့ ကိုယ်တုံးလုံး ယောက်ျားကြီးက ငုတ်တုတ်ကြီး ။ ရွှေရောင်ဆံပင် အဖြူမလေးက သူ့တစ်ကိုယ်လုံး သိမ်းကျုံး ပွတ်သပ်နေချိန်မှာ တုံးလုံးကြီးက မျက်လုံးတွေ မှေးပြီး အကြောတွေ လျှော့ထားတာများ တစ်ကိုယ်လုံး ဖြေလျော့ခွေ ။

••••• ••••• •••••

ကျွန်မခဲအို ရုတ်တရက် ကွယ်လွန်သွားတော့ အစ်မက သူ့ရင်ဘတ်ကြီး တဗုန်းဗုန်းထု ငိုတယ် ။ ပါးစပ်ကလည်း အော်လိုက်တာများ ပွက်ပွက်ထ , လို့ ။

“ မောင်ရေ ၊ ထ , ပါဦး ။ ကျွန်မတော့ ဘဝပျက်ပါပြီတော့ ”

ခဲအို အလောင်းကြီး တွန်းဆွဲလှုပ်ယမ်းနေတာ အမြင်မတော်လို့ အစ်မကို ဖမ်းချုပ်ထားရတယ် ။ ဆွဲခါမှ ပိုအော်သေး ။

“ မောင်ရေ ၊ ကျွန်မကို မထားခဲ့ပါနဲ့ ၊ ကျွန်မ ဘယ်သူနဲ့ နေရမလဲတော့ ...”

အစ်မတို့များ လင်သေတာ နှစ်နှစ်တောင် မရှိသေး သူနဲ့ နေရမယ့်လူ တွေ့ပြီး လိုက်ပြေးလေရဲ့ ။ နောက်လင်ကို ပြောမှာ သေချာတယ် ၊ ရှင့်ကို အရင် ယောက်ျားထက် ပိုချစ်တယ်လို့ ။ ကျွန်မ တွေးမိတယ် ။ အချစ်ဆိုတာ ဘဝပင်ကြီးရဲ့ အကိုင်းအခက်တွေထဲက ခပ်သေးသေး သင်္ခါရ ကိုင်းတက်လေး တစ်ချောင်းပါ ။ ဒီအတက်လေး ပဲ့သွားလို့ အပင်ကြီး ဗုန်းဗုန်းလဲ သေမသွားပါဘူး ။ အစ်မကို ကြည့်လေ ၊ ခဲအိုပင်ကြီး လဲတော့ နောက်လင်ပင်ကြီး ထူပြီး ထောင်ထားတာ မတ်လို့ ။ တစ်နှစ်နေလို့ တစ်ခေါက်တောင် အိမ်ပြန် မကပ်တော့ဘူး ။ မိသားစုစားဝတ်နေရေး ကျွန်မ တာဝန် ။ ဒီဘဝပေး အခြေအနေတွေကပဲ ကျွန်မကို အလှသမား မဟုတ်တဲ့ ဘဝသမား အဖြစ် ပြောင်းပေးလိုက်တာလား ။ ခုတော့ ကျွန်မ အရာရာ အစစ လက်တွေ့ မျက်တွေ့ပဲ အားကိုးတယ် ။

ကျွန်မ ကိုယ်ပိုင်ကား စီးချင်တယ် ၊ တိုက်ကြီးနဲ့ နေချင်တယ် ။ လက်ရှိ နှစ်ထပ်ပျဉ်ထောင်အိမ် ပိန်ရှည်ရှည်လေးရယ် ၊ အိမ်ဆိုင်လေးရယ်မှာ နေရတာ ကမ္ဘာကျဉ်းတယ် ။ အပေါ်တစ်ထပ်လုံးကတော့ အဖေ့ကမ္ဘာ ။ အဖေဟာ သူ့အင်ပါယာမှာ ရှင်ဘုရင်ပဲ ။ လုပ်ချင်ရာ လုပ်တယ် ၊ ဘယ်သူ့မှ ဂရုမစိုက်ဘူး ။ ပြောချင်ရာ ပြောတယ် ၊ သောင်းကျန်းတယ် ။ ပုဆိုးကျွတ်လည်း ချွတ်လျက်ပဲ ။ အဖေ့ကို အမေလည်း မနိုင် ။ အဖေ ဒီလို မလုပ်နဲ့ ၊ မကိုင်နဲ့ ၊ ထိုင်စေ ထ , စေ စေလိုရာ စေနိုင်တာ ဒီကမ္ဘာမှာ ကျွန်မ တစ်ဦး တည်းပဲရှိတယ် ။ ဒါကို ပတ်ဝန်းကျင် တစ်ရပ်ကွက်လုံး အသိ ။ စိတ်ကောင်းရှိပုံရတဲ့ သူတွေက ပြောတယ် ။

“ နင့်မိဘတွေကို ခုလို ပြုစုနေတာ ဘယ်တော့မှ ဒုက္ခ မရောက်ဘူး ၊ တစ်နေ့ ချမ်းသာဦးမယ် ”

စိတ်မကောင်း တကောင်း ရှိပုံရတဲ့ သူတွေက ပြောတယ် ။

“ နင့်ကို သနားတယ် ”

မိန်းမချင်း သနားတာတော့ ထားပါ ၊ ယောက်ျားတွေ သနားတာ ကတော့ ပုံပြင်ထဲကလိုပေါ့ ။ နင်သနားတာ ငါသိပါတယ်လို့ ။ ပါးစပ်ကသာ သနားတယ်တဲ့ ၊ မျက်စောင်းတွေက အငွေ့ တထောင်းထောင်း ။ လည်ချောင်းက ထွက်လာတဲ့ သနားတယ် ဆိုတဲ့ အသံကိုက မစိုပြည်ဘူး ။ တံတွေး မစိုဘူး ။ ခြောက်ကပ်ကပ် အက်တက်တက် ။ ဒါပေမဲ့ ရပ်ကွက်ထဲ ဘယ်ငနဲသားမှ ကျွန်မနား မကပ်ရဲဘူး ။ ငါးပေ လေးလက်မကျော်တဲ့ အရပ်အမောင်း ၊ အလုံးအဖန် ၊ သွားလာနေထိုင် ပွင့်လင်းစတိုင်ကို တော်ရုံ မယှဉ်နိုင်ဘူး ။ ဇ , ရှိတယ် ၊ ဗလရှိတယ် ၊ ဘွဲ့ရပြီးပြီ ။ ကျွန်မကို ကမ်းလင့်တဲ့ ချစ်တာနဲ့ မေတ္တာ ခွဲခြား နားမလည်တဲ့ ခပ်ညံ့ညံ့ ငနဲသားတွေ ထဲက ကွဲပြားခြားနား နှလုံးသားထဲ စူးဝင်နေတဲ့ ယောက်ျားတစ်ယောက်တော့ ရှိတယ် ။ ကိုသူ ဆိုတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် သူဌေး ။ သူနဲ့ ညားရင် ပွဲပြီးပြီ ။ ကားစီးပြီး တိုက်ပေါ် တက်ရုံပဲ ။ ဒါက အတိအကျ မှန်ကန်တဲ့ ဖော်မြူလာ ။ ဒါပေမဲ့ ကျွန်မ ကနေ့ထိ အဖြေ မပေးသေးဘူး ။ စဉ်းစားဦးမယ် ဆိုပြီး မိန်းမမာယာ သဲကိုးဖျာထားတယ် ။ စိတ်ထဲကတော့ ... ။

ငွေတစ်မျက်နှာနဲ့ သူ့ကို ကြိုက်တာတော့ မဟုတ်ပါဘူး ။ ပက်ပက်စက်စက် ငွေ မက်တဲ့ မိန်းမစားထဲ ကျွန်မ မပါဘူး ။ သူ့ကို ချစ်တာလည်း အမှန်ပါ ။ ဒါပေမဲ့ အချစ်ဆိုတာ ဘဝ မဟုတ်ဘူးလေ ။ ခဲအိုပင်ကြီး လဲတော့ နောက်လင်ပင်ကြီး ထပ်ထူတဲ့ အစ်မကို ကြည့်ပြီး ကျွန်မအသိမှာ အချစ် ဆိုတာ သင်္ခါရနယ်ထဲက မမြဲတရား တစ်ခုပဲ ။ အချိန်မရွေး ပျက်ပြယ်တတ်သလို အသစ်လည်း ပေါက်ဖွားနိုင်တယ်လေ ။ ဦးနှောက်က ဒီအသိတွေ ဝင်နေပေမဲ့ ရင်ဘတ်က သူ့ကို မြင်ရင် မငြိမ်ချင် ။ နှလုံးအိမ်တွေ လှုပ်ခါ ဝေဒနာတွေ ပေါ် လာတယ် ။ မူရာမာယာ တီတာချင်တယ် ။ တစ်ခါတလေ ကိုရီးယား ကားထဲကလို ဆိုဂျူး မူးပြီး သူ့ရင်ခွင်ထဲ ဒိုက်ဗင်ထိုးချလိုက်ချင်တယ် ။ ဒါပေမဲ့ ကျွန်မစိတ် အလိုမလိုက်ဘူး ။ အဖြေ မပေးသေးဘဲ တင်းခံထားတယ် ။ စဉ်းစားမိတယ် ၊ ဒီလောက် ကဂျီကဂျောင် ကိုးရိုးကားရား အဖေကို ချစ်ရတာ ပူလောင် စိတ်ညစ် ဘာမှ မဖြစ် ။ တစ်ခါတလေ အဖေနဲ့ နေရတာ ပျော်တောင် ပျော်သေး ။ တဝါးဝါး တဟေးဟေး ရယ်တောင် ရယ်ရသေး ။ သူနဲ့ ကျမှ အဖြေတောင် မပေး ၊ ရည်းစားတောင် မဖြစ်သေး ပူလောင် ပြင်းရှ ခါးသီးချိုမြ ရသ စုံနေပြီ ။

••••• ••••• •••••

ကျွန်မ ထိုင်နေတဲ့ ကျောက်ခုံတန်းလေးရဲ့ ကျောမှီနောက်မှာ ကပ်ပြီး စိုက်ထားတဲ့ စွယ်တော်ပင်ရိပ်လေးက အေးမြလို့ နေပါတယ် ။ မျက်နှာချင်းဆိုင်မှာတော့ သတိပဋ္ဌာန် ဓမ္မာရုံကြီးက အကြီးကြီး ။ နှစ်ထပ် ဟောခန်းကျယ်ကြီး အပေါ်ထပ်မှာ တရားဟော တရားပြ ၊ အောက်ထပ်မှာတော့ ယောဂီတွေ ယာယီ လက်ခံတယ် ။ ဒီကနေမှ သင့်လျော်ရာ အဆောင်တွေ ပို့တယ် ။ ဒီရိပ်သာမှာ အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ အဆောင်ဆောင် အခန်းခန်းတွေက အံ့ဘနန်း အများကြီး ။ နေ့တစ်ဝက်လောက် လျှောက်ကြည့်ရလိမ့်မယ် ။ ကျွန်မ ထိုင်နေတဲ့ ထိုင်ခုံတန်းလေးတွေရဲ့ အဆုံးမှာတော့ ယူအက်စ်အေဆောင်ကြီး ။ အဲဒီမှာတော့ ကမ္ဘာတစ်ဝန်းက နိုင်ငံခြားသား ယောဂီတွေ ၊ ဗော်လန်တီယာတွေ ထားတယ် ။ ဖြူမည်းဝါညို ရောင်စုံ ရောနှောလို့ ။ သံဃာတော် ၊ သီလရှင်တွေရယ် ၊ ပြည်တွင်းပြည်ပ ယောဂီတွေ ၊ ခိုကိုးရာမဲ့တွေ ၊ ရောဂါသည်တွေ အဆုံး အားလုံး တစ်ထောင်ကျော်ရဲ့ နေ့စဉ် စားဝတ်နေရေး ၊ ကျန်းမာရေးမှသည် သေရေး အဆုံးထိ အကုန်လုံး လိုလေသေး မရှိ ဘဝ တစ်သက်တာလုံး စောင့်ရှောက်ထားတဲ့ သန်လျင်သဘာဝတရားရိပ်သာရဲ့ နားနေ ကျောက်ခုံ တန်းလေးတွေ ပေါ်မှာ ကျွန်မ နားခို ထိုင်နေကျပါ ။

အေးဆေးထိုင်နေတဲ့ ကျွန်မဟာ မြင်ကွင်း တစ်ခုကြောင့် ရင်နင့်လှိုင်းတစ်စင်း စီးဆင်းစူးနစ်သွားပါတယ် ။ လူမျိုးဘာသာ အရောင်အဆင်း ခြားနားခြင်းကင်း ၊ လူသားချင်း ညီညွတ်စွာ ရှင်သန်ခွင့်ရှိတဲ့ လောကကြီး ပါလားလို့ အလင်းတန်း တစ်ချက် ဝင်းလက်သွားလေရဲ့ ။ အသားအရေ မည်းညစ်တွန့်ကြေ ၊ အကြောတွေ ရှုံ့တွန့်နေတဲ့ လူအိုနာကြီးကို ပယ်ပယ်နယ်နယ် ပွတ်သပ်ဆေးကြော သန့်စင်နေတဲ့ ဥရောပသူ မိန်းမ နှစ်ယောက်နဲ့ ယောကျ်ား တစ်ယောက် ။ သူတို့ မျက်နှာတွေက ကြည်စင်အေးမြ နေပါတယ် ။ ရေ လောင်းသူက လောင်း ၊ ဆပ်ပြာတိုက် ချေးတွန်းပွတ်တိုက် ပြုစုနေတာများ ပေါင်တံခွကြား ဘယ်အသားမှ မကျန်ပါဘူး ။ မျက်စိမှိတ် ထားတဲ့ လူအိုနာကြီးဟာ သူ့ ကိုယ်ပေါ်မှာ ပုဆိုးမရှိတာ သိပုံ မရပါဘူး ။

ဒီမြင်ကွင်းကို ကြည့်ရင်း ကြက်သီးမွေးညင်း ဖျဉ်းဖျဉ်းထ ရှက်လာတဲ့ ကျွန်မဟာ ဆတ်ခနဲထ , သူတို့ဆီ လျှောက်သွားမိလိုက်တာ ကိုယ့်ဘာသာတောင် သတိမထားမိလိုက်ဘူး ။ ကြုံရာကနေ လုပ်အား ဝင်ပေး ၊ ရေခပ်လောင်းပေးရင်း အလုပ်ထဲမှာ စိတ်နစ် သွားတာ ဘာမှ သတိမရ တော့ ။ လုပ်လက်စ နား သတိထား လိုက်မိချိန်မှာတော့ ကျွန်မနဲ့ အတူ ဥရောပသူ နှစ်ယောက်နဲ့ ယောက်ျားတစ်ယောက် ၊ အလယ်မှာ ထိုင်နေတာက မိမွေးတိုင်း ဖမွေးတိုင်း ဘာအကာအဖုံးမှ မရှိတဲ့ ကိုယ်တုံးလုံး ယောက်ျားကြီးက ငုတ်တုတ်ကြီး ။

ကျွန်မ ထိုင်ခဲ့တဲ့ စွယ်တော်ရိပ် အုတ်ခုံလေး လှမ်းကြည့်လိုက်တော့ ကိုသူ ရောက်နေပါလား ။ သူ ကျွန်မကို စူးစိုက်ကြည့်နေတယ် ။ ဘယ်အချိန် ကတည်းက ရောက်နေလဲ မသိ ။ အဘိုးအိုကြီးကို အဝတ်လဲပေး ၊ အစိုတွေ လျှော်ဖွပ်ရာမှာ ဝိုင်းကူ ၊ ဥရောပသူတွေနဲ့ အတူ အိပ်ရာဆီ တွဲပို့ ပေးလိုက်တယ် ။ အဲဒီလို အလုပ်ရှုပ် နေဆဲမှာပဲ ကိုသူ ရောက်လာတယ် ။

“ ကွန်ဂရက်ကျူလေးရှင်း မေဇင် ၊ ဆက်လုပ်ပါ ၊ ကိုသူ အဘွားဆီ သွားဦးမယ် ။ အဲဒီကနေ တန်းပြန်မယ် ”

သူ ဘယ်လို ထင်သွားလဲ ။ အထင် သေးသွားလား ၊ ကြီးသွားလား ။ သူ့မျက်နှာထားက တစ်မျိုးလိုလို ။ သူ့ အဘွားက ရိပ်သာမှာ ယောဂီလေ ။ ခုလို ကျွန်မရဲ့ ပရဟိတ စိတ်က နောင်အခါ ကျွန်မ ဘဝကို ပြဋ္ဌာန်းလိမ့်မယ်မှန်း မသိခဲ့ပါဘူး ။

••••• ••••• •••••

ဥရောပသူ အုပ်စုနဲ့ ကျွန်မ ခင်မင်ပူးပေါင်းပြီး နံနက်ခင်းတိုင်း လိုအပ်ချက် ရှိနေတဲ့ မသန်စွမ်း ယောဂီ ဘိုးဘွားအချို့ကို ရေမိုးချိုး သန့်ရှင်းရေး လုပ်ပေးပါတယ် ။ လမ်းမလျှောက်နိုင်တဲ့ ယောဂီများကို ဝှီးချဲလ်လေးတွေပေါ် တင် ရိပ်သာဝန်းကျင် တွန်းပို့ပေးပါတယ် ။ တစ်ခါတစ်ရံ ရိပ်သာထဲသာမက အနီးဝန်းကျင် ရပ်ကွက်တွေထဲ အထိ လျှောက်လည်ကြတယ် ။

ဘိုးဘွားများဟာ ဝှီးချဲလ်လေးတွေ ပေါ်မှာ ပြုံးပျော်တက်ကြွ ၊ တွေ့သမျှလူ လက်တပြပြ နှုတ်ဆက်လို့ ပေါ့ ။ ဥရောပသူ ဥရောပသား အဖြူဒရိုင်ဘာများ တွန်းတဲ့ လှည်းကို စီးရတာ ပိုမာန်ဝင့် ပိုဂုဏ်လုပ်ကြတယ် ။ ဒီလို ဝှီးချဲလ်လေး စီးရတာကို သိန်း ရာထောင် ဇိမ်ခံကား စီးရတာနဲ့ မလဲနိုင်ကြတဲ့ ဘိုးဘွားတွေကြောင့် ကျွန်မတို့လည်း ပျော်တယ် ။ အနောက်တိုင်း အဖွဲ့ နဲ့ ကျွန်မလည်း ပိုရင်းနှီးလာ ပြီး အိမ်တောင် အလည် လိုက်လာတတ်ကြတယ် ။

••••• ••••• •••••

ခုချိန်ထိ ကျွန်မ သူ့ကို အဖြေ မပေးသေးဘူး ။ သူကတော့ တငင်းငင်း မေးနေပြီ ။ အမေက ဈေးသည်ပီပီ အရှုံး အမြတ် တွက်တယ် ။

“ သမီး ၊ ရှေ့ရေးကို တွေး ၊ ငါမရှိရင် ဆိုတာ မစဉ်းစားနဲ့ ။ နင့်အဖေကို မငဲ့နဲ့ ။ အမေဖြစ်အောင် စီစဉ်မယ် ၊ သမီး တစ်သက်လုံး ကောင်းစားဖို့ အဓိက ”

ကျွန်မ ကိုယ်တိုင်ကလည်း ကိုယ်ပိုင်ကားကြီး စီးချင်ပြီ ၊ တိုက်အိမ်ကြီးနဲ့ နေချင်ပြီ ။ နောက်ဆုံး အဖြေ ပေးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ် ။

••••• ••••• •••••

“ မေဇင့်အကြောင်း အဖေနဲ့ အမေ့ကို ပြောပြလိုက်တယ် ”

“ ဘာအကြောင်းလဲ ကိုသူ ”

“ မေဇင်ရဲ့ ပရဟိတ စိတ်ဓာတ်ပေါ့ ။ ရိပ်သာမှာ နိုင်ငံခြားအဖွဲ့တွေနဲ့ လုပ်အား ပေးနေတဲ့ အကြောင်းတွေ ၊ အမေက ဒီလို မိန်းကလေး လိုချင်တာတဲ့ ။ ဆင်းရဲချမ်းသာ အရေးမကြီးဘူးတဲ့ ။ သူနာပြုစိတ်ဓာတ်ရှိဖို့ အဓိက ၊ နိုက်တင်ဂေး ချွေးမ လိုချင်တာတဲ့ ”

“ နိုက်တင်ဂေး ချွေးမတဲ့လား ၊ မတန်မရာ မနှိုင်းပါနဲ့ ကိုသူရယ် ။ ဒါနဲ့ ကိုသူတို့ မိသားစုမှာ လူနာ ရှိလို့လား ”

“ အဖေပေါ့ ၊ အဖေက သွေးတိုးရှိတယ် ။ သွေးပေါင်ချိန် ၊ အနေအထိုင် အစားအသောက် တစ်ယောက်က သီးသန့် စီစဉ်ပေးရတယ် ။ ဆေးအချိန်မှန် တိုက်ရတယ် ”

“ ပရိုက်ဗိတ်နာ့စ် ငှားထားတယ် မဟုတ်လား ”

“ ငှားထားတာပေါ့ ။ ဘာမှ ပင်ပန်းတာလည်း မဟုတ် ။ သေးကလူ ချေးကလူ ပြုစုနေရတာလည်း မဟုတ်ဘဲနဲ့ တစ်နေ့ တစ်သောင်း စရိတ်ငြိမ်း ။ တစ်လ သုံးသိန်း ။ တစ်နှစ် သုံးဆယ့် ခြောက်သိန်း ။ မငှားလို့လည်း မရဘူး ။ ကိုသူနဲ့ အမေက တစ်နေကုန် အပြင်မှာ ။ ကိုသူဆို ညဉ့်အိပ်ညဉ့်နေပါ ခရီး ထွက်နေရတာ ”

ကိုသူရဲ့ အမှတ်မထင် စကားတစ်ခွန်းမှာ အတ္တ အစွန်းတစ်စ တွေ့လိုက်ရတယ် ။ သူနာပြုပညာရှင် စေတနာရှင် တစ်ယောက်ကို ဈေးတွက် တွက်နေတဲ့သူပါလား ။

“ မေဇင်သာ ရောက်ရင် ဒီငွေမကုန်တော့ဘူး ၊ ဒီငွေကို အလုပ်ထဲ ထည့်လိုက်ရင် အများကြီး အကျိုးရှိတယ် ။ ဒါတွေ ထားပါ ၊ အရေးမကြီးပါဘူး ။ မေဇင် ကိုသူ့ အချစ်ကို ခုထိ အဖြေမပေးသေး ဘူး ။ ကိုသူ သိချင်ပြီ ၊ ကြား ချင်ပြီ ”

ကျွန်မ နှလုံးသားထဲ လျှပ်စီးတွေက ဝင်းခနဲ ၊ လင်းခနဲ ။ နန်းတော်တိုက်ကြီးနဲ့ ဇိမ်ခံကားကြီး စီးလို့ ။ တစ်သက်တာ ကောင်းစားဖို့ စိတ်ကူး မလွဲနဲ့ ဆိုတဲ့ အမေ့စကား ။ ရင်တွင်းပုံရိပ်တွေ မှာတော့ လေဖြတ်ထားလို့ ချေးသေးမနိုင် ၊ ပုဆိုးမနိုင်တဲ့ အဖေ ၊ ဝူးဝူးဝါးဝါး ထင်ရာ လျှောက်ပြော အော်ဟစ်ဆဲဆို ၊ အခုငို အခုရယ် လေရူးကြီးအဖေ ၊ ကိုသူ့ကို ပေးရမယ့် အဖြေ ။ အချစ်နဲ့ ဘဝ ဘယ်ဟာ အရေးကြီးလဲ ။ နောက်ဆုံး မျက်လုံးစုံမှိတ် အဖြေပေးလိုက်ပါတယ် ။

“ ကိုသူ့အချစ်ကို လက်ခံပါတယ်နော် ”

••••• ••••• •••••

အချစ်ဆိုတာ ဘဝပင်ကြီးရဲ့ အကိုင်းအခက်တွေ ထဲက ခပ်သေးသေး သင်္ခါရကိုင်းတက်လေး တစ်ချောင်းပါ ဆိုတဲ့ ကျွန်မ ခံယူချက် မလွဲခဲ့ပါဘူး ။ ကျွန်မ သူ့ကို တကယ် ချစ်ခဲ့ပါတယ် ။ ဒါပေမဲ့ သူ ကျွန်မကို တကယ် မချစ်ပါဘူး ။ ကိုသူ ချစ်တာက နိုက်တင်ဂေးမယား ပါ ။ ကျွန်မရဲ့ တောင်းဆိုချက်လေး တစ်ခွန်းကြောင့် ကိုသူနဲ့ ကျွန်မ ခုချစ် ခုကွဲ ခွဲခဲ့ရပါတယ် ။

“ ကိုသူ ကျွန်မဘဝထဲ ဝင်လာရမယ်နော် ၊ မေဇင့် အဖေကို ပစ်မထားနိုင်ဘူး ”

အဲဒီနေ့က စပြီး သူ မလာတော့ပါဘူး ။ တကယ်တော့ ကျွန်မ နိုက်တင်ဂေးချွေးမ မဟုတ်ဘူး ၊ အဖေ့သမီးလေ ။

⎕ ကျိုက်စကော ခင်စိုး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     အောက်တိုဘာ ၊ ၂၀၁၈

No comments:

Post a Comment