Wednesday, July 8, 2026

နှစ်ရပ်သော ဝေဒနာ

❝ နှစ်ရပ်သော ဝေဒနာ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ပိန်းရွက် ကြာဖက်များပေါ်မှ ရေစက်ရေပေါက်များ လျှောကျသွားဘိသကဲ့သို့ ကိုဆေးရိုးမှာ ကျိန်းစပ်ဖန် တွတ်နေသော မျက်လုံးအစုံသည် ရုတ်ခြည်းကြည် လင်လာလေ၏ ။ ရင်ထဲက တလှပ်လှပ်ဖြစ်ကာ ခွေနုံးနုံးပန်းလျနေသော ကိုယ်သည်လည်း မိုးရေပေါက်ဖြင့် ထိတွေ့လိုက်ရသော မြက်ညှိုးပမာ လန်းစွင့်ကြွတက်လာလေ၏ ။

“ တို့ဆရာကွ ၊ တို့ဆရာကွ ”

အသက်အားဖြင့် ငါးဆယ်ပြည့်ခဲ့ပြီဖြစ်သော ကိုဆေးရိုးသည် ဆယ့်ခြောက်နှစ်သား ကာလသား ပေါက်စကလေးလို ဝမ်းသာကြည်နူးသော မျက်နှာ ၊ ရွှင်လန်းအားရသော အသံဖြင့် ကျယ်လောင်စွာ အော်ဟစ်ရင်း ပုဆစ်တုပ် ထိုင်နေရက ထခုန်လေသည် ။ ဆွမ်းလောင်းပွဲလာ ပရိသတ်ကြီးမှာ မဏ္ဍပ်အတွင်းဝယ် မိုးနှင့် လေတို့ ရောထွေး ပြေးလွှားလာသံလို ညံစီ နေပေ၏ ။ ကိုဆေးရိုး၏ အသံသည် ထိုအသံကြီးကို ဖောက်ထွင်းအုပ်မိုးသွားတော့သည် ။

“ တို့ဆရာကွ ၊ တို့ဆရာ ”

ကိုဆေးရိုးသည် အားရပါးရအော်လျက် သံဃာတော်များ တင်ပျဉ်ခွေ ထိုင်နေသောဘက်သို့ မုန့်ရသော ကလေးငယ်၏ မျက်နှာဖြင့် လှမ်းကြည့်နေမိသည် ။ မိမိ၏ အပြုအမူသည် မိမိ၏ အသက်အရွယ်နှင့် ဘယ်လိုမှ မလိုက်ဖက်တော့ပါကလားဟူသော အသိသည်လည်း လွင့်စဉ်သွား၏ ။ တစ်ရာခန့် ရှိသော ပရိသတ်ကြီးကိုလည်း မေ့လျော့သွားတော့သည် ။ ကိုဆေးရိုး တို့သည် ရွာအနီးရှိ ဘုရားငါးဆူတောအုပ်ကို ရှင်းလင်းကာ ဘုရားငုတ်တိုများကို ထုံးသင်္ကန်းများ ကပ်လှူခြင်းဖြင့် ရွာပိုင်ဘုရား လုပ်ခဲ့ကြသည် ။ တလင်းတွင်း ကာလမှ စ၍ တစ်ယောက် တစ်ပေါက် ဆွေးနွေး ငြင်းခုံရင်းဖြင့်ပင် ရွာဘုရားဆွမ်းချပွဲကျင်းပရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည် ။

ရမ်းဘိုကုန်းရွာ အဖို့ ဆွမ်းချပွဲတော် တစ်ရပ်ကို ကမကထပြုလုပ် ကျင်းပရသည်မှာ လွယ်ကူသက်သာလှသည် မဟုတ်ပေ ။ တစ်ရွာလုံးတွင် လယ်သမား ပါဟု လက်ညှိုးထိုး ပြစရာက ဆယ်အိမ်လောက်သာ ရှိ၏ ။ သည်အချိန်၌ ငွေနှင့်ကြေးနှင့် နီးကပ်သူများမှာလည်း ထိုဆယ်အိမ်ထောင်သာဖြစ်ရာ ကျန်ရှိသော အိုးလုပ်သူများနှင့် လယ်ယာကူလီများမှာ ဆွမ်းချပွဲတော်အတွက် ငွေကြေး ထည့်ဝင်ရခြင်းသည် မချိ သွားဖြဲသာ ဖြစ်ချေ၏ ။

“ အိုဗျာ ၊ ကိုယ့်ရွာ ဂုဏ်ရှိမယ့် ကိစ္စကို ကျုပ်တော့ နွားပဲ ရောင်းပြီး ထည့်ရထည့်ရ လုပ်ချင်တာပဲ ”

တောင်ပိုင်းက အုန်းမောင် ကဲ့သို့သော ကာလသားများက ရပ်ရွာ၏ ဂုဏ်သတင်းဟူသော အကြောင်းပြချက်ဖြင့် ဆွမ်းချပွဲကို မဖြစ်မနေ လုပ်ချင်ကြ၏ ။ ထို့ အတူပင် ကိုပိတ်စ လို လူကြီးများကလည်း လူငယ်တွေနှင့် တစ်သားတည်း ဖြစ်နေပြန်သည် ။

“ အေး ဟုတ်တယ်ကွ ။ ငါတို့ သက်တမ်း တစ်လျှောက်လုံး သီးကုန်း မြသီတာဘုရားကို နှစ်စဉ်နှစ်တိုင်း ဆွမ်းတော်ကြီးပေါင်းနဲ့ ဆွမ်းလုံးဖိတ်သမျှ သွား ခဲ့ရတာပဲ ။ အဲဒီလိုပဲ သရက်ချင်ဘုရား ၊ ပုရပိုက်တန်း ဘုရား ၊ ရွာသစ်ကြီးဘုရား ”

“ ရွာသစ်ကြီးဘုရားက တို့ရွာနဲ့လည်း တစ်ဝက် ဆိုင်ပါတယ် မောင်ပိတ်စရ ”

ဘကြီးဖိုးက အသံတုန်ဖြင့် ဝင်ရောက်ကန့်ကွက်ခဲ့၏ ။

“ အိုဗျာ ကျုပ်တို့ရွာက တစ်ဝက်ဆိုင်တယ် ဆိုပေမယ့် ဆွမ်းချတဲ့ အခါတိုင်း ရွာသစ်ကြီးကချည်း ခေါင်းဆောင်တာပါ ”

ကိုဆေးရိုးနှင့် မတိမ်းမယိမ်းပင် ရှိသော ကိုအောင်မြက ဝင်၍ရှင်းပြလေသည် ။ သည်အခါတွင်ကား ရမ်းဘိုကုန်း ရွာသားများမှာ “ ဟ ရွာသစ်ကြီးက ခေါင်းမဆောင်လို့ တို့က ခေါင်းဆောင်နိုင်သလား ” ဟူသော အမေး ။ “ ဟေ့ မင်းက ရွာသစ်ကြီးကလား ” ဟူသော ငေါ့သံ ။ “ ရွာသစ်ကြီးက ရွာသစ်ကြီး ၊ ရမ်းဘိုကုန်းက ရမ်းဘိုကုန်းကွ ” ဟူသော အော်သံနှင့် “ မဆိုင် ဘူးဟေ့ ။ ဒီဘုရားကမှ တို့ဘုရား ” ဟူသည့် အသံ ။ “ ဘာဖြစ်ကြတာလဲဗျို့ ။ ငြိမ် ၊ ငြိမ် ၊ လှည်းဒေါက် ပြုတ်ကျတာ ” စသော နောက်ပြောင်သံများဖြင့်ပါ တစ်ယောက် တစ်ပေါက် လုယက် ငြင်းခုံကြသည်တွင် ဖိုးထွန်းဝ ထ၍ ထိန်းရသည် ။

“ ကဲ တော်ကြစမ်းကွာ ၊ တစ်ယောက်တစ်ခွန်း ငြင်းနေလို့ မပြီးဘူး ။ ဖြည်းဖြည်းသက်သာ ပြောကြမှပေါ့ ”

“ ဟုတ်တာပေါ့ ။ ရွာသစ်ကြီးနဲ့ ရမ်းဘိုကုန်း ဘာဆိုင်တာလိုက်လို့ ”

လူအုပ်၏ နောက်ပိုင်း မှောင်ရိပ်မှ မိန်းမအချို့၏ တီးတိုးသံကလည်း ပရိသတ်အငြိမ်တွင် မပွင့်တပွင့် ထွက်ပေါ်လာခဲ့သည် ။

“ သရက်တောက ဆုတောင်းပြည့် ၊ ပြည်စိုးကုန်း က ပြည်စိုးကုန်းမြောက်ကျောင်းဘုရား ၊ ရုံးပင်ရပ် ငှက်ပျောတောက သျှင်ပင်ကြက်ဆူးဘုရား ၊ ရှားတောဘုရား ၊ အဲဒါတွေကို ကျုပ်တို့ကချည်း သွားခဲ့ရတယ် ”

“ ဟုတ်တယ် ပေးဘက်ခန္ဓာချည်းပဲ ။ ဒီနှစ်တော့ ယူဘက်ခန္ဓာလေး လုပ်ကြစို့ ”

တစ်ထောင့်မှ ဒေါ်အေးကြီးက ပါဠိစကားကို ဖျက်၍ အရွှန်းဖက်လိုက်၏ ။ သို့သော် မည်သူမျှ မရယ်ပေ ။

“ အဲဒီတော့ အလုပ်အကိုင်ပါးတဲ့ အခါလေးမှာ ကျုပ်တို့တော့ ဘုရားပွဲ လုပ်ချင်တယ် ။ ကျုပ်တို့ဆီက သွားထားရတဲ့ ရွာတေကလည်း မနည်းဘူး ”

ကိုပိတ်စက ပြောရင်းဆိုရင်း ကိုဆေးရိုးနှင့် ဖိုးထွန်းဝ ၊ ဘကြီးဖိုးတို့ ဘက်သို့ မျက်စိကစားလိုက်၏ ။ ကိုပိတ်စ၏ မျက်လုံးမှာ အရက်ရှိန်ကြောင့် ရဲနေပေသည် ။ ကိုဆေးရိုးမှာ မပြောချင်ပေမယ့် ငြိမ်မနေနိုင်တော့ပေ ။

“ မင်းတို့က ဒါပဲ မြင်တာကိုး ပိတ်စရ ။ မင်း ခုနက ပြောတဲ့ ရွာတွေက တို့ဖိတ်ရင် လာမှာချည့်ပဲ ။ ဒါကို ဘာမှ ထည့်ပြောစရာ မလိုဘူး ”

“ လိုတာပေါ့ကွ ”

ကိုအောင်မြက လှမ်းအော်၏ ။

“ နေစမ်းပါဦး အောင်မြရာ ၊ ငါပြောတာကိုပဲ ဆုံးအောင်နားထောင်စမ်းပါဦးကွာ ”

ကိုဆေးရိုးက အေးဆေးစွာဖြင့် လက်ကာပြသည် ။

“ ဒါတေ လာမှာ မလာမှာထက် သူတို့ကို ငါတို့က ဖွယ်ဖွယ်ရာရာ ဧည့်ခံနိုင်မလား ၊ မခံနိုင်ဘူးလားဆိုတာက ပိုပြီး အရေးကြီးတယ်နော် ။ မင်းတို့ သေသေချာချာ စဉ်းစားကြ ”

ကိုဆေးရိုးက လေးလေးနက်နက် ပြောလိုက်သောအခါတွင် တက်ကြွနေသော လူငယ်ပိုင်းပင်လျှင် ငြိမ်သက်သွားကြ၏ ။

“ အဲ ဟုတ်တယ် ၊ ဒါ ဟုတ်တယ် ”

ကာလသားခေါင်းက ကြမ်းပြင်ကို လက်ဝါးဖြင့် ပုတ်၍ အော်သည် ။

“ မဏ္ဍပ်ထိုးရမယ် ။ အကမ်းအလှမ်း ဆယ်ယောက် လောက်ရှိရမယ် ။ မလှပ မပြည့်စုံသမျှကို ရွာက ဒိုင်ခံ ဖြည့်စွက်ရမယ် ။ ဒီတော့ တစ်အိမ်ကို တစ်ဆယ်ထည့်မှ သုံးရာပဲရမှာ ။ ထည့်နိုင်ကြပါ့မလား ”

“ ထည့်မယ်ဗျာ ။ စားစရာ မရရှိရင် ဗိုက်မှောက်နေမယ် ”

ထွန်းကြည်က အာလေးလျှာလေးကြီးဖြင့် ဝန်ခံသည် ။

“ တော်တို့ လယ်သမားတေက လက်ထဲမှာ ငွေသီး နေတာပဲ ။ အစိတ် ၊ ငါးဆယ် ထည့်ပေါ့ ”

မှောင်ရိပ်မှ မဒေါ ဆိုသူက လှမ်း၍ ပြောသည် ။

“ ငတို့မှာလည်း ဝင်တော့သာ စည်တီးပြီး ဝင်တာပါဟာ ။ ခေါင်းမြီးခြုံကလေးနဲ့ ထွက်သွားတာလည်း ပြောကြပါဦး ။ အစိတ် ၊ ငါးဆယ်ထည့်ရရင် သေရောပေါ့ဟ ”

ကိုကွန်းစိန် ဆိုသူက နှလုံးခုန်သံ ၊ ရင်တုန်သံတွေ အတိဖြင့် ဖြေရှင်းနေပြန်၏ ။

“ ဗျို့ ကိုကွန်းစိန် ၊ ကျုပ်တို့မှာ တစ်နေ့လုံး ရေလောင်းငှားလိုက်မှ တစ်ကျပ်ပဲ ရတာပါဗျာ ။ ကျုပ်တို့ တောင် ကျိတ်မှိတ်ပြီး တစ်ဆယ် ထည့်နိုင်သေးရင် ခင်ဗျားတို့လို လှည်းနဲ့ နွားနဲ့ လယ်လည်း လုပ် ၊ အိုးလည်း လုပ် ၊ ယာလည်း စိုက်တဲ့လူက အစိတ်တော့ ထည့်နိုင်ပါတယ်ဗျာ ”

မဒေါ၏ ယောက်ျား ကိုထွန်းတင်က ခေါင်းရှောင်ချင်သူ ကိုကွန်းစိန်၏ အရည်အသွေးကို ဖော်ထုတ်နေစဉ် ကိုကွန်းစိန်၏ ညီ ကိုဝင်းထိန်က လှမ်း အော်လိုက်၏ ။

“ အစ်ကိုတို့က လင်ကိုယ်မယားပဲကွာ ၊ ငါးဆယ် ထည့် ”

“ အမယ်လေးဗျာ ၊ အမယ်လေးဗျာ ”

ကိုကွန်းစိန်သည် ချွဲမရှင်းသော လည်ချောင်းသံကြီးဖြင့် ဆင့်ကာဆင့်ကာ အော်နေသည် ။

“ ကျုပ်လည်း ငါးဆယ်ထည့်မယ် ။ ကိုဆေးရိုးတို့က အဘိုးကြီး အဘွားကြီးမို့ လေးဆယ်ထည့် ”

“ ဟ လေးဆယ် ”

ကိုဆေးရိုး၏ ဦးခေါင်းမှာ ကြီးမားလေးလံသွားသည် ။

“ ရီးစံမယ်တို့ အိမ်က လူများပေမယ့် ချောင်တယ် ၊ ငါးဆယ်ထည့် ။ ဒေါ်အေးကြီးတို့ကလည်း ငါးဆယ်ပဲ ထည့် ”

ကိုဝင်းထိန်က လယ်သမားအုပ်စုကို တစ်အိမ်ပြီး တစ်အိမ် ဆက်လက်၍ ကြေးသတ်သွားသော်လည်း ကိုဆေးရိုး ကောင်းကောင်း မကြားတော့ပေ ။

လေးဆယ် ၊ လေးဆယ် ။ ကိုဆေးရိုး၏ နားထဲတွင် လေးဆယ်ဆိုသော အသံကိုသာ ကြားနေတော့သည် ။ လူအုပ်ထဲသို့ လှမ်းကြည့်လိုက်ပြန်တော့လည်း လူတိုင်း၏ နဖူးဝယ် လေးဆယ် ဆိုသော စာတန်းနှင့် အက္ခရာသာလျှင် ထင်နေချေ၏ ။

လေးဆယ် ။ ကိုဆေးရိုးမှာ အသက်ရှူ ကျပ်လာသည် ။ မိမိ လည်ပင်းကိုပင် ယောင်ယမ်းဖျစ်ညှစ်မိတော့၏ ။ အာခေါင်ခြောက်လာသဖြင့် တံတွေးကိုသာ အငမ်းမရ မျိုချနေမိသည် ။ အစည်းအဝေး ပြီးစီးသွား၍ အခြားသူများ ထပြန်သောကြောင့်သာ ရောယောင်ပြီး ထလာခဲ့ရ၏ ။ ကိုဆေးရိုးသည် ဘာတွေ ဆုံးဖြတ်ပြီး ဘာတွေ ပြောကြသည်ဟု မသိတော့ပေ ။

ငွေလေးဆယ် ။

ကိုဆေးရိုးကတော့ မြောက်ခွင်လုံချည် ဆယ်ထည်သည် မိမိမျက်နှာပေါ်သို့ အသက်မရှူသာအောင် ပိဖို့နေသည်ဟုထင်လေ၏ ။ ရှစ်ပိဿာထက် မနည်းသော နှမ်းဆီများသည် အသက်မရှူသာအောင် ခေါင်းပေါ်မှ လောင်းချနေသည်ဟု ထင်လေ၏ ။ အမိနှင့် နို့ခွဲခါစ နွားကလေး တစ်ကောင်က စိတ်ဆိုး မာန်ဆိုးဖြင့် ရင်ဝကို ကန်နေသည် ဟူ၍လည်း ထင်မြင်နေလေသည် ။

သို့ကြောင့်လည်း တဲပေါက်ဝတွင် ထိုင်ပြီး မိမိ အပြန်ကို ဆေးလိပ်မီးကြီး တရဲရဲဖြင့် မျှော်စောင့်နေသော မကျီးဒန်ကို မမြင်ဘဲ ဝင်တိုက်မိခြင်းဖြစ်ပေ၏ ။

“ တော့်မလဲ ဘယ်လို ဖြစ်လာတာလဲ ။ လူတစ်ယောက်လုံး ထိုင်နေတာတောင် မမြင်နိုင်အောင် ”

မကျီးဒန်၏ စူးစူးဝါးဝါးအသံကြီးကို ကြားမှ ကိုဆေးရိုး၏ ခေါင်းပေါ်မှ ဒလဟောလောင်းချနေသော ဆီများ ဖိအုပ်နေသော မြောက်ခွင်လုံချည်များနှင့် ကန်ကျောက်နေသော နွားမပေါက်စတို့သည် လွင့်စဉ် သွားလေသည် ။

“ ဘာဖြစ်လာတာလဲလို့ ”

မကျီးဒန်သည် နောက်မှ ထက်ကြပ်လိုက်ပါလာရင်း ထပ်မံမေး၏ ။ ကိုဆေးရိုးမှာ ရုတ်တရက် မဖြေနိုင်သေးဘဲ လူသေကောင်ကြီး ပစ်ချလိုက်သလို ကွပ်ပျစ်ပေါ် ထိုင်ချလိုက်ပြီးမှ မောဆို့စွာဖြင့် ဖြေနိုင်၏ ။

“ ငွေလေးဆယ် ထည့်ရမတဲ့ဟာ ”

“ ဘာ ”

“ ဘုရားပွဲလုပ်ဖို့ ငွေခွဲတာ ငါတို့က လေးဆယ် ထည့်ရမတဲ့ ”

“ မအေးကြီးတို့ကကော ”

“ ငါးဆယ် ”

ကိုဆေးရိုးက မပြောချင့် ပြောချင်ဖြင့် ဖြေလေသည် ။

“ ဝင်းထိန်တို့ ကွန်းစိန်တို့ကကော ”

“ ငါးဆယ်စီပဲ ”

“ ဟာ ၊ ကျုပ်တို့ လေးဆယ်က တော်တာပေါ့တော်ရဲ့”

မှောင်ထဲမို့ မကျီးဒန်၏ မျက်နှာကို မမြင်နိုင်သော်လည်း ကျေနပ်အားရစွာ ထွက်ပေါ်လာသော မှတ်ချက်ချသံက မကျီးဒန်၏ မျက်နှာထားကို ဖော်ပြနေပေသည် ။

“ အမယ်လေးတော် ၊ ငွေကလေး လေးဆယ် ထည့်ရမှာများ ဖြစ်နေလိုက်တာ ၊ တကတည်း ။ အများနဲ့ လုပ်ရတဲ့ကိစ္စမှာ အများထည့် ထည့်ခြင်းပေါ့ ။ ရပ်ကိစ္စ ရွာကိစ္စပဲ ဥစ္စာကို ”

မကျီးဒန်သည် ဆက်၍ပင် နှစ်ထောင်းအားရသံဖြင့် ပြော၏ ။ သို့သော် ကိုဆေးရိုးမှာ နားမဝင်နိုင်ပေ ။ လာလတ္တံ့သော ဝန်ထုပ်ဝန်ပိုးများကို တရေးရေး မြင်ယောင်နေသည် ။ လက်ဦးကြုံတွေ့ ရမည့်ပြဿနာမှာ သတ်မှတ်ထားသော ငွေကြေးကို အချိန်မီ ရရှိရေးဖြစ်၏ ။ သည့်နောက်တွင် ဘုရားပွဲဖြစ်မြောက်ရေးအတွက် တာဝန်ယူကာ လုံးပမ်းရမည် ။

တာဝန်ယူရပြီ ဆိုကတည်းက အလုပ်ပျက် ၊ အကိုင်ပျက် ၊ အအိပ်ပျက် ၊ အစားပျက် ။

“ ဟင်း ”

မတတ်နိုင်သည့် အဆုံးဝယ် ကိုဆေးရိုးမှာ သက်မ ကိုသာ ချလိုက်ရသည် ။

“ ဘာ ဟင်းလဲ ၊ ဒါ သက်ပြင်းချစရာလား ”

မကျီးဒန်က မကျေမချမ်း ငေါက်လိုက်သောကြောင့် ကိုဆေးရိုးမှာ မကျီးဒန်ကို လှည့်ကြည့်မိသည် ။ ခေါင်မိုးမှ ယိုကျလာသော လရောင်ဖြင့် အလို မကျသော မျက်နှာကို မြင်ရ၏ ။

“ ဆွမ်းလည်း မှန်မှန် မလောင်းနိုင် ။ ဥပုသ်လည်း တစ်ဝါတွင်းလုံးမှ နှစ်ရက်လောက် စောင့်နိုင်ပြီး ဘုရားပွဲအတွက် ငွေလေး လေးဆယ်ထည့်ရတာကို သေတော့မယ်အတိုင်းပဲ ။ သေရင် တစ္ဆေဖြစ်မှာ ”

“ ဗျာ ဟုတ်ကဲ့ ။ ခင်ဗျားပဲ နတ်ပြည်ကို သွားပါ ။ နေပါဦးဟ ၊ ဘုရားပွဲ လုပ်တာ ကုသိုလ်ရတယ်လို့ နင့်ကို ဘယ်သူ ပြောသလဲ ”

“ ဟုတ်ကဲ့ ၊ တော်ပဲ သိပါတယ် ပိဋကတ်အိုးကွဲကြီး ”

တကယ်တော့ မကျီးဒန်သည် တေ့တေ့ဆိုင်ဆိုင် အမေးကို ရေလည် လိပ်ပတ်စွာ မဖြေတတ်သောကြောင့် အထေ့ကလေး ဖက်၍ ဖုံးလိုက်ခြင်းသာဖြစ်ပေသည် ။ ဘုရားပွဲ ဆိုသည်မှာ အပျော်အပါးကို အကြောင်းပြု ရောက်ရှိလာသော လူငယ်လူရွယ်များ ဘုရားကို တွေ့မြင် သတိရရှိပြီး ရှိခိုးခြင်း ၊ ကုသိုလ်ရပါစေတော့ ဟူသော မထည်ဝါသည့် အကြောင်းပြချက်ဖြင့် ဖြစ်ပေါ်လာရသည်ဟု ကိုဆေးရိုး ယူဆ၏ ။ သို့ကြောင့်လည်း မလိုလားလှပေ ။ မလိုလားသည့် အပေါ်တွင် ငွေလေးဆယ် ထည့်ရမည် ဆိုပြန်သောအခါ ပို၍ တုန်လှုပ်နေပေသည် ။

“ ဘုရားပွဲအတွက် ငွေလေးဆယ် ထည့်ရုံနဲ့ ပြီးသေးတာ မဟုတ်ဘူး ကျီးဒန် ။ ဆွမ်းဆန်စိမ်း သွားရဦးမယ် ။ ဆွမ်းတော်ကြီးပေါင်းနဲ့ ဆွမ်းလုံးလာတဲ့ လူတွေကို ကမ်းရလှမ်းရဦးမယ် ။ ဆွမ်းလုံးအတွက် တာဝန် တစ်ခု ယူရဦးမယ် ”

ကိုဆေးရိုးမှာ ရှင်းပြရင်းကပင် မောပန်း၍ လာပေ၏ ။

“ တစ်နှစ်မှ တစ်ခါဟာ ၊ လုပ်မှာပေါ့တော် ”

မကျီးဒန်ကတော့ ခပ်ပေါ့ပေါ့ပင် ။

“ အေးပါ လုပ်ပါ ၊ လုပ်လည်း လုပ်ရတော့မှာပါပဲ ။ ဘုရားနဲ့ ဘုန်းကြီးကို လှူတာကတော့ ကုသိုလ်ရမှာ ပါပဲလေ ”

“ ကုသိုလ်ရအောင် လုပ်တာ ရရမှာပေါ့တော်ရဲ့ ”

“ အေး ၊ ဝေယျာဝစ္စအတွက် ထည့်ရတဲ့ ငွေလေးဆယ်ကတော့ ဘာကုသိုလ်မှ ရမှာ မဟုတ်ဘူး ကျီးဒန် ။ ချုံထဲက ဘုရား ဖြစ်ဖြစ် ၊ တန်ဆောင်းထဲက ဘုရား ဖြစ်ဖြစ် ဖယောင်းတိုင် တစ်မတ်ဖိုး ပူဇော်တဲ့ ကုသိုလ်ကမှ ပိုလိမ့်ဦးမယ် ”

“ ဟုတ်တယ် တော်ပဲ သိတယ် ၊ တော်ပဲ တတ်တယ် ”

မကျီးဒန်မှာ ကိုဆေးရိုး ပြောသမျှကို ဘယ်လိုမျှ သည်းခံနားမထောင်နိုင်တော့သဖြင့် အိပ်ရာပေါ်သို့ ဆောင့်အောင့်ပြီး တက်သွားသည် ။ ဆက်လက်၍ အိပ်ရာကို ကြမ်းကြမ်းတမ်းတမ်း ပုတ်ခါနေလေ၏ ။ ကိုဆေးရိုး အတွက် ဆက်လက် ပြောဆိုနေ၍လည်း အကြောင်းက ထူးတော့မည် မဟုတ်ပေ ။ မထည့်ချင်သော ငွေလေးဆယ် အတွက် တာဝန်ယူ ကတိပေးခဲ့ပြီးပြီ မဟုတ်လား ။

“ အေးလေ ၊ လုပ်မိမှတော့ စိတ်ကောင်းစေတနာ ကောင်းထားဖို့ပဲ ရှိတော့တာပေါ့လေ ”

သို့ကြောင့်လည်း ကိုဆေးရိုးမှာ နောက်တစ်နေ့ မှစပြီး စပါးနှစ်စီးတိုက် ( တင်း ၄ဝ ) ကို ရွာနှင့် မနီး မဝေးရှိ ဆန်စက်သို့ ရောင်းချရန် ပြင်ဆင်ရတော့သည် ။

ငွေရပြန်တော့လည်း မကျီးဒန်၏ အလုပ်တွင် ဝင်ကူရင်း တစ်ဖက်က ထွန်တုံးထွန်တံများကို ပြင်ဆင်ရသည် ။ ထယ်ပေါင်ပြင်ခြင်း ၊ ထွန်သွားသခြင်း ၊ ခုတ်ခြင်းများပါ မကျန် ကြိုတင်လုပ်ကိုင်ကာ ထန်းညှင်းကွင်း စုဆောင်းရင်းကလည်း ထန်းရွက်များ ခုတ်လာကာ မနောလင်ပန်း ရက်လုပ်ရပြန်သည် ။

မနောလင်ပန်း ဆိုသည်မှာ အနိမ့်ဆုံးသော အရာကို အမြင့်ဆုံးသောပစ္စည်းအဖြစ် သိဒ္ဓိတင် ခေါ်ဝေါ်သော ထန်းရွက်လင်ပန်းပင် ဖြစ်ပေ၏ ။ ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင်မိပြန်တော့ ကိုဆေးရိုးမှာ စိတ်ပါ လက်ပါ ဖြစ်လာရချေသည် ။ ကိုဆေးရိုးတို့ လင်မယား မအားမလပ်သလို ရမ်းဘိုကုန်းရွာ တစ်ရွာလုံးမှာ အလုပ်များ နေကြ၏ ။ ချုံတောကို ရှင်းလင်းကြ ၊ ဘုရားကို ထုံးရိုက် ၊ မဏ္ဍပ်ထိုး စသည်ဖြင့် တစ်ခုပြီး တစ်ခု ဆက်တိုက် လုပ်ကိုင်လာကြရာ ဆွမ်းတော်ကြီးတင်ပွဲ စသည့်နေ့ ညနေတိုင်အောင် လုပ်ကိုင် ဆောင်ရွက်စရာများက ပြီးပြတ်ခြင်း မရှိသေးပေ ။

ဒိုးပတ်သံ ၊ အိုးစည်သံ ၊ ဗုံကြီးသံများသည် ဘုရား ငါးဆူဘက်မှ သောသောညံအောင် ထွက်ပေါ်နေသော အချိန်၌ အုန်းမောင်တို့ ကာလသားလူငယ်များမှာ ပူပင်ကြောင့်ကြမှု နည်းပါးစွာဖြင့် ပျော်ကောင်း ပျော်နိုင်ကြမည် ။ ကိုဆေးရိုးတို့ လူကြီးပိုင်းမှာကား ပျော်နိုင်ရန် ဝေးစွ ၊ မျက်လုံးငယ်ထိပ်ကပ်အောင် ပြူးနေကြရ၏ ။

“ တို့ဘက်က ဘာများ ချွတ်ယွင်းသွားမလဲ ”

“ ဘယ်ရွာကများ ငြိုငြင်သွားမလဲ ”

“ ဘယ်ရွာကများ စိတ်ခုသွားမလဲ ” စသော စိုးရိမ်လုံး ၊ အပူလုံးများသည် ဆူပွက်နေသော ဗုံသံတို့နှင့် အပြိုင် ပေါ်ပေါက်နေရကာ ဆွမ်းတော်ကြီး လာရောက် စုပေါင်း လှူဒါန်းသောရွာတွေ တစ်ရွာပြီး တစ်ရွာ ပြန်ကုန်မှ ‘ ဟင်း ’ ချနိုင်ကြသည် ။

သို့သော် ချသော ‘ ဟင်း ’ မှာ ကျွတ်ကျွတ်လွတ် လွတ်ချနိုင်သော ‘ ဟင်း ’ မဟုတ် ။ အဘယ်ကြောင့် ဆိုသော် ယနေ့ညတွင် ဆိုင်းပွဲ ရှိသေးကာ နောက်တစ်နေ့နံနက်တွင် ဆွမ်းလုံးပွဲနှင့် ချက်ပြုတ်စရာတာဝန်များ ကျန်နေသေးသောကြောင့်တည်း ။

ဇာတ်ပွဲ အငြိမ့်ပွဲ ဖြစ်ဖြစ် ၊ ဆိုင်းပွဲပဲ ဖြစ်ဖြစ် တောမှာတော့ လူစည်ကားသည်ချည်းသာ ။ ဇာတ်ပွဲ ဆိုလျှင် မိန်းမနှင့် ယောက်ျား ဆတူ ရှိကာ အငြိမ့်တွင် မိန်းမ ပရိသတ်က ယောက်ျားပရိသတ်၏ ထက်ဝက်မျှသာ ရှိသည် ။ ဆိုင်းပွဲတွင်ကား ယောက်ျားတွေချည်း ဖြစ်တော့၏ ။ ယောက်ျားတွေဟု ဆိုကတည်းက လူတစ်ယောက်သည် ဓားတစ်လက် သို့မဟုတ် တုတ်တစ်ချောင်းပဲ ဖြစ်တော့သည် ။ ဇာတ်နှင့် အငြိမ့် စသည်တို့ သို့လာသော ယောက်ျားပရိသတ်တွင် ခိုက်ရန်ဖြစ်ပွားပါက ဆွဲမည့်လွဲမည့် ဇနီး သို့မဟုတ် နှမ အစ်မ ဒွေးလေး ဒွေးကြီး စသည်တို့ ပါလာနိုင်သေးသော်လည်း ဆိုင်းပွဲတွင်ကား မီးကို ငြိမ်းမည့်သူ ရှားပါးသည် ။

ဆိုင်းပွဲ ဆိုသည်မှာ ဆိုင်းက တီးလိုက် ၊ ဆိုင်းနောက်ထများက ပြက်လုံးထုတ်လိုက်ဖြင့် စခန်းသွားလေ့ ရှိ၏ ။ ဆိုင်းပွဲလာ ပရိသတ် တစ်ရာတွင် ကိုးဆယ့် ကိုးယောက်သည် ဆိုင်းနောက်ထ၏ ပြက်လုံးမှ တစ်ပါး အခြား ဘာမှ နားမလည်ပေ ။ သို့ရာတွင် ထံတျာတေကို ဆိုတီးခိုင်းသူက မရှား ၊ ထူးမခြားနားကို ခုနစ်သံချီဖြင့် တီးပါဟု ဆိုသူက ဆိုဖြင့် အမှုပွေကြ၏ ။

ရွှေပြည်တော်သည် တီးပါဆို၍ ပတ်စာပြင် ထည့်နေစဉ် ကျွန်းကျွန်းပိုင်သ တီးပါ ၊ ချစ်သမျှကို တီးပါ စသည်ဖြင့် တစ်ယောက်တစ်ပေါက် ဆိုလာပြန်သော အခါ ဆိုင်းသမားများနှင့် စကားများလေ့ ရှိ၏ ။ ဆိုင်းမှာ တောသို့ လိုက်လာပြီ ဆိုလျှင် လူများများ ပါအောင် ခေါ်လာလေ့ရှိသဖြင့် မခံနိုင်လျှင် ထကြဲလေ့ရှိသည် ။ သည်ဆိုင်းပွဲတွင်ကား စိန်ခြူးကြာညောင်ကို အိုးစည် တီးပြပါဟု တောင်းဆိုသူလည်း မပေါ်လာ ။ စုံနံ့သာမြိုင်ကို ဗိန်းမောင်းဖြင့် တီးပါဆိုသူလည်း မရှိပေ ။

“ ဟေ့ ငပိန်တဲ့ကွဟေ့ ၊ ငပိန်ကွနော် ”

ရွာသစ်ကြီးရွာမှ ငပိန် တစ်ယောက်သာ လမ်းဌာနမှ ပြုလုပ်ထားသော သစ်သားပေါင်း ကူးတံတားများမှ ဖြုတ်ယူထားသည့် ဇာဝီခေါ် သံကွင်းကြီး တပ်ထားသော တုတ်တစ်ချောင်းဖြင့် ဝင်ရမ်းသူရှိ၏ ။ မည်သူနှင့်မျှ ခွန်းကြီးခွန်းငယ် မများဘဲ လူအုပ်ထဲ တိုးဝင်လာကာ မိမိခေါင်းကို တုတ်ဖြင့် ရိုက်၍ ရိုက်၍ စိတ်ဆိုးနေခြင်းဖြစ်၏ ။ သဲ့ခနဲ အသံကြားသည်နှင့် တစ်ပြိုင်နက် ကိုဆေးရိုးတို့မှာ ရောက်ရာနေရာမှ ဆိုင်းပွဲသို့ အပြေးအလွှား ရောက်ရှိလာပြီးသား ဖြစ်သည် ။

“ ဟေ့ ဘယ်သူ့မှ လူမထင်ဘူးကွနော် ”

“ ငပိန် ၊ မင်းက ငါတို့ဘုရားပွဲကို လာဖျက်တာလား ဟုတ်လား ”

ကိုဆေးရိုးမှာ ဒေါသဖြင့် တုန်ယင်နေ၏ ။

“ ခင်ဗျားတို့ ဘုရားပွဲကို ကျုပ်ဖျက်သလား ။ ကျုပ်ဖျက်တယ်လို့ ဘယ်ခွေးက ပြောလဲ ”

“ တယ်လေ ၊ ငါ ”

ငပိန့်ကို ရိုက်မည် ပြင်သူအား တချို့က ဆွဲထားကာ အချို့ကလည်း ငပိန်ကို တောင်းပန်ပြီး ခေါ်ထုတ်သွားကြလေသည် ။ ကိုဆေးရိုးမှာ ရွာထဲသို့ ပြန်ရောက်လာသည့်တိုင်အောင် ဒေါသ မပြေသေးပေ ။

“ တောက် ၊ တစ်ချက်လောက် ဆော်လိုက်ရ ဘယ်လောက်ကောင်းမလဲ ”

အလိုလိုကမှ စိတ်ပန်းလူပန်း ဖြစ်နေရသည့် အထဲတွင် အကြောင်းမဲ့ လာရောက် နှောင့်ယှက်သည် ထင်သောကြောင့် ပို၍ စိတ်တိုနေခြင်းဖြစ်၏ ။ ရင်ထဲတွင် နုံးချည့်နေကာ မျက်လုံးမှာ ကျိန်းစပ်နေပေပြီ ။ အိပ်ရေး ဝအောင် မအိပ်ရသည်မှာ သုံးညတိတိ ရှိခဲ့ပြီ မဟုတ်လား ။ သို့သော်လည်း ကိုဆေးရိုး မှာ အိပ်၍ မရပေ ။

မိမိတို့ အိမ်မှ ဝက်သား တစ်ပိဿာချက် ဟင်းတာဝန် ယူထားသည့် အပြင် ဘုံစုငွေထဲမှ ဝယ်ခြမ်းထားသော ဆွမ်းနှင့် ဟင်းများ စီမံစရာရှိသေးသည် ။ ထို့အပြင် ဘုရားထဲရှိ ဆွမ်းတော်ပွဲများကို ကာလသားတွေ ခိုးစားမည့် အရေးက ပို၍ ကြီးသည် ။ ရွာသစ်ကြီး ၊ သရက်ချင် နှင့် ရုံးပင်ရပ် ၊ ငှက်ပျောတောတို့တွင် လုပ်သော ဆွမ်းတော်ပွဲများနည်းတူ ကြက်ကောင်လုံးကြော် ၊ ဘဲကောင်လုံးကြော် ၊ ကိတ်မုန့် စသည်တို့ ပါဝင်သောကြောင့် နေရီရှိုးမှိုးမှောင်မှောင်ကတည်းက ကာလသားတွေ သွားရည်ကျနေတာ မြင်ထားသဖြင့် စိတ်မချခြင်းက ပို၍ကြီးမားသည် ။

ကိုဆေးရိုး ၊ ကိုပိတ်စ ၊ ဦးထွန်းဝ စသော လူကြီးများမှာ ဘုရားထဲ သွားလိုက် ၊ ရွာထဲ ပြန်လာလိုက်ဖြင့် တစ်မှေးမျှ မစက်ရမီ မိုးစင်စင်လင်းလာခဲ့၏ ။ ကိုဆေးရိုးမှာ ခေါင်းထဲကပါ မူးနောက်နေကာ မျက်လုံးအစုံ ကြိုးစားဖွင့်နေရ၏ ။

“ ကျီးဒန်ရေ ၊ ညည်းဘာသာ ညည်း လာခဲ့ဟေ့ ။ ငါ သွားနှင့်မယ် ”

မကျီးဒန်အား မှာကြားပြီးနောက် ဘုရားထဲသို့ အပြေးအလွှား လာခဲ့ရသည် ။ ဘုန်းတော်ကြီးများနှင့် ဆွမ်းလုံးလာပို့သူများအတွက် ဘာမျှ မခင်းကျင်းရသေးပေ ။ မဏ္ဍပ်ဝန်းကျင်တွင် ညက ဆိုင်းပွဲလာသူများ ချီးမြှင့်သွားသော ကျင်ငယ်နံ့က နံစော်နေ၏ ။

“ ဟဲ့ကောင်လေးတွေ ဟေ့ ဟေ့ ”

ဘုရားရှေ့တွင် ကိုးရိုးကားရား အိပ်နေသော ကာလသားများကို လိုက်လံနှိုးရင်း ကိုဆေးရိုးက ညည်းတွားမိသည် ။

“ အင်း ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ကောင်ကလေးတေပါကလားနော် ။ ကဲဟေ့ အုန်းမောင် ဆွမ်းလုံးတေ လာတော့မယ်ဟေ့ ။ ဖျာတေ ခင်းကြစမ်း ။ ဟေ့ ထွန်းကြည် ၊ ကန့်လန့်ကာတေ ၊ ခင်းနှီးတေကော ”

“ ဗျာ ၊ ကျုပ်မသိဘူး ”

ကိုဆေးရိုးမှာ ခေါင်းမီးတောက်သွား၏ ။ ခေါင်းတွင် တောက်သော မီးနှင့် ပြိုင်၍ ဒေါသမီးသည်လည်း ပြိုင်၍ တောက်လာလေ၏ ။

“ မင်းတို့ ဒါလောက်ကလေးမှ မျက်နှာ မလွှဲရဘူးလားကွ ။ ဘုရားပွဲ လုပ်ချင်တော့လည်း မင်းတို့ ။ ပြီးတော့ ဘာတစ်ခုမှ တာဝန် မယူချင်ကြဘူး ”

ကိုဆေးရိုးမှာ စိတ်လိုက်မာန်ပါ ရိုက်ပုတ်ပစ်ရန်ပင် ကြံမိ၏ ။ ပျောက်သွားသော ခင်းနှီးနှင့် ကန့်လန့်ကာများကို ကိုပိတ်စ ရှာဖွေတွေ့ရှိလာသည့်တိုင်အောင် တာဝန်ယူရမှန်း မသိသော ကာလသားတွေကို မကျေနပ်သော စိတ်ကား မပြေ ။ ဒေါသကား ပျောက်မသွားပေ ။ သည်ထဲတွင် ရင်ထဲက လှိုက်ပန်း၍ မျက်လုံးများ ကျိန်းနာနေ၏ ။ ဖိတ်ကြားထားသော ရွာများမှ ဆွမ်းဟင်းများ ရောက်လာလေပြီ ။

ကိုဆေးရိုးမှာ ဧည့်ဝတ်မပျက် ဆီးကြိုဧည့်ခံနေရ သော်လည်း ဖြစ်နိုင်လျှင် နေရာတွင် လှဲအိပ်ပစ်လိုက်ချင်အောင် နုံးခွေနေပေပြီ ။ ဆွမ်းပို့သော ရွာများ စုံလင်သည့် နောက်တွင် လေးထပ်ကျောင်းမှ တစ်ဆင့် ပင့်ဖိတ်ထား၍ လေးထပ်ကျောင်းတွင် စည်းဝေးနေသော သံဃာတော်များကို သွားရောက်ပင့်ကြသည် ။

ကိုဆေးရိုးမှာကား လူအုပ် အစွန်ရှိ မဏ္ဍပ်တိုင်တွင် မှီပြီး ငိုက်နေလေ၏ ။ ငါးပါးသီလခံ ရေစက်ချသည့် အချိန်တွင်လည်း ရှေ့သို့ မကြာခဏ ငိုက်ကျသွားသဖြင့် အားတင်းကာ တောင့်ထားရသည် ။ ရေစက်ချနေပေပြီ ။ ကိုဆေးရိုး မခံနိုင်တော့ပေ ။ လက်နှစ်ဖက် ဖျာပေါ်ချကာ လူက ကျုံ့ကျုံ့ထိုင်လျက် နဖူးကို လက်ပေါ်တင်ပြီး ရေစက်ချသည်ကို ကြည်ညိုဟန်ဖြင့် ခိုးအိပ်တော့သည် ။ ကြာကြာ မအိပ်လိုက်ရပေ ။ “ ဆေးရိုး ဆေးရိုး ” ဟူသော ကိုပိတ်စ၏ ကုတ်နှိုးသံကြောင့် လန့်နိုးလာရ၏ ။ ရင်ထဲမှာ ကတုန်ကယင်ကြီးဖြင့် ငိုချင်သလို ရယ်ချင်သလို ဖြစ်နေသည် ။

“ ထလေကွာ ဆွမ်းလုံးတေ မဲချတော့မယ် ”

မဲချခြင်းမှာ သံဃိကနည်းဖြင့် လှူဒါန်းခြင်းပင် ဖြစ်ပေ၏ ။ ရေစက် မသွန်းမီက မဲချထားပြီးလျှင် ပုဂ္ဂိုလ်စွဲဖြင့် ဝမ်းမြောက်သူ ရှိသလို ပုဂ္ဂိုလ်ကို မကြည်ညိုခြင်းဖြင့် စိတ်နှလုံး မချမ်းမြေ့မှု ရှိနိုင်သောကြောင့် သံဃိကရေစက်ချပြီးမှ ဆွမ်းအဖွဲ့ အရေအတွက်နှင့် သံဃာဦးရေ မျှကာ မဲချ လှူဒါန်းခြင်း ဖြစ်ပေ၏ ။ ကိုဆေးရိုးမှာ မျက်တောင်ကလေး အစင်းသားဖြင့် သံဃာတော်များ ရှေ့သို့ ရောက်လာခဲ့ရ၏ ။ အသင့် ရေးသားထားသော မဲလိပ်ကလေးများကို ဘကြီးဖိုး တစ်ခွက် ၊ ကိုကွန်းစိန် တစ်ခွက် ကွမ်းအစ်ဖုံးတွေထဲတွင် ထည့်၍ ကိုင်ထား ကြသည်ကိုတွေ့ရ၏ ။

“ ရှားတောရွာ ”

ဘကြီးဖိုး နှိုက်ပေးသော မဲလိပ်ကို ကိုပိတ်စက ဖြန့်ဖတ်လိုက်လျှင် အုန်းမောင် က ကိုကွန်းစိန်၏ လက်ထဲမှ မဲလိပ်ကို ဖြန့်ဖတ်လိုက်၏ ။

“ သရက်ချင် မြောက်ကျောင်းဆရာတော် ”

အဓိပ္ပာယ်မှာ ရှားတောရွာမှ လာသော ဆွမ်းပွဲများနှင့် ရမ်းဘိုကုန်းက သီးသန့်လှူဒါန်းသော ပစ္စည်းများကို သရက်ချင်မြောက်ကျောင်းသို့ လှူဒါန်းရန် ဖြစ်ပေ၏ ။

ဆွမ်းပွဲ မနောလင်ပန်း အချိုပွဲများကို လူအုပ်ဘေးရှိ ကျောင်းသားများထံသို့ ကိုဆေးရိုး ပါ သယ်ယူပို့ပေးပြီး ပြန်ဝင်လာစဉ် “ ရမ်းဘိုကုန်း ” ဟူသော အသံနှင့် မရှေးမနှောင်းပင် “ လေးထပ်ကျောင်းဆရာတော် ” ဟူသောအသံ ထွက်ပေါ်လာလေရာ ရွာဆွမ်းလုံး အတွက် ဝက်သားတစ်ပိဿာ တာဝန်ယူထားရသော ကိုဆေးရိုးမှာ မိမိ ရွာက ဆွမ်းလုံးမှာ မိမိဆရာ အရင်းကို လှူရတော့မည်မို့ မျက်လုံးကျိန်းစပ်သောဝေဒနာ တစ်မုဟုတ်ချင်း ပျောက်သွားလေ၏ ။

“ တို့ဆရာကွ ”

မုန့်ရသော ကလေးငယ်လို အားပါးတရ အော်ရင်း ပစ်၍ ခုန်လိုက်ရာ ထိုင်နေသော မိန်းမတစ်ယောက်၏ ခြေထောက်ကို တက်နင်းမိသဖြင့် ငုံ့ကြည့်လိုက်မိ၏ ။ ခြေထောက်ရှင်ကား မကျီးဒန် တည်း ။ ခါတိုင်းဆိုလျှင် အနည်းဆုံး ‘ သေခြင်းဆိုး ’ ဟု ရေရွတ်ဦးမည် ဖြစ်သော်လည်း ယခုမူ မကျီးဒန် သည် ကြည်နူးစွာ မော့ကြည့်နေပေ၏ ။ ရင်ထဲမှ တုန်ယင်သော ဝေဒနာနေရာတွင် ကြည်နူးချမ်းမြသော ဝေဒနာအသစ် ပေါ်ပေါက်လာလေသတည်း ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment