❝ မိုးတွေ ရွာနေပြီ ညို ... ❞
( မေသန့်နိုင် )
၁ ။
မြစ်ကျိုးအင်းကွေ့ချိုး တောအုပ်လေးဘက်က အဆိုတော် ဦးမြကြီးရဲ့ “ မိုး ” သီချင်းသံကို ကြားလိုက်ရင်ပဲ ညိုထွေး တစ်ယောက် ရင်ခုန်သံတွေတောင် မြန်လာတယ် ။ ဒီ သီချင်းနဲ့ ဒီအသံကို သူ သိပ်မှတ်မိတာပေါ့ ။ သူ သိပ်ချစ်ရတဲ့ “ ကိုမင်းသန့် ” ရဲ့ အသံဆိုတာ ။ သူ့အသံပြာပြာဝါဝါကြီးနဲ့ ဒီ “ မိုး ” သီချင်းကို သူ အမြဲဆိုနေကျ ဖြစ်သလို သူမလည်း ကြိုက်နှစ်သက်တဲ့ သီချင်း ။ ဘယ်သူတွေ ကြိုက်ကြိုက် ၊ မကြိုက်ကြိုက် ကိုမင်းသန့် “ မိုး ” သီချင်း ဆိုတာကိုတော့ နှစ်ခြိုက်တယ် ။ မင်းသန့် နဲ့ ညိုထွေး ချစ်သူ မဖြစ် ခံနိုင်ရိုးလား ။ နှစ်ယောက်စလုံးက ဘကြီး “ ထွန်းမောင် ” ရဲ့ သူရင်းငှားတွေလေ ။ လယ်ပြီး ယာ ၊ ယာပြီးတော့ လယ်နဲ့ လုပ်ခွင် အတူ ၊ စားအတူတွေလေ ။ ဘကြီးထွန်းမောင် အလုပ်ဟူသမျှ “ မင်းသန့် ” က မပါမပြီး ၊ မပြီးဆို မင်းသန့်က ဆွေမျိုးညာတိ မရှိ ။ ဥတစ်လုံး တစ်ကောင်ကြွက်မို့ ငယ်ငယ်လေးတည်းက ဘကြီးထွန်းမောင်ရဲ့မွေးစားသားလို အရိပ်ခိုခဲ့ရသူ ။ ညိုထွေးက အိုကြီးအိုမ အဒေါ်အပျိုကြီးနဲ့ ကြီးပြင်းလူလားမြောက်ခဲ့ရတဲ့သူ ။ အရွယ်လေး ရောက်လာတော့ ပျိုးနုတ် ၊ လယ်စိုက် ၊ ပေါင်းပေါက်လိုက် စတဲ့ တောရပ်ရွာဓလေ့ အလုပ်တွေ လုပ်ရင်း ဘဝကို ရုန်းကန် တည်ဆောက်နေရသူလေ ။ ခုလို မိုးရာသီ လယ်စိုက်ချိန်ဆို သူတို့ချစ်သူနှစ်ဦး တွေ့နေကျ မြစ်ကျိုးအင်းချောင်းနံဘေးက လယ်စောင့်တဲ ခြေတံရှည်လေးဟာ သူတို့နှစ်ဦး မေတ္တာ စတင် သက်ဝင်ရာ ဘူမိနက်သန် ဖြစ်တယ် ။ သူတို့ဘဝရဲ့အစ အချစ်ပန်းတွေ ဆက်လက် ပွင့်လန်းရာ နေရာလေးပဲဖြစ်တယ် ။ ရင်းနှီးရာက စ ချစ်သူတွေဖြစ်လာကြပြီး နှစ်မိုးကျော် သုံးမိုး အရောက်လောက်မှာ တော့ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ခဲ့ကြတယ် ။ လယ်ပိုင်ရှင် ဘကြီးထွန်းမောင်ရဲ့ ကူညီစောင့်ရှောက်မှုနဲ့ အုန်းမှုတ်ခွက်ချင်း ဂဟေဆက်သည့်ပွဲလေးကို လူသိထင်ရှား ပြုလုပ်ခဲ့ကြ ပြီး ပုဆိုးတန်းတင် အကြင်လင်မယားအရာမြောက်ခဲ့ကြတယ် ။
သူတို့နှစ်ဦးရဲ့ အချစ် စတင်ပျိုးထောင်ရာ ခြေတံရှည် လယ်စောင့်တဲလေးမှာ ဘကြီးထွန်းမောင်က နေထိုင်စေတယ် ။ သူတို့ နှစ်ဦးလုံးကလည်း ဒီမြစ်ကျိုးအင်းကွေ့ဘေးလေးနား နေရတာကို နှစ်သက်သဘောကျတယ် ။ လယ်ပိုင်ရှင် ဘကြီးထွန်းမောင် ကလည်း မြစ်ကျိုးအင်း ဖြစ်လာပုံနဲ့ မြစ်ကျိုးအင်းတို့ရဲ့ သဘာဝကို လူတွေရဲ့ဘဝတွေနဲ့ ထင်ဟပ်နှိုင်းယှဉ်ပြီး မကြာခဏ ပြောပြတတ်တယ် ။ မိုးကောင်းချိန် မြစ်ရေကြီးချိန်တွေ ရောက်ရင် မြစ်ကျိုးအင်းထဲမှာ ရေပြည့်ရေလျှံ ပြာလဲ့ကြည်လင်နေတတ်ပြီး ရေငယ်ချိန် မြစ်နဲ့အဆက်ပြတ်ပြီဆို တဖြည်းဖြည်း ခန်းခြောက်လာတတ်တယ် ။ မိုးမရွာလို့ကတော့ နွေရောက်တာနဲ့ ပပ်ကြားအက်တွေသာ မင်းမူနေတော့တယ် ။ ရေပြည့်ချိန်မှာ လယ်ယာစိုက်ပျိုးသူတွေအတွက် အဆင်ပြေကြတယ် ။ အကျိုးဖြစ်ထွန်းစေတဲ့ မြစ်ကျိုးအင်းလေး ဖြစ်တယ် ။ ဒါကြောင့်လည်း သက်မဲ့မြစ်ကျိုးအင်းလေးကို နှစ်သက်မြတ်နိုးကြခြင်းဖြစ်တယ် ။ ခု တစ်အိုးတစ်အိမ် ထူထောင်ချိန်ထိ မြစ်ကျိုးအင်းလေးနဲ့ သူတို့ ဘဝတွေဟာ ဆက်စပ်နေဆဲပဲဖြစ်တယ် ။ ဟိုး ... တောင်ဘက်ဆီက မိုးသားများမှောင်၍ တက်လာပြီ ။ မကြာမီအချိန်တွင်း မိုးရွာတော့မှာ သေချာတယ် ။ “ မိုး ” သီချင်းကြိုက် နှစ်သက်တဲ့ မင်းသန့် တစ်ယောက် မိုးပေါက်လေးတွေ ကျလာစမှာပဲ ခြေတံရှည် လယ်စောင့်တဲပေါ် ရောက်လာခဲ့တယ် ။ မိုးက တဖြည်းဖြည်း ပိုသည်းလာသည် ။ မိုးရဲ့ အအေးဒဏ်ကြောင့်လားမသိ ၊ ညိုထွေး တစ်ယောက် မင်းသန့်ညရင်ခွင်ထဲ တရွေ့ရွေ့ တိုးဝင်လိုက်တယ် ။
••••• ••••• •••••
၂ ။
ရင်ခွင်ထဲ တိုးကပ်ဝင်လာတဲ့ ညိုထွေးကို မင်းသန့် ခပ်တင်းတင်းလေး ပြန်ဖက် ထားလိုက်တယ် ။ ကားပေါ်မှာ လူတွေကျပ် ညပ်နေပေမယ့် အနွေးဓာတ်က မရ ။ တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသရဲ့ ရာသီဥတု အခြေခံသဘာဝကိုက ကွာခြားနေလေတော့ အအေးဒဏ်ကို မခံနိုင်တာလည်း ပါလိမ့်မယ် ။ ဒီကြားထဲ မိုးကလည်း ခပ်ဖွဲဖွဲကျလာတယ် ။ သူတို့မှာ ပါလာတဲ့ ပလတ်စတစ်လေး ကို လုံနိုင်သမျှလုံအောင် လွှမ်းခြုံလိုက်ကြတယ် ။ ကားသေးသေးလေးမှာ လူက အပြည့်သိပ် ။ ကုန်စည်ဝန်စည်စလွယ်က လည်း မနည်းလှ ။ တိုးလိုးတွဲလောင်းပါ ချိတ် ဆွဲထားလိုက်သေး ။ တောင်ဆင်းတောင်တက်တွေအပြင် ဆိုးလိုက်တဲ့ လမ်းက ချိုင့်ကျင်း ဗွက်ထူနေတယ် ။ ကြမ်းတမ်းခက်ခဲတဲ့ လမ်း ဖြစ်ပေမယ့် ခရီးသွားတွေကတော့ အသွားအလာ အတက်အဆင်း မပြတ် ။ စားဝတ်နေရေး ဘဝရပ်တည်မှုအပြင် စီးပွားလောဘစိတ်တွေကြောင့် အသက်ကို ပဓာနမထားနိုင်ဘဲ ဒီလမ်းခရီးကို သက်စွန့်ဆံဖျား သွားလာလှုပ်ရှားနေကြခြင်းဖြစ်တယ် ။ ဒါကြောင့်လည်း မင်းသန့်နဲ့ ညိုထွေးတို့ ဒီလမ်းခရီးရဲ့ ကားပေါ်မှာ လိုက်ပါလာကြခြင်း ဖြစ်တယ် ။ မကြာမီအချိန်မှာ သားသမီးရလာတော့မယ်ဆို ကိုယ့်ရွာမှာ အိမ်ပိုင်ယာပိုင်လေးနဲ့ အေးအေးချမ်းချမ်းနေနိုင် လုပ်ကိုင်စားသောက် နိုင်အောင်ဆိုတဲ့ အတွေးနဲ့ ငယ်ရွယ်လုပ် နိုင်ကိုင်နိုင်တုန်း နှစ်ဦးသား စိတ်တူကိုယ်တူ သူကောင်း ဖြစ်လိုဖြစ်ငြားနဲ့ တစ်ရွာပြောင်းလာခြင်း ဖြစ်တယ် ။ ဖားကန့်ဘက် တက် အလုပ်လုပ်ပြီး တိုးတက်ကြီးပွားချမ်းသာတယ် ဆိုတဲ့ သူတွေကို ရွာနီးချုပ်စပ်မှာ မြင်ဖူးကြားဖူးနေတော့ မျှော်လင့်ချက်လေးနဲ့ ဘုရင့်နောင် ဖောင်ဖျက်လုပ်ခဲ့ကြခြင်းဖြစ်တယ် ။ တားဆီးပိတ်ပင်သူတွေ ရှိငြားပေမယ့် သူတို့ နားမဝင်နိုင်ခဲ့ကြ ။
“ သူများထက် သာချင်ရင် သူများတွေထက် ပိုပြီး စွန့်စားကြိုးစားရမယ် ။ တစ်နေ့ ကြီးပွားချမ်းသာမှာပါ ညိုထွေးရာ ” လို့ မင်းသန့်ရဲ့ အားမာန်အပြည့်ပါတဲ့ ပြောစကားများဟာ ညိုထွေး အတွက်တော့ အင်အားများပင် ။ မင်းသန့်ရော ညိုထွေးပါ တောသူတောင်သားပီပီ ကျန်းမာကြံ့ခိုင်ကြတယ် ။ အလုပ်ကိုလည်း လုပ်နိုင်သလို လုံ့လဝီရိယလည်း ပြောစရာ မလိုအောင် ကြိုးစားလုပ်တတ်သူများ ဖြစ်ကြတယ် ။ အလုပ်ကြမ်း လုပ်ကိုင်ခြင်းကိုလည်း အလေ့အကျင့် ရှိပြီးသူများ ဖြစ်ကြတယ် ။ မင်းသန့် တွေးတာက ကြီးပွားချမ်းသာမယ့် အလုပ်ကို ဝီရိယလုံ့လ စိုက်ထုတ်လုပ်မှသာ ကြီးပွားချမ်းသာနိုင်မယ် ။ နေ့စားပုတ်ပြတ်အလုပ်မျိုးချည်း လုံ့လစိုက်ထုတ် လုပ်နေလို့ကတော့ “ ဝီရိယလွန် ကျွန်ဖြစ်မယ့် ” ကိန်းမျိုးက လွတ်မယ် မထင်မှန်း တွက်ဆမိတယ် ။ ဒါကြောင့်လည်း စွန့်စွန့်စားစားနဲ့ ထွက်လာခဲ့ခြင်းဖြစ်တယ် ။ တချို့က သွားခါနီး အားမနာတမ်း ပြောလိုက် ဝေဖန်လိုက်ကြသေးတယ် ။ သေချင်တဲ့ကျား တောပြောင်းတာပါကွာတဲ့ ။ ဆုံးမစကားလေးတွေနဲ့ အားပေးကြပါတယ် ။ တချို့ကတော့ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက် ဖားကန့် အတက်ကားပေါ်မှာ လိုက်ပါလာကြပါပြီ ။ တောင်ဆင်းတောင်တက် လမ်းဆိုးချက်က တစ်ခါတစ်ခါ ကားက စောင်းသွားလိုက် ၊ ရွံ့ ဗွက်ထဲ တစ်ဖက်ဆွဲသွားလိုက်နဲ့ ။ ချောက်ကမ်းပါးနား ကပ်မောင်းရတဲ့ခါများဆို ညို ထွေး မင်းသန့်ကို ပိုတိုးဖက်ထားတတ်တယ် ။
“ ကြောက်စရာကောင်းလိုက်တာ ကိုရယ် ”
ညိုထွေး မင်းသန့်ကို တိုးတိုးလေး ကပ်ပြောတယ် ။
“ မစိုးရိမ်ပါနဲ့ ညိုရာ ၊ ကားမောင်းတဲ့ သူတွေက သူတို့သွားနေကျ ၊ မောင်းနေကျ တွေပါ ။ သိပ်မကြာခင် ရောက်လောက်တော့မှာပါ ”
မင်းသန့် ညိုထွေးကို နှစ်သိမ့်စကား ပြောလိုက်ရပေမယ့် သူကိုယ်တိုင် စိတ်ထဲမှာတော့ စိုးရိမ်ပူပန်နေမိတာ အမှန်ပါ ။
“ ဒိန်း ....”
“ ဝုန်း ဒုန်း ဒိုင်း ... ”
ပေါက်ကွဲသံ ကြားလိုက်ရတယ် ။ စိုးရိမ်ကြောက်ရွံ့စိတ်ကို ကြာကြာ အချိန်မရလိုက် ။ နက်ရှိုင်းတဲ့ အမှောင်ထဲ ထိုးကျသွားတယ် ။ မှုန်ပျပျအလင်းကို လှမ်းမြင်ရတော့ အမိအရ ဖမ်းဆုပ်လိုက်တယ် ။ ပတ်ဝန်းကျင် တိတ်ဆိတ်ငြိမ်သက်နေတယ် ။ မိုးစက်များက မျက်နှာကို ပက်ဖျန်းနေဆဲ ဖြစ်တယ် ။ သတိရလို့ မင်းသန့် လျှောက်ကြည့်တယ် ။ သူ့ ခြေထောက်တစ်ဖက်က ထောက်မရ ။ သူ့ဇနီး ညိုထွေးက လူ ၂ ယောက် ၊ ၃ ယောက် ထပ်နေတဲ့ ကြားမှ သွေးများက ရဲလျက် ။ တရွတ်ဆွဲ သွားပြီး သူ့ဇနီးပေါ် ပိနေသော ဒဏ်ရာရသူများကို ရှိသမျှ အားနှင့် ဆွဲဖယ်ချပြီး ရင်ဘတ်ကို ဖိကြည့်မိတယ် ။ အသက် ရှူနေသေးတာ သိရတယ် ။ ပွန်းပဲ့ရှနာများက အတော်များနေပြီး တခြားဒဏ်ရာရသူများ သွေးကြောင့် ညိုထွေး တစ်ကိုယ်လုံး သွေးများ ပေကျံနေတယ် ။ မကြာမီ ညိုထွေး သတိရလာတယ် ။ အခြေအနေက ကူညီ ကယ်တင်မည့်သူများကိုသာ စောင့်မျှော်နေရရုံမှ တစ်ပါး အခြား မရှိတော့ ။ ဘဝရှေ့ရေးလေး တိုးတက်အောင်မြင်ကြီးပွားချင်တဲ့ ဆန္ဒနဲ့ စွန့်စားထွက်မိလာမှ ကံတရားက မျက်နှာသာ မပေး ။ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ ဆိုတာလို ဖြစ်နေပါတော့တယ် ။
••••• ••••• •••••
၃ ။
သူတို့လင်မယား နှစ်ယောက် တိုးတက် ကြီးပွားချမ်းသာချင်စိတ်နဲ့ ဖားကန့်ကို စွန့် စားတက်လာကြတယ် ။ ကြားဖူးနားဝ စကားတွေနဲ့ လေထဲတိုက်အိမ်ဆောက်ပြီး ဖားကန့် ကို ရောက်ခဲ့ကြတယ် ။ တကယ် လက်တွေ့ ဘဝမှာတော့ ငွေရင်းငွေနှီးနဲ့ မလုပ်နိုင်ဘဲ ခန္ဓာကိုယ် လုပ်အားနဲ့ရင်း လုပ်ကိုင်ရသူတွေ အဖို့ မှော်ထဲလို့ အောက်ပိုင်းက လူတွေ ခေါ်တဲ့ အရပ်ဟာ ဆင်းရဲသား အောက်ခြေ လူတန်းစားတွေအတွက် လုံခြုံစိတ်ချရမှု မရှိတဲ့ နေရာဖြစ်တယ် ။ ဒါ့ပြင် အလွယ်တကူ အသက်ဆုံးရှုံးနိုင်တဲ့ နေရာဆိုတာ သူတို့ လင်မယားနှစ်ယောက် လက်တွေ့ကျကျ သိလိုက်ရပြီ ။ စားရေးအပြင် နေရေးထိုင်ရေးဟာ ပိုခက်ခဲမှန်းလည်း သိခဲ့တယ် ။ နေဖို့ အဆင်ပြေရေးအတွက် လခကို အဓိက မထားဘဲ သူဌေးလောပန်းတစ်ယောက်ရဲ့ အိမ်မှာ ညိုထွေးက ချက်ပြုတ် ၊ အဝတ်လျှော် ၊ အိမ်အကူအဖြစ် တောင်းပန်ပြီး လုပ်ရတယ် ။ သူတို့ နေဖို့ ခြံဝင်းကြီး နောက်ဖေးထောင့် ကျကျနေရာမှာ သီးသန့်နေရာလေး ပေးပြီး တစ်ဖက်ယပ် သွပ်မိုး ၊ ထရံကာအိမ်လေးနဲ့ နေရေးအတွက် အဆင်ပြေစေခဲ့တယ် ။ ကိုမင်းသန့် ကတော့ ကြုံရာကျပန်း အလုပ်ထက် အဓိက အာရုံထားလုပ်တာက ရေမဆေးကျောက် ရှာခြင်းသာဖြစ်တယ် ။ ဒီအလုပ်က မှော်တကာ သွားရတယ် ။ သူတို့ နေတာ ဖားကန့်မြို့မှာ ဖြစ်လို့ ခင်ရာမင်ရာ အပေါင်းအသင်းမိတ်ဆွေများနဲ့ အဆင်ပြေရာ မှော် ဘက်ဆီ သွားရှာရတယ် ။ လုံးခင်း ၊ တောမှော် ၊ မှော်ဆီဗာ စတဲ့ မှော်တွေက အများသား ။ မင်းသန့်က သူနဲ့ ပေါင်းသင်းရာ မိတ်ဆွေ သူငယ်ချင်းများ အခြေချနေထိုင်ရာနဲ့ နီးတဲ့ လုပ်ကွက်တွေက စွန့်ပစ်မြေစာပုံမှာ ကျောက်ရှာတဲ့ အလုပ်ကို လုပ်တယ် ။ သူငယ်ချင်းတဲတွေမှာ တည်းခိုနေထိုင်ပြီး ရက်ပတ်နဲ့ ဇနီးဖြစ်သူ ညိုထွေးဆီ ပြန်လာလေ့ရှိတယ် ။ ကြီးပွားချမ်းသာချင်စိတ် လောဘကြောင့်သာ ရေမဆေးကျောက် ရှာခြင်းအလုပ်ကို လုပ်ခြင်းဖြစ်တယ် ။ တကယ်က အသက်အန္တရာယ် အလွန်နီးသလို ၊ နေ့စဉ် ဝင်ငွေရသော အလုပ်လည်း မဟုတ်ဘူး ။ “ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်သန်နေတာ ” ဆိုတဲ့ စကားအတိုင်း သိန်းဆယ်ချီ ရာချီတန်တဲ့ ကျောက်များ တွေ့လိုက်ရင်တော့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲ ကြီးပွားနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အသက်ကို ပဓာနမထားဘဲ စွန့်စား ရှာဖွေနေကြတယ် ။ တကယ်တော့ ရေမဆေးကျောက် ရှာသူတွေရဲ့ ဘဝဟာ သေမင်း တံခါးဝမှာ လမ်းလျှောက်နေကြသူများသာ ဖြစ်တယ် ။ သူဌေးသူကြွယ် မဖြစ်တောင် ကိုယ့်ရပ်ရွာမှာ အိမ်ပိုင် လယ်ပိုင် ယာပိုင်လေးနှင့် မိသားစုဘဝကို အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်တဲ့ ဘဝလေးတစ်ခု တည်ဆောက်ချင်တဲ့ စိတ်နဲ့ စွန့်စားလာခဲ့ရတာပါ ။ အခု ညိုထွေး ကိုယ်ဝန် အတော် ရင့်မာလာချိန်ထိ ဟုတ်လောက်အောင် ငွေကြေး မစုဆောင်းနိုင်သေး ။ မကြာတော့တဲ့ အချိန်မှာ မိသားစုတစ်ယောက် တိုးလာဦးတော့မှာမို့ မင်းသန့် အလုပ်ကို ပိုဂရုစိုက် လုပ်နေတယ် ။ သူများတွေထက် ဝီရိယပို ကြိုးစားနေတယ် ။ ညိုထွေးဆီ ပြန်မလာတာတောင် ရက်တစ်ပတ်ကျော်သွားပြီ ဖြစ်တယ် ။ ညိုထွေး သူ့ယောက်ျားကို မျှော်မိတယ် ။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ သူမ အရင်ကလောက် အလုပ်ကို မလုပ်နိုင်တော့ ။ နည်းနည်းပင်ပန်းတာနဲ့ မောပန်းနေတတ်တယ် ။ နဂိုက ညိုတဲ့အသားအရေက ပိုပြီး မွဲခြောက်ခြောက်ဖြစ်လာပြီး ပိန်လာတယ် ။ အာဟာရပြည့်ဝစွာ မစားနိုင်သလို သူများ ကိုယ်ဝန်ဆောင်သည်တွေလို အားဆေးတို့ ဘာတို့ဆိုတာ ဝေလာဝေး ။
ဖားကန့်ရဲ မိုးဟာ ဆိုင်းမဆင့် ဗုံမဆင့် သဲသဲမဲမဲပင် ရွာနေတယ် ။ မိုးသည်းသည်းထဲမှာ ခပ်ပြင်းပြင်းလေး တိုက်ခတ်လာတဲ့ လေ နှင့်အတူ ကိုမင်းသန့်ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း ကိုထွန်းနိုင် ညိုထွေးထိုင်နေရာ တစ်ဖက်ယပ်တဲလေးထဲ ရောက်လာတယ် ။
“ စိတ်ခိုင်ခိုင်ထား ညိုထွေးရေ ။ မင်းသန့်တော့ နေ့လယ်ပိုင်းလောက်က မြေစာပုံပြို ပြီး ပိတဲ့ထဲ ပါသွားပြီ ။ ဟိုကောင် ထွန်းမြနဲ့ မောင်စိုးရောပဲ ။ လူအားနဲ့ ဖော်မရသေးလို့ စက်ကြီးမောင်းသမားတွေ အကူအညီ တောင်းထားခဲ့ပြီး နင့်ဆီကို တောက်လျှောက် လာအကြောင်းကြားတာပဲ ညိုထွေး ”
ညိုထွေး ကိုထွန်းနိုင် ပြောစကားများကို မကြားတစ်ချက် ကြားတစ်ချက်နဲ့ မူးမိုက်လာတဲ့ ခေါင်းကို သတိထားရင်း နားထောင်နေရတယ် ။
မိုးဟာ အငြိုးမဲ့ ရွာနေသလို ငြိမ်သက်နေတဲ့ ပင်လယ်ပြင်တောင် မုန်တိုင်းကြောင့် လှိုင်းတို့ ထန်ချေပြီ ။ ရွှေတောင်ကြီး ပြိုခြင်း မဟုတ်ပေမယ့် တစ်ဦးတည်းသော မှီခို အားထားရာ ချပ်ခင်မြတ်နိုးတန်ဖိုးထားရတဲ့ ယောက်ျားကို လျှပ်တစ်ပြက် အခြေအနေမှာ လက်လွတ်ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ ညိုထွေး ၊ တောတောင် အထပ်ထပ်ကြားက ဒီလို နယ်မြေဒေသမှာ ကိုယ်ဝန်အရင့်အမာနဲ့ တစ်ကောင်ကြွက်ဖြစ်သွားရတဲ့ မိန်းမသား တစ်ယောက်ရဲ့ ခံစားချက်ကို စကားလုံးနဲ့ ဖော်ပြရလျှင် ပြည့်စုံမှာမဟုတ် ။
မင်းသန့် ဆုံးပြီး တစ်လအတွင်းမှာပင် ညိုထွေးရဲ့ ကျန်းမာရေးအခြေအနေက စိတ်ထောင်း ကိုယ်ကြေဖြစ်လာတယ် ။ တစ်လ ပြည့် ဆွမ်လေး ကပ်ပြီးတာနဲ့ ရွာပြန်ဖို့ ဆုံးဖြတ်ပြီး ပြန်ဖို့ ခတ်ကွင်းပြင်ရတော့တယ် ။ လောကဓံတရားဟာ အကြင်နာမဲ့စွာ ထုထောင်းရက်လှတယ်ဟု ညိုထွေး ခံစားရတယ် ။
“ တစ်ခါတစ်ရံ ဒုက္ခတို့သည် အဖော် အပေါင်းနှင့် လာတတ်သည် ” ဟူသော စကား ညိုထွေး ကြားဖူးတယ် ။ ယခု ဒီစကားဟာ သူ့အတွက်များ ဖြစ်နေရော့သလား ” လို့ စဉ်းစားမိတယ် ။ အတွေးတွေနဲ့ ချာလပတ် လည်ပြီး စိတ်နဲ့ ကိုယ်နဲ့ မကပ်သလို ဖြစ်နေတယ် ။ သတိရသလိုလို မရသလိုလိုနဲ့ စိတ် ပျံ့လွင့်နေတော့တယ် ။
••••• ••••• •••••
၄ ။
ညိုထွေး အသိစိတ်တွေ ကပ်ပြီး သတိ ကောင်းကောင်းရလာတော့ ဆေးရုံခုတင်ပေါ် ပက်လက်အနေအထား ဖြစ်နေပါပြီ ။ ခဏအကြာမှာ ဂျူတီကုတ်အဖြူလေး ဝတ်ထားတဲ့ ဆရာဝန်လေးနဲ့ သူနာပြုဆရာမလေး နှစ်ယောက် သူမ အနားရောက်လာတယ် ။
“ ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ ”
“ မညိုထွေးပါ ဆရာ ”
“ မညိုထွေး ဆေးရုံကို ဘယ်လိုရောက်လာတယ်ဆိုတာ မှတ်မိလား ၊ သတိရရဲ့လား ”
“ မသိတော့ပါဘူး ဆရာလေး ။ ရထားပေါ်မှာ ဆိုတာပဲ သတိရတော့တယ် ရှင့် ”
“ ခင်ဗျားမွေးဖွားခါနီး အခြေအနေနဲ့ ရထားပေါ်မှာ သတိလက်လွတ်ဖြစ်နေတာ ။ ဒီမြို့က ဘူတာအရောက်မှာ ခရီးသည်တွေရဲ့ အကူအညီနဲ့ မြို့ခံ ပရဟိတအဖွဲ့တွေက ခင်ဗျားကို ဆေးရုံတင်ပေးခဲ့ကြတာပဲ ။ ခင်ဗျား အတွက် လိုအပ်တဲ့ သွေးတို့ ၊ ဆေးတို့ကိုလည်း ပရဟိတအသင်းဖွဲ့တွေက လှူဒါန်းကြလို့ အဆင်ပြေသွားတယ် ။ ဘာမှ စိတ်မပူနဲ့တော့ သက်သက်သာသာ အနားယူနေပါ ”
“ ဆရာ ၊ ကျွန်မ ကလေးလေးကရောဟင် ... အသက်ရှင်ရဲ့လား ဘယ်လိုများ ”
ဆရာဝန်လေးက သူမစကားမဆုံးခင် လက်ကာပြရင်း “ ကျွန်တော် အားလုံး ပြောပြ ရှင်းပြမှာပါဗျာ ” လို့ ပြောလိုက်မှ ညိုထွေးမျက်နှာ စိုးရိမ်ပူပန်စိတ်တွေ လျော့ ကျသွားတယ် ။
“ ခင်ဗျားအတွက် အားဖြစ်စေမယ့် သားယောက်ျားလေးကို အင်္ဂါစုံလင်စွာနဲ့ မွေးဖွားခဲ့ပါတယ် မညိုထွေး ။ ခဏနေရင် ကလေးကို ဆရာမလေးတွေ ခေါ်လာပြီး ပေးတွေ့ပေးပါလိမ့်မယ် ။ ခုလောလောဆယ် အခြေအနေအရ ကလေးကို ခင်ဗျား နို့တိုက်လို့ မရသေးဘူးနော် ”
“ ကျေးဇူးတင်လိုက်တာ ဆရာလေးရယ် ရှိခိုးပါတယ် ”
ညိုထွေး ဆရာဝန်လေးကို ပြောလည်းပြော လက်အုပ်လေးလည်း ချီပြီး နဖူးပေါ်လက်တင် ကန်တော့တယ် ။ သားလေးကို နို့တိုက်ခွင့် မပြုတာကို စိတ်ထဲမှာ မကြိုက်ပေမယ့် အင်အားချည့်နဲ့ပြီး ခွဲစိတ်ပြီးစမို့ လိုအပ်လို့ ဆရာဝန်လေးက ခွင့်မပြုတာနေမှာပါလို့ပဲ ညိုထွေး ဖြေတွေးတယ် ။ ဆရာဝန်လေး တခြားလူနာတွေဆီ သွားဖို့ လှည့်ထွက်သွားပြီးမှ ညိုထွေးဆီ ပြန်လှည့်ပြီး ...
“ မညိုထွေး ကျွန်တော့်ကို တကယ် ကျေးဇူးတင်လား ”
“ တင်တာပေါ့ ဆရာလေးရယ် ။ ကျွန်မ အသက်ရော သားလေးအသက်ပါ ကယ်တင် ပေးခဲ့တာပဲလေ ”
“ အဲဒါဆို ကျွန်တော့်ပြောစကား နားထောင်လိုက်နာနော် ”
“ ဟုတ်ကဲ့ပါရှင့် ”
“ ပထမအချက်က ကလေးကို ခင်ဗျား နို့မတိုက်ရသေးဘူးနော် ”
“ ဒုတိယအချက် ခင်ဗျားလမ်းလျှောက်လို့ အဆင်ပြေတဲ့အခါကျရင် ဆေးလူမှု ဌာနက တာဝန်ရှိဆရာ ၊ ဆရာမတွေနဲ့ သွားတွေ့ရမယ်နော် ။ ဒီက ဆရာမလေးတစ်ယောက် လိုက်ပို့ပေးပါလိမ့်မယ် ”
“ ဟုတ်ကဲ့ပါရှင့် ”
သားလေး မွေးတာသာ ကိုမင်းသန့် ရှိလို့ သိရင် ဘယ်လောက်များ ဝမ်းသာလိုက် မလဲလို့ ညိုထွေး တွေးမိတယ် ။ ယောက်ျား ဖြစ်သူကိုလည်း သတိရလိုက်တယ် ။ “ လူ့ ဘဝဆိုတာ မဖြောင့်တန်းဘူး ။ မြစ်တွေလိုပဲ ကောက်ကွေ့နေတတ်တယ် ” ဆိုတဲ့ ဘကြီးထွန်းမောင်စကားကို ပြန်ကြားယောင်နေမိ တယ် ။ ဒုက္ခတိုသည် တကယ်ပင် “ အဖော် အပေါင်းနှင့် လာတတ်သည် ” ဆိုတဲ့စကားကိုတော့ သူမကိုယ်တိုင် ကြုံနေရရပြီ ။
••••• ••••• •••••
၅ ။
“ ရှင် ... ဆရာမကြီး ”
ဆေးလူမှုဌာန ဆရာမကြီး စားပွဲရှေ့မှာ ထိုင်နေတဲ့ ညိုထွေး ။ “ ရှင် ” ဆိုတဲ့ အံ့ဩ ထိတ်လန့်စွာ ရေရွတ်သံအဆုံးမှာ မူးမိုက်မေ့လဲမသွားအောင် စားပွဲစွန်းကို လက်နဲ့ ထိန်းကိုင်ထားလိုက်ရတယ် ။ လူပြောသူပြော အရပ်ပြော စကားတွေနဲ့ HIV , AIDS ရောဂါ အကြောင်း သူ ကြားဖူးနားဝ ရှိပြီးသား ။ ဒီရောဂါ စွဲပြီး ဖြစ်ပြီဆို သေမိန့်ကျပြီးသား လူလို ခံစားကြရပြီး လူရုပ်ပင် မပေါ်ကြ ။ လူတွေကလည်း လူရာသွင်းပြီး မဆက်ဆံကြတော့ ။ ဘယ်သူကမှ ပတ်သက်ဆက်ဆံမှု မပြုချင်ကြတာ သူမ ကြားဖူးနားဝရှိတယ် ။ ဒီရောဂါပိုးဟာ သူမထံ ဘယ်လို ရောက်လာသလဲ ။ ဘယ်လို ကူးစက်လာသလဲ ။ သူမ စဉ်းစားလို့ မရပေ ။ တောသူတောင်သားပီပီ လိင်မှုကိစ္စ သူမ မရှုပ်ခဲ့ ၊ မူးယစ်ဆေး ဘာညာဆိုတာ ဘာမှတောင် မသိတတ် ၊ ဘယ်လိုက ဘယ်လိုများ ဒီရောဂါပိုးက သူမ ကိုယ်ထဲ ရောက်လာပါလိမ့်လို့ စဉ်းစားတယ် ။ စဉ်းစားမရ ။
ဆရာမကြီးရဲ့ ရှင်းပြ ပြောပြသံက နားထဲ ပြန်ရောက်လာတယ် ။
“ မညိုထွေးမှာ HIV ရောဂါပိုးရှိနေပြီ ဆိုတာ ခုသိထားတော့နော် ”
“ ဟုတ်ကဲ့ပါ ဆရာမကြီးရှင့် ”
“ HIV ဗိုင်းရပ်ပိုးဟာ ခုခံအားဆဲလ်တွေကို ဖျက်ဆီးပြီး ခုခံအားဆဲလ်များရဲ့ လုပ်ငန်းဆောင်တာကို ပျက်စီးစေတဲ့ ပိုးပါ ။ လူတွေက ကုသလို့ မပျောက်ကင်းနိုင်ဘူး ဆိုတဲ့ စိတ်အစွဲနဲ့ စိတ်ဓာတ်တွေ ကျတတ်ကြ ၊ ရောဂါပိုး ရှိသူကို ခွဲခြားဆက်ဆံကြတာတွေ ရှိကြပါတယ် ။ ခေတ်မီကုထုံးတွေ ရှိနေပါပြီ ။ ခေတ်မီကုထုံးဖြစ်တဲ့ ( Antiretroviral Therapy ) ART ကုထုံးနဲ့ စနစ်တကျ ကုသမှု ခံယူပြီး ကောင်းမွန်စွာနေရင် တခြား သာမန်လူတွေလို သက်တမ်းစေ့နေနိုင်ပါတယ် ။ ဘာမှ စိုးရိမ်ကြောက်လန့် မသွားနဲ့ နော် ”
“ ဟုတ်ကဲ့ပါ ဆရာမကြီးရှင့် ။ ကျွန်မ စဉ်းစားမရတာက ဒီရောဂါပိုးက ကျွန်မခန္ဓာ ကိုယ်မှာ ဘယ်လိုများ ကူးစက်လာသလဲ ဆိုတာပါပဲရှင် ”
ညိုထွေး စိတ်ထဲ မရှင်းမလင်းဖြစ် ၊ စဉ်းစားမရတဲ့ အကြောင်းကို ဆရာမကြီးကို မေးမိတယ် ။
“ ကူးစက်နိုင်တာတွေ ကျွန်မ ပြောပြပါမယ် ။ ဗဟုသုတရအောင် မှတ်ထားနော် ။ HIV ပိုးပါတဲ့ သွေး ၊ နို့ရည် ၊ သုက်ရည်နဲ့ အမျိုးသမီးမိန်းမကိုယ်က ထွက်တဲ့ အရည်များကြောင့် ကူးစက်ခံရနိုင်ပါတယ် ”
“ ကျွန်မ ကားမှောက်တုန်းက တခြား ဒဏ်ရာရသူတွေရဲ့ သွေးတွေနဲ့တော့ ရောယှက်ပေပွခဲ့ဖူးပါတယ် ။ ကျွန်မ ဒဏ်ရာတွေထဲ အဲဒီ တခြားသူတွေရဲ့ သွေးတွေက တစ်ဆင့် ကူးစက်နိုင်တာပေါ့နော် ဆရာမကြီး ”
“ အင်း ... အဲသလိုလည်း ကူးစက်နိုင်ပါတယ် ”
“ နောက်ပြီး ကျွန်မသားလေးကိုလည်း ကျွန်မ နို့တိုက်လို့ မရတော့ဘူးပေါ့နော် ”
“ ဟုတ်ပါတယ် မညိုထွေး ”
“ သားလေးမှာရော ဒီရောဂါပိုး ပါလာနိုင်လားဟင် ”
“ ကလေးကို ၃ လ တစ်ကြိမ် သွေးစစ် ပေးနေရပါမယ် ။ ၂ နှစ်သားလောက်ထိပေါ့ ။ အဲဒီအချိန်ထိ ပိုးမတွေ့ရရင် ကလေးမှာ HIV ပိုး မရှိဘူးလို့ ပြောလို့ရပါပြီ ။ ခုလောလော ဆယ်တော့ ရှိ မရှိ အတတ် မပြောနိုင်သေးပါဘူး ”
“ ဘာပဲဖြစ်ဖြစ် သားလေးမှာ ရောဂါ ပါမလာပါစေနဲ့ ” လို့သာ ညိုထွေး ဆုတောင်းနေမိတယ် ။ သားလေးရဲ့မျက်နှာ မြင်ခွင့်ရချိန်က ပီတိနဲ့ ပြုံးခဲ့တဲ့ မျက်နှာဟာ ခဏတာ ပွင့်လန်းပြီး နေပူမိလို့ ညှိုးနွမ်းသွားရတဲ့ ပန်းပွင့်လေးတစ်ပွင့်ပမာ ၊ ခုတော့ မလန်းဆန်းတော့ ။ အားပေးစကားတွေ နားမှာ ကြားခဲ့ရပေမယ့် စိတ်ထဲမှာ မရွှင်ပျတော့ပေ ။ လူတွေက အသိပညာ အတတ်ပညာ တွေ ဘယ်လောက်သိတတ်နေနေ AIDS ရောဂါဝေဒနာရှင် ဆိုတာနဲ့ ထိတွေ့ဆက်ဆံ မပြောဆိုချင်ကြတော့ ။ လူရာ မသွင်းချင်ကြ ။ အပစ်ပယ်ခံ လူသားတစ်ယောက်ဘဝကို နေ့ချင်းညချင်း ရောက်သွားကြရတာ ညိုထွေး ကြားဖူးနားဝ ရှိပါတယ် ။ သူ ရွာ ပြန်သွားလို့ကတော့ ဘယ်သူကမှ ပြောဆို ဆက်ဆံ ဆေးဖော်ကြောဖက် လုပ်ကြတော့မှာ မဟုတ် ၊ သားလေးကိုပါ AIDS ရောဂါသည် သားဆိုပြီး လူရာသွင်းကြတော့မှာ မဟုတ်တော့ဘူးဆိုတာ တွေးမိတယ် ။ အပစ်ပယ်ခံဘဝနဲ့ သားလေးကို လူလား မမြောက်စေလိုပါ ။ ကိုယ့်ဘဝထက် သားလေးရဲ့ ဘဝ ရှေ့ရေးကို သူမ ထည့်စဉ်းစားနေရပြီ ။ ရွာ အကြောင်း ပြန်တွေးတော့ သူတို့ ဘဝလေး စတင်တည်ဆောက်ရာ လယ်စောင့်တဲလေးနဲ့ မြစ်ကျိုးအင်းလေးကို ပြန်လည်တမ်းတ သတိရနေမိတယ် ။ ခုလိုချိန်ဆို မြစ်ကျိုးအင်းလေးထဲမှာ မိုးရေတွေနဲ့ ပြည့်လျှံနေ လောက်ပြီလို့ တွေးမိလိုက်ပါတော့တယ် ။
••••• ••••• •••••
၆ ။
မိုးနဲ့ အကျိုးပေးတဲ့ ညိုထွေးတစ်ယောက် မိုးသည်းသည်းထဲမှာပဲ တောင်ပေါ် မြို့လေးတစ်မြို့ရဲ့ HIV , AIDS လူနာတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ ( ____ ရင်ခွင် ) ဂေဟာကို ဆရာဝန်လေးရဲ့ ဆက်သွယ်ပေးမှု ၊ ကူညီမှုနဲ့ ရောက်ခဲ့ရတယ် ။ ဂေဟာကို တာဝန်ယူ စောင့်ရှောက်ပေးနေသူ ဆရာမလေး အမည်က နန်းစုလှိုင် တဲ့ ။ သူမထက် အသက် နည်းနည်းလောက်တော့ ကြီးမယ့်ပုံပါ ။ ဆရာမလေးက သဘောလည်း ကောင်း ၊ စေတနာလည်း ကောင်းတယ် ။ သူမအတွက် ( ART ) ဆေး ရရှိဖို့ ကူးစက်ရောဂါဌာနတွေမှာ ကိုယ်တိုင် လိုက်လံဆောင်ရွက်ပေးသလို သားလေးကိုလည်း သူ့သားလေးတစ်ဦးပမာ ပြုစုစောင့်ရှောက်ပေးတယ် ။ သူမ အတွက်တော့ သားရွှေအိုး ထမ်းလာတာ မြင်ရတဲ့ အဖြစ်မို့ ကျေနပ်နေမိတယ် ။ ဆရာမလေး အပေါ်မှာလည်း ချစ်ခင်ယုံကြည် အားကိုးမိပါတယ် ။ အချိန်ကြာလာတာနဲ့အမျှ ဆရာမလေးနဲ့ သားလေးရဲ့ သံယောဇဉ်အမျှင်တန်း ကိုပါ မြင်တွေ့ရတော့ သူမ ကျေနပ်တယ် ။ သားလေးကို ဆရာမလေးထံ ဖြစ်နိုင်ရင် အပြီးအပိုင် အပ်ထားခဲ့ချင်တယ် ။ ဒါကြောင့်လည်း သားလေးရဲ့နာမည်ကို လှိုင်မင်းသန့် လို့ သူမ ပေးထားခဲ့တယ် ။ သားလေး ရှေ့ရေး သာယာလှပတင့်တယ်စေချင်တဲ့ ဆန္ဒ သူ့မှာ ရှိတယ် ။ မိခင်တစ်ယောက်ရဲ့ မေတ္တာဟာ ဘယ်အရာနဲ့မှ နှိုင်းမရဘူးဆိုတာ မိခင် ဖြစ်လာတဲ့ သူမ သိနေတယ် ။ သူ့လို ရောဂါသည်ရဲ့သားဘဝနဲ့ လူ့လောကမှာ သားကို မျက်နှာ မငယ်စေချင်သလို ၊ သားကို လူရာဝင် ပညာတတ်တစ်ယောက် ဖြစ်စေချင်တဲ့ ဆန္ဒ သူမမှာ ရှိတယ် ။ ညိုထွေး သူမ ဘဝ ၊ သူမ ရောဂါ အခြေအနေကို သိတယ် ။ ဒါကြောင့်လည်း ဆရာမလေးနှင့် စကားပြော ဖြစ်တိုင်း သားလေးကို စောင့်ရှောက်ပေးဖို့ တဖွဖွ ပြောဖြစ်တယ် ။
မိုးတွေ သဲသဲမဲမဲ ရွာပြီဆိုတိုင်း သူမတို့ ဘဝ စတင်ခဲ့ရာ လယ်စောင့်တဲလေးနဲ့ မြစ်ကျိုးအင်းလေးအကြောင်းကို မကြာခဏ ပြောပြရတာ မမောနိုင် ၊ မပန်းနိုင် ၊ သူ့ ယောက်ျားကို သတိရလို့ သူတို့ဘဝအကြောင်း ပြန်ပြောလည်း မြစ်ကျိုးအင်းလေးအကြောင်း ပါသလို သူ့သားလေးဟာ မြစ်ကျိုးအင်းဘဝနဲ့ တူနေလို့ပါ ဆရာမလို့ သူမ ပြောပြတတ်တယ် ။
လူ့ဘဝဟာ မြစ်များသဖွယ် ကောက်ကွေ့တတ်တယ်ဆိုတာဟာ သဘာဝကျတယ် ဆိုရပေမယ့် သဘာဝသည်ပင် တစ်ခါတစ်ရံ ပြောင်းလဲ ဖောက်ပြန်နေတတ်တော့ ချိန်ခါမဟုတ် မိုးရွာလာတတ်ပြန်တယ် ။ ယခုလည်း မိုးသားများ မည်းမှောင်လိပ်တက်လာ တယ် ။
ညိုထွေးရဲ့ နောက်ကြောင်းပြန် ဇာတ်လမ်းတွေ အပ်ကြောင်းထပ် ပြန်ပြောဦးတော့မယ် ထင်တယ် ။ မိုးရွာခြင်းနဲ့ သူမဘဝ အဆက်အစပ်များစွာ ရှိနေတတ်သည်လေ ။
••••• ••••• •••••
၇ ။
အချိန်ခါမဟုတ် မနက်စောပိုင်းမှာပဲ အနောက်တောင်ဘက်ဆီက လိပ်တက်လာတဲ့ မိုးသားမည်းမည်းတွေ မြင်တော့ မကြာခင် မိုးရွာတော့မယ် ။ ဒါကြောင့် ဆေးရုံကို ဂျူတီဝင်သွားရတော့မယ့် သားဆရာဝန်လေးကို လှမ်းအော်ပြောလိုက်တယ် ။
“ သား လှိုင်မင်းသန့်ရေ - မိုးကာအင်္ကျီ ဝတ်သွားနော် ။ မကြာခင် မိုးရွာလိမ့်မယ် ထင်တယ် ”
“ ဟုတ်ကဲ့ မေမေ “
ဒေါ်နန်းစုလှိုင်ဟာ ဆိုင်ကယ် မောင်း ထွက်သွားတဲ့ သားလေး လှိုင်မင်းသန့် ကို ကြည့်ရင်း မိုးတွေ ရွာတိုင်း သူ့အကြောင်းလေးတွေ ပြောပြတတ်တဲ့ ညိုထွေးကို သတိရလာတယ် ။ မြစ်ကျိုးအင်းနဲ့တူတဲ့ သားလေးလို့ ညိုထွေး ပြောတတ်တဲ့ သားလေးဘဝဟာ ( ____ ဂေဟာ ) ရဲ့ မေတ္တာမိုးတွေ နဲ့ ပြည့်လျှံစိုပြည်လို့ နေပြီဆိုတာ တမလွန်က ညိုထွေးကို သိစေချင်လိုက်တာ ။ မြန်မာ ပြည် တစ်နံတစ်လျားက မြစ်ကျိုးအင်းလေးတွေ အမြဲတမ်း ရေတွေနဲ့ ပြည့်လျှံစိုပြည်နိုင်ကြပါစေလို့လည်း ဒေါ်နန်းစုလှိုင် ဆုတောင်းမိတယ် ။
ခုလည်း “ မိုးတွေ ရွာနေပြီ ညိုရေ ... ” လို့သာ စိတ်ထဲမှာပြောနေမိတော့တယ် ။ ။
⎕ မေသန့်နိုင်
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
ဇွန် ၊ ၂၀၁၈
No comments:
Post a Comment