Monday, July 13, 2026

မေ့ပါနိုင်

❝ မေ့ပါနိုင် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

နေခြည်သည် စူးရှလာပေပြီ ။ ပူပြင်းသော နေရောင်ခြည်အောက်တွင် စပါးပြင်ကြီးမှာ ရွှေဒင်္ဂါးအဝိုင်းကြီးနှင့် တူနေသည် ။ အမှန်မှာလည်း ရွှေခဲကြီးပင် မဟုတ်ပါလား ။

ကိုဆေးရိုး၏ ထွန်ခြစ်ဖြင့် ခြစ်သံသည် ညင်သာစွာ ထွက်ပေါ်နေ၏ ။ အသွားခြောက်ခု ပါသော ထွန်ခြစ်မှ အသွားရာကလေးများသည် ရွှေဒင်္ဂါးအပြားကြီး ပေါ်တွင် စောင်းရွဲ့သော အကြောင်းတိုလေးများ ဖြစ်ပေါ်နေစေသည် ။ ထွန်ခြစ်အသွားကြားတွင် ငြိပါလာသော စပါးရိုး ၊ စပါးရွက် ၊ အကြေးခွံနှင့် အမှော်များကို အပုံငယ်ကလေးများအဖြစ် စုပုံ၍ ထား၏ ။

မချောစိန်က အပုံငယ်ကလေးများကို ဆန်ခါကျဲဖြင့် ချပစ်ကာ တင်ကျန်နေခဲ့သော အမှော်များကို တောင်းတစ်လုံးထဲသို့ သွန်ထည့်ပစ်၏ ။ ကိုဆေးရိုးမှာ ရွာထဲမှ တလင်းထဲသို့ ဝင်လာသော လမ်းဆီသို့ လည်တဆန့်ဆန့်ဖြင့် မျှော်ကြည့်နေ၏ ။

“ ဘညိန်းတော့ နေပူနေပြီ အဖေရေ့ ”

ချောစိန်က သူ့အဖေကို မော့ကြည့်ကာ ပြောလိုက်၏ ။ ကိုဆေးရိုး ကတော့ အင်းမလုပ် အဲမလုပ်နှင့် ထွန်ခြစ်ကိုသာ မဲပြီး ဆွဲနေသည် ။ လူက တောင်မှ မြောက်သို့ ဦးလှည့်ပြီး ဘေးတိုက် ယှဉ်စပ်နေသော အကြောင်းတိုကလေးများကို ဘေးတိုက်ဆွဲသွားရာ စပါးပြန့်၏ မြောက်ဘက်အနားသို့ ရောက်သွားသဖြင့် ၊ တောင်ဘက်သို့ ပြန်လှည့်ပြီး မူလအကြောင်းကလေးများနှင့် ဆန့်ကျင်သည့် အကြောင်းတိုကလေးများကို ဆွဲခြစ်လာပြန်သည် ။ ထွန်ခြစ် အသွားကလေးတွေ စူးနစ်သွားခိုက်တွင် ခပ်ဆတ်ဆတ်ကလေး ဆွဲလိုက်ပါက စပါးစေ့ကလေးများသည် စုခဲပြီး ပါလာသည် ။

“ ခေါင်းဆောင်းစရာလည်း ယူမသွားဘူး ”

ချောစိန်က ထပ်ပြီး မြည်တွန်လိုက်ပြန်၏ ။ စပါးပြန့်ပေါ်တွင် ထွန်ခြစ်ရာကလေးများက အချိတ်ကြောင်းကလေးများသဖွယ် လှပညီညာစွာ ထင်နေသည် ။ ကိုဆေးရိုးက အရှေ့မှ အနောက်သို့ ဦးတည်ပြီး ခပ်သွက်သွက်ကလေး ဆွဲနေပြန်၏ ။ ရွှေဝါစေ့ ကလေးများ၏ ကြားမှ အမှုန်ကလေးများသည် မြူးလွန့် ထွက်ပေါ်လာလေ၏ ။ အနီးအနားရှိ အားလုံးသော တလင်းများမှာ ငြိမ်ချက်သား ကောင်းနေကြသည် ။ အနီးသို့ တိုးကပ်သွားမှသာ ထွန်ခြစ်သံသဲ့သဲ့ကို ကြားရနိုင်သည် ။

“ မပြီးကြသေးဘူးလား ”

မကျီးဒန်က ရွာထဲမှ လာသော လမ်းကလေးအတိုင်း ခပ်သုတ်သုတ် လျှောက်လာသည် ။ လူမရောက်သေးသော်လည်း အသံက အလျင် ရောက်လာသဖြင့် မော့ကြည့်ကြ၏ ။ မကျီးဒန်မှာ ပုဆိုးစုတ်ကလေးကို ခေါင်းပေါ်တင်လျက် ပြောင်းဖူးဖက် ဆေး ပေါ့လိပ်ကြီး အငေါ့သားဖြင့် သရက်ပင်အောက်ရှိ ကွပ်ပျစ်ပေါ်သို့ ထိုင်ချလိုက်၏ ။

“ ကဲ နေပူလိမ့်မယ် ၊ မြန်မြန်လုပ်ကြပါ ”

“ ဘာဖြစ်လို့ လောလာရတာလဲဟ ”

ကိုဆေးရိုးက ပြန်ပြီး မာန်လိုက်သည် ။

“ နေပူမှ ကောက်ပြန့်ရရင် တော်က အရင် ရှုံ့နေမှာ ”

မကျီးဒန်က ခေါင်းခါခါ လည်ခါခါဖြင့် ပြန်ပြီး ပြောလိုက်ပြန်ရာက

“ ဘာတွေများ လုပ်နေရလို့ ဒါလောက် နေမြင့်ကြရတာလဲတော် ”

“ ဟ … နင့်သားက ဘာတွေ လုပ်တတ်လို့ ဘာတွေ လုပ်ရမှာလဲဟ ၊ သူများ ပြောတာကို ထိုင်ပြီး နားထောင်ရမှာပေါ့ ။ တန်းစီပြီး လှည့်တဲ့ အခါကျတော့လည်း သူများ အအော်ခိုင်းတာတွေ လျှောက်အော်ပြီး ပြန်နိုင်ပါပြီ ဆိုမှ ပြန်လာမှာပေါ့ ”

“ ဩ ... ”

မကျီးဒန်က တအံ့တအော မော့ကြည့်သည် ။ လင်း ကတည်းက လူစုလူဝေးဖြင့် မြို့ပေါ်သို့ အခမ်းအနား တက်ရန် ထွက်သွားကြသော သူတို့ရွာမှ လူများထဲတွင် သူ့သား ဘညိန်းလည်း လိုက်ပါသွား၏ ။ ဒါလောက် တကူးတကဖြင့် တပင်တပန်း တက်ရောက်ရသည့် လုပ်ငန်းတွင် နားလည်သင့်သလောက်တော့ နားလည်တန်ကောင်း၏ ။ သိသင့်သလောက်တော့ သိကောင်း၏ ဟူ၍ ထင်မှတ်ထားသည် ။ သို့ရာတွင် ယခုမှ ကိုဆေးရိုး၏ ပြောစကားကြောင့် ပါးစပ်ကို ဟနေမိ၏ ။

“ ဒါဖြင့် အရင်နှစ်တွေတုန်းက တော် သွားတုန်းကကော ဒီလိုပဲလား ”

“ အေးပေါ့ဟ ”

“ ဟောတော် ”

မကျီးဒန်၏ အံ့သြမှုက ယခုမှ ပိုလွန်လာသည် ။ ကလေးက နားမလည်ဆိုခြင်းကို ခွင့်လွှတ်နိုင်ကောင်းသေးသော်လည်း လူကြီးကပါ ဘာမျှ မသိကြောင်း ဝန်ခံလာပြန်သောအခါ ကသိကအောက် ဖြစ်သွားသည် ။ သူ၏ ကသိကအောက်က အော်ပြီးရယ်ချင် သလိုလို ၊ ဟစ်ပြီး ငိုလိုက်ရမလိုကြီး ဖြစ်ပါ၏ ။

“ ဘာတွေများ ပြောပြီး ဘာတွေ အော်ရတာလဲ ၊ နည်းနည်းပါးပါးမှ မမှတ်မိတော့ဘူးလား ”

မကျီးဒန်က အမှော်ဆွဲပြီးသွားသဖြင့် ကောက်လှိုင်းပြန့်ရန်အတွက် နေရာမှ ထသွားသည် ။ သိလိုဇောက အမျှင်မပြတ်တတ်သေးသောကြောင့် ထပ်ဆင့် မေးမိပြန်၏ ။ ကိုဆေးရိုးက သျှောင်ကို အုပ်ထားသော ခေါင်းပေါင်းကို ပြင်ပတ်လိုက်ပြီး ကောက်လှိုင်းဆိုင် ပေါ်သို့ တက်လိုက်သည် ။

“ မမှတ်မိတော့ပါဘူးဟာ ၊ အင်္ဂလိပ်ပြေးတာ ၊ ဂျပန်ပြေးပြီး အင်္ဂလိပ်တက်လာတာတို့ ဘာတို့လည်း ပါသဟ ။ ဗိုလ်ချုပ်တို့ သေတာလည်း ပါတယ် ၊ လယ်မြေဝေခြမ်းရေး ဆိုတာလည်း ပါတာပဲဟ ။ အဲဒါတွေကို ဘိုင်စကုပ်ရုံထဲမှာ ထိုင်နားထောင်ပြီး မြို့ထဲလှည့် အော်ရတာပဲ ”

“ ဘာတွေ အော်တာလဲ ပြောပြစမ်းပါ ”

“ မမှတ်မိပါဘူးဆိုမှ ဟာ ”

ကိုဆေးရိုးက သူ၏ ညံ့ဖျင်းချက်ကို ဒေါသဖြင့် ဖုံးကွယ်လိုက်ကာ အော်ပစ်လိုက်၏ ။ မကျီးဒန်က မျက်ခွံများ ရှေ့မှေးသွားအောင် ပြုံးနေသည် ။ ကိုဆေးရိုးမှာ မကျီးဒန်ကို စောင်းကြည့်လိုက်ပြီး “ လျှာရှည်လိုက်တဲ့ မိန်းမနှယ်ဗျာ ” ဟု မြည်တွန်ရင်းက ကောက်လှိုင်း တစ်စည်းကို မြေပေါ်သို့ ပစ်ချလိုက်လေ၏ ။ ရွှေဝါစေ့ကလေးများသည် မြေမာပေါ်ဝယ် ကြွေကျစဉ် ပြန့်သွားကြသည် ။

ချောစိန်က ကောက်လှိုင်းသုံးစည်းကို ပူးပြီး ကြိုးဖြင့် ချည်နှောင်လိုက်၏ ။ မကျီးဒန် ကလည်း ကောက်လှိုင်းသုံးလှိုင်းကို ကြိုးဖြင့် စုချည်ကာ ကောက်လှိုင်း တစ်ခုကို စပါးပြန့်၏ ဗဟိုတွင် ချထားပြီး အခြား ကောက်လှိုင်းပူးတစ်ခုကို စပါးပြန့်၏ အစပ်တွင် ချထားလိုက်သည် ။ ကောက်လှိုင်းပူး နှစ်ခုပေါ်ကို ဝါးလုံး တစ်ခု တင်ထားကာ ဝါးကို မှီပြီး ကောက်လှိုင်းများကို မှေးမှီထား၏ ။ ပြီးလျှင် ကောက်လှိုင်းကို စည်းထားသည့် ဘွဲ့စကို တံစဉ်ဖြင့် ဆွဲဖြတ်ကာ ဘွဲ့မှ စပါးနှံများကို အပေါ်သို့ ဆွဲတင်ထားလိုက်သည် ။

“ နှစ်လှိုင်းလောက် လျှော့လိုက်ဦးဟေ့ ၊ အခုနေ အတိုင်းဆိုရင် ကြီးနေပြီ ”

ကိုဆေးရိုးက အော်ပြောလိုက်ရာ မကျီးဒန်က အစွန်မှ ကောက်လှိုင်းနှစ်လှိုင်းကို အလှိုင်းမပျက်စေဘဲ မ ယူကာ အတွင်းဘက်သို့ နေရာပြောင်းလိုက်သည် ။

“ မိန်းကလေးရေ … ကျပ်ကျပ်ကလေးချနော် ”

“ ဟုတ်ကဲ့ ”

“ အေး … မကျပ်ရင်တော့ နွားတွေ ကျွံကျွံနေတာနဲ့ပဲ ခရီးတွင်မှာ မဟုတ်ဘူး ”

ချောစိန်မှာ ကိုဆေးရိုး ပစ်ချလိုက်သော ကောက်လှိုင်းများကို လက်နှစ်ဖက်ဖြင့် ရသလောက် မိသလောက် ဆွဲယူလာကာ အနှံကို အပေါ်မှ ထားပြီး ထောင်လိုက်သည် ။ မကျီးဒန်မှာ ချောစိန် ချသွားသော ကောက်လှိုင်းများကို နေရာတကျ ဖိသိပ်ပေးပြီးလျှင် တံစဉ်ဖြင့် ဆွဲချိတ်ဖြတ်ပြီး အနှံကို မ တင်လိုက်၏ ။

သည်ကောက်ပြန့်နည်းကို ‘ ဗွေပြန့် ’ ပြန့်နည်းဟု ခေါ်လေသည် ။ ကြိုးဖြင့် စုစည်းထားသော ကောက်လှိုင်းပူး နှစ်စုအနက် စပါးပြန့်ဗဟိုမှ ကောက်လှိုင်းပူးသည် ကောက်ပြန့်၏ ဗဟိုလည်းဖြစ်သည် ။ ဝါးလုံးတန်းကို မှီပြီး နောက်ဆုတ် ဝိုင်းချလာရာ ကောက်ပြန့် အဝိုင်းကြီး ဖြစ်သွားသော အခါတွင် စောစောတုန်းက ရှေ့က နေခဲ့သော ဝါးလုံးသည် လူ၏ နောက်သို့ ရောက်နေလေ၏ ။ အနှံကို အပေါ် ထောင်ထားသဖြင့် မြန်မြန် ဖြူလွယ်သည် ။

သို့ရာတွင် ကျွမ်းနေသော ကောက်လှိုင်းများအတွက် ဆိုလျှင် သည်ပြန့်နည်းက စပါးရိုး ခါးကျိုးတွေ ပြည့်နှက်နေသည့် အမှော်များ ဖြစ်ပေါ်လာစေ၏ ။ သို့ကြောင့် အုံးလှိုင်းခံပြီး ပြန့်သောနည်းကို အသုံးများကြလေသည် ။ အုံးလှိုင်းမှာ စပါးပြန့်၏ အစပ်တွင် မူသေထားသော ကောက်လှိုင်း ဆယ်လှိုင်းခန့်ကို အုံးလှိုင်းဟု ခေါ်၏ ။ အုံးလှိုင်းပေါ်မှ နယ်မည့် အလှိုင်းများကို မေးတင် လှည့်ပြန့်ခြင်းပင်ဖြစ်သည် ။ ကောက်ပေါက်သည့်အခါတွင် အုံးလှိုင်းကို ချန်ထားခဲ့ရ၏ ။

“ အမေရေ ... ”

“ ဟေ ... ”

မကျီးဒန်က ကပျာကယာ ပြန်၍ထူးလိုက်သည် ။ စိတ်တထင့်ထင့်ဖြင့်ပင် တင်းနေသော နောက်ဆံ ယခုမှ ပြေလျော့သွား၏ ။ ခါးကိုမတ်ပြီး လည်ပြန် လှည့်ကြည့်လိုက်သောအခါ ပြုံးဖြီးဖြီးကြီး လျှောက်လာသော ဘညိန်းကို မြင်ရသည် ။

“ နေမြင့်လှချည်လား လူလေးရယ် ... ”

မကျီးဒန်က ခေါင်းပေါင်းထားသော လုံချည်ကို ဖြုတ်ပြီး ချွေးသုတ်လိုက်၏ ။ သရက်ပင်ရိပ်ရှိ ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ဘညိန်း၏ လက်ထဲမှ သတင်းစာ အဟောင်းများကို ငုံ့ကြည့်လိုက်သည် ။ ကိုဆေးရိုးကလည်း ချွေးသုတ်ရင်း ရောက်လာ၏ ။

“ လူတွေ သိပ်စည်တာပဲ အမေရ .. ”

“ ဘာတွေများ ပြောလိုက်လဲ ”

မကျီးဒန်မှာ စောစောက မကျေမနပ်ဖြင့် ဖြတ်ထားရသော သိလိုဇောကို ထပ်ဆင့် နှိုးဖွင့်လိုက်ပြန်သည် ။

“ စုံလို့ပါပဲ အမေရာ ၊ ရှမ်းပြည်နယ်မှာ တရုတ်တွေကို တိုက်နေတဲ့ အကြောင်းလည်း ပါတယ် ၊ သူပုန်တွေ အကြောင်းလည်း ပြောတာပဲအမေရ ”

“ အေး ... ”

မကျီးဒန်က ဘညိန်း၏ ပြောပြချက်ကို ကျေနပ်စွာ နားထောင်ရာက “ ကဲ ဘယ့်နှယ်လဲ ” ဟူသော သဘောဖြင့် ကိုဆေးရိုးကို ခပ်ဝင့်ဝင့်ကလေး လှမ်းကြည့်လိုက်၏ ။

“ ပြီးတော့ ဆန်မရောင်းရလို့ ငွေကျပ်နေတဲ့ အတွက် ချွေတာကြရမတဲ့ အမေရ ”

“ ဟေ ... ”

ကိုဆေးရိုးက ထအော်သည် ။

“ ချွေတာရမယ် ဟုတ်လား ”

ဟု မေးလိုက်၏ ။

“ ဟုတ်တယ် ၊ သုံးနှစ်လောက် ချွေတာကြပါတဲ့ ”

“ ထမင်းတစ်နပ် စားကြဖို့ ၊ ဆားဖြူး စားဖို့နဲ့ နွားတွေကို နှမ်းဖတ် ၊ ဖွဲမပါဘဲ ကျွေးဖို့ရှိတော့တာပေါ့ ”

“ ကျုပ်တို့ကို ပြောတာ ဟုတ်မယ် မထင်ပါဘူး အဖေရာ ၊ မြို့ပေါ်က ကုန်သည်တွေ ၊ သူဌေးတွေကို ပြောတာ ဖြစ်မှာပေါ့ ”

ဘညိန်းက သူ၏ ထင်မြင်ချက်ကို ထုတ်ဖော်လိုက်ရှာသည် ။ ဟုတ်ပေ၏ ။ သူ့အမြင်နှင့် သူ့ဘဝသည် ဆီလျော်လှပါ၏ ။ စားစရာ မရှိသော အငတ်အား အချွေတာ ခိုင်းခြင်းသည် နွားချိုမှ ထွက်လာအံ့သော နို့ကို မျှော်လင့်သော လူရူး၏ မိုက်မဲခြင်းမျိုးပင် မဟုတ်ပါလား ။

“ ဒီသတင်းစာတွေက ဘယ်တုံးက ဟာတွေလဲ ”

“ မသိဘူး အဖေရ ၊ ဘုန်းကြီးက လိုချင်ရင် ယူသွား ဆိုတာနဲ့ ယူလာတာ ”

“ ဘာတွေများပါလဲ ”

မကျီးဒန်က သိချင်ဇောဖြင့် မေးလိုက်သည် ။

“ ချစ်ထွန်းရေ ... ၊ ဟေ ချစ်ထွန်းတဲ့ ... ”

ကိုဆေးရိုးက အဝေးသို့ ငေးမောရင်း ဆေးပေါ့လိပ်မီးကို အံခဲပြီး နားထောင်နေသည် ။ မကျီးဒန်နှင့် ချောစိန်က ဘညိန်း၏ မျက်နှာကို ကြည့်နေကြ၏ ။

“ ဘဝရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်စမ်းပါကွဲတဲ့ ၊ မိုးခေါင် လှသော ဝမ်းတွင်းနယ် စမုံရွာမှ ကြေကွဲဖွယ်မြင်ကွင်း တစ်ကွက်တဲ့ ”

“ အင်း ”

“ သဲတော ဝမ်းတွင်းနယ် စမုံရွာ၌တဲ့ ၊ မောင်ချစ်ထွန်း ဆိုသူသည်တဲ့ ၊ မိုးခေါင်လွန်းသောကြောင့်တဲ့ ၊ မိမိ ငရုတ်ပျိုးခင်းများကို နေ့တိုင်း ရေခပ်၍ လောင်းပေးခဲ့ရာ တစ်နေ့တွင် ရေများ လုံးဝ ခန်းသွားသဖြင့်တဲ့ ၊ နောက်တစ်ရက် အတွက် လောင်းစရာ ရေ ဘယ်တွင် ရှာရပါမည်လဲဟု စဉ်းစားတွေးတောရင်း စိတ်ညစ်ညူးစွာဖြင့် အိမ်ပြန်လာခဲ့ကြောင်း ... တဲ့ ”

“ တို့ဆီလိုပါပဲလား ”

မကျီးဒန်က မှတ်ချက်ချလိုက်သည် ။

“ အိမ်သို့ ရောက်သည်တွင်တဲ့ ၊ မမာနေသော မယားက ရေရှာပေးရန်နှင့်တဲ့ ၊ ကလေးတွေ ဆာလှ ငတ်လှပြီ ဖြစ်သောကြောင့်တဲ့ ၊ ဆန်ရှာပြီး ထမင်းချက်ရန် ပြောသောအခါတဲ့ ၊ မောင်ချစ်ထွန်းမှာ ဆန်ရော ရေပါ ဘယ်မှာမှ ရှာရမည်မဟုတ်မှန်းသိ၍ စိတ်ညစ်ညစ်နှင့် သူ့လည်ပင်းကို ဓားနှင့် လှီးတော့ကြောင်းတဲ့ ... ”

“ အို .. ကျွတ်ကျွတ် .. ဖြစ်မှဖြစ်ရလေ ”

မကျီးဒန်နှင့် ချောစိန်မှာ ရင်ကိုဖိပြီး စိတ်မသက်သာလှစွာဖြင့် ဘုရားကို တမိသည် ။ ကိုဆေးရိုးမှာကား ရီဝေစွာ ငေးမောနေမိသည် ။ ရင်တွင်းဝယ် ဆို့သွားမိ၏ ။ စမုံရွာမှ ချစ်ထွန်း၏ သတင်းက သူ၏ နောက်ကြောင်းကို တူးဖော်ပေးလိုက်သလိုရှိတော့သည် ။

“ အော် … မယ်မှုံ ၊ မယ်မှုံ… ”

သေသောသူပင် ဖြစ်လေငြားလည်း ကိုဆေးရိုးမှာ မေ့ပျောက်နိုင်ဖို့ ခက်နေရ၏ ။ တွေးမိတိုင်းပင် ရင်ထဲမှာ နာကျင်လာရသည် ။ ကြာတော့ ကြာပါပေပြီ ။ လွန်ခဲ့သော အနှစ် ၂ဝ က အဖြစ်အပျက်မှာ ပြန်လည် လှုပ်ရှားလာပြန်လေ၏ ။

မယ်မှုံမှာ ရမ်းဘိုကုန်းရွာ၏ တောင်ဘက်ရှိ အိမ်ခြေ တစ်ဆယ်ခန့်ရှိသော “ ကုတင်ကြီးစုရွာ ” မှ ဖြစ်သည် ။ မိအိုဖအိုများကို ဆင်းရဲလှစွာ ရှာဖွေကျွေးမွေး နေရရှာသော်လည်း မယ်မှုံ၏ အလှဂုဏ်သတင်းမှာ ညှိုးမှိန် မသွားပေ ။ ချောင်းအနောက်ဘက်ရှိ ရုံးပင်ရပ် ၊ ငှက်ပျောတော ၊ ရှားတောရွာများမှ ကာလသားများနှင့် သရက်ချင်နယ်မှ ကာလသားများသည် မယ်မှုံ၏ အလှနန်းမရင်းဝယ် လာရောက်ဝပ်စင်းကြရသည် ။

အလှတွင် တင့်တယ်ချောမောသည်သာ မဟုတ် ၊ နှုတ်ပြောချိုသာခြင်းနှင့် စိတ်သဘောထားနူးညံ့ ယဉ်ကျေးခြင်းကြောင့်လည်း ရွာနီးချုပ်စပ်ရှိ လူကြီးသူမများကပါ ချစ်ခင်ကြ သနားကြလေသည် ။

ကိုဆေးရိုး မှာလည်း မယ်မှုံ ဟူသော ပန်းမြတ်မဉ္ဇူကို ချူချင်ယူဆင်လိုဇောဖြင့် ချဉ်းကပ်ရစ်ဝဲမိရာက မယ်မှုံ၏ မေတ္တာပန်းကို ဆွတ်လှမ်းခွင့် ရရှိသွားလေ၏ ။ မယ်မှုံ၏ ထံပါးသို့ လာကြပါ၏ ။ မြေပိုင်ရှင်သားတွေ ၊ လူရည်တတ်သားတွေ ။ သို့သော် မယ်မှုံမှာ ဒါ တွေကို မမက်ဝံ့ ။ မတိမ်းညွှတ်ရဲ ။ ဓနဂုဏ် ဖုံးခြယ် ဆင်သထားသောကြောင့် ရည်မွန်သန်ပြန့်နေသော်လည်း သူတို့၏ အတွင်းမနောသည် စင်းချောမှ ဟုတ်ပါလေစ ။

မယ်မှုံမှာ နောက်ဆုံးတွင် အတွင်းသိအစင်းသိ ဖြစ်သော ကိုဆေးရိုးကို ရွေးချယ်လိုက်မိ၏ ။ ကိုဆေးရိုးမှာ မိုးမဆုံး လေမဆုံး ပျော်တော့သည် ။ မယ်မှုံကို ထည်ဝါသိုက်မြိုက်စွာ တောင်းရမ်းယူနိုင်ရန်အတွက် ခါးဆစ်မှ မီးပွင့်လုအောင် လုပ်ကိုင်လေတော့၏ ။ သို့သော် ဗြိတိသျှ နယ်ချဲ့သမားနှင့် အရင်းရှင်တို့၏ ညှဉ်းပန်းသွေးစုပ်မှု အောက်ဝယ် အငတ်ပြဿနာကြီး ပေါ် ပေါက်လာလေတော့သည် ။ ကိုဆေးရိုးမှာ ငွေပိုငွေလျှံ ရဖို့ ဝေးစွ ၊ မငတ်အောင်ပင် မနည်း ကြံဆောင်ရတော့သည် ။

ရေများရာ မိုးလိုက်၍ ရွာသည့်နှယ် ၊ အငတ်ကပ်ကြီး ဆိုက်ပလား ဆိုမှဖြင့် ‘ သရောကြီးခိုင်းသည် ’ ဆို သော အမှောင့်ကပါ ဝင်ရောက်ပူးကပ်လာတော့၏ ။ လေးထပ်ကျောင်းဆရာတော်မှာ မနေသာတော့ဘဲ ကျောင်း၏ တောင်ဘက်ရှိ ပေပင်တောကြီးကို လှဲပြီး ပေဦးနှောက်များကို ထုတ်ကာ ပြုတ်စားစေရတော့သည် ။ မိုးလင်းပြီဆိုလျှင် လေးထပ်ကျောင်းဝိုင်း အတွင်းသို့ ပေပင်လှဲမည့် ယောက်ျားများ ၊ ပေဦးနှောက် ယူမည့်မိန်းမများ ၊ အဘိုးအဘွား ကလေးသူငယ်များပါ မကျန် စုရုံး ရောက်ရှိလာကြလေသည် ။

“ ဟဲ့ ဖယ်ကြဦးဟ ... ၊ ဪ ... ခက်တော့တာပဲ ”

ပေပင် တစ်ပင်သည် တဖျစ်ဖျစ် မြည်ကာ လဲကျသွားပြီ ဆိုလျှင် တောင်းပလုံး ကိုယ်စီနှင့် ကလေး ၊ လူကြီးများသည် စုအုံ ပြေးသွားကြရာ ပေပင်နှင့် မြေကြီးနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ဝိုင်းပိတ်မိပြီး ဖြစ်သွားတော့သည် ။

“ ကဲ ကဲ မဖယ်ဘဲနဲ့ ဘယ်လိုလုပ်ကြမှာလဲ ”

ပေလက် ၊ ပေစောင်းများကို ဓားနှင့်ခုတ် ၊ ပုဆိန်ဖြင့် ပေါက်ပစ်ပြီးမှ ပေဦးနှောက်ကို ယူလို့ ရပေသည် ။ ပေပင် တစ်ပင်လဲနေရာတွင် လုယက် ထိုးနှိုက်နေသူများသည် နောက်တစ်ပင် ယိမ်းနွဲ့ သွားသည်ကို မြင်လိုက်လျှင် လဲကျမည့် နေရာဆီသို့ ပြေးသွားကြကာ ပေသီး နုနုကလေးများ ပါလျှင် ဆွတ်ခူးပြီး အခွံခွာ စားကြလေသည် ။

“ ဟဲ့ ဟဲ့ အရမ်းမလာကြနဲ့ ”

ပေပင်လှဲသူများက အော်ဟစ် သတိပေး၏ ။ ပေပင်ကြီးမှာ အနောက်ဘက်သို့ ယိုင်သွားပြီးခါမှ အောက်မှ ခုနေသော သပ်ကြောင့် မြောက်ဘက်သို့ ယိမ်းထိုးလာသည် ။ တောင်းကလေးတွေ ကိုယ်စီနှင့် ပြေးလာသူများမှာ ဘေးသို့ ရှောင်သူက ရှောင် ၊ မြောက်ဘက်သို့ ပြေးသူက ပြေး ၊ ယောက်ယက်ခတ် သွားစဉ်မှာပင် နောက်ဆုံးမှ မယ်မှုံ၏ ကိုယ်ပေါ်သို့ ပေပင်ကြီးက လဲကျသွားရာ “ ဟယ် ... ” ဟူသော တစ်ခဲနက် အော်သံကြီးနှင့်အတူ သွေးပန်းများ ဖြာထွက်သွားလေ၏ ။

“ အမယ်လေး … မယ်မှုံရဲ့ ၊ ဖြစ်ရလေခြင်း ဟဲ့ ... ” 

ကိုဆေးရိုးမှာ မရှက်နိုင် မကြောက်နိုင်တော့ပါ ။ မျက်နှာကို လက်ဝါးဖြင့် အုပ်လျက် သည်းအူပြတ်မျှ ဟစ်အော် ငိုကြွေးလိုက်တော့သည် ။ အဖြစ်ဆိုးလှသော မယ်မှုံ၏ ရုပ်ကြွင်းကို မည်သူမျှ ရဲရဲ မကြည့်ဝံကြ ။ ခေါင်းကလေးမှ တစ်ပါး တစ်ကိုယ်လုံးမှာ ကြေမှုန့်နေတော့၏ ။ လူတိုင်းမှာ ဆို့နင့်နေကြသည် ။ လုယက် ယူငင်ရမှန်းလည်း မသိကြတော့ ။ မျက်ရည်ပေါက်ကြီးများသည် သွေးဖြင့် ကျံထားသော မြေပြင်ပေါ်သို့ ကျလာသည် ။

“ မယ်မှုံရေ ... မယ်မှုံရဲ့… ”

ကိုဆေးရိုး၏ သည်းကြွေလှိုက်လှဲ မစဲနိုင်တော့သော ငိုကြွေးသံသည် ယခုထက်တိုင် တင်ကျန်ရစ်ခဲ့၏ ။ ပစ္စုပ္ပန်မှ အသည်းနာစဖွယ် ဇာတ်လမ်းက အတိတ်မှ ငိုရှိုက်ခဲ့ရသော ဘဝကို ပြန်လည်တူးဖော် ပေးအပ်လာသည် ။ ကိုဆေးရိုးမှာ လေးနင်နေသည် ။ ရင်ထဲမှ တလှပ်လှပ် ဖြစ်ကာ ဝေမှိုင်းနေတော့၏ ။

“ တို့လည်း မင်းနဲ့ မခြားပါဘူး ၊ ကြံ့ခံရတာပေါ့ ။ မင်းနှယ် စိတ်ပျော့တဲ့ အကောင်ပဲ ၊ ဒါလောက်ကလေးမှ မခံနိုင်ဘူးလား စသည်ဖြင့် ဝိုင်းဝန်း၍ ဘဝကို ရဲရဲကြီး ရင်အဆိုင်ခိုင်းကြကြောင်း တဲ့ ”

ဘညိန်းက သတင်းစာကို ဆက်လက် ဖတ်ပြနေဆဲပင် ရှိသေးသည် ။ ကိုဆေးရိုးမှာ ဆို့တက်လာသော အလုံးကြီးကို မျိုချလိုက်ပြီးနောက် ရစ်ဝဲလာသော မျက်ရည်များကို မကျီးဒန်တို့ မမြင်နိုင်စေရန် တစ်ဖက်သို့ လှည့်လိုက်ရရှာလေသတည်း ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment