❝ အစွန်းတစ်ဖက်တွင် ရပ်မိသူ ❞
( မိုးဟန်ဂျွန် )
၁ ။
ဇူလိုင်မိုးသည် ကျူရှင် ဆင်းခါမှ ရုတ်တရက် ဖြန်းခနဲ သည်းထန်စွာ ရွာသွန်း လိုက်၏ ။ ညကိုးနာရီ ကျူရှင်ဆင်းချိန်တွင် ရွာသွန်းခြင်းဖြစ်၍ သူ တော်တော်လေး စိတ်ပျက်မိပါသည် ။ သည်ပုံစံအတိုင်း ဆိုလျှင် ဦးစံပီး သူ့ကို လာကြိုနိုင်မည် မဟုတ် ။ တစ်ဖက်လမ်းတွင် ရှိသော အန်တီဒေစီတို့ အိမ် သွားအိပ်ရတော့မည် ။ အမေက သူ့ကို မှာထားသည် ။ ညဘက် ကျူရှင်ဆင်းချိန် မိုးရွာလျှင် ဦးစံပီးအား အကြိုမလွှတ်ခိုင်းတော့ဘဲ အန်တီဒေစီတို့ အိမ်တွင်သာ အိပ်ရန် မှာထား၏ ။
“ တီ .... တီ ... တီ ... ”
ကျောပိုးအိတ်ထဲမှ တယ်လီဖုန်းသံ မြည်လာ၍ ထုတ်ယူကြည့်တော့ အမေ့ဆီမှ ဖြစ်၏ ။ သူ ထင်သည့် အတိုင်းပါပဲ ။
“ သားရေ ဦးစံပီးကို အမေ မလွှတ်တော့ဘူးနော် ၊ အန်တီဒေစီတို့ အိမ်မှာပဲ သွားအိပ်လိုက် ၊ အမေ ဖုန်းဆက်ထားတယ် ”
အမေနှင့် စကားပြောပြီးနောက် ဖုန်းလေးအား ကျောပိုးအိတ်ထဲသို့ ပြန်ထည့်လိုက်သည် ။ ဆယ်တန်းကျောင်းသား တစ်ယောက် တယ်လီဖုန်း မကိုင်သင့်မှန်း သိပေမဲ့ အမေက သူ ကျူရှင်သွားသည့်အချိန်တိုင်း ထို ခလုတ်နှိပ် နိုကီရာ ဖုန်းလေး အား ကျောပိုးအိတ်ထဲသို့ ထည့်ပေးလိုက်တတ်သည် ။ အရေးအကြောင်း ရှိလျှင် အိမ်သို့ ဖုန်းလှမ်းဆက်၍ ရအောင် ဟူ၍ ဖြစ်၏ ။ အမေ ပြောတာလည်း မှန်ပါသည် ။ တစ်ခါတစ်ရံ ကျူရှင်သို့ ဆရာ မလာသည့် အခါမျိုး ဒါမှမဟုတ် အချိန်ပို ဆက်သင်နေသည့် အခါမျိုးတွေ ဆိုလျှင် အကြိုအပို့ ကသီမည် စိုး၍ ဖုန်းလှမ်းဆက်ခိုင်းခြင်းဖြစ်ပါသည် ။ သူ့စာသင်ဝိုင်းရှိရာ ကြည့်မြင်တိုင် နှင့် လမ်းမတော်မြို့နယ်သည် ဘာမျှ ဝေးကွာလှသော ခရီး မဟုတ်သော်လည်း ယခုလို မိုးတွေ ရွာလျှင်တော့ အမေသည် အသက်ကြီးပြီဖြစ်သော ဦးစံပီး အား စိတ်မချပေ ။
သူသည် ခေါက်ထီးလေး ဖွင့်ဆောင်းပြီး ပိတောက်ပင်လမ်းရှိ အန်တီဒေစီတို့ အိမ်သို့ သွားဖို့ ပြင်ရတော့သည် ။ မိုးက ပိုပြီး သည်းပက်နေသည်မို့ လွယ်အိတ်ကို ရေမစိုစေရန်သာ ထီးကို ခပ်ငိုက်ငိုက် ဆောင်းထားရသည် ။ သူ ရောက်သွားတော့ အန်တီဒေစီသည် အခန်းတံခါးကို အဆင်သင့် ဖွင့်ပေးထား၏ ။
“ ဖိုးသား လာလာ ၊ မင်း မေမေ ဖုန်းဆက်ထားတယ် ”
သူ အိမ်ထဲ ဝင်တော့ အန်တီဒေစီ တစ်ယောက်တည်း ရှိသည်ကို သတိထားမိ၏ ။
“ မင်းဦးလေး ဒီည ပြန် မရောက်ဘူးလေ ၊ ဒီည သူတို့ ပဲခူးမှာ ညအိပ်ရမယ်တဲ့ ”
ထို့နောက် သူ့ကို ရေစို အဝတ်တွေ လဲရန် အင်္ကျီနှင့် ပုဆိုးတစ်ထည် ထုတ်ပေး၏ ။ မီးဖိုခန်းထဲတွင် ထမင်းနှင့် ဟင်း အဆင်သင့် ရှိကြောင်း ပြောပြီး အန်တီဒေစီသည် အိပ်ခန်းတွင်းသို့ ဝင်သွားပါသည် ။ ထို့ကြောင့် သူသည် မီးဖိုခန်းတွင်းသို့ ဝင်ကာ ရေစိုအဝတ်တွေကို ချွတ်ကာ စိတ်လွတ်ကိုယ်လွတ် အဝတ်အစား လဲနေမိသည် ။ လက်ဆေးကန်အထက် မှန်ထဲမှ သူ့ပုံရိပ်အား ကြည့်ပြီး နည်းနည်းတော့ ပြုံးမိသွား၏ ။ အရပ်ငါးပေဆယ့်တစ်လက်မ ရှိသော သူ့အရပ်အမောင်းနှင့် လိုက်ဖက်လှစွာ လက်မောင်း ကြွက်သား အဖုအထစ်နှင့် ပြည့်ဖြိုးသော ရင်အုပ်ကျယ် မှန် ကျယ်အပြင် အဆီပို မရှိသော ဝမ်းဗိုက် ကြွက်သားတို့က ကြည့်သည့် အချိန်တိုင်း သူ့ အတွက် ဂုဏ်ယူစရာတွေ ဖြစ်ခဲ့သည် ။ ထိုခန္ဓာကိုယ် အချိုးအစားကိုရဖို့ ကိုးတန်း တစ်နှစ်လုံး လေ့ကျင့်ယူခဲ့ရသည်လေ ။
ထိုစဉ် သူကြည့်နေသော မှန်ထဲသို့ အမျိုးသမီး ပုံရိပ်တစ်ခု လာထင်၏ ။ အန်တီဒေစီပါလား ။ သူသည် ရုတ်တရက် ထူပူရှက်ရွံ့သွားကာ အောက်ခြေတွင် အပုံလိုက်ဖြစ်နေသော ပုဆိုးအား ကောက်စွပ်လိုက်တော့ ခြေ တစ်ဖက်က နင်းထားသဖြင့် ပုဆိုးသည် လိုသလို ခါး အထက်ပိုင်းဆီသို့ ရောက်မလာဘဲ ပေါင်လယ်လောက်တွင် ငြိနေတော့သည် ။
“ ဖိုးသားက လေ့ကျင့်ခန်းတွေ တော်တော် လုပ်ထား ပုံရတယ် ။ မင်းခန္ဓာကိုယ် သိပ်ကြည့်ကောင်းတာပဲ ”
အန်တီဒေစီသည် သူ့ လက်မောင်းကြွက်သားတွေ အား ခပ်ဖွဖွ ထိတို့ရင်း ရယ် သွမ်းသွေးကာ ဆိုလေသည် ။ သူ့ရင်တွေ တဒိန်းဒိန်း ဆောင့်ခုန်ကာ ခြေလှမ်းတွေက နောက်သို့ ဆုတ်မိတော့ ခန္ဓာကိုယ်သည် အုတ်နံရံနှင့် ကပ်သွားသည် ။ အသက်လေးဆယ်ရှိပြီ ဖြစ်သော အန်တီ ဒေစီသည် ရှိရင်းစွဲ အသက် အရွယ်ထက် ပိုပြီး နုပျိုကာ လှသည်မှာ မှန်ပါ၏ ။ သို့သော် အန်တီဒေစီသည် သူ စိတ်ကူးယဉ်ရမည့် အမျိုးသမီး မဟုတ် ။ အမေ့ သူငယ်ချင်းဖြစ်ပြီး သူ့အဒေါ်လိုပင် သတ်မှတ်ထားခဲ့သည် မဟုတ်လား ။ အန်တီဒေစီ၏ မျက်နှာသည် သူ့ဆီသို့ တဖြည်းဖြည်း တိုးကပ်လာကာ အသက်ရှူသံ ခပ်ပြင်းပြင်းကိုပင် ကြားနေရပြီ ။ အန်တီဒေစီ၏ ညာဘက်လက်သည် သူ့ ဘယ်ဘက်ရင်အုံဆီသို့ တင်ကာ ခပ်ဖွဖွ ပွတ်သပ်ပြီး -
“ မင်းက ဘာကို ရှက်နေတာလဲကွ ယောက်ျားလေး ဖြစ်ပြီး ”
ဟင့်အင်း ။ အဲဒီလို မဖြစ်ရဘူး ။ သူသည် ငြင်းဆန်ရန်အတွက် ရုန်းထွက်ဖို့ ပြင်ဆင်ခါမှ သူ့နှုတ်ခမ်းတစ်ခုလုံး ပူနွေးသွားကာ ရှိသမျှ ခွန်အားတွေကို တစ်စုံတစ်ယောက်က စုပ်ယူသလို ခံစားနေရသည် ။ ကျွန်တော် တောင်းပန်ပါတယ် အန်တီဒေစီ ၊ ကျွန်တော့်ကို အဲဒီလို မလုပ်ပါနဲ့ ။ သို့သော် သူ့ စကားတွေသည် အပြင်သို့ ထွက်မလာခဲ့ချေ ။ သူ့ဘဝ၏ ပထမဦးဆုံး ခန္ဓာကိုယ်ချင်း ရင်းနှီးရမည့် သူသည် အသက် လေးဆယ်အရွယ် အမျိုးသမီး တစ်ယောက် ဖြစ်လိမ့်မည်ဟု မည်သို့မျှ မထင်ခဲ့ဖူးချေ ။
••••• ••••• •••••
၂ ။
အချစ်ဆိုသော အရာကို မည်ကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆိုကြပါသနည်း ။ လူအမျိုးမျိုး ၊ စိတ်အထွေထွေ ရှိကြသည်မို့ မိမိ ကြိုက်သလို အဓိပ္ပာယ် ဖွင့်ဆိုနိုင်၏ ။ သူ့အတွက်ကတော့ Pathology စာအုပ် ခြေဖမိုးပေါ် လွတ်ကျသွား၍ ရှုံ့မဲ့သွားသော မျက်နှာလေးသည် အချစ်ဖြစ်၏ ။ ခန္ဓာဗေဒ လူတွေ့ ဖြေချိန်တွင် အမြဲတမ်း ချွေးပြန်နေတတ်ပြီး စိတ်လှုပ်ရှားနေသော မျက်နှာလေးသည် အချစ်ဖြစ်၏ ။ မိန်းကလေးတန်မဲ့ ဂျူတီကုတ်ကြီး ဖိုးရိုးဖားရား နိုင်လှသော အမူအရာလေးသည် အချစ်ဖြစ်၏ ။ Hanging Case တွေ ကြည့်ရတိုင်း မသိမသာ နှုတ်ခမ်းလှုပ်ရုံ ဖြစ်သွားသော မျက်နှာလေးသည် အချစ်ဖြစ်၏ ။ နောက်ဆုံးနှစ် အပိုင်း ( ခ ) ရောက်မှ ထိုအချစ်ကို သူ လက်ဝယ် ပိုင်ဆိုင်ခွင့် ရခဲ့ပါသည် ။
‘ မေဇင်လေး ’ သည် သူ့ဘဝတွင် နောက်ဆုံးအချစ် ဖြစ်ရမည်ဟု ကိုယ့်ကိုယ်ကို သေချာသွားပါသည် ။
“ ကိုကို ဘာရေမွှေးတွေ ဆွတ်ထားတာလဲ ၊ အရမ်းမွှေးတာပဲ ”
သူ့လည်တိုင်ကို ခိုတွယ်ကာ မူနွဲ့စွာ ဆိုလိုက်သော ရယ်သံ လွင်လွင်လေး အောက်မှာ လောကကြီး တစ်ခုလုံးကို မေ့သွားခဲ့ပါသည် ။ အသက် ရှူလိုက်တိုင်း တဆတ်ဆတ် တုန်လှုပ်သွားတတ်သော လည်တိုင်ကြော့ကြော့လေး ကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွ ထိတို့ လိုက်တော့ လက်အစုံသည် သူ့ခါးဆီသို့ တင်းကျပ်စွာ ပွေ့ ဖက်လာ၏ ။ ထို့နောက် သူ့ နှုတ်ခမ်းဆီသို့ နူးညံ့သော အနမ်းတစ်ခု ရောက်လာသည် ။ ထိုအနမ်းသည် ပထမအကြိမ် တုန်းကလို ငြင်းပယ်ရမည့် အနမ်း မဟုတ် ။ သူ တပ်မက်စွာပင် ပြန်လည် နမ်းရှိုက်လိုက်ပါသည် ။ အောက်ခံ ပါကေးကြမ်းခင်းသည် သူနှင့် တဖြည်းဖြည်း နီးကပ်လာ၏ ။ ငြိမ်သက်တိတ်ဆိတ်လှသော တိုက်ခန်းတွင်းဝယ် နံရံမှ တိုင်ကပ်နာရီ သံချက်ချက်အပြင် လူသားနှစ်ဦး၏ အသက်ရှူသံ ပြင်းပြင်းကိုပါ ကြားနေရ၏ ။ သူ့လည်ပင်း၌ ဆွဲထားသော ပလက်တီနမ် ဆွဲကြိုးမျှင်မျှင်လေးသည် အလင်းရောင် အားနည်းလှ သော တိုက်ခန်းတွင်းဝယ် တလက်လက် တောက်ပကာ လှုပ်ရှားယိမ်းထိုးနေ၏ ။
••••• ••••• •••••
၃ ။
လက်ကောက်ဝတ်က နာရီကို ငုံ့ကြည့်တော့ ရှစ်နာရီ ထိုးရန် ဆယ်မိနစ်ကို ညွှန်ပြနေသဖြင့် သူ ဝမ်းသာသွား၏ ။ မကြာခင် ဂျူတီပြီးတော့မည် ။ ထိုစဉ် -
‘ I can be your hero baby ’
တယ်လီဖုန်းသီချင်းသံ မြည်လာ၍ ကြည့်လိုက်တော့ မေလေး ဆီမှ ဖြစ်၏ ။
“ မေလေး အရင်ပြန်နှင့်ပြီနော် ကိုကို ။ မာမီ သွေးတိုးပြီး မူးလဲလို့တဲ့ ”
သူ ထိတ်ခနဲ ရင်ပူသွား၏ ။ မေလေး၏ အရေးသည် သူ့အရေးဖြစ်သည် ။
“ အဲဒါဆို မြန်မြန်ပြန် လေ မေ ၊ အန်တို့ကို သေသေ ချာချာ ဂရုစိုက်နော် ”
လက်ဆေးကန်၌ လက်ဆေးရင်း အန်တီ အမြန်သက်သာပါစေကြောင်း ဆုတောင်း မိ၏ ။ ပထမတော့ မေနှင့် အတူ ညစာစားဖို့ စီစဉ်ထား ပေမဲ့ ခုတော့ သူတစ်ယောက် တည်း ညစာကိစ္စကို ဖြေရှင်းရတော့မည် ။ သိပ်ပြီး ဝေးဝေးလံလံလည်း မသွားချင်သည်မို့ ဆေးရုံနောက်က ထမင်း ဆိုင်မှာပင် စားဖို့ ဆုံးဖြတ်လိုက်၏ ။ ထို့ကြောင့် ဖျားနာဆောင်က ဖြတ်ပြီး ဆေးရုံ နောက်ဘက်သို့ အေးအေးလူလူ လမ်းလျှောက်လာခဲ့ပါသည် ။ ပြာသိုလ ဆောင်းရာသီသည် တစ်ချက်တစ်ချက် အရိုးထဲထိ စိမ့်ဝင်သွားအောင် အေးခဲလှ၏ ။ လရောင် မလင်းတလင်း အောက်မှ ရုတ်တရက် ထူးကဲစွာ ရတတ်သော ညမွှေးပန်းရနံ့ က ယစ်မူးချင်စရာ ။ ကုက္ကိုပင်ကြီးအောက်၌ ထီးတည်းစွာ တည်ရှိနေသော ရင်ခွင်ရုံကြီးသည် တိတ်ဆိတ်လျက် ရှိပြီး ချောက်ချားစရာကောင်းလှ၏ ။ ထိုစဉ် အပင်၏ အရိပ်ကြောင့် ပြောက်တိပြောက်ကျား: လရောင်အောက်တွင် အဖြူရောင်သဏ္ဌာန် နှစ်ခုကို မပီဝိုးတဝါး မြင်လိုက်၍ ခြေ လှမ်းတွေ တုံ့ခနဲ ရပ်တန့်မိ၏ ။ မကောင်းသူ မကောင်းသားတွေ များလား ။
“ သူ သိပ်ကဲတာပဲကွယ် ၊ အဲဒါကြောင့် ပိုပြီး ချစ်နေရတာ ”
နေစမ်းပါဦး ။ ထိုအသံကို သူ ရင်းနှီးစွာ ကြားဖူးနေပါသည် ။ ခြေသံကို တတ်နိုင်သလောက် လုံအောင်လုပ်ပြီး အနားသို့ တိုးကပ်သွားမိသည် ။ မိမိ၏ လုပ်ရပ်သည် အောက်တန်းကျစရာ ဖြစ်သွားနိုင်၏ ။ သို့သော် သူ သေချာချင်နေသည် မဟုတ်လား ။
ရက်စက်သော အမှန်တရား တစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီ ။ တစ်ဖက်လူ၏ ပြုသမျှကို မျက် တောင်လေးစင်းပြီး ငြိမ်သက်နေရှာသော မေဇင်လေးသည် သူ့မျက်လုံးထဲတွင်တော့ ရွံရှာစက်ဆုပ်စရာကောင်းသော သတ္တဝါတစ်ကောင် ဖြစ်ခဲ့လေပြီ ။ မင်းသားနှစ်ပါးနှင့် ဆက်ပြီး က , နေဦးမည့် မင်းသမီး ဇာတ်ထုပ်ကိုတော့ သူ အလိုမရှိတော့ပြီ ။ ဆုံးရှုံးပြီ ဆိုသော အသိနှင့် အတူ ဘယ်ဘက် ရင်ညွန့်သည် စူးနစ်စွာ နာကျင်လာခဲ့၏ ။ ဤလောကကြီးတွင် သူ ချစ်ခင်ရမည့် အမျိုးသမီး ဟူ၍ အမေနှင့် ညီမလေးသာ ရှိပါတော့သည် ။
••••• ••••• •••••
၄ ။
ညကိုးနာရီခွဲ ဆေးခန်းပိတ်ချိန် ငွေသိမ်းပြီး ပြန်ဖို့ လုပ်စဉ်မှာပင် သူနာပြုဆရာမ လေးက -
“ ဆရာ ရှေ့မှာ ဆရာ့ သူငယ်ချင်း ”
အထဲမှ လှမ်းကြည့်တော့ ကားနံဘေးတွင် ရပ်နေသော ကိုကိုလင်းကို တွေ့ရသည် ။ သူ အပြင်ထွက်ပြီး မေးကြည့်တော့ တိုင်ပင်စရာ ကိစ္စလေးရှိ၍ ကမ်းနားလမ်းတွင် တစ်ခုခု စားရင်း ပြောမည်ဟု ဆို၏ ။
ကမ်းနားလမ်းသည် ညအချိန်တွင် မာကျူရီမီးတိုင်များ ထိန်စွာဖြင့် လှပနေ၏ ။
“ တိုင်ပင်စရာရှိတယ် ဆိုတော့ မင်းကိစ္စက အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ကိစ္စမှ ဟုတ်ရဲ့လား ”
သူ စွပ်စွဲတော့ ကိုကိုလင်း သဘောကျစွာ ရယ် မောသည် ။ ကိုကိုလင်း အကြောင်းကို 1st MB မှာ ကတည်းက သူသိသည် ။ ကိုကိုလင်းသည် မိန်းကလေး တစ်ယောက်ကို မည်သည့် အခါတွင်မှ တစ်နှစ်ပြည့်အောင် တွဲလေ့ရှိသူ မဟုတ် ။
“ ဒီလိုကွ ၊ ငါက ရည်းစားပဲ ထားချင်တာ ၊ မိန်းမ ယူချင်သေးတာ မဟုတ်ဘူး ။ ပြဿနာက ငါ ခုတွဲနေတဲ့ ကောင်မလေးက ငါ ဘယ်လိုမှ ဖြတ်လို့ မရလောက် အောင် ကပ်လွန်းနေတယ် ။ အမှန်တိုင်း ပြောရရင် သူ့ကို သနားလည်း သနားမိတယ် ။ ငါက အင်္ဂလန်မှာ ဘွဲ့လွန် သွားတက်ပြီးမှ လက်ထပ်ကြမယ် ပြောတာလည်း လက်မခံဘူး ။ မင်္ဂလာဆောင်ပြီးမှ သွားချင်သွားတဲ့ ။ သူ့ကို အသိမပေးဘဲ ထွက်သွားလို့ ကတော့ သူ့ကိုယ်သူ သ,တ်သေလိုက်မယ်တဲ့ ”
အလွန် ရိုးရှင်းပြီး ပျင်းစရာ ကောင်းသည့် ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်နေရသလိုပင် ။
“ မင်းဇာတ်လမ်းက အဲဒီလောက်ပဲ ရိုးရှင်းရသလားကွ ။ ငါက ဒီထက်ပိုပြီး ဆန်း ပြားတဲ့ ဇာတ်လမ်းကို နား ထောင်ချင်နေတာ ”
ကိုကိုလင်းသည် သူ့ကို ဇဝေဇဝါ ကြည့်ကာ -
“ မင်း ဆိုလိုချင်တာက ”
“ ဒီမှာ ငလင်း ၊ မင်း မရှိ လည်း သူ့အတွက်က အေး ဆေးပဲ ၊ မင်းထက် ကောင်းတဲ့ နောက်ဘဲ တစ်ပွေနဲ့တောင် ပြန်ပြီး သာယာနေဦးမှာ ။ ငါက သင်းတို့ ( မိန်းမတွေ ) ကို အယုံအကြည်ကို မရှိတော့တာ ”
“ ဟုတ်ပါ့မလားကွာ ”
ကိုကိုလင်း၏ အသံက ပျော့တော့တော့ ။
“ မင်း မယုံရင် သွားကြည့်လိုက်လေ ။ တစ်လ မကြာဘူး ၊ မင်းကို ပြောခဲ့တဲ့ ကိုယ့်ကိုယ်ကို သ,တ်သေလိုက်မယ် ဆိုတဲ့ စကားကိုတောင် သူ ပြန်ပြီး ရှက်နေလိမ့်မယ် ”
သူသည် မြစ်ရေပြင်ဆီသို့ မျက်နှာမူလိုက်ပြီး အဆုတ်အတွင်းသို့ လေကို အားပါးတရ ရှူသွင်းလိုက်စဉ် ကိုကိုလင်း တစ်ယောက် သူ့အား အချိန်တော်တော် ကြာကြာ ငေးမောနေသည်ကိုတော့ သတိမထားခဲ့မိချေ ။
••••• ••••• •••••
၅ ။
သည်နေ့ သူ့ဆေးခန်းကို သူနာပြုဆရာမလေး မလာ နိုင်၍ တစ်အိမ်ကျော်မှ အဒေါ်ကြီး တစ်ယောက်ကို အကူအညီ ခေါ်ထားရ၏ ။ တချို့ အမျိုးသမီး လူနာတွေသည် အဖော် မပါဘဲလည်း လာတတ်ကြ၍ ဖြစ်ပါသည် ။ ဆီးချို လူနာတစ်ယောက်၏ ခြေထောက်မှ အနာအား ဆီးချိုထိန်းပြီးမှ ခွဲမည့်အကြောင်း ပြောနေစဉ်မှာပင် တယ်လီဖုန်းသံ မြည်လာ၍ ကြည့်လိုက်တော့ အမေ့ဆီမှ ဖြစ်၏ ။
“ အမယ်လေး သားရေ ၊ မင်းညီမလေးတော့ ကိုယ်ကျိုးတော့ နည်းပါပြီ ။ အိမ်ကို အမြန် ပြန်လာခဲ့ပါကွယ် ”
“ ဟုတ်ကဲ့ အမေ ”
ညီမလေး ဘာဖြစ်ပါလိမ့် ။ ဘုရားသိကြား မ,လို့ ညီမလေး ဘာမှ မဖြစ်ပါစေနဲ့ ။ သူ အိမ်သို့ ရောက်တော့ သူနှင့် ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပင် အုပ်ချုပ်ရေးမှူး နှင့် ရဲအချို့တို့သည်လည်း ရောက်ရှိလာကြကုန်၏ ။ အမေသည် ဧည့်ခန်းတွင်း ဆက်တီခုံပေါ်တွင် အန်တီလေး၏ ဖေးမမှုဖြင့် အရုပ် ကြိုးပြတ်လျက်ရှိကာ သူ့အား ညီမလေး အခန်းရှိရာသို့ လက်ညှိုးထိုးပြ၏ ။
ညီမလေး၏ အခန်းသည် ခပ်ဟဟ ပွင့်နေသည် ။ သူသည် တစ်ခုခုကို ရိပ်စားမိကာ တစ်လှမ်းချင်း သွားနေမိသည် ။ ထိုစဉ် အုတ်နံရံ၏ အလယ် တည့်တည့်တွင် တွဲလောင်းကျနေသော အရိပ် တစ်ခု ။ ဘုရားကယ်ပါ ။
“ ညီမလေး ”
သူသည် သွေးရူးသွေးတန်းဖြင့် အော်ဟစ်ပြီး ပြေးဝင်မည်လုပ်စဉ် သူ့နောက်မှ ရဲဝန်ထမ်း တစ်ဦးက လှမ်း ထိန်းထား၏ ။
“ ဆရာ ၊ စိတ်ထိန်းပါ ဆရာ ”
Hanging Case ကြည့်ရ သည့်အချိန်တိုင်း ထို Dead Body နေရာတွင် မတော် တဆ သူ့မိသားစုဝင်တွေများ ဖြစ်ခဲ့လျှင်ဟု တစ်ခါမျှ စိတ်ကူး မကြည့်ခဲ့ဖူးချေ ။ အမေသည် သူ့လက်ထဲသို့ ညီမလေး၏ ဒိုင်ယာရီစာအုပ် လာထည့်ပေးသည် ။ သူ ကပျာကယာ လှန်ကြည့်တော့ မင် အနက်ဖြင့် ခပ်သော့သော့ ရေးထားသော တစ်ကြောင်းတည်းသော လက်ရေး ။ “ ဖြစ်လေရာ ဘဝမှာ မောင်နဲ့ ပြန်လည် မဆုံစည်းရပါစေနဲ့ အရှင်ဘုရား ” တဲ့ ။ ထို့နောက် စာအုပ်ကြား၌ တစ်စွန်းတစ်စ ထွက်နေသော ဓာတ်ပုံတစ်ပုံကို ဆွဲထုတ်ကြည့်လိုက်တော့ ... ။ သူ့ ဦးခေါင်းသည် ရုတ်တရက် မိုက်ခနဲဖြစ်သွား၏ ။ ဓာတ်ပုံထဲမှ ကိုကိုလင်းသည် သူ့အား လှောင်ပြုံး ပြုံးနေသည် ။
သူ နင့်သီးစွာ ရှိုက်ငိုမိသည် ။ ရက်စက်တတ်သော လောကကြီးကို နာကြည်းကာ မိမိ၏ ဘဝဖြစ်တည်မှုကိုပင် မလိုချင်တော့လောက်အောင် ဖြစ်သွား၏ ။ သူနှင့် လောကကြီး ကြားတွင် တစ်စုံတစ်ရာသည် အကြီးအကျယ် မှားယွင်းခဲ့ပြီ ။ သို့သော် ... ထိုမှားယွင်းမှု၏ အမှန်တရားကို သူ ဘယ်တော့မျှ သိနိုင်တော့မည်မဟုတ်ချေ ။
⎕ မိုးဟန်ဂျွန်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
မတ် ၊ ၂ဝ၂ဝ
No comments:
Post a Comment