❝ မင်္ဂလာ နံနက်ခင်းဝယ် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
“ အဘိုးကြီး ၊ ထပင်မြစ်ကလေး ဝါးလို့ ၊ ရေနွေးကြမ်း သောက်လို့ အေးအေးဆေးဆေး နေပါဦးလား ၊ နှင်း မကွဲသေးဘူးနော် ”
မကျီးဒန်သည် ဆန်ဆေးနေရာက ကိုဆေးရိုးအား လှမ်းပြော၏ ။ ဤသို့ ပြောရခြင်းမှာ မီးဖိုဘေးမှ လေးကန်စွာ ထပြီး ဘာဘူစောင်ကြီးကို ကိုယ်ပေါ်မှ ဆွဲခွာနေသောကြောင့် ဖြစ်၏ ။
ချောင်းပြင်ဘက်သို့ ကိုဆေးရိုး လည်ဆန့်ကြည့်၏ ။ ရမ်းဘိုကုန်းရွာဘက်ရှိ သောင်ပြင်ပေါ်တွင် ငွေနှင်းပြာမှောင်မှောင်သည် ရီအုံ့ဆိုင်းထားငြား အလယ်ကျွန်းရှိ သောင်ပြင်ပေါ်တွင်မူ ကိုင်းပင်များပေါ်သို့ ဖြူဆွတ်သော နေရောင်ခြည်ကြည်ကြည်တောက်တောက်များ ကျရောက်နားနေလျက် ရှိသည် ။
အလယ်သောင်နှင့် ရေစီးကြောင်း၏ ကြားတွင် လူတွေ ရောက်နေပြီ ။ သူတို့သည် မှုန်ပြာရီနှင်းပြင် အောက်၌ ဖြူပြာနီဝါစိမ်းညို အရောင်များဖြင့် တကုန်းကုန်း အလုပ်လုပ်နေကြပြီ ။ သူတို့သည် အာလူးခင်း ထွန်ယက်သူများ ဖြစ်ကြ၏ ။ အာလူးကြောင်း ဆွဲသူများ အာလူးစိုက်သူများ ဖြစ်ကြ၏ ။ သူတို့၏ ရယ်မောသံများက ကိုဆေးရိုးအား “ ဘာပျင်းနေတာတုံး ” မေးသည်သို့ ၊ သရော်သည်သို့ ရှိ၏ ။ သူတို့၏ ပါးစပ်ဝမှ ထောင်းခနဲထလာသော အငွေ့ များက “ ထပါတော့လား ၊ ဘာပျင်းနေတာတုံး ” စောကြောနေသည့်နှယ်ရှိ၏ ။
သည်ရှုကွင်းကို မြင်ရသောအခါ မစောတော့ဟု ကိုဆေးရိုး သိသည် ။ သို့ကြောင့် မီးဖိုမှ ထခြင်းဖြစ်၏ ။ မကျီးဒန်၏ အသံကို ကြားသည်တွင် မီးဖိုကို ငုံ့ကြည့်မိသည် ။ မီးကျီးခဲတွေ ရဲနေသည် ။ လက်ဖျားကလေးပင် ကင်ရစေဦး ၊ အတော်နွေးမည် ။ သည်မီးဖိုကို ဝန်းရံနေသည့် မြစ်များသည် မသန့်ရှင်းသော သွားဝါဝါတွေ ဖော်လျက် ဘေးကြီးအား မော့ကြည့်နေကြ၏ ။
မီးလှုံချင်စိတ် ပေါ်လာသည် ။ ကိုဆေးရိုး မှာ ခွာပြီးစ စောင်ကို လေးဘက်ထိုးသည့်ပုံဖြင့် ခြုံရုံမိငြား နွားတင်းကုပ် ဘက်သို့ လှမ်းအကြည့်၌ မီးလှုံလိုစိတ် လျော့ပါးသွားလေတော့သည် ။
“ အင်း သူတို့ တာဝန် ရှိနေပါကလား ။ မိုးရွာရွာ ၊ နေပူပူ နွားကျွေးဖို့ နွားစာ ရှာရမယ် ၊ ကျွေးရမယ် ။ နေကောင်းကောင်း မကောင်းကောင်း နွားတာဝန်ကတော့ ရှိမြဲ ရှိနေပါကလား ”
ထိုအတွေးကြောင့် ကိုဆေးရိုး ညည်းတွားမိသည် ။
“ လက်တွန်း လယ်ထွန်စက် တစ်စီးလောက် ဝယ်နိုင်ရင်တော့ နွားကိစ္စ ပပျောက်သွားမှာပဲ ။ အခုတော့ ”
“ တော့်လယ်ထွန်စက်က ရှစ်သောင်းကြီးတောင် ဆိုတော့ ”
မကျီးဒန်က ထန်းဖုံးဖတ် ကိုင်လျက် မီးဖိုဘေးသို့ ရောက်လာသည် ။ သူသည် မြစ်တွေ ဝန်းရံနေသည့် မီးဖိုထဲမှ မီးကျီးခဲများကို ထန်းဖုံးဖတ်ထဲသို့ ယက်ထည့်ရင်းက ကိုဆေးရိုးကို မော့ကြည့်၏ ။
“ တစ်သက်လုံး နွားနဲ့ နေလာပြီး အခုမှ ညည်းရတယ်လို့တော် ၊ ထွန်စက်ပေါ်လာလို့ နွားကို ပုန်ကန်တာ မဟုတ်လား ”
ကိုဆေးရိုးသည် ဘာဘူစောင်ကို ခေါက်ပြီး မန်ကျည်းပင် ပင်စည် နှစ်ခုကြား၌ ညှပ်ထားလိုက်သည် ။
“ ကိုယ့်အသက်လည်း ကိုယ်ပြန်ကြည့်ဦးလေ ၊ ဒါလောက်တောင် အိုမင်းမစွမ်း ဖြစ်လာတော့လည်း ပင်ပန်းရမှန်း သိလာပြီဟ ။ ပင်ပန်းလာတော့လည်း သက်သာတဲ့ ထွန်စက်ကို မျက်စောင်းထိုးမိတာပေါ့ဟာ ”
“ ထွန်စက်တစ်စီး သုံးလေးငါးထောင်ဆို ဟုတ်သေးရဲ့ ”
“ သုံးလေးငါးထောင်နဲ့ ထွန်စက်တော့ မရဘူးဟေ့ ၊ ခြေမသန် မျက်စိမကောင်းတဲ့ နွားအိုပဲ ရမယ် ”
မြစ်များသည် ဘေးနှင့် ဘေးမတို့ ခွန်းကြီးခွန်းငယ် စကားများလျှင် ပျော်ရွှင်ကြသည် ။ ရိုက်နှက်ထိုး ကြိတ်ကြသောကြောင့် မဟုတ် ။ “ တယ်လေ ငါ ” ဆိုကာ ဓားကို ဆောင့်ချတတ် ၊ ထင်းစကို ဆောင့်ထိုးတတ်ကြသဖြင့် ဖြစ်ပေသည် ။ ယခုလည်း ရယ်မောရတော့မည်ဟု မျှော်လင့်ကြ၏ ။
သို့ရာတွင် မကျီးဒန်က မီးဖိုကို ကုန်းမှုတ်နေသည် ။ ကိုဆေးရိုး ကလည်း ပုဆိုးတစ်ထည်ခြုံ ၊ တံစဉ် ဆွဲပြီး ဆေးလိပ်မီး တဖွားဖွားဖြင့် ထွက်သွားသဖြင့် ကျီးကြည့် ကြောင်ကြည့် ကြည့်လျက် ကျန်ခဲ့ကြတော့သည် ။
စိမ်းဝါ ၊ စိမ်းရင့် အဝါရင့်စပ် ကန့်လန့်ကာကြီး ဖြန့်ခင်းထားသော လယ်ပြင်တွင် နေသာနေပြီ ။ နေသာသော်ငြား နှင်းက ရှိမြဲ ရှိနေသည် ။ သစ်ကိုင်း နှင့် တိုက်မိလျှင် ပခုံး နားရွက်များ ကျင်ခနဲဖြစ်အောင် အေးသည် ။ လူသွားလမ်း ဝဲယာရှိ နဘူးကပ်စေး ဗောက်ခွေးနှင့် မြက်ပင်များတွင် စိန်စီထားသည့်အလား နေရောင်ဖြင့် စိန်ရောင် လက်ဖိတ်နေသည် ။
ကိုဆေးရိုးမှာ သည်အပင်များနှင့် လွတ်အောင် သွား၍ မရ ။ ဟိုအပင်က နှင်းတစ်စက် ၊ သည်အပင်က တစ်စက် ။ များများမဟုတ် တစ်စက်မျှသာ ခြေကို ဆွတ်လိမ်းခံရသည် ။ တစ်စက်ပေါင်း များလာသော အခါ ခြေထောက်သည် တာယာဖိနပ်ပေါ်မှ ချော်၍ ချော်၍ ကျတော့သည် ။ ကြာလျှင် ဖိနပ်ပြတ်တော့မည်ဟု ကိုဆေးရိုး ကြောင့်ကြသည် ။ ဂျပန်ဖိနပ်နှင့် ယှဉ်လျှင် အလွန် အကျည်းတန်သော သည်ဖိနပ်ကိုမှ ကိုဆေးရိုး နှစ်ခြိုက်သည် ။ ဖိနပ်ကို တယုတယ ချွတ်သည် ။ ကျောချင်းကပ်လျက် ခါးတွင် ထိုးထားလိုက်သည် ။
“ အေးရော မဟုတ်လား ၊ သလို မဟုတ်ရင် တချော်ချော် တချွတ်ချွတ်နဲ့ ” တစ်ယောက်တည်း ပြောသည် ။
တစ်ယောက်တည်း လျှောက်လာရင်းက ဝဲယာကို ကြည့်သည် ။ မည်သည့် နေရာတွင် မြက် ရှိသနည်း ။ အဘိုးအို တစ်ယောက်၏ ခေါင်းတစ်ရွက်စာ မြက်သည် မရှားပါးတန်ရာ ။
အခြေအနေများသည် စီးဆင်းနေ၏ ။ လယ်ထဲတွင် ကိုဆေးရိုးကို တကားကား တကုန်းကုန်း မြင်ရချိန်က လယ်ပြင်သည် ယခုနှယ် ဆောင်းကာလ၌ ရွှေရောင်လွှမ်းနေပြီ ။ ကိုဆေးရိုး လယ်ကန်သင်းပေါ်မှ မဆင်းတော့ချိန်ဝယ် နှင်းပွင့်များ အောက်၌ ထွန်ယက်နေကြ ၊ စိုက်ပျိုးနေကြသည် ။
ကိုယ့်လယ်ထဲက မြက်ကိုသာ ရိတ်ယူပြီး နွားကျွေးရသည် ။ ရွှေရောင်ကောက်ပင်များ ပဲလွန်း ၊ ပဲကြီး ၊ ပဲပိစပ် ၊ ပဲနောက်ပင်များက မြရောင်ဖြင့် ဘောင်ခတ်ထား ၊ ကန့်ထားသည် ။ ကောက်ရိတ်ချိန်တွင် သည် အပင်များကိုပါ ရိတ်သိမ်းသည် ။ နွားကိုလည်း ကြားဖောက်၍ ကျွေးရသေးသည် ။
ယခုသော်ကား သူခိုးကို အလုပ်အကျွေး ပြုရမည် စိုးသဖြင့် ကန်သင်းပေါ်၌ ပဲပင် မရှိ ။ ပန်းဖြူ ၊ ပန်းပြာတို့ အဆုပ်လိုက် ၊ အခဲလိုက် တန်ဆာ မဆင်နိုင်ပြီ ။
တကူးတက စူးထိုးစိုက်ထားသော ပဲပင်ကို ခိုးသေးလျှင် အလေ့ကျ ပေါက်သော မြက်ကိုကား ပြောရန် မလိုပြီ ။ စည်းမဲ့သူတို့ကြောင့် ရှိခဲ့ပြီးသား စည်းများ ပျက်ပြားခဲ့ရသည် ။
ကိုဆေးရိုး၏ ခြေလှမ်း တန့်သွား၏ ။ လယ်ဘေးမှ မြှောင်ပြီး ဆင်းလာသော မြောင်းလက်တံကလေး ။ အပြုအပြင် မရှိသဖြင့် ပန်းတော်နီ မြက်ညွန့်တွေ မြောင်းထဲဆင်းနေပြီ ။ သည်မြက်ညွန့်တွေကို တိုးဝှေ့လျက် ရေကြည်ကြည်ကလေးတွေ စီးဆင်းနေသည် ။
“ သည်လယ်ဟာ ကျော်သောင်းလယ် ထင်ပါရဲ့ ”
သို့တစေ သူ့ပိုင်နက်ထဲ မဝင်ဘဲနှင့် မြက်ရလောက်သည် ။ သည်အတွေးဖြင့် မြောင်းလက်တံဘေးတွင် ကိုဆေးရိုး ထိုင်သည် ။ မီးခြစ် ထုတ်သည် ။ ဆေးလိပ်တိုကို မီးညှိသည် ။
နေခြည်က နွေးလာပြီ ။ ငှက်ခါးတစ်ကောင်သည် ပေပင်ထက်၌ ခက်ထန်သောအသံကို ပေးနေရာက ဒေါသတကြီး တဂါးဂါး အော်လျက် ထိုးဆင်းလာသည် ။ ကောက်ပင်များ ကြားမှ တစ်စုံတစ်ရာကို ထိုးသုတ်လျက် ပျံတက်သည် ။ ပေပင်ပေါ်သို့ ပြန်အရောက်၌ ခက်ထန်မြဲ ခက်ထန်နေပြန်သည် ။ ကောင်းကင်၌ တိမ်ဖြူ တစ်ဆုပ်သာရှိသည် ။ တရွေ့ရွေ့ ခရီးနှင်နေပုံက ညင်သာလွန်းသည် ။ ပေပင်ထိပ်သို့ တိမ်ဆုပ်ကလေးရောက်လာချိန်ဝယ် ကိုဆေးရိုး ငေးမောမှု ရပ်သည် ။ မိုးသားနှင့် ပြိုင်သော ဆေးလိပ် မီးခိုးနွယ်ပြာညွန့်ပြာများကို အထုတ်အမှုတ် ရပ်တန့်ကာ တံစဉ်ကို ကောက်ကိုင်သည် ။ ပန်းတော်နီ မြက်များကို ဘယ်လက်ဖြင့် ဖမ်းဆုပ်သည် ။ ညာလက်ဖြင့် တံစဉ်ကို ကိုင်မြှောက်ပြီးမှ ချထားလိုက်သည် ။
မြက်ထဲ၌ သစ်ခက်ကလေးတွေ ၊ သစ်ရွက်တွေ ရှိနေသည် ။ တံစဉ်သွားဖြင့် လက်ကို ချော်ထိအောင် လမ်းလွှဲပေးနိုင်သော ဆူးငြောင့်တွေ ဖြစ်သည် ။ တစ်ခက်ချင်း တစ်ရွက်ချင်း ကောက်နေစဉ် မျက်နှာချင်းဆိုင် လယ်ပွဲထဲ၌ သူစိမ်း တစ်ယောက်ကို မြင်ရသည် ။
ထိုအခါ ကိုဆေးရိုးမှာ မှတ်ဉာဏ်ကို နှိုးဆွရသည် ။
“ သည်လယ်ဟာ ကျော်သောင်းရဲ့လယ် မဟုတ်ဘူးလား ။ သည်လူဟာ သည်အရပ်က လူလည်း မဟုတ်ပါကလား ။ လျှောက်သွားနေပုံကတော့ သူ့လယ်ကို ဂရုတစိုက် လိုက်ကြည့်နေတဲ့ပုံပဲ ”
စဉ်းစားသာ စဉ်းစားရ ၊ ကိုဆေးရိုး၏ ရင်ထဲ၌ မကောင်း ။
“ ဟုတ်ပါတယ် ၊ ဒါဟာ ကျော်သောင်း လုပ်တဲ့ တစ်ရာလယ်ပွဲ ၊ ဟိုဘက်က လယ်ပွဲဟာ ဆင်သေလယ်ပွဲ ၊ သူ့ထိပ်က လောက်စာပင် လယ်ပွဲ ”
မှတ်ဉာဏ်ကို နှိုးဆွလျက် လည်ပင်းရှည်က မျှော်ကြည့်တော့မှ ကိုဆေးရိုး၏ ရင်ထဲ၌ မကောင်း ။ ခံစားမှုများ တိုးမြှင့်လာရသည် ။ ဟိုဘက် လယ်ပွဲတွေမှာလည်း သူတစိမ်းတွေပါကလား ။
“ ဘယ်လို ဖြစ်ကုန်ကြပါလိမ့် ၊ မျက်နှာစိမ်းတွေက မတန်တဆ ပေးပြီး ငါတို့လယ်တွေကို ငွေနဲ့ပေါက် ဝယ်ပစ်လိုက်ကြပြီလား ”
သည်ဘက်သို့ နေ့စဉ် အရောက်အပေါက် ရှိလျှင်ကား အပြောင်းအလွဲကို ကိုဆေးရိုး သိနိုင်သည် ။ သည် ဆီးဖြူပင် နောက်ဘက်သို့ ကိုဆေးရိုး မရောက်သည်မှာ ကြာပြီ ။ ကြာသည်ဆိုငြား တစ်နှစ်မျှသာ ရှိပေဦးမည် ။
ပန်းတော်မြက်တွေ တဝေဝေဖြင့် မြောင်းလက်တံကလေး ကပ်စီးဆင်းနေသည့် ကျောဘက်လယ်ပွဲကို ကိုဆေးရိုး လှည့်ကြည့်၏ ။ နွေစပါး စိုက်ပြီးသွားပြီ ။ အတန်းလိုက် အစေ့ချစိုက်ထားသည် ။ သို့သော် မေးမြန်းစုံစမ်းစရာ လူရိပ်လူယောင် မမြင် ။ ကိုဆေးရိုး ရင်ထဲ၌ နင်တင်တင်ကြီး ခံစားရသည် ။ ဆေးလိပ်ကို မဲပြီး ဖွာသည် ။ မီးမရှိပြီ ။ မီးခြစ်ကို ထုတ်ပြီး မီးခြစ်ငြား ဆေးလိပ်နှင့် မတို့မိ ။
“ ငါတို့ လယ်တွေကို လူလည်တွေက ငွေနဲ့ပေါက် ဝယ်ရင် ကြာလာတဲ့ အခါမှာ တစ်သက်လုံး လယ်ကို ဖက်ပြီး လယ်လုပ်လာတဲ့ လယ်သမားတွေ ဘာလုပ် စားကြမတုံး ”
တွေးရင်းတွေးရင်း ကိုဆေးရိုးစိတ်ထဲ၌ သိမ်ငယ် လာ၏ ။ သူတစိမ်းတွေ ကြားထဲသို့ ရောက်နေရသည့်နှယ် ခံစားရသည် ။ ထိုအခါ သူ့မြေး မောင်ကိုကြီး၏ စကားသံတစ်သံကို ကြားယောင်သည် ။
မောင်ကိုကြီးမှာ ဆယ်တန်းအထိ စာသင်ဖူးသည် ။ သည်မြေးကို ထွန်းပေါက်လိမ့်မည် ကိုဆေးရိုး မျှော်လင့်ခဲ့ငြား ဆယ်တန်း မအောင်မီ အိမ်ထောင်ပြု သဖြင့် ရင်ကျိုးခဲ့ရသည် ။ မည်သို့ဖြစ်စေ သည်မြေးကား သူ့ဘိုးအေအား သိပ္ပံဗဟုသုတ ၊ ကမ္ဘာ့ဗဟုသုတများ ပေးသော ပုဂ္ဂိုလ်ကြီး ဖြစ်သည် ။ သူ က
“ ဘရေ ၊ နားလှည့်ပါးလှည့်နဲ့ ကျုပ်တို့ မြန်မာ လယ်သမားတွေရဲ့လက်ထဲက လယ်တွေတော့ သူများ လက်ထဲ ရောက်တော့မယ် ဘရေ့ ။ မုန်းနားဘက်မှာ လယ်ကောင်းရင် တစ်ဧကကို ငါးသောင်းပေး ဝယ်နေ ပြီတဲ့ဗျို့ ” ဟု ပြောဖူးသည် ။
သည်စကားကို အမှတ်မဲ့ ထားခဲ့မိသည် ။ ယခုမှ နားနားကပ်၍ အော်သည့်နှယ် ကျယ်လောင်စွာ ကြားရတော့သည် ။
လူရိပ်လူခြည် စောင့်ရင်း ကိုဆေးရိုး မြက်ရိတ်သည် ။ မြက်က သန်စွမ်းငြား အရှည်ကြီး မဟုတ် ။ ဖမ်းဆုပ်၍ ရရုံကလေးသာ ရှိသည် ။ တံစဉ်ကို လက်ဖနောင့်နှင့် ပွတ်ပြီး ဆွဲရရာ တံစဉ် မရှအောင် သတိထားနေရသည် ။ တစ်ဆုပ်စာ ရိတ်ပြီးတိုင်း နောက်တွင် ပုံထားခဲ့ကာ ရှေ့သို့ တိုးပြီး ရိတ်သည် ။ ရိတ်စက နှင်းရည်နှင်းဥများကြောင့် ရိတ်၍ မကောင်းလှ ။ နှင်းပြယ်၍ ခြောက်ခြောက်သွေ့သွေ့ ရိတ်ရသည်မှာ အဆင်ပြေလာငြား ကိုဆေးရိုး စိတ်မရွှင်ပျတော့ပါ ။ သူ့မျက်နှာမူရာ ဘက်ရှိ လယ်ပွဲများ အတွင်းက လူတွေကို ကြည့်ပြီး စိတ်ဆင်းရဲနေသည် ။
“ ငါ့မြစ်တွေ ၊ တီတွေ ၊ တွတ်တွေ လက်ထက်ကျရင် မျက်စိသူငယ် ၊ နားသူငယ်နဲ့ ဖြစ်ကုန်ကြတော့မယ် ထင်ပါရဲ့ ”
ရှေ့သို့ တိုးရင်းတိုးရင်းဖြင့် နှပ်ချိုချိုဖုတ်ကလေး ဘေးသို့ ရောက်လာသည် ။ ပြောင်းပင်ပေါက်စတွေလား ထင်မှားရလောက်အောင် သန်စွမ်းလှသည် ။ ချုံထဲသို့ တံစဉ်သွင်းပြီး ချိတ်ရန်အတွက် ကိုဆေးရိုး ထရပ်သည် ။ တံစဉ်ရိုးကို ချုံထဲသို့ အသွင်းတွင် လက်ရော လူပါ ပြိုင်တူ ဆုပ်မိသည် ။ မြွေတစ်ကောင် ။ နရား မြက်ဖုတ် သုံးခု ကြား၌ ခွေနေသော မြွေတစ်ကောင် ။
“ ဗျိုး ကိုဆေးရိုး ၊ သူများလယ်ဘေးက မြက်ကို မပြောမဆို ”
ကြားဖူးသည် ထင်ရသော အသံတစ်သံကြောင့် ကိုဆေးရိုး ဝမ်းသာအားရ လှည့်ကြည့်မိသည် ။
“ ဟ ဘလွန်း ၊ သည်လယ် မင့်လယ်လား ”
“ ကျုပ် ဘ ၊ ကျုပ်အဖေ လုပ်ခဲ့တဲ့ လယ်ဟာ ကျုပ် လယ်ပေါ့ဗျ ”
ကိုဆေးရိုး၏ မျက်နှာပေါ်ရှိ မန်ကျည်းခေါက် မျက်နှာကြီးမှာ အတွန့်အရွတွေ လျှောစင်သွားဘိသို့ တစ်မျက်နှာလုံး ဝင်းစင်ကြည်လင်၏ ။ အသက် သုံးဆယ်မျှ ငယ်သွားပြီ ထင်ရ၏ ။
“ ဝမ်းသာလိုက်တာ အကောင်ရာ ၊ မင်္ဂလာ ရှိလိုက်ပါဘိဟာ ”
ဘလွန်း ရယ်မောသည် ။
“ ကျော်သောင်းတို့ ၊ ထွန်းသာတို့ ၊ ကျွဲကြီးတို့ လယ်တွေထဲကို ကိုဆေးရိုး လှမ်းကြည့်မိပြီ ထင်ပါရဲ့ ”
“ အေးဟာ စိတ်မကောင်းလိုက်တာ ၊ ငါကလည်း သည်ဘက် မရောက်တာ ကြာမှကိုးကွ ”
“ ကျုပ် မသိလိုက်ဘူးဗျ ၊ သိတဲ့အခါကျတော့ လက်လွန်နေပြီလေ ။ အခုတော့ ကန်သင်းချင်း ယှဉ်နေတဲ့ လယ်တွေရော ၊ အနီးအနားက လယ်တွေကိုပါ ဘယ်နည်းနဲ့မှ မရောင်းဖို့ ပြောထားတယ်ဗျို့ ”
“ သာဓုပါ အကောင်ရာ ၊ သာဓု သာဓု ”
ကိုဆေးရိုး၏ ကြည်ကြည်စင်စင် မျက်နှာကြီး၌ အပြုံးပန်း တစ်ပွင့် ပွင့်စည်လာပေ၏ ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment