❝ ပေါင်သား လှီးသူ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
“ဟေ့ သာဒွန်းအောင် …”
ရမ်းဘိုကုန်းရွာလယ်ရှိ ဝတ်ကျောင်းငယ်အရှေ့ဘက်မှ တဲကလေးတစ်လုံး၏ ရှေ့တွင် ခေါင်းပေါင်း ဖိုသီဖတ်သီနှင့် လူတစ်ယောက်မှာ ယောင်ချာချာ ရပ်နေရသည်။ မွန်းလွဲ နှစ်နာရီခန့် ရှိနေပြီ ဖြစ်သဖြင့် အညာရပ်၏ ခက်ထန်သော နေက ပိုလို့ ပူပြင်းတောက်လောင်နေ၏။ ဖုန်နှင့် လူးသော ရွက်ခြောက်တို့သည် ပြေးလွှားနေ၏။ ချောင်းရိုးတစ်လျှောက်မှာ ဆိုးဝါးလှသည့် လေပူတို့သည် နွားခလောက်သံနှင့် ရောဖွဲ့ကာ ဝင်ရောက်လာသည်။
“ဟေ သာဒွန်းအောင် ဟေး သာဒွန်းအောင်”
တဲကလေးရှေ့တွင် နေပူထဲ၌ ယောင်ချာချာ ရပ်နေရသူက တဲ၏အတွင်းဘက်သို့ ငုံ့ကြည့်ပြန်၏။
“ဟေး သာဒွန်းအောင်တို့ မိထွေးတို့”
ထပ်မံ၍ ခေါ်လိုက်ပြန်သော်လည်း တုံ့ပြန်သော အသံက ထွက်ပေါ်မလာလေသောကြောင့် ..
“ဟာ ဒီကောင်ဟာ ဘယ်များ သွားနေပါလိမ့် ဟေး မိထွေး”
တဲရှင်ဖြစ်သော သာဒွန်းအောင်၏ မယားအမည်ကို ဟစ်ခေါ်လိုက်ပြန်သည်။
“တော်”
အတန်ကြာမှ ထူးသံထွက်လာကာ ထမီရင်လျားနှင့် အသက်အစိတ်ခန့်ရှိ မိန်းမငယ်တစ်ယောက်သည် တဲတွင်းမှ ပေါ်လာပြီး ..
“အော် ကိုဆေးရိုးလား လာလေ အထဲကို”
မိန်းမငယ်က ပွေလိမ်ပြေကျနေသော ဆံပင်နီကျင့်ကျင့် ကြေးနီရောင်အစုကလေးကို ပြီးစလွယ် ထုံးဖွဲ့ရင်းက ကိုဆေးရိုးအား တဲတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
“နေပါစေဟာ- မဝင်တော့ပါဘူး၊ နို့ နေပါဦးဟ နင်တို့ဟာက နေ့ခင်းကြောင်တောင်ကြီးတောင် ဘာလုပ်နေကြတာတုန်းဟ။ ခေါ်လိုက်ရတာလည်း လည်ချောင်းပဒေါင်း (ပုံတောင်း) လိုက်နေပြီ။ ပြီးတော့ ထွက်လာတော့လည်း ကိုးရိုးကားယားနဲ့ပါကလား”
ကိုဆေးရိုးက မိထွေးကို သေချာပတ်နပ်အောင် စူးစိုက်ကြည့်ပြီးမှ မိထွေး၏မျက်နှာကို မော့ကြည့်နေ၏။
“တော့် ဝါသနာတွေကို တော် လျှောက်တွေးနေတာကိုးတော့၊ နောက်ဖေးက ကင်မွန်းခါးပင်ရိပ်မှာ သက်ငယ်ပျစ်နေတာပါ”
“အော် အင်းအင်း သာဒွန်းအောင်ကကော”
“ဒီ အော့နာဝမ်းကျကို ပြောပဲ မပြောချင်ပါဘူး တော်။ တစ်နေ့လာလည်း သုံးပုံ၊ တစ်နေ့လာလည်း သုံးပုံ၊ သုံးပုံဝိုင်းမှာ ထမင်းစားခဲ့ပါလား။ နွားစာတောင်မှ ကလေးတစ်ဘက်နဲ့ ကျုပ်ကျွေးလို့ နွားတွေစားနေရတာ လှည်းတိုက်ကလေး ဘာလေးလိုက်ပါဆိုတာ တောင်မှ ဘာလေး ညာလေးနဲ့ ‘ဂျီရိပတ်တ’ များနေတာပဲ။ ကြာတော့ ကျုပ်ကလည်း စိတ်မရှည်တော့ဘူး တော့် … မြွေပွေးကြီး ထွန်တုံးလောက် ကိုက်ပြီး သေပါစေ ဆုတောင်းမိတယ် မသေဘူးတော် မသေဘူး”
“ဟယ် နင်ကလည်း”
မိထွေး၏ ဘွင်းဘွင်းကျစကားကို ကိုဆေးရိုးက ဟန့်တားလိုက်၏။
“နင်ပြောတာတွေ ဟုတ်တယ်ဟ၊ ဟုတ်ပေမယ့်လည်း ဒီလင်နဲ့ဒီမယားဆိုတာကလည်း ပြတ်နိုင်တာတွေ မဟုတ်တော့ အကြောင်းမသိရင် နင့်ကိုသာ အဆိုးဆိုကြမှာ”
“အို ဆိုကြပေါ့ မိထွေးအကြောင်း သိချင်ရင် ဝင်ပြီးစွက်ပေါ့”
မိထွေးမှာ စိတ်ဆိုးမာန်ဆိုးနှင့် ဒူးတလန် ပေါင်တလန် ဖြစ်လာကာ လက်သီးလက်မောင်းကို တန်းလာလေသည်။
“ငါလခွေးမှဘဲ နင့်မှာ ဒါတွေကြောင့် ခက်နေတာပဲ ဆိုလေ - ကဲလေ - မန်းလေ - ပြဲလေ”
“အခံရခက်လွန်းလို့ပါ ကိုဆေးရိုးရာ လင်မယား ရန်ဖြစ်ပလား။ ရန်ဖြစ်ရင် ဒီကောင်မ အဆိုးချည့်ပဲ။ ဒီကောင်မမှာဖြင့် နေအေးတုန်းမှာ ဝက်လာပင်တွေကို ရိတ်ထားပြီး ငှားသူရှိရင် သူများဆီမှာ အိုးကို အငှား ဖုတ်လို့၊ ငှားမဲ့လူ မရှိရင် သက်ငယ်ပျစ်ပြီး မဝတစ်လုတ် ဝတစ်လုတ် စားနေရတာကိုတော့ မသိကြတဲ့ အတိုင်းပဲ ဒီတော့ ကျုပ်ဆိုးသလားတော့ ကဲ”
“အေးပါဟာ တို့ကတော့ နင်မဆိုးမှန်း သိတာပေါ့ဟ”
ကိုဆေးရိုးက မိထွေး၏ စကားကို အလိုက်သင့် ထောက်ခံလိုက်ခြင်းဖြင့် သူမ၏ ခံပြင်းသော ဝေဒနာ လျော့ပါးသွားစေသည်။
“ငါလည်း ပြောပါတယ်ဟ ကနေ့ဆိုရင် ကျွန်းညိုကို လှည်းငှားလိုက်ဖို့ကိုတောင် ငါပြောထားလို့ လိုက်မယ် ပြောထားတယ်၊ အဲဒါကို ခုသွားတော့မလို့ လာပြီးသတိပေးတာ”
“အင်းအင်း တော့်မှာသာ သတိပေးနေ သူကဖြင့် သူ့သုံးပုံဖဲဝိုင်းကတောင် ထဦးမှာ မဟုတ်ဘူး”
“ကဲပါဟာ သွားခေါ်ချေပါ။ ငါလည်း သွားပြီး နွားစာကလေး ဘာလေး ထပ်ကျွေးလို့ တစ်အောင့်လောက် ကြာရင် လှည်းတပ်ပြီး လာခဲ့မယ် မြန်မြန်လည်း လုပ်ဟေ့”
ကိုဆေးရိုးက နေပူအောက်မှာ ရပ်လျက် ပြောဆိုပြီးသည့်နောက်တွင် လှည့်ထွက်ခဲ့လေသည်။ သာဒွန်းအောင်တို့ အိမ်ဝိုင်းထဲမှ ထွက်လာပြီး လှည်းလမ်းမှ မန်ကျည်းပင်ရိပ်အောက်သို့ အရောက်တွင် ခပ်သဲ့သဲ့မျှသော သုံးပုံဖဲရိုက်သံကို ကြားလိုက်ရသည်။ စကားပြောသံ၏ အဆုံးတွင် ဝေါခနဲ ဝိုင်းရယ်မောလိုက်ကြသော အသံကိုပါ ကြားရသဖြင့် ကိုဆေးရိုးမှာ ပြုံးမိလေ၏။
ဖဲတကာ ဖဲတို့တွင် သုံးပုံဖဲသည် တသသနှင့် လွမ်းလို့ အကောင်းဆုံးသော ဖဲမျိုးဖြစ်လေသည်။ တစ်အိမ်ကျယ်၍ တစ်လှည့်ပြီးသွားတိုင်း၊ မိမိတို့၏ အထေမှားပုံ၊ အတွေးမှားပုံများကို အသီးသီး ပြောပြကြကာ ဝါးခနဲ ဝါးခနဲ ရယ်မောကြလေ့ရှိ၏။ ပြီးခဲ့သော အမှားကို တမြေ့မြေ့သော နောင်တဖြင့် လွမ်းဆွတ်ရသော လူမိုက်ကျင့်ကို သုံးပုံဖဲကများ မျိုးစေ့ ချပေးလေရော့သလား။
သာဒွန်းအောင် နေ့စဉ် စွဲမြဲ သဲမဲလျက်ရှိသော သုံးပုံဝိုင်းမှာ သာဒွန်းအောင်တို့ အိမ်၏ တောင်ဘက် ငါးအိမ်ကျော်တွင် ရှိလေသည်။ ရွာကလည်း မျက်နှာချင်းဆိုင်အိမ်များ မရှိဘဲ ဘေးတိုက်ယှဉ်တန်းထားသော ရွာတံခွန်ကြီး ဖြစ်သဖြင့် အလှမ်းတော့ ဝေးသည်။ လေသင့်ပါမှ ဖဲဝိုင်းမှအသံ သဲ့သဲ့ကြားရ၏။
“တောက်”
သာဒွန်းအောင်မှာ အကြံရ ခက်နေ၏။ သူ့တွင် ဖဲနှစ်ဖူရနေပြီး ကျန်နှစ်ယောက်မှာ တစ်ဖူစီသာ ရကြသေးသည်။
“တောက် … မထောင်လည်းခက် ထောင်လည်းခက်နဲ့။ ထွက်သမျှတွေကလည်း ရှမ်းချည်းပါကလား”
“ထောင်နော် မထောင်ရင် မင်္ဂလာပဲဟေ့”
လက်တွင် ထုံးခွေကြီးများ ပြည့်ထပ်နေသော ဖိုးစိန်တုတ်ဆိုသူက လှန့်လိုက်လေသည်။
“ဟဲ ဟဲ ... ထောင်တော့ မထောင်နိုင်ဘူးဗျ”
ဖိုးစိန်တုတ်၏ လှန့်လုံးကို သာဒွန်းအောင်က တနှမ့်နှမ့်နှင့် ပြန်ပြီး ထေ့လိုက်သည်။ ဖိုးစိန်တုတ်၏ ဖြီးလုံးကို သိသောကြောင့်သာဖြစ်၏။ သာဒွန်းအောင်၏ လက်ထဲတွင် မင်္ဂလာမဆောင်နိုင်တော့သဖြင့် ပျက်သွားရသည့်ခြောက်အိုးနှင့် ချွန်း ရှိနေပြီး၊ မိုးကြိုးလုပ်နိုင်ရန် စီတင်းအကောက်တစ်ပြားနှင့် ထင်တစ်ချပ်ရှိနေပြီဖြစ်ရာ ဖိုးစိန်တုတ်၏ စကားကို မည်သို့လျှင် လန့်ပါမည်နည်း။
“ကဲဗျာ ရှောတိုးလာမလားလို့ စောင့်နေရတဲ့ မိုးကြိုးဗျ ...”
ပါးစပ်ကလည်း ဘေးကူ၍ စစ်ဆင်ရသည်။
“ဟဲဟဲ ဖူလုံပဲ ကြိတ်ရတော့တာကိုးဗျ ... ကဲ .. ဒီတစ်ပြားလည်း ထောင်လိုက်ဦးမယ်ဗျာ”
ဘုံးခနဲမြည်ကာ ထင်တစ်ချပ်က ကြမ်းပေါ် ကျလာသည်နှင့်တစ်ပြိုင်နက် ..
“အင်း ကျွတ်ကျွတ်ကျွတ် အကျိုးနည်းပြီဟေ့”
ကျန်ရိုက်ဖော်တစ်ဦးဖြစ်သူ ကိုပိတ်စက သူ၏ အထေမှား၊ အတွေးမှားမှုကို နောင်တရပြီး ညည်းညူ လိုက်ရှာသည်။
“မင်းမှ မှားတာမဟုတ်ဘူး ငါလည်း သွားပြီ။ ကဲ သာဒွန်းအောင် ကျယ်ပေတော့ဟ၊ ငါထင်တာက မင်းဟာ မိုးကြိုးချပြီးရင် ဗမာစုံတစ်ခုခု တိုက်မှာပဲဆိုပြီး ထေလိုက်တာ သွက်သွက်လည်ပြီဟေ့”
ဘကြီးဖိုးစိန်တုတ်က အဖူကို သာဒွန်းအောင်ဘက်သို့ ရွှေ့ပေးရင်း ပြောလိုက်ရာ -
“မကျယ်နိုင်ဘူးဗျ ကိုပိတ်စ ဘာဆွဲထားသလဲ”
“နှစ်ဘက်ကျန်တာပဲကွ။ ဒါပေမဲ့ ကြည့်လိုက်တော့ ရှမ်းတွေချည်းထွက်နေတာနဲ့ ထင်ပဲ ဆွဲတယ် ဟေ့”
“ဟောဗျ ဖိုးစိန်တုတ်ကကော”
“ငါလည်း ယင်းစုံကို ဖဲ့ထေလိုက်ရတာပေါ့ကွ”
“အမယ်လေး ကျယ်ပြီဗျ – ကျယ်ပြီဗျ” -
သာဒွန်းအောင်က ချွန်းကလေးကို နှီးချောဖျာပေါ်သို့ ဘုံးခနဲ ရိုက်ချလိုက်ပြီး ထ၍ခုန်လေတော့သည်။
“ချွန်းတဲ့ကွ ချွန်း ချွန်း” ဟူ၍လည်း အော်နေလိုက်သေး၏။
“ထင်တော့ထင်သားပဲကွ၊ ရှမ်းတစ်ပြားတလေ ခိုနေတတ်တယ်ဆိုတာကို ထင်တော့ ထင်သားပဲ။ ဒါပေမဲ့ ရှမ်းတွေ ထွက်နေတာက ကုန်သလောက် ရှိနေပြီကွ”
ကိုပိတ်စက သူ၏ အမှားကို တရားဝင်အောင် စကားပြေထိုးလိုက်သည်။ သူ့စကားအဆုံးတွင် အုံးခနဲ ရယ်သံက လွှမ်းချဲ့ကျယ်ပြန့်သွားပေ၏။
“ကဲ ဘကြီးဖိုးစိန်တုတ်က ကျွန်တော့်ဘက်မှာ လက်ကောက်တစ်ရံနဲ့ တစ်ဖက်ဆင်လိုက်ပါဦး”
“ကျုပ်ဘက်က ပစ္စည်းတွေကိုလည်း အတွက်ကျ ရွှေ့လိုက်ပါ”
“တယ် ငါလခွမ်းတဲ့မှပဲ၊ ငါက ပွဲစားဖြစ်နေမှကိုး”
ဖိုးစိန်တုတ်က သူ၏ လက်တွင် ထုံးမှတ်များ တို့နေရင်းက အသံတုန်ကြီးဖြင့် မကျေမနပ် ညည်းလိုက်ရာ အုံးခနဲ ရယ်သံ လွင့်သွားပြန်သည်။
“သာဒွန်းအောင်…”
သည်တစ်ခါ ခေါ်သံက ဖဲဝိုင်း၏ အပမှ ဖြစ်သောကြောင့် သာဒွန်းအောင်က နောက်ဘက်သို့ လှည့်ကြည့်လိုက်၏။
“ဟဲ့ ဘာလဲဟ”
“ကိုဆေးရိုးက ပြောသွားတယ် သွားရအောင်တဲ့”
“မသိဘူး ငါ့လာမပြောနဲ့”
သာဒွန်းအောင်က ကလေးဆိုးကြီးလို ခေါင်းကို ချာခနဲ လှည့်ပစ်လိုက်ကာ ဖဲကို ဆက်ပြီး မွှေနေလေသည်။ မေ့နေသော လှည်းတိုက်သွားရမည့်ကိစ္စက ခုမှ ခေါင်းထဲဝင်လာ၏။ သို့ပေမဲ့ သူ့ရင်ထဲတွင် အမည်မသိသော မကျေနပ်ခြင်းတစ်ခုက ဝင်ရောက်လာသဖြင့် လာပြီးပြောရှာသော မယားကို ကန့်လန့် ပြောပစ်လိုက်ခြင်းဖြစ်သည်။ မိထွေးကလည်း သာဒွန်းအောင်၏ ပြုမူပုံကြောင့် ရင်ထဲက အောင့်သွား၏။ သာဒွန်းအောင် ကလည်း သူ၏ ပျော်ရွှင်ကြည်နူးနေခြင်းကို လာရောက်ဖျက်ဆီးရမည်လား ဟူ၍ မကျေမနပ် ဖြစ်နေသည်။ သို့သော်လည်း သာဒွန်းအောင်မှာ ကြာမြင့်အောင် ကျောခိုင်း မနေနိုင်ပါ။
“မလိုက်ဘူးဟေ့ သွား”
“ဟဲ့ ဒါနဲ့ နင်လိုက်မယ်ဆိုဟဲ့”
“သွား နင့်မျက်နှာကို ကြာကြာ မကြည့်ချင်ဘူး၊ ငါ့ကို ထပ်ပြီးမပြောနဲ့”
“တောက် ဟင်း ... တယ်လေ ...”
အဘယ်မျှ ရက်စက်လိုက်သော စကားများပါနည်း။ အသက်ပေး၍ ကြင်ချစ်ရသော လင်သား၏ ထံမှ ထွက်ပေါ်လာသော ဤစကားသည် မယား၏ အသည်းကို ကိုင်ရမ်းနင်းချေလိုက်ခြင်းမျှသာ ဖြစ်၏။ သို့ကြောင့်ပင် မိထွေးက သူ၏ ဒေါသနှင့် ရင်၏ နာကျင်ခြင်းကို ကြိတ်မှိတ်မျိုသိပ်ကာ လှည့်ထွက်သွား လေသည်။
“တကတည်း ဖြစ်နေလိုက်တဲ့ ရုပ်ကြီးက”
သာဒွန်းအောင်က ဖဲဝိုင်းမှ ထလာရင်း မကျေမနပ်နှင့် ရေရွတ်လေ၏။
“ဖြစ်နေလိုက်တဲ့ ရုပ်ကြီးက သူ့အမေ သေသလိုပဲ”
နေရိပ်များမှာ နည်းပါးလှသည်။ ရွာ၏ တောင်ဘက်ရှိ တောတန်းမှာလည်း ငြိမ်သက်သွေ့ဆိတ်လွန်းလှသည်။ နေရောင်အောက်ဝယ် ပုဆိုးကိုမျှ ခေါင်းမြီးခြုံဖို့ သတိမရ၊ သာဒွန်းအောင်က ပုဆိုးစုတ်ကို ပခုံးပေါ်တင်ပြီး နေပူကျဲကျဲထဲဝယ် အသက်မဲ့လှစွာဖြင့် လမ်းလျှောက်လာနေသည်။
သေဆုံးခဲ့ရပြီကော။
သာဒွန်းအောင်၏ ဘဝက အများနည်းတူ ကြေပျက်ဆုံးပါးခဲ့သည်မှာ ကြာပါလေပြီ။ တကယ်တော့မူ အသက်မပျောက်လေသေးသောကြောင့် လှုပ်ရှားနေရ၏။ အသက်မဲ့သော လှုပ်ရှားခြင်းက အဘယ်မှာ သန်စွမ်းနိုင်ပါမည်နည်း။
လယ်သမားကြီး ဖိုးရွှေသီးနှင့် လယ်သူမကြီး မယ်မင်းဘုံတို့မှာ လယ်သမားကလေး သာဒွန်းအောင်၏ မိဘနှစ်ပါးဖြစ်သည်။ အဖေတို့၏ လယ်သမားဘဝကို သာဒွန်းအောင်က သွေ့ရိုင်းသော မြက်ခြောက်တောပမာ မြင်ခဲ့ရ၏။
“ငါတို့တစ်တွေဟာ ဒီလိုနဲ့ပဲ သေသွားကြရတော့မှာလား...”
အဖေ လယ်သမား၊ သား လယ်သမား၊ အဖေလည်း ငတ်၊ သားလည်း ငတ်၏။ လွမ်းပုံဟောင်းကို ထပ်လောင်းရွတ်ဆိုရပါလျှင် ဖိုးရွှေသီးတို့၏ ဓားမဦးချ လယ်ကလေးတွေပြုတ်ပြီး ကြွေးနှောင် အထပ်ထပ်တို့ ရစ်ပတ်ခြင်းခံရမှုမှာ စတီးဘရားသား စသော ဗမာ့ ဆန်စပါးဈေး ချုပ်ကိုင်သူများ၏ စပါးဈေးနှိမ့်ချမှုကြောင့်ပင်ဖြစ်သည်။ ဒီနှစ် သာဒွန်းအောင် လယ်ကို စွန့်ပစ်လိုက်တာကလည်း စပါးဈေးနိမ့်ကျလွန်းသောကြောင့်ပင် ဖြစ်၏။ မိုးသုံးနှစ်ဆက် ခေါင်၍ မျိုးသာသာမျှသာ ရသော လယ်ထွက်စပါးက ၂၈၅ိ သော စပါးဈေးအောက်ဝယ် ပက်လက်မျောရတော့သည်။ လင်မယား နှစ်ယောက်လုံး၏ ကူလီခက ဘယ်မှာလဲ။ နွားနှစ်ကောင်အတွက် ကူလီခကကော ဘယ်ရောက်သွားပြီနည်း။ တစ်မိုးလုံး တစ်နွေလုံးနှင့် ကောက်မရိတ် မချင်း စားခဲ့ရသော ထမင်းဖိုးကလည်း ရှုံးလိုက်ပြန်သေးသည်။
“ငါတို့တစ်တွေဟာ ဒီလိုနဲ့ပဲ သေသွားကြရတော့မှာလား”
ဟုတ်ကဲ့ ဒီလိုသာပဲ သေသွားကြပါတော့လေ။ ဒီဝဋ်မှ လွတ်စေကျွတ်စေရန်အတွက် မြေကြီးဆုံးအောင်ပဲ ပြေးသွားပါဦးတော့၊ ဒီလိုနဲ့ပဲ သေရပါမည်၊ မှန်သည်၊ ထူးခြားချက်ကကော ရှိနေပါသေးသလား။ စိတ်ဓာတ်၏ ကျဆင်းမှုနှင့်အတူ လူသားတိုင်း၏ ဆုတ်နစ်သော လုပ်အားများကလည်း လူ့လောက၏ တစ်ခုသော အစွန်သို့ ပြေးထွက်ကုန်ကြရပေပြီ။
ဒါကိုတော့ သာဒွန်းအောင်ကိုပင် လက်ညှိုးညွှန်ရပေမည်။
လယ်ပြင်သို့ ရောက်တိုင်း ရောက်တိုင်းပင် သာဒွန်းအောင်အတွက် အမင်္ဂလာနှင့် ကြုံဆုံရသည်။ ညောင်ပင်ခြေရင်းဝယ် ပစ်လှဲလို့သာ ထိုင်ချလိုက်မိသည်။ ဟစ်၍ဟစ်၍ ငိုလိုက်ချင်ပါ၏။ မျက်ရည်က မယိုစိမ့်လာနိုင်။ ရင်တွင်းဝယ် ကြမ်းသောလက်ကြီး အစုံဖြင့် ဆုပ်ကိုင်မွှေရမ်းခံရသလို နာကျင်ဆို့နင့်နေရသည်။ ခြေသလုံး တစ်ပတ်ရစ်မြှုပ်အောင် ထွန်ယက်ခဲ့ရသော သမန်းပြင်က သာဒွန်းအောင်၏ အသည်းစိုင်ကို ရွှင်လန်းအောင် ဖန်တီးမပေးနိုင်၊ သွေ့ခြောက်နေသော အသွင်၊ ဝါကျင်နေသော အဆင်း၊ လိမ်ကွေးနေသော ရုပ်ပြဖြင့် ဝမ်းနည်းသူကိုမှ ငိုချင်အောင်ပြောင်စ နေသော ကောက်ပင်တောက ကြည့်လိုက်တိုင်းလျှင် ရင်ဝယ်ဆို့နင့်သွားစေလေ၏။
ဒါကို မက်မောခင်တွယ်နေလို့လည်း သုညတွင်းမှ အရေအတွက် ထုတ်ယူမရနိုင်သောကြောင့် မိမိ၏ ချောင်လည်ရေးကို ရှာကြံရတော့သည်။ စင်စစ်တော့ လူပေါ်လူကြော့ အလုပ်ဟူ၍ ခေါ်ဆိုလိုကလည်း ခေါ်ဆိုနိုင်ပါသေး၏။ ထို့ပြင် ခေါင်းပုံဖြတ်၊ လှီးစား၊ ဖြတ်စား။
သာဒွန်းအောင်မှာ လှည်းတစ်စီးဖြင့် နီးဝေးနှံ့စပ် လှည့်ပတ်သွားလာနေသည်။ အပေါင်းအသင်းများရှိရာ ကိုင်းထဲကျွန်းထဲသို့ သွားရင်း ကိုယ့်နွားကို ကြိုက်လည်း မကြိုက် ငွေများများစားစား ပေးပြီးလည်း အစား မဝယ်နိုင်သော သူများထံမှ အလိုက် ငွေပိုကလေး အသင့်အတင့်ရ လျှင် သာဒွန်းအောင်က သူ့နွားနှင့် လဲလှယ်လိုက်၏။ နွားကောင်လုံးလည်း မပျောက် ငွေလည်း ရသော အလုပ်မို့ တစ်ဖက်တစ်နည်းချောင်လည်စေသော နည်းပင်ဖြစ်သည်။ ဤသည်ပင် ‘ပေါင်သားလှီးခြင်း’ ဟု ခေါ်ဆိုကြပေ၏။
“သာဒွန်းအောင်ရာ … မစားရလည်း နေပါစေဟာ ... ဒီနွားတွေကိုတော့ မလဲပါနဲ့တော့”
မိထွေးက နွားတင်းကုပ်တွင်းရှိ ဖီးဖီးကြော့ကြော့ နွားထီးကြီး နှစ်ကောင်ကို ကြည့်ပြီး သာဒွန်းအောင်ကို တောင်းပန်လိုက်သည်။
“အံမာ … နွားခိုက်လို့ မွဲမှာသေမှာကိုများ ကြောက်သေးသလားဟ။ ဒါထက်ကော မွဲနိုင်သေးသလား။ သေသွားတော့ကော ဒီသောက်ငတ်သောက်မွဲဘဝကို မက်နေသေးသလားဟ။ စောစောသေရင် စောစော ဝဋ်ကျွတ်တာပေါ့ဟာ..”
အံကိုကြိတ်၍ လက်သီးကိုဆုပ်ပြီး “ဟဲ့ လောကဓံ နင်ဟာ ဒါထက်မွဲအောင် တတ်နိုင်သေးရဲ့လား” ဟု မထေမဲ့ဝှန်ကြိမ်းဝါးလိုက်သံမှာ ငိုသံစွက်သော သံတုန်ဆွေးကြီးက ရင်တွင်းဝယ် အဘယ်မျှ နာကြည်းနေကြောင်းကို ဖော်လှစ်နေပေသည်။
“ကြောက်တာပေါ့ဟာ ... နင် တညောင်ရွာက ငါးဆယ်အလိုက်ရလို့ လဲလာတဲ့ နွားကြီးတုန်းကများ ငါဖြင့် အစာတောင် မကျွေးဝံ့ဘူး။ သူ့ကို ဘယ်တော့ ကြည့်လိုက်ကြည့်လိုက် ဆောင့်ဆောင့်ကြီး ထိုင်နေတာပဲ”
ခြင်္သေ့ထိုင် ထိုင်သောနွားကို နွားဘီလူးသခင် သေတတ်သည်ဟု ပြောစမှတ်ပြုကြသော်လည်း သာဒွန်းအောင်တို့လင်မယားမှာ သေလည်း မသေ၊ နာလည်း မနာခဲ့၊ ဂြိုဟ်ဆိုးကံဆိုးတွေ ထူထဲစွာ ဝန်းဆို့နေသည့် အထဲသို့ အသေးအဖွဲ့ကိစ္စကလေးက တိုးနိုင်ဟန် မတူ။
အိမ်သို့ သာဒွန်းအောင် တစ်ခေါက်ပြန်လာတိုင်း မိထွေးမှာ ရင်ကိုမ ဘုရားကို တရသည်။ ဟုတ်သည် မ, ရပေမည်။ တစ်ခါပြန်လာလျှင် နွား၏ အမြီးကြီးမှာ မြေကို ဒရွတ်တိုက်လျက်သားပါလာသည်။ မွဲပင်မွဲသော်လည်း မိထွေးက မွဲဆိုသော စကားလုံးကိုတော့ ကြောက်ရွံ့လှသည်။ နွားတံမြက်လှဲ၊ အိမ်တံမြက်လှဲ ချွတ်ခြုံကျအောင် မွဲ ဆိုမဟုတ်လား။ ရင်ပုံကြား၊ လက်ကြား၊ မျက်ကြားဘဲ၊ နံနိမ့်စသည်ဖြင့် သူတစ်ပါး ရှောင်သမျှ နွားတို့သည် သာဒွန်းအောင်၏ နွားတင်းကုပ် အတွင်းသို့ ဝင်လိုက်ထွက်လိုက်နှင့်။ ကြာတော့လည်း မိထွေးမှာ ရိုးသွားတော့သည်။ ရိုးသွားရုံသာ မဟုတ်၊ ကိုယ့်လက်ထဲက နွားကို အခြားလဲလှယ်လိုသူ၏ အမြင်တွင် စိုပြည်ဝဖြိုးနေပါမှ အလိုက်များ များရမည်ဟူသော အသိက မိထွေးအား ရောက်လာသမျှ နွားများကို အရိပ်တကြည့်ကြည့် ကျွေးမွေးနေအောင် စေ့ဆော်ပေးလေ၏။
တစ်နေ့။
“သာဒွန်းအောင် … သာဒွန်းအောင် - ဟဲ့ ဟဲ့”
မိထွေးက နွားတင်းကုပ်ထဲမှ နေပြီး အလန့်တကြား အော်သောကြောင့်
“ဟ ဘာတုန်း ဘာတုန်း ဘာဖြစ်တာလဲဟ”
သာဒွန်းအောင်မှာ တဲထဲမှ ပြေးထွက်လာ၏။ မိထွေးကိုကြည့်လိုက်တော့ ပါးစပ်အဟောင်းသား၊ မျက်လုံး အဝိုင်းသားနှင့် ထိတ်ရွံ့အံ့သြနေသည်။
“မိထွေး ဘာလဲဟင်”
“နင် လဲလာတဲ့နွားကို သေသေချာချာကြည့်ပါဦး”
“ဘာဖြစ်လို့လဲ”
သာဒွန်းအောင်က သေချာပတ်နပ်စွာ ကြည့်ပြီးမှ လဲခဲ့သော နွားဝါကို တစ်ဖန် ပြန်ကြည့်လိုက်ရပြန်သည်။
“ငါလည်း နွားပိုက်ပဲ အောင်းမေ့ပြီး အစာကျွေး နေတာဟ၊ အဲဒါ ငါအစာကျွေးနေတုန်း၊ သေးပေါက်တော့ ငါလည်းထိတ်ပြီး အော်မိတာဟ၊ သေးပေါက်တာက ဗိုက်အောက်က မဟုတ်ဘူးဟ၊ အမြီးကို မပြီး နောက်က ပေါက်တာ”
“ဟေ”
သာဒွန်းအောင်ပါ ပါးစပ်ပြဲရပြန်တော့သည်။
“ဟင်း ... ကြည့်စမ်း”
မိထွေးက အမြီးကို ဆွဲလှန်ပြလိုက်သည်။ နွားမမှ နွားမအစစ်၊ သို့သော်လည်း ထူးဆန်းသော နွားမပါ တကား။ အမြီးကိုသာ လှန်မကြည့်ရင် ဘယ်နွားဝိဇ္ဇာပဲ ဖြစ်ဖြစ် နွားမဟု မပြောနိုင်။ ချိုကားကြီးနှင့် စွင့်နေအောင် သရုပ်ဆောင်ထားသည်။ အလျားကောင်း၏။ ကဲလား ကောင်းသည်။ ခွာကျတာကအစ နွားပိုက် (နွားထီး) ပင် ဖြစ်၏။ ဗိုက်အောက်မှာလည်း နွားထီး၏ ကျင်ချောင်းပါသည်။ သို့သော် ဤပစ္စည်းမှာ အတု ဖြစ်သည်။ အရေခွံအတန်းကလေးနှင့် ရှုံ့တွတွ အရေခွံဖုဖုကလေးများမှာ နွားထီးအသွင်ကို ဖန်ဆင်းထားသည်။ တကယ်တန်း ကျင်ငယ်စွန့်ခါမှ ဘွားဘွားပေါ်ရခြင်းဖြစ်၏။
“အသာနေ အသာနေ လူကြားသွားမယ်”
သာဒွန်းအောင်က မျက်ကလဲဆံပျာနှင့် လက်ခါခါ ခြေခါခါ ပိတ်ထားလိုက်သည်။ သို့တစေလည်း အခါတိုင်းမူ ကိုယ်က အလိုက်ရနေကျ သာဒွန်းအောင်မှာ ဒီတစ်ချီတော့ ငွေအစိတ်လိုက်ပြီး မြောက်ခွင်သားတစ်ယောက်၏ လက်သို့ ထည့်လိုက်ရသည်။
လွန်ခဲ့သော တစ်လခန့်က နောက်ဆုံးရောက်လာသောနွားကြီး တစ်ရှဉ်းကို မိထွေး မြင်ရသောအခါ ‘သာဒွန်းအောင်ရာ ဒီနွားကြီးတစ်ရှဉ်းကိုတော့ မလဲပါနဲ့ ဟာ’ ဟူ၍ ဆိုလာတော့သည်။ အသွေးညီအမွေးညီ နှင့် နွားပြာညိုကြီးတစ်ရှဉ်းမှာ ဝမ်းဗိုက်ကားကား လည်မော့မော့နှင့် ကြော့ကြော့ရှင်းရှင်း ခန့်ခန့်သန့်လှပေရာ မိထွေးက မလဲစေချင်တော့ပေ။ အစားကလည်း ကောင်းလှသမို့ ဒီနှစ်ကောင်ကိုသာ လဲမယ် ဆိုရင်တော့ ရှုံးမှာပဲဟု ယူဆကာ ကန့်ကွက်ခြင်းဖြစ်၏။
“ကိုင်း ဒါဖြင့်လည်း လှည်းငှားကလေး ဘာကလေး လိုက်ရှာပေတော့”
လှည်းတိုက်မှာ လိုက်ရတစ်ချက် မလိုက်ရတစ်ချက်နှင့်အားလပ်ချိန်က များလာသောအခါ ကိုငွေကိုင့်အိမ်မှ သုံးပုံဖဲဝိုင်းကို သွားကြည့်မိတော့သည်။ သူများ ရယ်မောလို့လည်း ဘာကြောင့် ရယ်မှန်းမသိ အငေးသားနှင့် ထိုင်နေရာက ရှမ်းဗမာ ခွဲတတ်လာသည်။ တဖြည်းဖြည်း ထေတတ်တွေးတတ်လာသော အခါ ဝင်၍ ကစားမိပေ၏။ ဖဲမှာတစ်ထုပ်ပဲ ရှိသည်။ ကစားချင်သူက အများကြီးမို့ တစ်ယောက်ထနိုး တစ်ယောက်ထွက်နိုးနှင့် တစ်နေကုန်လို့ တစ်ခါမှ မကစားရဘဲ ပြန်လာရသောအခါများတွင် ရင်ထဲမှာ မအီမသာကြီးဖြစ်နေရသည်။ တစ်နေ့လုံး ဖဲမကောင်းသဖြင့် အရှုံးနှင့် ပြန်လာရသော ကာလများဝယ် ငိုချင်သလို ဆဲချင်သလိုနှင့် ဖြစ်လာရကာ မိထွေး ကပါ ဆီးကြိုဆူ ပူလိုက်ပါမူ မီးတောက်ကြလေသည်။
ဖဲဆိုတာမျိုးကလည်း ကြီးမားသော ညို့ဓာတ် ပြင်းထန်လှပေ၏။ မယား ဆိုတာမျိုးကလည်း ပါးစပ်ကသာ ‘မောင့်ကို ဓားနဲ့မိုးရင် ခါးထိုးလို့ ခံပါ့မယ်’ ဆိုသော်လည်း မလုပ်မကိုင် သုံးပုံဖဲဝိုင်း၌ ရစ်မူးဖန် များသောကာလ၌ ငြူစူဆောင့်အောင့် လာစမြဲပင်။
လူသားတစ်ယောက်၏ အကျင့်စာရိတ္တ ပျက်ယွင်းမှုမှအစ တိုင်းပြည်တစ်ပြည် ဆုံးပါးစေရေးအထိ ချုပ်နှောင်ဖမ်းစားနေသော ငွေဆက်ဆံရေး လောကဝယ် ငွေကြေးကြပ်တည်း၊ ကျဉ်းမြောင်းခြင်းက သာဒွန်းအောင်တို့ အိမ်ထောင်အတွက် ပွေလိမ်ယှက်ထွေးသော ဆူးညှောင့်များ ဖြစ်လာရ၏။ စီးပွားရေး ကြပ်တည်းလျှင် မယား၏ ပီယဝါစာသည်လည်း လင့်အတွက် မိုးကြိုးသံဖြစ်၏။ လင်၏ ယုယပိုက်ဖြားမှုသည်လည်း မယားတွင် ရိုက်ပုတ်ကန်ကြောက်ခြင်း ဖြစ်စေ၏။
ဤသို့သော ကားချပ်ကို ခံထားသော သာဒွန်းအောင်တို့၏ ရုပ်စင်ဝယ် သာဒွန်းအောင်၏ တဒင်္ဂပီတိကို ဖြစ်မှုကို လာရောက်ဖျက်ဆီးသော မိထွေး၏ မျက်နှာကို မကြည်ချင်ဘူးဆိုသည်မှာ မှန်ကန်လှပါပေသည်။
“တို့တစ်တွေဟာ ဒီလိုနဲ့ပဲ သေကြရတော့မှာလား”
သာဒွန်းအောင်မှာ ပူပြင်းလှသော နေအရှိန်ကိုမှ အမှတ်ထားမိပါစ၊ ကျိုးနေသော ဇက်နှင့် ခြေက တစ်လှမ်းချင်းလှမ်းလာနေပါ၏။တကယ်တော့မူ သေဆုံးကြေပြုန်းခဲ့ရသည်မှာ ကြာလေပြီကော၊ စီးပွားပျက်ခြင်းသည် တရားလမ်းကျနခြင်းကင်းမဲ့စွာ ဖိစီးလာသော ကာလဝယ် လူသားတို့၏ တန်ခိုးအင်အားသည် ကျဆင်းကုန်ခမ်းရကာ တက်ကြွခြင်း ကင်းလာရ၏။ အမှောင်မဲမဲတွင်းဝယ် ဒါသည်ပင် သေခြင်းမည်ပေ၏။
“ဟေ့ သာဒွန်းအောင် လုပ်လကွာ”
တဲရှေ့သို့ ကိုဆေးရိုး၏ လှည်းက ထိုးရပ်လိုက်သည်။ ကိုဆေးရိုး၏ လောတိုက်သံကပါ ညံလာ၏။ ကိုဆေးရိုးက သူ့လှည်းပေါ်တွင် တင်ပလ္လင်ခွေပြီး ဆေးလိပ်မီးညှိနေစဉ်တွင် သာဒွန်းအောင်က နွားပြာညိုကြီးနှစ်ကောင်ကို ရှေ့မှ တစ်ကောင်ကို မောင်းပြီး နောက်မှ တစ်ကောင်ကို ဆွဲယူလာရာ ဘို့ခပ်ထွားထွားနှင့်နွားကြီးမှာ သူ့အလိုအလျောက် သူ့အတိုင်ဘက်သို့ သူ ဝင်သွားတော့သည်။ အလှည့်ဘက်မှ ဂျိုကားကြီးကလည်း လှည်းထဲသို့ တည့်အောင်ပင် မဝင် ထမ်းပိုးအောက်လို့သာ အတင်းခေါင်းလျှိုလိုက်၏။ သာဒွန်းအောင်က ထမ်းပိုးကြိုးကိုပတ်၊ လှည်းဒေါက်ကို ဖြုတ်၊ ကန်ကြိုးနှစ်စကို လှည်းပေါ်သို့ ပစ်တင်ပြီး နှင်တံကို ဝင့်လျက် မောင်းလိုက်သောအခါ နွားကြီးနှစ်ကောင်မှာ လှုပ်ရုံမျှပင် မလှုပ်။
“ဟဲ့ အောင်မယ် … မကြားဘူးလားဟ”
သာဒွန်းအောင်က အလှည့်ဘက်မှ နွားကြီးကို ဖတ်ခနဲ နှင့်တံဖြင့် တို့လိုက်ရာ၊ လှည်းထမ်းပိုးမှာ ညာဘက်သို့ စောင်းသွားတော့သည်။
“ဟ ဒီနွားကြီးကကော သေချင်ပြီလား”
တစ်ဖန် အတိုင်ဘက်မှ နွားကြီးကို အသာကလေး တို့လိုက်ပြန်သည်။ နွားကြီးက မလှုပ်၊ စားမြုံ့ပြန်ပင် မပျက်။
“ဟဲ့”
နောက်တစ်ချက် ခပ်ပြင်းပြင်းကလေး ချလိုက်ပြန်သော်လည်း ဘို့ထွားကြီးမှာ လှုပ်လည်း မလှုပ်၊ အမြီးကလေးသော်မှ မခပ်ဘဲ လေးဘက်ခွာစုံ ကား ခံနေသဖြင့်၊ အဆဲမျိုးစုံနှင့် ရိုက်သံတို့သည် ဆက်ကာဆက်ကာ ထွက်ပေါ်လာ၏။
နှင်တံတစ်ချောင်းလုံးမှာ သေးသေးမျှင်မျှင်ကလေး တွေ ဖြစ်သွားသည်အထိ ကွဲကြေကုန်သည်နှင့် အညီ၊ ဘို့ထွားကြီး၏ ကျောတပြင်လုံးမှာလည်း ကြိမ်ရာတို့သည် အမြှောင်းအမြှောင်း အစင်းလိုက် အစင်းလိုက် ထပ်စီနေလေသည်။
“ကိုင်းဟာ ... ကိုင်းဟာ ...”
နှင်တံကို အဖျားမှ ကိုင်ပြီး အရင်းပိုင်းဖြင့် ဆက်ကာဆက်ကာ တအားရိုက်ပြန်သော်လည်း စဉ်းငယ်မျှ မရွေ့ အရင်းပိုင်းသာ ကွဲမှုန်ကြေမွသွားလေသည်။
“ကိုင်း … သိကြရောပေါ့ကွာ ... နင်ကပဲ ရွတ်သလား၊ ငါကပဲ ရွတ်သလား စမ်းကြတာပေါ့”
သာဒွန်းအောင်က ခြင်မီးထည့်ဖို့ ရှာထားသော ထန်းရွက် တစ်ချပ်ကို ဆွဲယူလာပြီး မီးရှို့ကာ ဘို့ထွားကြီး၏ ဗိုက်အောက်သို့ ထိုးသွင်းလိုက်၏။ ဝမ်းဗိုက်ရှိ အမွေးများကို အရှိန်ပြင်းစွာ မျိုဝါးသွားရုံမျှမက၊ အရေခွံတစ်ခုလုံးပါ မည်းခြစ်သွားပြီ။ သာဒွန်းအောင်က ဘို့ထွားကြီးကို မော့ကြည့်ပြီး။
“ကိုင်း ငါမှန်းသိပလား”
ကြိမ်းလို့သာ ကြိမ်းရသော်လည်း ဘို့ထွားကြီးမှာ နေရာမျှပင် မရွေ့ ၊ ကိုဆေးရိုးမှာမူ လူမိုက်နှင့် နွားမိုက်တို့၏ အစွမ်းပြိုင်ပွဲကို အံ့သြထိတ်လန့်စွာ ငေးကြည့်နေရှာပေ၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 သွေးသောက် မဂ္ဂဇင်း
၁၉၅၅၊ ဩဂုတ်
No comments:
Post a Comment