❝ လူတန်းစားနီ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁ ။
ရွက်ဟောင်းတို့ ကြွေလေပြီ ။ နုသစ်သော ပုရစ်ညွန့်တို့သည် နှစ်ဦးကို ငံ့ကြိုလျက် ကိုက်ဖူးစ ပြုပေပြီ ။ ရမ်းဘိုကုန်းရွာတွင်းရှိ မန်ကျည်းပင်များထက်တွင် တေးတကျော်ကျော် ပျံ့လွင့်လာလေ၏ ။ မန်ကျည်းရွက်ခူးသော လူကြီးလူငယ် ၊ မိန်းမယောက်ျား ၊ ပျိုအိုတို့၏ တေးသံနွဲ့သည် နွေဦး၏ လေရူးနှင့်အတူ ထွက်ပေါ်လာခဲ့သည် ။
ရာသီကား အလင်းရာသီပေတည်း ။
ရမ်းဘိုကုန်းရွာငယ်၏ မြောက်ဘက် ချောင်းထဲတွင် “ စမ်း ” သင့်ရာကို လိုက်၍ စိုက်ပျိုးထားသော ကြက်သွန်ခင်းများသည် မြရောင်ဖြင့် ဝေမှောင်နေ၏ ။ ကြီးမားပြန့်ကျယ်သော မြကမ္ဗလာကြီးသည် ဧရာဝတီမြစ်သို့ တိုင်အောင် ဖြောင့်ဖြောင့်တစ်နည်း ၊ ကွေ့လိမ်လိမ်တစ်တန်ဖြင့် ရှည်လျားစွာ ဖြန့်ခင်းထားပေသည် ။ ရွာ၏ တောင်ဘက်တွင်မူ ရွက်ကျဲများဖြင့် ဆင်ယင်ထားသည့် သရက်တောအုပ်၌ ရွှေရောင်လွင့်နေသော ကောက်ရိုးပုံ အသစ်များ ၊ ကောက်လှိုင်းဆိုင်များ ၊ ကောက်ပြန့်နှင့် စပါးပုံများဖြင့် ပြည့်နှက်နေ၏ ။
“ ဟဲ့ နွား ၊ အို ဒီနွားကြီးဟာ ... ”
တရှဲရှဲနှင့် ထွက်ပေါ်နေသော ကောက်ရိုးချသံ ၊ တဖန်းဖန်းနှင့် ပေါ်ထွက်နေသော ကောက်ပေါက်သံများ ကြားမှ တဟင်းဟင်း တဟဲ့ဟဲ့နှင့် ထွက်ပေါ်လာသော နွားမောင်းသံများကိုကား ရွာထဲမှပင် ကြားနိုင်ပေမည် ။
အရှေ့မိုးကုတ်စက်ဝိုင်းဆီမှ ကြယ်နီကြီး ထွက်ပေါ်လာသည့်အချိန်တွင် အိပ်မောကျနေသော တလင်းသိုက်မှာ လွန့်လူးနိုးကြားလာရသည် ။
နွားရိုက်သံ ၊ ငေါက်သံ ၊ ဆဲသံနှင့် အော်သံ ၊ ခေါ်သံများသည်လည်း ကြယ်နီကြီးနှင့်အတူ ထွက်ပေါ်လာစမြဲဖြစ်သည် ။
“ ဘညိန်း ... ဟဲ့ ဘညိန်း ”
ကိုဆေးရိုး၏ အသံသည် မှောင်ရိပ်ဝိုးဝါးအောက်၌ ထွက်ပေါ်လာသည် ။ သူ့နောက်၌ ခိုင်းနွားကြီးနှစ်ကောင်နှင့် နွားမသားအမိသည် တရှူးရှူးမြည်ကာ ကောက်ပြန့်ကို လှမ်းဟပ်နေ၏ ။ သူသည် ထိုနွားများကို ရွာထဲမှ ဆွဲလာခဲ့ရခြင်းဖြစ်သည် ။ ငြိမ်းချမ်းရေးသည် လည်းကောင်း ၊ ငြိမ်ဝပ်ပိပြားရေးသည် လည်းကောင်း ၊ လေထဲ၌ အသံအဖြစ် လွင့်ပါသွားကာ စာရွက်ပေါ်၌ စာလုံးအဖြစ် တည်ရှိနေခြင်းမှတစ်ပါး မည်သို့မျှ အထည်ဒြပ် အဖြစ် ပေါ်ပေါက်ရပ်တည်နေခြင်း မရှိသောကြောင့် လက်ရုံးအလား ၊ အသက်သခင်သဖွယ် ကူညီသော ခိုင်းနွားကြီးနှစ်ကောင်ကို ရွာထဲသွင်း ပြီး ညသိပ်ရရုံမက အလုံကာရံထားသော နွားတင်းကုပ်ထဲမှာပါ ထည့်သွင်းထားရ၏ ။
လူသားများ အချင်းချင်း တိုက်ခိုက်သ,တ်ဖြတ်နေသောကာလဝယ် ထိုမြေပေါ်၌ စီးပွားပျက်ကပ်သည် ဘယ်မန္တာန် ၊ ဘယ်အင်းအိုင်နဲ့မျှ တားဆီးမရနိုင်အောင် ဆိုက်ရောက်လာရ၏ ။ မရှေးမနှောင်းပင် လူတို့၏ လူ့ကျင့်ဝတ်များ ကျိုးပေါက်လာသည် ။ အကျင့်စာရိတ္တများ ယိုယွင်းကုန်သည် ။ မုဒိမ်း ၊ ဒန္တနှင့် ခိုးသားဓားပြတို့ ထကြွလာသည် ။ အဆုံး၌ နွားကိုပင် ခိုးယူရောင်းချခြင်းဖြင့် လည်းကောင်း ၊ သ,တ်ဖြတ်စား သောက်ခြင်းဖြင့် လည်းကောင်း ၊ ကြုံတွေ့ရသော ပြဿနာများကို ကျွမ်းကျင်သလို ၊ လွယ်ကူသလို ဖြေရှင်းလာကြ၏ ။ နွားခိုးပေါသော ကာလမို့ ကိုဆေးရိုးတို့မှာ နွားတွေကို ခါတိုင်းလို တလင်းထဲမှာ မသိပ်ဝံ့ကပြီ ။ နွားတွေမှာ ကြားထဲမှ ကျဉ်းကျပ်မှုကို အချောင်ခံစားကြရလေ၏ ။ သေးပေါက်တာက တစ်နေရာ ၊ ကျင်ကြီးစွန့်တာက တစ်နေရာ ၊ အိပ်တာက တစ်နေရာ စသည်ဖြင့် မခွဲခြားနိုင် ။ နေရာသန့်တွင် မအိပ်နိုင်တော့ဘဲ သခင်ထားသလိုသာ ကျဉ်းကျပ်စွာဖြင့် အလုံပိတ်ထားသော တင်းကုပ်ထဲမှာ အိပ်ကြရလေသည် ။
“ တယ် ဒီကောင်လေးဟာ ၊ ဟဲ့ ဘညိန်း ”
ကိုဆေးရိုးသည် နွားတွဲကို သရက်ပင်ရှိ သံငုတ်တွင် ချည်ထားခဲ့ပြီး လှည့်လည်ခေါ်အော်နေ၏ ။ ကောက်ပြန့်၏ ဘေး ၊ သရက်ပင် အောက်တွင် ထန်းရွက်မိုးဖြင့် တစ်ဖက်ရပ် တဲကလေးသည် တည်ရှိ၏ ။ ရည်ရွယ်ချက်က သည်ထဲမှာ အမောအပန်းဖြေရန် ၊ နားနေရန် ၊ အိပ်စက်ရန်ပင် ဖြစ်သည် ။ သို့ရာတွင် အဟန့်အတားသဘောမျိုးဖြင့် တလင်းကို စောင့်အိပ်သော ဘညိန်းသည် ထိုတစ်ဖက်ရပ်တဲကလေးတွင်း၌ မရှိချေ ။ နေ့လည်နေ့ခင်းတွင် ခေတ္တမျှ အိပ်ရုံမှတစ်ပါး မည်သည့်အခါကမျှ သည်တဲထဲတွင် ညမအိပ် ဖူးပါချေ ။
ဘာ့ကြောင့်နည်းဟု မေးစရာမလို ။ အဖြေသည် ရှင်းနေ၏ ။ တစ်ကောင်လျှင် နှစ်ရာ ၊ သုံးရာမျှသာ တန်သော နွားကိုပင် ဆွဲသွားကြသေးလျှင် အဖိုးမဖြတ်နိုင်သော လူကိုလည်း လွယ်လွယ်တွေ့လျှင် ဆွဲသွားကြမည်သာဖြစ်ရကား အသက် ဆယ့်ရှစ်နှစ် ထဲသို့ ဝင်ရောက်စပြုပြီဖြစ်သဖြင့် စဉ်းစားတွေးတော မှု၌ မညံ့ဖျင်းတော့ပြီဖြစ်သော ဘညိန်းသည် အဘယ်မှာလျှင် အရူးအခေါ်ခံ၍ မိုက်မဲစွာဖြင့် ထိုတဲကလေး ထဲတွင် အိပ်စက်ပါမည်နည်း ။ ထို့ကြောင့်ပင် ကိုဆေးရိုးသည် အိပ်မောကျနေသော ဘညိန်းအား ရှာမတွေ့ ၊ ခေါ်မရ ဖြစ်နေရလေသည် ။
“ ဟေ့ လူလေး ဘညိန်း ”
ကိုဆေးရိုးသည် ပုံလက်စ ကောက်ရိုးပုံအသစ်ပေါ်သို့ တက်ကြည့်၏ ။ ကောက်လှိုင်းဆိုင်ကို “ ပေတံမြက်စည်း ” ကြီးဖြင့် တဖျန်းဖျန်းမြည်အောင် လျှောက်ပုတ်ရင်း တစာစာခေါ်နေသည် ။
“ ဟဲ့ ဘညိန်း ... ဘညိန်း ... ဘညိန်း ”
ဘညိန်း၏ ထူးသံကား မပေါ်လာပေ ။
“ တယ် …. ဒီကောင်လေးဟာ ဘယ်များ သွား အိပ်နေပါလိမ့် ။ ဘညိန်းရေ ... ဟဲ့ ဘညိန်း ”
ကိုဆေးရိုးမှာ ဘညိန်းကို ရှာမတွေ့သဖြင့် မြည်တွန်တောက်တီးလျက် ပေတံမြက်စီးကြီးကို ကောက်လှိုင်းဆိုင်ပေါ်သို့ ဆောင့်ပစ်လိုက်မှ “ အမယ်လေးဗျ ” ဟူသော ဘညိန်း၏ အသံက ကောက်လှိုင်းဆိုင်ပေါ်မှ ထွက်ပေါ်လာသည်တွင်
“ ဟဲ့ လူလေးရဲ့ ခေါ်လိုက်ရတာကွာ ” ဟု မော့ကြည့်ကာ ပြောလိုက်လေ၏ ။
“ ကြယ်နီကြီးတောင် တော်တော်မြင့်လာပြီဟေ့ ။ ထ ... ထ ။ ငါ နွားတွဲ တင်လိုက်မယ် ”
ကိုဆေးရိုးက နွားများ၏ နှုတ်သီးကို ခြင်းစွပ်ရင်း လှမ်းပြောလိုက်စဉ် ဘညိန်းက ကောက်လှိုင်းများ ကြားမှ စောင်ကြီးကို ဖိုသီဖတ်သီဖြင့် ဆင်းလာသည် ။
“ အဖေက ဘယ်တွေ့မလဲ ၊ ကျုပ်က ကောက်လှိုင်းဆိုင်ကြီးကို ချိုင့်ဖြစ်အောင်လုပ်ပြီး လူက အထဲဝင် ၊ ပြီးတော့မှ အပေါ်က ကောက်လှိုင်းတွေကို ပြန် တင်ထားတာကိုး အဖေရ ... ”
ဘညိန်းက ရွှင်ရွှင်မြူးမြူးဖြင့် ပြန်ဖြေရင်း ကောက်ရိုးတစ်ပွေ့ ကို ယူကာ မီးလှုံနေလိုက်သည် ။ ခေါင်းပေါ်မှ သရက်စေးများသည် တဖျောဖျောသွန်ကျလျက် ဆောင်းနှောင်း၏ နှင်းကြွင်းနှင့် ပြိုင်နေပေ၏ ။
••••• ••••• •••••
“ သားရေ … ဘယ်နှစ်ပြန်စာလောက် ကျန်သေးသလဲ ”
ဆွမ်းခံဝင်ခဲ့ပြီ ။
သည်အချိန်ကျမှပင် မကျီးဒန်က ထမင်းကြမ်း လာပို့လေသည် ။ စပါးနယ်ချိန်ကျလျှင် တလင်းတိုင်း၌ မုန့်ဟင်းခါး ၊ မုန့်လက်ဆောင်း ၊ မုန့်ဖက်ထုပ် ၊ မန်းမရွေး စသော ဈေးသည်တို့၏ ခြေရာချင်းသည် ထပ်လျက်ရှိ၏ ။ သူတို့၏ အော်သံသည် ညံစီလျက် ရှိမြဲပေ ။ နံနက်စောစောဆိုလျှင် မုန့်ပေါင်းသည်နှင့် ကောက်ညှင်းပေါင်း ပဲပြုတ်သည်တို့သည် ဆိုက်ရောက်လာလေ့ရှိပေသည် ။ သို့ရာတွင် ကိုဆေးရိုးတို့ သားအဖမှာ တလင်းပြင်ပေါ်မှ စပါးကို လက်ခုပ်နှင့် ကျုံးပေးလိုက်ရုံနှင့် ရနိုင်သော အစားအစာများကို ဝယ်ယူ မစားမသောက်ကြပေ ။ အိမ်မှ လာပို့မည့် ထမင်းကြမ်းကိုသာ စောင့်ဆိုင်း၍ စားသောက်နေကြ သူများ ဖြစ်သောကြောင့် ၊ မကျီးဒန်မှာ ထမင်းကြမ်း မကျန်လျှင် ချက်ပြီး ပို့ရလေ့ရှိပေသည် ။
“ ငါးပြန့်ပဲ ရှိပါတော့တယ် ”
မကျီးဒန်က တဲကလေးအတွင်း ဝင်ထိုင်ရင်း အမှော် ချေးဆွဲနေသော သားအား လှမ်းမေးလိုက်သဖြင့် ဘညိန်းက ပြန်ဖြေသည် ။
“ ကဲ ... ကနေ့တော့ ထမင်းကြမ်း မကျန်လို့ ချက်ခဲ့ရတယ် ။ ပူပူနွေးနွေးလေး ငါးပိဖုတ်နဲ့ စားလှည့်ကြစမ်း ၊ ကိုဆေးရိုးလည်း လာ ”
“ ဟုတ်ကဲ့ အမေ ၊ လာပါ့မယ် ”
ဘညိန်းက အမှော်ချေးထည့်သော တောင်းကို စပါးပြင်ပေါ်မှ ချလိုက်ပြီးနောက် ခေါင်းတွင် ပေါင်းထားသော ပုဆိုးဖြင့် မျက်နှာသုတ်လိုက်သည် ။
“ အဖေကော ”
“ အေးဟေ့ လာပြီ ”
ကိုဆေးရိုးက နွားစာ စားရန်အတွက် အလှိုင်း မပျက် ဖယ်ထားသော နယ်ပြီးသား ကောက်လှိုင်းစည်းများကို ပုတ်ကာ နေရာမှ ပြန်ပြီး အသံပေးရင်း ထလာ၏ ။
“ မိုးဝင်းဘက်မတော့ မြေခွန်တော် လာတယ်တဲ့ ကိုဆေးရိုး ”
“ ဟေ ”
ကိုဆေးရိုး၏ လက်မှ ထမင်းလုတ်သည် ပါးစပ်ဝတွင် တန့်သွား၏ ။
“ ညည်း ဘယ်က ကြားခဲ့လဲ ”
“ အမဲသားသည်က ပြောသွားတာပဲ ”
လွန်ခဲ့သော ဆယ်နှစ်ကာလတုန်းကတော့ သည်အချိန်ရောက်ပြီဆိုလျှင် တာလမ်းဘက်မှ ဆင်းလာသည့် လှည်းလမ်းကြောင်းအတိုင်း တအိအိနှင့် ဆင်းလာလေ့ရှိသည့် လယ်ပိုင်ရှင်ကို ရင်တထိတ်ထိတ်ဖြင့် မျှော်ရသည် ။ တမ်းတလွန်းသောကြောင့်ကား မဟုတ် ။ ချေးသွားသည့် ငွေဘယ်မျှအတွက်က စပါးဘယ်လောက် ၊ သီးစားခက ဘယ်ရွေ့ စသည်ဖြင့် စုပေါင်းကာ ပြဲလန်သော တင်းတောင်းကြီးဖြင့် ချိန်ယူ သွားလေ့ရှိသောကြောင့် မလာစေချင်သော စေတနာနှင့် မျှော်ကြည့်ရခြင်းဖြစ်သည် ။
ယခုမူ ထို မြေရှင်ကြီးများအား မနှစ်မြို့သော မျက်နှာဖြင့် ကြိုဆိုရသော ဝဋ်မှ ကျွတ်ခဲ့ပြီ ။ သို့သော်
သို့သော် အောင့်သက်သက်နှင့် ရှိခိုးကြိုဆိုခြင်းကို ခံယူသည့် လူတန်းစားသစ်များက ပေါ်ပေါက်နေလေ၏ ။ ဘာနေ့ ၊ ညာနေ့ စသည်တို့မှာ တစ်နှစ်လျှင် ဆယ့်ခြောက်ခါထက် မနည်းပေ ။ တစ်ကြိမ် ကြုံလိုက်တိုင်း ထိုနေ့အတွက် ငါးကျပ် ၊ တစ်ဆယ် စသည်ဖြင့် ဘယာကြေး အဖြစ် ထည့်သွင်းကြရသည် ။ ထို့ပြင် အကြီးအကဲများ ကြွလှမ်းလာတော်မူတိုင်း ကြီးသည် ဖြစ်စေ ငယ်သည် ဖြစ်စေ ၊ ကိုဆေးရိုးတို့ကတော့ ဧည့်ခံကြေး အဖြစ် ထည့်ရသည်သာ ။ တစ်ဖန် ရပ်ရွာနှင့် နယ်ပယ်တွင် ဓားပြ ၊ လူပြန်ပေးနှင့် နွားသူခိုးတို့ ထကြွနေသည့်တိုင်အောင် ကျည်ဆံဖိုးနှင့် လခများကိုလည်း ပေးကြရသေးသည် ။ ၎င်းပြင် လစဉ်ကြေး ၊ သဒ္ဒါကြေးတို့လည်း ရှိသေးသည့်ပြင် စပါးရောင်းရန် သွားတိုင်း ဆက်သရသော အခွန်များကလည်း ရှိသေး၏ ။ ဒါတွေနှင့်ပင် မြေပိုင်ရှင်ကြီးများအား ပေးဆက် ခဲ့ရသည်နှင့် ညီမျှနေပြီ ဖြစ်သော်လည်း မြေခွန်တော် ဟူ၍ လာနေပြန်ပါပြီကော -
“ အေးလေ စပါး ၂ စီးတိုက်စာလောက် ( တင်း ၄၀ ) ယပ်ပြီး သွားရောင်းထားရမှာပေါ့လေ ”
ကိုဆေးရိုးက ပလုတ်ပလောင်းနှင့် လေးပင်စွာ ပြန်ဖြေလေသည် ။ ဘညိန်းကမူ မျက်ခွံကို ပင့်၍ ကြည့်ရုံသာ ကြည့်တတ်၏ ။ မကျီးဒန်ကား မစင်သေးသော စပါးပြင်ကြီးကို ကြည့်ကာ ဝမ်းစာနှင့် မျိုးမှ ကျန်ပါ့မလားဟု ခန့်မှန်းနေဟန်တူသည် ။
“ ကဲ ကျီးဒန် ၊ ညည်း မပြန်သေးရင် ကောက်ပြန့် ကူပြီး ပြန့်သွားစမ်းပါဦး ”
ကိုဆေးရိုးက လက်ဆေးပြီး နေရာမှ ထလိုက်သည် ။ မကျီးဒန်က ထမီကို ခပ်တိုတိုပြင်ဝတ်လိုက်၏ ။ ယခင်ကလည်း ပင်ပန်းကြီးစွာ လုပ်ကိုင်ခဲ့ပါလျက်နှင့် မဝ ။ ယခုလည်း လျှာအလျားထွက်အောင် နွားနှင့် ဖက်ရုန်းနေရသည့် ကြားက လူလုံးမလှ ။ သို့လျှင် မလှမဝဆဲပင် ရှိသေးပေမဲ့ သူတို့ကား အဟုန် ဖြင့် လှုပ်ရှားလုပ်ကိုင်လျက်သာ ရှိ၏ ။ ဇွဲသည် လျှော့မသွား ။ သတ္တိသည် ပျော့မသွား ။
သန်မြန်ခိုင်မာသော သတ္တိ ၊ ဇွဲတို့ဖြင့် လှုပ်ရှားတိုက်ခိုက်နေဆဲမှာပင် နေစား၍ ရွှံ့ပုတ်ဖြင့် ကျံထားသော သူတို့၏ ကျောမွဲကြီးသည် ယနေ့ဆိုလျှင် ရဲရဲ နီ၍ နေပေပြီ ။ ထိုအရာကား ပြည်တွင်းစစ်ကို သဲမဲစွာ ဆင်နွှဲနေကြသော အင်အားစု နှစ်ရပ်၏ သံဖနောင့်ဒဏ် ၊ ကြိမ်ဒဏ်ချက်တို့ကြောင့် ချင်းချင်းနီကာ ယိုစီးလာသည့် သွေးအရောင်ပေတည်း ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 သွေးသောက် မဂ္ဂဇင်း
၁၉၅၈ ၊ မတ်လ
No comments:
Post a Comment