❝ တံ ဒုလ္လဘံ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
( ၁ )
ဘုရားရှင်၏ သာသနာတော်နှင့် ဆုံဆည်းကြုံကြိုက်ခဲလှ၏ ။ လူ့ဘဝသည်လည်း ရရှိခဲလှသည် ဖြစ်၏ ။ အကြင်ရခဲလှသော လူ့ဘဝ၌ လယ်သမားဘဝသည် ရပ်တည်နိုင်ခဲ ၊ မွေ့လျော်နိုင်ခဲလှသော ဘဝပင်ဖြစ်ပေ၏ ။ အကြင်လယ်သမား လူတန်းစားတို့ကား ဆင်းရဲတွင်း၌ ကြိတ်ခဲတေပေ၍ ရုန်းကန်ကာ ၊ လူသားတို့အား အကြီးမားဆုံးသော ကျေးဇူးတရားတို့ဖြင့် ပြုစုနေကြရသော်လည်း ခေါင်းပုံဖြတ်သမား လူညွန့်ခူးသမားတို့၏ အမဲ အဖြစ်ကသာ တက်လှမ်း နိုင်ကြခြင်း မရှိကြသေးပေ ။
တစ်စုံတစ်ယောက်က လယ်သမားတို့၏ ဘဝကို ကိုယ်ကျိုးမဖက် စေတနာသက်သက်ဖြင့် ဆောင် ရွက်ပါမည်ဟု ပြောလာခဲ့သော် တစ်နှစ်လာလည်း ကြွေးနဲ့ တစ်နှစ်လာလည်း သေးငယ်လှသော တဲစုတ်နှင့်သာ နေမြဲတိုင်း နေရှာကြရသော လယ်သမားတို့၏ ဘဝအား စောင်းငဲ့ကြည့်ရှုမိပြီး သံသယပွားလိုက်ရပေလိမ့်မည် ။
ညည်းညူခြင်း ကင်းသောစိတ် ၊ ဆင်းရဲမှန်းမသိသော သဘော ၊ ပညာမဲ့သော အခြေအနေတို့သည် အကြင်ရပ်တည်နိုင်ခဲလှသော ဘဝသတ္တဝါလယ်သမားတို့အား သွန်းလုပ်ခဲ့ပေသည် ။ သို့သော်လည်း ရှည်ကြာလေးမြင့်စွာ ဆင်းရဲတွင်း နက်နေရလျှင် များစွာသော လယ်သမားတို့သည် ခံစားရသော ဘဝအား ငြူစူ၍လာကြသည် ။ သည်းခံနိုင်စိတ် ကုန်ခမ်းလာကြတော့သည် ။ ထို့ကြောင့်ပင် စီးပွားရေးဖြတ်လမ်းများကို လိုက်ကြတော့သည် ။ လှည်းနွားနှင့် ဝမ်းစပါး မျှပင် မကျန်အောင် ဖဲရိုက်ပစ်ခြင်း ၊ ကြက်တိုက်ပစ်ခြင်း ၊ အဝတ်ခပ်လတ်လတ်ကလေးမျှပင် မကျန်အောင် ဓားပြတိုက်ခြင်းတို့ကား မကျွတ်လွတ်နိုင်သော ဆင်းရဲတွင်းနက်မှ ခုန်ထွက်ကြခြင်းပင် ဖြစ်၏ ။ ခါးကုန်း၍ ခံခဲ့ရသည်မှာ ရှည်မြင့်ခဲ့ပြီဖြစ်သော ဘဝမွဲအား မေ့ပျောက်ရန် သေရည်ဖြင့် ကုစားကြ၏ ။
လယ်သမားကြီး ကိုဆေးရိုးကား ကြားရသူတို့ သြချယူရလောက်အောင် ကံကိုကိုး၍ ကံကိုသာ ပစ်ချသည် ။ စက္ကန့်မနား လှည့်လည်နေသော အချိန်နာရီတို့သည်လည်း ကိုဆေးရိုးအဖို့ အလုပ်လုပ်ချိန်များသာ ဖြစ်ကြသည် ။ နောက်ဘဝက မကောင်းခဲ့လို့ အခုဘဝ မကောင်းတာ ၊ အခုဘဝမှာ ကောင်းအောင် နေရင် နောင်ဘဝမှာ ကောင်းရမှာပေါ့ ... ဟူ၍သာ တမလွန် ဘဝ၌ တင့်မားရည်မွန်နိုင်ရန် ကြိုးကြိုးကုတ်ကုတ် လုပ်၍ ရိုးရိုးသားသား နေထိုင်ရှာလေသည် ။
••••• ••••• •••••
( ၂ )
အောက်ပိုင်းဒေသ၌ သည်းထန်လှသော မိုးရာသီ၏ နှိပ်နယ်ခြင်းကို ကာကွယ်ရင်း ၊ ကျွတ်မျှော့အတွယ် ခံ၍ အားထုတ်ကြရရှာသော အောက်ဒေသ လယ်သမားတို့၏ ဆင်းရဲပင်ပန်းချက်က မိုးခေါင်ရေရှားဒေသမှ လယ်သမားတို့၏ပန်းရိနွမ်းနယ်မှုနှင့် စာပါမှ ဖြေသိမ့်ပါသေး၏ ။ မိုးခေါင်ရေရှားဒေသဖြစ်သော ကိုဆေးရိုးတို့ နေရာမှာမူ ဝါဆို ဝါခေါင်၌ ဖုံတထောင်းထောင်း နေတတ်သည် ။ မိုးကောင်းသော တောင်ရိုးတောင်စွယ်များတွင် ပြုလုပ်ထားသော ဆည်များမှ ပို့လွှတ်လိုက်သော ရေကို အသက်တမျှ မြတ်နိုးယုယ၍ ယူဆောင်ကြရသည် ။ သဘာဝ၏ ထောက်ပံ့မှု ကင်းမဲ့သော ဤဒေသမှ လယ်သမားများအဖို့ ထွန်ရေးကို ညက်အောင်ထွန်၍ မြေသြဇာကောင်းသည်ထက် ကောင်းအောင် နွားချေးချခြင်းတို့ကိုသာ အားကိုးနိုင်ကြတော့သည် ။ အောက်ပိုင်းမှ လယ်သမားတစ်ယောက်သည် ကိုဆေးရိုးတို့၏ ဒေသသို့ ရောက်ရှိ တွေ့မြင်သွားရပါမူ … “ ဪ ဘယ်ဘဝက ဝိပါကကြောင့် ဖြစ်ပေါ်လာရတဲ့ ဝဋ်ကောင်တွေ ပါလိမ့်နော် ” ဟု ကရုဏာသံဖြင့် ညည်းတွားမိရှာပေလိမ့်မည် ။
“ အင်း … ဒီနှစ်အဖို့ ဒီတစ်ဝဋ်တော့ ကျွတ်ပြန်ပြီပေါ့ကွာ ၊ စပါးရိတ်ဖို့နဲ့ နယ်ဖို့ပဲ ကျန်တော့တာပဲ ”
“ ဒီလိုလည်း ဘယ်ဟုတ်မလဲ ကိုဘဦးရာ … ရှေးဘဝက ကုသိုလ် ၊ အကုသိုလ်အဟုန်ကြောင့် ဆင်းရဲရတာပါဗျာ ”
တစ်မိုးတွင်းလုံး ရွှံ့ပုပ်သမန်းပြင်၌ နှစ်ခဲ့ရ၍ ခြေသလုံးနှစ်ဘက် ပတ်ကြားအက်ပြီး ညိုမှောင်နေသော ကိုဘဦးက အကွက်မပေါ်သော ချည်လုံချည်ကို ပေါင်ရင်းအထိ လိပ်တင်ထားကာ တင်ပလ္လင်ခွေရင်း ၊ ရွှံ့နင်းနေသော ကိုဆေးရိုးအား ညည်းတွားပြောပြနေသည် ။
“ အေးလေ ... ရှေးဘဝဒါနမျိုးစေ့နည်းခဲ့လို့ ဆင်းရဲရတယ်ဆိုတာ မှန်ပါတယ် ။ ဒါပေမဲ့ ငါ့မိဘ လက်ထက်ကတည်းက ဒီတဲမှာ နေပြီး ဒီလယ်ကို လုပ်လာခဲ့တာ အခု သားသမီးတွေတောင် အရွယ်ရောက်ကုန်ပြီ ။ ငါဆိုရင် မယ်မျှင်နဲ့ ရစက ကုတ်ကပ်ဝယ်ထားရတဲ့ ရှပ်အင်္ကျီတစ်ထည်က လွဲပြီး အပိုမရှိဖူးဘူး ၊ အမြဲ ကိုယ်ချည်းတုံးနေခဲ့ရတယ် ။ အဲ အခုလည်း နွားအိုကြီးက မခိုင်းနိုင်တော့ဘူး ။ အစားဝယ်ဖို့တော့ မပြောနဲ့ … ကောက်စိုက်ခနဲ့ ပျိုးနုတ်ခတောင် ဘယ်လို လုပ်ပေးရမှန်း မသိဘူး ။ အဲဒီတော့ မင့်ကံကလည်း ကံပဲ ကံလွန်းလှတယ်ကွယ် ”
ကိုဘဦးက ကျလာသော သွားရည်များကိုပင် မသိမ်းနိုင် ၊ လေရှည်ကြီးဖြင့် ပြောလိုက်ရာ ၊ ကိုဆေးရိုး က နွားရေထဲမှ နင်းပြီးသား ရွံ့များကို နွားရေဖြင့်ပက်၍ သိမ်းရင်းမှ “ ဒါကတော့ ဒါပေါ့ဗျာ ၊ ခင်ဗျားတို့ ကျုပ်တို့ ဘယ်လောက်ပဲလုပ်လုပ် ဆင်းရဲမြဲ ဆင်းရဲရတာဟာ ကံပဲပေါ့ဗျ ။ ကံကတော့ ကံချင်သလောက် ကံမှာပဲ ။ အဲ ဆင်းရဲဦးဟာဆိုပြီး ဘာမှမလုပ်ဘဲ နေရင်လည်း ငတ်မှာပေါ့ အခုတော့ ဝီရိယအကျိုးကိုတော့ ခံစားရသေးတယ် မဟုတ်လားဗျ ” ဟု ပြန်လည်ချပလိုက်ပြီး ကိုဘဦး အနားမှာ လာရောက်ထိုင်ချလိုက် ၏ ။
“ အဖေရေ … အဖေ ”
နွားချေးကောက်ရိုးမျှင်နှင့် ဖုံအလိပ်လိပ်နှင့် တထောင်းထောင်း ထအောင် လျှောက်လာသော နွားသုံးကောင်၏နောက်မှ လုံချည်တစ်ထည်ကို ခေါင်းပေါင်းထား၍ တုတ်တစ်ချောင်းကို ကိုင်ထားသော အင်္ကျီကျွတ်နှင့် ကိုးနှစ်အရွယ် သူငယ်လေးတစ်ယောက်က ကိုဆေးရိုးတို့ အိမ်ရှေ့အရောက်တွင် လှမ်းအော်ခေါ်လိုက်၏ ။
“ ဟေ ဘာလဲဟ ”
ကိုဆေးရိုးနှင့်စကားပြောနေသော ကိုဘဦးက လည်ပြန်ငဲ့ကာ လှမ်း၍ မေးလိုက်၏ ။
“ အဖေ နအိုကြီးဟာ အစားလည်း မစားဘူး ၊ အိပ်နေတယ် ”
ကိုဘဦး၏ သားလေးက ရွာစည်းရိုးမှ ချုံနွယ်များကို ဆွဲစားနေသော နွားနက်အား တုတ်နှင့်လှမ်းပစ်ရင်း ပြောလိုက်ရာ “ အေးအေး .. အဖေ ကြည့်ချည် ဦးမယ် ” ဟု ကိုဘဦးက ပြန်ပြောလိုက်၏ ။
“ ဟေ … ဟိုနပုဟာ ”
လှည်းလမ်းကြောင်းမှ ဖုံများကို ရင်ဘတ်အောက်သို့ တဗုံးဗုံးမြည်အောင် လက်နှင့် ယက်သွင်းနေသော နွားသိုးကလေးအား လှမ်းငေါက်ရင်း ၊ ကိုဘဦး သားကလေးမှာ တဖြည်းဖြည်း ဝေးသွားသည် ။
“ အင်း … တော်ပါသေးရဲ့ဗျာ ၊ ထွန်ချိန် ယက်ချိန်တုန်းက ဘာမှမဖြစ်ဘဲ အခုမှ မမာလို့ မောင်မင်းကြီး သားကို ကျေးဇူးတင်ရသေးတယ် ”
“ ခြေကုန် လက်ပန်းကျတာများလားဗျာ ”
“ ဒါလည်း ဒါပေါ့ မောင်ဆေးရိုးရာ ... အသက်ကလည်း ကြီးလာတော့ မဟန်နိုင်ဘဲ လဲတော့တာပဲ ထင်ပါရဲ့ကွာ .. မနေ့ညနေတုန်းက ပြောင်းရိုးနုကလေးတွေကို နုတ်နုတ်ကလေး စင်းကျွေးတော့ နည်းနည်းပဲစားသကွ ၊ နှမ်းဖတ်ခပ်များများနဲ့ နယ်ပြီး ကျွေးတော့ဖြင့် တော်တော်ကလေး စားသေးသကွ ၊ ခုမနက်မှ ပိုဆိုးလာတယ် ထင်ပါတယ် ။ အင်း .. မောင်မင်း ကြီးသား မာပါစေဗျာ ... ”
ကဆုန် နယုန်မှ စ၍ ပြတ်တောင်း ပြတ်တောင်း လွှတ်၍ပေးတတ်သော မြောင်းရေကို အားကိုးပြီး နှမ်းကြဲရန် ထွန်ယက်ခဲ့ကြရာ ၊ တော်သလင်း သီတင်းကျွတ် စပါးစိုက်ချိန်နှင့်ကပ်လာသောအခါများမှာမူ နွားများမှာ ချစ်ချစ်တောက်ပူသော နေနှင့် ရေထဲတွင် မွန်းတိမ်းအောင် ထွန်ကြရပြီး ညနေပါ ဆက်၍ နွှဲလိုက်ကြရသေးသည် ။ ထွန်တုံးပိတ်ပြီး လေးငါးရက် အတွင်းတွင် ခမျာများမှာ အစာကိုပင် ကောင်းကောင်း ထ မစားနိုင်ရှာကြဘဲ ပင်ပန်းသော ဒဏ်ကြောင့်လဲနေကြတော့သည် ။
ကိုဘဦး၏ နွားအိုကြီးမှာကား သွားမရှိတော့သဖြင့် အစာကိုလည်း အပြည့်အကား မစားနိုင်တော့သော်လည်း တစ်မိုးတွင်းလုံး တနဲ့နဲ့ဖြင့် လုပ်ခဲ့ကိုင်ခဲ့ရသေးရာ ၊ အင်အားဆုတ်ယုတ်ခြင်းနှင့် ပင်ပန်းခြင်းတို့ စုပေါင်းထောင်းခြေသောအခါ ဘုံးဘုံးလဲရခြင်း ဖြစ်ပေသည် ။
ကိုဘဦးက ငိုင်နေရာမှ “ သွားတော့မယ်ကွာ ” ဟု ပြောပြီး ထလိုက်၏ ။
“ ဆေးလေး ဘာလေးများ တိုက်စမ်းပါဦး ”
ကိုဆေးရိုးက အတူထရင်း အကြံပေးလိုက်၏ ။
“ ငါးပါးဆေးကို တိုက်လို့တော့ မဖြစ်ဖူးကွ ၊ ဝမ်းထဲမှာ အစာမရှိရင် ပိုဆိုးသွားမှာ စိုးရသေးတယ် ၊ မျက်စဉ်းတော့ ခပ်ပေးနေတာပဲ ”
“ အင်း …. ကောင်းတယ် ... ကောင်းတယ် ”
••••• ••••• •••••
( ၃ )
နွားတို့၏ ကျေးဇူးကား စေ့စေ့တွေးကြည့်လိုက်တိုင်း ကြီးမားလှကြောင်းကို တွေ့မြင်ရ ၊ သိရှိရပေသည် ။ ကဆုန်လ မြောင်းရေ စတင်လွှတ်ကတည်းက နှမ်းကြဲရန် ထွန်ယက်ကြရသည် ။ နှမ်းကြဲရန် မြေမှာ စပါးစိုက်ရန် ထွန်ယက်သကဲ့သို့ ခံသာခြင်း မရှိလှ ။ စိုက်ခင်းအတွက် ထွန်ယက်ရသည့်အခါတွင် ရေနူးနေသော ရွှံ့ပြင်ကို ထွန်ရပြီး ဗိုက်အောက်မှ ရေကလည်း ခြေလှမ်း လှမ်းလိုက်တိုင်း စွတ်စိုရခြင်းကြောင့် သက်သာခွင့်ရှိပေသေးသည် ။ မိုးတစ်ပြိုက်ခန့် ဆွတ်ဖြန်းထားသော ပတ်ကြားဟ မြေများကို ပြင်းပြလှသော နေရှိန်အောက်၌ နှမ်းကြဲရန် ထွန်ယက်ရခြင်းမှာ သက်သာသော အကွက်ကလေး တစ်ကွက်ကိုမှ ရှာဖွေ မတွေ့နိုင်ပေ ။ ဖိုထိုးသည့်အလား မောဟိုက်နေသည့် ကြားမှ ထပ်မံခိုင်းစေပြန်လျှင်လည်း တတ်နိုင်သမျှ တော့ ရုန်းကန်ကြရသည်သာ ။
နှမ်းကြဲ၍ အပြီး ပျိုးခင်းကို ဆက်လက်ထွန်ရကာ တစ်ဖန် ပျိုးခင်းအပြီး စိုက်ခင်းခွဲရပြန်သည်မှာ သီတင်း ကျွတ်လလယ်ကျမှ ထွန်တုံးပိတ်၍ နားခွင့်ရတော့သည် ။ ခရီးကြမ်းထက်တွင် တလိမ့်လိမ့်ရွေ့လျားကာ ထင်းခုတ်တက်ရခြင်း ၊ ကုန်စည်သည်ပိုးပို့ဆောင်ရခြင်းများဖြင့်လည်း သခင်၏ မီးဖိုချောင်မှ မီးခိုးထွက်စေပါသေး၏ ။
သို့တစေလည်း အလင်းနှင့် အမှောင် ငိုခြင်းနှင့် ရယ်ခြင်းဟူသော ဆန့်ကျင်ဘက်တရားတို့၏ ရပ်တည်ရာ လူ့လောကကြီးမှ လူ့လောကသားများ ဖြစ်ကြသော လယ်သမားတို့တွင်လည်း မိုက်မဲသူနှင့် လိမ်မာယဉ်ကျေးသူဟူ၍ရှိပြန်ပေရာ ကျေးဇူးတရားကို ထောက်ထားသိမြင်တတ်သော လယ်သမားတို့ကား မိမိတို့၏ အားကိုးပြုရာဖြစ်သော နွားများကို မကောင်း ကောင်းကြောင်း ကျွေးမွေးယုယ၏ ။ နွားများ၏ အနေအထိုင်ကို အရိပ်တကြည့်ကြည့်နှင့် ၊ ဆီးနည်းသလား ဝမ်းချုပ်သလား ။ စမြုံ့ပြန်ရဲ့လား အမွေးထောင်နေသလား လဲနေသလား ။ အာရုံပုပ်သလားစသည်ဖြင့် ကြည့်ရှု၍ ဆေးဝါးတိုက်ကျွေးကုသကြပြီး အဆမတန် ပင်ပန်းချိန်များတွင် အကောင်းနိုင်ဆုံး ရှာဖွေ ကျွေးမွေးခြင်းဖြင့် ယုယစောင့်ရှောက်ကြပေသည် ။ တစ်ဖန်တုံ “ မောင်မင်းကြီးသားများ မာမာချာချာရှိကြပြီး လုပ်ကိုင်နိုင်ကြပေလို့သာ အလုပ်အကိုင်တွေ ချောချောမောမောနဲ့ ပြီးစီးသွားရပါပေတယ် ” ဟု ကျေးဇူးတရားကို ပွားများရင့်ကျူးကြပေသည် ။ သည်လို လူစားများအဖို့က မိမိ ခိုင်းစေသော နွားများ၏ အားနှင့်ဝန်သည် မညီမျှခိုက်နှင့်ကြုံကြိုက်ပါက “ ဟေ သားကြီး ကြိတ်လိုက်စမ်းကွ ” ၊ ဟူ၍တစ်မျိုး “ ဒါမှ ဖေ့သားကြီးကွ ” ၊ “ သားကလေးက လိမ္မာပါတယ်ကွာ ” ဟူ၍ တစ်သွယ် ၊ ကျောကို နှင်တံနှင့်ပွတ်ကာပွတ်ကာဖြင့် ချော့မော့ခိုင်းစေကြသော်လည်း ၊ လူ့မိုက်မဲတို့ကား သံချွန်ဖြင့် ဆောင့်ဆောင့်၍ ထိုးပြီး လွှဲကာလွှဲကာ တအား ရိုက်နှက်ကြရာ အရေများ အလွှားလိုက်အလွှားလိုက် ကွာကျကုန်တော့သည် ။
တစ်ခါတစ်ခါလည်း မရှုမလှ သတင်းများကို ကြားရတတ်သေး၏ ။ အဆုတ်ကို ရိုက်မိသဖြင့် ဘုံးခနဲလဲကျသေခြင်း ၊ ဖင်ထဲသို့ နှင်တံကျွံပြီး သေဆုံးခြင်းများဟူသော ရင်ထုမနာ ကြားရချက်အတွက် ခွေးလို မိုက်သောလူဟု ဆဲဆိုသမုတ်ခြင်း ခံရပေသည် ။ သည်လို လူစားမျိုး၏ လက်ထဲမှ နွားများမှာ သေးအစိုစို ၊ ချေးအပေပေ ထားခြင်းဖြင့် အိပ်ကောင်းခြင်းလည်း မအိပ်ကြရ ၊ စားချင်စား ၊ မစားချင်နေ ဟူသော သဘောနှင့် ပစ်စလက်ခတ်ထားပြီးလျှင် အဆမတန်ဝန်ကို မသယ်ပိုးနိုင် ကောင်းလားဟူ၍လည်း ယုတ်ကြမ်းစွာ ဆဲဆို ပုတ်ခတ်လိုက်ကြသေး၏ ။ ကျန်းမာသည် မကျန်းမာသည်ဟုလည်း ဂရုမစိုက် ၊ သေသွားလျှင် ကင်၍ တစ်သွယ် ဖုတ်၍တစ်နည်း ချက်၍တစ်ဖုံ စားမျိုရန်မျှ ကိုသာ အားခဲနေကြသော လူယုတ် လူမိုက်တို့သည်လည်း လူလိမ္မာများနည်းတူ များပြားစွာ ရှိကြချေ၏ ။
“ အင်း ဘုရား ဘုရား "
“ ကဲ ဘုရားဒကာကြီး အလုပ်တွေ ရှိသေးတယ် ”
နွားနှင့် လယ်သမား သမာပတ်၌ တဒင်္ဂမျှ ဝင်စား နေခိုက်တွင် ၊ မကျီးဒန်က သမုဒ္ဒရာ တစ်မိုက်ခွဲအတွက် လာရောက်လှုံ့ဆော်လိုက်မှ ရပ်ဆိုင်းသွားတော့သည် ။
“ ထ - လတော် ဘာပြူးကြောင်ကြောင် လုပ်နေတာလဲ ”
“ ဟေ အေး ”
ရှိပါသေးသည် ။ မနေ့တုန်းက အကြမ်းပုတ်ထားသော အိုးများမှာ အဝတ်စိုအုပ်လျက်သားပင် ရှိပါသေးသည် ။ သမီးကြီးနှင့် သားကလေးမှာ နွားစာအတွက် မြက်ရိတ်သွားနေကြရာ မကျီးဒန် ထမင်းချက်နေခိုက်တွင် ကိုဆေးရိုးက ရွှံ့နင်းနေရာမှ ၊ ရွှံ့နင်းအပြီးတွင် ကိုဘဦး၏ စကား ရေယဉ်ဝယ် မျောပါနေမိလိုက်ခြင်း ဖြစ်သည် ။
“ ဘတ်ဘတ် ၊ ဘတ်ဘတ်ဘတ် ”
အောက်မှ အဝတ်ဖုခံ၍ အပေါ်မှ လက်ခတ်ကြီးဖြင့် ပုတ်ပေးရာမှ ဖင်ဘက်မှပိတ်သွားပြီး ၊ အိုးမှာလည်း တဖြည်းဖြည်း ပါးလျားသွားလျှင် အဝတ်စိုများဖြင့် အုပ်ဆိုင်း၍ထားလိုက်၏ ။ အိုးအကြမ်းထည်များ ကုန်သွားလျှင် ပုတ်ပြီးသားအိုးများကို ဒုတိယမ္ပိ ပါးလျားလာအောင် ချောမွေ့လာအောင် ပုတ်ရပြန်သေးသည် ။
ယခု မကျီးဒန် ပုတ်နေသော အိုးများမှာ တတိယအကြိမ်မြောက် အဆုံးသတ်ပုတ်ခြင်းပင်ဖြစ်၏ ။ အနည်းငယ်ခွက်၍ထားသော လက်ခတ်ပါးကလေးဖြင့် ကိုဆေးရိုးက အချောသတ်ပုတ်ပေးသော အိုးများကို မကျီးဒန်က ပန်းခက်ကလေးများ အချိတ်များ လှိုင်းတွန့်များ ထွင်းထားသော လက်ခတ်ဖြင့် အပြီးသတ် မွမ်းမံလိုက်တော့၏ ။
ကိုဆေးရိုးက အိုးကို လှည့်ကာပတ်ကာ လက်ခတ်ဖြင့် ပုတ်လိုက် ၊ အနားရှိ ရေခွက်ထဲသို့ လက်ခတ်ကို နှစ်ပြီး ပြန်ပုတ်လိုက်နှင့်လုပ်နေရာမှ လက်ခတ်ကို ရေခွက်ထဲတွင် ထည့်ထားလိုက်၍ ပြောင်းဖူးဖက် ဆေးလိပ်ကို ကောက်၍ ပါးစပ်ဖြင့်တေ့ပြီး မြှင်းမြှင်းကလေး ဖွာလိုက်၏ ။ ပြီးမှ မီးခိုးများ ထွက်လာအောင် ရှူလိုက် ပြီး ဆေးလိပ်ကို အသာချ၍ လက်ခတ်ကို ကောက်ကာ တဘတ်ဘတ်နှင့် ဆက်လက်ပုတ်လိုက်ပြန်ပါ၏ ။
မကျီးဒန်က အနားရှိရေခွက်ထဲသို့ လက်ခတ်ကို နှစ်ထားလိုက်ပြီး တဲအပြင်သို့ လည်တဆန့်ဆန့်နှင့် လှမ်းမျှော်ကြည့်နေသည် ။
စာသံပေသံနှင့်စည်ပင် သိုက်မြိုက်မှုတို့မှ ယွင်းသုဉ်းစ ပြုရှာရပြီဖြစ်သော ရွာဦးကျောင်းအိုကြီးမှ ခပ်သဲ့သဲ့မျှ ဆွမ်းစားခေါင်းလောင်း ထိုးသံသည် တိုက်ခတ်နေသော ဆောင်းလေပြည်အား ဆန့်ကျင်ဆန်တက်၍ ထွက်ပေါ်လာ၏ ။ ပစ္စည်းလေးပါးတို့ ပါးရှားသည် နှင့်အမျှ အခြံအရံတို့သည်လည်း ဖဲကြဉ်ကုန်ခဲ့ပြီဖြစ်ရာ ၊ တစ်ကောင်နှစ်ကောင်မျှသော ခွေးအူသံတို့သာလျှင် ခေါင်းလောင်းသံအား ဖက်ပြိုင်၍ ထွက်ပေါ်လာပေသည် ။
“ ကျီးဒန်ရ - ကလေးတွေလည်း နေမြင့်လှချည်လားဟ ”
“ လာလိမ့်မပေါ့တော် အောက်ကျင်းကို ဆင်းရိတ်နေကြလို့ ဖြစ်ပါလိမ့်မယ် ”
မကျီးဒန်က ထိုင်နေသည့်နေရာနှင့်အလှမ်းဝေးသော အိုးများကို အသာအယာ ရွှေ့ယူပုံထားရင်း “ ကျွတ်ကျွတ် ” ဟု စုတ်သပ်ညည်းညူကာ ခါးကို နှိပ်ရင်းထိုင်ချလိုက်ပြီး ချထားသော ဆေးပေါ့လိပ်တိုကို ကောက်ယူမီးညှိ၍ နှုတ်ခမ်းနှစ်ခုကို စုလျက် ဖွာလိုက်၏ ။ ပြောင်းဖူးဖက်ဆေးလိပ်မှ မီးခိုးတို့သည် သွယ်နွဲ့ ယှက်တန်း၍ လူးကာလွန့်ကာနှင့် တဲအမိုး ထန်းရွက်ကြားသို့ တိုးဝင်သွားကြသည် ။
“ အင်း ”
ဖွာရှူလက်စ ဆေးပေါ့လိပ်ကို တရိုတသေချထားလိုက်ပြီး ကုန်း၍ ထရင်းမှ ကိုဆေးရိုးက မြည်တမ်းလိုက်ပေသည် ။ မကျီးဒန်၏ ဘေးပတ်လည်မှ ပန်းခက်ပန်းနွယ် လှိုင်းတွန့် အချိတ် အကွန့်တို့ဖြင့် ဝင့်ကြွားချောလှနေသော အိုးများကို တစ်လုံးစီ ပိုက်ပွေ့ကာ တဲရှေ့ကွက်လပ်ရှိ နေပူပြင်သို့ ထုတ်လှမ်းနေ၏ ။
••••• ••••• •••••
( ၄ )
“ အမေရေ ၊ အမေရေ ”
“ ဟော .. ကလေးတွေ ပြန်လာပြီ ၊ ဟေ ဘာတုံးဟ ”
သားကလေး ဘညိန်းက ချွေးသံအရွဲသားနှင့် ပြေးဝင်လာသည် ။ မကျီးဒန်က ပုတ်လက်စအိုးနှင့် လက်ခတ်ကို ချထားလိုက်ပြီး ဆီးကြိုရင် “ လူကလေးတို့ ပြန်လာကြပလား ၊ မိန်းကလေးကော ” ဟု မေးလိုက်သည် ။
“ ပါပါတယ်အမေရဲ့ ၊ နွားတွေကို ရွှေ့ချည်နေတယ် ” ဟု ဖြေရင်း ဘညိန်းက ရွှဲစိုနေသော ချွေးသီးချွေးပေါက်များကို ပုဆိုးနှင့်သုတ်ကာ ထိုင်ချလိုက်၏ ။
“ အမေ့ - အမေ ၊ အမေ ”
ဘညိန်းက ဆေးပေါ့လိပ်ကြီး တထောင်းထောင်း ထအောင် ဖွာနေသော မိခင်၏မျက်နှာကို မော့ကြည့်ရင်း ဆက်ကာဆက်ကာ ခေါ်နေသည် ။
“ ဘာလဲ လူလေးရဲ့ ၊ ခေါ်လှချည့်လား ၊ ထမင်းဆာပလား အမောပြေမှ စားတာပေါ့နော် ... လူလေး ”
အမေဟု ခေါ်လိုက်လျှင် စက္ကန့်မဆိုင်း ဟေ ဟု ပြန်ထူးလိုက်မှ ဘညိန်းက ကြိုက်သည် ။ သို့မို့ကြောင့်ပင် ဆက်တိုက်ခေါ်နေခြင်းဖြစ်သည် ။
“ အမေ ၊ အမေ့ ဘာချက်လဲဟင် ”
ဘညိန်းမှာ ၁၅ နှစ်သားပင် ရှိပြီဖြစ်သော်လည်း ကလေးစိတ်က မကုန်သေး ။ အငယ်ဆုံးဖြစ်သောကြောင့်လည်း အလိုလိုက်သည် ။ အလိုလိုက်သောကြောင့်လည်း တစ်ခါတစ်ခါ ကလေးလို ချွဲတတ်နွဲ့တတ်သေးသည် ။
“ ငရုပ်သီးနဲ့ အမဲခြောက်ချက်ထားတယ် လူလေးရဲ့ ”
“ အဖေ ၊ အမေကော ”
သမီးကြီး ချောစိန်၏ မေးသံနှင့်အတူ “ အထဲမှာ ရှိသားပဲ ” ဟူသော အိုးလှမ်းနေသည့် ကိုဆေးရိုး၏ ဖြေသံတို့က တဲတွင်းသို့ ဝင်ရောက်လာသည် ။
“ အမေ ... ”
မကျီးဒန်က ပြန်လည်မထူးဘဲ သမီးအား မော့ကြည့်၏ ။
“ အမေ ၊ အမေ့ အမေ ၊ အမေကလည်း မထူးဘူး ”
“ ဘာလဲ မိန်းကလေးရဲ့ ခေါ်လှချည့်လား ။ ဘာလဲ ပြောစမ်း ”
“ ဘာမှ မဟုတ်ဘူး ၊ အမေက မထူးလို့ ”
အမှန်မှာ အမေ ဟူ၍ ခေါ်ငင်လိုက်ရခြင်းက အဘယ်မျှအရသာရှိ၍ အသည်းထဲမှာ ဘယ်လောက် အေးမြသွားပါသည် ဆိုတာကိုတော့ တိုင်းထွာခိုင်းနှိုင်း၍ ရေးဖွဲ့ခြင်းငှာ မစွမ်းပါပေ ။ သားရယ် .. သမီးရယ် ဟူသော ပြန်လည်ခွန်းတုံ့သံကကော အဘယ်မျှ ချိုမြိန်လေးနက်လှပါသည်ဟု နှိုင်းယှဉ်သုံးဖွဲ့နိုင်ကြပါသလော ။
••••• ••••• •••••
( ၅ )
“ အဖေ ... အဖေ့ ”
“ ဟေ ... ”
“ ကျွန်မတို့ လယ်လေ တံဇဉ်ကိုင်နတ်ပြေမွှေးတွေ ထွက်တောမယ် အဖေ့ရဲ့ ...”
“ ဟေ - ဟုတ်လား ၊ လယ်တွေထဲမှာကော ရေရှိရဲ့လား ”
“ ရှိပါတယ် ၊ ထိပ်ဆုံးလက်ကွက်ကြီးမှာ ကဇင်းတွေတောင် လျှံကျနေလို့ ဖောက်ခဲ့ရသေးတယ် ”
ထိုသို့ ဖအေနှင့်သမီး စကားကောင်းနေရာသို့ အာရုံစိုက်နေသော မကျီးဒန်အား ၊ သားငယ် ဘညိန်းက “ အမေ အမေ ” ဟုမော့၍ ခေါ်ရင်း ပေါင်ကို တဖတ်ဖတ် ပုတ်နေသည် ။
“ ဟေဟေ ၊ ဘာလဲကွ လူလေးရ "
“ ကနေ့ အမေရာ ၊ ကျွန်တော်နဲ့ အစ်မလေး မြက်ရိတ်အပြီးမှာ မောကလည်းမော ရေကလဲ ဆာဆာနဲ့ မြောင်းဘောင်ဘေးမှာ မြက်ထုံးကို အသာချပြီး ၊ ရေသောက်ရအောင်လို့ မြောင်းထဲဆင်း အမှိုက်တွေ ဖယ်ပြီး ရေသောက်မယ်လို့ ရေကိုလည်း လက်ခုပ်နဲ့ ခပ်လိုက်ပါရော အမေရာ - ခွေးသေကောင်ပုပ်ကြီးကလည်း ဗြိုးခနဲ ချုံကွယ်က ထွက်လာပါရောဗျ ။ ခွေးကြီးက အမွေးတွေကလည်း မရှိတော့ဘူး ဖွေးလို့ ၊ ဖင်ဘူးထောင်းကြီးလည်း ထောင်လို့ဗျာ ။ တစ်ခါတည်း အစ်မလည်း ကုန်းပေါ်တက်ပြေးပြီး အန်လိုက် တာ အမေရာ ဟားဟား ။ ကျွန်တော်လည်း ရီလိုက်တာ ဟားဟား ၊ အူဟားဟား ၊ အူကို နာနေပါရော အမေရာ ၊ ဟား ဟား ဟား ”
“ တော်ပါတော့ မောင်လေးရာ ... နှလုံးနာလွန်းလို့ပါ ”
“ အေး … ပြောရဦးမယ် ၊ မင့်အဖေပေါ့ တစ်နေ့တော့ ထမင်းစားအပြီး မင်းတို့လို့ပဲ ... မြောင်းထဲဆင်းပြီး ရေပေါ်က အမှိုက်ကလေးတွေကို လက်နှစ်ဘက်နဲ့ ဖယ်ပြီး ငုံ့လည်း သောက်လိုက်ပါရော သားရယ် ... လား ... လား လူချီးတုံးကြီး မျောလာလိုက်တာ ကပျာကရာ မော့လိုက်လို့သာ မျက်ခွက်နဲ့ မတိုက်တော့သတဲ့ ။ ငါ့ကို ပြန်ပြီးပြောပြလို့ အဟင်း ... ရီလိုက်ရတာကွာ ... ၊ အဲ ... သူက သေသေချာချာများတောင်လိုက်ပြီး ကြည့်နေလိုက်သေးသတဲ့ ။ ချီးတုံးက ငရုပ်သီးဖတ်ကြီးနဲ့တဲ့ ။ အံ့ပါ့ လူလေးရယ် … သူမို့ မရွံ့မရှာ သေသေချာချာလိုက်ပြီး ကြည့်နေသေးတယ် ။ ဒါပေမဲ့ ချီးတုံးကြီးလည်း လွန်သွားရော ... ဒီရေကိုပဲ ပြန်ပြီး သောက်ရတော့တာပေါ့ သားရယ် ”
“ အမေကလည်း စားခါနီး သောက်ခါနီးကြီးမှာ ”
လယ်သမားဘဝနှင့် အိုးလုပ်သမားဘဝကို ယှဉ်စပ်ကျင်လည်နေကြရသော ကိုဆေးရိုးတို့ မိသားတစ်စု၏ အသွင်က အေးချမ်းငြိမ်ဆိတ်လှပါ၏ ။ သို့သော် ရင်တွင်း၌ လှုပ်ရွနေသော သောကဝေဒနာကို အပြင်မှ ငေးမောတွေးတောမှုဖြင့် ဖုံးအုပ်ထားရှာသော ကိုဆေးရိုး၏ စိတ္တဝေဒနာကို တောင်းယူခံစားကြည့်လိုက်ပါမူ ပူပန်ခြင်းတို့ ထန်ကဲလျက်ရှိသည်ကို တွေ့ရှိရပေလိမ့်မည် ။
ဟုတ်ပါသည် ၊ အိမ်ထောင်တစ်ခုမှာ အကြီးအကဲ တစ်ယောက်၏ ကြောင့်ကြသောကများမှာ သေးငယ်သည်ဟု မရှိနိုင် ။ သမီးကြီး ချောစိန်၏ နားပေါက်မှ ပြောင်းဖူးဖက်လိပ်နှင့် သင်္ကန်းမချည်နိုင်သေးသော သားကလေးအား ကြည့်ကာကြည့်ကာ မောပန်းခဲ့ရခြင်းများကလည်း မရေတွက်နိုင်တော့ပါ ။ ထန်သည်းစွာ မှုတ်ထုတ်လိုက်ရသော သက်ပြင်းများကိုလည်း အကြိမ်ကြိမ်ချခဲ့ရပါပြီ ။
“ ဟော … နွားတွေ လွတ်ကုန်ပြီ ”
သားငယ် ဘညိန်းက ပြောပြောဆိုဆို ထ , ပြေး လေသည် ။ နွားများမှာ အလုပ်မလုပ်ရဘဲ အငြိမ်းစား နေရပြန်တော့လည်း ကြိုးညောင်းပြီး ခုန်ပေါက် ဆော့မြူးရာမှ ကြိုးပြတ်၍ လွတ်လာကြရခြင်း ဖြစ်သည် ။
“ ဟ - ဒီနွားတွေဟာ ၊ အမေရ - အိုးတွေ ကွဲကုန်ပြီ ”
“ အမယ်လေး … ကုန်ပါပြီတော် - ကုန်ပါပြီ ”
မကျီးဒန်က ရင်ကိုထု၍ တဲရှေ့သို့ ပြေးထွက် သွားရာ ... ကိုဆေးရိုးကလည်း နောက်မှ ထက်ကြပ် လိုက်ပါသွားသည် ။
ရွံ့စေးမြေဘဝမှ အဆင့်အဆင့်အလီလီ ကိုင်တွယ်သွန်းလုပ်ခဲ့ရသော လုပ်အားများမှာ မြေကြီးဘဝသို့ ပြန်လည်သက်လျောသွားကြလေပြီ ။ စောစောကမှ ကိုဆေးရိုး ကိုယ်တိုင် ယုယုယယ ကိုင်တွယ်နေလှမ်းခဲ့သော အိုးငါးဆယ်ခန့်မှာ ၂၀ - လောက်က ကွဲကြေကုန်ပါပြီ ။ အိုးတစ်လုံးကို တစ်မတ် ဆိုလျှင် ငါးကျပ်ဖိုးမျှသာ ထိုက်မည်ဖြစ်သော်လည်း ၊ သည်ငါးကျပ်ဖိုးက ကိုဆေးရိုး၏ ကိုယ်ခန္ဓာထဲမှ သွေးသားတို့ကို အဘယ်မျှ စုတ်ယူမျိုဝါးထားပြီးပါပြီလဲ ။ သည်ငါးကျပ်ဖိုးက မကျီးဒန်၏ ခါးကို အခါခါ ကိုက်ခဲစေခဲ့ ပြီး ၊ ရင်မှ အကြိမ်အကြိမ် အောင့်စေပြီးပါပြီ ၊ အမှန်မှာတော့ ကိုဆေးရိုးတို့၏ သွေးထုနှင့်ချွေးစိုင်တို့ ကြေမွသွားခြင်းသာ ဖြစ်ပါသည် ။ သူတို့အဖို့ လက်ဖျစ်တစ်တွက်နှင့် မဖြစ်ပေါ်နိုင်သော သည်တန်ဖိုးအား ကြေကွဲစွာ တ,သ, မိပေလိမ့်မည် ။
“ ဒီကောင်မလေးကိုက နွားတွေကို ခိုင်အောင် မချည်ဘူးထင်တယ် ”
“ မိန်းကလေးကို သွားမာန်ပြန်ပလား - ကျီးဒန်ရာ နွားတွေကိုက ကြိုးညောင်းလို့ ခုန်ပေါက်ပြီး ကြိုးပြတ်ပြေးတာပါဟာ ”
မွန်းတည့်လု နေရောင်အောက်ဝယ် ကိုဆေးရိုး၏ လုပ်အားတို့ကား ပံသုမိခင်၏ ရင်ခွင်သို့ ပြန်လည်ခိုဝင်ရန် ဦးလှည့်နေကြရာမှ သူတို့သခင် ကိုဆေးရိုးအား မလှသောအသွင် ၊ မပြေပြစ်သော ရုပ်ဝါဖြင့် မချိတင်ကဲ နှုတ်ခွန်းဆက်နေကြလေပြီ ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖သွေးသောက် မဂ္ဂဇင်း
၁၉၅၄ ၊ ဇန်နဝါရီ
No comments:
Post a Comment