Friday, July 17, 2026

မိုးကို အံကြိတ်ချစ်ကြသူများ


❝ မိုးကို အံကြိတ်ချစ်ကြသူများ ❞
               ( မခ )

၁ ။

ဒီလို မိုးစက်တွေ ကြားမှာ ကောင်လေးကို ယောက်ျားဆောင်း ထီးကြီး တစ်လက်နဲ့ အတူ တွေ့ရလေ့ရှိတယ် ။ ကောင်လေးဟာ သူ့လက်မောင်းလောက် ရှိတဲ့ ထီးရိုးကြီးကို ကိုင်လို့ အခြားတစ်ဖက်မှာ ရောင်းချစရာ ပစ္စည်းတစ်ခုခုကို သူ သွားလေရာပါတတ်တဲ့ မိုးကာကျောပိုးအိတ်ထဲမှာ ထည့်လွယ်ထားတယ် ။ ကောင်လေးရဲ့ အသက်ဟာ ဆယ့်လေးငါးနှစ်သားလောက်တော့ရှိမယ် ။ ဒါပေမဲ့ သူ့ရဲ့ ပုညှက်ညှက်ခန္ဓာကိုယ် အချိုးအစားကြောင့် ရှစ်နှစ် ၊ ကိုးနှစ်သားလောက်သာ ထင်ရတယ် ။ ကောင်လေးမှာ အနည်းငယ် ကြီးတဲ့ ဦးခေါင်းနဲ့ နားရွက်နှစ်ဖက်သာ မရှိရင် သူ့အသက်ကို ခန့်မှန်းဖို့ မလွယ်ဘူး ။ ပြူးကြောင်ကြောင် မျက်လုံးတစ်စုံနဲ့ အရာရာကို ကျီးကန်းတောင်းမှောက်ကြည့်နေတတ်ပေမဲ့ ကောင်လေးရဲ့ ခေါင်းဟာ ဘယ်ညာ မယမ်းဘူး ။ ကောင်လေးဟာ သူ့ လမ်းကို သူ အနှောင့်အယှက် ကင်းကင်း သွားနိုင်ဖို့သာ ဆန္ဒရှိတယ် ။ တကယ်တော့ သူ့ကို ကောင်လေးလို့ အလွယ်ခေါ် နေကြပေမဲ့ သူ့နာမည်ဟာ ကောင်လေး မဟုတ်ဘူး ။ဒီလိုပဲ ရပ်ကွက်ထဲက လူတချို့က သူ့ကို ကောင်လေးလို့ ရည်ညွှန်းခေါ်ဆိုခဲ့ရာက စလို့ သူ့နာမည်ဟာ ကောင်လေး ဖြစ်လာခဲ့ရပါတယ် ။

တကယ်ဆို သူ့နာမည်အရင်းကလည်း ဘာမှ အရေးမပါ ပါဘူးလေ ။ ဆဋ္ဌမတန်းကျောင်းစာအုပ် အဖုံးလေးပေါ်မှာ ကျန်ရစ်ခဲ့ပြီ မဟုတ်လား ။ ရပ်ကွက်ထဲက ကလေးတွေကတော့ သူ့ကို ဂျပုတဲ့ ။ ကလေးတွေဟာ သူ့ကို တွေ့ရင် အုပ်စုဖွဲ့ အနိုင်ကျင့်တတ်ကြတယ် ။ ဒါကြောင့် ကောင်လေးဟာ မောင်းချဓားလေး တစ်လက်ကို အမြဲ ကိုယ်နဲ့ မကွာ ဆောင်ထားတတ်တယ် ။ ပြီးတော့ အဲဒီဓားလေးဟာ သူ့ရဲ့ လုပ်ငန်းသုံး ပစ္စည်းလည်း ဖြစ်တယ် ။

••••• ••••• •••••

၂ ။

မိုးတွေ သဲသဲမဲမဲ ရွာနေရင် ကောင်လေး အရမ်းပျော် တယ် ။ မိုးရာသီကို သူချစ် တယ်လေ ။ ဒီလို မိုးတွေ အရမ်းရွာနေရင် သူ့အတွက် အနှောင့်အယှက် ကင်းတယ် ။ သူ သွားလိုရာ အေးအေးဆေးဆေး သွားလို့ ရတယ် ။ သူ လုပ်ချင်ရာ အေးအေးဆေးဆေး လုပ်လို့ရတယ် ။ သူ့ကို နှောင့်ယှက်မယ့်သူ မရှိဘူး ။ ဒါကြောင့် သူ မိုးရာသီကို ချစ်တယ် ။ တစ်နှစ်မှာ လေး ငါးလလောက် မိုးအဆက်မပြတ် ရွာနေတတ်တဲ့ ဒီမြို့လေးကို သူ ချစ်တယ် ။ ဆောင်းနဲ့ နွေမှာတော့ သူ ဘာပဲလုပ်ချင်ချင် အမှောင်ကို စောင့်ရတယ်လေ ။

••••• ••••• •••••

၃ ။

အရှေ့ကနေ အနောက်ကို အလျားလိုက် သွယ်တန်းနေတဲ့ တောင်ပေါ်မြို့လေးမှာ ကောင်လေးတို့ နေတဲ့ ရပ်ကွက်ဟာ မြို့အနောက်ဘက် အစွန်ဆုံးမှာပေါ့ ။ ပြီးတော့ ကောင်လေးတို့ အိမ်ကလည်း ရပ်ကွက် အနောက်ဘက် အစွန်ဆုံးမှာ ဆိုတော့ ကောင်လေးတို့ အိမ်အနောက်မှာတော့ မြို့ကို အနားသတ်ထားတဲ့ တောင်တန်းကြီးသာ ရက်စက်စွာ တိတ်ဆိတ်နေ တယ် ။

ဒါကြောင့်ပဲ ကောင်လေးဟာ မြို့ထဲသွားချင်တဲ့ အခါတိုင်း ရပ်ကွက်ထဲက ဖြတ်သွားရတယ် ။ အဲဒီလို သွားတဲ့ အခါတိုင်းလည်း ပြဿနာ တစ်ခုမဟုတ်တစ်ခုဟာ ကောင်လေးကို စောင့်စားနေတတ်တယ် ။ ဒါကြောင့် ကောင်လေးဟာ ရပ်ကွက်ထဲ ဖြတ်သွားရတဲ့အခါတိုင်း အမြဲစိုးထိတ်နေတတ်တယ် ။ အဲဒါကြောင့်ပဲ ကောင်လေးဟာ ရပ်ကွက်ထဲက ဖြတ်သွားတဲ့အခါ တိတ်တဆိတ်ပဲ ဖြတ်သွားတတ်တယ် ။ ညစ်ကျယ်ကျယ်ကလေးတွေနဲ့ မတွေ့ရင် ကောင်လေးရဲ့ မဟာခရီးစဉ် ချောမွေ့စွာ အောင်မြင်တယ် ။

ကောင်လေးမှာ မောင်နှမ သုံးယောက် ရှိတယ် ။ သူက အကြီးဆုံးပေါ့ ။ သူ့ အောက်မှာ သူ့ထက် နှစ်နှစ်လောက် ငယ်တဲ့ ညီတစ်ယောက်ရယ် ၊ လေးငါးနှစ်လောက် ငယ်တဲ့ ညီမလေး တစ်ယောက်ရယ် ရှိတယ် ။ မိဘနှစ်ပါးက မရှိကြတော့ ဘူး ။ မရှိကြတော့ဘူးဆိုတာ သေသလား ၊ ရှင်သလားကို မသိတာ ။ လင်မယားနှစ်ယောက် မှော်ထဲ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားလိုက်တာ နှစ်နှစ်သာကျော် သွားတယ် စာလည်း မလာဘူး ၊ သတင်းလည်း မကြားရဘူး ။ ရှင်သလား ၊ သေသလားလည်း မသိရဘူး ။ မေးမြန်းစုံစမ်းပေးမယ့် ဆွေရယ်မျိုးရယ်လို့ကလည်း မရှိရှာတော့ ... ။  အဲဒီကတည်းက ကောင်လေးဟာ ဂျမ့်ပရိုမိုးရှင်းနဲ့ အိမ်ထောင်ဦးစီး ဖြစ်လာခဲ့တာပါပဲ ။

သူ့မိဘများ ထွက်သွား တုန်းကတော့ အနည်းအကျဉ်း ဝယ်ခြမ်းပေးခဲ့မှာပေါ့ ။ အဲဒီ နောက် အချိန်ကြာလာတာနဲ့ အမျှ ရှိတဲ့ ရိက္ခာလေးတွေ ကုန်လာပြီဆိုတော့ ကောင် လေးဟာ အိမ်ထဲကနေ အိမ်အပြင်ကို ရောင်းချစရာတချို့နဲ့ ထွက်လာခဲ့ရတယ် ။ သူတို့ ရှင်သန်မှုအတွက် ဆက်လက်တိုက်ပွဲဝင်ရမယ် မဟုတ် လား ။ ပထမဦးဆုံးတော့ အိုးခွက်ပန်းကန် ပိုတာလေးတွေပေါ့ ။ အဲဒီနောက် ကြောင်အိမ်လို ၊ သေတ္တာလိုက စ , လို့ သူ့မိဘအဝတ်အစားတွေက အစ တစ်စတစ်စ ရောင်းချလာခဲ့တယ် ။

အဲဒီတုန်းကတော့ သူဟာ မြို့ထဲအထိ သွားစရာ မလိုသေးဘူးပေါ့ ။ သူ့ပစ္စည်းလေးတွေဟာ ဒီရပ်ကွက်ထဲမှာပဲ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ် ။ ရပ်ကွက်ထဲက သူ့ကို  သနားကြတဲ့ လူတချို့က အင်း ... သူ့ပစ္စည်းတွေကလည်း အလကားနီးနီး ဈေးနဲ့ ရနေတာဆိုတော့ ဝယ်ယူအားပေးကြပါတယ် ။ ရပ်ကွက်ထဲက ဦးပုအိမ်ကို ရဲတွေ မရောက်လာခင်အထိ ဆိုပါတော့ ။ ခိုးရာပါ ပစ္စည်း လက်ခံမှုနဲ့ မြွေပါလည်း ဆုံး ၊ သားလည်း ဆုံး ဖြစ်ခဲ့တဲ့ ဦးပု ဟာ ထောင်မကျတာတောင် ငဝိုင်း မ , လို့ ဆိုပါတော့ ။

အဲဒီနောက်မှာတော့ ရပ်ကွက်ထဲက လူတွေဟာ ကောင်လေးကို ဝိုင်းကြဉ် ထားလိုက်ကြတယ် ။

ကောင်လေးကတော့ သူ့လက်ထဲမှာ ပစ္စည်းသာ ရှိပါစေ ။ သူတို့ မဝယ်လည်း ဝယ်မယ့်သူတွေက အသင့်ဆိုတော့ အခက်အခဲ မရှိပါဘူး ။ အဲဒီနောက်တော့ ကောင်လေးရဲ့ ဈေးကွက်ဟာ မြို့ထဲဘက် ဦးတည်ခဲ့တော့တယ် ။ ဒီလိုနဲ့ ပဲ တောင်ပေါ်မြို့ကလေးရဲ့ မိုးရေစက်များကြားမှာ ကောင်လေးကို ယောက်ျား ဆောင်းထီးကြီး တစ်လက်နဲ့ အတူ တွေ့နေရတယ် ။

••••• ••••• •••••

၄ ။

ဥပုသ်ဇရပ် တစ်ခုမှာပေါ့ ။ ဥပုသ်သည်တွေရဲ့ တရားမှတ်ချိန်လို့ပဲ ပြောမလား ။ တစ်ရေးတစ်မော အိပ်ချိန်လို့ပဲ ပြောရမလား ။ ဒါမှမဟုတ် အတင်းအဖျင်းပြောချိန်လို့ပဲ သတ်မှတ်ရမလား မသိ ။ ဥပုသ်ယူပြီးလို့ ဥပုသ်သည်တွေ နားနေချိန်မှာပေါ့ ။ ခပ်ဖိုင့်ဖိုင့် မိန်းမကြီး သုံးလေးယောက်ဟာ အကြောင်းအရာ တစ်ခုကို အချေအတင် ဆွေးနွေးနေတယ် ။

ဆွမ်းချိုင့်တွေ ဘယ် ရောက်သွားသလဲ ... တဲ့ ။

ဖြစ်တာက ဒီလိုပါ ။ သီလပေးပြီးတယ် ဆိုရင်ပဲ ဘုန်းကြီးက သူ့ရှေ့က ဒကာမကြီး တစ်ယောက်ကို လှမ်းမိန့်ပါတယ် ။

“ ဒကာမကြီးတို့ မိသားစု နေကောင်းကြရဲ့လား ” တဲ့ ။

“ ကောင်းပါတယ် ဘုရား ” ဆိုတော့ ။

“ အရောင်းအဝယ်ရော အဆင်ပြေကြလား ” တဲ့ ။

“ ပြေပါတယ် ဘုရား ” ပေါ့ ။

ဒါပါပဲ ဘုန်းကြီးက ဘာမှ ဆက်မမိန့်တော့ပါဘူး ။ ဒါပေမဲ့ ဒကာမကြီးတွေ ရင် ထဲမှာတော့ ခိုးလိုးခုလုပေါ့ ။ တစ်ခုခုတော့ တစ်ခုခုပဲပေါ့ ။ ဒါနဲ့ပဲ ကိုရင်ကြီး တစ်ပါးကို ကပ်မေးကြတယ် ။

“အင်း ... ဒကာမကြီးတို့အိမ်က ဆွမ်းချိုင့် မရောက်တာ ကြာပြီလေ ” တဲ့ ။

“ ဆရာတော်က စိတ်ပူလို့ မေးတာနေမှာပါ ” တဲ့ ။

ဒကာမကြီး ပျာယာခတ်သွားတယ် ။

“ ဆွမ်းချိုင့် မရောက်တာ ဘယ်လောက်ကြာပြီလဲ ဘုရား ”

••••• ••••• •••••

၅ ။

ဒီနေရာမှာ ကျွန်တော်တို့ဒေသရဲ့ ဓလေ့က ဒီလိုဗျ ။ မနက်ခင်း ထမင်း ၊ ဟင်း ချက်ပြုတ်ပြီးပြီ ဆိုတာနဲ့ ဆွမ်းတော်တင် ၊ ဆွမ်းချိုင့်ခူးခပ်ပြီးမှ တစ်မိသားစုလုံး စားသောက်ပြီး ကိုယ့်အလုပ်ရှိရာ ကိုယ်စီ သွားကြတယ် ။ ဆွမ်းချိုင့်ကတော့ အိမ်ဝင်းခြံတံခါး မှာ ချိတ်ဆွဲထားခဲ့တာပေါ့ ဗျာ ။ အင်း ... အဘိုးကြီး ၊ အဘွားကြီးရှိတဲ့ အိမ် ၊ ဒါမှ မဟုတ် ကိုယ်ခွဲရှိတဲ့ အိမ်က တော့ ကိုယ်တိုင်လောင်းလှူ နိုင်ကြတာပေါ့ဗျာ ။

အဲဒီမှာ ပြဿနာတက်တာပဲဗျ ။ အထက်က ဒကာမ ကြီးအိမ်က ကိုယ်ခွဲ မရှိတော့ မနက်တိုင်း ဆွမ်းချိုင့်ကို ဝင်း တံခါးမှာ ချိတ် ၊ အလုပ်သွား ညနေပြန်လာရင် ဆွမ်းချိုင့်က ဆေးကြောပြီး ဝင်းတံခါးမှာ ပြန်ရောက်နေပြီ ။ ဆိုတော့ သူတို့လည်း အခါတိုင်းလို ဘုန်းကြီးကျောင်းသားလေးတွေ ဖြုတ်သွားတယ် ၊ ပြီးတော့ သူတို့ ပြန်လာထားသွားတယ် ။ အဲဒီလိုပဲ တွေးထားတာကိုးဗျ ။ အခုမှ သိလိုက်ရတော့ ... ။

ဇရပ်ပေါ်က စကားဝိုင်းကို တိုးတိုးတိတ်တိတ်ပဲ အဆုံးသတ်လိုက်တယ် ။ မနက်ဖြန် စောင့်ဖမ်းကြမယ်ပေါ့ ။

••••• ••••• •••••

၆ ။

ကျွန်တော် ဆက်မရေးချင်တော့ပါဘူး ။ အားလုံး သိတဲ့အတိုင်းပဲ ။ နောက်တစ်ရက်မှာ ကောင်လေးကို ထမင်းချိုင့် ဖြုတ်နေတုန်း လက်ပူးလက်ကြပ် ဖမ်းမိပါတယ် ။ အသင့်စောင့်နေတဲ့ လူအုပ်ကြီးနဲ့ ညှပ်ပူးညှပ်ပိတ် ဝိုင်းဖမ်းကြတာပါ ။

ကြင်နာသနားတတ်ပုံ ရတဲ့ မိန်းမကြီးတွေက ဖိနပ်နဲ့ ကောင်လေးပါးကို လေးငါး ဆယ်ချက် ဆင့်ရိုက်ကြပါတယ် ။ သတ္တိအရမ်းကောင်းပုံရတဲ့ လူကြီးတစ်ယောက်က ငါ့စိတ်က မရဘူးနော် ဆိုပြီး ကောင်လေး ရင်ဘတ်ကို ဖနောင့်နဲ့ ပေါက်ပါတယ် ။

ရပ်ကွက်လူကြီးတွေ ရောက်လာတော့ ကောင် လေးမျက်နှာပေါ်က သွေး စက်တွေကို မိုးရေက ဆေး ကြောပေးပြီး ဖြစ်နေပါပြီ ။ ကောင်လေးဟာ ရောင်ကိုင်းနေတဲ့ သူနှုတ်ခမ်းကိုပဲ စူးစူးနှစ်နှစ် ကိုက်ထားပါတယ် ။ သူ့ အကြည့်တွေဟာ မြေပြင်ပေါ် က မခွာနိုင်ပါဘူး ။ မိုးရေနဲ့ ရောနေလို့ သူ့မျက်ရည်ကို မမြင်နိုင်ပေမဲ့ သူ ငိုနေခဲ့မယ် ဆိုတာ အသေအချာပါ ။

ဘေးကနေ ဘာသာတရားကိုင်းရှိုင်းသူအချို့ကတော့ ကောင်လေးကို မေတ္တာပို့နေကြပါတယ် ။

“ မိုးကြိုးပစ်မယ့်ကောင် ”

“ မြေမျိုမယ့်ကောင် ”

ဒါပေမဲ့ ဒီအသံတွေကို ကောင်လေး မကြားတော့ပါဘူးကွယ် ။ သူ့နားထဲမှာ သူ့ညီမလေးရဲ့“ အစ်ကို ညီမလေး ဗိုက်ဆာတယ် ” ဆိုတဲ့ အသံမှ တစ်ပါး အခြား မရှိတော့ ။ သူ့နားထဲမှာ “ မင်း ညီမလေးရောဂါက အာဟာရ ချို့တဲ့လို့ဖြစ်တာ ၊ အာဟာရ ဖြစ်အောင် ကျွေးရမယ် ” ဆိုတဲ့ ဆရာဝန်ကြီး အသံမှ တစ်ပါး အခြား မရှိတော့ ။ သူ့မျက်စိထဲမှာ ပိန်လှီဖျော့တော့နေတဲ့ သူ့ညီမလေးမျက်နှာပဲ မြင်နေတယ် ။ လူအုပ်ကြားကနေ အောက်နှုတ်ခမ်းကို ပြတ် ထွက်လုမတတ် ကိုက်လို့ ၊ လက်သီးကို ကျစ်ကျစ်ပါ အောင်ဆုပ်ထားတဲ့ သူ့ညီ လေးကိုလည်း မမြင်တော့ ။ ဘုန်းကြီးကျောင်းမှာ ပိုလျှံနေတဲ့ ဆွမ်းဟင်းတွေကိုပဲ မြင်ယောင်နေတယ် ။

“ ဪ ... ဘုန်းကြီးကျောင်းက ခွေးတွေတောင် ငါတို့ထက်တော့ ဝ , ပါသေးတယ် ညီမလေးရယ် ”

ညီမလေး ဗိုက်ဆာနေရင် .... ။

အဲဒီအတွေးနဲ့ပဲ ကောင်လေးဟာ မျက်ရည်ကျရရှာပါတယ် ။

••••• ••••• •••••

၇ ။

ကောင်လေး မရှိတော့ပေမဲ့လည်း ရပ်ကွက်လေးက တော့ အရင်အတိုင်းပါပဲ ။ လူတွေကလည်း နေမြဲစားမြဲ သွားမြဲလာမြဲပါပဲ ။ မိုးတွေကလည်း ရွာမြဲရွာဆဲပေါ့ ။

ဒါပေမဲ့ ရပ်ကွက်ထဲက လူတွေ သတိမထားမိသေး တာက ဒီလို မိုးသဲသဲထဲမှာ ယောက်ျားဆောင်း ထီးကြီးနဲ့ ကောင်လေး တစ်ယောက်ဟာ မိုးကာကျောပိုးအိတ်ကလေးကို လွယ်လို့ ။

သူ့အစ်ကို လျှောက်ခဲ့တဲ့ လမ်းများအတိုင်း လျှောက်လို့ ။ သူ့အစ်ကိုများ ပြန်လာတော့မလားဆိုတဲ့ အတွေးတွေနဲ့ လမ်းမကြီး တစ်လျှောက် မျှော်ငေးကြည့်ရင်း မိုးစက်တွေကြား တရွေ့ရွေ့ တနင့်နင့် တိုးဝင်သွားပေါ့ ။

⎕ မခ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း  
     ဧပြီ ၊ ၂၀၁၈

No comments:

Post a Comment