Sunday, July 12, 2026

အချစ်ဟု ဘာသာပြန်ကြမည်


❝ အချစ်ဟု ဘာသာပြန်ကြမည် ❞
          ( ကြယ်လွဲမိုး )

၁ ။

“ ငါ စဉ်းစားပါရစေဦး မင်းဝေ ”

ခင်မိုးဆွေ ဆီက မျှော်လင့်ထားသည့် အဖြေစကား မဟုတ်ပေမဲ့ မျှော်လင့်ချက်ပြည့်လုနီးပါး စကား တစ်ခွန်းကြောင့် ကျွန်တော် ပျော်သွားပါသည် ။ သူ့ရှေ့မှာမို့ “ ဟေး ” ခနဲ ထ , မအော်မိအောင် ထိန်းသိမ်းလိုက်နိုင်ပေမဲ့။အညာလေ အဝှေ့မှာတော့ ကျွန်တော့် ကိုယ်စား တမာရွက်ခြောက်ကြွေတို့သည် ထ , ခုန်နေကြသည် ။ ကျွန်တော့် ချစ်ခွန်း လျှောက်လဲချက်အား နာကြားနေကြသော တမာပင်အိုပေါ်မှ ငှက်တစ်အုပ်သည်လည်း အတောင်ပံ ခတ်ကာ သြဘာပေးနေကြလေသည် ။ ချစ်သူကား ကျွန်တော့်အပါးမှ ထွက်ခွာသွားပြီ ဖြစ်သည့်တိုင် ချစ်သူ ထိုင်ခဲ့သော ခုံပြာတန်းကလေးကား ခပ်နွမ်းနွမ်းလေး ကျန်နေဆဲ ။

ချစ်သူဆီမှ စဉ်းစားပါရ စေဦး ဆိုသော စကားသည် ချစ်တယ်ဆိုသော စကားကို နားနှင့် ဆတ်ဆတ် ကြားရဖို့ ရာနှုန်းပြည့် သေချာနေပြီပဲလေ ။ ကမ္ဘာပေါ်မှာ ရှိသည့် မည်သည့် ချစ်သူစုံတွဲ မဆို ချစ်တယ် ဆိုသော အဖြေမပေးမီ စဉ်းစားပါရစေဦး ဆိုသော စကားလေးသည် ချစ်မေတ္တာ စခန်းကို ဖွင့်လှစ်ပေးမည့် ဖဲကြိုးပြာပြာလေး တစ်ချောင်း ဖြစ်ခဲ့သည်မှာတော့ သေချာပါလိမ့်မည် ။ ရဲတင်းပွင့်လင်းသော တချို့ အမျိုးသားများ အတွက်မူ သည်နေရာမှာပင် ချစ်သူဘဝ ရောက်အောင် စွမ်းဆောင်နိုင်ကြလိမ့်မည် ထင်ပါသည် ။ ကျွန်တော့်မှာတော့ ချစ်သူ့ နှုတ်ငုံတော်ဦး ဆီမှ စဉ်းစားပါရစေဦး ဆိုသော စကားပွင့် ကြွေအကျမှာပင် ဆွံ့အ , တုန်ယင်လှိုက် မောနေလေသည် ။

••••• ••••• •••••

လက်ထဲမှာ ကိုင်ထားသည့် မြင်းရုပ်ကလေးကို လက်ညှိုးနှင့် လက်မကြား ထားကာ တစ်ပတ်လည်သွားအောင် လှည့်ကစားလိုက်ပြီး ရည်ရွယ်ချက်မရှိပါဘဲ ကွင်း ရှေ့ကို ချမိလိုက်သည် ။

“ ချက်စ် ၊ ဟေ့ကောင် မင်းဝေ ၊ မင်း ရှုံးသွားပြီ ”

အောင်ဘိုထွန်းက ဝမ်းသာအားရ ထအော်လိုက်ပြီး “ ကျဆိမ့်နှစ်ခွက် ဆေးလိပ်တစ်ပွဲ ” ဟု ကောင်တာကို လှမ်းမှာနေသည် ။ အောင်ဘိုထွန်းကို ကျွန်တော်က အမြဲတမ်း လက်ရည်အသာနှင့် ကစားနိုင်ခဲ့သည်ချည်း ။ သည်တစ်ခါ သူ နိုင်သွားသည့် အတွက် တော်တော် ပျော်သွားပုံလည်း ရပါသည် ။

ကျွန်တော် ရှုံးခဲ့သော ချက်ခုံလေးကို တစ်ချက် ဝေ့ကြည့်ပြီး ဘာရယ်မသိ ပြုံးမိသည် ။ ထိုအရှုံးသည် လှနေသည် ။

“ ဟာကွာ ၊ ဒီကောင်လေးကတော့ နမော်နမဲ့နဲ့ ငါ တယ် .... ”

“ ဟာ သူငယ်ချင်း မဆူပါနဲ့ကွာ ၊ မတော်တဆ ဖြစ်သွားတာပဲ ”

စားပွဲထိုးကောင်လေး လက်ဖက်ရည်ခွက် လာအချမှာ လက်ဖက်ရည်ခွက် စောင်းသွားပြီး ကျွန်တော့် ပုဆိုးပေါ် ဖိတ်စဉ်သွားသည် ။ ကျွန်တော့်စိတ်ထဲတွင် ဘာမှ မဖြစ်သည့် အပြင် ပုဆိုးပေါ် စွန်းကွက် သွားသော အစွန်းကွက်လေးသည်ပင် အသည်းပုံနှင့် တူသလိုလို ဖျတ်ခနဲ ကြည်နူးမိသွားသည် ။

ထိုနေ့တွင် ခံစားနေရသော ခံစားမှုတို့သည် လှနေပါသည် ။ မြင်ရသော အရာတွေသည်လည်း ကြည်နူးစရာတွေပဲ ဖြစ်နေမိသည် ။ လက်ဖက်ရည်ဆိုင်ရှေ့က ဓာတ်တိုင်ကြီးမှာ တစ်ရပ်ကွက်လုံးက ဓာတ်ကြိုးတွေ ဝိုင်းသွယ်ထား၍ ရှုပ်ယှက်ခတ်နေသည့် မြင်ကွင်းသည်ပင် ကျွန်တော့် အာရုံထဲမှာ မော်ဒန်ပန်းချီကား တစ်ချပ် ပမာ ကြည့်ကောင်းနေသည် ။ စားပွဲခုံကို သူငယ်ချင်းက ဂတ်စ်မီးခြစ်နှင့် တဒေါက်ဒေါက် ခေါက်နေသော အသံသည်ပင် ကျွန်တော့်နားထဲတွင် ရက်ဂေး တေးသွား တီးခတ်နေသလို နာပျော်ဖွယ် အတိ ဖြစ်နေပါသည် ။

“ ဟေ့ကောင် ၊ ဘာဖြစ်နေတာလဲ တပြုံးပြုံးနဲ့ ... ”

“ ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့လေ ၊ ခင်မိုးဆွေ ငါ့ကို အဖြေ ပေးတော့မှာ ”

ကျွန်တော် မေးစေချင် သောစကားကို အောင်ဘိုထွန်းက မေးလာသည့်အတွက် သူ့ စကားမဆုံးမီ ဖြေလိုက်သည် ။

“ ဒါလေးများ ဖြစ်နေလိုက်တာ ” ဆိုပြီး သူက မဲ့ပြုံးတစ်ချက် တွန့်ပြနေသည် ။ ထိုမဲ့ပြုံးသည်ပင် အပြုံးဘက် ကဲသည်ဟု ကျွန်တော်ထင်သည် ။

••••• ••••• •••••

ကျွန်တော် စာမေးပွဲ အခန်းထဲက ထွက်ထွက်ချင်း ပထမဆုံးအကြိမ် ဖွင့်ဟဖြစ်ခဲ့သော တမာပင်အိုအောက်က ခုံပြာတန်းလေးမှာ ခင်မိုးဆွေ ကို စောင့်နေမိသည် ။ ခင်မိုးဆွေ ကျွန်တော့်ကို အဖြေပေးပြီးလျှင် သည်ခုံပြာတန်းလေး၏ ကျောမှီလေးမှာ စက်ဘီးသော့လေးနှင့် “ ကိုယ် + ခင် ” ဟု ရေးခြစ်ဖို့ စက်ဘီးသော့တွဲလေးပင် လွယ်အိတ်ထဲမှ ထုတ်ယူထားလိုက်သည် ။

သိပ်မကြာခင်မှာပဲ ခင်မိုးဆွေ ကျွန်တော့်ဆီ လျှောက်လာနေတာ လှမ်းမြင်နေရပြီ ။ ကျွန်တော် ခုံပြာတန်းလေးကနေ ထ , ရပ်လိုက်သည် ။ ခင်မိုးဆွေလည်း ကျွန်တော့် နားမှာ မျက်လွှာအစုံ ချပြီး ရပ်လာသည် ။ ပြီးတော့ ရင်ခွင်မှာ ပိုက်ထွေးထားသော ပန်းနုရောင် လွယ်အိတ်ကလေးရဲ့ မြိတ်စလေးကို သူ့လက်ချောင်း သွယ်သွယ်လေးတွေနှင့် ထိုးဖွနေသည် ။ ဒါတွေသည် အချစ်၏ အရိပ်အယောင်ဟု ကျွန်တော် မှန်းဆမိသော် လည်း သူ့နှုတ်ခမ်းလွှာမှ ဖွင့်ဟ လာသည်အထိ ကျွန်တော် စောင့်စည်းချင်ပါသည် ။

“ ခင်မိုးဆွေ ဟို ဟိုလေ ကိုယ် ပြောထားတဲ့ ကိစ္စ - အဲဒါ ...”

“ အေးပါ ၊ တို့ စဉ်းစားထားပါတယ် ။ ဟိုလေ တို့တွေ ခုမှ ကျောင်းပြီးကြတာ မဟုတ်လား ။ ဘွဲ့လည်း မရသေးဘူးလေ ။ ပြီးတော့ အလုပ်အကိုင် ဆိုတာလည်း ... တို့ ပြောမယ်နော် ။ တစ်မျိုးမထင်နဲ့ ။ တို့ သူငယ်ချင်း ပပပြုံးတို့လို ကျောင်းမပြီးခင် လက်ထပ် ၊ အလုပ်လည်း မည်မည်ရရ မရှိတော့ အခု သူတို့ ဘယ် လောက် ဒုက္ခရောက်နေကြ တယ်ဆိုတာ သူလည်း သိသားပဲ ။ တို့ ပပပြုံး လို မခံစားချင်သလို သူ့ကိုလည်း အဲဒီဒုက္ခတွေ မခံစားစေချင်ဘူး ”

ခင်မိုးဆွေ ပြောသော အကြောင်းတရားတို့သည် ခိုင်လုံနေသည်မို့ ကျွန်တော် ငိုင်သွားသည် ။ တမာပင်အိုပေါ်မှ ငှက်တစ်အုပ်သည်လည်း ပွဲပြီးသွားပြီ ထင်နေရော့သလား မသိ ရုတ်တရက် ထ , ပျံပြေးသွားကြသည် ။ အညာလေပူတစ်ချက် အဝှေ့ မှာတော့ တမာရွက်ခြောက်ကြွေတို့က အလိုက်မသိစွာ ထ , ခုန်နေကြသည် ။

ကျွန်တော် ငိုင်နေသည်ကို ခင်မိုးဆွေ မကြည့်ရက်လို့ ထင်ပါသည် ။ စကားတစ်ခွန်းဖြင့် နှစ်သိမ့်နေပြန်သည် ။

“ သူကလည်း တို့တွေ တစ်နယ်တည်းသားတွေပဲဟာအချိန်မရွေး တွေ့မြင်နေရမှာပဲလေ ။ သူလည်း ဘွဲ့ရပြီးရင် အလုပ်တစ်ခု ရအောင် ကြိုးစားပေါ့ ။ တို့လည်း ကြိုးစားမယ်လေ မဟုတ်ဘူးလား ”

ကျွန်တော် ခင်မိုးဆွေ မသိအောင် သက်ပြင်းတစ်ချက် ခိုးချမိသည် ။ ခေါင်း တွင်တွင်ညိတ်ပြီး ကတိတွေလည်း ပေးနေမိသည် ။

“ သွားတော့မယ်နော် ၊ အဲဒီအခါကျရင် တို့ သူ့ အတွက် စဉ်းစားထားပါ့မယ် ”

ကျွန်တော့် အပါးမှ ဆံနွယ်တွေ အတောင်ပံဖြန့်ကာ ပျံသန်းသွားသော ချစ်သူကို ကြည့်ပြီး ရင်ထဲမှာ မောနေမိသည် ။ ချစ်သူ့ရင်ခွင်ဆီ လျှောက်လှမ်းနေသော ကျွန်တော့်ခရီးသည် မထင်မှတ်ဘဲ ရှည်လျားသွားပြန်သည် ။ သို့ပေမဲ့ မြင်မြင်သမျှ ကျွန်တော့် ဝန်းကျင်မှာတော့ အချစ်ကြောင့် လှပနေဆဲပဲလေ ။

••••• ••••• •••••

အခုမှပင် ဘဝသည် အဓိပ္ပာယ် ရှိသွားသည်ဟု ခံယူမိသည် ။ စက္ကန့် ၊ နာရီတွေမှသည် ရာသီတွေပြောင်းလဲ အသစ်အသစ်သော နေ့ရက်တွေတိုင်းသည် အချစ်စိတ်ဖြင့် ဖြတ်သန်းနေရခြင်းသည် လည်းကောင်း ၊ မျှော်လင့်ချက်ဖြင့် ရှင်သန်နေရခြင်းသည် လည်းကောင်း ဘဝသည် အဓိပ္ပာယ် ရှိလှပါသည် ။

ခင်မိုးဆွေရော ကျွန်တော်ပါ နောက်ဆုံးနှစ် စာမေးပွဲ အောင်မြင်ခဲ့ကြပါသည် ။ ခင်မိုးဆွေက ကျွန်တော်တို့ နယ်မြို့လေးမှာ နေ့စား ကျောင်းဆရာမအဖြစ်ပင် ဝင်ရောက် လုပ်ကိုင်နေပြီလည်း ဖြစ်ပါသည် ။ ကျွန်တော်ကလည်း ကျွန်တော့် ဦးလေး အဆက်အသွယ်နှင့် မြန်မာ့မီးရထားဌာနတွင် လုပ်သားငယ် အဖြစ် တာဝန်ထမ်းဆောင်ရန် ကျွန်တော်တို့ နယ်မြို့လေးကနေ ထွက်ခွာလာခဲ့ပြီလေ ။

ချစ်သူ ရှိသည့် အရပ် ၊ ချစ်သူ ကျန်ခဲ့သည့် နယ်မြို့လေးနှင့် ကျွန်တော်၏ ခွဲခွာခန်းသည် အလွမ်းတွေဖြင့် ဆို့နင့်မနေပါ ။ မူးမြစ်ကမ်းပါး တစ်လျှောက် ပေါက်ရောက်နေသည့် အဝေရာပင်တန်းတွေထဲကနေ ပြေးထွက်လာပြီး ဝိုင်းနေသည့် ပါးကွက်ကလေး တွန့်သွားအောင် ပြုံးပြရင်း လက်ပြနှုတ်ဆက် ကျန်ခဲ့သည့် မြင်ကွင်းကလေးသည် ကျွန်တော့်အတွက် ( ဖွ ဖွ - မပြောကောင်း မဆို ကောင်း ) တစ်သက်စာပင် လွမ်းရစေဦးတော့ လွမ်းနိုင်လောက်သည့် အင်အား လုံလောက်သွားပါသည် ။

ကျွန်တော် မီးရထားဌာန တိုင်းအမှတ် ( ၃ ) ရုံးချုပ် မှ တာဝန် ချမှတ်လိုက်သည့် တံတားဦးနယ်ထဲမှ တောဘူတာလေး တစ်ခုတွင် စတင် တာဝန်ထမ်းဆောင်ရသည် ။ လုပ်သားငယ် ဘဝနှင့် တစ်နှစ် ထမ်းဆောင်ပြီး လမ်းခွဲကိုင်ရာထူး ရရှိလာသည် ။ ထို မှတစ်ဆင့် လမ်းခွဲကိုင်ရာထူး လေးနှစ် ပြည့်သည့် အချိန်မှာတော့ ဒုတိယရုံပိုင် ရာထူးတိုး စာမေးပွဲ ဝင်ရောက် ဖြေဆိုခဲ့သည် ။

ကျွန်တော် လျှောက်လှမ်းခဲ့ရသော ဘဝတွေသည် သာမန် လူသား တစ်ယောက်လိုပင် ကြမ်းတမ်းတာတွေလည်း ရှိသည် ။ နူးညံ့ ဆွတ်ပျံ့စရာတွေလည်း ရှိခဲ့ပါသည် ။ ကြမ်းတမ်းသည့် ဘဝ အဆစ်အပိုင်းကို လျှောက်ခဲ့ရသည့် အချိန်မှာ ခင်မိုးဆွေကို ချစ်သည့်စိတ် တစ်ခုတည်းဖြင့် လောကဓံကို အန်တု ၊ အချစ်၏ စွမ်းအားတွေကို စုပြီးကျော်ဖြတ်ခဲ့သည် ။ ဆွာပျံ့ စရာတွေနှင့် လျှောက်လှမ်းခဲ့ရသော အချိန်တွေမှာတော့ ခင်မိုးဆွေ အပေါ် ထားရှိသည့် သစ္စာတွေနှင့် အနားသတ် နေထိုင်ခဲ့ပါသည် ။

ကျွန်တော့် မေတ္တာ ၊ ကျွန်တော့် သစ္စာတွေကြောင့်ပဲ ဖြစ်ပါလိမ့်မည် ။ ဒုတိယရုံပိုင် စာမေးပွဲ အောင်မြင်ခဲ့ပြီ ။ မိတ္ထီလာမြို့မှာရှိသည့် ‌ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဒုတိယရုံပိုင် သင်တန်း တစ်နှစ် တက်ရောက်ပြီးလျှင်တော့ ခင်မိုးဆွေနှင့် လက်ထပ်ဖို့ ကျွန်တော့် နယ်မြို့လေးဆီ အပြေး ပြန်မည် ။ စိတ်ကူးဖြင့် မှန်းဆကြည့်ရုံနှင့်ပင် ရင်ခုန်သံတွေ မြန်နေလေပြီ ။ အို ... ခင်မိုးဆွေနှင့် စ , တွေ့ကတည်းက ကျွန်တော့် နှလုံးသားလေး ခုန်ပေါက် လှုပ်ရှားနေမိတာ တစ်မိနစံကို ခုနစ်ဆယ့်နှစ်ကြိမ်မျှ မကခဲ့ တာပဲလေ ။

ထိုညက အိပ်မက်ထဲတွင် ခင်မိုးဆွေ ပူဆာသော မြောက်စူးစူး အရပ်က ဓူဝံ ကြယ်ကို ကျွန်တော်က ဆွတ်ယူပြီး သူ့ကေသာထက် ပန်ဆင်ပေးတော့ ခင်မိုးဆွေ ရယ်လေ ပြုံးနေလိုက်တာ လမင်းကြီးတောင် မနာလိုဝန်တို ဖြစ်နေလေရဲ့ ။

••••• ••••• •••••

၂ ။

ခြောက်နှစ်တာကာလ ကြာမြင့်သွားသည့်တိုင် ကျွန်တော်တို့ နယ်မြို့လေးသည် ထူးထူးခြားခြား ဘာမျှ ပြောင်းလဲမသွား ။ အရင်လိုပဲ ဘေးမဲ့ လွှတ်ထားသည့် နွားတွေက မြို့ကလေး၏ လမ်းမထက်ပေါ် အပူပင် ကင်းမဲ့စွာ ကျက်စားနေကြသည် ။ စက်ဘီးစီးရင်း ရေအိုးခေါင်းပေါ်ရွက်ကာ မူးမြစ်လေးဆီမှ သောက်သုံးရေ ခပ်နေကြသော မြို့ခံ လူနေမှုစရိုက်တွေပင် နဂိုအတိုင်း ရှိနေဆဲ ။

ကျွန်တော်တို့ ရပ်ကွက် ထိပ်က သစ္စာရိပ် လက်ဖက်ရည်ဆိုင်လေးသည် ယခု အနန္တမေတ္တာ ဟု အမည် ပြောင်းလဲသွားပေမဲ့ အရင်လိုပဲ သစ်သားခုံပုလေးတွေနှင့် ခပ်ကုပ်ကုပ်လေး တွေ့ ရသည် ။ ထို့ထက် မပြောင်းလဲသော အရာက ကျွန်တော့် သူငယ်ချင်း အောင်ဘိုထွန်းကို ချက်စ်ခုံ တစ်ခုနှင့် ထိုင်နေသည်ကို တွေ့လိုက်ရသည် ။ တစ်ခုတော့ ရှိသည် ။ ကျွန်တော့် သူငယ်ချင်းက အရင်လို ပိန်ကပ်ကပ် မဟုတ်ဘဲ ကျောင်းစိမ်းလုံချည်နှင့် ခံ့နေသည် ။

“ ဟာ ... ဟေ့ ကောင် မင်းဝေ ၊ မင်းကွာ မင်း မီးရထားဌာနမှာ အလုပ်ဝင်သွားတယ် ဆိုတာပဲ ကြားလိုက်ရတယ် ။ ပျောက်ချက်သား ကောင်းလှချည့်လားကွ ”

“ အေးကွာ ၊ ငါလည်း ငါ့ရည်ရွယ်ချက်လေး ပြည့်အောင် ကြိုးစား ရုန်းကန်နေရတာနဲ့ မင်းတို့နဲ့ အဆက်အသွယ် ပြတ်သွားတယ် ”

“ လာကွာ ၊ မင်းနဲ့ လက်ရည် မစမ်းရတာကြာပြီ ။ တစ်ပွဲလောက် နွှဲရအောင် ”

သည်တစ်ကြိမ်လည်း ကျွန်တော် ရှုံးသွားပါသည် ။ ထိုရှုံးပွဲသည်လည်း ဟိုးအရင်တုန်းကလို လှနေပါသေးသည် ။

“ မင်းမလည်းနော် ခင်မိုးဆွေကို စ , တွေ့ကတည်းက လက်ရည်တွေ ကျသွားလိုက်တာ အခုထိ မွှန်နေတုန်းပဲလား ”

သူငယ်ချင်း ပြောလာသည့် စကားကြောင့် ကျွန် တော် ‘ ဟတ် ’ ခနဲ ရယ်မိသွားသည် ။

“ ခင်မိုးဆွေကို ငါ အရမ်း တွေ့ချင်တယ်ကွာ ။ သူ အခု ဘာလုပ်နေလဲ ၊ ဘယ်မှာလဲ ... သူ ... သူ ... သူ ... ”

“ ဖြည်းဖြည်း မေးပါကွာ ၊ မင့် ခင်မိုးဆွေ ရှိပါ့ ။ မြို့ထောင့်စေတီနားက အလယ်တန်းကျောင်းမှာတာဝန်ကျနေရဲ့ ။ အရင်လိုပဲ မူနွဲ့ပြီး မင်းကို မျှော်နေလေရဲ့ ။ မင်းတို့ နှစ်ယောက်ကတော့ အံ့သြပါရဲ့ကွာ ။ မင်း နောက်မှ ချစ်သူ တွေ့တဲ့ ငါတောင် ကလေးနှစ်ယောက် ရနေပြီ ၊ ဟား ... ဟား ... ဟား ..”

“ ဟား ... ဟား ... ဟား ”

သူငယ်ချင်း အောင်ဘို ထွန်း၏ ရယ်သံက ကျွန်တော် တိတ်တခိုး စိုးရိမ်မိသော စိတ်ကလေးအား လွင့်ပါးပျောက်ပြယ်သွားပါသည် ။ ထို့ကြောင့်ပင် သူငယ်ချင်းနှင့် အတူ ဟန်မဆောင်နိုင်အောင် လိုက်ရယ်မိလေသည် ။

••••• ••••• •••••

“ ခင်မိုးဆွေ ”

“ ဟယ် … သူ ။ အဲ .. ရှင် ကိုမင်းဝေ ”

“ ဟုတ်တယ် ၊ ကိုယ် ... အဲလေ ၊ ကျွန်တော် ဒုခရိုင် သင်တန်းဆင်းဆင်းပြီးချင်း ခင်မိုးဆွေဆီ လာခဲ့တာလေ ”

ချစ်သူသည် အရင်လို ဆံနွယ်တွေကို ဖြန့်ချမထား ။ သို့ပေမဲ့ ပိရိသေသပ်စွာ ထုံးဖွဲ့ထားသော ဆံနွယ်တွေကြောင့် ပို၍ပင် အလှပေါ် အယဉ် ဆင့်နေသည် ။ ကျွန်တော်သည်လည်း ချစ်သူရှေ့မှာ တုန်ယင်လှိုက်မောနေမိပြန်သည် ။

“ လာလေ ၊ ဆိုင်တစ်ဆိုင် သွားပြီးအေးအေးဆေးဆေး စကားပြောကြတာပေါ့ ” ဟု ခင်မိုးဆွေ ပြောလိုက်တော့ ကျွန်တော် ပို၍ပင် ရင်ခုန် စိတ်လှုပ်ရှားသွားသည် ။

အအေးဆိုင်ထဲ ထိုင်ပြီး မှာထားသော အအေးဘူးများ ရောက်လာသည့်တိုင် ခင်မိုးဆွေနှင့် ကျွန်တော် စကားမပြောဖြစ်ကြသေး ။ ခင်မိုးဆွေ ကတော့ အအေးဘူးနံရံမှ သီးကျလာသော ရေစက်ကလေးတွေကို သူ့လက်ချောင်းသွယ်သွယ်လေးတွေနှင့် ပွတ်ခြေနေသည် ။ ကျွန်တော်လည်း ဘယ်က စ ပြောရမှန်း မသိတာနှင့် သည်နယ်မြို့လေးကနေ ထွက်ခွာသွားပြီး မီးရထားဌာန စ , ဝင်သည်မှ ကြုံတွေ့ရသည့် အကြောင်းလေးတွေကို အစီအစဉ်မကျ လျှောက်ပြောနေမိသည် ။ ပြောနေရင်း တစ်နေရာ အရောက်မှာတော့ ခင်မိုးဆွေက ကျွန်တော့် မျက်နှာကို မော့ကြည့်ပြီး “ ရှင် ... အသားတွေ ညိုသွားတယ်နော် ” ဟု အဆက်အစပ်မရှိ ပြောလိုက်တာကြောင့် ကျွန်တော် ပြောချင်သည့် အကြောင်းတွေကို ပြောစေချင်ပြီဆိုသည့် အဓိပ္ပာယ်မှန်း ရိပ်စားမိလိုက်သည် ။ ရင်ထဲမှာလည်း လှိုက်ခနဲ ကြည်နူး မိသွားသည် ။

“ ဟို ... ကျွန်တော် တက္ကသိုလ် နောက်ဆုံးနှစ် ဖြေပြီးတဲ့နေ့က ပြောထားတဲ့ ကိစ္စလေး အဲဒါ ... မခင်မိုးဆွေရဲ့ သဘောထား ဘယ်လို ရှိလဲဟင် ”

ကျွန်တော် စကားဆုံးသွားတော့ သူ သက်ပြင်း ညင်းညင်းလေး မသိမသာ ချလိုက်တာ သတိထားမိလိုက်တယ် ။

“ မနှစ်က ကျွန်မ ညီမလေး ဆုံးသွားတာ ကိုမင်းဝေ သိလောက်ရောပေါ့ ”

“ ဟင့်အင်း ... ကျွန်တော် မသိရသေးဘူး ”

“ ညီမလေး ဆုံးသွားတော့ ကလေးနှစ်ယောက် ကျန်ခဲ့တယ်လေ ။ ညီမလေး အမျိုးသားကလည်း ညီမလေးရဲ့ စိတ်ကြောင့်ပဲ အရက်တွေ သောက်ပြီး ပေတေနေလိုက်တာ အခုဆို အသိစိတ်တောင် မရှိတော့တဲ့ အထိ အရူးတစ်ပိုင်း ဖြစ်နေတယ် ။ ကျွန်မ တူလေးတွေလည်း ကံဆိုးရှာပါတယ်လေ ”

ခင်မိုးဆွေ ပြောရင်းနှင့် အသံ နစ်သွားတော့ ကျွန်တော်ပင် မျက်ရည်ဝဲသွားမိသည် ။

“ အဲဒါ ... လူလား မမြောက်သေးတဲ့ ကျွန်မရဲ့ တူလေးတွေကို ကျွန်မပဲ စောင့်ရှောက်ထားရတယ် ။ ကျွန်မအပေါ် ထားတဲ့ ကိုမင်းဝေရဲ့မေတ္တာတရားတွေကို ကျွန်မ လေးစားပါတယ် ။ ဒါပေမဲ့ လူလားမမြောက်သေးတဲ့ တူလေးတွေကို ပစ်ပြီး တစ်ခုခု ဆုံးဖြတ်ဖို့ ဆိုတာကတော့ .... ”

“ ဪ ... ”

“ ကျွန်မ ... စဉ်းစားပါရစေဦး .. ကိုမင်းဝေ ”

••••• ••••• •••••

၃ ။

မျှော်လင့်ခြင်းဖြင့် တင်းထားသည့် စိတ်တွေက ပြေ ချင်ပြီ ။ တန်းပေါ် ရောက်ချင်သည့် ပုဆိုးတစ်ထည်၏ အိပ်မက်တွေသည် ရှည်ကြာလွန်းလှပါသည် ။

“ အဲဒါ မင်းကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာကွ ” ဆိုသော အောင်ဘိုထွန်း၏ ကရုဏာဒေါသောနှင့် ပြောလိုက်သော စကားသံ ပြန် ကြားမိတော့ “ မဟုတ်ဘူး ၊ မဟုတ်ဘူး ” ဆိုပြီး တစ်ကိုယ်တည်း ငြင်းဆန်နေမိပြန်သည် ။

ခင်မိုးဆွေ၏ အကြည့် ၊ ခင်မိုးဆွေ၏ အပြော ၊ ခင်မိုးဆွေ၏ အမူအရာတို့သည် အချစ်ဟု အဓိပ္ပာယ် သက်ရောက်နေသည် ။ တစ်နည်းအားဖြင့် ရင်ခွင်ထဲမှ လွယ် အိတ်မြိတ်စလေးကို သူ့ လက်ချောင်းကလေးဖြင့် ထိုးဖွ နေခဲ့သော အဓိပ္ပာယ် ။ အအေးဘူး နံရံမှ သီးကျလာသော ရေသီးရေစက်ကလေးတွေကို တယုတယ ပွတ်ခြေနေခဲ့သည့် သင်္ကေတ စသည် တို့သည် အချစ်ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်သော အကိုးအကားတို့ပင် ဖြစ်ပါသည် ။

သူငယ်ချင်း အောင်ဘိုထွန်း ပြောသလို ခင်မိုးဆွေက ကြိုးရှည်ရှည်နှင့် လှန်ထားခဲ့သည် ဆိုစေဦးတော့ ကျွန်တော့် မျှော်လင့်ခြင်းတွေသည် သူ လှန်ထားသည့် ကြိုးထက် ရှည်လျားနေဦးမည်သာ ။ 

“ ဦးရုံပိုင်ကြီး ဘာတွေ တွေးနေတာလဲဟင် ”

ထမင်းချိုင့်ကလေး ကိုင်ပြီး ဘူတာရုံပေါက်ကနေ လှမ်းမေးလိုက်သော ကောင်မလေး၏ စကားသံ ကြောင့် ကျွန်တော့် အတွေးတွေ ရပ်တန့်သွားသည် ။

“ လာ ... သက်သက် ၊ ဝင်ခဲ့လေ ။ ဘာရယ် မဟုတ်ပါဘူး ၊ ဟိုတွေး ဒီတွေးပေါ့ ”

“ မသိပါဘူး ၊ ဦးရုံပိုင်ကြီး ကြည့်လိုက်ရင် အမြဲတမ်း တစ်ခုခုကို တွေးနေသလိုကြီး ။ မဟုတ်မှ လွဲရော အဆွေးသမား လူပျိုကြီးနဲ့ တူတယ် ၊ ဟီ ဟိ ”

လျှာကလေး တစ်လစ် လုပ်ပြပြီး သက်သက်မာ ဘူတာထဲကနေ ပြေးထွက်သွားသည် ။ ကျွန်တော့် အမူအရာတို့သည် ထမင်းဆိုင်က ကောင်မလေးပင် ရိပ်မိလောက်အောင် ပတ်ဝန်းကျင် အမြင်မှာ ဆွေးမြည့်နေသည့် လူတစ်ယောက်အဖြစ် ပေါ် လွင်နေပြီလား ။ ဒုတိယရုံပိုင် ကနေ ရုံပိုင်အဖြစ်နှင့် သည်ဘူတာကို ရောက်လာခဲ့တာ ငါးနှစ် ဆိုတော့လည်း ကျွန်တော့် အကြောင်းကို ရိပ်စားမိ လောက်ကြရောပေါ့ ။

တကယ်တော့ ကျွန်တော့် ခင်မိုးဆွေသည် မတိုက်ရသေးသော ထီလက်မှတ်ကလေးနှင့် တူသည် ။ ထီပေါက်ခဲ့လျှင် ဆိုသော အတွေးတွေနှင့် တစ်နေ့တစ်မျိုး မရိုးရသော စိတ်ကူးတွေဖြင့် ပျော်ရွှင်မှုကို ဖန်တီးပေးနေသည် ။ ထိုထီလက်မှတ်ကလေးကို လွှင့်ပစ်ဖို့ ဆိုသည် ကတော့ ကျွန်တော် တွေးပင် မတွေးမိသော အကြောင်းအရာ ဖြစ်သည် ။

••••• ••••• •••••

၄ ။

ကင်းရှေ့မှာ ဘိရှော့ အနက်နှင့် မြင်းတစ်လုံးကို ရံထားလိုက်ပြီး ခံစစ်ကို ခိုင်မာအောင် တည်ဆောက်လိုက်သည် ။ ပြီးမှ ပွန်းသုံးလုံးကို အလယ်ဗဟိုတွင် အထိုင်ချကာ တိုက်စစ်ကို ဖွင့်လိုက်သည် ။

“ မင်း လက်ရည်တွေ ပြန်တက်လာပြီ ” ဆိုပြီး အောင်ဘိုထွန်းက ပြုံးဖြဲဖြဲ လုပ်နေသည် ။ သည်တစ်ခေါက် နယ်ပြန် ရောက်လာတော့ အခါတိုင်းနှင့် မတူ ။ ကျွန်တော့် စိတ်တွေ တည်ငြိမ်နေသည်ကို ကိုယ်တိုင်လည်း သတိထားမိပါသည် ။

ကျွန်တော်က သူ့ ကင်းရှေ့မှာ ရံထားသော အထောက် မဲ့နေသည့် ပွန်းကို စားရန် ကျွန်တော့် ကွင်းကို ကောက်ကိုင်ထားလိုက်သည် ။

“ ဟယ် ... ကိုမင်းဝေ ၊ ဘယ်တုန်းက ရောက်နေတာလဲ ”

ရုတ်တရက် ဆိုင်ရှေ့က ခင်မိုးဆွေ့အသံ ကြားလိုက်ရတာကြောင့် လက်ထဲမှာ ဆုပ်ကိုင်ထားသည့် ကွင်းကို လွတ်နေသည့် အကွက်တစ်ကွက်မှာ ချပစ်လိုက်မိပြီး ...

“ မနက်ကပဲ ရောက်တယ် မခင်မိုးဆွေ ”

“ အိမ် လာခဲ့ဦးလေ ၊ အမေကလည်း ရှင် ဒီတစ်ခေါက် ပြန်လာတာ တွေ့ရင် အိမ်အလည် ခေါ်ခဲ့ဦးတဲ့ ။ စကားပြောစရာ ရှိလို့နဲ့တူတယ် ”

ကျွန်တော့်ကို နှုတ်ဆက် ကာ ဈေးခြင်းတောင်းလေး ဆွဲပြီး ရပ်ကွက်ထဲ ဝင်သွားသည့် ခင်မိုးဆွေကို မျက်စိတစ်ဆုံး ငေးမောကြည့်နေမိသည် ။

“ ချက်စ် ... မင်းရှုံးသွားပြီ မင်းဝေ ၊ ဟား ... ဟား ... ဟား ... ။ ဟေ့ ... ကျဆိမ့်နှစ်ခွက် ၊ ဆေးလိပ်တစ်ပွဲ ”

••••• ••••• •••••

ခွင့်ရက်စေ့၍ တာဝန်ကျရာ ဘူတာဆီ ပြန်ဖို့ ကျွန်တော် အဝေးပြေးကားဂိတ် ရှိရာဆီ ခပ်စောစောပင် ထွက်ခဲ့လိုက်သည် ။ သူငယ်ချင်း အောင်ဘိုထွန်းလည်း ပြောစရာရှိလို့ဟု ဆိုကာ ကားဂိတ်အထိ လိုက်လာသည် ။ ကားထွက်ဖို့ လိုသေးသည်မို့ ကားဝင်းထဲက လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်တွင် ထိုင်ဖြစ်ကြသသည် ။ နှစ်ယောက်လုံး လက်ဖက်ရည် သောက်ပြီးကြသည် အထိ ပြောစရာရှိလို့ဟု ဆိုခဲ့သော အောင်ဘိုထွန်းက ယခုထိ ဘာစကားတစ်ခွန်းမျှပင် မပြောသေး ။ တစ်ခုခုကို လေးလေးနက်နက် ပြောချင်ပုံ ရသည် ။ ပြောသင့် မပြော သင့်ကိုလည်း ချင့်ချိန်နေပုံလည်း ရသည် ။ ကျွန်တော် တို့ နှစ်ယောက်က လွဲရင် ကားဝင်းထဲမှာ လူသံ ၊ ကားသံတွေနှင့် ဆူညံလို့နေသည် ။ ကျွန်တော်တို့ နှစ်ယောက်၏ တိတ်ဆိတ်မှုကို ကျွန်တော်ကပဲ စတင် ဖြိုခွဲလိုက်သည် ။

“ ခင်မိုးဆွေ မချစ်တတ်ပါဘူးကွာ ”

သည်စကားကြောင့်ပဲ ထင်ပါသည် ၊ အောင်ဘိုထွန်း ကျွန်တော့်ကို အေးစက်စက် မျက်လုံးကြီးနှင့် မော့ကြည့်လာသည် ။ ပြီးတော့ ကျွန် တော်က ခင်မိုးဆွေတို့ အိမ် အလည်သွားသည့်အကြောင်း ၊ အပြန်မှာ အိမ်ခြံဝအထိ လိုက်ပို့သည့် ခင်မိုးဆွေကို အရင် အခေါက်ကလိုပဲ သူ့သဘောထားကို မေးခဲ့သေးကြောင်း ၊ ခင်မိုးဆွေက သူ့အမေ လေဖြတ်နေသည့် အချိန်မှာ သူ အိမ်ထောင် ပြုလိုက်လျှင် ပတ်ဝန်းကျင်က မေးငေါ့ကြမည် ။ နောက်ပြီး သူ့အမေကိုလည်း ခြေဆုပ်လက်နယ်ကို လွတ်လွတ်လပ်လပ် ပြုစုချင်သေးကြောင်းတွေကိုပါ အောင်ဘိုထွန်းကို ပြောပြလိုက်သည် ။ ပြီးတော့ ခင်မိုးဆွေ အပေါ် ကျွန်တော့် သုံးသပ်ချက်ကို နောက်တစ်ကြိမ် ထပ်ပြောလိုက်သည် ။

“ ဒါကြောင့် ခင်မိုးဆွေ မချစ်တတ်ဘူးလို့ ငါပြောတာ ”

“ ချစ်တတ်တာပေါ့ကွာ ၊ ခင်မိုးဆွေ သိပ်ချစ်တတ်တာပေါ့ ”

“ ဘာ ... ဘာပြောတယ် သူငယ်ချင်း ၊ မင်း ဘာကို ပြောချင်တာလဲ ”

“ အေး ... ခင်မိုးဆွေက သူ့တူလေးတွေကိုလည်း ချစ်တယ် ၊ သူ့အမေကိုလည်း ချစ်တယ် ။ ပြီးတော့ မင်းကိုလည်း သူ ချစ်ပါတယ် ။ ဒါပေမဲ့ သူ့မှာ အချစ်ရဆုံးသူ တစ်ယောက် ရှိနေတယ်ကွ ”

“ ဘာ .. ဘယ်လို သူငယ်ချင်း ။ ငါ နားမလည်တော့ဘူးကွာ ။ သူ အချစ်ရဆုံးသူက ဘယ်သူလဲ ”

“ အေး … အဲဒါက သူ့ ကိုယ်သူပဲ ။ တကယ်တော့ ခင်မိုးဆွေက သူ့ကိုယ်သူ အချစ်လွန်နေတဲ့သူ တစ်ယောက်ကွ ။ မင်းကို သူချစ်တာတော့ သေချာတယ် ။ ဒါပေမဲ့ မင်းအချစ်ကို လက်ခံဖို့ ၊ မင်းကို လက်ထပ်ဖို့ ဆိုတာတော့ သူ တိတိကျကျ အဖြေ မပေးနိုင်ဘူး မဟုတ်လား ။ အေးပေါ့ ၊ တိုက်ဆိုင်လာတဲ့ အကြောင်းတရားတွေ ရှိနေတော့ မင်းကို လက်ထပ်ဖို့ သူ ဆုံးဖြတ်လိုက်ရင် ပတ်ဝန်းကျင်က သူ့ကို မေးငေါ့ကြမှာ ၊ အပြစ်ပြောကြမှာ ကြောက်ပြီး နောက်ဆုံးတော့ မင်းကို မယုတ်မလွန် အဖြေစကားတွေ ပေးပြီး သူ့ကိုယ် သူ ရွေးချယ်သွားတာပဲလေ ”

ကျွန်တော် အောင်ဘိုထွန်း ပြောစကားကို တဖြည်းဖြည်း နားလည်စ ပြုလာတာကြောင့် ခေါင်းကို လေးပင်စွာဖြင့် ညိတ်ပြလိုက်သည် ။ ပြီးတော့ သူပြောလာမည့် စကားတွေကို ဆက်နားထောင်ချင်တာကြောင့် တိတ်ဆိတ်နေလိုက်သည် ။

“ သူတစ်ပါးရဲ့ ချစ်ခြင်း မေတ္တာကို သတိမထားမိနိုင်လောက်အောင် ကိုယ့်ကိုယ်ကို အချစ်လွန်နေတဲ့ ခင်မိုးဆွေ လို လူမျိုးတွေကို စိတ်ပညာ အခေါ်ကတော့ “ နာဆစ် ” လို့ ခေါ်တယ်ကွ ။ ဒါပေမဲ့လည်း သူတို့ကို အပြစ်ပြောဖို့ကြတော့လည်း ခက်နေတယ်လေ ။ တို့ဘုရားရှင်တောင် “ နတ္ထိ အတ္တသမံ ပေမံ - ကိုယ့်ကိုယ်ကို ချစ်သော အချစ်နှင့် တန်းတူရည်တူ ချစ်နိုင်သော အချစ်မည်သည် မရှိ ” လို့တောင် ဟောခဲ့သေးတာပဲလေ ”

••••• ••••• •••••

၅ ။

အဝေးပြေးကားလေးသည် ကျွန်တော့်ကို သယ် ဆောင်ကာ ကျွန်တော့် နယ်မြို့လေးနှင့် ဝေးရာ ၊ ချစ်ရသော ခင်မိုးဆွေ နှင့် သူငယ်ချင်း အောင်ဘိုထွန်း တို့နှင့် ဝေးရာဆီ ပြေးထွက်ခဲ့လေပြီ ။ ကျွန်တော့် နှလုံးသားကတော့ ခင်မိုးဆွေကို တစ်ခုခု မှတ်ချက်ပေးဖို့ ယခုထိ ငြင်းဆန်နေမိသည့် အပြင် ချစ်ရသော ခင်မိုးဆွေကို ကျေးဇူးပင် တင်နေမိပါသည် ။ ခင်မိုးဆွေ အပေါ် ထားရှိမိသည့် ချစ်ခြင်းမေတ္တာ အခံတွေကြောင့်ပဲ ဖြစ်လိမ့်မည် ။ ကျွန်တော် လျှောက်လှမ်းခဲ့ရသော ဘဝ တစ်လျှောက်တွင် တွေ့ကြုံခဲ့ရသော လူ့ပတ်ဝန်းကျင် ၊ အစမ်းသပ်ခံခဲ့ရသော ကိုယ်ကျင့်သိက္ခာ အပိုင်းတို့တွင် ချစ်ခြင်းမေတ္တာတရားဖြင့် ယှဉ်၍ ရိုးသားပြနိုင်ခဲ့ပါသည် ။

ထိုသို့ ချစ်ခြင်းမေတ္တာဖြင့် စောင့်စည်း ရိုးသားနိုင်ခဲ့သော အကြောင်းတရားတို့ကြောင့် နောင်ဘဝတွင် ပြန်ဆုံဖြစ်ခဲ့မည်ဆိုလျှင် ခင်မိုးဆွေ၏ အချစ်ကို ရဖို့ အယူခံဝင်ချင်ပါသေးသည် ။

⎕ ကြယ်လွဲမိုး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၁၇

No comments:

Post a Comment