Friday, July 3, 2026

ချစ်စွာမသောနဲ့ ကျုပ်လိုပြော


❝ ချစ်စွာမသောနဲ့ ကျုပ်လိုပြော ❞
     ( ဌေးကြည် - စလင်း )

မန္တလေးသိန်းဇော်၏ ဇာတ် “ မလဲရွာ ” တွင် ကပြစဉ်က ဖြစ်ပါသည် ။ ထိုရွာတွင် ပွဲကပြခြင်းကို ငြိမ်သက်စွာ အားပေးသူများ ရှိသလို အော်ဟစ်လှောင်ပြောင်သူများလည်း ရှိသည် ။ ထိုသို့ ပွဲကို ကမရအောင် ပြုမူနေကြသော အချို့ နှောင့်ယှက်သူများ၏ အသံများကြောင့် မန္တလေးသိန်းဇော်၏ ဇာတ်သူဇာတ်သားများ မည်သို့မျှ ရှေ့ဆက် က မရဘဲ ဖြစ်နေ၏  ။ ထိုအခါ မောင်သိန်းဇော်က မိုက်ကရိုဖုန်းကို ကိုင်၍ ပရိသတ်ကို တောင်းပန်သမှုပြုမည် ကြံရွယ်စဉ် ကဗျာဆရာ ၊ ဒါရိုက်တာ မောင်ရန်ပိုင် ပြေးလာပြီး “ ဇော်ကြီး နေနေ ၊ ဒီကိစ္စကို ငါပြောမယ် ” ဟု မောင်သိန်းဇော် လက်ထဲက မိုက်ကရိုဖုန်းကို လု၍ ပရိသတ်ထံ တောင်းပန်လိုက်သည် ။ ရိုးရိုး စကားလုံးဖြင့် မတောင်းပန်ဘဲ ကဗျာဆရာပီပီ အလွန် ကဗျာဆန်၍ နူးညံ့သိမ်မွေ့လှသော နှုတ်ခွန်းဆက်စကားဖြင့် ယခုလို တောင်းပန်လေသည် ။

“ ချစ်စွာသော ... ချစ်စွာသော ... ချစ်စွာသော ... ချစ်စွာသော ချစ်စွာသော ... ”

ဒါရိုက်တာမောင်ရန်ပိုင် ခမျာ ထိုစကားလုံးကနေ ရှေ့ဆက် မတက်ဘဲ ဖြစ်နေသည် ။ မိုက်ကရိုဖုန်းကလည်း အက်ကိုးသံ ထပ်နေသဖြင့် “ ချစ်စွာသော ” ဟူသော အသံသာ ထပ်ခါကာထပ်ကာ ပျံ့လွင့်နေသည် ။ ထိုစကား ၃ လုံးသာ အမျှင်မပြတ် တရစပ်ထွက် ပေါ်နေသဖြင့် ဒါရိုက်တာ မောင်ရန်ပိုင်က ချစ်စွာသောလေ ၊ ပရိတ်သတ်က ပိုအော်လေ ၊ ပရိသတ်က ပိုအော်လေ ၊ သူက ချစ်စွာသောလေဖြင့် လုံးချာလည်လိုက်နေလေသည် ။ ဒါရိုက်တာမောင်ရန်ပိုင် ခမျာ ပရိသတ်ကို ကြည့်၍ ခေါင်းကုတ်လိုက် ၊ ဖင်ကုတ်လိုက် ဖြစ်လာသည် ။ ပရိသတ်၏ အသံအောက်တွင် သူ့စကား ရှေ့ဆက် မရခြင်းကြောင့်လည်း ဖြစ်နိုင်သည် ။ ပြီးနောက် လက်တခါခါဖြင့် ဘာလုပ်ရမှန်း မသိ ၊ စိတ်တိုလာပုံရသည် ။

ထိုအခါ အနားတွင်ရှိသော ပွဲအုပ်ဘုန်းကြီးက ဒါရိုက်တာ မောင်ရန်ပိုင်ကို လှမ်းခေါ်လိုက်သည် ။ ဘုန်းကြီးက မောင်ရန်ပိုင်ကို မောင်သိန်းဇော်၏ ဇာတ်က ဒါရိုက်တာမှန်း သိပုံမရ ။ ထို့ကြောင့် “ ဟေ့လူ ချစ်စွာသောတွေ ဘာတွေကို ခင်ဗျား ဘာမှ ပြောမနေနဲ့ ... ။ ကျုပ် ဆက်ပြောမယ် ။ ခင်ဗျား ပြောမယ့် တောင်းပန် စကားတွေကို ကျုပ် သိတယ် ။ ခင်ဗျား ပြောမယ့်စကားက ... ချစ်စွာသော ပရိသတ်ကြီးခင်ဗျား ... ပွဲကို အနှောင့်အယှက် မပေးဘဲ အေးဆေးစွာ ကြည့်ကြပါလို့ ... တောင်းပန်ချင်တာ မဟုတ်လား ။ အခုတော့ ခင်ဗျားစကားက လိုရင်း မရောက်ဘဲ “ ချစ်စွာသော ... ချစ်စွာသော ” နေတော့ ပရိသတ်က ဘယ်နားလည်မလဲကွ ၊ ဒီတော့ ပိုအော်တာပေါ့ကွာ ။ ကဲ ... ခင်ဗျား မပြောနဲ့ ။ ကျုပ် ပြောမယ် ... ပေး မိုက်ခရိုက်ဖုန်း  ” .. ဟု ပြောပြီး မောင်ရန်ပိုင့် လက်ထဲက မိုက်ခရိုဖုန်းကို လုယူ ၊ ပရိသတ်ထံသို့ ကြည့်၍ ပေါက်ကွဲတင်းမာနေသော လေသံဖြင့် ...

“ ဟေ့ ပရိသတ် ၊ ချစ်စွာသော ဆိုတဲ့ကောင် မပြောတော့ဘူး ။ ဒီတစ်ခါ ငါ ပြောမယ် ငါက ပွဲအုပ်ဘုန်းကြီးကွ ။ ပွဲ က မရအောင် နှောက်ယှက်အော်ဟစ်နေတာ ဘယ်ကောင်တွေလဲဟေ့ ၊ မင်းတို့ မကြည့်ချင်ရင်နေ ၊ မနှောက်ယှက်နဲ့ ၊ နောက်တစ်ခါ အော်တဲ့ကောင်ရှိရင် ငါ ဆင်းရိုက်မယ် ၊ အော်ရဲတဲ့ကောင် အော်ကွာ ... ငါနဲ့ အတွေ့ပဲ ” ဟု ဆူပူကြိမ်းမောင်းလိုက်လေသည် ။ ထိုအခါမှ ပရိသတ်မှာ ချက်ချင်း ငြိမ်ကျသွားသည် ။ အပ်ကျသံမျှပင် မကြားတော့ ။

ပရိသတ်ကို ထိန်းပြီးသည်နှင့် တပြိုင်နက် ဘုန်းကြီးက မောင်ရန်ပိုင် လက်ထဲသို့ မိုက်ခရိုဖုန်းကို ပြန်ထည့်ကာ ... “ ဟေ့လူ ချစ်စွာသော ... ခင်ဗျား နောက်တစ်ခါ ပရိသတ်ကိုပြောရင် ချစ်စွာ မသောနဲ့ ၊ ကျုပ်လို ပြော ” ဟု ပြောဆိုပြီး ဇာတ်ခုံပေါ်မှ ဆင်းသွားပါတော့သည် ။

▢  ဌေးကြည် ( စလင်း )
📖 ဇာတ်ခုံပေါ်က အလွဲများ 

No comments:

Post a Comment