❝ အကောင်းဆုံးအချိန် ❞
( ဖေလင်းသစ် )
“ ငါ့တစ်သက်မှာ ခေတ်ကောင်းမှ ကြုံဦးပါ့မလား မသိဘူး ”
နံနက်စောစောစီးစီးမှာ မဲတူက သူ ထင်ရာကို စွတ်ပြောတယ် ။
“ ဦးမဲတူ စိတ်လျှော့လှချည်လား ”
ကျွဲမက အလိုက်သင့် ပြောတော့ မဲတူက သူ ပြောချင်ရာတွေ ဆက်ပြောပါတယ် ။
“ ဟုတ်တယ်လေဟာ ၊ လွတ်လပ်ရေး ရစကတည်းက ခေတ်ကောင်း ရောက်ပြီလေ ၊ ခေတ်ကောင်းရောက်ပြီလေ ဆိုတဲ့ သီချင်းကို မြန်မာတွေ အော်ဆိုနေခဲ့ကြတာ ၊ ခုထိလည်း ဒုံရင်းဒုံရင်းပဲ ”
မဲတူရဲ့ စကားကို ဘယ်သူကမျှ ထောက်ခံခြင်း ၊ ကန့်ကွက်ခြင်း မလုပ်ဘူး ။ ကျွဲမကလည်း ဖော်လိုဆက်လိုက်မလာတော့ မဲတူ ဆက်ပြောရ ခက်နေတယ် ။ သူငယ်ချင်းတွေရဲ့ လက်ဖက်ရည်ဝိုင်းက အသံတိတ်နေပါတယ် ။
“ ဂျိုး ဆိုတဲ့ လူတစ်ယောက် ရေးတင်ထားတဲ့ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးအချိန် ဆိုတဲ့ စာလေး ငါ သဘောကျလို့ ဒေါင်းလုပ်ဒ်ဆွဲလာတာ ဖတ်ပြမယ် ”
ရွီးက အဆက်အစပ်မရှိ ဝင်ပြောပြီး သူ့အိတ်ထဲက စာရွက်ကို ထုတ် ၊ ဖြန့်ပြီး စဖတ်တယ် ။
“ ဒီနေ့က ဇွန်လ ၁၅ ရက် ၊ နောက်နှစ်ရက် ဆိုရင် ကျွန်တော့်အသက် ၃ဝ ပြည့်မယ် ။ ဘဝရဲ့ နောက်ဆယ်နှစ် သက်တမ်းထဲကို ချင်းနင်း ဝင်ရောက်ရမှာ ကျွန်တော့်စိတ်က စိုးထိတ်နေတယ် ။ ဘဝတာရဲ့ အကောင်းဆုံးအချိန်တွေက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ ”
“ ဘဝဆိုတာ အသက် ၄၀ မှ စတယ်ဆို ... ”
“ ကျွန်တော့်ရဲ့ နေ့စဉ်ပုံမှန် လုပ်နေကျကတော့ အလုပ်မသွားမီမှာ အားကစားရုံကို သွားတယ် ။ အားကစားရုံမှာ ကျွန်တော့်မိတ်ဆွေ နီကိုလပ်နဲ့ တွေ့တယ် ။ သူက အသက် ၇၉ နှစ်ရှိပြီ ။ သူ့ကိုယ်ခန္ဓာ အချိုးအစားက အံ့သြစရာကောင်းအောင် အချိုးကျတယ် ”
“ အားကျစရာပဲနော် ”
“ ကျွန်တော် မရွှင်မလန်း ဖြစ်နေတာကို နီကိုလပ်က သတိထားမိပြီး ဘာဖြစ်နေတာလဲ မေးတယ် ။ ကျွန်တော်က အသက် ၃၀ ပြည့်တော့မယ့် အတွက် မအီမသာ ဖြစ်နေတာ ပြန်ပြောတယ် ။ နီကိုလပ် အသက်အရွယ်မျိုး ရောက်ရင် ဘယ်လိုနေရမှာလဲ ဆိုတာ မစဉ်းစားဝံ့စရာပဲ ။ ဒါကြောင့် သူ့ဘဝ တစ်သက်တာမှာ ဘယ်အချိန်က အကောင်းဆုံးအချိန်လဲလို့ မေးလိုက်တယ် ”
“ ဘယ်အချိန်တဲ့လဲ ”
“ နီကိုလပ်က နှောင့်နှေးခြင်းမရှိဘဲ ပြန်ပြောတာက ဒဿနဆန်တဲ့ မင်းရဲ့ မေးခွန်းကို ဒဿနဆန်ဆန်ပဲ ပြန်ဖြေမယ်တဲ့ ၊ ကလေးသူငယ် ဘဝတုန်း သြစတြေးလျားမှာ နေခဲ့ရတယ် ။ ကိုယ့်မိဘတွေက အစစ ဂရုစိုက်ပြီး ပြုစုပျိုးထောင်ပေးခဲ့လို့ အဲဒီအချိန်ဟာ ကိုယ့်ဘဝ တစ်သက်တာမှာ အကောင်းဆုံး အချိန် ဖြစ်ခဲ့တယ်တဲ့ ”
“ ငါ့အတွက်လည်း အဲဒီအချိန်ပဲ ”
“ နီကိုလပ် ဆက်ပြောတာက ကျောင်းကို သွားပြီး စာပေသင်ယူရတဲ့ ကျောင်းသားဘဝကလည်း ကိုယ့်ဘဝတစ်သက်တာမှာ အကောင်းဆုံးအချိန် ဖြစ်ခဲ့ပါတယ်တဲ့ ”
“ ဖြစ်နိုင်တယ် ”
“ အလုပ်အကိုင် ရတော့ ကိုယ်တာဝန်ယူရတဲ့ အပိုင်းရှိသလို ကိုယ့် စွမ်းဆောင်မှုက အများအတွက် အကျိုးဖြစ်ထွန်းတာမို့ အဲဒီအချိန်ဟာ ကိုယ့် ဘဝတာမှာ အကောင်းဆုံးအချိန် ဖြစ်ခဲ့ပါတယ်တဲ့ ”
“ ဒါလည်း ဖြစ်နိုင်တာပဲ ”
“ ချစ်သူတွေ့လို့ တစ်ဦးကိုတစ်ဦး နှစ်နှစ်ကာကာ ချစ်မြတ်နိုးကာ အိမ်ထောင်ပြုကြတဲ့ အချိန်ကလည်း ကိုယ့်ဘဝတာမှာ အကောင်းဆုံးအချိန် ဖြစ်ခဲ့တယ်တဲ့ ”
“ အပျော်ဆုံး အချိန်လည်း ဖြစ်မယ် ထင်တယ် ”
“ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာတော့ ကိုယ်တို့လင်မယားနှစ်ယောက် သြစတြေးလျားကနေ အသက်လုပြီး ထွက်ပြေးခဲ့ကြရတာ ။ အမေရိကန်ကို ဘေးကင်းလုံခြုံစွာ သင်္ဘောနဲ့ နှစ်ယောက်သား ရောက်ရတဲ့အချိန်ဟာ ဘဝမှာ အကောင်းဆုံး အချိန်အခါပါတဲ့ ”
“ ဟုတ်တာပဲ ”
“ ကနေဒါမှာ မိသားစု အခြေချပြီး နေကြရတဲ့အချိန်ကလည်း ဘဝတာမှာ အကောင်းဆုံးအချိန် ဖြစ်ခဲ့တာပဲတဲ့ ”
“ ဒါလည်း ဟုတ်တာပဲ ”
“ ကိုယ်ဟာ ဖခင်တစ်ယောက် ဖြစ်လာတော့ ကိုယ့်သားသမီးလေးတွေကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တယ် ။ အဲဒီ အချိန်အခါဟာ ဘဝမှာ အကောင်းဆုံး အချိန်အခါ ဖြစ်ခဲ့ပါတယ်တဲ့ ”
“ မင်္ဂလာရှိလိုက်တာ ”
“ ခုတော့ ဂျိုးရေ ၊ ကိုယ့်အသက်က ၇၉ နှစ်ရှိနေပြီ ။ ကိုယ်ကျန်းမာတယ် ။ နေလို့ ထိုင်လို့ ကောင်းတယ် ။ ကိုယ့်ဇနီးနဲ့ ချစ်ခင် ကြင်နာနေကြတာ တို့ချင်း စတွေ့စကလိုပဲ ရှိသေးတယ် ။ ဒီအချိန်ဟာ ကိုယ့်ဘဝတာမှာ အကောင်းဆုံး အချိန်အခါပါပဲတဲ့ ”
“ ယူတတ်တော့လည်း ဘဝတာမှာ အကောင်းဆုံးအချိန်တွေ အများကြီး ရတာပေါ့နော် ”
⎕ ဖေလင်းသစ်
📖မော်ဒန် သတင်းဂျာနယ်
၈ ၊ ဇွန်လ ၊ ၂၀၁၂
No comments:
Post a Comment