❝ ရွာ၏ ပုံပြင် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
“ ကြည့်စမ်း မုန်းရေနဲ့ လင်းဇင်းရေကို … လင်းဇင်းရေများ သောက်လိုက်ရရင် စပါးပင်ဟာ နေ့ချင်းညချင်းပါပဲကွာ ”
ဝါနှောင်း၏ ဓမ္မဂီတသည် ရမ်းဘိုကုန်းရွာလယ်မှ ပျံ့လွင့်လာ၏ ။ ရွာငယ်၏ တိတ်ဆိတ်ငြိမ်သက်မှုက အခါတိုင်းထက် ထူးခြားစွာပေါ်လွင်နေခြင်းကြောင့်ပင် ရွာလည်ဝတ်ကျောင်းမှ ဝတ်တက်သံက ရစ်သိုင်းဖြန့်လွှားနေနိုင်ပေသည် ။ ပရိတ်တစ်သုတ် ဆုံးလျှင် သံလွင်ချိုမြသော ကြေးစည်သံက ကြည်နူးစဖွယ် ထွက်ပေါ်လာ၏ ။ ရမ်းဘိုကုန်းတစ်ရွာလုံးရှိ အိမ်ခြေသုံး ဆယ်ကျော်အနက် ၊ ၂၅ အိမ်ခန့်မှာ ထန်းရွက်ကို မိုးပြီး ထန်းရွက်ကို အကာလုပ်ထားသည့် တဲနုံ တဲမွဲများပင် ဖြစ်သော်လည်း သူတို့၏ ဝတ်ကျောင်းကလေးကတော့ သက်ငယ်မိုး ဝါးထရံကာနှင့် သပ်ရပ်ခမ်းနား လှပသည် ။ စင်စစ် ဝမ်းမဝသော်လည်း ဆွမ်းကိုတော့ လှပစေလိုသော သူတို့၏ သဒ္ဓါမွန်သဒ္ဓါမြတ်ဟူ၍ပင် ဆိုနိုင်ပါ၏ ။ မိမိနှင့်လင်သားများအဖို့ အထူးထူး အလည်လည်သော ခဲဖွယ်အရသာတို့ဖြင့် ပြင်ဆင် ကျွေးမွေးသော်လည်း သာသနာ့ဝန်ထမ်း ထေရ်သျှင်များကိုမူ ပဲပြုတ်မှ တစ်ပါး အခြား မလှူဒါန်းသော မြို့တော် ရန်ကုန်၏ အမည်ခံ ဥပါသကာအချို့နှင့် နှိုင်းယှဉ်လျှင် အလွန်ပင် မြင့်မားလှသော စေတနာ သဒ္ဓါမိုးပင် ဖြစ်နေပေသည် ။
“ အပေတယံ စက္ခုမာ … ဧကရာဇာ … ဟရိဿဝဏ္ဏောပထဝိပ္ပ - ဘာသော ... ”
မောရဂီဝါ၏ အိပ်တန်းတက်ဂါထာသည် ဆက်လက်ထွက်ပေါ်လာ၏ ။ မိုးရိပ်မိုးသားတို့သည် ကင်းစင်လျက် ရှိသောကြောင့် ၊ နက်မှောင်နေသော လဟာထက်မှ ငွေလရောင်နှင့် စိန်ကြယ်ပွင့်တို့သည် ဆော့ကစားလျက် ပရိတ်သံကို နားစိုက်နေကြသည် ။ လေပြည်သည် တိုးဝှေ့လှုပ်ရှားနေ၏ ။ ရွာဦးစေတီများမှ ဆည်းလည်းသံတို့က တမလွန်အတွက် ငွေမောင်းကို သာယာစွာ တီးမှုတ်ပေးနေသည် ။ ရွာ၏အနောက်ဘက်ရှိ ချောင်းရေစီးသံများမှတစ်ပါး ဓမ္မန္တရာယ်ဖြစ်စေမည့်အသံတို့ ပျောက်ကွယ်ကာ ၊ တစ်ရွာလုံးသည် ပရိတ်သံသို့သာ နားစိုက်နေကြဟန်ရှိပေ၏ ။
“ ယေဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ ... တေမေ နမော တေစ - မံ - ပါလယန္တု - န - မတ္တု ”
ဘကြီးဖြိုး၏ လက်ဝါးတံဆိပ်မီးအိမ်မှ မီးရောင်သည် ရုပ်ပွားတော်ရှေ့ဝယ် ချိတ်ဆွဲထား၏ ။ ဝတ်တက်သူ ယောက်ျားများက ခေါင်းရင်းပိုင်းရှိတိုင်များကို တစ်တိုင်စီမှီလျက် ရွတ်ဆိုနေကြသည် ။ မှီစရာ တိုင်မရှိသူများက ကြမ်းပေါ်ဝယ် ဝပ်လျက် ရွတ်ဆိုနေကြကာ ၊ အချို့က ကျုံ့ကျုံ့ထိုင်ပြီး ဒူးကို လက်ယှက်ချိတ်လျက်နေကြ၏ ။ လျော့ရဲရဲမီးရောင်အောက်တွင် စိတ်နှလုံး၏ ယဉ်ကျေးနူးညံ့ခြင်းများက ငြိမ်းချမ်းစွာ ပေါ်လွင်နေလေသည် ။
ခြေရင်းဘက်တွင် အမျိုးသမီးများသည် ငြိမ်သက်စွာ ထိုင်နေကြ၏ ။ သူတို့ထံမှ ပရိတ်သံသည် ထွက်ပေါ်လာခြင်းမရှိ ။ ဝတ်ကျောင်း၏ ခါးပန်းအနီးတွင် ထိုင်နေသော အဖွားအုံမှာ ပရိတ်မှ သူ ရသော အလုံးကလေးများ ပါလာလျှင် လိုက်ပါရွတ်ဆိုလိုက်ခါ သူ မရသော အလုံးကလေးများ ပါဝင်လာသော အခါဝယ် ၊ ဗုဒ္ဓရုပ်ပွားတော်အား ရီဝေစွာ မျှော်ကြည့်နေတတ်ရှာသည် ။ အဖွားအုံက သူများနည်းတူ သရဇ္ဈာယ်ပွားများတတ်ခြင်း မရှိသည့် သူ့ဘဝကို နာကြည်းလာမိ၏ ။ ငတ်ပြတ်ခြင်းမှ တစ်ပါး ၊ တစ်ပါးသော အနက် အဓိပ္ပာယ်တို့ မထင်ရှိဖူးသော သူမ၏ ဘဝဝယ် အသက်ခြောက်ဆယ် တိုင်အောင် အသက်ရှင်နေရခြင်း သည်ပင် ဆင်းရဲလှပါပြီ ။ ထိုထက် ဆင်းရဲခြင်းကား ၊ ဘုရားရှင်အား သူတစ်ပါးနည်းတူ မကန်တော့ မပူဇော် တတ်သောကြောင့် ဖြစ်ပေါ်လာသော စိတ်၏ ဆင်းရဲခြင်းပင် ဖြစ်ပေသည် ။
တကယ်ဆိုတော့ အဘွားအုံ တစ်ယောက်သာ မဟုတ်ပါ ၊ အဘွားအုံ၏ လက်ဝဲဘက်ဘေးရှိ အမျိုးသမီးကလေးများမှာလည်း အဘွားအုံ၏ ခံစားရမှုမျိုးကို ခံစားနေရလေပြီ ၊ မကျီးဒန်နှင့် သက်တူရွယ်တူ မိန်းမငါးယောက်မှာ ပါးစပ်ကို ဖွင့်ချည် ပိတ်ချည်ဖြစ် နေကာ ၊ လက်နှစ်ဘက်ကိုလည်း ပေါင်ပေါ်သို့ တင်လိုက် ၊ ပခုံးပေါ်မှ တဘက် ( သဘက် ) ကို ဆွဲလိုက်နှင့် ယောင်အအ ကြောင်စီစီ ဖြစ်နေကြရ၏ ။ သူတို့၏ မြောက်ဘက်နားရှိ မိန်းမငယ်များမှာလည်း မီးရောင်အောက်မှ ရုပ်ပွားတော်ကိုသာ အမှတ်မထင် စူးစိုက် ကြည့်နေမိကြသည် ။ အချို့ကလည်း လရောင်ဆမ်း ထားသော ချောင်းပြင်ဘက်သို့ ငေးကြည့်နေကြရာက အချင်းချင်းဘက်သို့ လှည့်ကာ ကြည့်လိုက်ကြ၏ ။ အချင်းချင်း မျက်လုံးချင်း ဆုံမိလျှင် ခြောက်ကပ်စွာ ပြုံးရယ်လိုက်ကြသည် ။ အမှန်ကတော့ ရှက်ရခြင်းကို ဖုံးအုပ်လိုက်သည့်အပြုံးဟုပင် ခေါ်ဆိုရမည်ပင် ဖြစ်ပါ၏ ။
သာမန်အချိန်မှာ ဆိုလျှင် အိပ်ချိန်မှ တစ်ပါး နားနေရခြင်းမရှိကြသောကြောင့် စာသင်လိုသော စိတ်သည် မဝင်ခဲ့နိုင် ။ ယုတ်စွအဆုံး ဘုရားရှိခိုးကလေး တစ်ပုဒ်သော်မျှ နှုတ်တက် သင်ဖို့ရန်ကို စိတ်မကူးခဲ့မိ စိတ်ကူးရန်အချိန်နှင့် အကြောင်းအရာကလည်း မဖြစ်ပေါ်ခဲ့ပေ ။ ဤသို့လျှင် ဆန္ဒသော်မျှ ပေါက်ဖွားခွင့် မရှိအောင်ပင် စားသောက်ရေးအတွက် လှုပ်ရှားနေရသူများမှာ စိတ်ဆန္ဒသည် ရုတ်တရက်ဖြစ်ပေါ်လာခဲ့လျှင်လည်း သင်ကြားလေ့လာနိုင်ခွင့် ရှိမည်ကတော့ မဟုတ်ပါ ။ ယင်းသို့ လုပ်ကိုင်ဆောင်ရွက်မှုတွင်သာ လူနှင့်အာရုံကို ပုံအပ်နေခဲ့ရစဉ်က ဘုရားရှိခိုးတတ်ရန် စာကို ဖတ်တတ်လိုခြင်း ၊ ဘုရားရှိခိုး ( သို့မဟုတ် ) ပရိတ်ကို အာဂုံဆောင်နိုင်လိုခြင်းဟူသော ဆန္ဒတို့ မဝင်ဆံ့နိုင် သောကြောင့် ၊ ယခုကဲ့သို့ ရှက်အအ ကြောင်စီစီ ဖြစ်လာရမည့်ဘေးကို မတွေးမိခဲ့ ။ ထို့ကြောင့် စိတ်၌ မချမ်းမြေ့စဖွယ်ကိစ္စအဖြစ် မတည်ရှိလာပေ ။
သို့ရာတွင် သူတို့ မိန်းမသားတွေချည်း မဟုတ်ပါ ။ ဟိုဘက်နားက ငိုက်နေသည့် ကိုဖိုးခင် ၊ ကိုဖိုးရင် ညီအစ်ကိုနှစ်ယောက်နှင့် ။ ကိုပျော့ ကိုထွန်းလူတို့လည်း ငါးပါးသီလမျှပင် မခံယူတတ်ပါ ။ ပြီးတော့ စာလည်း မရေးတတ် မဖတ်တတ်ကြပါ ။ အမှန်ကတော့ စိတ်သာ ပဓာနပါလေ ။ စိတ်က ညွတ်နူးသိမ့်မွေ့ပြီး ဘုရား တရားမှာ အာရုံရှိနေလျှင် ကောင်းသော စိတ်ထားနှင့် စင်ကြယ်သောအခါကာလဟု ဆိုနိုင်ပါသည် ။ သို့ရာတွင် … မကျီးဒန်တို့တစ်တွေက သည်လို တစ်ခါတစ်ရံမျှသာ လာရောက်၍ ဘုရား တရား၌ အာရုံပြုနေနိုင်သော သမယကလေးတွင် အများနည်းတူ ပါးစပ်ဖြင့် မရွတ်ဆိုနိုင်သောကြောင့် စိတ်မှာမကြည်မြကြ ။
တစ်ခါတစ်ရံပင် ဖြစ်ပါသည် ။ လယ်ကလည်း ပိတ်သွားပြီဖြစ်သဖြင့် တငင်ငင်နှင့် အမျှင်မပြတ်နိုင်သော လယ်ကိစ္စဝန်ထုပ်ကြီးကျသွားသောအခါ စိတ်က ပေါ့ပါးသွား၏ ။ စိတ်အေး လက်အေးနှင့် ဘုရား တရားဘက်သို့ အာရုံကညွှတ်လာ၍သာ ဝတ်ကျောင်းသို့ လာခဲ့နိုင်သည် ။ ဝတ်ကျောင်းမှာ မကျီးဒန် လိုပင် တစ်ခါတစ်ရံသမားတွေနှင့်စည်ကားလှသည် ။ သည်လို တစ်ခါတစ်ရံမှသာ အာရုံပြုနိုင်သောကိစ္စမှာပင် မကျီးဒန်က စိတ်မဖြောင့်နိုင် ။ သူ့သားကလေးများ အိမ်ကို တအောင့်တနားမှ လှည့်လာပါဦးမလား ဒီကောင်ကလေးကလည်း နေဝင်ကတည်းက ထွက် လည်တာပဲ ၊ နွားတွေကိုမှ အစာထည့်ပေးပါ့မလား ... ။ ဟို တောင်ပိုင်းက မဆောင်း သမီးကလေးက ပျံတန်တန် နံ့တန့်တန့်နဲ့ … ဒီကောင်မကလေးနဲ့လည်း ဘာလိုလို ကြားရသေး ။ ဟို မယ်ခင် ဆိုတဲ့ ကောင်မကလည်း တစ်ခုလပ်လို့သာ ဆိုတာ သင်းက လူပျိုတွေကိုမှ ရိတိတိပြီတီတီနဲ့ လုပ်တာ ငါ့သားကလေးကိုများ အမိဖမ်းရင်တော့ ... ။
ဝိတက်ဝိစာရတို့သည် မကျီးဒန်အား တုပ်နှောင်နေ၏ ။ အင်း … သူ ဥပုသ်စောင့်ချင်တယ် ဆိုလွန်းလို့သာ စောင့်လိုက်ရတာ ငါ့အလိုနဲ့တော့ စိတ်တောင် ကူးမိမှာ မဟုတ်ဘူး ” ဟု တိုးတိုးကလေး ရေရွတ်ရင်း ကိုဆေးရိုးဘက်သို့ မျက်စောင်းထိုး ကြည့်မိ၏ ။ ကိုဆေးရိုးက တစ်ခါတစ်ရံမှသာ ဝတ်ဆင်လေ့ရှိသော ရှပ်အင်္ကျီနှင့် တိုင်ကိုမှီ၍ တင့်တယ်စွာ ထိုင်နေသည် ။ သူလည်း ပရိတ်ကို ကောင်းကောင်းမရ ၊ ပြတ်တောင်း ပြတ်တောင်းနှင့် ရွတ်နေ၏ ။ ဒီလို ပြုတောင်း ပြုနိုင်ခဲလှသော ကုသိုလ်ရေးကို တစ်ခါတစ်ရံမှသာ ဖြည့်ဆည်းနိုင်ခွင့်ရှိသောကြောင့် ကိုဆေးရိုးကတော့ အာရုံကို ထိန်းချုပ်ထားဟန် တူပါသည် ။
ရွာငယ်မှာ အေးချမ်းသော ငြိမ်သက်ခြင်း၏ အသွင်ဖြင့် ပရိတ်သံအောက်ဝယ် ပြားဝပ်နေ၏ ။ နွားများအား ခြင်မကိုက်စေရန် ဖိုထားသော မီးဖိုကလေးများမှ မီးရောင်ကလေးများအနည်းငယ်သည် လှုပ်ရှားလွန့်လိမ်နေသည် ။ စောစောက ချောင်းရေသံသည် တိုး၍ ကျယ်လောင်လာသည်ဟု ထင်ရကာ ကမ်းပါး ပြိုကျသံများကိုလည်း နီးကပ်စွာ ကြားလာရ၏ ။
“ ဣမံသောပရိတ္တံကတွာ - မောရောဝါသမကပ္ပယိ ”
မောရသုတ်၏ အဆုံးဝယ် ကြည်အေးလွင်ဝေလှသည့် ကြေးစည်သံကလေးက ထွက်ပေါ်လာပြီး ၊ ပရိတ်ရွတ်ခြင်းကို ခေတ္တနားလိုက်သည် ။ ချောင်းဟန့်သံများလည်း ထွက်ပေါ်လာကာ ... တပိုတပါးသွားလိုသူများကလည်း ဆင်းသွားကြပြန်၏ ။ အချို့က ဆေးလိပ်မီးညှိသောက်ကြပြန်သည် ။
“ အင်း … ချောင်းကလည်း ဖဲ့လှချည့်လားကွယ်တို့ ”
တုန်တုန်ယင်ယင်နှင့် ဘကြီးဖြိုး၏ အသံက ထွက်ပေါ်လာပြီး
“ ဟုတ်ပါ့ ဘကြီးရယ် - ချောင်းဖဲ့တာကလည်း တရားအလွန်ဖြစ်နေပြီဗျ ၊ ဒီလိုသာဆိုရင် နှစ်ရက် မကြာဘူး ဒီရွာကုန်မှာပဲဗျ ”
ကိုဖိုးခင်က ခွန်းဆင့်လိုက်၏ ။
“ အေးပေါ့ကွယ် … ချောင်းက ရှားတောဘက်က နေပြီး ဒီဘက်ကို ထိုးလာတော့ ပိုဆိုးတာပေါ့ကွာ ... တို့ရွာက ရေထိပ်ရေဦးနဲ့ကို တည့်နေတော့ မတရားဖဲ့ နေတာပေါ့ ”
“ ဒီလိုသာဆိုရင် ကျုပ်တို့ ဘယ်ကို ပြောင်းကြမလဲ ဘကြီးဖြိုးရယ် ၊ ဟိုဘက် ပရပိုက်တန်းရွာနားမှာပဲ နေရာရှိတော့တယ် ”
“ အိုကွာ .. ပရပိုက်တန်းရွာနဲ့ဘဲ ပေါင်းလိုက်တော့တာပေါ့ကွာ ”
“ ဟဲ့ သူများရွာနဲ့ သွားပေါင်းတယ်ဆိုတာ အပြောသာလွယ်တာကွဲ့ … တကယ့် တကယ်တမ်းကျတော့ သူတို့ရွာခံလူတွေကလည်း ... တို့ကို နှစ်ခြိုက်ချင်မှ နှစ်ခြိုက်မှာကွဲ့ .. တို့ကလည်း ဒီလူတွေရဲ့ အကြောင်းကို အကုန်အစင် သိရတာမဟုတ်ဘူးကွဲ့ ... အခုပဲ ရှိတဲ့လူတွေနဲ့ နေရတာတောင်ပဲ ငါဖြင့် တယ် သဘော မကျလှပါဘူးကွယ် ”
ဘကြီးဖြိုးက မောလာသဖြင့် စကားကို ဖြတ်ကာ နားလိုက်သည် ။ ဇရာဒုဗ္ဗလအရွယ် ဆိုသည်မှာ အရာဌာနတိုင်း၌ပင် ထင်တိုင်း မပေါက် ၊ ယုတ်စွအဆုံး စကားပြောရာမှာပင် မောပန်းခြင်းက နှောင့်ယှက်လာသဖြင့် ပါးစပ်ကို ဟ၍ ဟ၍ လေကို ကူဖြည့်ပြီး ရှူသွင်းရသည် ။ ဒါတောင်မှ မောလာသဖြင့် ရပ်ထားလိုက်ရ၏ ။
“ ကျုပ်တို့ကို ဘာတွေများ သဘောမကျလို့တုန်း ဘကြီးဖြိုးရဲ့ … ပြောမှသိရမှာပေါ့ ဘကြီးဖြိုးရယ် ”
“ တော်စမ်းပါ မောင်ဆေးရိုးရယ် ... မင်းတို့ကာလ လူငယ်တွေဟာ မကောင်းကြတော့ပါဘူး ၊ တစ်ယောက် နှစ်ယောက်က လွဲရင် အကုန်လုံးလိုလို ရိုင်းစိုင်းကုန်ကြပြီကွဲ့ ၊ ဒီရွာထဲမှာ ငါအသက်အကြီးဆုံး ငါ့အိမ် ရှေ့မှာတောင် စုတ်စုတ်ပဲ့ပဲ့ တိုင်းထွာကြတာကွဲ ကြောက်ရ ရိုသေရမယ့် လူရယ်လို့ကလည်း မရှိတော့ ငါ့ဓား ငါပိုင် ဖြစ်ကုန်ကြတာပေါ့ ”
ဘကြီးဖြိုးက တစ်နှစ်လုံးလုံး ဟော့ရမ်းသော့ သွမ်းနေခဲ့ကြပုံကို အခွင့်ကြုံခိုက်တွင် သွန်ချပြောဆိုရာမှ အတိတ်ကာလက ဘကြီးဖြိုးတို့၏ ယဉ်ကျေးသိမ်မွေ့ခဲ့ပုံမျိုးနှင့် ယှဉ်စပ်ကြည့်မိသောအခါ ရင်လေးလာမိသည် ။
ဟုတ်ပေသည် ။ ယနေ့တွင် ခုနစ်ဆယ်ကျော်နေပြီဖြစ်သော ဘကြီးဖြိုး၏ ပျိုရွယ် သန်မြန်တုန်းကာလသည် အထက် ဗမာပြည်နိုင်ငံအား အင်္ဂလိပ်ကုန်သည်များ ကျူးကျော်အုပ်စီးပြီးခါစပင် ရှိသေးသဖြင့် ဗမာ့ ယဉ်ကျေးမှုပင်မသည် မယိုင်လဲသေး ။ ထို့ကြောင့်ပင် စကားအသုံးအနှုန်းနှင့်လူတို့၏ ဆက်ဆံလှုပ်ရှားမှုများသည် သိမ်မွေ့ခဲ့၏ ။ စီးပွားရေးကြပ်တည်းမှု မရှိကြသောကြောင့် အသက်မွေးမှုစင်ကြယ်ကာ ကိုယ်နှုတ် နှလုံးသည်လည်း ယဉ်ကျေးသိမ်မွေ့ ခဲ့ကြပေ၏ ။
သည်အခါတုန်းကဆိုလျှင် ဓားမ ဦးချ တောတိုးတည်ထောင်ထားသော လယ်မြေကလေးများ ကွမ်းခြံကလေးများ ကိုယ်စီနှင့်အေးချမ်းသာယာစွာ ရှိခဲ့ကြသည် ၊ ယခုမူ ရမ်းဘိုကုန်းတစ်ရွာလုံးတွင် ကိုယ်နေသော အိမ်မြေကလေးမှ တစ်ပါး အခြားမြေကို ပိုင်ဆိုင်သူများမရှိတော့ ကိုယ်ပိုင်လယ်သမားဘဝမှ သီးစား လယ်သမား ၊ သည်ကမှ လှည်းနွားပြုတ်ကာ လယ်ကူလီဘဝသို့ ဆင်းသက်လာကြရ၏ ။ လယ်ကူလီ ဆိုတာက မရေရာလွန်းလှသော ဘဝပင်ဖြစ်၏ ။ လယ်ကူလီ လုပ်ရလျှင် လုပ်ရ မလုပ်ရလျှင် ငတ်ဖို့သာ ရှိတော့သည် ။
သည်တော့ကာ ကြံမိကြံရာ ကြံလာကြတော့သည် ။ ဝမ်းဝခိုက်တွင် အကျင့်သီလ စသည်တို့အား သိမြင်သော်လည်း ဝမ်းမျှပင် မဝသောကာလတွင် ဝမ်းဝရေးမှ တစ်ပါး ဘာကိုမျှ မငဲ့ကွက်တော့ ၊ အမှန်ကလည်း နိယာမတရားသဘောအရ စွမ်းဆောင်နိုင်သမျှ လှုပ်ရှားရုန်းကန်ခြင်းပင် ဖြစ်ပါ၏ ။
အရင်းနည်းနည်းနှင့် အမြတ်ငွေ ရရှိသော ထန်းရည်ခါး ပြုလုပ်ရောင်းချသူ တစ်ဦးမှအစ အဆင့်ဆင့် တိုးပွားလာလေသည် ။ ထန်းရေချို မရသော ရာသီတွင် ထန်းလျက်ရည်ကို မူးယစ်အောင် စီမံလာကြပြန်၏ ။ သည်ကမှတစ်ဖန် ထန်းလျက်အရက်ကို ရောင်းချလာကြပြန်သည် ။ သည့်နောက်တော့ ရှစ်ဆယ်ရာခိုင်နှုန်းသည် အရက် ၊ ထန်းရည် ရောင်းချသူနှင့် သောက်သူချည်း ဖြစ်လာတော့၏ ။ ပထမတော့ ခိုးကြောင်ခိုးဝှက် လုပ်ကိုင်သောက်မြိုကြသော်လည်း တစ်စတစ်စနှင့် အထင်အရှား သောက်စားရောင်းဝယ် လာကြလေသည် ။
တဖြည်းဖြည်း စာရိတ္တပျက်ပြားသူ ဦးရေသည် တိုးပွားလာကာ မူးယစ်ဆဲဆိုခြင်းများကလည်း အလျှံပယ်ဖြစ်လာရ၏ ။ သူတို့အဖို့က အဆဲ မပါလျှင် ဝိရုဒ္ဓ ဒေါသကကာ ဟူ၍ပင် ဖြစ်လာရတော့သည် ။ ဒါကြောင့်ပင် ဘကြီးဖြိုးက ...
“ မင်းတို့ကာလ လူငယ်တွေဟာ မကောင်းကြတော့ပါဘူးကွယ် ... တစ်ယောက်နှစ်ယောက်က လွဲရင် ရိုင်းစိုင်းကုန်ကြပြီကွဲ့ ” ဟူ၍ မှတ်ချက်ချခြင်း ဖြစ်ပါ၏ ။
ဘကြီးဖြိုး အဖို့က သက်ရှိသက်မဲ့ အားလုံးသည်ပင် သူ့အတွက် ဆန့်ကျင်ဘက်ချည်း ဖြစ်နေပေသည် ။ ရှေးအဘိုးကြီးမို့ ခေတ်မမီတာဘဲလား … သို့မဟုတ် ယနေ့ လူ့ဘောင်ကပင် ရိုင်းစိုင်းနေလို့ပဲလား ... မဝေ ဖန်မပိုင်းခြားတတ်သော်လည်း ဘကြီးဖြိုးကတော့ ...
“ အမယ် ... အမယ် ... ရှေးအဘိုးကြီးတဲ့ ဟီး ဟီး ရှေးအဘိုးကြီးလိုမှ မင်းတို့စာကို လူနဲ့တူအောင် ရေးတတ် ဖတ်တတ်လို့လားကွ ၊ ခေတ်မီတာနဲ့ ရိုင်းစိုင်းတာနဲ့ တခြားစီကွ ... ဟင် ... မင်းတို့ဟာ ရိုင်းစိုင်းလာကြတာကွ … ခေတ်မီလာကြတာမဟုတ်ဘူး ” ဟူ၍ ပြောတတ်ပေသည် ။
တိုးတက်ခြင်းနှင့် ရိုင်းစိုင်းခြင်းမှာ တစ်ဘာသာစီ ဖြစ်ကာအမြင် မှားလောက်အောင်လည်း တူညီနီးစပ်ခြင်းမရှိ ။ အမှန်ကလည်း မယဉ်ကျေးသော စိတ်ဓာတ်က ဦးဆောင်နေလေသမျှ ရိုင်းစိုင်းခြင်းကိုပင် တိုးတက်လာသယောင် ၊ ဆုတ်ယုတ်ခြင်းကိုပင် ယဉ်ကျေးလာတော့သယောင် ထင်မြင်တတ်ကြခြင်းမှာ သဘာဝကျလှပါ၏ ။
ဘကြီးဖြိုးက အတိတ်နယ်၌ ကျွံလည် မိန်းမူးနေရာမှ ဟင်းခနဲ သက်ပြင်းချလိုက်သည် ။ အနီးရှိ ဝတ်တက်ဖော်တို့ကလည်း ငြိမ်သက်နေကြသောကြောင့် ဘကြီးဖြိုးက စောစောက စကားကို ထပ်မံစလိုက်ရ၏ ။
“ ဟ ... ငြိမ်ကြလှချည်လားကွဲ့ … ”
“ အာ … ဘကြီးဖြိုးက စကားတစ်ပိုင်းတစ်စနဲ့ ရပ်သွားတော့ ကျုပ်တို့ကလည်း ဆက်နိုးဆက်နိုးနဲ့ စောင့်နေကြတာပေါ့ … ”
“ ဟုတ်ပါရဲ့တော် … ဘကြီးဖြိုးကလည်း ဘာတွေများ ဒါလောက် တွေးနေသလဲ မသိပါဘူး တမေ့တမောကြီး … ”
“ ဟေ... သိပါဘူးဟယ် ... ငါလည်း ဘာတွေများ လျှောက်တွေးနေမိတယ် မသိပါဘူး ... ”
ဘကြီးဖြိုးက နေရာကို ပြင်ထိုင်ရင်း ဆေးလိပ်ကို ထပ်မံမီးညှိကာ ပြောလိုက်ပြီး ...
“ မောင်ဘိုးကွန့်ကောဟေ့ .. မင့်လယ်က ဘယ့်နှယ်လဲ ဒီနှစ်ကော စိုက်ရရဲ့လား ”
“ အာ .. စိုက်ရပါတယ် ဘကြီး … နှစ်နှစ်လုံးလုံး ရေမရလို့ မစိုက်နိုင်တာ ဒီနှစ်မှပဲ စိုက်ရတော့ ဟုန်းခနဲ တက်လာတာပဲ ဘကြီးရဲ့ … ”
“ အမယ် မင့်လယ်မှ မဟုတ်ပါဘူးကွာ ... မင်းတို့ လင်းဇင်းလယ်တွေဟာ ရေမရလို့ မစိုက်ရရင်သာရှိမယ် ရေရလို့များ စိုက်ရရင် တို့မုန်းသောက်လယ်တွေက ဆယ်ရက် ဆယ့်ငါးရက် စောပြီးစိုက် ။ မင်းတို့က ဆယ်ရက်ဆယ့်ငါးရက် နောက်ကျပြီးစိုက် ... ဟော မင်းတို့ လင်းဇင်းလယ်တွေက ချက်ချင်း မီလာပြီး တော်တော်ကြာတော့ တို့မုန်းလယ်တွေကို ကြောသွားတာပါပဲ မောင်ရာ … ”
ကိုဆေးရိုးက စကားထောက်ပေးသည် ။
“ ဒီခမောက်ကတော့ စောက်လှချည့်လား ဆေးရိုးရာ ”
ကိုပိတ်စက ဝင်၍စကားကို ဆစ်လိုက်ပြန်ရာ ...
“ ဪ … ပိတ်စနှယ် မင်းက ထန်းသမားမို့ လယ်ကို စေ့စေ့စပ်စပ် မကြည့်ဖူးဘဲကိုးကွ ။ ငါပြောတာကမှ နည်းချင်နည်းဦးမယ် … ”
“ ဟေ သိပါဘူးကွာ … ”
“ အေးကွ .. ဟုတ်တယ်ဟ ကိုဆေးရိုး ပြောတာ နည်းတောင်နည်းသေးတယ် ၊ ရေမှန် မိုးမှန် ဆိုရင် မုန်းရေသောက်လယ်ကို ဘယ်သူလုပ်မလဲကွာ .. ရေချင်း ကလည်း မတူ ၊ စပါးထွက်လည်း ကွာနဲ့တော့ လင်းဇင်းလယ်ကိုသာ လုပ်မှာပေါ့ကွာ ... ”
“ အေးဟေ့ ငပျော့ ပြောလို့ ငါလည်း ပြောလိုက်ရဦးမယ် ။ ကွာသမှ အစစအရာရာ ကွာပါသကွာ ၊ ကဲ ကြည့်စမ်း မုန်းရေနှင့် လင်းဇင်းရေကို မုန်းရေက မည်းညစ်နေတယ် ။ လင်းဇင်းရေက ဝါကျန့်ကျန့်ကလေးရယ် လင်းဇင်းရေများ သောက်လိုက်ရရင် စပါးပင်ဟာ နေ့ချင်း ညချင်းပါပဲကွာ .. ”
ကိုဖိုးရင် ပြောသော လင်းဇင်းဆည်မှ သွယ်ယူထားသည့် လင်းဇင်းမြောင်းရေမှာ မြေသြဇာဓာတ်ဖြင့် အပြည့်ပါလာပေသည် ။ မုန်းဆည်မှ သွယ်ယူရသည့် မုန်းမြောင်းရေမှာ မဲညစ်နေသည့်ပြင် မြေသြဇာဓာတ်ကို ဖြည့်လောင်းမပေးနိုင်ပေ ။ နွားချေး မချနိုင်သော ‘ မုန်းသောက်လယ် ’ များမှာ တစ်နှစ်ထက်တစ်နှစ် စပါး ထွက် ယုတ်လျော့လာခြင်းက သက်သေခံနေ၏ ။
ရေနှင့်အတူ ပါလာသော ရွှံ့ညွန်ခြင်းကလည်း ကွာလှပါဘိတောင်း ၊ ‘ မုန်းသောက် ’ လယ်များတွင် ရေသွင်းသော ကတွတ်ဝ၌ တင်ကျန်နေခဲ့သော ရွှံ့များကို ညီအောင် ညှိချသည့်အခါ ချော်ရည်အနှစ်များ ကဲ့သို့ တင်ချွဲနေသည် ။ ရုတ်တရက်လည်း ‘ အကောချ ’ ၍ မရ ၊ မြေကလည်း မည်းညစ်မွဲခြောက်နေကာ နွေရာသီကျလျှင် ကြမ်းတမ်းခက်မာသော မြေပြင်အဖြစ် တွေ့မြင်ရ၏ ။ ‘ လင်းဇင်းသောက် ’ လယ်များစမှ ရွှံ့ ညွန်များမှာ ‘ အကောချ ’ ရာ၌ လွယ်ကူလှသည် ၊ မြေမှာ သနပ်ခါးကဲ့သို့ ညက်ညောဝါနုနေ၏ ။ နွေရာသီတွင် လယ်မြေ၏ ပတ်ကြားအက်များမှာ ပွရွနေပေသည် ။
မုန်းရေမှာ ပူပြင်းခြောက်သွေ့သော ဖွတ်ချေးမြေ ကျစ်စသော အခြောက်တောများကို မိုင်ပေါင်း မြောက်မြားစွာ ဖြတ်သန်းလာခဲ့ရသဖြင့် မူလက မြေသြဇာ ဓာတ်ပါရှိသည်ပင် ထားဦးတော့ ။ မြောင်းဖျားသို့ ရောက်လာလေလေ လမ်းခရီးမှ ညံ့ဖျင်းသော မြေ ဓာတ်တို့က များပြားလာလေလေဖြစ်သောကြောင့် ‘ မုန်းသောက်လယ် ’ များက တစ်နှစ်ထက် တစ်နှစ် မြေ သြဇာဓာတ် ညံ့လာပေ၏ ။ သို့ရာတွင် မုန်းမြောင်းမှာ ခေတ်မီစွာ ဖောက်လုပ်ထားသဖြင့် ရေဝေသော ရေကတွတ်များကို စနစ်ကျစွာ တပ်ဆင်ထားသည် ။ ကဆုန်လ မှ တန်ဆောင်မုန်းလကုန်အထိ ရေကို မပြတ်ပို့လွှတ်ထားသောကြောင့် ရေရရှိရေးအတွက် စိတ်ချရ၏ ။
လင်းဇင်းမြောင်းက တာတိုလှသည် ။ မုန်းမြောင်း ကဲ့သို့ ဧရာဝတီမြစ်သို့ ပေါက်ရန် ဝေးစွ မည်သည့် နေရာတွင် အစသပ်သည် ဟူ၍ပင် ခန့်မှန်းရန် ခက်ခဲလှသည် ။ သူက ရှေးမြောင်းဖြစ်သည့်ပြင် ဆင်းရဲသား လယ်သမားများက ကိုယ့်ဘာသာကိုယ် အားထုတ် လုပ်ကိုင်ထားသည့်မြောင်း ဖြစ်သဖြင့် အကွေ့အကောက် များပြားလှ၏ ။ ခိုင်မာသော ရေလွှဲဆည် မဟုတ်သောကြောင့် ချောင်းညာတွင် မိုးကောင်းနေလျှင် လင်းဇင်းမြောင်းက ရေမလာတော့ ။ သို့ရာတွင်လည်း လင်းဇင်းမြောင်း၏ ခရီးမှာ ကန္တာရခရီး၏ စွန့်စားခြင်းမျိုးပင် ဖြစ်ပေသည် ။ လင်းဇင်းမြောင်းနှင့်စလင်းချောင်းမှာ မြွေလိမ်သကဲ့လို့ ယှက်လိမ်ဆင့်ထပ်လာကြရ၏ ။ တစ်နေရာတွင် မြောင်းကချောင်း၏ အောက်သို့ ငုပ်လျှိုးဝင်သွားသော်လည်း အခြားတစ်နေရာကျတော့ ချောင်းက မြောင်း၏ အောက်မှာ ရောက်နေပြန်သည် ။ ကန္တာရသွား ခရီးသည်၏ စွန့်စားခြင်းဆန်ပေ၏ ။
“ အေးပေါ့ကွယ် တစ်ခုကောင်းတာ ရှိရင် တစ်ခု မကောင်းတာတော့ ရှိစမြဲပါ ၊ ဒါပေမဲ့ မကောင်း ပြီးရင်း မကောင်းနေတာကိုတော့ ကပ်ကပ်သပ်သပ် ရှာပြီး အကောင်းမပြောနိုင်ဘူး ၊ အေး အဲဒီလိုပဲ ဒီလင်းဇင်းဆည်ဟာလည်း တို့ကို တစ်သက်လုံးက နှိပ်စက်လာတာ အခု မင်းတို့ လက်ထက်ကျတော့လည်း နှိပ်စက်တုန်းပဲ ”
ဘကြီးဖြိုးက စကားကိုဖြတ်ကာ ဆေးပေါ့လိပ်ကြီးကို အားရပါးရ ဖွာရှိုက်လိုက်ပြီး ...
“ အခုဒီထဲက လင်းဇင်းလယ်သမားတွေ ဆိုရင် ဘယ်မှာများ ပြောင်ပြောင်ရောင်ရောင် ရှိလို့လဲ … လေးနှစ်လောက်ပြာကျပြီးမှ တစ်နှစ်လောက် လာပြီး စားရလို့ ဘာလုပ်ရမှာလဲကွ … ရေကလေး မစို့မပို့ လာတုန်းမှာ သေပြေးရှင်ပြေးနဲ့ ပျိုးကြဲဟယ် ထွန်ဟယ် စိုက်ဟယ်နဲ့ ဟော ပြီးလည်း ပြီးရော တစ်စက်ဆို တစ်စက်ကလေးမှ မလာတော့ဘူး ... အဲဒီလိုနဲ့ပဲ တရိရိနဲ့ ပွန်းပြတ် ပြတ်ကြရတာပဲကွ တို့တုန်းကဆိုရင် .. ”
“ အဲ … အဲ … ပြောစမ်းပါဦး ကိုကြီးရ ”
ကိုပိတ်စက ပွဲတောင်းလိုက်သော်လည်း ၊ ဘကြီးဖြိုးက မီးသေနေသည့် ဆေးလိပ်ကို မီးညှိနေပြန်ရာ
“ လုပ်ပြီ ဘကြီးက ပြောပါဦးဆိုခါမှ ဆေးလိပ်ကြီးက ... ”
“ ကွာ … တစ်ဖွာနှစ်ဖွာလောက် ဖွာလိုက်စမ်းပါရစေဦး ”
ဘကြီးဖြိုး လုပ်လိုက်ပုံက ကြားပါရစေဆိုခါမှ ဈေးတင်တတ်သောသဘောနှင့် တိုက်ဆိုင်နေသော်လည်း ဘကြီးဖြိုးကတော့ ဈေးတင်ခြင်း မဟုတ်ဘဲ ကပျာကရာ ဖွာရှိုက်လိုက်ကာ စကားကို ဆက်ပါသည် ။
“ ငါ ရှင်လူထွက်စတုန်းကပေါ့ကွဲ့ - ဒါပေမဲ့ ခု မင်းတို့ ခေတ်လို ပုခက်ထဲမှာ သင်္ကန်းချည်တာ မဟုတ်ဘူး ။ အသက်နှစ်ဆယ်ကျော်ပြီ ကျောင်းက ထွက်တာကလည်း ငါ့အသက် နှစ်ဆယ့်တစ်နှစ်မှာ ထွက်တာကွ - အသက်ကြီးမှ သင်္ကန်းဆည်းတာက သင်္ကန်းရဲ့အပြစ်လည်း နည်းတော့တယ် ။ သေနာသနဝတ်ကိုလည်း ပြုနိုင်လို့ အပစ်ကင်းရုံတင် မဟုတ်သေးဘူး ကုသိုလ်ပါ ရတယ်ကွဲ့ ”
“ ရှည်တော်မူလိုက်တဲ့ ဘကြီးရယ် ... လိုရင်းကိုပဲ မရောက်တော့ဘူး ”
ကိုဘိုးခင်က ဝင်၍ ညည်းလိုက်ရာ ...
“ ဟ … ငါက … ဘာကို ပြောပါ့မယ်ရယ်လို့ ... မင်းတို့ကို ပြောလို့လားကွဲ့ ငါတို့တုန်းကလို့ စကားခံထားတာပဲ အခုလည်း ငါတို့ ငယ်ငယ်တုန်းကအကြောင်းပဲ မဟုတ်ဘူးလားလကွဲ့ ”
“ ဟုတ်ပါတယ်ဘကြီးရာ – ပြောသာပြောပါ ”
ကိုထွန်းဝက စိတ်မရှည်နိုင်သဖြင့် ဆက်ပြောရန် ကြားဝင်လိုက်သည် ။
“ အဲဒီ လေးထပ်ကျောင်းဟာ မိဖုရားကိုးကွယ်တဲ့ ကျောင်းကွ ၊ အခု ကျောင်းကြီးရဲ့တောင်ဘက်မှာ ကျောင်းဝိုင်းတစ်ဝိုင်း ရှိသေးတယ်ကွ ။ အခုတော့ ထန်းတောကြီးပေါ့ ။ အခု ကျန်နေခဲ့တဲ့ လေးထပ်ကျောင်းမကြီးရဲ့ တောင်ဘက်က ပြဿဒ်ကြီးဟာ ရုပ်စုံကျောင်းကြီးပေါ့ ၊ ဇာတ်ကြီးဆယ်ဘွဲ့ကို အကုန်ခင်းထားတယ် အထဲက ရွှေချထားလို့ ရွှေရေးဆောင်လို့လည်း ခေါ်တယ် ။ ကျပင်းမြို့ဝန်ဟာ ၊ စလင်းကို သွားတိုင်း သွားတိုင်း ဆရာတော်ဘုရားကို ဝင်ပြီးဖူးတော့ သူ စီးလာတဲ့ ဆင်ကို ဟောဟို တာလမ်းဘေးနားက ဆင်ချည်တိုင် လယ်ထဲက သရက်ပင်မှာချည် ၊ ချည်ထားခဲ့တတ်လို့ ဆင်ချည်တိုင်လယ်လို့ ခေါ်တာကွ ”
စကားးစပ်စဉ်က လင်းဇင်းဆည်ပင် ဖြစ်သော်လည်း ဘကြီးဖြိုးက ရာဇဝင်ကို ပါးစပ်ဖြင့် ရေးပြနေပြန်ပါပြီ ။
“ အဲဒီတုန်းကတော့ လူတွေက ယဉ်ကျေးကြသေးတယ်ကွ ။ ဆရာသမားမိဘနဲ့ အသက်ကြီးသူကို ကိုင်းရှိုင်းကျိုးနွံကြရတယ်ကွဲ့ ။ ငါတို့ ဆိုရင် ကျောင်းက ထွက်ပြီး အိမ်ထောင်ရက်သားကျနေခါမှတောင် ပြောစရာ ဆိုစရာကလေး သဲ့သဲ့ကြားရရင် ဘုန်းကြီးက ခေါ်ပြီး ရိုက်တာကို ခံရတာပဲ ၊ ဘာမှ မပြောဝံ့ဘူး ။ ဟောဒီ လင်းဇင်းမြောင်းဟာ အခုလိုပဲ မလာတစ်ည လာတစ်ညနဲ့ စကားနှစ်ခွပုံမသေတဲ့ မြောင်းပဲ ။ အဲ လူတွေဟာ ခုလောက်တော့ မသီကြဘူးကွ ။ ဖြုန်းတီးဖို့ ကိစ္စကလည်း နည်းပေသကိုး ။ ယာကထွက်တဲ့ ဝါကို ချည်ဆွဲပြီး အထည်လုပ် လယ်ကထွက်တဲ့ နှမ်း နဲ့ စပါးကို အိမ်မှာ မောင်းတို့ ကြိတ်တို့ဆုံတို့နဲ့ ဆန်ဖွတ်ကြိတ်ရတော့ ”
ဘကြီးဖြိုးက မီးမသေသေးသော ဆေးလိပ်ကို ကပျာကရာ ဖွာရှိုက်လိုက်ရသည် ။
“ အခုလိုလည်း ဆန်စက်လည်း မရှိ ဓာတ်ရှင်တွေ လည်းမရှိ အိုကွာ ၊ ပိတ်တို့ပန်းကန်တို့ ဇလုံတို့တောင်မှ တို့ဆင်းရဲသားတွေ မသုံးနိုင်သေးဘူး ထမင်းစားရင် ဗျပ်ခွက်တို့ ဒေါင်းလန်းတို့နဲ့ စားကြရတော့ ထွေထွေထူးထူး ကုန်စရာအပေါက် မရှိတော့ အခုလောက် မကြပ်ကြဘူးကွ ။ မသာ ဆိုတာဟာလည်း တစ်နှစ် ကြာလို့တောင် တစ်ယောက် မသေတော့ အနီးအနားမှာ လူသေလို့တဲ့လို့ ကြားရင်တကတည်း အထူးအဆန်းပဲဟေ့ ၊ ထမင်းထုပ်နဲ့တောင်မှပဲ ညအိပ်နေ့နေ သွားပြီး ကြည့်ရတာကွ သူခိုး ဓားပြ ဆိုတာကလည်း မရှိသလောက် ရှားနေတော့ စိတ်ချလက်ချ သွားနိုင်တာပေါ့ကွဲ့ ၊ အဲ သူခိုး ဓားပြ ဆိုလို့ ပြောရဦးမယ် ”
တစ်ခုမှ မဆုံးသေးခင် အခြားတစ်ခု ဘက်သို့ ဦးလှည့်လာပြန်သော ဘကြီးဖြိုးကြောင့် ဟင်းခနဲ သက်ပြင်းချသံများက ထွက်ပေါ်လာကာ အောင့်အည်းနားထောင်နေကြရကြောင်းကို ဖော်ပြနေ၏ ။ သို့ရာတွင် မည်သူက မည်သို့ပင် သဘောထားသော်လည်း ဘကြီးဖြိုးကတော့ မသိ ၊ သူ၏ စကားကို ဆက်ပြန်သည် ။
“ အဲ အဲ အရှင်နှစ်ပါး ပါတော်မူစတုန်းကပေါ့ တို့နယ်တစ်ဝိုက်မှာ ဗိုလ်ထွန်းအောင် ဆိုတာ ထလာတယ်ကွ ၊ စလင်းကလည်း တစ်ဗိုလ် ၊ စလင်းရဲ့ ဒီဘက်နားက သာစည်ကလည်း ဗိုလ်ကျားကြီးတို့နဲ့ပေါ့ကွာ ၊ တစ်တော တစ်ဖ တွန်နေကြတာပေါ့ ၊ သူက ဓားပြီးသလိုလို သေနတ်ပြီးသလိုလိုဆိုတော့ ဘယ်သူကမှ သူ့ကို မလှန်ရဲကြဘူး ၊ သူက ချောင်းအနောက်ဘက်က ပန်းတောသား ဆိုလား မဲဇလီကွေ့သား ဆိုလား အဲဒါတော့ မေ့နေပြီဟေ့ ”
အစက စိတ်ပျက်သူများကလည်း အခုတော့ စိတ်ဝင်စားလာ အသက်ရှူသံများမှ တစ်ပါး ဘာကိုမျှ မကြားရအောင် ငြိမ်သက်နေကြ၏ ။
“ သူက ငွေတောင်းရင် ပေးကြရသကွ ၊ သူအုပ်စီးတဲ့ နယ်ဆိုတော့ တခြားကတော့ လာပြီး မနှောင့်ယှက်ကြဘူးလေ ၊ ဒါပေမဲ့ သူက အပျိုကလေးချောချော မြင်ရင် သူက ဓားအားကိုးနဲ့ တောင်းတော့ မိန်းမပျိုကလေးတွေမှာ သူ့အမြင်ကို မခံဝံ့ကြဘူး ၊ မိဘ မောင်ဘွားတွေကလည်း အတွင်းကြိတ် မုန်းနေကြပေမယ့် မတုဝံ့တော့ ငုံ့နေကြရတာ တစ်နေ့တော့ ။ မကြီးအုံ ဆိုတာကို သူက လိုချင်ပြန်ရော ဆိုပါတော့ ။ သူက လူချောကြီးပဲကွ ။ ဆံပင်ကောင်းလိုက်တာကလည်း ဒူးခေါက်ခွက်ကို အုပ်မိတယ် ။ ဒါပေမဲ့ သူက လူကောင်းမှ မဟုတ်ဘဲကလား ။ ကွမ်းခြံထဲမှာ ကွမ်းခူးနေတဲ့ မိန်းကလေးတွေကို အောက်ကနေပြီး လှေခါးကို လှုပ်ချ မတရား စော်ကား ဆိုတော့ ဘယ်သူ ကြိုက်ဝံ့မလဲ ”
နယ်သူနယ်သားများမှာလည်း မြို့တွင်းရှိ ကု,လားစစ်တပ်ကိုလည်း အရေးလုပ်ကာ သွားပြီး မတိုင်တန်းလို ။ တိုင်တန်းလိုသူ ရှိပါကလည်း ဗိုလ်ထွန်းအောင် သိသွားပါက အသက်သေမည်ကို စိုးသောကြောင့် သွားရောက်ကာ သတင်းမပေးဝံ့ကြချေ ။ ထို့ကြောင့်ပင် ဗိုလ်ထွန်းအောင်က လွတ်လွတ်လပ်လပ် မင်းမူနေကာ နေ့လည်နေ့ခင်းတွင် မကြီးအုံ ထံသို့ လာရောက် စကားဆိုရင်း တရေးတမော အိပ်စက်လေ့ရှိသည် ။
“ ဟေ့ မောင်ပန်းဦးရဲ့ မင့်ဓားကြီးက သွေးလှချည့်လားကွ ၊ ဘာများလုပ်ဖို့လဲ ”
“ တောတက်ဖို့ပါ ဗိုလ်လေးရာ ဓားကြီးက အုံမကျသေးလို့ အုံချသွေးနေရတာ ဗိုလ်လေးရဲ့ ”
မကြီးအုံ ထံသို့ အလည်လာရင်း ဗိုလ်ထွန်းအောင် မကြီးအုံ၏ မောင်ဖြစ်သူ ကိုပန်းဦး အား မေးမြန်း စုံစမ်းခြင်းဖြစ်၏ ။ သူတို့ကလည်း ဗိုလ်ထွန်းအောင်ကို ဗိုလ်လေး ဟုသာ ခေါ်ကြရိုး ရှိသောကြောင့် အမည်ရင်းကို မခေါ်ဝံ့ကြ ။ ယင်းသို့ ကြောက်ရွံ့ရသည့် အထဲဝယ် မုန်းတီးရွံ့ရှာခြင်းက စွက်ဖက်လာပြန်ပေသည် ။
“ ဟ ပန်းဦးရ မင့်ဓားကြီးက သွေးလှချည့်လားကွ ”
“ တောတက်ဖို့ကိုး ဗိုလ်လေးရ ”
ထင်းခုတ်သည့် ဓားမကြီးကိုသာ အတွင်သွေးလာခဲ့သည်မှာ ခုနစ်ရက်ပင် ရှိခဲ့လေပြီ ။ ယနေ့ဆိုလျှင် ဗိုလ်ထွန်းအောင်မှာ လူမိုက်ကြီးသာ မဟုတ်လျှင် အတော်ကြီး နှစ်လိုဖွယ် ကောင်းလှ၏ ။ ခေါင်းလျှော်ထားသောကြောင့် ဆံပင်ကို ဖားလျားချထားကာ ရာချ ပုဆိုးကို အောက်ပိုး မကျိုက်ဘဲ ဓားလွယ်ကို ခပ်နွဲ့နွဲ့ကလေး လွယ်ထားရာ အခါခါ ငြင်းဆန်ခဲ့သော မကြီးအုံ ပင် ရင်ကလေးဖိုကာ စိတ်ကစားသွားစေ၏ ။
သို့ရာတွင်
“ ဗိုလ်လေး ”
“ မကြီးအုံ ”
“ ဗိုလ်လေး ညောင်းရင် ကြီးအုံ နှိပ်ပေးမယ်လေ ”
“ အားနာစရာကြီး မကြီးအုံရယ် ”
မကြီးအုံက အိပ်ရာ ခင်းပေးပြီး ဗိုလ်ထွန်းအောင်ကို အတင်း အလှဲခိုင်းကာ စောင်တစ်ထပ် ခြုံပေးသည် ။ ကိုပန်းဦးက ဓားသွေးရာမှ အိမ်အောက်သို့ ဝင်ရောက် ပျောက်ကွယ်သွားသည် ။
“ မကြီးအုံ ”
ဗိုလ်ထွန်းအောင်က သူ့ခြေသလုံးကို ရွရွညင်ညင် ကလေးဆုပ်နယ်ရင်း မျက်လွှာချထားရှာသည့် မကြီးအုံ၏မျက်နှာကလေးကို ရွှန်းရွှန်းစားစားကြည့်ကာ ခေါ်မိ၏ ။
“ မကြီးအုံ ကျုပ်ဟာလေ ဘယ်လောက်ပဲ ဆိုးခဲ့ မိုက်ခဲ့ပေမယ့် ”
သို့စဉ်မှာပင် ကိုပန်းဦးက ဓားကြီးကို ထမ်းပြီး သူတို့အနားသို့ ရောက်လာသဖြင့် စကားမှာ ပြတ်သွားသည် ။
“ ဘယ့်နှယ် တော်ပြီလားကွ ”
“ ဟုတ်ကဲ့ ခြေသလုံးမွှေးတောင် ကျနေပါပြီ ”
“ အော် ဟင် ”
ဗိုလ်ထွန်းအောင်က ကိုပန်းဦး၏ အရိပ်အကဲကို ကြည့်ပြီး မသင်္ကာသဖြင့် ပက်လက်လှန်အိပ်နေရာမှ ထလိုက်ရာ ခေါင်းမှာ ခေါင်းအုံးနှင့် ခွာမရသဖြင့် အံ့အားသင့်သွားမိ၏ ။ အံ့အားသင့်မိသည်နှင့်တစ်ပြိုင်နက် သူ၏ မျက်လုံးအစုံမှာ မီးလျှံကဲ့သို့ ညီးညီးပြောင်လာကာ အိပ်ရာဘေးမှ ဓားကို လက်ဖြင့် ဆုပ်လိုက်သော်လည်း ရန်သူ၏ စွန့်စားမှုနှင့် ရင်ဆိုင်မိပါပြီ ။
ကိုပန်းဦးက ပခုံးမှ ဓားမကြီးဖြင့် ဗိုလ်ထွန်းအောင်အား ပြေး၍ ခုတ်လိုက်သည် ။ ဓားနှင့် အသား၏ တွေ့ထိသံသည် အိမ်ကြီး တစ်ဆောင်လုံး သိမ့်သိမ့်ခါမျှ မြည်ဟီးသွား၏ ။
“ ဟင်း … ”
ဗိုလ်ထွန်းအောင်၏ အံ့ကြိတ်ညည်းညူသံကြီးက ထိတ်လန့် တုန်လှုပ်စဖွယ် ရှိလှသည် ။ အသည်းနှင့် အူများပါ လိပ်တက်လာရော့သလား ထင်မိရ၏ ။ ဝမ်းခေါင်းသံကြီးက ကြေမွသွားလုခမန်း ကြိတ်ထားသော သွားကြားမှ ဆိုးဝါးစွာ ထွက်ပေါ်လာစဉ် ကိုပန်းဦးက နောက်တစ်ကြိမ် ဆင့်ခုတ်လိုက်ပြန်ရာ ကြောက်ခံခံသူတို့၏ သဘာဝအတိုင်း ခုတ်မိခုတ်ရာ ခုတ်မိသောကြောင့် ခြေသလုံးတစ်ဘက်မှာ ပိုင်းပိုင်းပြတ်သွားသည် ။
မည်သည့် အချိန်ကာလမှာပင် ဖြစ်ဖြစ် မည်သည့်ပုဂ္ဂိုလ်မျိုးပင် ဖြစ်ပါစေ ၊ စော်ကားရမ်းကားလွန်းသော ကာလတွင် သည်လိုပင် ခံကြရစမြဲပင် ဖြစ်၏ ။ အညှဉ်းဆဲခံရသူတို့၏ တော်လှန်မှုကလည်း မနှိုင်းယှဉ်တတ်စကောင်းသောကြီးမားခြင်းဖြင့် ကြောက်မက်စဖွယ် ကောင်းလှသည် ။ အညှဉ်းဆဲခံတို့က အဆုံးစွန်သော အားသွန်စွန့်စားမှုဖြစ်ခြင်းကြောင့် အင်အားကြီးမားရ စမြဲ ဖြစ်ကာ ရက်စက်စမြဲဖြစ်၏ ။
ယခုလည်း ဖားလျားချထားသော ဆံပင်ကို ကြမ်းပေါက်အောက်မှ ဖြဲယူပြီး ခိုင်ခံအောင် ချည်နှောင်ကာ ရှည်လျားသော တုတ်တစ်ချောင်းဖြင့် ကလန့်ထားသည့်ပြင် အင်းအိုင် ခလှည့်၏ အစွမ်းဖြင့် ဓားပြီးသည်ဟု ယူဆထားသောကြောင့် ခြုံသောစောင်ထဲတွင် ထဘီကို ထည့်ထားပြန်သည် ။
သတင်းကြီးလှသော ဗိုလ်ထွန်းအောင်ကို ခြေသလုံးမရှိတော့သော်လည်း မဖမ်းဝံ့ကြသေးသဖြင့် ကု,လားစစ်တပ်ကို သွားခေါ်ကြ၏ ။ သည်တော့မှပင် ရမ်းဘိုကုန်းတစ်ရွာလုံးမှာ ကံဆိုးမိုးမှောင်ကျကာ သူပုန်လက်ခံသော သူပုန်ရွာအဖြစ် အကြော်ငြာခံရသည် ။ တစ်ရွာလုံး ဖမ်းပြီး အကျယ်ချုပ်ချထားခြင်း ခံကြရ၏ ။
“ အဲဒါကို လေးထပ်ကျောင်းက ဦးပဉ္စင်း တစ်ပါး ကတောင် စာရေးပြီး ဝေသေးတယ်ကွ ။ ဘာတဲ့ အဲအဲ အနောက်တောင် လှေကတက်ဆီက တစ်ယောက်မောင် သွေမကွက်ပါဘု ၊ မေထွက်လို့ ကြိုလှည့်ပါ … တဲ့ အဲ ငါလည်း မရတော့ဘူးလေကွာ - သူ့ဥစ္စာက ငိုချင်းကိုကွ အချမှာ ပေါင်းရ - ရန်နီးခါမှ အမယ်လေး မကြီးအုံရဲ့ ကောင်းစံမကြီးလို့ ဆိုထားတာကွ … ”
“ ဒါဖြင့် ဘကြီး သူ့မိန်းမအရင်းကကော ”
ကိုဆေးရိုးက ဝင်မေးလိုက်ရာ ကိုပျော့ကလည်း
“ ဘကြီး ဒါဖြင့် ရွာပျက်သွားရော့လား ”
“ အေးပေါ့ ရွာက ပျက်သလိုလိုတော့ ဖြစ်သွားတာပေါ့ ။ ဒါပေသည့် လုံးလုံးတော့ ပျက်မသွားပါဘူး ။ ဒီလိုကိုးကွ ။ တို့ ဘများ ပြောဖူးတာက ”
“ မောင်ရင်ဖြိုး မလည်း ဥပုသ်တွေ ဘာတွေတောင် မေ့ကုန်ပလား သီချင်းတွေ ဆိုလိုဆိုနဲ့ ပြောလိုက်တာ ကလည်း တစ်ခု မဆုံးသေးဘူး တစ်ခု ”
ခါးပန်းကို ခေါင်းအုံးနေသော အဘွားအုံက သတိပေးလိုက်၏ ။
“ အော် မကြီးဘွားအုံကလည်း တေးမဟုတ်ပါဘူးဗျာ စာသဘောနဲ့ ရွတ်ပြတာပါ ”
“ ကဲ ဆက်စမ်းပါဦး ဘကြီးဖြိုးရာ ”
အားလုံးတွင် ဘကြီးဖြိုး တစ်ယောက်သာ ငုတ်တုတ်ရှိတော့သည် ။ အချို့က ခါးပန်းကို ခေါင်းအုံးနေ၏ ။ အချို့က သစ်သားအတိုအထွာကလေးများကို ခေါင်းအုံးလျက် နားစွင့်နေကြသည် ။
“ အခု တို့ရွာရဲ့တောင်ဘက်က လှည်းလမ်းကြောင်းမှာ မင်းတို့ သတိထားရင် တွေ့ရဦးမယ် ၊ အုတ်ခဲတွေကို ”
“ အာ ဟုတ်တယ်ဗျို့ ဘကြီးဖြိုး ဟုတ်တယ် ”
ကိုပိတ်စက ခေါင်းကို ငေါက်ခနဲ ထောင်တဲ့ပြီး ဘကြီးဖြိုး၏ စကားကို ထောက်ကူလိုက်၏ ။
“ အေး အဲဒါဟာ မဏိပူရကို မဟာဗန္ဓုလစစ်ချီတုန်းက ဖောက်ပစ်ခဲ့တဲ့ လမ်းကွ ၊ စလင်းရဲ့ မြောက်ဘက် နှစ်မိုင်ကျော်ကျော်လောက်မှာ မုခ်နှစ်ခုဟာ ကားလမ်းကို ခွနေပြီး ဒီဘက်တစ်မိုင်သာသာလောက်မှာလည်း ခြင်္သေ့ကြီးနှစ်ကောင်ဟာ လမ်းကို ညှပ်ထားတယ် ။ အဲဒါတွေဟာ မဟာဗန္ဓုလ ဖောက်လုပ်ခဲ့တဲ့ လမ်းရဲ့ ၊ အထိမ်းအမှတ်တွေပေါ့ ၊ အဲဒီလမ်းဟာ တို့ ရွာဘေးကလမ်းနဲ့ တစ်ဆက်တည်းဖြစ်ပြီး ချောင်းကို ဖြတ် အဲ ပြီးတော့ နွယ်တမယ်ဘက်ကို ကူးထားတာပေါ့ ”
“ ကဲပါ ဘကြီးရယ် ခုနတုန်းကဟာကို ပြန်ဆက်ပါဦး ”
ကိုပိတ်စက ကဏ္ဍအသစ်မဖွင့်ခင် ထ၍ သတိပေး၏ ။
“ အေးပါ ဆက်တာပေါ့ ၊ တို့ရဲ့ ရမ်းဘိုကုန်းဆိုတဲ့ ရွာဟာလည်း အဲဒီတုန်းက တည်ထားခဲ့တာ ၊ ယမ်း ချက်တဲ့ ဖိုကြီးတွေ ရှိလို့ ရမ်းဘိုကုန်း ခေါ်တာပဲကွ ၊ အဲဒီရွာဟာ ကု,လားတက်လာမှ ကစင့်ကလျားဖြစ်သွားရတာ ”
“ ဟင် အခုတော့ အိုးလုပ်တဲ့ လူတွေချည်းပါကလား ဘကြီးဖြိုးရဲ့ ”
“ ဒါကကွာ နောက်မှ တဖြည်းဖြည်း လူသစ်တွေ ဝင်လာတာ ဖြစ်မှာပေါ့ ”
ဘကြီးဖြိုးမှာ တော်တော်မော၍ တော်တော်တော့ အာခြောက်သွားပုံ ရပါသည် ။ ဆေးလိပ်ကို မီးညှိ သောက်နေလိုက်၏ ။
“ နို့ ဘကြီးရဲ့ လင်းဇင်းအကြောင်းကကော စကားလည်း မျက်စိလည်သွားပြီ ထင်တယ် ဟား ဟား ”
ကိုပိတ်စက သတိပေးမှပင် ဘကြီးဖြိုးမှာ ကျန်ရှိနေသေးသော စကားကို သတိရလာပြီး စကားကို ဆက်ပြန်သည် ။
“ အေးဟဲ့ ဟုတ်ပါရဲ့ ဘကြီးတို့တုန်းကဆိုရင် အထက်မှာ ဆည်ပျက်ပြီ ဆိုရင် တစ်အိမ်တစ်ယောက် စားအိုးစားခွက် အပြည့်အစုံ ပေါက်ပြားငန်းပြား ဆည်တိုင် ဆည်ပိုတွေနဲ့ လှည်းနွားနဲ့ တစ်လကိုးသီတင်း ကြာတာပေါ့ ၊ တောင်ကြားက ကျလာတဲ့ ရေကို သစ်ခက်ဆည်ကလေး လုပ်ပြီးခံထားတာဆိုတော့ မိုးများပြီး ရေအား ကောင်းလာရင် ပျက်သွားတော့တာပေါ့ ။ အဲ ဆည်တက်ရာက ပြန်လို့မှ အိမ်မရောက်သေးဘူး ။ တစ်ခါ ဆည်ပျက်သွားပြန်ပြီ မြောင်းကျိုးသွားပြန်ပြီနဲ့ပဲ လုပ်ဟယ်ပျက်ဟယ်နဲ့ သူက ရတဲ့ ရေကလေးတစ်ပေါက်တစ်စက်ကို သောက်ရသုံးရပါမယ့်အကြောင်း လုပ်လိုက်ရတာ ၊ လုပ်သာ လုပ်ရတယ် ကောင်းကော ကောင်းသလားလို့ မေးပါဦး မကောင်းဘူး ကနေ့ထက်ထိ ဒီလိုပဲ ။ ဒါပေသည့် မင်းတို့လက်ထက်ကျတော့ ဆည်ရင်းကို ရောက်အောင် မတက်ရဘဲ ဒီနားလေးတင် မြောင်းဦးပဲ တက်ရတော့တာပဲ ဒါပါပဲကွာ ”
ဘကြီးဖြိုး၏ ဆည်အထုပ္ပတ္တိနှင့် ရွာပြင်ပုံပြင်က ခုမှပင် ဆုံခန်းသို့ ဆိုက်ပါတော့၏ ။ လပြည့်ဝန်းသည် ကြည်လင်နေ၏ ။ အတော်ကလေးလည်း မြင့်နေကာ သန်းခေါင်ဘက်သို့ ချဉ်းနေပါပြီ ။ ရွာကလေးကား ဝတ်တက်သူများအပ အခြားသော သက်ရှိတို့၏ လှုပ်ရှားမှုတို့ မမြင်ရတော့ပေ ။
“ ကဲကွယ် တို့နှစ်ဆယ့်လေးပစ္စည်းရွတ် မေတ္တာပို့ အမျှဝေပြီး ပြန်ကြရအောင်ဟေ့ ၊ ညဉ့်လည်း နက်လှပါပြီ ”
ဘကြီးဖြိုးက ပြောပြောဆိုဆိုနှင့် ကြေးစည်ကလေးကို ရိုက်ခတ်လိုက်သည် ။ လေးတွဲ့တွဲ့ ရွတ်ဆိုသံများက ဝတ်ကျောင်းကလေး၏ အပြင်သို့ ချိနဲ့စွာ လိမ့်ဆင်းလာ၏ ။ ချောင်းဘက်မှ ကမ်းပါးခဲ့သံသည် ရပ်သွားပေပြီ ။ ကမ်းပါးဆိုသည်မှာ ရေကျမှာ ဖဲ့စမြဲဖြစ်ပါလျက်နှင့် အဖဲ့ရပ်သွားလျှင် ချောင်းရေတိုးလာပြန်ခြင်း ဖြစ်ရမည် ။ ဟုတ်သည် ချောင်း၏ အော်ဟစ်သံကိုလည်း မကြားရတော့ပါတကား ။
တစ်ခုသော မည်းမည်းအရိပ်သည် ဝတ်ကျောင်း၏ အနောက်ဘက် ချောင်းကမ်းပါးနံဘေးရှိ စောင်ချမ်းပင်ရိပ်အောက်မှ တရွေ့ရွေ့ လှမ်းထွက်လာသည် ။ ကိုဘဦးပင် ဖြစ်သည် ။ သူက ဝတ်တက်သူများ၏ စကားပြောသံကို နားထောင်ရင်း ချောင်းဘက်သို့ ထွက်ကာ အပေါ့အပါးသွားရာမှ အခဲလိုက်အခဲလိုက် ပဲ့ကျနေသော ကမ်းပါးကို တွေ့ရသဖြင့် အထိတ်အလန့် ဖြစ်သွား၏ ။ သူ့အိမ်နောက်ဖေးက ရေဦးကျသဖြင့် တရားအလွန် ဖဲ့နေသောကြောင့် ထိုင်ပြီး ကြည့်နေမိသည် ။ ကိုဘဦး ကြည့်နေစဉ်ပင် ကမ်းပါးက အဖဲ့ရပ်သွား၏ ။ တဖြည်းဖြည်း ရေပြင်က မြင့်တက်လာကာ ချောင်းကမ်းပါးသို့ မေးတင်လာတော့သည် ။ ဒီတော့မှ သူက ဝတ်သမားများကို သတင်းပေးပို့ရန် လျှောက်လာခဲ့ပေ၏ ။
“ ပရိတ်မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရွတ်ဖတ် သရဇ္ဈာယ်ရသော ကောင်းမှုကုသိုလ်အဖို့ကို အားလုံး ကြားကြသရွေ့ .. အမျှ .. အမျှ .. အမျှ ယူတော်မူကြပါဗျို့ … ”
လေးလေးတွဲ့တွဲ့နှင့် ဋ္ဌာန်ကရိုဏ်းကျကျ အော်ဟစ်ကာ အမျှဝေလိုက်သော ကိုထွန်းဝ၏ အသံက လုံးနက်ပဲ့တင် ပျံ့ထွက်လာသည် ။ အသက်ရှူခြင်းကို ရပ်ထားကာ သံရှည်ဆွဲ၍ ဟစ်လိုက်သည့် ဗျိုးသံ ဆုံးလျှင် အမျှ အမျှ အမျှ ဟု တိုးတိုးကလေး ရွတ်ဆိုလိုက်ပြန်၏ ။ သည်တော့မှ အဖော်များက သာဓု သုံးကြိမ်ပြုကြစဉ် ခြေရင်းတွင် ဆွဲထားသော တုံးတစ်တုံးကို တစ်ယောက်က ထုရိုက်လိုက်သည် ။ ဘကြီးဖြိုး၏ ကြေးစည်ကလေးလည်း တဝေဝေနှင့် ချာလည်လှည့်ကာ ဟစ်ကြော်ရှာ၏ ။ တုံးခေါက်သံကလည်း လေးလေးမှန်မှန် ခေါက်နေရာမှ မြန်သွားပြီး တစ်ချက်ချင်းသို့ နိမ့်ကျလာပြန်ကာ ရပ်သွားတော့သည် ။
ဥပုသ်သည် ဝတ်သမားများ၏ တရား၌ သက်ဝင် ကြည်လင်မှုကို ငွေလရောင်က ရွှင်မြူးတည်ငြိမ်စေရန် ဆွတ်ဖျန်းပေးနေ၏ ။
“ ဟ … မောင်ဘဦး မအိပ်သေးဘဲကိုးကွ ”
“ ဟာ ခင်ဗျားတို့ စကားပြောတာကို နားထောင်ရင်းက ချောင်းကမ်းဘေး ရောက်သွားတာ ရေတိုးလာလို့ ထိုင်ကြည့်နေမိတာနဲ့ မျက်လုံးကိုကျယ်သွားတာပဲ ”
“ တော်တော် တိုးသလားဟ ”
“ အင်း အခုတော့ ကမ်းပါးကို မေးတင်နေတာပဲ ”
ကိုဘဦးက ဝတ်ကျောင်းရှေ့ရှိ ကင်မွန်းခါးပင်ကို မှီကာ ဆေးလိပ်ကို တဖွားဖွားနှင့် ဖွာရှိုက်နေသည် ။
“ ဟာ ဒီလိုဆိုရင် ရွာပေါ်ကိုများ တက်ဦးမှာလား ”
“ ကွာ မတက်နိုင်ပါဘူး ကပ်သီးကပ်သပ် ရွာပေါ်ကို ရေတက်ရမယ်လို့ ”
“ အမယ် ပိတ်စရဲ့ ကပ်သီးကပ်သပ်လို့ မပြောနဲ့ မောင်ရေ့ ။ ငါတို့ကျောင်းသားတုန်းက ဟောဒီ ချောင်းက ရေပါပဲ မောင်ရာ … တကတည်း တက်လာလိုက်တာ တို့ရွာထဲမှာ ခါးလောက်ရှိတယ် .. ဟောဟို ရွာသစ်ကြီး ရွာထဲမှာ ပေါင်လည်လောက် .. ရွာဟိုဘက်က အရှေ့စုရွာထဲကိုတောင် ရောက်သေးတယ်ကွာ .. ”
ကိုဆေးရိုးက သူတို့ ကျောင်းသားအရွယ်တုန်းက ချောင်းရေလျှံခြင်းကို ဇာတ်ကြောင်းလှန်ပေး၏ ။
“ ဟုတ်တာပေါ့ကွဲ့ .. မောင်ပိတ်စရဲ့ အဲဒီတုန်းက အဘွားရဲ့ခင်ပွန်းက မမာလို့ အဘွားတို့ပဲ တော်တော် အရွယ်ရင့်နေမှပဲ ကိုးဆယ်ပြည့်နှစ်ကပေါ့ကွဲ့ ”
အဘွားအုံက ခုနှစ်သက္ကရာဇ်ကိုပါ ထောက်ပြပြန်သည် ။
“ အင်း .. ဒီလိုဆိုရင်တော့ .. တယ် စိတ်မချရပါပဲကလား ”
ကိုဘဦးက လရောင် ငွေပြောက်ကလေးများကို လှုပ်နော့ပေးနေသော မိုးနှံချုံသစ်ရိပ်မည်း၏ လှုပ်ရှားခြင်းကဲ့သို့ တုန်လှုပ်စိုးရိမ်စွာ ညည်းတွားလိုက်ရှာ၏ ။
“ ကွာ … ဒါလောက် မိုးခေါင်နေတဲ့ အရပ်ကြီးမှာ ချောင်းရေလျှံရတယ် ဆိုတာက မတော်မတည့်တဲ့ တရားကြီးပဲကွ .. ကမ္မသကာပေါ့ကွာ ... ဆယ်ရေး တစ်ရေး ကိုးရေး တစ်ရာ မတော်တဆ လျှံရမှာပါ ”
မိုးခေါင်ခြင်းနှင့် ချောင်းရေ မြစ်ရေလျှံခြင်းမှာ တခြားစီသာ ဖြစ်သည် ။ ဤအရပ်၏ မိုးရေချိန်မှာ အနည်းပါးဆုံး ဖြစ်ပြီး ပူလည်းပူပြင်းလွန်းသော အပိုင်း ဖြစ်၏ ။ သို့ရာတွင် ဧရာဝတီမြစ်ရေက လျှံချိန်ကျလျှင် လျှံတက်လာပြီး ကျချိန်ရောက်လျှင် ကျသွားစမြဲပင် ဖြစ်သည် ။ ကိုဆေးရိုးတို့ ဒေသတစ်ဝိုက်တွင် မိုးသည်း နေသော်လည်း ချောင်းရေက တိုးချင်မှ တိုးသည် ။ မိုးမရွာဘဲနှင့်လည်း တိုးသည့်အခါမှာ တိုးလာတတ်ရာ ချောင်းမြစ်နှင့် ချောင်းကမ်းစဉ်တို့၏ ရာသီဥတု မဆက်စပ်ပေ ။
“ ကဲ ကဲ သွားကြစို့ .. မိုးရိပ်တွေ တက်လာပြီ ”
ပြောရင်းဆိုရင်းပင် မိုးဖွားကလေးတွေကလည်း ခင်မျှင်မျှင် ကျဆင်းလာကြ၏ ။ ဘကြီးဖြိုး၏ လက်ဝါးမီးရောင်ဝါ ရော်ရော်ကလည်း ခပ်မွှားမွှားအမှောင် အောက်ဝယ် ရွေ့လျားနေသည် ။ တစ်ချိန်လုံး အိပ်မောကျနေသော တောင်ဘက်ထန်းတောကလည်း လှုပ်ရှားဆူညံလာ၏ ။ လေပြင်းပါ တိုက်ခတ်လာတာပါကလား ။
ကိုဆေးရိုးနှင့်ကိုပိတ်စတို့၏ ကြုံတောင်ကြုံခဲ့ ဖြစ်တောင့်ဖြစ်ခဲလှသော ချောင်းရေကတော့ အမှောင် အတွင်းမှာပင် တရွေ့ရွေ့ စမ်းသပ်တက်မြင့်လာပေပြီ ။
ဤရွာ၏ တောင်ဘက်ရှိ မြောင်းဟောင်းမှာ ရွာ၏ အနောက်ဘက် ကိုက်သုံးရာလောက်တွင် ချောင်း၏ ဝါးမျိုခြင်းကို ခံထားရသောကြောင့် အသုံးမပြုဘဲ စွန့် စ်ထားရသည့် မြောင်းဟောင်းဖြစ်သည် ။ ရွာ၏ အိပ်မောကျချိန်သာ မဟုတ်ပါမူ ၊ ဤမြောင်းတွင်းသို့ မြောင်းကျိုးသည့် နေရာမှ ဝင်လာသော ချောင်းရေများကို တွေ့မြင်နိုင်ကြမည်ဖြစ်၏ ။ အမှန်ကတော့ ရမ်းဘိုကုန်းရွာငယ်ကလေးမှာ ရန်သူ၏ညှပ်ပူးတိုက်ခိုက်ခြင်းကို ခံနေရပေပြီ ။ ရွာ၏ တောင်ဘက်မှ မစင်နှင့် ပိုးမွှားများ ဖောင်ဖွဲ့ထားသည့်မြောင်း မြောက်ဘက်က သုံးဖာလုံခန့် ကျယ်ပြန့်သည့်ချောင်း ။
ချောင်းရေက တိတ်တဆိတ် တိုးဝင်လာသော်လည်း သူ၏ရန်သူများက သိသွားပေပြီ ။
“ ကိုဆေးရိုး ကိုဆေးရိုး အမယ်လေးရေတွေ ”
“ ဟ ဟ ဟုတ်ပါ့ကော ၊ မိန်းကလေး မိန်းကလေး ”
“ ဘညိန်း .. ဘညိန်း ”
မနေ့က ဥပုသ်စောင့်ထားလို့သာ စောစောသိရတော့သည် ။ ကိုဆေးရိုးက ကွပ်ပျစ်ပေါ်မှာ အိပ်၍ မကျီးဒန်က မြေပေါ်ဆင်းပြီး ဖျာခင်းအိပ်ရာ လူကို ရေစိုသည်နှင့်တစ်ပြိုင်နက် မကျီးဒန်က ထ၍ အော်တော့၏ ။
“ ကိုဆေးရိုးရေ အိုးတွေကို လုပ်ပါဦး ၊ ကွပ်ပျစ်ပေါ်ကို တင်ပါ ၊ ဟဲ့ ဘာတွေလဲ ဟဲ့ ဟဲ့ အိုးတွေ မျောကုန်ပြီ အမယ်လေး ကုန်ပါပြီ ကုန်ပါပြီ ”
ရှိရှိသမျှ ပစ္စည်းများကို မြေပေါ်မှာသာ ချထားရရာ တဲတွင်းသို့ ဝင်လာသော ရေစီးနှင့် မျောလာသော ပစ္စည်းများက မကျီးဒန်၏ ခြေသလုံးကို လာပြီး တိုးမိ တိုက်မိသည် ။
“ အောင်မယ်လေး အဖီလေးအောက်က အိုးတွေကုန်ရောပေါ့ အမယ်လေး ကိုဆေးရိုးရဲ့ ကိုယ်ကျိုးနည်းပေါ့ ”
ပိန်းပိတ်အောင် မှောင်နေကာ လေကလည်း အော်ဟစ်တိုက်ခိုက်နေသည် ။ မိုးကလည်း အော်မြည်ဟစ်ငြာလျက် သွန်ချနေ၏ ။ မီးခွက်ကိုမျှ ထွန်း၍ မဖြစ် ၊ ရှိစုမဲ့စုကလေးများသည် မမြင်ရသော မှောင်အောက်ဝယ် ရေသို့ မျောပါကုန်ကြ၏ ။
ကိုဆေးရိုးကတော့ ကြပ်ခိုးစင်ပေါ်သို့ ဖျာနှင့် အဝတ်အထည် စားအိုးစားခွက်များကို တင်ထားပြီး ကွပ်ပျစ်ပေါ်မှ အိုးစိမ်းများကို စီရီချထားနေပြန်သည် ။
“ အမယ်လေး အမေရဲ့ ”
ဘညိန်းမှာ တစ်ချက်သာ အော်နိုင်လျက် ရေထဲသို့ ဟပ်ထိုးလဲကျသွားသည် ။ သူက ရေနောက်သို့ တရွေ့ရွေ့နှင့်မျောပါစပြုနေသော ထွန်တုံးကို ဆွဲရန် ပြေးအလာတွင် ရေထဲမှ တစ်စုံတစ်ခုနှင့် ထိခိုက်ကာ လဲကျသွားရ၏ ။ ဆံပင်များ ဖားလျားကျနေသော မကျီးဒန်က ဘညိန်းထံသို့ အော်ဟစ်ပြေးလာသည် ။
“ လူလေး ... လူလေး ... ဘယ်ထိသွားလဲ ”
“ အင်း အမေ .. အီး .... ”
ဘညိန်းက ဘာမျှပြန်မဖြေနိုင် တစ်ချက်မျှ လွန့်လူးရင်း ဖျစ်ညှစ်ညည်းတွားကာ မကျီးဒန်၏ ရင်တွင်းဝယ် ငြိမ်သက်သွားသည် ။
“ ဟဲ့ ကျီးဒန် … ဟင် … လူကလေး .. လူကလေး ”
တဲအတွင်း ကြပ်ခိုးစင်ပေါ်မှ ဆင်းလာသော ကိုဆေးရိုးက ဘညိန်းကို ဆီးပွေ့လိုက်ပြီး ...
“ ဟ ဘာဖြစ်တာလဲဟင် ကျီးဒန် ”
“ ဟို ဟို ”
မကျီးဒန်မှာ ပြူးကြောင်ထိတ်လန့်နေသော မျက်လုံးကြီးနှင့် ကိုဆေးရိုးကို မော့ကြည့်လျက်က တဲအပြင်သို့ လက်ညှိုးထိုးပြနေ၏ ။ မန်ကျည်းပင်ခြေရင်းမှ ထယ်ဘောင်နှင့်အခြောက်ထွန်တုံးက ရေထဲသို့ လိုက်ပါရန် တလှုပ်လှုပ်ဖြစ်နေသည် ။ ကိုဆေးရိုးက ပြေးသွားပြီး မန်ကျည်းပင်မှာ ကြိုးနှင့် ချည်ထားကာ လှည်းကိုပါ ဆွဲယူတုပ်နှောင်ထားလိုက်၏ ။
လှည်းကို ကိုင်မိမှ နွားနှစ်ကောင် သတိရလာသဖြင့် နွားတင်းကုတ်ဘက်သို့ ပြေးသွားပြန်၏ ။ ရေထဲတွင် သွားလာရသောကြောင့် ခြေက ဆွဲ၍ မသွက် ယူလို့ မပါ ဖြစ်ရကာ အလောကြီးနေသော အထက်ပိုင်းကသာ ရှေ့သို့ ရောက်နေသဖြင့် တဗိုင်းဗိုင်း လဲကျနေသည် ။ နွားကြီးနှစ်ကောင်က မျက်လုံးကိုပြူးပြီး သခင်ကို ကြည့်နေကြသည် ။ ရေမှာ သူတို့၏ ဗိုက်ပင် မြှုပ်နေပြီဖြစ်ရာ သခင်ကို မျက်လုံးဖြင့် မေးမြန်းခြင်း ဖြစ်ပေလိမ့်မည် ။
တိမ်ဖြူထဲမှ စိမ့်ယိုလာသည့် မိုးရေအောက်မှာပင် အင်္ကျီဗလာ ၊ ခမောင်ဆောင်းလျက် အရိုးကွဲခမန်း အေးစိမ့်သောလေကို ရင်ဆိုင်ပြီး နွားနှစ်ကောင်ကို ဆွဲကာ ထွက်လာခဲ့ရသည် ။
နွားနှစ်ကောင်က ခေါင်းကိုငုံ့ နားရွက်ကိုပေလျက် ပါလာ၏ ။ ရွာ၏ တောင်ဘက်တံခါးနားတွင် လှိုင်းလုံးများ ထစပြုလာသော ရေစီးကြောင်းတစ်ခုက ချောင်းဘက်မှ ထိုးဝင်လာသည် ။ ခွေးများမှာလည်း နေစရာ မရှိသဖြင့် အော်ဟစ်ပြေးလွှားရင်း ရေစီးထဲသို့ ပါသွားကြ၏ ။
“ အမေရေ … အမေရေ … ”
ကလေးငယ်တို့၏ ငိုသံသည် နောက်ကျိပူဆွေးနေသော မိဘများ၏ စိတ်ကို ဆွကူပေးသည်သို့ ရှိ၏ ။ ရွာထိပ်ရှိ တလင်းထဲမှ ကောက်ရိုးပုံက ရေထဲတွင် မျောလာကာ တဲကလေးတစ်လုံးကို ဝင်၍ တိုက်ရာ တဲအိုကလေးမှာ တချွတ်ချွတ် မြည်၍ ပြိုကျသွားသည် ။ ပြိုကျသော တဲနှင့်ကောက်ရိုးပုံက မျောပါ သွားကာ အိမ်တစ်လုံးကို ဝင်၍တိုက်ပြန်သည် ။ အိမ်ပေါ်ရှိလူများမှာ အော်ဟစ်ပြေးဆင်းလာကာ ကောက်ရိုးပုံနှင့် တဲပျက်ကို ဆွဲဖျက်ကြသည် ။ သို့သော်လည်း ကောက်ရိုးပုံနှင့် တဲငယ်၏ အင်အားကို စီးနေသော ရေအားက ဖြည့်တင်းတိုက်ခိုက်လိုက်သောအခါ အိမ်မှာ ဝေါခနဲ ပြိုကျသွားသည် ။ အိမ်မှာ ချောင်းမကြီးထဲ စီးဝင်မျောပါသွား၏ ။
“ အမယ်လေး ကျုပ်သမီးလေး ပါသွားပြီဗျ ၊ ငါ မနေဘူး ငါလိုက်မယ် ”
ကောက်ရိုးပုံကို ဆင်းဖျက်သူများထဲမှ လူတစ်ယောက်က အော်ဟစ်မြည်တွန်ရင်း သွေးရူးသွေးတန်းနှင့်ရေကြောင်းဘက်သို့ ထိုးချလိုက်၏ ။
မိုးခေါင်သည့် နေရာဖြစ်သောကြောင့် ရေဘေးကို ဂရုလည်း မစိုက် ၊ ရေဘေးကလည်း အနှစ်နှစ်ဆယ်မှသာ တစ်ခါ လာရောက် တွေ့ဆုံရပြန်သောကြောင့် ကြိုတင်ပြင်ဆင်မှုလည်းမရှိ ၊ တိမ်းရှောင်ခြင်းလည်း မရှိ ၊ မမျှော်လင့်ဘဲနှင့် ဆိုးဝါးစွာ ရင်ဆိုင်ရသောအခါ အရှုံးပေးလိုက်ကြရ၏ ။
ရေသာ မနှိပ်စက်ပါမူ စားဖွယ်သောက်ရန်များကို ချက်ပြုတ်ပြီး ကိုဆေးရိုးက အေးအေးဆေးဆေး ဥပုသ်ထွက်ရမည်ဖြစ်သည် ။ ရင်ထဲက စိမ့်ချမ်းလာကာ နှုတ်ခမ်းများ ပြာမဲနေ၏ ။ ကားလမ်းတစ်လျှောက်လုံးမှာလည်း ရေများ ဖုံးလွှမ်းနေကာ ပတ်ဝန်းကျင်က ရေမှတစ်ပါး ဘာမျှ မမြင်ရ ၊ နွားနှစ်ကောင်ကလည်း ခေါ်လို့သာ လိုက်နေရသည် သူတို့ အသားများကလည်း တဆတ်ဆတ်တုန်နေကြသည် ။
ကိုဆေးရိုး၏ ရင်ထဲတွင် ထမင်းဆာခြင်းဝေဒနာက ထကြွလာသည် ။ ပြင်းထန်စွာ စီးဆင်းနေသော ရေစီးများကိုလည်း အားတင်း၍ ကူးဖြတ်ရ၏ ။ ငိုချင်စိတ်သည် တလှိုက်လှိုက် ကြွလာသောကြောင့် နောက်သို့ လှည့်ကြည့်မိသည် သူ့နောက်ကလည်း မိုးရေထဲတွင် ကုပ်၍ နွားကိုယ်စီ ဆွဲလာသူများကို မြင်ရသဖြင့် ငိုချင်စိတ်က ပျောက်သွား၏ ။
“ ကိုဆေးရိုး ချောင်းရေ တော်တော်များသလား ”
“ တင် … တင်ပါ့ … ”
ကျောင်းပေါ်သို့ အတက်တွင် ဆရာတော်က ဆီးကြိုမေးလိုက်ရာ ကိုဆေးရိုးက စကားကိုမျှ ဆုံးအောင် မလျှောက်ကြားနိုင်ဘဲ ခွေကျသွားသည် ။
“ ဟဲ့ ဟဲ့ မောင်ပဉ္စင်းတို့ လုပ်ကြပါဦးဟဲ့ ”
ဆရာတော်၏အသံကြောင့် ဦးပဉ္စင်းများ ပြေးလာကာ ပွေ့ယူလိုက်ကြ၏ ။
“ ဦးပဉ္စင်း ... သဗ္ဗဇေယျ ပေးပါ - မီးဖိုပေးပါ အအေးမိလွန်လာတာ မြန်မြန် လုပ်ကြစမ်း ”
ဆရာတော်ဘုရားက ကိုဆေးရိုး၏ ရင်အုံကိုလက်ဖြင့် အုပ်ရင်းမှ တစ်ခုပြီးတစ်ခု ဆက်၍ အမိန့်ပေးလိုက်သည် ။
အိမ်တွင် ကျန်ခဲ့သော သားငယ်မှာ ဘာဖြစ်သည် ဟူ၍မသိရ ၊ ကိုဆေးရိုး မှာတော့ မျက်ဖြူလန်လျက် အမြှုပ်တစီစီနှင့် တက်နေရှာပါ၏ ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 သွေးသောက် မဂ္ဂဇင်း
၁၉၅၅ ၊ ဇန်နဝါရီ
No comments:
Post a Comment