Tuesday, July 14, 2026

ခွန်းကြူပါ့ ဖား


❝ ခွန်းကြူပါ့ ဖား ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသကဲ့သို့ မိုးမရွာလေလေ ကိုဆေးရိုးတို့က ကြိုက်လေလေ ဖြစ်သည် ။ မိုးမရွာလို့ မြောင်းရေ မလာ ၊ မြောင်းရေ မလာလို့ လယ်ထဲ မဆင်းနိုင်သည့်အတူတူ အိုးကိုသာ ဖိလုပ် မဟ ။ မကျီးဒန်က လက်မောင်း တပင့်ပင့် ၊ ကိုဆေးရိုးက တဝင့်ဝင့်နှင့် ရေအိုး တစ်လှည့် သပိတ် တစ်လှည့်ဖြင့် တစ်ရွာလုံးကို အိုးပုတ်သော လက်ခတ်သံများ ဖုံးလွှမ်းသွားစေ၏ ။ သပိတ်နှင့် ရေအိုးရိုးရိုး ပုံနေပြန်လျှင် ဆီအိုးဟု ခေါ်သော အိုးအနက်ကို လှည့်ကိုင်ကြပြန်သည် ။ ဆီအိုး ပြီးတော့ ဝါဆိုလအတွက် ကြိုတင်ကာ တာအိုးများ ၊ ညောင်ရေအိုးများ ဘက်သို့ ဦးလှည့်ကြပြန်သည် ။

“ ဆေးရိုးရေ နေပူတုန်း အိုးလှန်းရသဟ ”

“ ဟုတ်တာပေါ့ မောင်ရာ ၊ လသာတုန်း ငင်စရာ ဗိုင်းမရှိတော့လည်း မိုးခေါင်တုန်း အိုးလုပ်ရတာပေါ့ ”

နေ့၏ ပူလျှံပြင်းသော နေအရှိန်အောက်ဝယ် ရမ်းဘိုကုန်းရွာစည်းရိုးနှင့် ရွာထဲရှိ သစ်ပင်များမှာ ညှိုးမွဲနေ၏ ။ လမ်းမ၌ အပူရှိန်များသည် တလျှပ်လျှပ် တက်နေသည် ။

တစ်ရွာလုံးမှာ အိုးပုတ်သံများမှ တစ်ပါး ဘာသံကိုမျှ မကြားရ ။ ရမ်းဘိုကုန်း၏ အသံများထဲမှ အိုးပုတ်သံကို နုတ်လိုက်သော် တိတ်ဆိတ်ခြင်းသာ ကျန်ခဲ့ပေမည် ။ မိမိတို့၏ တဲပုတ်ကလေးထဲတွင် ချွေးတလုံးလုံးနှင့် အိုးကိုသာ သဲကြီးမဲကြီး ပုတ်နေလျှင် ဒါလောက် ပူမှန်း မသိသော်လည်း လမ်းမဘက်သို့ တစ်ချက်ကလေး မျှော်လိုက်က ပို၍ ပူလာသည် ထင်ရ၏ ။

ပို၍ ဆိုးသည်ကား ချောင်းပြင်ဘက်သို့ လှမ်းကြည့်မိခြင်းပင်တည်း ။ ချောင်းပြင်ထဲမှ ကျောက်သဲများသည် အလျှံတပြောင်ပြောင်ထနေ၍ သဲပြင်၏ မြောက်ဘက်အစပ်၌ ကြေးနီရောင် ဆောင်းနေသော ကိုင်းတောအခြောက်ကြီးက ကြည့်မြင်ရသူတို့အား ပို၍ ပူလောင်ခြင်းသို့ ပို့ဆောင်နေသည် ထင်ရ၏ ။ နေ့အချိန်တွင် တဲထဲ၌ တကုပ်ကုပ် ထိုင်ကာ ရွှံ့ နင်းစရာရှိ နင်း ၊ ရွှံ့နင်းစရာ မရှိက အိုးများကို ကျောက်ခဲနှင့် ချော ။ ဒါမှ မရှိသေးလျှင် အိုးကြမ်းကြီးတွေကို လက်ခတ်ကြမ်းဖြင့် ပုတ်ပေးကာသာ နေခိုနေခဲ့ရသော ကိုဆေးရိုးမှာ ညကျမှ အိမ်ရှေ့သို့ ထွက်လာနိုင်သည် ။ နေ့၏ အပူဟုန်က မကုန်သေးသောကြောင့် အိုးဖိုမှ မီးကို ခါတိုင်းထက် ပိုပူသည် ထင်သောကြောင့် ဝေးဝေးက ခွာနေကာ ၊ မဖြစ်သောကြောင့်သာ အိုးဖိုနားသို့ ကပ်လာရပြန်လျှင်လည်း သူ့မျက်နှာကြီးမှာ ရှုံ့နေပြီး သေမင်းအပါးသို့ မဝံ့တဝံ့နှင့် တိုးကပ်ခစားရသူပမာ ခေါင်းက နောက်သို့ လန်နေသည် ။

“ ဆေးရိုးရေ ... ကြိုးစားဟ ”

အိမ်နီးချင်းနှင့်လည်း ညကျမှ စကားပြောနိုင်တော့၏ ။ ပထမတော့ မိုးမရွာခြင်းကိုပင် နှစ်သက် သလိုလို ဖြစ်ခဲ့သော ကိုဆေးရိုးမှာ ချောင်းထဲရှိ လက်ယက်တွင်းကလေးတွေ ၊ တစ်နေ့တခြား ရေဆုတ်သွားကာ ရင်ဆို့ခန့် ၊ လည်ပင်းခန့်အထိ နက်သွားကုန်သည်ကို မြင်ရသောအခါ၌ မပြုံးနိုင်တော့ချေ ။ ဖိုးကျိုင်းဒုတ်လည်း မဖြစ်နိုင်တော့ ။ သူသာ မျက်ကလဲဆန်ပျာ ဖြစ်သလော ၊ မဟုတ်ပေ ။ တစ်ရွာလုံးသည် တညီတညွတ်တည်း မတိုင်ပင်ရဘဲနှင့် ထိတ်လန့်ကြလေ၏ ။

“ ဘုရား … ဘုရား ၊ ဒီလိုချည်းသာ မိုးမရွာရင် တို့အထက်မှာရှိတဲ့ ဆည်ကြီးမှာ ဘယ်က ရေရပါ့မလဲ ဟင် ”

ကိုဆေးရိုးက မရှူနိုင်မကယ်နိုင်နှင့် မြည်သည် ။

“ ဒီဆည်ကြီးမှာ ရေမရှိရင် ကျုပ်တို့ လယ်တွေ သောက်တဲ့ မြောင်းထဲကို ဘယ်က ရေတွေ လာတော့မှာ လဲ ”

မကျီးဒန်ကပါ ထောက်ခံ၏ ။

“ တို့သောက်တဲ့ မြောင်းထဲကို ရေမလာရင် တို့လယ်တွေ ဘယ်က ရေရမလဲ ”

“ ရေမရရင် လယ်တေမစိုက်နိုင် ”

“ လယ်တွေ မစိုက်နိုင်ရင် ရှေးနှစ်ကျရင် တို့တစ်တွေ ဘာကို စားကြမလဲ ၊ အမယ်လေး ... ဘုရား ဘုရား ”

တစ်ရွာလုံးမှာ ခြေကလန် လက်ကလန် ဖြစ်ကာ လွန်ဆွဲပြီး မိုးခေါ်ဖို့ စီစဉ်ကြတော့သည် ။ တောသို့ တက်ပြီး လွန်ပွဲဖို့ နွယ်ခုတ်သူက ခုတ် ၊ ဆိုင်းငှားသူက ငှားနှင့် တစ်ရွာလုံးမှာ မအားမလပ်နိုင်အောင် အလုပ်ရှုပ်သွားကြသည် ။ လွန်ဆွဲမည့်နေ့ နံနက်တွင် စနေထောင့်မှ မိုးသားများ လှိမ့်၍လှိမ့်၍ တက်လာ၏ ။ မိုးသည် တစ်နေ့လုံး အုံ့ဆိုင်းနေသည် ။

“ ဟဲ့ ဟဲ့ .. ဆေးရိုးတို့ ၊ ပိတ်စတို့ရေ လုပ်ကြပါဟ ”

နေကလေး စောင်းလာသည်နှင့်တစ်ပြိုင်နက် ရွာခေါင်း ဖိုးပေတူး၏ အသံက ဆူလာသည် ။

“ သာဒွန်းဖြူတို့ ၊ ဒန်အိုးတို့ရေ ... ကန်တော့ပွဲတွေ ထုတ်ပါဟ ၊ လှဦးတို့ ၊ အုန်းမောင်တို့ကော ”

ဖိုးပေတူး၏မယား ဒေါ်ညှက်ပိန်ကလည်း စာစာ စာစာနှင့် ။

“ ဟုတ်တယ်ဟေ့ ဟုတ်တယ် ဟုတ်တယ် ၊ ပေါက်တူးတို့ ၊ ငပြားကြီးတို့ ရလာပါဟ ၊ မိုးက တို့ လွန်ဆွဲအောင် စောင့်နေတာ ”

“ ဟုတ်တယ် ဟုတ်တယ် .. တော်တော်ကြာရင် မိုးသားတွေ ငှက်ပျောတောရွာဘက်ကို ရောက်သွားပါဦးမယ် ”

တစ်စတစ်စနှင့် ရွာနီးချုပ်စပ်မှ လူများလည်း ရောက်လာကြ၏ ။ ဆိုင်းသံကလည်း နတ်ဒေဝါ အပေါင်းနှင့် မိုးခေါင်ကျော်စွာနတ် မိုးနတ်သားတို့ကို ဆူညံစွာ ပင့်ခေါ်နေချေပြီ ။ လွန်ပေါ်မှ ဖိုးပေတူး၏ မြှောက်ထားသော ပဝါကလေး အောက်သို့ ကျသွား သည်နှင့်တစ်ပြိုင်နက် ‘ ဟေး ’ ခနဲ ညာသံကြီး ထွက်လာကာ လွန်ပွဲကြီး စလေ၏ ။ လွန်ပေါ်မှ ဆိုင်းဝိုင်းကြီးကလည်း အားတက်သရော တီးနေသည် ။ လွန်မှာ ရွာလယ်လမ်းမအတိုင်း မြောက်ဘက်ရှိ မိန်းမများဘက်သို့ ပါသွားလိုက် ၊ တောင်ဘက်ရှိ ယောက်ျားများအုပ်စု ဘက်သို့ တရွတ်တရွတ်နှင့် ပါသွားလိုက် ဖြစ်နေလေ၏ ။ ကိုဆေးရိုးမှာ ရှေ့သို့ တရွတ်လျှောကာ ပါသွားရင်းက သိချင်ဇောနှင့် အပေါ်သို့ မော့ကြည့်လိုက်မိရာ ရင်ထဲတွင် ဟာသွားလေသည် ။ ဒါနှင့်အတူ လွန်ကို ကိုင်ထားသော သူ့လက်မှာလည်း ပြေကျသွားကာ ကိုယ်ကြီးက မြေပေါ်သို့ အွတ်ခနဲပက်လက်လန် လဲကျသွားလေသည် ။ ကံကောင်းချင်တော့ သူက အဖျားဆုံးတွင် ရောက်နေသောကြောင့် လူနင်းမခံလိုက်ရပေ ။

စောစောက သူ မြင်လိုက်ရသောအရာကား ပြိုတော့မည့်ပမာ ချိပ်မှောင်နေသော မိုးသားများ လုံးဝ မရှိတော့ဘဲ စင်ကြယ်သော အာကာသလဟာပြင်ကြီးကိုသာ ဟာခနဲ မြင်လိုက်ရသောကြောင့်တည်း ။

“ ကဲ... ကိုအဝှာ ၊ မိုးရွာရင် အဆင်သင့်ဖြစ်အောင် ထန်းရွက်ကလေး ဘာကလေး မရှာတော့ဘူးလား ”

“ ရွာစမ်းပါစေဟာ ... မိုးသာ ရွာမယ်ဆိုရင် အကုန်လုံး စိုရုံ မကသေးဘူး အိမ်ကြီးပါ ကျွတ်ပါပါ ”

စကားမို့သာ ဆိုလိုက်ခြင်းဖြစ်၏ ။ တကယ်သာ အိမ်ကြီး ကျွတ်ပါမည် ဆိုလျှင်တော့ ကိုဆေးရိုး ကြောက်မည်မှာ မုချဖြစ်သည် ။ သို့သော် သူ့စကားက မိုးသာရွာပါ ၊ ပစ္စည်းဥစ္စာကို စွန့်လွှတ်လိုက်မှ မိုးရွာ မည်ဆိုလျှင် စွန့်ပါမည် ။ အနစ်နာခံပါမည်ဟု ဆိုရာ ရောက်၏ ။

တောင်သူလယ်သမားများမှာ အဲဒါလောက်တောင် မိုးကို တောင့်တနေကြသည် ။ ရွာစေချင်နေသည် ။ မိုးသည် သူတို့အသက် ၊ မိုးသည်သာ သူတို့၏ ကိုးကွယ်ရာဖြစ်သည် မဟုတ်ပါလား ။

သို့လျှင် မိုးရွာစေချင်လွန်းသောကြောင့် ရှေးထုံးနည်းနာ ကြားဖူးနားဝရှိသမျှနှင့် မိုးရွာအောင် လုပ်ကြ၏ ။ ကြောင်ကို ရေချိုးလို ချိုး ၊ ပေါင်းချောင်ကို တံစက်မြိတ်အောက်တွင် ပက်လက်လှန်ထားကာ မီးထွန်းလို ထွန်း ဖြင့် လုပ်ကြ၏ ။ စင်စစ်မူ ဘာမျှအဓိပ္ပာယ် မရှိ ပေ ။ အဓိပ္ပာယ် မရှိကြောင်းကို ဖ -ဆ - ပ - လ နှင့် ဗ - တ - လ - စ တို့သည် လည်းကောင်း ၊ ပ -မ - ည - တ နှင့် တ - လ - ည - စ တို့သည်လည်းကောင်း မည်သူကမျှ ရှင်းလင်းမပြကြရုံသာမက ရောယောင်ကာ မသိ နားမလည်သူတို့၏ နောက်မြီးမှပင် ခို၍ လိုက်နေကြရခြင်းမှာ ဝမ်းနည်းစရာကောင်းလှသည် ။

ကိုဆေးရိုးမှာ မကျီးဒန်ကို ကန္တကောစ လုပ်ရသည်ကို လန့်၏ ။ ထို့ကြောင့် အကဲခတ်သော သဘောဖြင့် မကျီးဒန်ကို ငဲ့ကြည့်လိုက်ရာ မျက်စောင်းကြီး ထိုးပြီး ပွင့်လာသော ပါးစပ်ကို မြင်ရသဖြင့် တဲပြင်ဘက်သို့ ပြေးထွက်ခဲ့သည် ။ ဒါတောင်မှ မကျီးဒန်၏ အသံကိုကား ကြားလိုက်ရလေသေး၏ ။

“ အိမ်ကြီးကျွတ်ပါတော့ ဘယ်သင်္ချိုင်း သွားနေမလဲ ”

တဖြည်းဖြည်းနှင့် သရက်ချင်ရွာ၏ မြောက်ဘက် ဘေးရှိ လမ်းကလေးမှ အနောက်ဘက်သို့ သူ၏ဆရာ ဒါယကာရင်း ဖြစ်သော သရက်ချင် အနောက်ကျောင်း ဆရာတော်၏ ကျောင်းသို့ သွားရာလမ်းအတိုင်း လျှောက်လာရာ အသက်အလွန်ပြင်းသော နဘူးချုံများပင် ညှိုးခွေခြောက်သွေ့နေသည်ကို စိတ်မကောင်း စွာ တွေ့ရ၏ ။

ကျောင်းဘက်သို့ နီးလာသောအခါတွင် လူက ရေလောင်းပေးထားသဖြင့် စိုပြည်နေသော ကျောင်း ဥယျာဉ်၏ အာဝါသကို တွေ့ မြင်နေရသဖြင့် အေးမြ ကြည်နူးသွားလေသည် ။

ကျောင်းပေါ်မှ ဝမ်းလျားထိုးပြီး ဆင်းလာသည့် အုတ်နဂါးနှစ်ကောင် ညှပ်ထားသော လှေကားအို အတိုင်း ကျောင်းပေါ်သို့ တက်လာမိသည်နှင့်တစ်ပြိုင်နက် ရွာခေါင်း ဖိုးပေတူး၏ အသံကို ကျယ်လောင် ကျယ်လောင်နှင့်ကြားရ၏ ။

“ လွန်ဆိုတာကို ဘာ့ကြောင့် ဆွဲသလဲ ဒကာကြီး ”

“ မိုးခေါင်ကျော်စွာနတ်ကို ပင့်တာပါပဲဘုရား ၊ ဒီ နတ်က မိုးရွာအောင် လုပ်ပေးနိုင်တဲ့အတွက် လွန်ဆွဲပြီး ပင့်တာပါပဲ ”

ဟုတ်သည် ၊ မဟုတ်သည်ကို အပထားကာ ပွာလောင်ပွာလောင်နှင့် ပြောနိုင်သောကြောင့် ရွာမိရွာ့ဘ ဖြစ်နေရသော ဖိုးပေတူးက မှင်နှင့်မောင်းနှင့် ပြောချလိုက်သည် ။ ကိုဆေးရိုးကား ကျောင်းပေါ်သို့ ခပ်ဖွဖွကလေး တက်လာကာ ဝတ်ဖြည့်ပြီး ထိုင်နေလိုက်သည် ။

“ လွန်ဆွဲတယ်ဆိုတာ ဒီလို ဒကာကြီး ၊ ရှင်မထီးတို့ လက်ထက်မှာ ကျော်စွာဆိုတဲ့ သူဌေးကျ တစ်ယောက်ကို ပုဂံမင်းက သ,တ်ပစ်လို့ နတ်အဖြစ်နဲ့ ပုပ္ပါးတောင်ကို ရောက်သွားသတဲ့ ”

ဆရာတော်က ကွမ်းထွေးကို ပစ်ခနဲထွေးကာ

“ ဒါ … ဘုရားဟော မဟုတ်ဘူးနော် ၊ ရှေးစကားကို ပြောနေတာ ” ဟု စကားပလ္လင် ခံနေပြန်၏ ။

“ တင်ပါ့ဘုရား ”

“ အဲဒါနဲ့ ကျော်စွာနတ်က သူ့ကို မတရားသ,တ်တဲ့ ဘုရင်ကို စိတ်နာတာနဲ့ ပုဂံမှာ ရွာမယ့်မိုးကို သူ နေရာ ပုပ္ပါးတောင်က နေပြီး ဆီးဆီးတားတော့ ပုဂံမှာ မိုး ခေါင်ပါရော ။ ဘုရင်က ပုဏ္ဏားတွေကို ခေါ်မေးတော့ ကျော်စွာနတ် စိတ်ဆိုးပြေအောင် မင်း ၊ မိဖုရား ၊ မှူးမတ်တွေဟာ ဒဏ်ခံတဲ့သဘောနဲ့ မောအောင် လွန်ဆွဲ ခိုင်းသတဲ့ ။ ကျော်စွာနတ်က လွန်ပေါ်မှာ တက်စီးပြီး စိတ်ပြေမှ မိုးရွာအောင် လုပ်ပေးလိုက်တော့ ပုဂံမှာ မိုးရွာလာပါရောတဲ့ ”

“ တင်ပါ့ဘုရား ”

“ ဒါပေမဲ့ ”

ဆရာတော်က ကွမ်းဖတ်တွေကို ထွေးနေပြန်သည် ။

“ ဒါပေမဲ့ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာမှာက မိုးရွာတယ် ဆိုတာဟာ မိုးနတ်သားက တိမ်ပုဆိုးခြုံပြီး မိုးသီချင်းကို ဆိုပြေးရင် မိုးရွာတယ်လို့ ဆိုကြတယ် ။ ဒီတော့ ကျော်စွာ ဆိုတဲ့ နတ်ဟာ တကယ်ရှိရင် အဲဒီ ခြောက်ပြားတန်နတ်က အဓိပတိ မိုးနတ်သားကို အံတုဝံ့ပါ့မလား ”

“ စဉ်းစားစရာပါပဲ ဘုရား ”

“ ပြီးတော့ ရှိသေးတယ် ၊ ကျော်စွာနတ်က ဟိုခေတ်တုန်းကသာ ပုဂံမင်းကို စိတ်နာလို့ မိုးမရွာအောင် လုပ်တယ် ဆိုပါတော့ ၊ ဒီခေတ်မှာကော ဘယ်သူ့ကို စိတ်ဆိုးလို့ မိုးမရွာအောင် လုပ်ရပြန်သတဲ့တုန်း ။ ဒါဟာ ဘုန်းကြီးစကား မဟုတ်ဘူးနော် ၊ ကျော်စွာနတ်ကို လူရာသွင်းသူ တစ်ယောက်ဆီက ထွက်လာနိုင်တဲ့စကား ”

“ ဒါကတော့ ဒီလိုရှိပါတယ် ဘုရား ”

ဖိုးပေတူးက နေရာပြင်ထိုင်လိုက်ပြီး

“ အခုခေတ်မှာတော့ လူတွေဟာ တရားပျက်ကြပါတယ်ဘုရား ။ ငါးပါးသီလ မြဲတဲ့သူက ခပ်ရှားရှား ဆိုတော့ မိုးခေါင်ကျော်စွာနတ်က သတိ ပေးတာလည်း ဖြစ်နိုင်ပါတယ် ဘုရား ” ဟု ကွန့်လိုက်လေသည် ။

“ ဒီ့ပြင်ကော မိုးခေါင်ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရှိသေးသလား ”

ဆရာတော်ဘုရားက ပြုံးပြုံးကြီးမေး၏ ။

“ တင်ပါ့ဘုရား ၊ ဒီနှစ်ဟာ ၁၃၁၉ ခုနှစ် ဆိုတော့ ကိုးကွယ်ရာ မရအောင် ကျပ်မယ့် နှစ်ဆိုးကြီး ဖြစ်တာလည်း တစ်ကြောင်းပါဘုရား ”

“ ဒကာကြီး ”

“ ဘုရား ”

“ ဒါဖြင့် ကိုးဟာ တယ်ဆိုးတာပဲနော် ”

“ တင်ပါ ၊ ဆိုးပါသဘုရား ”

“ တို့ဘုရားဂုဏ်တော် ကိုးပါးကျတော့ ဘာဖြစ်လို့ မဆိုးသလဲ ဟင် ”

ဖိုးပေတူးမှာ ဘာမျှ ပြန်မပြောတတ်တော့သဖြင့် ဆရာတော်ဘုရားနှင့် ရောပြီး ကျယ်လောင်စွာ ရယ်လေ၏ ။ ကိုဆေးရိုးမှာ တတ်ယောင်ကား လုပ်နေသော ဖိုးပေတူးကို သရော်ချင်သဖြင့် အော်ပြီးရယ်သည် ။ ဒီလို တတ်ယောင်ကားတွေကို ဒီလို လုပ်ပေးမည့်သူ ရှိမှ ငြိမ်မည် ဟူ၍လည်း တွေးမိကာ သဘောအကျကြီး ကျနေလေ၏ ။

“ ကဲ ... ဆက်ပါဦး ဒကာကြီးရဲ့ ၊ ဒီလိုပဲ ဆွေးနွေးမှ အကျိုးရှိတော့မပေါ့ ”

“ တင်ပါ့ဘုရား ”

“ လူတွေ တရားပျက်လို့ မိုးခေါင်ကျော်စွာနတ်က သတိပေးဟန် တူပါတယ်ဘုရား ”

“ တို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ ”

ဆရာတော်ဘုရားက လက်မှ ကွမ်းသီးကို ကွမ်းညှပ်နှင့် တတောက်တောက် စိပ်ရင်းက ရှေ့သို့ ကိုင်းပြီး မေး၏ ။

“ လူတေရဲ့ ထက်ဝက်လောက်က ငါးပါးသီလ မြဲကြမယ်ဆိုရင် မိုးဟာ ရွာလာလိမ့်မယ် ထင်ပါတယ် ဘုရား ။ တပည့်တော်တို့တောင်မှ အဓိဋ္ဌာန်နဲ့ ဆယ်ပါး သီလကလေး ဘာလေး စောင့်မယ် စိတ်ကူးပါတယ် ဘုရား ။ ဒါပေမဲ့ လူတွေက ဒါလောက်တောင် ခိုးဆိုး တိုက်ခိုက် သ,တ်ဖြတ်နေကြတော့ တပည့်တော်ဖြင့် စိတ်တောင် ပျက်မိပါသ ဘုရား ”

ဆရာတော်ဘုရားက ဖိုးပေတူး၏ စကားဆုံး ခါနီးကတည်းက ပြုံးပြုံးပြုံးပြုံးနှင့် ဖြစ်နေရာက စကား ဆုံးသည်နှင့် တစ်ပြိုင်နက် အော်ဟစ်ကာ ရယ်လေ၏ ။

“ ဒကာကြီး ”

“ ဘုရား ”

“ အခုခေတ် ကလေးတွေ ပြောတဲ့ စကားတစ်လုံးရှိတယ် ”

“ သိပါရစေဘုရား ”

“ ဘဝင်မမြင့်နဲ့ ရူးတတ်တယ်တဲ့ ”

ဒီတစ်ခါတော့ ဖိုးပေတူး မရယ်နိုင်တော့ပေ ။ “ ဘယ်လို ဘုန်းကြီးစားပါလိမ့် ” ဟူ၍သာ တွေးမိတော့သည် ။

“ ဒကာကြီး ”

ခေါ်ပြန်ချေပြီ ။

“ ဘုရား ”

“ ဒကာကြီးတို့ ရမ်းဘိုကုန်းရွာထဲမှာ ငါးပါးသီလ မြဲလိမ့်မယ်လို့ ထင်ရတဲ့လူ ဘယ်နှယောက် ရှိလဲ ”

သူ့ကို နှိပ်နင်းသော စကားတစ်လုံးတော့ လာပြန်ပြီ ဟု ထင်မှတ်နေရာက အားရဝမ်းသာစွာဖြင့်

“ တစ်ယောက်မှ ရှိမယ် မထင်ပါဘူး ဘုရား ”

ဟု ပေါ့ပါးစွာဖြေ၏ ။

“ နို့ ဒကာကြီးကော မြဲလို့လား ”

ဖိုးပေတူးမှာ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေပြီးမှ

“ မမြဲပါဘုရား ”

ဟု အမ်းတမ်းတမ်း မျက်နှာထားဖြင့် ဖြေသည် ။

“ ဒကာကြီး ”

“ ဘုရား ”

“ ဒကာကြီးရဲ့အိမ်ကို ဘာလို့ ခေါင်ချုပ်သလဲ ၊ ဒီပြင် နေရာတွေမှာ မိုးထားရက်သားနဲ့ ”

“ ဟာ .. ကိုယ်တော်ကလည်း ဘယ်က ဘယ်လောက်ပဲ မိုးမိုး ၊ ခေါင်မလုံရင် အကုန်စိုကုန်မှာပေါ့ ”

ဆရာတော်၏ ပြုံးနေသော မျက်နှာက ချက်ချင်း တည်သွား၏ ။

“ အဲဒီ စကားကို မြဲမြဲမှတ်ထားပါ ဒကာကြီး ၊ ဒကာကြီးတို့လို ရွာမိရွာဘ အမည်ခံထားတဲ့ ရွာရဲ့ ဦးစီးဦးကိုင်ကြီး ကိုယ်ကိုယ်တိုင်ကမှ ငါးပါးသီလ မမြဲဘဲနဲ့ သူတစ်ပါးကို တရားပျက်သလေး ၊ ဆိုးသွမ်း ယုတ်မာနေကြသလေး ၊ ငါးပါးသီလ မမြဲဘူးလေးနဲ့ မပြောချင်ပါနဲ့ ။ ကိုယ်ကိုယ်တိုင်က ငါးပါးသီလမြဲပြမှ သည့်ပြင် လူတွေက ၊ ဒကာကြီးရဲ့ အရိပ်အခြည်ကို ကြည့်နေတဲ့ လူတွေက လိုက်ပြီး မြဲကြတော့မပေါ့ ”

“ ဆွေးနွေးလို့တော့ ကောင်းပါရဲ့ဘုရား ၊ နေလေး လည်း အတော်မြင့်လာပြီ ၊ ပြန်ပါဦးမယ် ဘုရား ”

ဖိုးပေတူး ကသီကရီ ဝတ်ချစဉ် ဆရာတော်က ထပ်မှာလိုက်ပြန်၏ ။

“ ခေါင်က မိုးလုံပါစေ ”

ကိုဆေးရိုးက မျက်နှာအိုအိုနှင့် ဆင်းသွားသော ဖိုးပေတူး၏ နောက်သို့ ရောယောင် ထလိုက်သွားသည် ။ ဆရာတော်ဘုရားက

“ ဟေ့ … ဆေးရိုး ၊ ဘာကိစ္စနဲ့ လာလို့ ဘာဖြစ်ပြီး ပြန်သွားတာလဲဟ ကောင်ရ ”

ဟု လှမ်းအော်လိုက်မှ သူ့အဖြစ်ကို သူ သတိရကာ ကျိတ်၍ ရယ်ရင်း ပြန်ထိုင် ဝတ်ဖြည့်လိုက်ရလေ သတည်း ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment