Wednesday, July 1, 2026

ဘယ်သူ့ လက်ချက်လဲ အဖြေ


❝ ဘယ်သူ့ လက်ချက်လဲ အဖြေ ❞
( စုံထောက်ကျော်စွာ ဝတ္ထု )

အခန်း ( ၁ )

ပုလိပ်မင်းကြီး ပြန်သွားလျှင် ဦးကျော်စွာက မခင်ရီ ၊ ဒေါ်ဖွား ၊ မိုးကြိုး ၊ ခင်ဆုံ ၊ လောဟူ တို့ကို မျက်နှာ ချိုချို ပြုံးပြုံး ထားလျက် အတော်ကြာ ငေးစိုက် ကြည့်နေပြီးလျှင် ပိုက်လုံးကို လည်းကောင်း ၊ အခန်းဝ၌ ခေါင်မိုးမျက်နှာကျက်က တွဲလွဲကျနေသော ကြိမ်ချောင်းကို လည်းကောင်း ၊ အမှတ်တမဲ့ ကြည့်လျက် ၊ ခွေးကြီး ရှိရာသို့ အသာအယာ သွားပြီးလျှင် ခွေး၏ ခေါင်းနှင့် ကျော ကို အသာအယာ ပွတ်သပ် ချော့မော့နေလေ၏ ။ ထိုအခါမှ ခွေးသည် အမြီး လှုပ်လျက် ဦးကျော်စွာ၏ လက်ကို လျှာနှင့် လျက်လေ၏ ။ ထို့နောက် ဦးကျော်စွာသည် မောင်ဘိုးတော၏ ရင်ဘက်ကို လည်းကောင်း ၊ လက်ဖြင့် စမ်းသပ် ကြည့်ပြီးမှ အခန်းဝသို့ ထွက်ရပ်ပြီးလျှင် အခန်း ထဲသို့ တစ်ဖန် စူးစိုက်ကြည့်၍ နေပြန်လေ၏ ။

မောင်သာမောင် ၊ မောင်ဝါလွန်း ၊ မောင်ချက် ၊ မောင်ဘိုးသာ တို့သည် ဦးကျော်စွာ၏ ပြုမူပုံကို အံ့သြလျက် နေကြလေ၏ ။ ထိုအခါ ဆေးရုံက လူနာတင်ရထား ရောက်လာလေသော် ဦးကျော်စွာက အသာအယာ ခွေးကြီးကို ချော့မော့ ကိုင်ထားပြီး ကာလ ၊ မောင်ဘိုးတောကို ဆေးရုံသို့ ယူသွား စေလေ၏ ။ ခွေးကြီးသည် သခင်၏ အလောင်းနှင့် အတူ လိုက်သွားလိုသော်လည်း ဦးကျော်စွာက ချော့မော့ ဖမ်းဆီးထားသဖြင့် မလိုက်ဘဲ နေရလေ၏ ။ မောင်ဘိုးတော၏ အလောင်း ယူသွားပြီးသည့်နောက် ဦးကျော်စွာက မခင်ရီ နှင့်တကွ အိမ်ရှိ လူကုန်တို့ကို အခန်းထဲသို့ ဝင်စေပြီးသော် ....

စွာ ။  ။ ကိုင်း .. မခင်ရီ ... မောင်ဘိုးတောကို ဘယ်လို ရိုက်သလဲ ပြစမ်းပါ ။

ရီ ။  ။ ကျွန်မမှ မရိုက်ရပဲ ။

ဟူ ။  ။ ဒီလို မလုပ်စမ်းပါနဲ့လေ ၊ အင်စပိတ်တော်မင်းကို မခင်ရီ ကျုပ်တို့ ရှေ့ ဖြောင့်ချက် ပေးပြီးသားပဲ ။ မကြောက်ပါနဲ့ ၊ အရင် ပြောသလို ပြောစမ်းပါ ။

မခင်ရီအား ပြောင်လက်သော မျက် စိဖြင့် အံကြိတ်လျက် စိမ်းစိမ်း ကြည့်ရှုလေ၏ ။

မခင်ရီသည် မျက်နှာ ဖြူဖျော့ သွားပြီးမှ သနားစရာ အမူအရာနှင့် ဦးကျော်စွာသို့ ငေးကြည့်ပြီးလျှင် ခေါင်းငိုက်စိုက် ထားလျက် ...

ရီ ။  ။ ဟုတ်ပါတယ် ။ ကျွန်မ ရိုက်သ,တ်လိုက်တာပါ ။

ဦးကျော်စွာသည် လောဟူ ကို အမှတ်မဲ့ မျက်စောင်း ငဲ့၍ ကြည့်ပြီးလျှင် လောဟူ က ဒီအမှုမှာ ကူညီစုံထောက်ပေးတာ အလွန် ဝမ်းသာသကွယ် ။

ကျွန်တော်က အစိုးရ ဘက်ကို ဘယ်အခါမဆို ကူညီတာပါပဲ ။ ကျွန်တော် ရှိရင်တော့ ဘယ် တရားခံမှ လိမ်မပြောနိုင်ပါဘူး ။

စွာ ။  ။ အင်း ... အင်း ... ကဲ မခင်ရီ ပိုက်လုံးကို ဘယ်လို ကိုင်ပြီး ၊ ဘယ်နေရာက နေပြီး ဘယ်နှယ့် ရိုက်တယ်လို့ ပြစမ်းပါ ။

မခင်ရီသည် တစ်အောင့် လောက် ငေးနေရသော အခါ မောင်လောဟူ က ပြလိုက်ပါလေ မခင်ရီ ဟု ဆိုလိုက်သော် ၁၂ ပေ လောက် ရှိသော တစ်လက်မခွဲ ပိုက်လုံးကို မနိုင့်တနိုင်နှင့် ပိုက်လုံး အလယ်က ချီမပြီးမှ ပြန်ချလိုက်ပြီးလျှင် အဖျားနားက တစ်ခါ ဆွဲကိုင် ပြန်လေ၏ ။ ၎င်းနောက် ပိုက်လုံးကို တုတ်များကဲ့သို့ ထောင်၍ ရိုက်မည် ကဲ့သို့ ပြုသောအခါ ၊ ပိုက်လုံး လေးလွန်းလှသဖြင့် မခင်ရီ ပါ ယိမ်းယိုင် လဲသွားလေ၏ ။

ဦးကျော်စွာက တစ်ဖုံ မခင်ရီကလေးသည် ယခုတော့ကာ ကြောက်သည် တစ်ကြောင်း ၊ ဒေါသ မရှိသည် တစ်ကြောင်း ကြောင့် ပိုက်လုံးကို မချီမ နိုင်ဟန်တူကြောင်းကို မောင်လောဟူ အား ပြောသောအခါ ..

ဟူ ။  ။ ဟုတ်ပါလိမ့်မယ် ။ ဒေါသ ရှိတုန်းတော့ ဒီ ပိုက်လုံးကို ချီမနိုင်မှာပဲ ။

စွာ ။  ။ မခင်ရီ ဒီပိုက်လုံးနှင့် ဘယ်ကနေ ရိုက်သလဲ ။

ရီ ။  ။ တံခါးဝက ရပ်ပြီး ဘိုးတောကို လှမ်း ရိုက်လိုက်ပါတယ် ။

စွာ ။  ။ ကဲ ... ဒါဖြင့် ပိုက်လုံးကို အခန်း အပြင်ဘက်သို့ ယူခဲ့ပြီး မခင်ရီ ရပ်နေတဲ့ နေရာက ရပ်ပြစမ်းပါ ။

မခင်ရီသည် ပိုက်လုံးကို ဆွဲယူ လာပြီးလျှင် တံခါးပေါက် အပြင်ဘက် အလယ်တည့်တည့်တွင် ရပ်နေလေ၏ ။

တံခါးပေါက်သည် ရှစ်ပေ မျှသာ မြင့်ခြင်းကြောင့် ပိုက်လုံးသည် တံခါးပေါက်ထက် လေးပေမျှ ရှည်နေကြောင်း တွေ့ရပြန်လေ၏ ။ ထိုအခါ ...

စွာ ။  ။ ခင်ရီ ဒီပိုက်လုံးကို ဘယ်ကရသလဲ ။

ရီ ။  ။ ( တစ်အောင့်လောက် တွေနေ၍ မောင်လောဟူ မျက်နှာကို အမှတ်တမဲ့ ကြည့်ပြီးသော် ) ဘိုးတော ကို ရိုက်မယ် ကြံတော့ကာ ဧည့်ခန်းထဲက သွားယူခဲ့ပါတယ် ။

စွာ ။  ။ ပိုက်လုံး ယူခဲ့တဲ့ နေရာကို လိုက်ပြစမ်းပါ ။

ဤသို့ ပြောလိုက်သောအခါ မခင်ရီသည် ငေးတေးတေး ဖြစ်သွား သကာလ မောင်လောဟူ က လိုက်ပြလိုက်ပါလေ ။ ကိုယ် ယူလာတဲ့ နေရာကို ကိုယ် မေ့နေပြီလားဟု ဆိုလိုက်လျှင် ၊ မခင်ရီ သည် ဧည့်ခန်းသို့ သွား၍ ထရံ ဘေးနား ထောင့်တစ်ခုကို ပြလေသော် .....

ဖွား ။  ။ ဟာ ... ဒီ ပိုက်ဟာ ဒီနေရာမှာမှ မဟုတ်ဘဲ ။

ရီ ။  ။ ဪ ... မေ့လို့ .. မေ့လို့ ... ဟော .. ခုံတန်းလျား နောက်က ပြတင်းပေါက် နှစ်ခု ကြား က ယူတယ် ။

ကြိုး ။   ။ ဒါလည်း မဟုတ်ဘူး ၊ မနက်က ကျွန်တော် အားစမ်းဖို့ သံလုံးတွေနဲ့ ကစားတော့ကာ ၊ ဒီ ခုံတန်းလျားကြီးကို ရွှေ့လို့ ဒီ ပြတင်းပေါက် နှစ်ခုမှာ သံကြိုး နဲ့ ချိတ်ထားရသေးတာပဲ ။ ဒီ ပိုက်လုံး ရှိရင် မြင်မှာပေါ့ ။ ခုတော့ ဒီပိုက်လုံးသံချောင်း မရှိလို့ ( မြောလုံး ) ကို လုပ်ရသေးတယ် ။ မဆုံ ကတောင် ဒီ ဧည့်ခန်းထဲမှာ ခါတိုင်း ရှိနေတဲ့ ပိုက်လုံးကို မောင်ဘိုးတော သူ့ အခန်းထဲမှာ အဝတ်တင်တဲ့ တန်း လုပ်ထားသေးတယ် လို့ ပြောသေးတာပဲ ။

ဖွား ။  ။ ဪ ... ဟုတ်တယ် ။ ဟုတ်တယ် အခုမှ သတိရတယ် လွန်ခဲ့တဲ့ ဆယ်ရက် လောက်က မောင်ဘိုးတော ဟာ ဒီ ပိုက်လုံးကို ယူပြီး သူ့ ခုတင် ခြေရင်းက တံခါးဝနားမှာ အဝတ် တင်ဖို့ တန်းလုပ်ထားတယ် ။ တစ်ဖက်က ကြေးနန်းကြိုးကွင်းမှာ စွပ်ပြီး ၊ တစ်ဖက်က ကြိုးချည်စရာ မရှိလို့ ကျွန်မကတောင် ကြိမ်ခြမ်း တစ်ခြမ်း ပေးလိုက်ရသေးတယ် ။ သူ့ အခန်းထဲမှာ မျက်နှာကျက်က တွဲလွဲကျနေတာဟာ ဒီ ပိုက်လုံးချည်တဲ့ ကြိမ်ပဲရှင့် ။

ဦးကျော်စွာသည် မည်သို့မျှ မပြောဘဲ မခင်ရီ မျက်နှာကို ကြည့်၍ ပြုံးလျက် ။

စွာ ။  ။ ခင်ရီကလေး မင်းမှာကွယ် ကိုယ် ဘယ်နေရာက ပိုက်ကို ယူခဲ့တယ်လို့တောင် မမှတ်မိပဲကိုးကွဲ့  ။ ကဲ ... ကဲ ... ရှိစေတော့ ... ရှိစေတော့ .. မင်း ဘယ်အခန်းမှာ အိပ်သလဲ ။

ရီ ။  ။ ကိုဘိုးတော အခန်း ရဲ့ လက်ယာဘက်ခန်းမှာ အိပ်တယ် ။

ဆုံ ။  ။ ဟော .. ဒါလည်း မှားပြန်ပြီ ။ ခု ပြောတဲ့ အခန်းဟာ ကျွန်မတို့ အခန်းရှင့် ။

ရီ ။  ။ အေးလေ .. ယောင်လို့... ကျွန်မနဲ့ ဒေါ်ဖွားနဲ့ တစ်ခန်းတည်း အိပ်တာပဲ ။

ဖွား ။   ။ ခင်ရီ ဘာဖြစ်နေသလဲ ၊ မင်း မှန်မှန် ပြောလိုက်ပါ ၊ ညည်း ငါ့အခန်းမှာ ဘယ်တော့မှ မအိပ်ဘဲ ။

ရီ ။   ။ အေးလေ ... ဟုတ်သားပဲ ။ ဧည့်ခံခန်းနဲ့ ယှဉ်ရက်နေတဲ့ အခန်းမှာ အိပ်တယ် ။

ဖွား ။  ။ ဟော .. မှားပြန်ပြီ ။ ဟို အခန်းထဲမှာ မင်း အိပ်ဖို့ နေစရာ တောင် မရှိဘူး ။ ဗီရိုတွေနဲ့ အိမ်ထောင်မှုကိရိယာတွေ နဲ့ ပြည့်နေတာပဲ ။ လူ တစ်ယောက်တောင် ကောင်းကောင်း မဝင်သာဘူး ။ သူ အိပ်တဲ့ အခန်းက ကျွန်မ အခန်းရဲ့ နောက်ဘက်က အခန်းကလေးထဲမှာ အိပ်ပါတယ် ။ မိန်းကလေးကြောင့် လူနဲ့ ဝေးဝေး သွားရင်တောင် ကျွန်မ အခန်းထဲက ဖြတ် သွားရတဲ့ အခန်းကို ပေးထားပါတယ် ။

စွာ ။  ။ ( ပြုံးလျက် ) မခင်ရီက စကားကို ကယောင်ချောက်ချား ပြောတာကိုးကွဲ့ ။ သတိထား ပြောမှပေါ့ ။ ကိုင်း .. ကိုင်း ..ရှိပေစေတော့ ။ ဒေါ်ဖွားက စပြီး အိမ်မှာ ရှိတဲ့ လူကုန် ဘယ်ကိုမှ မသွားကြနဲ့ ။ ဒီ အမှုဟာ ဂါတ်မှာ ခေါ်စစ်လို့လည်း မကောင်းဘူး ။ ဒီအိမ်မှာ စစ်မယ် ။ အမှု အသွားအလာကို ထောက်တော့ကာ မခင်ရီ အပေါ်မှာ တာဝန် လေးနေတယ် ။ အခု မောင်ဘိုးချက် က စောင့်နေ ။ ဒီလူတွေကို ဘယ်မှ မသွားစေနဲ့ ၊ မနက်ဖြန် ည လောက်ကျ တော့ကာ မောင်ဘိုးတောရဲ့ အလောင်းကို ယူခဲ့မယ် ။ မသာ အခမ်းအနားလဲ ဒီ အိမ်မှာပဲ ပြင်ပြီးတော့ကာ ဒီ အိမ်ကပဲ သင်္ဂြိုဟ်မယ် ။ ဪ .. ဟုတ်တယ် ... ဟုတ်တယ် ။ မနက်ဖြန် တောင် ထားဖို့ မတော်ဘူး ။ ခုပဲ အလောင်း သွားယူမှ နေရာကျမယ် မနက်ဖြန်တော့ကာ စောစောပဲ ဒီ အလောင်းကို သင်္ဂြိုဟ်ပစ် ရတာပေါ့ ။ မောင်ဝါလွန်း လည်း စောင့်နေရစ်ကွယ် ... ဘိုးတောရဲ့ အခန်းကို ဘယ်သူမှ ဝင်ခွင့် မပြုနဲ့ ၊ လက်ရာခြေရာ မပျက်စေနဲ့ ။

ဤသို့ဆို၍ ဦးကျော်စွာနှင့် မောင်ဘိုးသာတို့ ဆင်းသွားလေ၏ ။

မောင်သာမောင် က လိုက်ချင်သော်လည်း မလိုက်စေပဲ ဒေါ်ဖွား အိမ်တွင် ထားခဲ့လေ၏ ။

••••• ••••• •••••

အခန်း ( ၂ )

ဦးကျော်စွာ နှင့် မောင်ဘိုးသာ တို့သည် ဆေးရုံသို့ သွားလျက် ဘိုးတောကို ထားသော အခန်းသို့ ဝင်လေသော် မောင်ဘိုးတောသည် သတိပင် မရသေး သော်လည်း ၊ အသက် ကောင်းမွန်စွာ ရှူနိုင်သည်ကို တွေ့ ရလေ၏ ။ မောင်ဘိုးတော၏ ခေါင်းကို အဝတ်စီး ပတ်ထားလျက် ရှိသည်နှင့် မောင်ဘိုးသာအား မောင်ဘိုးတော၏ မျက်နှာ ၊ နှာခေါင်း ၊ မျက်ခုံး ၊ ဆံစ ၊ အစရှိသည် တို့ကို သေချာစွာ မှတ်သားစေပြီးမှ ဆရာဝန်အား မောင်ဘိုးတော၏ အခန်း ကို မည်သူမျှ မလာရအောင် ပိတ်ပင် ထားစေရန် မှာကြား ထွက်သွားလေ၏ ။

နှစ်နာရီလောက် ကြာသောအခါ မောင်ဘိုးတော အလောင်း ကို ခေါင်းထဲတွင် ထည့်လျက် ပုလိပ်သား နှစ်ယောက်နှင့် ဦးကျော်စွာတို့ ဒေါ်ဖွားတို့ အိမ်သို့ ပြန်ရောက်လာလေ၏ ။ ဘိုးတော၏ ခွေး ဂုတ်ကြား သည်ကား ဦးကျော်စွာ ၊ ဒေါ်ဖွား အိမ်မှ မသွားခင်ကပင် နောက်ဖေးခန်း၌ ကြိုးနှင့် ချည်ထားသဖြင့် မောင်ဘိုးတော၏ ခေါင်း ရောက်လာသောအခါ ခွေး သည် မောင်ဘိုးတော၏ ( ခေါင်း ) နားသို့ မလာနိုင် ၊ မောင်ဘိုးတော၏ အခန်းထဲတွင်လည်း မရှိချေ ။

မောင်ဘိုးတော၏ အလောင်းမှာ မျက်နှာ လောက်သာလျှင် ဖွင့်ထား၍ တစ်ကိုယ်လုံးသည် ( ခေါင်း ) ၏ အဖုံးဖုံး အုပ်လျက် ရှိနေလေ၏ ။ မောင်ဘိုးတော၏ အခန်း၌ ခေါင်းကို ထားပြီးလျှင် ( ခေါင်း ) ၏ ခေါင်းရင်းတွင် ဖယောင်းတိုင်ကလေး တစ်တိုင်သာ ထွန်းထားလေ၏ ။ အားလုံး လူများကို ဧည့်ခန်းတွင် စုရုံး ထိုင်စေလျက် ၊ ထို မောင်ဘိုးတော၏ ( ခေါင်း ) ကို တစ်ယောက်စီ စောင့် စေရန် ဦးကျော်စွာက စီမံပြီးသော် မည်သူ အရင် စောင့်မည်နည်းဟု မေးရာ မည်သူမျှ စောင့်ဝံ့သူ မရှိသောကြောင့် ...

စွာ ။  ။ ဒါဖြင့်ရင် ဒီ အိမ်သားတွေဟာ ဘိုးတောကို အားလုံး တိုင်ပင်ပြီး ရိုက်သ,တ်ကြတာပဲ ။ အားလုံးကို ဖမ်းမယ် ။ လူသေဟာ သူ့ကို ရန်မမူတဲ့ သူကို ဘယ်လိုမှ မလုပ်ဘူး ။ သူ့ကို သေအောင် ရိုက်သ,တ်တဲ့ အကြံအစည်ထဲမှာ ပါတဲ့လူကိုတော့ဖြင့် ဧကန် ထပြီး ခြောက်လှန့်လိမ့်မယ် ။ ကဲ ... ဘိုးတော သေအောင် ရိုက်သတ်တဲ့ အကြံအစည် ထဲမှာ မပါဝင်တဲ့ လူ ထကြ ။

ဤသို့ ဆိုလိုက်ရာ မောင်လောဟူ က ရှေးဦးစွာ ထ၍ ( ကျွန်တော်ပဲ အရင်ဆုံး လူသေအလောင်းကို သွား စောင့်ပါမယ် ။ ဘယ်လောက်ကြာကြာ စောင့်ရမလဲ ) ဟု ဆိုလိုက်သော် ဦးကျော်စွာက ( ယောက်ျားများက တစ်နာရီ စောင့်ကြရမယ် ။ မိန်းမများက နာရီဝက်စီ စောင့်ရမယ် ။ အချင်း ဖြစ်တဲ့အခါ မောင်သာမောင်လည်း ဒီအိမ်မှာ ရှိတဲ့ အတွက် သူ လည်း တစ်နာရီ စောင့်ရမယ် ) ဟု ဆိုလေလျှင် ၊ မောင်သာမောင် မှာ မျက်လုံးမျက်ဆံပြူးနှင့် ထွက်ပြေးတော့မည် ကဲ့သို့ ပြုလေလျှင် ၊ မောင်ဝါလွန်း က မောင်သာမောင် ကို သုတ်သုတ်လျင်လျင် ပြေးဖက်တားပြီး ကာလ ....

လွန်း ။  ။ ဟေ့ ... ဒါမျိုး မရဘူးလေ ။ ငါလည်း မင်းကို အရင်တုန်းကပဲ များများ မသင်္ကာဘူး ၊ တို့ ( ကား ) ရောက်လာခင် မင်းဟာ ဒီ အိမ်နားမှာ ဘာလုပ်နေရတာတုန်း ။

မောင် ။  ။ အမယ်လေး .. ကြားထဲက ဝင်ပြီး လူသ,တ်မှု မဖြစ်ပါရစေနဲ့ ဆရာ ။ ကျွန်တော့် မိန်းမဟာလည်း ပြန်ပေါင်းရတာ တစ်လကျော်လောက် ရှိပါသေးတယ် ။ နေ့စေ့ ရက်စေ့ကြီးနဲ့ပါ ။

စွာ ။  ။ လူသ,တ်မှုမှာ ပတ်သက်နေတာနဲ့ မင်း မယား နေ့စေ့ရက်စေ့နဲ့ ဘာမှ မဆိုင်ဘူး ။

မောင် ။  ။ ကျွန်တော်တော့ ဘိုးတော သေတာနဲ့ ဘာမှ မဆိုင်လို့ အဖမ်းခံရဖို့ မကြောက်ပါဘူး ။ ကျွန်တော့် မိန်းမ ဝမ်းထဲ ဘိုးတော ဝင်စားမှာ ကြောက်လို့ပါ ။

ဤသို့ သာမောင်က ဆိုလိုက်လျှင် ဦးကျော်စွာသည် ပြုံးလိုက်သလို ရုတ်တရက် မျက်နှာ ဖြစ်လာပြီး ကာလ မျက်နှာကို အတည်ထားလျက် ...

စွာ ။  ။ မောင်ဝါလွန်းက စေ့စေ့စပ်စပ် မမေးသေးပဲ ။ မင်း မိန်းမနဲ့ ဘိုးတော ဟာ ဘယ်လို ပတ်သက်ကြမှန်းမှ မသိဘဲ ။ မင်း ကိုယ်တိုင်က မခင်ရီ ကို ဖမ်းထားတဲ့ အတွက် နေမထိ ၊ ထိုင်မထိ ဖြစ်ပြီး ငါ့ ကို လာခေါ်တယ် ။ မခင်ရီ ဧကန် မသ,တ်ရပါဘူး ။ မင်း ကိုယ်တိုင်လည်း သိပါတယ် ။ မခင်ရီ ကို ကယ်ပါ ။ ဘိုးတောဟာ လူကောင်း တစ်ယောက် မဟုတ်ဘူး ။ သေတာပဲ ကောင်းတယ် ။ ဘယ်သို့လေး ၊ ဘယ်ညာလေးနဲ့ ငါ့ကို လာပြောတယ် ။ မခင်ရီ အပေါ် မှာ တာဝန်လေးနေတယ် ။ ဒါနဲ့တောင် မခင်ရီ မသတ်ဘူး ။ မင်း သိတယ် ဆိုတာဟာ မင်းရင် လည်း သ,တ်ရမယ် ၊ နို့မဟုတ် သ,တ်တဲ့ လူကိုရင်လည်း မင်း သိရမယ် ။ ယခု လူသေအလောင်းကို အစောင့်ခိုင်းမယ် ကြံတော့ လည်း ဒီ့ပြင် လူတွေက ဘာမှမဖြစ်ပဲ မင်းက ထွက်ပြေးမယ် ကြံတယ် ။ မှန်မှန်ပြော ဘယ်သူ သ,တ်သလဲ ။

မောင် ။  ။ တက္ကစီကား ကြိတ်မိလို့ သေရပါစေရဲ့ ကျွန်တော် ဘာမှ မသိရပါ ။ ကျွန်တော် ပြေးမယ် ကြံတာက မယားကို စိတ်မချလို့ပါ ။

စွာ ။  ။ ဟော .. ပြောရင်း ၊ ပြောရင်း ပေါ်ပေါ်လာပြီ ။ မင်း မယားကို စိတ်မချရတာဟာ ဘိုးတောရဲ့ လိပ်ပြာ မင်း အိမ်ကို ရောက်သွားပြီး မင်း မယားကို ကိုယ်ယောင် ပြလိမ့်မယ် ။ ( ပူး ) ပြောမယ် ထင်လို့လား ။ မှန်မှန် ပြောစမ်း ၊ သ,တ်ရင်လည်း သ,တ်တာပေါ့ ဘာ ကြောက်ရမှာလဲ မှန်မှန်ပြော ။

မောင်သာမောင်သည် တစ်ကိုယ်လုံး တုန်လျက် ဦးကျော်စွာကို စူးစိုက်ကာ ကြည့်ပြီးလျှင် တစ်ဖန် တုန်တုန်ရီရီနှင့် ...

မောင် ။  ။ ကျွန်တော့် မိန်းမ ဟာ ဘိုးတောနဲ့ လိုက်ပြေးပြီး ။ တစ်လခွဲလောက် ကြာမှ ကျွန်တော့်ဆီကို ပြန် ရောက်လာပါတယ် ။ ဒါကြောင့် ဘိုးတောကို ကျွန်တော် လိုက်ရှာနေတာ ဒီနေ့ ညမှ တွေ့လို့ လူတွေ အိပ်အောင် စောင့်ပြီး လူတွေ အိပ်တော့ကာ နောက်ဖေးပေါက်က တက်လို့ ကျွန်တော့် ကားထဲက ( စပင်နာ ) သံချောင်းနဲ့ နောက်ကနေပြီး တစ်ချက်တည်း ရိုက် လိုက်တာ ဘိုးတောလည်း လဲသွားရော ကျွန်တော် လည်း ပြန် ဆင်းလာတာပါပဲ ။ ကျွန်တော် ရိုက်သ,တ်တာ အမှန်ပါ ။

ဤသို့ သာမောင် က ဖြောင့်ချက် ပေးလေလျှင် မောင်လောဟူ နှင့် တကွ အားလုံးသော သူတို့သည် အံ့သြသော အမူအရာနှင့် သာမောင် ကိုသာ ငေးစိုက်ကြည့်နေကြလေ၏ ။ မောင်ဝါလွန်း မှာကား အလွန် ဝမ်းသာလာသော မျက်နှာထားနှင့် ...

လွန်း ။   ။ ကိုင်း ... ဒီတစ်ခါတော့ ငါ ထင်တဲ့ အတိုင်းပဲ လက်သည် ပေါ်ပြီဟေ့ ။ သာမောင် မင်း ငြင်းလို့ မရဘူး ။ ကြိုးဒဏ် ခံပေတော့ ။ ဟေ့ ... ဘိုးချက် လက်ထိတ် ယူခဲ့ ဒီအကောင်ကို လက်ထိတ် ခပ်ရမယ် ။

စွာ ။  ။ လက်ထိတ်ခတ်ဖို့ အရင် မလိုပါနဲ့ကွယ် ။ သူဘယ်မှ ပြေးနိုင်မှာ မဟုတ်ပါဘူး ။ ကိုင်း. .. မောင်လောဟူ အလောင်း သွား စောင့်စမ်း ။ ဒီအကောင်ကို စစ်မေးမယ် ။

မောင်လောဟူသည် ကြောက်ကြောက် နှင့်ပင် ဘိုးတော၏ အခန်းသို့ သွားလေ၍ ( ခေါင်း ) နှင့် မနီးမဝေးတွင် ထိုင် နေလေ၏ ။ ငါးမိနစ် လောက် ကြာသောအခါ ဘိုးတော၏ အခန်းတွင်းမှ ( ခေါင်း ) အဖုံးပွင့်၍ ကြမ်းပေါ် သို့ ကျသော အသံနှင့် တရုတ်မောင်လောဟူ၏ အော်သံကို ကြားရလျှင် ၊ အားလုံး လူများ မောင်ဘိုးတော အခန်းသို့ သွားကြည့်မည်ကဲ့သို့ ပြုကြသော် ဦးကျော်စွာက တိုးတိုးသက်သာ လူများအား ဆိတ်ငြိမ်စွာ မလှပ်မရှားဘဲ နားထောင်နေကြစေရန် ပြောလေ၏ ။ ထိုခဏချင်း၌ အခန်းထဲမှ လောဟူ၏ အသံကို ဤသို့ ကြားရလေ၏ ။

ဟူ ။  ။ ဟေ့ ... ဘိုးတော ငါ့ကို မခြောက်ပါနဲ့ ။ မခင်ရီကို ငါက သတ်ခိုင်းတာ မဟုတ်ပါဘူး ။ မခင်ရီ သ,တ်တာလည်း မဟုတ်ပါဘူး ။ သာမောင် တဲ့ကွဲ့ ၊ သာမောင် သ,တ်တာပါ ။ ငါ့ကို ဒီလို ကြည့်မနေပါနဲ့ ငါ ကြောက်ပါတယ် ။ ခင်ရီကို ငါက စိတ်ညှို့ပြီး အပြော ခိုင်းလို့ ပြောရတာပါ ။

ယင်းကဲ့သို့ အဆို လိုက်တွင် ( ခေါင်း ) သည် လိမ်လျက် ၊ ( ခေါင်း ) ထဲက ဘိုးတော၏ အလောင်းသည် ခုန်ထွက်၍ လောဟူ၏ ဇက်ကို တက်စီး လေ၏ ။ လောဟူ သည် ငယ်သံပါအောင် အမယ်လေး ... လာကြပါ ။ ဘိုးတောသရဲ ကျွန်တော့် စိုက်ကြည့်နေပါပြီ ။ လာကြပါ .. လာကြပါ ။ ဟု အော်သံကို ကြားရသဖြင့် အခန်းတွင်းမှ လူအားလုံး တို့သည် ဘိုးတော၏ အခန်းသို့ ပြေးဝင်ကြလေ၏ ။ လောဟူ အပေါ် မှာ ဘိုးတော၏ အလောင်း ထပ်လျက် လောဟူ သည်လည်း ဘိုးတော အလောင်း၏ အောက်က မျက်လုံးပြူးလျက် မေ့မြောနေသည်ကို တွေ့ကြရလေ၏ ။

••••• ••••• •••••

အခန်း ( ၃ )

ဦးကျော်စွာ က မောင်လောဟူ ကို ပွေ့ချီ ပြီးလျှင် မျက်နှာကို ရေနှင့် ဖျန်းပက်သော အခါမှ မောင်လောဟူ သည် သတိရလာလေ၏ ။ လူသေ အလောင်းယောင် ဆောင်သူကား အခြားသူ မဟုတ် ။ မောင်ဘိုးသာ ပင် ဖြစ်ကြောင်းကို ထိုအခါမှ အားလုံးတို့ သိကြလေ၏ ။

စွာ ။  ။ လောဟူ မင်းဟာ ဘာကြောင့် မခင်ရီကလေးကို မင်း စိတ်ညှို့အတတ်နှင့် မဟုတ်မလျား ကြိုးပေးခံရအောင် ဖြောင့်ချက်ပေးစေသလဲ ။ မိုးကြိုး တို့ ခင်ဆုံ တို့ကို ဘာကြောင့် ဒီလို မလုပ်သလဲ ။

ဟူ ။  ။ မိုးကြိုး ၊ ခင်ဆုံ တို့ရဲ့ စိတ်ဟာ အလွန် ခိုင်မာနေလို့ ညှို့လို့ မရပါ ။ ခင်ရီကလေး မှာတော့ အလွန် ထိတ်လန့်နေ သူ့ လိပ်ပြာ လန့်နေတုန်း ကြောင့် စိတ်ညှို့လို့ရပါတယ် ။ ကျွန်တော်မှာ နိုင်ငံခြားသား ဖြစ်နေတာနဲ့ ဒီလို အစိုးရဘက်ကို ကူညီစုံထောက် ပေးရင် အစိုးရ ဆီက လက်မှတ်ကောင်း တစ်ခု ရနိုင်မယ် ၊ လက်မှတ်ကောင်း ရရင် ကျွန်တော်မှာ အသက်မွေးဝမ်းကျောင်း ချောင်ပြီး နာမည်ကြီး ပွဲများ ကရမှာ ကြောင့်ပါ ။ စုံထောက်ကြီး ဝင်လာပြီး မခင်ရီ နှင့် ကျွန်တော့်ကို ကြည့်လိုက်ကတည်းက စုံထောက်ကြီးဟာ စိတ်ညှို့ပညာမှာ ကျွန်တော်ထက် တတ်ကြောင်း ကြီးကြောင်း ရိပ်မိပါတယ် ။ မခင်ရီကို စုံထောက်ကြီးက စကားပြော လိုက်ရင်ပဲ ကျွန်တော်က မခင်ရီကို ညှို့ထားတဲ့ မန္တန်ဟာ ပြေသွားသလောက် ဖြစ်ပြီး ၊ အရင်က သူ သ,တ်ပါတယ် လို့ ဖြောင့်ပြောနေတာတောင် မသ,တ်ပါဘူးလို့ ဆိုလိုက်သေးတယ် ။ အင်မတန် ကျွန်တော်က ကြိုးစားပြီး ပြန် ညှို့နိုင်လို့ ကျွန်တော် ဘက်ကို ပါလာပြန်တာပါ ။

စွာ ။  ။ ငါက မခင်ရီရဲ့ စိတ်ကို မညှို့လို့ မင်းဘက်ကို ပါရတာ ။ မင်း အစွမ်း ဘယ်လောက် ရှိမလဲ ကြည့်ချင်လို့ ငါ လွှတ်ပေးလိုက်တယ် ။ ဒါနဲ့တောင် မင်း ဘက်ကို အရင်ကလောက် လုံးလုံး မပါတော့ဘူး ။

ဟူ ။  ။ မှန်ပါတယ် ။ ပိုက်လုံးကို အဖျားက ကိုင်ရအောင် ကျွန်တော်က ညှို့တာတောင် အလယ်က သွား ကိုင်သေးတယ် ။ နို့ပြီး လူအိပ်တဲ့ အခန်းကို ပြောလိုက်ဖို့ ကျွန်တော်က စိတ်နဲ့ ညှို့တာကို သူ့ စိတ်များများ မဖမ်းမိ ၊ စိတ်နှင့် ပြန်ပြောလို့ ကျွန်တော်ကလည်း သူ အိပ်တဲ့ အခန်းကို မသိတာကြောင့် ။ ကျွန်တော် အိပ်တဲ့ အခန်းတွေကိုသာ လျှောက် ပြောစေပါတယ် ။ အဲဒါတွေလည်း မှား နေတော့ ကျွန်တော့်မှာ အတော် စိတ်ပျက်သွားပါတယ် ။ နောက်တော့ ပိုက်လုံး ထားတဲ့ရှိတဲ့ နေရာရော အားလုံး လျှောက်မှားတာပဲ ။ စုံထောက်ကြီး အမှတ်တမဲ့ ကြည့်လိုက် မခင်ရီကို ချိုချိုသာသာ ပြောလိုက် လုပ်တော့ကာ ဧကန္တ စုံထောက်ကြီးဟာ မခင်ရီ မသ,တ်ဘူး ဆိုတာကို သိပြီ ။ ကျွန်တော်က စိတ်ညှို့ ထားလို့သာ အလွဲလွဲ အချော်ချော် ကျွန်တော်က ပြောစေချင်တာကို ပြောရတဲ့အကြောင်းကို သိနေတော့တာပဲလို့ စိတ်တွေ ထိတ်လန့်လာပါတယ် ။ နောက် ( သာမောင် ) ဆီက သူ သ,တ်ကြောင်း ဖြောင့်ချက်ပေးတော့မှ စုံထောက်ကြီးဟာ တို့တစ်တွေကို သ,တ်တယ်လို့ မထင်ဘူး ။ မောင်သာမောင်ကို သာ လူသ,တ်မှု နဲ့ ဖမ်းတော့မှာပဲလို့ စိတ်နည်းနည်း ရဲလာ ပါတယ် ။

စွာ ။   ။ အားလုံး နားထောင်ကြ ငါ ပြောပြမယ် ။ စိတ်ညှို့ အတတ်ဟာ လူတစ်ယောက်မှာ စိတ်တည်တည်ခိုင်ခိုင် ရှိနေတုန်းကို ဘယ်လို ညှို့ လို့မှ မရဘူး ၊ စိတ်ညစ်နေမယ် ၊ ထိတ်လန့်နေမယ် ဆိုမှ ညှို့ယူလို့ ရတယ် ။ အဲဒါက တစ်ကြောင်း ၊ နို့ပြီးတော့ကာ လူ တစ်ယောက်ဟာ ကိုယ့်ကို ချစ်နေမယ် အားကိုး ယုံကြည်နေမယ် ၊ သြဇာခံနေမယ် ၊ စိတ်မခိုင်ဘဲ နဂိုက ကြောက်တတ်ကဲ့ စိတ်ရှိနေမယ် ဆိုရင်လည်း စိတ်ညှို့လို့ ရတယ် ။ အခု မောင်းသာမောင်က ဖြောင့်ချက်ပေးလို့ သူ ပြောသမျှ စကားတွေ ဟာလည်း သူက ပြောစေချင်တာတွေကို အကုန်ပြောစေချင်တာတွေ ကို သူလိမ်မှာ ၊ မောင်ဝါလွန်းက လက်ထိတ်ခတ်မယ်လေး ဘယ်သို့လေးနဲ့ လုပ်သေးတယ် ။ မခင်ရီကလေး အကြောင်းမှာ ဒီလောက်ရှည်တဲ့ ပိုက်လုံးကြီးကို ဒီ သူငယ်မကလေးက ဘယ်လို မြှောက်ထောင်ပြီး ရိုက်နိုင်မှာလဲ ။ မြှောက်နိုင် ၊ ချီနိုင် ပြန်ရင်လည်း ဒီ တံခါးပေါက် ထက် ပိုက်လုံးက မြင့်နေတာဟာ ။ ဘယ်နှယ့်လုပ်ပြီး ပြင်ဘက်ကနေလို့ အခန်းထဲမှာ ထိုင်နေတဲ့ လူကို ရိုက်နိုင်မှာလဲ ။ ရိုက်ချင်ရင် အခန်းထဲသို့ ဝင်ပြီးမှ ရိုက်နိုင်မယ် ။ အခန်းဝမှာ လူ လာရပ်ပြီး ပိုက်လုံးကို ကိုင်ရွယ်လိုက်ရင်ပဲ ။ ဘိုးတောရဲ့ ဂုတ်ကြား ခွေးကြီးက ကြည့်နေမှာ မဟုတ်ဘူး ။ တစ်ခါတည်း ပိုက်လုံး ကိုင်ရွယ်တဲ့ လူရဲ့ ( လည်မျို ) ကို ပြေးခဲလိုက်မှာ သူ့ခွေးက သက်တော်စောင့်ပဲ ခွေးဘီလူးကြီးကွဲ့ ။

လွန်း ။   ။ နို့ ဆရာရယ် သာမောင်လည်း မသ,တ် ၊ ခင်ရီလည်း မသ,တ်ရင် လောဟူ သ,တ်မှာပဲ ။

စွာ ။  ။ ပိုက်လုံး နှင့် လောဟူ က ရိုက်သ,တ်ရင် ပိုက်လုံးကို ဘယ်က ရတယ်လို့ ခင်ရီကို လောဟူ က စိတ်ညှို့ပြီး အပြောခိုင်းတုန်းကပဲ ။ ပိုက်လုံး ဘယ်မှာရှိတယ်လို့ သေသေချာချာ ပြောအောင် လုပ်မှာပေါ့ ။ အခုတော့ကာ လောဟူ ကိုယ်တိုင် ပိုက်လုံး ဘယ်မှာ ထားကြောင်း သိမှ မသိပဲ ။

လွန်း ။  ။ ပိုက်လုံးနဲ့ မရိုက်ဘဲ အခြား လက်နက်တစ်ခုခု နှင့် ရိုက်ပြီး လက်နက်ကို တခြားသို့ လွှင့်ပစ်လိုက်မှာပေါ့ ။

စွာ ။  ။ ဒါဖြင့် ပိုက်လုံးဟာ ဘယ်နှယ့် ဘိုးတော လဲနေတဲ့ နေရာနားကို ရောက်နေတာလဲ ။

လွန်း ။  ။ ဘိုးတော လဲသွားမှ ပိုက်လုံးကို တန်းက ဖြုတ်ပြီး ချထားရင်ကော ဆရာ ။

စွာ ။   ။ နို့ .. သူ့ ခွေးကြီးက ကြည့်နေမှာလား ။

လွန်း ။  ။ ခွေးကို ဘိန်းကျွေးမယ် ။ နို့မဟုတ်ရင်လည်း မှော်အတတ်နဲ့ လုပ်ထားမယ် ။

စွာ ။  ။ မှတ်ထား ၊ တိရစ္ဆာန်က ကိုယ့်ကို ချစ်တဲ့ ကိုယ့် သြဇာခံတဲ့ ခွေးတိရစ္ဆာန် မဟုတ်ရင် ဘယ်တော့မှ မှော်အတတ် နဲ့ စိတ်ညှို့မရဘဲ ဘိန်းကျွေး ဖို့ဟာလည်း ဘိန်းပါတဲ့ အစာကို ခွေးသို့ ပစ်ပေးလိုက်ရင် ခွေးဟာ ဘိုးတော အနားက ဘယ်တော့မှ မခွာလို့ ဘိုးတော မြင်မယ် ။ ဘိုးတော မြင်ရင် ရိုက်မယ့် လူက ရိုက်ဖြစ်ဦးမလား ။ ဘိန်း ဖြစ်ဖြစ် ၊ အဆိပ် ဖြစ်ဖြစ် စားမိရင် ချက်ချင်း ဘိန်းမူးခြင်း ၊ အဆိပ် မွှန်ခြင်း မဖြစ်နိုင်သေးဘူး ၊ ဆယ်မိနစ် ၊ ဆယ့်ငါးမိနစ် ကြာမှ ဖြစ်နိုင်တယ် ။ သေစေတတ်တဲ့ အဆိပ်တော့ အဆိပ်မွှန်တာ မှန်ပါရဲ့ ။ အခုတော့ သေတတ် တဲ့ အဆိပ်ပြင်းပြင်းကြီးမျိုး မဟုတ်ဘူး ။ ဒါကြောင့် ခွေးကို အဆိပ် ကျွေးတယ် ဆိုတာ မဟုတ်နိုင်ဘူးလေ ။

လွန်း ။  ။ ဒေါ်ဖွားပဲ ခွေးနဲ့ လည်း သူ့အစာ ကျွေးနေကျကြောင့် တည့်တယ် ။ ခွေးကို တိတ်တဆိတ် ခေါ်ပြီး မီးဖို မှာ အစာ ကျွေးထားတုန်း ဘိုးတောကို လာရိုက်တာပဲ ။ နို့ပြီး ... ဟာ ... ဟုတ်ပြီ .. ဟုတ်ပြီ ။ နို့ပြီး ခင်ရီကို ကျွန်တော် ဖမ်းမယ် လုပ်တုန်းကလည်း ခင်ရီ မသ,တ်ဘူး ။ သူ ကိုယ်တိုင် ဆိုပြီး သူ့ စကား မှားသွားမှန်း သိလို့ သူ သိတယ်လို့ လျှောချသွားတယ် ။ နို့ပြီးလည်း ဘိုးတော သေတာ ဝမ်းသာတယ်တဲ့ ။ သူ မုန်းနေကြောင်း ရန်ငြိုးရှိကြောင်း ထင်ရှားတယ် ။

စွာ ။   ။ ဘယ်သူပဲ ရိုက်ရိုက် ခွေးကြီး ပြန်လာလို့ သူ့ သခင်ကို မြင်ရရင် အနားကို လူ ကပ်မခံဘူး ။ အားလုံးကို ဆီးကိုက်မယ် ။ မောင်လောဟူ က မေးတော့ကာ ၊ ( ဒီခွေး အခုတော့ဖြင့် ကိုက်လှမယ် မဟုတ်ပါဘူး ) လို့ ဆိုတယ် မဟုတ်လား ။ အဲဒါဟာ လောဟူ က မှော်ဆရာ ဖြစ်တော့ လူအကဲ ၊ တိရစ္ဆာန်အကဲကို ခတ်နေကြဖြစ်လို့ ခွေးသဘောကို သိတာကြောင့် ပြောတာ ခွေး အပေါ်မှာ တစ်ခုခု သူ့သခင် အပြစ်ရှိတယ် ။ ဒါကြောင့် ငြိမ်သက်နေတယ် ဒီလို ငြိမ်နေရင် သခင်က ပြန်ပြီး မျက်နှာချိုသွေး မခေါ်သမျှမှာ သခင် အနားမှာ ခွေဝပ်ပြီး သခင်ကို နမ်းလိုက် အသံတိုးတိုးနဲ့ စိတ်ညစ်သံ အူလိုက် လုပ် တတ်တယ် ၊ အရင်ကလို သခင် အားကိုးပြီး ဟောင်လိုက် ၊ ကိုက်လိုက် မလုပ်ဝံ့ဘူး ။

လွန်း ။  ။ မောင်ဘိုးတောကို ဘယ်သူ ရိုက်တာလဲ ဆရာရဲ့ ။ အခုဖြင့် သေများသေလေပြီလား မဆိုနိုင်ဘူး ။ သူ့ ခေါင်းက ဒဏ်ရာလည်း မနည်းဘူး ။

စွာ ။  ။ မင်း ခုတောင် မရိပ်မိသေးဘူးလား ။ ပုလိပ်မင်းကြီးဟာ ဘိုးတော လဲနေတာကို ကိုင်လို့တောင် မကြည့်ဘဲ ခဏကလေး အခန်းဝ နားက ကြည့်ပြီး ငါနဲ့ စကား တစ်ခွန်း ၊ နှစ်ခွန်း ပြော ထွက်သွားတယ် ။

လွန်း ။  ။ မှန်ပါတယ် ။ လူသ,တ်မှုကြီး တစ်ခု ဖြစ်နေတာ ခါတိုင်း တကယ် စေ့စပ်တယ် ။ ချက်ချင်း ဆရာဝန် ခေါ်စေတယ် ။ အဆောတလျင် စစ်ဆေးတယ် ။ အခုတော့ကာ တယ် ပေါ့ပါကလား ။ ဆရာစုံထောက်ကြီး ကိုယ်တိုင် ပါလာလို့များလားလို့ ကျွန်တော်လည်း အပုံကြီး စဉ်းစားမိပါတယ် ။ တွေးလို့ ရနိုင်ပါ ။

စွာ ။  ။ ဟဲ့ ... မင်းဟာ အင်စပက်တော်ကြီး ပထမတန်းတောင် ဖြစ်နေပြီ ။ ဒါနဲ့တောင် ပုလိပ်အရာရှိကလေးများ တောင် သိရမယ့် ဒဏ်ရာဟာ ဘယ်မှာ ထိလို့ ဘယ်လို နေရင် ဘယ်လောက် ပြင်းထန်တယ် ။ ဆရာဝန်ကို ချက်ချင်း အချင်းဖြစ် နေရာသို့ ခေါ်ယူ ကြည့်ရှာရမယ် ။ ဘယ်လို ဒဏ်ရာ ဖြစ်လျှင် အချင်းဖြစ်တဲ့ နေရာသို့ ဆရာဝန်ကို ခေါ်ဖို့ အရေးမကြီးဘူး ။ ဆေးရုံ ကိုသာ လူနာကို ပို့ဖို့ ရှိတယ်ဆိုတဲ့ အချက်တွေ ကို မင်း မသိသေးပါဘူး ။ ငါ မေးလာတာကို မင်း ဖြေစမ်း ။ ဒဏ်ရာဟာ နောက်စေ့မှာ ဟုတ်လား ။

လွန်း ။   ။ ဟုတ်ပါတယ် ။

စွာ ။  ။ ဒဏ်ရာက သွေးလောက်ပဲ ထွက်တယ် ။ ဦးနှောက် ဖြူဖြူတွေ မထွက်ဘူး ။

လွန်း ။  ။ မထွက်ဘူးဆရာ .. သွေးလည်း များများကြီး ဟောဟော ပါအောင် မထွက်ဘူး ။

စွာ ။  ။ ဒါဖြင့် ဦးနှောက် မထွက်လို့ ဦးခွံများများ မကွဲဘဲ အများဆုံး ဥသျှစ်သီးကို ခဲနဲ့ ထုသလို နည်းနည်း ကျေချင်ရင် ကျေသွားရုံ လောက်ပဲ မဟုတ်လား ။

လွန်း ။  ။ ဟာ .. ရိပ်မိပြီ ဆရာ ။ ဒီလို စဉ်းစားဖို့ ပညာ တိုးလာကာ များများကြီး ကျေးဇူးတင်ပါတယ် ဆရာ ။ အခုဒါဖြင့် မူးဝေနေတာလောက်ပေါ့ ။ အသက်သေဖို့ ကို ကြောက်စရာ မရှိဘူး ။ အကြီးဆုံး အပြစ်မှ ရာဇသတ်ပုဒ်မ ၃၂၅ လောက်သာ ဖြစ်မယ် ၊ အလှည့် မသင့်ရင် ၃၂၃ ဖြစ်ချင်ရင် ဖြစ်သွားမယ် ။ ဒီတော့ဖြင့် ပုလိပ် အရေးယူစရာတောင် မလိုဘူး ၊ ဒါကြောင့် ပုလိပ်မင်းကြီးဟာ ပေါ့ပျက်ပျက် လုပ်ပြီး ပြန်သွားတာကိုး ။ သိ .. သိပြီ ... ဒါဖြင့် ရိုက်တဲ့ လက်သည်ကို ဘိုးတော အစစ်ခံနိုင်မှ သိမှာပေါ့ ။

စွာ ။   ။ ဒီလိုကွဲ့ ... ဦးခေါင်းမှာ ဒဏ်ရာဟာ ဦးနှောက် မထွက်ရင် ၊ ဘယ်တော့မှ မသေဘူး ။ မေ့သွားရုံပဲ တစ်ခါတလေ ဒဏ်ရာပြင်းလွန်း အားကြီးလို့ ဦးခွံကြေသွားပြီး ၊ ဦးနှောက်ထဲမှာ ဦးခွံ အစအနကလေးများ စူးစိုက်နေရင် မူးတတ်တယ် ။ သတိလစ်တတ်တယ် ။ အရင်က အဖြစ်အပျက်ကို မမှတ်မိ မေ့လျော့သွားတတ်တယ် ။ ယခုဟာကတော့ သွေးတောင် များများ မထွက်လို့ ဦးနှောက်ကြေမှာ မဟုတ်ဘူး ။ နောက်စေ့နှင့် နားထင်မှာ လက်သီး ပြင်းပြင်းထန်ထန် ရိုက်တဲ့ ဒဏ်ရာ မဟုတ်ဘူး ၊ လူရိုက်တဲ့ ဒဏ်ရာလည်း မဟုတ်ဘူး ။ မင်း စဉ်းစားကြည့်ပါလား ။ ဘိုးတောဟာ ထင်းရှုးသေတ္တာ နိမ့်နိမ့်ကလေးပေါ် ထိုင်ပြီး ခေါင်းငုံ့လို့ ခြေအိတ် ချွတ်နေတယ် ၊ လူရိုက်ရင် နောက်စေ့တည့်တည့်ကို မထိနိုင်ဘူး ။ ထိပ်ဦး တည့်တည့်မှာ ရှိရမယ် ၊ ဒဏ်ရာဟာလည်း ဒီလို တုတ်နှင့် ထိုးလိုက်သလို နောက်စိမှာ ကွက်ကွက်ကလေး မရှိရဘူး ။ အရှည်လိုက် ခပ်လျားလျား ရှိရမယ် ။ ရိုက်တဲ့ လူက ထိုင်ပြီး အောက်ပင့်လို့ မရိုက်ဘူး ။ မတ်တတ် ခေါင်းပေါ်က မိုးပြီး ရိုက်ရမယ် ။ ဒီတော့ကာ နောက်စိ တစ်ခုတည်း မဟုတ် ထိပ်လယ် ၊ သို့မဟုတ် ချိုစောင်းကိုသာ ထိရမယ် ။ ထိပြန်ရင်လည်း ဒဏ်ရာ ဒါထက် ကြီးရမယ် ။ ရေပိုက်လုံးကိုလည်း ကြည့်ဦး ၊ ပိုက်ကု,လားများက ရေဘုံဘိုင် ပြင်ပြီး ထားခဲ့တာ ။ အတိုအစ ပိုက်ကလေးမှ မဟုတ်ဘဲ ။ ရေပိုက် ပြင်ရင် အတိုအစ သုံးမြဲ မဟုတ်တာကိုလည်း အကဲခတ်ရမယ် ။ ဒီ ပိုက်လုံးနှင့် ရိုက်ရင်လည်း ဒီထက် ဒဏ်ရာ ကြီးရမယ် ။

လွန်း ။  ။ နို့ ... ဒီ ပိုက်နဲ့ မရိုက်ရင် ဘာနဲ့ ရိုက်မှာလဲ ဆရာရယ် ။ ကြာလေ စဉ်းစားရကျပ်လေ ဖြစ်လာပါပြီ ။

စွာ ။   ။ မင်းမှာ လူတစ်ယောက်လဲ နေရင် ၊ ဟင် .... သေပြီ ။ လူသ,တ်မှုကြီးပဲ အဲ ... အခုလို တစ်ခါတည်း ခုန်တွေးပြီး ပျာပျာရာရာ ဖြစ်နေလို့ ဘာကိုမှ အေးအေးချမ်းချမ်း စဉ်းစားဘူး ။ တွေ့သမျှ လူတွေကို ဖမ်းလိုက် ၊ ဆီးလိုက် ၊ ခြောက်လိုက် ၊ လှ့န်လိုက် လုပ်ပြီး စစ်ဆေး လိုက်တာပဲ ။ ဒီလို လုပ်ရင် အပြစ် ဖြစ်လိမ့်မလား ။ တလွဲလွဲ တချော်ချော် မမှန်တာတွေကို လျှောက်ပြော ။ စကားရှေ့ နောက် မညီပြန်တော့ တိုးပြီး ကြောက် ၊ ထပ်လိမ် ၊ ထပ်မှား ။ နောက်ဆုံးကြတော့ မဟုတ်ပေမယ်လို့ စစ်ဆေးတဲ့ အရာရှိစုံထောက် အလိုသို့ လိုက်ပြီး အရာရှိလေသံကို ဖမ်းပြီး ဖြောင့်ချက် ပေးလိုက်ရရော ။ သူ့ခမျာ မှာ မဟုတ်ဘဲနှင့် ဒုက္ခရောက်ရရော ။ မင်း ကိုယ်တိုင်က လောဟူ ရဲ့ စကားနှင့် သူက လူသ,တ်မှု ဆိုရင်ပဲ လူသ,တ်မှု ဖြစ်လိုက်တော့တာပဲ ။ လဲနေတဲ့ လူကို တစ်ဆိတ်လောက်ကလေး မှ အကဲမခတ် ၊ စမ်းသပ် မကြည့်ပဲ ဟာကိုး တစ်ကယ်လို့ လူတစ်ယောက်က တုတ် နဲ့ ဖြစ်စေ ၊ ပိုက်လုံးနှင့် ဖြစ်စေ ၊ လက်နက် တစ်စုံတစ်ရာနဲ့ ရိုက်ရင် ၊ ဒီလက်နက်မှာ လက်ညှိုး ၊ လက်မ ၊ လက်ချောင်းများက ဗွေအရာ ထင်ကျန်ရစ်ရင် ဧကန် လက်သည်ကို မိတော့မှာ ပဲလို့ သိပြီး ရိုက်တဲ့ လက်နက်ကို တခြားသို့ လွှင့်ပစ်လိုက်မှာပေါ့ ၊ လဲနေတဲ့ လူ အနားမှာ ထားခဲ့မှာလား ။ အဲဒါတွေကို စဉ်းစားပေါ့ ၊ နို့ပြီး ဒီ ခွေးကြီး ငြိမ်နေပုံ ၊ ကြောက်လို့ ဝပ်နေပုံတို့ ကိုလည်း အကဲခတ်မှပေါ့ ။

လွန်း ။  ။ နို့ ... ခွေးကြီးက ရိုက်သတ်တာလား ဆရာရယ် ။ ကျွန်တော်ဖြင့် မစဉ်းစားတတ်သလောက် ဖြစ်နေတော့တာပဲ ။

စွာ ။  ။ ညဦးက တစ်ညလုံး မိုးတစိမ့်စိမ့် ရွာနေတယ် ဟုတ်လား ။ နို့ပြီး မျက်နှာကြက်က တွဲလွဲကျ နေတဲ့ ကြမ်းမှာလည်း ရေစိုနေတယ် မဟုတ်လား ။ ပိုက်လုံး တစ်ဖက်က ထိပ်မှာလည်း သွေးစွန်းနေတယ် မဟုတ်လား ။ နို့ပြီး မောင်ဘိုးတောရဲ့ အခန်းထဲမှာ ကြေးနန်းကြိုး တစ်ခု ကွင်းလုပ်ပြီး တွဲလွဲကျနေတယ် မဟုတ်လား ။ ပိုက်လုံးမှာ သွေးစွန်းတဲ့ ဘက်က အဖျားမယ် ၊ သံချေးတွေ ကွာလို့ ခြစ်ရာ လိုလို ရှိတယ် မဟုတ်လား ။

လွန်း ။  ။ အမယ် ... ဆရာ ဒါတွေကို ဗြုံးခနဲ ဘယ့်နှယ် သတိထားလိုက်သလဲ ။ ကျွန်တော်ဖြင့် နည်းနည်းမှ သတိ မထားမိဘူး ။

စွာ ။  ။ ရာဇဝတ်မှု စုံထောက်တဲ့အရာရှိ ဆိုတာ အချင်း ဖြစ်တဲ့ အနားမှာ အမှုနဲ့ ပတ်သက်လို့ လက်နက် သက်သေခံပစ္စည်း အစရှိသဖြင့် ဘာများ တွေ့ ရမလဲလို့ စူးစမ်းရတယ် မဟုတ်လား ။ မင်းတို့ ပုလိပ်လက်စွဲ စာအုပ်မှာ ဒီအကြောင်းတွေဟာ အစုံအလင် စုံထောက်စစ်ဆေးတဲ့ နည်းများ ပါနေတာတောင် မတတ်ပဲကိုး ၊ ပုလိပ်လက်စွဲ စာအုပ်ကို သေသေချာချာလဲ ဖတ်ဦးမှာပေါ့ ။ နားထောင် ငါ ပြောပြမယ် ။ မောင်ဘိုးတော ဖိနပ် ထိုင်ချွတ်နေတဲ့ သေတ္တာပေါ် တည့်တည့်မှာ ပိုက်လုံးတွဲတဲ့ ကြိမ်ခြမ်း ရှိတယ် ။ အဲဒီ ကြိမ်ခြမ်းပေါ်ကို အိမ်ခေါင်မိုးက မိုးတစိမ့်စိမ့် ယိုလို့ ပိုက်လုံး ချည်ထားတဲ့ ကြိုးကွင်းဟာ ရေ ထိတော့ကာ သူ့အလိုလို ရုန်းပြီး ပြေကျ သွားတယ် ။ ဒီတော့ကာ ကြေးနန်းကြိုးနဲ့ ကွင်းသိုင်းထားတဲ့ ဘက်က မကျွတ်သေးလို့ ပိုက်လုံးကို ထိုးချလိုက်သလို မောင်ဘိုးတောရဲ့ နောက်စိသို့ ပိုက်လုံးအဖျား ၊ အရှိန် နဲ့ကျလာတယ် ။ မောင်ဘိုးတော မှာလည်း မိုးအေးအေးကြောင့် ကဇော်တွေ မူးအောင်သောက် ၊ နောက်ပြီး အိမ်ကို ရောက်ပြန်တော့လည်း ထောပတ်သုတ်တဲ့ ပေါင်မုန့်တွေနဲ့ ကော်ဖီ သောက်ပြန်တယ် ။ ဒါကြောင့် မူးတဲ့ မက မူးပြီး စကားတွေကို ဟုတ်တယ် မှန်တယ် မရှိ လူတစ်ဖက်သား မခံချင်အောင် ပြော ...

လွန်း ။  ။ မောင်ဘိုးတော ပြောတာ အမှန်သားပဲ ဆရာ ရဲ့ ၊ မေခင်ရီကလေးက တောင် ဝန်ခံတာပဲ ။

ရီ ။  ။ ( မျက်နှာ လန်းဖြန်းလာ၍ တောင်တောင်မြောက်မြောက် ကြည့်ပြီးလျှင် ) ကျွန်မ ဘယ်သူ့ကို ဘာများ ပြောမိလို့လဲ ဘိုးတော ပြောတဲ့ စကားတွေဟာ တစ်ခုမှ မမှန်ဘူး ။ ကျွန်မမှာ ရည်းစားလည်း မထားဖူးဘူး ။ လင်လည်း မရှိဘူး ။ ဘိုးတော နှင့် လောဟူ တို့က ပိုးကြတာတောင် ကျွန်မက အပိုး လက်မခံဘဲ သူတို့ အပေါ်မှာ ဣန္ဒြေရရ မျက်နှာထားနဲ့ နေပါတယ် ။ ဒီ ... ဘိုးတောဟာ အရက် မူးတိုင်း ဒီလိုချည်း ပြောတတ်တယ် ။ သူ့ကို ဆဲလိုက် ၊ ဆိုလိုက် စိတ်ဆိုးသလို လုပ်လိုက်ရင်လည်း ငြိမ် သွားတာပါပဲ ။ မမဆုံ နဲ့ ကိုကြီးမိုး ကိုလည်း သူ ပြောလိုက်တာ ရစရာ မရှိဘူး ။ သူ ပြောတာတွေလည်း တစ်ခုမှ မှန်တာ မဟုတ်လို့ ဗွေလည်း မယူကြဘူး ။

ဆုံ ။  ။ ဟုတ်ပါတယ် ။ ဒီ ငတောဟာ မမူးရင်တော့ ဘယ်လိုပဲ ဆဲဆဲ ၊ ဘယ်လိုပဲ ဆိုဆို ခံရှာတာပါပဲ ။ တစ်ခါတလေ သူ မူးလာရင် သူ ပြောတာ ထက်တောင် ဆိုးသေးတယ် ။ မမူးတဲ့ အခါမှာ လူကောင်းကလေး တစ်ယောက် ဖြစ်တာတစ်ကြောင်း ၊ သူ ပါတဲ့ ပွဲမှာ အင်မတန် ရယ်ရလို့ လူပျက်ကောင်း ဖြစ်တာ တစ်ကြောင်းကြောင့် သူ့ကို လက်မလွှတ်နိုင်လို့ ဗွေမယူ ကြပါ ။ အမူးပြေတော့လည်း သူ ပြောမိတာတွေကို ကန်တော့ တောင်းပန်ရှာပါတယ် ။

လွန်း ။  ။ နို့ .. ခင်ဗျားတို့ က သ,တ်မယ် ၊ သ,တ်မယ်နဲ့ ဘာကြောင့် ပြောရတာလဲ ။

ဆုံ ။ ။ ဟာ ... အင်စပက်တော်မင်း ကလည်း ဒီလို ပြောကြတိုင်း သူ့ကို သ,တ်ဖြစ်ရင် ဘိုးတော သေတာ ငါးဆယ်လည်း မကဘူး ။ တစ်ရာလည်း မကဘူး ။ ဒီလို ပြောမှ စိတ်ဆိုးမှန်း သိမှာ သူ ငြိမ်ငြိမ် သွားတာပဲ ။ ဒေါ်ဖွားကြီးကို ဆိုလိုက်တာ ကြည့်ပါလား ။ ဒါတောင် ဒေါ်ဖွားကြီးက အရေး မယူဘူး ။

စွာ ။  ။ ကိုင်း .. မောင်လွန်း ... မင်း ကြားပြီ မဟုတ်လား ။ နောက်ပြီးတော့ ဘိုးတော လဲနေတဲ့ ထင်းရှူးသေတ္တာ နားမှာ အင်္ကျီ ၊ လုံချည်တွေ တစ်ပုံကြီး ကျနေတာ မြင်ရဲ့ မဟုတ်လား ။ အဲဒီဟာတွေဟာ ပိုက်လုံးတန်းပေါ်က ကျလာတာ မဟုတ်နိုင်ဘူးလား ၊ သူ့ ခွေးကြီးဟာ သူ့ ဖိနပ်ချွတ် နေတုံးမှာ ခုန်ပေါက် မြူးနေပြီး တန်းပေါ် က အဝတ်တွေကို ကိုက်ဆွဲချတဲ့ လက္ခဏာ ရှိတယ် ။ အဲဒီလို ခုံပေါ်က ကိုက်ဆွဲချ နေတုံးကို ပိုက်လုံး ကျလာလို့ သူ့ သခင် လဲသွားတော့ကာ ခွေးကြီးက ပိုက်လုံး အနားမှာ ဝပ်နေတာပဲ ။ ဒီပိုက်လုံး ကျနေလို့ ဒေါ်ဖွားလည်း မှေးမှေး အိပ်ပျော်ရာက လန့် နိုးတဲ့ လက္ခဏာပဲ ။

လွန်း ။  ။ နို့ .... မောင်ဘိုးတော အခန်းနားက ကပ်နေတဲ့ မိုးကြိုး ၊ ခင်ဆုံ တို့ မနိုးပါကလား ဆရာ ။ ဒေါ်ဖွားလည်း ပိုက်လုံးကျသံ မကြားပါကလား ။

စွာ ။  ။ မိုးကြိုး ၊ ခင်ဆုံ တို့ တော့ မောမောပန်းပန်းနဲ့ အိပ်ပျော်သွားလို့ နိုးမယ် မဟုတ်ပေဘူး ။ ဒေါ်ဖွားမှာ လည်း သူ နိုးတာလောက်ပဲ ရှိမယ် ။ ဘာကြောင့် နိုးတယ် ဆိုတာတော့ သိလှမယ် မဟုတ်ဘူး ။

လွန်း ။  ။ ဒါဖြင့် ... ဂုတ်ကြား လက်ချက်ပေါ့ ။

စွာ ။  ။ ဂုတ်ကြား နဲ့ မိုးရေ လက်ချက်လို့ပဲ ဆိုပါတော့ ။ ငါလည်း ဆေးရုံကို ရောက်ခဲ့တယ် ။ ဘိုးတောဟာ ဒီလောက် ဒဏ်ရာ ပြင်းထန်တာလောက် မဟုတ်ပါဘူး ။ မနက်ဖြန် သတိရရင် ဆေးရုံက ဆင်းလာပါလိမ့်မယ် ။ ဆရာဝန်က ဒဏ်ရာ မပြင်းဘူးတဲ့ ။ ကဇော် မူးတုန်းကို ထိတဲ့ ဒဏ်ရာကြောင့် ရုတ်တရက် သတိမရဘဲ မေ့မြောနေတာလောက်ပါပဲတဲ့ ။

နောက်နေ့ ဆယ်နာရီ လောက်တွင် ဘိုးတော၏ ခေါင်းမှာ အဝတ်ပတ် စီးလျက် ၊ ဒေါ်ဖွား အိမ်သို့ လာ၍ အိမ်ရှိ လူများကို ၊ မိမိက မဟုတ်မဟက် အလေနတော ပြောမိသည့် အကြောင်းကို ဝန်ချတောင်းပန်လျက် ၊ မိမိမှာ ဂုတ်ကြားသည် တန်းပေါ် က အဝတ်များကို ခုန်ပေါက် ကိုက်ဆွဲချသည့် အတွက် ပိုက်လုံး ခေါင်းပေါ် သို့ ကျလာသဖြင့် ဒဏ်ရာရရှိကြောင်းကို ပြောပြလေသည် ။

⎕ ရေးသူ - ?
📖ခေတ်ဟောင်း ဝတ္ထုတိုများ

No comments:

Post a Comment