Sunday, July 5, 2026

နှမ်းထွက်

❝ နှမ်းထွက် ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

ဇရာအိုဆောင်းသည် ပြောင်းခါနီးမို့ အစွမ်းကုန် နှုတ်ဆက်နေရောထင့် ။ နှင်းရည်ငွေဥများကို သည်းသည်းထန်ထန်ကြီး သွန်းလောင်းနေလေသည် ။ ဆောင်းလေအေးသည် ဆောင်းအို၏ နည်းတူပင် တိုက်ခတ်နေ၏ ။ အခါတိုင်းမူ အရှေ့ မိုးကုပ်စက်ဝိုင်းဆီမှ လှိမ့်တက်လာသော လောင်လုလု ကြယ်နီကြီးကို အရွှန်းသား မြင်နိုင်လေသည် ။ ယနေ့ အရုဏ်ဦးမှာမူ ဆောင်းအို နှင်းရိပ်တို့သည် ကြယ်နီကြီးအား ငွေချည်တင်းတိမ်ကြီးဖြင့် ဖုံးရစ်ထားကြလေသောကြောင့် ပျပျရေးရေးသာ ရှိသော အနီပြောက်ကလေးကိုသာ မြင်ရတော့၏ ။ မြောက်ဘက်ထန်းတောထဲမှ တဝေါဝေါ ထွက်ပေါ်လာသော အသံများက နှင်းစက်တို့၏ ပြင်းထန်မှုကို ဖော်ပြနေ၏ ။

ရမ်းဘိုကုန်းရွာငယ်မှာ နှင်းမှောင်အောက်ဝယ် ကွေးနေ၏ ။ ရွာတောင်ဘက်ရှိ သရက်တောအောက်မှ တလင်းများမှာ ငြိမ်ချက်သား ကောင်းလှသည် ။ တလင်းထက်ရှိ သရက်ရွက်များသည် နှင်းပေါက်များနှင့် တွေ့ထိကာ ဆောင်းအိုတေးကို သီကျူး၍ လေ၏ စေ့ဆော်မှုဖြင့် ယိမ်းနွဲ့ကနေကြလေ၏ ။

တလင်းသိုက်မှာ မကြာမီ အသက်ဝင်လှုပ်ရှား လာသည် ။ ချောင်းဆိုးသံကြီးများသည် ကြားရသူ နားမသက်သာလေအောင် ဝမ်းခေါင်းသံကြီးဖြင့် အမောတကော ထွက်ပေါ်လာ၏ ။ မီးရောင် ရီပျော့ပျော့ကလေးများကလည်း လျော့ရဲရဲကလေးတိုးလာသည် ။

“ တယ်လေ ဒီနွားဟာ ”

နယ်ဖတ် မပြီးသေးသူများသည် မထချင် မလုပ်ချင်သော်လည်း ဝတ္တရားမို့ ထကြရသည် ။ နွားများမှာလည်း ခြေကုန်လက်ပန်းကျနေရကား ရုတ်ခြည်း မထနိုင်ဘဲ လေးလံနေကြသည် ။ ဒါကိုပင် အကြောင်းပြုပြီး ဆဲဆိုသံများက ထွက်ပေါ်လာ၏ ။ “ ဒီချေးကလည်း ယိုရပြန်ပြီ ” မှောင်နေသောကြောင့် ဘာမျှ မမြင်ရသော်လည်း နွားမောင်းသူသည် ကောက်ရိုးတစ်ဆုပ်ကို ပြေးဆွဲပြီး နွား၏ ဖင်ဝကို ကောက်ရိုးဖြင့် ခံထားမည်မှာ မုချတည်း ။

ကိုဆေးရိုးမှာ ခါးက ကိုက် ရင်က အောင့် လာသောကြောင့် ဆက်ပြီး ကွေးမနေနိုင်တော့ပါ ။ အကွေးကို ဆန့်ထုတ်လိုက်သောအခါ ပို၍ ချမ်းလာသည် ထင်မှတ်ရ၏ ။ ထထိုင်လိုက်ရာ စောင်စုတ်က လည်ပင်းမှာ စွပ်လျက်သား ဖြစ်နေသည် ။ ချမ်းလွန်းရကား အစွမ်းကုန် ကွေးပြီး ခေါင်းမြီးခြုံထားသော စောင်ကို တင်းသည်ထက် တင်းအောင် ဆွဲသဖြင့် ချုပ်ရိုးကွဲပြီး ခေါင်းကျွံသွားခြင်းဖြစ်သည် ။

“ ဗျိုး ကိုဆေးရိုး ”

“ ဟေ ဘာလဲဟ ”

“ တယ်ပြီး ဇိမ်ရှိနေပါကလား ၊ ဟဲ့ နွား ”

ကိုဆေးရိုးကို ပြောရာက အသွားနှေးနေသော နွားများကို တစ်ဆက်တည်း မောင်းလိုက်သည့် အနောက်ဘက် တလင်းမှ ထွန်းလှ ဖြစ်၏ ။

“ အေးပေါ့ကွာ ၊ ရှိတာပေါ့ ”

ကိုဆေးရိုး၏ ဖြေသံနောက်ပိုင်းတွင် ထွန်းလှ၏ အာဂလောင်ကို ခြစ်ပြီး ရယ်သံက ပျံ့နှံ့သွားသည် ။ 

ကိုဆေးရိုးမှာ သည်တစ်နှစ်အတွက် တောလုပ်ငန်းတာဝန်မှ ခေတ္တမျှ အနားရပြန်ပေဦးတော့မည် ။ သူ၏ တစ်နှစ်လုပ်စာသည် မတွေ့ရသေးသော စပါးပြန့်ကြီးပင်ဖြစ်၏ ။ ကိုဆေးရိုးသည် ရေနွေးအိုးထဲသို့ လက်ဖက်ခြောက် အမှုန့်များကို ပစ်ထည့်ခဲ့ကာ စပါးပြန့်ကြီးပေါ်သို့ တက်လာသည် ။ စပါးပြန့်မှာ နွားနင်း ထားဖန် များသောကြောင့် မာကျစ်နေပေ၏ ။

“ အင်း ”

ကိုယ့်ဝမ်းနာကို ကိုယ်သာသိသည် ဆိုသကဲ့သို့ ကိုဆေးရိုး၏ ‘ အင်း ’ ကို ကိုဆေးရိုးသာ သိပေလိမ့်မည် ။ သူသည် စပါးပြန့်၏ အကျစ်အမာကို ခပ်ညွှတ်ညွှတ်ကလေး ဆောင့်နင်းပြီး ချိန်ဆနေသည် ။ အကယ်၍ စပါးပြန့်ထဲတွင် အမှုန်အမှော်တွေ များပြားနေပါက နင်းလိုက်သည့် ခြေထောက်သည် ပြားညွှတ် ဝင်သွားမည် ဖြစ်ပြီး အမှုန်အမှော် နည်းပါမူ တင်း၍ ခံနေပေလိမ့်မည် ။ အမှန်မှာမူ ကိုဆေးရိုး၏ ရင်ထဲတွင် ဗလောင်ဆန်နေပေသည် ။ ‘ ထွက်မှ ထွက်ပါ့မလား ’ ဟူသော ကြောင့်ကြဗျာပါရသည် လှိုက်ပွက်နေ၏ ။

ဟုတ်လည်း ဟုတ်ပေသည် ။ သည်တစ်နှစ်၏ လုပ်စာက သည်နေရာတွင် ဆုံးခန်းတိုင်လေပြီ ။ ဒါကိုသာ အားထားရသည် ။ ဒါကသာ အစည်းအရုံးက မသိအောင် ချေးယူထားရသည့် ကြွေးပုန်း ။ ထို့ပြင် အမတော်ကြေး ။ စာကြွေးသောက်ကြွေးနှင့် ကောက်စိုက်ကောက်ရိတ်ခအပြင် ရှေ့နှစ်အတွက် ဝမ်းစာမျိုး စပါး စသည်များ အတွက်ပါ ဖူလုံအောင် မထွက်ပါမူ ခက်ရချေတော့မည် ။ သည်လမ်း၏ အဆုံးဝယ် အိမ် တစ်လုံး တွေ့ လျှင်တွေ့ ၊ မတွေ့လျှင် နက်စွာသော ချောက်ကမ်းပါးကြီးမှတစ်ပါး ဘာမျှ မရှိ ။ သည်လမ်းကို မလျှောက်ဘဲလည်း မနေရသော ဘဝတည်း ။

ကိုဆေးရိုးက ဆောင့်ကြောင့်ထိုင်ပြီး စပါးပြင်ကို လက်နှင့် နှိုက်လိုက်သည် ။ သူ၏ လက်သည် ကျစ်ခဲနေသော စပါးစေ့များကိုလည်း တွေ့သည် ။ ပွရွနေသော အထပ်ကိုလည်း ဖြတ်ကျော်သွားရသည် ။ ဘဝနှယ် ဆန်လှချေ၏ ။ တံတောင်ဆစ် မြုပ်သွားသော အခါဝယ် မြေမာကို လက်သည်းနှင့် ကုတ်မိခြစ်မိလေသည် ။ ပြီးလျှင် စပါးပြန့်၏ အဝန်းကို ခြေဖဝါးဖြင့် တိုင်းပြန်၏ ။ သူ၏ သင်္ကေတမှာ အတိအကျကြီး မဟုတ်သော်လည်း ယေဘုယျအားဖြင့် ခန့်မှန်းချက် ဖြစ်ကာ စပါးပြန့် ထဲရှိ အမှော်အမှိုက် အနည်းအများသည် ခန်မှန်းချက်နှင့် အနီးအဝေးကို ဆုံးဖြတ်ပေမည်ဖြစ်၏ ။

“ လူလေး လူလေး ၊ ဟဲ့ လူလေး ”

ကိုဆေးရိုးမှာ ဇောဖြင့် လည်းကောင်း ၊ သောက ထန်ပြင်းခြင်းဖြင့် လည်းကောင်း တက်ဟပ်လာသော ချွေးစများကို စောင်ဖြင့် သိမ်းကာ သရက်ပင်ခြေရင်းတွင် ကောက်ရိုးများဖြင့် ကြက်မြုံသဖွယ် လုပ်လျက် ခြေရင်းတွင် ကွေးကွေးလေး အိပ်နေသော ဘညိန်းထံသို့ ချဉ်းကပ်ကာ နှိုးလိုက်သည် ။

“ လူလေး ၊ ဘညိန်း ”

ဘညိန်းကား တုတ်တုတ်မျှ မလှုပ် ။ ကိုဆေးရိုးမှာ နောက်ထပ်မနှိုးတော့ဘဲ သက်မကို ပြင်းထန်စွာ မှုတ်ချလိုက်ရင်း နေရာမှ ထသွား၏ ။

မိုးစင်စင် လင်းလာပေပြီ ။ ကိုဆေးရိုးက စပါးပြန့် အနားစပ်ကို ဂေါ်ကြီးဖြင့် ဆွဖွနေသည် ။ ဘညိန်းက နွားနှစ်ကောင်ကို တပ်ပြီး စပါးကို ဂျုတ်ဖြင့် စုပေးနေ၏ ။ စပါးပုံမှာ အလယ်သို့ တဖြည်းဖြည်း စုလာကာ စပါးစေ့က မြေပေါ်ဝယ် ကွဲကြေနေသည် ။ ယင်းတို့သည် ပုလဲခြယ်သော ရွှေမြေနှယ်လှနေသည် ။ တလင်း၏ တောင်ဘက်ဝယ် ပြန့်ပြူးသော လယ်ကွင်းကြီးမှာ ညိုမှောင်သော နှင်းရုံက လွှားခြုံထားသည် ။ ငှက်ငယ်ကလေးများ၏ အိပ်တန်းဆင်း အရုဏ်တေးက တီတီတွဲ့တွဲ့ ရှိလှ၏ ။ ရွှေရော်ရောင် ရိုးပြတ်ငုတ်များသည် နှင်းရည်ဖြင့် လိမ်းကျံကာ နူးပျော့နေလေသည် ။ သရက်ပင်ထက်မှ နှင်းစက်များက မြရွက်လွှာပေါ်မှ တစ်ဆင့် ပြောင်လက်နေသော တလင်းပြင်ပေါ်သို့ ရစ်ဝဲလာကြ၏ ။

“ တောက် ၊ တယ်လေ ဒီနွားကြီးဟာ ကိုင်း ”

လက်ယာဘက်မှ အလှည့်နွားကြီးသည် နှုတ်သီးစွပ် တပ်ထားသည့်အထဲက စပါးပုံကို တစ်ချက် ဟပ်ထိုးလိုက်သည် ။ နောက်မှ နေပြီး မာန်မဲဟန့်တား နေပါလျက်နှင့် တရှူးရှူး မြည်သော လေသံဖြင့် စုပ်ယူမြဲ စုပ်ယူနေသောအခါ ဘညိန်းက ကျောရိုးကို မြှောင်ပြီး ရိုက်လိုက်၏ ။ သည်လို ရိုက်လိုက်ပြန် တော့လည်း သနားဖွယ်ရာ ကျောကြီးကို ကော့သွားပုံက ကြွက်သားအမျှောင်းကြီးများပင် ထလာ၏ ။ နွားကြီး၏ နှုတ်သီးရမ်းမှုကြောင့် စပါးပုံများ ထိပ်မှ စပါးစေ့များမှာ အဝေးသို့ လွင့်စဉ်ပြန့်ကျဲကုန်သည် ။

“ ဟော ခုမှ စုရတယ် ”

ချောစိန်၏ အသံပင်ဖြစ်၏ ။ ခေါင်းပေါ်တွင် ဆန်ကောတစ်ထပ်ကို ရွက်လာကာ သရက်ပင်ခြေရင်းတွင် ချလိုက်သည် ။ ဆန်ကောထဲတွင် အဝတ်ထုပ် တစ်ခုနှင့် ဆေးလိပ်များ ပါလာ၏ ။

“ ဟေ့ ဆေးရိုး ၊ ပြီးပလားဟေ့ ”

တလင်းသိုက်၏ တောင်ဖျားမှ ဟစ်မေးလိုက်သံကြောင့် ကိုဆေးရိုးက လည်ပြန်ကြည့်ကာ

“ ပြီးပြီဟေ့ ၊ ဟိုဘက်က ထွန်းညံတို့လည်း ခေါ် ခဲ့ပါ ”

“ အေး အေး အေး ”

ချောစိန်က ရေနွေးအိုး မီးထိုးနေစဉ် မကျီးဒန် ရောက်လာသည် ။

“ ခုထက်ထိလည်း တစ်ယောက်မှ မရောက်သေးပါပဲလား ”

သူကတော့ လာလာချင်း မာန်မဲလေ၏ ။ ကိုဆေးရိုး ကဖြင့် လှည့်၍ မကြည့် ။ ဂေါ်ကြီးကို ချထားပြီး နှစ်လံခန့် ရှည်သည့် ပေတံ တံမြက်စည်း ( ပေရိုး တံမြက်စည်း ) ကို ထဆွဲကာ ပြန့်ကပ်နေသော စပါးများကို လှဲစုနေလိုက်၏ ။ မကျီးဒန်က မကျေမနပ်နှင့် မျက်စောင်းခဲလိုက်ပြီးနောက်

“ ဖိုးအုံးတို့ ၊ သာဝတို့ မလာကြသေးဘူးလားဟ ”

အနောက်ဘက်ရှိ တလင်းစုဘက်သို့ လှမ်းအော်လိုက်၏ ။

“ လာမှာပေါ့ဗျ ။ အစောကြီး ရှိသေးတဲ့ဥစ္စာ ”

“ နင်တို့မှာ စောနေ ၊ လာကြပါဟ ။ ဒီရောက်ရင် စားသောက်နေဦးမှာနဲ့ ဘာနဲ့ ”

“ လောလှချည့်လားဗျာ ။ မကြီးမကျီးဒန်ကလည်း ”

“ သေနာကောင်တွေ ၊ စကားများမနေနဲ့ ။ လာရင်လာ မလာရင် နင်တို့ ပေါင်တွင်းကြောတော့ ပြတ်မယ် ကြံထား ”

ယင်းသို့လျှင် ဆဲရင်းဆိုရင်းနှင့် စပါးယပ်မည့် လူများသည် အလျှိုလျှို ရောက်လာကြ၏ ။ ဆောင်းနှောင်း၏ အအေးဓာတ်ကို လုံချည်ကလေးတွေ ကိုယ်စီ ခြုံလျက် ကာကွယ်ထားကြသည် ။ သူတို့မှာ ခိုက်ခိုက်တုန်နေကြကာ မီးဖိုကို ပြေးကပ်ကြ၏ ။

“ ကိုင်း မီးလည်းလှုံ ၊ စားလည်း စားကြ ”

မကျီးဒန်က မုန့်ပေါင်းတစ်ထပ်ကို ဆီပန်းကန်နှင့် အတူချပေးသည် ။

“ ဒီနှစ်မှပဲ ပိုပြီး ချမ်းတယ်ဟေ့ ”

“ မနှစ်တုန်းက ချမ်းတာကို မင်း မေ့နေလို့ပါ ”

“ မဟုတ်ပါဘူးကွာ ။ ဒီနှစ်ဆောင်းတွင်းဟာ မနှစ်တုန်းကဆောင်းတွင်းထက် ပိုပြီး ချမ်းတယ်ကွ ”

ကိုထွန်းညံမှာ ပြောရင်းဆိုရင်း ခိုက်ခိုက်တုန်လာပြန်သည် ။ မုန့်ပေါင်း တစ်ခုကို လှမ်းယူကာ ဖက်ကို ဆွဲခွာလိုက်ရာ ငချိပ်တစ်ဝက် ကောက်ညှင်းအဖြူတစ်ဝက်သည် အငွေ့ တထောင်းထောင်းဖြင့် ပေါ်လာသည် ။

“ ဆန်ကောတေကော ကောင်းရဲ့လားဟေ့ ”

ကိုဖိုးအုံးက နေရာမှ ထရင်း မေးလိုက်ရာ “ ရသလောက် ငှားလာတာပဲ တော်ရဲ့ ၊ ကြိုက်တာကို ရွေးယူပေါ့ ”

ချောစိန်က ပြန်ပြောလိုက်လေသည် ။

ကိုဆေးရိုးတို့မှာ လေလာသည့် နေရာသို့ တကူးတက သွားပြီး လှေ့မနေနိုင်သောကြောင့် အမှုန်အမှော်များကို လူအားနှင့် ယပ်ပစ်ခြင်းဖြစ်သည် ။

“ ကိုယ့်စပါးပဲကွာ ၊ ဝှေ့လိုက် ပြီးရော ”

ကိုဖိုးအုံးက ကွမ်းပလုတ်ပလောင်းနှင့် ပြောသဖြင့်

“ မထူးပါဘူးကွာ ၊ လှေ့တာနဲ့ ယပ်တာ နာမည်သာ ကွဲတာပါ ။ စပါးကျတော့ အတူတူပါပဲ ”

“ မတူပါဘူးကွာ ”

ကိုသာဝက ထလာပြန်၏ ။

“ ဘာဖြစ်လို့ မတူရမှာလဲကွ ။ လှေ့တဲ့ စပါးကကော ၊ အောင်တဲ့စပါးတွေ အဖျင်းထဲ ပါကုန်မှာစိုးလို့ ခုတ်ယူရတာပဲမဟုတ်လား ။ အရင်တုန်းကဆိုရင် အမှော်ကို ချန်ပြီး အဖျင်းတေ အကုန် ပြန်ထည့်တာပဲ မဟုတ်လား ၊ ကိုင်း ”

“ ဟ ဟိုတုန်းကဟာကို ထည့်ပြောလို့ ဖြစ်မလားကွ ။ ဟိုတုန်းကတော့ လယ်ရှင်ကို ညစ်ချင်လို့ လေနဲ့ လွင့်သွားတဲ့ အဖျင်းတေကို ပြန်ယူပြီး ရောတာကွ ။ အခု ဘယ်သူ့ ပေးရဦးမှာလဲ ”

ကိုသာဝမှာ ပြောရင်းဆိုရင်း သွားရည်တွေ ကျလာသဖြင့် ဝိုင်းရယ်လိုက်ကြလေ၏ ။ ကိုဆေးရိုးက ခပ်ယဲ့ယဲ့ ပြုံးလိုက်ရာက

“ ဟိုတုန်းကဟာလည်း ဟိုတုန်းကဟာပဲ ။ အခုလည်း အခုပဲကွ သာဝရ ။ ရေ မအောင်လို့ စပါး အထွက် ဆုတ်မယ် ဆိုတာကို သိနေရက်နဲ့ လှေ့ရမလားကွ ။ ဖြစ်နိုင်ရင် ယပ်တောင် မယပ်ချင်ဘူးကွာ ။ ဒါ့ထက်ပိုပြီး ဖြစ်နိုင်ရင် ခဲတေတောင် ကျုံးထည့်ချင်သေးတယ် ”

“ တော်ပါတော့ကွာ ”

“ စပါးထွက်က လျော့တဲ့ အထဲမှာ ဆီတစ်ပိဿာကို ရှစ်ကျပ်ဖြစ်သွားပြီကွ ။ ဒါပေမဲ့ စပါးဈေးက တို့လက်ထဲမှာ စပါးရှိတုန်းတော့ သုံးပိဿာ အစိတ်တင်း ၊ သုံးပိဿာထက် ပိုမရှိဘူးကွ ။ ဆပ်စရာ ကြွေးတွေကလည်း သောက်သောက်လဲ ၊ ပေးရ ဆပ်ရမယ့် ဌာနတွေကလည်း မနည်း ”

ကိုဆေးရိုး၏ စကားက တတိတတိနှင့် ကျွံ၍ ကျွံ၍ လာလေသောကြောင့်

“ ကိုင်းကွာ လာကြထကြ ” ဟု ကိုဖိုးအုံးက စကားစကို ဖြတ်ပစ်လိုက်သည် ။

“ ထွန်းညံ ထိုးကွာ ၊ ငါ ကျုံးပေးမယ် ”

“ ဟာကွာ မထိုးချင်ဘူး ”

“ ကိုင်း ကိုင်း ၊ ကျွန်တော် ထိုးမယ် ”

ဘညိန်းက ဆန်ကောနှစ်ချပ်ကို ယူကာ စပါးပုံဆီ ထသွားလေသည် ။ ကျန်လူများက ခေါင်းကို ပုဆိုးဖြင့် စည်းကာ ကောက်ရိုးမျှင် အနည်းငယ်ကို ချိုးလုံးပြီး ဆန်ကောနှုတ်ခမ်းတွင် ခုပြီး ကိုင်လျက် ဝိုင်းနေလိုက်ကြ၏ ။

ကိုဖိုးအုံးက စပါးပုံ အောက်ခြေကို ဆန်ကောတစ်ချပ်ဖြင့် ထိုးယူပြီး ဘညိန်းကို လှမ်းပေးသည် ။ ဘညိန်းက လက်နှစ်ဖက်ကို ခပ်လိမ်လိမ်ကလေး ထားပြီး ဆန်ကောထဲမှ စပါးများကို လူအုပ်၏ အလယ်သို့ ပစ်ကြဲလိုက်၏ ။ ညာဘက် လက်ပေါ်သို့ ထပ်လျက် လိမ်နေသော ဘယ်ဘက်လက်သည် နေရာမှန်သို့ ပြန်ရောက် သွားရုံသာမက ညာဘက်လက်ကပင် လာရောက် လိမ်ထပ်နေပြန်သည် ။ လက်နှစ်ဖက်၏ လိမ်ထပ်ခြင်း အရှိန်သည် ဆန်ကောတွင်းရှိ စပါးစေ့များကို ချာချာ လည်သွားစေ၏ ။ စပါးစေ့များသည် အလယ်တွင် အပေါက်ဖြစ်လျက် ဝဲကျသွားသည် ။ ဆန်ကော ကိုယ်စီနှင့် ရပ်နေသူများက စပါးနှင့်အတူပါလာသော အမှော်များ ငြိမ်ကျမသွားမီ ဆီးကြိုပြီး တအားကုန် ခပ်ထုတ်ပစ်ကြသည် ။ လေဟာထဲတွင် အရှိန်ပြင်းစွာ လှုပ်ယမ်းနေသော ဆန်ကောများ၏ အသံက ဝှီးခနဲ ဝှီးခနဲ မြည်နေ၏ ။ အမှော်များသည် လေဖြင့် လွင့်သွားကာ ဝင်းသန့်သော စပါးစေ့ကလေးများက လှပစွာ တင်ကျန်ရစ်ခဲ့သည် ။ တစ်ချက်ချက်တွင် ပြင်းထန်သော လေအဟုန်ကြောင့် စပါးစေ့ကလေးများမှာ ဦးထောင်လုလု ကြွသွားလေ၏ ။

“ ဖြည်းဖြည်းနဲ့ မှန်မှန် ခပ်မြှောက်မြှောက်ကလေးထိုး ”

ဘညိန်းသည် ဆန်ကောအလွတ်ကို ကိုဖိုးအုံး၏ ဘေးတွင် ပစ်ချလိုက်သည် ။ ကိုဖိုးအုံးက အသင့်ကျုံး ထားသော ဆန်ကောကို ပေးရင်းက ပြောလိုက်ရာ

“ ထိုးစမို့ ကောင်းကောင်း မဝိုင်းဘူးဗျ ”

“ ဖြည်းဖြည်းတော့ ဝိုင်းမှာပေါ့ကွာ ”

ဘညိန်း၏ လက်ထဲမှ ဆန်ကောသည် ဝိုင်းလည်လျက် အပေါ်သို့ မြောက်တက်သွားရာက ပြန်ကျလာသောအခါ အလယ်တွင် အပေါက်ဖြစ်သွားသော စပါးစေ့များသည် ဖွားခနဲ ကျလာ၏ ။

“ အဝိုင်းနည်းနည်း ကြီးတယ်ဟေ့ ”

အုန်းမောင် ဆိုသူက ပါးစပ်မှ ပြောရင်း တအား ကျုံးခပ်လိုက်ရာ လက်ထဲမှ ဆန်ကောသည် လေကို ဒေါင်လိုက် ထိုးဖောက်ပြီး လက်ထဲမှ လွတ်ထွက်သွားသည် ။ ကိုထွန်းညံ မှာ ငုံ့ရှောင်လိုက်သောကြောင့် ဆန်ကောက တလင်းပေါ်သို့ ဒေါင်ခနဲ ကျသွားလေသည် ။

“ ချောစိန်တို့ ကလည်းဟာ စလင်းဆန်ကောလေး ဘာလေး စုဆောင်းထားရောပေါ့ ”

အမှန်မှာ အုန်းမောင် လက်ထဲမှ လွတ်ထွက်သွားသော ဆန်ကောသည် စလင်းဆန်ကော ဖြစ်၏ ။ စလင်းဆန်ကောသည် ဗြက်မာသောကြောင့် ဆန်ပြာလို့လည်း မကောင်း ၊ စပါးယပ်ရာမှာ အသုံးမကျ သောကြောင့် ရွဲ့ပြောလိုက်ခြင်း ဖြစ်သည် ။

သို့သော် စလင်းဆန်ကောက ဈေးချို၏ ။ လူကြိုက်များပြီး ဗြက်ပျော့သော အုပ်သျှစ်ကုန်းဆန်ကောက ဈေးကြီးသောကြောင့် ဈေးချိုရာကိုသာ ဝယ်ယူသုံးစွဲသူ များ၏ ။ ချောစိန်က လူပျိုတစ်ယောက်ကို ဟက်ဟက်ပက်ပက် စကားပြန်ပြောလျှင် သေ တတ်သည် ဟူ၍များ မကျီးဒန်က သင်ထားသလား မသိ ၊ မျက်စောင်း ထိုး၍ ကြည့်ရုံသာ ကြည့်လိုက်၏ ။

“ ဟန်ကြီးပန်ကြီး နိုင်လိုက်တာ ”

အုန်းမောင်က ဆန်ကော ကောင်းကောင်း တစ်ချပ်ကို ရွေးယူပြီး ချောစိန် အနားက ဖြတ်ပြန်လာရင်းက မကျေမနပ် ပြောသွားလေသည် ။ ချောစိန်မှာ သူ့ကို ဒီလို ပြောရပါ့မလားဟု အသားတဆတ်ဆတ် တုန်နေခဲ့၏ ။ ချောစိန်ကို တစ်ခါ လိုက်စကားပြောဖူးသော ထွန်းညွန့် ကလည်း စပါးယပ်ရာက စောင်းအကြည့်တွင် အုန်းမောင် ပါးစပ်လှုပ်သွားသည်ကို မြင်လိုက် သောကြောင့် ရင်ထဲတွင် စလုံးစခု ဖြစ်သွားသည် ။

ထို့ကြောင့် အုန်းမောင်ကို အမျက်ထားသော မျက်လုံးဖြင့် စွေကြည့်လိုက်လေသည် ။ စပါးယပ်သည့် ဘက်မှ တစ်ချီယပ်လိုက်တိုင်း အမှုန်များသည် ခုန်ကြွလာ၏ ။ ဘညိန်းနှင့် ကိုဖိုးအုံးတို့၏ တစ်ကိုယ်လုံးဝယ် အမှော်ဖြင့် ပိန်းနေလေသည် ။ စပါးပုံကြီးမှာလည်း တစ်ခြမ်းလှီးထားသော မုန့်စိမ်းပေါင်းကြီးလို ဖြစ်နေ၏ ။

“ အောင်မယ် အောင်မယ် ”

ထွန်းညွန့်က စပါးပုံတွင် ကပ်နေသော အမျှင်ကို ယပ်ထုတ်နေသည် ။ ကောက်ရိုးမျှင်က ကုပ်ကပ်နေသည် ။ ထွန်းညွန့်မှာ နောက်ဆုံးတွင် “ ကိုင်း တတ်နိုင်သေးလား ” ဟု ဆိုကာ လက်နှင့် ကောက်ယူပစ်လိုက်သည် ။ စပါးပုံမှာ မြင့်ချွန်လာပြီ ဖြစ်သောကြောင့် အခြေပြန့်ပြီး အရပ်နိမ့်သွားစေရန် ခဏခဏ ဖြိုပေးနေရ၏ ။ ဖြိုပေးပြီးတိုင်းလည်း ထိပ်တွင် ချွန်နေစေ ရသည် ။

မည်မျှ ဖြိုပေးသော်လည်း စပါးပုံက ကြီးလွန်း လာသောအခါတွင် လေက ဆွဲတိုင်း မပါ ။ ဆန်ကော ကလည်း လွတ်လွတ်လပ်လပ် မယမ်းနိုင်တော့သောကြောင့် အမှော် မစင်တော့ပေ ။

“ ကိုင်းဟေ့ တစ်ပုံ ခွဲကြဦးစို့ ၊ နားကြဦး ”

ကွမ်းစားသူက စား ၊ ဆေးလိပ်သောက်သူက သောက်နေကြစဉ် ဘညိန်းက ယပ်ပြီးသား စပါးပုံကို ကောက်ရိုးနှင့် အုပ်ပြီး ဖျာနှင့် ထပ်ဖုံးသည် ။ ကိုဆေးရိုးက နောက်ထပ် ယပ်မည့် နေရာကို ပေတံမြက်စည်းဖြင့် လှဲနေ၏ ။ မကျီးဒန် ကတော့ ဆေးလိပ်ကြီး အငေါ့သားနှင့် ပြုံးကြည့်နေသည် ။

သူ၏ ပါးစပ်က တတွတ်တွတ်ဖြင့် “ စပါးထွက်အောင် မပါ ရှင်မ ။ မ ပါ ၊ မ ပါ ” ဟု ရေရွတ်နေသည် ။ သူ၏ ခေါင်းပေါ်မှ သရက်ပင်ခွကြားတွင် ပုံးမကြည် တင်ထားသော ရွှေသီးအလှိုင်းကြီးက ဖြိုးအက်လျက် ၊ ရွှေဝါရွက်များက လေလာတိုင်း လူးလွင့်နေကာ “ မပူနဲ့ ၊ စပါးထွက်အောင် ငါ မ နေသဟဲ့ ” ဟု ပုံးမကြည်ရှင်မ၏ ကိုယ်စား ပြောတော့သယောင် ထင်နေရစေ၏ ။

ဆွမ်းခံပြန်ချိန်တွင် စပါးယပ်၍ ပြီးသွားလေသည် ။ အချို့က ကိုယ့်တလင်းသို့ အမြန်ပြန် ပြေးကြ၏ ။ အချို့ကမူ နွားစာကျွေးရန် ခပ်ထားသော ရေများဖြင့် မျက်နှာသစ်ကာ နှာခေါင်းထဲရှိ အမှော်များကို ဆေးထုတ်ပြီးနောက် ဝိုင်းဖွဲ့၍ လက်ဖက်ရည် သောက်နေကြ၏ ။

ဘညိန်းက စပါးပုံနှစ်ပုံကို ဂျုတ်ဖြင့် ဆွဲပေါင်းနေသည် ။ ကိုဆေးရိုးက တံမြက်စည်းဖြင့် လှည်းကျင်းနေ၏ ။ ဟိန်းနေသော စပါးပုံမှာ မားမားကြီး ရှိနေသည် ။

“ သုံးရာကွာ ၊ သုံးရာ ”

“ မရှိပါဘူးကွာ ။ လွန်ရောကျွံရော နှစ်ရာ့ငါးဆယ်ကွာ ”

ကိုထွန်းညံနှင့် ကိုသာဝက လက်ဖက်ရည်ကိုပင် မသောက်နိုင် ။ လက်သီးလက်မောင်းတန်းပြီး ငြင်းနေကြတော့၏ ။ ကိုဆေးရိုး ကတော့ အခြေကို ခြေဖဝါးနှင့်တိုင်းပြီး အမြင့်ကို ခါးဖြင့် လျာထားတိုင်းဆ ပြီးကတည်းက နှစ်ရာကျော်ရင် ဆယ်တောင်းပဲဟု မှတ်ချက်ချလိုက်ကာ မသက်မသာ သက်ပြင်းရှိုက် လိုက်ရှာ၏ ။ သို့ရာတွင် ကိုသာဝက သုံးရာဟု ငြင်းချက် ထုတ်လာပြန်သောအခါ သူ့မှာ ယောင်ဝါးဝါး ဖြစ်သွားသည် ။ ငါများ အတိုင်း မှားရော့သလားဟု ဒွိဟ ဖြစ်လာရ၏ ။

“ သုံးရာကွာ ၊ သုံးရာ ”

“ သာဝရာ ၊ မင်း စွတ်စွတ်မငြင်းနဲ့ ”

“ မငြင်းပါဘူးကွ ။ သုံးရာမှ သုံးရာ ၊ သုံးရာနဲ့တောင် မြည်သေး ”

“ ဟား ဟား ဟား ”

ဝမ်းခေါင်းသံကြီးဖြင့် ရယ်မောသံလာရာဘက်သို့ ပြိုင်တူလှည့်ကြည့်လိုက်မိကြသည် ။ သူတို့၏ နောက်နားတွင် ဘယ်အချိန်က ရောက်နေသည် မသိသော စပါးအဝယ်တော် နှစ်ယောက်သည် ပြုံးဖြီးဖြီးနှင့် တိုးလာကြကာ ခပ်ဝဝလူက ကိုသာဝကို လက်ညှိုးထိုးပြပြီး

“ ခင်ဗျား မှန်းတာက ကျုပ် မှန်းတာနဲ့ နည်းနည်းပဲ ကွာတယ် ”

“ ဘယ်လောက်များ ကွာလို့လဲဗျာ ”

“ ကျုပ်က ငါးရာမှန်းတယ် ”

ယင်းခပ်ဝဝလူသည် ကုတ်အင်္ကျီကို ဟဖြဲပြီး ယပ်ခတ်နေလိုက်ရာ

“ ဟာ ကိုခင်မောင် ၊ ဒီတစ်ခါ ခင်ဗျား လွဲပြီဗျ ”

အဆိုပါ ကိုခင်မောင် ဆိုသူနှင့်အတူ ရောက်လာသော ခပ်ပိန်ပိန် ကိုဘလင်း ဆိုသူက ပြောလိုက်ရာ ကိုခင်မောင် မှာ ချောစိန် လို အပျိုချောရှေ့တွင် သူ့ အပေါ် လာပြီး လူလည် လုပ်သည်ဟု ထင်ကာ မခံချင်သော မျက်နှာဖြင့် မေးငေါ့ကာ

“ ဆိုစမ်းပါဦး ကိုယ့်လူရ ” ဟု ပါးစပ်ကို ရွဲ့၍ မေးလိုက်သည် ။

“ စပါးပုံက ကုန်းနည်းနည်းကျတယ်ဗျ ။ ဒါကြောင့် လေးရာ့ငါးဆယ်လောက်ပဲ ရှိမယ် ”

ကိုခင်မောင်က သရော်ရယ်ရယ်ပြီး စပါးပုံ ဆီသို့ ချဉ်းကပ်သွား၏ ။ သူ၏ ခွာသံက တလင်းပြင်ဝယ် မြည်ဟည်းလာသည် ။ မကျီးဒန်မှာ လယ်သမားထုံးစံ တလင်းထဲတွင် ဖိနပ်စီးသောအလေ့ မရှိပါဘဲနှင့် ဖိနပ်ကြီးဖြင့် လျှောက်သွားသော သူကို ခံပြင်းသော မျက်စောင်းဖြင့် ထိုးကြည့်လိုက်သည် ။ ကိုခင်မောင်၏ ခွာအောက်ဝယ် တလင်းပြောင်မြေမှာ အက်ကွဲကြေမွကုန်၏ ။

“ ငါးရာပါ ကိုဘလင်းရာ ။ ငါးရာက ဝမ်းတင်း တောင် မိုးမဖြစ်ပါဘူး ”

သူ၏ ဝမ်းတင်းမှာ တစ်ရာ့တစ်ဆယ်ကို ဆိုလိုသလား ၊ တစ်တင်းကို ဆိုလိုသလား မသိရသော်လည်း ကိုသာဝတို့က ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေသည် ။ မကျီးဒန် ကတော့ သူတို့ မမြင်အောင် မျက်စောင်းခဲနေ၏ ။

“ ဖိုးဖစ်ဖတီးပါ ကိုခင်မောင်ရာ ၊ အရှုံးပေးစမ်းပါ ”

“ ဟဲ ဟဲ ၊ ပြဿာနာတစ်ရပ်ကို လက်တွေ့ဖြေရှင်းမှုဖြင့်သာ အဖြေထုတ်ရမယ် ကိုဘလင်းရဲ့ ။ ကိုင်း တစ်ဆယ် ပေးမယ် ၊ ဘယ်သူ ခြင်မလဲဗျို့ ”

“ ကျုပ်ခြင်မယ် ”

ကိုသာဝက စွေ့ခနဲ ထလာရာ

“ ဒါဖြင့်လုပ်ဗျာ ”

ကိုခင်မောင်သည် ကိုသာဝကို လှမ်းပြောရာက ကိုဘလင်း ဘက်သို့ လှည့်သွားပြန်ကာ “ တစ်ရာကြေး လောင်းမလား ကိုဘလင်း ” ဟု မေးလေ၏ ။

“ အိုး ရက်စ် ၊ ဟဲ ဟဲ ”

နွားမတန်းမကလေးတည်း ဟူသော ချောစိန်ကို အကြောင်းပြုပြီး ကြက်ဆူပင် နွားသိုး နှစ်ကောင် ချို သွေးကြရာ မကျီးဒန်တို့မှာ ကြားထဲမှ မနက်စာ အချောင်ငတ်လေသည် ။ မကျီးဒန်မှာ သိချင်ဇောကြောင့် ရင်တဖိုဖိုနှင့် ထမင်းကိုပင် မေ့နေရှာ၏ ။ ကိုခင်မောင် နှင့် ကိုဘလင်းမှာ စီးကရက်ကို တစ်လိပ်ပြီး တစ်လိပ် ဖွာကာ စပါးကျုံးပေးသော ကိုထွန်းညံကို လည်းကောင်း ၊ တင်းတောင်းထဲသို့ လောင်းထည့်နေသော ကိုသာဝကို လည်းကောင်း စတုတ်တိုက်သည့် ကိုဖိုးအုံးကို လည်းကောင်း လမ်းသလားလျက် ကြည့်နေကြသည် ။

“ ချိုးဗျ ”

“ ရှစ်တောင်း ”

ကိုသာဝက အော်လိုက် မကျီးဒန်က ချိုးလိုက်နှင့် ၁၉ လဲနှင့် ၉ တောင်းသို့ ကျသောအခါ စပါးပုံမှာ ကုန်သွားလေပြီ ။ အကတ်အသတ်ကို ခြစ်ခြုတ်ပြီး ခြင်လိုက်ပြန်ရာ တစ်တောင်းရသဖြင့် အလဲ ၂ဝ ။ တင်းရေ နှစ်ရာ ဖြစ်သွားသည် ။ ကြက်ဆူပင် နှစ်ပင်မှာ ရှက်ကိုး ရှက်ကန်းနှင့် ငွေတစ်ဆယ် ပေးကာ ထွက် သွားကြ၏ ။

မကျီးဒန်၏ မျက်လုံးအစုံမှာ မျက်ရည်ဖြင့် ဝန်းခြယ်နေပါသည် ။ ငါးဆယ်စိုက် ဆယ်ဧကရှိသော လယ်တစ်ပွဲက စပါး ၂ဝဝ သာ ထွက်ရာ တစ်ဧကမှ စပါး ၂ဝ သာ ထွက်သည် ။ ဝမ်းစာဖယ်ထား ၊ ကြွေးနှင့် အမတော်ကြေး လယ်စရိတ်မျှပင် မကျေပါကလား ။ မကျီးဒန်က သရက်ပင်ခွကြားမှ ပုံးမကြည်ရှင်မကို မော့ကြည့်သည့် ။ ရှင်မသည် တုတ်တုတ်မျှ မလှုပ် ။ မကျီးဒန်မှာ ထိန်းထားသည့် ကြားမှ မျက်ရည်များ စီးကျလာ၏ ။ ကိုဆေးရိုး၏ ရင်ထဲမှာမူ အဝယ်တော် နှစ်ယောက် ပစ်ထားခဲ့သော စီးကရက်တိုလို တမြည့်မြည့်လောင်ကျွမ်းနေ၏ ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment