❝ ကျောင်းအဆင်းမှာ ❞
⎕ ကိုခေး
နောက်ဆုံးအချိန် ရောက်ပြီ ။
နောက်ဆုံးအချိန် ရောက်ပြီဆိုမှ မိုးက အုံ့အုံ့နေသည်မှာ သုံးရက် ရှိပြီ ။ မိုးအုံ့လျှင် စာသင်ရသည်မှာ စိတ်မဖြောင့်တော့ ။ စာထဲတွင် စိတ်မဝင်စားချင်တော့ ။ ကျောင်းလွှတ်ချိန် မိုးရွာလျှင် ခက်မည် ။ ကျောင်းဆင်းချိန်တွင် မိုးမရွာစေချင် ။
အဖေ ရွာပြန်သွားနေစဉ် ဆောင်းခွင့်ရသော ထီး ကောက်ကြီးတော့ ပါလာသား ။ စာရေးခုံအံအတွင်းမှာ ရှိနေသည် ။ သူတကာလို ခေါက်ထီး မဆောင်းနိုင်ပေမယ့် ထီးကောက်ကြီး ရှိနေသေးတာပဲ တော်တော့သည် ။
ထီးရှိပေမဲ့ ကျောင်းအဆင်း အိမ်အပြန်မှာတော့ မိုးမရွာစေချင် ။ မိုးမမိချင် ။ မိုးရွာလျှင် ထီးမဆောင်းချင် ။ မဆောင်းချင်ရအောင်ကလည်း ထီးကောက်ကြီးမှာ အရာရာအကြောင်းကြောင်း ရှိသည် ။
မိုးတွေ ပြိုမလို အုံ့လာပြီထင်၏ ။ အတန်းထဲတွင် မှောင်လာပြီ ။ သူငယ်ချင်းဌေးမောင်၏ နာရီကို လှမ်းကြည့်တော့ ကျောင်းဆင်းရန် ငါးမိနစ်မျှသာ လိုတော့သည် ။ စာသင်နေသော ဆရာမကလည်း လက်စဖြတ်လိုက်ပြီ ။
ကျောင်းအဆင်းမှာ ရှေ့ဆုံးက ပြန်နိုင်ဖို့ စာအုပ်တွေကို လွယ်အိတ်ထဲ စုထည့်ရ၏ ။ ထီးကောက်ကြီးကိုလည်း စာသင်ခုံ ခြေထောက်နှင့်ကပ်၍ ထောင်ထားပြီး “ ဒေါင် ” ဟူသော ကျောင်းဆင်းသံချောင်း ပထမအသံ ကြားရစဉ်မှာ ပထမခြေလှမ်း လှမ်းပြီးဖြစ်ရန် လိုသည် ။ အခန်းမှ အထွက်နောက်ကျလျှင်တော့ ကျောင်းအထွက်တံခါးဝမှာ ကြာနေမည် ။ တံခါးဝမှာ စုပြုံတိုးနေရလျှင် နောက်ကျသွားမည် ။
မျှော်လင့်သော သံချောင်းသံ အကြားတွင် “ မင်္ဂလာပါ ဆရာမ ” ကို ကတိုက်ကရိုက်ဆို၍ ပြေးထွက်ရသည် ။ အတန်းထဲမှ ရှေ့ဆုံးက ထွက်ခဲ့သည် ။ မိုးသက်လေတို့ တိုက်နေပြီ ။ လေထဲတွင် စိုထိုင်းဆများနေပြီ ဖြစ်၏ ။ ကြယ်သီးစုံအောင် မရှိ၍ တွယ်ချိတ်ဖြင့် အတွင်းမှ ဝှက်၍ ထိုးထားရသော နေရာမှ လေအေးအေးက ဝင်လာသည် ။ ကြက်သီးများပင် ထမိ၏ ။
ဘယ်အတန်းကမျှ ကျောင်းသားများ ထွက်မလာကြသေး ။
“ စောင့်ပါဦး ကိုထွေးရ ”
ခေါင်းကြီး အမည်ရ စိုးဝင်းက နောက်မှ အပြေး လိုက်လာသည် ။ ခပ်မြန်မြန်လျှောက်သော ခြေလှမ်း ကြောင့် မြေကြီးပေါ်ခင်းထားသော တံတားအောက်မှ ရေများ လှုပ်ခတ်သွားသည် ။ ရေအလှုပ်ကြောင့် ဆယ်တန်း ( စီ ) စာသင်ခန်းနှင့် တံတားအကြား အလယ် လောက်တွင်ရှိသော တစ်ဖက်ပြတ် ဖိနပ်ကလေးတစ်ရံက လှုပ်ခတ်လျက် ။
ဖိနပ်ကလေးအား စိတ်မကောင်းစွာ ကြည့်မိသည် ။ သည်နေ့လည်း အကြံမမြောက် ။ မိုးလွတ်အောင် သွားဖို့က အရေးကြီးသည်လေ ။ ဖိနပ်ကလေးကို ငေးရင်း ခေါင်းကြီး မီလာအောင် စောင့်သည် ။ ခေါင်းကြီးခြေလှမ်းကလည်း အကျဲသား၊ နှစ်ယောက်အတူ ပြန်နေကျမို့သာ စောင့်ရသည် ။ သူ ရှေ့က အရင်ရောက်နေလျှင် လိုက်ရသည်မှာ မလွယ် ။
ဝင်းတံခါးဝတွင် လူပြုံ မတိုးရ၍ ခပ်သွက်သွက် ထွက်ခဲ့ကြ၏ ။ ဖြတ်လမ်းဖြစ်သော လမ်းတိုအုတ်လမ်းကလေးအရောက်တွင် ခြေချော်မှာစိုး၍ သိပ်မြန်မြန် မလျှောက်ရဲတော့ ။ ချော်လျှင်လည်း မလဲရအောင် လမ်းဘေးမှ ဗိုလ်ကတော် မျက်ခုံးပင်တွေကို အားပြုသွားရ၏ ။
“ မင်းမှာ ထီးပါသားပဲ၊ ဖြည်းဖြည်း သွားရအောင် ”
“ ထီးပါပေမဲ့ မိုးမိရင် လုံချည်တော့ စိုမှာပဲကွ ။ မနက်လုံချည် မခြောက်ရင် ကျောင်းတက်ရ ခက်နေဦး မယ် ”
“ အေး ဟုတ်တော့ ဟုတ်တယ် ”
“ မိုးက သိပ်မှောင်လာပြီ၊ လွတ်ချင်မှ လွတ်မယ် ။ လျှောက်လိုက်ကြဦးစို့ ”
အုတ်လမ်းတိုမှ ကားလမ်းသို့ အတက်တွင် ခပ်မြန်မြန် လျှောက်ရပြန်၏ ။ ဈေးသိမ်းချိန်ပေမယ့် တစ်နေ့လုံး လျှောက်ထားကြသောကြောင့် ကတ္တရာလမ်းက စိုစိစိ ။ ခြေနင်းမလုံသော ဖနောင့်ပြတ် ဖိနပ်ကလေးထဲသို့ ဗွက်တချို့ ဝင်လာ၍ထင်၏ ။ ဖိနပ်စီးရသည်မှာ ချော်ချိချိ ၊ လမ်းထောင့် အမှိုက်ပုံဘေး အရောက်တွင် ရေအိုင်၌ ရေဆေးရင်း ပြုနေကျအတိုင်း အမှိုက်ပုံဆီသို့ လှမ်းကြည့်မိ၏ ။
အပြာရောင်လေး လှမ်းတွေ့ရ၍ အားရဝမ်းသာ ဆက်ကြည့်မိသည် ။ ကလေးစီး ဖိနပ်ကလေးပါ ။ စိတ်ပျက် စွာ သုတ်သုတ် လှမ်းသွားရ၏ ။ ကားလမ်းနှင့် ရထားလမ်း ဆုံရာ သံတံခါး အရောက်တွင် ရထားသံလမ်းဘက်ကွေ့၍ လျှောက်ကြ၏ ။
ဖိနပ်ပြတ် ဆိုသည်ကလည်း လွှင့်ချင်ရာ လွှင့်ပစ်ထားခဲ့တတ်စမြဲ၊ သို့သော်လည်း အမှိုက်ပုံတို့၊ ရထားသံလမ်းဘေးတို့တွင် အတွေ့ရ များတတ်သည် ။ သံလမ်း တစ်လျှောက် ဝဲယာ ရှာမိ၏ ။
ဖနောင့်နေရာ ပါးလာကတည်းက လမ်းသွားရင်း ဖိနပ်အပြတ်တွေ ရှာနေတတ်သည်မှာ ကြာပြီ ။ သဲကြိုးကတော့ ခိုင်သေးသည် ။ အဖေ ရွာကို နောက်ဆုံး မပြန်ခင်က အမ်စီကြိုး အသစ်တစ်စုံ ဝယ်ပေးခဲ့သည် ။ ဖိနပ်အသစ် ဝယ်ပေးရန် ပြောသော်လည်း သဲကြိုးသာ လဲပေးခဲ့သည် ။ ယခုတော့ ဖနောင့် နေရာမှာ ပါး၍ ပြတ်သွားပြီ ။ သံလမ်းမှ ကားလမ်းဆီသို့ ဖြတ်အဆင်းတွင် မိုးစက် တချို့ ကျလာသည် ။ အပြေးမဆင်းရဲ ။ ဖနောင့်ပြတ်နေ သော ဖိနပ်ကလေး၏ သဲကြိုးပေါက်တို့လည်း ကျယ်နေပြီ ။ အပြေးဆင်းလျှင် ကိုယ်အလေးချိန်ကို မခံနိုင်၍ သဲကြိုးများ ပြုတ်ထွက်သွားလိမ့်မည် ။ ခရီးပိုဖင့်နေမည် ။
အိမ်ဘက်သွားရာ အုတ်လမ်းပေါ်သို့ အရောက်တွင် မိုးစက်တို့ ပို၍ စိပ်လာ၏ ။
“ ထီးဖွင့်ကွာ ကိုထွေး ”
ဆေးလိပ်ခုံမှ ပြန်လာဟန်တူသော အမျိုးသမီး တစ်သိုက်ကလည်း ရှေ့တူရူမှ ခပ်သုတ်သုတ် လှမ်းလာ ကြ၏ ။ လမ်းပေါ်မိုးနေသော သစ်ပင်ရိပ်အောက်တွင် ရပ်၍ ထီးကို ဂရုတစိုက် ဖွင့်လိုက်၏ ။
ဂရုစိုက်သည့်ကြားက ထီးကောက်ကြီးက အစွမ်းပြတော့သည် ။ ခရိုင်တွင် ချုပ်၍ စည်းထားသော သံကြိုး ပြတ်နေ၍ ထီးကိုင်းများက ခေါင်အုပ်ကို ဖောက်ထွက်လာကြသည် ။ ထီးကား မပွင့် ။ အနားက ဖြတ်သွားသော အမျိုးသမီးများက ပြုံးသွားလေသလား မသိ ။ ရှက်လျှင် ဖြစ်တတ်သော မျက်နှာနီနီကိုလည်း တွေ့သွားကြလိမ့်မည် ။
ထီးကိုင်း၏ ခေါင်းများကို ခရိုင်၌ တစ်ခုစီ ထိန်း၍ ပြန်ထည့်ရသည် ။ ခိုနေသော သစ်ရိပ်က မလုံလှ၍ မိုးစက်တို့က တပေါက်ပေါက် ။ ထီးဖွင့်၍ ရလိုက်သည့် အချိန်တွင် ခေါင်းပင် တော်တော် စိုနေပြီ ။
နှစ်ယောက်သား လုံချည်တိုတိုဝတ် ၊ လွယ်အိတ် ရေမစိုအောင် ရင်မှာပိုက် ၊ ပခုံးချင်းပူးကာ ထီးတစ်လက် နှင့် ခရီးဆက်ခဲ့ကြသည် ။ မိုးက ပိုသည်းလာ၏ ။ ပိုးပေါက် ကလေးများစွာနှင့် ထီးအရွက်က မိုးစက်အားလုံးကို မကာကွယ်နိုင် ။ ထီးအရွက်အောက်တွင် ပို၍ သေးငယ်သော အမှုန်ကလေးများ ဖြစ်စေ၏ ။ ခေါင်းကြီး ဆံပင်ပေါ် တွင် ရေမှုန်တို့ဖြင့် ဖွေးနေပြီ ။
မိုးရွာ၍ ချော်နေသော အုတ်လမ်းတစ်လျှောက် ဖိနပ်ချွတ်၍ ထိန်းလျှောက်ရင်း အိမ်ရှေ့သို့ ရောက်လာ၏ ။ ခေါင်းကြီးကို ထီးပေးလိုက်ရဦးမည်ဖြစ်၍ အိမ်ထဲအထိ ခေါ်လာရ၏ ။
“ အစ်မရွာသွားလို့ ထီးယူသွားလို့ကွာ ။ ကောက် စိုက်လိုက်နေရင်တော့ ထီးက အားတာ ။ နက်ဖြန် ကျောင်း အတူတူ သွားရအောင် စောင့်နေနော် ”
“ အေးပါကွာ၊ ပြောစရာ လိုသေးလို့လား ။ မင်း ကျောင်းလာမှပဲ ယူခဲ့တော့ ၊ ငါလဲ သွားစရာ မရှိတော့ပါဘူး ”
အိမ်တံခါးကို တွန်းဖွင့်လိုက်တော့ မှိုနံ့ ထုံနေသော ရနံ့က ဆီးကြိုလာ၏ ။ တစ်ယောက်တည်း နေရတာပဲ ဖြစ်သလိုပေါ့ ။
အင်္ကျီကို ချွတ်၍ တန်းတွင် ဖြန့်လှန်းရ၏ ။ ချေးနည်းနည်းပေနေသော်လည်း လျှော်၍ မဖြစ်သေး ။ နေ့ခင်း အပြန် လျှော်လှန်းထားသော အင်္ကျီကလည်း တစ်နေကုန် မိုးအုံ့နေ၍ မခြောက်ချင်သေး ။ လုံချည်ကိုလည်း အစုတ်တစ်ထည်နှင့် လဲ၍ ဖြန့်လှမ်းရ၏ ။ ထမင်းချက်ရင်း မီးဖိုဘေး လွှားထားပြီး ညမှ အိပ်ရာအောက်မှာ စန့်အောင် ထားအိပ်ရသည် ။ မီးခိုးနံ့ နံလည်း မတတ်နိုင်တော့ ။
ထမင်းအိုးတော့ မတည်ချင်သေး ။ ချက်စရာ ဆို၍ ထမင်းတစ်အိုး၊ ငါးပိရည်ကျို တစ်အိုးပဲရှိတာ ။ ဖြည်းဖြည်းမှ တည်လည်း မိုးမချုပ်ခင် ကျက်မှာပါပဲ ။
အိမ်ရှေ့ ဝရန်တာသို့ ပြန်ထွက်လာမိ၏ ။ မိုးက အငြိုးနှင့် ရွာနေသည်ထင့် ။ မိုးစက်မှုန်တို့က ဝရန်တာအထိ ပက်နေ၏ ။ မိုးစက်တို့အောက်မှာပဲ ရပ်နေမိသည် ။ တံတား တုံးလေးတွေ နံဘေးတွင် ကျေးဇူးရှင် ချဉ်ပေါင်ပင်တို့က ထိုးထိုးထောင်ထောင် ။ ခူးဖန်များထား၍ အနုတက်ပင် သိပ်မရှိချင်တော့ ။
အဖေတို့၊ အမေတို့၊ ညီလေး ညီမလေးတို့လည်း ရွာမှာ သည်လို နေမှာပါပဲ ။ ငါးပိရည်ကျိုနှင့် ချဉ်ပေါင်ရွက် ရေလုံပြုတ် နေမှာပါပဲ ။ အဝတ်တွေ မလုံမခြုံနှင့် နေမှာပါပဲ ။ လယ်ထဲက ကဏန်းရလျှင်တော့ ကဏန်းငရုတ်သီးချက်ကလေး ပါချင်ပါမည် ။
တောမှာ ဆိုတော့ ထီးလည်း မလို ။ အသုံးလည်း မဝင်၊ ခမောက် ရှိနေရင် ပြီးပြီပဲ ။ မိုးတွင်းဆို ဗွက်က ထပြီ မို့ ဖိနပ်တော့ လုံးဝမလို ။ ထီးနှင့် ဖိနပ်အတွက် စိတ်ညစ်စရာ မရှိပြီ ၊ မြို့မှာသာလေ ။
ချွတ်ထားသော ဖိနပ်လေးဆီ လှမ်းကြည့်၏ ။ ဖနောင့်နေရာတွင် နှစ်ဖက်လုံး ပြတ်နေပြီ ။ သဲကြိုးက ကျွတ်လုကျွတ်ခင် ။ အောက်ခံအပြာမို့ မူလ အဖြူရောင် အကြား ခြေချောင်းရာ ခြေဖဝါးရာတွေမှာ အပြာရောင်ကွက်လေးတွေ ထင်နေသည် ။ မချော်အောင် ထည့်ထား သော ခြေနင်းမှ အစင်းရာတွေလည်း ချောပြောင်နေပြီ ။ အသစ်လဲ စီးဖို့တော့ ကောင်းပြီ ။
အသစ်လဲ မစီးနိုင်သေးမီ ခုံအကောင်းလေးကို ဤ သဲကြိုးနှင့် တပ်စီးလျှင် အတော် ခံဦးမည် ။
ခုံကောင်းသေးလျက် သဲကြိုးပြတ်၍ ပစ်ထားတတ် သော ဖိနပ်တို့ကို ရှာနေသည်မှာ ကြာပြီ ။ တွေ့တော့ တွေ့ပါ၏ ။ အချို့က ပစ်ထားသည်မှာ ကြာပြီဖြစ်၍ အစင်းကြောင်းလိုက်ပြီး ဆွေးနေပြီ ။ တချို့ကတော့ ဆိုက်ကြီးနေ၍ အရွယ်မတော် ။ တချို့က ကလေးစီးဖိနပ် ။
အရွယ်တော် ကြိုးတစ်ဖက်ပြတ် ဖိနပ်တစ်ရံတော့ တွေ့ထားပြီ ။ ဆယ်တန်း ( စီ ) အခန်းနှင့် တံတားအကြား ရေထဲမှာ ။ သုံးရက်ခန့်ပင် ရှိပြီ ။ တွေ့ပေမဲ့ မကောက်ရဲသေး ။ ကောက်နေစဉ် လူမြင်သွားမှာစိုးသည် ။
ကျောင်းဆင်းအပြီး လူရှင်းချိန်မှ ကောက်ရန် စိတ်ကူးထားသည် ။ ခုရက်တွေမှာ ကျောင်းဆင်းချိန်တိုင်း မိုးက ဆင်ဆင်နေသည် ။ ဖိနပ်သည် မိုးမိစဉ် ထီးအဖွင့်ရ ခက်မှာကို စိုး၍ ယခုထိ မကောက်ရသေး ။
နက်ဖြန်တော့ နေသာပါစေ ဆုတောင်းသည် ။ ဖိနပ်ခုံက လဲမှ ဖြစ်တော့မည် ။ ကောက်ယူရန် အလှမ်း မမီ၍ လှမ်းယူရန် ဝါးကိုင်းလေးပင် တံတားနှင့် ယှဉ်၍ ရေထဲ ချထားပြီး ဖြစ်သည် ။ လူရှင်းချိန်မှာ တုတ်နှင့် လှမ်းဆွဲယူရမည် ။ ဖိနပ်ထည့်စရာ စက္ကူအိတ်ကလေးက အချိန်တိုင်း လွယ်အိတ်ထဲမှာ အဆင်သင့် ။
ကျောင်းမှာ အမှတ်မဲ့ စာရေးခုံအောက် ငုံ့ကြည့် လိုက်မိတိုင်း ဖိနပ်ချင်း ယှဉ်လျက် မြင်ရသော ဌေးမောင်၏ ဆင်ကြယ်တံဆိပ် ယိုးဒယားဖိနပ် အသစ်ကလေးကို အမှတ်ရမိ၏ ။
မိုးမှုန်တို့ကြောင့် မဟုတ်သော ဝေဝါးခြင်းဖြင့် ဝန်းကျင်သည် ပို၍ မှုန်မှိုင်းလာလေ၏ ။ ခဏနေလျှင် မျက်ရည်ကြောင်းတို့ စီးလာလိမ့်မည် ။
••••• ••••• •••••
သည်နေ့ ညနေတော့ နေရောင်ခြည်က တောက်ပနေသည် ။ ရာသီဥတုက သာသာယာယာ ။ မနေ့ကလို ကျောင်းဆင်းချိန်ကို ကြောက်စရာ မလိုတော့ ။ ကသုတ်ကရက် ပြန်စရာ မလိုတော့ ။ ကျောင်းဆင်း သံချောင်း ကြားသည်အထိ ခပ်အေးအေး ၊ စာအုပ်တွေကို မသိမ်းရသေး ။ ဌေးမောင်က အံ့ဩဟန်နှင့် မေးသည် ။
“ စာအုပ်တွေ မသိမ်းသေးဘူးလား ကိုထွေး ၊ ကျောင်းဆင်းပြီလေ ”
“ မသိမ်းသေးဘူးကွာ ၊ အိမ်စာတွေ လုပ်ပြီးမှပဲ ပြန်တော့မယ် ”
အတန်းတစ်ဝက်ခန့် ထွက်အပြီးတွင် သတိရ၍ ခေါင်းကြီးကို ရှာကြည့်၏ ။ အခန်းဝတွင် ရပ်၍ စောင့်နေသည် ။ ခဏနေပါဦး သဘောဖြင့် လက်ကာ၍ တားထား၏ ။ မိန်းကလေးများပင် ထွက်သွားကုန်ပြီ ။ ထွက်မလာ သေး၍ ခေါင်းကြီးက အံ့သြဟန်နှင့် အခန်းထဲ ဝင်လာ၏ ။
“ ပြန်ကြရအောင်လေ ”
“ တော်ကြာမှ ပြန်တာပေါ့၊ နေသာ နေတာပဲ ။ တစ်ခါတလေ နောက်ဆုံးက ပြန်ကြည့်ရအောင် ”
ခေါင်းကြီးက မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည် ။ သူ့ချည်း ပြန်လွှတ်လိုက်ရ ကောင်းမလား ။ ဖိနပ်ကောက်ဖို့ အရေး သူ့ကိုလည်း ပေးမသိချင် ။ အို ဘဝတူချင်းမို့ သိလည်း အထင်သေးမည် မထင် ။ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်မို့ အသိပေးရမည် ။ ပြီးတော့ နှစ်ယောက်အတူတူ ကောက်လျှင် ရှက်စိတ်နည်းမည် ။
ကျောင်သား တစ်သုတ်စီ တစ်သုတ်စီ ပြန်သွားကြပြီ ။ တံတားတစ်လျှောက်တွင် တစ်ယောက်စ နှစ်ယောက်စသာ ကျန်တော့သည် ။
“ ငါ မင်းကို ပြောစရာ ရှိလို့ကွ ”
ပြောရင်း ဖိနပ်ကို ချွတ်၍ သူ့ရှေ့ကို ထိုးပြလိုက်သည် ။ ခေါင်းကြီးက နားလည်သလို ငုံ့ပြီး ပြန်၍ အမေးနှင့် ကြည့်သည် ။
“ ဖနောင့်နေရာတွေ တိုနေပြီကွာ ။ အဲဒါ အသစ် ဝယ်စီးဖို့ ပိုက်ဆံလဲ မတတ်နိုင်တော့ ခုံဟောင်းရရင် ဒီ သဲကြိုးနဲ့ တပ်စီးလို့ရမယ် ”
“ ဒီတော့ ”
“ ငါ ဖိနပ်အပြတ်လေး တစ်ရံ တွေ့ထားတယ်ကွာ ။ အဲဒါ ဖိနပ်ကောက်ရအောင် လူရှင်းတဲ့အထိ စောင့်နေတာ ”
ခေါင်းကြီးက စိတ်မကောင်းစွာ သူ့ခြေထောက်သူ ငုံ့ကြည့်သည် ။
“ မင်းနဲ့ စာတော့ ငါ့ဖိနပ်က တော်သေးတာပေါ့ ။ ဒါလဲ ငါ့ဖိနပ်တော့ မဟုတ်ဘူး ။ အစ်မဖိနပ်ကို စီးနေတာ ။ သူ့ကောက်စိုက်ခနဲ့ ဝယ်ပေးမယ် ပြောတာပဲ ။ ဒါထက် မင်း ဘယ်နားမှာ တွေ့ထားလို့လဲ ”
“ ဟိုမှာတွေ့လား၊ အဖြူရောင်လေးလေ ”
အခန်းနံရံကို ကျော်၍ လက်ညှိုးထိုးပြလိုက်၏ ။
“ အေး အဲဒါကို ယူဖို့ လူရှင်းအောင် စောင့်နေ တာ ။ ဟိုနေ့တွေက မိုးရွာရွာနေတော့ မယူသာလို့ ပြန်နေရတာ ။ ဒီနေ့မှ နေသာတာနဲ့လေ ”
“ ဒါဆိုလဲ ဖြည်းဖြည်းမှ သွားကြတာပေါ့ကွာ ”
ကျောင်းသားများ အားလုံးလိုလို ပြန်ကုန်ပြီ ။ အားကစားရုံဘက်မှသာ အသံတချို့ ကြားနေရ၏ ။ ကျောင်းသားတချို့ ပင်ပေါင် ရိုက်နေကြသည် ထင်သည် ။ တချို့က လိုက်တမ်းပြေးတမ်း ကစားနေကြမည် ထင်၏ ။ တံတားပေါ်တွင် အသွားအလာ မရှိတော့ ။ လူရှင်းနေပြီ ။
“ ရှင်းပြီကွာ သွားကြရအောင် ”
တကယ် ယူတော့မည်ဆိုမှ ရှက်စိတ်က ဝင်လာသေးသည် ။ ဘွားခနဲ လူအလာနှင့် တိုးမှာ စိုးရသည် ။ ခုနှစ်တန်း ၊ ရှစ်တန်း အခန်းတို့ဘက် လှမ်းကြည့်မိသည် ။ တစ်ယောက်မျှ မရှိတော့ ။ ငါးတန်းများ ဘက်တွင်လည်း အရိပ်အရောင်မျှ မရှိတော့ ။
တံတားပေါ်လျှောက်ရင်း ဟိုကြည့် ၊ သည်ကြည့် ကြည့်ရသေး၏ ။ အားကစားရုံဘက်မှ အသံ ကြားရသော်လည်း သည်ဘက်ကို အာရုံရှိပုံမရ ။ တစ်ယောက်တည်း ဆိုလျှင်ဖြင့် ယူဖြစ်ချင်မှ ယူမိတော့မည် ။ ခေါင်းကြီး ပါနေ၍ အားရှိသည် ။ ခေါင်းကြီးက မည်သူမျှ မမြင်ရန် ကာကွယ် ပေးထားသလိုပင် ။
ဝါးကိုင်းကို ခပ်သွက်သွက်ကောက်ယူပြီး အရင်းမှ ကိုင်၍ ဖိနပ်ကို လှမ်းဆွဲသည် ။ ကိုင်းဖျားက ပျော့နေ၍ ချိတ်မိသော်လည်း ပြန်ပြုတ်ကျသွား၏ ။ နောက်တစ်ကြိမ် လှမ်းယူကြည့်ပြန်သည် ။ အပေါ်မြောက်လာ၍ ဆွဲယူကာမှ ပြုတ်ကျသွားပြန်၏ ။
သည်ပုံဖြင့် မလွယ် ။ တစ်ဘက်ထောင့်ချိုးဆီမှ စကားပြောသံများ ကြားရ၏ ။ ကလေးတစ်သိုက် ထွက်လာသည် ။ ဝါးကိုင်းကို ရေထဲတွင် ဟိုဆွဲသည်ဆွဲ ရမ်းနေလိုက်၏ ။ ကလေးတွေက ငြင်းခုံရင်း ဖြတ်သွားသည် ။ လှည့်ပင် ကြည့်မသွား ။ ရှက်စိတ်ဖြင့် ရင်သည် ခုန်လျက် ။
“ တော်တော်နောက်တဲ့ ကလေးတွေ ။ ခုထိ မပြန်သေးဘူး ”
ခေါင်းကြီးက မြည်တွန်သည် ။ ကလေးများ ပျောက်သွားချိန်တွင် နောက်တစ်ကြိမ် ထပ်ယူရန် ကြိုးစားပြန်၏ ။ မရ ။ ပြန်ကျသွားသည် ။ တစ်ဘက်တောင်မှ ဤမျှ ခက်နေပြီ ။ နှစ်ဘက်ဆို မလွယ် ။
လုံချည်ကို တိုတိုပြင်ဝတ်လိုက်၏ ။ နားစွင့်ရင်း တစ်ပတ်လှည့်ကြည့်သည် ။ လူရိပ်မမြင် ။ ဗွက်ထဲ ဆ၍ နင်းချပြီး ဖိနပ်ဆီ သွားလိုက်၏ ။ ခြေရာကြောင့် ရေတချို့ နောက်သွား၏ ။ မနောက်သော ရေထဲတွင် ဖိနပ်ကို ဆေးလိုက်ပြီး အမြန် ပြန်လှည့်လာ၏ ။ လွယ်အိတ်ထဲမှ စက္ကူအိတ်ကို ကမန်းကတန်း ထုတ်၍ ဖိနပ်ကို ထည့်သည် ။
ဘယ်သူမှ မတွေ့ ။ ယခုမှ ရင်ထဲက သက်ပြင်းကို ဟင်းခနဲ ချလိုက်ရသည် ။
“ မလွယ်ပါလား ကိုထွေးရယ် ”
ဖိနပ်ခုံ လဲရတော့မည်ဟူသော ဝမ်းသာစိတ်နှင့် စောစောက ရင်ခုန်သံများပင် လျော့သွားပြီ ။
“ သွားကြစို့ ”
ဖိနပ်အတွက် သောကဖြစ်စရာ မလိုတော့ ။ ရေချိုး ရင်း သဲနှင့် ဖြူအောင် တိုက်ပြီး ကြိုးတပ်လိုက်လျှင် ပြီးပြီ ။ ခုံကလေးကလည်း အတော် သစ်သေးသည် ။ မြေပေါ် လျှောက်လျှင် အစင်းရာကလေးများ ထင်နေဦးမည် စိတ်ကူးနှင့် တံတားပေါ် အသော့လျှောက်လာ၏ ။ ဖနောင့်မှ ကျင်ခနဲ နာသွား၏ ။ တံတားမှ သံငုတ်ကို အသားမရှိတော့သော ဖနောင့်တိုနေရာနှင့် နင်းမိ၍ ဖြစ်သည် ။ အသာ အောင့်လိုက်ရ၏ ။ နောင်ဖနောင့်ကို မစူးနိုင်တော့ဘူးလေ ။
ဖိနပ်ကြောင့် ဖောင်းနေသော လွယ်အိတ်ကလေး အား အသာအုပ်ကိုင်ရင်း ပြန်လာခဲ့၏ ။ ဈေးထောင့် အမှိုက်ပုံရောက်တော့ ကြည့်နေကျမို့ လှမ်းကြည့်လိုက်မိသေး၏ ။ လွယ်အိတ်ထဲ ပါလာပြီပဲ ။ ကြည့်ဖို့ မလိုတော့ ။ ရထားသံလမ်းဘက် ကွေ့မည်အပြုတွင် အတန်းထဲမှ မိန်းကလေးနှစ်ဦးနှင့် ဆုံလိုက်၏ ။ လွယ်အိတ်ကို လုံလုံဖုံးရင်း ပြုံး၍ နှုတ်ဆက်လိုက်ရ၏ ။
“ ဟယ် ကိုထွေး အတော်ပဲ ။ ရူပဗေဒ စာအုပ် ငှားမလို့ ။ ကျောင်းတုန်းက ငှားဖို့ရာ မေ့ခဲ့လို့ ။ ဟိုပုစ္ဆာ တစ်ပုဒ် မတွက်တတ်လို့ ဆရာမ မေးတုန်းက မပြောရဲတာနဲ့ နင့်ဆီက ငှားကြည့်မလို့ ”
လွယ်အိတ်ကို ပို၍ တင်းတင်း ပိတ်မိ၏ ။ ဖိနပ်ထုပ်ကို မြင်သွားမှာ စိုးသည် ။
ဆရာမ မေးစဉ်က ပုစ္ဆာအားလုံး၏ အဖြေကို ပြောလိုက်ပြီး ဖြစ်၍ မတွက်တတ်ဟု ညာ၍ မဖြစ်တော့ ။ စာအုပ်ကလည်း ပါလာသည် ။ မငှား၍လည်း မကောင်း ။
လွယ်အိတ်ထဲမှ စာအုပ်ကို ထုတ်ရန်ပြင်သည် ။ ဖိနပ်အိတ်ကို အတင်းထိုးထည့်ထား၍ လွယ်အိတ်က ကျပ် နေပြီ ။ အလွယ်တကူ ထုတ်၍ မရ ။ တစ်အုပ်စီထိပ်မှ ရူပဗေဒစာအုပ်ကို ရှာသည် ။ ဖိနပ်အိတ်ဘေးတွင် ကပ်လျက် တွေ့ရ၏ ။ စာအုပ်ကို ထုတ်လိုက်သည် ။
စာအုပ်နှင့်အတူ ဖိနပ်အိတ်ပါ ပါလာ၏ ။ ကပ်ပါလာသည့်အပြင် ရေစိုနေသော ဖိနပ်ကြောင့် စက္ကူအိတ်က စုတ်သွားရာ ဖိနပ်ဦးနှစ်ခုနှင့် သဲကြိုးအပြတ်လေးက ထိုးထိုးထောင်ထောင် ပေါ်လာ၏ ။ ရှက်ရှက်နှင့် ဖိနပ်ထုပ်ကို ဖုံး၍ စာအုပ်ကို ဆွဲထုတ်လိုက်၏ ။
“ ဘာထုပ်ကြီးလဲ ကိုထွေးရဲ့ ”
“ ဟယ် ဖိနပ်အိတ်တောင် စုတ်သွားပြီ ”
မိန်းကလေးနှစ်ယောက်အသံက တစ်ဆက်တည်းပေါ်ထွက်လာ၏ ။ ဖိနပ်အဟောင်းထုပ်ဆိုတာ သဲကြိုးတစ်ဖက်ပြတ်ဖိနပ် ဆိုတာ တွေ့လိုက်ကြမည် ဖြစ်သည် ။
စီးထားတာက တစ်ရံ၊ အိတ်ထဲက အပြတ်တစ်ရံ ဘယ်လိုပါလိမ့်ဟု တွေးနေကြလိမ့်မည် ။
“ နက်ဖြန်တော့ ဆက်ဆက်ယူလာဟယ် ။ အိမ်စာ တချို့ ကျန်သေးတယ် ”
နှုတ်ဆက်၍ သုတ်သုတ် ထွက်ခဲ့သည် ။ ကျေးဇူးပဲ ကိုထွေးဟု ပြောသံကို နောက်မှ ကြားရသည် ။ “ ရပါတယ် ” ဟူသော လောကဝတ်စကားပင် မဆိုဖြစ်ခဲ့ ။
“ တိုးမှ တိုးတတ်တယ်ကွာ ”
ရှက်နေမည်ကို သိ၍ ခေါင်းကြီးက ဖြေသိမ့်စကား ပြောသည် ။ အခြားစကားများ လွှဲ၍ ပြောသော်လည်း ပြန်မပြောဖြစ်တော့ ။ ဖြစ်လာရသည့် ဘဝကိုပင် အပြစ်တင်ရမလား ။ ကံကြမ္မာကိုပင် အပြစ်တင်ရမလား ။
အိမ်အမြန်ရောက်အောင် သွားရမည် ။ အမြန် ရောက်ဖို့ အရေးကြီးသည် ။ မြန်မြန်သွားစို့ဟု ရှေ့မှ ခြေလှမ်း ကျဲကျဲ လှမ်းခဲ့သည် ။
အုတ်လမ်းပေါ်မှာလည်း ခြေချော်မှာ မကြောက်တော့ ။ မိုးမရွာ၍ ခြောက်သွေ့သော အုတ်လမ်းတွင် ခြေမချော်နိုင် ။ သဲကြိုးပြတ်ထွက်မှာလည်း မပူတော့ ။ ပြုတ်သွားလျှင် ခုံအဟောင်းကို စွန့်ခဲ့ရုံသာ ။ သည်ခုံကလေး ပါးသွားလျှင်ကော အသစ်ဝယ်နိုင်ပါဦးမလား ။ မနေ့ကလို ငိုရဦးမှာလားဟု တွေးရင်း ခေါင်းကြီးနှင့် ခွဲခဲ့သည် ။
အိမ်အဝင် တံတားတုံးတွေကို သတိထားနင်းရင်း အိမ်ပေါ်အတက်တွင် ဧည့်သည်တစ်ဦးကို တွေ့လိုက်သည် ။
“ ဟာ တင်သောင်း ။ ဟေ့ တင်သောင်း ။ မင်း တင်သောင်း မဟုတ်လား ”
မနှစ်က တပ်မတော်ထဲ ဝင်သွားသော ရွာမှ သူငယ်ချင်းတစ်ဦး ။ ဘယ်ဆီ ရောက်နေမှန်း မသိရသော ငယ်ပေါင်းတစ်ဦး ။ စစ်လွယ်အိတ်ကြီးကြီး တစ်လုံး အနားချ၍ ထိုင်နေသော သူငယ်ချင်း ၊ မနေ့က ရပ်၍ မျက်ရည်ကျ မိသော နေရာ၌ ထိုင်နေသော သူငယ်ချင်း ၊ နံဘေးဝရန်တာမှာ ပစ္စည်းတစ်ခု ထောင်ထားသည် ။ ချိုင်းထောက် တစ်ဖက် ။
“ တင်သောင်း မင်း ၊ မင်းခြေထောက် ”
“ ဟုတ်တယ် ကိုထွေး ၊ ငါ့ခြေထောက် ရှေ့တန်းမှာ မိုင်းမိလို့ ဖြတ်လိုက်ရတယ် ။ ဆေးရုံက ဆင်းပြီး ရွာအလည် ပြန်လာတာ ”
အလည် ပြန်လာတာတဲ့ ။ ခြေတစ်ဖက် မရှိတော့သော တင်သောင်း ။ ဒုက္ခိတ တင်သောင်း ။
ဘယ်လိုများ လုပ်ကိုင်စားသောက်၍ ဘဝကို ရုန်းကန်မည်လဲ ။
“ ဟာကွာ စိတ်မကောင်းလိုက်တာ ”
“ ဒီလိုပေါ့ ကိုထွေးရာ ။ ဘဝဆိုတာ ဒီလိုပေါ့ ။ ဘာလဲ မင်း ငါ့ကို သနားနေပြီလား ။ မသနားနဲ့ ။ ငါ အားမငယ်ပါဘူးကွ ။ ဒီကနေ တပ်ရင်းပြန် ၊ ပြန်ပြီး တပ်က တခြား အသက်မွေးဝမ်းကျောင်းတစ်ခု သင်ပေးလိမ့်မယ် ။ ငါ ခြေတစ်ဖက် မရှိပေမယ့် အားမငယ်ပါဘူးကွာ ”
သူ့မျက်နှာ၌ အားငယ်မှု တစ်စုံတစ်ရာ မတွေ့ရ ။ ဝမ်းနည်းမှု တစ်စုံတစ်ရာ မရှိ ။ သူ နေထိုင်သော နေရာတွင် မနေ့ကပင် ဖနောင့်ပြတ်ဖိနပ်ကို ကြည့်ရင်း မျက်ရည်ကျခဲ့သည် ။ ကိုယ့်မှာက စီးစရာ ဖနောင့်ပြတ် ဖိနပ်ကလေး ရှိသေးသည် ။ သူ့မှာတော့ ဖိနပ်ရှိသည် ဆိုတောင်မှ စီးစရာ ခြေထောက် မရှိတော့ပါ ။
နောင် မည်သို့သော အကြောင်းနှင့်မျှ မျက်ရည် ကျရန် ရှိမည် မထင်တော့ပါ ။ စာကြည့်စားပွဲလေး၏ ရှေ့တွင် စာတန်းလေးတစ်ခု ရေးထားဦးမည် ။
“ ငါ့မှာ ဖိနပ်မရှိတော့ ငါ ငိုမိတယ် ။ ခြေထောက် မရှိတဲ့သူ တွေ့တော့ ငါ အငိုရပ်သွားတယ် ”
⎕ ကိုခေး
📖ပေဖူးလွှာ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၈၄
No comments:
Post a Comment