❝ မျှော်လင့်ချက် ❞
▢ သက်နိုင် ( ပြင်ဦးလွင် )
“ တီးတောင် ... တီးတောင် ... တီးတောင် ”
အခုအချိန်မှာ အကြားချင်ဆုံး အသံတစ်သံဖြစ်တဲ့ ဖုန်းခေါ်သံကို ကြားလိုက်ရလို့ ကိုမြကြီး ချက်ချင်း ကောက်ကိုင်လိုက်တယ် ။ နံပါတ် ကြည့်လိုက်တော့လည်း မျှော်လင့်နေတဲ့ နံပါတ်ဖြစ်နေလို့ ဝမ်းသာသွားခဲ့ရတယ် ။ ဒီဖုန်းက လွန်ခဲ့တဲ့ နာရီဝက်ကျော်လောက်ကတည်းက ကိုမြကြီး ရေချိုးခန်း ဝင်နေတုန်း လာနေတာပါ ။
“ ဖေဖေ ရေချိုးနေတုန်း ဖုန်းလာလို့ သမီး ကိုင်ထားလိုက်တယ် ။ ဖေဖေ ရောင်းမယ်ဆိုတဲ့ အိမ်ကို ဈေးသိချင်လို့ စုံစမ်းတာတဲ့ ”
သမီးကြီး ပြောပြချက်အရ ပြင်ဦးလွင်မြို့မှာ ရှိနေတဲ့ အိမ်ကို ဈေးသိချင်တယ်ဆိုတာ သိလိုက်ရတယ် ။ ဒီအိမ်နဲ့ ဝင်းနဲ့ခြံက ကိုမြကြီး စီးပွားရေး အဆင်ပြေနေစဉ်တုန်းက ဝယ်ထားခဲ့တာ ။ လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းက သိန်းသုံးထောင် ပေးပါ့မယ်ဆိုတာတောင် ကိုမြကြီး မရောင်းခဲ့ဘူး ။ အခုတော့ စီးပွားရေးအခြေအနေက မကောင်းတော့ မရောင်းမဖြစ် ရောင်းရတော့မယ် ။
ခက်တာက ဒီအချိန်မှာ အိမ်ခြံမြေဈေးတွေ အဆမတန် ကျနေတာတောင် ဝယ်သူ မရှိသလောက် ရှားပါးနေလို့ ရောင်းမထွက်ဘူး ဖြစ်နေတယ် ။ အခုတော့ အဆင်ပြေတော့မယ်ထင်တယ် ။ ကိုမြကြီး စိတ်ထဲမှာလည်း ကြိုတင်ပြီး စဉ်းစားထားတယ် ။ ဈေးကို အရင်လို သိပ်ပြီး အိုက်တင်မခံတော့ဘဲ ရသလောက် ညှိနှိုင်းဈေးနဲ့ပဲ ရောင်းတော့မယ်ပေါ့ ။ အလုပ်အကိုင်လေး ဆက်လုပ်လို့ အဆင်ပြေအောင် သိန်းတစ်ထောင်လောက် ရရင်ကို တော်လောက်ပါပြီ ။ ဒီမျှော်လင့်ချက်လေးနဲ့ ကိုမြကြီး ဝမ်းသာပျော်ရွှင်နေတာ ။
ဒါပေမဲ့ တစ်ဖက်ဖုန်းထဲက စကားသံတွေကြောင့် ကိုမြကြီးရဲ့ မျှော်လင့်ချက်တွေ ချက်ချင်းဆိုသလို ပျောက်ဆုံးသွားခဲ့ရတော့တယ် ။
“ ကျွန်တော်တို့က အခု ရောင်းမယ်ဆိုတဲ့ အိမ်နားကပါ ။ ကျွန်တော်တို့ အိမ်ကိုလည်း ရောင်းတော့မလို့ ဘယ်လောက်နဲ့ ရောင်းရမယ်ဆိုတာ မသိလို့ ရောင်းဈေးကို ခန့်မှန်းရအောင် ဖုန်းဆက်ပြီး စုံစမ်းတာပါ ”
▢ သက်နိုင် ( ပြင်ဦးလွင် )
📖 မဟေသီ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၁၉
No comments:
Post a Comment