Sunday, July 26, 2026

စခန်းသာ


❝ စခန်းသာ ❞
( ကြည်အေး )

ထိုနေရာ၌ ကောင်းကင်သည် အမိုးဖြစ်၍ မြေပြင်သည် ကြမ်းပြင်ဖြစ်လေ၏။ ရာသီတို့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲပုံကို နီးနီးစပ်စပ် တွေ့ထိခံစားနိုင်ပေ၏။ လေသည် လန်းဆတ်မွှေးမြသည်။ ပန်းတို့ အလေ့ကျ ပွင့်ဖူးမြဲပင်၊ လိပ်ပြာများ ရစ်ဝဲလှည့်ပတ်သည်ကို ငှက်များက သီချင်းဆိုပေးသည်။ နေ့သည် ရွှေရောင်၊ ညဉ့်သည် ငွေရောင်ဖြင့် ပြီးလေ၏။ မိုက်မှောင်တွင်းမှာတောင် စိန်ရောင်လက်သည်ကို ရှာလျှင် တွေ့မည်။

ထိုနေရာ၌ လူတစ်ယောက်၊ မျောက်တစ်ကောင်နှင့် တယောတစ်လက် စုဝေးလျက်သား ရှိသည်။

ထိုလူတစ်ယောက်ကား အမျိုးအမည် မထင်ရှားသူပင်တည်း။ သူသည် ဘယ်နေရာမှာ မွေးဖွားခဲ့သည် မသိ။ အရပ်ရပ်သို့ လှည့်ပတ်နေရင်း ကြီးပြင်းခဲ့သည်။ သူ၏ ကလေးဘဝသည် လွတ်လပ်သည်။ ငတ်ပြတ်သည်။ ဒဏ်ရာဒဏ်ချက်တို့ဖြင့် ပြည့်ဝသည်။ မျက်ရည်နှင့် တေးတို့ဖြင့် လုံးထွေးသည်။

သူ့နာမည်ကို ဘယ်သူမှ မကြားစဖူး။ ဘယ်သူကမှလည်း မမေးမြန်းချေ။ သူ့၌ နာမည် ရှိပါသလား ဟူ၍ အံ့ဩမည့်သူ တစ်ယောက်တလေ ပေါ်ခဲ့ဖူးသလားတော့ မသိ။ သူ့ကို အားလုံးက ပစ်ပယ်ထားလေသည်။

သူသည် ညိုမောင်း၏။ ကျစ်လျစ်၏။ ရာသီနှင့် ရောဂါတို့ဒဏ်ကို မညည်းမညူ ခံနိုင်၏။ စိတ်ကူးဆန်းကြယ်တတ်သည်။ မိုးရေပေါက်ကို သောက်တတ်သည်။ သူ့နှလုံးသည် အစာဝစွာ စားရသောအခါ၌ မှန်ကန်သန်မာစွာ ခုန်လေ့ရှိသည်။ စိတ်လှုပ်ရှားသည်နှင့် အမျှလည်း နှေးတတ် မြန်တတ်သည်။ ကြာနိုင်သမျှ ကြာရှည်စွာ ခုန်မည့် နှလုံးပင်တည်း။

ရက်ပေါင်းများစွာပင် ပိုးကောင်မှ လိပ်ပြာသို့ ပြောင်းသောအဆင့်မျိုး၌ ငြိမ်သက် နေတတ်၏။ ထိုအခါ၌ သူ့လက်ဆယ်ချောင်း၌ နတ်သမီးဆယ်ယောက် ကကြသည်။ အားလုံးသောအရောင်တို့သည် ကြီးမားသော သက်တံ, တံတားကို ဆောက်ကာ သူ့ကို ဇာတိ၏ ချုပ်ငြိမ်းရာသို့ပင် ခေါ်ဆောင်တော့မည်ဟန်ကို ပြလေ၏။ ကြွေရွက်ဝါများ၊ နှင်းဆီပွင့်ဖတ်များ၊ မြေသင်းရနံ့များ၊ အဝေးမှ စိမ်းညို့မည်းမှိုင်းသော တောအုပ်များသည် သူ့ အာရုံ၌ အကျုံးဝင်၏။ သူသည် သြကာသလောက၏ ဘုရင်ဧကရာဇ် ဖြစ်၍ နေလေ၏။

ထိုတယောကို သူသည် ပူဆွေးလွမ်းဆွတ်လျက် ရှိသော မိန်းမငယ်တစ်ယောက် ထံမှ လုယူရရှိခဲ့လေသည်။ သည့်ထက်ပို၍တော့ သူ မပြောတတ်ချေ။ စင်စစ်မူ ထိုတယော၌ အတိတ်ရှိသည်။

ထိုတယောကို ပညာတတ်လို့၊ စိတ်ချမ်းသာလို၍ ( အချစ်ဖြင့် တိုင်းထွာခြင်းက လွဲ၍ ) မတူတန်သာသော မိန်းမကို ရယူချင်ခြင်းပြင်းသည့် ကျေးတောသား တစ်ယောက် ကိုယ်တိုင် ပြုလုပ်ခဲ့သည်။ တယောအိမ်ကို နိုင်ငံရပ်ခြားမှ ရသော ထင်းရှူးသားဖြင့် ပြုလုပ်သည်။ တယောတိုင်နှင့် ခလုတ်များကား မာကျောသော ပိတောက်သားပင်၊ ကြိုးလေးကြိုး အနက် အတုတ်ဆုံးကြိုးမှာ ဟောင်းအိုသော စောင်းကောက်မှ ရသည့်ပိုးဖြင့် ကျစ်သောပိုးကြိုး ပင်တည်း။ ထို့ကြောင့် ထိုးတံမှ မြင်းမြီးဖြင့် တို့ထိလိုက်သော် ရရှိသည့်အသံသည် အနည်းငယ် ထုံသော်လည်း နက်နဲသည်။

ကျေးတောသားသည် ငယ်ရွယ်တုန်းပင် ဖျားနာ၍ သေသည်။ သေမှ ငိုတတ်သော ချစ်သူထံသို့ တယော ရောက်လာသည်။ သို့သော်လည်း ကဗျာဂီတတို့သည် မပြုတတ်သော လက်များ၌ အိပ်ပျော်လျက်ရှိကာ နောက်ဆုံး သူ့ထံ ရောက်လာခဲ့မှပင် နိုးထလာကြတော့လေသည်။

ထိုတယောသည် လွယ်အိတ်ထဲ၌ အမြဲရှိကာ သွားလေရာပါသည်။ ထို့ပြင် သူ့အား မဖြစ်စလောက်သော အလေးချိန်နှင့်လည်းကောင်း ရှုပ်ရှက် ကန့်လန့်နိုင်ခြင်းနှင့် လည်းကောင်း ဒုက္ခမပေး၊ အကြောင်းမူကား သူ့လွယ်အိတ်ကို မျောက်မငယ်ကလေးက အမြဲထမ်းပိုးလေ့ရှိခြင်းကြောင့်ပင်တည်း။

မျောက်မငယ်ကလေးနှင့် သူတို့သည် အချင်းချင်း နားလည်ကြသော သူငယ်ချင်း ကောင်းများပင်တည်း။ သူတို့သည် ညဉ့်နက်သန်းခေါင်အထိ စကားပြောတတ်သည်။ ပျော်ရွှင်သောအခါများ၌ ကစားကြသည်။ စိတ်ဆိုးသည့် အခါများ၌ လည်ချင်းယှက်၍ ငိုကြသည်။

မျောက်မငယ်ကလေးသည် အမွေးညို၍ အလွန်သေးကွေးသော မျောက်မျိုးပင်တည်း။ နွေရာသီတစ်ခု၌ သူသည် မြစ်ကမ်း ချုံနွယ်များ ကြားသို့ တိုးဝင်သွားရင်းက အပေါင်းအဖော်ဖြစ်ခဲ့ကြသည်။ သူတို့သည် တစ်ယောက်မှ တစ်ယောက် ကင်းကွာ၍မရ။ တစ်ယောက် သေဆုံးခြင်းနှင့် ကျန်တစ်ယောက်သေဆုံးခြင်းသည် အချိန်ကွာခြားလိမ့်မည် မဟုတ်။

အလွန်ကြောက်ရွံ့သော အခါများ၌ သူတို့ နှစ်ယောက်သည် တဆတ်ဆတ်တုန်ကာ တစ်ယောက် ကိုယ်ကို တစ်ယောက် ဖက်ကာ အားရှိခဲ့ကြသည်။ မလောက်ငသော အစာကို ထက်ဝက်ခွဲ၍ စားခဲ့ကြ၏။ ဆောင်းရာသီ၌ ကိုယ်ငွေ့နှစ်ငွေ့ ပေါင်း၍ နွေးခဲ့ကြ၏။ နာရီပေါင်းများစွာ တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်၍ ထိုင်ခဲ့ကြ၏။

တစ်ခါတစ်ရံတော့လည်း ရမ္မက်မုန်တိုင်းတို့ ထလာတတ်သည်။ သို့သော် သူတို့ သည် သစ္စာရှိ၍ ခွင့်လွှတ်တတ်ရကား အမြဲတမ်းပင် သည်နှစ်ယောက်သားသည် တည့်နေကြသည်။

မုန်တိုင်းကို ငုံ့လျှိုးခြင်းဖြင့် သူတို့ တွေ့ဆုံသည်။ သို့လျှင် သူသည် မိမိ ဝင်ဆံ့သော မည်းမှောင်သော မွဲချာစုတ်ပဲ့လှသည့် လူနေရပ်ကွက်များသို့ ကပ်တတ်သည်။ ညစ်ညမ်းခြင်း၏ အစွန်မှဆန့်ကျင်၍ ထင်လင်းလာသော အေးချမ်းသာယာခြင်းဖြင့် သူ ပြန်လာတတ်သည်။ သူ့၌ ပြန်လာနိုင်သော သတ္တိရှိသည်။

မျောက်မငယ်သည်လည်း တနွေနွေ၌ မျောက်ငယ်ကလေးများကို ချီပိုး နို့တိုက်လျက်ရှိတတ်သည်။ သို့သော်လည်း သူတို့သည် ဘယ်သူမှ ကြားဝင်၍ မရနိုင်သော နှစ်ယောက်တည်း အဖြစ်သို့ ပြန်ရောက်သည်။ ကလေးငယ် ဆိုသည်မှာ တစ်နေ့၌ ကြီးပြင်းလာ၍ သူ လိုရာ သွားတတ်သည်တကား။ မိခင်မျက်ရည်လည်း မြေပေါ်သို့ ကျချင် ကျခဲ့မည်။

ခါတိုင်းလိုပင် ဘာမှမဆန်းပြားဘဲ အေးချမ်းသော နံနက်၌ သူသည် တယောကို စမ်းမိလေသည်။ အသံတို့သည် ယက်ပေါက်ရောက်သလို တုန်တခိုက်ခိုက်နှင့် ဆန်းပြား မြူးကွန့်လာလေ၏။ မျောက်ငယ်သည် ကျန်သော သူ့ပခုံး တစ်ဖက်ပေါ်သို့ ခုန်တက်ကာ ခေါင်းကို ဖက်၍ ဟိုဘက်နားရွက်ကို ဆွဲထားသည်။ မတိုင်းဆနိုင်သော တဒင်္ဂ ဟူ၍လည်း ထင်ရသောအချိန် ကုန်ဆုံးသွားသော် သူ့တယောသည် ပခုံးပေါ်မှ လျှောကျ၍ ပေါင်ပေါ်၌ တင်လေ၏။ သို့သော်လည်း တေးသည် မပီသရုံနှင့် ပို၍ ပျောင်းညင်းရုံမျှသာ ဖြစ်လေ၏။ အကြောင်းမူကား ပဉ္စသီခနတ်၏ တမန်တော်တို့သည် လေ၌ က, ခုန်ကာ တယောကြိုးကို ဝင်တိုးမိကြပေ၏။ မျောက်မငယ်ကား ကြည်နူးသော မျက်ရည်များ တွေစိမ့်ကာ ငိုယိုနေသည်။ ချမ်းသာသသူကား နစ်မောလျက် အသေပမာ မြောကာ မှိန်းသည်။ သို့သော်လည်း အိပ်မက်မဆုံးခင် နိုးရပေဦးမည်။

▢  ကြည်အေး
📖 ရှုမဝ မဂ္ဂဇင်း
     ဖေဖော်ဝါရီ၊ ၁၉၅၃

No comments:

Post a Comment