❝ ပန်းကြွေလျော မြေခပြီ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
“ ဒုံ...ဒုံ...ဒုံ ”
အရုဏ်နှင့်အတူ ဖွားမြင်လာသော တုံးကြီး ခေါက်သံသည် တဖြောက်ဖြောက် ရွာချနေသည့် မိုးပေါက်သံကို ဖြိုခွဲလျက် ရမ်းဘိုကုန်းရွာတွင်းသို့ ဝင်ရောက်လာလေ၏ ။
“ အောက်အီးအီးအွတ် ”
အတောင်ကို တဖန်းဖန်းရိုက်ကာ အားယူပြီး လည်တံမော့လျက် သော့သော့ကလေး တွန်လိုက်သော ကြက်တွန်သံများကလည်း တုံးကြီးခေါက်သံနှင့် မရှေးမနှောင်း ထွက်ပေါ်လာလေသည် ။ မဲမှောင်ခြင်း အောက်၌ နစ်မြုပ်နေရာက ရမ်းဘိုကုန်းရွာမှာ လှုပ်ရှားလာ၏ ။ အမှောင်ဝတ်ရုံသည် တဖြည်းဖြည်း အရောင်ဖျော့လာ၏ ။ နိုးကြားလာသော အသံဗလံများ ဆူညံခြင်း မရှိသေးသောကြောင့် အချို့အိမ်များမှ မီးမွှေးရန်အတွက် တံစက်မြိတ် ချိုးသံများကို ခပ်ဝေးဝေးမှပင် ချိုးချိုးချွတ်ချွတ်နှင့် ကြားနိုင်ပေသည် ။
လေကလေးကလည်း အေးပါလှသည် ။ လန်ကျနေသော ထန်းရွက်များကို လေတိုးသံက နာနာဘာဝ ကောင်ကြီးများ ကျယ်လောင်စွာ ရယ်မောသကဲ့သို့သော အသံဖြင့် ထန်းတောတွင်းမှ ထွက်ပေါ်လာ၏ ။ တွဲလွဲခိုနေရာက လေတိုးသောကြောင့် ၊ ထန်းပင် ပင်လုံးနှင့် ပြေး၍ ဆောင့်လိုက်သည့်အသံများကလည်း အကွပ်ကင်းနေသော ကြမ်းပေါ်မှာ ကလေးတွေ လျှောက်ပြေးနေသည့်အသံနှင့် မခြားပေ ။ ဤအသံများ၏ ကြားမှ တစ်ခါတစ်ခါတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသော ထန်းသီးကြွေသံများမှာကား ထန်းတော တစ်ခုလုံးကိုသာမက တစ်ရွာလုံးကိုပါ ဖုံးအုပ်သွား၏ ။
“ ဟဲ့ မိန်းကလေး ... ဘယ်လဲ ”
ကိုဆေးရိုးက ခါတိုင်းမူ အိမ်ခြေရင်းက နွားတင်းကုပ်ထဲတွင် နွားနှစ်ကောင်ကို နှိုးပြီး ၊ ထမ်းပိုးတင် ၊ ပစ္စည်းပစ္စယများကို ယူငင်နေရသောကြောင့် ၊ နွားတင်းကုပ်ထဲတွင် ကြာမြင့်စွာ ရောက်ရှိနေလေ့ရှိရာက ယနေ့မူ တစ်ညလုံး အိပ်ချင်သလိုအိပ် ၊ လှုပ်ရှားချင်သလို လှုပ်ရှားနေသောကြောင့် နဖားကြိုး လည်ပြီး ၊ ဇက်ပေါ်မှာ နေသော အထုံးက နှာခေါင်းပေါက်တွင်းသို့ ဝင်နေလေ့ရှိသော နွားနီလေး၏ နဖားကြိုးအသစ် တစ်ချောင်းယူရန် တဲတွင်းသို့ ဝင်အလာတွင် စိုက်တောင်းကြီး တစ်လုံးဖြင့် တဲထဲမှ ထွက်လာသူ ချောစိန်နှင့် ရင်ဆိုင်တိုးမိခြင်း ဖြစ်နေလေ၏ ။
“ ဟဲ့ ... မေးနေတာ မကြားဘူးလား ”
ကိုဆေးရိုးက တဲတွင်းသို့ ဝင်ဝင် မေးမေး မေးလိုက်ရာ ...
“ ထန်းသီး သွားကောက်မလို့ အဖေ ”
အဖေ ဟူသော မဝံ့မရဲ ဖြေသံကလေးကြောင့် လည်ပင်းကြီး စောင်းငဲ့လာကာ ...
“ ဟေ… ဘာ… ဘာ… ဘာပြောတယ် ” ဟု အော်လိုက်မိ၏ ။
“ ထန်းသီး သွားကောက်မလို့ပါ ”
“ ဟင် နေ့တိုင်း သွားကောက်နေတာပေါ့လေ ”
“ ဟုတ်ကဲ့ ”
“ ဘယ်သူပါလဲ ”
“ ဘယ်သူမှ မပါဘူး ”
“ မသွားနဲ့ ၊ အခု အိမ်ထဲပြန်ဝင် ”
ကိုဆေးရိုး၏ အသံမှာ ဟိန်းတက်သွားသည် ။ ဒေါသသံကလေးကလည်း ခပ်ပြူပြူမြင့်လာပြီး ..
“ ဟေ့ ကျီးဒန် ”
“ တော် ”
မကျီးဒန်မှာလည်း အေးအေးဆေးဆေး နေ၍ အေးအေးသက်သာသာ ပြောဆိုဆက်ဆံလေ့ရှိသော ကိုဆေးရိုးထံမှ ကြုံတောင့်ကြုံခဲ “ ဟေ့ ” လုံးရိုက်ပြီး ခေါ်လိုက်သံကို ကြားရသောကြောင့် မီးဖိုခန်းထဲမှ ပြူးပြူးပျာပျာနှင့် ထလာသည် ။
“ ဘာလဲဟင် ”
“ မိန်းကလေးကို ညည်း ထန်းသီးကောက်ခိုင်းသလား "
မီးဖိုထဲမှ မှိတ်တုတ်မှိတ်တုတ် ထွက်လာသော မီးရောင်အောက်၌ ကိုဆေးရိုး၏ မျက်လုံးမှာ ဒေါသကြောင့် ဝင်းလက်နေ၏ ။ ယင်းသို့ ကြွေလုလု ဒေါသဟုန်ကို “ ဘာဖြစ်လို့လဲ ” ဟူသော မကျီးဒန်၏ ဝေ့လည်ကြောင်ပတ်အမေးက တုတ်နှင့် ထိုးဆွလိုက်ရကား
“ ဘာလဲ ၊ ငါမေးနေတာ မကြားဘူးလား ၊ ဘာ ဝေ့လည်ကြောင်ပတ်လုပ်နေတာလဲ ... ဟင် ”
ကိုဆေးရိုးက ခပ်ကျယ်ကျယ် အော်လိုက်၏ ။ မျက်လုံးအစုံဝယ် ဒေါမနဿတိမ်ပန်းသည် ပြည့်လျှမ်းစွာ အုပ်ခြယ်လျက် သူက မကျီးဒန်အား စားတော့ ဝါးတော့မတတ် စိုက်ကြည့်နေသည် ။
တကယ်တော့မူ မကျီးဒန်မှာ ကိုဆေးရိုးအား ခွန်းတုံ့မခံ ပြန်ပက်လျက် လင်ကို အနိုင်ကြီးနိုင်နေသော မိန်းမတစ်ယောက်ဟု ထင်ခဲ့ရ၏ ။ ယခုမူ တစ်ဖက်မှ ပြင်းထန်စွာ ဆင်လာသော မုန်တိုင်းကို ကြံ့ကြံ့ရပ်၍ သစ်ပင်ကြီးပမာ ရင်မဆိုင်ဝံ့ဘဲ မြက်ပင်ပမာ ပြားခံခြင်းအားဖြင့် ငြိမ်နေလိုက်ရ၏ ။ ခွန်းတုံ့ခံ ပြန်လှန်၍ ပြောပါက အဘယ်မျှထိ ဒေါသမီးတောက် ထန်ပြင်းလာနိုင်သည် ဆိုတာကို ခန့်မှန်းမိရုံသာမက ၊ အလုပ်ပျက် အကိုင်ပျက်နှင့် လူကြားမကောင်း သူကြားမကောင်း ဖြစ်လာမှာများကိုပါ ကြိုတင်သိမြင်ခြင်းနှင့် အတူ ၊ အသားပါ နာရဦးမည် ဆိုတာကိုလည်း တင် ကြိုသိသောကြောင့် ကုပ်နေလိုက်သည်တွင် …
“ ငါမေးနေတာ မကြားဘူးလား ဟင် ” ဟူ၍ ကိုဆေးရိုး၏ သံကွဲကြီးက ဆင့်ကဲလာပြန်လေ၏ ။ သို့မေးသော်လည်း မကျီးဒန်မှာ မဖြေတတ် ။ မဖြေတတ်သောကြောင့် မဖြေဝံ့သည့်အတွက် မျက်ချီးဗရပေနှင့် ပေရမ်းနေသော မျက်တောင်များကို စင်းပြီးငုံ့ နေလိုက်ရသည် ။
“ ညည်းဟာလေ ... တယ် ... ငါ ”
သားကြီး ၊ သမီးကြီးတွေ ရှိနေသဖြင့် သူ့ကို ရိုက်လားနှက်လား မလုပ်တော့ဟူ၍ တစ်ထစ်ချသိသည့် ကြားမှပင် မကျီးဒန်မှာ ဖိန့်ဖိန့်တုန်သွားရ၏ ။
“ ညည်းဟာ ချီးပဲစားနေဖို့ ကောင်းတယ် ။ ကိုယ့်သမီး ဒီအသက် ဒီအရွယ်မှာ ခုလို မိုးမိုမှောင်မှောင် မပြောနဲ့ ဒီထန်းတောထဲကို နေ့လယ်နေ့ခင်းမှာတောင် တစ်ယောက်တည်း မလွှတ်သင့်ဘူးဆိုတာ ညည်း မသိဘူးလား ”
တဲထောင့် တစ်နေရာမှ နဖားကြိုး အသစ်တစ်ချောင်းကို ဆွဲယူကာ တဲအပြင်သို့ ထွက်သွားလေ၏ ။
သည်တော့မှ မကျီးဒန်ရော ချောစိန်ပါ သက်ပြင်း ချပြီး ခေါင်းကို မော်လိုက်သည်တွင် ကိုဆေးရိုး၏ ကိုယ်တစ်ခြမ်း တဲထဲသို့ ပြန်ဝင်လာပြီး ချောစိန်အား လက်ညှိုးထိုးကာ ...
“ နင်လည်း သတိထား ၊ ကြပ်ကြပ်သတိထားလိုက်စမ်း ။ လူလို ဆုံးမတဲ့အတိုင်း ပါးစပ်နဲ့ ပြောမရရင် ၊ နွားတို့ ခွေးတို့ကို ဆုံးမသလို တုတ်နဲ့ ပြောမယ် ဒါပဲ ”
မှန်သည် ။ တုတ်နှင့် ရိုက်ခြင်း ၊ လက်နှင့် ရိုက်ခြင်း စသော ပါးနားကို ရိုက်ခြင်းမှာ တိရစ္ဆာန်နှင့် မခြားလှ ။ ဤသို့ ဆုံးမခြင်းကို လူမမယ်နှင့် ခွေးနွားစသည့် အဟိတ်တိရစ္ဆာန်များသာ ခံရလေ့ရှိ၏ ။ ကိုဆေးရိုး မူကား တောသားလူရိုင်းပင် ဖြစ်သော်လည်း သားသမီးကို တတ်နိုင်သဖြင့် ပါးစပ်ဖြင့် ဆုံးမခဲ့သည် ။
ယခုလည်း ဒေါသကို ချုပ်တည်းထားရသဖြင့် နွားနှစ်ကောင်ကို မောင်းထုတ်ပြီး ထွက်ခဲ့သည့် တိုင်အောင် နှလုံးခုန်က မပြေပါသေးချေ ။ အသက်ရှူ မမှန် ၊ မြေသို့ ခြေချရပုံကအစ ဟန်မကျ ဖြစ်နေရ၏ ။ အဖော်မပါဘဲ ထန်းသီး သွားကောက်သော ချောစိန်၌ ဘာများ အပြစ် ရှိပါသနည်း ၊ မရှိချေ ။ သို့ဖြစ်လျှင် ကိုဆေးရိုးက ဘာကြောင့် ဒေါသကြီးနေရသနည်း ။
ထန်းသီးဒုံးဒုံး မိုးဗြုန်းဗြုန်း ဟူသော ဆိုစကား အရ မိုးဖြိုင်ဖြိုင် ရွာခိုက်တွင် လှိုင်လှိုင်ကြွေလာသော ထန်းသီးတွေကို နံနက်စောစော ထပြီး သူ့ထက်ငါ ဦးအောင် ကောက်ကြရ၏ ။ ပြီးလျှင် ဖျောက်ဆိတ်မွန်းမတည့်မီ မြေမှာ မြှုပ်ကာ နတ်တော်လလောက်တွင် ထန်းပင်မြစ် အဖြစ် ဖော်ရောင်းနိုင်ရကား အရင်းမစိုက်ရဘဲနှင့် ငွေရသော အလုပ်ကို အဘယ် ဆင်းရဲသားသည် မလုပ်လိုဘဲ ရှိပါအံ့နည်း ။ ထို့ကြောင့် ချောစိန်၌ အပြစ်မရှိပေ ။
သို့သော် ... သို့သော် ... မအေ ဆိုသည်မှာ သမီးကို အုပ်ထိန်းတတ်ရမည် မဟုတ်ပါလား ။ အထူးသဖြင့် အရွယ်ရောက်နေသော သမီး၏ မိခင်သည် သူတကာထက် မျက်စိလျင်၍ နားပါးရသည် ။ အအိပ် ဆတ်ရသည် ။ ဤသို့လျှင် အပျိုအရွယ်သမီးကလေးကို မျက်ခြည်မပြတ် ကြည့်ကာနေရမည့် တာဝန်ရှိသော မကျီးဒန် မှာကား အပြစ်ရှိသည် ။ လွှတ်သင့် ၊ မလွှတ်သင့် ဆိုသည်ကို စဉ်းစားသင့်၏ ။ လောဘ နားရွက် ချည့်တက်နေလို့ မဖြစ် ။ သည်လို ဆင်ခြင် ထိန်းသိမ်းရမည့် မိခင်က တာဝန်မဲ့နေသည်ကို တွေ့ရ သောအခါ၌ ကိုဆေးရိုး၏ ဒေါသယမ်းတိုက်ကြီး ပွင့်ကွဲလာရခြင်းကား နည်းလမ်းကျပေသည် ။
ထို့ကြောင့်ပင် အိမ်မှ သုံးမိုင်ခန့်ဝေးသော လယ်ထဲသို့ ရောက်လာသည့် တိုင်အောင် ကိုဆေးရိုး၏ ဒေါသက အရှိန် မပြေနိုင်သေးခြင်းပင် ဖြစ်၏ ။ ဒေါသ ဖြစ်နေပြီ ဆိုမှတော့ ဘာကိုမျှ လုပ်၍ မရတော့သဖြင့် ကိုဆေးရိုးမှာ ကန်သင်းပေါ်ဝယ် “ ဟင်း ” ခနဲ သက်ပြင်းချသံကြီးနှင့် အတူ ပစ်ထိုင်လိုက်မိ၏ ။
သူ၏ မျက်နှာမူရာ အရှေ့ဘက်တွင်ကား ကိုင်းခေါင်းညွန့်ဖြူဖြူကလေးတွေ၏ ကြားမှ ဖောက်ထွင်းပြီး တစ်စတစ်စ တက်လာသော နေလုံးကြီးကို မြင်နေရသည် ။ နေလုံးကြီးသည် နီရဲရာမှ တဖြည်းဖြည်း ဖြူလက်လာလေ၏ ။ သို့တိုင်အောင် ကိုဆေးရိုးမှာ ကန်သင်းပေါ်မှ မထမိသေးဘဲ ဒူးနှစ်လုံးကို လက်နှစ်ဖက်ဖြင့် ပတ္တာယှက်ပိုက်ပြီး ထိုင်နေဆဲသာ ရှိသေးသည် ။ စင်စစ်မူ သူ့ခေါင်းထဲတွင် မရှင်း ၊ ရင်ထဲ၌ မလင်းနိုင်ဘဲ စိတ်ထဲမှာ မေးခွန်းတွေ စီ၍ရီ၍ ထွက်ပေါ်နေ၏ ။
“ ဒီကောင်မလေး ... အခုလိုပဲ တစ်ယောက်တည်း ထန်းသီး သွားကောက်နေတာ ကြာပြီလား ”
“ ထန်းတောထဲ ရောက်တော့ ဘယ်သူတွေနဲ့ တွေ့သလဲ ။ ပြီးတော့ ဘာဖြစ်သလဲ ” သည်အမေးကိုတော့ ကာယကံရှင်များမှ တစ်ပါး မည်သူသည် သိနိုင်ပါမည်နည်း ။ မှန်ပေသည် ။ မည်သူမျှ မသိနိုင် ။
••••• ••••• •••••
မှန်ပေသည် ။ မည်သူမျှ မသိနိုင် ။
အရုဏ်တက်လာပြီ ဆိုလျှင် ထန်းသီးမှည့်တွေက ညပိုင်းထက် ပိုကြွေသည် ထင်ရ၏ ။ မိုးကလေး တစိမ့်စိမ့်နှင့်မြေပျော့ဆိုပါက ထန်းသီးကြွေကျသံက ပိုမို ကျယ်လောင်လေသည် ။ သည်လို ကျယ်လောင်သော အသံကြီးက နှောင့်ယှက်နေပါလျက်နှင့် ရမ်းဘိုကုန်း ရွာကလေးမှာ အိပ်မောကျနေမြဲကျနေ၏ ။ ကုန်လွန်ခဲ့သော တစ်နေ့တာ၏ ထုထောင်းခိုင်းစေမှုများ အောက်၌ အဘယ်မျှ ပင်ပန်းနွမ်းနယ်ခဲ့ရကြောင်းကို သိနိုင်ရန် သည်တစ်ကွက်နှင့်ပင် လုံလောက်နေပေပြီ ။
သို့သော်လည်း အချိန်ကျပြီဆိုလျှင် ကိုဆေးရိုး၏ မျက်လုံးများက ပွင့်လာရ၏ ။ သို့ပေမဲ့ တစ်ကိုယ်လုံး နာကျင်နုံးချိနေသဖြင့် မထချင် ။ စိတ်က ထမင်းမစားဘဲ သုံးရက်လောက် ဆက်ပြီးတော့သာ အိပ်နေလိုက်ချင်သည် ။ သည်ကြားထဲမှ အားယူပြီး ထကာ အလယ်တံအခါးမှ ထွက်၍ ထန်းတောထဲသို့ ဝင်ခဲ့ရ၏ ။ ရွာလယ်တံခါးနှင့် တည့်နေသော ဘုရားငုတ်တိုကြီး အနီးရှိ သီးပင်ကြီးအောက်သို့ ရောက်လျှင် သူ၏ နွမ်းနယ်ခြင်းတို့ ပပျောက်သွားခဲ့ရလေ၏ ။
“ စောင့်လိုက်ရတာ ကိုဆေးရိုးရယ် ”
ကိုဆေးရိုး၏ ရင်ခွင်တွင်းမှ နေပြီး ချစ်စိတ်ဖြင့် မောရသော ဝေဒနာကို အန်ပြလိုက်သူမှာ လှသွယ် တည်း ။ မောင်ဖွားမိဘ မသိ ၊ လူသူလေးပါး မမြင်အောင် ချစ်ကြရသည်မို့လည်း ပီတိသောမနဿတို့ ချဉ်ဆီစိမ့်မျှ ဖိတ်လျှံနေရကာ လုံခြုံမှုအတွက် ချုံနွယ်ပိတ်ပေါင်းထက်၌ မှောင်ကမ္ဗလာက ဆင့်တင်ထားပေသေးသည် ။ လှသွယ်က ထန်းသီးကောက်ဟု အကြောင်းပြကာ ထွက်လာပြီး ကိုဆေးရိုးက လူမမြင်အောင် ချိန်းတွေ့သောကြောင့် သူတို့ ကိစ္စကို မည်သူမျှ မသိနိုင်ဟု ထင်ခဲ့ကြ၏ ။
မှန်ပေသည် ။ မည်သူမျှ မသိနိုင် ။
သည်သို့ ထင်မှတ်ခြင်းမှာ မရိုင်းလှသော်လည်း မှန်တော့ မမှန်ပါချေ ။
တစ်နေ့သော နံနက်တွင်ကား ကိုဆေးရိုးမှာ အိပ်ယာထ၌ လန်းဆန်းရွှင်ပျနေသည် ။ ရွာပြင်ဘက် ထန်းတောထဲမှ ထန်းသီးကြွေကျသံများကို နားထောင်လျက် ရွာပြင်သို့ ထွက်ခဲ့၏ ။ ရွာစည်းရိုးရှိ မိုးနှံပင်များ၏ ကိုင်းရှုပ်များကြားမှ အရုဏ်၏ငှက်တေးများကို သာယာစွာ ကြားရသည် ။ ရွာလယ် တံခါးနားမှ ကိုဘတင်၏ တိန်ညင်ကလေး တွန်သံမှာလည်း ဂရုဏာသက်စဖွယ် ဖြစ်နေရ၏ ။ အရှေ့သို့ မျှော်လိုက်သော် သစ်ပင်များ ၊ တောအုပ်များကို ဖောက်ပြီး ယို ဆင်းလာသော ပတ္တမြားရည် အရုဏ်သွေးကို မြင်နေရသည် ။ မိုးစဲခိုက် လေအေးကလေး ဖြူးနေသည်မို့ ကိုဆေးရိုးမှာ သွက်လက်စွာဖြင့် လှသွယ်နှင့် တွေ့နေ ကျ သီးပင်ရိပ်ဆီသို့ လမ်းလျှောက်လာလေသည် ။
“ အလိုလေး ... ”
ကိုဆေးရိုး၏ ရင်သည် ပွင့်သွားရလေ၏ ။ ရပ်တည်ရာ မြေအပြင်သည် သူ့ခေါင်းထက်သို့ ထောင်တက်သွားသည် ။ ရေးဝါးဝါးသာ မြင်နေရသည့် သီးပင်နှင့် ဘုရားငုတ်တိုသည် ရဟတ်ပမာ လည်နေကာ အသိတရားများသည်လည်း ပျောက်ကွယ်သွားလေသည် ။
သူတို့ တွေ့ဆုံနေကျ သီးပင်ကြီးအောက် အရောက်တွင် ကိုဆေးရိုး မြင်လိုက်ရသောအရာမှာ လှသွယ် တည်း ။ သို့သော် သူ၏ နှလုံးသားတွင် စိုက်ထားကိုး ကွယ်မှုခံရသည့် ပန်းလှရတနာမှာ ခါတိုင်းလို မိုးသောက်ဦး၌ အလှဖြင့် ဝင့်ကြွား မနေပါချေ ။ သူ၏ မြတ်ပန်းလှရတနာကို တစ်စုံတစ်ယောက်သည် နင်းဖိ ချေမွနေသည် ။ ပန်းပွင့်သည် မြေမှာ ကြွေလျောနေပြီး ပွင့်ချပ်တို့သည် ဖရိုဖရဲ ၊ ဝတ်မှုံများသည် ပြန့်ကြဲလျက် ရှိနေလေ၏ ။
ဖြစ်ဆုံရချက်မှာ တဒင်္ဂသာတည်း ။ လျှပ်တစ်မျှင် လက်ခြင်းနှင့် ပျောက်ခြင်း၏ ကြားကာလမျှသာ ကြာသောအချိန်ခန့်သာ ကိုဆေးရိုးက နာကျင်အံ့မော နေလိုက်ရခြင်းဖြစ်၍ ချက်ချင်းပင် သည်းပွတ်နှလုံးသွေးများ ပွက်ထလာရသည် ။ ဒေါသလှိုင်း တံပိုးသည် အဟုန်ဖြင့် ထကြွလာလေသောကြောင့် ကိုဆေးရိုးမှာ လှသွယ်တို့ အနားသို့ ပြေးကပ်လိုက်စဉ်တွင် သူ မမျှော်လင့်သည့်အဖြစ်တစ်ရပ်က ဘွားခနဲ ပေါ်လာ ပြန်ပေသည် ။
“ အို လှသွယ် ၊ လှသွယ် ”
လှသွယ်၏ ကေသျှင်ထက်မှ ပန်းပွင့်ကလေးကို ဆုပ်ဖဲ့ချေမှုန်းပစ်နေသူ၏ ဘေးနားတွင် ချထားသော ဓားမတိုကလေးကို လှသွယ်က ရုတ်ခနဲ ကောက်ယူ လိုက်ပြီး ထိုသူ၏ ရင်ဝသို့ ထိုးစိုက်လိုက်၏ ။ သွေးပန်းများ ဖွာခနဲ လွင့်ပန်းလာသည်တွင် ကိုဆေးရိုးမှာ
“ လှသွယ် ... လှသွယ် ” ဟု အော်လိုက်မိသည် ။
သို့ သူ အော်၍မှ မဆုံးသေးမီ ဓားဦးသည် လှသွယ်၏ နှလုံးသားထဲသို့ ငုပ်ဝင်သွားပြန်လေ၏ ။ ကိုဆေးရိုး အပေါ်၌ လှသွယ် မည်မျှ မြတ်နိုးကြောင်းကို ပြောပြနိုင်သော အရာတစ်ခုတည်း ဖြစ်သည့် နှလုံးသားကို ဓားသွားနှင့် တွေ့ဆုံသောအခါ လှသွယ်၏ နှလုံးသားသည် မြတ်နိုးခြင်းကို ပြောပြလိုက်လေ၏ ။ နှလုံးသား၏ ပြောစကားသည် ဓားသွား၏ နောက်သို့ သွေးရေအလျဉ်နှင့် စီးမျောလိုက်ပါလာလေသတည်း ။
“ လှသွယ်ရယ် … ”
ကိုဆေးရိုးမှာ လှသွယ်၏ ရုပ်ကို ပွေ့ယူလိုက်မိသည် ။ ရုပ်၌ ခိုင်မာတည်တန့်ခြင်းက နှုတ်ခမ်းဖျားဝယ် ရပ်တည်နေကာ လှသွယ်ကမူ ကိုဆေးရိုး ထံပါးမှ ခွာသွားလေပြီ ။ မွမွကြေသည့် ပန်းဝတ်မှုံကလေးများသည် သွေးအလျဉ်၌ ငိုရှိုက်ပြေးလွှားသွား၏ ။ ဆည်မနိုင်သော မျက်ရည်မိုးပေါက်တို့သည် ဝတ်မှုန်ကလေးများထံသို့ ရှိုက်လျက် ပြေးထွက်သွားပေသည် ။
ထန်းသီးသည် မှည့်လျော်၍ ကြွေချိန်ကျလို့ ကြွေရသည် ။ ဒါကြောင့်မို့ ကြွေပါစေတော့ ။ သို့သော် ထန်းသီးကြွေချိန်တွင် အပြစ်မဲ့သော ပန်းပွင့်ကလေးတွေမှာ အမှောင်ရိပ်ခိုပြီး တိတ်တခိုး ကြွေသွားရခြင်းကိုကား သိသူရှားလှသည် ။ ထန်းနှင့် ရောကာ ကြွေရသော ပန်းများ၏ ဇာတ်လမ်းကို ကိုဆေးရိုးသည် ကာလသားဝိုင်း၌ ကြားရပေါင်းများလှပြီ ။ နောက် ကိုယ်တိုင် ကြုံရကာ ရင်မ ငိုမောခဲ့ရပြီ ။
ထန်းသီးကြွေချိန်သို့ ရောက်တိုင်း ကိုဆေးရိုးမှာ ထန်းနှင့်ရောပြီး သည်တစ်မိုးမှာ ဘယ်နှစ်ပွင့် ကြွေဦးမည်နည်းဟု စိတ်မောခဲ့ရသည် ။ ဒါကလေးတွေ မြေမှာ မကြွေလျောရအောင် စိန်လှောင်ချိုင့်နှင့် ပိုက်ယူထားလို၏ ။ သို့သော် စိန်လှောင်ချိုင့်နှင့် မတန် ၊ ရွှံ့နွံ တော၌ အဟောသိကံ ကြွေစေညွှန်းသည့် ဘဝရပ်တည်ချက်က ဒါကလေးတွေကို မှောင်ရိပ်သို့ တွန်းပို့သည် ။ နင်းချေမည့် လက်အောက်သို့ ရောက်စေ၏ ။ သို့ကြောင့်သာ လေးသံကို နားစွင့်ရသော ငှက်ငယ်ပမာ ဘေးလွတ်သည့် အခါမှာလည်း လွတ်သွား၍ မလွတ်သည့် အခါများ၌ အတွက်အကုပ် ရှာရာမဲ့ကာသာ ကြွေကျကုန်ရလေ၏ ။
နေအတော်မြင့်လာပေပြီ ။
ကိုဆေးရိုးက ကန်သင်းပေါင်ပေါ်မှ မထမိသေး ။ စိမ်းရင့်တစ်တန် ၊ ရွှေရွှေတစ်ကန့် ၊ ဖန့်ဖန့်တစ်ကွက်ဖြင့် လှမာန်ဝင့်နေသော လယ်ကွက်များဆီသို့ ငေးမောနေမိသည် ။ နွားနှစ်ကောင်မှာ စားမြုံ့ တစ်ခတ်ခတ်နှင့်သာ ကိုဆေးရိုးကို စောင်းငဲ့ကြည့်နေကြ၏ ။
“ ဒီကောင်မလေးဟာ အခုလို တစ်ယောက်တည်း ထွက်ထွက်ပြီး ထန်းသီးကောက်နေတာ ဘယ်လောက် ကြာပြီလဲ ”
သည်မေးခွန်းသည် ကိုဆေးရိုး၏ ခေါင်းထဲ၌ ပွက်ပွက်ခုန်လာပြန်သည် ။ သည်အမေး၏ နောက်ဆက်တွဲတွင်ကား ကိုဆေးရိုးသည် ဒေါသမိုးစွေနေသော မျက်နှာကြီးဖြင့် ခုန်ထလိုက်ပြီး အိမ်ပြန်ရန်အတွက် ထွန်ကို နောက်သို့ ပြန်လှည့် မောင်းလိုက်တော့သည် ။ လူသ,တ်ဝါဒကို ချီးမြှင့်မြှောက်စားနေသူတို့၏ လက်ဝါးအောက်၌ ဗြဟ္မစိုရ်တရားဆိုသည်ကို လူရာမသွင်း ။ လူ့အကျင့် ဆိုသည်မှာ မရှိနိုင်လောက်ချိန်၌ လှသွယ်အား ချောင်းမြောင်းလုပ်ကြံရင်း သေသွားသော ဘဝင်း လို လူမျိုးသည်ကော အလျှံပယ် တိုးပွားမလာဟု မည်သူ ပြောနိုင်ပါအံ့နည်း ။ ကိုဆေးရိုးမှာ သည်တွေးတောမိချက်ကြောင့်လည်း အိမ်မှ ထွက်ကတည်းက ပြီးပြတ်ခဲ့သော ကိစ္စကို မပြီးနိုင် ၊ မစီးနိုင် ၊ မကြေချမ်းနိုင်လှစွာဖြင့် ပြန်လည် စစ်ဆေးရန်အတွက် အိမ်ပြန်ရန် ထွန်နှင့်နွားကို နောက်သို့ လှည့်မိခြင်းဖြစ်လေ၏ ။ သို့သော် ...
ကိုဆေးရိုးမှာ လယ်တစ်ကွက်မျှသာ ကျော်မိရုံ ရှိသေးသည် ။ နွားနှစ်ကောင်ကို ပြန်လှည့်ကာ ထွန်ကို တပ်လိုက်ပြီး ...
“ အမယ် ၊ အိမ်ပြန်ဆိုတော့ တယ်သွက်ပါလားဟင် ။ ကဲ .. သွက်ဦး ... သွက်လိုက်ဦး ”
အပြစ်မဲ့ရှာသော နွားနှစ်ကောင်ကိုသာ မိုက်မဲစွာ မဲ၍ ရိုက်နှက်ပြီး မောင်းနှင် ထွန်ယက်နေရလေတော့ သတည်း ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 သွေးသောက် မဂ္ဂဇင်း
၁၉၅၇ ၊ စက်တင်ဘာ
No comments:
Post a Comment