❝ အမှောင်တွေ နေတဲ့ အခန်း ❞
( ညီကျော် - တန့်ဆည် )
အမှောင်တွေကို အခန်းကျဉ်းလေးထဲ ထိုးသိပ် သော့ပိတ် ထားလိုက်တယ် ။ သူ ကိုယ်တိုင်လည်း အမှောင်ထဲမှာ ငြိမ်ငြိမ်ဆိတ်ဆိတ် ။ နှလုံးခုန်သံတွေလည်း တိတ်လို့ ။
••••• ••••• •••••
ဒီဇာတ်လမ်းက သိပ်ပြီး ဆန်းလှချည်ရဲ့မဟုတ် ။ သမားရိုး ကျ ဖြစ်စဉ်တစ်ခုသာ ။ သူ့စိတ်စွဲလမ်းမှုနယ်ပယ်၏ အစွန်း တစ်ဖက်က စ , ခဲ့ခြင်းဖြစ်သည် ။ ဆိုပါစို့ ... ။ သူအမှောင်တွေကို စွဲလမ်းခဲ့သည် ။ သူ့အခန်း ကျဉ်းလေးထဲကို စိတ္တဇဆန်သည့် အမှောင်တွေ ထိုးသိပ်ခဲ့သည် ။ ပြီးတော့ အမှောင်ထဲမှာ စီးကရက်အငွေ့တွေနှင့် အတူ သူ့ကိုယ်သူ ပိတ်လှောင်လိုက်သည် ။ အစပိုင်းတော့ မဆိုး ။ ခံစားမှုအသစ်က သူ့ ညတွေကို မေ့ပစ်နိုင်စွမ်းရှိသည် ။ ဒီဖြစ်တည်မှုလေးမှာ သူ နေသာထိုင်သာရှိလာသည် ။ သို့သော် အချိန်ကြာလာသည်၌ သူ ငြီးငွေ့လာသည် ။ သူ မွန်းကျပ်လာသည် ။ ထွက်ပေါက်ရှာနေသည့် စီးကရက်ငွေ့များနည်းတူ သူလည်း ထွက်ပေါက်တစ်ခုကို အာသာငမ်းငမ်း လိုအပ်လာသည် ။ သူ ထွက်ပေါက်ကိုရှာခဲ့သည် ။ အခန်းလေးက ပိုပိုပြီး ကျဉ်းလာသလို ၊ အမှောင်ကလည်း ပိုပိုပြီး သိပ်သည်းလာသလို ထင်ရသည် ။ သူ ထွက်ပေါက်ကို ရှာခဲ့သည် ။ မတွေ့ ။ သူ တွေ့သည်က စတယ်လာ ။ သူ့အတွက်တော့ စတယ်လာက ထွက်ပေါက် တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည် ။ သို့သော် သူကတော့ ထိုသို့ မသတ်မှတ် ။ သူ့အတွက်တော့ စတယ်လာက ချစ်ဆိပ်ရည်ချို ။ သူရယ် ၊ စတယ်လာရယ် ၊ စီးကရက်ငွေ့တွေရယ် ၊ အမှောင်တွေရယ် ။ နောက်ပြီး ပန်းဆီရောင် ရမ္မက်တွေရယ် ။ သူဖန်တီးထားသည့် ဖြစ်တည်မှုက အသက်ဝင်လာသယောင်ယောင် ။
••••• ••••• •••••
ပထမတော့ ရေးလက်စ ဝတ္ထုတစ်ပုဒ်ကို အဆုံးသတ် ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ဒီအခန်းကျဉ်းလေးဆီ ရောက် လာခဲ့ခြင်းဖြစ်သည် ။ သို့သော် ဒါက အကြောင်းပြချက် တစ်ခုသာ ။ သူ မငြင်းနိုင် ။ ငြင်းလည်း မငြင်းချင်တော့ ။ ဟန်ဆောင်မှုတွေကြား ဒါမှမဟုတ် ရှက်ရွံ့သိမ်ငယ်စိတ်တွေကြား သူ၏ ဖြစ်တည်မှုသည် ပိတ်လှောင်ခံနေရသည့် စီးကရက်ငွေ့များ နည်းတူ ထွက်ပေါက်မဲ့နေခဲ့သည် ။ စီးကရက်ငွေ့များကတော့ ထွက်ပေါက်မဲ့နေလင့်ကစား မကြာမြင့်သည့် အချိန်ကာလ တစ်ခု၌ ပြိုကွဲပျက်ပြယ်သွားပေလိမ့်မည် ။ သူ့မှာမူ သူကိုယ်တိုင် စက်ဆုပ်လှသည့် ဖြစ်တည်မှုကို ဆုပ်ကိုင်ရင်း ည၏ လှောင်ပြောင် ရယ်မောသံတွေကြား ပိတ်လှောင်ခံနေရသည် ။
ည၏ဝတ်ရုံလွှာကို သူ ကိုယ်တိုင် ဆွဲချွတ်ခဲ့ခြင်းဖြစ် သည် ။ သို့သော် ဝတ်လစ်စား လစ် သူ့ညများမှာ သူအရှုံး ပေးခဲ့ရသည့် စစ်မြေပြင်ဖြစ် နေခဲ့သည် ။
“ ကို ... ၊ အဆင်မပြေဘူးလား ၊ ဆေးသောက်ထား တယ် မဟုတ်လားဟင် ”
သူ့နှုတ်ခမ်းပေါ် ဖိကပ်ထားသော နှုတ်ခမ်းနွေးနွေးကို ခွာလိုက်ရင်း ဟန်နီချိုက မေးလိုက်၏ ။ သူမ အသံက တုန်ယင်နေ၏ ။ လှိုက်မောနေ၏ ။ ဟန်နီချို၏ ထွက်သက်နွေးနွေးက သူ့မျက်နှာပေါ် တိုးဝှေ့နေသည်မှာ အေးစက်နေသယောင် ။
“ စိတ်ကို လျှော့ထားပါ ကိုရယ် ၊ အဆင်ပြေသွားမှာပါ ”
ဟန်နီချိုက သူ့နားနား ကပ်ကာ တိုးတိုးညင်းညင်းဆို လိုက်ရင်း သူ့နားအဖျားလေး ကို မနာအောင် ကိုက်လိုက်၏ ။ သူမနှုတ်ခမ်းက လည်ပင်းသွေးကြော တစ်လျှောက် ညင်သာစွာရွေ့လျားနေ၏ ။ သူမလက်နှစ်ဖက်က စပါးကြီးမြွေရစ်ပတ်ထားသလို သူ့ ကျောပြင်ကို ခပ်တင်းတင်း သိုင်းဖက်ထားသည် ။ ထက်အောက် စုန်ဆန်ပွတ်သပ်နေ ၏ ။ အဝတ်ဗလာ ခန္ဓာနှစ်ခု ပူးကပ်ထားသော်လည်း သူ့ အတွက်မူ ရေခဲတုံးကြီး ပိုက် ပွေ့ထားရသလိုပင် ။
“ ဆောရီးပါ ဟန်နီ ၊ ကိုယ် လုံးဝ အဆင်မပြေလို့ပါ ”
ဟန်နီချို့ခန္ဓာကိုယ်ကို မွေ့ရာပေါ် အသာချကာ သူ မွန်းကျပ်သိမ်ငယ်စွာ ပြော လိုက်၏ ။ ဟန်နီချိုက သူ့နဖူးလေးကို အနမ်းဖွဖွပေးရင်း -
“ ရပါတယ် ကိုရယ် ၊ အိပ်ပျော်အောင် အိပ်တော့ နော် ၊ ဂွတ်နိုက်နော် ”
မထိတရီ တွန့်ကွေးသွားသော ဟန်နီချို၏ နှုတ်ခမ်းထောင့်စွန်းလေးမှာ သူ ဒူးထောက်ခဲ့ရသည် ။ သနား သလိုလို ၊ နှစ်သိမ့်ပေးသလို လို ၊ ရမ္မက်သွေးတွေ ဆူဝေ ရုန်းကြွနေဆဲ ဟန်နီချို့မျက် ဝန်းတွေထဲမှာ သူ၏ ဖြစ်တည်မှုတို့ သိမ်ငယ်ခဲ့ရသည် ။ သူ့ကို ကျောပေးအိပ်နေသော ဟန်နီချို၏ မိမွေးတိုင်းဖမွေးတိုင်း အစိတ်အပိုင်းတို့က နီးလျက်နှင့် ဝေးနေခဲ့သည် ။ နောက်ဆုံးတော့ ပန်းရောင် အိပ်ဆေးပြားများ ခေါ်ဆောင်ရာ ည၏ အမှောင်ထုထဲ တိတ်တဆိတ် တိုးဝင်ခဲ့ရသည် ။
သူ ညတွေကို မုန်းလာသည် ။ ကလေးတစ်ယောက် အမေ ဖြစ်လင့်ကစား သွေးသားဆူဝေဆဲ အသက် ၃၅ နှစ်အရွယ် ဟန်နီချိုနှင့် အတူ ဖြစ်သန်းနေရသည့် ညတွေကို မုန်းလာသည် ။ နောက်ဆုံးတော့ ထိုညတွေနှင့် အဝေးဆုံးကို ထွက်ပြေးလာခဲ့သည် ။ အခန်းကျဉ်းလေးဆီ ရောက်လာခဲ့သည် ။ သူ ဖြစ်နေသည့် ပြဿနာ ၊ ခံစားနေရသည့် ဝေဒနာတို့ကို သိရှိနေသော ဟန်နီချိုက ဘာမှ ဝင်မစွက်ဖက် ။ သူ့စိတ်ကြိုက် နေခွင့်ပြုခဲ့သည် ။ တစ်ပတ်တစ်ခါ အခန်းကျဉ်းလေးဆီ စားစရာ လာပို့ပေးသည် ။ သူကတော့ အဆုံးမသတ်နိုင်သေးသော ဝတ္ထုတစ်ပုဒ်ရယ် ၊ စီးကရက်ငွေ့တွေရယ်နှင့်အတူ အခန်းကျဉ်းလေးထဲ၌ ဖြစ်တည်မှု တစ်ခုကို တည်ဆောက်နေဆဲပင် ။
ထိုအချိန်မှာပဲ စတယ်လာ ဟူသည့် ချစ်ဆိပ်ရည်ချို တစ်ခွက်နှင့် ဆုံတွေ့ခဲ့ခြင်းဖြစ် သည် ။ စတယ်လာ့ကို သူ့ စိတ်ထဲ သိပ်ရင်းနှီးနေသည် ။ သေချာစဉ်းစားပြန်လျှင်လည်း သူနှင့် အဝေးဆုံးမှာ ရှိနေသလို သူ့စိတ်ထဲ ဝေဝါးနေသည် ။ စတယ်လာနှင့်ပတ်သက်သည့် အချက်အလက်များက သူနှင့် လက်တစ်ကမ်းမှာပင် ။ ဖမ်းဆုပ်လိုက်ပြန်တော့ မရှိတော့ ။ စတယ်လာ့ အကြောင်းက သိသလိုလိုနှင့် ဝေဝါးနေသည် ။ သူ ဘယ်ကလာသလဲ ၊ သူ ဘယ်ကို ပြန်သလဲ မသိနိုင် ။ သူ့ညတွေထဲကို စတယ်လာရောက်လာသည် ။ သူ နိုးထ , လာချိန်မှာ စတယ်လာ မရှိတော့ ။ စတယ်လာ၏ ကိုယ်ငွေ့လေးသာ သူ့ အိပ်ရာပေါ်မှာ ၊ သူ့ရင်ခွင်ထဲမှာ ကျန်နေခဲ့သည် ။
စတယ်လာနှင့် ပတ်သက်သည့် သူ့ညတွေက တဖြည်းဖြည်းနှင့် အဓိပ္ပာယ် ရှိလာသည် ။ သက်ဝင်လာ သည် ။ ရင်ခုန်လှိုက်မောဖွယ် ရာ ကောင်းလာသည် ။ ဟန်နီ ချိုနှင့် မပြည့်ဝခဲ့သည့် သူ၏ လိင်စိတ်များက စတယ်လာ နှင့် ပြည့်ဝခဲ့သည် ။ ဟန်နီချို နှင့် စွမ်းဆောင်ရည်နည်းခဲ့ သလောက် စတယ်လာနှင့်မူ သူ စိတ်ကျေနပ်ခဲ့ရသည် ။
စတယ်လာက လူလွတ် တစ် ယောက် မဟုတ် ။ အိမ်ထောင်ရှိသည် ။ ဒါကို သူ သိနေခဲ့သည် ။ စတယ်လာ ကိုယ်တိုင် ပြောပြခဲ့တာလား ၊ ဒါမှမဟုတ် သူတို့လင်မယား နှစ်ယောက်ကို ဖျတ်ခနဲ တွေ့ လိုက်ရလို့လား သူ့စိတ်ထဲ ဇဝေဇဝါဖြစ် နေသည် ။ စတယ်လာက သူ့အခန်း၏ ကပ်လျက်အခန်းက ဖြစ်နိုင်သလို မျက်နှာချင်းဆိုင် အခန်းကလည်း ဖြစ်နိုင်သည် ။ ဒါမှမဟုတ် အပေါ်ထပ်အခန်းက ဖြစ်နိုင်သလို အောက်ထပ်ကလည်း ဖြစ်နိုင်သည် ။ စတယ်လာနှင့် ပတ်သက်သည့် အချက်အလက်များကို သူ ပုံဖော် ကြည့်နေမိသည် ။ ဥပမာ ဟန်နီချို့လို လင်ယောက်ျား ဆီက အိမ်ထောင်ရေးသုခ ပြည့်ဝအောင် မရတာမျိုး ။ ဟန်နီချိုကတော့ မပြည့်ဝသည့် ရမ္မက်စိတ်တို့ကို လိင် လုပ်သားတစ်ယောက်နှင့် ဟိုတယ်တစ်ခုမှာ ဖြည့်ဆည်းလိုက်သည် ။ ဒါကို သူသိနေပါသည် ။ ဟန်နီချို့ကို အပြစ် မတင်ရက်ပါ ။ ဒါက သူ့အားနည်းချက်ကြောင့် ဖြစ်လာသည့် ဘေးထွက်ဆိုးကျိုးဟုသာ လက်ခံလိုက်သည် ။
စတယ်လာလည်း ထိုကဲ့သို့ဖြစ်နိုင်သည် ။ ဒါက သူ့ခန့်မှန်းချက်သက်သက် ဖြစ်သောကြောင့် မသေချာ ။ သေချာသည်က သူ့စိတ်ထဲ တောင့်တလိုက်တိုင်း အခန်း တံခါးဝမှာ စတယ်လာ ရောက်လာသည် ။ အထူး သဖြင့် သူ့မှာ လိင်စိတ်တွေ ဖြစ်လာတိုင်း ၊ သွေးသား ရမ္မက်တွေ ဆူဝေလာတိုင်း စတယ်လာ ရောက်လာတတ် သည် ။ စတယ်လာနှင့် ဖြတ် သန်းရသော ညများကို မြတ် နိုးလာသည် ။ အရင်ကလို သူ့ညတွေကို မမုန်းတော့ ။ လိင်စိတ်လှုံ့ဆော်ပေးသည့် အပြာကားတွေကို မကြည့်တော့ ။ ဆရာဝန်ညွှန်ကြားထားသည့် Sildenafil လို ဆေးတွေကို သောက်စရာမလိုတော့ ။ ဟန်နီချိုနှင့် တုန်းကမူ ထိုဆေးများကို ဘယ်လောက်သောက် သောက် လုံးဝ အဆင်မပြေခဲ့ ။ ထို့ကြောင့်လည်း သိမ်ငယ်စိတ်များနှင့် ထိုညများကို မုန်းမိခြင်းဖြစ်သည် ။
ဟန်နီချိုနှင့် စတယ်လာ ကို နှိုင်းယှဉ်ကာ သူ့ကိုယ်သူ ဆန်းစစ်ကြည့်မိသည် ။ ဆိုလိုသည်က အိမ်ထောင်သက် ဆယ်နှစ်ကြာလာသည့် အတွက် ဟန်နီချို့အပေါ် တပ်မက်စိတ်တို့ လျော့နည်းလာတာလား ၊ စတယ်လာ၏ အထိအတွေ့ အညှို့အနူးများ၌ ယစ်မူးသာယာနေတာလား ။ ဒီယူဆချက်က ဖြစ်နိုင်ခြေရှိသည် ။ လူ့စိတ်ဟူသည် ဖြစ်တည်မှု တစ်ခုကို တစ်သမတ်တည်း မခံစားနိုင် ။ ရိုးအီလွယ်သည် ။ အနည်းငယ် ခပ်တွဲတွဲဖြစ်လာသည့် ဟန်နီချို့၏ ရင်သားများထက် သွေးကြောမျှင်စိမ်းတို့ ယှက်ဖြာနေသည့် စတယ် လာ၏ ရင်သားတင်းတင်းကို ပိုပြီးတပ်မက်သည် ။ သူ့ရင် ခုန်သံကို မြန်စေသည် ။ သူ့ လိင်စိတ်တို့ကို ပိုပြီးရုန်းကြွ လာစေသည် ။
စတယ်လာ့ ကိုလည်း အချိန်ကြာလျှင် ရိုးအီသွားနိုင်သည် ။ ဒါတော့ မသေချာ ။ ဒီဖြစ်တည်မှုလေးကိုတော့ တတ်နိုင်သလောက် ဆွဲဆန့်ထားချင်သည် ။ လေးထောင့်ဆန်ဆန် မျက်နှာပေါ် ဖြာကျနေသော စတယ်လာ၏ ဆံညိုခွေတွေကြား သူ၏ ဝင်သက်ထွက်သက်တို့ လွန့် လူးနေချင်သေးသည် ။ ဘယ်ဘက်ထောင့်စွန်းအပေါ် မှဲ့ နက်တစ်လုံး တွယ်နှောင်ထား သော နှုတ်ခမ်းထူထူလေးကို အချိန်အကြာကြီး ထွေးငုံထားချင်သေးသည် ။ သူ၏ မပြည့် ဝခဲ့သော သွေးသားဆန္ဒများကို စတယ်လာ၏ ခါးကျဉ်ကျဉ်လေးမှာ ကြိမ်ဖန်များစွာ မြှုပ်နှံထားချင်သေးသည် ။
သူ့အခန်းကျဉ်းထဲ ပိတ် လှောင်ထားသည့် စီးကရက် ငွေ့များလည်း တဖြည်းဖြည်း ပြယ်လွင့်လာသည် ။ သူကိုယ်တိုင် ထိုးသိပ်ခဲ့သည့် အမှောင်တွေလည်း ပါးလျလာခဲ့သည် ။ ရေးလက်စ ဝတ္ထုတစ်ပုဒ်ကို ဆက်ရေးနေသည်မှာလည်း အဆုံးသတ်လုပြီ ။ စတယ်လာနှင့် ချစ်ပွဲဝင်ရသည့် သူ့ ညတွေကိုလည်း ပိုပြီးမြတ်နိုးလာခဲ့၏ ။
တစ်ဖက်ကလည်း သူ့ မှာ စိုးရိမ်ကြောင့်ကြစရာတွေ ရှိနေသေးသည် ။ ဥပမာ သူတို့ နှစ်ယောက်အကြောင်းကို လူ တွေ ရိပ်မိသွားမှာမျိုး ၊ အထူးသဖြင့် စတယ်လာ့ယောက်ျား ။ ပြီးတော့ တစ်ပတ်တစ်ခါ စားစရာလာပို့သော ဟန်နီချို့တို့ သိသွားမှာမျိုး ။ ကံက သူ့ ဘက်ပါနေသေးသည် ။ သူ စိုးရိမ်သလို မဖြစ်သေး ။
သို့သော် အဖြစ်အပျက် တို့သည် ပုံသေကားကျ တွက် မရ ။ မျှော်လင့်မထားသည့် ထောင့်ချိုးများမှလည်း ဖြစ်တည်မှုတို့ ဆင့်ကဲပြောင်းလဲလာနိုင်ကြောင်း သူ ကြိုတွေး မထားမိပေ ။
နေရောင်ခြည်အချို့ အခန်းကျဉ်းလေးထဲ တိုးဝင်လာချိန်၌ သူ အိပ်ရာက နိုးလာခဲ့သည် ။ မရှိနိုင်မှန်း သိလျက်နှင့် စတယ်လာ့ကို ရှာကြည့်မိသည် ။ အခန်းလေးထဲ၌ သူမှ တစ်ပါး အခြား သက်ရှိ မရှိ ။ အိပ်ရာထက်မှာတော့ စတယ်လာ၏ ကိုယ်သင်းနံ့လေးက ထုံအီနေဆဲပင် ။ သူ ဘယ်သူလဲ ၊ ဘယ်လို ရောက်လာတာလဲ ၊ သိချင်စိတ်တို့ ပထမဆုံးအကြိမ် ပြင်းပြလာသည် ။
စိတ်ကူး တစ်ချက် လင်းပွင့်လာပြီး စတယ်လာ့ကို ရှာကြည့်ရန် ဆုံးဖြတ်လိုက်သည် ။ ဒီကွန်ဒိုမှာပဲ ရှိနိုင်သည် ။ ဘေးခန်းကလား ၊ မျက်နှာချင်းဆိုင် အခန်းကလား ။ သူ့အခန်းနှင့် သိပ် မဝေးသည့် အခန်းကပဲ ဖြစ် နိုင်ခြေရှိသည် ။ ဇာတ်သိမ်းလု နီးနေသော ဝတ္ထုကို ဆက် မရေးဘဲ အခန်းထဲမှ ထွက်ခဲ့ သည် ။ ဒီအခန်းကို ရောက်ပြီး ရက်သတ္တသုံးပတ်အတွင်း ပထမဆုံးအကြိမ် အခန်းပြင် ထွက်ခဲ့ခြင်းဖြစ်သည် ။ အရင် ရက်တွေက နေ့ခင်းပိုင်း အခန်းအောင်းကာ စာရေးသည် ။ ညဘက်မှာတော့ စတယ်လာ နှင့် ပျော်ပါးခဲ့ကြသည် ။
ပတ်ဝန်းကျင်က သူ့ အတွက် သူစိမ်းပြင်ပြင် ဖြစ်နေသည် ။ သူ မသိသော လူများ ၊ သူ့ကို မသိသော လူများကြား စတယ်လာ့ကို ရှာခဲ့သည် ။ တစ်ထပ်ချင်းကို အချိန်ပေးစောင့်ကြည့်ကာ ရှာခဲ့သည် ။ မတွေ့ ။ ကွန်ဒိုနှင့် မျက်စောင်းထိုးမှာ ဖွင့်ထားသော လက်ဖက်ရည်ဆိုင်၌ ထိုင်ကာ တစ်နေကုန် စောင့် ကြည့်သည် ။ မတွေ့ ။ လူ့ သဘာဝအတိုင်း သူ့မှာ မသိ ရလေ သိချင်စိတ် ပြင်းပြလာလေ ဖြစ်လာသည် ။ စတယ်လာ ကတော့ ညစဉ်ညတိုင်း ရောက်လာမြဲ ။ လူချင်းတွေ့ လျှင် မေးမည်ဟု စိတ်ကူးထားသော်လည်း စတယ်လာ ရောက်လာသည်နှင့် ရုန်းကြွလာသော ရမ္မက်မီးများကို အရင်ငြိမ်းရသည် ။ ပြီးလျှင် စတယ်လာ့ကို ဖက်ကာ မောမောနှင့် အိပ်ပျော်သွားသည် ။ သူ နိုးလာချိန်၌ စတယ်လာ မရှိတော့ ။
ထိုသို့ ဆယ်ရက်ခန့် ကြာအောင် စောင့်ကြည့်သော် လည်း ထူးခြားမှု မရှိ ။ သူ လက်လျှော့လိုက်တော့သည် ။
သူ၏ စိတ်အာရုံကိုလည်း ဝတ္ထုအဆုံးသတ်ရန်နှင့် ညဉ့် နတ်သမီး၏ ပန်းဆီရောင် ရမ္မက်ဝိုင်ကို သောက်သုံးရန် သာ အာရုံစိုက်နေလိုက်သည် ။
••••• ••••• •••••
“ ရှင်ဟာ အရမ်းရွံစရာ ကောင်းတဲ့ အတ္တသမားပဲ ”
“ ဘာ ... ၊ မင်း ဘာပြောလိုက်တာလဲ စတယ်လာ ”
ညက ငြိမ်သည် ။ ဆိတ်သည် ။ ကွန်ဒိုတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်မှုတို့ မင်းမူနေ၏ ။ စတယ်လာ၏ စွပ်စွဲမှုနှင့် သူ၏ ခွန်းတုံ့ပြန်သည့် စကားသံတို့သာ ဟိန်းထွက်လာ၏ ။
“ ဟုတ်တယ် ရှင်ဟာ သိပ်ကို အတ္တကြီးတယ် ၊ တစ်ကိုယ်ကောင်းဆန်တယ် ”
သူ နားမလည် ။ စတယ်လာပြောနေသည့် စကားတို့ကို သူ နားမလည် ။ ဒီနေ့ည သန်းခေါင်ယံတိုင်အောင် သူ စာရေးနေခဲ့သည် ။ ဝတ္ထုက အဆုံးသတ်ခါနီးလေ သူ့ အတွက် ပင်ပန်းလေပင် ။ ဇာတ်ကောင်များကို ထိန်း ချုပ်ရ ခက်လာသည် ။ ဇာတ် ကောင်များက သူ့ကို ဖီဆန် လာသည် ။ သူ့ထိန်းချုပ်မှု အောက်မှ ရုန်းထွက်လိုကြ သည် ။ သူ လွှတ်လိုက်ရ မလား ။ ဇာတ်ကောင်တို့ ခေါ် ရာ သူ လိုက်သွားရမလား ။ ဒါမှမဟုတ် ဇာတ်လမ်းပြီး သည်အထိ ထိန်းချုပ်ထားရ မလား ။ သူ ဝေခွဲမရ ။ ဒီနေ့ ည ဝတ္ထုကို အဆုံးသတ်မည် ဟု စိတ်ပိုင်းဖြတ်ထားသော် လည်း သူ ဆက်ရေးလို့ မရတော့ ။ သူ ရပ်တန့်ပစ်လိုက်သည် ။ ဝတ္ထုအပေါ် စိတ်အာရုံတို့ နစ်မြုပ်နေသောကြောင့် စတယ်လာ့ကို တဒင်္ဂ မေ့နေခဲ့သည် ။
စတယ်လာ့ကို သတိရမိသည်နှင့် တစ်ပြိုင်နက် သူ့ ခန္ဓာကိုယ်က သွေးတို့ ဆူဝေ လာသည် ။ စတယ်လာ့ကို တမ်းတမိသည်နှင့် အခန်း တံခါးဝသို့ စတယ်လာ ရောက်လာသည် ။ ပါးလျလျ ပန်းဆီရောင် Night Dress က စတယ်လာ၏ အဖုအထစ် အရှိုက်အဟိုက်များစွာကို မဖုံးဖိနိုင် ။ ဖွံ့ထွားလှသော သားမြတ်အစုံက ညဝတ် အင်္ကျီအောက်မှ ရုန်းကြွနေ၏ ။ ဖြောင့်တန်းတုတ်ခိုင်သော ပေါင်တံတို့က အထင်းသား ။ သူ့ခန္ဓာကိုယ်အတွင်းပိုင်းမှ သွေးကြောမျှင်ပေါင်း များစွာသည် ဆူဝေလာသော ရမ္မက်စိတ်တို့ တဖျစ်ဖျစ် တောက်လောင်လာသည် ။ စတယ်လာ၏ ခါးကျဉ်ကျဉ် လေးကို ဆွဲပွေ့ကာ ပန်းဆီ ရောင် နှုတ်ခမ်းလွှာကို စုပ်ယူ နမ်းရှိုက်လိုက်၏ ။ စတယ်လာက သူ့ရင်ဘတ်ကို ဆောင့်တွန်းကာ အထက်ပါအတိုင်း စွပ်စွဲလိုက်ခြင်းဖြစ်သည် ။
“ မဟုတ်သေးပါဘူး ၊ စတယ်လာ မင်း ဘာဖြစ်နေတာလဲ ”
“ ဘာဖြစ်ရမှာလဲ ၊ ရှင့် အတ္တတွေကြားမှာ ပိတ်လှောင်ခံနေရတာလေ ၊ ရှင်ဟာ သိပ်ကို အတ္တကြီးတယ် ၊ ရှင့်ရဲ့လိုအင် ၊ ရှင့်ရဲ့မပြည့်၀တဲ့ လိင်ဆန္ဒတွေအတွက် ကျွန်မတို့ကို လိုသလို ပုံသွင်းခဲ့တယ် ။ ရှင့်ရဲ့အားနည်းချက် အတွက် ကျွန်မတို့ရဲ့ဆန္ဒတွေကို ပိတ်လှောင်ထားခဲ့တယ် ။ ကျွန်မတို့ရဲ့ ပျော်ရွှင်မှုတွေကို ရိုက်ချိုးပစ်ခဲ့တယ် ”
အမြဲတမ်း ရမ္မက်သွေးတို့ ဆူဝေနေသော စတယ်လာ့မျက်လုံးတို့က အခုတော့ ဒေါသငွေ့တို့ လောင်မြိုက်နေ ၏ ။ စတယ်လာ့ကို နားမလည်နိုင်စွာ ငေးကြည့်နေမိ သည် ။ စတယ်လာ ဘာဖြစ် နေတာလဲ ။ သူတို့နှစ်ယောက် အကြောင်း သူ့ယောက်ျား သိသွားလို့လား ။ ဒါလည်း မဖြစ်နိုင် ။ ထိုသို့ဆိုလျှင် ဤမျှ သူ့ကို ဒေါသထွက်မည် မဟုတ် ။ အဓိပ္ပာယ် မရှိသည့် စွပ်စွဲချက်တွေ ပြောမည်မဟုတ် ။ သူက စတယ်လာ့ကို ပိတ်လှောင်ထားတယ် ၊ သူတို့ရဲ့ ဆန္ဒတွေကို ရိုက်ချိုးတယ် ၊ ဘာတွေလဲ ။ စတယ်လာကိုယ်တိုင် သူ့ကို တပ်မက်လို့ ၊ ချစ်လို့ သူ့အခန်းဆီ ရောက်လာခဲ့တာမဟုတ်လား ။ သူ့ခေါင်း သည် မေးခွန်းများစွာနှင့် ပူ ထူနေ၏ ။ အဖြေမရ ။ သူ စတယ်လာ့ကို ငေးရီလျက် ဆွံ့အ , နေခဲ့၏ ။
“ ဟုတ်ပါတယ် ၊ မှန်ပါတယ် ။ ကျွန်မတို့ဟာ ရှင့် ဝတ္ထုထဲက ဇာတ်ကောင်တွေပါ ၊ ရှင်ဖန်တီးထားတဲ့ ရုပ်ပုံလွှာတွေပါ ၊ ရှင် ကြိုက်သလို ခြယ်လှယ်ခွင့် ရှိပါတယ် ။ ဒါ ပေမဲ့ ကျွန်မတို့မှာလည်း ခံစားချက်တွေ ရှိတယ် ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိတယ် ။ ဝတ္ထုတစ်ပုဒ်လုံး ရှင့်အတ္တတွေကို ရှေ့တန်းတင်ပြီး ဖန်တီးခဲ့တယ် ။ ကျွန်မကိုလည်း ကျွန်မဆန္ဒ မပါဘဲ ရှင့်အိပ်မက်ထဲကို ဇွတ်အတင်း ဆွဲသွင်းခဲ့တယ် ”
သူ နားမလည်သော စကားများကြောင့် ပထမ အံ့သြမှင်တက်သွားမိသည် ။ ဇဝေဇဝါ ဖြစ်သွား၏ ။ ပြီးနောက် အရာရာကို နားလည် သဘောပေါက်ကာ သူ့စိတ် ထဲ အနည်းငယ် ပေါ့သွားသည် ။ စတယ်လာ သူ့ကို ကျီစားနေမှန်း ရိပ်မိလိုက်သည် ။
“ ဟား ဟား .. ၊ ဒါ အိပ်မက်ဟုတ်လား ။ ပြီးတော့ မင်းက ငါ့ဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်တဲ့လား ၊ ဟား ဟား ဟား ... ၊ ကိုယ့်ကို ကျီစားမနေပါနဲ့ စတယ်လာရယ် ၊ လာပါ ချစ်ရယ် ၊ တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းပါတော့နဲ့ ”
“ ရှင် ရူးနေပြီ ၊ အိပ်မက် လား အစစ်အမှန်လား မသိနိုင် လောက်အောင် ရှင် ရူးနေပြီ ”
စတယ်လာက သူ့ကို လက်ညှိုးငေါက်ငေါက်ထိုး ကာ အော်လိုက်သည် ။ သူမ ပုံစံက ကျီစားနေသည်နှင့် မတူ ။ သူ့စိတ်တို့ အုံ့မှိုင်းမွန်း ကျပ်ကာ မူးရီလာ၏ ။ သူ့ စိတ်ထဲမှ တစ်စုံတစ်ရာက ဖမ်းဆုပ်မရအောင် လွတ် ထွက်သွား၏ ။
“ ဒါ ဒါဆို မင်းနဲ့ ငါ အတူ နေခဲ့ ကြတာတွေက အိပ်မက်တွေလား ”
“ ဟား ဟား ဟား ၊ သိပ်ဟုတ်တာပေါ့ ၊ ရှင့်ရဲ့ မပြည့်ဝတဲ့ လိင်စိတ်တွေကြောင့် ဖြစ်လာတဲ့ စိတ်ကူးယဉ်မှုတွေလေ ၊ ရှင်ဟာ ကျွန်မရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရှင့်စိတ်ကြိုက် ဖန်တီးခဲ့တယ် ၊ ကျွန်မရဲ့ ရင်သားတွေ ၊ ကျွန်မရဲ့ လိင်အင်္ဂါတွေကို ရှင် တပ်မက်လာတယ် ။ ရှင့်ရဲ့ စိတ်တွေ လွန်ကဲလာတော့ စွဲလမ်း အိပ်မက်ထဲမှာ ကျွန်မကို လိင်ဆက်ဆံတယ် ။ အပြင်လောကမှာ မပြည့်ဝခဲ့တဲ့ ကာမစိတ်တွေကို ကျွန်မကိုဖန်တီးပြီး အာသာဖြေခဲ့တယ် ။ ရှင်ဟာ မုဒိမ်းကောင်ပဲ ၊ ကျွန်မကို မုဒိမ်းကျင့်ဖို့သက်သက်ပဲ ဖန်တီးခဲ့တာ ။ ရှင်ဟာ မုဒိမ်းကောင် ”
“ မဟုတ်ဘူး ၊ မဟုတ်ဘူး ။ ငါ မုဒိမ်းကောင် မဟုတ်ဘူး ၊ မင်းကို ချစ်မိခဲ့တာပါ စတယ်လာ ၊ ချစ်မိခဲ့တာပါ ”
သူ အကြောက်အကန် ငြင်းဆန်နေမိသည် ။ သူ့မြင် ကွင်းထဲက စတယ်လာမှာ အခိုးအငွေ့များလို ယိမ်းနွဲ့နေသည် ။ သေချာ အားစိုက် ကြည့်ပြန်တော့လည်း သူ့ရှေ့မှာ ပြက်ပြက်ထင်ထင် ။ စူးရဲသည့် မျက်လုံးတစ်စုံနှင့် သူ့ကို ကြည့်နေသည် ။ ထိုမျက်လုံးထဲ၌ ဒေါသငွေ့တို့ လျှပ်လျှံနေသည် ။ စက်ဆုပ်ရွံရှာမှုတို့ ကွဲအက်နေသည် ။
“ ဘာ .. ၊ ချစ်မိခဲ့တာ ဟုတ်လား ၊ ဘာအချစ်လဲ ၊ ရှင်ဟာ အချစ်နဲ့ သွေးသားဆန္ဒကို မခွဲခြားနိုင်အောင် တဏှာရမ္မက်တွေ တောက်လောင်နေတာ ၊ အဲဒါ အချစ် မဟုတ်ဘူး ၊ တဏှာရမ္မက်တွေ ။ ရှင့်ခန္ဓာကိုယ်ဟာ အမြဲတမ်း လိင်စိတ်တွေ လွန်ကဲနေတာ ၊ ရမ္မက်သွေးတွေ ဆူဝေတောက်လောင်နေတာ ။ ဘယ်လိုမှ ငြှိမ်းသတ်လို့မရတဲ့ မီးတွေပေါ့ ။ ကျွန်မအပေါ် ရှင့်ရဲ့ စွဲလမ်းစိတ်တွေ ၊ တပ်မက်စိတ်တွေ လွန်ကဲလာတော့ ကျွန်မကို ပိုင်ဆိုင်ချင်လာတယ် ။ အဲဒီတော့ ရှင့်ဝတ္ထုထဲမှာ ကျွန်မတို့ လင်မယား နှစ်ယောက်ကြား ပြဿနာတွေ ဖန်တီးတယ် ၊ တစ်ယောက်နဲ့ တစ်ယောက် အထင်လွဲအောင် လုပ်တယ် ၊ ရန်ဖြစ်စရာအကြောင်းမရှိလည်း ရန်ဖြစ်ခိုင်းတယ် ။ တဖြည်းဖြည်းနဲ့ ကျွန်မကို လိုချင်တဲ့ လောဘတွေ ကြီးလာတယ် ၊ သဝန်တိုစိတ်တွေ ပေါက်ဖွားလာတယ် ။ ကျွန်မတို့ နှစ်ယောက်ကို ဇာတ်သိမ်း မလှအောင် ဖန်တီးပစ်တယ် ။ ပိုဆိုးတာက ကျွန်မယောက်ျားကို ရှင့်လို ... ၊ ရှင့်လို ရောဂါသည်ဖြစ်အောင် လုပ်လိုက်တာပဲ ၊ လူယုတ်မာ ၊ ရှင်ဟာ လူယုတ်မာ ၊ မုဒိမ်းကောင် ”
“ မဟုတ်ဘူး စတယ်လာ ၊ မဟုတ်ဘူး ”
သူ အော်ဟစ် ငြင်းဆန် လိုက်၏ ။ မဟုတ်ဘူး အိပ် မက် မဟုတ်ဘူး ၊ ဒါတွေက အစစ်အမှန်တွေပါ ၊ စတယ် လာနဲ့ ချစ်ရည်လူးခဲ့တဲ့ ခံစား မှုက အခုထိ ရင်ခုန်လှိုက်မော နေတုန်းပဲလေ ၊ စတယ်လာ မင်းဟာ သက်ရှိတစ်ယောက်ပါ ၊ ငါ့ကို မထားခဲ့ပါနဲ့ စတယ်လာ ၊ မထားခဲ့ပါနဲ့ ။ သူ ဆောက်တည်ရာမဲ့စွာ စိတ်ထဲမှ အော်ဟစ်လိုက်၏ ။ အပူလုံးကြီး တစ်ခုက သူ့ရင် တစ်ခုလုံး ပေါက်ထွက်သွားမတတ် ဆို့နင့်တောက်လောင်လာ၏ ။
သူ ငေးရီနေဆဲ စတယ်လာ၏ ပုံရိပ်ကတဖြည်းဖြည်း ဝေဝါးလာသည် ။ စတယ်လာ့ဆီ ပြေးကာ ပွေ့ဖက်လိုက်သည် ။ လေဟာနယ်အချို့သာ သူ့ရင်ခွင်ထဲ တိုးဝင်လာ၏ ။ သူ အခန်းလေးထဲ စတယ်လာ့ကို ရှာဖွေနေမိသည် ။ မတွေ့ ။ အခန်းကျဉ်းလေးသည် ပိုပိုပြီးကျဉ်းမြောင်းလာ၏ ။ အမှောင်သည် ပိုပိုပြီး သိပ်သည်းလာ၏ ။ သူ၏ ချစ်ဆိပ်ရည်ချိုက အခိုးအငွေ့အဖြစ် ပြယ်လွင့် သွားခဲ့လေသလား ။ သို့သော် သူကတော့ ရှာဖွေနေဆဲ ။ သူ ထိုးသိပ်ခဲ့သည့် အမှောင်ထုထဲ သူ၏ ချစ်ဆိပ်ရည်ချိုကို ရှာဖွေနေဆဲ ။
••••• ••••• •••••
အမှောင်တွေကို အခန်းကျဉ်းလေးထဲ ထိုးသိပ် သော့ပိတ်ထားလိုက်တယ် ။ သူ ကိုယ်တိုင်လည်း အမှောင်ထဲမှာ ငြိမ်ငြိမ်ဆိတ်ဆိတ် ။ နှလုံး ခုန်သံတွေလည်း တိတ်လို့ ။
⎕ ညီကျော် ၊ တန့်ဆည် ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
မတ် ၊ ၂ဝ၂ဝ
No comments:
Post a Comment