Wednesday, July 15, 2026

သေဆေးတစ်လက်

❝ သေဆေးတစ်လက် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

“ လက်တောင် ရေမခြောက်သေးဘူး ၊ အခု ဘယ်သွားဦးမလို့လဲ ”

မကျီးဒန်က ထမင်းပွဲမှ နေ၍ ပလုတ်ပလောင်းသံကြီးဖြင့် လှမ်းမေးလိုက်သည့် အတွက် ကိုဆေးရိုးက လှမ်းဆဲ ခြေလှမ်းကို ရုပ်၍ မကျီးဒန်ကို လှည့်ကြည့်သည် ။ မကျီးဒန်က ဟင်းချိုတစ်ဇွန်းကို အပြေးအလွှား ခပ်သောက်လိုက်ပြီးနောက် ကိုဆေးရိုးကိုပင် မျက်တောင် မခတ်ဘဲ ကြည့်နေ၏ ။

“ ထမင်းအတူ စားဖော်တွေတောင်မှ ထမင်းစားလို့ မပြီးသေးဘူး ”

မကျီးဒန်က ဆက်လက် မြည်တွန်လိုက်မှ ကိုဆေးရိုးက ထမင်းစားပွဲခုံ နားသို့ လျှောက်လာ၏ ။

“ ကိုဖိုးအောင် တော်တော် ဖြစ်နေတယ် ကြားလို့ပါဟာ ”

“ ကျုပ်တို့တစ်တွေ စားသောက်ပြီးမှ သွားပါလား ၊ ထမင်းအတူစားတဲ့ လူတွေ စားသောက် မပြီးခင်မှာ တစ် ယောက်ယောက်က ထွက်သွားရင် ဆင်းရဲဇာတာ ရှည်တတ်တယ် ဆိုတာ မသိဘူးလားဟင် ”

ကိုဆေးရိုးက ပြုံးရယ်ကာ အနီးရှိ ကွပ်ပျစ်ပေါ်သို့ ထိုင်လိုက်လေသည် ။ တဲဘေးမှာ တွဲရရွဲ ဆွဲလျက် ကာရံထားသော ထန်းရွက်များကို ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့် ငေးကြည့်နေရင်း အကြောင်းမဲ့ ပြုံးနေလေ သည် ။

“ တော်က ဘာရယ်တာလဲ ၊ ဆင်းရဲဇာတာရှည်လို့ ရှည်တယ် ပြောတာ ”

မကျီးဒန်က မျက်စောင်းကြီး ခဲလျက် ထမင်းထည့်သော ပလုံးတောင်းကို စားပွဲပေါ်သို့ ဆောင့်ချလိုက်၏ ။ သူသည် ကိုဆေးရိုး၏ ပြုံးရယ်ခြင်းကို သဘော မကျပေ ။ မိမိကို သရော်သည်ဟု ထင်၏ ။ ပလုံးတောင်းကို ဆောင့်ချ၍ အားမရသေးသဖြင့် ဟင်းချိုဇွန်းကိုပါ ဆောင့်အောင့် လွှတ်ချပြန်သည့်အတွက် “ အမေ့ဥစ္စာကလဲ ဇွန်းတော့ ကျိုးတော့မှာပဲ ” ဟု ချောစိန်က ဝင်ပြောသည် ။

“ ကျိုး ကျိုးအေ ”

ချောစိန်ကိုပါ ဆက်ပြီး ရမ်းချေးပန်းပြန်၏ ။ ကျန်လူများ စားမပြီးမီတွင် ထမင်းအတူ စားဖော် တစ်ယောက်က ခရီးထွက် ၊ သို့မဟုတ် လမ်းထွက်သွားလျှင် ဆင်းရဲဇာတာရှည်တတ်သည် ဟူသော အယူအဆမှာ ပေါ့ပေါ့ မဟုတ်ပေ ။ ထမင်းစားပြီးနောက် လက်ကို ဆေးသော ရေပင် မစစ်သေးမီ ၊ မခြောက်သေးမီ အိမ်ပြင်သို့ ထွက်သွားရခြင်းမှာ အင်မတန်မှ ဆင်းရဲမွဲတေသောကြောင့် အလုပ်ခွင်သို့ ထွက်ရခြင်းဖြစ်ရာ ယင်းအဖြစ်သည် အကျင့်ပါကာ တကယ်တမ်း ဆင်းရဲတတ်သည် ၊ တစ်သက်လုံး ဆင်းရဲတတ်သည်ဟု ယုံမှတ်ကြ၏ ။ မသွားလျှင် မဖြစ်သော သေရေးရှင်ရေး ကိစ္စမျိုး ရှိနေပါက ထမင်းပွဲကို တစ်တောင်လောက် ဖြစ်ဖြစ် ၊ တစ်ထွာလောက်ပဲဖြစ်ဖြစ် နေရာ ရွှေ့လိုက်ရ၏ ။ သဘောမှာ ခရီးသွားမည့် လူက အလျင်စား နှင့်ပြီး ကျန်လူများက ထမင်းပွဲအသစ် တစ်ခုကို နောက်ထပ် ပြင်ဆင်ကာ စားသောက်ကြသည် ဟူသော သဘော သက်ရောက်စေရန် ဖြစ်သည် ။

မယုံကြည်သူတို့ အတွက် အပသံဝဇ္ဇဖြစ်ချင် ဖြစ်ပေမည် ။ မကျီးဒန်လို တောသူ ရိုးအအကြီးများ အတွက်မူကား ဘုရားဟောတမျှ ယုံကြည်သော ကျင့်စဉ်တစ်ရပ် ဖြစ်နေပေ၏ ။ သို့ကြောင့်လည်း မိမိအား ပြက်ရယ်ပြုသည် အထင်ဖြင့် ကိုဆေးရိုးအား စောင်းမာန်တခဲခဲ ဖြစ်နေရသည် ။

“ ဟဲ့ … ကျီးဒန်ရဲ့ အရေးကြီးလို့ ထွက်သွားမိတာ နဲ့ ဒါလောက်ဖြစ်နေရသလားဟ ... ဟေ ”

ကိုဆေးရိုးက ချောစိန်၏ ကြားဖောက်ပြောသံနှင့် မကျီးဒန်၏ စိတ်ဆိုးမာန်ဆိုးပြောသံကို ကြားရမှ ထမင်းပွဲကို လှည့်ကြည့်ကာ မေးသည် ။

“ ဖြစ်တယ် .. ဖြစ်တယ် ၊ ကျုပ်ပြောတာကို သရော် တော်တော် ချော်တော်တော်နဲ့ ”

“ အေး … သရော်တာပဲ ၊ ဒါပေသည့် ညည့်ကို သရော်တာမဟုတ်ပါဘူး ကျီးဒန်ရယ် ”

“ ဟင်း ... ”

မကျီးဒန်က ပြန်လှန်ချေပရန် စကားလုံး ရှာမတွေ့ သေးခင် မျက်စောင်းထိုး၍ ရန်တွေ့လိုက်မိ၏ ။

“ ဆင်းရဲဇာတာရှည်မှာစိုးလို့ ဆို ဆိုပြီး ထမင်းစား ဖော်တွေ ပြီးအောင် စောင့်နေရတာနဲ့ ၊ လက်မြှောက်ပြီး အညောင်းမဆန့်ရတာနဲ့ ရှုပ်လို့ ”

မှန်ပေသည် ။ ‘ နေဝင်မီးလက် စီးပွားတက်သည် ’ ဟုဆိုကာ နေဝင်ဝင်ချင်း မီးထွန်းရသည်မှာလည်း အမောပင် ။

“ ဒါတေ လုပ်မိရင် ဆင်းရဲမှာစိုးလို့ ရှောင်လာလိုက်တာလည်း ညည်းနဲ့ ငါနဲ့ ရကတည်းက မဟုတ်လား ကျီးဒန် ။ အခုဆိုရင် သမီးဦး ချောစိန်တောင် အသက် ၂၀ ပြည့်နေပြီ ၊ ဘယ်မလဲ ချမ်းသာတာ ”

“ တော် ခွမပြောပါနဲ့ ”

“ ခွမပြောပါဘူး  ၊ ငါက အဖြစ်ကို ပြောနေတာ ကျီးဒန် ၊ ဒါလောက် ဆင်းရဲလာပြီးတဲ့ နောက်မှာတော့ ဆင်းရဲမှာလည်း မကြောက်တော့ပါဘူး ၊ ဒါထက် တိုးပြီး မွဲစရာလည်း မရှိတော့ပါဘူး ”

မကျီးဒန်၏ မျက်လုံးကြီး ပြူးလာ၏ ။ မကျီးဒန်က ထမင်းစားပြီးသား သံပန်းကန်ကို ရေအင်တုံထဲသို့ ထိုးနှစ်ရင်း ဒေါသတကြီး မော့ကြည့်နေစဉ် ကိုဆေးရိုး က ထရပ်၏ ။

“ အဲဒီတော့ ကိုဖိုးအောင်မှာ သေမှာနဲ့ ရှင်မှာ ၊ သေမှာက များတယ် ။ မသေခင် အသက်ကလေး မီလိုက်ရ မနည်းဘူး ၊ ညည်းတို့ စားပြီးအောင် စောင့်နေလည်း တဲစုတ်ဟာ တဲစုတ်ပါပဲ ကျီးဒန်ရာ ”

ကိုဆေးရိုးက ပြောပြောဆိုဆို တဲအပြင်သို့ ထွက် လာခဲ့လေ၏ ။ သူ၏ ကျောဘက်ဝယ် မကျီးဒန်၏ ဒေါသတကြီး အော်ဟစ်သံက ထွက်ပေါ်လာသည် ။ ကိုဆေးရိုးက မကျီးဒန်၏ အသံကို ရပ်တန့်နားထောင် မနေတော့ဘဲ လူမမာအိမ်သို့သာ ဆေးလိပ်မီးကြီး တဖွားဖွားဖြင့် လျှောက်လာခဲ့လေ၏ ။

ရမ်းဘိုကုန်းရွာသည် ညဉ့်အမှောင်အောက်၌ လူးလွန့်နေပေသည် ။ ရေနံဆီ မီးခွက်များမှ လိမ္မော်ရောင် မီးရောင်များမှာ တဲအပြင်သို့ အားနည်းစွာ ထိုးထွက်နေပေ၏ ။ အိုးပုတ်သံများကား ခပ်ပါးပါးသာ ထွက်ပေါ်နေသည် ။ ဆောင်းအကြိုတော် နှင်းမှုန်မှုန်သည် ရွာထက်တွင် မှိုင်းပျနေ၏ ။ ရွာလမ်းဘေးရှိ စောင်ရန်းတန်းတစ်ခု အနီးတွင် မီးတလက်လက်ဖြင့် အိုးဖိုတစ်ခုနားသို့ ရောက်လာသော ကိုဆေးရိုးက တန့်ရပ်လိုက်သည် ။ အိုးဖိုထဲမှ သံချွန်သံစလို မီးညွန့်ကလေးတွေ ထိုးထွက်နေ၏ ။

“ စားပြီးပြီလားဟေ့ ”

အိုးဖိုမှ ထွက်သော မီးရောင်၏ အောက်တွင် လူ တစ်ယောက်သည် တကုန်းကုန်း တကွကွဖြင့် မြေကျင်းတစ်ခုထဲရှိ ရွှံ့များကို နယ်နေသည်ကို ဖျော့တော့သော မီးရောင်ဖြင့် မှောင်တစ်ဝက် လင်းတစ်ဝက် မြင်နေရ၏ ။ ထိုသူသည် မှောင်ထဲမှ ကိုဆေးရိုး၏ အသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် လန့်ဖျပ်သွားဟန်ဖြင့် ခါးကြီးစန့်စန့်မတ်လျက် မှောင်ထဲသို့ လှမ်းကြည့်သည် ။

“ ဘယ်လဲဟေ့ ဆေးရိုး ၊ စားပြီးပြီကွ ”

“ ကိုဖိုးအောင် သည်းနေတယ်ကြားလို့ ၊ ငါလည်း တစ်ခေါက်မှ မရောက်သေးတာနဲ့ ညနေကမှ အောင်မြ ပြောသွားလို့ သိရတာ ”

“ ဟင် ... ငါဖြင့် ခုမှသိတယ် ”

“ အံ့ပါရဲ့ ပိတ်စရာ ၊ အတူတူ သောက်နေကျ လူချင်းကို မသိဘူးလို့ ”

ကိုဆေးရိုးက ဆေးလိပ်တိုကို မြေပြင်ပေါ်သို့ ပစ်ချရင်း အပြစ်တင်လိုက်ရာ

“ ဟ ... မင့်အဖေကလွှားတဲ့လား ၊ သူနဲ့ ငါ ၄ ၊ ၅ လ ရှိပေါ့ မသောက်တာ ၊ ဘယ်သိမလဲကွ ”

“ ဒါဖြင့် လိုက်ဦးမလား ”

“ သွားနှင့်ကွာ ၊ ငါ တိုက်ပိတ်ပြီးမှပဲ လိုက်လာတော့မယ် ”

ကိုပိတ်စက သူ၏ မီးဖုတ်လက်စ အိုးဖိုကို မီးအကျတွင် ရွှံ့ဖြင့် ပိတ်မံရဦးမည့် တာဝန်ကို ရည်ညွှန်း ပြောလိုက်လေသည် ။

“ အေးကွာ မသေခင် တစ်ခေါက်တော့ ရောက်အောင် သွားလိုက်ပါဦး ”

ကိုဆေးရိုးက ထပ်မံ မှာကြားလိုက်လေသည် ။ ကိုပိတ်စကိုယ်တိုင်က ယခုညပင် လာခဲ့ပါမည် ပြောလိုက်ပါလျက်နှင့် ထပ်မံ မှာကြားနေခြင်းမှာ ယနေ့အဖို့ လူမမာအိမ်သို့ ကိုပိတ်စ ရောက်ချင်မှ ရောက်လာမည် ထင်သောကြောင့်ပင် ။ ထင်ရအောင်ကလည်း အကြောင်းအချက်များ အပြည့်အစုံရှိနေပေသည် ။

ရမ်းဘိုကုန်းရွာငယ်မှာ ဝါကျွတ်ရန် တစ်လလောက် အလိုတွင် ချောင်းရေ၏ နှိပ်စက်ခြင်းကို အလူးအလဲ ခံလိုက်ရ၏ ။ ရွာ၏အနောက်ဘက်ဘေးရှိ စလင်းချောင်းမှာ ကျယ်ပြန့်သော ချောင်းကော ချောင်းပက်ကြီး ဖြစ်နေပေပြီ ။ ကမ်းက မကြာခဏ ဖဲ့၏ ။ ရမ်းဘိုကုန်းရွာသို့ ကပ်၍ ရေကြောင်း ဖြစ်နေရာက ဒီနှစ်တွင် ရွာပေါ်သို့ တက်ပြီး ဒုက္ခပေးလေသည် ။

ရမ်းဘိုကုန်း ဆိုသည်မှာ အိမ်ခြေ သုံးဆယ်ကျော် အနက် သုံးဆယ်လောက်မှာ ထန်းရွက်မိုး ၊ ထန်းရွက် ကာသော တဲများဖြင့် ခြံရံသော ရွာဖြစ်၏ ။ ရေတက်လာပြီဟေ့ ဟု ဆို၍ ဒူးဆစ်ပေါင်လယ်လောက် ရောက်သည်ဆိုလျှင်ပင် အမှိုက်သရိုက်နှင့် သစ်ကိုင်းခြောက်များက ရွာထိပ်မှ ဖိုးသာကျော်၏ တဲကလေးကို တွန်း၍ ဖြိုချလေသည် ။ ဖိုးသာကျော်၏ တဲကလေးသည် အခြားသော အခြေမခိုင်သည့် တဲငါးလုံးခန့်ကို ဝင် ရောက် တိုက်ခိုက်ဖြိုချတော့၏ ။ တဲပြို ၆ လုံး ပေါင်း မိသောအခါ ရွာလယ်တံခါးနားက အိမ်ကြီးအိမ်ကောင်း ၃ လုံးကို ဖြိုချနိုင်သော အင်အားရှိလာလေသည် ။ သည်တွင် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် တစ်စစီ ဆွဲဖျက်သူက ဖျက် ၊ ချောင်းရေစီးကြောင်းကြီးထဲသို့ ထိုးထုတ်သူက ထုတ်လိုက်သဖြင့် ကောက်ပင်ကို ဝါးလှဲသလို တစ်ရွာလုံး ပြားပြားဝပ်ရမည့် ဘေးမှ လွတ်ကင်းသွားလေ၏ ။ အိမ်ပြိုမည့် ဘေးမှ လွတ်သွား သော်လည်း ရမ်းဘိုကုန်းမှာ သက်သာရာ ရမသွားပေ ။

ဖိုထဲသွင်းရန်အတွက် အချောကိုင်ပြီးသား အိုးတွေ အရည်ပျော်ကာ ရွှံ့ဘဝသို့ ရောက်ကုန်ကြရသည် ။ ရှိသမျှ နှမ်းနှင့် စပါးတွေ ရေစိုကုန်သည် ။ ထွန်သွား မျောသူက မျော ၊ နွားစာခေါင်း ပါသွားသူက ပါသွား၏ ။ အဆိုးဆုံးမှာ အိပ်ရန် ဘုံပျောက်ခြင်းပင် ။ ဒါလောက် ကြီးမားသော ရေဘေးကို တစ်ကြိမ်မျှ မကြုံဖူးသော အရပ် ၊ တစ်တိုင်းတစ်ပြည်လုံးတွင် မိုး အခေါင်ဆုံးအရပ် ဖြစ်သော ရမ်းဘိုကုန်းမှ တဲကလေးများမှာ ခါးသာသာထက် မမြင့်သောကြောင့် လေးထပ်ကျောင်းသို့ ပြေးကြရသည် ။ ရေကြီးခါမှပင် တစ်နှစ်လုံး ရှောင်ဖယ်နေခဲ့သော မိုးက ရက်ရောစွာ သွန်ချလာသည်တွင် အိမ်သံယောဇဉ် ၊ ပစ္စည်းသံယောဇဉ်များကို ဖြတ်ပြီး လေလုံမိုးလုံရာ လေးထပ်ကျောင်းသို့ ပြေးကြရခြင်းပင် ။

လူတွေထက် အခက်ကြုံရသူများမှာ နွားတွေဖြစ်သည် ။ ရေလွတ်ရာသို့ ရောက်အောက် သုံးမိုင်ခန့် သွားရ၏ ။ သို့ရာတွင် မိုးကမစဲ ၊ မိုးမစဲသည့် အထဲတွင် ကောက်ရိုးပုံတွေ ရေမျောကုန်သည့်အတွက် အာဟာရ ပြတ်ကုန်လေ၏ ။ ငတ်ပြီးသေသော နွား ၊ အအေးမိပြီး သေသော နွားနှင့် ။ အိမ်ဆုံး နွားဆုံးသော သူများထက် အဖြစ်ဆိုးကြုံရသူကား ကိုဖိုးအောင် တည်း ။

ရေတက်လာသောနေ့က ကိုဖိုးအောင် သည် လယ်ပြင်သို့ ရောက်နေ၏ ။ ရေကြီးသည့် သတင်းကို ကြားလျှင် ကြားချင်း ကိုဖိုးအောင်က ရွာသို့ ပြန်ပြေးလာရာ ရွာထဲမှ ကမ္ဘာပျက်သည်သို့ အော်သံ ၊ ဟစ်သံ ၊ ငိုယိုသံများက ဆီးကြိုလေသည် ။ အထုပ်အပိုးတွေဖြင့် လေးထပ်ကျောင်းဘက်သို့ ပြေးသူက ပြေး ၊ ပစ္စည်းတွေ သယ်သူက သယ်ဖြင့် ပျားပန်းခတ်နေကြ၏ ။ ကိုဖိုးအောင်မှာ မည်သူ့ကိုမျှ မေးမြန်းမနေနိုင်တော့ဘဲ အိမ်သို့သာ ပြေးလာခဲ့မိသည် ။ ပြေးလာသည် ဆိုရာ၌ စိတ်ကပြေးခြင်းသာဖြစ်၍ လူကမူ ရေထဲတွင် တနဲ့နဲ့ လျှောက်လာရုံသာ တတ်နိုင်၏ ။

“ အမယ်လေး ... လှည်းကြီး မျောသွားပြီ ၊ လုပ်ကြပါဦး တော်တို့ရဲ့ ”

အိမ်နားသို့ ရောက်သည်ဆိုလျှင် ကလေးတွေ လက်ဆွဲလျက် တဲထဲမှ ထွက်လာသော မအေးသာကို လှမ်းမြင်ရ၏ ။ ချက်ချင်းပင် မအေးသာ၏ အသံထွက် ပေါ်လာသဖြင့် နွားလှည်းထားရာ ကုက္ကိုပင်ရိပ်ဆီသို့ လှမ်းကြည့်လိုက်သော အခါတွင် လှည်းမှာ တရွေ့ရွေ့ဖြင့် ရေထဲတွင် မျောပါနေသည်ကို မြင်ရသည် ။ ကိုဖိုးအောင်မှာ ရေထဲတွင် တရွေ့ရွေ့ စမ်းလျှောက်မနေနိုင်တော့ပေ ။ ရေထဲသို့ ဝမ်းလျားမှောက်လိုက်ကာ လှည်းဘက်သို့ လက်ပစ်ကူးလာခဲ့သည် ။ လှည်းမှာ ကိုဖိုးအောင်နှင့် ဘကြီးထွန်း၏ တဲကြားမှာ ဖြတ်ပေါက်နေသော ရေစီးကြောင်းထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် တရကြမ်း ပါသွားလေ၏ ။

“ ကိုဖိုးအောင် ... ကိုဖိုးအောင် မလိုက်နဲ့ မလိုက်နဲ့ ”

မအေးသာ၏ စူးစူးဝါးဝါးအသံသည် မိုးသံ ၊ လေသံနှင့် ရေစီးသံများကို ထွင်းဖောက်၍ ပေါ်လာလေသည် ။ ကိုဖိုးအောင်ကား မအေးသာကို လှည့်၍သော်မျှ မကြည့် ၊ လှည်းထမ်းပိုး ကိုလှမ်းကိုင်လျက် မြေကြီးပေါ် ခြေထောက်ကာ ဆွဲယူလေ၏ ။ ရေစီး အားနှင့် ကိုဖိုးအောင်၏ ဆွဲအား ကြားတွင် လှည်းမှာ တန့်သွားလိုက် ၊ မျောပါသွားလိုက် ဖြစ်နေလေသည် ။

ဤအချိန်၌ မအေးသာ မှာ ကိုဖိုးအောင် ထံသို့ ပြေးသွားရမလို ၊ ကလေးတွေကို ချီပြီး ပြေးရမလိုနှင့် ယောင်နန ဖြစ်နေ၏ ။ ကိုဖိုးအောင် ကမူ ဇွဲမလျှော့ဘဲ လှည်းကို ဆွဲထားရင်း လှည်းနောက်သို့ ပါသွားရာက ကုန်းမြင့်မြင့် တစ်ခုကို ခြေဖြင့် အားရပါးရ ထောက်မိသော အခါတွင် တစ်လက်မမျှ မရွေ့အောင် ဆွဲထားနိုင်တော့၏ ။

သို့ရာတွင် ကိုဖိုးအောင်မှာ ရေစီးအားကို ဆန့်ကျင်၍ ကြာရှည်ဆွဲ မထားနိုင်ဘဲ လှည်းနောက်သို့ တန်းလန်းကြီး ပါသွားရာက မီးဖိုကျင်းနေရာသို့ အရောက်တွင် ချိုင့်ထဲသို့ ကျကာ မြုပ်သွားလေ၏ ။ ကိုဖိုးအောင်၏ နှာခေါင်းပေါက်ထဲသို့ ရေတွေဝင် သွားလေသည် ။ မြေကြီးကို ခြေဖျားဖြင့် ကန်၍ ဆောင့် တက်လိုက်သောအခါတွင် ကိုဖိုးအောင် မှာ လှည်းထမ်းပိုးကို ဖက်လျက် ရေစီးနောက်သို့ မျောပါနေရကြောင်းကို သိရလေ၏ ။ လှမ်းကြည့်လိုက်သောအခါ ရှေ့နှစ်အိမ် လွန်လျှင် ရေစီးကြောင်းမှာ ချောင်းမကြီးထဲသို့ ရောက်နေပြီကို ကိုဖိုးအောင်မြင်ရ၏ ။ ချောင်းမကြီးထဲသို့ မရောက်မီ ရအောင်ဆွဲနိုင်လျှင် ဆွဲ ၊ မဆွဲနိုင်လျှင်ကား လှည်းကို မဆိုထားဘိ ၊ လူ ပင်လျှင် မနည်း ရုန်းရပေတော့မည် ။

“ ကိုဖိုးအောင်ရေ ပြန်လှည့်ခဲ့ ... ပြန်လှည့်ခဲ့ ... ချောင်းထဲ ပါသွားလိမ့်မယ် ”

မအေးသာ၏ အသံသည် ကိုဖိုးအောင်၏ နားထဲသို့ သဲ့သဲ့မျှ ရောက်လာ၏ ။

“ ကိုဖိုးအောင် ... ကိုဖိုးအောင် ”

ကိုဖိုးအောင်မှာ တကယ်တမ်းတွင် ပြန်လှည့်နိုင်ချိန် မရတော့ပေ ။ မိမိ ဆုပ်ကိုင်ထားသော လှည်းထမ်းပိုးကို လွှတ်လိုက်သည့်တိုင်အောင် ရုတ်တရက် ကူး ခပ်၍ ရမည်မဟုတ်ပေ ။ ကြမ်းတမ်းသော ရေစီး မွှေ့ယမ်းချက်အတိုင်း လှည်း၏ ရှေ့သို့ ရောက်လိုက် ၊ လှည်း၏ နောက်သို့ ရောက်လိုက်ဖြင့် ချာချာလည်ကာ ပါသွားရာက “ အမယ်လေး သေပါပြီတော် ” ဟူသော မအေးသာ၏ အသံကို နောက်ဆုံး ကြားလိုက်ရလေ၏ ။

ကိုဖိုးအောင်မှာ လှည်းထမ်းပိုးကို ဆုပ်ကိုင်လျက် ရေစီးနောက်သို့ ပါလာစဉ် လှည်းရှေ့သို့ လူရောက် အသွားတွင် ကင်ပွန်းခါးပင် တစ်ပင်နှင့် ဝင်ဆောင့်မိ ခြင်း ဖြစ်လေသည် ။ ရေစီး၏ဒဏ်ကြောင့် သစ်ပင်နှင့် ကိုင်ရိုက်သလိုဖြစ်သွားသည်သာမက လှည်းကလည်း သစ်ပင်နှင့် ညှပ်ဆောင့်လိုက်ပြန်သောအခါ ကိုဖိုးအောင်မှာ သတိမေ့သွားလေသည် ။

“ အမယ်လေး လာကြပါဦးတော် ... လာကြပါဦး ”

မအေးသာမှာ ကင်ပွန်းခါးပင်တွင် ငြိနေသော လူနှင့် လှည်းကို ကြည့်အော်ရုံမှအပ ဘာမျှ မတတ်နိုင်ပေ ။ ကလေးတွေကို ထားပြီး ကိုဖိုးအောင်ထံ သွားလျှင် ကလေးတွေ မျောပါကုန်မည် ။ သို့စဉ်တွင် ထမင်းအိုး ၊ ဟင်းအိုးနှင့် အနှစ်နှစ် အလလ စုဆောင်းလာခဲ့သော ဆန်ကော ၊ ဆန်ခါ ၊ တောင်း ၊ ပလုံးများသည် ရေလျဉ် စီးကာ တဲထဲမှ တငြိမ့်ငြိမ့် ထွက်လာကြကုန်၏ ။

“ လာကြပါဦး တော်တို့ ၊ အမယ်လေး .. ကိုဖိုးအောင် သေပါပြီတော့် ”

မအေးသာ၏ အော်သံသည် ဆက်ကာဆက်ကာ ထွက်ပေါ်လာလေသည် ။ မိုးသံလေသံနှင့် ကလေးသူငယ်တို့၏ အော်ဟစ်ငိုယိုသံ ၊ လေသံများကို လွှမ်းမိုးနိုင်ရန် ကုန်း၍ ကုန်း၍ အော်၏ ။ ပထမဆုံး ရောက်ရှိလာသူများမှာ ကိုအောင်မြနှင့် ထွန်းသော်တို့ ဖြစ်ပေသည် ။

“ ဟေ လာကြပါဦးဟ ၊ ဖိုးအောင် လှည်းညပ်နေလို့ဟေ့ ”

ကိုအောင်မြနှင့် ထွန်းသော်တို့ မှာလည်း သူတို့ နှစ်ယောက်တည်းဖြင့် ကိုဖိုးအောင်ကို ဆွဲယူနိုင်ပေသော်လည်း နေရာရွှေ့လျှင် လှည်းမျောသွားမည် စိုးသောကြောင့် ထပ်မံ၍ အကူအညီ ခေါ်ကြရ၏ ။

ကိုဖိုးအောင်မှာ သစ်ပင်နှင့် လှည်းညှပ်ဆောင့် သဖြင့် ပေါင်ကျိုးသွားလေသည် ။ လူမသေလျှင် ငွေမရှားဟူသော စကားကို ပြက်ရယ်ပြုခြင်းမည်၏ ။

နွားလှည်းသည် လယ်သမား တစ်ယောက် အတွက် မရှိလျှင် မဖြစ်သောပစ္စည်း ဖြစ်ပေသည် ။ သည်ပစ္စည်းကို လက်ဝယ်ပိုင်ရန်မှာ ကိုးဆယ် ၊ တစ်ရာ ကုန်ကျရ၏ ။ ကိုးဆယ် ၊ တစ်ရာကျပ် မဆိုထားဘိ ၊ ငါးပြား ၊ ဆယ်ပြားပင် အလဟဿ စွန့်ပယ်နိုင်သော သတ္တိမရှိသော ကိုဖိုးအောင်က လှည်းကို သဲသဲမဲမဲ ဆွဲယူခဲ့ခြင်းဖြစ်၏ ။ ရေကျသည့်တိုင်အောင် ကိုဖိုးအောင်မှာ လေးထပ်ကျောင်းပေါ်တွင် ဆက်လက် နေထိုင်ရ၏ ။ ကျိုးသော ပေါင်ကို မြန်မာဆေးဆရာဖြင့် ကုသနေဆဲတွင် အဖျားရောဂါ ဝင်ရောက်နှောင့်ယှက်လာတော့၏ ။

တစ်ရွာလုံးမှာလည်း မီးလောင်သည်နှင့် မခြားသော ရေ၏ နှိပ်စက်မှုဒဏ်ကို ခံလိုက်ရသဖြင့် ကိုဖိုးအောင်ကို ထောက်ပံ့နိုင်ခြင်းမရှိပေ ။ နေ့စာနှင့် ညစာကို အလျဉ်မီအောင် အိုးဖောက်သည်ထံမှ မတန်တဆ အတိုးဖြင့် ချေးငှားကြရ၏ ။ လှည်းဖြင့် ဝန်ပို့လိုက်ကြရ၏ ။ သည်အချိန်ဝယ် ကိုဖိုးအောင်မှာ ဘုန်းကြီး၏ ကျွေးမွေးမှုကို ခံယူရာက ရွာထဲသို့ ပြောင်းရွှေ့လာခဲ့သည် ။

ရေက တွန်းလှဲသွားသောကြောင့် လဲပြိုနေသော စောင်ရန်းတန်း ( စည်းရိုး ) များလည်း ပြန်၍ ထူပြီး စိုက်ပြီးနေပေပြီ ။ စိုသော မြေကြီးသည်လည်း ခြောက်သွေ့လာပေပြီ ။ ကောက်ပင်စိမ်းစိမ်းတို့၏ ရင်ခွင်ဝယ် စပါးနှံ သန္ဓေသား သည်ပင် ခိုအောင်းရောက်ရှိလာချေပြီ ။ ကိုဖိုးအောင်၏ ခြေထောက်မှာ အကင်းမသေတတ်သေး ။ အဖျားရောဂါမှာလည်း မကျရုံသာမက လူသာလျှင် လုံးပါး ပါး၍လာခဲ့၏ ။ ဖောသလိုလို ရောင်သလိုလို ဖြစ်လာ၏ ။ ရက်မှ လသို့ ကူးလာသော အခါတွင်ကား ကိုဖိုးအောင်မှာ ရမ်းဘိုကုန်းအတွက် အထူးအဆန်း မဟုတ်တော့ပေ ။ မအေးသာ မှာ ရွာထဲမှ လယ်ကူလီ ကာလသားများကို လှည်းဦးစီးတင်ပြီး ကုန်တိုက်လိုက်၍ ရသောကြေးငွေဖြင့် အသက်ဆက် နေရသည် ။ ကိုဆေးရိုးမှာ ကိုဖိုးအောင် ထံသို့ မှတ်မှတ်ရရ နှစ်ခေါက်သာ ရောက်ပြီးနောက် လယ်ပြင်သို့ ပြေးကြည့်လိုက် ၊ အိမ်ပြန်ရောက်လျှင် အိုးကို နင်းလုပ်လိုက်ဖြင့် အချိန်ကုန်မှန်း မသိ ကုန်ခဲ့ရာက ယခုမှပင် ကိုဖိုးအောင် အိမ်ဘက်သို့ ခြေဦးလှည့်မိတော့သည် ။ မိမိ၏အလုပ်များဖြင့် မိမိ မအားမလပ်အောင် ဖြစ်နေခဲ့ရသလို ကိုပိတ်စမှာလည်း ကိစ္စဝိစ္စတွေ ထွေပြားနေလိမ့်မည်ဟု ယူဆသည့်အတွက် “ ရောက်အောင် သွား လိုက်ပါဦး ” ဟု မှာခဲ့ခြင်းဖြစ်ပေ၏ ။ ရေနှိပ်စက်သဖြင့် ဖြူကာ ပြာကာ ကျနေသော အိမ်ထောင်များမှာ ကုန်းရုန်းပြီး ပြန်လည်ထူထောင်နေကြရသည် မဟုတ်လား ။

ကိုဖိုးအောင်၏ တဲကလေးကို လှမ်းကြည့်လိုက်သောအခါ မီးရောင်ဖျော့ဖျော့နှင့် တဲပေါက်ဝတွင် လူရိပ်များကို မြင်ရလေသည် ။ တဲမှာ ခန်းပွင့် ၁ဝ ပေ ၊ ကျော ၁၅ ပေထက်မကြီးသောကြောင့် မှောင်နှင့် မည်းမည်းဝယ် တစ္ဆေကြီး ဝပ်နေသည်ဟု ထင်ရ၏ ။

“ ဟော .. မောင်ဆေးရိုးပါကလား ၊ လာဟေ့ ဒီမှာ ထိုင်ကွာ ”

တဲပေါက်ဝတွင် ကိုဆေးရိုး မတ်တတ်ရပ်မိလျှင် ဘကြီးဖိုးက ဆီးကြို၏ ။ ဘကြီးဖိုးသည် တဲပေါက်ဝရှိ တိုင်တစ်လုံးကို မှီတွယ်ထိုင်နေရာက အတွင်းဘက်သို့ တစ်ထွာခန့် ရွှေ့ပေးသည် ။ ကိုဆေးရိုးက လူမမာကို လှမ်းကြည့်ရင်း ဝင်ထိုင်၏ ။ ဦးစွာမြင်လိုက်ရသော အရာမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော သံဖြူ မီးအိမ်ခွက်ကလေး ဖြစ်သည် ။ ဖျော့တော့အားနည်းသော မီးရောင်အောက်သို့ မျက်လုံးဖြဲပြီး ကြည့်လိုက် သောအခါ ကိုဖိုးအောင်၏ ပါးစပ်ထဲသို့ ရေစက်ကလေးများ ချပေးနေသော မအေးသာ ကို မြင်ရ၏ ။ ရေပေါက်ရေစက်ကလေးတွေ ကျသွားရာနေရာတွင်ကား ဖောင်းပွနေသော ကိုဖိုးအောင်၏ မျက်နှာကြီး ။

“ ဟင်း ”

ကိုဆေးရိုးက သက်မချလျက် မျက်လွှာကို ရုပ်လိုက်မိသည် ။ တောင်မင်းကို မြောက်မင်း မကူနိုင်သော ဘဝ၌ ကိုဆေးရိုးသည် သက်မကိုသာ ထန်ထန်ပြင်းပြင်း ချနိုင်တော့၏ ။ သူတတ်နိုင်သည်မှာ ဒါပဲ ဖြစ်သည် ။

“ ဆရာ သွားမခေါ်ကြဘူးလား ”

ကိုဆေးရိုးက ဘကြီးဖိုး၏ လက်ဝဲဘက်တွင် ထိုင်နေသော ကိုအောင်မြအား လှမ်းမေး၏ ။

“ မိုးဝင်းက ဆရာပွားလေ ၊ အခုလေးတင်ပဲ ပြန်သွားတယ် ”

“ ဘာပြောသွားလဲဟင် ... ဘာပြောသွားလဲ ”

ကိုဆေးရိုးက ကမန်းကတန်း ဝင်မေးလေသည် ။

“ အေးသာကို ပြောသွားတော့ မနက်စောစော တစ်ခေါက်လာခဲ့မပေါ့လကွာ ၊ ငါတို့ကို ပြောတော့ မရတော့ဘူး ပြောတာပဲ ”

“ အင်း …. ”

ဘကြီးဖိုးက နှစ်ကိုယ်ကြား ရှင်းပြလိုက်သည်တွင် ကိုဆေးရိုးမှာ ထပ်မံ၍ ညည်းတွားမိ၏ ။ ခဏချင်းတွင် တဲငယ်အတွင်း၌ တိတ်ဆိတ် ငြိမ်သက်သွားလေသည် ။ ကိုဆေးရိုးက ကိုဖိုးအောင် ဘက်သို့ လှမ်းကြည့်မိပြန်၏ ။ ကိုဖိုးအောင်ကား ငြိမ်သက်နေချေသည် ။

“ မုန်းမြောက်သောက် အောက်ပိုင်းက လယ်တွေကို ရေမြုပ်အမတော် ပေးမယ် ဆိုပါကလားဗျ ”

တိတ်ဆိတ်ခြင်းကို ဖောက်ဖျက်လိုက်သော အသံသည် ကျောဘက်မှ ထွက်ပေါ်လာသဖြင့် ကိုဆေးရိုး က လှည့်ကြည့်လိုက်၏ ။ တဲအဝင်ဝ၏ ညာဘက်ထောင့်တွင်လည်း လူ ၃ ယောက် ထိုင်နေသည် ။

“ ဒါဖြင့် သာမောင်တို့ ၊ ငကျော်တို့ ရကြဦးမှာပေါ့ ။ နို့နေပါဦး ၊ တစ်ဧက ဘယ်လောက်ပေးမှာတဲ့လဲ အုန်းမောင်ရ ”

“ တစ်ဧက အစိတ်လို့ ကြားတာပဲဗျ ”

အုန်းမောင်က ပြန်ဖြေလိုက်စဉ် လူမမာရှိရာ နေရာမှ လှုပ်ရှားသွားသည်ကို မြင်ရသဖြင့် ကိုဆေးရိုးက လှမ်းကြည့်မိသည် ။ မအေးသာသည် ကိုဖိုးအောင် ၏ ခြေထောက်ကို ဂုန်အိတ်စုတ်ဖြင့် ပြင်ပြီး ထွေးပေးနေသည်ကို မြင်ရ၏ ။

“ နို့ .. တို့ရွာပေါ် ရေတက်တဲ့အ တွက်ကော ဘာ အမတော်ကြေးမှ မပေးဘူးတဲ့လား အုန်းမောင် ”

ဘကြီးဖိုးက လှမ်းမေးလိုက်ရာ ...

“ အဲဒါတော့ မသိဘူး ဘကြီးရဲ့ ”

“ ကျုပ်တော့ ကနေ့ပဲ မြို့ထဲက ကြားခဲ့တယ်ဗျို့ ” 

တဲရှေ့ မှောင်ရိပ်ထဲက ကိုပိတ်စ၏ အသံ ထွက်ပေါ်လာ၏ ။ ကိုဆေးရိုး လှည့်ကြည့်လိုက်လျှင် ကိုပိတ်စက တဲပေါ်သို့ ဆေးလိပ်မီး တဖွားဖွားဖြင့် တိုးဝှေ့တက်လာ၏ ။

“ ရေနစ်တဲ့ ရွာတွေကို တစ်အိမ်ထောင် ဒန်အိုးတစ်လုံး ၊ ဆန်တစ်ခွဲ ၊ ပိတ် ငါးကိုက် ၊ ဘာဘူစောင် ၂ ထည်စီ ဝေပေးမယ်တဲ့ ”

ရုတ်တရက်လျှင် ကိုဆေးရိုးမှာ ဝမ်းသာသလို ဖြစ်သွား၏ ။ ဘာဘူစောင် ၂ ထည်သာ ယခုနေ ရလိုက်လျှင် ကိုဖိုးအောင်ကို ဂုန်အိတ်ဖြင့် ထွေးစရာ မလိုတော့ပေ ။ ကိုဆေးရိုးက ဝမ်းသာသလိုလို ဖြစ်ပြီး လူမမာကို လှမ်းကြည့်သော်လည်း လူမမာမှာ အသက်ကို ပင်ပန်းစွာ ရှူနေရရှာ၏ ။

“ အေးဗျာ ပေးရင်လည်း ယူရမှာပေါ့ ”

တစ်ဖက်ထောင့်မှ ထွန်းသော်က ညည်းညည်းညူညူကြီး ပြောလိုက်လေသည် ။

“ ငါ့သဘောကတော့ကွာ ရေတက်ခံရတဲ့ ရွာတွေကို ဘာတွေ ညာတွေ ဝေချင်သပဆိုလည်း ဝေပေါ့ကွာ ၊ မဝေချင်လည်း မဝေနဲ့ဦး ”

တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော ကိုအောင်မြက လူမမာနှင့်ဝေးအောင် ခေါင်းကို တဲပေါက်ဘက်သို့ ကိုင်းရင်း ပြောလိုက်ရာက “ အေး စပါးဈေးကလေးသာ တိုးပေးရင် ကျေနပ်ပါပြီကွာ ” ဟု ဆက်လိုက်ရာ “ အခုလည်း တိုးပေးသားပဲကွ ” ဟု ကိုဆေးရိုးက ပြောလိုက်၏ ။

“ ဟင် ... စပါးဈေး တိုးတယ် ၊ ဟုတ်လား ”

ဤအသံကား တိုးညင်းညင်သာလွန်း၏ ။ အသံ လာရာသို့ ကိုဆေးရိုး လှမ်းကြည့်လိုက်သောအခါ အံ့သြဝမ်းသာသွားသည် ။ အသံရှင်ကား လူမမာ ကိုဖိုးအောင် ဖြစ်ကာ ကိုဖိုးအောင်သည် ကိုဆေးရိုးတို့ ဘက်သို့ စောင်းလှည့်ပြီး မေးနေ၏ ။ သို့သော် သူ့ခမျာမှာ ပင်ပန်းစွာ အသက်ရှူနေရ၏ ။

“ အေးဗျ ကိုဖိုးအောင်ရ ၊ တိုးပေးနေပြီ ”

ကိုဆေးရိုးက လှမ်းပြောရသည် ။

ကိုဖိုးအောင်သည် တုန်တုန်ယင်ယင်ဖြင့် ထထိုင်ရန် ကြိုးစားနေသဖြင့် မအေးသာက တွဲကိုင်ကာ ထိုင်ပေးလိုက်သည် ။

“ မောပါ့မယ် ကိုဖိုးအောင် ”

မအေးသာက သတိပေးနေလျက်က ကိုဖိုးအောင်သည် ထပ်မံ အားယူကာ မေးပြန်သည် ။

“ ၅ဝဝ ဈေး တိုးပေးပြီလား ”

“ ဘယ်ဟုတ်ရမှာလဲဗျ ၊ ၂၈၅ ကျပ် ဈေးကနေပြီး ၃ဝဝ ဈေးကို တိုးပေးတာ ”

“ ကိုဆေးရိုးက ပြန်ဖြေလိုက်သည်နှင့် တစ်ပြိုင်နက် ကိုဖိုးအောင်မှာ “ ဟင် ... ” ဟုသာ မြည်နိုင်ပြီး အိပ်ရာပေါ်သို့ လဲကျသွားလေ၏ ။

မအေးသာမှာ ကိုဖိုးအောင် မောနေမည် စိုးသောကြောင့် ရင်ကို အသာကလေး ဖိပေးလိုက်သည် ။ ကိုဖိုးအောင်မှာ စကားပြောလိုက်မိသဖြင့် မောလာရမည့် အစား လုံးဝငြိမ်သက်နေသည်ကို မအေးသာ မှာ ထိတ်လန့်တုန်လှုပ်စွာ တွေ့လိုက်ရလေရာ “ အို ကိုဖိုးအောင် ရဲ့ ” ဟု ဟစ်ငိုလိုက်လေတော့၏ ။ ကိုဆေးရိုးတို့ တစ်တွေမှာကား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ငိုင်နေကြလေသည် ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment