Showing posts with label မောင်သင်းထုံ ( ကျောက်မဲ ). Show all posts
Showing posts with label မောင်သင်းထုံ ( ကျောက်မဲ ). Show all posts

Thursday, July 23, 2026

မိုးရေအားကိုးနဲ့ မြစ်ဆီသွားချင်နေတဲ့ စမ်းချောင်းလေးပါ

❝ မိုးရေအားကိုးနဲ့ မြစ်ဆီသွားချင်နေတဲ့ စမ်းချောင်းလေးပါ ❞
( မောင်သင်းထုံ - ကျောက်မဲ )

ထွန်းကြည်တို့ ၊ ထွန်းရီတို့တစ်တွေ မျှော်နေကြပြီ ။ မျှော်တာမှ သူတို့ဦးလေး ဦးတင်ရွှေက အညာအရပ်ကနေ အောက်အရပ်ကို ဖောင် မျောမလို့ ဆိုပြီး မနေ့ကမှ သွားခဲ့တာ ။ ထွန်းရီတို့က ဖြစ်နိုင် မဖြစ်နိုင်တာအပထား ၊ ကလေးသဘာဝ နောက်တစ်နေ့ကကို စ , မျှော်နေကြတာပါ ။ တကယ်တော့ မျှော်တယ် ဆိုတာကလည်း တခြား ဘာနဲ့မှကို လဲလို့ပြုလို့ မရတဲ့ အရသာ တစ်ခုပါ ။ မျှော်လင့်ချက်တစ်ခုပါ ။

ထွန်းရီတို့ ရွာက “ ချောင်းခြေ ” တဲ့ ။ ပဲခူးတိုင်း ကဝမြို့နယ်ထဲမှာ ရှိပါတယ် ။ ကျောင်းမှာ ပထဝီအနေနဲ့ သင်ရကျက်ရမယ်ဆိုရင်တော့ အင်မတန်မှ ကျက်ရမှတ်ရ လွယ်တဲ့ အရပ်ပါ ။ ဘာပြုလို့လဲဆိုတော့ ပဲခူးမြို့ရဲ့ အရှေ့တောင်ဘက်မှာ ကဝမြို့ဆိုတာ ရှိတယ် ။ တစ်ခါ ကဝမြို့ ရဲ့ အရှေ့တောင်ဘက်မှာ ချောင်းခြေရွာ ဆိုတာ ရှိပါ တယ် ။ ရွာရဲ့ အရှေ့တောင်ဘက်မှာမှ ထွန်းရီတို့ရဲ့ အိမ်ကလေးက ရှိတာပါ ။ ပြောရင်းကကို ထွန်းရီတော့ လွမ်းလာပြန်ပါပြီ ။

ဦးတင်ရွှေ ဆိုတာက အမေ့မောင်ပါ ။ မိသားစုထဲမှာတော့ အငယ်ဆုံးထင်ပါရဲ့ ။ မိသားစုရဲ့ ရင်ခွင်မှာ အီဆောင့်နေအောင် တဝကြီး နေခဲ့ရပြီးတော့မှ အဲဒီမိသားစုရဲ့ အချစ်တော်ဘဝနဲ့ကို အကြာကြီးနေခဲ့ရသူပါတဲ့ ။ ဒီတော့ ဒီလိုလူမျိုးတွေရဲ့ သဘာဝ ၊ အချိန်တန် အရွယ်ရောက်လို့ အလုပ်လုပ်ရတာတောင် ကလေးဘဝငယ်စိတ်က ပျောက်ချင်သေးတာလိုက်လို့ ။ တခြား မဟုတ်ပါဘူး ။ သူ့ကလေးဘဝက အပြည့်အဝ ၊ စုံစိအောင် မလုပ်ဖူး ၊ မကြုံဖူးခဲ့တာတွေကို အခု လူကြီးဖြစ်တော့ လိုက်လုပ်တော့တာပါပဲ ။ အဲဒါကြောင့်မို့လို့ လည်း ထွန်းရီတို့ ၊ ထွန်းကြည်တို့ ညီအစ်ကိုမောင်နှမ တစ်တွေက ဦးလေးကို ချစ်ကြတာပါ ။ အလကားနေရင်း ဦးလေးကို အိမ်မှာ မမြင်ရရင် အဲဒါ မေးပြီ ။ ဦးလေး ခရီးသွားတယ်ဆိုရင် မျှော်ရပြီ ။ အဲဒါကိုက အလုပ် တစ်ခုခုလိုပါပဲ ။

ထွန်းရီတို့ ငယ်ငယ် ကလေးဘဝက ရွာကလည်း ရွာဆိုတော့ ဘယ်ကလာ ပျော်စရာ ၊ ကစားစရာရယ်လို့ များများရှိပါ့မလဲ ။ ဖျော်ဖြေစရာ ဇာတ်ပွဲ ၊ ရုပ်သေးပွဲ ဆိုတာက မြို့ကြီးရွာကြီးလိုဟာမှ ၊ ဘုရားပွဲနဲ့ဟာမျိုး ကြုံမှ ကြည့်ကြရတာကလား ။ ပြောပါဦးမယ် ။ ထွန်းရီတို့ ကလေးအဖွဲ့ထဲက တစ်ယောက် ကံကောင်းထောက်မ , လို့ သူ့မိဘတွေနဲ့ မြို့ကို ဈေးဝယ်လိုက်သွား ။ အဲဒီမှာ ဇာတ်ပွဲကြည့်ခဲ့ရပြီ ဆိုပါတော့ ။ ထွန်းရီတို့ တစ်တွေမှာ သူ့အပြန်ကိုပဲ မျှော်နေရတာ ။ သူ ပြန်ပြောပြမယ့် ဇာတ်အကြောင်းကို နားထောင်ရ ၊ ကိုယ်တိုင် မကြည့်ရပေမဲ့ သူ့အပြောတွေကို ကိုယ့်ဘာသာမျက်စိနဲ့ ပုံဖော်ကြည့် ၊ ဘယ်လောက်များ အရသာရှိလိုက်သလဲ ဆိုတာ ။ ခင်ဗျားတို့ မသိဘူး ရယ်ဗျ ။ ဆင်းရဲသားလေးက ထမင်းစားခါနီးတော့ သူဌေးအိမ်က ငါးကြော်အနံ့လေး ရှူပြီးမှ ထမင်းစားတော့ မြိန်သလိုမျိုးပေါ့ ။ ထွန်းရီတို့ကလေးဘဝ ငယ်စဉ်ကတော့ အဲဒီလို ကြံဖန်ဖျော်ဖြေခဲ့ကြရတာလားဗျာ ။

“ ထွန်းကြည်ရေ .. ဒီနေ့ ဘယ်နှရက် ရှိပြီလဲကွ ”

“ ဘာတုံးကွ ၊ မင်းဟာကလည်း အရင်းမရှိ ၊ အဖျား မရှိ မေးပုံကြီးက ”

“ မင်းမလည်းကွာ ၊ တို့ အတွက် ဦးလေး ပြန်မယ့်ရက်က လွဲလို့ တခြားမေးစရာ ဘာရှိဦးမှာလဲကွ ”

“ နေဦးကွ ၊ ရွာမှာ ဒေါ်စန်းမြကြီး နေမကောင်း ပြီးတဲ့ နောက်တစ်ရက်ဆိုတော့ သုံးလေးရက်လား ရှိသေးတဲ့ဟာ ”

“ ဒါဖြင့် ပြန်မလာလောက်သေးပါဘူးနော ”

“ ပြန်လာဖို့ နေနေသာသာ သူ သစ်ဝါးခုတ်မယ့် အညာကိုတောင်မှ မရောက်လောက်သေးဘူးဟ ”

"ဒါဖြင့်လည်း ပြီးတာပါပဲကောင်ရာ ” ဆိုပြီး ထွန်းရီ ကတော့ သူ့ဦးလေး ပြန်လာမယ့်ရက် ၊ ရွာထိပ်ချောင်းစပ် ဝါးဖောင်ဆိုက်မယ့်ရက်ပဲ မျှော်နေတော့တာပါ ။ ရယ်တော့ဖြင့် ရယ်ရပါရဲ့ ။ သင်တန်းတက်ရတဲ့လူက သူ တက်ရမယ့်သင်တန်းက တစ် နှစ် ၃၆၅ ရက် ဆိုပါတော့ ။ အဲဒါ ဘယ်ကလောက်များ အိမ်ပြန်ချင်နေပြီလဲ ၊ သင်တန်းဆင်းမယ့်ရက် မျှော်နေပြီလဲ ဆိုတော့ နောက်ရက်က စ,လို့ အခန်းခြေရင်းမှာ သင်တန်းဆင်းရန် ၃၆၄ ရက်သာ လိုတော့တယ်လို့ မြေဖြူနဲ့ ရေးတဲ့သူလိုပါပဲ ။ ထွန်းရီ တို့ ဖောင်ဆိုက်မယ့်ရက် မျှော် တာကလည်း အဲဒီလိုကို မျှော်ခဲ့ကြတာ ၊ အဟုတ်ပါ ။

အမေ့မောင် ဆိုပေမဲ့ ဦးလေးဦးတင်ရွှေရဲ့ အသက်က ဘာရှိဦးမှာတဲ့လဲ ။ အလွန်ဆုံးရှိလှ အစိတ်ပေါ့ ။ အဲဒါ အိမ်မှာ သူ ဒီလိုချည်း လည်ရာပြန်စားရေး လုပ်နေလို့က မဖြစ်ဘူးလေ ။ ရွာက လူတွေဖြင့် သူ့အရွယ်တွေဆို ရေနက်ကွင်းမှာ စပါးစိုက်ကြ ၊ ဒါမှမဟုတ် ချောင်းရိုးမြောင်းရိုး ဆင်း လှေတစ်စင်းနဲ့ ဖား ၊ ငါး ရှာတဲ့သူက ရှာကြ ၊ လူ တကာ အဲဒီလို လုပ်နေကြပေမဲ့ ဦးလေးကတော့ ဒီ မိရိုးဖလာအလုပ်တွေ မလုပ်ချင်ပါဘူးဆိုပဲ ။ ခက်တာ ပညာကလည်း တစ်ပိုင်းတစ်စနဲ့ ဆိုတော့ ရွာမှာ ဦးလေးတစ်ယောက် ဟိုမရောက် ၊ ဒီမရောက် ရှိနေရာက နောက်ဆုံး သူ ဒီအခု လုပ်တဲ့ ဝါး ဖောင်မျောတဲ့အလုပ် လုပ်ဖြစ်နေတာပါ ။

ထွန်းရီတို့ နေတဲ့ ချောင်း ခြေရွာကလေးဆိုတာ ချောင်းရဲ့ ဟောဒီလိုမျိုး ကျင်တွယ်ချိုး စီးနေတဲ့ ချောင်းနံဘေးမှာ ရှိတာပါ ။ ဒီတော့ ချောင်းထဲ ကနေ လှေတို့ ၊ မော်တော်တို့ ၊ ဖောင်တို့ ရွာဆီ လာနေတယ် ဆိုရင်တောင် ရွာထဲက လူတွေ ကြိုဝမ်းမသာနိုင်ကြပါဘူး ။ ထွန်းရီတို့ ကလေးတွေကဆို ပိုဆိုး ။ ဘာပြုလို့လဲ ဆိုတော့ ချောင်းကြီးက တံတောင်ဆစ်ကွေးကြီး ချိုးနေတာမို့ မမြင်ရလို့ပါပဲ ။ ဒီတော့ ထွန်းရီတို့ကတော့ လူကြီးတွေလို စိတ်ရှည်လက်ရှည်နဲ့ နှီးဖျာရင်း ၊ ကွမ်းယာရင်း ရွာထိပ် ချောင်းစပ်ကို လှေတို့ ၊ ဖောင်တို့ ၊ ဈေးမော်တော်တို့ ဆိုက်တဲ့အထိ ဖြည်းဖြည်းပေါ့လို့ စောင့်နိုင်ပေါင် ။ လာမယ့်ဘေး ပြေးတွေ့ ၊ ကောင်း ကောင်းဆိုးဆိုး တစ်ခါတည်း ဦးအောင် ထူးအောင် မြင်လိုက်ချင်ကြတာပါပဲ ။

“ ဟဲ့ ဟဲ့ ထွန်းရီ ၊ ဒါ ... ဒါက ဘယ်တုံး ”

“ ဟို ... ချောင်းထိပ် ပြေးကြည့်မလို့ ၊ ဦးလေးတို့ ဖောင် ဝင်ပြီလားလို့ ”

“ နင့် မလည်းဟယ် ၊ ရူးပါ့ ၊ တင်ရွှေ သွားခဲ့တာမှ လေး ငါး ဆယ်ရက် ရှိသေးတာ ၊ ဟိုမှာက ခုမှ သစ်ဝါးတွေ ရှာတုန်း ၊ ခုတ်တုန်း ရှိတော့မပေါ့ ”

“ ဟာ ... အမေကလည်း ဘယ်ပြောနိုင်မှာလဲ ။ စောစောပြန်ချင် ပြန်လာခဲ့ရင်ကော သွားကြည့်ချေပါဦးမယ်ဗျာ ၊ လိုရမည်ရပေါ့ ”

ကျောင်းကနေ ပြန်လာ ၊ လွယ်အိတ်ကို အမေထိုင်ပြီး ပုစွန်ခွံတွေ နွှာနေတဲ့ အိမ်ရှေ့ ကွပ်ပျစ်ပေါ် ဘုတ်ခနဲ ပစ်ချ ၊ နောက်ပြီးတော့ ကလေးပီပီ မမောနိုင် မပန်းနိုင် ဖုန်တွေထဲ ပြေးသွား ၊ ချောင်းထိပ် မရောက်မချင်း လူဆိုတာ မျှော်လင့်ချက် ၊ စိတ်ကူး တွေနဲ့ပေါ့ ။ ချောင်းအကွေ့ကို မြင်ရခါနီးလေ ၊ ရောက်ခါနီးလေ ထွန်းရီတို့ ရင်တွေက ခုန်လေ လှုပ်လေပါပဲ ။ မောလို့ ၊ ပြေးခဲ့ရလို့ ခုန်နေတဲ့ ရင်ကော ၊ ဦးလေးတို့ဖောင် မြင်ရလေမလား ၊ ဘွားခနဲဆိုရင်ကောဆိုပြီး ထိတ်ခဲ့တဲ့ ရင်နဲ့ပါ ပေါင်းပြီး ဟောဒီက ထွန်းရင်ရဲ့ ရင်ဘတ်ကြီးဆိုတာ ဖားဖိုကြီးကျလို့ပါဆို ။ ဖောင်းချည် ပိန်ချည်ရှိနေလေရဲ့ ။ နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ အိမ်ကို ပြန်လာရင်တောင် သူမို့လို့ အားမနာ ၊ ရင်ဘတ်ကြီးကတော့ မျှော်လင့်ချက်မကုန်ပေမဲ့ အမောတွေကတော့ မကုန်ဘဲ ထွန်းရီရဲ့ ရင်ဘတ်ထဲမှာ ဟီးလေးခို ပါလာနေတုန်း ရှိပါသေးတယ် ခင်ဗျာ ။

ဦးလေး ပြန်လာရင် ထွန်းရီတို့ အတွက် စားစရာတွေ ၊ ကစားစရာတွေ ပါလာခဲ့မှာမို့ ထွန်းရီတို့က မျှော်လင့်ရတာ ။ ထွန်းရီတို့ မတော့ ဘာပဲလုပ်လုပ် ဦးလေးပြန်အလာကိုပဲ တွေးနေ ၊ သတိရနေကြတာပေါ့ ။ အိမ်ကနေ ကျောင်းကို အသွား ပျင်းနေကြပြီဆိုပါတော့ ၊ နေပါလေ့စေပါ ။ ဦးလေး ပြန်ရောက်တာနဲ့ ဒီ အပျင်းတွေဆိုတာ စိတ်ချ ၊ ချက်ချင်းကို ပျောက်စေရပါမယ် ။ ထင်းတင်တဲ့ လှေတွေ ဆိုတာ အပြန် ဝန်တွေနဲ့လေ ။ အရေးထဲ ရေဆန်က ဖြစ်နေတော့ လူတွေကို ညောင်းနေအောင် လှော်နေကြရပါတယ် ။ မြက်လှေ ၊ စပါးလှေတွေဆိုလည်း အတူတူပဲ ။ ချောင်းထဲ ၊ အင်းထဲ ငါးမျှား ၊ ကွန်ပစ်သွားရင်တော့ ‘ လှေပေါ့ ’ လှော်ရပါရဲ့ ။ အဲဒါလည်း ကြည့်ပါဦး ။ အကာအကွယ်မဲ့တဲ့ မြစ်ပြင်ရေပြင်ကျယ်ကြီးထဲမှာ နေပူခံစရာဆိုလို့က ထွန်းရီတို့ တစ်တွေရဲ့ ကျောတွေ ၊ ခေါင်းတွေပဲရှိတာဆိုတော့ မဲပြီးမှ ပူတဲ့အခါ ထွန်းရီတို့ ဆိုတာ နေလောင်ခံ ငါးကျည်းခြောက်တွေ ဖြစ်လို့ပါဆိုနေ ။ ဒါလည်း ဦးလေး ဖောင်လာရင် ပျော်ရမယ့် အခြေ တွေးပြီးမှ ဘယ်လောက်ကြီးပဲ ပူနေပါစေ ၊ နေရဲ့ အပူဒဏ်ကို ထွန်းရီတို့ ခံနိုင်ခဲ့ကြတာပါပဲ ။

ရွာတစ်ဝိုက်မှာ ဒူးရင်းခြံ ၊ တညင်းခြံ ၊ သရက်ခြံတွေက ပေါတော့ သုံးလုံးတစ်တောင် သရက်စေ့ကြီးကို ရှာပြီး ထွန်းရီတို့ တစ်တွေ ကစားကြတယ် ။ သရက်စေ့ကိုမှ အပေါ်က သုံးပုံတစ်ပုံ ချန် ၊ ဖြတ်ချလိုက်ပြီးမှ အထဲက အဆန်ကိုထုတ် ၊ နောက်တော့ သရက်စေ့ရဲ့ ပြားလိုက် ဘေးတစ်ဖက်တစ်ချက်စီကို အပေါက်ဖောက် ၊ အဲဒီက ကြိုးထည့်ရမှာ ။ နောက်တစ်ခါ ဒီထက်သေးတဲ့ သရက်စေ့ လုံးကျစ်ကျစ်ကိုရှာ ၊ ရတော့ ပြားရိုက် သရက်စေ့ထဲ ဝါးချွန်လေး ရိုက်ထည့် ။ အဲဒီဝါးချွန်ကိုမှ အစောက ဖောက်ထားတဲ့ သရက်စေ့ထဲ ထည့် ၊ နောက်မှ ကြိုးနဲ့ဆွဲတော့ “ ဒီး ... ဒီး ၊ ဒီ .... ဒီး ” နဲ့ ထွန်းရီတို့ ကစားစရာ တစ်ခု ရပါပေါ့ ။ ထွန်းရီတို့က ကြိုးကိုဆွဲဆွဲပေးတော့ ကြိုးက ဒီဘက် အရှိန်ကုန်တော့ ဟိုဘက် တစ်ခါလည် ၊ ဟိုဘက် အရှိန်ကုန်တော့ ဒီဘက် ပြန်လည်နဲ့ မွတ်နေအောင်ကို လည်နေတာ ။ အသံကိုလည်း နားထောင် ကြည့်ပါဦး ၊ “ ဒီး ... ဒီး ၊ ဒီး ... ဒီး ” နဲ့ ။ ကလေးသဘာဝ အစကသာ ပျော်စရာကောင်းတာ ကြာလာတော့ရိုး ၊ နောက်တစ်မျိုး ကစားချင်တော့ အဲဒါ ဦးလေးရဲ့ဖောင် ရွာဆိုက်မယ့်ရက် မျှော်နေကြပြန်ရော ။ ဒီလိုပါပဲလေ ။

“ ဟဲ့ ဒီကလေးတွေ ကြံကြံကြံဖန်ဖန် ၊ ဖဲရိုက်တမ်း ကစားကြရတယ်လို့ ဟယ် ”

“ ဟာ အမိုးကလည်း ပြောကရော့မယ် ၊ ဘယ်ကလာ ဖဲ မဟုတ်ပါဘူး ။ ပိုလို ကား ထပ်တမ်း ကစားနေကြတာပါဗျ ၊ ဒီမှာ ကြည့် ”

“ လုပ်မနေနဲ့ဟေ့ အတတ်ကောင်းတွေ ၊ ဖဲက ဖဲပဲ ၊ ဟင်း ... ”

အရင်တစ်ခေါက်က ဦးလေး ဖောင်ဆိုက်တော့ ပိုလိုကားတွေ ပါလာတယ် ။ ဒါ ဟိုအရပ်က ကလေးတွေဆီက တောင်းလာသလား ၊ ဝယ်လာသလား မသိပါဘူး ။ မင်းတို့ ကစားစရာ အသစ်အဆန်းတစ်ခု ကစားစေချင်လို့လို့ ပြောတာပဲ ။ အဲဒါက စီးကရက်ဘူးအခွံရဲ့ အပေါ် မျက်နှာတွေကို ဆုတ်ထားတာတဲ့ ။ ထွန်းရီတို့ ငယ်ငယ်ကတော့ ကပ္ပီတန် ၊ ဒူးယား ၊ ခပေါင်း ၊ ဇင်ဇင်း အဲဒီလိုစီးကရက်ဘူးခွံတွေကို စု ၊ တစ်ယောက် တစ်လှည့်စီ ထပ်ကြေး ။ လွယ်ပါတယ် ။ ဘာစာမှ တတ်စရာမလိုပေါင်ဗျာ ။ ထွန်းရီတို့ ကလေးတွေ ကစားကြတော့ တစ်ယောက် တစ်လှည့် ၊ တစ်ရွက်ချင်းစီ ထပ်သွားရတာ ။ ထပ်တာချင်း တူရင် ထပ်တဲ့အပုံကို စားကြေး ၊ ယူကြေးပေါ့ ။ ဒါပါပဲ ။ တစ်ချပ် ၊ နှစ်ချပ် ထပ်ရသေး ‘ တူ ’ လို့ စားရတာကတော့ အရသာ မရှိပေါင် ။ သူရောကိုယ်ရော တစ်လှည့်စီ ထပ်လာလိုက်ကြတာ ပိုလိုကား အပုံကြီးက ဟည်းလို့ ။ ခုထိကို တူတဲ့ လူက မရှိသေး ။ အထပ်ကြီး မနည်းမြင့်နေတဲ့အချိန် ၊ အဲဒါ ကိုယ်က ထပ်လိုက်လို့ ‘ တူ ’ နေပြီလားဆိုမှ အို ... စားလိုက်ရတဲ့ အရသာကလေ တကယ် ... တကယ် ဘာဆို ဘာနဲ့မှ မတူတဲ့ အရသာ ။ ဒီတစ်ခေါက် ဦးလေးရဲ့ ဖောင် ဆိုက်တာကလည်း ကြာလိုက်တာ ။ ထပ်တလဲ လက်ထဲက ပိုလိုကားတွေလဲ ကစားလွန်းလို့ ထွန်းရီတို့တောင် လက်ဆီတွေနဲ့ မည်းကုန်ကြရော ။ ထွန်းရီတို့ ကလေးတွေ မျှော်ကြတာက နောက်ထပ် ကစားစရာအသစ်တွေ ၊ ဘာတွေများ ပါလာလေဦးမလဲ ဆိုတာကိုပါ ။

ကျည်းသားရိုက် ၊ ခုံညင်းဒိုးထိုး ၊ စစ်တိုက်တမ်း ၊ တူတူပုန်းတမ်းတွေ ကစားကြရာက တစ်နေ့လာလည်း ဒါပဲဆိုတော့ မကစားချင်ကြတော့ပါဘူး ။ ရွာကို ဝါးဖောင် ဆိုက်မယ့်ရက် မျှော်ရတာနဲ့ ပဲ ထွန်းရီတို့ ၊ ထွန်းကြည်တို့ တစ်တွေလည်း လူစင်စစ်က ဗျိုင်းတွေနဲ့တောင်မှ တူချင်လာပြီရယ် ။ မျှော်တော့ မျှော်တာပါပဲ ။ မျှော်လွန်းမက မျှော်လို့ ဝါးဖောင်က မဆိုက်တော့ မျှော်နေရင်းက မောလာရော ။ ခက်တာ ထွန်းရီတို့ ချောင်းခြေရွာကလည်း ချောင်းထဲကို အိမ်ကပြင်ကနေ အိပ်ရင်း ၊ စာကျက်ရင်း ၊ အလုပ်လုပ်ရင်းကမှ မမြင်ရတဲ့ဟာ ။ ဒီတော့ ကြိုဝမ်းသာလို့ မရဘူးပေါ့ ။ ရောက်တော့မှသာ ဟိုကျင်တွယ်ချိုး အကွယ်ကနေ ဘွားခနဲ ဖောင်ကြီးပေါ်လာတော့တာ ။ ဗြုန်း ဆို လူတွေ ဝမ်းသာကြရတာ ။ အဲဒီလို ဝမ်းသာရမည့် အခြေအနေ ဆိုတာကလည်း နေ့ ရယ် ၊ ညရယ်လို့ ခွဲနေတာ မဟုတ်ဘူးရယ် ။ သူ ဖြစ်ချင်တဲ့အချိန် ဖြစ်တာမျိုး ဆိုတော့ ထွန်းရီတို့ ရွာထဲက ကလေးတွေ အတွက်က ခန့်မှန်းရခက် နေတာပေါ့နော် ။

“ ဟေ့ ... ဟေ့ကောင် ထွန်းရီ ၊ အမြန်လာဟ ၊ ဖောင် ... ဖောင်တွေ ဆိုက်ပြီ ”

စောကျော်အေးက ကျောင်းစည်းရိုးနားကနေ ထွန်းရီကို မြင်တော့ အော်ပြောသွားတာပါ ။ စောကျော်အေး ဆိုတာက ထွန်းရီနဲ့ ကစားဖော်ကစားဖက်ပေမဲ့ ဒီကောင်က ကျောင်းမတက်နိုင်ဘူး ။ ကျွဲကျောင်း ၊ နွားကျောင်း လုပ်နေရင်းက ကစားတော့ အတူတူ ကစားရင်း ထွန်းရီတို့နဲ့ ခင်နေ ၊ အဖွဲ့ကျနေကြတာပါ ။ စောကျော်အေးက အော်ပြောတော့ ထွန်းရီ ဝမ်းသာသွားတယ် ။ သူ အမြဲတမ်း မျှော်နေရတဲ့ ဝါးဖောင် ဆိုက်ပြီတဲ့ ။ ဒီကောင် ပြောတာ မှန်ခဲ့ရင်တော့ ဒီကောင့်ကိုလည်း ထုံးပေသီး နှစ်လုံးလောက်တော့ ပေးရဦးမှာပါ ။စာသင်ကျောင်းနဲ့ ရွာက ဝေးသေးတော့ ထွန်းရီ အိမ်ရောက်ချင်ဇောနဲ့ ပြေးရတယ် ။ အမှန်ပဗျာ ။ ဖောင်ဆိပ်မှာ လူတွေ စုရုံးစုရုံးနဲ့ ၊ အဖေနဲ့ ဦးလေးဦးတင်ရွှေတို့လည်း စကားတွေ ပြောနေကြသံ ကြားရတယ် ။ အို .. ကြည့်စမ်းပါဦး ။ ရွာကို ဆိုက်လာတဲ့ ဒီ ဝါးဖောင်ကြီးဆိုတာ ဘယ်လောက်များ ကျက်သရေ ရှိလိုက်သလဲ ဆိုတာ ။ ထွန်းရီတို့ အပျော်ကတော့ ဘာနဲ့ မှကို နှိုင်းလို့မရတော့တာပါ ။

တောဝါးပိုးဝါး ၊ တင်းဝါး ၊ မျှင်ဝါး ၊ မျှောတွေက ဘယ်လောက်ပါတာကို ဦးလေးက ထွန်းရီတို့အဖေဆီမှာ သေချာအပ်တယ် ။ နောက် သက်ငယ်ပျစ်က တစ်ထောင် ၊ နောက်ပြီး ဝှက်ယူလာခဲ့တဲ့ ပျဉ်ခွဲသားတွေလည်း ပါသေးတယ် ။ ထွန်းရီတို့ ကလေးတစ်သိုက်ကတော့ သူတို့ အလှည့်ရောက်စေချင်ပါပြီ ။ ဝါးဖောင်ပေါ်မှာ ပါလာတာတွေက အိမ်သုံးအတွက်တွေ ဆိုပေမဲ့ ပိုတာလျှံတာတွေကတော့ ရောင်းဖို့ပါ ။ မဖမ်းမဆီး ၊ မပျက်မပြုနဲ့ မောင်မင်းကြီးသား ပြန်ရောက်လာတာကိုက ကျေနပ်လှပါပြီ ။ အားလုံးအပြီး ဦးလေးဖောင်ပေါ် က ကမ်းပေါ်ကိုအတက် ၊ ရွာထဲကို ဝင်မယ်ဆိုတော့ ဝန်စည်စလယ်တွေ ထည့်ထားတဲ့ ကျောပိုးအိတ်အပြင် ဝါးဖောင်ပေါ်ကနေမှ တကယ့်ကို ဖြောင့်ပေ့တန်းပေ့ ၊ ချောပေ့လှပေ့ ဆိုတဲ့ ဝါးတစ်လုံးကိုလည်း ထမ်းလာပြီးမှ ထွန်းရီတို့ကို ကြည့်လို့ တစ်ချက် ပြောပါတယ် ။

“ မင်းတို့တစ်တွေ လေတံခွန် ချိုးရအောင်ကွ ၊ ငါ ရွေးခုတ်လာတာ ”

အိမ်ရောက်လို့ အထုပ်ကိုလည်း ဖြေလိုက်ရော အား လုံးက ထွန်းရီတို့ ကလေးတွေ အတွက် မက်စရာတွေချည်းပါဗျာ ။ မျှော်ရကျိုးလည်း နပ်ပါပေရဲ့ ။ ကြည့်ပါဦး ။ လေတံခွန်လုပ်လုပ် ၊ မီးပုံးပျံ ၊ ကြယ်ရုပ် ကြိုက်တာချိုးရ အောင် ဆီစိမ်စက္ကူရောင်စုံ အထပ်လိုက်ကြီးကိုက မနည်းပါကလား ။ ပျော်စရာကြီး ။ နောက်တစ်ထုပ်ကတော့ ဗြောက်အိုးဗြောက်ထုပ်တွေလည်း ပါတယ် ။ ဦးလေး ပြောတာက စိန်ရောင်ခြည် ဗြောက်တွေ ဆိုလားပါဗျာ ။ ဟော ... ကြည့် ဆိုပြီး သူ့ လက်ထဲက ဗြောက်တစ်လုံးကို အိမ်ရှေ့ မြေမာမာပေါ် ဖောင်းခနဲ ပစ်လိုက်တော့ “ ဒိုင်း ” ခနဲကလည်း မြည် ၊ ယမ်းငွေ့တွေကလည်း အူခနဲ ထွက်လာတော့ လာကြည့်ကြတဲ့ ကလေးတွေပါ ဝေးခနဲ ပျော်ကုန်ကြတော့တာပေါ့ ။ ခွေးတွေက လန့်လို့ ဟောင် ၊ ကျီးတွေက တအာအာ ၊ ထွန်းရီတို့အိမ်ရှေ့ “ ကလေးရွာလေး ” တောင်မှ ဖြစ်သွားလိုက်သေးရဲ့ ။

ရန်မဖြစ်ကြရဘူးနော် ၊ အတူတူ ဝေမျှကစားကြ ။ နောက်တစ်ခါ ဖောင်ဆိုက် လည်း ဝယ်ခဲ့ဦးမှာ ဆိုပြီး ပေးတာတွေက ဖန်ဂေါ်လီရောင်စုံထုပ်ကြီးက တစ်ထုပ် ၊ စက္ကူဖာထဲက ထုံးဂေါ်လီ ၊ ထုံးပေသီးတွေကတော့ အကြီးကြီးတွေ ၊ တစ်လုံးနဲ့ တစ်လုံး ထိမိရင်တောင် အလကားနေရင်းက “ ထပ် ... ထပ် ” နဲ့ မြည်နေကြတဲ့ဟာ ၊ ထွန်းရီတို့ ကျင်းစိမ်ကစားကြတဲ့အခါ ဘယ်လိုများနေမလဲသာ မသိတာ ။ ခဲတံရောင်စုံ ၊ ကျောက်သင်ပုန်း ၊ ပိုလိုကား ၊ အန်စာတုံးတွေမှ ပြည့်နေတာပဲ ။ အမေကတော့ ဒီကောင်လေး သူ ငယ်ငယ်တုန်းက မကစားခဲ့ရတိုင်း ကစားစရာတွေချည်း ဝယ်လာနေတော့တာပါပဲနဲ့ ဆူပြောလေး ပြောတာတောင် ခံရသေးရဲ့ ၊ ဦးလေး ခမျာ ပြောပါတယ် ။

ဦးလေးတင်ရွှေလား ၊ ရွာမှာ နားတယ် ဆိုလည်း ခဏပါပဲ ။ တော်နေကြာတော့ ဖောင်မျှောချေရအောင် ဆိုပြီး ရွာကလူတွေနဲ့ ထွက်သွားခဲ့ပြန်ရော ။ ဒီလိုနဲ့ ထွန်းရီတို့မှာ ပြန်မျှော်ကြရပြန် ။ တစ်လ ၊နှစ်လလောက် နေတော့ ပြန်ရောက်လာ ။ မျှော်နေတဲ့ ကျောင်းပိတ်ရက် ၊ ထွန်းရီ အားနေတုန်းများ ၊ ဒီနေ့ ဖောင်တွေများ ဆိုက်နေမလားပဲ ဆိုပြီး ချောင်းရင်းဆီ မြင်ရတဲ့ ကျင်တွယ်ချိုးဆီ ပြေးကြည့်တော့ အဟုတ်ဗျာ ၊ သိလား ။ အဲဒီနေ့က ထွန်းရီ အပင်ပန်းခံရကျိုး နပ်ပါတယ် ။ ဒီတစ်ခေါက် ဦးလေးက တစ်လလောက်နဲ့ကို ပြန်လာတာ ။ ခါတိုင်းလိုပဲ ဝါးဖောင်ပေါ်မှာတော့ သစ်ဝါးတွေ အစုံပါလာတာပေါ့ ။ မျှစ်ချဉ်တွေတောင်မှ ပါသေးရဲ့ ။ ထွန်းရီတို့ အတွက်ကလည်း ဒီတစ်ခေါက်တော့ ချိုချဉ် ၊ ဘီစကွတ် ၊ အုန်းမှန်ကူ ကစ , လို့ အစုံပါတယ် ။ ကစားစရာတွေရောပဲ ။ ဒီတစ်ခေါက်လည်း ရွာက ကလေးတွေ မျှော်ရကျိုး နပ်ကြရတာပါပဲ ။ ဒီတော့လား ... ရွာက ကလေးတွေဆိုတာ ကိုယ်နဲ့ ဆိုင်ဆိုင် ၊ မဆိုင်ဆိုင် အဲဒါ ဝါးဖောင်တွေ ဆိုက်မယ့်ရက်ကိုပဲ ငါးမျှားရင်း ဖက်ခူးရင်းက မျှော်နေကြတာက အလုပ်တစ်ခု ၊ ကျောင်းသွားရင်လည်း ဒီစိတ်ပါပဲ ။

ထွန်းရီ ခုထိကို မှတ်မိနေသေးတယ် ။ ဦးလေး နောက်ဆုံး ဖောင်မျှောသွားတဲ့ အခေါက် ၊ ရွာကလည်း မှာလိုက်ကြတာမှ အများကြီး ။ ကလေးတွေ ဆိုတာကတော့ စိတ်ကူးရတာ မှာလိုက်ကြသမှ ပြည့်လို့ ။ ဦးလေးဦးတင်ရွှေ ဆိုတာ သဘောကောင်းချက်ကတော့ ဘယ်သူက ၊ ရွာထဲက ၊ ဘယ်ကလေးက ဘာပဲမှာမှာ “ အေး .. အေး ” နဲ့ နေတာပါ ။ သဘောကောင်းချက် က တော့ ။ ဒီတော့ ခါတိုင်း ဖောင်ဆိုက်ချိန် ရွာမှာ ထွန်းရီတို့ ၊ ထွန်းကြည်တို့ ညီအစ်ကိုတွေပဲ ကလေးတစ်သိုက်ပဲ မျှော်နေကြရာက ခုတော့ တစ်ရွာလုံးရဲ့ မျှော်စရာ ဝါးဖောင်ကြီးတောင်မှ ဖြစ်ရပါပကော လား ။ ရွာက ခပ်သည်း သည်း အပျိုမတွေကတော့ အထက်အညာတောမှ သန် သန်ပေါတဲ့ သစ်ခွပန်းရောင်စုံမှ မှာကြသတဲ့ဗျာ ။ ကြည့်ပါဦးတော့လား ၊ ငါ့နှယ် ။

ဒီတစ်ခေါက် ဦးလေး ဖောင်မျှောသွားတာ အတော် ကြာတယ် ။ ဘယ်လောက် ကြာသလဲဆိုတာ ပြောရဦးမယ် ။ ထွန်းရီတို့တစ်တွေ နေ့တိုင်း ညတိုင်း မျှော်ရပါ များလို့ လူတွေဆိုတာ တစ်ခါတည်း မေ့တောင်မေ့ကုန်ကြပါပြီဆို ။ အဲဒီလို ရွာက ကလေးတွေ ၊ အပျိုတွေ ၊ ရွာထဲက လူတွေ ၊ ရွာထိပ်ထွက် ဖောင်ကို ဝိုင်းကြိုကြရအောင် မေ့လျော့နေကြတဲ့ တစ်နေ့မှာပဲ ရွာကို ဦးလေးတစ်ယောက် ပြန်ရောက်လာခဲ့ ပါတော့တယ် ။ ဒါပေမဲ့ ရွာက လူတွေ မျှော်နေကြသလိုမျိုး ဝါးဖောင်ကြီးနဲ့ လာတာ မဟုတ်ဘဲ ။ မြို့ကနေ လာတဲ့ မော်တော်ကြုံ စီးလိုက်လာခဲ့တာပါ ။ ဟုတ်တယ် ။

ဖောင်လည်း မမြင်ပါဘူး ။ ထွန်းရီတို့ ကလေးတွေ အမျှော်ကြီး မျှော်နေကြတဲ့ ကစားစရာ ၊ စားစရာ ၊ အသုံးအဆောင် အသစ်အဆန်းလေးတွေ ဒီတစ်ခေါက်တော့ ဘာဆိုဘာတစ်ခုမှ ပါမလာမှန်း လည်း သိရော ၊ ထွန်းရီလေး ခမျာ ဟိုက်ခနဲ ဖြစ် ၊ မတ်တတ်ရပ်နေရာက မြေကြီးပေါ် ဖင်ထိုင်လဲကျသွားလိုက်တာ တော်တော်နဲ့ကို စကား မေးမရတော့ပါဘူး ။ ရွာမှာဆိုတာ သူတို့လို ကလေးတွေ အတွက် ပျော်စရာ ၊ မျှော်စရာက ဒီဝါးဖောင်ကြီး တစ်ခုပဲ ရှိတဲ့ဟာကို ။ ခု ... ခုတော့ ဝါးဖောင် ရွာကို မဆိုက်တော့ဘူးဆိုတော့ ဘယ်လိုလုပ်ကြရပါ့ ။ ဒီတစ်ခေါက် ရွာကို ပြန်လာတဲ့ ဦးလေးအနား ရွာက ကလေးတွေ သိပ်မကပ်ကြတော့ပါဘူး ။

နောက်ဆုံးတစ်ခေါက် ဦးလေး ရွာကို ရောက်တော့မှ ပိုဆိုး ။ ဖောင်မျှောဖို့ လာတာ မဟုတ်တော့ဘဲ မိန်းမယူပြီးမှ သူ့မိန်းမနဲ့အတူ ရွာကို တစ်ခေါက်ပြန်လာတာပါ ။ အဲဒီ တစ်ခေါက်မတော့ ဦးလေးဟာ ရွာက ထွန်းရီတို့ ကလေး တွေဆိုတာနဲ့ လုံးဝကို ရောရောနှောနှော မရှိတော့တာပါ ။ အဲဒီကျတော့ ထွန်းရီတို့တစ်တွေလည်း ဦးလေးကို ရင်မခုန်ကြတော့ပါဘူး ။ မျှော်စရာ ဝါးဖောင်ကြီးကလည်း ရွာကို မစုန်လာတော့ပါဘူးလေ ။

        ဒီအကြောင်းတွေ စာရေးစမ်းပါကွာဟု ပြောသော ထုံးဖို ၈ ရပ်ကွက် ၊ ကျောက်မဲမြို့နေ ဦးထွန်းရီသို့ အမှတ်တရ ။

⎕ မောင်သင်းထုံ ၊ ကျောက်မဲ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇူလိုင် ၊ ၂၀၁၉

Friday, May 29, 2026

မွေးနေ့

❝ မွေးနေ့ ❞ 
▢  မောင်သင်းထုံ ( ကျောက်မဲ )

( ယခုစာမူသည် ၂၀၁၂ ခုနှစ်က ရေးခဲ့သော စာမူ ဖြစ်ပါသည် ။ ဆရာမကြီး လူထုဒေါ်အမာ မွေးနေ့ ၊ ဆရာကြီးဒဂုန်တာရာ မွေ့နေ့တို့နှင့် ပတ်သက်သော အကြောင်းအရာ ၊ အချက်အလက်အချို့မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ရယ်စရာပရိသတ်အတွက် ဗဟုသုတရစေရန် ၊ အမှတ်တရဖြစ်စေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည် ။ - အယ်ဒီတာ )

တကယ်တော့ ကျွန်တော်နဲ့ ‘ မွေးနေ့ ’ ဆိုတာ အတော်ကို အလှမ်းဝေးလှပါတယ် ။ ကျွန်တော့်အထင် မွေးနေ့ဆိုတာ အသက်အရွယ် ငယ်သေးတဲ့ ကလေးပေါက်စနလေးတွေနဲ့ ထူးခြားထင်ရှားတဲ့ သက်ကြီးရွယ်အိုတွေသာ ပြုလုပ်တဲ့ ပွဲလို့ ထင်ပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် ကိုယ်တိုင်က မွေးနေ့တွေကို သာမန်ပဲ ကျော်ဖြတ်လာခဲ့တာပဲ များပါတယ် ။

မြန်မာလို ကျွန်တော့်ရဲ့ မွေးနေ့က နယုန်လပြည့်ကျော် ၁၀ ရက်နေ့ပါ ။ ပြက္ခဒိန်မှာ ကြည့်လိုက်တော့ နယုန်လပြည့်ကျော် ၁ဝ ရက်နေ့က စနေနေ့လည်း မကျပါဘူး ။ အင်္ဂလိပ်လိုက ဇွန်လ ၂၆ ရက်နေ့ပါ ။ အဲဒါကလည်းအင်္ဂါနေ့ကြီး ကျပါတယ် ။ ကျွန်တော် မွေးကာစ ကျွန်တော့်ရဲ့ ထန်းရွက်ဇာတာ ထဲမှာ အဖေက နယုန်လပြည့်ကျော် ၁၀ ရက်ညဉ့် ၁၁ နာရီ ၊ အမည်သညာ ခေါ်စရာကား ‘ မောင်တင်မြင့် ’ ၊အသက် ၁၂၀ ရှည်စေသော် ဘာညာ ရေးထားပေမယ့် ကျွန်တော့် အထင် မြန်မာလတွေက ပြောင်းပြောင်းနေတော့ ဇွန်၂၆ ရက်နေ့ကိုပဲ ဒီနှစ်တော့ ယူလိုက်ပါမယ် စိတ်ကူးတယ် ။

“ ဟဲလို ... ကြည်ကြည်အေးလား ... အမေပြန်ရောက်ပြီလား .. ”

“ ပြန်ရောက်ပြီ ကိုကို သုံးရက်လောက်ရှိပြီ ... ပြန်လာတာ ”

“ အေးကွာ .. အမေ့ကို ပြောလိုက်ပါဦး .. ဒီလ ၂၆ ရက်နေ့က ငါ့မွေးနေ့လို့ အိမ်မှာ ဆွမ်း ၊ ရေချမ်း ကပ်ပေးပါဦးလို့ ... ”

“ ဟုတ် .. ဟုတ်ကဲ့ . . ကိုကို ပြောလိုက်ပါ့မယ် .. ”

ကျွန်တော့်ကို အမေက ရေစကြိုမြို့နယ် ၊ တောင်ဦးအရှေ့ရွာ အမေကြီး ဒေါ်အေးမေရဲ့ အိမ်နောက်ဘက် ထန်းလက်အဖီတဲလေးထဲမှာ မွေးခဲ့ပါတယ် ။ ကျွန်တော်က စနေသား ၊ သားဦးစနေပါ ။ သားဦးစနေ မီးလိုမွှေ .. ဘာညာ အရပ်ထဲမှာ လူတကာက ပြောကြတော့ အဖေအမေတို့က စိုးရိမ်ကြပုံ ရပါရဲ့ ။ ကျွန်တော့်အဖေက ဓါးထမ်းပြီး ကျွန်တော့် အပေါ်က ခုနစ်ခေါက် ကျော်ခဲ့လို့လား မသိပါဘူး ။ စနေသား ကျွန်တော်မ ‘ ထက် ’ ပါဘူး ။ ကျွန်တော် သိသလောက် ပြောရရင် မိဘတွေ အပေါ်လည်း ဒါလောက် ဆိုးဆိုးဝါးဝါးကြီး ဒုက္ခမပေးဖူးခဲ့ပါဘူး ။

ဒါပေမယ့် ကျွန်တော့်အဖေတို့ ဘက်က အိမ်မှာတော့ ကျွန်တော်က မြေးဦး ဖြစ်ခဲ့ ၊ အလိုလိုက်ခံခဲ့ရလို့ ကလေးပီပီ ဆိုးခဲ့ပါတယ် ။ ဆိုးတာမှ ရွာထဲက လူတွေက ..‘ ဟဲ့ .. ရွာထဲက တင်ဝင်း လို မဆိုးကြနဲ့နော် ’ လို့ ပြောယူရတဲ့ အထိပါပဲ ။ ကျွန်တော် ဆိုးဖြစ်တာက ကျွန်တော်ချစ်တဲ့ အဖိုး အဖွား အဖေ အမေ အပေါ်မှာပဲ ဆိုးခဲ့တာပါ ။ ဇာတာထဲက နာမည်က ‘ တင်မြင့် ’ ရယ်လို့ ပေးပေမယ့် တကယ် အရပ်ကြီးက ကလန် ကလားကြီးမို့ နောက်တော့ ‘ တင်ဝင်း ’ လို့ ပြောင်းလိုက်တာပါ ။ တကယ်တော့ အသားမည်းတဲ့ ကျွန်တော်နဲ့ ဒီနာမည်ကြီးက လိုက်ဖက်လှတယ်လို့တော့ မထင်ပါဘူး ။

ရွာကနေ အဖေတို့က ‘ မြို့ ’ ကို ပြောင်းတော့ မြို့မှာ အတန်းကျောင်း တက်ရပါတယ် ။ အဲဒီမှာ အပေါင်းအသင်း မှားပြီး ကျွန်တော် ဆိုးပုံက လွယ်အိတ်က ဟောင်းနေလို့ အသစ် လိုချင်ပြီဆိုရင် လွယ်အိတ်ကြိုးကို ဖြတ်ပြီး အဝယ်ခိုင်းပါတယ် ။ အတူတူပဲ ဖိနပ်အသစ် စီးချင်ရင် ဖိနပ်သဲကြိုးကို ဓါးနဲ့ တမင် ဖြတ် အဝယ်ခိုင်းတာပါ ။ ကျွန်တော် အဲဒီလို ဆိုးခဲ့ဖူးပါတယ် ။ ကျွန်တော် မြို့ရောက်ခါစက ကျွန်တော် လူရည်လည်အောင် ဆိုပြီး အမေက ‘ ရွှေဘ ’ ကား ရုပ်ရှင်ပြပါတယ် ။ နောက်တော့ ကျွန်တော် အလည်လွန်ပြီး ရုပ်ရှင်စွဲသွားခဲ့ရော ကျောင်းပြေး ၊ အိမ်က ပိုက်ဆံခိုး ရုပ်ရှင် ခဏခဏ သွားကြည့်တတ်ပါတယ် ။ ကျွန်တော် အဲဒါလောက် ဆိုးခဲ့သူပါ ။

တစ်ခါမှာတော့ ကျွန်တော်ဟာ ဝါးပိုးဝါး စုဗူးထဲက ပိုက်ဆံကို အဖေ မသိအောင် ဇာဂနာနဲ့ နှိုက် ခိုးယူခဲ့ဖူးပါတယ် ။ ပိုက်ဆံရလာတော့ ကျောင်းလမ်းမုန့် ဝယ်စားပါတယ် ။ ပိုက်ဆံတွေ ပိုနေသေးတော့ ရုပ်ရှင်ခိုးကြည့်ပါတယ် ။ ခိုးကြည့်တယ် ဆိုတာ အိမ်ကနေ မသိအောင် ကြည့်တာကို ပြောတာပါ ။ မှတ်မိတယ် အဲဒီတုန်းက တရုတ်ပြည်ရဲ့ ဖြစ်ရပ်မှန် ရာဇဝင်ကားပါ ။ မဟာအုတ်တံတိုင်း တည်ဆောက်ကြတဲ့ ပြည်သူတွေ သွေးသံရဲရဲ ၊ ပြီးတော့ အသံတွေကလည်း တဒိန်းဒိန်းတ ... ဒေါင်းဒေါင်းသ,တ်ကြဖြတ်ကြနဲ့ ဘယ်လိုမှကို ကျွန်တော် စိတ်ဝင်စားလို့ မရပါဘူး ။ ရုပ်ရှင်ထဲ အာရုံ မရောက်တဲ့အပြင် လူက အိမ်ပြန်ရောက်နေတော့ ဘယ်လိုမှကို မပျော်တာပါ ။ စိတ်ထဲမှာလဲ ငါ ... မှားပြီ ။ ပထမ ပိုက်ဆံ ခိုးမိတာ မှားတယ် ။ ဒုတိယ ကျောင်းပြေးတာ မှားတယ် ။ တကယ်ပဲ ငါက သားဦးစနေမို့ မိဘတွေကို ဒုက္ခပေးတဲ့ကောင် ဖြစ်နေပါရောလားလို့ တွေးမိတော့ ကျွန်တော် အရမ်း ဝမ်းနည်းမိပါတယ် ။

အဲဒီတုန်းက ကျွန်တော်တို့ ကျောင်းမုန့်ဖိုးရတာမှ ငါးပြား ဆယ်ပြား တစ်မတ်ပါ ။ အကြော် တစ်ခုမှ ငါးပြားပဲ ပေးရပါတယ် ။ ဆန်တစ်ပြည် အကောင်းစားမှ ပြားခြောက်ဆယ်ပါ ။ အဲဒီ ပြားခြောက်ဆယ် ဆိုတာ ဘယ်လောက်ရှိမှန်း ခုခေတ်ကလေးတွေ သိ ကြ တွက်တတ်ကြမှာ မဟုတ်ပါဘူး ။ ဒီတော့ ကျွန်တော် အဖေ့ရဲ့ဝါးစုဗူးထဲက ခိုးခဲ့တဲ့ ပိုက်ဆံ ‘ နှစ်ရာ ’ ဟာ ဘယ်လိုမှ သုံးမကုန်တာနဲ့ ကျန်တာတွေကို အိမ်ရောက်တော့ ကျွန်တော် အမေ့ကို ပြန်ပေးလိုက်ပါတယ် ။

‘ နင် .. မိုက်တယ် .. နင်မိုက်တယ်’ နဲ့ပဲ အမေကတော့ ပြောနေလေရဲ့ ။ အဲဒီနေ့က အဖေ့ရဲ့ မျက်ထောင့်နီကြီးနဲ့ အကြည့်ခံရတဲ့ ကျွန်တော်ဟာ ရိုက်တာထက် အဆပေါင်းများစွာ နာခဲ့တာမို့ နောက်ဆို .. အိမ်က ပိုက်ဆံ လုံးဝ မခိုးတော့ပါဘူး ။

နောက်တစ်ခု ကျွန်တော့်မှာ အကျင့်ဆိုး ရှိပါသေးတယ် ။ လိုချင်တာ မရရင် ထရံကို လက်သီးနဲ့ ထိုးတဲ့အကျင့် ၊ တိုင်ကို ခေါင်းနဲ့ ဆောင့်တဲ့ အကျင့်ပါ ။ စကားဝိုင်းမှာ စကားပြောနေရင်း ပြောနေရင်းက ကိုယ် ပြောနေတာ မှန်ပါရဲ့နဲ့ တစ်ဘက်က လက်မခံတဲ့ အခါဆိုရင် စားပွဲကို လက်သီးနဲ့ ထုပြီးမှ ပြောတတ်တာ အဲဒါ .. လုံးဝ မကောင်းပါဘူး ။ နောင် .. ကျွန်တော် အလုပ်ထဲ ရောက်တဲ့အထိ အဲဒီ အကျင့်ကြီးက ပါပါနေတော့ မနည်းကို ဖျောက်ယူရပါတယ် ။ ဒါ ... ကျွန်တော်ရဲ့ အားနည်းချက်ပါ ။ ကျွန်တော်က ငယ်ကတည်းက အစွဲအလန်း ကြီးသူပါ ။ ဥပမာ ... ကလေးဆိုတော့ ရုပ်ရှင်ပြမယ် ။ မုန့်ဝယ်ပေးမယ်ပေါ့ ။ ကလေး ဆိုတော့ ချော့ကြတာ နေမှာပါ ။ လူကြီးတွေက မေ့မေ့ပျောက်ပျောက် ပြီးလွယ်စီးလွယ် ပြောကြပေမယ့် ကျွန်တော်ကတော့ မမေ့ပါဘူး ။ ရုပ်ရှင်ပြမယ် ပြောပြီးမှ မပြရင် ... ကျွန်တော် စိတ်ဆိုးဒေါကန်ပြီ ။ ဒီတော့ ... ထရံတွေ ဘာတွေ လက်သီးနဲ့ထိုး ၊ ခြေထောက်နဲ့ကန် ဒီတော့ ကြားရတဲ့ ပတ်ဝန်းကျင်က ဒီကလေး ဆိုးလိုက်တာ ဖြစ်ရတော့တာပါပဲ ။ ကျွန်တော် နေရာတကာ မပူဆာပါဘူး ။ ပြောပြီး လုပ်မပေးရင်တော့ အဲဒါ .. မရဘူးထဲကပဲ ။ စိတ်မှတ်ကြီးသူပါ ။

ကျွန်တော်တို့ တုန်းကသာ မွေးနေ့ ဘာညာ မလုပ်ခဲ့ကြတာ ။ ခု .. ကျွန်တော့်ညီမ မိုးမိုးအေးရဲ့ သမီး ‘ မိဝါ ’ တဲ့ ။ ‘ ဝင်းဝါ ’ လို့လည်း ခေါ်ကြတယ် ။ အိမ်က လူတွေကတော့ စတဲ့ ပြောင်တဲ့ အနေနဲ့ ‘ ဝက်ဝါ ’ လို့ပဲ ခေါ်ကြတယ် ။ ဖြူဖြူသေးသေး နှာခေါင်းချွန်ချွန်လေးနဲ့ ဘာသွက်သလား မမေးနဲ့ ။ စကားကလည်း တတ်ပါ ။ အဖေ ... ရှိတုန်းကဆို အဲဒါ .. သူ့ ဘကြီးနား ချွဲကပ်စားနေတဲ့ ကောင်မလေးပေါ့ ။ အဲဒီ မိဝါက သူ့မွေးနေ့ပွဲ လုပ်ချင်လို့တဲ့ အိမ်က သူ့အမေ ပေးတဲ့ ကျောင်းမုန့်ဖိုး မသုံးဘဲ စုတယ် ။ ကျောင်းမှာက သူ့သူငယ်ချင်းတွေက မွေးနေ့လုပ်ကြတော့ ကလေး ဘာသိမှာလဲ ။ ကျွန်တော့်ညီမ ခမျာ မုဆိုးမ ဖြစ်နေတဲ့ ကြားက သူ့သမီးကို ချစ်တော့ တစ်နှစ် တစ်ခါ မွေးနေ့ပွဲ လုပ်ပေးရတာတဲ့ ။

အို ... ဘာပြောကောင်းမလဲ ၊ ကျွန်တော့်ညီမ အငယ်ဆုံး ကြည်ကြည်ရေး ရဲ့ သမီးတွေကျတော့ ရုပ်ကလည်း ချောကြ ၊ ကျောင်းမှာ စာကလည်းတော် ၊ ဆုတွေ ဘာတွေ ရတော့ ဒီသမီး သုံးယောက်ရဲ့မွေးနေ့ပွဲလည်း လုပ်ပေးရတာနဲ့ကို သူ့အမေမှာ မသက်သာပါဘူး ။ တော်ပါသေးရဲ့ ၊ သူ့အဖေ ပန်းရံဆရာက ဝင်ငွေကောင်းနေလို့သာပေါ့ ။ တခြား လက်လုပ်လက်စားတွေ အနေနဲ့ဆို မခက်ဘူးလား ။ သူတို့ မွေးနေ့ကလည်း အကျဉ်း လုပ်တာတောင်မှ ကြာဇံတစ်အိုး ဆနွင်းမကင်းတစ်ပွဲ နောက် မွေးနေ့ လုပ်မယ့် ကလေးကို မွေးနေ့မှာ ဝတ်ဖို့ ၊ စားဖို့ ၊ အလှပြင်တာ ဝယ်တာခြင်းတာနဲ့ သုံးလေးသောင်း ကုန်တာရယ် ။ အဲဒါကို မြင်ပြီး ကျွန်တော့်ညီမ ‘ မြင့်မြင့် ’ ရဲ့ သမီးနှစ်ယောက်ကလည်း အတုမြင်အတတ်သင် သူတို့ကလည်း မွေးနေ့ လုပ်ချင်ပါတယ် ပြောလာတော့ မြင့်မြင့် ခမျာ မနည်း ချော့ထားရပါတယ် ။ သူ တစ်ယောက်တည်း ခဲကပ်ခ ဝင်ငွေလေးနဲ့ ဘယ်လိုလုပ် တတ်နိုင်ပါ့မလဲ ။

မွေးနေ့မှာ စပယ်ရှယ် ကျွေး ၊ စပယ်ရှယ် စားရတာကတော့ ကုမ္ပဏီမှာ ကုမ္ပဏီပိုင်ရှင်ရဲ့မွေးနေ့ပွဲ ဒံပေါက် ကျွေးတာ စားရတာပါပဲ ။ ကုမ္ပဏီပိုင်ရှင်က ပညာပြည့်ဝပေမယ့် နှလုံးကတော့ လှတယ်လို့ ပြောမရပါဘူး ။ ဘာပြုလို့လဲ ဆိုတော့ သူ့ကုမ္ပဏီမှာ စည်းကမ်းသာ သိပ်မတင်းကြပ်တာ ၊ လစာကျတော့ တခြား ကုမ္ပဏီထက် ပေးတာ နည်းပါတယ် ။ သာဓုခေါ်စရာ ကောင်းအောင် အခုလို မွေးနေ့ကျတော့ စပယ်ရှယ် ကျွေးပြပါလိမ့်မဗျာ ။ အများ မြင်သာအောင် တစ်နှစ်ထက် တစ်နှစ် သိန်းနှစ်ရာ သုံးရာ ကထိန်ခင်းပြီးတော့ မြို့ထဲလှည့် ၊ ဒါ .. ကုမ္ပဏီက ရတဲ့ အမြတ်တွေနဲ့ တာပါ ။ ဒုက္ခသည်ဆင်းရဲသားတွေကို စောင် ၊ ခြင်ထောင် လှူတာလည်း ဒီကုမ္ပဏီပိုင်ရှင်ကြီးပါပဲ ။ ဒါပေမယ့် သူ့ကုမ္ပဏီရဲ့ အစောင့်တွေ ၊ အလုပ်သမားတွေကျတော့ စောင် ၊ ခြင်ထောင် မရှိ ၊ မိုးမလုံ လေမလုံ တဲထဲ စောင့်နေကြရတာတော့ ကုမ္ပဏီပိုင်ရှင်ကြီးက မမြင်ပါဘူး ။

တခြား ကုမ္ပဏီတွေက ဒီလို လူ မြင်အောင် အလှူကြီး အတန်းကြီး မလုပ်ပေမယ့် ကုမ္ပဏီရဲ့ အမြတ်အစွန်းတွေကို ကုမ္ပဏီမှာ ရှိတဲ့ ဝန်ထမ်းတွေကို ပြန်ခွဲဝေပေးတာပါ ။ အပြင်ပန်း မလှပေမယ့် အနှစ်သာရ ရှိတဲ့ ဒူးရင်းသီး လိုပါပဲ ။ မွေးနေ့မှာ ဒံပေါက်ကျွေးတယ် ဆိုတဲ့ ကုမ္ပဏီပိုင်ရှင်ကျတော့ ကျီးအာသီးလို လူ ၊ ကြက်ဟင်းခါးသီးလို တစ်ဘို့တည်း ကြည့်တာပါ ။ ဒီတော့လား ၊ သူ့ကုမ္ပဏီဝန်ထမ်းတွေက ဒံပေါက် စားရတုန်းတော့ ဥက္ကဋ္ဌကြီး ကျန်းမာချမ်းသာပါစေ ၊ သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းနေကြလေမယ် ။ ဟော ... နောက်နေ့က စလို့ ၃၆၄ ရက်ကတော့ ကျိန်ဆဲနေကြတော့တာပါပဲ ။ သူ မသိလို့ပါ ။

တစ်နှစ်လုံးမှာမှ ကျွန်တော် သွားဖြစ်ခဲ့တဲ့ မွေးနေ့က တစ်ခု ၊ နှစ်ခု ၊ ဒါလောက်ပါပဲ ။ မိတ်ဆွေထဲက ကဗျာဆရာ ညိုဦးလွင်ရဲ့ မြေးကလေး နှစ်ယောက် မွေးနေ့ပွဲပါ ။ ဒီပွဲကတော့ ကျွန်တော် မသွားမဖြစ် ၊ မတက်မဖြစ် သွားရမယ့် ပွဲပါ ။ ကျွန်တော့်မှာ မိတ်ဆွေ သူငယ်ချင်း ဆိုလို့ နည်းနည်းပဲ ရှိတဲ့ အထဲက ညိုဦးလွင် လည်း တစ်ယောက် အပါအဝင်ပါ ။ သူ့အိမ်ကို နှစ်ရက်ခြား သုံးရက်ခြား ဆိုသလို တစ်ခေါက်လောက် ရောက်ဖြစ်ပါတယ် ။ စာပေစကား ပြောရင်း သူရော ကိုယ်ရော ရေးထားတဲ့ စာမူကြမ်းတွေ အပြန်အလှန် ဖတ်ကြဝေဖန်ကြဖို့ပါ ။ ကိုညိုဦးလွင်မှာက ခု မြေးက နှစ်ယောက်တောင်မှ ရှိနေပါပြီ ။ အရင်ကတော့ မြေးနှစ်ယောက်ကို မွေးနေ့ နှစ်ခါ လုပ်တော့ ကျွန်တော် နှစ်ခါ သွားခဲ့ရပါတယ် ။ ဒီနောက်ပိုင်းတော့ တော်ပါသေးရဲ့ ။ နှစ်ယောက် ပေါင်းပြီး မွေးနေ့ကို တစ်ကြိမ်ပဲ လုပ်တာပါ ။

မှတ်မိသေးတယ် ။ ကိုညိုဦးလွင်ရဲ့ မြေးအကြီးမွေးနေ့က နိုဝင်ဘာလ ထဲ ကျသလား မသိပါဘူး ။ ဘာပြုလို့လဲ ဆိုတော့ မန္တလေးမြို့က သတင်းစာဆရာ ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့မွေးနေ့ပွဲကို ဒီလူ တစ်နှစ်က မလိုက်ဖြစ်ပါဘူး ။ သူနဲ့ ကျွန်တော် ဒေါ်အမာရဲ့ မွေးနေ့ပွဲကို အတူ တွဲပြီး တစ်နှစ်မပျက် သွားနေကြပါ ။ ဒီနှစ်တော့ ကိုသင်းထုံရေ .. ကျုပ်တော့ မလိုက်နိုင်တော့ဘူးဗျာ .. မြေးမွေးနေ့နဲ့ တိုက်နေလို့ ဆိုပြီး ဒီလူ မလိုက်ပါဘူး ။ အဲဒီတုန်းက ကျွန်တော့်မှာ မြေးရယ်လို့ မရှိသေးပါဘူး ။ ကျွန်တော်သာ ကိုညိုဦးလွင် နေရာမှာဆို မြေးမွေးနေ့နှင့် ဟိုက လူထုဒေါ်အမာရဲ့ မွေးနေ့ ဘယ်ဟာကို ဦးစားပေးမလဲ ။ ကိုညိုဦးလွင် ကတော့ ပြတ်ပါတယ် ။ သူ့မြေးရဲ့မွေးနေ့မှာ ဧည့်ခံရင်း ကျန်ခဲ့လို့ အဲဒီနှစ်က ကျွန်တော် တစ်ယောက်တည်း မန္တလေး မွေးနေ့ပွဲ သွားခဲ့ရဖူးပါတယ် ။

အမေလူထုဒေါ်အမာရဲ့မွေးနေ့က နိုဝင်ဘာလ ၂၉ ရက်နေ့ပါ ။ ကျွန်တော် နယ်စပ်မှာ တာဝန်ကျတုန်းက ဆိုရင် အမေ့မွေးနေ့ပွဲ တက်နိုင်ဖို့ ၂၆ ရက် နေ့လောက်က အိမ်က စထွက်ရပါတယ် ။ ကျွန်တော် ဝင်ငွေကောင်းတုန်း ကတော့ ကိုယ့်စရိတ်နဲ့ ကိုယ် လာပေမယ့် နောက်ပိုင်း စားရိတ်က ငါးသောင်းလောက်ကုန်လာတော့ ကျွန်တော့်သမီးကြီး ‘ သူဇာသင်းထုံ ’ က တာဝန်ယူပေးပါတယ် ။ တစ်နှစ်ကများ ဒီနှစ်တော့ ငါ့အမေ လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲ တက်နိုင်မှာ မဟုတ်တော့ပါဘူးလေ ... လို့ စိတ်နှလုံး ဒုန်းဒုန်းချနေကာမှ သမီးကြီးက “ ဟာ ... အဖေ လူထုဒေါ်အမာ မွေးနေ့ပွဲသွားလေ .. လုပ် .. စာရိတ် မရှိရင် သမီး ထုတ်ပေးမှာပေါ့ ” ဆိုတာနဲ့ သွားဖြစ်တာပါ ။ အဲဒီအကြောင်း ကျွန်တော် ‘ သမီးကြီးဂုကော ’ ဆိုပြီး စာတစ်ပုဒ်တောင် ရေးခဲ့ပါသေးတယ် ။ မပါလို့ သာပါ ။

သိကြတဲ့ အတိုင်းပါပဲ ။ အမေ လူထုဒေါ်အမာ ဆိုတာက တက္ကသိုလ် သပိတ်ကျောင်းသူ ၊ အမျိုးသမီး သတင်းစာဆရာ စာရေးဆရာမကြီး ၊ နောက်ပြီးတော့ တစ်နိုင်ငံလုံးက မြေးတွေကို သူ့မြေးတွေလို့ သဘောထား ၊ အမေ့ရှေးစကားတွေနဲ့ ဆုံးမနေတဲ့ အဖွား ၊ ပြည်သူ့အဖွား မဟုတ်လား ။ ဒီလို ဆရာမကြီးမျိုးနဲ့ မြင်တွေ့ခွင့် ရတာကိုက တကယ့် ဒုလ္လဘတရားပါ ။ ကျွန်တော် စောစံဖိုးသင်ရဲ့အထ္ထုပ္ပတ္တိဖတ်ဖူးတယ် ။ မြန်မာ့သမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ မြင်ဖူးတွေ့ဖူး သူတို့အိမ်တွေ အလည်အပတ် ရောက်ဖူးခဲ့တာ တကယ်တော့ ဂုဏ်ယူစရာပါ ။ မှတ်မိပါသေးတယ် ။ သီပေါမြို့မှာ အလုပ်တာဝန်ကျတုန်းက စိုင်းသာလှိုင် ( လိမ္မော်မြေ ) နှင့် ပတ်သက်ပြီးမှ အငြိမ်းစားသံအမတ်ကြီး ဦးကျော်ဇော အိမ် ရောက်ခဲ့ဖူးပါတယ် ။ ဦးကျော်ဇော ဆိုတာက လူက ဖြူဖြူ ပုပု ၊ ပိန်ပါးပါးလေးပါ ။ အဲဒီတုန်းက သီပေါမြို့ရဲ့ ရာသီဥတုက ပူပါတယ် ။ ဒါပေမယ့် ဦးကျော်ဇောက နွေမိုးဆောင်း မပျက် မနက်တိုင်း လမ်းထလျှောက်ပါတယ် ။ လမ်းလျှောက်တိုင်းလည်း ဦးကျော်ဇောရဲ့ ခါးမှာက ကြိုးတွေ ၊ မတ်ခွက်တွေ ၊ မှန်ပြောင်းတွေ ၊ တူတွေ ၊ ကျောပိုးအိတ်တွေ တိုးလိုတွဲလောင်း ပါတတ်ပါတယ် ။ မြို့က လူတွေ ကလည်း ဦးကျော်ဇော လမ်းလျှောက်လာတာ တွေ့ရင် အံ့ဩပြီး တမင်ကို ရပ်ကြည့်နေတတ်ကြတာပါ ။ နောက်ပြီးမှ လိုရာ သွားကြပါတယ် ။ ဦးကျော်ဇော ဆိုတာက စော်ဘွားတွေ အုပ်ချုပ်တဲ့ စနစ်ကို မကျေနပ်လို့ လယ်သမားတွေ ကိုယ်စား ၊ ကျွဲခေါင်း ၊ နွားခေါင်းအဖွဲ့တွေနဲ့ တော်လှန်ခဲ့သူပါ ။

ကျွန်တော်နဲ့ စိုင်းသာလှိုင်တို့ ဦးကျော်ဇောအိမ် ရောက်ရင် တစ်ခါတလေ သူ့မိတ်ဆွေ ‘ ဦးစောယစ်ဖ ’ ဆိုတဲ့ပုဂ္ဂိုလ်ကြီးလည်း တွေ့ရတတ်ပါတယ် ။ ဆရာကြီး ပုံစံက ဖြူဖြူဝဝကြီးနဲ့ ခေါင်းက တစ်ဖက်ကို စောင်းနေပါတယ် ။ စကားပြောတော့လည်း ခေါင်းစောင်းရက်ကြီးကာပဲ ပြောပါတယ် ။ ဦးကျော်ဇော နဲ့က သူငယ်ချင်းတွေ ဆိုတော့ မကြာခဏခဏ ပြောဖြစ်ကြတယ်လို့ သိရပါတယ် ။ ဦးစောယစ်ဖ အိမ်ကလည်း တောင်မြို့ရပ်ထဲမှာပဲ ရှိတာ ။ မဝေးပါဘူး ။ သူတို့နှစ်ယောက် တိုင်းရေးပြည်ရေးတွေ ပြောဆိုနေကြတာ ကျွန်တော် မြင်ဖူး ကြားဖူးပါတယ် ။ ဦးစောယစ်ဖ ဆိုတာက တခြားလူ ဟုတ်ပါရိုးလား ။ ပြည်နယ်ပြည်ပ ပူးပေါင်းပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ပင်လုံစာချုပ်ကြီးကို တိုင်းရင်းသားပေါင်းစုံနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ စာချုပ်ချုပ်ကြတဲ့အခါ ရှမ်းပြည်နယ် လူထုကိုယ်စား လက်မှတ်ရေးထိုးခဲ့တဲ့ ပုဂ္ဂိုလ်ပါ ။ အဲဒီတုန်းက နိုင်ငံတော်က ထောက်ပံ့ကြေး ရနေသူပါ ။ ကျွန်တော် ဆိုလိုတာက အဲဒီလို ထူးခြား လေးနက်တဲ့ ပုဂ္ဂိုလ်တွေဟာ မွေးနေ့ပွဲတွေ ကျင်းပသင့်ပါတယ် ။

လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲ သွားနိုင်အောင် ကျွန်တော်က ညိုဦးလွင်နဲ့ ချိန်းထားပါတယ် ။ နိုဝင်ဘာ၂ရ ရက်နေ့ သူ့ဆီကို ရောက် ၊ မွေးနေ့က ၂၉ ရက်နေ့မှ ဆိုပေမယ့် ကျွန်တော်တို့က ၂၈ ရက်နေ့ မနက် အရောက်သွားပါတယ် ။ အဲဒီတုန်းက ဒေါ်အမာရဲ့ မွေးနေ့က ဦးပိန်တံတားထိပ် ကိုပညာ ( အမရပူရ ) ရဲ့ ကျောင်းမှာ ကျင်းပတာပါ ။ ကျွန်တော်တို့လိုပဲ မွေးနေ့ပွဲကို အနယ်နယ် အရပ်ရပ်က စာပေသမားတွေ လာကြ ။ ၂၈ ရက်ည တောင်သမန်မှာ ဆုံ စားကြသောက်ကြ ၊ စာပေစကားတွေ ပြောကြတာပါ ။ အဲဒီ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး ။ ရန်ကုန် ၊ မန္တလေး ၊ ပျဉ်းမနား ၊ မုံရွာ ၊ ပြည် ၊ မကွေး ၊ ချောက် စာပေသမား ကဗျာဆရာတွေ အတော့်ကို စုံကြပါတယ် ။ မနက် ၂၉ ရက် ဆရာမကြီးရဲ့ တကယ့် မွေးနေ့ပွဲလည်း ရောက်ရော လူတွေဆိုတာ ယမကာအရှိန် ၊ အိပ်ရေးပျက်တဲ့ အရှိန်နဲ့ လူတွေက မလန်းကြတော့ပါဘူး ။ တချို့များဆို မွေးနေ့ပွဲသာ လာကြတာ အမေ့ရဲ့ ဘယ်နှနှစ်မြောက် မွေးနေ့လဲ အမေက ဘာတွေ ဆုံးမစကား ပြောတာလဲ ၊ ဘာစာရွက်တွေ ဝေသလဲ ၊ အမေ့မွေးနေ့ပွဲ ဘယ်သူတွေ လာကြသလဲ ဆိုတာတောင် ကိုယ်မြို့ ရောက်တော့ ပြန်မပြောနိုင်ကြပါဘူး ။ ဒါက .. ဟိုတုန်းက လွမ်းစရာ့ အမေ့မွေးနေ့ပွဲပါ ။

အခု ... ဒီဘက်ပိုင်း ရောက်တော့ အမေ့မွေးနေ့ပွဲကို စစ်ကိုင်း တောင်မှာ ကျင်းပတယ် ။ မန်းလေး ရောက်တာနဲ့ မရောက်သေးဘူး ။ စစ်ကိုင်းကား စီးရပြန်တယ် ။ စစ်ကိုင်း ရောက်တော့ သုံးဘီး တစ်ခါ စီးမှ ရောက်တာပါ ။ ကျွန်တော်လည်း ညိုဦးလွင်နဲ့ တစ်မြို့တည်း ရောက်နေတာ ကျွန်တော်တို့ နှစ်ယောက် အရင်ကလို မကဲကြတော့ပါဘူး ။ အမေ့ မွေးနေ့က ၂၉ရက် ၉ နာရီမှ ဆိုတော့ ကျွန်တော်တို့ နှစ်ယောက် မနက်စောစောထ ၊ ပထမက ထွက်တဲ့ လိုင်းကားနဲ့ လိုက်ကြတယ် ။ ဟိုရောက်တော့ မွေးနေ့ပွဲက ထက်ဝက်ကျိုးနေပေါ့ ။ မတတ်နိုင်ဘူး ၊ နှစ်ယောက်သား မွေးနေ့ပွဲကို မီသလောက် တက် ၊အမေ ကျွေးတဲ့ ထမင်းစား ၊ အမေ့ မွေးနေ့မှာ ဝေတဲ့ စာတွေ ကဗျာတွေတော့ ရအောင် ယူကြတယ် ။ ကိုယ့်ဖို့တင် မကပါဘူး ။ ငွေရေးကြေးရေးအရ ဖြစ်ဖြစ် ၊ ကျန်းမာရေးအရ ဖြစ်ဖြစ် မလိုက်နိုင်တဲ့ ကိုယ့်မြို့နယ်က စာပေသမားတွေ ပြန်ဝေငှရင်း မုဒိတာပွား ရအောင်လို့ပါ ။

“ ဟောဒီ ကိုသင်းထုံပေါ့ .. ဘယ်အရပ် ဘယ်ဒေသ ရောက်နေပ လေ့စေ ၊ နိုဝင်ဘာ ၂၉ အမေ့မွေးနေ့ ရောက်တာနဲ့ ရောက်တဲ့ အရပ်က မဖြစ်မနေ လာတတ်တဲ့သူ တစ်နှစ်မှကို မပျက်သေးတာရယ် ”

မန်းလေးက ကဗျာဆရာ မောင်သင်းပန် ကတော့ အဲဒီလို ပြောတတ်သူပါ ။ မွေးနေ့ပွဲ ပြီး ညနေ ၃ နာရီလောက် နောက်ဆုံး ထားပြီး ကျွန်တော်တို့ နှစ်ယောက် ပြန်ကြရတယ် ။ ဒါမှ ကိုယ့်မြို့ကို ၅ နာရီခွဲ ၊ ၆ နာရီ မနှောင်းခင် ရောက်မှာကိုး ။ အိမ်က လူတွေက ငြိုငြင်ခံရမှာကလည်း စိုးရသေးတယ် မဟုတ်လား ။

ဆရာကိုလေး ( အင်းဝဂုဏ်ရည် ) ရဲ့ ရ၅ နှစ်မြောက် မွေးနေ့ပွဲ ကျွန်တော်တို့ မသွားလိုက်ကြရဘူး ။ ပလိပ် မှာ နေတဲ့ ဆရာတင်ညွန့်မြိုင် ( သာစည် ) လည်း မွေးနေ့ပွဲ လုပ်တယ်သာ ကြားရတာ ကျွန်တော် မသွားဖြစ်ပါဘူး ။ မုံရွာမှာ နေတဲ့ ကဗျာဆရာကြီး အံ့မောင် မွေးနေ့ပွဲ မုံရွာမှာ လုပ်တာ ဘယ်လောက်များ စည်လိုက်မလဲ ။ ဆရာမောင်သင်းခိုင်ရဲ့ မွေးနေ့ ကျတော့ ကမ္ဘာ့ကဗျာနေ့ မတ်လ ၂၁ ရက်နေ့မှာ နှစ်စဉ်ကျင်းပ ၊ ကဗျာဆုတွေ ပေး ၊ နောက်တော့ တက်ရောက်လာတဲ့ လူတွေက ကဗျာတွေ ရွတ်ကြ ။ သွားချင်လိုက်တာ ။ ‘ တစ် ယောက်တစ်ပေါက် ’ ကဗျာတဲ့ ... ။

“ ငါးကို သံဆန်ကာနဲ့ မွေးထားတယ် ”

“ တိရစ္ဆာန်ရုံနဲ့ ဝေးသလား ”

“ လွမ်းစရာတွေ အသံကျယ်လွန်းတယ် ”

“ ကြက်ဥဟာ ကြက်ဥပါပဲ ”

“ စိတ်ကို ကျင်းထဲလှိမ့်ချလိုက်တယ် ”

“ ထိုက်ထိုက်တန်တန် လိုချင်တဲ့တွင်းထဲ ”

“ အားလုံးကောင်း ”

“ နောက်တစ်ကြောင်းကို အသိမ်းလုပ်လိုက် ” တဲ့ ။

ဗိုလ်ကြီးမွေးနေ့ကို တစ်နှစ်နှစ်တော့ အရောက်ကို သွားရပါဦးမယ် ။

ငြိမ်းချမ်းရေးဖခင် ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ မွေးနေ့က မေလ ၁၀ ရက်နေ့ ဆိုပေမယ့် နီးစပ်ရာ တနင်္ဂနွေနေ့မှာ ကျင်းပတာတဲ့ ။ ဒီနှစ် ‘ နေဦးဝေ ’ တို့ မောင်နှံ ရောက်အောင်သွားခဲ့ကြတယ် ။ အောင်ပန်း မှာတဲ့ ။ ညိုဦးလွင်က နောက်တစ်နှစ် သွားကြရအောင်တဲ့ ။ ဒီနေ့ ကဗျာဆရာတွေ ဦးညွှတ်ရတဲ့ ဆရာကြီးကို ဆရာကြီး အသက် ၆ဝ အရွယ်လောက်က ကျောက်မဲ အ ထ က ( ၁ ) မှာ တစ်ကြိမ် တွေ့ခဲ့ရဖူးပါတယ် ။ အဲဒီတုန်းက မြန်မာစာဆရာ ဦးမင်းဝေ စီစဉ်ပေးတာ ထင်တာပဲ ။ မောင်စွမ်းရည် ၊ တင်မိုး ၊ မောင်သာနိုး ၊ ဆရာကြီး ဒဂုန်တာရာ ။ အင်ဒိုနီးရှားအင်္ကျီ လက်တို ၊ ဘန်ကောက်လုံချည် ဝတ်လို့ ။ အခုသာ ဆရာကြီးကို ပြန်တွေ့ခွင့် ရခဲ့ရင် ရင်ထဲ ဘယ်လို ရှိမလဲ ။ ဆရာ့မွေးနေ့ပွဲ သွားချင်လိုက်တာ ။

အိမ်မှာက ၁၄/၅ က သမီးငယ် စန္ဒာသင်းထုံ မွေးနေ့ ။ ၂၁/၅ က သမီးကြီး သူဇာသင်းထုံ မွေးနေ့ ။ ၁၉/၉ က သားကျော်စွာမွေးနေ့ ။ ကျွန်တော်က ၂၆/၆ ။ သူတို့ အမေက အင်္ဂါဟူး မွေးတာမို့ မွေးလမွေးရက် မသိသူပါ ။ အဲဒီအထဲ သမီးငယ်က မွေးနေ့ပွဲ လုပ်ဖို့ အကဲဆုံး ။ ကိတ်တွေ ဘာတွေမှာ အပေါ် မှာ စာလုံးတွေ ရေး ၊ သူ့မွေးနေ့ပွဲကို ဘန်ကောက်က သူငယ်ချင်းမိတ်ဆွေ တစ်ယောက်တောင် မဖြစ်မနေ လာရတာ ။ ၂၁ ရက်မွေး သမီးကြီးက တရားသမား ။ သူ့မွေးနေ့ကိတ်ကို သူ့မောင် ကျော်စွာက တိတ်တဆိတ် မသိအောင် မှာပေးရပါတယ် ။ ၁၉/၉ လမွေး ကျော်စွာကတော့ ဘီယာချောင်းစီး မွေးနေ့ပွဲကြီး ဝှဲချီးကျင်းပသူပါ ။ သူ့အမေဘက် အမျိုးတွေက ဘာသာရေးအရ အရက် လုံးဝ မသောက်ကြတော့ကျွန်တော့်ဘက် တူတာ နေမှာလို့ စွပ်စွဲတာ ခံနေရပါတယ် ။

၂၆/၆ ကျွန်တော့်မွေးနေ့ပွဲ မရောက်ခင်ကတော့ လှုပ်လှုပ်ရှားရှားနဲ့ ရင်ခုန်စရာပါ ။ စာမူခ မရတော့ ဘီယာ မပါ ၊ ဟန်းနီးက ခေါက်ဆွဲကြော်နဲ့ စီပီကြက်ကင်တစ်တုံး ငါးရာတန် ဝယ်ဦးမလို့ပါ ။ သမီးကြီးက အပြင် မထွက်ချင်တာနဲ့ နောက်ဆုံး အိမ်လုပ် အာလူးကြော် ၊ အိမ်လုပ်ဝိုင်နဲ့ တိတ်တိတ်ကလေး ကျင်းပတော့ ကိတ်မုန့် မလှီးရ ၊ ဟက်ပီးဘတ်ဒေး မဆိုရ ၊ ပျင်း ခြောက်ခြောက်ကြီးပါ ။ သမီးငယ် စန္ဒာသင်းထုံ ဘန်ကောက် ရောက်နေလို့ပေါ့ ။ နို့ဖြင့် ကျွန်တော့်မွေးနေ့ ဒီထက် စည်မှာပါ ။ ခုတော့ .. ခုတော့ ... ။

▢  မောင်သင်းထုံ ( ကျောက်မဲ )
📖 ရယ်စရာ မဂ္ဂဇင်း
      ဇန်နဝါရီ  ၊ ၂၀၁၅

Monday, April 27, 2026

မသေရုံ ... ရွှေဘုံကြီးမှာ ... လ

❝ မသေရုံ ... ရွှေဘုံကြီးမှာ ... လ ❞
( မောင်သင်းထုံ - ကျောက်မဲ )

“ တူမကြီးရယ် ... မနေ့ညက အဖြစ်တွေ ‘ ကြား ’ မဟုတ်လား ၊ ပြော မပြောချင်ပါဘူး ‘ ကြီးတော် ’ ဖြင့် ရှက်ရှက်လွန်းလို့ ”

ပြောတဲ့သူက အိမ်ရှင် အဒေါ်ကြီးပါ ။ အသက်က ငါးဆယ် ကျော်ကျော် ခြောက်ဆယ် နီးပါးလောက် ။ လူက အသားဖြူဖြူပေမဲ့ ပိန်ပိန်ပါးပါး ၊ ပုသေးသေး ။ စကားပြောတော့ ပြောသာ ပြောရတာ သူ့ခမျာ အားရပါးရ မရှိလှပါဘူး ။ မရှိဆို ‘ အံကပ် ’ အံပုံ ၊ သွားအတုတွေနဲ့ ပြောရတာကလား ။ ကိုယ် ပြောတဲ့ စကား တစ်ဖက်လူ နားလည်အောင် မနည်း ကြိုးစားပြီး ပီသအောင် ပြောရပါတယ် ။ အခုမှ ကျင့်သားရခါစ ရှိပါသေးတယ် ။ အဒေါ်ကြီးက ပြောပြ တိုင်ပင်တဲ့ သူကတော့ အိမ်နီးနားချင်း ၊ အိမ်ငှား ၊ အသက် သုံးဆယ် အရွယ်လောက် အိမ်ထောင် ရှိတဲ့ ‘ မရွှေစင် ’ ဆိုတဲ့ မိန်းကလေးပါ ။ တကယ်ဆိုရင် ပြောတဲ့ အဒေါ်ကြီးနဲ့ မရွှေစင်တို့ အရွယ်က သားအမိအရွယ် ၊ မြေးမြစ် အရွယ်လောက် ရှိနေပါပြီ ။ အဒေါ်ကြီး မှာတော့ သူ ရင်ဖွင့်ချင်တဲ့ စကား ၊ ပြောချင်တဲ့ စကားကို ‘ ပေါ့ ’ သွားအောင်လို့ ပြောရတာပါ ။ တကယ်လည်း နီးနီးနားနားမှာ မိန်းမဖော် ၊ ကိုယ်နဲ့ သက်တူရွယ်တူက ရှိမနေလေတော့ ၊ ခက်တာက မပြောဘဲနဲ့လည်း မနေနိုင်တော့ အထက်ကလို ရင်ဖွင့် ပြောရတော့တာပေါ့ ။ ရပ်ကွက် ( ၁ ) မှာမှ အဒေါ်ကြီးတို့ အိမ်က နှစ်ထပ်တိုက်အိမ်ပါ ။ အိမ်ဆောက်တော့ လမ်းမတန်းကနေ ကားသံ ဘာညာ မကြားရအောင်ရယ် ၊ ဖုန်မှုန့် ဘာညာ မဝင်ရအောင်ရယ်ဆိုတဲ့ စိတ်ကူးနဲ့ အိမ်ကို ခြံဝင်းရဲ့ ခပ်နောက်ကျကျဆီမှာ ဆောက်ထားခဲ့ပါတယ် ။ အဒေါ်ကြီးတို့ မိသားစုမှာက သားနှစ်ယောက် ၊ သမီးနှစ် ယောက် ရှိပါတယ် ။ အကြီး ဆုံးသားက အားကိုးရမလား အောက်မေ့ပါတယ် ၊ အိမ် ထောင်ရက်သားကျတော့ တည်းခိုခန်းပိုင်ရှင်ရဲ့သမီးကြီး နဲ့ အိမ်ထောင်ကျပြီး ဆံထုံး နောက် သျှောင်ပါသွားလိုက်တာ ဟိုမှာ မန်နေဂျာ ဘာညာ ဖြစ် မဖြစ်တော့ဖြင့် မသိပါ ဘူး ၊ မြင်တဲ့လူတွေ ပြောကြတာ သန့်ရှင်းရေး လုပ် ၊ တံမြက်စည်း လှည်းနဲ့ သူ့ခမျာ မအားရပေါင်ဗျာလို့ ပြောသံကြားရတယ် ။ အဲဒါသာ ကြည့်တော့ ၊ အိမ်မှာတုန်းက အမှိုက်တစ်စ ၊ သစ်ရွက် တစ်ရွက်တောင်မှ မကောက်တဲ့ ကောင်က ပြောပါတယ် ။

“ ဘာဖြစ်ရမှာလဲကွယ် ၊ အိမ်က မင်းတို့ ဦးကြီး ဆိုတာပေါ့ ဒီအသက်အရွယ် ရောက်နေတာတောင်မှလေ ”
   
အဒေါ်ကြီးက မရွှေစင် ကို ပြောချင်တဲ့ စကားကို ထြုံပိုင်းထုံ့ပိုင်း ဆက်ပြောပြီးတော့ တစ်ခါ နားသွားပြန်ပါတယ် ။ အဒေါ်ကြီးရဲ့ သားသမီး ဆိုတာက အကြီးဆုံးက သားပါ ။ နောက်တစ်ယောက်က သမီး ၊ နောက် အောက်က သား ၊ အငယ်ဆုံးကတော့ သမီးပါ ။ အချိန်တန် အရွယ် ရောက်တော့ ရှေ့ဆင့်နောက် ဆင့် အိမ်ထောင်ကျကုန်တယ် ဆိုပေမဲ့ ဒုတိယသမီး အိမ်ထောင်ကျတော့ အဒေါ် ကြီးတို့ အဖေ အမေတွေ ဆိုတာ အဲဒီ သမီးကြီးရဲ့ အိမ် ထောင်ဖက်ကို လုံးဝ သဘောမတူပါဘူး ။ အလုပ်အကိုင် ၊ ပညာမရှိ ။ နောက်ပြီးတော့ ဘာသာခြားကလည်း ဖြစ်ပြန် ဆိုတော့ သူတို့ နှစ်ယောက် ထွက်ပြေးကြပြီး အချိန်တန်တော့ အဒေါ်ကြီးတို့ အိမ် ပြန်လာ အပ်ပါတယ် ။ ဒါပေမဲ အဒေါ်ကြီးတို့ ၊ ဦးလေးကြီးတို့က ဘူးဆို ဖရုံမသီးတော့ဘဲ လုံးဝ သဘောမတူ ၊ အိမ်ရိပ်တောင်မှ အနင်းမခံဘဲ သေခန်း ဖြတ်ခဲ့ကြပါတယ် ။ ဒါတွေက မရွှေစင်တို့ ဒီအဒေါ် ကြီးတို့ အိမ်ငှား အဖြစ် မရောက်ခင် ဟိုကမ္ဘေကမ္ဘာက ဖြစ်ခဲ့တာတွေပါ ။ ပြောချင်တာက အဒေါ်ကြီး ၊ ဦးကြီးတို့မှာ အသက်တွေသာ ကြီးလာကြပေမဲ့ အားကိုးအားထား သားသမီးက မရှိဘူး ဆိုတာကို ပြောချင်တာပါ ။

ဟုတ်တယ် ။ အဒေါ် ကြီးပြောမှ မရွှေစင် စဉ်းစားမိတယ် ။ မနေ့ညက ဒုန်းဒုန်း ဒိုင်းဒိုင်းနဲ့ အသံတွေ ကြားရပါတယ် အောက်မေ့တာ အဒေါ် ကြီး ပြောပြတဲ့ အကြောင်းလို့ မထင်မိဘူးရယ် ။ မရွှေစင်တို့ ငှားနေတဲ့ အခန်းက လမ်းဘေး နဲ့ တအား ကပ်နေတော့ ဒါ အချိန်မတော်ကြီးမှာ ထော် လာဂျီ မောင်းတဲ့ အသံများ လား ၊ ဒါမှမဟုတ် နောက်နားက တရုတ်အိမ်တွေက အိမ်ပြန်တာ နောက်ကျတော့ မနက်အတွက် ချက်ရပြုတ်ရအောင် ထင်းတွေ တအုန်းအုန်း ထခွဲနေကြတာ နေမှာရယ်လို့ ထင်နေတာရယ် ။ ဪ ... လက်စသတ်တော့ အဒေါ် ကြီးတို့ အိမ်ထဲက ကြားရတဲ့ အသံတွေပါလား ။ အချိန် မတော်ကြီးကျမှ ပြောပါတယ် ။

အိမ်ရှင်အဒေါ်ကြီးက ဦးလေးကြီးထက် အသက် ကြီးပုံ ရတယ် ။ အဒေါ်ကြီးက ခြောက်ဆယ် ဆိုရင် ဦးလေးကြီးက ငါးဆယ့်ငါး အကျော် လောက် ရှိဦးမှာရယ် ။ ငယ်ငယ်တုန်းက မြင်းမောင်း ၊ လားမောင်း အလုပ်ကြမ်းတွေ လုပ်ခဲ့တော့ လူဆိုတာ ထောင် ထောင်မောင်းမောင်းကြီးရယ် ။ အားခွန်ဗလကလည်း ခုထိကို ထမ်းဟယ်ပိုးဟယ် လုပ်နိုင် တုန်းရယ် ။ အလုပ် လုပ်နိုင်မှတော့ အစားကလည်း စားနိုင်တုန်းပေါ့ ။ အဒေါ်ကြီး ဆိုတာ နဂိုကမှ ခပ်ပိန်ပိန် ၊ အစားအသောက် ကလည်း ဇီဇာကြောင် ၊ စားတော့လည်း ကြောင်စာလောက် ဆိုတော့ ငယ်ငယ်တုန်းတော့ ဒီအဒေါ်ကြီးရဲ့ပုံစံ ဘယ်လိုရှိမယ် မဆိုနိုင်ဘူး ။ ခုတော့ ပိန်ပိန်ပါးပါး ၊ လေလာ ရွက်လှုပ် ကလေးရယ်ပါ ။ အရွယ် ကောင်းတုန်းကဖြင့် အဒေါ် ကြီးက ‘ တော ’ ဈေးပတ် လိုက်ရောင်းတယ် ။ ဦးလေးကြီးက မြင်းမောင်း ၊ လား မောင်း ၊ ပစ္စည်းအငှားသယ် တဲ့ အလုပ် လုပ်တယ် ။ ခုလို အသက်အရွယ်တွေ ကြီးလာရတော့ လူတွေ ဆိုတာ အိုမင်း မစွမ်း ရှိလာရောပဲ ။ တခြား သူတွေလိုမျိုး သွေးတိုး ၊ ဆီးချို ဆိုတဲ့ တွဲဖက်ရောဂါတွေကလည်း စွဲကပ်လာပြန်တော့ နှစ်ထပ်တိုက်ကြီးနဲ့ နေနေရတယ်သာပြောတာ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်ရတော့တာပေါ့ ။ သားသမီးတွေ မွေးထားပြီးမှ အားမကိုးရ ၊ အထောက်အပံ့က မရတော့ ဝင်ငွေရမယ့် နည်းလမ်းလေး ရှာကြံကြတဲ့အခါ တွေ့တာ ကတော့ အိမ်ရှေ့မှာ အိမ်မကြီးနဲ့ လမ်းဘေးကျန်တဲ့ မြေနေရာလေးမှာ အိမ်တန်းလျား ဆောက် ၊ အခန်းဖွဲ့ပြီးမှ အိမ်ခန်း ငှားစားကြရတယ် ။

မရွှေစင်တို့ အခန်းက အနောက်ဘက် အစွန်ဆုံး အခန်း ၊ မရွှေစင်ရဲ့ ယောက်ျားက လခစား လုပ်တယ် ။ သားသမီးက သုံးယောက် ၁၅ ပေ ပေ ၂၀ အခန်းလေးထဲမှာပဲ အိပ်စရာ စင်ရှိတယ် ။ ဒီအထဲ မှာပဲ ထမင်းချက် ၊ ဒီအခန်း ထဲမှာပဲ ဧည့်ခန်း ဖြစ်သလို နေကြရတယ် ။ ပေးရတဲ့ လခနဲ့ တော့ ‘ သင့် ’ ပါတယ် ။ ‘ စပေါ်  ’ မရှိဘူး ။ မရွှေစင်တို့နဲ့ ကပ်လျက် အခန်းက ကျောင်းသူ ကျောင်းသား မောင်နှမတစ်တွေ ကျောင်းတက်ဖို့ လာနေကြတာ ။ ဟင့် အင်း အဖေတို့ အမေတို့က ရွာမှာ စိုက်ပျိုးရေး အလုပ်တွေ ရှိနေကြတော့ ဆီ ပို့ရင်း ၊ ဆန် ပို့ရင်း ၊ ဟင်းချက်စရာ ပေးရင်း ၊ အိမ်လခပေးရင်းက တစ်လ မှ တစ်ခါ ဒါမှမဟုတ် နှစ်လ မှ တစ်ခါ လာကြတာ ဆိုတော့ မရွှေစင်တို့က ကိုယ့်သားသမီးတွေ ထိန်းရင်း ပြုရင်းက အိမ်နီးနားချင်း ကလေးတွေပါ ကူညီထိန်းသိမ်း စောင့်ရှောက်ပေးရပါတယ် ။

ဟိုဘက်က ကျန်ခဲ့တဲ့ အခန်းတွေ ဆိုတာကလား ကားသမားလင်မယား တစ်ခန်းရယ် ၊ မူကြိုဆရာမတို့ တစ်ခန်းရယ် ဒါပဲလား ရှိပါတယ် ။ အဲဒီအထဲကမှ အိမ်ရှင် အဒေါ်ကြီးက မရွှေစင်တို့ အခန်းရယ် ၊ မရွှေစင်က ခင်မင်ရင်းစွဲ ရှိတာရယ်ကြောင့် မနေ့ညက သူတို့ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို မခြွင်းမချန် ပြောတာပါ ။

ဒီနေရာမှာ မိန်းမတွေနဲ့ ယောက်ျားတွေ အာသဝေါ ကုန်တဲ့ နေရာမှာ မိန်းမတွေက ပိုပြီး ကုန်လွယ်ကြတယ်လို့ ကြားဖူးရဲ့ ။ အဒေါ်ကြီးနဲ့ ဦးလေးကြီးတို့ အဖြစ်ကို ကြည့်လေ ။ ဦးလေးကြီးက စားနိုင်သောက်နိုင်နဲ့ ကျန်းမာ သန်စွမ်းနေတုန်း ရှိသေးရဲ့ ။ အဒေါ်ကြီး ဆိုတာ စားတော့ ‘ အံကပ် ’ တပ်ထားတဲ့ သွားတွေနဲ့ စားရတော့ အစာက ကောင်းကောင်း မကြေချင် ။ အစာ မကြေတော့ အာဟာရ မဖြစ် ။ အာဟာရ မဖြစ်တော့ သားစိတ်မယားစိတ်တွေက မရှိတော့ပါ ။ ပုတီးစိပ် ၊ တရားထိုင် ဖြစ်နိုင်ရင်တော့ ဘဝရဲ့ နောက်ဆုံးအချိန်တွေ မှာ အေးအေးချမ်းချမ်းသာ နေချင်ပါတော့တယ် ။

ဦးလေးကြီးကတော့ အစားအသောက် ကြူးတယ် ။ မြေပဲဆန်လို အဆီအအိမ့်တွေ ကြိုက်တယ် ။ ထန်းလျက် ၊ သကြား အချိုလည်း စားတယ် ။ အရေးထဲ သူတို့သား လူပျို နေမကောင်းတုန်းက အိမ်ကို ဒေါက်တာအောင်ဝင်း ပင့်ပြီး ဆေးသွင်းတုန်းက ဆရာနဲ့က ခင်မင်ရင်းစွဲ ရှိနေတော့ အဲဒါ ဦးလေးကြီး ဆိုတာ ဈေးသွားရင်း ဖြစ်ဖြစ် ၊ လမ်းလျှောက်ရင်း ဖြစ်ဖြစ် ဝင်လည်ဖြစ်တယ်လေ ။

“ ဆရာ ... ကျုပ် ထမင်းစားသောက် မကောင်းလို့ အားဆေးလေး ပေးပါဦး ” ဆိုပြီး ဘားပလက်ပြားဝါ တာတာလေးတွေ တောင်းပြီး စားတတ်တယ် ။ စီဗစ်တို့ ၊ ဖြူရာမင်းဘီစီတို့လို ဘာပဲ တောင်းတောင်း အားဆေးသာ ဖြစ်ပလေ့စေ ဦးလေးကြီး ကတော့ ဆရာဝန်ဆီမှာ တောင်းတော့တာပါပဲ ။ ဆရာဝန်ကလည်း လူကြီးကို အားဆေး ဘာညာ ပေးရတာ ကုသိုလ်ရပါတယ်လေ ဆိုပြီး ပေးပါတယ် ။ အနည်းနဲ့ အများပေါ့ ။ ဒီလိုနဲ့ မရွှေစင်တို့ ငှားနေကြတဲ့ အိမ်ရှင် ဦးလေးကြီး တစ်ယောက်ဟာ စားကောင်း သောက်ကောင်းနဲ့ ခွန်အားတွေ ရှိချင်တိုင်း ရှိနေတော့တာပေါ့ ။

သားသမီး အကြီးတွေ တောင်မှ အိမ်ထောင်ကျလို့ ခွဲနေကြပေမဲ့ အဒေါ်ကြီးတို့ကတော့ အဘိုးကြီး အဘွားကြီး နှစ်ယောက် အခန်းခွဲ မအိပ်ကြသေးပါဘူး ။ ပြောရရင် ဒါကလည်း ဦးလေးကြီးရဲ့ ဆန္ဒလည်း ပါပါတယ် ။ နောက်ပြီးတော့ စဉ်းစား ကြည့် ၊ သမီးအငယ်ဆုံးလေး ကလည်း လားရှိုးသား တစ်ယောက်နဲ့ အိမ်ထောင်ရက်သားကျတော့ လားရှိုးကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့ပါရောလား ။ ဘယ်ကလာ အဒေါ်ကြီး ၊ ဦလေးကြီးတို့မှာ ကူဖော်လောင်ဖက် ရှိတော့လို့တုံး ။ ဒီတော့ ဦးလေးကြီးက အဒေါ်ကြီးကို ပြောပါတယ် ။ တို့မှာ တစ်အိမ်လုံးမှ ဒီအဘိုးကြီး ၊ အဘွားကြီး နှစ်ယောက်တည်း ရှိတဲ့ဟာကို မတော် ညရေးညတာများ ဖျားနာနေမှဖြင့်ကွာ ဆိုတာနဲ့ အဘွား ကြီးကလည်း ဟုတ်ပါတယ်လေ ဆိုပြီး မခွဲအတူ အိပ်ခဲ့ကြတာ အခုထက်ထိပါ ။

အဒေါ်ကြီးတို့ နှစ်ယောက်ကို အိမ်စရိတ် ရအောင်ဆိုပြီး သားသမီးတွေက စားစရိတ် ထောက်ပံ့ကြပါတယ် ။ ဒါပေမဲ့ အဒေါ်ကြီး ဆိုတာ နဂိုကတည်းက ဈေးရောင်းခဲ့တဲ့သူဆိုတော့ ခု လည်း ထမင်းဟင်း ချက် စားရုံ အလုပ်ရှိတာ ။ ကျန်တဲ့ အချိန်တွေမှာ ပျင်းပါတယ်လေ ဆိုပြီး မြို့မဈေးကြီးထဲ သွား ၊ မုန်ညင်းချဉ် ၊ တိုဟူးဖြူလေး ရောင်းတန်ရောင်း ၊ ပဲပုပ်ပြား ၊ စွန်တံခြောက်လေး ရောင်းလိုရောင်း ၊ ဈေးထွက် နေရတော့ တစ်ဖက်က ဝင်ငွေလည်း ရ ၊ အပျင်းလည်း ပြေ ၊ အချိန်ကုန်လည်း သက်သာတာပေါ့ မဟုတ်ဘူးလား ။ ဟော ဒါပေမဲ့ ဈေးထဲမှာ တစ်နေကုန် တငုတ်တုတ်တုတ်နဲ့ နေနေတုန်းကတော့ ကိုယ်က ‘ ဇော ’ နဲ့ ဈေးဝယ် မျှော်တဲ့ စိတ်နဲ့မို့သာ မသိသာပေမဲ့ အိမ်ရောက်လို့ ထမင်း လည်း စားပြီးရော ကျောခင်း လိုက်တာနဲ့ တစ်ပြိုင်နက် လူက အိပ်ချင်လာပါရောပဲ ။ တစ်နေကုန်ဆိုတော့ နောက်ကျောတွေ တက်တာကိုး ။ အဲဒီမှာ ပြဿနာက စ,တော့တာပါပဲ ။ အဒေါ်ကြီး ဈေးထွက်ချိန်မှာ အိမ်မှာ ကျန်ခဲ့တဲ့ ဦးလေးကြီးက ထမင်းဟင်း ချက်တယ် ၊ အိမ်သန့်ရှင်းရေးလုပ်တယ် ။ အိမ်ဝင်းထဲမှာ မြက်ပေါက် ၊ အမှိုက်မီးရှို့ပေါ့ ။ အချိန်တန်တော့ ဈေးထမင်းပို့သွား ၊ ပြန်လာ ၊ ရေမိုးချိုး ၊ တစ်ရေးတစ်မော အိပ်ထားတော့ ညဆိုရင် အတော်နဲ့ကို မအိပ်တော့ပါဘူး ။ အရေးထဲ ဦးလေးကြီး ဆိုတာက ငယ်မူတွေ ပြန်ပြီး အဒေါ်ကြီးကို ဟိုထိဒီထိ လုပ်တော့ ပင်ပန်းနေလို့ အိပ်ချင်နေတဲ့ အဒေါ် ကြီး ဆိုတာ စိတ်တိုစိတ်ဆိုးပြီး ရန်ဖြစ်ရတော့တာပေါ့ ။ ဒီ အသက်အရွယ် ကုသိုလ်ရ အောင် တရားစာအုပ်တွေ ၊ တရားခွေတွေ ဝယ်ထားပေးလည်း တရားအသိ မရှိပါဘူး ။ ခက်လိုက်တဲ့ လူနှယ် ။

“ တစ်ညသားများ သိလား မရွှေစင်ရယ် ... သူနဲ့ မအိပ်ရကောင်းလား ဆိုပြီး မင်းတို့ဦးလေးက ဘာလုပ်တယ် မှတ်သတုံး ” ဆိုပြီး ပြောပြပါတယ် ။

ဦးလေးကြီးက အဒေါ် ကြီးကို တို့ကနန်း ဆိတ်ကနန်း လုပ်တော့ စိတ်တိုပြီး အိပ်မရတာနဲ့ ရွှေစင်တို့ရဲ့ အဒေါ်ကြီးဟာ တစ်ခါတည်း အိပ်ခန်းက ထွက် ၊ အိမ်ရှေ့ ဧည့်ခန်းထဲလာ ၊ အိမ်ရှေ့က ဧည့်သည် စောင်သည်လာရင် အိပ်ရပြုရအောင် ထားတဲ့ ခုတင်ပေါ် သွားအိပ် နေလိုက်ပါတယ် ။ ဦးလေးကြီးက အခန်းထဲ ပြန်လာအိပ်ဖို့ ခေါ် ပေမဲ့ အဒေါ်ကြီးက ပြန်မလိုက်ဘဲနေတော့ ဦးလေး ကြီးဆိုတာ ဘာလုပ်တယ် မှတ်လို့တုံး ။ အိမ်မှာ ရှိတဲ့ လက်သမားသေတ္တာထဲက လွှတစ်လက်ကိုယူ ၊ အဒေါ် ကြီး အိပ်နေတဲ့ ခုတင်ရဲ့ ခြေထောက်တစ်ခုကို လွှနဲ့တိုက် ဖြတ်နေတာနဲ့ အဒေါ်ကြီး ခမျာတော့ ကျွန်းခုတင်တိုင်လေး ပျက်ရချေလားဆိုပြီး တွေးမိပြီး နှမြောလို့ ဦးလေးကြီး ခေါ်ရာ လိုက်အိပ်ခဲ့ရတဲ့ အကြောင်း ပြောပြပါတယ် ။

အဒေါ်ကြီးတို့ မိသားစုမှာ သား တစ်ယောက် ၊ သမီး နှစ်ယောက် အိမ်ထောင်ကျ သွားခဲ့ပေမဲ့ အခုနောက်ဆုံး လားရှိုးသားနဲ့ အိမ်ထောင်ကျတဲ့ သမီးရဲ့အထက်မှာ သား တစ်ယောက် ကျန်ပါသေးတယ် ။ သူကတော့ လူပျိုပါ ။ အသက်က သုံးဆယ်လောက် ရှိနေပါပြီ ။ အလုပ်က အရောင်းအဝယ် အလုပ် ဆိုတော့ ခရီး ထွက်နေရတာ များပါတယ် ။ အဒေါ်ကြီးတို့ ဆိုတာ လောဘကြီးပြီးတော့ အိမ်ကြီးကို နှစ်ထပ်အိမ် အကြီးကြီး ဆောက်ထားပေမဲ့ ဘယ်ကလာ လူကနည်း ၊ ပူကလည်း ပူတော့ အိမ်ပေါ် ထပ်မှာ ဘယ်သူမှ မအိပ်ပါဘူး ။ မအိပ်တာ ၊ လူမနေတာ ကြာတော့ အပေါ်ထပ် ဆိုတာ ဖုန်တွေမှာ လက်လေးသစ်လောက် ရှိနေပါပြီ ။

အောက်ထပ်မှာက အဘိုးကြီး အဘွားကြီး အိပ်ခန်း ၊ သူတို့သား အိပ်ခန်း တစ်ခန်း ၊ မီးဖိုက တစ်ခန်း ၊ ဧည့် သည်က တစ်ခန်းလားပဲ ရှိပါ တယ် ။ ခရီးထွက်နေတဲ့ ‘ သား ’ အိမ်မှာ မရှိရင်တော့ အခန်းတံခါး ပိတ်ထားလိုက် တာပါပဲ ။ သားက အိမ်မှာ ရှိ ရင်လည်း တစ်ပတ် ဆယ်ရက် ထက် မပိုပါဘူး ။ နောက်တစ်ခါ ခရီးထွက်သွားပြန်ရောပဲ ။ သား အိမ်မှာရှိရင် သီချင်းသံ ၊ တီဗွီ ဘာညာ ဖွင့်သံ ကြားရပေမဲ့ တခြား ရက်တွေမှာတော့ အဒေါ်ကြီးတို့ အိမ်မှာ မှောင်ကြီးမည်းမည်းထဲ တိတ်ဆိတ်ငြိမ်သက် နေတာတွေက များပါတယ် ။ ဧည့်သည် စောင်သည်လည်း မလာပါဘူး ။ အိမ်နီးနားချင်း ဆိုတာကလည်း လူငယ်တွေ ဆိုတော့ လူကြီးတွေချည်း ရှိတဲ့ အဒေါ် ကြီးတို့ အိမ်ဟာ တိတ်ဆိတ်မှုက ကြီးစိုးလို့ နေပါတော့တယ် ။

“ မရွှေစင်ရယ် ဒီ စိတ်တွေက တယ် ကြောက်စရာ ကောင်းတာပါလား ။ မပြောသင့်မှန်း မသိ ၊ ပြောသင့်မှန်း မသိ ... ပါ ဆို နေ .. ” ဆိုပြီး အဒေါ်ကြီးက သူ့အဖြစ်ကို မရွှေစင်ကို ပြောပြပြန်ပါတယ် ။ အဲဒီနေ့က အိမ်မှာ အဒေါ်ကြီးတို့ရဲ့ သားကလည်း ရှိနေပါတယ် ။ ည ဆယ့်နှစ်နာရီခွဲလောက်မှာ ဦးလေးကြီးက အဒေါ်ကြီးကို အိပ်လို့ မရအောင် နှောင့်ယှက်နေတာနဲ့ စိတ်တိုပြီး သူ့လက်က လွတ်ရင်ပြီးရော ဆိုတဲ့ စိတ်နဲ့ အိပ်ပျော်နေတဲ့ သား ဖြစ်သူရဲ့ အခန်းထဲဝင် ၊ ခုတင် အလွတ် တစ်ခုမှာ ဝင်အိပ်တာကို အပြင်ကနေ ဦးလေးကြီးက အတင်းလိုက်ခေါ် ၊ ပိတ်ထားတဲ့ အခန်းတံခါးကို အပြင်ကနေ တဝုန်းဝုန်းထု ခေါ်လို့ မရတော့ အပြင်ကနေ ရုန့်ကြမ်းတဲ့ စကားတွေ ပြော ၊ မင်းက ငါနဲ့ မအိပ်ဘဲ ဘယ် လင်ငယ်နဲ့ အိပ်ချင်လို့လဲ အတင်းအော်ပြောနေတာနဲ့ အဒေါ်ကြီးလည်း ညကြီး သန်းခေါင် ရှက်တာနဲ့ ဦးလေးကြီး နောက် လိုက်ခဲ့ရပုံတွေကို ပြောပြပါတယ် ။

“ ကြီးတော်က ဦးလေးကို စားကောင်းသောက်ဖွယ် တွေ ကျွေးသလားမှ မသိတဲ့ ဟာ ... ”

“ ထူး မကျွေးပါဘူးတော် ၊ သူလိုငါလို ဟင်းပဲ ချက်ကျွေးတာပါ ”

ဦးလေးကြီးက ကြီးတော် ထက် အသက် ငယ်တော့ ကျန်းမာတယ် ၊ စားနိုင် သောက်နိုင်တယ် ။ ငယ်က တည်းက အလုပ်ကြမ်း လုပ် လာတော့ ခုထိ စားနိုင် သောက်နိုင်တုန်းရယ် ။ ရွှေစင် က စားတဲ့သောက်တဲ့ အကြောင်း ပြောမှ ကြီးတော် သတိထားမိတာ တစ်ခုရှိတယ် ။ ဦးလေး မြေပဲဆန် ကြိုက်တယ် ။ အသက်ကြီးလာတော့ နှစ်ယောက်စလုံး အနွေးဓာတ် လိုတယ် ဆိုပြီး ‘ ကစော် ’ ချက်စားကြတာလည်း ရှိတယ် ။ တစ်ပတ် တစ်ခါလောက်ပါ ။ ကစော်ဖတ် ဆိုတာက ဆန်ကို အချဉ်ဖောက် ၊ အရက်လုပ်တာမျိုးပေါ့ ။ ခုတော့ အရက် မဖြစ်ခင် ဆန်အချဉ်ဖတ်ကို ဈေးကနေ ဝယ်လာ ၊ အိမ် ရောက်တော့ ကျိုချက် ၊ သကြားထည့် ၊ ကြက်ဥ ဖောက်ထည့် စားရတဲ့ အစား မျိုးပါ ။ သောက်လိုက်စား လိုက်ရင် ချဉ်တင်တင် ၊ ချိုတိုတို ၊ ပူရှိမ်းရှိမ်း ၊ အီလည်လည် နဲ့ အားဖြစ်တဲ့ အစာပါ ။ လူမမာတွေ ကျွေးရတာမျိုးပါ ။ အိမ်ရှေ့က မရွှေစင်လေး ပြောပြမှ သတိထား မိတယ် ။ ကစော်ချက် ဆို ဦးလေးကြီးက သိပ်ကြိုက်တာကလား ။ နောက်ဆို တဖြည်းဖြည်း လျှော့ကျွေးမှ ပုံတော်မှာပါ ။ ဟုတ်တယ် ၊ နင်တို့ရဲ့ ဦးလေးကြီး ဆိုတာလေ ဒါတွေကြောင့် သူ့စိတ်တွေက အရွယ်နဲ့ မမျှအောင် နုပျိုနေလေသလားမှ မသိတာနော် ။

တစ်လောကတော့ လားရှိုးမှာ အိမ်ထောင်ကျတဲ့ သမီးငယ်တို့ လင်မယား ၊ သူတို့ ကားလေးနဲ့ အိမ်အလည် ရောက်လာကြတယ် ။ သူတို့ ရောက်တော့ အိမ်မှာ အဒေါ် ကြီးတို့ နှစ်ယောက်တည်း အဘိုးကြီး အဘွားကြီး နိစ္စ ဓူဝ ချက်ပြုတ်စားသောက် နေ ရတာ မြင်တော့ မဖြစ်သေးပါဘူးဆိုပြီး အိမ်အတွက် ကူဖော်လောင်ဖက် ထမင်းချက် ၊ အဝတ်လျှော် အိမ်ဖော်မလေး တစ်ယောက် ရှာပေးကြတယ် ။ မိုင်းစံရွာက ‘ အေးရွှေ ’ တဲ့ ။ ဆယ့်လေးငါးခြောက်နှစ် လောက် ရှိကရော့မည် ။ ထွားထွား ၊ ပြားပြား ၊ ဖြူဖြူကြီး ၊ ထင်ထင်ပေါ်ပေါ်ကြီးရယ် ။ အလုပ်လုပ်တာ ‘ လေး ’ ပေမဲ့ သမီးတို့ ငှားပေးသွားတာ ဆိုတော့ အဒေါ်ကြီးက ဘာမှ မပြောပါဘူး ။ အနေအထိုင် ၊ အပြောအဆို သင်ပေးတယ် ။ နောက်တော့ အချက်အပြုတ်ပါ သင်ပေးတယ် ။ မဆိုးဘူး ။ ကြာတော့ အဆင်ပြေသွားကရောပဲ ။ ဒီလိုနဲ့ နေလာလိုက်တာ လေးငါးခြောက်လကြာတော့ လားရှိုး သမီးက မီး ဖွားဖို့ကိစ္စ ပေါ်လာတာနဲ့ လှမ်းခေါ်တော့ အဒေါ်ကြီးဟာ ဦးလေးကြီးကို အိမ်မှာ ထားခဲ့ပြီး သမီးရှိရာ လားရှိုးကို ပြေးခဲ့ရပါတယ် ။ သမီးအရေး အတွက် လာရတော့ အဒေါ် ကြီးမှာ ဦးလေးရဲ့ အနှောင် အဖွဲ့ကနေ လွတ်လာတော့ စိတ်ချမ်းသာတာပေါ့ ။ ပျော်တောင် ပျော်သေးတယ် ။ ဒါပေမဲ့ တစ်ရက်ကနေ နှစ်ရက် ၊ နှစ်ရက်ကနေ သုံးရက် ကြာလာတော့ အိမ်မှာ ကျန်ခဲ့တဲ့ ဦးလေးကြီးကို စိုးရိမ်လာရော ။

ဦးလေးကြီးရဲ့ စိတ်ရိုင်းတွေ ကြောင့်ပါ ။ အိမ်မှာက သူတို့ မြေးအရွယ် ၊ သမီးအရွယ် မိန်းမပျိုလေး တစ်ယောက်တည်း ကျန်ခဲ့တာကို အဒေါ်ကြီး စိတ်မချဘူး ။ တစ်မြို့တည်းမှာ နေတဲ့ သားကြီးရဲ့ သားသမီးတွေက ည ည သူတို့ အဘိုးအိမ် လာစောင့်ပေးကြမယ်လို့တော့ ပြောပါတယ် ။ လာရော စောင့်ကြရဲ့လား ။ ကလေးတွေ ဆိုတာ ကာရာအိုကေတို့ ၊ ဂိမ်းတို့ ကစားတာကလည်း မက်ကြပါသနဲ့ ။ ဒါတွေ စဉ်းစားမိတော့ အဒေါ်ကြီး လူကသာ လားရှိုး ရောက်နေတာ စိတ်က အိမ်ပြန်ရောက်နေပြီရယ် ။ အဒေါ်ကြီးဟာ အစကတော့ သမီးငယ် ဆီမှာ ပျော်ရင် ပျော်သလောက် နေလိုက်မယ်လို့ စိတ်ကူးပြီးမှ အိမ်မှာ ကျန်ခဲ့တဲ့ ဦးလေးကြီးကို စိတ်မချတာနဲ့ သမီးငယ် မီးထွက်ပြီးတာနဲ့ ချက်ချင်း အိမ်ပြန်လာခဲ့လိုက်တယ် ။ အိမ်ပြန်ရောက်တော့ အေးအေးဆေးဆေးပါ ။ ဘာမှ ထူးထူးခြားခြား မကြားမှ အဒေါ်ကြီး ‘ ဟင်း ’ ချနိုင်ပါတော့တယ် ။ မနေ့ညက အဖြစ်ကတော့ ဦးလေးကြီးက အဒေါ်ကြီးကို သူနဲ့ အတူ မအိပ်ရကောင်းလား ဆိုပြီး ပူညံပူညံ လုပ်နေတာနဲ့ နားအေး ပြီးရော ဆိုပြီး မီးဖိုချောင်ထဲ ဝင်အပုန်း ဦးလေးကြီးက စိတ်ဆိုးလို့ နောက်ကနေ လိုက်ပြီး မီးဖို ချောင် ကျွန်းတံခါးကို ရဲတင်း နဲ့ လိုက်ခုတ်လို့ တဝုန်းဝုန်း ဆူညံတဲ့ အသံတွေ ထွက်ရတဲ့ အကြောင်း အဒေါ်ကြီးက မရွှေစင်တို့ကို ပြောပြပါတယ် ။

ဦးလေးကြီး ပြောပါတယ် ။ သူ အပျော်အပါး ကြိုက်ရင် ၊ ခေတ်ပေါ် ရောဂါ မကြောက်ရင် ပျော်စရာတွေ ရှိပါတယ် ။ အဲဒီလိုလည်း မဟုတ်ဘူး ။ အိမ်က မိန်းမပျိုလေးကိုလည်း မကောင်းတဲ့ စိတ်မထားပါဘူး ။ အိမ်က ဦးလေးကြီး အမြဲ နှိပ်စက်နေ တာကတော့ အဒေါ်ကြီးကိုပါ ။ အိမ်ထောင်ရှင်တွေ အားလုံး သိကြပါ ။ ညသန်းခေါင် လင်မယား ရန်ဖြစ်ကြပြီ ဆိုရင် များသောအားဖြင့် ... ။ ဟုတ်တယ် ။ အဲဒါကြောင့် အဒေါ် ကြီး ပိုရှက်ရတာပေါ့ ။ မရွှေ စင်ရယ် ... အဒေါ်ကြီး အဖြစ်က ... ။ အေး ... ကွယ် ... ။

⎕ မောင်သင်းထုံ ၊ ကျောက်မဲ ၊
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     ဩဂုတ် ၊ ၂ဝ၂ဝ

Thursday, June 27, 2024

ငယ်မူ မဖျောက်နိုင်ဘု

 ❝ ငယ်မူ မဖျောက်နိုင်ဘု လွမ်းလောက်ဖွယ် မယ်ရင် ရယ် လွမ်းပါဘိတယ် ❞

ရွာ မှာ “ ဒေါ်သင် ” ဆိုတာက လူရွှင်တော်ကြီး ဦးဓာတ်အိုး ရဲ့ အစ်မ ပေါ့ ။ ကိုသိန်းလွင် တို့ ဘကြီး နဲ့ အိမ်ထောင် ကျတော့ သားသမီးတွေ ထဲ က မွေးတဲ့ မြေးတွေ အများကြီး ရှိတယ် ။ အဲဒီ အထဲ က ဒေါ်သင် တို့ နဲ့ အတူ နေ နေတဲ့ မြေးကလေး တစ်ယောက် က တော့ “ မောင်မြင့် ” တဲ့ ။ အဆိုးလေး ပါ ။ သူ့ ကြောင့် ဒေါ်သင် စိတ်ညစ်ရပေါင်း လည်း များပါပြီ ။ ဒါပေမဲ့ ကိုယ့် မြေး အစစ် ဖြစ် နေတော့ရကာ မပြောသာဘူးပေါ့ ။ မောင်မြင့် ကို ဒေါ်သင် က မရှိမဲ့ ရှိမဲ့ ကြား က မြို့ကျောင်း ထား စာသင်စေတာ ၊ ငွေ ကုန် ၊ အချိန် ကုန် တာပဲ အဖတ် တင် ရဲ့ ။ အောင် ပေါင် ။ ဆယ်တန်းနှစ်ခါ ကျ နဲ့ ရွာ ပြန်လာ ၊ ဒေါ်သင် တို့ နဲ့ ပြန် လာ နေတော့ ဒီကောင် က နတ်အိုးကွဲ ။ ချီး မကော် လောက် ၊ ပဲ မလှော် လောက် ၊ ဘယ်နေရာ မှာ မှ အားမကိုးရ ၊ အသုံးမကျ ဆန်ကုန် မြေလေး ပေါ့ ။ ဒေါ်သင် မ တော့ “ သူ့ ” ကြောင့် နဲ့ ကို စိတ်တွေ ရှုပ် လှပါပြီ ။ တစ်နေ့ တစ်နေ့ ဒီကောင့် အတွက် ဘယ်လိုများ လုပ် ပေးရရင် ကောင်းမလဲ လို့ ဟောဒီက ခေါင်းတွေ ပွရှုပ် နေအောင် စဉ်းစား နေရတာ ကို က အမောသား ရယ် ။ တစ်နေ့ ရွာ အလယ်ကောင် လမ်းမ ပေါ် က အပျိုလေး တစ်သိုက် ကြွက်စီကြွက်စီ နဲ့ ဆူညံသံတွေ ကြား နေရပါပကော လား ။ ဪ .. ဟုတ်သားပဲ ။ ဒီအချိန် က တောင်ပြုန်းနတ်ပွဲ ချိန် ကိုး ။ နတ်ပွဲ ကျ ရင် လူတွေ ဆိုတာ တိုး လို့ မပေါက်အောင် ကို စည် ဆိုပါလား ။ ရွာ ထဲ က  မိန်းကလေး တွေ လည်း တောင်ပြုန်းပွဲ သွားကြမလို့ နဲ့ တူရဲ့ ။ ဟိုခေါ် ၊ ဒီခေါ် နဲ့ လူ စု နေကြတဲ့ အသံတွေ အိမ် ထဲ ကနေ အတိုင်းသား ကြား နေရတယ် ။ ဒေါ်သင် လည်း အိ မ်ထဲ ငုတ်တုတ် ထိုင်နေရာ က အကြံ ရတာ နဲ့ အိမ်ရှေ့ လမ်းမ ပေါ် က ကောင်မလေးတွေ ကို လှမ်း ခေါ်လိုက်တယ် ။

“ ဟဲ့ .. ကောင်မလေး တွေ ၊ လာကြစမ်း ၊ ဒီကို ”

“ ဘာလုပ် မလို့တုံး အဘွား ၊ ကျွန်မ တို့ နဲ့ နတ်ပွဲ လိုက် မလို့လား ၊ ဒါဖြင့် ပြင်လေ ”

“ ငါ့ အရွယ်ကြီး နဲ့ မလိုက်နိုင်ပေါင် အေ ရယ် ”

“ ဒါဖြင့် ကျုပ်တို့ ကို ဘာပြုလို့ ခေါ်တာတုံး အဘွား ရဲ့ ”

“ အိမ် ကကောင် “ မောင်မြင့် ” ကို ထည့်လိုက်ချင်လို့ ”

“ အလိုတော်... ဘယ်လိုလုပ် ဖြစ်မှာတုံး ၊ နတ်ပွဲ မှာ လူ က စည်သနဲ့ ”

ဒေါ်သင် မြေး မောင်မြင့် က လည်း လူပျို ၊ သူတို့ က လည်း အပျိုလေးတွေ ဆိုတော့ သင်းတို့ နဲ့ လည်း မဖြစ် ၊ ခေါ် မဖြစ်တာ ဒေါ်သင် တွေးမိ စဉ်းစားမိ တာပေါ့ ။ ဒါပေမဲ့ အိမ် မှာ ရှိ လည်းပဲ စား လိုက် ၊ အိပ် လိုက် နဲ့ ၊ ဆန်ကုန် မြေလေး ၊ အလကား ကောင် အမြင်ကတ်ကတ် ရှိတာ နဲ့ ‌ေ သ လည်း အေးတာပဲ ဆိုတဲ့ သဘောပါ ။ ဒါကြောင့်မို့ လို့
ဒေါ်သင် က ...

“ နတ်ပွဲ က လူ စည်တော့ မောင်မြင့် ကို လူနင်း ‌ေ သအောင် ငါ က ထည့်ချင် တာဟဲ့ ” လို့ ရွဲ့ ပြောတော့ ဒါမျိုး ကျတော့ အိမ်ထဲ က ကွပ်ပျစ် ပေါ် အပျင်း ကြီးပြီး လှဲ နေတဲ့ မောင်မြင့် က ကြားဖြစ် အောင် ကြားပါ့ဗျား ။ ဟာဗျာ ... အဘွားက လည်း အလကား နေရင်း လူ ကို နိမိတ် မရှိ နမာ မရှိ ပြောကရော့မယ် တဲ့ ။

မြေး မောင်မြင့် ပျင်းတာ လည်း မပြောနဲ့ ၊ ဒေါ်သင် မှာ မောင်မြင့် လို ပဲ ပျင်းတဲ့ သား တစ်ယောက် ရှိတယ် ။ တစ်နေ့ ရွာ ထဲ မှာ လူ စုံတုန်း သူ့ သား ကိုယ့် သား အပျင်း ပြိုင်ကြတာတဲ့ ။ ကိုဖိုးပုံ က သူ့ သား မောင်ကြိုင် တို့များ အပျင်း ကြီး ချက် ကတော့ အိမ် အလုပ် တစ်ချက် ယောင် လို့ တောင်မှ ကူ မလုပ်ဘူးတဲ့ ။ ည ဆို သန်းခေါင်သန်းလွှဲ အထိ အပျိုအိမ် တွေ လိုက် လည် တော့ မနက် ကျ တော့ ၉ နာရီ ၊ ၁ဝ နာရီ မှ အိပ်ရာ က ထ တာ ၊ အဲဒီအထိ ပျင်းတဲ့ လူ လို့ ပြော တော့ ရွာ ထဲ က လူတွေ က မောင်ကြိုင် ကို ပျင်းလိုက် တာ လွန်ပါရော ဆိုပြီး နှာခေါင်း ရှုံ့ကြ သတဲ့ ။

အဲဒီမှာ ဒေါ်သင် က မင်းသား မောင်ကြိုင် ပျင်းတာ ဘာ ဟုတ်သေးလို့ တုံး ၊ ငါ့ သား “ ငဗြော့ ” တို့ ပျင်းချက် က မှ ဆိုပြီး ဒေါ်သင် က ပြောပြပါတယ် ။ “ ငဗြော့ ” က လယ်ထွန်မယ် ဆိုပြီး လယ် ထဲ သွား ၊ လယ် တော့ ထွန်ပါရဲ့ ၊ ထွန် တစ်စပ် နှစ်စပ်ရတော့ ဟာ ... ပျင်း တယ်ကွာ ၊ ဗိုက် ဆာတယ် ကွာ ဆိုပြီး ထွန် မဖြုတ် ဘာ မဖြုတ် ထည်ချေးဖတ် ထဲ ခေါင်းချ အိပ် နေလိုက်တာ ၊ အဲဒါ အိမ် က သူ့ ဆီ ထမင်း လာ မပို့မချင်း နေ့လယ် ၁၂ နာရီ ၊ ၁ နာရီ အထိ ကို မထတမ်း အိပ် တာတဲ့ လို့ ပြောတော့ အနား က လူတွေ က ဟယ် ... အို နဲ့ တောင် အံ့သြ ကုန်ကြတော့တာပေါ့ ။

ဒါ ဘာဟုတ်သေးလို့တုံး ဆိုပြီး ဒေါ်သင် က သူ့ သား ငဗြော့ အကြောင်း ဆက် ပြောပါတယ် ။ တစ်နေ့ မှာ တော့ ထည် ထိုး နေရင်း က သူ့ ဝသီ အတိုင်း ဆာ လို့ ထည်ချေးဖတ် ထဲ အိပ် နေတုန်း ဖြစ်ချင် တော့ လယ်နီးချင်း တွေ က ထွန် လို့ ထည် လို့ လွယ်ကူအောင် ကတွတ် ပေါက် ကနေ ရေ တွေ သွင်း ကြတော့ ငဗြော့ ထွန် နေတဲ့ လယ် ထဲ လည်း ရေ တွေ ဝင် တာပေါ့ ။ ငဗြော့ အောက် က ထည်ချေးဖတ် တွေ ထဲ ရေတွေဝ င်ပေမယ့် ကိုလူပျင်း ငဗြော့ တို့ ကတော့ ထ ရမှာ ပျင်းလို့ ၊ ထမင်း ဆာ လို့ အိပ်ရာ က အိပ် နေရာ က တောင် မထပါဘူး တဲ့ ဆို ၊ တကတဲ အရည် ထွက် အောင် ကို ပျင်းတဲ့ ကောင်ပါ လို့ ပြောတော့ ရွာ ထဲ က ကြားရတဲ့ သူတွေ ဆိုတာ အံ့ လို့ ကို သြ နေကြပါတယ် ဆိုနေ ။

တစ်နေ့ ရွာ ထဲ က လူတွေ ဒေါ်သင် အိမ် လာ လည်ကြရင်း က လူ စုံတော့ “ ခွေး ” ဆိုး တဲ့ အကြောင်း ၊ ခွေး ကိုက်ချင်တဲ့ အကြောင်း တွေ ပြောကြပါရော လား ။ တချို့ အိမ် တွေ မှာ မွေး ထားတဲ့ ခွေးတွေ ဆိုး လိုက်တာ ၊ ကိုက် က လည်း ကိုက် ချင် ၊ ဟောင် က လည်း ဟောင် ၊ အသံ တွေ ဆိုတာ ဟိန်း ထွက်လို့ သိပ် ကြောက်စရာ ကောင်း တာပေါ့ ။ ခွေး ဆိုး တဲ့ အထဲ မှာ ရွာမြောက်ပိုင်း က “ မတဆုပ် ” ခွေး တော့ မီမယ် မထင်ဘူး လို့ ပြောကြတယ် ။ ဘယ်လောက်များ ဆိုး သလဲ ဆိုရင်တော့ ရွာ မှာ
ကိုခင်မောင် ဆိုတဲ့ လူကြီး ခင်ဗျား တို့ လည်း မြင်နေ သိနေကြတာ ပဲ ဟာ ။
တရုတ်ပြည် က ဘတ်စကက်ဘော လက်ရွေးစင်ကြီး ကျလို့ အရပ် က လည်း အရှည် ကြီးရယ် ။ အဲဒီ မတဆုပ် တို့ အိမ် က ခွေး ပေါ့ ။ ကိုခင်မောင် ကို ကိုက် ရင်း မျက်နှာ ကို မှ ခုန်တက် ကိုက်တာဗျ ။ ဘယ်လောက် ဆိုးသလဲ ။ ကြောက်စရာ ကောင်းချက် က တော့ လို့ ပြောတော့ ဒေါ်သင် က “ ဟင်း ” ဆိုတဲ့ ကာ ဒါက ဘာ ဟုတ်သေးလို့ တုံး ဆိုပြီး သူ့ စကား ကို စ ပါတယ် ။

“ ခွေး တကာ့ ခွေး ထဲ မှာ တော့ ငါ့ အထင် ငရှိန် အိမ် က ခွေး မလောက် ဆိုးတာ မကြုံဖူးဘူး ”

“ မတဆုပ်ခွေး လောက် တောင် ဆိုး လို့လား အဘွားသင် ရ ”

“ မတဆုပ် ခွေး ဆိုး တာ ဘာ ဟုတ် သေးလို့တုံး ၊ ငရှိန် ခွေး က မှ မယုံရင် လွှတ်
ထား ကြည့်လိုက် ၊ လေယာဉ်ပျံ တောင် တက် ကိုက်မယ့် ခွေးဟဲ့ ၊ ဘာမှတ်သတုံး ”

လို့ ပြောတော့ ကျန်တဲ့ ရွာသားတွေ ဆိုတာ ပါးစပ်တွေ အဟောင်းသား နဲ့ ဘာဆို ဘာမှ  မပြောသာကြတော့ပါဘူး ။ ဆိုး လိုက်တဲ့ ခွေး နှယ် ။

ဒီ တစ်ခါ တော့ ဒေါ်သင် ကိုယ်တိုင် မဟုတ်ပါဘူး ။ ဒေါ်သင် ရဲ့ သားတွေ ထဲ က ငဗြော့ ရဲ့ အစ်ကို “ ကိုငကြော့ ” ပါ ။ ကိုငကြော့ က အိမ်ထောင် မရှိ လူပျိုကြီး ၊ အရက်သမား ၊ ထန်းရည်သမား ပါ ။ တစ်ရက် ရွာ မှာ ဖောင်တော်ဦး ဘုရား ပြင်ဖို့ ရန်ပုံငွေ ရှာ ကြ တော့ ရွာ ဥက္ကဋ္ဌ က အဖွဲ့လိုက် တာဝ န်ပေး ၊ ရွာနီး ချုပ်စပ် က ရွာတွေ ဆီ အလှူခံ အဖွဲ့တွေ လွှတ်ပါတယ် ။ ဒီ နေရာ မှာ ရွာ ဥက္ကဋ္ဌ က အလှူခံ တဲ့ လူတွေ အလုပ် မပျက်ရလေ အောင် အလှူ ခံလို့ ရတဲ့ ငွေထဲ က တစ်ယောက် ကို တစ်ရက် ငွေကျပ် ၅ဝဝ စီ သုံးစွဲခွင့် ပြုခဲ့ပါတယ် ။

အဲဒီတော့ ငကြော့ နဲ့ အတူ လူ သုံးယောက် ဟာ တောင်ရွာ ဘက် ဆီ အလှူခံ ထွက်ကြတာ တစ်နေကုန် လို့ ပြန်လာတဲ့ အထိ အလှူငွေ က တစ်ထောင် ပဲ ရပါတယ် ။ ဒါနဲ့ ဒီ သုံးယောက် ရွာ ပြန်လာပြီး ရွာဥက္ကဋ္ဌ ဆီ အလှူငွေ တွေ အပ်ကြ တော့ ...

“ ဥက္ကဋ္ဌကြီး ရေ .... စာရင်း သာ ၁၅၀ဝိ/- လို့ မှတ် ထားလိုက် ၊ ငွေ က တော့ အပ်နိုင်မှာ မဟုတ်ဘူး ဗျ ”

“ ပေး ... ပေး စာရင်း စာအုပ် ၊ ကျုပ် ရေးထား လိုက်ပါ့မယ် ဗျာ ” ဆိုပြီး ငကြော့ ဥက္ကဋ္ဌကြီး ရဲ့ စာရင်းစာအုပ် ဂေါပက ငွေစာရင်း မှာ မှတ်ထား လိုက်တာ က ငွေ မဆပ် တဲ့ အပြင် ...

“ မှတ်ချက် ဂေါပကအဖွဲ့ မှ ရရန် ၅၀ဝိ/-  ” လို့ ရေးထားလိုက်ခြင်းပါပဲ ခင်ဗျား ။

ဒေါ်သင် ရဲ့ သား ငဗြော့ မှာ သား တွေ ရှိပါတယ် ။ လူပျို တွေ ၊ အရွယ် ရောက် ကုန် ကြပါပြီ ။ ဒေါ်သင်တို့ ရွာ မှာ “ ဗြော ” အဖွဲ့ လည်း ရှိ ပါတယ် ။ အဲဒီ ဗြောအဖွဲ့ မှာ ငဗြော့ သား မောင်နိုင် က လင်းကွင်း တီး ပါတယ် ။ မောင်နိုင် လင်းကွင်းတီး ပုံ ကို ငဗြော့ သေချာ လိုက် ကြည့် ပြီးပါပြီ ။ ဒီကောင် လင်းကွင်း တီး တာ မဟုတ်သေးပါဘူး ။ ကြည့်စမ်း ။ ဘယ်လို တီးနေတာပါလိမ့် ။ အားမရ လိုက်တာ ။ လင်းကွင်း နှစ်ဖက် ကို အားပါးတရ တီးရမယ့် အစား ရှန် ရှန် ရှန် နဲ့ ပွတ်ပြီး ဆွဲ ဆွဲနေတာ ကြား ရတော့ ငဗြော့ နားတွေ အူ ၊ သွားတွေ ကျိန်းနဲ့ ခံရ ခက်လိုက်တာ ။ ဒီတော့ မနေနို င်တာ နဲ့ ငဗြော့ က သူ့ သား မောင်နိုင် ကို ခေါ်ပြီး ပညာ ပေးတာတဲ့ ။

“ ဟေ့ကောင် မောင်နိုင် ၊ မင်း လင်းကွင်း တီးရင် ဘယ်လို တီးတာတုံး ”

“ ရှန် .. ရှန် .. ရှန် .. ရှန် ရှန် ... ရှန် နဲ့ တီးတာပေါ့ အဖေ ရ ”

“ ပွတ် ပြီး တီးတာ မဟုတ်လား ၊ အဲဒါကြောင့် နားထောင် လို့ မကောင်းတာ ”

“ ဟာဗျာ .. အဖေ က လည်း တီးလုံး နဲ့ သီချင်းအ လိုက် တီးရတဲ့ ဟာကို ”

“ တီးလုံး တွေ ၊ သီချင်း အလိုက် တွေ လုပ် မနေနဲ့ ဟေ့ကောင် ၊ နောက် တစ်ခါ တီးရင် မင်း သေချာ မှတ်ထား ၊ ဂွမ်း ... ဂွမ်း ... ဂွမ်း ... ဂွမ်း ၊ ဂွမ်း ... ဂွမ်း .. ဂွမ်း ... ဂွမ်း လို့ သာ တီး ၊ ကြားလား ”

“ အဖေတို့ ကတော့ ဗျာ တကတဲ ”

တစ်နေ့ သူ့ အမေ ဒေါ်သင် ရဲ့ အိမ် ကို သူ့ သား ငကြော့ လာ လည်တယ် ။ သူ့ အမေ က အိမ် အလုပ် တွေ တစ်ဖက် လုပ် ရင်း က သူ့ သား နဲ့ စကား ပြောတယ် ။
သားအမိ နှစ်ယောက် စကား တွေ ပြော လိုက်ကြ သမှ တစ်ရွာလုံး အကြောင်း
စုံတကာ စေ့ နေတာပါပဲ ။ ရွာ ထဲ က ငရှိန် တို့ ၊ ငနီ တို့ အကြောင်းတွေ လည်း ပါရဲ့ ။
အဲဒီတုန်း မှာ အမေ ဒေါ်သင် က သူ့ ရေအင်တုံ ထဲ က ပန်းကန်ခွက်ယောက် တွေ ဆေးကြော ပြီးလို့ အိမ်ရှေ့ သလင်းပြင် ဖုန်တွေ သိပ် အောင် လို့ ရေအင်တုံ သွန် မလို့ ပြင်နေတုန်းရှိသေး ၊ သူ့ သား ငကြော့ က ဒေါ်သင် ကို အလန့်တကြား နဲ့ တား ပါတယ် ။

“ ဟိုး ... ဟိုး ... ဟိုး ... အမေ ၊ ရေ သွန် မလို့လား ”

“ အေးလေ ငကြော့ ရဲ့ ၊ မင်း မလည်း အလန့်တကြား ၊ ငါ ရေသွန်မယ့် ဟာကြီး ကို ”

“ အမေ ရေ သွန်တာ က အရေး မကြီးဘူး ၊ တော်နေကြာ ရွာ ထဲ က ငရှိန် တို့ ကောင်တွေ “ အင်း ” မှတ် လို့ ငါး လာ ပက်ကြမှာ စိုးလို့ပါဗျာ  ”

“ မင်း မလည်းကွယ် ”

ရွာ မှာ ငရှိန် တို့ ၊ ငနီ တို့ ကောင်တွေ က သိပ် အလုပ် လုပ်ကြတာ ။ ဒါတောင် သူတို့မိသားစု ဆိုတာ ဆင်းတောင့် ဆင်းရဲ တာ မဟုတ်ဘူးနော် ။ စားနိုင်သောက် နိုင်တွေ ထဲ က ချည်းပဲ ။ ဒါပေမဲ့ ဒီကောင် တွေ ကမ္ဘာ မှာ နယ်ပယ်သစ် ရှာ ၊ စီးပွား ရှာ စားခဲ့ကြတဲ့ ကိုလံဘတ်စ် တို့ ၊ ဘတ်စကိုဒဂါးမား တို့ နဲ့ ဘာ တော်သလဲ မသိဘူး ။ အလကား မနေရဘူး ။ အလုပ် လုပ် ၊ ပိုက်ဆံ ရှာကြတာပါ ဆို နေ ။ ရေအိုင် မြင် တိုင်း ငါး ပက် ကြတော့ ဒေါ်သင် ပက် လိုက်တဲ့ ပန်းကန်ဆေးရေ ရေကွက် ကို ငါး ရှိမယ် ထင်ပြီး လာ ပက် နေကြမှာ စိုးရ လောက်အောင် ဒီကောင် တွေ က အိုင် မြင် တိုင်း ခြေ ဆေး တတ်ကြလွန်း လို့ပါ ။

တစ်နေ့ ငရှိန် နဲ့ ငနီ တို့ ပေါ့ ၊ မိုး တွင်း က မျှစ်ချိုး ၊ မှိုရှာ ခဲ့ကြပြီး နွေ ရောက် တော့ ထင်းခုတ် ၊ ထင်းခွေ ရောင်း ကြတယ် ။ ရွာ မှာ က သူတို့ လို ထင်းခွေ တဲ့ သူတွေ က များ လာတော့ ထင်းပင် တွေ ရှား လိုက်လာတာ နဲ့ မြေပေါ် နဲ့ မြေအောက် က သစ်မြစ် တွေ တူး ရောင်း ကြ ပြန်တယ် ။ ငရှိန် နဲ့ ငနီ သစ်မြစ် ထင်း နှစ်ထမ်း ဒေါ်သင် အိမ် လာ ရောင်းကြ တော့ ဒေါ်သင် က အားပေး ပါတယ် ။ ဒါပေမဲ့ ထင်းမြစ် တစ်ထမ်း ငါးရာ ၊ နှစ်ထမ်း ခုနစ်ရာ နဲ့ ဆစ် တာ မရပါဘူး ။ မကိုက်လို့ ပါ အဘွား ရယ် ဆိုပြီး ငြင်း တော့ ဒေါ်သင် က ပြောတော့တာပေါ့ ။

“ ဟဲ့ .. မင်းတို့ သစ်မြစ်တွေ တော ထဲ က တူး လာတာပဲ ၊ မကိုက်ရ အောင် အရင်းက ဘယ်လောက် တောင် ပေးခဲ့ရလို့တုံး ” လို့ ပြောတော့ ငရှိန် တို့ ဘာမှ မပြောကြတော့ပါဘူး ။

ဒေါ်သင် မှာ အစ်ကို တစ်ယောက် ရှိသေးတယ် ။ ဦးပုကြီး တဲ့ ။ အင်္ဂလိပ် ခေတ် ၊ ဂျပန်ခေတ် ကောင်းကောင်း မီခဲ့ကြ တာ ပေါ့ ။ အင်္ဂလိပ် တွေ က အပြေး ၊ ဂျပန် တွေ က ဝင် လာတော့ နောက် လာမယ့် ဂျပန် တွေ အသုံးပြုလို့ မရအောင် အင်္ဂလိပ်တွေ က လမ်းတံတားတွေ ကို ဖြိုဖျက် ထားခဲ့ကြတာ နည်း ရောလား ။ အဲဒီ အထဲ မှာ “ ညောင်ပင်ဝန်း ” တံတား လည်း ပါတယ် ။ ဂျပန် တွေ ရောက်လာ တော့ အင်္ဂလိပ် တွေ ဖျက်ကြလို့ ပျက် တဲ့ လမ်းတံတား ၊ ရေတွင်းရေကန် တွေ အမြန်နှုန်း နဲ့ ပြင်တယ် ။ ပြင် တော့ လူထု အားလုံး ပြင်ရတဲ့ အခါ အနား ကျေးရွာ က လူတွေ ကို ချွေးတပ် ဆွဲ ခေါ်တယ် ။ အတင်း အလုပ် ခိုင်း ကြတယ် ။ ဂျပန် တွေ က ရိုင်းတယ် ။ ရွာသား တွေ ကို ပါး တွေ နား တွေ ရိုက်တယ် ။ ခြေထောက် တွေ နဲ့ ကန်ကျောက်ကြတယ် ။ မထင်ရင် မထင် သလို နှိပ်စက်ကြတာ ။  ရွာ ထဲ က လူတွေ က ဂျပန်ငပု တွေ ဖက်ဆစ်တွေ ဆိုးကြောင်း ၊ မိုက်ရိုင်းကြောင်း ၊ လူလူချင်း စာနာစိတ် မထားကြောင်းတွေ သူတို့ ရဲ့ ချွေးတပ် အတွေ့အကြုံ တွေ ကို ပြောပြ ကြတဲ့ အခါ အနား က ဦးပုကြီး က တော့ ပြုံး ပြီးမှ နားထောင် နေတာ တဲ့ ။ သူ ထင် တာ ဒီကောင် တွေ ပေါင်းသင်း ဆက်ဆံရေး မတတ်ကြ လို့ပါ ။ လူ ဆိုတာ သူ့ အကြိုက် လိုက် ဆောင်ရွက် ပေးလိုက်ရင် ဘယ်သူ မဆို သဘောကျ ကြမှာပါ ။ ဂျပန် တွေ ၊ ဒီကောင် တွေ လည်း အာရှတိုက်သား တွေ ပဲ ။ ထင် သလောက် တော့ ဆိုး မထင်ပါဘူး ။ မင်း တို့ မပေါင်းတတ် လို့ ပါကွာ လို့ ပြော ဆိုပါလား ။

ဂျပန် တွေ အင်္ဂလိပ် တွေ ကြောင့် ပျက်စီး သွားခဲ့ရတဲ့ ညောင်ပင်ဝန်း တံတားကြီး ပြန် ပြင်တော့ အနီးအနား ရွာ က လူတွေ အလှည့်ကျ ချွေးတပ်စွဲ တဲ့ နေရာ ဆင့်ခေါ် လို့ လိုက်ကြရတယ် ။ ဂျပန် တွေ ဆိုတာ ကိုယ့် ရွာ က လူတွေ ညံ့ လို့ မဆက်ဆံတတ် လို့ ပါ လို့ ပြော တဲ့ ဦးပုကြီး ကိုယ်တိုင် တစ်ကြိမ် တော့ ချွေး တပ်စွဲ တဲ့ နေရာ ပါသွားခဲ့တယ် ။ ပို ဆိုး တာ ဦးပုကြီး ဆိုတဲ့ လူ က “ နား ” က လေး သေးတာရယ် ။ ဘယ်လိုလဲ ဗျာ ဦးကြီးပု ရ ၊ ဂျပန်တွေ နဲ့ ဆက်ဆံရတာ အဆင်ပြေ ရဲ့ လား သိချင် လို့ ရွာ က လူတွေ က ဝိုင်းမေး ကြတော့ မပြောနိုင် မဆိုနိုင် ခေါင်းတွေ ညိတ် ၊ လက်တွေ ခါ တဲ့ ပြီး မှ ပြောတဲ့ စကား က ရှိပါတယ် ။

“ မလွယ်ပါဘူး မောင်ရာ ၊ ဒီ ကောင် တွေ လူ မပြောနဲ့ ၊ ဘုန်းကြီး တောင် ချမ်းသာ ပေးမယ့် ကောင်တွေ မဟုတ် ဘူးရယ် ၊ ရိုင်းချက်မတော့ လို့ ပြော ပါတယ် ”

ရွာ မှာ က ဒီလိုပါပဲ ။ ဒေါ်သင် တို့ ၊ ဦးပုကြီး တို့ ဆိုတာက ရွာ လူကြီးတွေ က လည်း ဖြစ် ၊ စကား က လည်း တတ် ၊ စကား က လည်း ကပ် တော့ ပြောစမှတ် ကြီး ကို ဖြစ်လို့ပါ ဆိုနေ ။ တစ်ခါတုန်း က လည်း မြို့ပေါ် က တက္ကသိုလ်ကျောင်းသူ တွေ နေမှာပေါ့ ။ ရွာ ကို ရောက် လာပြီး တော့ မှ စီးပွားရေးစစ်တမ်း ဆိုလား ၊ လာ ကောက်ကြတာ ။ ဒီတော့ ဒီ အရပ်က လူတွေ ရဲ့ ဒေသ အသုံးအနှုန်း အခေါ်အဝေါ် တွေ က စလို့ အသစ်အဆန်း တွေ ဖြစ် နေကြတော့ တအံ့တသြ နဲ့ လေ့လာကြတာပေါ့ ။

ရွာတွေ မှာ က အင်္ကျီအိတ်ထောင် ကို အိတ်ထောင် လို့ မခေါ်ကြဘူး ။ “ ဘေးထိုး ” တဲ့ ။ ကောင်းကင် ပေါ် က ကြယ် တွေ ကို “ ကြည် ” တဲ့ ။ ရေပုံး ကို “ သွပ်ချောင် ” တဲ့ ခေါ်ဝေါ်ကြတာ ။ အိမ် မှာ တစ်ရက် နို့ဆီဘူး ဘယ်နှဘူး ချက်ရ သလဲ ဆိုရင် ဘယ်နှချောင် ချက်ရတာလဲ လို့ မေးကြတယ် ။ ညရေးညတာ သုံးတဲ့ လက်နှိပ်ဓာတ်မီး ကို “ ဒုတ်မီး ” တဲ့ ။ ရင်ဘတ် မှာ တပ် တဲ့ အင်္ကျီကြယ်သီး ကို “ ကြည်သီး ” တဲ့ ။ လျှပ်စစ်ဓာတ်မီး ၊ မီးလုံး ကို “ ဘတ်သီး ” တဲ့ ။ ဘောလုံး ကို “ ဘော ” တဲ့ ။ အဲဒီလို ပဲ ခေါ်ကြတယ် ။ ဘောလုံး ပွဲ ကြည့်တာကို ဘောပွဲ ကြည့် မလို့တဲ့ ။ အဲဒီလို ပြော ကြတော့ မြို့ က လာတဲ့ တက္ကသိုလ်ကျောင်းသူတွေ အံ့သြကြတာပေါ့ ။

ရွာဓလေ့ ကို လည်း လေ့လာချင် ၊ စကား အဆန်း တွေ ၊ အညာ စကားတွေ သင်ကြားချင် ကြတဲ့ တက္ကသိုလ် ကျောင်းသူ တွေ ကတော့ သူတို့ အားတိုင်း ရွာ ထဲ က ဒေါ်သင် အိမ် မှာ ချည်း စု နေကြတာ ။ ဒေါ်သင် က လည်း တက္ကသိုလ် ကျောင်းသူ မိန်းမချောလေး တွေ ကို ကျွေးရ မွေးရ တော့ ဂုဏ် ရှိတာပေါ့ ။ ပျော်တာပေါ့ ။ ပြီးတော့ ဒေါ်သင် ဆီ က စကား တွေ ၊ အညာလေ တွေ သင် ကြတယ် ။

တစ်နေ့ ဒေါ်သင်ကြီး က မြို့တက် ဈေး သွား ဝယ်တာ မြို့ က နေ ပြန် လာ တော့ တက္ကသိုလ်ကျောင်းသူ တွေ က ဒေါ်သင်ကြီး ဆီ က စကားအဆန်းတွေ သင်ချင် ကြားချင် ကြတော့ နှုတ်ဆက် စကား ဆို ကြတာပေါ့ ။

“ အဘွား သင် ၊ ဘယ် က ပြန်လာတာတုံး ”

“ မြို့ က ဈေးသုံး ပြန် လာတာကွယ့် ”

“ မှန်းစမ်း .. ခြင်း ထဲ မှာ လည်း စုံလို့ပါလား ၊ ဘာတွေ ဝယ်လာတာတုံး ”

“ တိုလီမိုလီလေးတွေ ပေါ့ ကွယ် ”

ဟော ကြည့် ၊ ဒေါ်သင် ပြောတဲ့ စကား မြန်မာစကား တော့ မြန်မာစကား ပါပဲ ။ ဒါပေမဲ့ ဒေါ်သင် ပြောတဲ့ စကား နားမလည်ကြတာ နဲ့ ပြန် မေး ယူရတယ် ။

“ တိုလီမိုလီ ဆိုတာ ဘာတုံး ... အဘွားသင် ရဲ့ ”

“ ဟယ်တော် .. ညည်းတို့ မလည်း မြို့ က တက္ကသိုလ် ကျောင်းသူ တွေ ပညာတတ် တွေ လို့ လည်း ပြောရဲ့ ၊ တိုလီမိုလီ တောင် မှ မသိကြဘူးတဲ့လား ၊ အံ့ပါ ရဲ့ ”

“ တကယ် မသိလို့ပါ အဘွား ရယ် ၊ တိုလီမိုလီ ဆိုတာ ဘာတုံး ”

“ ဟဲ့ ... မှတ်ထားကြတဲ့ ခေတ်ကလေးတွေ ၊ တိုလီမိုလီ ဆိုတာ ဗြုတ်စဗျင်းတောင်း ကို ခေါ်တာကွယ့် ကလေးတို့ ရဲ့ ”

လာပြန်ပေါ့ စကား တစ်ခွန်း ၊ ဗြုတ်စဗျင်းတောင်း တဲ့ ။ ဒါ မြန်မာစကား ပြော တာပါပဲ ။ ပြောတဲ့ စကားတွေ ဆို တာ အဆန်းတွေချည်း ဆိုတော့ ကြား မှ မကြား ဖူးကြတဲ့ ဟာ ။ ဒီ တက္ကသိုလ် ကျောင်းသူ တွေ ဘယ်က လာ သိကြပါ့မလဲ ။ တိုလီမိုလီ ကို မသိလို့ မေး တော့ ဗြုတ်စဗျင်း တောင်း တဲ့ ။ ဒါဖြင့် ဗြုတ်စဗျင်းတောင်း ဆိုတာ ကရော ဘာတုံးဟင် အဘွား လို့ မေးကြည့် ကြည့်ပါလား ။ အဲဒါ ရှေး အခေါ် စကား အသစ်အဆန်း တစ်လုံး က ပေါ်လာပြန်ဦးတော့မှာ ပါ ။ ဒါနဲ့ပဲ ဦးနှောက် က လိုက် မမီ မှတ်မကုန်တာ နဲ့ အဲဒီ ဗြုတ်စဗျင်းတောင်း ရဲ့ အဓိပ္ပာယ် ကို ဒီ အတိုင်းပဲ ထားလိုက်ကြတာ အေးပါတယ် ။

အဲဒီ ဒေါ်သင် ပဲ ပေါ့ ။ တစ်ခါ မြို့ က ဆေးကုအဖွဲ့ ၊ ကျေးရွာ ရောက် အခမဲ့ ကု ပေးတာ နဲ့ ဒေါ်သင် ဆရာဝန် ဆီ သွား တွေ့ပါရော လား ။ ဆရာဝန် က ဒေါ်သင် ကို မေးတာပေါ့ ။ အဘွား ဘာဖြစ်တာတုံး ဆိုတော့ အေးကွယ် ၊ ရင် ထဲ သရိုးသရီ နဲ့ နေမကောင်း လို့ ပါ ။ ခေါင်းမူး သလား ။ မူးဘူး ။ ဗိုက် ရော အောင့် သလား ။ အောင့် ပေါင် ၊ အကြောတက် သလား ။ တက်ဘူး ။ ညောင်းရော ညောင်းသလား ။ ညောင်းပါဘူး ။ ဒါဖြင့် အဘွား ရောဂါ က ဘာဖြစ်တာတုံး ။ သိဘူး ။ ဟုတ်ဘူးလေ ။ ရောဂါသည် က ဘာဖြစ်ရင် ဖြစ်တယ်လို့ ပြောပြ မှ ဆေးဆရာ က ဆေး ကုလို့ ရတော့မပေါ့  ။ ဒီတော့ အဘွား ရင် ထဲ စိတ် ထဲ ဘယ်လို ခံစား နေရတယ် ပြောပြ မှ ဒီက ဆေး ပေး လို့ ရမှာပါ ။ အဲဒီတော့ ပြောပါလို့ ဆရာဝန်လေး က အတင်း မေးတာ နဲ့ ဒေါ်သင် သူ့ ရောဂါ ပြောတော့ ပြောတာပါပဲ ။ ဒါပေမဲ့ ဒေါ်သင် အပြော က ဆေးပညာ မှာ ဘယ်လို မှ ရောဂါ အဖြေ ရှာ မရတဲ့ ရောဂါ ဖြစ်နေပါတယ် ။ ဘာပြုလို့လဲ ဆို တော့ ဆရာရယ် အဘွား ရဲ့ ရင်ထဲ မှာ “ ဘူရှိန် ဘတ်သတ် ဂျတ်တင်း ” ကြီး ဖြစ် နေလို့ပါ တဲ့ ။

ပြောရရင် ဒေါ်သင် တို့ ရွာ မှာ အုပ်ချုပ် ခဲ့တဲ့ တစ်ခါတုန်း က သူကြီး တစ်ယောက် ဟာ ရွာ ထဲ က လူတွေ ကို ဟိုဟာ ခိုင်း ဒီဟာ ခိုင်း နဲ့ အတော် နာမည်ကြီး နေတဲ့ သူပါ ။ ထန်းရည် မူး လို့ ဆူဆူ ၊ လင်မယား ရန် ဖြစ်ဖြစ် ဒဏ်ပေး တာ ကတော့ အလုပ် တစ်ခု ခိုင်းပြီးမှ အပြစ် ပေးတာပေါ့ ။ အပြစ် မရှိလည်း သူကြီး အိမ်ရှေ့ ဖြတ် သွားတဲ့ လူ ဆို လှမ်း ခေါ်တဲ့ပြီး သူ့ အိမ် မှာ နွား ကျွေးခိုင်း ၊ နွားစာ စဉ်းခိုင်း ခိုင်း တတ် တော့ ရွာ က လူ တွေ သူကြီး အိမ် ရှေ့ တောင် ဖြတ်ရဲကြတာ လိုက်လို့ ။ အဲဒီလို အခိုင်း ပက်စက်တဲ့ သူကြီး ပေါ့ ။ တစ်နေ့ ဒေါ်သင် အိမ် ထဲ ဝင် အလာ ခွေး က ဟောင်ရော ။ ဒီတော့ ဒေါ်သင် က ခွေး ကို ငေါက်တာ ၊ ငေါက် လို့ မရတော့ အနား က “ ဆန်ဆေးတောင်း ” နဲ့ ခွေး ကို ကောက် ပေါက် လိုက်ပါတယ် ။ ဒီတော့ ဆန်ဆေးတောင်း က သူကြီး ခြေထောက် နား ရောက် အနေ ဒေါ်သင် က လည်း လက် ထဲ ပဲစေ့ ညှစ်နေရာ က မအား တော့ ...

“ သူကြီး ရယ် ၊ မရိုမသေ တော် ၊ ရှေ့ က ဆန်ဆေးတောင်းလေး ၊ ခြေလုံး ခတ် လိုက်စမ်းပါ ”

သူကြီး က လည်း ဒေါ်သင် ရဲ့ စကား အတိုင်း ခြေထောက် နဲ့ ခတ် ပေး လိုက်တယ် ။ ဒီ ကတည်း က ဒေါ်သင် တို့ များ နာမည် ကြီးချက် ကတော့ ဘာမှတ် သတုံး ၊ ဒေါ်သင် ဆိုတာ သူကြီး ကို တောင် ခိုင်းစား နိုင်တဲ့ သူ လို့လေ ။ ရပ်နီး ရပ်ဝေး ဟိုးဟိုးလေး ကို ကျော် လို့ ပါလား ။

◾မောင်သင်းထုံ ( ကျောက်မဲ )

📖 ရယ်စရာ မဂ္ဂဇင်း
      ဩဂုတ်လ ၊ ၂၀၁၂ ခုနှစ်

#ကိုအောင်နိုင်ဦး

.

Tuesday, December 26, 2023

ဆေးသက်

❝ ဆေးသက် ❞

“ ကြံကြံဖန်ဖန် လွန်းရှိန် ရယ် ၊ လုပ်စရာ ရှားလို့ ၊ ဒါလောက် အသက် အန္တရာယ် များတဲ့ အလုပ်ကြီး ကို နင် မို့ လုပ်ချင်ပလေ ”

“ မိဝိုင်း နဲ့ ငါ မြန်မြန် နီးရအောင်လို့ ဟ ၊ သိပြီလား ”

“ အလိုတော် မဆီလေးရယ် တဲ့ မှ အို မဆိုင် ”

“ ဘာ မဆိုင်ရမှာလဲ ။ နင့် အဘ ပြောင်းဖူး ပွဲစား ၊ ကြံသကာ ပွဲစားကြီး က ငွေ သိပ် မက်သနဲ့ ။ တော်နေကြာ ငါ့ သမီး မိဝိုင်းစိန်မ ကို ကြိုက်တဲ့သူ ငွေ ဘယ်လောက် တင်တောင်း မှ ဆို ”

“ လွန်းရှိန် ၊ နင့် မုန့်ဆီကြော် က ဖြင့် ဘယ် နေမှန်း မသိဘူး ။ နှုတ်ခမ်းနာ နဲ့ တည့်ပါ့မလားလို့ ”

“ ပြောရက်လိုက်တာ အဝိုင်း ရယ် ။ ငါ့ မှာ တော့ အလုပ် ပိတ်ရက် ကလေး မှာ နင့် မျက်နှာလေး မြင်ချင်လွန်း လို့ ဟိုး လေးငါးမိုင် ခြေကျင် ခရီး ကို အပြေး လာခဲ့ရသူပါ ”

“ ဒီ က လည်း သူ့ အတွက် ပြောတာပါ နော် ။ သမီးရည်းစား ဖြစ် တာ မှ မကြာသေးဘူး ။ မသကာ သူ ခြေချော် လက်ချော် များ ဖြစ်ခဲ့ ရင် ဝိုင်းစိန်မ မှာ တော့ ရည်းစား မုဆိုးမလေး အနေ နဲ့ လွမ်း ပြီး ကျန်ခဲ့မှာ စိုး လို့ ပြောတာ တော့ ကဲ သိပြီလား ရွှေကိုယ်တော် ရဲ့ ”

“ ဘာ ဘာ ရည်းစားမုဆိုးမ ဟုတ်လား ။ နင် မို့ ပြောတတ်ပလေ အဝိုင်း ရယ် ၊ ဟား ဟား ဟား ”

“ အဟီး ဟီး ”

ဒီ တစ်ပတ် အလုပ် ပိတ်ရက် ရွာ ပြန်ခဲ့ရတာ “ တန် ” သည် ။ ပင်ပန်းရ ကျိုး ၊ ခြေညောင်းရ ကျိုး နပ်သည် ။ ခါတိုင်း ပတ်များ မှာ တော့ ဝိုင်းစိန်မ နဲ့ စကားများ ၊ စကားနိုင် လုရင်း လမ်းခွဲ ခဲ့ရတာ များသည် ။ ဒီ တစ်ပတ် တော့ ဝိုင်းစိန်မ ရဲ့ လွန်းရှိန် အပေါ် မှာ ထားတဲ့ ကြီးမားသော သံယောဇဉ်ကြိုး ကို တွေ့ ခဲ့ရသည် ။ ဘာတဲ့ ၊ အဟင်း ရည်းစားမုဆိုးမ ဆိုလား ။ နင် မို့ ကြံကြံ ဖန်ဖန် ဝိုင်းစိန်မ ရယ် ။ အဟင်း ဝိုင်းစိန်မ နှင့် ပြောခဲ့ရတာလေးတွေ အမှတ် ရပြီး ပြုံးမိ ပြန်သည် ။

“ ဟဲ့ ကောင်လေး ငါးခူပြုံး လိုလို ၊ ငါးရံ့ပြုံး လိုလို နှင့် ဘာ ပြုံးနေတာလဲ ။ အလုပ် ကို သေချာလည်း လုပ်ဦး နော် ။ ဒါ သပြေပန်း တက် ချိုး နေတာ မဟုတ် ဘူးဗျ ။ ဂုတ်ထိပ် တံတားကြီး ပေါ် မှာ တွဲလဲ ခို နေတာ ။ သတိတစ်ချက် လွတ် လိုက်လို့ ကတော့ ခေါင်း နဲ့ ကိုယ် အိုးစား ကွဲ ပြီသာ မှတ် ”

“ ဟာဗျာ ဦးကြီးကျော် ကလဲ ”

လွန်းရှိန် ရှက်ရမ်း ရမ်းရင်း အလုပ် ကို ဆက် လုပ်ရသည် ။ မျက်နှာ ပေါ် ၊ လက်တွေ ပေါ် တွင် သံချေးဖတ် ၊ ဆေးဖတ် အမှုန်အမွှားလေးများ ကပ် နေကြသည် ။ မှဲ့ခြောက်များ သော နိုင်ငံခြားသူ မျက်နှာ ပမာ ရှိ ချေမည် ။ အဆိုး ဆုံး ၊ အခံရခက် ဆုံး က မျက်လုံး မျက်ဆံ ထဲ ဝင်မှ ဖြ င့် ခိုးလိုးခုလု ဖြင့် လွှတ် အခံ ရ ခက်သည် ။ မျက်နှာသစ် ရေဆေး ပစ်ဖို့ အပေါ်  ပြန်တက် ရ အောင် က လည်း လွန်းရှိန် ရောက် နေသည့် နေရာ က တံတား အလယ် လောက် မှာ ရှိနေသည် ။ ပြန်တက် ၊ ပြန်ဆင်း လိုက် လုပ်နေတာ နှင့် ပင် အချိန်တွေ ဖင့်နွဲ နေချေ ရော့မည် ။ လွန်းရှိန် ရဲ့ အထက်အောက် ဝဲယာ မှာ လည်း လွန်းရှိန် လိုပင် ဂုတ်ထိပ် တံတားကြီး ကို ဆေး သုတ်ရန် အတွက် သံချေး ခွာ နေတဲ့ သူတွေ တိုးလို့ တွဲလောင်း ။

လွန်းရှိန် မျက်လုံး ထဲ က အခံရ ခက် တာ ကို အံကြိတ် ခံရင်း ဘားတန်း နှစ်ချောင်း ပေါ် မြဲမြဲ ထိုင် ၊ ဘယ်ဘက် လက် က ကြိုးတန်း ကို မြဲမြဲ ကိုင် ရင်း စိတ် ကို အလုပ် ထဲ  နစ်မြုပ် လိုက်ပြန်သည် ။

“ ကြိုးစားလိုက်ကြဦးစို့ လွန်းရှိန် ရေ ။ ဝိုင်းစိန်မ အတွက် ထဘီ တစ်ကွင်း ဖိုး ”

“ ဝါး ဟား ဟား ”

ဘယ်သူ က နောက်ပြောင် လိုက်မှန်း မသိ ။ သံချေးခွာ နေသူတွေ တသောသော ရယ်ကုန်ကြသည် ။ ခါတိုင်း လို တောင်ယာခုတ်ရင်း ၊ ဓား ကောက်ရမ်း ရင်း သာ ဒီလို ရယ်စရာမျိုး ကြုံပါ က အနီး မှ သစ်ပင်တွေ ကျိုး ကြေ ကုန်အောင် ပစ်လှဲပြီး အားရ ပါးရ လှောင်ပြောင် ရယ်လိုက်ကြမည့် ဖြစ်ခြင်း ။ အင်း အခုမှာ တော့ အန္တရာယ် များ တဲ့ အလုပ် မို့ ရယ်စရာ တွေ့ တာ တောင် ထိန်းထိန်းသိမ်းသိမ်း ရယ်နေကြရသည် ။

ဆေး မသုတ်ရသေး ခင် သံချေး ခွာ သည့် အလုပ် က ပင် တစ်ရက် လည်း မဟုတ် ။ တစ်ပတ် လည်း မဟုတ် ။ တစ်လ နှစ်လ ကြာသည် ။

လားရှိုး ဘက် က လာတဲ့ ကုန်ရထား နောင်ချိုဘက် အကူး ဂုတ်ထိပ် တံတား ကို ဖြတ် အပြီး တွင် လွန်းရှိန် တို့ အဖွဲ့ တစ်နေ့ တာ အလုပ် သိမ်း ကြ သည် ။ တစ်နေကုန် လက်ပမ်းကျ နေတာကြောင့် သံချေးဖတ်များ က ရေဆေး လည်း မပြောင်မည့် အတူတူ တော်ရိ ရော်ရိ ဆေးကြော ကာ ထမင်း လွေး ပစ် လိုက်သည် ။

တပေါင်း တန်ခူး လ ဆိုပေမယ့် ရှမ်းပြည်နယ် မှာ တော့ မြူခိုးမင်းလွင် တွေ နှင့် မို့ ချမ်းအေးအေး ရှိလှ ပါသည် ။ ဂုတ်ထိပ်ချောင်း က တက်လာတဲ့ အငွေ့ တွေ ရယ် ၊ တောင်ကြား ၊ လျှိုကြား က ထွက် လာတဲ့ အငွေ့ တွေ ရယ် ဂုတ်ထိပ်တံတား အောက် တွင် တွေ့ဆုံ ကြကာ ကာလ အတန်ကြာ ကွဲကွာ သော မိတ်ဆွေများ ပြန် တွေ့ပြီး စကား လက်ဆုံ ပြော မကုန်အောင် ရှိ သကဲ့သို့ နံနက်ခင်း နေခြည် ဖြာသည့် တို င် မြူခြေများ က တော့ ဆိုင်း တုန်းပင် ။

ဂုတ်ထိပ်တံတားကြီး တွင် သံမှိုပေါင်း များစွာ တပ်ဆင် ထားသည် ။ အင်္ဂလိပ်တွေ က တံတားကြီး ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် သံမှိုများ ထဲ တွင် ငွေမှို ၊ ရွှေမှိုများ ကပ်ထားခဲ့သည် ဟု လွန်းရှိန် ကြားဖူးသည် ။သံချေး ခွာရင်း လွန်းရှိန် ကြည့်တော့ တစ်ခါ မှ မတွေ့ပါ ။ ဦးဘအေး ၊ ပန်းစိန် ၊ အောင်မြ ၊ အိုက်ကံ တို့ တစ်တွေ လည်း မတွေ့ကြ ဟု ပြောပါသည် ။ ဦးကြီးကျော် တစ်ယောက် သာ ဟို အရင်နှစ်တွေ တုန်းက ဆေး သုတ် လိုက်ရင်း တစ်ခါ တွေ့ ဖူးသည် ဆို၏ ။ အခုတော့ ဘယ်တိုင် ၊ ဘယ်နေရာ ၊ ဘယ်အခန်း မှာ ရှိမှန်း သူ မမှတ်မိ တော့ပါ ။ တံတားကြီး တစ်ခုလုံး ဆိုတော့ ဝက်အူတွေ က လည်း နည်း မှတ် လို့ ။ သေချာတယ် ၊ ရှိတယ် ထားပါဦး ။ ကိုင်း ငွေဝက်အူ က တံတားကြီး ရဲ့ အမြင့် ဆုံး နံပါတ် ဆယ့်တစ်တိုင် ရဲ့ အလယ် လောက် မှာ ရှိပါပြီ တဲ့ ။ အတော်လေး စွန့်စား အားထုတ်ပြီး မှ မြင်ဖူးတယ် ရှိအောင် သွား ကြည့်ရမည့် ဖြစ်ခြင်း ။

နှစ်လ တာ သံချေးခွာ လုပ်ငန်း ပြီးတော့ လွန်းရှိန် တို့ အဖွဲ့ တံတားကြီး ကို ဆေးသုတ်  ပြင်ဆင် ရသည် ။ ကန်ထရိုက် ကိုပီတာ က ဂိုဒေါင် ထဲ မှ ငွေမင်ရောင် ဆေးပုံးတွေ ထုတ်လာသည် ။ သူ ကိုယ်တိုင် ဆေးတွေ ဖျော်ပေး သည် ။ ဆေး သုတ်ဖို့ ကတော့ သုံးလက်မ ၊ လေးလက်မ စုတ်တံ အပြားကြီး တွေ ထုတ် ပေးသည် ။ စုတ်တံ အပြား ၏ လက်ကိုင်ရိုး အမြီး မှာ အပေါက်ကလေး ဖောက် ပြီး အုန်းဆံကြိုးလေး တွေ ချည် ထားသည် ။

“ ဦးပီတာကြီး ၊ ဒီ ကြိုးလေးတွေ က ဘာ လုပ် ရမှာလဲဗျ ။ ဟောဒီလို ခါး မှာ ချိတ်ထားဖို့လား ”

“ ဘယ် ဟုတ်ရမှာလဲ အိုက်ကံ ရ ။ မင်း တို့ တံတား ပေါ် မှာ ဆေးတက် သုတ် ရင်း စုတ်တံ လွတ်ကျ မှာ စိုးလို့ ညာဘက် လက်ကောက်ဝတ် မှာ ချည်ထားရမှာ ”

“ ဟုတ်တယ်နော် ။ စုတ်တံ လွတ်ကျ လို့ ပြန် ကောက် နေရရင် မသကာ  နေ့ ဝက် တော့ ကျိုး မှာ ”

“ အေးပေါ့ကွ ၊ ဒါကြောင့်မို့ အရင် အတွေ့ အကြုံ ရှိတဲ့ လူကြီးတွေ က တီထွင် ခဲ့ကြတာ နေမှာပေါ့ ။ ကိုင်း ဆေးပုံးတွေ လာယူကြ ။ လုပ်ငန်း စမယ်လို့ ”

အင်္ကျီ လက်ရှည် ၊ ဘောင်းဘီ ကိုယ်စီ ဆွဲ ကာ တံတားကြီး ဆီ သို့ ဆင်း ခဲ့ကြသည် ။ တံတားကြီး ပေါ်မှ ကြိုးပုခက်များ ၊ သံချိတ်များ ဖြင့် တွဲလဲခို စီးကာ ဆေးသုတ် ကြရမည် ဖြစ်သည် ။ ဆေးသုတ် နေရင်း တန်းလန်း တံတားကြီး ပေါ်မှ ရထားကြီး ဖြတ် ခုတ်မောင်း သွားသည့် အခါများ တွင် တံတားကြီး သည် လှုပ်ယမ်း လျက် ရှိသည် ။ ထိုအခါများ တွင် လွန်းရှိန် တို့ သည် ဆေးသုတ်ခြင်း အလုပ် ကို ခေတ္တ ရပ်ဆိုင်း ကာ ကိုယ် ရောက်သည့် နေရာ မှာ ပင် ခြေလက် မြဲအောင် ဖက်တွယ် ထားရ၏ ။ ကိုယ် ရသည့် ဘုရားစာ ကို နှုတ်တိုက် ရွတ်နေ သူ က လည်း ရွတ်နေရ၏ ။

“ ဟန်ကျတယ် ဟေ့ ။ တို့ အလုပ် က ကုသိုလ် လည်း ရ ၊ ဝမ်း လည်း ဝ တဲ့ အလုပ်ဟ ”

ဪ ကိုအောင်မြ နှယ် ၊အန္တရာယ် လွယ်ထားတယ် ဆိုပါ မှ အရွှန်း က ဖောက် ချင်သေးသည် ။ လွန်းရှိန် စဉ်းစား ရင်း မချိပြုံးကလေး ပြုံး ကာ ဖြတ်နေ ဆဲ ရထားကြီး ၏ ဝမ်းဗိုက် ကို မော့ကြည့် မိသည် ။ ရထားကြီး ၏ ဝမ်းဗိုက်ပိုင်း ကို မြင်ရဖို့ အခွင့်အရေး ကတော့ ရှားပေ လိမ့်မည် ။ လင်းမြွေကြီး တစ်ကောင် ၏ ဝမ်းဗိုက်ကြီး အလား တွေ့ ရ၏ ။ ရထားကြီး သည် တံတား ပေါ် မို့ စက်ရှိန်သပ် ကာ တရွေ့ရွေ့ သွား နေ၏ ။ နောက်တော့ လည်း ထုံးစံ အတိုင်း ကျောက်မဲနယ် ဘက် သို့ ရောက်ရှိ ကာ လိုဏ်ခေါင်း မည်းမည်းကြီး ထဲ သို့ ဝင်ရောက် ရင်း ပျောက်ကွယ် သွား ပါတော့သည် ။

အထက် တစ်တန်း သုတ် ပြီးပြီ မို့ အောက် တစ်တန်း သို့ ကူးရမည် ။ လွန်းရှိန် သည် စက်သီးကြိုး ကို အောက်ဘက် သို့ တစ်ထစ် လျှော့ ချ လိုက်၏ ။ ဘားတန်း သည် အောက်ဘက် ဆီသို့ အိခနဲ ပြိုဆင်း သွား၏ ။ လွန်းရှိန် ရင် ထဲ မှာ လည်း လှိုက်ခနဲ ခံစား လိုက်ရ၏ ။ နောက် တစ်ကန့် ဆေး စ သုတ် လိုက်သည် ။

အကာအကွယ်မဲ့ ဟင်းလင်းပြင် မှာ တွဲလဲခို နေရသူမို့ လေတွေက  တဟူးဟူး လွင့် တိုက် နေကြသည် ။ တန်ခူးလ ၊ ရွာ မှာ ဆို ပူလိုက်မည့် ဖြစ်ခြင်း ။ သည် မှာ တော့ အင်္ကျီ ဘောင်းဘီတွေ လေ တဖြတ်ဖြတ် နှင့် အေး လိုက်တာ ။ ကန်ထရိုက် ဦးပီတာ က လွန်းရှိန် တို့ ကို တစ်နာရီ တစ်ယောက် လူ လဲ နှင့် ဆေးသုတ်ဖို့ တံတား ပေါ် ကနေ စီစဉ် ပေးသည် ။ လူ တစ်ယောက် ကို တစ်နာရီ ထက် ပိုပြီး အလုပ် မလုပ်နိုင် ။ ဇွတ် ပေပြီး လုပ်နေ ပြန် ရင်လည်း မေးခိုက်ခိုက် တုန် လာပြီ သာ မှတ် ။

ရာသီဥတုဒဏ် ခံ နိုင်အောင် ဦးပီတာက ဆေးသုတ်သမား တစ်ယောက် ကို တစ်ရက် မှာ တောအရက် တစ်ပုလင်း ကျ စီ ပေးသည် ။ အစက တော့ လွန်းရှိန် အရက် မသောက် ။ ပြီးတော့ ဝိုင်းစိန်မ က လည်း လွန်းရှိန် အရက် သောက် တာ လုံးဝ မကြိုက် ။ လွန်းရှိန် ကိုယ်တိုင် မကြိုက် တာ လည်း ပါသည် ။

ဒါပေမယ့် နောက် တော့ မရ ။ အေးတာ ၊ ချမ်းတာ လုံးဝ မခံနိုင် ။ အလုပ် လည်း မတွင် ။ နောက်ပြီး မရဲ ။ ကြောက် လာသည် ။ နောက် ရက်တွေ တော့ လွန်းရှိန် လည်း အအေးဒဏ် ကာကွယ် လာ ရသည် ။ ဝိုင်းစိန်မ ရေ ငါ့ ကို စိတ် မဆိုးပါနဲ့ ကွာ ။ အလုပ် သဘော အရပါ ။ ငါ မစွဲပါဘူး ။

တံတားကြီး ပေါ် ကနေ အောက် ဘက် ငုံ့ ကြည့် လိုက်တော့ အသစ် ဖောက် ထားသော အောက် ရထားလမ်း ကွေးကွေးကလေး ကို သားရေကွင်း ပြတ်ကလေး ချထားသည့် အလား တွေ့ ရသည် ။ ဂုတ်ထိပ်ချောင်း ကတော့ အနောက် မှ အရှေ့ သို့ ဖဲစလေး တစ်ခု ပမာ တလူးလူး လွင့်၍ စီးဆင်း နေ၏ ။ ရေးရေး ရိပ်ရိပ် မျှ သာ မြင်ရသည် ။

တစ်ခါက ကုန်းစံအုပ်စု ဘက် မှ လုပ်အားပေး ရွာသားများ သည် ရထားလမ်း ဘေး ဝဲယာ တောခုတ် လုပ်အားပေး တာဝန် ကျ၏ ။ တံတားကြီး ကို ဖြတ် ၍ မြောက်ဘက်ပိုင်း တွင် သွား လုပ်ကြရသည် ။ တချို့ ရွာသားများ နှင့် မိန်းမများ သည် တံတားကြီး ကို မတ်မတ် မဖြတ်ရဲ သဖြင့် လေးဖက်ကုန်း ၍ ဖြတ်ခဲ့ကြဖူးသည် ။

လွန်းရှိန် တို့ ခပ်ငယ်ငယ် အမေ တို့ ရှိတုန်း က ရထားကြီး ကို စီး ၊ ကျောက်မဲ ဘုန်းကြီးပျံပွဲ သွား ခဲ့သည် ။ တံတားကြီး ပေါ် အရောက် တွင် သူများ တကာတွေ ငုံ့ ကြည့် သော ဂုတ်ထိပ်ချောင်း ကို ပင် မကြည့်ရဲ ခဲ့ ။ အခုလို ဆေး သုတ်သမား ဘဝ ကို ရောက်မယ် ဆိုတာ အိပ်မက် တောင် မမက်ဘူးခဲ့ ။ ရထား စီး ရင်း တံတား ပေါ် က အဖြတ် ရထား ပေါ် မှ ခုန်ဆင်း ချသွားခဲ့ဖူးသည် ဆိုသော အမျိုးသမီးတစ်ဦး ၏ ဒဏ္ဍာရီပုံပြင် ကြောင့် ပင် တံတားကြီး ကို ရွံ့ နေ မိသည် ။ အော် အခုများ မှာ တော့လည်း လွန်းရှိန် အဖြစ် က .... ။

မြောက်ဘက် လိုဏ်ခေါင်းကြီးများ ရှိသော ဘက်တွင် ကျောက်သား နံရံများ သည် မားမားမတ်မတ် ရပ်လျက် ရှိသည် ။ ကျောက်သား နံရံများ ၏ အထက် မျက်နှာပြင် ရှိ မြေညီမြေပြန့် ၌ တောင်ယာစိုက်ခင်း မြေနီပြင်များ ရှိသည် ။ တောင်ယာခင်းနီနီများ ကို ဖြတ်စီး လာသော ရေနီ များကြောင့် ကျောက်သားနံရံ တို့ သည် မူလ အရောင် ပျောက်ကာ အနီရောင်တို့  ဖြင့် စွန်းပေ လျက် ရှိသည် ။ သို့ပေမယ့် ဆေးသား က မညီ ။ ဆေးသားများ ကွာကျ စွန်း ထင်းနေသော တိုက်အိုကြီး ၏ နံရံ ပမာ ရှိသည် ။

“ ကိုကျော်ထွေး တစ်ယောက် ဒီ ကနေ့ ခွင့် ပြန် သွားတာ သူ့ ရွာ မှာ ဆုံးလို့တဲ့ ကွာ ”

ကန်ထရိုက် ဦးပီတာ က လွန်းရှိန် တို့ ကို စိတ် မကောင်းစွာ ပြောပြ နေသည် ။

“ ဗျာ ဦးကြီးကျော် ဆုံးလို့ ဟုတ်လား ”

“ အေးကွ ၊ သူ့ အိမ် က စာ လာတယ် ။ ဆုံးတာ မှ ကွာ ရင်နာစရာ ကောင်းပါတယ် ။ မန်ကျည်းပင် ပေါ် က ကျ သေရတာတဲ့ ”

“ တောက် ၊ ဖြစ်ရလေဗျာ ”

“ ရေပြောင်း မြေပြောင်း ဆိုတော့ကွာ ။ ဒီ က အပြန် ရွာ ရောက် တော့ ဖျားတယ် ဆိုလားပဲ ။ အဲဒီမှာ အဖျား ပျောက် ၊ နာလံ ထတော့ မန်ကျည်းရွက် ဟင်းချို စားချင်တာ နဲ့ တက် အခူး ”

ဦးပီတာစကား ကို လွန်းရှိန် ဆက် မကြားတော့ပါ ။ ဦးကြီးကျော် သည် လွန်းရှိန် တို့ ဆေးသုတ်သမားအဖွဲ့ တွင် ဝါရင့် အကျွမ်းကျင်ဆုံး ၊ နောက်ပြီး အားအကိုးရဆုံး သူ ဖြစ်သည် ။ စစ်ကိုင်း တံတား ၊ စစ်တောင်း တံတား ၊ ဂုတ်ထိပ် တံတား ဆေးသုတ် အတွေ့အကြုံတွေ က လည်း မနည်းတော့ ။ ခြေ တစ်ဖဝါးစာ တံတားတန်းလေး ကို တစ်ဖက် မှ ဆေး သုတ်ပြီး ဘေး မှာ တန်း မပါ ဘာ မပါ လက်ကိုင် မရှိဘဲ ဟန်ချက် ညီညီ နှင့် နောက်ပြန် ဆေးသုတ် ပြသွားပုံလေးများ ဒီနေ့ အထိ လွန်းရှိန် မျက်စိ ထဲက  မထွက်သေး ။

ဂုတ်ထိပ် တံတား တွင် ဂုတ်ထိပ်ချောင်း နှင့် တည့်တည့် နံပါတ် ဆယ့်တစ် တိုင် သည် အမြင့် တကာ အမြင့်ဆုံး ဖြစ်သည် ။ ထို တိုင် သုတ်ရ လျှင် ဦးကြီးကျော် ဘယ်သူ့ မှ မခိုင်း ။ ဘယ်သူ့ မှ လည်း စိတ် မချ ။ သူ ကိုယ်တိုင် သုတ်ရမှ ကျေနပ် သူ ဖြစ်သည် ။ ထို့ကြောင့်လည်း ဦးပီတာကြီး က ဦးကြီးကျော် ကို လက် မလွှတ်ခြင်း ဖြစ်သည် ။ ဪ အခုတော့ ဦးကြီးကျော် ဆုံးရှာပြီ တဲ့ ။ ဒီလောက် မြင့်လှတဲ့ တံတားကြီး ကို ဆေး တက် သုတ် တုန်း က ဘာမှ မဖြစ်ပါ ဘဲ မန်ကျည်းပင် တက်ခါ မှ ။ လွန်းရှိန် ဆက် မတွေးချင်တော့ ။

   •••••   •••••   •••••

“ ဒီအလုပ် ကို မလုပ်ပါနဲ့ ဆိုတာကို လုပ်ချင်ဦးဟဲ့ ၊ ကဲ လုပ်ချင်ဦး ”

“ အလဲ့ လဲ့ နာတယ် ။ တကယ် နာတယ်ဗျ ”

“ နာမှာပေါ့ တကယ် လုပ်တဲ့ ဟာကို ။ဘယ်လို လူမှန်း မသိ ပြောမရ ဆိုမရ နဲ့ ”

ဒီ တစ်ပတ် အလုပ် ပိတ်ရက် ရွာ မရောက်တာ လည်း ကြာ ၊ နောက်ပြီး ဝိုင်းစိန်မ ကို လည်း တွေ့ ချင်တာနဲ့ ငါးမိုင် ခရီး ကို မညည်းမညူ လျှောက်ဖြစ် ခဲ့ ပြန်သည် ။

လွန်းရှိန်တို့ မူလတန်းကျောင်းသား ဘဝ ညန်တော မူလတန်းကျောင်း မှာ စာ သင်ခဲ့စဉ် က ကလေး ဘဝ ကို  ပြန် အမှတ်ရ နေ မိသည် ။ အဲဒီတုန်း က ကျောင်းအုပ်ဆရာကြီး က ဦးဘကျော် ။ စာ မကြိုးစားတဲ့ သူ ဆို အရိုက် က လည်း ကြမ်း သလား မမေးနဲ့ ။

“ ဟိုး နောက်ဆုံးတန်း က စာ မရတဲ့ ကောင်တွေ ထစမ်း ။ နောက် တစ်ခါ စာမေးပွဲ ကျရင် မင်း တို့ ကို ဂုတ်ထိပ်တံတားကြီး ဆေးသုတ် ခိုင်းမယ် ကြားလား ”

ထိုစဉ် က နောက်ဆုံးတန်း မှ လူများ ထဲ တွင် လွန်းရှိန် လည်း အပါ အဝင် ဖြစ်ခဲ့သည် ။ အောင်မလေး တကယ် မလုပ်ရသေးဘူး ၊ တွေးရုံ နှင့် ပင် ကြောက်စရာ ကောင်းလှတဲ့ အလုပ်ကြီး ။ အခုတော့ လွန်းရှိန် ကိုယ်တိုင် ဆေးသုတ်သမား ဘဝ ရောက် နေပါပြီ ။

ရွာ အလာ လမ်း တုန်း က တော့ ဒီ အကြောင်းတွေ ဝိုင်းစိန်မ ကို ပြောလို့ မဖြစ်ပါဘူးလေ ဟု စဉ်းတော့ အစဉ်းစားမိသား ။ ဒါပေမယ့် ဝိုင်းစိန်မ နှင့် လည်း တွေ့ ရော သတိထား ခဲ့တာတွေ အကုန် ပျောက် ၊ စကား ကို ခြေဦး တည့်ရာ ပြောရင်း ဦးကြီးကျော် ဆုံးတဲ့ အကြောင်း ရောက် သွားတော့ ဝိုင်းစိန်မ ၏ လက်သီးဆုပ်များ က သူ့ ကျော ပေါ် တဗုန်းဗုန်း ကျ လာခဲ့သည် ။

“ အလား လား တကယ် နာတာ ဟ မိဝို င်း ရ ။ ငါ နင့် စကား နား ထောင်ပါ့မယ် ။ နောင် နှစ် တွေ ဆို မလုပ်တော့ပါဘူး ။ ဒီနှစ် တော့ လုပ်ခငွေ လည်း မရှင်းသေး ၊ အလုပ် က လည်း မပြတ်သေး တော့ ပြီးအောင် ဆက် လုပ် ပါရစေ ၊ နော် နော် ”

“ သူ့ ပြောလိုက်ရင် ဆင်ခြေ ဆင်လက် က အများသား ၊ ဟင်း ”

ဒါတောင် ဝိုင်းစိန်မ မျက်စောင်း က မလွတ် ။

ဝိုင်းစိန်မ ပြော လည်း ပြောစရာ ။ စိုးရိမ် လည်း စိုးရိမ်စရာ ပါပေ ။ ဘယ် မိဘ ၊ ဘယ် သမီးရည်းစား က ရော ကိုယ့် ချစ်သူ ကို ဒီ အလုပ်မျိုး ခိုင်းရက်ပါ့ မည်နည်း ။ ထမင်းလုတ် ကော ဘယ်လို လုပ် မျိုကျ ကြပါမည်နည်း ။

ဝိုင်းစိန်မ ပြော သလို ရွာ မှာ သူရင်းငှား အလုပ် က မရှား ။ တောင်ယာ ခုတ် ၊ ထယ်ထိုး ၊ ကြက်သွန်ခင်း ရေလောင်း ၊ ကြံကြိတ် အငှားလိုက် လုပ်စရာ တွေ ရှိသည် ။ ဒါပေမယ့် လုပ်ခ က တော့ နည်းသည် ။ တစ်နေကုန် တစ်နေ ခန်း မှာ မှ လုပ်ခ က အစိတ် သုံးဆယ် ။ ဒီတော့ ငွေများများ ရ ၊ ဝိုင်းစိန်မ နှင့် မြန်မြန် နီးအောင် လွန်းရှိန် စွန့်စားခဲ့ ခြင်း ဖြစ်သည် ။

အစ က တော့ ဒီ တစ်နှစ် ပါ ဆို သော်လည်း ဒီလို နှင့် ပင် အမူး ပြေတော့ ထန်းပင်  ဘက် ကို လှည့်ခဲ့ စမြဲ ဖြစ်သည် ။ ဝိုင်းစိန်မ က ဆူမြဲ ၊ လွန်းရှိန် က လည်း ချော့ရစမြဲ ဖြစ်သည် ။ ဆေးသုတ် နေတုန်း ခြေချော် ၊ လက်ချော် ၊ ဆေးပုံး လွတ် ကျ  ၊ လေထဲ မှာ တန်းလန်း ဖြစ် နေတာတွေ ဝိုင်းစိန်မ များ မြင် လျှင်တော့ ဘယ်လို နေရှာမည် မသိ ။

“ လွန်းရှိန် ၊ မင်း အတွက် မင်္ဂလာစရိတ် ရချင်လို့ ကတော့ မောင် ဒီ တံတားကြီး တစ်ခု တည်း မှာ အလုပ် ဆင်းရုံ နဲ့ မလုံလောက်ဘူး  ကွ ။ စစ်ကိုင်း တံတား တို့ စစ်တောင်း တံတား တို့ ဘက်ပါ ငါ နဲ့ လိုက်ခဲ့ ။ ငါ ကတော့ မင့် သတ္တိ ကို သဘောကျတယ် မောင် ”

ဝါရင့် ဆေးသုတ်သမား ဦးဘအေး က လည်း ခေါ်နေ ပြန်သည် ။ သူ့ အင်္ကျီ ဘောင်းဘီများ မှာ ငွေမင်တွေ အစွန်းစွန်း အပေပေ နှင့် ။ သူ့ လက်တွေ ခြေတွေ မှာ လည်း ငွေမင်တွေ နှင့် ဖွေး လို့ နေ၏ ။ ဘာ ထူးလို့လဲ ။ လွန်းရှိန် ကိုယ် မှာ လည်း ငွေမင်တွေ နှင့် ချည်းပဲ ဟာ ကို  ။ အစ က တော့ “ ကဲ ” သေးသည် ။ ဆေး သုတ်ပြီး ပြန် အလာ ငွေမင်တွေ ကို ရေနံဆီ နှင့် အသေအချာ ပွတ်ဆေး နေ သေးသည် ။ ထမင်း အတော် နှင့် မစား ။ ခြေကြား လက်ကြား မကျန် ပေါ့ ။ လူပျို ဆို တော့ ဆေးတွေ အစွန်းစွန်း နှင့် အပျိုတွေ မြင် မှာ ရှက်ရ သေးသည် ။ အို နောက်တော့ လွန်းရှိန် လည်း ဦးဘအေး တို့ အစား ထဲ က မျိုး ဖြစ်သွား တော့သည် ။

ဆေးသုတ်ခလေး တစ်နှစ် ရလိုက် ။ မျိုးဖိုး ၊ ထွန်ထယ်ခလေး ရှင်း လိုက် ။ အိမ်ကလေး သက်ငယ် မိုး လိုက် ၊ အမေ့ ကို ဆေး ကု လိုက် နှင့် ပင် စုမိ တယ် ၊ တယ် မရှိ ။

“ ဒီ တံတားကြီး ကို ဆောက်ခဲ့ တာ အာမခံနှစ် ကုန် နေပြီတဲ့ တော့ ။ ဆေးသက် ကြောင့် သာ ဒီ တံတားကြီး ဒီလောက် ထိ ခံနေတာတဲ့ ”

မီးရထားကြီး စီးပြီး ခရီးသွား သူ တွေရဲ့ ဝေဖန်သံတွေ ၊ ဆွေးနွေးသံ တွေ ကို လွန်းရှိန် ကြားဖူး ပါသည် ။ တံတားကြီး က ဆေးသက် ကြောင့် အသက် ရှည် သတဲ့ ။ ဘာ ထူးလို့လဲ ။ လွန်းရှိန် တို့ လို ဆေးသုတ်သမားတွေ ရဲ့ ဘဝ က လည်း ပဲ ။

( ရေးဖော် - ညိုဦးလွင် သို့ အမှတ်တရ )

◾ မောင်သင်းထုံ ( ကျောက်မဲ )

📖 မဟေသီ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၁၉၉၆

#ကိုအောင်နိုင်ဦး

.