Showing posts with label လဲ့ဝင်းကြည် ( ချို ). Show all posts
Showing posts with label လဲ့ဝင်းကြည် ( ချို ). Show all posts

Monday, July 20, 2026

အလွမ်းမိုင် လွင့်လွင့်ဝေ


❝ အလွမ်းမိုင် လွင့်လွင့်ဝေ ❞
      ( လဲ့ဝင်းကြည် - ချို )

ဟိုးလွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ကျော်ကျော်က နေ့စဉ်မှတ်တမ်း ဒိုင်ယာရီလိုလိုနှင့် ဘာကို ဘယ်လိုပြောရမှန်း မသိသည့် ဗလာစာအုပ် ဟောင်းနွမ်းနွမ်း ဝါကြင်ကြင်လေးကို စာအုပ်အဟောင်းပုံ ရှင်းနေရင်း အမှတ်မထင် တွေ့မြင်မိ၍ ခံစားချက်တစ်မျိုး ရင်အုံကို တိုးလာဖွင့်လေ၏ ။ အစိုပြန်ခြင်းခံထားရသည့် ဗလာစာအုပ်အဖုံး ဝါကြင်ကြင်လေးကို သာသာဖွဖွ ကိုင်တွယ်ဆွဲဖွင့်နေလျက်ကပင် ဟိုးဝေးဝေးနှစ်များဆီမှ ဖူးငုံရွယ်လူးတို့ ကပျာကယာ ကပျာကသီ ပြေးဝင်၍ လူကို ကယုကယင် ကဖွဲ့ကနဲ့ လုပ်နေတော့သည် ။

ပထမဆုံး စာမျက်နှာမှာမည်သည့် အကြောင်းကိုများ အဘယ်ပုံ ခံစားပြီး ဘယ်လို စကားလုံး စာလုံးတွေ သုံး၍ ချရေးခဲ့ပါလေ့ ။ သွေးကြောမျှင်လေးတွေ တဖျပ်ဖျပ် ခုန်အောင်ပင် သိချင်စိတ်က လူးလွန့်နေ၏ ။ အဲ့သည်အချိန် ၊ အဲ့သည်အရွယ်မှာ မည်သို့မည်ပုံ ခံစားချက်တွေကို ဖြစ်ထွန်းစေခဲ့ပါသနည်း ။ မည်သည့် အခြေအနေ အကျိုးအကြောင်း အလုံးစုံတို့က ဘယ်လို အရာမျိုးကို ဦးတည်ခဲ့၍ စာရွက်တွေပေါ်  ခံစားချက် ရောက်အောင် သွန်ချလေသည်လဲ အတွေးစုံ ရင် ဖိုလှိုက်လျက် ပထမဆုံးစာမျက်နှာကို သာသာဖွဖွလေး လှန်ကိုင် ဖတ်ကြည့်ရန်ပြင်တော့ ဗလာစာရွက် ဝါကြင်ကြင် မျက်နှာပြင်လေးက ဖောင်တိန်မင်မည်းပြာပြာတို့ဖြင့် ကြဲပက်ထားသည့် နှယ် မင်ရည်တို့ ပြန့်နေလေ၏ ။ စာရွက်သား ညံ့ညံ့မှာ ဖောင်တိန်မင်ဖြင့် ရေးခဲ့သည့် မျက်နှာပြင်လေးက အစိုပြန်ခြင်းပါ ခံထားရလေတော့ ... ။

ဘာတွေကို ဘယ်လို ခံစားသိမြင်၍ ရေးထားမှန်း မသိရလေအောင် မင်တွေ ပြန့်နေသည့် စာမျက်နှာလေးကို ငေးစိုက်ကြည့်နေရင်းမှ -

“ ငါးမှတ် ... ငါးမှတ် ”

အသံတွေ နားစည်အတွင်း ဝင်လာ၍ ပြုံးမိသွားသည် ။

ဆရာမ လက်ဆွဲခြင်းကိုဆီးကြိုသယ်ကိုင်လာသည့် အတန်းဖော် သူငယ်ချင်းကို မြင်သည်နှင့် ဆရာမက စာမေးပွဲတွင် ငါးမှတ် တိုးပေးအောင် လုပ်နေသည့် သဘောမျိုးဖြင့် မတိုင်ပင်ရဘဲ အပြိုင်အော် ပြောင်ခဲ့သည့် သူငယ်ချင်းတွေ ... ။

“ ငါးမှတ် ... ငါးမှတ် ” ဟု အော် လှောင်ပြောင်ဆော့ ကစားရင်း ဖောင်တိန်မင်အိုးက စာရေးခုံ ၊ စာအုပ်တွေပေါ် ခဏခဏ လဲမှောက်ကျ ၊ စာရေးနေရင်းက ဖောင်တိန်မင် မထွက်တော့၍ ဖောင်တိန်ကို ခဏခဏ ခါခါပြီး ရေးရ၍ အင်္ကျီ ၊ လုံချည်တို့တွင် ဖောင်တိန်မင် ဗရပွဖြင့် ဆော့မြူးခဲ့သည့် အရွယ် ။

ဖောင်တိန် မင်အိုး ၊ကျောင်းသုံးဖတ်စာအုပ် ၊ ကွန်ပါဘူး ၊ ဆယ့်နှစ်လက်မကော်ပေတံကိုပါ အတန်းတွင်း မဲနှိုက်၍ ယူရသည့် အချိန် ၊ မူလတန်း အောင်ပြီး အလယ်တန်းစ , တက်သည့် ငါးတန်းကျောင်းသူ ကျောင်းသားကြီး ဖြစ်မှ အင်္ဂလိပ်စာ အေဘီစီဒီကို အော်ဆိုကျက်မှတ်ရင်း အင်္ဂလိပ်စာ အေဘီစီဒီ အကြီး နှင့် အသေးကို တွဲမှတ်မိအောင် သင်ယူကျက်မှတ်လျက် ဘီအသေးနှင့် ဒီအသေး ၊ ပီ ( p ) အသေးနှင့် ကြူ ( q ) အသေးခွဲခြားသိရအောင် ရေးမှတ်လျက် LMN အင်္ဂလိပ်စကားလုံး သုံးလုံးကို နှုတ်ခမ်း အဖွင့်အပိတ်ကျင့်၍ ဆိုခဲ့ကြသည့်အရွယ် ... ။ သူငယ်ချင်းတွေ ... ။

ပြည်ထောင်စုနေ့ ပြည်ထောင်စုအလံတော်ကြီးကို ကြိုဆိုရန် ဖြစ်ဖြစ် ၊ မြန်မာနိုင်ငံကို ချစ်ကြည်ရေးလာလည်သည့် အခြားနိုင်ငံမှ သမ္မတကြီးနှင့်ဇနီး ဒါမှမဟုတ် ချစ်ကြည်ရေး သွားပြီး ပြန်လာသည့် နိုင်ငံတော်သမ္မတကြီးကို ဖြစ်ဖြစ် ရန်ကုန် ၊ ပြည်လမ်း ၊ တံတားဖြူ ၊ မာလာဆောင် အင်းလျားကန်ပေါင်ရှေ့သို့ ဆရာမတွေနှင့်အတူ မနက်လေးနာရီလောက် အရောက်သွား၍ -

“ နိုင်ငံတော် သမ္မတကြီး နှင့်ဇနီး ကျန်းမာပါစေ ၊ ကျန်းမာပါစေ ”

“ နှစ်နိုင်ငံ ချစ်ကြည်ရေး ခိုင်မြဲပါစေ ၊ ခိုင်မြဲပါစေ ”

“ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အဓွန့်ရှည်ပါ စေ ”

စသည် စသည်ဖြင့် နိုင်ငံတော်အလံတွေ ဝှေ့ယမ်း နှုတ်ဆက်ကြိုဆိုပြီးချိန်မှာ နာရီက မနက်ကိုးနာရီကျော် လုလု ၊ ဗိုက်အတွင်းမှ အစာအိမ်ကလည်း အစာတောင်းသံ တကြုတ်ကြုတ်ဆိုတော့ -

“ နိုင်ငံတော် သမ္မတကြီး နှင့်ဇနီး ဗိုက်ဆာတယ် ၊ ဗိုက်ဆာတယ်”

“ နှစ်နိုင်ငံ ချစ်ကြည်ရေး မုန့်ဖိုးပေး ၊ မုန့်ဖိုးပေး ”

အော်ဆိုရင်း အကြော် လုစား ၊ ကောက်ညှင်းပေါင်း အတူစားပြီး အိမ်အပြန် လမ်းမှာ ဆော့ကစားခဲ့သည့် အရွယ် ... ၊ သူငယ်ချင်းတွေ .. ။

“ ငါ့အဘွား ရေးပေးလိုက်တာ စာမေးပွဲအောင် ဂါထာတဲ့ ”

ဟု ပြောရုံရှိသေး -

“ ငါလည်း ကူးမယ် ”

“ ငါလည်း ကူးမယ် ”

“ ငါ့ကို ကူးရေးပေးဟာနော် ”

ဟု အပြိုင် ကူးရေးကြပြီး နောက် ပါဠိပါဌ်ဆင့်တွေကို မဖတ်တတ်၍ “ ဂါထာက လည်း ခက်တယ် ၊ တော်ပြီ စာပဲရအောင် ကျက်တော့မယ် ” ဆိုပြီး စာသင်ခုံတွေပေါ် ကျော်ခွ ပြေးလွှားကစားခဲ့ကြသည့်အရွယ် ... ၊ သူငယ်ချင်းတွေ ... ။

ခုန်ပေါက်ပြေးလွှား ကစားရင်း မခို့တရို့လေးဟန်လုပ် ၊ မစို့မပို့ ရင်ခုန်သံလေးမှာ မထိတထိအကြည့်လေးတွေဖြင့် မလုံမလဲ စိတ်လေးတွေ ဖြစ်တတ်လာကြတော့ -

   ဟေ့ အချစ်
   စာကျက်မရဘူး ၊
   အိပ်လည်းမပျော်ဘူး ။

   ဟေ့ အချစ်
   စာအတူကျက် ၊
   ဂဏန်းတွက်ပြီး
   မင်းလက်ကိုတွဲ ၊
   မခွဲအတူ
   ပျော်စို့နော် ။

   ဟေ့ အချစ်
   မုန့်ဖိုးစုထား
   ကျောင်းအားသည့်ရက်   
   ဘုရားသွားမယ် ၊
   ရုပ်ရှင်ကြည့်မယ်   
   တစ်ခါတလေ
   ကျောင်းလစ်ကြမယ် ။

   ဟေ့ အချစ်
   ပျော်တယ်
   မဟုတ်လား
   ချစ်တယ်
   မဟုတ်လား ။

စာကဗျာလေးတွေ ကျောင်းစာရွက် တချို့မှာ နေရာယူတတ်လာသလို -

သတိရလား ၊ လွမ်းရင် စာကျက် ၊ သင်္ချာတွက်ပေါ့ ဟာ ၊ သတိရရင် စာစီစာကုံးရေး ၊ အဲလိုမှ မဟုတ်ရင် ကာတွန်းစာအုပ်ငှားဖတ်ပေါ့ ။ နေကျောက်ခဲနဲ့ ဟိန်းမင်းဇာ လည်း ဖတ်လို့ကောင်းတယ် ။ ပြာဂလောင် ပြာဂချောင် ၊ ကိုရွှေထူး ၊ စံရွှေမြင့် ၊ မိုက်မိုက် ( ပြည် ) ၊ သော်က ( အရိုင်း ) ၊ ရှိုင်း ( လားရှိုး ) တို့လည်း ဖတ်ပေါ့ ။ အာတာလွတ်မြို့စားကြီး နဲ့ သမီး ရှင်ဂွမ်းဂွိ ၊ ဟာကျူလီငပျော့ ၊ သူခိုးကြီး ငတက်ပြား ၊ ဦးစိတ်တိုနဲ့ မျောက်ညို ကာတွန်းစာအုပ်တွေ ငှားဖတ်ပေါ့ ။ အပျင်းပြေပြီး ရယ်ရတော့ မလွမ်းတော့ဘူးပေါ့  ။

ဆိုသည့် စာရွက်ခေါက် လေးတွေကလည်း ကျောင်းစာအုပ်တွေကြားမှာ ရှိလာတတ်သည် အရွယ် ... ။ သူငယ်ချင်းတွေ ... ။

“ အုန်းညွန့်နဲ့ သပြေ ၊ ဆီးခက်ညွန့်တမာ ” ဘုရားမှာ လှူ စာမေးပွဲအောင်ခြင်း ယတြာ ဆိုလည်း ကျောင်းအဆင်း အရွက်အညွန့်အစုံခူး ၊ လွယ်အိတ်တွင်း ထည့်လွယ် လာတတ်သည့်အရွယ် ... ။ သူငယ်ချင်းတွေ ... ။

ကျောင်းပိတ်ရက်နီးလာလျှင် စာအုပ်လေးတွေမှာ အပြန်အလှန် စာစုလေးတွေ အမှတ်တရရေးပေးရင်း စွယ်တော်ရွက်ပန်းခြောက်တို့ကို စာအုပ်ကြားညှပ်ပြီး ဘာကို ဘယ်လို လွမ်းမှန်းမသိဘဲ လွမ်းတတ်နေသည့်အရွယ် ... ။ သူငယ်ချင်းတွေ ... ။

      ကျောင်းတုန်းက သူငယ်ချင်းလို ချစ်ခဲ့ကြတာ အစစအရာရာ စောင့်ရှောက် လာကြ တကယ့်မောင်နှမ အရင်းပမာ x x x သူ့စိတ်တွေ ပြောင်းတာ အံ့သြစရာ x x x

ရေဒီယို သီချင်းကိုလည်း စည်းမကျ ဝါးမကျ ဆိုပြီး ရင်ခုန်နေတတ်သည့် အရွယ် ... ၊ သူငယ်ချင်းတွေ ... ။

သူငယ်ချင်းတွေ ... ၊ သူငယ်ချင်းတွေ ... ၊ တွေး လွမ်းတ , ရင်း မြေပုံဆွဲတော်ပြီး လက်ရေးဝိုင်းနေအောင် ရေးတတ်သည့် သူငယ်ချင်း ၊ သူငယ်ချင်းမ ... ။

“ ငါက ကြီးလာရင်လေ ပန်းချီဆရာမကြီး လုပ်ချင် တာဟ ။ ပုံတူဆွဲပန်းချီဆရာမကြီးပေါ့ ”

လို့ ပြောခဲ့သည့် သူငယ်ချင်း ။

“ ငါ ကျောင်းထွက်ရမလားမသိဘူးဟယ် ”

ဟု ပြောအပြီး နောက်ရက်တွေမှာ ကျောင်းရောက် မလာတော့သည့် သူငယ် ချင်း ။ အိမ်သွားမေးတော့ တစ်မိသားစုလုံး အိမ်ရောင်း ပြောင်းရွှေ့သွားသည်ကိုသာ သိခဲ့ရ ။

“ ငါလေ ငါ့အမေကို အရမ်းသနားတာပဲ ” စကားကို စာရေး ၊ သင်္ချာတွက်ရင်း ၊ ဆော့ကစား နေရင်းကပင် အမြဲလိုလို ကြိမ်ဖန်ထပ်အောင် ပြောပြော နေတတ်သည့် သူ ငယ်ချင်း တိုးတိုး ။ ‘ တိုးတိုး ’ သူငယ်ချင်း .... ၊ ဟုတ်သည် ။ သူငယ်ချင်း တိုးတိုး ။

“ ငါ့ကို အမေနဲ့ မတူဘူးလို့ပြောရင် ငါ အရမ်းစိတ်ဆိုးတာပဲ သိလား ၊ ပြီးတော့ ငါ့ရဲ့ ဒီနှုတ်ခမ်းထူထူကြီးကို သောက်မြင်ကတ်တယ် ”

လို့ ပြောပြီးတိုင်းလည်း သူ့နှုတ်ခမ်းသားထူထူကို ဖိကိုက်နေတတ်သည့် သူငယ်ချင်း ... ။

“ အမေ့အတွက် ” ၊ “ အမေ စားဖို့ ” ၊ “ အမေက ကြိုက် တယ် ”

ဆိုကာ ကျောင်းအဆင်း အိမ်ပြန်တိုင်း မုန့်တစ်ခုခုပါအောင် မုန့်ဖိုးထဲမှ ချန်ကာ ဝယ်ဝယ်သွားတတ်သည့် သူငယ်ချင်း ... ။

“ အမေနဲ့ ငါ့မှာ အဘွား ရှိနေလို့ဟ ၊ နို့မို့ဆို ဒုက္ခ ။ အဘွားကတော့ ငါ့ကို ပြောတယ် ။ လိမ္မာ ၊ အမေ့ကျေးဇူးဆပ်တဲ့ ကုသိုလ်ထူး ရမှာလို့ ။ ပြီးတော့ ငါ့ကို ပြောတယ် သိလား ။ ငါက ငါ့အမေ အတွက် ဘဝကပေးတဲ့ လက်ဆောင်တဲ့ ။ ငါက မသိလို့ ပြန်မေးတော့ အမေ့ကို အဘွား မရှိရင် ငါက စောင့်ရှောက်ပြုစုရမှာတဲ့ ။ ညီအစ်ကို မောင်နှမတွေက သူတို့ မိသားစုအရေးတွေနဲ့ သူတို့ဆိုတော့ အမေ့ကို စောင့်ရှောက်ဖို့ မလွယ်ဘူးတဲ့ ။ အဲဒါကြောင့် အဘွားက ငါ့ကို မှာထားပြောထားတာ ။ အဘွား မရှိတော့ရင် အမေ့ကို ငါက မွေး ... အဲ စောင့်ရှောက်ရမှာ ။ အဲဒါကြောင့် ငါက ငါ့ အမေအတွက် ဘဝက ပေးတဲ့ လက်ဆောင် ။ အမေ့အတွက် လူဖြစ်လာရတာတဲ့ ။ ငါလေ သိလား ၊ အမေ့ကို ကြည့်ပြီး အရမ်းသနားတာပဲ ။ အဘွား လည်း သနားဖို့ ကောင်းတာပါပဲ ။ အမေကတော့ ပိုသနားဖို့ ကောင်းတာပေါ့ဟာ ”

ဆိုကာ မျက်ရည်ကြည်ဥတို့ကို လွယ်အိတ်ကြိုးဖြင့် အသာသုတ် ဖယ်ရှားနေတတ်သည့် သူငယ်ချင်း ။

“ အမေ့ အစ်ကို အကြီးဆုံး ငါ့ဦးကြီးကတော့ အိမ်လာတိုင်း ငါ့ကို စိတ်အား မငယ်နဲ့ စာကြိုးစား ၊ အမေ့ကိုလည်း ဂရုစိုက် ၊ အဘွားစကားလည်း နားထောင်ဆိုပြီး မုန့်ဖိုးတွေ ပေးပေးသွားတယ် ။ အမေ့ကိုလည်း မုန့်တွေ ဝယ်ပေး ၊  ဝယ်ကျွေးတယ် ။ အဘွားကိုလည်း ကန်တော့တယ် ။ အဲ့သည် ဦးကြီးက တစ်ခါတစ်ခါမှ အိမ်လာတာဟ ။ ဦးကြီးက မြစ်ကြီးနားမှာ နေတာတဲ့ ”

စကားကိုလည်း ပြောပြတတ်ပြီး -

“ ငါ ပန်းချီဆရာမကြီး ဖြစ်ရင် အမေ့ပုံပဲ ဆွဲမှာ ။ ငါ့ပုံကို ငါ ဘယ်တော့မှ မဆွဲဘူး သိလား ”

ဟုလည်း ပြောတတ်ကာ ငေးငေးငိုင်သွားသည့် သူငယ်ချင်း ... ။

“ ငါတို့အိမ်နား မုန့်ဆိုင်က အန်တီကြီးပြောပြတာလေ ။ အဘွားကိုလည်း အဲ့ဒီ အန်တီပဲ ပြောပြတာ ။ အသား ညိုညို ၊ မျက်လုံး ပြူးပြူး ၊ နှုတ်ခမ်း ထူထူနဲ့ အဲ့လူပဲ ဖြစ်မှာလို့ အမြဲပြောပြီး စိတ်ဆိုး ဒေါသထွက်နေရော ။ အဲဒီလူက အန်တီကြီးဆိုင်ရှေ့ကနေ ညနေတိုင်းလိုလို ဖြတ်ဖြတ်သွားတာတဲ့ ။ အမေကလည်း အဲဒီ အန်တီကြီးဆိုင်ရှေ့ ခုံတန်းမှာ သွားသွားပြီး ထိုင်တတ်တယ်လေ ။ အဲ့ဒီလူက အမေ အန်တီကြီးဆိုင်ရှေ့မှာ ထိုင်နေတာ တွေ့ရင် ဆေးလိပ် ၊ ကွမ်း ဝင်ဝင်ဝယ်တယ်တဲ့ ။ ပြီး အမေ့ကို ဆီးထုပ် ဒါမှမဟုတ် ပဲစေ့လှော် ဝယ်ဝယ်ကျွေးတာတဲ့ ။ အမေက ဘာမှတော့ မပြောဘူး ။ ပြုံးပြုံး ပြုံးပြုံးနဲ့ လုပ်ပြီး ထိုင်နေတာ ။ အဲ့ဒီလူ မုန့်ဝယ်ကျွေးလည်း ယူစားပြီး ထိုင်နေတာတဲ့ ။ အဲ့ဒီ အန်တီက သေချာပြောတာ ။ တစ်နေ့တဲ့ အမေ့ကို မုန့်ထုပ် ဝယ်ကျွေးပြီး ဆိုင်က ပြန်လှည့်အထွက်မှာ ရှေ့ ခပ်လှမ်းလှမ်းမှာ ဖွင့်ထားတဲ့ ရေခဲခြစ်ဆိုင်ကို လက်ညှိုးထိုးပြပြီး -

“ ရေခဲခြစ် စားမလား လာလိုက်ခဲ့ ” ဆိုပြီး ခေါ်သွားတာ အန်တီကြီးက သိလိုက်တယ်တဲ့ ။ ဆိုင်နဲ့လည်း နီး ၊ အိမ်နဲ့လည်း နီးတော့ သူ အမှတ်တမဲ့ ဖြစ်သွားတာ ။ သူ့အပြစ်လည်းပါတယ် ဆိုပြီး စိတ်မကောင်းဖြစ်နေတာ အဲ့ဒီ အန်တီကြီး က ။ အဲ့ဒီ လူက နောက်ပိုင်း သူ့ဆိုင်ရှေ့ကနေ ဖြတ်ဖြတ်သွားတာ မတွေ့ရတော့ဘူးတဲ့လေ ။ အမေ့မှာလည်း ...”

စကား ဆက်မဆိုတော့ဘဲ မျက်ရည်ဥတွေကို အင်္ကျီ လက်မောင်းဖြင့် သုတ်ရင်း -

“ ငါဝမ်းနည်းတယ် သိလား ၊ အမေ့ကိုလည်း သနားတယ် ။ ငါတို့ဘဝက ဆိုးတယ် ”

ဟု ပြောပြောပြီး လက် သည်းထိပ်လေးတွေကို ကိုက်ဖဲ့နေတတ်သည့် သူငယ်ချင်း ။ စိတ်အာရုံချို့တဲ့နေသူကို မိုက်ရိုင်းယုတ်ညံ့စွာ ပြုကျင့် နိုင်စားသွားသူကရော အဘယ်စိတ်ဘဝမျိုးဖြင့် နေ ထိုင်ရှင်သန်နေပါသည်လဲ ။

အသိဉာဏ်ချို့ယွင်း အားနည်းနေသည့် မိန်းမသား တစ်ဦးကို ပြုနိုင်ရက်သူ ၊ ပြုလေသူက တဒင်္ဂ လူစိတ် ကင်းကွာ လူမဆန်မှုတွေကြောင့် နိုင်စားခံရသူတစ်ဦးပင် မက ပတ်ဝန်းကျင်ပါ အပူ သောက လှိုင်းသင့်လျက် ခံစားနေရသူနှင့် အပြိုင် ခံစားရမည့်သူ တစ်ဦး နောက်ထပ် တိုးပွားလာကာ အနာဂတ် ရှင်သန်ရပ်တည်မှုအတွက် ခက်ခဲရလေဦးမည် ။

“ ငါလေ … ငါ့အဘွား ပြောသလို ငါ့အမေအတွက် လူဖြစ်လာတာ ။ ငါ့အမေကို အရိပ်ပေး ပြုစုရမယ်ဆိုတာကိုပဲ တွေးပြီး ပျော်အောင်နေတော့မယ် သိလား ”

ရှိုက်သံ မမြည်အောင် အားယူပြောပြီး ကျောင်းစာလုပ်နေတတ်သည့် သူငယ်ချင်း ။

မတွေ့ရသည်မှာ နှစ်ပေါင်းအလွန်ကြာနေပြီ ။ သုံးဆယ် ။ ဟုတ်သည် နှစ်ပေါင်း သုံးဆယ်ကျော်သွားပြီ ။

သူငယ်ချင်း အခုချိန်မှာ ဘယ်လို ဘဝပေးအခြေဖြင့် ရင်ဆိုင်ပြီး လောကဓံလှိုင်းစီး ခံနေရပြီလဲ ။ သူငယ်ချင်း ပြောသည့် သူငယ်ချင်းအမေ့ပုံကို ဘယ်လို မျက်နှာပြင်ထက်မှာ ရေးဆွဲနေပါသည်လဲ ။ သူငယ်ချင်း ... သူငယ်ချင်းဘဝ မျက်နှာပြင်ကိုလည်း အဘယ်နည်းဖြင့် ရေးဆွဲခြင်း ရေးဆွဲ နေပါသည်လဲ ။

သူငယ်ချင်းအမေ့ အတွက် အရိပ်တွေ ပေးဝေရင်း သူငယ်ချင်းကိုလည်း အရိပ်ပေးဝေနိုင်သူတွေဖြင့် ချမ်းမြေ့ အေးငြိမ်းသာနေပါစေ သူငယ်ချင်း ... ၊ သူငယ်ချင်း ... ။

သူငယ်ချင်းကို သတိတရ ဆုခြွေပေးနေရင်းကပင် လွင့်မျောသွားတတ်သည့် စိတ်အာရုံများက ရင်အုံကို တမ်းတစိတ်တို့ဖြင့် ဖွဲ့တည်လျက် ကုန်လွယ်လွန်းသည့် အချိန်၏ တိုက်စားမှု နောက်ကို ကောက်ကောက်ပါအောင် လိုက်ပါတတ်သည့် အရွယ် ကလည်း ပြန်တ , ခေါ်ငင်မရသည့် အတိတ်အိုတွေပေါ်  မှီတည်ပြီး လက်တွေ့မဆန်နိုင်တော့သည့် နုပျိုသစ်လွင်မှုထဲ နှစ်ဝင်ကာ ဟိုးဝေးဝေးက လွင့်လွမ်းလာသည့် အလွမ်းများစွာကို ပိုက်ပွေ့သီယူဖို့ ကြိုးစားရင်း နောက်စာမျက်နှာလေးကို တမ်းတမ်းတတ သာသာဖွဖွလေး ကိုင်လှန်လိုက်တော့ ... ။

ရှေ့စာမျက်နှာလိုပင် မင်တွေက ပြန့် ... ။

⎕ လဲ့ဝင်းကြည် ၊ ချို ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     အောက်တိုဘာ ၊ ၂၀၁၉

Thursday, January 29, 2026

ဆန်ရင်းဖွပ် လက်များ


 

❝ ဆန်ရင်းဖွပ် လက်များ ❞
   ▢  လဲ့ဝင်းကြည် ( ချို )

ဝင်ငွေ အနည်းဆုံး အလုပ်တွင် ရိုးသားစွာဖြင့် နှစ်ကာလ ရှည်ကြာစွာ တာဝန် ထမ်းဆောင်နေသော အဖေ၏ ဝင်ငွေသည် အမေ့ မီးဖိုချောင်စရိတ် အောက်၌ လှိုင်းပိ လှေ ပမာသာ ရှိသည်ကို သိထား၍ မောင်နှမ ငါးဦးတွင် အကြီးဆုံး ဖြစ်သော သူမ ကွင်းလယ်ကစားသမား ဖြစ်လာခဲ့၏ ။ အခြား ကျောင်းသားများလို ငွေကုန်ကြေးကျ များစွာ သင်တန်းကျောင်း မတက်ရဘဲ ကျောင်းမှ ဆရာ၏ သင်ပြမှု တစ်ခုတည်း အောက်၌ပင် သင်္ချာဘာသာရပ်ကို သူမ ၉၈ မှတ်နှင့် ထူးချွန်စွာ အောင်မြင်ခဲ့သည် ။ အခြား ဘာသာရပ်များထက် သင်္ချာဘာသာရပ်ကို အတန်းတိုင်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သလို သူငယ်ချင်းများ နားမလည်သည့် ပုစ္ဆာတို့ကိုလည်း ရှင်းပြနေကျ ဖြစ်၍ အခြေခံပညာ အထက်တန်း အောင်စာရင်း ထွက်ပြီး နောက်နေ့မှာပင် သင်္ချာ Guide အဖြစ်ဖြင့် သူငယ်ချင်းများကို အကူအညီ ပေးရင်း ပေးရင်း စာပြဆရာမလေး တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည် ။

ဆတိုး ပွားများလာသော စရိတ်တို့ကို ခံစစ်တစ်ခု အနေဖြင့် သူမ အတန်းစုံကို ပြသော စာပြဆရာမလေး အဖြစ်နှင့် ‘ ညအခါ ’ ကို စာလုံးပေါင်း သင်ပေးရသည့် ကလေးအိမ်က ထွက်လာ၍ အက္ခရာ ကိန်းတန်းများ ရှင်းပေးရမည့် ကလေးအိမ်ကို ခြေဦးလှည့် အပြီး သင်္ချာသီအိုရီများ အဖြေ ကူ ထုတ်ပေးရသော အိမ်အရောက်တွင် နာရီလက်တံက ညနေခြောက်နာရီကို ပြနေပြီ ။

အတန်းပိုင်ဆရာ ၊ ဆရာမတို့ ထံမှ အခြေအနေ အရပ်ရပ်ကြောင့် ပဲ့ထွက်လာသူများ ၊ ဆရာမနားတွင် ထိုင်နေမှ စာတော်သည် ထင်သည့် အချို့ ... အချို့ .. မိဘတို့ကြောင့်လည်း သူမ ။ တိုးတက်နေသော နည်းပညာခေတ်ကြီးထဲတွင် အခြေခံပညာ အထက်တန်း အောင်လက်မှတ် ကတ်ထူချပ်လေး တစ်ခုနှင့် သူမ၏ စာပြဆရာမလေး အဖြစ်သည် ... ။

အလုပ်ရှင် လေဟန် အပြည့်နှင့် အချိန် အတိအကျ မှတ်တတ်သော မိဘများ ၊ စာသင်ရက် တစ်ရက် ပျက်ကွက်လျှင်ပဲ ‘ ဘာဖြစ်လို့လဲ’  ၊ ‘ ဘယ်လို အကြောင်းများကြောင့်လဲ ’ ဟု လူမှုရေးမေးခွန်း တစ်ချက် မပြောဘဲ ‘ မနေ့က ဆရာမ လာရမယ့်နေ့ မလာလို့ ကလေး စာသင် ပျက်သွားတယ် ’ အထက်စီး လေသံနှင့် ဆီးကြိုတတ်သည့် မိဘတို့ကြောင့်လည်း သူမ၏ စာပြဆရာမလေး ဘဝသည် ... ။

တစ်ခါတစ်ခါ ကိုယ့်ဘက်က ဘယ်လောက်ပင် စေတနာထား သင်သင် ခံယူသူတို့၏ ပေါ့လျော့မှုများကြောင့် စာမေးပွဲတွင် အမှတ် နည်းသွားလျှင် လစာပေးရင်း ‘ ဆရာမ ဒီလ ကလေး အဆင့် ကျသွားတယ် ။ ကြည့်လုပ်ပါဦး ’ ဆိုကာ မညီမညာ ချလာပေးသော တစ်ထောင်တန်ရွက်များကြောင့် ရင်ထဲ ကိန်းဝပ်အောင်းထားသော မာနများ နိုးကြွကာ ‘ ဒီအိမ်ကို စာသင်ဖျက်မယ် ’ အတွေးနှင့် သူမ အိမ်လှေကားဝ အရောက် ‘ မမကြီး ကျောင်းမှာ စာအုပ်ဖိုး တောင်းနေပြီ ’ 

‘ မမကြီး သားလည်း စာအုပ် ကုန်ပြီ ၊ ဝယ်ပေးဦး ’

အသံများက မသိတတ်တာ မဟုတ်ဘဲ မသိသေးသည့် အရွယ်လေးများ၏ အပြစ်ကင်းစင် တောင်းဆိုဟန်များကြောင့် တင်းလာသော မာနများ အိမ်တံခါးဝတွင် ဝုန်းခနဲ မြည်အောင် ပြုတ်ကျကုန်၏  ။

‘ သမီးကြီး ဒီလကုန်က စပြီး အိမ်လခ နှစ်ထောင် ပိုပေးရမယ် ’ တဲ့ ။ အမေ့ စကားလုံး အချို့က ဝုန်းခနဲ ပြုတ်ကျသွားသော မာနအပိုင်းအစများကို ပြန်ကောက်ရန် ရှာမတွေ့တော့ ။

ဝင်ငွေနှင့် ဈေးနှုန်း အမြဲ ခံစစ်ထိုးစစ်များဖြင့် ဆင်နွှဲနေရသော သူမတို့ အတွက် .. ။

အစောတည်းက ညိုသွယ်သွယ် ခန္ဓာကိုယ်က အခုချိန်တွင် စာကြည့်မျက်မှန်အနက်ပိုင်းလေး အောက်၌ ပါးလျစွာ ဖျော့ဆင်းနေပြီ ။

‘ ဆရာမ ဒီနေ့ စာမြန်မြန် သင်ပေး သားတို့ ပန်ဒါမှာ ညစာ သွားစားမလို့ ’

စာဆိုရင်း အသံသာသာလေးနှင့် ဖြတ်ပြောလိုက်သော ကလေး စကားကြောင့် သူမ ပြန်လာမှ ညစာအတူ စားဖို့ ခူးခပ်ပြီး စောင့်နေတတ်သော အမေ၏ ရာသီပေါ် သီးနှံဟင်း ထမင်းဝိုင်း ၊ လမ်းထိပ်ဓာတ်မီးတိုင် မှိန်ဖျော့ဖျော့ အောက်တွင် သမီး ပြန်အလာကို စောင့်ကြိုနေသော အဖေ၏ ပုံရိပ် ၊ တစ်လစာ လခ တစ်ထောင်တန် လေးရွက် ၊ ညစာ ထမင်းဝိုင်း ... ။

ဘယ်လိုပဲ ဖြစ်ဖြစ် သိပ်သည်းဆ မတူသည့် အရာဝတ္ထုတို့၏ အကျိုး သက်ရောက်မှုကို သိရှိထားသည့် သူမ အတွက်က ‘ တို့အလံ ’ ဖတ်စာကို စည်းချက် ညီညီဖြင့် သင်ပေးနိုင်ခဲ့သည် ။

သင်္ချာသီအိုရီများကို ရှင်းပြနေသော သူမ အသံကို ဖောက်ပြီး ‘ Teacher မမ ငရမန်ကန်းက ဘယ်ဘက်မျက်စိ ကန်းတာလဲဟင် ’ ဆိုသည့် အထက်တန်း ကျောင်းသားလေး အမေးကြောင့် သူမ မျက်လုံးနှစ်ဖက်စလုံး ကန်းသွားချင်လောက်အောင် ဖြစ်သွား၏ ။ သူမ ဘာမှ ပြန်မဖြေရသေးခင်မှာပဲ ဆက်ပြီး -

‘ Teacher မမ သားတစ်ခု စဉ်းစားမိတာ ရှိသေးတယ် ’

‘ ပြောစမ်းပါဦး ၊ တွေးခေါ်ရှင်ကြီးရဲ့ ’  

သူမ စကား ထောက်ပေးလိုက်တော့ -

‘ သားတို့ မြန်မာစာ စကားပြေ ဖတ်စာအုပ်ထဲက အကြောင်း ဦးပေါင်းကြား နှင့် မြင်းညိုရှင် စကားပြေ ဖတ်ပြီး တွေးမိတာ မမ Teacher ရဲ့ ။ ညီလာခံမှာ အလောင်းစည်သူမင်းကြီး တူးရွင်းတောင်ခြေက လူဆိုးဓားပြကြီး ဖမ်းခိုင်းပုံကို ဖတ်ပြီး ညီလာခံမှာ ဘုရင်ကြီး ပြောတဲ့စကားကို နန်းတော်ထဲ ရှိတဲ့ ပညာရှိ မှူးမတ်ရဲမက် အတိုင်ပင်ခံ မင်းဆရာကြီးတွေ မရိပ်မိဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား ။ Teacher မမ သေသေချာချာ စဉ်းစားကြည့် ၊ ဘုရင်ကြီးက လူဆိုးဓားပြကို ဖမ်းခိုင်းပုံ သား စဉ်းစားမိတာက ပညာရှိမှူးမတ် ... ’

‘ တော်ပြီ ... တော်ပြီ နောက် ကြီးလာမှ ဆက်စဉ်းစား ’ ဟု ဆိုရင်း စကားကို ဆက်ခွင့် မရအောင် သင်္ချာသီအိုရီများ ရှင်းရန်သာ ပြင်လိုက်ရ၏  ။ ကလေး ကတော့ သူတို့ သဘာဝအတိုင်း အတွေးများကို ဆွဲဖြုတ်ကာ သင်္ချာပုစ္ဆာများ တွက်နေပြီ ။ သူမမှာသာ .. ။ ဆရာမကြီး ဒေါက်တာမတင်ဝင်း ကို ပြေးခေါ်ရမည်လား ။ ဆရာ ချစ်ဦးညို ကို အကူအညီ တောင်းရမည်လား မသိ ။

ထိုကလေး အိမ်မှ စာသင်ပြီး ထွက်အလာ အထိ ကတ်တီးကတ်ဖဲ့ လုပ်တွေး စဉ်းစားသော ကလေးစိတ်ကူးကို သဘောကျစွာ ပြုံးမိ၏ ။ သူမတို့ တုန်းကလည်း .. ။

‘ တစ်နှစ်မှာ တစ်လ ၊ တစ်လမှာ တစ်ရက်တဲ့ မကပါဘူး ။ အမှန် ဖြစ်သင့်တာ တစ်နှစ်မှာ ရက်အနည်းဆုံး ပွင့်တဲ့ပန်းဆို တော်လောက်ပြီ ’ ဆိုရင်း သူငယ်ချင်း နှစ်ဦး သူ့အလှ သူ့ရသ တုနှိင်းချက်များဖြင့် လှပသက်ဝင် ခန့်ညားနေသည့် ပိတောက်ပန်း ကိုပင် ဘာမဆိုင် ညာမဆိုင် ထည့်တွေး စဉ်းစား၏ ။

သူမတို့ကို စာသင်ချိန် ၄၅ မိနစ် အတွင်း သတ်မှတ်ပြဋ္ဌာန်းများ သင်ပေးသော သမိုင်းဆရာက လွတ်လပ်ရေး ဆုံးရှုံးရပုံများ သင်ကြားရှင်းပြရင်း သီပေါမင်း စုဖုရားလတ်တို့ အကြောင်းနှင့် ဆက်စပ်ပြီး နန်းမတော်ရှင် မယ်နု မိဖုရားခေါင်ကြီး ဖြစ်လာရပုံကို အကျဉ်းချုံး၍ ပြောပြသည် ။

ဆရာ၏ စာသင်ချိန် ပြီးတော့ သူငယ်ချင်းမ နှင့် သူမ နန်းမတော်မယ်နု မိဖုရားကြီး ဖြစ်လာရပုံကို မပြည့်မစုံ အသိလေးများဖြင့် ပြန်ပြောကြရင်း ‘ ဘုရင်ကြီး မနှစ်သက် မစုံမက်အောင် ရှင်မယ်နုက ရုပ်ဆိုးနေရင် ဘုရင်ကြီးရဲ့ စီရင်ပုံ အဲဒီ နေရာမှာ တစ်မျိုး ဖြစ်သွားနိုင်တယ်နော် ’

ဘာရယ်မဟုတ် တွေးမိတွေးရာ ပြောပြီး ရွက်ဝါရွက်များ ကြွေကျလာသည် ကို လိုက်ဖမ်းကာ ရိုးသားပျော်မွေ့စွာ အတွေးပို စိတ်ကူးယိုခဲ့ကြသည် ။ ခုချိန်များမှာတော့ ... ။

ဆန်ကြမ်းတစ်ပြည် နှစ်ရာ့သုံးဆယ် ဖြစ်သည့် ကိစ္စ ၊ ဆန်ဆီ တိုးစားနေရ သည့် အဖြစ် ၊ ကြက်ဥ ဘဲဥ တန်းစီ ဝယ်နေရသည့် အဖြစ်များ ၊ အပျက်များကိုပင် မစဉ်းစား မိအောင် စိတ်အတွေးများကို ချုံ့ပစ်နေရ၏ ။ တကယ်တော့ မျက်မြင် အခြေကို ဗဟိုပြု၍ အင်အားပြင်း ငလျင်ရပ်ဝန်း ဖြစ်နေသော သူမ အတွေးများသည် ခုချိန်ခါတွင် အရာအားလုံး မစဉ်းစားချင်ဘဲ စဉ်းစားစရာများ ဖြစ်နေကြပြီဖြစ်သည် ။

ဘဝကို ဆန်ရင်း စုန်မျှော နေကြသည့် သူမလို မိသားစုများစွာတို့၏ အတွေးများသည် နံနက်စာ နှင့် ညစာ နှစ်နပ်ကြားတွင် ကျင်လည်၍ စရိတ်တို့ကို ခုခံနိုင်ရန်အတွက် မရှိသည့် အားကို ရှာကြံ မွေးနေကြသူများဖြစ်၏ ။

သဘာဝ အတိုင်း ရှိနေသော လေကိုပင် တစ်ခါတစ်ရံ ခဲရာခဲဆစ် ရှူသွင်း နေရသည်မို့ သူမလည်း ယခုအချိန်တွင် အတွေးပိုများ တွေးရန် အတွေးအားချိန် မရှိ ။ စာပြအိမ် တစ်အိမ်ပြီး တစ်အိမ်သို့သာ ... ။

‘ သမီးကြီး အလတ်ကောင် လပတ်ကျတယ် ’

ထမင်းစားရင်း အမေ ပြောလိုက်သော စကားစုကြောင့် သူမ၏ တင်းမာသော မျက်ဝန်းအစုံ အတူ ထိုင်စားနေသော မောင်ငယ် ထံ ရောက်သွား၏ ။ သူမ၏ အကြည့်ကို မောင်ငယ် ကောင်းစွာ ဘာသာပြန် တတ်၍ ထမင်းစားခြင်း ကိစ္စများ ပြီးသော် ...

‘ မမကြီး သင်္ချာကျတာ ရေဆန်ရေစုန် ပုစ္ဆာတွေနဲ့ ဆေးထပ် ရာခိုင်နှုန်း ပုစ္ဆာတွေ နားမလည် မတွက်တတ်လို့ ’

မောင်ငယ်၏ မျက်ရည်ဝဲ တုန်လှိုက်သံစကားကို နားထောင် အပြီး မောင်ငယ်မျက်နှာကို သူမ အထိတ်တလန့်ဖြင့် သေသေချာချာ စူးစိုက်ကြည့်ရင်း သက်ပြင်းမော တစ်ချက်ကို ကျိတ်ချမိသည် ။ မောင်ငယ် စာမေးပွဲ ကျတာ သူမ မှာရော အပြစ် ကင်းပါရဲ့လား ။ နံနက်မိုးလင်းမှ တစ်နေ့တာလုံး အချိန်ရလျှင် ရသလို စာသင်အိမ်တွေ တစ်အိမ်ပြီး တစ်အိမ် လှည့်သင် ။

‘ စာအုပ်အဖုံးချုပ်သည် ’  ဆိုင်းဘုတ် အောက်၌ အဖေကလည်း ရုံးမတက် မီနှင့် ရုံးဆင်းချိန်များ ၊ ရုံးအားချိန် နေ့ရက်များတွင် ကတ်ကြေး ၊ ဆူး ၊ ကြိုး ၊ ကတ်ထူ စက္ကူ ၊ ဖလင်ချပ်များနှင့် စရိတ် စရိတ်တို့ကို တွန်းလှန်ရင်း ပိနေခဲ့ ။

စာအုပ်အဖုံး ချုပ်သလို ဘဝကို တိကျစွာ ကိုက်ညှိ ဖြတ်တောက်၍ မရသဖြင့် အပိုအလို များစွာဖြင့် ပုံသေ မဟုတ်ဘဲ ပုံသေ ဆန်နေကြရသည့် ဘဝတွေ ။

‘ မကြီး ၊ ညီမထွေး ... ’ 

ပြောလက်စ စကားကို ရပ်ပြီး အနားတိုး ကပ်ပြသော ညီမထွေး၏ လစဉ်ပညာရေး တိုးတက်မှုကတ်ပြားလေးက ညီမထွေး၏ မျက်နှာအသံတို့လိုပင် စိုးရွံ့သိမ်ငယ်မှုများနှင့် ပြည့်လျှံနေ၏ ။

‘ ညီမရယ် သင်္ချာချိန် ပြီးရင် ခဏနားပြီး ရှစ်နာရီ ကနေ ကိုးနာရီ အထိ တစ်နာရီလောက် ကျက်စာ ကြည့်ပေးပါဦး ၊ ညီမတပည့်က ညီမ ရှိမှ စာကျက် စာလုပ်တာ လခ တစ်ချိန်စာ ထပ်ပိုယူပါ ’ ဟု ပြောလာသော စကားကို သူမ ကလည်း ကျေနပ်စွာ လက်ခံခဲ့သည့် အဖြစ်ကို ပြန်တွေးဆရင်း သူမ၏ နှုတ်ခမ်းများ လှုပ်ရှား မရနိုင်အောင် ဆွံ့အသွားတော့သည် ။

▢  လဲ့ဝင်းကြည် ( ချို )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      အောက်တိုဘာလ ၊ ၂၀၀၂

Thursday, January 23, 2025

ငယ်ရိပ်သန်း၍

❝ ငယ်ရိပ်သန်း၍ ❞

“ ကြီးတော် မြ ရေ ဧည့်သည် ”

ဖိုးလေး သား မောင်ဦး အော်သံ ကြောင့် မီးဖိုဆောင် မှ အပြေး ထွက် ၍ ခြံဝ မှ ဧည့်သည် ကို ကြည့် တော့ မြရီ မျက်လုံး ပြူး ကာ အံ့ဩ သွားသည် ။

“ အပြန် မှ ကျွန်တော် ဝင်ခဲ့မယ် ကြီးတော်မြ ” ဆိုကာ မောင်ဦး အိမ် ထဲ လိုက် မဝင်ဘဲ ပြန်ထွက် သွား၏ ။ အိမ်ခြံ တွင်း စိုက် ထားသည့် အပင်များ ကို ဘာရယ် မဟုတ် အိမ် လာတိုင်း အမြဲလိုလို လက် နှင့် ဆွဲခြွေ တတ်၍ မလုပ်ရန် အော်ရ သေးသည် ။ ပြီးမှ ဧည့်သည် ဘက် လှည့် ကာ “ ဘယ့်နှယ်တော် ၊ ဘာကိစ္စ နဲ့ အိမ်လာပါ လိမ့် ” အတွေး က နှုတ် မှ ပင် ခုန်ထွက် တော့ မလို ဖြစ်လာ၏ ။ သူ က တော့ ငယ်မူဟန် ပုံစံအတိုင်း မပြောင်း ၊ နဖူးပြောင်ပြောင် ကို လက် ဖြင့် အသာ ပွတ် ကာ ဝါနီကြင်ကြင် သွား များ ပေါ် အောင် ရယ် ၍ အိမ် ပေါ် လှမ်း တက်လာသည် ။

“ ကိုထွန်းခင် ၊ ဘယ့်နှယ် ကျုပ် အိမ် ရောက်လာတာတုံး ”

“ သတိ ရလို့ လာတာပေါ့ ကျုပ် နှမ ရဲ့”

“ အလိုတော် ... ” ဆိုကာ မြရီ ဘာ စကားမျှ မဆက်နိုင်တော့ ။ ကိုထွန်းခင် က လည်း ဘာမျှ မပြောတော့ ။

အိမ်ရှေ့ခန်း မှာ ရေနွေး တစ်အိုး ၊ လက်ဖက် တစ်ပွဲ ပြင် ပေးပြီး နောက်ဖေးဆောင် ဝင်ကာ မြရီ နံနက်စာ ချက် နေလိုက်၏ ။ ပျောက်ကွယ်ပြီ ဟု ထင် ထားသည့် ရင်ခုန်လှိုင်း က မြရီ ရင်အုံ ကို တစ်ကျော့ပြန် နှိုးဆွ အသက်ဝင် စေသည် ။

ဘာကို ဘယ်လို ခုန်မှန်း မသိဘဲ ရင်ခုန် နေတတ်သည့် ဆယ့်ခုနစ် စွန်း စ အရွယ် ၊ ကိုထွန်းခင် က နှစ်ဆယ် ပြည့် လုလု ၊ ညိုမောင်းမောင်း ဟန်ထွားထွား ဖြင့် မြရီ ရွှေရင်အုံ တသိမ့်သိမ့် ခုန်အောင် အကြည့် စူးစူးနစ်နစ် နှင့် မြရီ နှလုံးသား ကို ခြွေယူသိမ်းပိုက် ချင် နေသည့် ကာလ ။

မိဘ တွေ ဆုံးပြီးစ လည်း ဖြစ် ၊ အသက် လည်း အတော်လေး ကွာသည့် အငယ်ထွေး နှမ မြရီ ကို အရွယ်တော် နှစ်စိတ်ဟိုင်း လုလု အစ်မ အပျိုကြီး နှင့် အစ်ကို လူပျိုကြီး တို့ က စိတ်မချစွာ ဖိ ဖို့ ထိန်းကွပ်မှု ကြောင့် မြရီ ကိုထွန်းခင် ရှိသည့် နေရာ ကို ပင် မလှမ်းဝံ့ ၊ အောင်သွယ် အလီလီ ကို လည်း နှုတ်ကြမ်းကြမ်း ကိုယ်ရမ်းရမ်း ဖြင့် ပြောဆို တတ်သည့် အစ်ကို အစ်မ တို့ ကြောင့် ဘာ ကို ဘယ်လို လွမ်းရမှန်း မသိဘဲ လွမ်းဆွတ်စွာ မြရီ နှင့် ကိုထွန်းခင် အရွယ် အတော်လေး ဟိုင်း ခဲ့ရ၏ ။

မြရီတို့ မိသားစု ‘ ဒွေးပင်စု ’ နှင့် နှစ်ရွာ ခြား ‘ ညောင်နှစ်ခွ ’ ရွာ သို့ ရေကြည် ရာ မြက်နု ရှာ ရင်း ရောက်ခဲ့သည် ။ ကိုထွန်းခင် က တော့ ‘ ဒွေးပင်စု ’  မှာ အလွမ်း ဖြင့် ဖွဲ့သည့် ရင် နှင့် ကျန်ရစ်၏ ။ မြရီ မှာ လည်း ...

ခု အသက် ခြောက်ဆယ် နား နီး အရွယ် မှ ကိုထွန်းခင် ဘယ် စိတ်ကူး နှင့် အိမ် အရောက် လာသည် မသိ ။ ငယ်နုစဉ်တုန်း က တော့ ဒီ ရဲစိတ် ဆန္ဒ တွေ ဘယ်မှာ သွားပစ် ထား မှန်း မသိ ။ သူ့ ဘက် က သာ ရဲရဲဝံ့ဝံ့ ရှေ့ တိုးခဲ့ ရင် မြရီ လည်း ဪ ... သူ ကြောက်ရမည့် အစ်ကို အစ်မ တွေ မှ မရှိတော့ ဘဲ ။ ဟယ် .. ဒါပေမဲ့ ဒီ အရွယ် ရောက် မှ ...

“ ဟဲ့ ပလုတ်တုတ် ၊ ဟင်းအိုး ဟင်းအိုး ဆူ နေပြီ ။ လက်ခု လက်ခု ”

အတွေးဖြင့် မျောရင်း ရင်ခုန်နှုန်း တွေ ကပြောင်းကပြန် ကာရန်သီ နေကြ၏ ။

“ မြရီ နှမ ၊ ကျုပ် ကို စကားလေး ဘာလေး လာ ပြောဦး မှ ပေါ့ ။ ကျုပ် တစ်ယောက်တည်း အဖန်ရည် တွေ ဖိ သောက် နေရတော့ ဘယ်ကောင်း လိမ့်မတုံး ”

“ လာပါမယ် တော် ၊ လာပါမယ် ။ ဟင်းအိုး ကျက်လုပြီ တော့ ”

မြရီ ပြန် အော်ရင်း “ ကြီးကောင်ကြီးမား မှ ” ဟု ရေရွတ်ကာ ရထား သွား သံ ရင်ခုန်နှုန်းဖြင့် ရင်ခွင်မှာ ပန်းသွေးရင့်ရင့် မြစ်တစ်စင်း ဖြတ်စီးသည် ။ ပန်းနုရောင် လှိုင်းလုံးများ လည်း ဇရာမျက်နှာပြင် ထက် ကြွတက် နေ၏ ။

“ မီးဖိုဆောင် အလုပ် က လည်း အရှုပ်သား တော်ရဲ့ ” ဆိုပြီး ကိုထွန်းခင် ရှေ့ မှာ ရင့်ကျက် နေသည့် မိန်းမပျို တစ်ယောက် ဟန် နှင့် ဝင် ထိုင်လိုက်သည် ။

“ ဟုတ်ပါတယ် နှမ ရယ် ။ ကျုပ် လည်း ရှေ့ဘက်ရွာ ကို နွား သွား ကြည့် မလို့ ကြုံတာ နဲ့ ဝင်လာတာ ”

“ ကြုံမှ ပဲ ဝင်လာတယ် တော် ” ဟု မူစိုစိုလေး မြရီ ဆို ဖြစ်သွား၏ ။

“ ကြုံ ရင် ကြုံသလိုပေါ့ ၊ နှမ ရယ် ”

နီဝါကြင်ကြင် သွားကျဲကြီးများ ပေါ် အောင် ရယ်ရင်း နဖူးပြင် ပြောင်ပြောင် ကို လက်ဖြင့် ပွတ်သပ် ကာ ကိုထွန်းခင် ဆိုပြန်တော့ ‘ အလိုတော် ’ အသံ နှင့် မြရီ မျက်စောင်း ကိုထွန်းခင် ရင်ဘတ် ထဲ ရောက်သွားသည် ။ အဖန်ရည် ကိုင် သောက် နေသည့် လက်တွေ လည်း မငြိမ်သက်တော့ ။

ဘာကို ဘယ်လို ‘ အလိုတော် ’ လိုက်မှန်း မသိဘဲ မြရီ ကိုထွန်းခင် မျက်နှာ ကို မကြည့်ရဲ အောင် ရှက် နေပြီ ။ ကိုထွန်းခင် ၏ မျက်ဝန်း တို့ က ရွှန်းစိုလက်လဲ့၍ နှုတ်ခမ်းနှစ်လွှာ က လည်း မပြုံး ၊ ဤသို့ ပြုံး ဤသို့ ဖြင့် သက်ဝင် နွေးထွေး လွန်း လှ၏ ။ အသက်အရွယ် နှင့် မဆိုင်သော ပျိုမျစ်နုနယ် သည့် ရင်ခုန်လှိုင်းအား ကို လက်တွေ့ သိမြင် ခံစားရပြီ မို့ စကား မဆို နိုင်ကြတော့ ။ အဖန်ရည်ပူပူ ကို သာ တဖူးဖူး ဖြင့် မှုတ်သောက် နေကြရသည် ။

“ မြရီ နှမ ကျုပ် သွားတော့မယ် ”

ငြိမ်သက် နေရာ မှ အာရင်းသံ လေးလေးကြီး ဖြင့် ပြောလိုက်သည့် ကိုထွန်းခင် စကား ကြောင့် မြရီ ရင်အုံ တုန် သွားကာ “ အယ် .. ထမင်း စား သွားဦးလေ ” ဟု သံစဉ်မညီ မညာ ပြောမိသည် ။

“ မစားတော့ဘူး ၊ မစားတော့ဘူး ။ သွားတော့မယ် ” ဆိုရင်း ကိုထွန်းခင် လွယ်အိတ် နှင့် ခမောက် ကို ကိုင်သည် ။ မြရီ ရင် သာသာလေး အခုန် မြန် သွား၏ ။ သွေးခုန်နှုန်း ပြတ်တောင်းတောင်း နှင့် ဝဲ ချင်ချင် ဖြစ် နေသည့် မျက်ရည် ကို အသာ ထိန်း ကာ  “ ကြုံရင် ဝင် လာလည်ပါ တော် ” လို့ အမှာ ဖွဖွ ပါး မိသည် ။

မြရီ မှာခြွေစကား ကို နားထောင် ပြီး ကိုထွန်းခင် တွေတွေကြီး ရပ် ၍ မြရီ ကို စိုက်ကြည့် လေ၏ ။ ပြီး လွယ်အိတ် ထဲ လက် နှိုက် ကာ တစ်ခု ခု ရှာ နေ၍ ကိုထွန်းခင် လက် ထဲ ပါ လာမည့် အရာ ကို မြရီ စိတ်ဝင်စားစွာ ကြည့် တော့ လက် တစ်ဆစ် ခန့် မြေဖြူခဲသေးသေးလေး ကို တွေ့သည် ။

အိမ်ပေါက်ဝ ဘေးအ တွင်း သူ ရပ်နေသည့် နံရံဘက် မှာ ချိတ် ထား သော နှစ်ပေပတ်လည်ခန့် မည်းဖျော့ဖျော့ ကျောက်သင်ပုန်းဟောင်း ပေါ် သို့ ကိုထွန်းခင် စာလုံးခြောက်လုံး ခန့် ကသောကမျော လှည့် ရေး ပြီး မြရီ ကို နှုတ် မဆက်ဘဲ ခြေလှမ်း ကျဲကြီးများ ဖြင့် အိမ်ပေါ် မှ ဆင်းသွား၏ ။

မြရီ လှိုက်ဖိုဖို ရင် နှင့် ကိုထွန်းခင် ရေး သွားသည့် စာ ကို ဖတ်သည် ။ နှုတ် မှ ပြောမထွက်သည့် စကားလုံး အချို့ ကို အက္ခရာ တင် ရေးပြ သွား သည့် အတွက် “ ရှင် ဘာ စာ ရေးသွားတာလဲ ၊ ပြောပြစမ်းပါတော် ” ဟု ကိုထွန်းခင် ကျော ကို အားပါးတရ ထု ကာ ကနွဲ့ကလျလေး ဆိုချင် လာ၏ ။ သို့သော် အချိန် နှင့် အရွယ် က မြရီ တို့ နှစ်ဦး ကို အဆိပ်ငွေ့ လို တဖြည်းဖြည်း ရင့်ရော်အိုမှိုင်း စေပြီ ။

“ မြရီ ဖတ် ပြီး ဖျက်ပစ်မှာ ပဲ ” အတွေး ဖြင့် ရေးခဲ့ဟန် တူသည်  ။ စာ ကောင်းကောင်း မသင်ခဲ့ရ ၍ ခုချိန် မှာ စာလုံးတွေ လည်း မဖတ်တတ် ၊ မရေးတတ်တော့ ။ ကိုယ့် အမည် ကိုယ် ပေါင်းတတ် အောင် မနည်း ကြိုးစား မှတ် နေရသည့် အရွယ် ရောက် မှ အရေးကြုံ လည်း သက်လုံ မရှိ ။ ငယ်နုစဉ် က ခါးကြား ၊ ရင်အုံကြား လိန်ကျစ် ခေါက် ယူ ၍ သူငယ်ချင်း လှမေ ကို ဖတ်ခိုင်းခဲ့သည် ။ ဒီ အရွယ် ရောက် မှ ။ ဒီအချိန် ဒီအရွယ် မှာ ဒီ စာကြောင်း ကို ဘယ်သူ့ ခေါ် ဖတ်ခိုင်းရပါ့ ။ စိတ်ပျက် နေသော ရင်အုံမှိုင်းညိုညို မျက်ဝန်းအိမ် ဖြင့် စာလုံးများ ကို  ငိုင် ကြည့် နေရသည် ။

ဘေးခြံ က မအုန်းခိုင် သမီးလေး ဆို ဆိုပြသည့် “ ရေအိုးကလေး ရွက် လာရင် အဲဒါ လုံးကြီးတင် ၊ ပြေးရင်ပင် နောက်ပြန်လဲ နောက်ပစ်ကလေး ပဲ ” စာလုံး တွေ လည်း ပါ မှာ စိတ်ကူး ဖြင့် သင်ပုန်းကြီး ဖတ်စာ ကျေအောင် သင်ချင် သည့် အာသီသ ပြင်းပြလာ၏ ။ ကိုယ့် အဖြစ် ကိုယ် ပြန် တွေး ကာ စာ မကျေခဲ့သည့် ဘဝ ကို မကျေနပ် သလို ဖြစ်လာ၏ ။

ကျောက်သင်ပုန်း ပေါ် မှာ မညီမညာ ရေး ထားသည့် စာလုံး ခြောက်လုံး ခန့် က မြရီ စိတ်အာရုံ ကို ညှို့ငင် သိမ်းသွင်း ထားပေမဲ့ မြရီ မှာ .. ။ လျှပ်တစ်ပြက် ထွက်ပေါ်လာသည့် ဉာဏ် ကြောင့် မြရီ ရင် အပျော် လူး ကာ ဘေးခြံ မှ မအုန်းခိုင် သမီးကြီး သုံးတန်း ကျောင်းသူ ကို လှမ်း အော် ခေါ်လိုက်သည် ။

“ ဝါဝါ မရှိဘူး ။ သူ့ ဘွားလေး ကျင်ခ အိမ် သွားတယ် ”

မအုန်းခိုင် ပြန်ဖြေ စကား ကြောင့် မြရီ ရင်အုံ အကြံအိုက် ပူပန်ရ ပြန်၏ ။ သို့ပေမဲ့ ဖြစ်ပေါ်နေသည့် စိတ်အာရုံ က အာသီသ ပြင်းစွာ သွေးထိုး လှုံ့ဆော် လာ၍ ဝါဝါ ကို မကျင်ခ အိမ် မှာ သွား ခေါ်ရန် ထွက်ခဲ့သည် ။

မြရီ ခြေလှမ်းတွေ တွန်းကန်အား တစ်ခု ကြောင့် အရွယ် နှင့် မမျှ သွက်နေသည် ။ လမ်း မှာ နှုတ်ဆက်သည့် အသိမိတ်ဆွေ တို့ ကို လည်း စကား ကြာကြာ ရပ် မပြောနိုင် ။ မကျင်ခ အိမ် သို့ ဝါဝါ ကို ခေါ်ရန် သာ အလျင်နှုန်း ကောင်းကောင်း ဖြင့် လှမ်း နေ ရ၏ ။

“ ဟယ် ... ဝါဝါ ၊ လုံမ လာလာ ၊ ကြီးမြ အိမ် လိုက်ခဲ့ ၊ မုန့်ကျွေးမယ် ”

မကျင်ခ အိမ် မှ ပြန် လာသည့် ဝါဝါ ကို လမ်းတစ်ဝက် တွင် ပင် တွေ့၍ ဝါဝါ လက် အမြန် ဆွဲ ကာ မြရီ အိမ် သို့ အမြန် နှင်သည် ။ ကလေး က မုန့် စားရမည့် အတွေးဖြင့် ပင် မြရီ ခြေကုန် လျှောက်သည် ကို အမီ အပြေး လျှောက်ရင်း “ ကြီးမြ က လည်း မြန်လိုက်တာ ” ဆိုသည်  ။

ကိုထွန်းခင် ရေး သွားသည့် စာကြောင်း ကို မြရီ သိချင် နေ၍ ဝါဝါ ၏ မောဟန် နှင့် ပြောသံ ကို လည်း ဂရု မစိုက်နိုင် ။ ဖတ် ပြီးသည် နှင့် ဖျက် ပစ် ရမည့် စာ ၊ တခြားသူတွေ ဖတ်မိ သွားလျှင် လည်း မြရီ တွေးရင်း အရှက် ဝင်ကာ ခလုတ်တိုက် မလို ဖြစ်သွား၏ ။ အိမ်ဘက် ဆီ သို့ လည်း လှမ်းမျှော် ကြည့် မှ လှစ်ခနဲ လူရိပ် တစ်ရိပ် ထွက်သွား သလို မြင်၍ ခြေလှမ်း အားကုန် လျှောက် လိုက်သည် ။

မြရီ ခြံပေါက်ဝ ခြေချ မိ မှ ရင် မှ ထန် နေသည့် အပူလှိုင်း ငြိမ်းကာ “ လုံမ ၊ မောနေပြီလား ။ ကြီးမြ မရွေး ကျွေးမယ်နော် ” ဆိုပြီး လှိုက်ဖိုခုန် စိတ်ရိုင်းအငုံလေး ကို ဖွင့်ဖို့ အိမ်ပေါ် သို့ လှမ်း ဆင့် တက်လိုက်၏ ။

“ ဝါဝါ လုံမ ၊ ဟယ် ... မရှိတော့ဘူး ။ ပျက်သွားပြီ တော် ”

ရင်အုံ ထဲ လိပ်ထည့်ခြင်း ခံထားရသည့် နှစ်ဆယ်တန် အနွမ်း လို ပုံနှယ် နွမ်းရိစွာ ခြေပစ်လက်ပစ် ထိုင်ချ လိုက်တော့၏ ။ မကြာသေးခင် အချိန် က မှ လက် ဖြင့် အဖျက်ခံ ထားရသည့် ဖျက်ရာ စာကြောင်းလေး ကို ကြည့် ပြီး မြရီ သွေးခုန်နှုန်း ကပြောင်းကပြန် ဆန်စွာ မျက်ရည်များ လည်း နှလုံးသား ၏ တွန်းကန်အား ကြောင့် မျက်လုံးအိမ် တွင် ဝိုင်းရစ်အုံဖွဲ့ကျ လုလု ဖြစ် လာသည် ။

မြရီ မျက်နှာ ကို ဝါဝါ အဖြေ ရှာ သလို ကြည့် နေ၏ ။ မြရီ ဘယ်လို စကားမျိုး မှ ပြော မထွက်နိုင်သေး ။

“ မုန့် မရှိရင် လည်း ပြန်တော့မယ် ” ဆိုကာ ဝါဝါ သူ့ ခြံဘက် သို့ ပြေး သွားပြီး မြရီ နှုတ်ခမ်း တွေ ဆွံ့အ စွာ ဖြင့် တစ်ကိုယ်လုံး လှုပ်ရှားမှု မဲ့ နေ ပေမဲ့ ရင် တစ်ပြင်လုံး မှာ တော့ ငလျင် အား နှင့် ဒီရေ လှိုင်း ပေါင်းစု ထိတွေ့ နေကြ၏ ။

သက်ရှိ ရုပ်ကြွင်း နှယ် မြရီ ထိုင် ငိုင်ကာ ဘာမှန်း မသိလိုက်ရသည့် စာကြောင်းလေး ကို မှန်းဆ ရင်ခုန် နေရင်း နှုတ် မှ အသံဖွဖွလေး ထွက် သွား၏ ။

“ ကြီး တဲ့ အထိ လူ ကို ဒုက္ခ လာ ပေးတုန်း ”

◾ လဲ့ဝင်းကြည် ( ချို )

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၈၆
      မေလ ၊ ၂ဝဝ၅ ခုနှစ်
.

 

Friday, March 1, 2024

မောင့်ဒါလီ ခင်နှမ ဝေးဝေးနီးနီး ခက်လွန်းပ


 ❝ မောင့်ဒါလီ ခင်နှမ ဝေးဝေးနီးနီး ခက်လွန်းပ ❞ 


ခက်တော့ လည်း ခက်သားဗျ ။ ဒီ မိန်း မက အနား ရှိ မကောင်း ရှိ ကောင်း နှင့် ။ မရှိတော့လည်း တစ်မျိုး ခံစား ရ ၊ ရှိ နေတော့ လည်း တစ်မျိုး ခံစားရ နှင့် ။ ဟုတ်တယ်ဗျ ။ အနား ရှိ တော့လည်း ဖုတုတု ရှတတ ခိုးလိုးခုလု နှင့် နေလို့ မကောင်း ။ အနား မရှိပြန် လည်း ဟာတာတာ ဖိုတိုတို ရင် နှင့် ဟိုလို ဒီလို ယောင်နန ကြောင်အအ ဖြစ် နေ ပြန် ရော ။ အတော် နေရ ထိုင်ရ ကျပ်သည့် မိန်းမတွေ ။ အခု လည်း ကြည့် အနား မရှိတော့ ဘာကို ဘယ်လို ဖြစ်နေမှန်း မသိ ။ နေရ ခက်ခက် လွမ်းရ ခက်ခက် နှင့် ဘယ်လို ပြောရ မှန်း ပင် မသိတော့ ။


အနား ရှိ လည်း တည့်လား ဆိုတော့ စကား ဆယ်ခွန်း မှာ တစ်ဆယ့်ငါးခွန်း လောက် က ကြို ပြီး မတည့် ဖြစ်နေပြီ ။ သဘောထား မတိုက်ဆိုင်သည် က တစ်နေ့ မှာ နှစ်ဆယ့်လေးနာရီ ၊ ဒါကိုပင် အနား မရှိတော့ သတိ က ရ နေသေး ။ မိန်းမများ ယောက်ျားတွေ နေရထိုင်ရ ကျပ် အောင် လုပ်တတ်ပါ့ ။


အခု လည်း ကြည့် လေ ၊ အတော် ခွကျသည့် မိန်းမ ။ ပြောလိုက် လျှင် သူ ပဲ ပူပန်တတ် သလိုမျိုး ၊ သွားသည့် ရက် က ရောက်ကြောင်း တစ်ခါ ပဲ ဖုန်း ဆက်သည် ။ အခု ပင် သုံးရက် ရှိပြီ ။ ထပ် မဆက်သေး ။ ဖုန်း မရှိလို့ လည်း မဟုတ် ။ အတော် အလိုက် မသိသည့် မိန်းမ ။ မသွားချင် လို့ တော်တော် ။ အိမ် ကို စိတ်မချ လို့ တော်တော် ။ စိတ် များ ချလို့ က တော့ ဟင်း မပြောလိုက်ချင်ဘူး ။ ဒီ က ဆက်မည် ဆိုတော့ လည်း


“ အကြောင်း မရှိ မဆက်နဲ့ပေါ့ တော် ။ ဖုန်းကတ် ကုန်တယ် ” တဲ့ ။ ဖြစ်ပုံများ ။ ဖုန်း ရှိ လျက် ဆက်ရ ခက် ။ မခက် ခံနိုင်ရိုးလား ဗျာ ။ တစ်နေ့ တစ်နေ့ ဖုန်းဘေလ်စစ် ကြည့်ရသည် မှာ သူ ပဲ မမောနိုင် ။


“ ဟယ် .... မနေ့ က ရှစ်ထောင် တောင် ရှိ တာ ဒီနေ့ ခုနစ်ထောင် တောင် မပြည့်တော့ဘူး ။ ဘယ်တွေများ လျှောက် ဆက်လဲ သိပါဘူး ။ အဲဒီ ဖုန်းကြီး ကို လည်း ရှင် အားတိုင်း ပွတ်ကြည့် မနေနဲ့ ။ မပြောလိုက်ချင်တော့ဘူး ။ အရွယ် က ငါးဆယ် ကျော်နေပြီ ဒီ ယောက်ျား ” နှင့် မပြီးနိုင် မဆုံးနိုင် အောင် ရစ်ခွေ ထပ် နေတတ်သည့် မိန်းမ ။ 


တကယ်ပါ ။ သူ ရှိ သူ ကြည့် နေ လျှင် ဖုန်း ကို လျှာ ခလုတ် မတိုက်အောင် မနည်း ပြောရသည် ။ တကယ် မလွယ်သည့် မိန်းမ ။ အခု သူ ဘုရားဖူး သွား နေတော့ မှ အသက်ရှူ ချောင် သလိုလို ။ နို့မို့ အိပ်ရာ ထ ကတည်း က သူ့ မျက်နှာ အရိပ်အကဲ ပဲ ကြည့် နေရ သလို ။ သို့ပေလည်း တစ်နေကုန် အိပ်ရာ ထ အိပ်ရာ ဝင် မိန်းမ မျက်နှာ မတွေ့ ရ တော့ လည်း တစ်ခု ခု လို နေ သလိုလို နှင့် ရင် ဟာတာတာ ကြီး ဖြစ်သည် ကတော့ အမှန် ။ ငြင်း မရ ။


အနား ရှိ လည်း တည့် လား ဆိုတော့ တည့် ခဏ ၊ မတည့် တစ် ဘဝ လို့ ပြောရ လောက်အောင် စကား ဆယ်ခွန်း မှာ ဆယ့်ငါးခွန်း လောက် က ကြိုပြီး မတည့် ဖြစ်နေရ သည့် သဘော ဆိုတော့ စဉ်းစား ပင် ကြည့် ။ သဘောထား မတိုက်ဆိုင်လိုက်ပုံများ က လည်း အိပ်ရာထ ကတည်း က စ လိုက်သည် မှာ အိပ်ရာဝင် သည် အထိ မပြီးနိုင်သေး ၊ ည တစ်ရေးနိုး သည့် တိုင် ပင် ။ ဒါကိုလည်း ဒါကိုပင် အမှတ် မရှိ လိုက်ပုံ က အနား မရှိတော့ သတိ က ရ ရနေသေး ။ မိန်းမများ ယောက်ျားတွေ နေရထိုင်ရ ကျပ်အောင် ပြုစွမ်း တတ် လွန်းပါ့ ။


မရခင် ၊ မယူခင် တုန်း က ဒီလို ဘယ် ဟုတ်ပါ့ ။ တကယ့် ကို ညင်ညင်သာသာ ။ စကား ပြောလည်း အသံ မထွက် ။ စူပွစူပွ ပွစိပွစိ လည်း မပြောတတ် ။ အလို လောဘ လည်း မများ ။ အခုတော့ ထို အမူအရာတွေ အားလုံး ပျောက်ကွယ် ၍ အခြားသူ တစ်ဦး ဖြစ်နေ သလိုပင် ။ 


“ ကို ရယ် ချွေတာစုဆောင်းရ မှာပေါ့ ။ ခင်တို့ မိဘ တွေ လည်း ဒီလိုပဲ နေထိုင် လာကြတာ ။ ရသလောက် ပေါ့ ”


ဆိုသည့် အိမ်ထောင်ဦး စကားများ က


“ ခင်တို့ မိဘတွေခေတ် နဲ့ မတူတော့ဘူး လေ ။ ကြိုးစား လုပ်ပါ ယောက်ျား ရယ် ။ အပို အကုန်တွေ က လည်း များ လာတော့ ကလေးတွေ ရှေ့ရေး က လည်း ရှိသေးတော့ ” 


စကားလုံး ကို ကလေးဦး မျက်နှာ မြင် ပြီး စ မှာ ပြော တတ်ခဲ့ ပြီး နောက် ။ နောက်ပိုင်း ရက်လ နှစ်တွေ မှာ တော့ 


“ ကိုအဝှာ ဇိမ်ကျ မနေနဲ့ ။ အချိန်အရွယ် ရှိတုန်း ရှာ ထားမှ ။ အေး မနေနဲ့ ။ ရှင် အိမ်ထောင်ဦးစီး ” 


“ ယောက်ျား ဖြစ်ပြီး ပြောလိုက်ချင်ဘူး ၊ နေရာတကာ မိန်းမ က လိုက် ပြောနေရတယ် ”


“ တကတဲ ဒီလိုမှန်း သိ ယူဖို့ ဝေးစွ ”


“ ယောက်ျား နော် သည်းခံ နေ လို့ အကောင်း မှတ် မနေနဲ့ ။ ကိုယ့် အကြောင်း ကိုယ် သိ ”


တကယ်ပါ ။ ပြောလိုက်သည့် စကားလုံး ၊ အသံနေ အသံထား ၊ မျက်နှာထား ဟန်ပန် တကယ် တကယ် ။ 


“ ငါ မှားလို့များ ယူမိ သလား ။ ငါ ယူခဲ့တဲ့ မိန်းမ မှားများ မှားခဲ့လေသလား ” ဟု ပင် တွေးထင်ရသည့် အထိ ။


အလိုလောဘ လည်း များများ လာလိုက်သည် မှာ တစ်နေ့ နှင့် တစ်နေ့ မရိုး ရ ။


“ ယောက်ျား ၊ ဒီနှစ် ကုန်ရင် ကား တစ်စီး လောက် မရ ရအောင် ဝယ်ပေးစမ်းပါ တော် ။ ဟိုမိန်းမ ကျော့မေ လေ သိတယ် မဟုတ်လား ။ မနေ့က အလုပ် သွားတော့ သူ့ ယောက်ျား မောင်း ပို့ တဲ့ ကား ပေါ် က နေ လူ ကို ကြည့် သွား တာ မခံနိုင်လွန်းလို့ပါ ရှင် ။ လုပ်စမ်းပါ ။ ဝယ်နိုင်အောင် တော် ” က တစ်မျိုး ။


“ ယောက်ျား ဆွဲကြိုး လဲ ချင်တယ် ။ အလုပ် ထဲ အတူ တူတွေ များ တော့ ကိုယ် က ဘာပဲဖြစ်ဖြစ် လူ ရှိန် အောင် တော့ လုပ်ရမှာ ယောက်ျား ရဲ့ သိလား ”


က တစ်ဖုံ ဖြင့် အလုပ် နှင့် မဆိုင်သည့် ဆွဲကြိုး လဲခြင်း ကိစ္စ ကို လည်း အလုပ်စားပွဲ ပေါ် တင် ခေါင်းရှုပ် နေ တတ် သလို အသုံးအဆောင် အဝတ်အထည်များ နှင့် လည်း ခေါင်းမူးသွေးတိုး နေတတ်သည့် မိန်းမ ။ 


“ ခိုင်ခိုင့် သမီး က အခု စင်ကာပူ က နေ အော်ဇီ သွား တော့ မလို့တဲ့ ။ စိတ်ညစ်ပါတယ် ။ မဝေ သား က လည်း ဂျပန် ဆိုလားပဲ သိလား ယောက်ျား ရယ် ။ မိန်းမ စိတ်ညစ် နေတာ ကို ” တွေလည်း ပါသေးသည် ။ ပြီး 


“ အငယ်ကောင် ကို တော့ မဖြစ်မနေ နိုင်ငံခြား မှာ စာသွား သင်ခိုင်းချင်တာ ။ ဒါမှ ဟိုကောင်မ တွေ အကြွား ကို လုပ်စမ်းပါ ယောက်ျား ရယ် ၊ မိန်းမ မခံနိုင်လွန်းလို့ ပါ ” 


များ ကို လည်း ထမင်းဝိုင်း နှင့် ညဦးပိုင်း နားချိန် အားချိန် များ တွင် သတင်း ပြော သလိုလို ၊ ကြော်ငြာ ဝင် သလိုလို နှင့် ယောက်ျား ကို အလကား နေရင်း နှုတ်ခမ်း စူပွပွ လုပ်ပြနေ သေးသည် ။ အရင် က လို ကြည့်ကောင်း ရင်ခုန်စရာ လည်း မဟုတ် ။


ငယ်ရွယ်နု တုန်း က တော့ ဒီ နှုတ်ခမ်း စူပွပွလေး ကို ပဲ အသည်း တယားယား ဖြင့် ခုန်လိုက် တုန်လိုက် ရ သည့် ရင် ။ ခုများ တော့ ခုန်ချင် လွန်းသည့် ရင် ကို ဘယ်နား သွား ရှာ ဖမ်း ရမှန်း ပင် မသိတော့ ။ သိ လည်း ရှာ မဖမ်းချင် တော့ ။ စိတ်ပျက် စိတ်ကုန် လွန်း ၍ ။


တကယ်ပါ ။ ဒီ မိန်းမ ဒီ အရွယ် ရောက် လာ မှ မနက် စောစော ဈေး သွား လျှင် လိုက်စေချင်သည် က တစ်ဖုံ ၊ အလုပ် ဆင်းချိန် အတူ စောင့် ပြန်ချင်သည် က တစ်မျိုး နှင့် ငယ်မူ ပြန် ချင် နေသေးသည် ။ ညားခါစ အိမ်ထောင်ဦး အစ ဆို တော်သေး ။ ဒီ အရွယ်ကြီး ရောက် မှ ကလေး တွေ ပင် အရွယ် ရောက် နေပြီ ။ ဒါကိုပင် ပြောပြရ လျှင် လည်း အခက် ။ ဒါကိုပဲ မကျေမနပ် ဖြင့် မျက်စောင်း တချိတ်ချိတ် ။ လူ ကို နေရထိုင်ရ ခက်အောင် ပြု နေသေး၏ ။ 


“ အရင် နဲ့ ကို မတူတော့ဘူး ”


“ အရင် နဲ့ ကို မတူတော့ဘူး ဒီ ယောက်ျား ” စကား လုံး ကို အားအား ရှိတိုင်း သတိရ တိုင်း ပြော ပြော နေသေး သည် ။ အရင် နှင့် မတူ သူ က သူ မဟုတ် ၊ အဲသည့် မိန်းမ ပင် ။ ပြော လိုက် လျှင် တစ်ကြိမ်တည်း နှင့် ခေါင်း မညိတ် တော့ ။ အတွန့် တက် ၊ အတွန့် ထွက် အောင် ပြန် ပြောနေ သေး ။ ဒီတော့ ဒီ က စိတ် မရှည်စွာ ဒေါသ ထွက် ၍ အော် လျှင်


“ အလကား နေရင်း ဒေါသ ကြီး နေတာပဲ ။ အိမ် က မိန်းမ ဆို အကောင်း ကို မမြင်တတ်တော့ဘူး ” လေး ဘာ လေး နှင့် ဦးတည်ရာ အကြောင်း ကိစ္စ က ပျောက် ပျောက် သွားရသည် မှာ လည်း အကြိမ်ကြိမ် ။


ဒီ မိန်းမ တကယ် ဈေး သွား လို့


“ မိန်းမ ရေ ဘာလေး ချက်ပါလားကွ ။ မစားရ ကြာ ပြီ ” ဟု မှာ လိုက်လျှင် မျက်လုံး မှေးစင်းစင်း ကို ပြူးကျယ် နိုင် သမျှ ပြူးကျယ် အောင် ပြူး ၍ ကြည့်ပြီး


“ ဈေး ရောက် မှ ကြည့် ဝယ်ရမှာ ။ ပြောတတ်သေးဘူး ”


စကား ကို ရင် ထဲ ခိုးလိုးခုလု ဖြစ်အောင် ပြောတတ် သလို ပစ္စည်း တစ်ခု ခု လို၍ ဝယ်ခဲ့ရန် မှာ လျှင်လည်း 


“ လကုန် ရက် နီးပြီလေ ”


“ လကုန် မှ ဝယ်တော့ ” ဟု အသံလုံးကြီးကြီး ဖြင့် မျက်စောင်း ချိတ် ပြောတတ်သေးသည့် မိန်းမ ။ အိမ်ထောင်ဦး အစ က ဆို


“ ဒီနေ့ ဘာ စားချင်လဲ ပြောလေ ”


“ ကို ဘာ ဝယ်ခဲ့ရမှာလဲ ” နှင့် ဈေး သွားခါနီး အခေါက်ရေ ထပ်အောင် မေးတတ်လေသည့် မိန်းမ ။ ဒီ က လူ က လည်း


“ မိန်းမ ဝယ်ချင်တာ ဝယ် ၊ မိန်းမ ချက်တာ အကုန် ကောင်း ” ဖြင့် အားလုံး ထောက်ခံခဲ့သည့် ဒီ လူ ။ အခု မှ 


“ ဒီ ဟင်း စား မကောင်းဘူး ကွာ ”


“ အဲဒါကို မကြိုက်ဘူးလေကွာ ” ကို အသံ ဖွဖွ ပင် မပြော ရဲ ။ ပြော လိုက် လျှင် နှုတ်ခမ်းထူပွပွ ကို စူလန် နေ အောင် ထော်ပြီး 


“ ကြေးများတယ် ”


“ ဒီ ဝင်ငွေ နဲ့ မစားချင် လည်း မတတ်နိုင်ဘူး ” စကား ဖြင့် သံစဉ် မညီမညာ ပြောတတ် ပြန်တော့ ဒီ လူ့ ရင် ခံစားမှုတွေ ပင် ကြည့်လေတော့ ။


ဒီ မိန်းမ အဟုတ်ပင် ယောက်ျားများ သူ မွေးထား သည့် ကလေးများ မှတ် နေလား မသိ ။ မေးလိုက် မြန်းလိုက် နှင့် အေးအေး ငေး တွေး မနေရ ။ အလုပ်ပြန် နောက် ကျ လျှင် တရားခံ စစ်သလို


“ ဘာဖြစ်လို့ နောက်ကျနေတာလဲ ” တဲ့ ။ ဟော ... စော ၍ ပြန်လာ လျှင် လည်း


“ ဘာဖြစ်လို့ စော၍ ပြန်လာတာလဲ ” ကို တရားခံ မေး သလို မေး ပြန်သည် ။ မိန်းမတွေ များ တကယ် ကို စစ်စစ်ပေါက်ပေါက် ။ ဆီ အပေါက် ရှာ တတ် သလိုမျိုး ပြောတတ် ၊ ကြည့်တတ် ၊ မြင်တတ် လွန်း စွ ။ 


“ ဘယ်သူနဲ့ သွားမှာလဲ ” 


“ ဘယ်ကိုလဲ ”


“ ဘာအတွက်လဲ ”


“ ဘာဝတ်သွားမှာလဲ ”


“ ဘယ်အချိန်လဲ ”


“ ဘယ်တော့ပြန်မှာလဲ ” များစွာ ဖြင့် ဘယ်တွေ ၊ ဘာတွေ များ မှ များ အောင် မေးတတ်လေသည့် မိန်းမ ၊ တကယ့် မိန်းမ ။ အူတူတူ အတတ နတတ ပုံ ဟန် က လည်း ဖြစ်သေး ။ ယောက်ျား က တခြားသူ မသိစေချင် ၍ မျက်နှာရိပ် မျက်နှာကဲ ပြလည်း “ ဘာလဲ ” “ ဘာလဲ ဟင် ” နှင့် ထ ရိုက်ချင်စရာ ဖြစ်အောင် ကို တုံးတတ် လွန်း သေး ။ ဆူလိုက် အော်လိုက် လျှင် လည်း ဘာမျှ မသိသည့် ကလေးငယ် တစ်ဦးနှယ် မျက်နှာငယ် မျက်ရည်ဝဲဝဲ ဖြင့် 


“ မသိလို့ပဲ တော် ”


“ သိမှ သိဘဲကို တော် ” စကား ကို ဒေါသ ထွက်ရ သူ ပင် ကိုယ့် ကိုယ် ကိုယ် ဒေါသ ပြန် ထွက်ရ လောက်အောင် ကို အသံနေ အသံထား ဟန်အမူအရာ လုပ်တတ် ပြောတတ်လေသည့် မိန်းမ ။ ဒီ က ယောက်ျား မှာ လည်း သိသိသာသာကြီး နှင့် ဒါကိုပင် ဒါကိုပင် ။


အခုလည်း ကြည့် ။ သူ့ သူငယ်ချင်းတွေ နှင့် ဘုရားဖူး ပါသွားသည် ကို ဖုန်း မဆက် ။ ရောက်ကြောင်းလေး တစ်ခါ ဆက် ပြောပြီး ကတည်း က မဆက်လိုက်သည့် ဖုန်း ၊ ပြော မပြောချင်တော့ ။ အတော် နေနိုင်သည့် မိန်းမ ။ ဒီက စ ဆက် လျှင် လည်း ကောင်းကောင်း ပြန်မဖြေလျှင် မိန်းမ သူငယ်ချင်းတွေ ကြား အရှက်ကွဲ အဟား ခံရဦးမည် ။ တော်ပြီ ။ မဆက်ချင် နေ  ။ ပြန် လာချင်သည့် အချိန် မှ ပြန် လာ ။ ဒီမှာ တစ်ယောက် တည်း အေးဆေး ။ မေးမြန်း မည့် သူ မရှိ ။ ကောင်းလိုက် ၊ လွတ်လပ်လိုက် သည့် အချိန် ။ နေပေါ့ ။ ဘယ်သူ ပို နေနိုင်သည် ကို ။ လက်ဖက်ရည်ဆိုင် နေကုန် ထိုင်ပြီး ညနေ တစ်ခွက် တစ်ဖလား ဆွဲ ပစ်လိုက် မည် ။ ညလုံးပေါက် ဘောပွဲ ကြည့် လည်း စူအောင့်မည် သူ မရှိ ။ ငြိမ်းချမ်း လိုက်ပါဘိ ။ ဒီ ည သူ့ အကြိုက် မန်ယူ နှင့် အာကြီး ပွဲ ရှိသည် ။ ကြည့် မည် ။ ကြည့်လိုက်မည် ဟု တွေး နေလျက် ကော်ဖီခါးခါး တစ်ခွက် သောက်ချင် လာ ၍ မိန်းမ ကို သတိရ သွားပြီး ဘာမဆိုင် ညာမဆိုင် “ ဒီမိန်းမ က တော့ ” ဟု ရေရွတ်ရင်း ကော်ဖီခါးခါး တစ်ခွက် ကို ဖျော် မသောက်ဖြစ်ခဲ့ ။


ဒီ ကြား ထဲ “ ဖေကြီး ၊ မေကြီး ကို သတိရ နေပြီ မဟုတ်လား ” 


ဟု သား အငယ်ကောင် က အဖေ့ ကို လာ နောက် နေ သေး၍


“ ဘောပွဲ အေးအေး ကြည့်ရတဲ့ အရသာ အခုမှ အစ ရှိသေး ”


ဟု သား ကို ယောက်ျား သဘာဝ ဖြင့် ခပ်ကြွားကြွား လေး ပြောပြီး မှ သူ့ အမေ ပြန် လာ လျှင် ဤသို့ ပြန် ပြော လျှင် အခက် ဟု တွေးလိုက်မိသေး ။ ဪ .. ယောက်ျား များ မိန်းမ စိတ်မကောင်း ဖြစ်မှာ ကို တွေး ပူ မိ လိုက်သေး ။ မိန်းမ သာ စိတ် မချဘူး ။ သူငယ်ချင်းတွေ ကလည်း ခေါ် နေတော့လေး ဘာလေး နှင့် ပြော ပြီး ဖုန်း ပင် မဆက် ။ အတော် လူပါးဝသည့် မိန်းမ ။ ဆက် ပေါ့ ၊ ယောက်ျား အကြောင်း လည်း သူ့ လောက် သိသူ မရှိ ။ ဒါ ကို ပင် နေနိုင်လှ ။ ဖုန်း ဆက် မှ ပြော ကို ပြော ပစ်လိုက် ဦးမည် ။ အကျိုးသင့် အကြောင်းသင့် လောက်တော့ တစ်ကြိမ် လောက် တော့ ထပ် ဆက်ပေါ့ ။ အခုတော့ ဒီ မိန်းမ ဖုန်းကတ်ငွေ နှမြောသည် လည်း ပါမည် ။ စေးကပ်လွန်း ။ ယောက်ျား ထက် ဖုန်းကတ် နှမြောသည့် မိန်းမ ။ ပြော လည်း သူသိ သူတတ် ။ ရသည့်ယောက်ျား အတင်း ပြောလိုက် သည် မှာ လည်း ယောက်ျား ဖြစ်သူ က ပြောစရာကြီး ကို ဖြစ်လို့ ။ တကယ့် မိန်းမ ။ ယောက်ျားများ မယူ ရင် ပြော စရာ စကား ပင် ရှိမည် မဟုတ် သလိုလို ပြော လေသည် ။ 


တော်ပြီ တော်ပြီ ။ ဒီ မိန်းမ အကြောင်း တွေး နေရ သည် နှင့် ပင် အာခြောက် ဗိုက်ဆာ လာပြီ ။ မတွေးတော့ဘူး ။ ဘောလုံးပွဲ လည်း လာတော့မည် ဟု နာရီ ကြည့် လိုက် ရင်း တီဗွီ ကို ဖွင့် လိုက်၏ ။


ဟော လာပြီ လာပါပြီ ။ အချိန်ကောင်း ဆို ။ မကိုင်ဘူး ၊ မကိုင်ဘူး ကွ ။ ဘောလုံးပွဲ ရှိမှန်း သိလို ဖုန်း ခေါ်တာ ။ မကိုင်တော့ဘူးကွာ ဟု တွေးနေရင်း က ပင် လက် က ဖုန်း ကို နှိပ်ကာ ထူးပြီး နေပြီ ။


“ ယောက်ျား အိပ်သေးဘူးလား ။ အိမ် ကို သတိရ ပါ့ တော် ။ အားသွင်းကြိုး ပါ မသွားတော့ ခက်နေတာ ပေါ့ ။ ရှင် က လည်း သတိ မပေးဘူး ။ ကလေးတွေ ရော အားလုံး ရှိလား ။ နေကောင်းတယ် မဟုတ်လား ။ အခု မွန်ပြည်နယ် ဘက် က ဘုရားတွေ ဆက် ဖူးဖို့ သွားနေတာ ။ ရှင် အိပ်ရေးတွေ အပျက်ခံ မနေနဲ့နော် ။ ဘောလုံးပွဲ လည်း ညလုံး ပေါက် ထိုင် ကြည့် မနေနဲ့ ။ ရှင့် လည်း စိတ် မချပါ ဘူး ။ နောက် သုံးရက်လောက် ကြာရင် ပြန် လာပြီ ။ တော်ပြီ နော် ယောက်ျား ဖုန်း ချ လိုက်တော့မယ် ။ ဖုန်း ဘက်ထရီ ကုန်သွား မှာ စိုးလို့နော် ယောက်ျား ဖုန်းချလိုက်ပြီ ” 


ပြောချင်သည် ပြောပြီး ဖုန်းချ သွားသည့် မိန်းမ ။ ခက်တော့ လည်း အခက် ။ ယောက်ျား က ဘာမျှ ပြန် အဖြေ မပြောရသေးဘူး ။ ဖုန်း အားသွင်းကြိုး မပါသွားသည် ကို ပဲ ယောက်ျား လှမ်း အပြစ် တင် ပြော နေသေး ။ ဒီ မိန်းမ စိတ် မချလို့ တော်တော် လူ ကို ကလေးများ မှတ် နေလား မသိ ။ ရှင့် လည်း စိတ်မချဘူး က ပါသေး ။ အတော် ရယ် ရသည့် မိန်းမ ။ ငယ်ကျင့် ကို မပျောက်ဘူး ။ လူများ သူငယ်နှပ်စားလေး မှတ် နေလား မသိ ။ ဒီ မိန်းမ မအိပ်ခင် Messenger ကနေ စာ ပို့လိုက်ဦးမည် ။ အဲဒါမှ သူ ဖတ် ပြီး ပြန် မပို့တတ်တော့ ခိုးလိုးခုလု ဖြစ် နေမှာ ။ ဟုတ်ပြီ ဟုတ်ပြီ ၊ အဲဒီလို ရေး ပို့လိုက်မည် ။


“ ဂိုး ... ဂိုး ဂိုး ” အားပါးတရ ဂိုး ဟု အော်လိုက်သံများ သူ့ နား တွင်း လာ ထိ မှ ဖုန်း မျက်နှာပြင် ပေါ် မှ စာလုံးသေးသေးလေးများ ကို ကြိုးစားပမ်းစား ကြည့်၍ စာ ရိုက် ပို့နေသည့် လက် က ရပ်တန့် ၍ တီဗွီမျက်နှာပြင် ကို ကြည့် ဖြစ် သွား သည် ။ ကြည့် သော်လည်း ဘယ်ဘက် ကို ဘယ်သူ က ဘယ်လို ပုံ ဂိုးသွင်း လိုက်မှန်း ကြည့် မရ ။ ဂရုစိုက် သေချာ ရိုက် ပို့နေရသည့် စာလုံးသေးသေးလေးများ ကြောင့် မျက်လုံး က ပြာဝေမှုန် နေ၍ မျက်လုံး ကို အသာဖွဖွ ပိတ်လိုက် ဖွင့်လိုက် လုပ် နေ ရသေးသည် ။ ဤသို့ လုပ် နေစဉ် မှာ အချိန်လေး မှာ ပင်


“ ယောက်ျား ယောက်ျား ချဉ်ချဉ်စပ်စပ် တော်တော် ကြိုက် ”


ကြော်ငြာစာသားလေး က တီဗွီ မှ ခုန်ပျံ ထွက်လာသည် ကို ကြား လာ ရ ၍


“ ယောက်ျား ယောက်ျား ချဉ်ချဉ်စပ်စပ် တော်တော်ကြိုက် ”


စာသားလေး ကို စိတ် အတွင်း မှ လိုက် ဆို ပြီး ကိုယ့် အတွေး နှင့် ကိုယ် သဘောတွေ လွှတ်ကျစွာ တစ်ဦး တည်း အားရပါးရ ပြုံး နေ မိတော့၏ ။


◾လဲ့ဝင်းကြည် ( ချို )


📖 ခေတ်ရနံ့ မဂ္ဂဇင်း

      ဇွန် ၊ ၂၀၁၇ ။


#ကိုအောင်နိုင်ဦး


.

Wednesday, February 14, 2024

အတွေးအိမ်ရက်ဖောက် တစ္ဆေခြောက်


 ❝ အတွေးအိမ်ရက်ဖောက် တစ္ဆေခြောက် ❞


သည် ယောက်ျား ဘယ်တွေများ သွား နင်းနေ ပါလိမ့် ၊ ဆယ့်နှစ်နာရီ ပဲ ထိုးတော့မည် ။ သောက်ပြီး မှောက်ရအောင် လည်း အကြီးမ ရည်းစား ထားသည့် သတင်းလေး ဘာလေး ကြား ပြီး -


“ ငါ့ သမီး တောင် အရွယ် ရောက်နေပြီပဲ ... ။ ငါ မသောက်တော့ဘူး မိန်းမရာ ” ဟု ပြောပြီး ကတည်း က မသောက်သည် မှာ အတော်လေး ကြာပြီ ။ အခုမှ သောက်ချင်စိတ် ပေါက်ပြီး သောက် လျှ င်လည်း ပြန် လာချိန် ရောက် နေပြီ ။ သောက်ရ အောင် လည်း ဖြတ် ပြီးကတည်း က တစ်ခါတလေ ပင် မသောက်တော့ ။ အခုမှ .. ၊ ဒါလည်း မဖြစ်နိုင်ပါဘူး ။ ကားတွေ ဘာတွေများ  ... ၊ ဘုရား ... ဘုရား ၊ ဖွဟဲ့ ... လွဲပါစေ .... ဖယ်ပါစေ ။ ဘာများ ဖြစ်နေပါလိမ့် ။ တစ်ခု ခု ဆို ခက် ပြီ ။ အငယ်လေး မှ နှစ်နှစ် ၊ ဗိုက် ထဲ မှာ လည်း ရှိသေး ။ ဘုရား ဘုရား .... ။ ကိုကျော်မောင် ဘာမှ မဖြစ်ပါစေနဲ့ ။ မဝင်ရ ဆိုသည့် လမ်းများ ဝင်ခဲ့လို့ အဖမ်းခံရခြင်း လား ။ ဒါလည်း မဖြစ်နိုင်ပါဘူး ။ နင်း လာသည် ပဲ အသက် ထက်ဝက် ကျော်နေပြီ ။ ကိုမြမောင် တို့ အိမ် က ခွေးတွေ က လည်း .... ဟောင်လိုက်သည် မှာ နား မနားဘူး ။


ရှေ့ အိမ် က မလှရီ ယောက်ျား သိန်းနိုင် ပင် ဈေး ကား ထွက်ရန် ပြင် နေပြီ ။ ကိုကျော်မောင် တစ်ယောက် ဘာများ ဘယ်လိုတွေ လုပ်နေသည် မသိ ။ ဒီ အချိန်ကြီး မှာ ဂိတ် လိုက် ရ အောင် လည်း ဘယ်သူမျှ တွေ့မည် မဟုတ် ။ အတူ နင်းသည့် သူတွေ အိမ် လိုက် မေး ရ အောင် လည်း မလွယ် ။ ဪ ကိုကျော်မောင် တစ်ယောက် က တော့ မိန်းမ စိတ် ပူ အောင် ၊ သည် အချိန် အထိ နင်း ရအောင် လည်း ... ခရီးသည် .. ခရီးသည် .. ၊ ဟာ ဟုတ်ပြီ .. ၊ ဟုတ်ပါပြီ ။ ဟို ကောင်မလေး နှင့် ပဲ ဖြစ်လောက်သည် ။ ဟို ကောင်မလေး နှင့် သည် အချိန် အထိ အောင် ပြန် မလာသေးဘူး ဆိုတော့  ... ဟို ကောင်မလေး နဲ့ ပဲ .. ။ ဟုတ်လောက်ပါပြီ ... ဟုတ်နေပါပြီ ။ သည်အချိန် ဆယ့်နှစ်နာရီ ပဲ ထိုး တော့မည် ။ ငါ က လည်း ညံ့ပါ့ ။ စောစောက မတွေးမိဘူး ။ သည် ကောင်မလေး နဲ့ ပဲ ... သည် ရက်ပိုင်း မှာ အဲသည် ကောင်မလေး အကြောင်း အပြော ထပ် နေခြင်း ကို သတိ မထားမိဘူး  ။ 


ခုတော့ ခက်ပြီ .... ။


ယောက်ျားတွေ ... အကျင့် က လည်း ကောင်း သည် မဟုတ် ။ အိမ် ရှိ မိန်းမ က သရဲ ၊ သဘက် ၊ ပြိတ္တာ အပြင် က မိန်းမတွေ ဆို အားလုံး စိတ်စေတနာ ကောင်း ဟု မြင်ထားတတ် သူများ ဆိုတော့ ။ အခု လည်း ကောင်မလေး က ငယ်ငယ် ၊ သွက်သွက် ၊ လှလှပပလေး ဆိုတော့ ဟုတ်နေလောက်ပါပြီ ။ ကောင်မလေး က ကဲကဲ ၊ အိမ် က ယောက်ျား က လည်း သဲသဲ .. ။ 


“ ကောင်မလေး သနားပါတယ် ၊ သနားစရာ ” 


“ ဘဝပေး မကောင်းရှာလို့ သာ ”


ဟိုတစ်လော .. ရက်တွေ ကတည်း က ရွတ် နေသည် ။ ဒါကြောင့်ပဲ ဖြစ်မည် ။ ငါ ကို က လည်း အ ပါ့ ။ တကယ်ဆို အဲဒီ ရက် လောက် တည်း က ပြောထား ၊ ဆိုထား ရမှာ ကို .... ငါ က ကို အလိုတူ လိုက် ပြော နေ တော့ ဖြစ်ပြီပေါ့ ။ ဖြစ်ကုန်ပြီ ပေါ့ ။ ဖြစ်ကြပြီ ပေါ့ ။ သည် ယောက်ျား သည် အချိန်ထိ ပြန် မလာမှ တော့ .. သည် ကောင်မ နှင့် ပဲ .. ။


ဗိုက်ကြီး တကားကား နှင့် မွေးခါနီး ၊ ဖွားခါနီး မိန်းမ ကျ “ သနားပါတယ် ” စကား အစွန်းအစတောင် မကြားရဘူး ။ ဈေး က လည်း ရောင်း ရသေး ။ ဒါတောင် သနားစိတ် မဝင်ဘဲ .... ဟို ကောင်မလေး ပဲ “ သနား စရာ ” ၊ “ သနားစရာ ” ဟု ဂါထာ ရွတ် သလို ရွတ် နေသည့် ယောက်ျား ။ တွေ့မည် ၊ တွေ့မည် ။ ညစာ ခက်ရုံ မက ရောဂါ ပါ ရ ဦးမည် ။


အလှအပ နှင့် အသာအယာ လည်း မက် ပါ့ ။ ကိုကျော်မောင် ... ကိုကျော်မောင် ။ ဟို က ငယ်ငယ်ရွယ်ရွယ် ဆိုတော့ ခေါ် မှာ ပေါ့ ၊ ပြော မှာ ပေါ့ ။ သည် ကတော့ အချစ် တွေ ၊ အသည်း တွေ ၊ မောင် တွေ ဘယ်လို ခေါ်ပြော နေနိုင် မှာလဲ ။ အသက် က ပဲ လေးဆယ် ပြည့် တော့မယ် ။ ကလေး က လေးယောက် ၊ ဗိုက် က တစ်ဗိုက် ရှာရ ဖွေရသေး ။ ချစ်သည် တောင် ဘာမှန်း မသိတော့သည့် အရွယ် ... ။ အော်ရ ၊ ငေါက်ရ ၊ ပေးရ ၊ ယူရ နှင့် ယဉ် ခဲ့ သည့် စိတ် ပင် တူးရင်း ၊ လူးရင်း ပျောက် နေပြီ ။ ဒါကိုပဲ အပြစ် မြင်၍ အသစ် ရှာ လေသည် ။ ကိုကျော်မောင် ... ကိုကျော်မောင် ... ရှင် တော့ တကယ်ပဲ ဟို မိန်းကလေး နှင့် ပါသွား ပြီ လား ။ ခက်ပါပြီ ... ဒီလိုဆို ဘယ်လို လုပ်ရပါ့ ။


ညနေစောင်း က ကိုကျော်မောင် နှင့် လှဝင်း တို့ နှစ်ယောက် ကျောင်းဈေး ဘက် နင်း သွားသည် ဟု မစန်း က ပြော၏ ။ လှဝင်း အိမ် ပဲ လိုက် မေးရမည် လား ။ ဪ .... သည် အချိန်ကြီး မှ ငါ က လည်း ဗိုက်ကြီး နဲ့ ။ လှဝင်း အိမ် က ဘူတာ ကျော် ပြီး မှ ရောက် မှာ ။ မဖြစ်သေးပါဘူး ။ စောင့် နေရအောင် လည်း ဘာကို စောင့်ရမှန်း မသိ ။ ကိုကျော်မောင် တစ်ယောက် ၊ သည် ယောက်ျား တစ်ယောက် တော့ ..... ။


မိနီမ က တော့ ပြောသား ။ ငါ ကို က တုံးလွန်း ၊ အလွန်း ၊ ယောက်ျား ကို ယုံလွန်း .... ။ အခုတော့ ဖြစ်ပြီ ... ။ ဖြစ် နေပြီ ။


“ ညည်း ယုံနေ .. ၊ ညတိုင်း လိုက် ပို့ ပေးရတယ် ဆိုတာ ... ။ ကိုယ် က လိုက်သင့် လိုက်အေ့ .... ။ ကောင်မလေး တွေ ကလည်း ညည်း သိတဲ့ အတိုင်း ။ ယောက်ျား တွေ က လည်း အနံ့လေး ပဲ ရှူ ရ - ရှူ ရ မျိုး တွေ ။ ပြောတိုင်း ယုံမနေနဲ့ ကောင်မ ရဲ့ .. ” ဟု မိနီမ သတိပေး စကား ပြော ကတည်း က ပြောထား ရ မှာ ကို တား ထား ရ မှာ ငါ က ကို အလိုတူ အလိုပါ .. ။


“ နေ့စဉ် ဖောက်သည်လေး ရ ထားတော့ အုံနာခ မပူရဘူးပေါ့ ယောက်ျား ရယ် ၊ စောင့်နင်း ၊ ဂိတ် မှာ ဆိုက်ကားတွေ က လည်း များ လာပြီ ” ဟု ပြော မှ တော့ ခက်ပြီ ပေါ့ ။ ခက်ကြပြီ ပေါ့ ။


ဟုတ်နေပါပြီ .. ။ သည် ယောက်ျား ခုပဲ ဘယ် အချိန် ရှိ နေပြီလဲ ။ တစ်ခု ခု ဖြစ်နေ ဆို သတင်း ကြား မှာပေါ့ ။ ခုတော့ ကျိန်းသေ နေပါပြီ ။ ဟို ကောင်မလေး နှင့် ပဲ ဟူး ဟူး ... ရင်တွေ ပူ လိုက်လာ၏ ။ 


“ ငါ့ ကို ပုဆိုးလေး ဘာလေး ဝယ် ပေး စမ်းပါဦး ” တစ်သက်လုံး ဝယ်ပေး မှ ဝတ်သည့် သူ က .. ဟို ရက်လေး က မှ ကောက်ကာ - ငင်ကာ ပုဆိုးသစ် ဝယ် ခိုင်းသည် ။ ဟုတ်ပြီ ၊ ဟုတ်လောက်သည် ။ မနက် က အဲသည် ပုဆိုး အသစ်ကြီး ဝတ် သွားသည် ။ 


ဟို ကောင်မ .... စိန်လေး ယောက်ျား တုန်း က လည်း ဒီလိုပဲ ။ ကလေးတွေ ငယ်ငယ် နှင့် နောက် မယား ယူ သည် ။ ဈေးဂိတ် က အောင်မင်း လည်း အတူတူ ပဲ ။ ကိုကျော်မောင့် သူငယ်ချင်း .. မြဦး လည်း မိန်းမ ဗိုက်ကြီး နှင့် ပင် နောက် မိန်းမ ထပ် ယူ သူ ။ ဟို တစ်ယောက် လည်း ဘာ ထူး ... အနား က ကွမ်းယာသည် နှင့် ။ အခု ကိုကျော်မောင် .. အိမ် က ယောက်ျား အလှည့် ပဲ လား မသိ ။ ဒီလိုဆို ခက်ပြီ ။ ဘယ်လို လုပ်ရပါ့ ။ မွေးခါနီး ဖွားခါနီးကြီး ကို ။ ကလေးတွေ က လည်း ငယ်သေး ။ ဘာမှ အားကိုး ရဦးမည်မဟုတ် ။ ဒုက္ခ ၊ ကိုကျော် မောင် ... ကိုကျော်မောင် ။ ရှင့် မှာ လည်း ကျုပ် ကို ရက် စက်လွန်း ... ။ ကလေးတွေ လည်း မသနား ။ ဒီ မျက်ရည်တွေ ဘယ်လို ကျ လာတာပါလိမ့် ။ နှပ် က လည်း ထွက်ချင် လာသည် ။ သွားပေါ့ ... ချင်းစိမ်း နှင့် မိဿလင် ပဲ ။ ကိုယ့် မချစ် မှ တော့ ... နောက် မှ .. ဒီ က မယားကြီး ဘယ်လောက် ကောင်းကြောင်း သိမယ် ။ ဒီတော့ ဟင်း ... ဟင်း ... တွေ့ပြီသာ မှတ် ။ ခုတော့ မွှန် နေပြီ ။ ဘာမှ မမြင်မတွေ့တော့ဘူး ။ သည် ယောက်ျား တုံး ကို တုံး လွန်းသည် ။ ဟို က သူ့ ကို ဘယ်လောက် ကြာကြာ ပေါင်း မှာလဲ ။ အားတုန်း .. ပြောလိုက်ရ မကောင်းတော့ဘူး .... ။ ယောက်ျား ကို က .. ဟို ကောင်မ က လည်း ခါ နေသည် ကိုး ။ ဖြစ်မှာ ပေါ့ ။ 


ကောင်မ ကို က ကဲ နေ မှ တော့ ၊ အတင်း ကပ် ချွဲ နေ မှ တော့ ... ယောက်ျား ပဲ မပါ ခံနိုင်ရိုးလား ။ ပါပြီ ပေါ့ ။ ဘာသား နှင့် ထု ထား လို့ လဲ ။ သည် က မိန်းမ နှင့် တော့ ကွာပြီ ပေါ့ ။ ဟို က ငယ်ငယ်လှလှ ၊ သာသာယာယာ လည်း ပြော မှာ ပေါ့ ။ ယောက်ျား က လည်း အလှကြိုက် ဆိုတော့ ဖြစ်ပြီ ... ၊ ဖြစ်လေပြီ ပေါ့ ။ ကိုကျော်မောင် ရယ် ကျုပ် ကို နည်းနည်းလေး တောင် ထည့် မတွက်တော့ဘူးလား ။ ဒီ ကလေးတွေ နှင့် ခက် ပါပြီ ။ သည် ယောက်ျား နောက် မယား ထပ် ယူနေပါ ပြီ - ၊ ပုဆိုး အသစ်ကြီး လည်း ဝတ် သွားသည် ။ ခုပဲ ဘယ် အချိန် ရှိနေပြီလဲ ။ မျက်ရည် က လည်း ကျ လာ ပြန်ပြီ ။ ခွေးတွေ က လည်း ဟောင်နိုင်လွန်း ။ ဟူး .. ကိုကျော်မောင် ... ကိုကျောင်မောင် ။ ပုဆိုး အသစ်ကြီး နှင့် ..... ။


ဘာဖြစ်ဖြစ် မနက် စောစော ထ ၍ အကြီးမ ခေါ် ပြီး လိုက်ရမည် ။ လိုက်ရမည် ဆို မှ ဘယ်ကို လိုက်ရမှန်း မသိ ။ ကိုကျော်မောင့် အစ်ကို ရှိသည့် ဒလ ဘက် လိုက်ရ မလား ။ သို့တည်းမဟုတ် ... တွံတေး ၊ သာကေတ မှာ ဦးလေး တစ်ယောက် ရှိသေး ။ သန်လျင် မှာ လည်း .... ဪ ... ဒုက္ခ ။ ဘယ် လိုက်ရပါ့ ။ ဒီလိုပဲ မေး စမ်းပြီး လိုက်ရမှာပဲ ။ တွေ့မှ ... တွေ့ လို့ကတော့ .. ကောင်မ ။ စိန်ရီ လက်ဖဝါး ဘယ်လောက် ကောင်း ကြောင်း ပြပြီ သာ မှတ် ။ ကိုကျော်မောင် လည်း အသေ ပဲ ။ အဲ ... ကိုကျော်မောင့် ကို တော့ ချော့မော့ ပြီး ခေါ် ရ မယ် ။ ကလေးတွေ က ရှိသေး ။ ကိုယ် က ဘာ အရေး လဲ ။ သူ မကြင် ကိုယ် မကြင် ပဲ ။ ယောက်ျား ခဏတစ်ဖြုတ် သာယာ သွားသည် ပဲ နေမှာ ။ မယားကြီး ဘယ် မေ့မှာလဲ ။ ဟို ကောင်မ က သာ ဪ ... ယောက်ျား နှယ် ... ။ ဒီ မျက်ရည် က လည်း ကျ ပဲ ကျ နေ ။ ဒီ အချိန် ဆို ပြန်လာလောက် ပါပြီ ။ မလာတော့ဘူး ဆိုရင် တော့ .. ။ ဟုတ်ကို ဟုတ်နေပြီ ။ ပုဆိုး အသစ်ကြီး လည်း ဝတ် သွားသည် ။ ဒီ မျက်ရည် က လည်း နော် ... ။ 


 •••••   •••••   •••••


သည် ပုဆိုးအသစ်ကြီး ဝတ် လာသည့် နေ့ မှ နင်း မကောင်းလိုက်ပုံများ ။ ဂိတ် မှာ လည်း ဆိုက်ကား တွေ အပုံ ၊ အိတ် ထဲ ငွေ က အုံနာဖိုး ရှင်းပြီး  ... ဘာမှ ကျန်တော့မည် မဟုတ် ။ သည် ကြား ထဲ ကောင်မလေး က ရောက် မလာသေးဘူး .... ။ ဘယ်အချိန် ရှိနေပြီ လဲ ။ ခါတိုင်း ဒီအချိန် ဆို လာနေ ကျ ။ သည် ည မှ .. ။ ခုပဲ ဆယ့်တစ်နာရီ ထိုး လုပြီ ။ ဗိုက် က လည်း ဆာ လှ ပြီ ။ သည် ကောင်မလေး ကြာ လိုက်တာ ။ အားပါးပါး ကိုက် လိုက် သည့် ခြင် ။ တစ်ကိုယ်လုံး ကို ယား နေပြီ ။


ဆယ့်တစ်နာရီ ထိုး လုပြီ ... ။ လှည့် ပဲ ပြန်ရမည် လား ၊ ဆက်၍ စောင့်ရမည်လား ၊ စိတ်ကဝေခွဲ မရလှ ။ ပိုက်ဆံ က လည်း အုံနာဖိုး ရှင်း ပြီး လျှင် ..... ။ စောင့်လိုက် ပါမည် ။ မထူးလှပါဘူး ။ နောက်ထပ် နာရီဝက် ပေါ့ ။ အိမ် က မိန်းမ စိန်ရီ လည်း စိတ်ပူ ရှာမည် ။ ဒီ ကောင်မလေး ခရီးတွေ ဘာတွေ များ သွား ၊ ဒါမှမဟုတ် နေထိုင် မကောင်းသည်  ပဲလား ။ ဟို တစ်ခါလို စီမံချက် ထဲ ပါသွား ... ။ ဘုရား ဘုရား ။ မိမသွားပါစေနဲ့ ။ ကောင်မလေး မှာ ကလေး နှစ်ယောက် ဆိုလား ပဲ ... ။ ဘဝ အကြောင်း လည်း မကောင်းရှာ ဘူး ။ စိတ်ကောင်း ၊ စေတနာကောင်းလေး တော့ ရှိရှာသည် ။ တွယ်မိသည့် သံယောဇဉ် က လည်း မလွယ် ။ သွားရင်း ၊ လာရင်း ၊ နင်းရင်း နှင့် ခင်မင် နေမိပြီ ။ ဖြုတ်ရ ၊ တပ်ရ အတော် ခက်သည့် သံယောဇဉ် ပဲ ။ ခုပင် အချိန် လွန်သည် ကို မပြန်နိုင်သေး ဘဲ စောင့် နေမိ၏ ။


သည်လို ညမျိုး ပင် ။ ခရီးသည် နှစ်ယောက် ကို ဈေးဂိတ် ဘက် လိုက် ပို့ပြီး အပြန် တွင် ဆိုက်ကား မသိမ်းသေးဘဲ ဂိတ် တွင် တစ်စီး တည်း ရပ် ထားစဉ် ချိုရွှင်ရွှင် အသံ ဖြင့် -


“ ဆိုက်ကားဆရာ ၊ ဆိုက်ကား အားလား ”  အမေး နှင့် ဆိုက်ကားခုံ ကို ကိုင်လိုက်သံ ကြောင့် ဖွာ လက်စ ဆေးလိပ် ကို အလျင်စလို ဖယ်လျက် “ အား တယ် .. အားတယ် ၊ ဘယ် သွားမှာလဲ ... ” ဟု အမြန် ဖြေ ၍ ကြည့်ရ၏ ။


နူညံ့သော ဆွဲဆောင်မှု ၊ ရဲရင့်သော ဖိတ်ခေါ်မှုများ ဖြင့် ပေါင်းရုံးကာ စု နေသည့် မိန်းမရွယ် လှလှ တစ်ယောက် ။


“ ခါတိုင်း  ...ဒီ အချိန်မှာ ဆိုက်ကား မတွေ့ တော့ဘူး ” 


ဆိုက်ကား ဘီး စ လှိမ့်သည် နှင့် ကောင်မလေး ၏ စကားသံ စ ထွက်လာသည် ။


“ နောက်ရက် တွေ လည်း ... ဒီ အချိန် စောင့်ပေး နိုင် မှာလား ၊ အမြဲ စီးမယ် လေ ... ။ ဆိုက်ကားခ လည်း ပို ပေးမယ် ” ဟု ပြောပြီး ကတည်း က သည်နေ့ အထိ စီး လာသည် မှာ ဆယ်လ လောက် ရှိတော့မည် ။ မစီး လျှင် လည်း ကြို ၍ ပြောသည် ။ ခု ည မှ ။


“ အမေ နှစ်ယောက် ၊ ကလေး နှစ်ယောက် ကို ရှာ ကျွေး နေရတာ ။ တစ်ခါ တစ်ခါ အစ်မ က အဆင်မပြေ လို့ ဆိုပြီး လာ လာ တောင်းသေးတယ်ရှင် ... စိတ်ညစ်စရာ ”


“ ရှင့် မှာ လည်း မွေး လိုက်သည့် ကလေး ... တော် ရောပေါ့ ... ။ ခုတင် လေးယောက် ။ ဗိုက် ထဲ မှာ လည်း ရှိသေးတယ် ဟုတ်လား ” 


ဤသို့ ပြောတတ်လေ သော ထို မိန်းကလေး အခု ဘယ် အချိန် ရှိနေပြီလဲ ။ ခုချိန်ထိ ရောက် မလာ နိုင်သေးဘူး ။ အိမ် က မိန်းမ စိန်ရီ လည်း မျှော်ပြီ ။ သူ လည်း ဗိုက် ဆာလှပြီ ။ မိန်းကလေး က မုန့်ကလေး ဘာလေး ပါ လာရင် ကလေးတွေ အတွက် ဗိုက်ကြီးသည် မိန်းမ အတွက် ဆိုပြီး ... တစ်ဖဲ့ တစ်ရွဲ့ လည်း ပေးတတ်၏ ။


“ စား ကောင်းလိုက်တာတော် ဈေး ကြီး မှာ ။ ခမျာလေး ကံမကောင်းရှာ လို့ သာ ” ပြောရင်း ကောင်မလေး ကို မမြင်ဘူးပဲ နှင့် သနား နေသည့် စိန်ရီ ။ ခုလည်း စိတ်ပူ နေရှာ လောက်ပြီ ။ သနားပါသည် ။ ဗိုက်ကြီး နှင့် မနက် စောစော လည်း ဈေး ထွက်ရဦးမည် ။ သည် မိန်းကလေး လည်း ဘာများ ဖြစ်သည် မသိ ။ ခုချိန်ထိ အရိပ်အယောင် ပင် မမြင်ရသေး ။ ဘာကိစ္စတွေ များ ဖြစ်နေ လဲ ။ အဲ .. ဟို ဧည့်သည် နှင့် ထပ် ပါ သွား ပြန် ပြီလား ။ သည် အချိန်ကြီး မှ ဆို မဖြစ်လောက်တော့ ပါဘူး ။ ဒါပေမဲ့ သူတို့တွေ အလု ပ် က ပြောရသည် မဟုတ် ။ တွေ့ သည့် သူ နှင့် ... ။


ဆိုက်ကား ပဲ ပြန် သိမ်း ရမည်လား ။ ဆက် ပြီးပဲ စောင့်ရဦးမှာ လား ။ ဝေခွဲရ ခက်လှသည် ။ တစ်နေ့လုံး လည်း နင်း မကောင်းတော့ အုံနာခလေး ကာ မိလည်း ကာမိ စောင့် လိုက်ဦးမည် ။ နောက်ထပ် နာရီဝက် လောက် တော့ ထပ် စောင့် လိုက်ဦးမည် ။ မထူးတော့ ပါဘူး ။ စိန်ရီ တော့ စိတ်ပူ နေမှာ သေချာပြီ ။ မိန်းမ လည်း သနားပြီ ။ စောင့် နေ ရှာ မှာ ။ နာရီဝက် လောက် စောင့် ပြီး ရင် ပြန်မည် ။ လာလာ - မလာလာ ။ ဗိုက် လည်း ဆာပြီ ။ ဆယ့်နှစ်နာရီ လည်း ထိုး နေပြီ ။ 


 •••••   •••••   •••••


ကျေးဇူးရှင် မယ်မင်းကြီးသား သေခဲဦးမည် ။ ပြန်လာပါပြီ ။ မိန်းမ ကြား အောင် အဝေး ကတည်း က ဘဲ ( လ် ) တီး လာသည် ။ ပြော မပြောချင်ဘူး ၊ သည်မှာ မျှော်လိုက်ရသည် မှာ ... သေချင်စော် ကို နံ နေပြီ ။ ခုမှ .. အပူလုံး ကျတော့သည် ။ ငါ့ ယောက်ျား ပဲ ။ ထင်သည့် အတိုင်း မဟုတ်ဘူး လို့ အစတည်း က သိသား ။


“ ဟဲ့ ... ဟဲ့ ၊ ဘယ်လို ဖြစ်တာလဲ ။ ဗိုက်ကြီး နဲ့ ချော်လဲ ဦးမယ် ။ ဖြည်းဖြည်း လုပ်ပါ စိန်ရီ ရယ် .. ” 


“ စိတ်ပူ လိုက်ရတာ ယောကျ်ား ရယ် ... တကတည်း ”


“ ဘာ ပူစရာ ရှိတုံး ... ၊ ပြန်လာမှာပေါ့ ” 


“ ပြန်တော့ ပြန်လာတာပေါ့ ... ပူတာ က ပူတာပဲ .. ။ ဪ ... ရှင် နောက် စောစောပြန် ။ ပြီးတော့ ဟို ကောင်မလေး ကို လည်း စောင့်ပြီး ပို့ မနေနဲ့တော့ ” 


“ ဟ ... ဘာဖြစ်လဲ ပို့တာ ။ ခု တောင် မုန့် ပေး လိုက်သေးတာ ... ”


“ မပို့နဲ့ ဆို ... မပို့နဲ့ တော် ”


“ မင်း ရူးနေလား ၊ ဆိုက်ကား နင်း မကောင်းရ တဲ့ ကြား ထဲ ... ”


“ ကောင်းကောင်း မကောင်းကောင်း ၊ မပို့နဲ့ ဆို .. မပို့နဲ့ ... ”


“ စကား များ လိုက်တာ ကွာ ... ဗိုက်ဆာ နေပြီ ။ ထမင်း မြန်မြန် ခူး ”


မောမောဆာဆာ ဖြင့် ထမင်း ကို .. အားပါးတရ စား နေသည့် ကိုကျော်မောင် ကို ကြည့် ၍ တစ်ခု ခု ပြောချင် နေမိသည် ။ သို့သော် ဘာ ပြောရမှန်း မသိ၍ ပါးစပ် ထဲ ထွက်မိ ထွက်ရာ  ...


“ ယောက်ျား ရယ် ... နောက်ဆို ပုဆိုး အသစ်ကြီး ဝတ် မသွားနဲ့ .. ” ဟု သာ ပြောလိုက်တော့၏ ။


◾လဲ့ဝင်းကြည် ( ချို ) 


📖 ပိတောက်နွယ် မဂ္ဂဇင်း

      ဖေဖော်ဝါရီလ ၊ ၂၀၁၂


#ကိုအောင်နိုင်ဦး


.