Wednesday, July 31, 2024

လယ်သူမ တေးသံ


 

❝ လယ်သူမ တေးသံ ❞
⎯⎯⎯⎯⎯⎯⎯⎯⎯ 
       ရန်ကုန်ဘဆွေ     
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
လ သာသော ည တစ်ည ...

ရဲဘော် နှစ်ယောက် သစ်ပင် ခြေရင်း တွင် ရောက် နေကြသည် ။

ရဲဘော် တစ်ယောက် က သစ်ပင် ကို မှီ၍ ထိုင်နေပြီး ကျန် တစ်ယောက် က သစ်ပင် ဘေးမှ စည်းရိုးတန်းကလေး ကို မှီ၍ ရပ် နေသည် ။ သူ သည် ထိုင်နေသော ရဲဘော် ကို ကျောပေး၍ တိမ်လွှာ များ အောက်၌ ငုပ်ချည်ပေါ်ချည် လုပ်နေသော ချိုထောင်ထောင် နှင့် လကလေး ကို ကြည့်ကာ ဖြည်းညင်းစွာ စကားပြော၍ နေသည် ။

“ ကျုပ် ဒီဘဝ မှာ နေရတာ ပျော်ပါတယ်ဗျာ ။ ကျုပ် အခုလို နေတာဟာ တကယ့်ကို ကျေကျေနပ်နပ် နဲ့ ကျုပ် တင်လာခဲ့တဲ့ ကြွေးတွေကို ဆပ်နေတာပဲ ။ ဒါတောင် ဒီ အကြွေး ဟာ ဘယ်တော့မှ ကျေမှာ မဟုတ်ဘူး ”

“ ဘာ … ကြွေးလဲဗျ ”

ထိုင် နေသော ရဲဘော်က လှမ်း၍ မေးလိုက်သည် ။

ရပ် နေသော ရဲဘော်သည် လှည့်၍ မကြည့်ဘဲ အဝေး ဆီသို့ မျှော်မှန်း၍ ငေးနေရာ မှ ခပ်ဖြည်းဖြည်း စဉ်းစား ရင်း ပြန် ပြောလိုက်သည် ။

“ ဒွေးဖော့ ရဲ့ အကြွေးလေ … ဒွေးဖော့ ဆိုတဲ့ လယ်သူမလေး တစ်ယောက် ရဲ့ အကြွေး ပေါ့ ”

“ ဘယ်လို … ”

နားထောင် နေသော ရဲဘော် သည် မျက်စိ ခပ်မှိန်းမှိန်း နေရာမှ မျက်လွှာ ကို ဖွင့်၍ မေးလိုက် ပြန်သည် ။

စကား ပြောနေသော ရဲဘော် သည် ထိုင်နေသော ရဲဘော် ၏ ဘက်သို့ ဖြည်းဖြည်းညင်းညင်း လှည့်လာရာမှ သူ ၏ ကြမ်းထော်ထော် လက်ဝါးကြီး ကို စိတ်အား ထက်သန်စွာ ဖြန့်၍ ဖြန့်၍ ပြရင်း ပြောနေ လေသည် ။

“ ခု … သေနတ်ကြီး တကိုင်ကိုင် လုပ်နေတဲ့ ဟောဒီ ကျုပ် လက်တွေ ဟာ အစ က မြက်ခုတ် ဓားတို့ ၊ ပေါက်ပြားတို့ ၊ ထွန်းတုံး ထွန်တံ တို့ ကို ကိုင် နေတာပေါ့ဗျ ။ ကျုပ် အရွယ် ရောက်လာ တုန်းက ဆိုရင် တင်းကုပ် တစ်ခု နဲ့ စာဥ ဆိုတဲ့ နွားကြီး တစ်ကောင် ပဲ ရှိတယ် ”

ရဲဘော် သည် ပြောရင်း တစ်ဖက်သို့ လှည့်သွားကာ အလင်းရောင် မရှိသော လရောင် တွင် သူ့ အိတ် ထဲ မှ Pay Book ကို ထုတ်၍ အလယ် တွင် ညှပ်ထားသော ဓာတ်ပုံ တစ်ခုကို မမြင်ရဘဲ နှင့် ကြည့်နေ လေသည် ။

သို့ကြည့်ရင်း သူ သည် စကား ကို ဆက်၍ ပြောလိုက်၏ ။

“ ဒါပေမယ့် ကျုပ် မပူပါဘူး ။ ဘယ် ပူမလဲဗျ ၊ ကျုပ် က လုံချည်ကွင်းသိုင်းနဲ့ ကတည်း က လယ် ထဲ မှာ ကြီးလာရတဲ့ လူ ပဲ ။ ဟော ... အဲဒီတုန်းက ဆိုရင် ကျုပ် မှာ ကျုပ် အိုး နဲ့ ကျုပ် ဆန် ဆိုသလို ချစ်သူတွေ ဘာတွေ တောင် ရှိလာပြီ ”

ရဲဘော်သည် ပြောရင်း ဓာတ်ပုံ ထဲ မှ မိန်းမပျို အား အကယ်ပင် မြင်လာသည် ။

••••• ••••• •••••

ဓာတ်ပုံ ထဲ မှ မိန်းမပျို သည် မျက်တောင်ကလေးများ ခတ်ကာ တဖြည်းဖြည်း ပြုံးရွှင် လာပြီးလျှင် သီချင်းများ ကို သီဆို၍ နေလေသည် ။ သူ သည် အစာဝဝ စားရဟန် မရှိသဖြင့် ကြုံလှီ၍ နေသော်လည်း ပျိုမျစ်သောအရွယ် နှင့် ရိုးသားပွင့်လင်းသော မျက်နှာသည် နီးရာ လူများ ကို ဆွဲဆောင်နိုင်သော အစွမ်း ရှိလေသည် ။ ထို့ကြောင့် သူ့ နံဘေး ၌ ပျိုးနုတ်ကြ ၊ ကောက်စိုက်ကြ ၊ မြက်နုခုတ်ကြ ၊ ထွန်ချေးဆွဲကြနှင့် ပြုလုပ် နေကြသော လယ်သမား အားလုံးတို့ ၏ မျက်နှာများ သည် သူ ၏ သီချင်းသံ နှင့် ပြုံးနေကြသည် ၊ ပျော်နေကြသည် ။ သူ နှင့် အတူ ရောနှော၍ သီဆို နေကြသည် ။ အပျို လူပျို ကာလသား ကာလသမီး တို့ သည်လည်း သူ၏ သီချင်းသံ နှင့် ပျော်လာကြသည် ၊ ပြုံးလာကြသည် ၊ တစ်ယောက်နှင့် တစ်ယောက် ကြည့် လာကြသည် ။ အချစ်သွေး ကြွလာကြသည် ။ အချစ် နှင့် ပတ်သက်၍ တစ်ယောက် နှင့် တစ်ယောက် ချိတ်ကြ ၊ စောင်းကြ ၊ ပြောင်ကြ ၊ လှောင်ကြ ၊ သရော်ကြသည် ။ သို့နှင့် သူတို့ သည် ထို မိန်းမပျို ၏ သီချင်းသံ ကို မကြားကြရလျှင် မစိုပြည်ကြ ၊ ပျင်းခြောက်ခြောက် ဖြစ် လာကြသည် ။ မိန်းမပျို ၏ သီချင်းသံ သည် ထို တစ်ကွင်းလုံး ရှိ လယ်သမား များ အား ပျော်စေ၏ ၊ အားဆေး ဖြစ်စေ၏ ။ ပင်ပန်းရမှန်း မသိစေနိုင်ပေ ။ သို့နှင့် ထိုနယ် ထိုရပ် ထိုလယ် ထို ကွင်း တစ်ခုလုံး တွင် အလုပ်ချိန် မှန်သမျှ ထို လယ်သမကလေး ၏ သီချင်းသံ မှာ မိုးဖွဲ ကလေးများ နှင့် အပြိုင် လွှမ်းမိုးလျက် ရှိခဲ့ပေသည် ။ ကျွန်ုပ်တို့ ၏ ရဲဘော်ကြီး သည် ထို ကွင်းသား တစ်ယောက် ဖြစ်ခဲ့၏ ။ သူ သည် ထို လယ်သူမကလေး ၏ သီချင်းသံ ကြောင့် ပျော်ခဲ့ရုံ အမောပြေခဲ့ ရုံမျှမက စွဲမက်လာသည် အထိ ဖြစ်ခဲ့လေသည် ။

ရဲဘော် သည် သူ၏ မျက်စိ ထဲ တွင် ရှေးဖြစ်ဟောင်း များ ကို မြင်၍ လာလေသည် ။

“ ကျုပ်တော့ ဗျာ အဲဒီတုန်းက လုပ်ငန်း ထဲ မှာ လုပ်နေရ လည်း ပျော်တာပဲဗျ ။ လုပ်ငန်း ပြီးလို့ မိုးချုပ် သွားလည်း ဝမ်းသာတာပဲဗျ ။ ဘာပြုလို့လဲ ဆိုတော့ ညည ကျရင် ကျုပ် က ကျုပ် ချစ်သူ နဲ့ သွားသွား တွေ့ ရတာ ကိုးဗျ ။ ဒါပေမယ့် အလကားပါပဲဗျာ ၊ ကျုပ်လေ ... ဟိုရောက်ရင် ဘာမှ မပြောဝံ့တော့ဘူး ။ ဒါပေမယ့် ကျုပ် အခု ညတော့ တကယ်ပဲ ခဲထားခဲ့မိတယ် …. ”

••••• ••••• •••••

လ ကလည်း မရှိဘူးဗျို့ ။ မှောင် က လည်း မှောင်သဗျ ။ တိမ်ပုပ်တွေ ကလည်း မှိတ်တုတ် မှိတ်တုတ် ကြယ်ရောင်ကလေးတွေ ကို တောင် တစ်ခါတစ်ခါ ဖုံးဖုံး သွားကြသေးတယ် ။ ဒီလိုနဲ့ ကျုပ် ဒွေးဖော့ တို့ ငှက်ပျောပင်အုပ် ဆီ ကို လည်း ရောက်ကရော သူတို့ တဲ က ခွေးပိန်မကလေး က လည်း ထိုးဟောင်ရော ။ မကြာခင်ပဲ သူ ရောက်လာတယ်ဗျ ။ အမယ်လေး … ကျုပ် ရင်ထဲ မှာလည်း ဒိန်းဒိန်း ဒိန်းဒိန်းနဲ့ ၊ ဒါပေမယ့် ဒီတစ်ခါ တော့ အလောင်းဘုရားထုံး နှလုံးမူပြီး ကျုပ် က အရဲစွန့် လိုက်တယ်ဗျ … ။

“ ငါ င င င င ငါ … ကြိုက် မလို့ဟ .. ”

“ ဘာတုံးတော့ … ဘယ်သူ့ ကိုလဲ ”

ကဲ .. ကဲဗျ ။ ကျုပ် ဘယ့်နှယ့် ပြန်ပြောရပါ့မလဲ ။ မျက်နှာ ပူလိုက်တာဗျာ ။ သူ ကတော့ ရယ်များတောင် နေသလား မသိဘူး ။ အို …. ဒါပေမယ့်လေ ဖြစ်ချင်တာ ဖြစ်စမ်း - ကဲ ။

“ ဒွေးဖော့ ”

“ ဘာတုံး …  ”

ခက်လိုက်တာဗျာ .. ။ ကျုပ် ဘယ်လိုများ စွန့် ပြောရပါ့မလဲ ။ အို …. ဒါပေမယ့် ဒီတစ်ခါတော့ ..

“ ဒွေးဖော့ ”

“ ဘာတုံး ”

“ ဒွေးဖော့ ”

“ ဘာတုံးတော့ .. ”

“ နင့် …. ငါ ကြိုက်တယ် ”

“ ကျုပ် သိသားပဲ ”

“ ဟင်း ... ဒါ ဒ ဒ ဒ ဒ ဒါဖြင့် နင် က ကော ”

“ အရီးလေး … ပြောပါလား ”

“ နင့် အရီး က သဘော တူပါ့မလား ”

“ နွား တစ်ကောင် နဲ့ စပါး ၅၀ တင် တောင်းရင် ဘယ်သူ့ ဖြစ်ဖြစ် ပေးစားမယ် တဲ့ ”

အဲ ... အဲဗျ .. ။ အဲဒါ ခက်တာပဲ ၊ စပါး ၅၀ ကတော့ နွေ ကျရင် လုပ်ခ ရမှာ ။ နွား တစ်ကောင် အတွက် စာဥကြီး ကို ကျုပ် ပေးနိုင်ပါ့မလား ။ စာဥ ကို ကျုပ် လိုချင်လှချည့်ရဲ့ဆိုလို့ ငယ်ငယ်ကလေး ထဲ က အဘ က အကြွေး ဝယ်ပေးသွားတာ ။ ဒီကြွေး ကျေအောင်ဆပ်ဖို့ နေ့ရော ညပါ အလုပ် လုပ်ရင်း အဘ ဟာ ပိုးထိရင်း ဆုံးခဲ့ရတယ် ။ ဒီနောက် ကျုပ် လက်ထက် မှာ ကြွေးကလေး ကျေပြီးတော့ ဒီ စာဥ ပဲ ဆွေးမျိုး ၊ ဒီ စာဥ ပဲ လုပ်ဖော်လုပ်ဖက် ၊ ဒါကို ကျုပ် မိန်းမ လိုချင်တာနဲ့ … အို … ။

“ ဒွေးဖော့ ရယ် … နွား တစ်ကောင် မပါရင် မဖြစ်ဘူးလားကွာ ”

“ တော့် မှာ စာဥကြီး လဲ ရှိသား မဟုတ်လား ”

“ ရှိတော့ ရှိတာပေါ့ကွာ ။ ဒါပေမယ့် … စာဥ က ငါ ငယ် …. ”

“ တော့် သဘောပဲတော် …. ကျုပ် ကတော့ ဘာမှ မပါလဲ မငြင်းပါဘူး ။ အရီးလေး ကတော့ ရမှာ မဟုတ်ဘူး တော့ ”

ဟုတ်တယ် ။ သူ့ အရီးလေး ကလည်း သိပ် ဆင်းရဲ ရှာတော့ ဒွေးဖော့ ပဲ အားကိုး နေရရှာတာ ၊ စာဥ က လည်း ကျုပ် လောက် နီးနီး လိမ္မာပြီး ကျုပ် နဲ့ ငယ်ငယ်လေး ထဲက အတူ ကြီးပြင်းလာခဲ့ကြ ရတာ ၊ ဒါကို ကျုပ် ဘယ့်နှယ့် လုပ်ပြီး ..

“ ကျုပ် ပြန်တော့မယ်တော် …. ”

“ ဟင် .. ဒွေး …. ဒွေးဖော့ ဒွေးဖော့ ”

ကဲ … ကဲဗျ … ကျုပ် မိုက်လိုက်တာဗျာ ။ ကျုပ် ဟာ လူ နဲ့  နွား ကို တောင် ဘယ်ဒင်း အဖိုးတန် မှန်း မသိတာ ၊ လူ က အဖိုးတန်တာပေါ့ဗျ နော် ၊ ဒါနဲ့ ကျုပ် သူ့ နောက် အပြေး လိုက် သွားတော့ သူ ဟာ သူတို့ တဲရှေ့က တင်းကုပ် ထဲ မှာ ရပ်ပြီး ငိုနေရှာတယ်ဗျ ။

“ ဒွေးဖော့ ... ”

“ ဒွေးဖော့ ... ”

“ ဒီမှာ … ဒွေးဖော့ .. ဘာလို့ ဒါလောက်တောင် ငို နေရတာလဲ ... ဟာ ... ”

“ တော် သွားပါတော် … တော် ကျုပ် ကို လာပြော မနေပါနဲ့ ။ တော် .. ကျုပ် ကို တော့် နွားကြီး စာဥ လောက်မှ တန်ဖိုးမထားတဲ့ဟာ ”

“ နေပါဦးဟ … ကြည့်စမ်း ။ ဒါနဲ့ နင့် အရီးလေး နိုးလာလိမ့်မယ် ။ တိတ်ဟာ ... ငါ က နင့် ကို ဘာမှလဲ မပြောရသေးဘဲနဲ့ ”

“ မပြောကော ဒါလောက်တောင် ခဲခဲယဉ်းယဉ်း စဉ်းစား နေရလား ၊ လူနဲ့ နွားပါတော် ။ တော် ကျုပ် ကို ကြိုက်တယ် ဆိုတာ နွား လောက်မှ မကြိုက်လို့ပေါ့ ။ ဖယ်ပါ ကျုပ်သွားမယ် ”

“ အိုကွာ ... စိတ်ချည်းပဲ ၊ ငါ က စာဥကြီး ရှိနေရင် နင့် ကို ပိုပြီး ချောင်ချောင်လည်လည် ထားနိုင်မလားလို့ နင့် ကို ချစ်လွန်းလို့ ... ငါက … အလဲ့ … ”

“ ကြည့်ပါလား … ကြည့်ပါလား ၊ ကျုပ်က အကောင်း ပြောနေတာ ။ တော် ကျုပ် ကို ကျုပ် ကို... ”

“ အို … အို … ငါ က ရှက်သွားလို့ပါဟာ ၊ ငါ လေ နင့် အတွက် ဆိုရင် စာဥကြီး တောင် မကဘူး ၊ ငါ့ တင်းကုပ်ကလေးပါ ပေးလိုက်ရပေစေ …  ”

“ တော် အဟုတ် ပြော နေတာလား ”

“ အဟုတ် ... အဟုတ် … အများကြီး … အားကြီး ဆယ်ခါလောက် ဟုတ် ... ”

သူတို့ သည် ခေတ္တမျှ တိတ်ဆိတ်၍ သွားကြသည် ။ မှောင် ထဲ တွင် တစ်ယောက် မျက်နှာကို တစ်ယောက် မြင်အောင် ကြည့်ရင်း တစ်ယောက် ရင်ခုန်သံ ကို တစ်ယောက် နားထောင် နေကြဟန် ရှိသည် ။

ထို အချိန်၌ သေနတ်သံများ သည် ရုတ်တရက် နီးကပ်စွာ ပေါ်ထွက်၍ လာကြရာ ဒွေးဖော့ သည် စံညွှန်း အား လန့်၍ ဖက်လိုက်လေသည် ။ ထိုအချိန်၌ တဲ အတွင်း မှ အသံ တစ်ခု ပေါ်၍ လာပြန်သည် ။

“ ဟဲ့ … ဒွေးဖော့ …. ဒွေးဖော့ ရေ .. ”

“ တော် … ၊ ဒီမှာ အရီးလေးရေ … ”

ထို့နောက် လေသံ နှင့် ဆက်၍ ပြောလိုက်သည် ။

“ လွှတ် … လွှတ် … လွှတ်စမ်းပါ ”

“ ဟဲ့ … နင် ဘယ်ကလဲ ... ”

“ ဒီမှာ သေနတ်သံတွေ ကြားလို့ အပြင်ထွက် နားထောင် နေတယ် ”

အသံ ခပ်အုပ်အုပ်နှင့် ဆက်၍ ပြောသည် ။

“ ပြန် ... ပြန် … တော် မြန်မြန် ပြန် ၊ တော့် ကို လမ်းမှာ ကျုပ် စိတ်မချဘူး ”

“ နက်ဖြန်ခါ … လာခဲ့ဦးမယ် နော် ”

“ နေပါဦးတော် ။ မနက်မှ ကျုပ် ပြော .. ၊ ကြည့်စမ်း … သေနာကျ ၊ ကဲ … ”

••••• ••••• •••••

ဒါနဲ့ ကျုပ် လည်း ကျုပ် တင်းကုပ် ဆီ စွတ် ပြေးခဲ့တာပဲ ။ ကျုပ် အံ့သြ နေတာကဗျာ ဒီလူ တွေဟာ လိုင်ဖိုကြီးတွေ ကိုင်ပြီး သူတို့မို့ မကြောက်မရွံ့ နေရော ညရော လိုက်ပြီး ပစ်ခတ် နေကြ တယ် ။ ကျုပ်တို့ လယ်တွေ ကိုသာ ဒီလို နေ့ရော ညရော လုပ်နေကြရင် ဘယ့်လောက် ကောင်းမလဲ ။ အဲဒီလိုနဲ့ ကျုပ် လည်း ရောက်လာပြီး တင်းကုပ်တင်းထဲ လည်း ဝင်လိုက်ရောဗျို့ ကျုပ် တွေ့ လိုက် ရတာဗျာ ။ စာဥ လေ ... စာဥ သူ့ တစ်ကိုယ်လုံး ဟာ ဆန်ခါပေါက်တွေ ဖြစ်ကုန်ပါပကော ... ဗျ ။ ဒီနွားကြီး က သူတို့ကို ဘယ့်နှယ် လုပ်လို့လဲ ။ စာဥ က သူတို့ ကို လိုင်ဖိုကြီး နဲ့ တော့ ထ, မပစ်ပါဘူးဗျာ .. ကျုပ် မှာ စာဥပဲ မိတ်ဆွေ ၊ စာဥပဲ ညီအစ်ကို ၊ စာဥပဲ တိုးတိုးဖော် ရှိခဲ့တာ ၊ စောစောက ဆိုရင် သူ့ကို ဒွေးဖော့ နဲ့ တောင် မလဲရက်ဘူး ။ ကျုပ် … ကျုပ် ရွာထဲ သွားမယ် ၊ သူကြီး ကို တိုင်မယ် ။

••••• ••••• •••••

ဒါနဲ့ ကျုပ် လည်း ရွာ ထဲ ကို ရောက်ရော ရွာထဲမှာ စုရုံးစုရုံးနဲ့ လက်စသ,တ်တော့ ကျုပ် စာဥကြီး ကို ပစ်သ,တ်တဲ့ အကောင်တွေနဲ့ တူတယ် ။ တောက် … ဒါပေမယ့် ကျုပ် ဘယ့်နှယ်မှ မလုပ်ဝံ့ဘူးဗျာ ။ ဘယ် လုပ်ဝံ့မလဲ သူတို့ လက်ထဲ မှာ လိုင်ဖိုကြီးတွေ နဲ့ဗျ ... ။

စံရွှန်း သည် ထိုသို့ တွေးတောရင်း လူအုပ်ကြီး အနီးသို့ ရောက်သွားသည် ။ မီးတုတ် မီးစည်းများ နှင့် ဝိုင်းနေသော လူအုပ်ကြီး ၏ အလယ်တွင် ရဲဘော် တစ်ယောက် သည် အာဘော် အာရင်း သန်သန် နှင့် တရားဟော ၍နေသည် ။

“ ဖက်ဆစ်အစိုးရ အောက်ကို ရောက်နေကြတဲ့ ခင်ဗျားတို့ ကို ကယ်တင်ဖို့ ကျုပ်တို့ ရောက် လာကြတာပဲ ...  ”

သူ ပြောတဲ့ ဖက်ဆွပ်အစိုးရ ဆိုတာ ဘာကို ခေါ်ပါလိမ့် ၊ ကျုပ်တို့ က ဘာများ ဖြစ်နေလို့ ပါလိမ့် ၊ ကယ်တင်တယ် ဆိုတာ ဘယ်လို လုပ်မှာတုန်း ၊ ဘာဖြစ် နေလို့များ ကယ်တင် နေချင်ကြပါလိမ့် ၊ စံရွှန်း မှာ လိုက်၍ မမီသော ဉာဏ်ဖြင့် တွေးနေသည် ။

ထိုအချိန်၌ ဒွေးဖော့ သည် လူအုပ် ကြားထဲမှ တိုးကာ စံရွှန်း အနီးသို့ ရောက်လာ၍ စံရွှန်း အား ခေါ်လိုက်သည် ။

“ ကိုရင် စံရွှန်း ... ”

စံရွှန်း လှည့် ကြည့်လိုက်သော အခါ ဒွေးဖော့ သည် ဆက်၍ မပြောနိုင်ဘဲ မျက်ရည်များ ဖြင့် ဆို့၍ နေလေသည် ။ စံရွှန်း က အံ့အားသင့်ရာ မှ ယုယစွာ မေးလိုက်သည် ။

“ နင် … နင် … ဘာဖြစ်လာလဲ ... ဟင် ... ”

“ သူပုန်တွေ အရီးလေး တို့ကို သ,တ်သွားပြီ ၊ ကျ … ကျ … ကျုပ် မနည်း ပြေးလာရတယ်တော့ ... ”

စံရွှန်း သည် ဘာမျှ မပြောနိုင်ဘဲ ရှိုက်၍ နေသော ဒွေးဖော့ ၏ ပခုံး ကို ဆုပ်ကိုင်ရင်း ငေးမိနေ၏ ။ သူတို့ နားထဲ တွင် တပ်နီရဲဘော် ၏ တရားသံ ကို ပြတ်တောင်း ပြတ်တောင်း ကြား နေကြရသည် ။

“ တကယ်ဆိုတော့ ခင်ဗျားတို့ ဟာ အင်မတန် သနားစရာ ကောင်းတယ် ။ အခု ကြည့်စမ်း ငနု အစိုးရ လက်အောက် က နေပြီး သွေဖည်တဲ့ ခုနက ရဲဘော်ဖြူ နဲ့ အလံနီတွေ လက်ထဲ ရောက်ကြ တော့မလို့ ။ ကျုပ်တို့ ကွန်မြူနစ်တွေ သာ ဟောဒီ ကော်သူလေး ရဲဘော်တွေ နဲ့ အတူ တွဲပြီး ဒီအချိန်မှာ ဒီ ရွာ ထဲ ကို ရောက်မနေ မိကြရင် ခင်ဗျားတို့ ဟာ ရွာ အပြင် က လူတွေ ခံစားလိုက်ကြရ သလို တစ်ရွာ လုံး .. ”

တပ်နီရဲဘော် သည် စကား ကို ဆက် မပြောဘဲ စုတ်သပ်လိုက်သည် ။ ထို့နောက် ခဏ ရပ်နားပြီးမှ ဆက်ပြောပြန်သည် ။

“ ဒါပေမယ့် မပူကြနဲ့တော့ အခု ကျုပ်တို့ ရှိတယ် ၊ နောက်ကိုလဲ ကျုပ်တို့ ကွန်မြူနစ်တွေ ရဲ့ မဟာမိတ် ဟောဒီ ကော်သူလေး ရဲဘော်တွေ ဟာ အခြေအနေ အရ ကူမင်တန် တရုတ်ဖြူတွေ နဲ့ လဲ ပေါင်း ထားတယ် ။ ကူမင်တန်တွေ ဆီက လက်နက်တွေ ရတဲ့ နေ့မှာ ငနု အစိုးရ အပါအဝင် ကျုပ်တို့ ရဲ့ ဆန့်ကျင်ဘက် အားလုံး အပြီးတိုင် ချေမှုန်းရမှာပဲ ”

စံရွှန်း က ငေးနေရင်း ပြောလိုက်သည် ။

“ သူတို့က ငါ့ စာဥကြီး နဲ့ အရီးလေး ကို သ,တ်သွားကြတဲ့ အကောင်တွေ ရွာ ထဲ မဝင်နိုင်အောင် လာစောင့်ပေးကြတာပဲ ”

ရဲဘော် က ဆက်၍ ပြောနေသည် ။

“ ဒီကောင်တွေ ဟာ ဒီအတိုင်း နေမှာ မဟုတ်ဘူး ။ နောက် တစ်ကြိမ် ထပ်လာကြလိမ့်ဦးမယ် ။ အဲဒီတော့ ခင်ဗျားတို့ အသက် အိုးအိမ် ကို လုံခြုံစေချင်ကြရင် ကျုပ်တို့ နဲ့ အတူ ရောပြီး ကာကွယ်ကြ ။ ခင်ဗျားတို့ ကို လက်နက်တွေ ပေးမယ် ။ ဒါပဲ ... ”

စံရွှန်း က ဒွေးဖော့ ပခုံး ကို ဖျစ်ညှစ်ရင်း စိတ်အားကြီးစွာ နှင့် ပြောလိုက်သည် ။

“ ဘာပဲဖြစ်ဖြစ်ကွာ ငါတော့ သူတို့ ပေးတဲ့ လိုင်ဖိုကြီး ကို ကိုင်မယ် ”

••••• ••••• •••••

အခုလေ .. ခု မနက်တော့ ... ကျုပ် လိုင်ဖိုကြီး ကိုင်ပြီး ရွာပြင် မှာ ကင်းစောင့် နေရပြီဗျ ။ ကျုပ်တို့ ရဲ့ ပစ်ကျင်း ထဲ မှာတော့ ဒွေးဖော့ ရယ် ... မယ်မှုတ် ကယ် ... စံလှ ရယ် ... ကျုပ် ရယ်ပေါ့ ။ ကျုပ်တို့ ဘေးမှာ လည်း ရွာသားတွေ ဒီလိုပဲ .. ။ ကွန်မြူနစ်တွေ ကတော့ ရွာ ထဲ မှာ စောင့်တယ် ... ။

ညနေလည်း စောင်းရောဗျို့ ဖောက်ထိုင်း ....ရွှီး ... ဆိုတဲ့ အသံတွေနဲ့ အတူ ဒွေးဖော့ နဲ့ မယ်မှုတ် ကတော့ သမ္ဗုဒ္ဓေ ရွတ်လို့ ၊ ကျုပ် မှာလည်း မျက်စိတွေ ပြာသွားတာပဲ ။

“ ဟေ့ကောင် … ပစ်လေကွာ ... မင်း အဘတွေ လာ နေကြပြီ ”

“ အို … ကျုပ် စာဥကြီး ဆန်ခါပေါက် ဖြစ်သလို ဒင်းတို့ လည်း ဖြစ်ရော့လဟယ် ... ”

ကျုပ် လည်း ဗျို့ လှုပ်လှုပ် မြင်ရာ စွတ် ပစ်လိုက်တော့ တာပဲ ၊ သေသေချာချာ တောင် မကြည့်ဝံ့ဘူး ။

“ ကြည့်စမ်း ... ကိုရင်စံရွှန်း ... တော် အရမ်း ... ”

“ အသာ နေစမ်းဟေ့ … ဒွေးဖော့ … ”

“ ဟော … ဟောတော့ … သေပါပြီတော် ၊ တော် ဘယ့်နှယ် လုပ်တာလဲ ၊ အဲဒါ တော်တို့ ကျုပ်တို့ ရဲ့ ကျောင်းဆရာ ဦးကြီးချစ်ခင် တော့ ၊ အို … တော်တို့ မပစ်ကြနဲ့ တော့ ဟိုမှာ ကြည့်စမ်း ... ကိုရင်သာညို တို့ ၊ အရီးဖိုးမှိန် တို့ .. ”

ဒွေးဖော့ က ပြောပြောဆိုဆို နှင့် စံရွှန်း ကို ဝင်ဆွဲ လိုက်သည် ။

“ အသာနေစမ်းပါ ဒွေးဖော့ ရာ … ငါ့ စာဥကြီး ဆန်ခါပေါက် ဖြစ်သွားသလို ဒင်းတို့ ... ”

စံရွှန်း သည် ဒွေးဖော့ ကို လက်နှင့် ဖယ်လိုက်၍ ဒွေးဖော့ လဲသွားစဉ် ပစ်ရန် ထပ်ချိန်နေသည် ။ ဒွေးဖော့ သည် လဲသွားရာမှ ထ၍ ရှေ့သို့ လှမ်းကြည့်ပြီးလျှင် စံရွှန်း ၏ သေနတ် ကို အတင်း ဝင်လုရင်း လှမ်း အော် လိုက်သည် ။

“ အရီးဖိုးမှိန် … ကိုရင်သာညို ၊ ဒီမှာ ကိုရင်စံလှ တို့ ၊ ဒွေးဖော့ တို့ ၊ မယ်မှုတ် တို့ ၊ ကိုရင်စံရွှန်း တို့တော့ …. ”

ထိုသို့ အော်နေစဉ် ဒွေးဖော့ ကို သေနတ်မှန်ပြီး လဲသွားရာ စံရွှန်း သည် ဒွေးဖော့ အား စိုးရိမ်စွာ လှည့်ကြည့်လိုက်သည် ။ စံလှ က သေနတ်မောင်း ကို တင်၍ ဒေါသဖြင့် ရှေ့သို့ လှမ်း၍ ပစ်လိုက်သည် ။ ဒွေးဖော့ သည် လူးလဲထရင်း သေနတ်ထိ သွားသော သူ ၏ လက်မောင်း ကို ပွေ့ပိုက်ကာ ရှေ့သို့ ကြည့်မိ ရာမှ သံကုန် အော်လိုက်သည် ။

“ အား … ‌ေ သပြီ ၊ အရီးဖိုးမှိန်ကြီး သေပြီ ၊ ကိုရင်စံလှ ဒါ တော့် စာရင်းဒိုင်ကြီး မဟုတ်လား ။ တော့် အမေ အဖေ ထက် ကောင်းသေးဆို ။ တော် ဘယ်လို ဖြစ်နေတာလဲ ။ သရဲတစ္ဆေ ပူးနေသလား ။ ကိုရင်စံရွှန်း ... တော် မပစ်နဲ့ … တော့်ကို ... ”

ထိုအချိန်၌ ဘေးပစ်ကျင်း မှ လူ တစ်ယောက် ကူးလာရင်း စံရွှန်း ၏ ဘေးမှ နေရာ ဝင်၍ ယူလိုက် ပြီးလျှင် ဒွေးဖော့ အား မေး လိုက်သည် ။

“ ဟဲ့ … ဒွေးဖော့ ... ဘယ်လို ဖြစ်နေတာလဲ ဟ ”

“ မတွေ့ဘူးလားတော့ .. ကျုပ်တို့ နဲ့ တစ်ကွင်း ထဲ နေ့တိုင်း အလုပ် အတူတူ လုပ်နေကြတဲ့ အရှေ့ရွာ က လူတွေ ကို ပစ်ပစ်ချနေတာ ”

“ ဟာ ... ဒီ ဗိုင်းတာမ ဟာ ရူးနေပါပြီ ”

“ ကျုပ် ရူးသလားတော့ ... ဟိုမှာပဲ သေသေချာချာ လှမ်းကြည့်... ”

ဒွေးဖော့ သည် ပြောရင်း တစ်ဖက်သို့ မြင်လိုက်ရာမှ လှမ်း အော်လိုက်သည် ။

“ ဟဲ့ … စံခ … စံခ ... ဒီမှာ နင့် အစ်ကို ကိုရင်စံလှ ရှိသတဲ့ ... ကာလနာရဲ့ ၊ နင် ဘာလို့ တို့ကို ပစ်နေရတာလဲ ဟင် ၊ စံခ .. ပြောတာမရ ... ကိုရင်စံလှ .. တော် ပြန်မပစ်နဲ့ ၊ ဟိုဟာ တော့် ညီ အရင်းခေါက်ခေါက် မဟုတ်လား ၊ တစ်နေ့တုန်း ကတော့ တော့် ညီကလေး ကို ရှင်ပြုချင် လို့ဆို ၊ တော် မပစ် ။ အမယ်လေး ... အမယ်လေးတော် ... ဟဲ့ စံခ ရဲ့ ခွေးလောင်းရဲ့ သေခြင်းဆိုးရဲ့ ၊ နင် ပစ်လိုက်တာ နင့် အစ်ကို အရင်းခေါက်ခေါက် ကို မှန်သွားပဟဲ့ ၊ ကာလနာရဲ့ ၊ အို ... တော် ပြန်မပစ် ရဘူး .. ပြန်မပစ် ... ”

“ ဒွေးဖော့ ရေ … နင်တို့ ကို မပစ်စေချင်ရင် အစ်ကိုကြီးတို့ ကို လက်နက်ချ ခိုင်း ဟ .. ”

“ ဟဲ့ … သေခြင်းဆိုးရဲ့ ၊ နင့် အစ်ကို နဲ့ နင်နဲ့ ဟာ ဘယ်တုံးက ရန်သူ ဖြစ်နေလို့လဲဟဲ့ ၊ တစ်နေ့က တွင် တို့ တဲကို အတူတူ လာကြသေးတယ် မဟုတ်လားဟဲ့ ...  ”

ထိုအသံ နှင့် အတူ စံလှ က ပြောဆို ကြိမ်းဝါးရင်း ဒဏ်ရာရနေရာ မှ ပြန် ပစ်လိုက်သည် ။

“ ခွေး … ခွေး … ခွေးကောင် … ၊ ကဲ … ချပကွ လက်နက်ကြီး .... ”

“ အမယ်လေး …. အမယ်လေးတော် … တော် ဘယ့်နှယ် လုပ်လိုက်တာလဲ ၊ ဒါ တော့် ညီလေး ကို ရှင်ပြုလိုက်တာပဲလား ။ ပေးစမ်း … တော့်သေနတ် … ကဲ … တော်တို့ ရူးနေကြ သလား .. ဘီလူးစီး နေကြသလား ၊ ကိုရင်စံရွှန်း … ပေးစမ်း တော့် သေနတ် ၊ ကဲ … သွားကြ ရော ”

ဒွေးဖော့ သည် သေနတ်များ ကို လုယူ၍ ပစ်ကျင်းရှေ့ ခပ်လှမ်းလှမ်း သို့ ပစ်လိုက်ပြီး နောက် မိမိအား ဒေါသဖြစ်စွာ နှင့် ကြည့်လျက် ရှိသော သာဇ ၏ သေနတ် ကို သွား၍ လုပြန်သည် ။

“ ကိုသာဇကြီး … ပေးစမ်း … တော့် သေနတ် ”

“ ဟယ် … ဒီဂန်းမဟာ .. နင် … ငါတို့ ကို သေအောင် သ,တ်နေတာ ၊ နင့် ကို ငါ အရင် ပစ်သ,တ်မဟ ”

“ ပစ်လိုက်ပါတော် … တော် ပစ်လိုက်စမ်းပါ ၊ ကျုပ်က သ,တ်နေတာလား … တော်တို့ချင်းသ,တ်နေ ”

ဒွေးဖော့ သည် ရန်တွေ့ နေရာမှ မျက်နှာ ပျက်သွား၍ သာဇ ကို အားယူလျက် လှမ်းပွေ့ လိုင်သည် ။

“ ကိုရင်သာဇ... ကိုရင်သာဇ … တော် ကျုပ် ကို ပစ်မလို့ဆို မပစ်တော့ဘူးလား ဂွတို တို့ ၊ ကိုရင်သာညို တို့ … တော်တို့ ဘီလူးစီး နေကြသလား ရူးနေကြသလားတော့ .. ။ ဒီမှာလေ တော်တို့ ပစ်ချလိုက်တဲ့ တော်တို့ ယောက်ဖကြီး ၊ တော်တို့ သူငယ်ချင်းကြီး ။ အခု တော်တို့ နှမ … ကလေး ငါးယောက် နဲ့ မုဆိုးမ ဖြစ်တော့မယ် ၊ ကဲ … ကောင်းကြသေးရဲ့လား ၊ တစ်ရပ် ထဲ ၊ တစ်မြေ ထဲ ၊ တစ်ကွင်းတည်းသားချင်း ဘာမှလဲ မဖြစ်ကြပဲနဲ့တော် … ”

ဒွေးဖော့ ၏ ရင်ခွင် ထဲ မှ … သာဇ က .. အားနာစွာဖြင့် ပြောလိုက်သည် ။

“ ရော့ … ရော့ … နင်လိုချင်တဲ့ သေနတ် ၊ ငါတော့ ... မှားမိပြီ ၊ ဒီလူတွေ ကို နင် ပဲ ... ”

“ ဟုတ်ကဲ့လား … တော့ ... ။ ‌ေ သခါမှ တော် မှားမှန်း သိသတဲ့လား ။ ဟောဒီမှာ ဂွတို တို့ ... စံခ တို့ ၊ ကိုရင်သာညို တို့ ရေ … တော်တို့ ယောက်ဖကြီး က ‌ေ သခါနီး မှ မှားမှန်း သိပတဲ့တော့ ”

ဒွေးဖော့ ပြောနေရာမှ မတ်တတ် ရပ်လိုက်ရာ စံရွန်း တို့ ငိုင်လျက် ဒွေးဖော့ အား ကြည့်နေ ကြသည် ။ ရန်သူ့ဘက် နှင့် ဒွေးဖော့ ဘက်က လူများလည်း သေနတ်ကို ဆုပ်လျက် ငေးကြည့်နေ ကြသည် ။

“ တော်တို့ ဒါလောက်တောင် ပစ်ချင်ကြရင် ကျုပ်ကို ဝိုင်းပစ်လိုက်ကြစမ်းပါ ။ ဘယ့်နှယ်တော် မနေ့က အတူတူ လယ် ထဲ မှာ အလုပ်လုပ်နေကြပြီး ဒီနေ့တော့ တစ်ယောက် နဲ့ တစ်ယောက် သ,တ်နေကြသတဲ့ ။ ကျုပ်တို့ က ရန်သူတွေ ကျုပ်တို့ ရွာ လာပြီး တိုက်ကြလိမ့်မယ် ဆိုလို့ အဟုတ် မှတ်လို့ ၊ တော်တို့ ဟာ ကျုပ်တို့ နဲ့ ရန်သူတွေ ပဲလား ၊ တော်တို့ နဲ့ ကျုပ်တို့ တစ်ကွင်းထဲ သားတွေပဲ မဟုတ်လား ။ ဘယ်တုန်းက ဘာဖြစ်ခဲ့ကြဖူးလို့လဲ ”

ထိုသို့ ပြောနေစဉ် တစ်ဖက်ရှိ အရပ်သား တွေ ကြားထဲမှ ယူနီဖောင်းဝတ် တစ်ယောက် သည် ဒွေးဖော့ အား သေနတ်နှင့် ချိန်နေရာ ဘေးတွင်ရှိ အရပ်သားများ က ရွံရှာသော မျက်နှာ နှင့် ဝိုင်းဝန်း၍ ကြည့် နေကြသည် ။

သေနတ်သံ နှင့် အတူ ဒွေးဖော့ လဲကျသွားရာ လယ်သမားများ သည် ထို ယူနီဖောင်းဝတ် ရဲဘော်ဖြူ အား ဝိုင်းဝန်း ရိုက်နှက်ကြတော့သည် ။

စံရွှန်း သည် ဒွေးဖော့ အား ပြေး၍ ပွေ့လိုက်၏ ။ ဒွေးဖော့ သည် စိတ် ၏ အရှိန် ဖြင့် စံရွှန်း ကို အားပြု၍ ထကာ ဆက်လက် အော်ဟစ် ပြောဆို၍ နေလေသည် ။

“ ပစ်ကြပါ … ထပ် ပစ်လိုက်ကြစမ်းပါ ၊ ကျုပ် ကျေနပ်ပါတယ် ။ တော်တို့ ထွန်တုံး ထွန်တံ ကိုင်နေကြတုန်းက ကျုပ် ဟာ လယ်ကွင်း ထဲ မှာ သီချင်း ဆိုပြီး ဖြေဖျော်ခဲ့တယ် မဟုတ်လား ။  အခု တော်တို့ လိုင်ဖိုကြီးတွေ ကိုင်နေတဲ့ အချိန်မှာ ကျုပ်က တော်တို့ပစ်တာခံပြီး ဖြေဖျော်ရဦးမှာပေါ့ ။ ကျုပ် လေ … ကျုပ် … ‌ေ သရ မှာ ကို ဝမ်းမနည်းပါဘူး ။ ကျုပ် ဝမ်းနည်းတာ က တော်တို့ အခုလို လိုင်ဖိုကြီးတွေ ကိုင်ပြီး အချင်းချင်း ပစ်သ,တ်ကုန်ကြတော့ လယ်တွေ ထဲမှာ တေးသံတွေ တိတ်ပြီး လုပ်သူ မရှိဘဲ ဖြစ်နေကြရမှာ ၊ အဲဒါ ကျုပ် ဝမ်းနည်းတာပဲ ။ ကျုပ် လေ သေပြီးတဲ့ နောက်တောင် ကျုပ်တို့ လယ်တွေ ထဲမှာ ပျော်ခဲ့ကြရတာတွေ ကို မမေ့ဘူးတော့ ။ တော်တို့ ကတော့ အခု လိုင်ဖိုကြီးတွေ ကိုင် လိုက်ရရုံ နဲ့ မေ့သွားကြတယ် ။ မေ့ကြပါ ၊ မေ့ကြပါ ၊ ဒါပေမယ့် တော်တို့ သတိရ လာအောင် လယ် ထဲ က တေးသံကလေးတွေ ကို ကျုပ် မသေခင် ဆိုပြသွားဦးမယ် … တော့ … ”

နှစ်ဖက်သော သူများ ၏ မျက်နှာ တို့သည် စိတ်မချမ်းမြေ့ခြင်း ၊ နောင်တရခြင်း တို့ဖြင့် ဖုံးလွှမ်းလျက် ရှိကြသည် ။ သူတို့ ၏ နားထဲ တွင် ဒွေးဖော့ ၏ သီချင်းသံ သည် ကြေကွဲစရာ ဝင်လာ လေသည် ။ သူတို့ သည် နှစ်ယောက် တစ်တွဲ ၊ သုံးယောက် တစ်တွဲ ထ, လာကြကာ သူတို့၏ လက် ထဲမှ သေနတ်များ ကို စိတ်နာကြည်းစွာနှင့် လွှင့်ပစ် လိုက်ကြသည် ။ ထို့နောက် ဝိုင်းဆို အပိုဒ် တွင် တဖြည်းဖြည်း ရော၍ ဆိုမိကြရင်း ဒွေးဖော့ ရှိရာသို့ ဝိုင်းလာမိ ကြလေသည် ။

သူတို့ သည် ဒွေးဖော့ ကိုယ်တိုင် ဆက် မဆိုနိုင်ဘဲ ငြိမ်သက် သွားသည် ကို မသိရှာကြပါ ။

စံရွှန်း သည် ဒွေးဖော့ ကို ငုံ့ကြည့် နေရာ မှ ဘေးတွင် သီဆို နေကြသော လယ်သမားများ အား မျက်နှာငယ်ငယ် နှင့် မော်ကြည့်လျက် ရှိလေသည် ။

••••• ••••• •••••

“ အဲဒီလိုနဲ့ပေါ့ဗျာ … ယူကျုံးမရ ဖြစ်နေကြတုန်း အစိုးရ တပ်မတော် လဲ တက်လာရော နှစ်ဖက် စလုံးက ဂြိုဟ်ကောင် မောင်သောင်းကျန်း တို့ လဲ ပြေးကုန်ကြတော့တာပါပဲ ”

စံရွှန်း သည် မော့ကြည့်လျက် ရှိရာ ဘေးလူများ သည် ဒွေးဖော့ ငြိမ်သက်နေကြောင်း ကို တဖြည်းဖြည်း သိလာကြသည် ။ သီချင်းသံ သည်လည်း တဖြည်းဖြည်း ရပ်၍ သွားသည် ။ စံညွှန်း သည် နှုတ်ခမ်း ကို တင်းတင်းစေ့ကာ ခေါင်းကို ငုံ့ချလိုက်၏ ။ အဘိုးအို တစ်ယောက် က အသံကြီး တုန်တုန်နှင့် ပြောပြီး ညည်း လိုက်လေသည် ။

“ ကျေးဇူးရှင်မကြီးရယ် … အဘ တို့လဲ သတိရကြပါပြီကွယ် ”

မယ်မှုတ် ၏ ကျိတ်၍ ရှိုက်လိုက်သော အသံ သည် ငြိမ်သက် နေသော လယ်သမားများအား လွှမ်းမိုး၍ သွား၏ ။

••••• ••••• •••••

စကား ပြောနေသော ရဲဘော် သည် ခေတ္တမျှ ငေးစိုက်၍ နေလေသည် ။ ထို့နောက် အောင့်ထားသော အသက် ကို မှုတ်ထုတ် လိုက်ကာ ဆက်၍ ပြောပြန်သည် ။

“ အဲဒီက စပြီး ကျုပ် ဟာ အစိုးရစစ်တပ် ထဲ ကို ဝင်လာတာပါပဲဗျာ ၊ ဒွေးဖော့ ရဲ့ အကြွေး ကို ဆပ်နေတယ် ဆိုပါတော့ ၊ ကျုပ် လေ … လယ်သမားတွေ ကို နှိပ်စက်သူ မှန်သမျှ သေသည့် တိုင်အောင် လက်စား ချေမယ် ”

နားထောင် နေသော ရဲဘော် သည် သစ်ပင် ကို မှီရင်း အတော် နှစ်ခြိုက်စွာ အိပ်ပျော် နေလေပြီ ။

⎕ ရန်ကုန်ဘဆွေ

📖 ရန်ကုန်ဘဆွေ ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

Tuesday, July 30, 2024

သာသူနိုင်တမ်း


 ❝ သာသူနိုင်တမ်း ❞

⎯⎯⎯⎯⎯⎯⎯⎯

     ရန်ကုန်ဘဆွေ

 ⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺

အမှန်တော့ နွယ်သည် အလွန် စည်းကမ်းကြီးသော မိကောင်း ဖကောင်းတို့၏ တစ်ယောက် တည်းသော သမီး ဖြစ်သည် ။ နွယ်၏ဖခင်သည် နွယ် လူလားမမြောက်မီက ဆုံးပါးသွားခဲ့သော် လည်း နွယ်၏ မိခင်သည် နွယ်ကို တစ်ယောက်တည်းသော ဖတဆိုးသမီးကလေး ဟူ၍ ဘယ် အခါမျှ အလိုမလိုက် ။


နွယ်ကို အမြဲလိုလို ကွပ်ညှပ်ပြုပြင်လျက် မျက်နှာသာ ရွေးမျှမပေးဘဲ အစစ ဆိုဆုံးမခဲ့သည် ။


ဆုံးမသည်ဆိုရာ၌ ကိုယ်ထိလက်ရောက်လည်း ရိုက်နှက်ဆုံးမ၏ ။ နှုတ်ဖြင့်လည်း ချိုချို တစ်မျိုး ၊ ဆူဆူပူပူ တစ်လှည့် ဆုံးမ၏ ။ တစ်ခါတစ်ရံ လက်လွန် နှုတ်လွန် ဖြစ်၍ နွယ် စိတ်မချမ်းမြေ့ သည့်တိုင်အောင် နွယ်၏ မိခင်သည် အကြင်နာကင်းသူကဲ့သို့ တင်းတင်းမာမာနေလျက် နွယ် မသိသောနေရာ ၊ သို့မဟုတ် နွယ် အိပ်မောကျသော အချိန်မျိုးမှသာလျှင် နွယ်၏မျက်နှာကို တစိမ့်စိမ့်ကြည့်၍ မျက်ရည်ကျတတ်သည် ။


နွယ်သည် ဖတဆိုးသမီးအဖြစ်နှင့်. စည်းကမ်းကြီးလှသော မိခင်၏လက်ထဲ၌ ဤသို့ သေသေဝပ်ဝပ် ကျဉ်းကျပ်စွာနေရရင်းနှင့် အပျိုကြီးဖားဖား ဖြစ်လာရ၏ ။


သို့သော် နွယ့်အဖို့ အလင်းရောင်လေးတစ်ကွက် ရရှိခဲ့သည် ။ ထိုအလင်းရောင်သည် နွယ်၏အမြင်ဖြင့် အလွန်ရက်စက် တိကျသော မိခင်က ယခုအရွယ်ထိ ကျောင်းထားပေးခြင်းပင် ဖြစ်သည် ။


နွယ်သည် အိမ်သို့ရောက်လျှင် အိမ်မှ ဝေယျာဝစ္စများကို ပြုလုပ်ရ၏ ။ ထမင်းဟင်း ချက် ပြုတ်ခြင်း ၊ အဝတ်လျှော်ခြင်း ၊ မီးပူတိုက်ခြင်း စသော အလုပ်များသည် နွယ်အဖို့ ထမင်းစား ရေသောက်ရသော နေ့စဉ်အလုပ်နှင့် အတူတူ ဖြစ်၏ ။ သို့သော် နွယ်သည် ဘယ်အခါမျှ ဈေး ဝယ်ခြင်းမှ မပြုရရှာလေ ။


နွယ်၏ အဝတ်အဆင်များမှာလည်း အခြားအဖော် မိန်းမပျိုကလေးများကဲ့သို့ ပါးလွှာ သော အင်္ကျီများကို မဝတ်ဆင်ရ ၊ ထူထဲခမ်းနားသော အဖြူထည် အဝတ်များကိုသာလျှင် ပုံရိုး အတိုင်း ခေတ်မီစွာ အနည်းငယ် ပြုပြင်ထားသော ပုံအတိုင်း ဝတ်ဆင်ရရှာသည် ။


နွယ်၏မိခင်သည် နွယ့်အဖို့ အဖိုးတန်သော ဘန်ကောက်လုံချည် ၊ ထားဝယ်လုံချည် စသည်တို့ကို ဝတ်ဆင်ရန် ဝယ်ပေးသော်လည်း နွယ်၏ ကျောင်းနေဖော်များကဲ့သို့ ဆန်းပါသည် ဆိုတိုင်း ပြူးပြူးပြဲပြဲနှင့် ပေါ်လာသော အဆင်များကို ဘယ်အခါမျှ ဝယ်မပေးခဲ့  ။ 


နွယ်ကိုယ်ပေါ်တွင် ခေတ်မီသည်ဆိုသော အဆင်တန်ဆာ ဟူ၍ အဖိုး သုံးရာ့ငါးဆယ်ကျော် တန်သည့် ရွှေလက်ပတ်နာရီတစ်လုံးသာလျှင် ရှိသည် ။


သို့ပါလျက် နွယ်သည် နွယ်နေသော ကျောင်းထဲတွင် နာမည်အကြီးဆုံး ကျောင်းသားကြီး တို့၏ နှုတ်ဖျား၌ ရေပန်းအစားဆုံး ဖြစ်ရသည် ။


အချို့သော ကျောင်းသားကြီးတို့သည် နွယ်၏ ဣန္ဒြေ သိက္ခာအိုးကို တုတ်ထိုး၍ခွဲရန် ကြံစည်ကြသော်လည်း နွယ်သည် စည်းကမ်းကြီးလှသော မိခင်၏ တစ်ယောက်တည်းသောသမီး ပီပီ ဘယ်အခါမျှ သိက္ခာမပျက်ခဲ့ ။


သို့သော် အဆုံးမကင်းသော မိဘတို့မှ ဆင်းသက် ပေါက်ဖွားလာကြသည့် အများစု ဖြစ်သော မ,တစ်ရာသားတို့သည် ဣန္ဒြေသိက္ခာ ရှိလှသော နွယ်၏အပေါ်တွင် မာနကြီးသည်ဟု အထင်ရောက်လျက် ပို၍ မျက်မုန်းကျိုးကြသည် ။ ပို၍ နောက်ကြ စကြသည် ။


နွယ်သည် ဤသို့သော ပတ်ဝန်းကျင်ကို မျက်နှာကြောမတည့် ၊ မနေလို ။ သို့ပါလျက် သုံးနှစ်နီးပါးမျှ နေလာခဲ့ရရာ မိမိ၏မိခင်သည် ဘာ့ကြောင့် မိမိအား ဤမျှ စာသင်စေလိုပါ သနည်းဟု တွေးတောလာမိသည် ။


နွယ်၏မိခင်သည် နွယ့်ကို နိုင်ငံတော် မြူကျောင်း၌ ခုနစ်တန်း အောင်စေပြီးနောက် အလွတ် ပညာသင်ကျောင်းသို့ ပြောင်းရွှေ့ထားခဲ့ပြီးလျှင် တက္ကသိုလ်ဝင်တန်းကို ကြိုးစားစေ၏ ။ 


နွယ်သည် အလွတ်ပညာသင် ကျောင်း၌ အစွမ်းကုန် ကြိုးစားရှာပါ၏ ။ သို့ရာတွင် နွယ် မအောင်မြင်ခဲ့ ။


အလွတ်ပညာ ဆရာများကလည်း မြူကျောင်းတွင် ၇ တန်း အောင်ခဲ့သော်လည်း အခြေခံ မခိုင်လုံသောကြောင့် တက္ကသိုလ်ဝင်တန်းတွင် နွယ်၏ အောင်စာရင်းမပါ ဖြစ်ရသည်ဟု ဆို၏ ။


မြူကျောင်းကလည်း ၎င်းတို့ကျောင်းတွင် တစ်ဆင့်စီသွား၍ တက္ကသိုလ်ဝင်တန်းကို နွယ် ဝင်ဖြေလျှင် ယခုလောက်အချိန်၌ နွယ် တက္ကသိုလ်ကျောင်းသို့ပင် ရောက်ရှိနေလေပြီဟု ဆို၏ ။ နောက်ဆုံးတွင် နွယ် စာမေးပွဲမအောင်ရသော တရားခံသည် တက္ကသိုလ်ကျောင်းကို ဖြတ်လမ်းမှ ပို့ချင်သော နွယ်၏ မိခင်ကြီးသာ ဖြစ်ရတော့သည် ။


“ မေမေရယ် … ဘာလို့များ နွယ့်ကို ဒါလောက် စာတွေပါတွေ သင်နေစေချင်ရတာလဲ ၊ ကျောင်းကထွက်ပြီး အလုပ်တစ်ခုခု သင်ပါရစေလား ”


နွယ်၏မေမေသည် နွယ့်ကို မျက်စောင်းထိုးလိုက်သည် ။


“ ဘာလဲ … ညည်းက လမ်းပေါ်က လတ်လျားလတ်လျားမတွေ အားကျပြီး လင်ယူစား မလို့လား … ။


မိန်းကလေးတွေ အရွယ်ရောက်လာရင် ဘာမှမလုပ်ဘဲ လင်ယူစားတယ်ဆိုတဲ့ ခေတ်ဟာ တို့ ငယ်ငယ်တုန်းကမှ ရတာ ၊ အခုခေတ်ဆိုရင် လင်ယူစားလို့ မရဘူး .. ။


ရုပ်ကလေး သနားကမား ဖြစ်လို့များ ကိုယ့်ကိုယ်ကိုယ် သိပ် အထင်မကြီးလိုက်ကြနဲ့ ၊ အင်မတန် အကြောင်းအပေါင်း သင့်ရင် လူကြီးလူကောင်း တစ်ယောက်ယောက်ရဲ့ မယားငယ် လောက် ဖြစ်မှာပဲ ၊ အကြောင်းဆိုးရင်တော့ မစဉ်းစားနဲ့ …. ။


ညည်းက ပြောတော့ လွယ်တယ် ၊ အလုပ်ကလေး တစ်ခုခု သင်ပါရစေတဲ့ ၊ အလုပ် သင်တယ်ဆိုတာ လွယ်တယ် မှတ်လို့ …


အလုပ်တစ်ခုခုကို သင်ရဖို့ တတ်အောင်သင်နိုင်ဖို့ တတ်ပြီးတဲ့အခါကျတော့ ဒီအလုပ်ကို အလုပ်လုပ်ရဖို့ ဘာနဲ့ ရင်းနှီးယူရတယ်ဆိုတာ ညည်း သိရဲ့လား ”


နွယ်၏အမေသည် နွယ်အား မျက်နှာထားဆိုးဆိုးနှင့် နင့်ခနဲ နင့်ခနဲနေအောင် ပြောလိုက်သည် ။


နွယ်သည် မေမေကို ပြန်ပြောချင်၏ ။


“ မေမေ ပြောသလိုဆိုရင် ပညာတတ်တော့လဲ အလုပ်တစ်ခုခု လုပ်နိုင်အောင် ဒီလောက ထဲမှာ ဒီလိုပဲ တိုးရှာရမှာပဲ မဟုတ်လား ၊ ဘာထူးဦးမှာလဲ ၊ စောစောသင်ရင် စောစောတတ်ပြီး မေမေ့ကို စောစော ဝင်ငွေရှာပေးနိုင်မှာပေါ့ ”


နွယ်သည် ဤစကားကို စိတ်တွင်းမှသာ ပြောသည် ။ ငယ်ငယ်ကတည်းက ကွပ်ညှပ်ခြင်း ခံလာခဲ့ရသည့်သမီး ဖြစ်သောကြောင့် ပြန်ပြောဖို့ရန် ဝေးစွ ၊ ပြောလိုသော မျက်နှာနှင့်ပင် မကြည့်ဝံ့ ၊ မေမေ မသိအောင် ခေါင်းငုံ့၍ ဝမ်းထဲမှ တွေးမိခြင်းသာလျှင် ဖြစ်သည် ။


ဤလိုနှင့် နွယ်သည် ကြီးတောင့်ကြီးမား အပျိုကြီးဖားဖား ဖြစ်လုနီး အချိန်၌ပင်လျှင် အလွတ်ပညာသင်ကျောင်းသို့ သွားနေရသည် ။


ဤဝဋ်မှ မြန်မြန်ကျွတ်ပါစေ ဟူသော သဘောဖြင့်လည်း ပေးသမျှ ကျောင်းသင်ခန်းစာ တို့ကို အစွမ်းကုန် ကြိုးစားသည် ။


ဉာဏ်ကောင်းသူ ဖြစ်သည့်အလျောက် ကြိုးစားသမျှ သင်ခန်းစာတို့ကိုလည်း ရသည် ။ သို့ပါလျက် နွယ်သည် စာမေးပွဲကျရရှာသေးသည် ။


နွယ်အဖို့ အလွန် စိတ်ညစ်လာသောအခါ ရောရောဝင်ဝင် မနေခဲ့ဖူးသည့် အဖော်ကျောင်းသူ များနှင့် စာမေးပွဲအကြောင်း ၊ မေးခွန်းများအကြောင်း ၊ ဖြေဆိုရပုံများအကြောင်း ၊ မိမိ မည်သို့ ကြိုးစားရခဲ့သည့် အကြောင်း ၊ စိတ်ညစ်သည့် အကြောင်းတို့ကို ပြောဆိုမိသည် ။ စကားလက်ဆုံ ကျမိသည် ။ စကားလက်ဆုံကျရင်း မျက်ရည်ကျမိသည် ။


ဖက်ရှင်အမျိုးမျိုးကို အပြိုင်အဆိုင် ဝတ်စားဆင်ယင်ကြလျက် ကျောင်းပြေးနေကြပြီဖြစ် သော မ,ဖက်ရှင်တို့သည် စိတ်ပြေလက်ပျောက်ဟု ပြောကာ ကျောင်းပြေးရန် နွယ့်ကိုပါ အပါ ခေါ်ကြသည် ။


ထို့နောက် ကျောင်းအုပ်ကြီးကို အကြောင်းပြလျက် ခွင့်တိုင်ပြီးလျှင် တရားဝင် ကျောင်း ပြေးကြတော့သည် ။


တစ်ခါဖူးမျှ ဤသို့ လွတ်လပ်စွာ မသွားဖူးသော နွယ်အဖို့ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ပေါ့ပေါ့ပါးပါး ဖြစ်လာမိသည် ။


အဖော်တွေနှင့် တိရစ္ဆာန်ရုံအတွင်းသို့ လှည့်ပတ်ကြသည် ။ လှောင်ချိုင့်ထဲတွင် နေရသော ကျေးကျုတ်ကလေးများကို တွေ့ ရသောအခါ မိမိနှင့် ကိုယ်ချင်းစာလျက် သနားရသေးသည် ။ မျောက်ရွာတွင် မျောက်ကလေးများ၏ လွတ်လပ်မှုကို တွေ့ ရသောအခါ မျောက်ကလေးများကို ကြည့်ရင်း ပျော်လာသည် ။ မိမိလည်း သည်မျောက်ကလေးများလို လွတ်လပ်ပျော်ရွှင်စွာနေရလျှင် ကောင်းမှာပဲဟု တွေးသည် ။ ထို့နောက် မျောက်ကလေးများကိုယ်တိုင် ဖမ်းဆီးထားခြင်း ခံနေ ရသည်ကို တွေးမိသောအခါ ဟယ် ... သူတို့လည်း လွတ်မှ မလွတ်လပ်ပါဘဲနဲ့ ဘာလို့ ပျော်နေ ကြပါလိမ့်ဟု တွေးမိလာသည် ။ ထိုနောက် မိမိကိုယ် ခေါ်လာသော ကျောင်းဖော်များကို သတိရလျက် ဒီမျောက်ကလေးတွေဟာ ယခု မိမိအဖော်များလို နေမှာပါပဲ ၊ မိမိအဖော်များသည် ၎င်းတို့၏ မိဘ ၊ ဆရာသမား အုပ်ထိန်းမှုအောက်တွင် နေကြရပါလျက် လွတ်လပ်ပျော်ရွှင်စွာ နေနိုင်ကြသေး သည်ဟု တွေးမိသည် ။


ထိုအတွင်း နွယ်သည် မျောက်ကလေးတွေကို ကြည့်နေရာမှ မျက်နှာတစ်ခုလုံး ရှက်သွေး ဖျန်းသွားလျက် မသိချင် မမြင်ချင်ပြု၍ မိမိအဖော်များဘက်သို့ လှည့်လိုက်သည် ။ မိမိအဖော်များ ကမူ ဘာမျှ မဖြစ်ဘိသို့ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးပြသလျက် ပြုံးကာ ရယ်ကာ ကြည့်နေကြသည် ။


“ လာကြပါအေ ... သွားကြပါစို့ ... ” 


အဖော်များသည် နွယ့်ကို လှည့်မကြည့်ကြ ။


“ ဟိုမှာအေ့ .. မျောက်မောင်နှံကို ကြည့်စမ်းပါဦး ၊ မောင်က ဒေါကြီးနေလိုက်တာ ကြည့်ကြည့် ” 


နွယ်သည် အဖော်များ ပြောကာမှ နောက်သို့ ဆုတ်လိုက်ကာ အနီးပတ်ဝန်းကျင်သို့ မျက်လုံးကစားလိုက်ပြီး ပိုမိုရှက်သွေးမွှန်သွားသည် ။


ကာလသားတစ်သိုက်သည် သံသေးသံကြောင် အော်မြည်ရင်း အားပေးအားမြှောက် ပြုနေကြသည် ။


လူ့လောကနှင့် များများစားစား မဆက်ဆံဖူးသေးသော နွယ်သည် လူတွေ ယခုလောက် အရှက်တရား ကင်းမဲ့နေကြသည်ကို တွေ့ ရသောအခါ မယုံနိုင်လောက်အောင် ဖြစ်လာသည် ။ ထိုသူတို့၏ မျက်နှာကို ကြည့်ရမည်ပင် ရှက်လာ ကြောက်လာသည် ။ ချက်ချင်းပင် အိမ်သို့ ပြန် ပြေးလျက် မေမေ၏ လှောင်ချိုင့်ထဲသို့ ပြန်ဝင်နေလိုက်ချင်စိတ်များ ပေါက်လာကာ ထူပူနီရဲသော မျက်နှာဖြင့် လှေကားခုံဆီသို့ သွား၍ ရပ်နေလိုက်သည် ။


နွယ်၏ အဖော်များသည် အခြားသူများနှင့်အတူ အချင်းချင်း တစ်ယောက်မျက်နှာကို တစ်ယောက် ပြန်ကြည့်ကြလျက် နှစ်သိမ့်စွာ ပြုံးလိုက်ကြသည် ။ ထို့နောက် ထူပူရှက်အမ်းသော မျက်နှာဖြင့် လှေကားခုံနားသို့ သွား၍စောင့်နေသော နွယ့်ကို လှမ်းကြည့်ကြရင်း နွယ့်ဆီသို့ ခြေလှမ်းလိုက်ကြသည် ။


နွယ်သည် အဖော်များ မျက်နှာကိုမျှ မကြည့်ဝံ့ဘဲ မျက်လွှာချလျက် လှေကားခုံပေါ်သို့ တက်လာသည် ။ အဖော်တစ်ယောက်သည် နွယ့်ကို ဘေးလုံးချင်း တိုက်လျက် … 


“ ယူ … ဒါမျိုး ကိုယ်တွေ့ ကြုံဖူးသလား ” ဟု မေးလိုက်သည် ။


အို … ဟူသော အာမေဍိတ်သံနှင့်အတူ နွယ်၏ မျက်နှာတွင် ပို၍ ရှက်သွေးဖျန်းလာသည် ။ ထိုအတွင်း နောက်မှ ယောက်ျားသံများကို ကြားရပြီးနောက် ယောက်ျားသံများသည် ဘယ်မှ မသွားဘဲ မိမိတို့နှင့် နီးကပ်စွာ လိုက်ပါလျက် ရှိနေသည် ။


နွယ်တို့အထဲမှ အဖော်တစ်ယောက်သည် စောစောက ကြည့်ပြီးသားဖြစ်သော ကျေးကျုတ် ကလေးများကိုပင် …


“ ဟယ် … ချစ်စရာကလေးတွေ ၊ ကြည့်ပါဦး ”ဟု ဆိုလျက် အထူးအဆန်းလုပ်ကာ မိမိ အဖော်များနှင့်အတူ ထပ်မံကြည့်ရှုပြန်သည် ။


လိုက်ပါလာသော ကာလသားတို့ကလည်း ...


“ ဟယ် .. ချစ်စရာကြီးတွေ ကြည့်ကြဦးစို့ ” ဟု နွယ်တို့ ကြားအောင် အသံသြကြီးများနှင့် ပြောဆိုလျက် နောက်မှ ရပ်လိုက်ကြသည် ။ ထို့နောက် လူချင်း ထိကပ်သွားအောင် နောက်မှ တိုးလိုက်ကြသည် ။


နွယ်၏ ကိုယ်သည် နွေးခနဲ ကိုယ်ငွေ့ အဟပ်ခံလိုက်ရခြင်းကြောင့် နောက်သို့ လှည့်ကြည့် လိုက်သောအခါ နွယ့်မျက်နှာ၏ရှေ့တွင် ရင်ဘတ်ကြီးတစ်ခုသည် ထိတော့မတတ် ကာဆီး လျက်သား ရှိနေသည် ။


နွယ်သည် လန့်ဖျပ်၍ မော့ကြည့်လိုက်၏ ။ ကြမ်းတမ်းဟန်ရှိသော ဖောင်းပွပွ မျက်နှာအစုံ သည် မိမိ မျက်နှာအပေါ်မှစီးလျက် အလွန် နီးကပ်စွာ မိမိကို ငုံ့ကြည့်လျက်ရှိသည်ကို တွေ့ရသည် ။ 


တစ်ချိန်တည်းပင်လျှင် ယောက်ျားတို့ကိုယ်မှ ထွက်အပ်သော အတော် စူးစူးဝါးဝါးနံသည့် ချွေးနံ့တစ်မျိုးတို့ကလည်း နှာဝကို တိုးဝင်လာကြသည် ။


နွယ့်တစ်ကိုယ်လုံးရှိ ကြောသေးကြောမွှာတို့သည် ဖျင်းခနဲ လှုပ်ရှားသွားကြလျက် ငေးမော ယောင်ရမ်းကြည့်မိသော မိမိမျက်လုံးကို အတင်း လွှဲဖယ်ပစ်လိုက်ရသည် ။ 


“ သွားကြစို့ အေ ...” 


နွယ်သည် မူမမှန်သော အသံဖြင့် တုန်တုန်ယင်ယင် ပြောပြီးလျှင် အဖော်တစ်ယောက်၏ လက်မောင်းကို အတင်းဆုပ်ကိုင်လျက် လှည့်ထွက်လာခဲ့သည် ။


နွယ် သွားရာနောက်သို့ အဖော်တွေလည်း လိုက်ပါလာကြသည် ။ အဖော်တွေ၏ နောက်မှ ကပ်လျက် အစ်ကိုကာလသားများလည်း လိုက်ပါလာကြသေးသည် ။


နွယ်သည် လှည့်မကြည့်ဘဲနှင့် မိမိတို့နောက်မှ ယောက်ျားတွေ ကပ်လျက် လိုက်ပါလာ နေကြောင်းကို အလိုလို သိနေသည် ။ ရှေ့မှ သွားနေသော နွယ်သည် ဝက်ဝံရုံရှေ့သို့ ရောက်သော အခါ နောက်မှ ယောက်ျားများနှင့် လမ်းခွဲရန် ၎င်းတို့ မည်သည့်ဘက်သို့ သွားမည်လဲဟု ရပ်တန့် အကဲခတ်လိုက်သည် ။


ယောက်ျားတစ်အုပ်သည် နွယ်ကဲ့သို့ပင် ဘယ်မျှမသွားဘဲ အတူရပ်တန့်လျက် နွယ်တို့၏ မျက်နှာကို ကြည့်နေကြသည် ။ ၎င်းတို့၏ မျက်နှာမှာလည်း ပြုံးဖြီးဖြီးအသွင်ရှိလျက် ရဲတင်းပြောင် တောင်သော အမူအရာကို ဖော်ပြနေကြသည် ။


ထိုယောက်ျား အုပ်စုထဲတွင် မြန်မာရော ကု,လားကပြားများပါ ပါဝင်ကြလျက် အင်္ကျီကျား ကို ကော်လာထောင်၍ ဘောင်းဘီကျပ်နှင့် ဝတ်ဆင်ထားကြသူများလည်း ပါရှိကြသေးသည် ။ 


နွယ်သည် တုန်ယင်သော ကိုယ်လက်တို့ဖြင့် မိမိအဖော်၏ လက်မောင်းကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်မိပြီးလျှင် ဝက်ဝံကြီးများ ရှိရာသို့ ကြည့်ဟန်ပြုလျက် ထွက်သွားနေသော်လည်း နွယ်၏ အဖော်များကား အပြုံးမပျက်ကြပေ ။


နွယ်တို့သည် ဝက်ဝံများကို ကြည့်သည့်နေရာတွင် ကာရံထားသည့် သံလက်ရန်းကို ကပ်လိုက်ကြသည်နှင့် တစ်ပြိုင်နက် နောက်မှ လိုက်ပါလာကြသော ကိုယ်တော်ချောများသည် နွယ်တို့၏ နောက်တည့်တည့်မှနေ၍ ဝက်ဝံများကို ကြည့်ဟန်နှင့် 'နွယ်တို့ကိုယ်ကို ဖိကပ်လိုက် ကြသည် ။


နွယ်သည် တဆတ်ဆတ် တုန်လှုပ်သော ကိုယ်ဖြင့် နောက်သို့ လှည့်မကြည့်ဝံ့တော့ဘဲ ဘေးတစ်ဖက်သို့ ရွေ့လျားပေးလိုက်သည် ။


နွယ့်နောက်မှ မောင်သည် မသိသလို ခဏရပ်ကျန်ရစ်ခဲ့သော်လည်း ချက်ချင်းလိုလိုပင် နွယ်ရှိရာသို့ ရွှေ့ပြောင်းကာ သံလက်ရန်းနှင့် နွယ်၏ ကိုယ်ကို လူအားနှင့် ဖိ၍ညှပ်ထားလိုက်သည် ။ 


နွယ်သည် ဘာမျှမပြုဝံ့သေးဘဲ မိမိ အဖော်များဆီသို့ မသိမသာ အားကိုးတစ်ခုနှင့် ကြည့်လိုက်သည် ။ နွယ်၏ အဖော်များသည် နွယ်ကဲ့သို့သော အခြေအနေမျိုးသို့ အားလုံး ရောက်ရှိ နေကြရသည် ။ သို့ရာတွင် အချို့မှာ ပြုံးရွှင်ကျေနပ်ဟန်ရှိသော်လည်း အချို့၏ မျက်နှာတို့တွင် မကျေနပ်ဟန် ပေါ်နေသောကြောင့် အဖော်ရပြီ ဟူ၍ အားတစ်မျိုး တက်လိုက်ရသည် ။


ထိုအတွင်း နွယ်သည် တစ်ကိုယ်လုံး ရှိန်းခနဲ ဖြစ်လျက် မိမိကိုယ်တိုင် မသိလိုက်ဘဲ ချာခနဲလှည့်၍ မိမိနောက်မှ ရပ်နေသူနှင့် မျက်နှာချင်းဆိုင်လိုက်မိသည် ။


အလွန် ရှက်ကြောက် ဒေါသဖြစ်စွာနှင့်လည်း ထိုသူ၏ရင်ဘတ်ကို တအား တွန်းလိုက် ပြီးလျှင် ...


“ ရှင် … ရှင် … ဘယ့်နှယ် လုပ်တာလဲ ” ဟု တုန်တုန်ယင်ယင်နှင့်လည်း ရန်တွေ့ လိုက်မိသည် ။


“ ဘာလဲ … ဘာလဲ … ကျုပ်တို့ ကြည့်နေကြတာ အတော်ကြာပြီ ၊ ခင်ဗျားတို့ အတူ လာကြတာ အောက်မေ့လို့ … ”


မနီးမဝေးမှ ယောက်ျား သုံးယောက်တို့ ပြေးလာကြသည် ။ ထိုအချိန်တိုင် နွယ်နှင့် ရင်ဆိုင် နေရသူက မာရေကျောရေနှင့် နွယ့်ကိုပင် ပြန်၍ မေးခွန်းထုတ်နေသေး၏ ။ 


“ ဘာလဲ … ကျုပ် ခင်ဗျားကို ဘယ့်နှယ်လုပ်လို့လဲ ”


“ ရှင် … ရှင် … နောက်ကနေ အတင်းဖိ တိုးနေတယ် မဟုတ်လား ”


“ လာကြည့်ကြတဲ့လူ အချင်းချင်းဆိုတော့ လူများရင် ဒီလိုပဲ တိုးမိ ပြုမိကြတာပေါ့ ၊ အတိုး မခံချင်ရင် ခင်ဗျား ကိုယ်ပိုင် မွေးထားပြီး အိမ်မှာ တစ်ယောက်တည်းကြည့်ပေါ့ ” 


“ ရှင် … ဘာလဲ ၊ ရှင် … မတော်တဆ တိုးမိရုံမှ မဟုတ်ဘဲ ”


“ တိုးမိရုံ မဟုတ်လို့ ခင်ဗျားကို ကျုပ်က ဘယ့်နှယ်လုပ်လဲ … ပြောပါ ၊ ကဲ .. ပြောစမ်းပါ ” 


နွယ်သည် အလွန်ရှက်သဖြင့်သာလျှင် ယခုကဲ့သို့ ဖက်ပြိုင် ရန်ဖြစ်လိုက်မိခြင်း ဖြစ်သည် ။ ယခု ရန်ဖြစ်မိသောအခါ မည်သို့မျှ မပြောဝံ့ ၊ မပြောရဲအောင် ဖြစ်လာရသဖြင့် နှုတ်ခမ်း တဆတ် ဆတ်တုန်လျက် မျက်လုံးအစုံတို့တွင် မျက်ရည်များ ပြည့်ဖုံးလာရသည် ။


“ ဟေ့ကောင် … မင်း ဘာစော်ကားတာလဲ ” ဟူသော အသံနှင့်အတူ ထိုးသံ ကြိတ်သံများ ကြားကြရသည် ။ နွယ့်အဖော်အချို့၏ လန့်အော်သံများကိုလည်း ကြားလိုက်ရသည် ။ နွယ် မျက်ရည် သုတ်၍ ထင်ထင်ရှားရှား မြင်လာရသော အချိန်၌ ရဲအဖွဲ့များ ပြေးလာကြလေပြီ ။


နွယ်တို့၏နောက်မှ လိုက်လာသော ယောက်ျားအုပ်သည် တစ်ယောက်တစ်ကွဲ ပြေးလွှား ပျောက်ကွယ်သွားကြ၏ ။


ရဲများက မေးကြသောအခါ နွယ်တို့အား ကူညီရန် လာကြသူ သုံးယောက်အနက် ဒဏ်ရာ ရရှိနေသောသူသည် သတိမေ့နေသော လူရမ်းကား တစ်ယောက်၏ လည်ပင်းကော်လာမှ ဆွဲမ လျက် ရဲအရာရှိများ၏လက်သို့ အပ်လိုက်သည် ။


“ အမှန်ကတော့ ဟောဒီ မိန်းကလေးတွေ ကို စော်ကား နှောင့်ယှက်နေကြတာပါပဲဗျာ ၊ အဲဒါကို အမြင်မတော်လို့ ကျွန်တော်က ဝင်ကူညီတာပဲ ၊ သူတို့မှာ လက်နက်အမျိုးစုံ ပါတယ် ၊ အခု ကျွန်တော့်ပခုံးက ဒဏ်ရာဟာ သူတို့ အထဲက လူတစ်ယောက်က အင်္ကျီထဲမှာ လက်နက် အဖြစ် အသုံးပြုဖို့ ကိုယ်ကိုပတ်ပြီး ဝှယ်ယူလာတဲ့ ဘိုင်စကယ်ချိန်းကြိုးနဲ့ ရိုက်လိုက်လို့ ထိသွားတဲ့ ဒဏ်ရာပဲ ၊ ခေါင်းကို ရှောင်လိုက်လို့ ၊ မရှောင်လို့ ထိရင် ဒီအချိန်မှာ ကျွန်တော် စန့်နေပလား မသိဘူး ၊ ဟောဒီ လူက ဓားနဲ့ ဝင်ထိုးတဲ့လူပဲ ၊ သူ့ ဓား သူ့လက်ထဲမှာ ဆုပ်လျက် ရှိသေးတယ် ၊ သူ့ဓားကို မြင်လို့ လန့်ပြီး အရမ်းထိုးလိုက်တဲ့ ကျွန်တော့် ဘယ်ဝိုက်လက်သီးနဲ့ မိသွားတာပဲ ”


ရဲအရာရှိတို့သည် ထိုသူ ပြောသည့်စကားကို နားထောင်မနေအား ၊ မေ့နေသူ၏ လက် ထဲရှိ ဓားမြှောင်ကို ဦးဦးဖျားဖျား ဆွဲယူ သိမ်းဆည်းလိုက်ကြသည် ။ ထို့နောက် မိန်းကလေးများ ကိုလည်း လူကြီးများ မပါဘဲနှင့် ဘယ်မျှမသွားရန် ပြောဆို ကြိမ်းမောင်းလွှတ်လိုက်ပြီးလျှင် လာရောက် ကူညီသော လူသုံးယောက်တို့၏ အမည် နေရပ်တို့ကို မေးမြန်းနေရစ်ကြသည် ။


နွယ်တို့အုပ်စုသည် ဝက်ဝံရုံဆီသို့ အမြန်ဆုံး ထွက်ခွာလာကြ၏ ။ နွယ်၏ အဖော်တစ် ယောက်သည် ကြိမ်းမောင်း ဆုံးမ လွှတ်လိုက်သော ရဲအရာရှိအပေါ်တွင် မကျေမနပ် တဖျစ် တောက်တောက်နှင့် ပြောလာသည် ။ အချို့ အဖော်များကမူ ဘာမျှ မဖြစ်ကြဘိသို့ ရယ်ရယ်မောမော နှင့် မြွေရုံကို ဝင်ကြည့်ကြဦးစို့ဟု ဆို၏ ။ နွယ်သည် ဘာမျှ မကြည့်လိုတော့ ၊ ပြန်မည်ဟု ငြင်းဆန် ၏ ။


“ မဟုတ်ဘူးအေ့ … မြွေကြီးတွေ မှန်ဘောင်ထဲမှာ တွန့်တွန့်လိမ်လိမ်နဲ့ လှုပ်ရှားနေတာ တွေကို ကြည့်ပြီး အသည်းယားရတာ သိပ်အရသာရှိတာပဲ ”


နွယ်က အတင်းငြင်းဆန်သည် ။ အရသာရှိရင် နောက်မှ ညည်းဟာညည်း တစ်ယောက်တည်း လာရှိနေဟု ဆိုသည် ။ သို့ဖြင့် တိရစ္ဆာန်ရုံ၏ အပြင်ဘက်သို့ ရောက်လာကြသည် ။ နွယ်က ပြန်ချင်ပြီဟု ဆိုသော်လည်း အဖော် အများစုတို့က ရုပ်ရှင်ကြည့်မည်ဟု ဆိုကြ၏ ။ မငြင်းဆန် နိုင်သော နွယ်သည် များရာဘက်သို့ လိုက်ပါရှာရသည် ။


ကားစောင့်နေစဉ် အဖော်တစ်ယောက် ပြသဖြင့် လှည့်ကြည့်လိုက်၏ ။ လူသုံးယောက် ကားဆိပ်ဆီသို့ တန်းတန်းမတ်မတ် လာနေကြသည် ။


လူတစ်ယောက်၏ ပခုံးတွင် သွေးများနစ်လျက် ရှိ၏ ။ ကားဆိပ်ရှိ လူများသည် ထိုလူအား ဝိုင်းဝန်း ကြည့်ရှုနေကြ၏ ။ နွယ်တို့ မိန်းကလေးအုပ်ကလည်း ထိုသူအား ဝိုင်းဝန်းကြည့်ရှုနေမိ၏ ။ 


ထိုသူသည် မိန်းကလေးများကို လည်းကောင်း မမြင်မတွေ့ ဘိသို့ တည်ငြိမ်သောမျက်နှာ ဖြင့် မားမားမတ်မတ် ယောက်ျားပီပီ လှမ်းလာလျက် ရှိနေသည် ။


မကြာမီ ကားဆိပ်သို့ ရောက်လာကာ အခြားသူများနှင့် ရောနှောလျက် အတူတူ ရပ်စောင့် နေသည် ။ မိန်းကလေးများသည် မိမိတို့ထက် များစွာ ကြီးလှပုံ မပေါ်သေးသော ယောက်ျားပီသ သည့် ထိုလူကို ငေးမောကြည့်နေကြသည် ။


“ သူပေါ့ … အတင်းပြေးလာပြီး ညည်းရှေ့က ဝင်ရပ်တာ ”


နွယ်သည် မိမိအဖော် ပြောသည့်စကားကို စိတ်မဝင်စားခါ ဖြူဖွေးသော အင်္ကျီလက် မောင်းစတွင် တရွေ့ ရွေ့ နီမြန်းလာစေသော သွေးစီးကြောင်းကြီးများကို ငေးကြည့်ရင်း တော် တော်များ များသွားလားဟု တွေးနေမိသည် ။


ထိုအတွင်း ရဲတင်းသော နွယ်၏ အဖော်တစ်ယောက်သည် ထိုသူ၏ရှေ့သို့ သွားရောက် ရပ်လိုက်သည် ။


“ ဆေးတိုက်သွားကြမလို့ပါလားရှင်.. အစ်ကိုကြီးတို့ကို ကျေးဇူးတင်နေကြပါတယ်ရှင် ” 


ဤတွင် ဘေးကလူများကလည်း ဂရုတစိုက်နှင့် ဝိုင်းဝန်းနားစွင့်လာကြသည် ။ နွယ်၏ အဖော်များကလည်း ထိုသူရဲကောင်း သုံးယောက်တို့ကို တစ်ယောက်တစ်ခွန်း ကျေးဇူးတင်ကြောင်း ပြောကြသည် ။ အနီးအပါးရှိ လူများကလည်း အဖြစ်အပျက်ကို မေးမြန်းကြပြီးလျှင် လူစွမ်းကောင်း ကြီး သုံးယောက်တို့အား ချီးကျူးသော မျက်လုံးများဖြင့် ကြည့်ကြသည် ။


“ တော်တော်များသွားသလားရှင် ... ကျွန်မ ဒီလို ဖြစ်ရတာ စိတ်မကောင်းပါဘူး ” 


နွယ်သည် ဒဏ်ရာနှင့် သူရဲကောင်းအား တစိမ့်စိမ့် ကြည့်နေရာမှ အသည်းနှလုံးသားဖြင့် မေးလိုက်မိသည် ။


ဒဏ်ရာနှင့် မောင်သည် တည်ကြည်သော မျက်လုံးများနှင့် နွယ်၏ မျက်လုံးထဲသို့ သိမ်မွေ့စွာ ထိုးဖောက်ကြည့်လိုက်သည် ။


“ ကိစ္စမရှိပါဘူး ခင်ဗျာ … မများလှပါဘူး ၊ ကျေးဇူးတင်ပါတယ် ”


မောင်၏အဖြေသည် ရိုးရိုးတန်းတန်းပင် ဖြစ်သည် ။ ထို့အတူ မောင်၏ မျက်လုံးသည် လည်း စူးရှထက်မြက်ခြင်းမှလွဲ၍ ရိုးရိုးသားသားပင် ဖြစ်သည် ။ မောင်၏ ကိုယ်အမူအရာတို့သည် လည်း ရိုးသားတည်ငြိမ်လျက်ပင် ရှိသည် ။


သို့သော် နွယ်သည် မောင်သူရဲကောင်းကို ကြည့်လျက် သနားကြင်နာမှု ကြည်နူးမှု အားကိုးလိုမှုများဖြင့် နွယ်တစ်ကိုယ်လုံး စိမ့်ထုံသွားသည် ။


ခရီးသည်တင်ကားကြီး ရောက်လာလေပြီ ။ လူနေရာ မရှိသဖြင့် မောင်တို့ကို အလျင် လိုက်ပါသွားကြစေရန် နွယ်တို့ အပျိုတစ်စုက တိုက်တွန်းကြသည် ။


မောင်တို့သည် ကျေးဇူးတင်သော မျက်လုံးကြီးများနှင့် ကြည့်လျက် ကားပေါ်သို့ တက် ရောက်သွားကြသည် ။ ဒဏ်ရာနှင့်မောင်၏ မျက်လုံးများသည် နွယ်တစ်ယောက်ထဲကို လွမ်းတ သော မျက်လုံးဖြင့် ကြည့်ရှုသွားသည် ဟူ၍ နွယ်၏စိတ်က ထင်လိုက်သည် ။


ရုပ်ရှင်ရုံထဲ ရောက်ရှိကြသော အခါတွင်လည်း ပိတ်ကားပေါ်မှ အရုပ်များသည် နွယ်၏ မျက်စိရှေ့တွင် ဒဏ်ရာရသော သူရဲကောင်းကြီး၏မျက်နှာ ဖြစ်နေတော့သည် ။ 


နွယ်သည် အဖော်များနှင့် ခွဲလျက် နွမ်းလျစွာ အိမ်သို့ ပြန်ရောက်ပြီးလျှင် ကျောင်းလွယ်အိတ် ကြီးကို ဗုန်းခနဲ စာရေးစားပွဲပေါ် ပစ်တင်လိုက်သည် ။


နောက်ဖေးက ထွက်လာသော မေမေက ဆို၏ ။


“ ဟဲ့ ... မိနွယ် နောက်ကျလှချည့်လား ၊ ဘယ်က အဖော်တွေဆီ ဝင်နေလို့လဲ ” 


နွယ်သည် မေမေ၏ မျက်နှာကို ငေးစိုက်ကြည့်ရင်း မျက်ရည်တွေ ဝိုင်းလာသည် ။ 


“ မေမေဟာ နွယ့်ကို ဒီလိုချည်းပဲ ... အမြဲတမ်း အပြစ်ရှာ ပြောနေတာပဲ ၊ အဲဒီလိုတော့ အပြစ်ရှာမနေနဲ့ သ,တ်လိုက်တော့ ”


နွယ်သည် ဆောင့်ဆောင့်အောင့်အောင့် ပြာဆိုလျက် စာရေးစားပွဲပေါ်တွင် မျက်နှာ မှောက်၍ ရှိုက်ကြီးတငင် ငိုကြွေးချလိုက်သည် ။


နွယ်၏မေမေသည် အလွန် အံ့သြသော မျက်နှာဖြင့် နွယ့်ကို စူးစိုက်၍ ကြည့်လိုက်သည် ။ မည်သို့ ဆိုစေ ၊ ဆဲစေ ၊ ရိုက်စေ နွယ်သည် တစ်ခါမျှ မတုံ့ပြန်ခဲ့ဘူးခဲ့ချေ ။ 


အလွန်ကျပ်တည်းလျက် စည်းကမ်း ကြီးမားလွန်းလှသော နွယ်၏ မေမေသည် နွယ်လေး၏ နိမ့်ချည် မြင့်ချည်နေသော ကျောပြင်လုံးလုံးကလေးပေါ်သို့ အလွန်ယုယ ညင်သာစွာ လက်တင် ပွတ်သပ် လိုက်ပါသတည်း ။


⎕ ရန်ကုန်ဘဆွေ


📖 စာပန်းချီ ၊ ၃/၁ 

      နိုဝင်ဘာ ၊ ၁၉၅၉


#ကိုအောင်နိုင်ဦး


.

သွေးသုံးစက်

❝ သွေးသုံးစက် ❞

  ⎯⎯⎯⎯⎯⎯              

       မန်းခိုင်

   ⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺

ရှေးရှေးတုန်း က ရွာ တစ်ရွာ မှာ ဖိုးတုတ် ဆိုတဲ့ လူဆင်းရဲ တစ်ယောက် ရှိ သတဲ့ ။ ကိုဖိုးတုတ် ဟာ နေပူ မရှောင် မိုးရွာ မရှောင် နေ့နေ့ညဉ့်ညဉ့် အချိန် အကန့်အသတ် မရှိ အလုပ် လုပ် စား ရှာတယ် ။ ဒီလို လုပ်ကိုင် တာ လည်း သူ့ မှာ ဘယ်သူ နဲ့ မှ နှိုင်းယှဉ် မရလောက် အောင် ချောမွေ့ လှပ တဲ့ ဇနီး တစ်ယောက် ရှိလို့ တဲ့ ။ သူ့ ဇနီး မယ်ရူပ ဟာ အလွန် လှတယ် ။ လှ သလောက် လောဘ ရမ္မက် ကြီးလှတယ် ။ သူ ဘယ်လောက် ပဲ လုပ်လုပ် ပစ္စည်း ရှာရှာ ရသမျှ နဲ့ တင်းတိမ်တယ် လို့ မရှိဘူး ။ ဖိုးတုတ် ခမျာ မှာ လည်း ဆင်းရဲသား ဓားမခါးချ လုပ်ရတဲ့ လူ ဆိုတော့ ဘယ်မှာ ဖောဖော သီသီ ရှာဖွေလို့ ရပါ့မလဲ ။ သူ့ ဇနီး ဟာ သူ ရှာဖွေ လုပ်ကျွေး သမျှ နဲ့ မတင်းတိမ်မှန်း သိလို့ လည်း သူ ဟာ ဘယ်သူ မှ လိုက် မမီအောင် အလုပ် လုပ် ရှာတယ် ။ သူ့ ဇနီး ကို လည်း အလွန် ချစ်တော့ အားမလျှော့ ဘဲ မာန်ဝင့်ပြီး တစ်နေ့ တော့ သူ့ ဇနီးချော သဘော တွေ့ အောင် ချမ်းသာ လာ မှာ ပဲ ဆိုပြီး ကြိုးစား ရှာတယ် ။ တစ်နေ့ တော့ သူ့ ဇနီး ဟာ ဗြုန်းဆို လေဖြတ် ပြီး သေရှာပါ ရော ။ အသက် မက ချစ်လှတဲ့ သူ့ ဇနီးချော တစ်ယောက် ကောက်ခနဲ ဆုံးပါးရတော့ ဖိုးတုတ် မှာ ဘယ်လောက် ပူပင်သောက ရောက်သွားမယ် ဆိုတာ စဉ်းစား ကြည့်ပေတော့ ။


ဖိုးတုတ် က တော့ “ ဒီလို ဇနီးချော တစ်ယောက် ကို ဘယ်နည်းနှင့် မှ သေမင်းလက် ကို မအပ်နိုင်ဘူး ။ သေသူ ရှင်အောင် လုပ်တတ်သူ တွေ့အောင် ရှာမယ် ” ဆိုတဲ့ ကြုံးဝါးချက် နဲ့ ရှိသမျှ ပစ္စည်းတွေ ထုခွဲ ရောင်းချပြီး သူ့ ဇနီးအလောင်း ကို ကျောပိုး လို့ ဆရာ ရှာ ထွက် လာ ခဲ့တယ် ။ အလောင်း ကျောပိုး ပြီး တစ်တော ဝင် တစ်တောင် ထွက် ၊ တစ်ချောင်း ကျော် တစ်မြစ်ကူး နဲ့ တစ်ကမ္ဘာလုံး နှံ့တဲ့ တိုင် ဒုက္ခဘေးဆိုး အကုန် ရင်ဆိုင် ပြီး ထွက် တာပဲ ။ ဘယ်လို ဘေးအန္တရာယ် ကို တွေ့တွေ့ အားမလျော့ ဘဲ ဇွဲ နဲ့ သွား လိုက်တာ တစ်နေ့ တော့ မိုးထိ မြင့် တဲ့ တောင် တစ်တောင် ကိုရောက် လာတယ် ။ ဒီ တောင်ကြီး ဟာ ဘယ်လောက် မြင့်သလဲ ဆိုရင် တောင်ထိပ် ဟာ မိုးသား ထဲ မှာ ပျောက် နေတာပဲ ။ ဖိုးတုတ် ဟာ ဒီလောက် မြင့် တဲ့ တောင် လည်း မတွေ့ဖူးတော့ ... ဒီ ထူးခြားတဲ့ တောင်ထိပ် မှာ ထူးဆန်းတဲ့ ဆရာ တွေ ရှိမှာပဲ ဆိုပြီး တက်တာပဲ ။ တောင် တက်စ မှာ ခရီး ကြမ်း လွန်းလို့ လက် တွေ ပေါက် ၊ ဒူး တွေ ပြဲ ၊ ဖဝါး တွေ ဟာ မြေကြီး ကို မထိဝံ့ အောင် နာကျင် ကိုက်ခဲ ပြီး သွေး အလိမ်းလိမ်း ထွက် နေရှာတယ် ။ ဒါပေမယ့် ယုံကြည်ချက် က လည်း ရှိ ဇွဲ က လည်း ကောင်းကောင်း နဲ့ တက် လိုက်တာ မိုး ထဲ ဝင် တဲ့ ဆီ ရောက်သွားတာပဲ ။ အဲဒီလောက် ရောက် တော့မှ ချောမွေ့ သာယာတဲ့ လမ်းဖုံဖုံကလေး တစ်ခု ကို တွေ့ရတယ် ။ ဖိုးတုတ် ဟာ ဘယ်လောက် ဝမ်းသာသလဲ ဆိုတာ ပြောလို့ ဆုံး မှာ မဟုတ်ဘူး ။ အဲဒီ လမ်းကလေး အတိုင်း ဒယိမ်းဒယိုင် နဲ့ တက် သွား လိုက်တာ မကြာမီ ဘဲ ပိတ်ဖြူစင်ကြယ် ဝတ် ထားတဲ့ လူသူတော်ကြီး တစ်ယောက် ကို တွေ့တယ် ။ ဖိုးတုတ် ဟာ သိပ် ဝမ်းသာ သွား ရှာတယ် ။ လူသူတော်ကြီး ရှေ့မှာ အလောင်း ကို ချပြီး “ ဘိုးဘိုးရယ် ... ကယ်မပါဦး ” ဆိုပြီး ခြေသလုံး ဖက် ငို ရှာတယ် ။ လူသူတော်ကြီး က “ ငါ့ မြေး ဘာဖြစ်လာသလဲ ... ဘာဖြစ်လို့ ဒီလောက် ဒုက္ခ ခံပြီး ဒီနေရာ ကို လာခဲ့တာလဲ ” စသဖြင့် မေး ရှာတယ် ။ ဖိုးတုတ် က လည်း သူ ကြုံတွေ့သမျှ နဲ့ သူ့ ဆန္ဒ ကို အတိုချုံး ပြောပြရင်း သူ့ ဇနီး အသက် ပြန် ရှင်အောင် မ ဖို့ တောင်းပန် ရှာတယ် ။ လူသူတော်ကြီး က “ ငါ့ မြေး .. ငါ့ မြေး ရဲ့ဇနီး ကို ပြန် ရှင် လာအောင် ဘိုးဘိုး တတ်နိုင်ပါတယ် ။ ဒါပေမယ့် ငါ့ မြေး ရဲ့ဇနီး ဟာ အသက် ပြန် ရှင်လာပေ မယ့် ငါ့ မြေး နဲ့ ကြာကြာ ပေါင်း ရမှာ မဟုတ်ဘူး ။ ငါ့ မြေး ကို စွန့်ပစ် သွားမှာပဲ ။ ဒါကြောင့် ငါ့ မြေး ဒီလောက် စုံမက် နေဖို့ မလိုပါဘူးကွယ် ” လို့ တရား ချ သတဲ့ ။ ဒါပေမယ့် ဖိုးတုတ် က ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ ဇနီး အသက် ကို ပြန် ရှင်အောင် ကယ်မပါ လို့ ပဲ တောင်းပန် ရှာတယ် ။ ဒါနဲ့ လူ သူတော်ကြီး“ ကောင်းပြီး .. ငါ့ မြေး ဒီလောက် ဆန္ဒ ပြင်းပြ နေရင် ဖြင့် ငါ့ မြေး ရဲ့လုံ့လဝိရိယ နဲ့  ဇွဲ ကို အားပေးတဲ့ အနေ နဲ့ ဘိုးဘိုး ရှင် အောင် လုပ်ပေးပါ့မယ် ။ ဒါပေမယ့် ... ဘိုးဘိုး ကို တော့ ကတိ တစ်ခု ပေးရမယ် ... ” လို့ ပြောတယ် ။ ဖိုးတုတ် က လည်း သူ့ အသက် ပင် စွန့်ရ စွန့်ရ ကတိ ပေးပါတယ်လို့ အာမခံတယ် ။ ဒီတော့ လူသူတော်ကြီး က “ ငါ့မြေး ရဲ့ လက်ညှိုး က သွေး သုံးစက် ဖောက်ပြီး တိုက်ရင် ငါ့ မြေး ဇနီး အသက် ပြန် ရှင် လာလိမ့်မယ် ။ ကတိ က တော့ အကယ်၍ မယ်ရူပ က ငါ့ မြေးတို့ စွန့်သွား ရင် တော့ အဲဒီ သွေး သုံးစက် ကို ပြန် တောင်းပါ့မယ် ဆိုတဲ့ ကတိ ပဲ လို့ ပြော တယ် ။ ဖိုးတုတ် က ဒါဟာ တာဝန် မကြီးတဲ့ အလုပ် ပါ ။ ဒီ ကတိ ကို ပေးပါတယ် လို့ အာမခံတယ် ။ ဒါကြောင့် လူသူတော်ကြီး ဟာ ဖိုးတုတ် ရဲ့ အလို ပြည့်စုံပါစေ လို့ ဆုတောင်း ရင်း ကွယ်ပျောက် သွားတယ် ။ ဖိုးတုတ် ဟာ ဝမ်းသာလို့ မဆုံးဘူး ချက်ချင်းပဲ လက်ညှိုး က သွေး သုံးစက် ကို ဖောက် ယူပြီး သူ့ ဇနီး ကို တိုက် လိုက်တယ် ။ မယ်ရူပ ဟာ သွေး သုံးစက် သောက် ပြီးတာ နဲ့ တစ်ပြိုင်တည်း အသက် ပြန် ရှင် လာတယ် ။ မောင် ရယ် ကျွန်မ တို့ ဘယ်လိုကြောင့် ဒီလောက် မြင့်တဲ့ တောင် ပေါ် ရောက် နေရတာလဲ လို့ မေးတယ် ။ ဖိုးတုတ် ဟာ အကျိုးအကြောင်း ပြောပြတော့ မှ သူ့ ဇနီး ဟာ ဖိုးတုတ် ကို ဖက် ပြီး မောင့် ကျေးဇူး ကြီးလှပါတယ် လို့ ပြော ရှာတယ် ။ မကြာမီ မှာ ပဲ ဇနီးမောင်နှံ နှစ်ယောက် ဟာ တောင်ကြီး ပေါ် က ဆင်း လာကြပြီး ခရီး ဆက်ကြရင်း နဲ့  ရွာ တစ်ရွာ ကို ဆိုက်ရောက် လာကြတယ် ။ ရွာပြင် က ဇရပ်ကြီး မှာ ခေတ္တ တည်းခို ဖို့ စီစဉ် ပြီး ဖိုးတုတ် က သူ့ ဇနီး အတွက် စားစရာ သောက်စရာ  ရွာ ထဲ မှာ သွား ရှာ ဦးမယ် ။ ဒီ ဇရပ် မှာ ပဲ ကောင်းကောင်း မွန်မွန် နေခဲ့လို့ မှာကြား ပြီး ရွာ ထဲ ကို ထွက် သွားတယ် ။ အဲဒီ အချိန် မှာ ပဲ ခရီးသွား ကုန်သည်ကြီး တစ်ယောက် ဟာ နောက်လိုက် အခြွေအရံ အစုံအလင် နဲ့ ဒီ ဇရပ်ကြီး ကို ရောက် လာတယ် ။ မယ်ရူပ ကို တွေ့တယ် ဆိုရင်ပဲ ကုန်သည်ကြီး ဟာ မဟားတယား နဲ့ အတင်း မိတ်ဖွဲ့ စားစရာ သောက်စရာ တွေ ပေး ၊ အဝတ်အထည် တွေ ပေး နဲ့ လောကွတ်ချော် နေတာပေါ့ ။ မယ်ရူပ က လည်း ဒီလို ဥစ္စာပေါ ယောက်ျားမျိုး နဲ့ သာ ပေါင်းသင်း ရ ရင် ဘယ်လောက်များ ပျော်မလဲ လို့ တွေးပြီး ပီတိ ဖြစ်နေတယ် ။ နောက်ဆုံး တော့ ကုန်သည်ကြီး က သူ နဲ့ လိုက်ဖို့ နှူး ပါရော ။ မဆွတ်ခင် က ညွတ်ချင် နေတဲ့ မယ်ရူပ ဟာ သိပ် မူ မနေတော့ ဘဲ ကုန်သည်ကြီး ရဲ့ အလို ကို လိုက်ပြီး ချက်ချင်းပဲ ခရီး ဆက် ထွက် သွားတယ် ။ ဖိုးတုတ် ခမျာ မှာ တော့ ရွာ ထဲ က တောင်းရမ်း ရ သမျှ စားစရာ သောက်စရာလေး တွေ ကို သူ ကိုယ်တိုင် တောင် မစား ဘဲ ဇရပ်ကြီး ကို ဒုန်းစိုင်း လို့ ပြန်လာတာပဲ ။ ဒါပေမယ့် ဇရပ် ရောက် တော့ ဖိုးတုတ် ဟာ မေ့မတတ် ဖြစ်သွားရှာတယ် ။ သူ့ ဇနီး ကို နေရာ မှာ ရှာ မတွေ့ တော့ တကျော်ကျော် နဲ့ အော်ပြီး လိုက်ရှာတယ် ။ အချိန် သာ ကုန် ရော သူ့ ဇနီး ကို လည်း မတွေ့ဘူး ။ ဖိုးတုတ် ဟာ ဇွဲသတ္တိ ရှိသူ ပီပီ မယ်ရူပ ကို တွေ့အောင် ရှာမယ် ဆိုပြီး တစ်ရွာ ဝင် တစ်ရွာ ထွက် လိုက် ရှာ ပြန်တယ် ။ လပေါင်း အတော် ကြာ တော့ မြို့ တစ်မြို့ က ပန်းခြံ ထဲ မှာ တစ်ယောက် တည်း လမ်းလျှောက် နေတဲ့ မယ်ရူပ ကို တွေ့တာပဲ ။ ဖိုးတုတ် အဖို့ တော့ ဒုတိယမ္ပိ ဝမ်း အသာကြီး သာ ပြန် တာပေါ့ ။ ဖိုးတုတ် က ဝမ်းသာအားရ နှုတ်ဆက် ပေမယ့် မယ်ရူပ က တော့ သူ့ ကို ဘယ်တုန်း ကမှ မသိ သလို ခပ်ကြောင်ကြောင် လုပ်ပြီး သူ မသိရကြောင်း ငြင်းတော့တာပဲ ။ ဖိုးတုတ် က သူ့ အသက် နဲ့ လဲ ချစ်ရကြောင်း တွေ ၊ သေမင်း လက် က လုခဲ့ရတာ တွေ ကို ဘယ်လောက် ပြောပြ ပေမယ့် မယ်ရူပ က ဇွတ် ငြင်းပြီး ဖိုးတုတ် ကို ပဲ နှင်ထုတ် နေတာပဲ ။ နောက်ဆုံး ဘယ်လိုမှ ပြန် ခေါ် လို့ မရမှန်း သိတော့ ဖိုးတုတ် က မယ်ရူပ အသက်ရှင် အောင် သူ ပေး လိုက်ရတဲ့ သွေးသုံးစက် ကို ပြန် ပေးဖို့ တောင်းရှာတယ် ။ မယ်ရူပ က တော့ ဖိုးတုတ် မြန်မြန် ပြန် မှ အေးမှာပဲ ဆိုပြီး “ ရှင် ချက်ချင်း ပြန် ရင် ရှင့် သွေးသုံးစက် ကို ပြန် ပေးပါ့မယ် ” လို့ ပြောတယ် ။ ဖိုးတုတ် က လည်း သွေး သုံးစက် သာ ရရင် သူ ချက်ချင်း ပြန်ပါ့မယ် လို့ ကတိ ပေးတော့ မယ်ရူပ ဟာ လက်ညှိုး ကို ဖောက် ပြီး သွေး သုံးစက် ကို ပေး လိုက်တယ် ။ သွေး သုံးစက် ပေးပြီးတာ နဲ့ တစ်ပြိုင်နက် မယ်ရူပ ဟာ တဖြည်းဖြည်း သေး သွား လိုက်တာ နောက်ဆုံး ခြင်ကလေး ဖြစ်သွားရော တဲ့ ။အဲဒီ နေ့ က စပြီး မယ်ရူပ ဟာ သူ ပေးမိတဲ့ သွေး သုံးစက် ကို ပြန် ရအောင် ဆိုပြီး လူ တွေ့ တိုင်း သွေး လိုက် စုတ် နေ လိုက်တာ ယနေ့ တိုင် ပါပဲကွယ် ။


◾မန်းခိုင် 


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၅၉ ၊ မေ


#ကိုအောင်နိုင်ဦး


.

 

တစ်ညတုန်းက


 

❝ တစ်ညတုန်းက ❞
  ⎯⎯⎯⎯⎯⎯⎯
      သိန်းဖေမြင့်
   ⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
( ပထမပိုင်း )

လဆန်း ၁၂ ရက်နေ့ ည တွင် ပေါ်ထွက်လာသော လမင်း သည် တပေါင်းလ ၏ မင်းလွင်မြူမှောင် တွင် ငွေရောင်ခြည်များ ဖြန့်ဆင်း နေသည် ။ လရောင် ပက်ဖျန်းအပ်သော မြူမင်းလွင် တို့သည် ထူးထွေသော ပသာဒ တစ်မျိုး ကို ဆောင်လျက် ရှိသည် ။ ထိုလရောင် အောက်တွင် ဆိတ်ငြိမ်စွာ တည်ရှိ နေသော သုသာန်ပြင် သည် လည်း အိပ်မက် ထဲ ၌ မြင်တွေ့ နိုင်သော ရှုမျှော်ခင်းကလေး ကဲ့သို့ တစ်မျိုးအားဖြင့် သာယာ နေလေသည် ။ ဂူကလေးများ လည်း ပြာလဲ့သော အနောက်မျက်နှာ ကောင်းကင်ပြင် ကို ကျောခံကာ ဖြူဖြူဖွေးဖွေး စီတန်းလျက် ရှိကြလေ၏ ။ သင်္ချိုင်း တောင်ဘက် ရှိ ထနောင်းပင်ကြီး သည် ကား ကိုယ်တုံးလုံး နှင့် လူကြီး တစ်ယောက် ဘီလူး က နေသောပုံ နှင့် တူလေ၏ ။ ဇရပ် ၏ သွပ်မိုးသည် ကောင်းကင် နှင့် တစ်သွေးတစ်ရောင် တည်း ရှိနေ၏ ။

သုသာန် ။ ရှေးအခါက ကြောက်မက်ဖွယ် ၊ ငြီးငွေ့ ဖွယ်ကောင်းလှသော အရပ် သည် ယခု ည ၌ သာယာနေသည် မှာ အံ့သြဖွယ်ကောင်း၏ ။

သို့သော် ထိုမျှ သာယာသော သုသာန် သည် တင်မေ ၏ စိတ် ကို မညိုနိုင် ။ တင်မေ ၏ စိတ် သည် ပတ်ဝန်းကျင် လောကဓာတ် တွင် မရှိ ။ ၎င်း ၏ ရှေ့တွင် ရှိသော ဂူကလေး အတွင်း သို့ သာ ဝင်ဆံ့နေ၏ ။ သူ သည် သုသာန် ၏ ကြောက်ဖွယ်သော ဘဝ ကို လည်း မတွေးမိ ။ သာယာသော ရှုမျှော်ခင်း ကို ကြည့်မျှော် ခံစားရန် ကို လည်း သတိ မရ ။ လောကကြီး တွင် အဖိုး အတန်ဆုံးသော ရတနာ တစ်ခု သိုမှီးထားရာ ထို ဂူ သည် သာ တင်မေ ၏ စိတ် ကျက်စားရာ ဖြစ်နေတော့၏ ။

ဂူတွင်း ၌ လျောင်း နေသော ရတနာ ကား မည်သူပါနည်း ။

တင်မေ သည် ဤ မနုဿဘုမ္မိ ဒုက္ခဘုံကြီး တွင် အားကိုးရာမဲ့ ရှာသော မုဆိုးမကလေး ဖြစ်ရှာလေပြီ ။ တင်မေ သည် ၎င်း၏ ရှေ့ဖြစ်များ ကို ကြိုတင်၍ တွေးမိလျှင် သူတို့ လင်မယား သည် ရှေ့က နှစ်ဘီးတပ် လှည်းယဉ် နှင့် တူသည် ဟု သဘောရမိ၏ ။ ယခုမူ တစ်ဘီး ပြုတ်သွားပြီး ပျက်စီး သွားပြီ ဖြစ်ရကား တစ်ဘီးတည်း နှင့် လှည်းယဉ် ကို ကောင်းစွာ သွားရန် မည်သို့ မောင်း ရမည်ကို မတွေးဝံ့အောင် ရှိလေ၏ ။ သို့ကြောင့် တင်မေ သည် ရှေ့ အဖို့ကို မစဉ်းစားသေးဘဲ သွားလေသူ ခင်ပွန်းသည် မောင်စံညွန့် ၏ ဂုဏ်ဂုဏေး နှင့် နာမဝိသေသန အမျိုးမျိုး ကိုသာ ဆင်ခြင် အောက်မေ့နေတော့၏ ။

စံညွန့် သည် အသက် သုံးဆယ့်နှစ်နှစ် မျှ နှင့် လူ့ဘဝ ကို အဆုံးသတ် ရှာရ၏ ။ တင်မေ ကား အသက် ၂၇ နှစ် တွင် မုဆိုးမ ဖြစ်၍ ကျန်ရစ်ခဲ့ရှာ၏ ။

စံညွန့် ၏ အလောင်း သည် ရွာ မှ စွန့်ပစ် လိုက်သဖြင့် ဤ ဂူ သို့ ရောက်ခဲ့ရှာ၏ ။ စံညွန့် ကား မှောင်လှစွာသော ဂူတွင်း ၌ အဖော် ကင်းမဲ့စွာ လဲလျောင်း ရှာချေပြီ ။ လူ အလာ နည်း သော သုသာန် တွင်း ၌ စွန့်ပစ်ခြင်း ခံရလေပြီ ။ ကမ္ဘာ့အလင်းရောင် ကို မခံစား ရရှာတော့ပြီ ။ ထိုသို့လျှင် တင်မေ သည် တွေးတော ပူပန်လေ၏ ။

တင်မေ သည် လက် မှ ပါလာသော အထုပ် ကို ဖြေ၏ ။ ဘန်ကောက် လုံချည် ကို ရှေးဦးစွာ ယူ၍ ဂူ ပေါ်၌ လွှမ်း၏ ။ လွှမ်းသော ခဏ၌ သူ ၏ အဆွေးဓာတ်သည် လျော့ပေါ့ လာ၏ ။ သူ သည် ဘန်ကောက်လုံချည် ကို ဝတ်ထားသော စံညွန့် ကို ကောင်းစွာ မြင်နိုင် ၏ ။ ထို့နောက် မဟာညွန့် ပိုးလုံချည် ကို လွှမ်းပြန်၏ ။ ထို လုံချည် သည် စံညွန် ၏ သွားပုံ လာပုံ ၊ စံညွန့် ၏ ခေါင်းပေါင်း ၊ စံညွန့် ၏ ပြုံးပုံရယ်ပုံများ ကို တင်မေ ၏ ဉာဏ်မျက်စိ တွင်းသို့ ဆောင်ကြဉ်းလာလေ၏ ။ တရွှမ်းရွှမ်း နှင့် ပိုးလုံချည်သံ ကို ကြားယောင်ယောင် ရှိနေ၏ ။ အခြား လုံချည်များ ကို အခေါက်လိုက် ဂူ ခြေရင်းမှာ တင်ထား၏ ။

ဂူ၏ ဝဲဘက်၌ ဒူးတုပ်ကာ ထိုင်လေ၏ ။ ရှင်မီးအင်္ကျီ အိတ် ထဲမှ လက်စွပ် တစ်ခု ကို ထုတ်ယူ၍ သည်နေရာ မှာဖြင့် သူ့ လက် ရှိ ကောင်းရဲ့ဟူသော အမှတ်ဖြင့် လက်စွပ် ကို ချထား လေ၏ ။ သူ လုပ်ရန် ကြံရွယ်ထားသမျှ လုပ်၍ ပြီးလေပြီ ။ ဂူ ပေါ် တွင် လက် တင်ကာ ပြန်ရန် စဉ်းစား၏ ။ မျက်ရည်များ အဖြိုင်ဖြိုင် ကျဆင်း လာလေ၏ ။ “ အမယ်လေး ကိုစံညွန့် ရဲ့ အီး အီး အီး ” ဟု အသံ ထွက်အောင် ငိုကာ ဂူ ကို ဖက်လေ၏ ။ ဂူ ကို ဖက်ရသည် မှာ ကိုစံညွန့် ကို ဖက် ရသည် ဟု အယူ ရှိလေ၏ ။

တင်မေ ၏ စိတ်ကူးဉာဏ် သည် မိမိတို့ လက်ထပ်ပြီး ခါစ အချိန် သို့ ရောက်သွားပြန် လေ၏ ။ ထိုစဉ်က ချစ်စနိုး ဖြင့် ကျီစယ် ကာ ပါး ကို လိမ်ဆွဲ လိုက်သော စံညွန် ၏ လက်ရာကလေး ကို ယခုတိုင် အမှတ်ရ ရှာသေး၏ ။ ထိုစဉ်က အလွန်အကြူး ချစ်လှ သဖြင့် စံညွန့် က “ ဒီဘက် တိုး စမ်းပါကွဲ့ ”  ။

တင်မေ က “ ဘာလုပ်မလို့လဲ ” ၊ စံညွန့် က “ ဘာလုပ် လုပ်ကွာ ” ဟု ပြောပြီး အလကား နေရင်း ဖက်ထားသည်များကို တသလွမ်းဆွတ် မိလေ၏ ။ ညားကြသည့် နေ့က စ၍ သေသည့် တိုင် စံညွန့် သည် မိမိ အား အမြဲချစ်သောလင် ၊ မိမိ အား စောင့်ရှောက်သော အစ်ကို ၊ စံညွန့် သည် ပင် မိမိအား ဆုံးမသွန်သင်သော ဆရာ ဖြစ်ခဲ့၏ ။ တင်မေ သည် ဆို၍ ဆို၍ လာလေ၏ ။ “ အမယ်လေး ကိုညွန့် ရဲ့ ၊ အို … ဦးညွန့်ကြီး ရဲ့ ၊ ဘယ်သူ့ ယုံလို့ ပုံအပ်သွားတာလဲ ၊ ကျွန်မ ဘယ်လို နေရစ်ခဲ့ရမလဲ ၊ ကျွန်မ မနေဘူး ၊ လိုက်ခဲ့မယ် ” ဟု အသံ ထွက်၍ ငိုပြန်လေ၏ ။

တင်မေ သည် မယား အဖြစ် ရှစ်နှစ်မျှ ကြာခဲ့သော်လည်း အအိုရုပ် လုံးလုံး မဆောင်ချေ ။ အသားအရေ မှာ စိုပြည်ဝဖြိုး၏ ။ တင်သား ရင်သားတွေ တောင့်တင်း၏ ။ နဖူးရေ ဒူးရေ မတွန်  ။ ပါးနှစ်ဖက် လည်း ဖောင်းကြွစိုနီ တုန်း ရှိသေး၏ ။ မျက်နှာ ၏ လှပခြင်းသည် လည်း အမြဲပင် တည် နေလေ၏ ။ ထိုတွင် သမီးသား မရှိ သဖြင့် တစ်ကြောင်း ၊ မိုး လင်းလျှင် သူ့ ကိုယ် သူ ဖြီးလိမ်းဝတ်ဆင်ခြင်း အလုပ် ကို ပထမဆုံး အလုပ်တာဝန် ထားသဖြင့် တစ်ကြောင်း ထို အကြောင်းတို့ ကြောင့် အပျိုဘဝ က တင်မေ ၏ တန်ဖိုး နှင့် အအိုဘဝက တင်မေ ၏ တန်ဖိုး လွန်စွာ မခြားနားလှပေ ။ ထို့ကြောင့် လည်း စံညွန့် သည် မလျော့သော ချစ်ခြင်းဖြင့် တင်မေ အား ချစ်ခဲ့ကြင်နာခဲ့ မြတ်နိုးခဲ့လေသည် ။ ထိုသို့ ချစ်ခင်ကြင်နာ မြတ်နိုးသော လင်မျိုး ကို တင်မေ သည် တစ်သက်တွင် ရတော့မှာ မဟုတ်ပါဘူး ဟု အောက်မေ့လေ၏ ။ မိမိ မှာ အသက်ရှင် နေသော်လည်း ဘဝ ဆုံးပြီ ဟု ယူကျုံးမရ ရှိလေ၏ ။

ဂူ ကို ကျောမှီ၍ ငိုပြန်၏ ။

••••• ••••• •••••

( ဒုတိယပိုင်း )

သင်္ချိုင်းကုန်း အနောက်ဘက် ကပ်လျက် ရှိသော ပြောင်းရိုးစင် အောက် တွင် ဖဲဝိုင်း တစ်ဝိုင်း ရှိလေ၏ ။ သာဒင် သည် ဖဲဝိုင်း ၌ ပြောင်အောင် ရှုံး သဖြင့် နောက်ထပ် ရိုက်ရန် ငွေ ရှာဖို့ စိတ်ကူးသည်မှာ “ ငါ ငွေ ၁၅ ကျပ် လောက် တော့ အဖျင်းဆုံး ရဖို့ လိုတာပဲ ။ ဘယ် သွား ရှာရပါမလဲ ။ အချိန် ကလည်း တော်တော် ညဉ့်နက်ပြီ ။ ဆယ့်တစ်နာရီ လောက် ရှိတော့မယ် ။ ကဲလေ ... ရွာ ထဲ သွားမှပါပဲ ။ ဟိုကျမှ တော်သလို ကြည့် စီမံရမှာပဲ ” ဟု တွေးတောရင်း သုသာန် တွင်း သို့ ရောက်လာလေ၏ ။ သုသာန် ကို ဖြတ်သွားသော လမ်းကလေး သည် လရောင် ၌ ရေစီးချောင်းကလေး နှင့် တူ နေလေ၏ ။ သာဒင် သည် ငွေ ရှာရေး ကို ရပ်ဆိုင်း၍ သင်္ချိုင်း ကို ကြည့်လေ၏ ။ သူ သည် သူ ၏ အသက် ၂၈ နှစ် အတွင်း သင်္ချိုင်း သို့ အခေါက်ပေါင်း များစွာ ရောက်ဖူး၏ ။ ည ည၌ သင်္ချိုင်းကို ကျော်ဖြတ် ဖူးသည် မှာ လည်း အကြိမ် များစွာ ရှိခဲ့လေပြီ ။ ရှေးရှေးအခါများ ၌ သုသာန် သည် သုသာန် သာဖြစ်၏ ။ ယခုအခါ မူကား သုသာန် သည် ပျော်ဖွယ် ကောင်းသော ဥယျာဉ်ကလေး နှင့် တူသလိုလို ထင်မိ၏ ။ သူ ၏ ခြေလှမ်းများသည် စိပ် လာလေ၏ ။ ဖြည်းညင်းစွာ လမ်းလျှောက် ရင်း သုသာန် ၏ ရှုမျှော်ခင်း ကို ကြည့်လေ၏ ။

သာဒင် သည်ကား ကျောင်းဆရာ ဖြစ်၏ ။ ဖဲ ရိုက်ခြင်းသည် ကျောင်းဆရာ ၏ တာဝန် တစ်ခု သဖွယ် သဘောထား ကာ သာဒင် သည် ဖဲ ကို အမြဲကစားလေ့ရှိ၏ ။ ဖဲရိုက် သဖြင့် လခ ကို ပေါင်ရသည် မှာ မကြာခဏ ဖြစ်ပေ၏ ။ သို့သော် ပူဆာမည့် မိန်းမ မရှိ သဖြင့် ဖဲ မည်မျှပင် ရှုံးရှုံး တာဝန် မလေးလှချေ ။ သူ သည် စာ ကိုလည်း အတော် ဖတ်သူ ဖြစ်၏ ။ စာဖတ်ခြင်း နှင့် ဖဲရိုက်ခြင်း သည် သူ ၏ အလုပ် နှစ်ခု ဖြစ်ပေ၏ ။

သာဒင် သည် လူသံ ကို ကြားရသဖြင့် ထိတ်သွား၏ ။ နာနာဘာဝများ ၏ အသံ လေ လောဟု တွေး၏ ။ သို့သော် သူ သည် နာနာဘာဝ ကို ကြောက်သူ မဟုတ် ။ အလွန် ယုံ သူ လည်း မဟုတ် ။ ထပ်မံ၍ နားစွင့်ပြန်၏ ။ လူ ငိုသံ ကြားရ၏ ။ နားထောင်၏ ။ ငိုသံ တွင် မက ရှိုက်သံပါ ရောလျက်ပါလာ၏ ။ မည်သူ့ အသံပေနည်း ။ သေပြီ ထင်၍ အမြှုပ် ခံရသော လူမမာ ၏ အသံလော ။ သေသူ ကို လွမ်းသဖြင့် တမ်းတသော အသံလော ။ သာဒင် သည် အသံ လာရာ သို့ မှန်းကာ ကပ်သွား၏ ။ နား တွင် အလွန်သာယာသော အသံပါတကား ။ ချွဲနွဲ့တီတာ သော ငိုသံပါတကား ။ ဘယ်မိန်းမ ၏ ငိုသံနည်း ။ “ အို… ကိုညွန့် ရဲ့ ။ ဟီး .. အသေစောလှ ချေရဲ့နော် ။ ကျွန်မ ကို ခေါ်လှည့်ပါ ၊ ခေါ်လှည့်ပါ ။ ကိုညွန့် မရှိတဲ့ လောကကြီး မှာ ဘယ်သူ့ အားကိုးပြီး ကျွန်မ နေခဲ့ရမလဲ ။ အိ အိ ” နှင့် ငိုသံ ကြားရသဖြင့် သာဒင် သည် မူမှန်သော အကြောင်း ကို သိရလေ၏ ။

“ မတင်မေ မတင်မေ ၊ သတိထားဦးမှပေါ့ဗျာ ” ဟု အကြီးဆုံးသော ကရုဏာသံ ဖြင့် တောင်းပန်လေလျှင် -

“ လင် တစ်ယောက်လုံး ဆုံး နေတာ ဘယ်လို လုပ်ပြီး သတိထားနိုင်မလဲ ကိုသာဒင် ရဲ့ ” ဟု အကြောင်းပြလေ၏ ။

“ လွမ်း ရင် နေ့ မှာ ဖြစ်ဖြစ် ၊ အဖော် နှင့် ဖြစ်ဖြစ် လာရောပေါ့ ။ ခုတော့ တစ်ယောက် တည်း ညကြီး လာတာကိုး ” ဟု ပြောရင်း တင်မေ ၏ မျက်နှာ ကို သေချာစွာ ကြည့်၏ ။ ဖြာစီးနေသော မျက်ရည်များ သည် လရောင် တွင် တောက်ပနေလေ၏ ။ မျက်ရည် ပြည့်နေ သော ဝိုင်းစက် ကြည်လင်သည့် မျက်လုံးများ နှင့် ကော့နေသော မျက်တောင်များသည် အလွန်တရာ ကြည်လင်သော ရေကန် အနီး တွင် အုန်းပင်ကလေးများ ပေါက် နေရာ၌ လှပ သကဲ့သို့ လှပစွာ ကျက်သရေ ဆောင် နေလေ၏ ။

“ အို … ကျွန်မ နေ့ တိုင်အောင် မစောင့်နိုင်ဘူး ။ အိမ်မှာ နေလို့ အို အို ( ရှိုက်လျက် ) မဖြစ်ဘူးရှင့် ။ ကျွန်မတို့ ဘယ်လောက် ချစ်တယ် ဆိုတာ ရှင် အသိသားပဲ ” ဟုပြောပြီး မျက်ရည် တွေ စီးကျ လာလေ၏ ။ သာဒင် သည် လူတစ်ဦး ၏ မျက်လုံး အောက်ထဲ၌ မျက်ရည် ထိုမျှ များပြားသည်ကို အံ့သြလျက် ရှိလေ၏ ။

“ သိပါတယ် မတင်မေ ရယ် ၊ ဘယ်လောက် ချစ်တယ် ကြင်နာတယ် ဆိုတာ သိပါတယ် ။ သို့ပေမဲ့ တစ်ခု အစီရင်ခံပါရစေနော် ။ မတင်မေ သဘောကျ လျှင် လည်း လိုက်နာတာပေါ့ ။ သဘောမကျ လျှင် လည်း ပြောတဲ့ စကား ပယ်ရုံပေါ့ ။ ကဲ ... မသေခင် က ကြင်နာကြ ချစ်ကြလို့ ၊ သေသွားတော့ ကျန်ရစ်သူ က ပူဆွေးတသတယ် ဟုတ်လား ” ဟု ကိုသာဒင် သည် စကား ကြောင်းလေ၏ ။

“ ပူတာပေါ့ ကိုသာဒင် ရယ် ၊ လွမ်းလိုက်တာလည်း မပြောနဲ့တော့ ”

“ ဒီတော့ ပူလို့ ၊ လွမ်းလို့ ၊ ဆွေးလို့ ငိုတယ်ဟုတ်လား ။ ဟော ... ဟောဒီက မတင်မေ ငိုတာတွေ ကြောင့် ၊ ပူတာတွေ ကြောင့် ကိုစံညွန် ပြန်ပြီး အသက်ရှင် လာမယ် ဆိုရင် ကျွန်တော် လည်း ကူငိုပါ့မယ် ။ တသငိုကြွေး လို့ အသက် လည်း ပြန် ရှင်မလာဘူး ဟုတ်လား ” ဟု စကား ပြောရင်း ဂူ ကို မှီလျက် မတ်တတ်ရပ် နေလေ၏ ။

“ ဟုတ်တော့ ဟုတ်တာပေါ့ ။ သို့ပေမဲ့ ပြန်မလာပေမဲ့ မငိုဘဲ မနေနိုင်ဘူး ” ဟု ပြော ကာ မျက်ရည်များ ကို အင်္ကျီလက် ဖြင့် သုတ်၏ ။

“ မတင်မေ ... ထမင်း စားတာ ဘာလို့ စားသလဲ ။ အသက်ရှင်ချင်လို့ မဟုတ်လား ”

“ ဟုတ်ကဲ့ ”

“ မတင်မေ အိပ်တာ ကျန်းမာရွှင်လန်းအောင် လို့ မဟုတ်လား ”

“ ဟုတ်ကဲ့ ”

“ မတင်မေ ဟာ နဂိုကပဲ ဘယ်လောက် ချောချောလှလှ အဝတ်တန်ဆာ ဆင်တာ ဘာလို့လဲ ။ တင့်တယ် ဖွယ်ရာအောင် မဟုတ်ဘူးလား ။ ဒီတော့ ဘယ်အရာ မဆို အကျိုး ရှိမှ မတင်မေ လုပ်တယ် ။ အခုတော့ ငိုတယ် ၊ ဘာအကျိုး ရှိသလဲ ။ ကိုစံညွန့် လည်း ပြန်မရှင် လာ ။ အကျိုး မရှိဘဲနဲ့ ငိုတယ် ။ မတင်မေ မှာ အရာရာမယ် အကျိုး ရှိ မှ လုပ်ပါလျက် နှင့် ဒီနေရာ မှာ မှ အကျိုး မရှိတာ လုပ်လေခြင်းဗျာ ” ဟု တည်ကြည်သော မျက်နှာနှင့် တင်မေ အား စိုက်ကြည့်ရင်း ပြော၏ ။

တင်မေ ၏ စိတ်သည် ပြောင်းသွား၏ ။ အစက စံညွန့် ကို သာ စိတ်ပုံ၍ ထား၏ ။ မိမိ ကိုယ်ကိုပင် သတိမေ့ခဲ့၏ ။ ယခုမူ သာဒင် ၏ ချီးမွမ်းစကား ကြောင့် မိမိ ကိုယ် ကို မိမိ အမှတ် ရ တော့၏ ။ ငါ သည် လှပသော မိန်းမ တစ်ယောက်ကလား ဟူသော အစွဲ သည် ယခုမှ ပြန်လည်၍ သူ့ စိတ်တွင်းသို့ ဝင်လာလေ၏ ။ ဤကား ပထမဆုံး အကြိမ် စံညွန့် ကို မေ့၍ သွားခြင်းဖြစ်၏ ။ “ ငါ သည် အကျိုးမရှိဘဲ လုပ်တာ ဟုတ်သလား ” ဟု မေးခွန်း ထုတ်၏ ။ ဟုတ်သည် ဟု ကိုယ်တိုင် ဝန်ခံ၏ ။ “ ဒါဖြင့် ငါ မငိုရတော့ဘူးလား ။ အို … မနေနိုင်ဘူး ။ ငါ ညံ့တယ် ” ဟု တွေးမိ၏ ။

“ သို့ပေမဲ့ ရှင် မငိုဘဲ မနေနိုင်ဘူး ။ လင် ကို ချစ်ရင် ၊ သစ္စာ ရှိရင် ငိုရမယ်လို့ ထင်တာ ပဲ ။ ကဲ .. ကျွန်မ မငိုဘဲ နေပါပြီတဲ့ ။ အများက ဒီကောင်မ ဟာ လင် ကို သစ္စာမဲ့လေခြင်းလို ပြောမှာပေါ့ ” ဟု ဂူ ကို လက်သည်း ဖြင့် ခြစ်၍ ပြောပြန်လေ၏ ။

“ ချစ်ရမှာ က ဘယ်သူ့ ကို ချစ်ရမှာလဲ ။ သစ္စာ က ဘယ်သူ့ အပေါ် ရှိရမှာလဲ ။ ကိုစံညွန့် အပေါ် မှာ မဟုတ်ဘူးလား လို့ ”

“ ဟုတ်ကဲ့ ”

“ ကိုစံညွန့် အပေါ် မှာ ဖြင့် ကိုစံညွန့် မှ မရှိတော့ဘဲ ။ ဘယ်လို လုပ်ပြီး ချစ်မလဲ ၊ သစ္စာ တည်မလဲ ။ ပမာဗျာ ။ မတင်မေ က ကျွန်တော့် ပခုံး ပေါ်မှာ လက်ကိုင်ပဝါ တင်ချင် တယ်ဆိုပါ တော့ …” ၊ တင်မေ သည် သူ့ ပခုံး ကို ကြည့်မိ၏ ။ ကြီးမားလှသော ပခုံး ဖြစ်သည် ။ “ ဟောဒီ ပခုံး မရှိရင် ဘယ်မှာ သွားထားမလဲ ။ စားပွဲ ပေါ် မှာ နာရီ တင်ချင်တယ် ။ စားပွဲ မရှိဘဲ နဲ့ သွား တင်ရင် ကျကွဲရုံပေါ့ မတင်မေ ရဲ့ ။ မရှိတဲ့ အရာ ပေါ်မှာ သွားပြီး မေတ္တာ ထားရင် သစ္စာ ဘယ်က လာ တည်မလဲ ။ မေတ္တာ ဘယ်က လာပြီး မြဲမလဲ ။ ဟုတ်တာပေါ့ ၊ ကိုစံညွန့် ရှိတုန်းက သစ္စာ ထား ခဲ့ပြီ ။ မေတ္တာ ညွှတ်ခဲ့ပြီ ။ အဲဒီတုန်းက မြဲတဲ့ မေတ္တာ က မှ အမှန် ။ အဲဒီတုန်းက ထားခဲ့တဲ့ သစ္စာ ကမှ အမှန် ။ နည်းမှန်တယ် ။ အဲဒီတော့ လူများ နားမလည် လို့ ကဲ့ရဲ့မှာ ကြောက်သလား ။ မြတ်စွာဘုရား က ဥပေက္ခာ ပါရမီ ကို ဖြည့်ရမယ်တဲ့ ၊ ကြားလား ။ ကျွန်တော့် ကို ဘုန်းကြီး လူထွက် လည်း မထင်ပါနဲ့  ”

တင်မေ သည် စံညွန့် သေကတည်း က ပထမဆုံး အကြိမ် ပြုံးခြင်းဖြင့် ပြုံးလေ၏ ။ “ ချီးမွမ်း ခုနစ်ရက် ၊ ကဲ့ရဲ့ ခုနစ်ရက်တဲ့ ” ဟု ပြောကာ ပြုံးသော တင်မေ အား စိုက်၍ ကြည့် ပြန်လေ၏ ။

“ အို ... ငိုတော့ ကိုစံညွန် ကြားသွား မှာပေါ့ ။ ကြားတော့ ဟို ဘဝ က နေပြီး ငါ့ မယား ဟာဖြင့် တယ်တော်ပါကလား လို့ သိမှာပဲ ” ဟု ပြောကာ စိုက်ကြည့် နေသော သာဒင် ၏ မျက်လုံးများ ကို မဆိုင်ရဲသည့် အလား မျက်နှာ ကို ငုံ့ထားလေ၏ ။

“ အဲဒါကို ငါးရာ့ငါးဆယ် နိပါတ် ထဲ က ဝတ္ထု တစ်ပုဒ် နဲ့ ယှဉ်ပြီး ပြောရဦးမယ် ။ နာမယ် မဟုတ်ဘူးလား ဒကာမကြီး ”

“ ဟုတ်ကဲ့ ၊ ပြောသာ ပြောပါ ။ အပူ ကုန်ရင်လည်း ကိုသာဒင့် ကျေးဇူးပေါ့ ”

“ ရှေးတုန်းက ဗာရာဏသီပြည် မှာ ဗြဟ္မဒတ်မင်းကြီး မင်းမူ သတဲ့ ။ မင်းကြီး မှာ အလွန် ချစ်မြတ်နိုးတော်မူတဲ့ မိဖုရား တစ်ပါး ရှိတယ်တဲ့ ။ မိဖုရား က သိပ်ချောပြီး သိပ်လှတယ်တဲ့ ။ ချောတယ်လှတယ် ဆိုတဲ့ စကားတော့ သိပ် ရိုးနေပါရော့မယ်လေ ။ မတင်မေ ဟာ ဒီ စကား နှင့် ခဏခဏ အချီးမွမ်း ခံရဖူးမှာကိုး ”

တင်မေ သည် ဒုတိယမ္ပိ ပြုံးလေ၏ ။

“ တစ်ခါတော့ ဒီ မိဖုရားကြီး ကွယ်လွန်ပါရော တဲ့ ။ ဘုရင်မင်းကြီး လည်း အလွန် ချစ်မြတ်နိုးတဲ့ မိဖုရားချော တစ်ပါး ကွယ်လွန်အနိစ္စ ရောက်တဲ့ အတွက် အလွန် ကို ကြေကွဲ ဝမ်းနည်းတော်မူတာပေါ့လေ ။ ဝမ်းနည်း ပြီးတော့ သူ့ မိဖုရားရုပ် ကို အမြဲ ရှုစားတော်မူလိုတာနဲ့ ပျားရည် စိမ်ပြီး မှန်ခေါင်း နှင့် ထည့်ထားတယ်တဲ့ ။ မိဖုရားကြီး နှင့် တူအောင် ရွှေရုပ်ကြီး တစ်ခု လည်း သွန်းလုပ်ထားပြီး ခဏခဏ ရှုစားတော်မူတယ်တဲ့ ။ ဒီအတွင်း မှာ ဘုရားအလောင်း ရသေ့ က မင်းကြီး နဲ့ တွေ့ ရော ၊ မင်းကြီး ကို ဒီလို တမ်းတ လွမ်းဆွတ်ဖို့ မလိုကြောင်း ၊ မထိုက်ကြောင်း ဆုံးမတယ် ။ ဆုံးမ လို့ မရဘူး ။ ဒီတော့ ရသေ့ကြီး က မင်းကြီး တဲ့ ၊ မင်းကြီးမိဖုရား ဘာဖြစ်နေတယ် ဆိုတာ သိချင်သလားတဲ့ ။ မင်းကြီး က သိချင်ပါတယ် ဘုရား ဆိုတော့ ၊ လာလိုက်ခဲ့ ဥယျာဉ် ကို လို့ ဆိုပြီး ခေါ်သွားရော ။ ခေါ်ပြီး ဘုရားလောင်းတန်ခိုး နှင့် မိဖုရားကြီး ဟောင်း ကို ခေါ်ယူတယ် ။ မိဖုရားကြီး ဟာ ဆင်ပိုးကြီး တစ်ကောင် ဖြစ်နေတာကိုး ။ ဘုရား အလောင်း ခေါ် တော့ နောက် က ပိုးဖို နဲ့ အတူ လိုက်လာတယ် ဆိုပဲ ။ ဘုရားအလောင်း က နောက်က ဘယ်သူလဲ လို့ မေးတော့ ပိုးမ က ကျွန်မ အရှင်သခင် လင်ရတနာ ပါတဲ့ ။ ( ဟဲ ဟဲ ခနဲ တင်မေ သည် ရယ်၏ ။ ) ဒီတော့ ရှေးဘဝ က သင် ဟာ ဘယ်သူလဲ တဲ့ ။ ဘုရား ကျွန်မ သည် ဗာရာဏသီမင်းကြီး ရဲ့ မိဖုရား ပါတဲ့ ။ ယခု မင့် လင်ပိုးဖို နဲ့ ဗာရာဏသီမင်းကြီး ကို ဘယ်သူ့ ပို ချစ်သလဲ မေးတော့ ပိုးဖို ကိုသာ ပို ချစ်ပါတယ် တဲ့ ။ ဗာရာဏသီမင်း ရဲ့ လည်ချောင်းသွေး ကို ဖောက်ပြီး သူ့ လင် ကို တိုက်ချင်ပါတယ် တဲ့ ။ ကဲ .. ဘယ့်လောက်များ ကြောက်ဖို့ ကောင်း သလဲ ။ မင်းကြီး ဟာ အလွန် အလွန် ဒေါပွပြီး နန်းတော် က ရွှေရုပ်ပုံ ရော ၊ ပျားရည်စိမ် တဲ့ အလောင်းကောင် ကိုရော အားလုံး ဓား နဲ့ စဉ်းပစ်သတဲ့ ။ ဒီတော့ မတင်မေ ... ”

“ ရှင် ... ၊ ပြောပါဦး ”

“ တစ်ချုံကွယ် တစ်မယ်မေ့ ဆိုတာ ဒီဟာမျိုး ခေါ်တာ ၊ တစ်သက်သေ တော့ နောက် ဘဝ က နေပြီး မေ့တာပဲ ။ ဒီက လူတွေ က သာ လွမ်းရစ်ရတာ ၊ သေသွားသူ က မလွမ်းဘူးဗျ ။ သူ့ ဘာသာ သူ ပျော်နေတာပဲ ။ ဒီတော့ မလွမ်းထိုက်ဖူး မဟုတ်လားလို့ ”

“ ဟုတ်မှာပေါ့လေ ”

“ ကဲ ... ကောင်းတာကို သွန်သင်ပြီးပြီဟာပဲ ။ မငိုနဲ့နော် ” ဟု တရားအဆုံးသတ်၏ ။

••••• ••••• •••••

( တတိယပိုင်း )

ကြက် တွန်သံ ကို ကြားရလေ၏ ။ မြောက်လေပြည်ကလေး တိုက်ခတ် လာလေ၏ ။ တင်မေ သည် သာဒင် ကို မော့ကြည့်၏ ။ သာဒင် အား ယောက်ျား ပီသသော ရုပ်ရည် ရှိသူ ဟု တွေးမိ၏ ။ သာဒင် အား ကြည်ညို လာလေ၏ ။ ၎င်း ၏ အဆွေး ကို ဖျက်နိုင်သော သာဒင် ကျေးဇူး အထူး တင်လာလေ၏ ။ အတော်ကြာအောင် ပင် ၎င်း ၏ မျက်စိများ ကို သာဒင့် ဆီမှ အခြားသို့ လွှဲမရနိုင်ချေ ။ သူ့ စိတ်၌ ဆန္ဒတစ်ခု ဖြစ်လာ၏ ။ ဤအခါကြီး ၌ မပေါ်ထိုက် ဟု သဘောထား ကာ ပယ်လိုက်လေ၏ ။ သာဒင် ကား ချစ်စိတ် ကို မွေးမြူ၏ ။ ကြီးပွားစေ၏ ။

“ ဗုန်း ” ခနဲ အသံကြီး တစ်ခု သည် ပေါ်လာလေ၏ ။ ထို အသံ သည် တင်မေ အား “ အမယ်လေး ” ဟု အော် ကာ သာဒင် ၏ လည်ပင်း ကို ထ ဖက် စေလေ၏ ။ သာဒင် သည် တင်မေ ၏ တစ်ကိုယ်လုံး ကို သိမ်းကျုံး ဖက်ထား လိုက်လေ၏ ။ တင်မေ သည် ယခုမှ ကြောက်တတ်သောသူ ဖြစ်လာလေ၏ ။

“ အို သိပ် မလန့်ပါနဲ့ ။ ဘာမှ မဟုတ်ပါဘူး ” ဟု သာဒင် က နာနာ ဖက်ရင်း ချောမော့လေ၏ ။

“ ဟိုမှာလေ တစ္ဆေကြီး ကိုသာဒင် ရဲ့ ၊ လုပ်ပါဦး ။ အမယ်လေး ကြောက်စရာကြီး ” ဟု အော်ကာ သူ့ ခေါင်း ကို သာဒင် ၏ ရင်ဝ တွင် မြှုပ်ထားလေ၏ ။ သာဒင် သည် သေချာစွာ ကြည့်သော အခါ နွားကြီး ဖြစ်ကြောင်း သိရလေ၏ ။ သို့သော် တင်မေ ကို ကား မပြောပြသေး ။

“ မကြောက်ပါနဲ့ ကွယ် ၊ ဒီက တစ်ယောက်လုံး ရှိသားပဲ ။ လာပစေ ၊ ရိုက်လွှတ်မယ် ” ဟု ပြော ကာ ဖက် မြဲ ဖက် ထားလေ၏ ။ သာဒင် ကား လောကကြီး တွင် ပျော်ဖွယ်အကောင်း ဆုံးသော အခါကြီး ဖြစ်သည် ဟု အောက်မေ့ မိလေ၏ ။ တင်မေ သည် လည်း စံညွန့် နှင့် ညားခါစ ၌ စံညွန့် ဖက်ရာ ၌ တွေ့ လေ့ရှိသော အရသာမျိုး ကို ပြန်လည် ခံစားနေလေ၏ ။

“ ရှိသေးလား ၊ ကိုသာဒင် ”

“ မရှိတော့ပါဘူး ၊ ကြည့်စမ်း ”

“ ဟုတ်သားပဲ ၊ မရှိတော့ဘူး ။ ကဲ …. ဖက်မထားပါနဲ့တော့ ၊ မကြောက်တော့ဘူး ” ဟု ရုန်းထွက်ရန် ကြိုးစား၏ ။

“ အို … နေပါဦး ၊ ကတိ တစ်ခု ပေးမှ လွှတ်မယ် ” ဟု သာဒင် က ပြော၏ ။

“ ဘာလဲ ၊ အဲဒီ ကတိ ကို ပြောပါ ”

“ တရား ဟောခဲ့လို့ ၊ နားဝင်လို့ ၊ သဘောပေါက်လို့ မို့ ကွယ်လွန်သူ ကို မလွမ်းတော့ ပါဘူး ၊ သူ့ အတွက် မငိုတော့ပါဘူး ဆိုတဲ့ ကတိ တစ်ခု ပေးရမယ် ။ ကိုစံညွန့် က ဖြင့် ဘဝ တစ်ပါး မှာ မယားငယ် နှင့် ပျော် နေရော့မယ် ၊ သူ့ မှာ ဖြင့် လွမ်းလိုက်ရတာ ။ ကိုစံညွန့် က ခုနေ ဂူ ထဲ မှာ အသားတွေ ရောင်ပြီး အရေတွေ က တစက်စက် နဲ့ ကျနေတော့မယ် ။ ပုပ်နံလှ ရော့မယ် ။ လောက်တွေ တဖွားဖွား နဲ့ နေတော့မယ် ။ ( တင်မေ သည် ရွံလာ သဖြင့် ကိုယ်တုန် သွားသည် ကို ပင် သာဒင် သတိပြုမိလေ၏ ။ ) ဟောဒီက မတင်မေကလေး က ဖြင့် ငိုလိုက် ရတာ မောလို့ ” ဟု ပြောပြီး မျက်ရည်များ တည်ခဲ့ရာ မျက်ဝန်း ကို လက် တစ်ဖက် ဖြင့် သုတ်ပေး ၏ ။ ဆံစများ ကို လက် ဖြင့် ညင်သာစွာ သပ်ပေးလေ၏ ။ လက် တစ်ဖက် ကား ဖက်မြဲ ဖက် ထား၏ ။ တင်မေ သည် ကလေး ကလေးဘကဲ့သို့ ငြိမ်သက်စွာ နေလေ၏ ။ အတန်ကြာသော် တင်မေ က -

“ ကဲ ... လွှတ်ပါတော့ ၊ ကတိ ပေးပါပြီ ”

“ မလွှတ်နိုင်သေးဘူး ၊ နောက်ထပ် ကတိ တစ်ခု ရှိသေးတယ် ”

“ အို .. နောက်ထပ် ကတိ က ဘာလဲ ”

“ အကျိုး မရှိတဲ့ လွမ်းမှုဆွေးမှု ကို ဖျောက်ပြီး ... ”

“ ပြီးတော့ ဘာလဲ ”

“ လောက်တွေ တဖွားဖွား စားနေတဲ့ ကိုယ်ကြီး ၊ ပုပ်ရောင် ဖူးပွနေတဲ့ ကိုယ်ကြီး အပေါ် မှာ ဟောဒီ စိုပြည်လှပတဲ့ ကိုယ် ကို အလွဲသုံးစား မပြုပါနဲ့ ။ အတူတူချင်း ဖြစ်တဲ့ လတ်ဆတ်တဲ့ အသား ၊ အားရှိတဲ့ လက်ရုံး ၊ သန်မာတဲ့ ကိုယ် ရှိတဲ့ ဟောဒီ လူ့ အပေါ် မှာ ကောင်းသော အသုံးချ ခြင်း ကို ပြုမယ် ဆိုတဲ့ ကတိပါပဲ ”

တင်မေ သည် ငေးပြီး မှိုင် နေလေ၏ ။ သာဒင် သည် တင်မေ ၏ ဆံစ ကို သပ်ပြီး “ ကဲ .. ပေးမှာလား ” ဟု နား နား ကပ်၍ မေး၏ ။

“ ခုနေ အခါကြီး ဘယ် ကောင်းမလဲ ကိုသာဒင် ရယ် ”

“ ဘာလို့ မကောင်းရမလဲ ။ လူများ ပြောမှာ မကောင်းတာလား ။ ပြောပြီး ပြီကော ။ ချီးမွမ်း ခုနစ်ရက် ၊ ကဲ့ရဲ့ ခုနစ်ရက် ပါပဲ ။ လောကကြီး မှာ ကိုယ် စိတ်တိုင်းကျ ဖို့ လိုတာပဲ ။ သူများ စိတ်တိုင်းကျ လိုက် လုပ်နေရင် ပျော်ဖို့ မရှိတော့ဘူး ။ ချစ်စိတ် ရှိရင် ဒီ ကတိ ပေးပါနော် ”

“ ကဲ ... လွှတ်ပါ ၊ အိုက်လှပြီ ။ လူတွေ မြင်ကုန်မှ ဖြင့် ”

“ ဟား ဟား ... သင်္ချိုင်းကုန်း ဘယ်သူ ရှိမှာမို့ လူ မြင်ရမလဲ ။ ကျုပ်တို့ ချည်းပဲဗျာ ။ စိုးရိမ် မနေနဲ့  ။ လွှတ်စေချင် ရင် ကတိပေး ”

“ ကဲ ... ချစ်ပါတယ် ၊ ကြိုက်ပါတယ် ။ လွှတ် ၊ အလျင်လို လိုက်တာ ။ ဒါထက် ရှင် ... ခု ဘယ်က လာတာလဲ ”

“ ဖဲရိုက် က လာတာပဲ ၊ အမှန် ပြောရတာကိုး ”

“ ဖဲသမား မကြိုက်တော့ဘူး ၊ သွားမယ် ”

“ မယ်မင်းကြီးမ ရယ် ၊ မလုပ်ပါနဲ့ ။ ဖဲ နဲ့ မယား ဘယ်ဟာများ စွန့်မယ် ထင်သလဲ ၊ ဖဲ ကို စွန့် မှာပေါ့ ။ ကိုယ် မှားတာပါပဲ ။ ကနေ့ ဖဲ ရိုက်လို့ လက်စွပ် ပေါင် ခဲ့ရတယ် ။ အပေါ် အင်္ကျီ ဆုံးခဲ့တယ် ”

“ မှတ် ၊ ကောင်းတယ် ၊ မိုက်ချင်တာကိုး ” ဟု ပြောကာ အရှိုက် ကို ခေါင်း နှင့် ထိုး လိုက်လေ၏ ။

“ တော်ပြီ .. တော်ပြီ ၊ လက်စွပ်ပြန်ရဖို့လိုတာပဲ ”

“ ကိစ္စ မရှိပါဘူး ။ နောက်သာ ဖဲထပ် မရိုက်နဲ့ ။ ဟောဒီမှာ လက်စွပ် ” ဟု ဆိုကာ စံညွန့် ၏ လက်စွပ် ကို ကောက် ပေးလေ၏ ။ “ ကဲ … ဒါတွေလည်း ယူခဲ့ ” ဟု ပြောကာ လုံချည် တွေ ကို သိမ်းယူကြလေ၏ ။

“ သွားကြစို့ ” ဟု ပြောကာ သာဒင် နှင့် တင်မေ တို့သည် တစ်ယောက် ခါး တစ်ယောက် ဖက်ကာ ရွာ ဆီ သို့ သွားကြလေ၏ ။

လမင်း သည် အနောက်ဘက် သို့ အတော် ယွန်းနေပြီ ။ လမင်းကြီး သည် ထို ‘ တစ်ညတုန်းက ’ အဖြစ်အပျက် ကို ယခုတိုင် အမှတ်ရလျက် ရှိသေး သတည်း ။

⎕ သိန်းနေနွယ်

📖 မြန်မာ့အလင်း
      နှစ်သစ် မင်္ဂလာသတင်းစာ
      ဧပြီ ၊ ၁၉၃၇

#ကိုအောင်နိုင်ဦး

.

Monday, July 29, 2024

မလှိုင်သီတာ


 

❝ မလှိုင်သီတာ ❞

“ ဒုံးပျံခေတ် ×× ဂြိုဟ်တုခေတ် ×× အသံထက်မြန်တဲ့ခေတ် ×× ဓာတ်ပုံမှာ ×× မလှိုင်သီတာတို့ခေတ် ”

ပွဲဈေးတန်း မှာ လူတွေ က ကြိတ်ကြိတ်တိုး ။

ချားရဟတ် မှာ ဖန်မီးချောင်း ရောင်စုံ ဆင်ထားတယ် ။ ရဟတ် လည် ချိန်မှာ မီးချောင်းအရောင် အစိမ်း ၊ အနီ ၊ အပြာ တွေက ပန်းစကြာ မှန်ပြောင်း ထဲက ရှုခင်း လို ရောင်စုံဖြာ နေပါတယ် ။

မြင့် ရာ က နိမ့် သွားတဲ့အခါ ရဟတ်စီးတဲ့ မိန်းကလေး တွေ အသည်း အေးလို့ စူးစူးဝါးဝါး အော်သံတွေ က ညံ နေတယ် ။ ဒီ အသံတွေ ကြား မှာ အသံချဲ့စက် သီချင်းသံ က လည်း အပီ ။

“ စကိုင်းနက်ခေတ် ×× အာကာသခေတ် ×× အသံထက်မြန်တဲ့ခေတ် ×× ဓာတ်ပုံခေတ် ×× မလှိုင်သီတာတို့ခေတ် ×× လူတိုင်းလာလို့ချစ် ”

သီချင်း က မြူးမြူးကြွကြွ ၊ သီဆိုသူ တွေ ကလည်း သူ့ ခေတ် သူ့ အခါ မှာ နာမည်ကျော် တွေ ဖြစ်တဲ့ ဗစ်တာခင်ညို ၊ ဇော်မင်းလေး ၊ သန်းမြတ်စိုး ၊ တော်မီ ကျော်နိုင် ၊ လေးလေးနွယ် တို့ အဆိုတော် ပေါင်းစုံ ၊ တီးခတ် တာ က အယ်လ်ပီဂျေ ။

တော ဘုရားပွဲ ပေမယ့် သီချင်း ထဲ က အကြောင်းအရာ က ဆန်းသစ် ခေတ်မီ နေတယ် ။ စကိုင်းနက် ၊ အာကာသ သုတေသန စခန်း ၊ အသံ ထက် မြန်တဲ့ ယာဉ်ပျံတွေ ။

“ မလှိုင်သီတာ ကို လူတိုင်းချစ် ×× ဓာတ်ပုံ ဆိုရင် နံပါတ်တစ် ”

သီချင်း က ပွဲဈေးတန်း ဓာတ်ပုံဆိုင် က ဖွင့်နေတာ ။ ပွဲဈေးတန်းမှာ ဓာတ်ပုံဆိုင်တွေ အများကြီး ၊ မလှိုင်သီတာ ၊ မသီတာဝင်း ၊ ဝင်းသီရိ ၊ ကြေးမုံဝင်း ၊ မိုးနတ်မယ် ၊ ရွှေစင် စသည်ဖြင့် ဆိုင်တန်းရှည်ကြီး ။

ဓာတ်ပုံဆိုင် က ဖြစ်ကတတ်ဆန်းတွေ မဟုတ်ဘူး ။ သုံးထပ်သား တွေ ၊ ဖိုက်ဘာချပ် တွေ ၊ သံပန်းတွေ နဲ့ အပီအပြင် တကယ့် တိုက်အိမ် လို ခမ်းခမ်းနားနား ဆင် ထားတာ ၊ မှန်ပြတင်း နဲ့ ဇာခန်းဆီး နဲ့ ၊ အတွင်း မှာ လည်း ဗီရို ၊ တီဗွီ ၊ ဆက်တီ ၊ ဆိုဖာ တွေ ခင်းကျင်း ထားတယ် ။

တကယ့် ဆိုင်ကယ် ၊ တကယ့် ကား တွေ လည်း ရှိတယ် ။ ရွှေပွဲလာ တွေ က ပွဲဈေးတန်း ဓာတ်ပုံဆိုင်တွေ မှာ ပို့စ် အမျိုးမျိုး ပေးပြီး ဓာတ်ပုံ တွေ ရိုက် ကြတယ် ။

ဒီနေ့ ဒီဂျစ်တယ်ခေတ် မှာ လည်း ပွဲဈေးတန်း ဓာတ်ပုံဆိုင် တွေ ရှင်သန် နေဆဲ ဖြစ်တယ် ။ ပွဲဈေးတန်း ဓာတ်ပုံလုပ်ငန်း ကို နှစ်ပေါင်း ၃ဝ ကျော် တဲ့ အထိ အောင်အောင်မြင်မြင် လုပ်ကိုင် နေတဲ့ မလှိုင်သီတာ ဓာတ်ပုံတိုက် ကို တည်ထောင်ခဲ့သူ ဦးစန်းမောင် ကို မလှိုင်မြို့ က သူ့ အိမ် မှာ တွေ့ဆုံပြီး စကား ပြော ဖြစ်တယ် ။

ပွဲဈေးတန်း မှာ ဖွင့်တဲ့ သီချင်းတွေ ကို ပြန်ဖွင့်ပြီး ကျွန်တော် တို့ နားထောင် ကြတယ် ။ သီချင်း က သင်္ကြန်ဒိုးလေး တဲ့ ၊ ဇော်မင်းလေး ဆိုထားတာ ။

“ သီတာကို ဝင်လာပါ xx ဆီးလို့ကြိုလှည့်မှာ
အပြေးကလေးပဲ လှမ်းခဲ့ပါ xx ”

“ သာမန် သူလို ငါလို ဓာတ်ပုံဆရာ တစ်ယောက် အနေ နဲ့ ကိုယ့် မြို့မှာပဲ ကိုယ် နေရင်တော့ သာမန် လောက်ပဲ ဖြစ်မှာပေါ့ ။ ကျွန်တော့် ပင်ကို စိတ် က စောစော ပိုင်း က တော့ သူ ချရင် ကိုယ် ချမယ် ။ သူ သွား သလောက် ကိုယ် လိုက်မယ်ပေါ့ ။ ( ပြိုင်ဘက် ) ဦးဘညွန့် တို့ က ကိုယ့် ထက် နှစ်နှစ် ၊ သုံးနှစ် စောတယ်လေ ၊ သူ ဘာ လုပ်ရင် ကိုယ် ဘာလုပ်မယ် ဆိုတာမျိုးပေါ့ ”

အခန်းထဲ မှာ ဖွင့်ထားဆဲ သီချင်းသံ ကို လည်း ကြားနေရတယ် ။

“ လုပ်မယ် ။ ဦးဘသိန်း ရဲ့ ရီကောဒင်း ကောင်းတယ် ။ အယ်လ်ပီဂျေ ကောင်းတယ် ၊ ချမယ် ၊ သီချင်း ကို သုံးလ လောက် ကြိုပြီး subject တွေ ပေးထား တယ် ။ ဒါတွေ ဒါတွေ ပါချင်တယ် ”

သီချင်းတွေ က တစ်ပုဒ် ပြီး တစ်ပုဒ် ပြောင်း သွားတယ် ။ ဦးစန်းမောင် နဲ့ ကျွန်တော် လည်း အတိတ် ကို ပြန်လည် လွင့်မျော သွားကြပါတယ် ။

“ ( ပြိုင်ဘက် ) ဦးဘညွန့် မရှိတော့တဲ့ အချိန်မှာ ဆက် လုပ်တဲ့ သူ့ သား တွေ နဲ့ ကျွန်တော် နဲ့ ရင်းရင်းနှီးနှီး လက်တွဲတယ် ”

ပြိုင်ဘက် ကောင်းတွေ ရှိနေတာ ဟာ နှစ်ဦးနှစ်ဖက် တိုးတက်ဖို့ ဖြစ်စေ တယ်လို့ ကျွန်တော် မှတ်ချက် ပေးတာ ကို ဦးစန်းမောင် က သဘောတူတယ် ။

“ အဲဒါကြောင့် ဦးဘညွန့် တို့ကို ကျေးဇူးတင်တယ် ။ သူ က ကိုယ့်ထက် အတွေ့အကြုံ များတော့ သူ ဘာလုပ်ထားသလဲ ။ သူ့ ထက် သာအောင် ကိုယ် ဘာလုပ်မှာလဲ ၊ အဲဒါမျိုး ရှိတာပေါ့ ”

ကျွန်တော် က အတိတ် ကို ပြန် ကောက်တယ် ။

“ အဖေ ဆုံးတော့ ကျွန်တော် ကျောင်း ဆက် မနေနိုင် တော့ဘူး ။ အသက် ၁၆ နှစ် အရွယ် မှာ မိတ္ထီလာ က ရန်ကုန်ဓာတ်ပုံတိုက် ဆရာဦးရှင် ဆီမှာ ဓာတ်ပုံပညာ သင်တယ် ။ ၁၉၅၈ ၊ ၅၉ ၊ ၆၀ သုံးနှစ် ကျွန်တော် သင်တယ် ၊ ကျွန်တော် က ဘာ စိတ်ဝင်စားသလဲ ဆိုတော့ အမေချာ ( amateur - အပျော်တမ်း သမား ) လိုင်း ၊ အဲဒီ ခေတ် က ဝမ်းတွမ်တီး ကင်မရာလေးတွေ ပေါ်ခါစ ၊ နယ်ပိုင် ဝန်ထောက် နဲ့ အတူ မိတ္ထီလာပန်းခြံ ထဲမှာ အောက်ဒိုးတွေ ဘာတွေ ရိုက်တယ် ”

“ ဆရာ က သင်ပေးသလား ”

“ ဆရာ သင်ပေးတာ က အင်ဒိုး ၊ သုံးနှစ် နေတော့ မြင်းခြံ က သူငယ်ချင်း တစ်ယောက် က ဓာတ်ပုံဆိုင် ထောင်ပြီး ကျွန်တော့် ကို တွဲလုပ်ဖို့ ခေါ်တယ် ၊ လှထွန်း ဓာတ်ပုံတိုက် ဆိုပြီး လုပ်တယ် ”

“ အောက်ဒိုး ရိုက်သေးလား ”

“ ကင်မရာလေး တစ်လုံး ငှားပြီး စက်ဘီးလေး တစ်စီး နဲ့ ရွာတွေ က အလှူ တွေ မင်္ဂလာဆောင် တွေ လိုက် ရိုက်ရတာ ။ ရွာ တွေ မှာ ဓာတ်ပုံ ရိုက်တဲ့ အလေ့အကျင့် က လည်း နည်း သေးတယ် ။ ဓာတ်ပုံရိုက်ခ ကလည်း ဘာမှ မရဘူး ။ ငွေ ကလည်း တန်ဖိုး ရှိနေတော့ ကင်မရာ တစ်လုံး တစ်ထောင့်တစ်ရာ ( ကျပ် ၁၁၀၀ ) ဝယ်ဖို့ ကျွန်တော် တော်တော် ကြိုးစားရတယ် ။ ကိုယ်ပိုင် ကင်မရာလေး ရလာ ပြန်တော့ ရိုက်တဲ့ ဖလင်တွေ ကို မိတ္ထီလာ ၊ မြင်းခြံ သွား ကူးတာ ၊ ကူးပြန်တော့ သူတို့ ကြည်ဖြူအောင် ဆိုင်မှာ ရှိတဲ့ တစ်ပတ်စာ လောက် ဖလင်တွေ ကို ပုံတူ ကူးပေးရသေးတာ ”

ဦးစန်းမောင် က ပြုံးတယ် ။

“ ကိုယ် တတ်တဲ့ ပညာ နဲ့ သူ့တို့ ခိုင်းတာ အကုန် လုပ်ပေး လိုက်တာ ပါပဲ ။ ခဲထိုး ၊ ဖိနစ်ရှင် လိုက် လုပ် ပေးတယ် ”

“ ကိုယ်ပိုင် တည်ထောင်တာ က .. ”

“ ခြောက်လ လောက် ပိုက်ဆံ စုပြီး အင်လာဂျာ ( enlarger - ဓာတ်ပုံ ပုံကြီးချဲ့တဲ့ပစ္စည်း ) လေး တစ်လုံး ဝယ်တယ် ”

ဦးစန်းမောင် က ပြောရင်း ရယ်တယ် ။

“ အဲဒါလည်း တစ်ထောင့်တစ်ရာ ( ကျပ် ၁၁၀၀ ) ပဲ ၊ မလှိုင် မှာ ငှား နေတဲ့ အိမ် မှာ စတူဒီယိုလေး လုပ်တယ် ၊ တစ်နေ့ ဓာတ်ပုံ တစ်ပုံ ရိုက်ရဖို့ မလွယ်ဘူး ။ ဈေးနေ့ လို ဟာမျိုး မှ ငါးပုံ လောက် ရိုက်ရတာ ၊ တော်တော် ကြိုးစား ပမ်းစားပေါ့ ”

ကျွန်တော် က သူ ပြောတာကို “ ဟုတ်ကဲ့ ” လိုက်ရင်း နားထောင်တယ် ။

“ တစ်ရက် မှာတော့ ဓာတ်ပုံဆိုင် တစ်ဆိုင် ရှေ့ လူတွေ တိုး နေတာ တွေ့တယ် ။ နယုန်လ လောက် က ဘုရားပွဲ မှာ ရိုက်ထားတဲ့ ပုံ တော်သလင်း ၊ သီတင်းကျွတ် မှ ရွေးဖို့ ချိန်းတာ လာ ရွေးကြတာ ၊ ဒါကို ကြည့်ပြီး ကိုယ့် မှာ တောမိတ် များဖို့ လိုတယ်လို့ မြင်လာတယ် ”

“ အချိန် က … ”

“ ၁၉၆၇ ခုနှစ် လောက် က ၊ ပန်းအိုင်ဘုရားပွဲတော် မှာ ဓာတ်ပုံဆိုင် ဖွင့်တယ် ၊ မှတ်မှတ်ရရ အဲဒီ နှစ် က ဆန် တစ်ပြည် ခုနစ်ကျပ် စ ဖြစ်တယ် ”

တောပွဲ ဆိုတော့ ဓာတ်ပုံ လည်း သိပ် မရိုက်နိုင်ကြ သလို ကျွန်တော် ကလည်း နေရာ မကောင်းတဲ့ နေရာ မှာ ဖွင့်ရတာရယ် ၊ ကုန်ကျစရိတ်တွေ များ သွားတာရယ် နဲ့ အဲဒီ နှစ် က ကျွန်တော် ငွေ ငါးထောင် ( ကျပ် ၅၀၀၀ ) ရှုံး သွားတယ် ”

“ အဲဒီ အချိန်က ငါးထောင် ဆိုတာ တော်တော် များတာပဲ ”

“ များတာပေါ့ ၊ ကျွန်တော် မျက်ကလူးဆန်ပျာ ဖြစ် သွားတယ် ၊ ဒုတိယနှစ် ဆက် ဖွင့်တယ် ။ အကျိုးအမြတ် မရှိဘူး ”

“ အိမ်ထောင် ကျပြီလား ”

“ ၁၉၆၈ ကျ မှ အိမ်ထောင် ကျတာ ။ ဒုတိယနှစ် မှာ ဓာတ်ပုံဆိုင် က အကျိုးအမြတ် မရတော့ ကျွန်တော် ကိုယ့် လုပ်ငန်း ကိုယ် ပြန် သုံးသပ်တယ် ။ ဓာတ်ပုံဆိုင်တွေ ဖွင့် လာကြတာ အများကြီးပဲ ။ ဒီကြားထဲ သာတီဖိုက်ဖလင် နဲ့ အမြန်ရိုက် ၊ ပုံအမြန် ပေးတဲ့ မန္တလေး က ဝင်းသီရိ တို့လို ဓာတ်ပုံဆိုင် တွေ ပေါ် လာလို့ ကျွန်တော် ခံ လိုက်ရပြန်တယ် ”

“ ဒုတိယနှစ် မှာ ဘယ်လောက် ရှုံးသလဲ ”

“ တစ်သောင်း ( ကျပ် ၁၀,၀၀၀ ) လောက် ရှုံးပြန်တယ် ။ အမြန်ရိုက်မှ ရမယ် ။ တတိယနှစ် မှာ လည်း ရှုံးပြန်တယ် ။ သီတာဝင်း ဆိုတဲ့ ဓာတ်ပုံဆိုင် တစ်ဆိုင် လာ ဖွင့်တယ် ။ သူ က decoration ( အလှအပ တန်ဆာဆင်မှု ) တွေ လုပ်ချ လာတယ် ။ သူ က မြန်မာပြည် ပတ် လာတာ ၊ ကိုယ်ပိုင် သီချင်း တွေ ၊ ဒစ္စကို လိုက် ( disco light ) တွေ နဲ့ ၊ အဲဒီ နှစ် လည်း...

“ ခံလိုက်ရပြန်ရော ”

ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူ ရယ်ကြတယ် ။

“ လှေ မျော လှေ နဲ့ လိုက် ၊ ငွေ မျော ငွေ နဲ့ လိုက် လို့ ဆိုတယ် ။ ကိုယ် က ဓာတ်ပုံ မျောသွားတာ ၊ ဓာတ်ပုံ နဲ့ လိုက်ရတော့မယ် ။ သူတို့ ပတ် သလို ကျွန်တော် လည်း မြန်မာပြည် ပတ်ပြီး ရှာရမယ် ။ ပထမနှစ် မှာ များများ မပတ်နိုင်ဘူး ။ ငါးပွဲ လောက် ပဲ ၊ လယ်ဝေး ၊ သာစည် ၊ ပျော်ဘွယ် ၊ စည်ဆွဲ ၊ ကံဖြူ ၊ ဒီနား ပဲ ပတ်ပြီး လုပ်ကြည့်တာ ”

ပွဲတော် ရေစီး ထဲ စ မျောပါပုံ ကို ကျွန်တော် စိတ်ဝင်စားစွာ နားထောင် နေတယ် ။

“ ဆရာ တစ်ယောက် ပြောဖူးတယ် ။ အင်္ဂလိပ်တွေ က ကြော်ငြာစရိတ် ကို ရင်းနှီးမြှုပ်နှံမှု ရဲ့ တစ်ဝက် သုံးတယ်တဲ့ ၊ အယ်လ်ပီဂျေ နဲ့ သီချင်း သွင်းဖို့ စီစဉ် တော့တာပေါ့ ”

“ အဲဒီ အချိန်က အယ်လ်ပီဂျေ က နာမည် သိပ် ကြီးနေတဲ့ အချိန် ”

“ အဲဒီ အချိန် မှာပဲ ဓာတ်ပုံစိန်ဝင်းထွေး ၊ ပန်းချီမောင်မောင်လှမြင့် တို့ မိတ်ဆွေတွေ နဲ့ ပိုစတာကြီးတွေ ဆွဲတယ် ။ ဇာတ်စကား နဲ့ ပြောရရင် ဂိတ်ရှိုး ပေါ့ ၊ ဆိုင်းဘုတ် တွေ ဆွဲတယ် ။ အပြိုင်အဆိုင် လုပ်ရတဲ့ ခေတ် မှာ သူများ ထက် ထူးခြား အောင် လုပ်ရတာပေါ့ ။ အက တွေ ဘာတွေ လုပ်တယ် ”

“ ဘယ်အချိန် က တာလဲ ”

“ မုံရွာ ရောက်တော့ ကား တစ်စီး ကို decoration လုပ်ပြီး အကအဖွဲ့ တွေ တင် ၊ တစ်မြို့လုံး လှည့်တာပေါ့ ၊ ဆိုင် က မိန်းကလေးတွေ ကလည်း မလှိုင် မှာ ကဆုန်ညောင်ရေသွန်းပွဲ က နေကျ ”

“ အလုပ် ဖြစ်လား ”

“ မုံရွာ က ပိုက်ဆံ ပေါတယ် ၊ ဖြုန်း နိုင်တယ် ။ ဘက်ဂရောင်း ဘယ်နှချပ် ရှိသလဲ ၊ ၁၀ ခု ရှိတယ် ။ ၁ဝ ပုံ ရိုက်မယ် ဆိုပြီး လုပ်တာ ၊ ကျွန်တော် လည်း တော်တော် ကြိုးစားရ တာပေါ့ ။ ဓာတ်ပုံဆိုင် တွေ အများကြီး ၊ ကျွန်တော့် ရှေ့ မှာ အများကြီး ၊ ကျွန်တော် က နံပါတ်ဆဲဗင်း လောက် ကနေ ဝမ်း ဖြစ်အောင် ကြိုးစား ခဲ့တာ ”

“ ဘယ်လောက် ကြာကြာ ကြိုးစားရသလဲ ”

“ ၁၉၈၉ ခုလောက် မှ နံပါတ်တစ် ဖြစ်တာ ၊ မြန်မာပြည် တန်ခိုးကြီး ဘုရားပွဲ ဈေးတန်း မှာ ထွက်နေကြတဲ့ ဓာတ်ပုံဆိုင် တွေ ယခု တော့ နည်းလာပြီ ၊ ဒီဂျစ်တယ်ခေတ် မှာ ဖလင်ခေတ် ကလို ရိုက်အား မကောင်းတော့ဘူး ။ လူတိုင်း ဒီဂျစ်တယ် ကင်မရာ ကိုင်တယ် ။ အမ်ပီဖိုး တွေ ဖုန်း တွေ နဲ့ ရိုက်တယ် ။ ပုံ ကူးတဲ့ နေရာတွေ လည်း အများကြီး ရှိလာပြီ ။ ကျွန်တော်တို့ ပွဲဈေးတန်း မှာ ရိုက်တဲ့ ပုံ က တစ်ပုံ တစ်ထောင်( ကျပ် ၁၀၀၀ ) လောက် ယူတယ် ”

“ ဘာကြောင့် ရိုက်သူတွေ ရိုက်နေသေးတာလဲ ”

“ ကျွန်တော်တို့ က ဝန်ဆောင်မှု တွေ ပေးတယ် ၊ ဆံပင် က နေ ဖိနပ် အထိ ပေးတယ် ၊ မိတ်ကပ်လိမ်း ပေးတယ် ။ ဘက်ဂရောင်း တွေ စိတ်ဝင်စားအောင် လုပ်ပေးတယ် ”

ကျွန်တော်တို့ စကားဝိုင်း မှာ ဘေး က ထိုင် နားထောင် နေတဲ့ ဦးစန်းမောင် ရဲ့ဇနီး ဒေါ်ကြင်ကြင်လှိုင် က

“ ဗြူတီပါလာ မှာ တစ်ခါ သွား ပြင် ရင် လေး - ငါး - ခြောက်ထောင် ကုန်တယ် ၊ ကိုယ့် ဆီ မှာ က ဆံပင် လည်း လုပ်ပေး ၊ မိတ်ကပ် လည်း လူးပေး တဲ့ အပြင် အဝတ်အစား အမျိုးစုံ လည်း ငှားယူ ဝတ်လို့ ရမယ် ”

လို့ ဝင် ပြောပြတယ် ။

“ နောက်ထပ် ဘယ်လောက် ရှင်သန် နေဦးမယ် ထင်သလဲ ”

မေး တော့ နှစ်ဦး လုံး က
အလွန်ဆုံး ဆယ်နှစ် လို့ ဖြေကြတယ် ။

ကျွန်တော် က ပွဲဈေးတကာ လှည့် သွားရသူတွေ ရဲ့ အခက်အခဲ ကို မေးတော့ ပွဲဈေးသည် တစ်ယောက် ရွှေဘို မှာ ကွယ်လွန်တာ ကို ပွဲဈေးသည် တွေ ညီညီညွတ်ညွတ် စုပေါင်း သင်္ဂြိုဟ် ပေးခဲ့တဲ့ အကြောင်း ကို ပြောပြတယ် ။

အဲဒီ အဖြစ်အပျက် ကို အကြောင်းပြုပြီး နယ်လှည့် ဈေးသည်များ သာရေးနာရေးအသင်း ပေါ်ပေါက် လာတာ ကို ပြောပြပါတယ် ။ ဦးစန်းမောင် က သူ့ ဘဝ ကို သူ ကျေနပ် နေပြီး သူဦးစီး လုပ်ဆောင် နေတဲ့ လူမှုရေး ၊ ဘာသာရေး လုပ်ငန်းတွေ အတွက် ကြည်နူး နေတဲ့ပုံ ပေါ်ပါတယ် ။

ကျွန်တော် တို့ စကား ပြော တာ ရပ်ပြီး “ မလှိုင်သီတာ နဲ့ အတူ က ရအောင် ” ဆိုတဲ့ သီချင်း ကို အတူတူ နားထောင် ဖြစ်တယ် ။ ယိမ်း က ဖို့ လုပ်ထားတဲ့ သီချင်း လို့ ဦးစန်းမောင် က ရှင်းပြတယ် ။

“ ပျိုပျိုမေ ဒီမှာလေ ×× ဆက်ဆက်လာခဲ့ပါ ×× အပြုံးကလေးနဲ့ စောင့်မှာ ×× ”

⎕ ကျော်ရင်မြင့်

📖 ‌အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

နံ့သာဆီ နှင့် အုန်းမှုတ်ခွက်


 

❝ နံ့သာဆီ နှင့် အုန်းမှုတ်ခွက် ❞
      ⎯⎯⎯⎯⎯⎯⎯⎯⎯ 
             အဏ္ဏဝါစိုးမိုး
       ⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
ကျွန်တော် သည် အစိုးရဌာန တစ်ခု မှ ထွက်သည့် အငြိမ်းစား ဖြစ်သည် ။ အငြိမ်းစား လစာငွေ ထုတ်ရန် ဘဏ် ကို သွားသောအခါ ဘဏ်ဝန်ထမ်း တွေ က ကျွန်တော့် လစာစာရင်း မှာ ငွေလက်ကျန် မရှိတော့ပါ ဟု ပြောသည် ။ ကျွန်တော် သည် လစာ မထုတ်ဘဲ ထားတာ သုံးနှစ် မျှ ကြာပြီ ဖြစ်၍ ငွေလက်ကျန် ရှိရမည် ဟု ပြောပြပါသည် ။ ပင်စင်ရုံး ကို သွားရောက် မေးမြန်းရန် အကြံပေး ကြပါသည် ။

ပင်စင်ရုံး ကို သွားသည် ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ကို မေးမြန်း ကြည့်သော အခါ ဘဏ် ကို ငွေ မဝင်သည့် အကြောင်းရင်း ကို သိရသည် ။ ကျွန်တော် သည် ပင်စင်လစာငွေ ကို လစဉ် မထုတ်ရုံ သာမက ပင်စင်ထုတ်ယူခွင့် လျှောက်လွှာ ကို လည်း ခြောက်လ တစ်ကြိမ် ပင် လာ မတင်သည် မှာ ၂ နှစ်ခန့် ရှိပြီဖြစ်လို့ ပင်စင်စား သေပြီ ဟု ယူဆပြီး လစာ မပေးတော့တာ ဟု သိရသည် ။ ကျွန်တော် မသေသေးပါ ။ ယခု လူ ကိုယ်တိုင် လာပါပြီ ဟု ပြောသော်လည်း မရတော့ပါ ။ ပင်စင် ထုတ်ယူခွင့် မလျှောက်တာ တစ်နှစ် ကျော်သွားပြီ ဖြစ်လို့ တိုင်းဘား ဖြစ်သွားပြီဟု ဆိုပါသည် ။ ပင်စင် ပြန်လျှောက်ရန် အတွက် လိုအပ်သည့် စာရွက်စာတမ်းတွေ ကို ပြောပါသည် ။ ရန်ကုန်မြို့ မှ အဝေး ကို ရောက်ရှိ နေကြောင်း ရပ်ကွက်ကောင်စီ ထောက်ခံချက် ၊ ရာဇဝတ်ပြစ်မှု ဖြင့် ထောင်ကျနေခြင်း မဟုတ်ကြောင်း ရဲစခန်း ထောက်ခံချက်တွေ ယူလာခဲ့ပါ ဟု ဆိုသည် ။

ထောက်ခံချက်တွေ ရပြီးသော အခါ ပင်စင်ရုံး ကို သွားရပြန်သည် ။ ပင်စင် ခံစားခွင့် အချက်အလက် တွေ ပြည့်စုံပြီ ဖြစ်လို့ ငွေစာရင်းအရာရှိ ရှေ့မှောက် ကို ကိုယ်တိုင် သွားပြီး မသေသေးကြောင်း လူလုံး သွားပြရမည် ဖြစ်သည် ။ စာရေးမလေး ဖြည့်စွက် ပေးသည့် စာရွက်တွေ ကို ကိုင်ပြီး ငွေစာရင်းအရာရှိ ရုံးခန်း ထဲ ကို ကိုယ်တိုင် ဝင်သွားပါသည် ။ ငွေစာရင်းအရာရှိ နှင့် အရာရှိ ၏ စားပွဲပေါ် က သစ်သားတုံးလေး မှာ ဆေးအဖြူဖြင့် ရေးထားသည့် အမည် ( ဦးတင်အောင် ) ကို မြင်လိုက်ရသော အခါ ကျွန်တော် အံ့သြဝမ်းသာ သွားပါသည် ။

“ ဟင် ... မောင်တင်အောင် ”

“ ဟာ ... အစ်ကိုလေး ”

ကျွန်တော်တို့ နှစ်ယောက်လုံး ဝမ်းသာအံ့သြလွန်း၍ ဘာစကား က စပြီး ပြောရမှန်း မသိ ဖြစ်သွားကြသည် ။ မောင်တင်အောင် ( ဦးတင်အောင် ) နှင့် ကျွန် တော်တို့ မတွေ့ကြတာ နှစ်ပေါင်း နှစ်ဆယ် ကျော်ခဲ့ပြီ ဖြစ်သည် ။ မောင်တင်အောင် နှင့် ကျွန်တော်တို့ လမ်းခွဲကြလို့ အဆက်ပြတ် သွားသည့်အခါ မောင်တင်အောင် သည် ငွေစာရင်းဌာန က အောက်တန်းစာရေးကလေး မျှသာ ရှိသေးသည် ။ မောင်တင် အောင် သည်လည်း အတိတ် က အကြောင်းတွေ ကို ပြန်လည် သတိရ လာဟန် တူသည် ။ ရှက်ကိုးရှက်ကန်း ဖြစ်နေသည် ။ ကျွန်တော် က အတိတ်အကြောင်းတွေ ကို အလေး မထားသည့် ဟန် ဖြင့် သူ့ ဘဝ သူ့ အခြေအနေ ကို မေးကြည့်သည် ။

“ ကလေး ဘယ်နှယောက် ရှိလဲ ”

“ နှစ်ယောက် ။ သမီး တစ်ယောက် ၊ သား တစ်ယောက် ။ သမီး က ဆယ်တန်း ၊ သား က အခုမှ ရှစ်တန်း ဖြေမယ် ”

“ အေး ... အတော်တောင် ကြီးကြပြီပဲ ။ အရင် အိမ် မှာ ပဲ နေကြသလား ”

“ မနေတော့ဘူး ၊ အရင် အိမ် မှာ အစ်ကိုတို့ မိသားစု နေကြတယ် ။ အမေ ဆုံးပြီးတော့ ကျွန်တော် အိမ်ခွဲ နေလိုက်တယ် ။ ဆယ်ရပ်ကွက် ထဲ မှာ အိမ် တစ်လုံး ဝယ်လိုက်တယ် ။ အစ်မလေး နေကောင်းလား ”

“ အေး ... ကောင်းပါတယ် ။ မင်း နဲ့ တွေ့ ခဲ့တယ် ပြောပြရင် ဝမ်းသာမှာပဲ ”

အစ်မလေး ဆိုတာ ကျွန်တော့် ဇနီး ကို ပြောခြင်း ဖြစ်သည် ။ သူ ၏ အတိတ် ဘဝ ဇာတ်လမ်း ထဲ မှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သူ ဖြစ်လို့ သတိတရ မေးခြင်း ဖြစ်သည် ။ ယခု သူ နေသည့် ဆယ်ရပ်ကွက် ဆိုတာ သာကေတမြို့ ကို ပြောခြင်း ဖြစ်သည် ။ သူ ၏ အတိတ် က အချစ်ဇာတ်လမ်း သည် သာကေတမြို့ မှာပင် ဖြစ်ခဲ့သည် ။ သူ့ ဇာတ်လမ်း ထဲ က ဇာတ်ကောင် တစ်ကောင် ဖြစ်သည့် ကျွန်တော့် ဇနီး ကို သာ သတိတရ မေးသော်လည်း သူ အသက်ထွက် မတတ် ချစ်ခဲ့ ၊ ကြိုက်ခဲ့သည့် ကျွန်တော့် နှမ မိခင်လှ အကြောင်း ကိုတော့ မေးဖော် မရတာ ကိုက ထူးခြား နေသည် ။ သူ့ ကိုယ် သူ ရှက်နေတာ ဖြစ်မည် ။ ကျွန်တော့် ပင်စင်လစာငွေ ကို ဒီနေ့ပဲ ထုတ်လို့ ရအောင် ချက်လက်မှတ် ရေးပေး လိုက်သည် ။

ကျွန်တော် သည် မောင်တင်အောင် ( ဦးတင်အောင် ) ကို ရိုရိုသေသေ နှုတ်ဆက်ပြီး ကျေးဇူးတင်ကြောင်း ပြော၍ ပြန်လာခဲ့ပါသည် ။ အပြန်လမ်း တစ်လျှောက် မှာ မောင်တင်အောင် နှင့် ကျွန်တော့် နှမဝမ်းကွဲ မိခင်လှ တို့ အကြောင်း ကို ပြန်ပြောင်း သတိရ နေသည် ။

မောင်တင်အောင် သည် သာကေတမြို့မှာ ကျွန်တော် နှင့် အတူ တစ်ရပ် ကွက်တည်း နေခဲ့သူ ဖြစ်သည် ။ ကျွန်တော့် ညီ နှင့် သက်တူရွယ်တူ ကျောင်းနေဖက် သူငယ်ချင်း ဖြစ်လို့ ကျွန်တော်တို့ အိမ် ကို ဝင်ထွက် နေသူဖြစ်သည် ။ ကျွန်တော့် ညီ အိမ်ထောင်ကျ သွားလို့ အိမ်ခွဲ သွားတော့ ကျွန်တော့် ညီရဲ့ အိမ် မှာပဲ အိပ်စား နေပြန် သည် ။ လူပျိုလူလွတ် ဖြစ်လို့ သူ့ အိမ် နေလိုက် ၊ ကျွန်တော့် ညီ အိမ် မှာ စားလိုက် လုပ်နေခဲ့ သူ ဖြစ်သည် ။

၁၉၇ဝ ခုနှစ် လောက် မှာ ကျွန်တော့် နှမ မိခင်လှ ရွာ ကနေ ရန်ကုန် ကို ရောက် လာသည် ။ သာကေတမြို့ က ကျွန်တော်တို့ အိမ်မှာပဲ ခေတ္တ နေသည် ။ နောက် များမကြာမီ ကျွန်တော့် ညီ ရဲ့ အိမ် ကို ပြောင်းနေသည် ။ ရှင်းအောင် ပြောရမည် ဆိုလျှင် ကျွန်တော့် ညီ ဆိုတာ ကလည်း အမေ့ ဘက် က တော်သည့် ညီဝမ်းကွဲ ဖြစ်သည် ။ မိခင်လှ က လည်း အမေ့ ဘက် ကပင် တော်သည့် နှမဝမ်းကွဲ ပင် ဖြစ်သည် ။ ကျွန်တော့် ညီ နှင့် မိခင်လှ တို့က တောမှာ တုန်းက တစ်ရွာ တည်း အတူ နေခဲ့သူ ဖြစ်လို့ ပိုပြီး သံယောဇဉ် ရှိကြသည် ။ သူတို့ချင်း လည်း မောင်နှမ တော်ကြသည် ။

မိခင်လှ ရွာ က ထွက်လာတာ ကိုက မူမမှန်သော ဘဝ ဖြင့် ထွက်လာခဲ့ခြင်း ဖြစ်သည် ။ သူ့ လင်နဲ့ ကွဲတာ လည်း မဟုတ်ဘဲနဲ့ လင် ကို ရွာ မှာ ထားပစ်ခဲ့ပြီး ရန်ကုန် ကို ရောက်လာခြင်း ဖြစ်သည် ။ ဒီ လင် ကို မပေါင်းချင်တော့ လို့ ဆိုပြီး နှစ်ကြိမ်ကွဲ ၊ သုံးကြိမ် ပြန်ပေါင်း လုပ်ခဲ့သေးသည် ။ အခုတစ်ခါ တရားဝင် မကွာ ရှင်းဘဲ ရွာ မှာ ထားပစ်ခဲ့တာ ဖြစ်သည် ။ သူ့ ယောက်ျား လိုက်လာ နိုင်သေးသည် ။

ကျွန်တော် က ရန်ကုန် ကို ရောက်နေလို့ မသိလိုက် သော်လည်း အမေတို့ ပြန်ပြောပြလို့ မိခင်လှ လင် ရသည့် အကြောင်းကို သိရသည် ။ သူတို့ ရွာ နှင့် ငါးမိုင် လောက် ဝေးသည့် ရွာ က ချောင်ချောင်လည်လည် မိသားစု ၏ တစ်ဦးတည်း သော သား နှင့် မိဘချင်း သဘောတူ လို့ ပေးစားခဲ့ခြင်း ဖြစ်သည် ။ သူ့ ယောက်ျား သည် ရဟန်းသုံးဝါ ရပြီးမှ လူ ထွက်သည့် လူရိုးလူကောင်း ဟု သိရသည် ။ အစ်မတွေ ကလည်း မောင်လေး တစ်ယောက်တည်း ကို ချစ်လွန်းလို့ ယောက်မ ( မိခင်လှ ) ကိုပါ ချစ်ကြသည် ဟု သိရသည် ။ ဆွေကြီးမျိုးကြီး ထဲက မိန်းကလေး ကို ရလို့ လည်း အတော် ဂုဏ်ယူ နေကြသည် ဟု သိရသည် ။

ရွာက လာကြသည့် ဆေးကုဧည့်သည် ၊ ဘုရားဖူးဧည့်သည် ၊ ကုန်သည်တွေ ထံမှ တစ်ဆင့် မိခင်လှ ရဲ့သတင်းတွေကို ကြားသိခဲ့ရသည် ။ မိခင်လှ သည် လင် ရပြီး တစ်နှစ် လောက် အကြာမှာ ဒီ လင် ကို မပေါင်းချင်တော့ဘူး ဆိုပြီး သူ့ လင် ရဲ့ ရွာ ကို လိုက်နေရာ မှ သူ့ ရွာကို ပြန်ပြေးလာခဲ့သည် ။ သူ့ လင် နှင့် သူ့ လင် ဘက်က ဆွေမျိုး တွေက လိုက်လာကြပြီး အမျိုးမျိုး ချော့ခေါ်ကြပါသော်လည်း မိခင်လှ က ပြန် မလိုက်ဟု သိရသည် ။ သူ့ လင် ရဟန်းလူထွက် စိတ်ပျော့ လူကောင်း ကို ယောက်ျား နဲ့ မတူလို့ မပေါင်းချင်ဘူးလို့ အကြောင်းပြသည် ။ ယောက်ျား ဖြစ်ပါလျက် ယောက်ျား နဲ့ မတူဘူး ဆိုတာ ဘာတွေ ဖြစ်နေလို့လဲလို့ မေးတော့ လည်း မဖြေဘဲ ခေါင်းကြီး ငုံ့ထားသည် ဟု ဆိုသည် ။

မိခင်လှ သည် လင်နဲ့ တရားဝင် မကွဲသေးသည့် အတွက် တစ်ခုလပ် လည်း မဟုတ် ၊ မုဆိုးမ လည်း မဟုတ်ဘဲ မိဘ အိမ်မှာ အနေကြာ လာသောအခါ ပျင်းလာ ဟန်တူသည် ။ သူ့ လင် ကို ပြန်ပေါင်းတော့မည် ဟု အကြောင်းကြား လိုက်သည် ။ သူ့ လင် နှင့် အပေါင်းအသင်း တစ်စု တို့သည် ဝမ်းသာအားရဖြင့် မိခင်လှ ကို ပင့်ရန် ကကြိုးတန်ဆာ ဆင်ထားသည့် နွားချောကြီး နှစ်ကောင်တပ် လှည်းယဉ်ကြော့ ပေါ် မှာ အီတလီလုပ် ကော်ဇောကြီး ခင်းပြီး လာခေါ်ကြသည် ။ အိုးစည်တွေ ၊ ဒိုးပတ်တွေ ပါ ယူလာကြသည် ဟုဆိုသည် ။ မိခင်လှ ရဲ့ မိဘတွေ ကို ကန်တော့ကြပြီး ကဲ ... သွားကြမယ် ၊ လှည်း ပေါ် တက် ဆိုတော့မှ မိခင်လှ က မလိုက်တော့ဘူး လို့ ပြောသည့် အတွက် လာခေါ်သူ တွေ ရှက်ပြီး ပြန်သွားကြရသည် ဟု သိရသည် ။ သူ့ လင် နှင့် အပေါင်းအသင်းတွေ က ရှက် လည်း ရှက် ၊ ဒေါသ လည်း ထွက် ကြ၍ အပြန် ခရီးမှာ အရက်တွေ မူးအောင် သောက်ကြတော့သည် ။

မိခင်လှ ရဲ့ လင် ရဟန်းလူထွက် က အရက် မသောက် သော်လည်း အဲဒီနေ့ ကတော့ ရှက်လို့ ဆိုပြီး ဟိုကောင်တွေ နှင့် အတူ ရော တွယ်တော့သည် ။ အူရိုင်း ဆိုတော့ သူများ ထက် ပို မူးသွားသည် ။ ခါးက ကျွတ်သွားသည့် လုံချည် က စလွယ်သိုင်း တောင် မဟုတ်တော့ဘဲ လည်ပင်း မှာ ချိတ်ပြီး တွဲလောင်းကျ နေသည် ဟု ဆိုပါသည် ။ အရက် ကြိုက်တဲ့ အကောင်တွေ က တော့ ရှက်တာကို အကြောင်းပြပြီး ဖိတွယ်တာ များ သွားလို့ ဖင်ဘူးတောင်း ထောင်ပြီး လယ်ကွက် ထဲ က ကန်သင်း ပေါင်မှာ ခေါင်းစိုက် နေသူ နေ ၊ လှည်းလမ်းကြောင်း ပေါ်မှာ လှဲ အိပ်သူ အိပ် ဖြစ်ကုန်ကြသည် ။ ကကြိုးတပ် နွားနှစ်ကောင် ဆွဲ လှည်းယဉ်ကြော့ကတော့ မောင်းသူ မပါဘဲ ခြေဦးတည့်ရာ သွားနေရာ မှ ချောင်းကမ်းစပ် တစ်ခု ကို ရောက်သွားပြီး အလိုအလျောက် ရပ် နေသည် ။ ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြမည် လို့ ယူလာခဲ့ကြ သည့် တူရိယာပစ္စည်းတွေ ထဲက ဒိုးပတ် က ဘယ်မှာ ပြုတ်ကျ ကျန်ခဲ့မှန်း မသိလို့ ပျောက်နေသည် ။ နှဲကတော့ နွားလှည်း တက်ကြိတ် ခံထားရလို့ ထက်ပိုင်းကျိုး နေသည် ။

ဒီအကြောင်းတွေ ကို သိထားသည့် ကျွန်တော် က မိခင်လှ ရန်ကုန် ကို ရောက်လာသော အခါ ဟုတ်မဟုတ် မေး ကြည့်သည် ။ ဟုတ်မှန်ကြောင်း ဝန်ခံ သည် ။

“ နင် တော်တော် အကျင့်ယုတ်တဲ့ ကောင်မပဲ ၊ မလုပ်သင့်ဘူး ”

“ ငါမှ မကြိုက်တာဘဲဟဲ့ ”

“ မကြိုက်ဘဲ နဲ့ နင် ဘာဖြစ်လို့ ယူခဲ့တာလဲ ”

“ အမေ ပေးစားလို့ ”

ကျွန်တော် ဘာဆက် ပြောရမှန်းမသိလို့ ဆက်မမေးတော့ဘဲ ပါးစပ်ပိတ် ထားလိုက် ရသည် ။ ဒီကောင်မ သည် သူ မကြိုက်သည့် လင် ကို မယူဘဲ ကြိုက်သည့် လင် ကိုသာ ယူမည့် သတ္တိ ရှိသူဖြစ်သည် ။ မိဘနှင့် ဆွေမျိုးတွေ က ဝိုင်းတွန်းကြလို့ သူ့ လင်နှင့် နှစ်ခါလောက် ပြန်ပေါင်း ခဲ့သေးသည် ။ အခု တစ်ခါတော့ အပြီးအပြတ် ခွဲခွာလာခဲ့ပြီဖြစ်သည် ။

မိခင်လှ ကျွန်တော့် ညီ အိမ်မှာ နေတော့ ကျွန်တော့် ညီ ရဲ့ ဈေးဆိုင်လေး ကို ကူရောင်းပေးသည် ။ တိုလီမိုလီ ရောင်းသည့် ဈေးဆိုင်လေး မှာ ကွမ်းယာ နှင့် ဆေးလိပ်ပါ တွဲရောင်းသည့် အတွက် ဈေးဝယ်သူ လူစုံပါနေသည် ။ မိခင်လှ ကို အပျို ထင်ပြီး ပိုးရင်းပန်းရင်း ဆေးလိပ် ၊ ကွမ်းယာ လာဝယ်နေသူတွေ လည်း ပါသည် ။ မိခင်လှ လည်း အချိုးအဆစ် ပြေပြစ်သည့် ညိုချော ဖြစ်လို့ အကြောင်း မသိသူတွေ က ကြိုက်ကြသည် ။ ရွာ မှာ နေခဲ့တုန်းက သူ့ လင် နှင့် အပေါင်းအပါတွေ လယ်ကန်သင်းမှာ ခေါင်းစိုက်ပြီး နှဲကျိုး ၊ ဗုံပျောက် ဖြစ်ခဲ့တာတွေ သိသွား လျှင် လန်သွားကြမည် ဖြစ်သည် ။

ကျွန်တော့် ညီ ၏ သူငယ်ချင်း မောင်တင်အောင် သည် ကျွန်တော့် ညီ အိမ် မှာ ဝင်ထွက်သွားလာ ၊ စားသောက် နေရာမှ မိခင်လှ ကို တစ်ဖက်သတ် ကြိုက်နေ လေတော့သည် ။ မိခင်လှ ကလည်း မောင်တင်အောင် ကို အခွင့်အရေး ပေးသည့် အနေ ဖြင့် ရွှေတိဂုံ နှင့် တိရစ္ဆာန်ရုံတွေ ကို အတူတွဲ သွားပြခဲ့သည် ။ တခြား ဘယ် နေရာတွေ ကို အတူသွား၍ ဘာတွေ ဖြစ်ခဲ့ကြသည် မသိ ။ မောင်တင်အောင် သည် မိခင်လှ ကို တမ်းတမ်းစွဲ ဖြစ်နေသည် ။ မောင်တင်အောင် သည် မိခင်လှ ထက် ရှစ်နှစ်မျှ ငယ်သော လူပျို ၊ အသည်းနု ၊ အူရိုင်းလေး ဖြစ်သည် ။ မမခင် ၊ မမခင် လို့ ခေါ်ပြီး မိခင်လှ ကို တစ်နေ့ မမြင်ရ လျှင် စားမဝင် အိပ်မပျော် ဖြစ်နေသည် ။ မိခင်လှ က ဘယ်လို အနံ့ ပေးထားသည်မသိ ။ အရူးလေး ကို အမဲသား ကျွေးမိသလို ဖြစ်နေတော့သည် ။

မိခင်လှ ဆီမှာ ဈေးလာ ဝယ်သူတွေ ထဲမှာ အသားဖြူဖြူ ၊ လူပုံသန့်သန့် ၊ အရပ်အမောင်း ကောင်းကောင်း ကျော်နိုင် ဆိုသူ သည် မိခင်လှ ကို ရည်းစားစာ ပေးသည် ဟု သိရသည် ။ မိခင်လှ က ပေးသမျှ စာတွေ ကို လက်ခံသည့် အပြင် ကျော်နိုင် ဆိုင် ကို လာလျှင် ဧည့်ခံ စကား ပြောသည် ။ ကျော်နိုင် ဝယ်သည့် ကွမ်းယာ ကို စပယ်ရှယ် ဖြစ်အောင် ယာပေးသည် ။ ကျော်နိုင် ကို ပြန်ကြိုက် နေလို့ မျက်နှာသာ ပေးသလို ဖြစ်နေသည် ။

ဒီအကြောင်း ကို သိ သွားသည့် မောင်တင်အောင် သည် မျောက်မီးခဲကိုင် မိသလို ပူစပ်ပူလောင် ဖြစ်နေသည် ။ မောင်တင်အောင် သည် ကျွန်တော့် ဇနီး ကို အကူအညီတောင်းသည် ။ မိခင်လှ ကို ပြောပေးဖို့ ပူဆာသည် ။ ကျွန်တော့် ဇနီးက လည်း မောင်တင်အောင် ကို သနားတာ နဲ့ မိခင်လှ ကို ပြောကြည့်သည် ။ ဒီတော့မှ မိခင်လှ ရဲ့ သဘော ကို သိရသည် ။ မောင်တင်အောင် သည် လစာ ၁၂၆ ကျပ် သာ ရသည့် အောက်တန်းစာရေးလေး ဖြစ်သည် ။ သူ့ အမေကြီး က ကြိုးကိုင် ခြယ်လှယ် ခံရမှာကို ကြောက်သည် ။ မိမိ ထက် ငယ်သူ ကို ယူလျှင် ရေရှည်မှာ အိမ်ထောင်ရေး အဆင်ပြေမည် မဟုတ်၍ မောင်တင်အောင် ကို မယူနိုင်ပါ ဟု အကြောင်း ပြန်သည် ။

ကျွန်တော့် ဇနီး ထံမှ ကြားရသော မိခင်လှ ၏ ပြန်ကြားချက် ကို သိရသော အခါ မောင်တင်အောင် သည် အရူးလေးလို ဖြစ်သွားသည် ။ ကျွန်တော့် ဇနီး က ချော့မော့ ပြောသည် ။ မိခင်လှ သည် အပျို မဟုတ်ကြောင်း ၊ မောင်တင်အောင် ထက် များစွာ အသက်ကြီးကြောင်း ၊ သူ့ကို မရသည့် အတွက် စိတ်မကောင်း မဖြစ်သင့် ကြောင်းပြောပြီး ချော့မော့ လွှတ်လိုက်သည် ။ မောင်တင်အောင် သည် ငိုပြီး သူ့ အိမ် ပြန်သွားသည် ။

အဲဒီနေ့ ည မှာပဲ မောင်တင်အောင် သည် ကျွန်တော်တို့ အိမ်ရှေ့ ကို ရောက် လာပြီး ကျွန်တော့် ဇနီး ကို အိမ်ရှေ့က လာ ခေါ်သည် ။ အကာလ ညအခါ ၊ သာကေတ ရဲ့ လျှပ်စစ်လမ်းမီးရောင် မှိန်မှိန် အောက်မှာ တစ်ယောက်တည်း ရပ်နေသည့် မောင်တင်အောင် ကို တွေ့ ရသည် ။ ကျွန်တော်ပါ မနေသာတော့ လို့ ထွက်တွေ့ ရသည် ။ အချိန်အခါ မဟုတ် လာရခြင်း ကိစ္စ ကို မေးသည် ။

“ အစ်မလေး ၊ မမခင် ကို ခေါ်ပေးပါ ၊ ကျွန်တော် သူ နဲ့ စကား ပြောချင်တယ် ” 

“ ဟဲ့ ... အချိန်မဟုတ် အခါမဟုတ် ၊ မနက်မိုးလင်း မှ ခေါ်ပေးလို့ မဖြစ်ဘူးလား ”

“ ကျွန်တော် အိပ်လို့ လည်း မရဘူး ၊ ဒီညပဲ သူ့ ကို အပြတ် မေးပြီး ကျွန်တော့် ကို မယူ ဘူးဆိုရင် သူ့ ကို ဟောဒီ ဓားနဲ့ ထိုးသ,တ်မယ် ”

သူ့ခါး မှာ ထိုးယူလာသော ဓားမြှောင် ကို ထုတ်ပြသည် ။ ကျွန်တော် ကြောက် သွားလို့ ကျွန်တော့် ဇနီး ရဲ့ နောက်ကို ဝင်ပုန်း လိုက်ရသည် ။

“ သူ့ ကို သ,တ်ရင် နင် ထောင်ကျမှာပေါ့ဟဲ့ ... ”

“ သူ့ကို သ,တ်ပြီးရင် ကျွန်တော့် ကိုယ် ကျွန်တော် လည်း ထိုးသ,တ်ပြီး ‌ေ သ လိုက်တော့မယ် ”

ကျွန်တော် လန့်သွားသည် ။ မလွယ်ပါလား ဟု သတိထား လိုက်မိသည် ။ မောင်တင်အောင် သည် စားမဝင် ၊ အိပ်မပျော် ဖြစ်နေပုံ ရသည် ။ အတော် ပိန်သွား တာကို သတိထားမိသည် ။ ကျွန်တော် နှင့် ကျွန်တော့် ဇနီးတို့က ဒီည တစ်ညတော့ သည်းခံပြီး စောင့်ပါ ။ နက်ဖြန် နံနက် မှာ မခင်လှ ကို နားချပြီး မောင်တင်အောင် အလိုကျ ဖြစ်အောင် ဆောင်ရွက်ပါမည်ဟု ပြောပြီး ချော့မော့ လွှတ်လိုက်ရသည် ။

ကျွန်တော့် ဇနီး က လည်း သူ့ ကတိအတိုင်း နောက် နေ့မှာ မိခင်လှ ကို တွေ့ပြီး မနေ့ညက အဖြစ်အပျက် ကို ပြောပြလိုက်သည် ။ မိခင်လှ က မောင်တင်အောင် ကို သနားသွားပြီး ငေးငေးငိုင်ငိုင် ဖြစ်သွားသည် ။ အဲဒီနေ့ ညမှာပဲ ကျော်နိုင် ရဲ့နောက် ကို ခိုးရာလိုက် ပြေးလေတော့သည် ။ ကျွန်တော့် ဇနီး သာ သွား မပြောလျှင် လင် နောက် လိုက်ချင်မှ လိုက်ဦးမည် ဖြစ်သည် ။

အဲဒီ နှစ် မှာပဲ မောင်တင်အောင် သည် သူ့ ရုံး က လုပ်ဖော်ကိုင်ဖက် စာရေးမလေး နဲ့ လက်ထပ်လိုက်သည် ။ စာရေးမလေး သည် အဲဒီ ရုံးက အရာရှိတစ်ယောက် ရဲ့ သမီး ဟု သိရသည် ။

မိခင်လှ ကတော့ စက်ပြင်ယာဉ်မောင်း ကျော်နိုင် နဲ့ ကလေး သုံးယောက် ရသည် ။ ကျော်နိုင် က အရက် အလွန်အကျွံ သောက်ပြီး သွေးအန်လို့ သေသွားသည် ။ ကလေး သုံးယောက် အမေ ဆိုသော်လည်း ရုပ်ရည်လေး က ရှိတော့ ဆိုက်ကားသမား လူပျို တစ်ယောက် နဲ့ ညား ပြန်သည် ။ ကလေး တစ်ယောက် ရပြီး မကြာမီ ဆိုက်ကားသမားလေး ဝမ်းလျှောရောဂါ ဖြင့် ဆုံးသွားပြန်သည် ။ တစ်လင်ကွာ ၊ နှစ်လင်သေ မုဆိုးမ ဘဝဖြင့် ဒုက္ခရောက် နေသည် ။ ကျော်နိုင် နဲ့ ရသည့် သား အကြီးကောင် ၏ ဆိုးသွမ်းနှိပ်စက်မှုဒဏ် ကို လည်း အတော်ခံရသည် ဟု ကြားရသည် ။

နံ့သာဆီ သည် သိင်္ဂီရွှေခွက် နှင့် သာ ထိုက်တန်ပါသည် ။ မောင်တင်အောင် ဆိုသည့် နံ့သာဆီ သည် မိခင်လှ ဆိုသည့် အုန်းမှုတ်ခွက် နှင့် မထိုက်တန်၍ ကံကောင်း သည် ဟု တွေးနေမိပါသည် ။

⎕ အဏ္ဏဝါစိုးမိုး

📖 နှလုံးအိမ် ( Heart ) မဂ္ဂဇင်း    
      ဒီဇင်ဘာလ ၊ ၂၀၀၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.

ရေခဲ ကို ဆစ်ထုတဲ့ ပန်းပုလေးတွေ


 

❝ ရေခဲ ကို ဆစ်ထုတဲ့ ပန်းပုလေးတွေ ❞
⎯⎯⎯⎯⎯⎯⎯⎯⎯⎯
ဆွန်း ( စက်မှုတက္ကသိုလ် )
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
ကျွန်တော့် ကို တူးတူးခါးခါး စူးစူးဝါဝါး စိုက်ကြည့် နေသော သမီး ရဲ့မျက်ဝန်း အစုံ မှာ နာကြည်း မုန်းတီးမှုများ လျှံကျ နေသည် ။ ဒေါသမီးများ ဖြင့် ရဲရဲတောက် နေသည် ။ ချောင်ပိတ် မိနေသော တောရိုင်းသတ္တဝါ လို လွတ်ရာ လွတ်ကြောင်း အတွက် အရိုးကြေကြေ အရည်ခန်းခန်း တုံ့ပြန် တိုက်ခိုက်ရန် အသင့် ။

ဪ ..ကျွန်တော် ရင်သိမ့်တုန်အောင် ချစ်ခဲ့ရပါ သော သမီးလေး .. ။ အမြဲတမ်း အရိပ် တကြည့်ကြည့် လုပ်ကာ ပန်းလေး တစ်ပွင့်လို မြတ်နိုးယုယခဲ့ရသော သမီးကလေး … ။ အသည်းအသက် လို တန်ဖိုးထား ကာ ပြုစု စောင့်ရှောက်ခဲ့ရပါသော သမီးလေး .. ။

ယခင် က သမီး သည် ကျွန်တော့် ကို မြင်တိုင်း မျက်ဝန်း အစုံတွင် မေတ္တာရေကြည်များ လဲ့ရွှန်းတောက်ပ လာစမြဲ .. ။ မျက်နှာ ထက် မှာ လှပလန်းဆန်းသော အပြုံး ပန်းပွင့်တို့ ပွင့်အာ လာစမြဲ ... ။ စမ်းရေစီးသံ လို ညိုးညင်း သံသာ ဖြင့် ရယ်မော တတ်စမြဲ ... ။ ချစ်စဖွယ် ကယုကယင် လှုပ်ရှား ပြုမူ တတ်စမြဲ ... ။ သမီး သည် ကျွန်တော့် ကို ချစ်သော မျက်စိ ဖြင့် သာ အစဉ် ကြည့်ခဲ့ပါသည် ။ နှလုံး စိတ်ဝမ်း အေးချမ်းစေသည့် အပြုံးဖြင့် သာ အမြဲတမ်း ပြုံးခဲ့ပါသည် ။

ယခုတော့ ဆန့်ကျင်ဘက် .. ။

စစ်မြေပြင် မှာ တွေ့သည့် ရန်သူ တစ်ယောက် ကို ကြည့်သည့် အကြည့်မျိုး ဖြင့် ကျွန်တော့် ကို သမီး က ကြည့် နေသည် ။ မာရ်နတ်မိစ္ဆာ တစ်ကောင် ကို ကြည့်သည့် အကြည့်မျိုး ဖြင့် ကျွန်တော့် ကို သမီး က ကြည့်နေသည် ။ တစ်ဖက်သား ကို ပြာကျ စေနိုင်သည့် အကြည့် ။ ရန်လို သည့် အကြည့် ။ မာကျောခက်ထန်သည့် သမီး ရဲ့ … အကြည့် မှာ ကျွန်တော့် ကို မကျေနပ်ခြင်း မှ ဖြစ်ပေါ်လာ သော ဒေါသများ ၊ နာကြည်းမှုများ ၊ မုန်းတီးမှုများ ကို အထင်အရှား တွေ့နေရသည် ။ အခုချိန် မှာ သူတို့ ချစ်ခြင်း ကို ဆန့်ကျင်သူ မှန်သမျှ သူ့ ရဲ့ ရန်သူ .. ။ သူတို့ အချစ် ကို ဖြိုခွင်းရန် ကြံစည်သူ မှန်သမျှ သူ့ အတွက် နတ်ဆိုး မိစ္ဆာ ... ။

အမုန်းသည်းထန် လောင်မြိုက် နေသည့် သမီး ရဲ့ အကြည့်များ ... ။

သမီး ရင် ထဲမှ ခံစားချက်များ ကို ကျွန်တော် မသိ၍ မဟုတ်ပါ ။ သိပါသည် ။ မျက်စိ တစ်ကြည့် ၊ နှုတ်ခမ်း တစ်လှုပ် ၊ လက် တစ်ဝှေ့ကို မြင်ကာမျှဖြင့် သမီး ဘာ ဖြစ်ချင် သည် ၊ ဘာ လုပ်ချင်သည် ၊ ဘာ ပြောချင်သည် ဆိုတာ ကျွန်တော် သိပါသည် ။ သို့သော် သိသိကြီး နှင့် သမီး ရဲ့ ခံစားချက် ကို ဆန့်ကျင်ကာ ကျွန်တော် ပြောနေရသည် ။ သမီး ရဲ့ဆန္ဒ ကို မသိကျိုးကျွန် ပြုကာ ကျွန်တော် လုပ်နေရ သည် ။

“ မဖြစ်နိုင်လို့ပါ အစ်မကြီး ရယ် ။ သမီး ဟာ အရွယ် ရောက်ပြီ ဆိုပေမဲ့ ‘ ဆွံ့အ နားမကြား ’ တဲ့ ဒုက္ခသည်လေး ပါ ။ သာယာတဲ့ အိမ်ထောင် တစ်ခု ကို ရေရှည်မှာ ဘယ်လိုမှ မဖန်တီးနိုင်ဘူး ဆိုတာ ကျွန်တော် သိသလို အစ်မကြီး လည်း သိပါတယ် ။ ကြာရင် မရှူနိုင်မကယ်နိုင် နဲ့ အားလုံး ပိုပြီး စိတ်ဆင်းရဲကြမှာမို့ အနူးအညွတ် တောင်း ပန်နေရတာပါ ခင်ဗျာ ”

ကျွန်တော် က အကျိုးနွံဆုံး ဟန်ပန် ၊ အခယဆုံး လေသံ ဖြင့် ပြောလက်စ စကား ကို ဆက်ရသည် ။ မျက်နှာ အောက် ချကာ တုန်ယင်တိုးဖွစွာ ပန်ကြား နေမိသည် ။ ကျွန်တော့် ဟန်ပန် နှင့် လေသံသည် တောင်းပန်သည့် အဆင့် ကို ကျော်ပြီး အသနားခံသည့် အဆင့် သို့ ရောက် နေပြီ ဆိုတာ သိသည် ။ ရှက်သွေးများ ဖြင့် မျက်နှာ တစ် ပြင်လုံး ထူပူရှိန်းဖိန်း နေသည် ။

သူတို့ မိသားစု ကျွန်တော် တို့ အိမ် အနီးသို့ ပြောင်း လာသည် မှာ မကြာသေးပါ ။ သို့သော်လည်း အိမ်နီးချင်းကောင်း တို့၏ ဝတ္တရား နှင့် အညီ သူတို့ မိသားစု ကို ကူညီနိုင်တာ ကူညီခဲ့သည် ။ ကူညီသင့်သည် ထက် ပိုမို ကူညီခဲ့သည် ။ ပြောရမည် ဆိုလျှင် ကျွန်တော့် ကျေးဇူး များစွာ သူတို့ မိသားစု အပေါ် မှာ ရှိသည် ။ အခုတော့ ကိုယ် က အခါမလပ် ကူညီ ထောက်ပံ့ခဲ့ရသူ ထံမှ ရိုကျိုး ခယစွာ တောင်းပန် နေရသည် ။

“ တစ်ဆိတ် ကူညီပါ အစ်မကြီး ရယ် ။ လူငယ်တွေ ဆိုတော့ ရှေ့ရေးနောက်ရေး မျှော်မျှော်တွေးတွေး မရှိ ဘူးပေါ့ ။ မမှားသင့်တာ မှားပြီးခဲ့ကြပေမဲ့ ပျက်အစဉ် ပြင်ခဏပါဗျာ ။ အမှားနွံ မှာ ဆက် မနစ်ဖို့ အစ်မကြီး က လည်း ဝိုင်းဝန်းဖျောင်းဖျ နားချပေးပါ ခင်ဗျာ ”

ကျွန်တော့် စကား အဆုံးမှာ ဒေါ်အေးမူ က မဲ့ကာရွဲ့ ကာဖြင့် မျက်နှာ ကို တစ်ဖက် သို့ လှည့် လိုက်သည် ။ ပြီးမှ ဝေဟင်မှ လာသော လေသံဖြင့် စီးစီးပိုးပိုး ပြောသည် ။

“ ဒီမှာ ကိုအေးကျော် ။ ကျွန်မ က လူကြီးတွေ ကို အားနာလို့ သည်းခံ နားထောင် နေတာ ။ ဒီကိစ္စ အတွက် ကျွန်မ က သိပ် ဝမ်းသာ နေတယ် ၊ သိပ် စိတ်ချမ်းသာ နေတယ်များ ထင်နေသလား ။ မေးလိုက်စမ်းပါတော် ၊ တစ်ရပ်ကွက်လုံး ကို ။ ဒီလို အခြေအနေ မှာ ဘယ် ‘ သားရှင် ’ ပျော်နိုင်သလဲ .. လို့ ။ ပြောလို့ မရလို့သာ ကြည့် နေရတာ ။ ကျွန်မ နှမြောတာ က ရှင့် ထက် ဆယ်ဆ ။ ဒီကောင်မ က ရင်မနာဘူး ၊ ယူကျုံးမရ မဖြစ်ဘူးလို့များ ထင်နေလို့လား ”

သမီး ကို ချွေးမ တော်ရတာ သူတို့ နစ်နာပါသည် ... ဆိုလိုချင်ပုံ ရသည် ။

ဒေါ်အေးမူ ၏ အပြောအဆို အပြုအမူ မှာ ကျွန်တော့် အသည်း ကို ‘ ဓားမွှန်းပြီး ဆားဖြူး  ’ သလို ဖြစ် နေသည် ။

သမီး နှင့် အကြည့်ချင်း ဆုံအောင် အတော် ကြိုးစားပြီး မှ သမီး နားလည်သည့် ဘာသာစကား ဖြင့် ခြေလှုပ် ၊ လက်လှုပ် ၊ ပါးစပ်လှုပ် ကာ အိမ်ပြန် လိုက်ခဲ့ဖို့ ကျွန်တော်
ပြောသည် ။ သမီး က ခေါင်း ကို တွင်တွင်ခါယမ်း ငြင်းဆန်သည် ။ မျက်နှာ တစ်ပြင်လုံး ရဲရဲနီကာ ပါးစပ် မှ ဝူးဝူးဝါးဝါး အသံများ ထွက်ပေါ်နေသည် ။

အရွယ် ရောက်ပြီးသည့် အခြား ဆွံ့အနားမကြား သော မိန်းမပျိုလေးများ လိုပင် သမီး သည် လည်း သူ့ အားနည်းချက် ကို လူ မသိအောင် အတတ်နိုင်ဆုံး ကြိုးစားဖုံးဖိ တတ်သည် ။ သူစိမ်းတစ်ရံဆံ ရှေ့မှာ အသံ မထွက်အောင် အထူး သတိထားကာ နေတတ်သည် ။ သို့ရာတွင် အလွန် အကြူး စိတ်လှုပ်ရှား သည့် အခါ သမီး နှုတ်ဖျား မှ အသံ များ ပွင့်အံ လွင့်ထွက် လာတတ်သည် ။ ယခု ထွက်နေ သည့် အသံ ကတော့ ဒေါသ သည်းထန်မှ ထွက်လေ့ရှိ သည့်အသံ ။

‘ ပြစ်မျိုးမှဲ့မထင် ’ အောင် ထူးခြား ထင်ရှားသည့် အလှတရား များစွာ ကို လောကကြီး ထံမှ ‘ လျော်ကြေး ’ ပြန်ရ ထားသော ပျိုမျစ်နုနယ် လှသွေးကြွယ်လွန်းသည့် သမီး မျက်နှာလေး ကို ကျွန်တော် ကြေကွဲ ဝမ်းနည်းစွာ ငေးရင်း မျက်ရည် ဝဲ လာသည် ။ သမီး နားလည်သဘော ပေါက် အောင်လည်း လက်ဟန်ခြေဟန် မျှ သာမက စကားသံများ ဖြင့်ပါ ရှင်းပြ ခေါ်ငင် နေမိခဲ့သည် ။

“ မဖြစ်ဘူးနော် သမီး ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ဖြစ်နိုင်မယ်ဆို ဖေဖေ ကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာ လက်ထပ် ပေးမှာပေါ့ ။ တကယ် မဖြစ်နိုင်လို့ပါ သမီးရယ် ။ အိမ်ပြန် လိုက်ခဲ့ကွယ် ... နော် ”

“ ကျွန်တော်တို့ ရုံးမှာ တရားဝင် လက်ထပ် ထားကြတယ် ”

အာကာလွင် က လေသံ ခပ်မာမာဖြင့် ဝင်ပြော သည် ။ မကြားသော်လည်း နှုတ်ခမ်း လှုပ်ရှားပုံကို ကြည့် ကာ ဘာပြောသည် ဆိုတာ သမီး ကောင်းစွာ နားလည် သည် ။ သမီး က အာကာလွင် ကို အားကိုးတကြီး ကြည့် သည် ။ အာကာလွင် ထံ ပိုမို တိုးကပ်သည် ။ အာကာလွင် လက်မောင်းရင်း ကို ခပ်တင်းတင်း ဆုပ်ကိုင်သည် ။ “ ဘယ်သူ ခွဲခွဲ တို့မကွဲ ” .. ဟု ဆိုသည့်နှယ် ... ။

သိလိုက်သည် ။ အရာအားလုံး ဆုံးရှုံးသွားပြီ ။ ပွဲ လည်း ပြီးသွားပြီ ။

••••• ••••• •••••

သမီး ကို လက်လွှတ် ဆုံးရှုံးပြီးသော အခါ ကျွန်တော့် ဘဝ အဓိပ္ပာယ် မဲ့သွားသည် ။

မိဘတိုင်း သားသမီး ကို ချစ်တာ ကျွန်တော် သိပါသည် ။ သို့သော် အခြားသူများ ထက် ကျွန်တော် က  ( သဘာဝကျစွာ )  နည်းနည်း ပိုသည်ဟု ထင်သည် ။ တစ်ဦးတည်း သော သမီးမို့ အသည်း နင့်အောင် ချစ်သည် ။ မိတဆိုး သမီးလေးမို့ ရင်ပွင့်အောင် ချစ်သည် ။ လူစဉ်မမီ သူလေး မို့လည်း မေတ္တာ နှင့် ကရုဏာ ပေါင်းကာ နှလုံး သည်းပွတ် ပေါက် ထွက်မတတ် ချစ်သည် ။ သမီးလေး သာ ကျွန်တော့် ဘဝ ၊ ကျွန်တော့် ကမ္ဘာ ၊ ကျွန်တော့် အတွက် အရာရာ ... ။ မှည့်ထားသည့် မြသက်နှင်း .. ဆိုသည့် အမည် ကပင် သမီး အပေါ်ထားသည့် ကျွန်တော့် မေတ္တာ ကို ဖော်ကျူး နေသည်လေ ။

ကျွန်တော့် ဘဝ မှာ နှလုံးသွေး ပျက်လုအောင် ချောက်ချား တုန်လှုပ်ရတာ နှစ်ကြိမ် ရှိပါသည် ။

ပထမ တစ်ကြိမ် မှာ သမီး ငယ်စဉ် က ဖြစ်ပါသည် ။ သမီး နှင့် သက်တူရွယ်တူ တခြား ကောင်မလေးများ စကား ကို သွက်သွက်လက်လက် ချက်ချက်ချာချာ ပြော နေချိန် မှာ ကျွန်တော့် သမီး က “ ဝူးဝူးဝါးဝါး ” အဆင့်မှ မတက်ခဲ့ ။ စကား ကို ဘယ်လို မှ သင်လို့ မရသည့်အခါ စိုးရိမ်ပူပန်လာသည် ။ မွေးကင်းစ ကပင် သမီး သည် အသံ ကို တုံ့ပြန်မှုအား အလွန် နည်းခဲ့တာကို ပြန်လည် သတိရသည် ။ ကံကြမ္မာဆိုး တစ်ခု ကျွန်တော်တို့ ထံ လာနေပြီ ဟု ခံစားရသည် ။

စမ်းသပ်စစ်ဆေးမှု များစွာ အကြိမ်ကြိမ် အထပ်ထပ် လုပ်ပြီးသောအခါ အသည်းကွဲစရာ သတင်းဆိုး ကို နား နှင့် လည်ချောင်း အထူးကု ဆရာဝန်ကြီး ထံမှ ကြားခဲ့ရ သည် ။ ဘယ်လိုမှ ပျောက်ကင်းအောင် ကုသလို့ မရနိုင် သည့် သန္ဓေ ပါ “ ဆွံ့အနားမကြား ဝေဒနာသည် ” ဘဝ ဖြင့် သမီး တစ်သက်လုံး နေရတော့မည် .. တဲ့ ။ နှလုံးသွေးပျက် လုအောင် ချောက်ချားတုန်လှုပ်ရတဲ့ပထမစကား ... ။ ကျွန်တော့် ဘဝ ၊ ကျွန်တော့် ကမ္ဘာ ပြိုပျက် သွားပြီ ထင်မိ သည် ။

သူ့ ကိုယ်သူ မသိရှာဘဲ ၊ သိလည်း မသိနိုင်ဘဲ ပျော် ပျော်ပါးပါး ပြေးပြေးလွှားလွှား ကစားမြူးထူး နေသော သမီး ကို မြင်တိုင်း ကျွန်တော် မျက်ရည် မဆည်နိုင် ဖြစ်ခဲ့ရသည် ။ နောင် နှစ် တော်တော်လေး ကြာမှ သာ ကြိုးစားဖြေ သိမ့်နိုင်ကာ တဖြည်းဖြည်း နေသားကျ လာခဲ့သည် ။ တမြေ့မြေ့ နာကျင်သည့် ဝေဒနာတစ်မျိုး ကိုတော့ ရင်ထဲ မှာ အခါမလပ် ခံစား နေရသည် ။

သမီး ရဲ့ ကံကြမ္မာဆိုး ကို ကြားသိပြီး နောက်ပိုင်းမှာ တော့ ကျွန်တော့် ‘ မျက်ရှု ’ ဖြစ်ခဲ့သည် ။

သမီးလေး ကို အရိပ် တကြည့်ကြည့် လုပ်၍သာ နေမိခဲ့ပါသည် ။ ကျွန်တော် ၏ ကိုယ်ပိုင် အချိန် အားလုံးကို သမီး က ပိုင်စိုးသည် ။ သမီး ဘာလိုသလဲ .. ကျွန်တော် ဖြည့်ဆည်းသည် ။ သမီး ဘာဖြစ်ချင်သလဲ .. ကျွန်တော် လုပ်ပေးသည် ။ ကျွန်တော် အသက်ရှင် ရသည့် တစ်ခု တည်းသော ရည်ရွယ်ချက် မှာ သမီး ဘဝ လိုအပ်ချက်များ ကို ဖြည့်ဆည်းရန် သက်သက် ။

ထို့ကြောင့်လား မသိပါ ။ ကျွန်တော် သည် သမီး ရဲ့ အမေ ကို ပါ မမျှော်လင့်ဘဲ ထပ်မံဆုံးရှုံးခဲ့ရသည် ။  ( ကျွန်တော်တို့ သား အဖ ကို စွန့်ပြေးသည် ... ဟု တချို့က စွပ်စွဲသည် ။ )

တော်တော်လေးတော့ ထူးဆန်းသည် ။ သမီး ရဲ့ အမေ ကို အကြောင်းမဲ့ ဆုံးရှုံးခဲ့ရသော်လည်း ကျွန်တော် ထူးထူးကဲကဲ ကြေကွဲဝမ်းနည်းခြင်း မဖြစ်မိ ။ လုံးလုံးလျားလျား ဝမ်းမနည်းတာလည်း မဟုတ် ။ ထိုက်သင့်သည့် ပမာဏ အတိုင်းအတာ အထိတော့ ကျွန်တော် ကြေကွဲ ဝမ်းနည်းခဲ့ပါသည် ။ ထို ကြေကွဲဝမ်းနည်းမှုများ ဖြစ်ရ သည့် အဓိက အကြောင်းရင်းက တစ်ခုတည်း  .. ။ လောက တွင် အခက်အခဲ များစွာဖြင့် ရင်ဆိုင်ရမည့် သမီး အတွက် အစစအရာရာ ကူညီဖေးမ,ရန် အဓိက လိုအပ် သည့် အရေးကြီးဆုံး မိခင်အရင်း ကို ဆုံးရှုံးရသော ကြောင့်သာ ဖြစ်ပါသည် ။

မတတ်သာသည့် အဆုံးမှာ ကျွန်တော် သည် မိဘ မောင်နှမများ ၏ အကူညီ ဖြင့် သမီး ကို အရွယ်ရောက် အောင် ကိုယ်တိုင် ခက်ခဲပင်ပန်းစွာ မွေးမြူ ခဲ့ရပါသည် ။

အလုပ်ချိန် မှ အပ ကျွန်တော့် အချိန် ဟူသမျှသည် သမီး ၏ ဝေယျာဝစ္စများ ဖြင့်သာ ကုန်ဆုံးခဲ့ရသည် ။ ဆွံ့အ,နားမကြားကျောင်းသို့ ကျွန်တော် ကိုယ်တိုင် အကြိုအပို့ လုပ်သည် ။ သမီး နှင့် သက်ဆိုင်သမျှ သင်တန်း များ အားလုံးသို့ ကျွန်တော် ကိုယ်တိုင် စိတ်ပါလက်ပါ လိုက်ပို့သည် ။ သမီး နှင့် ပတ်သက်သမျှ ပွဲလမ်း အခမ်းအနား အားလုံး သို့ ကျွန်တော် ကိုယ်တိုင် တက်တက် ကြွကြွ လိုက်ပို့သည် ။ ထိုမျှ မကပါ ။ သမီး သွားလိုရာ နေရာ မှန်သမျှကို မရောက် မရှိရအောင် ၊ လုပ်ချင်တာ မှန် သမျှကို မလုပ်ရ မဖြစ်ရအောင် ကျွန်တော် ကိုယ်တိုင် ပျော်ရွှင်စွာ လိုက်ပါဖြည့်ဆည်းပေးခဲ့ပါသည် ။

အရွယ် ရောက်လေ လှသွေး ကြွယ်လေ ဖြစ်သည့် သမီး ကို စိုးရိမ်စိတ် တစ်ဝက် ၊ ဂုဏ်ယူစိတ် တစ်ဝက်ဖြင့် အရိပ် တကြည့်ကြည့် လုပ်ကာ သတိကြီးစွာဖြင့် ရင်အုပ် မကွာ စောင့်ရှောက်ခဲ့ပါသည် ။

သို့သော် …

••••• ••••• •••••

“ သမီး ယောက်ျား နောက် လိုက်ပြေးသည် ” .. ဆိုသည့် သတင်း ငှက်ဆိုးထိုးသံ ကို ကြားစက ဦးခေါင်း ရှစ်စိတ် ကွဲသည့်နှယ် ခံစားရသည် ။ နှလုံးသွေးပျက်လု အောင် ချောက်ချားတုန်လှုပ်ရတဲ့ ဒုတိယစကား .. ။

ထုံးစံအတိုင်း ဘယ်သူနဲ့လဲ ... ၊ ဘယ်တုန်းကလဲ .. .. ဆိုသည့် မေးရိုးမေးစဉ် များပင် မမေးမိ ။ ရင်မီးတောက်ပြီး ဦးနှောက်ပွက်ပွက် ဆူနေသည် ။ ကျွန်တော့် ဘဝမှ နုတ် ဖယ် မေ့ဖျောက် ထားနိုင်ခဲ့တာ ကြာပြီ ဖြစ်သော သမီး ရဲ့ မိခင် ကို လည်း ထူးထူးခြားခြား သွား သတိရမိသည် ။ သူ သာ သမီး နှင့် အတူ ရှိခဲ့လျှင် ယခုလို ဖြစ်မည် မထင် ။

တကယ်တော့ ဖခင် တစ်ယောက် သည် အရွယ် ရောက်လာသည့် သမီး တစ်ယောက် ကို မျက်ရှု ရတနာ တစ်ပါး လို ချစ်သော မျက်စိဖြင့် ဘယ်လိုပဲ အရိပ် တကြည့် ကြည့် ကြည့်နေစေကာမူ မမြင်မတွေ့ နိုင်တာ များစွာရှိ ပါသည် ။ “ သမီး ကို သိနားလည်သည် ” .. ဟု ထင်မိခြင်း မှာ သမီး ကို လုံးလုံးလျားလျား နားမလည်ခြင်းသာ ဖြစ် သည် ဆိုတာ အခုတော့ သိပြီ ။

ကြိမ်မီးအုံးသော အသည်းနှလုံး ဖြင့် သမီး ကို ကျွန်တော် ရှာသည် ။ သိပ်ခက်ခက်ခဲခဲပင် မရှာလိုက်ရ ။ သတင်း အစအန ကို ချက်ချင်း ရသည် ။ ရတော့ လည်း မယုံချင်စရာ ။ သမီး လိုက်ပြေးသည့် သူငယ် မှာ ဒေါ်အေးမူ ရဲ့သား အာကာလွင် ဆိုပါလား ..။

“ ဖြစ်မှ ဖြစ်ရလေ သမီး ရယ် ”

ကျွန်တော့် ရင်မှာ နာကျင်ဆို့နင့် ရပြန်သည် ။

သမီး ဘဝ ကို တကယ် စာနာနားလည်မှု ပေးနိုင်မည့် စစ်မှန်သည့် မေတ္တာရှင်များ ဖြစ်လေမလား ...ဟု ဝိုးတဝါး မျှော်လင့်ချက်များ မှာ ‘ အာကာလွင် ’ ဆိုသည့် အမည် ကြောင့် ‘ နေလာ နှင်းပျောက် ’ ဖြစ်ရသည် ။ အာကာလွင် ဆိုတာ ပညာမတတ် ၊ လက်ကြော မတင်းသည့် ရပ်ရွာ က အော့နှလုံးနာအောင် သော့သွမ်းဟော့ရမ်းသည့် ‘ ဝေလေလေ ’ တစ်ယောက် ။ အိုကြီးအိုမ မိခင်မုဆိုးမ ကို ပင် ဒုက္ခတွင်း မှ တက် မရအောင် ပြုမူနေတဲ့သူ ။ မိန်းမ တွေ ယူခဲ့တာလည်း သောက်သောက်လဲ ။ အိမ်ထောင်ရေး ကို ထမင်းစား ရေသောက် မျှသာ သဘောထားတတ် တဲ့သူ ။ ဘယ် တစ်ယောက် ကိုမှ စွဲစွဲမြဲမြဲ ပေါင်းသင်းသည် လည်း မဟုတ် ။ ‘ စလယ်ဝင် ဖင်မမည်း ’ မီ မှာပဲ ကွဲတတ် ကွာတတ်စမြဲ ။

အာကာလွင့် အကြောင်း ကို အရပ် ထဲက အခြား မိန်းမပျိုလေးများ သိသည့် နည်းတူ သမီး လည်း သိသည် ။ အာကာလွင် ကို အရပ် ထဲ က အခြား မိန်းကလေးများ ခါးသီး မုန်းတီးသည့် နည်းတူ သမီး ကလည်း မုန်းတီး သည် ။  ( အဲ ... မုန်းတီးသည် ဟု ထင်မိခဲ့သည် ။ ) ကျွန်တော် သည် သမီး ကို အာကာလွင် နှင့် ပတ်သက်ဆက်စပ်လာ လိမ့်မည် ဟု အနည်းငယ်မျှ ပင် သံသယ မဝင်ခဲ့မိ ။ အဝေး မှ အန္တရာယ်များ ကို သာ တွေးတော ပူပန်ခဲ့သည် ။ အနီး က တကယ့် အန္တရာယ် ကို မမြင်မိခဲ့ ။

လောကကြီး သည် ကျွန်တော် တွေးထင် ထားသည် ထက်ပင် ပိုမို ဆန်းပြား နေသလား .. ။ ကျွန်တော် ကပဲ လား .. ။ လောက သဘာဝ ၊ လူ့ အလေ့အထ များကို တင်ကြို မသိ မမြင်နိုင် လောက်အောင် အသိဉာဏ် ဆွံ့ရှားနည်းပါးသူလား  ... ။

အခုတော့ သမီး ကို ကျွန်တော် လက်လွှတ်ဆုံးရှုံး ခဲ့ရပြီ ။ ဘယ်လောက်ပဲ မြတ်နိုးတွယ်တာသည် ဖြစ်စေ ၊ ဘယ်လောက်ပဲ နှမြောတသ ယူကျုံး မရသည် ဖြစ်စေ ၊ သမီး ကို ကျွန်တော် လက်လွှတ် ဆုံးရှုံးခဲ့ရပြီ ။

ချို့ယွင်းချက် ရှိသော်လည်း ကျန်းမာသန်စွမ်းပြီး သွေးသား ဆူဖြိုးသော သမီး သည် သဘာဝ အတိုင်း သူ့ လမ်းသူ လျှောက်လှမ်း သွားပြီ .. ။ အန္တရာယ် ဒင်းကြမ်းဖြင့် ဆူးပြွမ်းသည့် လမ်းဖြစ်စေကာမူ အချစ်သွေး ဆူကာ ရဲဝံ့ တက်ကြွ နေသော သမီးက မမှုပါ ။ သူ့ လမ်း ကို သူ စိတ်ကြိုက် ရွေးချယ်ကာ ပြတ်ပြတ်သားသား လျှောက် လှမ်းသွားခဲ့ပါပြီ ... ။

••••• ••••• •••••

တွေးထင် ထားသည့် အတိုင်းပင် သမီးတို့ အိမ် ထောင်ရေး မှာ မသာယာခဲ့ပါ ။

အဦးအစ နေ့ရက်များ မှာတော့ သမီး ပျော်ခဲ့ပုံရ သည် ။ ရဲရင့်ပြတ်သားသော အချစ်သူရဲကောင်းမလေး ဟန်မျိုး ဖြင့် မြူးမြူးထူးထူး ရှိခဲ့သည် ။ လောက ကို ထီ မထင် ၊ သောက ဆို မြူ မမြင်ဘဲ တိမ်ညွန့်စားသည့် … နတ်မြင်းပျံ အလား ကြွားကြွားရွားရွား ပပလွှားလွှား ။ ပတ်ဝန်းကျင် က မေးငေါ့တာ လည်း အမှုမထား ။ အနေ အစား ဆင်းရဲတာ လည်း ဂရုမထား ။

နောက်ပိုင်း မှာ တော့ သမီး အမူအရာ ညှိုးနွမ်းလာ သည် ။ နဂိုကမှ စားဝတ်နေရေး ချို့တဲ့ ကျပ်တည်းသော မိသားစု မှာ ပါးစပ် တစ်ပေါက် ထပ် တိုးရတာ ဆိုတော့ သမီး အတွက် အစစအရာရာ ခက်ခဲပါလိမ့်မည် ။ အာကာလွင် က လည်း သမီး ကို တစ်ခဏသာ ဂရုစိုက်သည် ။ နောက်တော့ သူ့ ပင်ကို ဗီဇစရိုက် အတိုင်း သောက်သောက်စားစား ဟေးလားဝါးလား နေမြဲ နေကာ သမီး ကို ပစ်ထားသည် ။ ဆင်းရဲပင်ပန်းစွာ ရပ်တည် နေရသည့် ယောက္ခမ အိမ် ထက် မှာ ချွေးမ မျက်နှာ ငယ်ရသည် ။

အားနည်းချက် ရှိသည့် မိတဆိုးလေးမို့ တစ်ဆွေလုံး တစ်မျိုးလုံး က ‘ ရွှေလိုဥ ’ ထားခြင်း ခံခဲ့ရသော သမီး သည် ‘ ပိုးထိုးလောက်ကိုက် အချစ်သစ်သီး ’ ကို ကြိုးစား ကိုက် မြည်း ရှာသည် ။ ဆွံ့အံနားမကြားကျောင်း မှ တတ်ကျွမ်း လာခဲ့သည့် အပ်ချုပ်ပညာ ဖြင့် နေ့မအား ညမနား ပြေး ပြေးလွှားလွှား ဖွေရှာကာ ယောက္ခမ နှင့် ယောက်ျား ကို ထောက်ပံ့ရသည် ။

သမီး ဖွေရှာပေးသော ငွေ ဖြင့် အာကာလွင် က အရပ် တကာလှည့်ကာ ‘ သောက်သောက်စားစား လူမင်းသား ’ လုပ် နေသည် ။ သူ့ စိတ် အခန့်မသင့်လျှင် သမီး ကို ရိုက် မောင်းပုတ်မောင်း ပြုတတ်သည် ။ အိမ်နီးနားချင်းများ မို့ မကြည့် သော်လည်း မြင် နေရသည် ။ မစွင့် သော်လည်း … ကြား နေရသည် ။ မြင်တိုင်း ကြားတိုင်း လည်း စိတ်အဆင်းရဲကြီး ဆင်းရဲရသည် ။

ဆိုင်သာဆိုင် မပိုင်သည့် ဘဝ မို့ သမီး ရဲ့ မနိုင်ရင် ကန် လောကဓံများ ကို မြင်တိုင်း ကြားတိုင်းမှာ နှလုံး သည်းပွတ်ကို ပြုတ်တူဖြင့် ဖျစ်ညှစ် ခံရသလို ကျွန်တော့် ရင်မှာ နာကျင်ခံစား ရပါသည် ။

အမိုက်မ ကတော့ သူ့ မိုက်ကြွေးမိုက်ပြစ်ကို အံတင်း ကာ ရင်စည်း ခံသည် ။ နွမ်းနွမ်းပါးပါး ညှိုးညှိုးငယ်ငယ် ဖြစ်နေရှာသည့် သမီး ကို မကြည့်ရက်နိုင်သည့် ကျွန်တော် တို့ မိသားစုသည်  ( အဆိပ်ပင် ရေလောင်း တာမှန်း သိ သည့်တိုင် ) နည်းမျိုးစုံဖြင့် သမီး ကို ကူညီထောက်ပံ့ရန် ကြိုးစားခဲ့သည် ။ သို့သော် မာနခဲသမီး က ကျွန်တော်တို့ ၏ အကူအညီ အထောက်အပံ့ များကို လုံးဝ လက်မခံပါ ။ သိလျှင် သိချင်း ပြန်ပေး တတ်သည် ။ ကျွန်တော်တို့ ၏ အပေးအကမ်း အထောက်အပံ့ ကို သမီး ငြင်းဆန်တတ် တာကို အာကာလွင် တို့ သိသွားသောအခါ သမီး ကို အငြိုးအတေး ထားကာ ပိုမိုညှဉ်းပန်းတတ်ကြောင်းလည်း အရပ် ထဲမှ ပြန် ကြားရသည် ။

သမီး နှင့် ပတ်သက်သည့် စိတ်မချမ်းသာစရာများ ကို နေ့စဉ် မြင်နေကြားနေ ရသောအခါ ကျွန်တော် ဆက် လက် မခံစားနိုင်တော့ပါ ။ မမြင်ကွယ်ရာ ၊ မကြား ဝေးရာ အရပ် မှာ မျက်စိမှိတ် ၊ နားပိတ်ကာ နေချင်ပါသည် ။ အများနှင့် မတူသည့် သမီး မို့ နောက်ဆံတင်း နေမိသော် လည်း ‘ သတ္တဝါ တစ်ခု ၊ ကံ တစ်ခု ’ ဟု ဖြေသိမ့်ရသည် ။ ကံဆိုးလွန်းသူလေး မို့ မျက်ကွယ် မှာ စိတ်မချ သော်လည်း ‘ ကိုယ်မချိ ၊ အမိ သော်လည်း ၊ သား တော်ခဲ ’ ဟု နှလုံးသွင်း ရသည် ။

နောက်ဆုံးမှာ ကျွန်တော် တို့သည် နှစ်ပေါင်းများစွာ နေလာသည့် နေရာ ကို စွန့်ခွာ ပြောင်းရွှေ့ ခဲ့ကြပါသည် ။

အနေ ဝေး၍ မမြင်ရ မကြားရလျှင် စိတ်သက်သာ မည်ထင်ခဲ့သော်လည်း လက်တွေ့ မှာ မဟုတ်ပါ ။

အနေ ဝေး သော်လည်း သမီး ရဲ့ သတင်းများကို အဆက်မပြတ် ကြား နေသည် ။  ( မကြား - ကြားအောင် လည်း နားစွင့် ထားမိသည်လေ ။ )  ကြားသမျှ ကလည်း စိတ်ချမ်းသာစရာ တစ်ကွက်မှ မရှိပါ ။ အိမ်ထောင်ရေး ဟူသည် သံတိုင်အိမ် ပင် ဖြစ်စေကာမူ အခန့် မသင့်လျှင် ကျိုးတတ်သည့် သဘာဝ ရှိပေရာ သမီးတို့ လို သဲသောင်ခုံ ပေါ် မှာ တည်ဆောက် မိတဲ့ တိုက်အိမ် ကတော့ အချိန် မရွေး လဲပြို သွားနိုင်တာ ကောင်းစွာ ခန့်မှန်းတွက်ဆ နိုင် ပါသည် ။

စောစီးစွာ မလဲမပြိုခဲ့ခြင်းမှာ အံ့မခန်းအောင် သည်းခံနိုင် စွမ်းအား ကြီးမားသည့် သမီး ကြောင့်သာဖြစ် သည် ။

သို့ရာတွင် မကြာမီ လဲပြိုတော့မှာ သေချာသည် ။ စဉ်ဆက်မပြတ် ရနေသည့် သမီး တို့ရဲ့ သတင်းများ ထဲမှာ သူတို့ အိမ်ထောင်ရေး အက်ကွဲသံ ကို ကြားသည် ။ အိမ် ပြန်ရန် ပြင်ဆင် နေသည့် သမီး ရဲ့ခြေသံ ကို ကြားသည် ။

အာကာလွင် သည် သူ့ မူလ အကျင့်စရိုက် အတိုင်း နောက် ကောင်မလေး တစ်ယောက် နှင့် ရပ်သိ ရွာသိ ရှုပ် နေသည် ။ အလွန် တိုတောင်းသည့် ကာလလေး အတွင်း မှာပဲ သမီး ကို ငြီးငွေ့ သွားပုံရသည် ။ တုပြိုင်ဖက် ကင်း သည့် အလှပိုင်ရှင် ဖြစ်စေကာမူ ပီယဝါစာ စကား မဆိုနိုင် သော သမီး ကို ကြာရှည် သည်းခံနိုင်ပုံ မရ ။ ထို့ပြင် ကြွယ်ပိုးကြွယ်ဝ ကျွန်တော်တို့ မိသားစု ထံ မှ အကူအပံ့ ကို နည်းနည်းလေး မှ မယူသည့် သမီး ကို မြန်မြန်ထက်ထက် စိတ်ပျက်ခဲ့သည် ထင်သည် ။

နောက်ဆုံး မှာ တော့ သမီး ကျွန်တော့် ထံ ပြန်ရောက် ခဲ့သည် ။

••••• ••••• •••••

အိမ်ထောင် ပျက်ပြီး ပြန်လာသူ ကို မိသား တစ်စုလုံး က လှိုက်လှဲ ဝမ်းသာ ကြိုဆိုကြသည် ဆိုသည်မှာ လူ ကြားလို့တော့ မကောင်းပါ ။ သို့သော် ကျွန်တော်တို့ တစ်မိသားစုလုံး သည် သမီး ကို ထိုအတိုင်း ကြိုဆိုခဲ့ သည် ။

အပျော်ဆုံးသူ ကတော့ ကျွန်တော် ပဲပေါ့ ။

အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော် ပြည့်ပြည့်ဝဝ မပျော်ရဲပါ ။ ‘ ခဲမှန်ဖူးတဲ့ စာသူငယ် ’ လို စိုးစိုးထိတ်ထိတ် ရွံ့ရွံ့ကြောက်ကြောက်နှင့် မဝံ့မရဲ ရှိလှသည် ။ အချိန်မရွေး နောက်ကြောင်း ပြန် လှည့် သွားမှာ ပူပန် နေမိသည် ။

သမီး မျက်နှာ ကို ကြည့်၍ သမီး နှလုံးသား ကို ကျွန်တော် စာဖတ်နိုင်ပါ့ မလား… ။ သမီး နေပုံထိုင်ပုံ လှုပ်ရှားပြုမူပုံ ကို အကဲခတ် ၍ သမီး ဦးနှောက် ကို ကျွန်တော် ဘာသာ ပြန်နိုင်ပါ့မလား ... ။ အရွယ် ရောက် ပြီးသော သမီး ကို ဖခင် က အကြွင်းမဲ့ သိနားလည်ဖို့ မလွယ်မှန်း အလွန် ခါးသီးသည့် ဘဝ အတွေ့အကြုံ အရ သိခဲ့ပြီ ။ ချို့ယွင်းအားနည်းချက် အနည်းငယ် ရှိသည့်တိုင် အရွယ် ရောက်ပြီးသော သမီး ကို ဖခင် က အကြွင်းမဲ့ သိနားလည် ဖို့ဆိုတာ အင်မတန် ခက်ခဲပါသည် ။

ပြီးတော့ အချစ် ဆိုတာ က လည်း ‘ ရေခဲရုပ် ’ လား  ... ‘ ကျောက်ဆစ်ရုပ် ’ လား ... ။ ဝေဝါး ထွေပြားလှပါဘိ ။

••••• ••••• •••••

နှစ်ပတ်လည်အောင် အိမ်တွင်းအောင်း နေသော သမီး က ဘုရား သွားချင်သည် ဟု ပူဆာသော အခါ ကျွန်တော် ကျေနပ်ပျော်ရွှင်စွာ လိုက်ပို့ ပေးခဲ့သည် ။

တိုက်တိုက်ဆိုင်ဆိုင် ဘုရား ရင်ပြင်တော် ပေါ်မှာ အာကာလွင် ကို ကောင်မလေး တစ်ယောက် နှင့် လက်ချင်း တွဲလျက် တွေ့သည် ။ သမီး မြင် လျှင် စိတ်အနှောင့်အယှက် ဖြစ်မည် ထင်၍ မြင်ကွင်း ကွယ်ရန် သမီး ရှေ့မှာ ကျွန်တော် ပိတ် ရပ် လိုက်သည် ။

မျက်စိ လျှင် သော သမီး က မြင်ပြီး ဖြစ်နေသည် ။ ကျွန်တော် မမြင်မီ က ပင် တင်ကြို မြင်ခဲ့ပုံရသည် ။ သူစိမ်းတစ်ရံဆံ ကို ကြည့်သည့် ခံစားချက်မဲ့ အကြည့် ဖြင့် သာ အမှုမဲ့ အမှတ်မဲ့ တစ်ချက် ကြည့်သည် ။

သို့ရာတွင် စိုးရိမ်သောက ဖြင့် ဗျာများ သွားသော ကျွန်တော့် ကို ကြည့်၍ သမီး က ပြုံးသည် ။

သမီး ရဲ့ တည်ငြိမ်သော အကြည့် နှင့် အေးဆေးသော အပြုံး ကို မြင်ရသောအခါ ကျွန်တော် ရင်အေး သွား သည် ။ ကာလများစွာ ပျောက်ဆုံးခဲ့သော သမီး ရဲ့အကြည့် နှင့်အပြုံး .. ။ တစ်လောကလုံး မှာ ဖခင်မှ တစ်ပါး အခြား မရှိသည့် သမီး qရဲ့ အကြည့် နှင့် အပြုံး .. ။ လိုလားတောင့်တ စွာ ကြာရှည်ကြာမျော မျှော်လင့် စောင့်စားခဲ့ရတဲ့ သမီး ရဲ့ အကြည့် နှင့် အပြုံး …. ။

နှလုံးစိတ်ဝမ်း အေးချမ်း စေသည့် သမီး ရဲ့ အကြည့် နှင့် အပြုံး ကို ဟိုတုန်းက လိုပဲ ကျွန်တော် ပြန်ရပြီ ။

အရွှန်းမြဆုံး ၊ အတောက်ပဆုံး အပြုံး ဖြင့် သမီး ကို ကျွန်တော် ကျေနပ်စွာ တုံ့ပြန် ပြုံးပြ လိုက်ပါသည် ။

⎕ ဆွန်း ( စက်မှုတက္ကသိုလ် )

📖 ကလျာ မဂ္ဂဇင်း
     ၂၀၁၃ ၊ အောက်တိုဘာလ

#ကိုအောင်နိုင်ဦး

.