Showing posts with label တက္ကသိုလ်နန္ဒမိတ်. Show all posts
Showing posts with label တက္ကသိုလ်နန္ဒမိတ်. Show all posts

Friday, June 26, 2026

တောင်လေကို မိတ်ဆွေဖွဲ့ပါလို့


❝ တောင်လေကို မိတ်ဆွေဖွဲ့ပါလို့ ❞
      ( တက္ကသိုလ်နန္ဒမိတ် )

( ၁ )

သွေးသောက်ကြီး ကိုဒေဝသည် သူ့ ကိုယ်တွင် စလွယ်သိုင်းထားသော ငွေဓားကို ကွပ်ပျစ်ပေါ်သို့ စိတ်ပျက်လက်ပျက် ပစ်တင်လိုက်သည့် အတွက် မညီမညာ ကျိုးတိုးကျဲတဲ ထော်လော်ငေါက်လောက် ဖြစ်နေသော ဝါးကြမ်းပြင်နှင့် ထိရိုက်သောအသံသည် မိုးခေါ်ပွဲကို စူးစိုက်နေကြသော တပ်သား များအား အလန့်တကြား နောက်သို့ ပြန်လှည့်ကြည့်အောင် ပြုလိုက်သကဲ့သို့ ဖြစ်သွားလေသည် ။

ဇလွန်တောင် ဘုရားရှေ့တွင် ဖားထီး ဖားမပွဲ လုပ်၍ မိုးခေါ်နေကြသော ထားဝယ်သူ ထားဝယ်သားများကား သွေးသောက်ကြီး ကိုဒေဝ၏ စိတ်ပျက်လက်ပျက်အမူအရာကို သတိပြုမိကြမည် မဟုတ်ချေ ။ ထို့ကြောင့်လည်း ...

မိုးမဝါဘဲ ကြာလေပြီ ၊ မိုးကီးလေကီး လာလေပြီ ၊ မိုးမိုး ဝါလိုက်ပါတော့ မိုး ... ။

ဟူသော မိုးခေါ်ဒိန်းသံမှာ ဇလွန်တောင်ဘုရား တစ်ဝိုက်တွင် ပဲ့တင်ထပ်လျက် ရှိနေဆဲပင်ဖြစ်၏ ။

“ အီမိုးခေါန် မြောင်းထောင်ရအောင်မိုး ... မိုး ... ဝါလိုက် ပါတော့ မိုး ... ”

ထားဝယ်သို့ ရောက်သည်မှာ အတန်ကြာပြီ ဖြစ်၍ ‘ အီမိုးခေါန်  ’ ဆိုသည်မှာ အိမ်မိုးခေါင်ကို လည်းကောင်း ၊ ‘ မြောင်း ’ ဆိုသည်မှာ မြှုံးကို လည်းကောင်း ၊ ‘ ဝါလိုက်ပါ ’  ဆိုသည်မှာ ရွာလိုက်ပါဟု ဆိုသည်ကို လည်းကောင်း နားလည်နေ၏ ။

ထားဝယ်သူ ထားဝယ်သားများက အိမ်မိုးခေါင်တွင် မြှုံးထောင်ရ လောက်အောင် မိုးရွာလိုက်ပါဟု မိုးခေါ်ပွဲ ပြုလုပ်နေကြသော်လည်း မိုးကား ရွာမည် ဝေးစွ ၊ မိုးရိပ်လေရိပ်ကိုပင် မမြင်ရ ။

ထို့ကြောင့်ပင် သွေးသောက်ကြီး ကိုဒေဝသည် သူ့ ကိုယ်တွင် သိုင်းထားသော ငွေဓားလွယ်ကို ဝါးကွပ်ပျစ်ပေါ်သို့ စိတ်ပျက်လက်ပျက် ပစ်ချလိုက်မိခြင်းဖြစ်၏ ။

ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဟူသော စကား ရှိသော်လည်း ယခုအချိန်ထိ ထားဝယ် ဘက်တွင် မိုးတစ်ပေါက်မျှ မရွာသေးခြင်းမှာ သွေးသောက်ကြီး ကိုဒေဝ အတွက်သာမက ဘိုးတော်ဘုရား၏ အမိန့်တော်ကို ဦးထိပ်ရွက်တင် ပန်ဆင်၍ လာခဲ့ရသော ကိုဒေဝ၏ အရှင်သခင် မင်းကြီးမင်းကျော်ခေါင် အတွက်ပါ အသက်ဘေးနှင့် နီးလှသော အကြောင်းအရာ တစ်ရပ် ဖြစ်လျက် ရှိနေလေသည် ။

နှစ်စဉ်နှစ်တိုင်း မိုးကောင်းခဲ့သော ထားဝယ်နယ်ဘက်တွင် ယခုနှစ် အဖို့ ဝါဆိုလသို့ တိုင်ခဲ့ပြီ ဖြစ်သော်လည်း မိုးက တစ်ပေါက်မျှ မရွာသေးသည့်အတွက် တောင်သူလယ်လုပ် ဓားမခုတ်တို့မှာ လာမည့်နှစ် အတွက် စပါး အထွက်ကို မမျှော်မှန်းရဲအောင် ရှိနေကြသလို တပ်မတော်သားပေါင်း နှစ်သိန်းကျော် သုံးသိန်းခန့် ပါဝင်မည့် ဘိုးတော်မင်းတရား၏ တပ်တောင် တာ ဗိုလ်ထု အဖို့ မည်ကဲ့သို့ ရိက္ခာစုရမည်ကို မကြံတတ်အောင် ဖြစ်နေသော မင်းကြီး မင်းကျော်ခေါင်နှင့် သွေးသောက်ကြီး ကိုဒေဝတို့ အတွက်လည်း ရတက်မအေးအောင် ဖြစ်နေကြရရှာသည် ။

ဘဝရှင် ဘိုးတော်မင်းတရားကြီးသည် ယခုနှစ် မိုးအကုန်တွင် နိုင်ငံခြား မင်းတစ်ပါးနှင့် စစ်ကစားရန်အတွက် အလုံးအရင်းနှင့် ချီလာပေတော့မည် ။ ထိုအချိန်တွင် ယခုလို မိုးခေါင်နေပုံနှင့် မည်ကဲ့သို့ မျိုးရိက္ခာ လုံလောက်အောင် ဆောင်ရွက်နိုင်ပါမည်နည်း ။

ထားဝယ်သူ ထားဝယ်သားများသည် မိုးခေါင်လှသည့် အတွက် ဖားထီး ဖားမပွဲဖြင့် မိုးခေါ်လျက်ရှိကြသည် ။

ဖားထီးသဏ္ဌာန် ဆောင်ထားသော ယောက်ျားနှင့် ဖားမသဏ္ဌာန် ဆောင်ထားသော မိန်းမတို့သည် ဇလွန်တောင်ဘုရားရှေ့တွင် ရှစ်ပါးသီလ ခံယူကြသည် ။ ပြီးလျှင် ဘုရားလောင်း နုစဉ်အခါက ငါးရံ့မင်းဘဝနှင့် ကျင်လည်ကျက်စားခဲ့ဖူးသည်ဟု ရှေးလူကြီးများ ပြောခဲ့သော ငါးရံ့မင်းအိုင်တွင် ဖားထီး ဖားမတို့ ရေကစားဟန် ပြုကြသည် ။ ထိုသို့ ကစားနေစဉ် မိုး .. မိုး ... ဝါလိုက်ပါမိုး ဟူသော အသံများက ဇလွန်တောင်ဘုရား တစ်ဝိုက်တွင် ပဲ့တင်ထပ်နေသည် ။ ဖားထီး ဖားမ ပွဲတော်သို့ တက်ရောက်လာသူ ပရိသတ် အပေါင်းသည် ငါးရံ့မင်းအိုင်မှ ရေများကို ဝါးကျည်တောက်ဖြင့် သယ်ကာ ဇလွန်ရှင်ပင်ဘုရားတွင် ရေသွန်းလောင်းကြရင်း မိုးရွာအောင် ဆုတောင်းကြ သည် ။

သို့သော် မိုးကား မရွာ .. ။

ယခင် မိုးခေါင်သည့်နှစ်များက ဆိုလျှင် ဤသို့ ဖားထီး ဖားမပွဲဖြင့် မိုး ခေါ်လိုက်ပြီဆိုလျှင် ခြုံသင်းဒိုင်းဆောင်သည့် မိုးနတ်မောင်သည် ဟန်ဆောင်၍ မနေသာတော့ဘဲ မိုးဖြူပုလဲများကို ပန်းဆိုင်းဆွဲသကဲ့သို့ ရွာချတတ်သည် ဟု ဆိုခဲ့ကြသည် ။

သို့သော် ယခုနှစ်တွင်ကား မိုး ... မိုး ... ဝါလိုက်ပါမိုးဟု မည်မျှပင် ကြိုးစား၍ ရွတ်ဆို တောင်းပန်ကြသော်လည်း တောင်လေသာ သဲ့သဲ့ လာပြီး မိုးကား တစ်ပေါက်မျှ မရွာခဲ့ ။

ထို့ကြောင့်ပင် သွေးသောက်ကြီး ကိုဒေဝသည် ငွေဓားလွယ်ကို ကွပ်ပျစ်ပေါ်သို့ စိတ်ပျက်လက်ပျက် ပစ်တင်လိုက်ခြင်းပင် ဖြစ်လေသည် ။

••••• ••••• •••••

( ၂ )

ဇလွန်တောင်ဘုရား တစ်ဝိုက်မှ ပရိသတ်သည် တဖြည်းဖြည်း စဲ၍စဲ၍ သွား၏ ။

သွေးသောက်ကြီး ကိုဒေဝသည် တဖြည်းဖြည်း ဝေး၍ဝေး၍သွားသော ပရိသတ်ကို ကြည့်ကာ မိမိ အရှင်သခင် မင်းကြီး မင်းကျော်ခေါင်၏ ဘဝ သက်တမ်းသည်လည်း ကံအတိုင်းဆိုပါက လူ့ပြည်လောကနှင့် ဝေး၍ဝေး၍ သွားစရာရှိသည်ကို စဉ်းစားနေမိသည် ။

ယခု ဝါဆိုလ ရောက်နေသည့် တိုင်အောင် မိုးတစ်ပေါက်မျှမရွာသေး ။

တန်ဆောင်မုန်း ၊ နတ်တော်တွင် မည်ကဲ့သို့ မျိုးရိက္ခာ ရရှိနိုင်ပါမည်နည်း ။

“ ဆဒ္ဒန်ဆင်မင်း နေတဲ့တော ၊ ရွှေလွန်ချောတဲ့ ပေါလှတယ် ။ ညည်းတို့မောင် လွန်ခုတ်သွား တားလိုက်ကြပါ အေတို့ရယ် ... အားငယ်လှပါတယ်လေ့ ”

တပ်သားတစ်ယောက်သည် ခပ်လှမ်းလှမ်းရှိ သစ်မြစ်ဆုံတစ်ခုပေါ် တွင် ထိုင်ကာ မြေကြီးကို ဝါးချွန် တစ်ခုဖြင့် ထိုးဆွရင်း ရွှေဘိုဘက်တွင် လွန်ဆွဲရာ၍ လွန်ခုတ်သွားဟန် ဆိုလေ့ ရှိသော သီချင်း တစ်ပိုင်းတစ်စကို ခပ်တိုးတိုး ညည်းလိုက်၏ ။

ကိုဒေဝ၏ စိတ်အစဉ်သည် ထားဝယ်ရှိ ဇလွန်ရှင်ပင်ဘုရားခြေရင်းမှ နေ၍ မိမိ၏ မွေးရာဇာတိ ရွှေဘိုတောကျေး ဆီသို့ ပျံ့လွင့် ပျံထွက်သွားလေသည် ။

“ လူမနီးတဲ့ မြိုင်ကြီးလယ် ၊ တဝဲလည်လည် ကျောက်စီဓားနဲ့ မင်း လွန်ခုတ်သွား .. ။ လွန်ခုတ်ရပြန် ၊ မိလ္လာရောင် ဖန်ခွက် နှင့် တစ်ဝက်ကို မျိုလိုက်စမ်းပါ့ - သေလုအောင်ပန်း .. ”

လွန်ဆွဲရာ၌ အသုံးပြုရန် လွန်ကြိုးအတွက် တောသို့ တက်၍ လွန်ကြိုး ရှာဖွေ ခုတ်ထစ်ရပုံကို မြင်နေမိသည် ။

“ ရွှေနန်းတော် အနောက်နားက ၊ ပျိုကစားတဲ့ လွန်တံရှည် ၊ သုံးပတ်ရစ်ခွေလေ့ ... ။ လွန်တံရှည်နိုင်ပါစေတော့ ၊ ပန်းသပြေ ညောင်ရည်လောင်းမယ် ၊ မိုးရွာဆုတောင်း ... ”

ရွှေဘိုဘက်တွင် လွန်မဆွဲမီ အစီအစဉ် ပြုလုပ်ရာ၌ သဘောဖြူ မနောကျူသည့် တောသူ အလှတို့ သီဆိုလေ့ရှိသော သီချင်းပါတကား …. ။ ယခု ထားဝယ်သူများ မိုးမိုး ဝါပါ့မိုး ဟု ဆိုသကဲ့သို့ ရွှေဘိုသူတို့သည်လည်း မိုးကို တောင့်တကြရသည်သာ ... ။

“ မိုးရေတိမ်တောင် လျှပ်ရောင်ပြေး ၊ ပျိုလေးစက်လို့ ပျော်နိုင်ပေါင် ၊ အိုးစည်ထောင် တင်ကာပြ နားသ၍ထောင်လေ့ ။ ရွှေလွန်ပွဲကြီး လမ်းမှာခင်းလို့ ၊ ခန်းသာတွင်းက နေမပျော် ၊ အိုးစည်က ဆော်လေ့ ... ၊ ရွှေအိုးစည်တော် - တော်တော်ဆော်ပါ့ ၊ ငွေအိုးစည်တော် - တော်တော်ဆော်ပါ့ ၊ ပျိုလေးတွေ ကိုးတာကျအောင် ဆွဲပါ့မယ်လေး …. ။  ။ ”

မိုးရွာမှ ပျိုးသန် ပျိုးသန်မှ ငွေလျှံမည်ကို သိသော တောသူလုံမပျိုများသည် ယောက်ျားများနှင့် တန်းတူ လွန်ဆွဲပွဲတွင် ဝင်၍ ကြဲကြသည် ။

“ ညနေတိုင် ပျိုကိုင်တဲ့ ရွှေလွန်တုံးကို ၊ ဖဲပုဝါဖုံး ။   ။ ဇမ္ဗူဒီပ မင်းလောင်းစင် ၊ ပျိုလေးငင်တဲ့ လွန်အောင်ပန်းကိုဆွဲ မယ်လို့တန်း ။  ။ ရွှေလွန်းညို အောင်ပန်းနှင့် ၊ တန်းမိပြီနော် မိရဲ - စိစိကိုင်လေ့ ၊ နိုင်နေကျ ရပ်ကြီးသူရဲ့ ၊ ဟန်ယူကာ မြေသနင်း ကို ၊ သိုင်းကွက်ကျနင်း ။ ”

မြေကြီးကို သိုင်းကွက်ကျအောင် နင်းပြီး တစ်ဖက်နှင့် တစ်ဖက် ဆွဲကြပုံမှာ ပျော်စရာ ကောင်းလှသည် ။ လွန်ဆွဲနေစဉ်တွင်လည်း ...

“ လမ်းသာယာမြေနုလို့ ၊ ပါလုပြီရွှေလွန်ကဲရယ် ယိမ်းဆို လို့ဆွဲ ။  ။ ပျိုလေးတွေ လက်နာလှ လဲလှည့်ပါ့ မောင်တော် သခင် ၊ ပုံပန်းလို့ရင် ၊ စကားဝါခုနစ်ငုံ လွန်ဦးမှာပုံ ၊ ခုနစ်ငုံက ပွင့်လိုက်တော့ ၊ မြင့်လိုက်တဲ့ ဝတိံသာက ရွာလိုက်ပါမိုး ”

မယ်က လက်နာသဖြင့် မောင်က ဝင်၍ ကူရပုံ ၊ မောင်က မောနေသဖြင့် မယ်က မောင်နှင့်အတူ ဝင်ကူရပုံကို မြင်ယောင်နေမိသည် ။

လွန်ပွဲအပြီးတွင် ရှုံးသူကို နိုင်သူက ဤသို့ မခံချင်အောင် ခနဲ့ကြ ကျီစယ်တတ်ကြပြန်သည် ။

“ ရွှေလွန်ကြိုး တန်တန်ရှုံးလို့ ၊ အသုံးမကျလူတစ်တွေ ၊ အားနာလှတယ်လေ့ ။  ။ မရှက်ပလေ ၊ သက်ဝေတဲ့ညာဘွား ၊ လိပ်ဖြစ်ရင် ဒီဘဝမှာ ခေါင်းထွက်ပလား ... ”

သွေးသောက်ကြီးကိုဒေဝသည် မိမိအား လက်ညှိုးကလေး ငေါက် ငေါက်ထိုးကာ “ မရှက်ပလေ ၊ သက်ဝေတဲ့ ညာဘွား ၊ လိပ်ဖြစ်ရင် ဒီဘဝမှာ ခေါင်းထွက်ပလား ” ဟု ခနဲ့လိုက်သော လုံမပျို၏ အဆင်းသဏ္ဌာန်ကို မြင်နေရသည် ။ မိမိမှာမူ လက်ဝါးနှစ်ဖက်လုံး အသားနီလန်အောင် ခံလိုက်ရသည့် ကြားထဲမှ လုံမပျို၏ ရူပါကြောင့် နာသည်ကိုပင် နာမှန်း မသိအောင် ဖြစ်ခဲ့ရပုံကို သတိရနေသည် ။ သတိရမည် ဆိုရင်လည်း ရလောက်ပါပေသည် ။ အဘယ့်ကြောင့်ဆိုသော် ထိုလွန်ဆွဲပွဲမှ စ၍ မိမိနှင့် လုံမပျိုတို့သည် သမီးရည်းစား ဖြစ်ခဲ့ကြရသည် မဟုတ်ပါလား ။

ယခုကား ချစ်စခင်စ ကြင်နာစ အိမ်သူသက်ထား အဖြစ်သို့ မကြာမီကမှ ရောက်ရှိခဲ့သော လုံမကို ခွဲခွာကာ “ စစ်ညောင်းချီကာ ၊ မင်းရေးရာကြောင့် ” ဤ ထားဝယ်ဘက်သို့ ရောက်နေခဲ့ရပေသည် ။ မည်သည့်အခါမှ ချစ်သက်လျာ ထံပါးသို့ ခစားရန် ရောက်ရပါမည်နည်း ။

ကိုဒေဝသည် ဇလွန်ရှင်ပင်ဘုရားကို ဦးချရန်ပင် သတိမရဘဲ ဓားကို လက်ကဆွဲကာ တောင်အောက် မိမိ စခန်းချရာ တဲဆီသို့ ခေါင်းငိုက်စိုက်နှင့် ဆင်းလာခဲ့လေသည် ။

••••• ••••• •••••

( ၃ )

ဘဝရှင် ဘိုးတော်မင်းတရားကြီး အမရပူရမြို့တော်မှ ၁၁၄၇ - ခု ၊ တန်ဆောင်မုန်းလဆန်း ၁၀ - ရက် ၊ သောကြာနေ့တွင် ချီတက်လာပြီဟူသော သတင်းကို ကိုဒေဝတို့ လူစု ကြားသိလိုက်ရသည်နှင့် တစ်ပြိုင်နက် မိမိတို့ အရှင်သခင် ဖြစ်သော မင်းကြီးမင်းကျော်ခေါင် အတွက် ရတက်မအေးနိုင်အောင် ဖြစ်ကြရသည် ။

မိုးဦးနှောင်းကာ မိုးလယ်ပါ ဟုတ်တိပတ်တိ မရွာခဲ့သောကြောင့် စားရေ ရိက္ခာ ရှားပါးလျက် ရှိသည်ကို သိနေသော ကိုဒေဝက မိမိ၏ အရှင်မင်းကြီး မင်းကျော်ခေါင်သည် မည်သို့မျှ ဘဝရှင်မင်းတရားကြီး၏ အလိုတော်ကို ဖြည့်စွမ်းရန် တတ်နိုင်မည်မဟုတ်သည်ကို မြင်ပြီးသား ဖြစ်နေသည် ။

ဘဝရှင်မင်းတရားကြီးသည် ကိုဒေဝ အပါအဝင် မင်းကြီးမင်းကျော်ခေါင် ကြီးမှူးသော စစ်သည်သူရဲ တစ်သောင်း ပါရှိသော တပ်ကို လွန်ခဲ့သော လေးငါးလကပင် စားရေရိက္ခာ ဖြည့်တင်းရန် ထားဝယ်ကြောင်း ချီတက်စေခဲ့သည် ။ ယခုမူ မင်းတရားကြီး ကိုယ်တို င်ကွပ်ကဲသော တပ်မတော်ကြီး ချီတက် လာပေပြီ ။

နတ်တော်လပြည့်ကျော် ၄ - ရက်နေ့တွင် မင်းတရာကြီးကိုယ်တိုင် ကွပ်ကဲသော တပ်မတော်ကြီး မုတ္တမသို့ ဆိုက်ရောက်တော်မူပြီ ဆိုသော သတင်းကို ကြားရသည် ။

ထို့နောက်တွင် မြိတ်ဘက်သို့ ရောက်ရှိနေသော မင်းကြီးမင်းကျော်ခေါင်အား ရိက္ခာ မပြည့်စုံသည့်အတွက် အကျဉ်းဖြင့် ရှေ့တော်သို့ ခေါ်တော်မူသည်ဟူသော သတင်းကို ထပ်မံကြားသိရသည် ။ နောက်ဆုံး ကြားသိရသော သတင်းကား မင်းကြီးမင်းကျော်ခေါင် ကို စစ်မက်အရေး အကြောင်းတွင် တာဝန်ဝတ္တရား အကြီးအကျယ် လစ်ဟင်းမှုနှင့် ချုံးချုံးချစခန်းတွင် ကွပ်မျက်လိုက်ပြီ ဟူသော သတင်းပင် ဖြစ်လေသည် ။

ဤသတင်းကို ကြားသိလိုက်ရသော ကိုဒေဝတို့ သွေးသောက်အကြပ် တပ်သားများမှာ မိမိတို့ အရှင်သခင်အတွက် ရင်ထုမနာ ဖြစ်ကြရသည် ။ နှောင်းခဲ့သော မိုးဦးကိုပင် အပြစ်ဆိုရမည်လော ၊ လူနှစ်သိန်းကျော် သုံးသိန်းမျှဖြင့် အမရပူရ မှ နေ၍ တစ်ပါးနိုင်ငံသို့ အရောက် ချီတက်တိုက်ခိုက် လိုသော ရှင်ဘုရင် ကိုပင် အပြစ်ဆိုရမည်လော ၊ မင်းကြီးမင်းကျော်ခေါင်၏ ကံကြမ္မာကိုပင် ယိုးမယ်ဖွဲ့ရမည်လော ၊ မပြောတတ်အောင် ရှိနေကြသည် ။

သွေးသောက်ကြီး ကိုဒေဝသည် တဲအတွင်းတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေရာမှ ဘုရင့်တပ်မတော်ကြီး စခန်းချထားရာဒေသမှ ရောက်ရှိ လာသော ရောင်းရင်းတစ်ဦးထံသို့ ရှေ့ဆက်လက် ချီတက်မည့်အစီအစဉ်ကို ကြားသိလိုသဖြင့် ထွက်လာခဲ့ပေသည် ။

“ မင်းတရားကြီးကတော့ ရိက္ခာ အခက်အခဲနဲ့ ကြံကြိုက်ပေမယ့် တပ်မတော်များကို စည်းကြပ်ကွပ်ကဲပြီး အတင်း ချီတက်ဖို့ အကြံအစည် ရှိတော်မူတယ် ရောင်းရင်းရဲ့ ၊ မင်းတရားကြီးရဲ့ အမျက်တော်ကို ကြောက်ကြသော ဗိုလ်မှူး ဗိုလ်ချုပ်တွေတောင် နေပြည်တော် ပြန်ဖို့ အရေး မလျှောက်တင်ဝံ့ကြဘူး ။ တပ်မှူးငယ်မျှသာ ဖြစ်တဲ့ ခေါ်သန္တီစား တစ်ယောက်သာ အကျိုးကြောင်းကို မျှော်ပြီး မသင့်ကြောင်းနဲ့ လျှောက်ထားတယ် ရောင်းရင်းရဲ့ ”

“ ခေါ်သန္တီစားရဲ့စကားကို မင်းတရားကြီး နှစ်သက်တော်မူပါရဲ့လား ”

သွေးသောက်ကြီး ကိုဒေဝက မျှော်လင့်ချက်ကြီးစွာဖြင့် မေးမြန်းမိသည် ။

“ နှစ်သက်တော့ နှစ်သက်တော်မူပါတယ် ရောင်းရင်း ၊ သို့သော်လည်းပဲ ရပ်ဆိုင်းမရှိ ချီတက်ရမယ်လို့ မိန့်တော်မူတယ် ”

“ ခေါ်သန္တီစား လျှောက်ထားပုံ ကြားစမ်းပါရစေ ရောင်းရင်းရဲ့ ။ ဒီလောက် အမျက်တော်ရှပြီး ချီတက်ဖို့အရေးကိုသာ စိတ်စောနေတဲ့ မင်းတရားကြီးကို ဘယ်လိုသဘောတော်နှစ်ခြိုက်အောင် လျှောက်ထားတယ် ဆိုတာ ကြားချင်လှလို့ပါ ”

“ ခေါ်သန္တီစား လျှောက်ထားပုံကတော့ ဒီလိုပါ ရောင်းရင်း ၊ စစ်တို့ သဘောသည် ဆောဆောလျင်လျင် လုပ်ကြံသင့်သည်ကို နှေးနှေးဖြည်းဖြည်း စီစဉ်သောကြောင့် အောင်ခြင်းသို့ မရောက်ရှိရာသည် ။ နှေးနှေးဖြည်းဖြည်း စီစဉ်သင့်သည်ကိုလည်း ဆောဆောလျင်လျင် စီစဉ်လေသောကြောင့် အောင်ခြင်းသို့ မရောက် ရှိရာသည် ။ ယင်းသို့ဖြစ်သောကြောင့် ယခု အိမ်နီးချင်း တစ်ပါးနိုင်ငံကို သိမ်းယူမည်ဟု မရေတွက်နိုင်သော အလုံးအရင်းနှင့် ဘဝရှင်မင်းတရားကြီးဘုရား ထားရိုက်ကြောင်း ချီတက်တော်မူသည် ။ ဇင်းမယ်ကြောင်း ၊ ရွာဟိုင်းကြောင်း ၊ ထားဝယ်ကြောင်း ၊ မြိတ်ကြောင်း များကလည်း စစ်ကြီးလေးကြောင်း ချီတက်သည်များကို မကြားမသိ ရှိမည် မဟုတ် ။ ယင်းသို့ တစ်ပါးမင်း ကြားသိလျှင်လည်း ဘဝရှင်မင်းတရားကြီး ဘုရား ချီတက်တော်မူသည့် ထားရိုက်ကြောင်းချီကို တစ်ပါးမင်းကိုယ်နှင့် တကွ စစ်အားကြီး ကြိုး၍ ခံချိမ့်မည် ။ ထားရိုက်ကြောင်း ချီတက်တော်မူမည့် စခန်း နှစ်ဆယ်လောက်မှာလည်း မျိုးရိက္ခာ ရရန် ယူရန် မြို့ရွာ အချက်အလက် မရှိချေ ။ ယင်းသို့ဖြစ်သောကြောင့် ထားရိုက်ကြောင်း ဆောဆော လျင်လျင် ချီတက်တော်မူသည်ရှိသော် တပ်မတော်နှင့်တကွ ရှေ့တပ် နောက်တပ် အလုံးအရင်း များလှသည် ။ အစားအစာလည်း ကိုယ်စီ ပခုံး ထက်ဝယ် ပါနိုင်သမျှသာ ဖြစ်ခြေသည် ။ မျိုးရိက္ခာ မထောက်မလှမ်းမီ ရှိလေ၍ ခရီးလမ်းတွင် မတက်နိုင် မဆုတ်နိုင် ၊ အရေးတော် ပျက်ခဲ့သော် ဇင်းမယ်ကြောင်း ၊ ရွာဟိုင်းကြောင်း ၊ ထားဝယ်ကြောင်း ၊ မြိတ်ကြောင်း ချီလေသော စစ်လေးကြောင်းသည်လည်း ပျက်ချိမ့်မည် ။ ဘဝရှင်မင်းတရား ကြီး ချီတော်သည့် ထားရိုက်ကြောင်းက ကြံ့ခိုင်ပါမှ ခွဲ၍ချီစေသော စစ်လေးကြောင်းလည်း ချီတက်ပေါက်ရောက်နိုင်ချိမ့်မည် ။ သို့ဖြစ်၍ ဘဝရှင် မင်းတရားကြီး မုတ္တမမြို့က အခိုက်အတန့် ရပ်နေစီရင်တော်မူသည်ရှိသော် တစ်ပါးမင်း ထားရိုက်ကြောင်းက အလုံးအရင်းခွဲ၍ ခွာဝံ့မည် မဟုတ် ။ ယင်းသို့ ခံနေလျှင် ဇင်းမယ် ၊ ရွာဟိုင်း ၊ ထားဝယ် ၊ မြိတ်ကြောင်းချီစေသည့် စစ်လေးကြောင်း မြို့ရွာ အဆက်မပြတ် မျိုးရိက္ခာ ရသာသည်နှင့် ကွန့်ကွန့်လွန့်လွန့် တစ်ပါးမင်းရဲ့ မြို့ရင်းတိုင်ပေါက်မည် မချွတ် ။ ယင်းကာလတွင် ထားရိုက်ကြောင်းကလည်း မျိုးရိက္ခာ အပြည့်အဝ စုပုံမိသည်နှင့် ဘဝရှင် မင်းတရားကြီး ကိုယ်တော်တိုင် နှစ်စခန်းကို တစ်စခန်းပြု၍ အမြန်ချီ တော်မူရသော် မင်းနှင့် တကွ မြို့အလုံးကို အလိုတော်ပြည့်ပါမည်ဘုရားလို့ လျှောက်တင်ထားတယ် ရောင်းရင်းရဲ့ ”

“ အင်း … သည်လျှောက်ထားချက်ဟာဖြင့် ချီးကျူးစရာပေပဲ ။ သို့သော်လည်း မင်းတရားကြီးကိုယ်တော်တိုင်က အရပ်အနေမရှိရ ၊ အတင်း ချီတက်ရမယ်လို့ မိန့်တော်မူထားတော့လည်း အခက်သားကလား ရောင်းရင်းရယ် ။ ကဲ .. ကဲ ... ရောင်းရင်းလည်း ခရီးပန်းလှရော့မယ် ၊ အညောင်းအညာ ဖြေပေဦးတော့ ”

သွေးသောက်ကြီး ကိုဒေဝသည် မြန်မာတပ်များ ရှေ့တွင် ရင်ဆိုင်ရမည့် အခက်အခဲများကို တွေးရင်း မိမိ တဲစခန်းသို့ ပြန်လာခဲ့လေသည် ။ တဲစခန်းသို့ ရောက်၍ ခဏကြာလျှင်ပင် မနက်အရုဏ်တက်တွင် ရှေ့သို့ ဆက်လက်၍ ချီတက်မည် ဟူသော အမိန့်တော် ရောက်ရှိလာသဖြင့် ပြင်ဆင်သင့်သည်ကို ပြင်ဆင်ထားကြရန် မိမိ ဆိုင်ရာ တပ်သားများအား ထပ်ဆင့် အမိန့်ထုတ်လိုက်ရလေသည် ။

••••• ••••• •••••

( ၄ )

ကမ္ဗူရီတွင် တိုက်ခိုက်ရသော မြန်မာတပ်များသည် မျိုးရိက္ခာ ပြတ်လပ်ငတ်မွတ်သောကြောင့် သစ်ဥသစ်မြစ်များကို စားသောက်နေကြရလေသည် ။

ထိုသတင်းကို ကြားသိရသည့်အတွက် သွေးသောက်ကြီး ကိုဒေဝ အပါအဝင် လူ ၅ဝဝ ပါသော တပ်တစ်တပ်သည် ဆင်အစီး ၆ဝ ဖြင့် မျိုးရိက္ခာများ ထောက်ရန် ထွက်လာခဲ့ကြသည် ။

လမ်းခရီးက ကြမ်းတမ်းသည့် အထဲတွင် တစ်ဖက်မှ ခုခံနေသော တစ်ပါး မင်း၏ တပ်သားတို့ ရန်ကလည်း ရှိနေသောကြောင့် သတိကြီးစွာ ထား၍ ချီတက်ခဲ့ရသည် ။

ကိုဒေဝသည် ရှေ့မှ တရွေ့ရွေ့ ချီတက်လျက်ရှိသော ရဲမက်တော်များကို ကြည့်ရင်း စဉ်းစားခန်း ဝင်နေမိသည် ။

ဘဝရှင် ဖြစ်သော ဘိုးတော်ဘုရားသည် အိမ်နီးနားချင်းဖြစ်သော နိုင်ငံကို ချီတက်တိုက်ခိုက်ခြင်းထက် မိမိ၏ မြန်မာနိုင်ငံတော်အား အဘက်ဘက်မှ နေ၍ တိုက်ခိုက်သိမ်းပိုက်ရန် ကြံရွယ်နေသော မျက်နှာဖြူ အင်္ဂလိပ်တို့၏ ရန်ကို ကာကွယ်ရန်အတွက် ထိုအိမ်နီးချင်း မင်းနှင့် မဟာမိတ်ပြုရသော် မကောင်းပါသလော ။

အိမ်နီးချင်း နိုင်ငံကို ချီတက်တိုက်ခိုက်ရန် အတွက် အသုံးပြုသော စစ်သည်ရဲမက် နှစ်သိန်းကျော် သုံးသိန်းတို့၏ အင်အားကို မြန်မာပြည်အား ရန်သတ္တရုပြုရန် ကြံရွယ်နေသော ရန်သူအား တိုက်ခိုက်ဖြိုခွင်းရန် အသုံးပြုသော် မည်မျှ ကောင်းပါမည်နည်း ။

ဤစစ်သည်အင်အား နှစ်သိန်းကျော် သုံးသိန်းတို့၏ အင်အားဖြင့် ဆည်မြောင်းကြီးများကို ဆည်ဖို့လိုက်ရလျှင် ၊ ရေကန်ကြီးများကို တူးဖော်လိုက်ရလျှင် ၊ စပါး , ပဲ , ပြောင်းများကို စိုက်ပျိုးလိုက်ရလျှင် ၊ ခိုးသား , ဓားပြ , တန္တ , မုဒိမ်း တို့၏ ရန်ကို နှိမ်နင်းလိုက်ရလျှင် မည်မျှ တိုင်းပြည်အတွက် အကျိုးသက်ရောက်ပါမည်နည်း ။

ကိုဒေဝ စဉ်းစားခန်း ဝင်၍ ကောင်းနေစဉ်မှာပင် လမ်းဘေး တောအုပ် နှစ်ဖက်မှ နေ၍ ပစ်ခတ်လိုက်သော သေနတ်မီးပေါက်တို့၏ နားကွဲမတတ် အသံကို ကြားလိုက်ရလေသည် ။

ကိုဒေဝတို့၏ ရိက္ခာထောက်တပ်ကား တစ်ပါးမင်း တပ်သားများ၏ တောပုန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရပေပြီတကား ။

ဆင်အစီး ၆ဝ - နှင့် မျိုးရိက္ခာတို့သည် တစ်ပါးမင်း၏ တပ်သားများ လက်တွင်းသို့ ရောက်ရှိသွားပြီးလျှင် လူ ၅၀၀ - ပါလာသည့်အနက် ကိုဒေဝ နှင့် လေးငါးဆယ်ယောက်ခန့်သာ တပ်ရင်းသို့ ပြန်၍ ရောက်လာနိုင်ခဲ့ကြပြီးလျှင် ကျန်လူများမှာ သုံ့ပန်းများဘဝသို့ ရောက်သူ ရောက် ၊ သေသူ သေ ဖြစ်သွားခဲ့ကြရသည် ။

ဤသို့ဖြင့် ဗိုလ်မှူး တပ်မှူးမှ အစ ရဲမက်တော်သားများပါ ရိက္ခာ ပြတ်လပ်သဖြင့် သစ်မြစ် သစ်ဥကိုပင် ရှာဖွေမရနိုင်၍ မြင်းကတောင် ၊ လွှား ၊ မောက်တိုများမှ ခွာယူရသော သားရေပြားများကို ပြုတ်၍ စားရသော ဘဝသို့ ရောက်ကြရသည် ။

ဤတွင်မှ မင်းတရားကြီး သိ၍ ရံတပ်တော်များနှင့် တပ်မတော်ကို စစ်ဆေးစေရာ ၎င်းတို့တွင်လည်း ရိက္ခာစွံ့ရှားကြောင်း တွေ့ရတော့သည် ။ ဤသို့ တပ်မတော်နှင့်တကွ ရံတပ်သားများတွင်ပင် ရိက္ခာ မရှိ ဖြစ်နေလျှင် ရှေ့ချီ တပ်များမှာ ပို၍ ဆိုးရန်သာရှိသောကြောင့် နေပြည်တော် အမရပူရ မှ အကြီးအကျယ်စီစဉ်လာခဲ့သော လူနှစ်သိန်းကျော် ပါရှိသည့် တပ်ကြီးကို ရုပ်သိမ်းရန် အမိန့်ထုတ်ဆင့်လိုက်ရလေသည် ။

ကိုဒေဝမှာ တပ်ကြီးများကို ပြန်လည်ရုပ်သိမ်းရန် အမိန့်ပေါ်ထွက်လာသည့်အတွက် အထူးပင် ဝမ်းမြောက်ဝမ်းသာဖြစ်မိသည် ။

ချစ်သူခင်သူ ကြင်သူသက်ထားနှင့် ပြန်လည် တွေ့ဆုံရမည့်အတွက် ကာမဘုံသားတစ်ယောက် ပီပီ ဝမ်းသာမိသည်မှာ မှန်ပါ၏ ။ သို့သော် အိမ်နီးချင်းနိုင်ငံနှင့် မြန်မာတို့သည် အကြီးအကျယ် စစ်ပွဲကြီး မဆင်နွဲခဲ့ရသည့် အတွက် ရှေ့အဖို့တွင် နှစ်ပြည်တစ်ပြည် ရွှေလမ်းငွေလမ်း ဖောက်၍ ကျရောက်လာမည့် နိုင်ငံခြားအန္တရာယ်ကို ပူးပေါင်းကာကွယ်နိုင်ရန် မျှော်လင့်ချက် များစွာ ရှိသည့်အတွက် ပို၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိခြင်းပင် ဖြစ်လေသည် ။

ထို့ကြောင့်ပင် ကိုဒေဝသည် တပ်မှူး ဖြစ်သူက မိမိအား ထားဝယ် ကြောင်းချီမှ မြန်မာစစ်သည်တော်များ နေပြည်တော် အမရပူရ သို့ ပြန်လည် ရောက်သည့် အချိန်ထိ ထားဝယ်တွင် ဆောင်ရွက်ရန် ကိစ္စများကို ဆက်လက် ထမ်းဆောင်ရန် တပ်ချန်၍ ကျန်ရစ်ခဲ့ရဦးမည်ဟု အမိန့်ချမှတ်လိုက်သည်ကို ဝမ်းသာစွာလက်ခံခဲ့လေသည် ။

••••• ••••• •••••

( ၅ )

“ ရွှေနန်းတော် အနောက်နားက ၊ ပျိုကစားတဲ့ လွန်တံရှည် ၊ သုံးပတ်ရစ်ခွေလေ့ ... ။ လွန်တံရှည် နိုင်ပါစေတော့ ၊ ပန်းသပြေ ညောင်ရေလောင်းမယ် ၊ မိုးရွာဆုတောင်း ”

တောင်လေမြူးသည့် တန်ခူးလ၏ ကောင်းကင်ပြင်ကို မော့ကြည့်ရင်း ကိုဒေဝ၏ စိတ်ထဲမှ တိုးတိုးကလေး ရွတ်ဆိုလိုက်သည် ။

လွန်ဆွဲပွဲတွင် မိမိအား လက်ညှိုးငေါက်ငေါက် ထိုးကာ “ မရှက်ပလေ ၊ သက်ဝေတဲ့ ညာဘွား ။ လိပ်ဖြစ်ရင် ဒီဘဝမှာ ခေါင်းထွက်ပလား ” ဟု ခနဲ့ခဲ့သော ချစ်သော လုံမနှင့် ဆုံရပေတော့မည် ။

ယခင် ဝါဆိုလ မတိုင်မီက မိမိ အရှင်သခင်မင်းကြီး မင်းကျော်ခေါင် နှင့် ပင်လယ်ကြောင်းချီ၍ ထားဝယ်သို့ ချီတက်ခဲ့ရသလို ယခုလည်း ပင်လယ်ကြောင်းများဖြင့်ပင် တပ်ခေါက်၍ ပြန်ရပေတော့မည် ။

သို့သော် ယခု တပ်ခေါက်၍ အပြန်တွင်ကား မင်းကြီးမင်းကျော်ခေါင်မှာ ချုံးချုံးချစခန်းတွင် ခေါင်းချ၍ ကျန်ရစ်ခဲ့ရသဖြင့် မိမိတို့နှင့် အတူ ပါမလာနိုင်တော့ပေ ။

ကိုဒေဝသည် လင်းယဉ်ဖွေးဖွေးနှင့် အေးဆေးစွာ ကမ်းမှခွာလာသော လှေကြီးပေါ်မှ နေ၍ ထားဝယ်မြို့ကို ဝမ်းနည်းဝမ်းသာ မျှော်ငေး၍ ကြည့်နေမိသည် ။

ထိုစဉ်တွင် ပဲ့ချောင်မှ နေ၍ “ တောင်လေကို မိတ်ဆွေဖွဲ့ပါလို့ ၊ ကုက္ကလံ မြောက်ကို လှည့်ကာမှ ၊ ပြန်ခဲ့မယ် ရွှေညာသူရဲ့ - ငွေရှာသူ အသွား ” ဟူသော သီချင်းသံက ဆွဲဆွဲငင်ငင် ပေါ်ထွက်လာသည် ။

ကိုဒေဝသည် သူ့ကိုယ်မှ ငွေဓားလွယ်ကို ဖြုတ်ပြီး လှေပေါင်းမိုးတွင် ချိတ်လိုက်ကာ လှေဦးပိုင်းသို့ လျှောက်လာခဲ့၏ ။

ရှေ့တွင် မြင်နေရသော ရေပြင်ကျယ်ကြီးသည် ဆည်မြောင်းကြီးများ ၊ ရေကန်ကြီးများ ၊ လယ်ကွင်းပြင်ကြီးများ ၊ သစ်တောကြီးများ အဖြစ်သို့ ရောက်ပြီးလျှင် သူ စီးနင်းလိုက်ပါလာသော လင်းယဉ်ဖွေးဖွေးနှင့် အေးဆေးငြိမ်သက်လှသော လှေကြီးမှာလည်း မြန်မာတိုင်းရင်းသားတို့၏ အောင်နန်း ဗိမာန်ကြီး အသွင်သို့ ပြောင်းလဲလျက်ရှိသည်ဟု ထင်မှတ်လိုက်လေသည် ။

▢  တက္ကသိုလ်နန္ဒမိတ်
📖 မြဝတီ မဂ္ဂဇင်း
📖 ကိုတောလူ နှင့် အခြားဝတ္ထုများ 

Friday, November 8, 2024

ခင်ဦးစား ငချစ်ညို


 ❝ ခင်ဦးစား ငချစ်ညို ❞

 ( တက္ကသိုလ်နန္ဒမိတ် )


အစိတ်စိတ်အမြွှာမြွှာ ကွဲပြားလျက် ဖရိုဖရဲ ဖြစ်နေသော မြန်မာနိုင်ငံတော် ကို တတိယအကြိမ်မြောက် ပြန်လည် စုစည်း၍ တစ်အင် ၊ တစ်အား ၊ တစ်ဓား ဖြစ်အောင် ထူထောင်နိုင်ခဲ့သော ဦးအောင်ဇေယျ ၏ အကြောင်း ကို “ ငယ်မည် မှာ အောင်ဇေယျလို့ ၊ တောင်ဒီပကျွန်းဇမ္ဗူ ။ မင်္ဂလာသြဘာညွှန်းတယ် ၊ ထွန်းတဲ့တစ်ဆူ ” ဟူ၍ လည်းကောင်း ၊ “ ရန်ကြီးအောင် တဘောင်သ ၊ တန်ဆောင်လ ပုဏ္ဏမီ ၊ လက်ရုံးတော် ဖုန်းထိန်တောက် ၊ သုံးကြိမ်မြောက်ညီ ။ ရွှေဘိုဆီ ၊ မထီတဲ့လူစား ။ မောင်ချစ်ညို မင်းဟန်တုကို ၊ သွင်းရန်ပြုရှား ” ဟူ၍ လည်းကောင်း ၊ “ အလောင်းမင်းတရား အကြောင်းတော်ကား ၊ ပုဂံပြည်ကြီးရှင် သခင်ပြူစောထီး မှ သည် ၄၇ ယောက် သော မင်းတို့ နောက် ဖောင်စကြာရှင် နရပတိစည်သူ ၏ သမီး ကျောင်းတော်သည်နှင့် နရသိင်္ဃမင်း ၏ သားတော် အနန္တသူရိယ စုံဖက်ရာတွင် ဖွားမြင်သည့်သား သဒ္ဓိကာ ၊ သား ဘဲကြီးရတနာ ၊ သား ဘဲငယ်ရတနာ ၊ သား လံဘူးရန္တသူ ၊ သား ပေါက်မြိုင်မင်းပုလဲ ၊ သား မြေနဲစောသိင်္ဂါ ၊ သား မိုးညှင်းမင်းတရား သီဝပါနော်ရထာ ၊ သား မြောက်ဘက်နော်ရထာ ၊ သား သင်္ခယာ ၊ သား မင်းနေဝန်း ၊ သား မင်းရဲထွေး ၊ သား မင်းကြီးရွှေ ၊ သား ဘုရင်ကျော်သူခံ မင်းဘိုးခင် ၊ သား မင်းစစ်နိုင် ၊ သား သီရိမဟာဓမ္မရာဇာ ၊ သား အလောင်း မင်းတရား ” ဟူ၍ လည်းကောင်း ။


“ ကုန်းဘောင်ဆက် မြန်မာဘုရင် အလောင်းဘုရား သည် ဆင်စီး ၊ မြင်းစီး ၊ ဓားခုတ် ၊ လှံထိုး စသည့် ယောက်ျားကောင်းတို့ တတ်အပ်သော အတတ်များကို တတ်ကျွမ်း၏ ။ အချိန်အရွယ် အမှန်းအဆ လည်းကောင်း လှ၏ ။ ပဲခူး ၊ ဟံသာဝတီကို တိုက်စဉ်က ရန်ပုံခွင်း အမြောက်ကို မိမိတို့ ရံမြို့ထိပ်သို့ တင်၍ ဟံသာဝတီမြို့ ထိပ်က ပစ်လျက် ရှိသော အမြောက်ဝ သို့ အလောင်းဘုရား လက်ညှိုးတော် ညွှန်ရာ အမြောက်ချိန်၍ ပစ်စေရာ ပထမအကြိမ်ကျည်စေ့သည် တလိုင်းတို့ အမြောက်ဝ ကို တည့်တည့် ဝင်၍ ကွဲလေ၏ ။ ထပ်၍ ပစ်စေရာ ကျည်စေ့သည် တလိုင်းတို့ အမြောက်ဝ၌ ဆို့ပိတ်၍ နေလေ၏ ” ဟူ၍ လည်းကောင်း ၊ “ အလောင်းမင်းတရားကား သက္ကရာဇ် ၁ဝ၇၆ ၊ တော်သလင်းလတွင် ဖွားတော်မူ၏ ။ ငလျင် ပြင်းစွာ လှုပ်၍ ဘုရားပုထိုး ပြို၏ ။ မြေကြီး အစိတ်ကွဲ၍ ရေထွက်၏ ။ အရွယ်တော် သို့ ရောက်သည့် ကာလ လက်ရုံးတော် ရောင် တောက်သောကြောင့် မုဆိုးဘိုရွာ က မင်းလောင်း ပေါ်လတ်မည် ” ဟူ၍ လည်းကောင်း ချီးမြှင့် ရေးသားစပ်ဆိုခဲ့ကြ၏ ။


သို့သော် ဦးအောင်ဇေယျ ခေါ် အလောင်းမင်းတရား နှင့် စစ်ပြိုင် ဘက် ၊ စစ်ထိုးဘက် ဖြစ်သော ခင်ဦးစား လက်ျာပျံချီဘွဲ့ခံ ငချစ်ညို ၏ အကြောင်း ကိုကား အကျယ်တဝင့် မှတ်တမ်းတင်ခဲ့သည်ကို မတွေ့ရပေ ။ 


ငချစ်ညို သည် ဦးအောင်ဇေယျ ထက် သတ္တိ သာ သူ မဟုတ် ဟု ဆိုကောင်းဆိုနိုင်စေကာမူ ဦးအောင်ဇေယျ  ထက် ကား သတ္တိညံ့သူ မဟုတ်ချေ ။ အင်းဝ ပျက်သည့်အချိန်တွင် ဦးအောင်ဇေယျ သည် မုဆိုးဘို တွင် ထန်းလုံးတပ် တည်၍ အခိုင်အမာ နေသကဲ့သို့ ငချစ်ညို သည် လည်း မုဆိုးဘို နှင့် အနီးအစပ် ဒေသတွင် တပ်ခိုင်တပ်လုံး ဖြင့် ရှိနှင့်ပြီး ဖြစ်သည် ။


ဦးအောင်ဇေယျ သည် သတ္တိကောင်း ဗျတ္တိကောင်း မြန်မာအမျိုးသား ဖြစ်သကဲ့သို့ ငချစ်ညို သည်လည်း သတ္တိပြောင် သော ၊ အနိုင်မခံ အရှုံး မပေးတတ်သော မြန်မာအမျိုးသား ပင် ဖြစ်သည် ။ သို့သော် ရွှေဂူ တစ်ဂူ တွင် ကေသရာဇာ ခြင်္သေ့မင်း နှစ်ကောင် စိုးစံ၍ မရ သကဲ့သို့ ဦးအောင်ဇေယျ နှင့် ငချစ်ညို တို့ သည်လည်း မြောက်ဘက် တစ်လွှား တွင် အတူတူ ဩဇာ ပျံ့နှံ့ချင်၍ မရချေ ။


ငချစ်ညို သည် လတ်တလောချင်း တွေ့ နေရသော ဦးအောင်ဇေယျ နှင့် အာဏာလုပွဲတွင် ဦးအောင်ဇေယျ အား အလဲထိုး နိုင်ရန် အတွက် ဟံသာဝတီအင်အားစု ၏ အကူအညီ ကို ယူခဲ့ဟန် တူသည် ။ ငချစ်ညို သည် ဟံသာဝတီအင်အားစု ၏ အကူအညီ ကို ယူခဲ့ကြောင်း နှင့် အလောင်းမင်းတရားကြီး အရေးတော်ပုံ ” တွင် အတိအလင်း ဆိုသည် ။ ၎င်းအရေးတော်ပုံကျမ်း တွင် ...


“ ပဲခူးမင်းညီ ဥပရာဇာ လည်း မင်းဧကရာဇ်နှင့် တကွ အင်းဝ မြို့ ကို ရလျှင် အရပ်ရပ်သားတို့ သစ္စာခံ သောက်၍ ရှိလေ ပြီးသည် ။ မုဆိုးဘို ရွာ သာ ထန်းလုံးတပ်ကို ယုံ၍ သစ္စာမခံ ကျန်ရှိလေသေးသည် ကို ငါတို့ သင့်ရာလူ စေ၍ သစ္စာတိုက်စေ ။ သစ္စာတိုက် မခံ သောင်းကျန်းခိုင်မာ နေသည့် ကာလ မှ အနိုင်သိမ်းယူရမည် ။ ငါးစို့တစ်ခွင် မြောက်ဘက် တစ်ပင်သာ တို့လည်း ငါတို့ လူချည်း ဖြစ်လေပြီးသည် ။ ခင်ဦးစား မင်းကြီး ကျော်စွာ သား လက်ယာပျံချီ တို့လည်း မုဆိုးဘို နှင့် အနီးအစပ် တပ်ခိုင် တပ်လုံး နှင့် ရှိလေပြီးသည် ။ အပန်းတကြီး လုပ်ကြံရမည် မဟုတ် ၊ လက်ခုပ်တီး ကာ သာ ယူရမည့် အရေးရှိသည် ဖြစ်၍ x x x x x ငါတို့ တပ်ပေါင်း ၃ဝ သားတို့မှာ စုန်သွားနှင့်တော့မည်ဆို၍ အဝဘုရင် ကို ဆောင်ယူ စုန်သွားလေ၏ ” ဟူ၍ လည်းကောင်း ... ။ 


ထို အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း စာမျက်နှာ ၁၄ တွင် လည်း ...


“ တလပန်းအစား ရွှေခွန်ဝန် ကို အဝမြို့စောင့်ထား၏ ။ ခင်ဦးစား လက်ယာပျံချီ ဆိုသူနှင့် တိုင်ပင်ပေါင်းယှက် ၍ အရပ် ကို သိမ်းရုံးလေ ဟု မှာလိုက်၏ ” ဟူ၍ လည်းကောင်း ။


အထက်ပါ စာမျက်နှာ တွင်ပင် ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်းပါလျက် ငချစ်ညို က ဦးအောင်ဇေယျ ရှေ့မှောက် တွင် ဒူး မထောက်လို ဟု ပြန်ကြားပုံကို


“ အလောင်းမင်းတရား ကြားရောက်သည် ခင်ဦးစား လက်ယာပျံချီ ...


“ မြန်မာလူမျိုး ဖြစ်လျက် တလိုင်းကျွန် ခံမည်ကြံသည် မှာ မသင့် ။ မင်းမာသည် လက်ရုံးရည် လည်း ရှိပေသည် ။ သူရဲကောင်း လည်း မှန်ပေသည် ။ ငါကဲ့သို့ ဘုန်းပညာအာဏာစက် မစုံလင် ၊ ငါသို့ ဝင်စားလာသော် စစ်သူကြီး နှင့်အရာနှင့် သူကောင်း ပြုတော်မူမည် ။ ငါ့ သူရဲကောင်းတို့ နှင့် နောင် တွေ့ကြ၍ လက်ခြေ လွန်လေသော် သူကောင်း ဆိုသည်နှင့် မညီ ရှိ တော့မည် ဟု စေတော်မူလိုက်၏ ။ ငချစ်ညို လည်း ရှေးအထက် ကပင် ခိုက်စရန်စ ရှိကြဖူးသည် နှင့် ငါ ဝင်စားသော်လည်း အရှင် မထားပေရာဟု မဝင်ဝံ့ရှိ၍ မြန်မာချင်း ကို ရှိမခိုးလို ၊ တလိုင်း ကို သာ ရှိခိုးတော့မည် ဟု ဆိုလိုက်၏ ” ဟူ၍ လည်းကောင်း ဖော်ပြပါရှိလေသည် ။


ဤတွင် စဉ်းစားရန်မှာ ငချစ်ညို သည် အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း က ဆိုသကဲ့သို့ အကယ်ပင် ဟံသာဝတီအင်အားစု နှင့် စိတ်လိုလက်ရ ပေါင်းလေသလော ၊ သို့တည်းမဟုတ် ဦးအောင်ဇေယျ  ၏ ရန်ကို ကြောက်၍ ယာယီပေါင်း ပေါင်းခြင်းလော ဟူသော အချက်ပင် ဖြစ်သည် ။


ငချစ်ညို သည် သူရဲကောင်း ဖြစ်ကြောင်း ၊ သူရသတ္တိအရာ တွင် ဦးအောင်ဇေယျ နှင့် သွေးတူရည်တူ ဖြစ်ကြောင်း တို့ကို ဦးအောင်ဇေယျ ကိုယ်တိုင်ပင် ဝန်ခံ ထားရကြောင်း အထက်ဖော်ပြပါ အကြောင်းအရာ အားဖြင့် သိသာနိုင်သည် ။ ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်း ခဲ့သည် ဆိုသည်မှာလည်း ဧကန်အမှန် ပင် ဖြစ်သည် ။ သို့သော် ထပ်လောင်း၍ စဉ်းစားသင့်သည့် အချက်မှာ ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်းသည့် အချိန်မှာ ဦးအောင်ဇေယျ ကိုယ်တိုင်ပင် လုံခြုံမှု အခိုင်အမာ မရှိသေးသော အချိန်ပင် ဖြစ်သည် ။ ဦးအောင်ဇေယျ နှင့် ဦးအောင်ဇေယျ ၏ တပ်သားများ က ငချစ်ညို နှင့် ငချစ်ညို ၏ တပ်သားများ အန္တရာယ် ကို စိုးရိမ်နေရသည့် အချိန်ပင် ဖြစ်သည် ။ ဤကဲ့သို့သော အချိန် တွင် ဦးအောင်ဇေယျ သိမ်းသွင်းရာ သို့ မဝင်လာသော ငချစ်ညို ကို အပြစ် ဆိုရန် မရှိ ။ ငချစ်ညို ၏ စွမ်းရည်သတ္တိ ကို လည်း ကြည့်ပါဦး ။


“ ငချစ်ညို စကား ကို ကြားတော်မူလျှင် အမျက်တော် ရှိ၍ ယခုပင် ခင်ဦးရွာ ကို မီးတိုက်ချေ ။ မီးကို မြင်လျှင် ငါ ( ဦးအောင်ဇေယျ ) ချီတော်မူ လာမည် ဟု မြင်း ငါးဆယ် ၊ သေနတ် တစ်ရာ ၊ လူသုံးရာ နှင့် သေနတ်ဝန် ၊ မင်းကျော်ပျံချီကို ဗိုလ်မှူး ခန့်၍ ချီသွားရသည် ။ ညဉ့် ၃ ချက်တီးချိန် ရောက်၍ တပ်ကို တက်လျှင် တပ်စီး တို့ သိ၍ ထိုးခုတ်သည် နှင့် မတက်နိုင် သောကြောင့် တပ်ပြင် တွင် ရှိသော ကျောင်း ကို မီးတိုက်၍ ဆုတ်ခဲ့ရချေ၏ ။ အလောင်းမင်းတရား လည်း ခင်ဦး က မီး ကို မြင်လျှင် ခင်ဦး ကို အလိုတော် ပြည့်ပြီ မှတ်တော်မူ၍ လူကြီးမဆို လူအိုစု နှင့် နှဲခရာ ဗြောစည် တီးလျက် ချီတက်မူရာ စည်သာဝ မြောက် တွင် ငချစ်ညို ထွက်၍ လိုက်လာသော ကြောင့် ပရမ်းပတာ ပြေးလာသော ရဲမက်တော် တို့နှင့် တွေ့၍ အကြောင်းမျိုး ကို လျှောက်လျှင် အမျက်တော် ထွက်၍ နင်တို့ သူရဲကောင်း ပြုသမျှ တစ်စုလုံး အသွမ်းချည်း ပြည်စိုး ကျွန်းတော ရောက်ကာ လူစု ဖြစ်သည် ။ လူအိုစု နှင့် သာ ငါ တိုက်တော်မူသည် ။ နင်တို့ တစ်စုမှာ ထမင်းအိုး ထမ်း၍ နောက်က လိုက်ကြရမည် မိန့်တော်မူ၍ ချီသည် နှင့် ငချစ်ညို လည်း တပ်သို့ မပြန်ဘဲ မြင်း သေနတ်ဝန် အများဝန်းရံလျက် ချီလာသည် နှင့် ဆိုင်မိကြ၍ ပစ်ခတ် ထိုးခုတ်ကြလျှင် စစ်သည်တော်များ လည်း အခြား တစ်ပါး ကွဲပြားကြသည် ကို မစည်းရုံးခင် ၍ ဆုတ်တော် မူရချေ၏ ။ စည်ဗြောတို့ ကို လည်း သူ ရလေ၏ ။ ”


အထက်ပါ ဦးအောင်ဇေယျ နှင့် ငချစ်ညို တို့ ရင်ဆိုင် တိုက်ပွဲ တွင် ဦးအောင်ဇေယျ အင်အားစု ဘက်မှ အရေးမလှပုံ ကို ဖော်ပြပြီး နောက် ဒုတိယအကြိမ် ရင်ဆိုင် တိုက်ပွဲ အကြောင်း ကို လည်း အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း တွင် အောက်ပါ အတိုင်း ဖော်ပြထားပြန်သည် ။


“ ခင်ဦးစား ငချစ်ညို လည်း တပ်ရင်းသို့ ချဉ်း၍ သော်လည်း မလုပ်မကြံ ။ အနီးအပါးသို့ လာ၍ ချက်တစ်ဖြုတ် ကျွဲနွား ကို သိမ်းယူလာ သောကြောင့် သေနတ်ဝန် နှင့် မြင်း နှစ်ဆယ် ၊ သူရိန်ဒေဝ နှင့် သေနတ်လက်ကောင်း ခုနစ်ဆယ့်ငါး ၊ ခင်ဦး ပါး သို့ ကျွဲနွားလိုက်ချေ လွှတ်လိုက်၍ သွားကြလေသော် သေနတ်သမားတို့ ကို ခင်ဦး အရှေ့ နှစ်တိုင်ခန့် ကွာ ကျွန်းကျောင်းအရပ်၌ ထားခဲ့၍ မြင်းနှစ်ဆယ်သား တို့ တပ်ပါးသို့ ချဉ်း၍ ကျွဲ နွားတို့ ကို လိုက်ခဲ့သည်နှင့် ငချစ်ညို  မြင်း နှစ်ဆယ် သေနတ်လုလင် ခြေလျင်သုံးရာ လောက် နှင့် လိုက်ထပ်လာ၏ ။ ငချစ်ညို အစ်ကို ငချစ်ဝ မြင်းသုံးစီး နှင့် ရှေ့လွန်၍ လိုက်လာသည်ကို သေနတ်နှင့် ပစ်၍ ကျလျှင် ခေါင်းကိုဖြတ်၍ ယူကြ၏ ။ ယင်းသို့စဉ်တွင် ငချစ်ညို မီလာ၍ သေနတ်လုလင် ခြေလျင်သမားတို့ ပွဲကြည့်၍သာ နေပါစေ ။ ငါ နှင့် မြင်းစီးချင်း ကစားကြမည် ။ ယောက်ျားကောင်း ထွက်ခဲ့စေ ။ ငချစ်ညို ဆိုလျှင် မင်းကျော်ဗညား ထွက်သည် ကို ငမြတ်ထွန်း နှင့် ငါ နှင့် တိုက်ဖက် မတန် ၊ ငါ့ လှံသာ သွေးစွန်း တော့မည် ဆိုသဖြင့် မုဆိုးခြုံဗိုလ် မင်းလှရွှေတောင် ထွက်ပြန်သည် ကို လည်း ငထွန်းငယ် ၊ ငါ့ လူစွမ်း ကို ငစဉ့်ကိုင် မှာနေကြ စဉ်ပင် နင်အသိဖြစ်သည် ။ ငါ နင့် ကို ဖက် မတန် ဆိုပြန်၍ ယင်မတန်ဗိုလ် ၊ ယင်ပါဗိုလ်တို့ မြင်း ၂ဝ သားအသီးသီး ထွက်ကြသည်ကိုလည်း မဖက် မပြိုင်လို ၊ သေနတ်ဝန် ဆိုသူသာ ထွက်လာစေ ဆို၍ သေနတ်ဝ န်ထွက် ရာတွင်မှ သည်ခါ ယောက်ျားကောင်း ချင်း တွေ့ ရတော့မည် ။ ကိုယ်တို့ မှာ ပွဲကြည့်၍ သာနေ ၊ သေနတ်ဝန် နှင့် ငါနှင့် တန်စေ ကြုံးဝါး သံပ၍ မြင်း ကို အကုန်လွှတ်၍ ခြေတစ်ဖက် ထောင်လျက် ရပ်၍ စီးသည် ။ မြင်းနံပါး ၌ ကပ်လျက် စီးသည် ။ လှံကို လက်ဝဲ လက်ယာ ဘယ်ညာ လျည်း၍ စီးသည် ။ သေနတ်ဝန် မူကား လှံမဖြင့်ချိန်ဆကာ နေ၏ ။ ငချစ်ညို လည်း စီးနည်း အထွေထွေ ကို ပြပြီးလျှင် လှံရှင် နှင့် လွှတ် လိုက်သည် ။ သေနတ်ဝန် လှံရိုးကို ခတ်မိချေ၏ ။ သေနတ်လုလင်တို့ ထ၍ သေနတ်စည်ကြ သည်ကို မြင်လျှင် ငချစ်ညို  ပြန်သွားလေ၏ ။


ဤကဲ့သို့ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော ငချစ်ညို အကြောင်း ကို အရေးတော်ပုံကျမ်းပြုဆရာ က “ လက်ျာပျံချီ ငချစ်ညို ကား ဆင်စီးမြင်းစီး ပြွမ်းတီး၏ ။ ဓားရေးလွှားရေး ကျွမ်းကျင်၏ ။ လေးပစ်လှံထိုး မျိုးစုံ၏ ။ အပြီးအစီးအကွယ်အကာ လုံခြုံ၏ ။ တစ်ယောက်ချင်း ကို မဆိုထားဘိ တောင်ပုံရာပုံ ကို သော်လည်း မြင်းစီးချင်း နှင့်သာ ဝင်၍ ဖျက်နိုင်၏ ။ ရဲစွမ်း သတ္တိ ရှိ၏ ။ စစ်ရိပ်စစ်ခြည် နားလည်၏ ” ဟု ဖော်ပြခဲ့၏ ။


ဤကဲ့သို့ သူရသတ္တိ နှင့် ပြည့်စုံသူပင် ဖြစ်လင့်ကစား နိုင်ငံရေး လမ်းစဉ်လွဲမှားလာသော အခါ ၊ စည်းရုံးရေး မမှန်ကန်သော အခါ အရှုံး နှင့် ရင်ဆိုင်လာရလေသည် ။ အောက်ပါ ကောက်နုတ်ချက် ကို ကြည့်ပါဦး ။ 


“ ငချစ်ညို လည်း × × × သူ မရောက်ခင် အကူ ရှာနှင့်ရသော် သင့်မည် အကြံရှိ၍ အဝမြို့စောင့် ရွှေခွန်ဝန် မှာ တလိုင်း သုံးထောင် တောင်း ၍ တပ်အရှေ့ က ၂ တပ် ၊ ခင်ဦး နှင့် သော် ၃ တပ် ၊ ရန်သူ အဝင် ခက်အောင် ခုံလောက် ၃ လုံးဆိုင် တပ်တည်ရ၏ ။


“ အလောင်းမင်းတရား လည်း ခင်ဦး သို့ အကြိမ်ကြိမ် ချီ၍ လုပ်ကြံသည် ။ ငချစ်ညို ထွက်လျှင် ငါတို့က မရပ်မခံနိုင် ပျက်ရ ချေသည် ။ သည် တစ်ခါသော် မြင်းသည် လည်း မြင်းနှင့် တပ်ရင်းသို့ ကပ် ၊ ပုဆိန်သမား ဓားသမား လည်း တပ်တိုက် ကို ဖြတ် ၊ တူးရွင်းသမား တို့ လည်း တူးရွင်း နှင့် တပ်တိုင်ကို တူး ၊ လှေကားသမား လည်း လှေကား ထောင်၍ တက် ၊ နောက်သို့ ပြန်လှည့်၍ ကြည့်သော် ငါ့ညီ ငါ့သား ပင် ဖြစ်သော်လည်း ကွပ် ။ အခါတစ်ပါး ကို မနှုန်းနှင့် ၊ အမှု ကုန်စင်အောင်ထမ်း ။ ငချစ်ညို ၊ ညီ ငချစ်မြ ၊ အဖငလုံ တို့ကို အရှင်ယူခဲ့ ။ တလိုင်း ၂ တပ် ရှိသည် ဆိုသည် ။ တလိုင်း တပ် မှာ ယာယီ ခင်ဦး သာ နဂို ဖြစ်သည် ။ ခင်ဦး ပျက်လျှင် တလိုင်းတပ် ပျက်လိမ့်တကား ဟု မိန့်တော်မူ၍ နတ်တော်လဆန်း ၈ ရက်နေ့ ချီစေ၍ မိုးသောက်တံခါး ဖွင့်တွင် အနောက်တောင်ထောင့်က တစ်ပြိုင်နက် တပ်ရင်း သို့ ကပ်၍ တပ်တိုင် တို့ ကို တူး သူ တူး ၊ တပ်တိုင် တို့ ကို ဖြတ် သူ ဖြတ် ၊ လှေကား ထောင်၍ တက် သူ တက် ၊ သူ က ထိုးခုတ်သည် ကို ပမာ မမှတ် ။ ငချစ်ညို လည်း ညဉ့်မိုက်ရီတရော် ဖြစ်၍ ပြင်သို့ မထွက်ဝံ့ ၊ တပ်တွင်းကသာ ကွပ်ညှပ်ဆော်ဖန်၍ နေ၏ ။ နောင်တော် ( ဦးအောင်ဇေယျ ၏ အစ်ကို ) စည်သာမင်းကြီး မူကား မြင်း နှစ်ဆယ်သားတို့ နှင့် တပ်အနောက် သို့ ပတ်၍ မြောက်တံခါး က ဝင်၏ ။ တပ်စီးတပ်နင်း တို့ လည်း အနောက်တောင်ထောင့် က သူ တက်သည် ကို ဆီးဆို့ ၍တိုက် မည်ဟု လူ ၃ဝ ခန့် သာ ထားခဲ့၍ အနောက်တောင် ထောင့် သို့ ချည်းပြေး လေ၏ ။ စည်သာ မင်းကြီးလည်း တံခါးစောင့်လူတို့ကို ခြောက်လှန့်၍ တပ်တွင်းသို့ ဝင်မိလျှင် အိမ်ရာတဲကနား တို့ ကို မြင်း ၂ဝ သား မီးတိုက်သည် နှင့် တပ်ပေါက်၍ ရဲမက်တော် တို့ ဝင်မိလျှင် ငချစ်ညို လည်း ဆွေသားတစ်စု နှင့် သာ ထွက်ပြေးလေ၏ ။ ဝေလီဝေလင်း နှင်း လည်း မှုန်သည်နှင့် မမိလိုက်ချေ ။ ခင်ဦး ပျက်လျှင် တလိုင်းတို့ တပ်လည်း ပျက်နှင့် လေ၍ သေနတ် ၂ဝဝ ၊ မြင်း ၅၀ ၊ ဆန်ရေစပါး ကျွဲနွားလူသူ တို့ကို သိမ်းယူ၍ ပြန်ခဲ့ရ၏ ။ ငချစ်ညို တို့ သားအဖ တစ်စု လည်း ခင်ဦး က ထွက်ပြေး၍ ကျွန်းတောကြီး တပ် သို့ ဝင်လေ၏ ။


သူရဲကောင်းကြီး ငချစ်ညို ၏ ခင်ဦး တပ်ပျက်ခြင်း သည် သူရဲကောင်းကြီး ငချစ်ညို ၏ ပျက်စီးခြင်းသို့ ရှေ့ရှုခဲ့လေသည် ။ ငချစ်ညို  ကျွန်းတောကြီးတပ် သို့ ဝင်၍ လာခဲ့ခြင်းမှာ ဟံသာဝတီပါမင်း ၏ အမှုထမ်း တစ်ဦး ဖြစ်သော ရာဇာဓိရာဇ် ဆိုသူ သည် ဆင် ၅ဝ ၊ မြင်း တစ်ထောင် ၊ လူတစ်သောင်းခန့် နှင့် မြေတူးမြို့ အနောက်ဘက် ရှိ အင်တိုင် ရွာ တွင် တပ်အခိုင်အမာ တည်၍ နေသဖြင့် ၎င်းထံမှ အကူအညီ ရနိုင်သည့် အတွက် ဖြစ်၏ ။ သို့သော် ငချစ်ညို  ကျွန်းတောကြီး တွင် တပ်တည်၍ နေသည် ဟု ကြားလျှင် ရာဇာဓိရာဇ် သည် ဦးအောင်ဇေယျ လာရောက်တိုက် ခိုက်မည်ကို ကြောက် သဖြင့် အင်တိုင်တပ် မှသည် ချင်းတွင်းမြစ် အနောက် ဘက် မင်းခင်းမြို့ သို့ ပြောင်းရွှေ့ သွားလေသည် ။ ဦးအောင်ဇေယျ လည်း ကျွန်းတောကြီး ရှိ ငချစ်ညို တပ် ကို လက်နက်ကိုင် ၂ ထောင် စေလွှတ်၍ တိုက်စေပြန်ရာ ကျွန်းတောကြီးတပ် လည်း ပျက်ရပြန်လေသည် ။ သို့ ဖြစ်၍ ငချစ်ညို သည် မိဘဆွေမျိုးများ နှင့် တကွ ရာဇာဓိရာဇ် ရှိရာ မင်းခင်းတပ် သို့ ပြေးလာခဲ့ရလေ၏ ။ ငချစ်ညို မင်းခင်း သို့ ရောက်၍ မကြာမီပင် ရာဇာဓိရာဇ် သည် ဦးအောင်ဇေယျ ထံ သစ္စာခံ၍ ဝင်ရောက် သွားသော ကြောင့် ငချစ်ညို သည် စလင်ကသူ ရွာ သို့ ပြောင်းရွှေ့ ခဲ့ရပြန်သည် ။ ထိုရွာ တွင် နေစဉ် ပင် ဦးအောင်ဇေယျ အား တိုက်ခိုက်ရန် အင်အားကြီးစွာ ချီတက်လာသော ဟံသာဝတီပဲခူးမင်း ၏ ညီတော် မဟာဥပရာဇာကြီးမှူး သည့် တပ်ကြီး သည် ဆင်တဲဝ အရပ်သို့ ရောက်လာပြီး နောက် စလင်ကသူ ရွာ ကို ညှပ်၍တိုက်ကြရာ စလင်ကသူ တပ်ပျက်ရ လေသည် ။ ဤတွင် ငချစ်ညို တို့ သားအဖ သည် မဟာဥပရာဇာ ထံသို့ ဝင်ရလေသည် ။ သို့ သော် အယုံအကြည် မရှိသဖြင့် ငချစ်ညို တို့ သားအဖ ကို သုတ်သင်လိုက် လေသည် ။


ဤသို့ဖြင့် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်းကြီး ဧကန် စင်စစ် ဖြစ်ပါလျက် တိုင်းပြည်ရေး ထက် ပုဂ္ဂိုလ်ရေး မုန်းတီးမှု ကို ဦးစား ပေးမှု ၊ အပြင်အပ အကူအညီ ကို အားကိုးမှု တို့ ကြောင့် သူရဲကောင်းပီပီ တိုက်ပွဲတွင် သေရမည့် ငချစ်ညို သည် သူတစ်ပါး လက်သို့ မိမိ ကိုယ်ကို ယုံကြည်စွာ အပ်နှင်းရင်း အယုံအကြည် မခံရဘဲ ကြက်ကလေးငှက်ကလေးများ အသ,တ်ခံရ သကဲ့သို့ ခံခဲ့ရပေသည်တကား ။  ။


◾တက္ကသိုလ်နန္ဒမိတ်


📖 မြဝတီ မဂ္ဂဇင်း

      ဖေဖော်ဝါရီ ၊ ၁၉၅၉ 

.

Monday, November 4, 2024

မောင်ကြီးနန္ဒာ


 

❝ မောင်ကြီးနန္ဒာ ❞
( တက္ကသိုလ်နန္ဒမိတ် )

( ၁ )

အချိန်ကား သီပေါဘုရင် ကို အင်္ဂလိပ်တို့ ဖမ်းယူသွားပြီးနောက် ရခိုင်ပြည် ၊ သံတွဲနယ် ဘက်တွင် ဘုန်းကြီးဗိုလ် ၊ ဇော်ဂျီဗိုလ် ၊ ကျောက်စိမ်း ဗိုလ် ၊ မျက်ကန်းဗိုလ် တို့၏ ထကြွပုန်ကန်မှုများ တစ်ခုပြီး တစ်ခု ငြိမ်းအေးစ ပြုသော အခါ ဖြစ်လေသည် ။

မြင်းနှစ်ကောင် ကသော ဒေါက်ကပ်ကြီးတစ်စီးသည် တစ်ဖက် တစ်ချက်တွင် အဟောင်းပင်ကြီးများ ၊ ကညင်ပင်ကြီးများ စီတန်းပေါက် ရောက်လျက်ရှိသော မြေနီလမ်းကွယ်ကလေးပေါ်၌ တောင်ဘက်သို့ ဦးတည်ကာ တငြိမ့်ငြိမ့်လှိမ့်လျက်ရှိသည် ။

မြင်းခွာသံနှင့်အတူ ပေါ်ထွက်လာသော လှည်းဘီးကြိတ်သံတို့ သည် တောင်ဘက်အရပ်ဆီမှ မုတ်သုံလေဦးတွင် မြူးထူးလိုက်ပါလာ ကြသော လှိုင်းသံများကို ဖြိုခွင်းနေသည်ဟု ထင်ရ၏ ။ ဒေါက်ကပ် နောက်ဘက်တန်း ထိုင်ခုံပေါ်တွင်ကား အသက်ငါးဆယ်ခန့် လူကြီး တစ်ယောက်နှင့် အသက်သုံးဆယ်အတွင်းရှိ လူရွယ်တစ်ဦးသည် စကား တပြောပြောနှင့် ရထားယူဆောင်ရာသို့ လိုက်ပါလာကြ၏ ။

“ ကိုနန္ဒာ .. ဒီနေ့တော့ ကျုပ်တို့ ဓားကစားဖို့ အချိန်ရတော့မယ် မထင်ဘူး ။ ခုတောင် နေအတော်နည်းနေပြီ ”

အသက်ငါးဆယ်ခန့်လူကြီးက သူ့အိတ်ဆောင်နာရီကို ထုတ် ကြည့်ရင်း သူ့အနီးမှ လူရွယ်အား ပြောလိုက်သောကြောင့် ကိုနန္ဒာ ဟု အခေါ်ခံရသူ လူရွယ်က -

“ ဒီနေ့ ဓားမကစားရရင်လည်း ကိစ္စမရှိပါဘူး ဦးရဲ့ ။ ဦး တက်ပေး မယ်ဆိုတဲ့ ဗျူဟစက္ကိပျို့သာ ဒီနေ့ညတက်ရရင် ကျေနပ်ပါပြီ ” ဟု အေး ဆေးစွာ ပြန်ပြောလိုက်သဖြင့် ...

“ ဒါဖြင့် ကောင်းပြီလေ.. ၊ ညရှစ်နာရီလောက်သာ အိမ်ဘက် လာခဲ့ ၊ ခြံဝကနေပြီး ဦးသီဟ ... ဦးသီဟ လို့ ခေါ်လိုက်ရင် ကျုပ်လူတွေ က တံခါးဖွင့်ပေးပါလိမ့်မယ် ... ” ဟု အသက်ငါးဆယ်ခန့်လူကြီးက သဘောတူညီချက်ပေးလိုက်၏ ။

ဦးသီဟ ကား သျှောင်တစောင်းတွင် ခေါင်းပေါင်းကို အုပ်ပေါင်း ပေါင်းလျက် ကျယ်ပြန့်သော မဟာနဖူး ၊ ထူထဲသော မျက်ခုံး ၊ ကော့၍ ထောင်တက်နေသော နှုတ်ခမ်းမွေး ၊ ကြီးမားသော မေးရိုးတို့ကြောင့် ရင့်ကျက်သည့် ဣန္ဒြေကို ဆောင်နေ၏ ။ သည်အထဲတွင် အရပ်ကလည်း ထောင်ထောင်မောင်းမောင်း ၊ ကိုယ်ခန္ဓာကလည်း သန်သန်မာမာပင် ရှိနေ သောကြောင့် အသက်ငါးဆယ်အရွယ်သို့ ရောက်နေလင့်ကစား တစ်ဖက် သား၏ ကြောက်လောက်သည့် အသွင်သဏ္ဌာန် ပေါ်နေလေသည် ။

သူသည် အလုပ်အကိုင်အားဖြင့် ဆန်စပါးအရောင်းအဝယ် ၊ သစ် အရောင်းအဝယ်အလုပ်ကို လုပ်ကိုင်နေသော ကုန်သည်တစ်ဦးပင် ဖြစ် သော်လည်း သူ၏ ဥပဓိ ၊ သူ၏ ဣန္ဒြေ ၊ သူ၏ နေထိုင် ဆက်ဆံပုံတို့ကို ကြည့်၍ သံတွဲနယ်သူနယ်သားများက သူ့အား မြန်မာမှူးမျိုးမတ်နွယ်ထဲမှ ဆင်းသက်ပေါက်ဖွားလာသူ တစ်ဦးဟု ယူဆယုံကြည်နေကြလေသည် ။

ဤသို့ ယုံကြည်ရန်အတွက်လည်း တစ်ဖက်တစ်လမ်းမှ ဖြစ်နိုင် စရာ အကြောင်းအချက်များက ပေါ်ထွက်နေ၏ ။ ဤရခိုင်ပြည် သံတွဲမြို့ နယ်သို့ ဦးသီဟ  ရောက်လာသည့် အချိန်မှာ အထက်မြန်မာပြည် မန္တလေး နေပြည်တော်၌ သီပေါမင်း နန်းတက်စမင်းညီမင်းသား လေးဆယ်ကျော် အသ,တ်ခံရသည့်အချိန်နှင့် မရှေးမနှောင်းပင် ဖြစ်နေလေသည် ။

ကိုနန္ဒာ မှာမူ လွန်ခဲ့သော တစ်လခန့်ကမှ သံတွဲမြို့သို့ ရောက်ရှိလာသော အင်္ဂလိပ်သစ်ကုမ္ပဏီတစ်ခုမှ အဝယ်တော်ကလေးတစ်ဦး  ဖြစ်သည် ။

ဦးသီဟ မှာ မြို့ထဲတွင် အလုပ်ရုံဖွင့်ထားလျက် အမြဲတစေ နေထိုင် သောအခါ၌ကား မြို့နှင့်လေးမိုင်ခန့်ကွာသော ငပလီကမ်းခြေရှိ ငပလီ ရွာငယ်တွင် တိုက်အိမ်ကြီးတစ်လုံးနှင့် အေးအေးလူလူ နေထိုင်သော ကြောင့် သံတွဲနယ်ဘက်သို့ရောက်စ ကိုနန္ဒာ မှာလည်း အရောင်းအဝယ် အဆက်ဆံ မများသေးသည့်အလျောက် ဦးသီဟ ထံတွင် နည်းနာခံရင်း ဦးသီဟ  နေထိုင်သည့် ငပလီရွာတွင်ပင် လာရောက်တည်းခိုနေထိုင် လျက် ရှိလေသည် ။

ရထားသည် ရွာထဲသို့ ဝင်လာခဲ့ပြီးနောက် သပ်ရပ်သော အိမ် ကလေးတစ်အိမ်ရှေ့တွင် ရပ်လိုက်၏ ။ ထိုအိမ်ကား ကိုနန္ဒာ အတွက် အင်္ဂလိပ်သစ်ကုမ္ပဏီက နေရာချပေးထားသော အိမ်ကလေးပင် ဖြစ် လေသည် ။

“ ကဲ ဦးသီဟ ၊ ထမင်းစားပြီးမှပဲ ဗျူဟစက္ကိပျို့တက်ရအောင် လာခဲ့မယ် ”

ကိုနန္ဒာ သည် ရထားပေါ်မှဆင်းရင်း ဦးသီဟ အား ပြောလိုက်၏ ။ ဦးသီဟ သည် ခေါင်းတဆတ်ဆတ်ညိတ်ကာ ထိုနေရာမှ ထွက်ခွာသွား ပြီးနောက် မိုင်ဝက်ခန့်အကွာတွင်ရှိသော နှစ်ထပ်တိုက်ကြီးတစ်ခုရှေ့တွင် ရထားကို ရပ်တန့်လိုက်၏ ။

စိမ်းစိုသောအုန်းပင်များဖြင့် ဝန်းရံလျက်ရှိသော တိုက်ကြီးကား တိုက်ရိုးရိုးနှင့်မတူ ၊ ရှေးအခါက မြို့စားကြီးများ နေထိုင်ခဲ့သည့် ရဲတိုက် ကြီးနှင့်သာ တူနေလေသည် ။ အခန်းတိုင်းမှာပင် ဓာတ်မီးများဖြင့် ထိန် လင်းလျက်ရှိခြင်းအားဖြင့် ဦးသီဟ သည် အဘယ်မျှ ချမ်းသာသူတစ်ဦး ဖြစ်ကြောင်းကို ခန့်မှန်းနိုင်၏ ။

ရထား ရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက် ခိုင်ခံ့ထူထဲသော ဝင်းခြံတံခါးကြီးပွင့်လာပြီး ခြံဝတွင်စောင့်နေသော လူနှစ်ယောက်သည် ဦးသီဟ အား ဦးခေါင်းညွှတ်၍ အရိုအသေပြုလိုက်ကြ၏ ။

ဦးသီဟ သည် ၂ ထပ်တိုက်ကြီး၏အလယ်တည့်တည့်တွင် ရှိသော လှေကားမှ မိမိအဆောင်ရှိရာအပေါ်ထပ်သို့ တက်ရောက်သွား လေသည် ။ တိုက်အိမ်ကြီး၏ လက်ဝဲဘက်တွင် အဆောင်နှစ်ဆောင်ကို ဆက်သွယ်ဆောက်လုပ်ထားပုံမှာ တစ်မျိုးဆန်းကြယ်သည်ဟု ထင်မှတ် ရ၏ ။ ဦးသီဟ ၏အဆောင်တွင်မူကား စာကြည့်ခန်း ၊ တရားအားထုတ် ခန်း ၊ ရှေးဟောင်းလက်နက်ကိရိယာများ ပြထားသည့်ပြခန်း စသည်ဖြင့် ခမ်းနားသပ်ရပ်လှပေသည် ။

ဤပြခန်းနှင့် စာကြည့်ခန်းတွင် ဦးသီဟ မြတ်နိုးသော စာအုပ်နှင့် လက်နက်များကို တွေ့မြင်နိုင်သော်လည်း တိုက်အိမ်ကြီး၏ လက်ဝဲဘက် အဆောင်နှစ်ဆောင်ထဲရှိ အခြားသော ဦးသီဟ မြတ်နိုးသည့် အရာနှစ်ခု ကိုမူ လူတိုင်းမြင်တွေ့နိုင်ရန် ခဲယဉ်းပေသည် ။

( ၂ )

ညရှစ်နာရီထိုးရန် ဆယ်မိနစ်ခန့်အလိုတွင် ကိုနန္ဒာ သည် အောက် ထပ်ရှိ ဦးသီဟ ၏စာသင်ခန်းသို့ ရောက်လာခဲ့လေသည် ။

ကျောင်းသားကလေးတစ်ယောက်သည် ဆရာကြီးရှေ့မှောက်သို့ ကြောက်ကြောက်နှင့် ရောက်လာရသကဲ့သို့ ကိုနန္ဒာ သည် ဦးသီဟ ကဲ့သို့ ပင် ကုန်သည်တစ်ဦး ဖြစ်လင့်ကစား ဦးသီဟ ၏အရှိန်အဝါကို ရွံ့ ကြောက်နေမိသည် ။ ထိုကြောင့်လည်း ကိုနန္ဒာ ၏အမူအရာမှာ ကျောင်း သားကလေးတစ်ယောက်၏ အမူအရာမျိုး ဖြစ်နေလေသည် ။ သူ၏ လက်တွင်ကား မြန်မာအမတ်ကြီး လက်ဝဲသုန္ဒရ စီရင်ရေးသားသော အလောင်းမင်းတရားကြီးနှင့်တကွ ရှေးမြန်မာမင်းအဆက်ဆက်တို့၏ စစ်ဆင်စစ်ခင်းနည်းအတတ်များကို ဖော်ပြထားသည့် ဗျူဟစက္ကိပျို့ စာအုပ်ကို ကိုင်ထား၏ ။

စာသင်ခန်းတွင် အသုံးအဆောင်များများမရှိ ၊ စားပွဲကြီးတစ်လုံး နှင့် ကု,လားထိုင်လေးငါးလုံးခန့်သာ ရှိလျက် နံရံတစ်ခုပေါ်တွင်ကား ရှေးမြန်မာအဝတ်အစားကို ဝတ်ဆင်လျက် ပူးတွဲရိုက်ကူးထားသော မိန်းမ ပျိုနှစ်ယောက်၏ ဓာတ်ပုံတစ်ခုသာ ရှိလေသည် ။

ကိုနန္ဒာ သည် ရှစ်နာရီထိုးရန် ငါးမိနစ်ခန့်လိုသေးရကား မိမိ၏ စိတ်ကို သက်သာစေလိုသော သဘောဖြင့် ဓာတ်ပုံထဲမှ မိန်းမပျိုနှစ်ဦး ကို အမှတ်မထင် စိုက်၍ ကြည့်နေမိသည် ။

မိန်းမပျိုနှစ်ဦးကား တစ်ယောက်နှင့် တစ်ယောက် ရွေးမရအောင် တူလှသည် ။ မျက်နှာသွယ်ပုံ ၊ နှာတံစင်းပုံ ၊ ပါးစပ်ကလေးများ ပြုံးနေပုံ မှစ၍ ကိုယ်နေကိုယ်ထား အရပ်အနိမ့်အမြင့်ချင်းလည်း တူလှပေသည် ။

ဦးသီဟ တွင် သမီးနှစ်ယောက်ရှိကြောင်းကိုကား ကြားဖူးသလိုလို ရှိခဲ့၏ ။ သို့သော် ဦးသီဟ ကိုယ်တိုင်ကမူကား သူ၏သမီးနှစ်ယောက် အကြောင်းကို တစ်ခါမှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမပြု ။ ကိုနန္ဒာ မှာ လွန် ခဲ့သော ဆယ်ရက်လောက်ကမှ ဦးသီဟ ထံတွင် ဓားရေးကို သင်ကြားခဲ့ သူဖြစ်သည် ။ သို့သင်ကြားရာ၌လည်း ဦးသီဟ သည် သူ၏အိမ်နှင့် အတော်ဝေးကွာသော ဥယျာဉ်ထဲတွင် သင်ကြားပေးခဲ့ခြင်းသာ ဖြစ်သော ကြောင့် ဦးသီဟ အိမ်ပေါ်သို့လည်း တစ်ခေါက်မျှ ရောက်ဖူးခဲ့ခြင်းမရှိ ၊ ယနေ့မှပင် ဦးသီဟ က ရှေးမြန်မာတို့၏ စစ်ဆင်စစ်တက်နည်းကို ကျကျ နန သင်ပေးမည်ဟု ပြောသဖြင့် သူ့အိမ်သို့ လာခဲ့ခြင်းဖြစ်သည် ။

ကိုနန္ဒာ သည် များမကြာမီပင်လျှင် အိမ်ကြီးပေါ်မှ အောက်ထပ် သို့ ဆင်းလာသော ခြေသံများကို ကြားရ၏ ။

“ ဪ …. ကိုနန္ဒာ  ၊ ရောက်နှင့်နေမှကို ... ”

ဦးသီဟ က အခန်းတွင်းသို့ ဝင်လာရင်း ဧည့်သည်ကို နှုတ်ဆက် လိုက်၏ ။ သူ၏နောက်နားတွင်ကား ကိုနန္ဒာ ဓာတ်ပုံထဲတွင် မြင်ရသော မိန်းမပျိုနှစ်ယောက် ။

ကိုနန္ဒာ သည် ဦးသီဟ နောက်နားတွင် ကပ်၍လိုက်လာသော မိန်းမပျိုနှစ်ယောက် ကို လှမ်း၍ ကြည့်လိုက်ရာ မိုးသားကင်းစင်သော ကောင်းကင်ပြင်တွင် လမင်းနှစ်စင်း တစ်ပြိုင်နက် ထွန်းလင်းနေသကဲ့သို့ ထင်မှတ်လိုက်ရသည် ။ သူသည် မန္တလေးတွင်နေစဉ်က မင်းမျိုးမင်းနွယ် တို့၏ အဆက်အနွှယ်တို့ကို မြင်ဖူးလှပြီဖြစ်သော်လည်း သူ ယခုမြင်ရ သော မိန်းမပျိုနှစ်ဦးကဲ့သို့ မဟာဆန်သော ရုပ်မျိုးကို မတွေ့ခဲ့ ။

“ ဒါ …. ဦးသမီးနှစ်ယောက်ပဲ ၊ ဟောဒါက မြမျက်ချယ် ၊ ဟောဒါက လှသက်လှယ်  ”

ဦးသီဟ က သူ့သမီးနှစ်ယောက်ကို အင်္ဂလိပ်လူမျိုးဆန်ဆန် ကိုနန္ဒာ နှင့် မိတ်ဆက်ပေးနေပြန်သောကြောင့် ကိုနန္ဒာ မှာ အံ့သြ၍မဆုံး ဖြစ်နေလေသည် ။ အစက သမီးနှစ်ယောက်ရှိကြောင်းကို နားမှ လေစ မဟခဲ့သော ဦးသီဟ သည် ယခုအချိန်တွင် အနောက်တိုင်းသားပင် ဆန် နေပေပြီ ။

“ မျက်ချယ်နဲ့ သက်လှယ်ကို ရတုတွေ သင်ပေးပြီးလို့ ပျို့ကို သင်မလို့ ကြံနေတုန်း ကိုနန္ဒာ ကလည်း ဗျူဟစက္ကိပျို့တက်ချင်တယ်ဆိုတာ နဲ့ သူတို့ပါ တစ်ခါတည်း ရောပြီး ပြရမှာပဲ ... ”

ဦးသီဟ က သူ့သမီးနှစ်ယောက် ခေါ်လာခဲ့သည့် အကြောင်းကို ရှင်းပြပြီး ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်၏ ။ ကိုနန္ဒာ နှင့် မျက်ချယ် ၊ သက်လှယ်တို့ ညီအစ်မနှစ်ယောက်ပါ ကု,လားထိုင်အလွတ် အသီးသီးတွင် နေရာယူလိုက်ကြသည် ။

“ ကဲ … စ, ကြစို့ ”

ဦးသီဟ က စာအုပ်ကို ဖွင့်လိုက်ပြီ ။

“ အောင်မြေဒီပါ ၊ ကျွန်းလက်ယာထက် ၊ မင်္ဂလာအခေါင် ၊ ရွှေ အရောင်တိ ၊ ရွှေတောင်လျှံပြေး ၊ မန္တလေးက ၊ ချီကြွေးနုမော် ၊ ဗျာဒိတ်တော် ဖြင့် ၊ ပြည်ကျော်ဌာန ၊ အမရကို ၊ တောက်ပဝင်းဝင်း ၊ အောင်မြေနင်း၍ .. ” ဟူသော ဗျူဟစက္ကိပျို့ ပထမပိုင်းမှ အစပိုဒ်ကို လျှောက်၍ဖတ်နေသော ကြောင့် ကိုနန္ဒာ လည်း မျက်စိအစုံကို စာအုပ်ပေါ်သို့ စိုက်၍ ချထား လိုက်ရလေသည် ။

( ၃ )

အထက်ရှုပ်၍ အောက်ခြေရှင်း နေသော အုန်းတောကြီး၏ အရိပ် အောက်ဝယ် ဦးသီဟ တစ်ယောက်သာ မပါပါက ကျန်ရှိသောသူ သုံးဦး သည် လူသတ္တဝါမှ ဟုတ်ပါလေစဟု ယိုးမှားထင်မှတ်ဖွယ်ရှိသည် ။

အပြာရောင်ပင်လယ်နှင့် ကောင်းကင်ကို နောက်ခံကားချပ်သဖွယ် ထား၍ စိမ်းညို့သော အုန်းတော ၊ ထိုအုန်းတောအလယ်မှ ရွှေဝါရောင် ညီအစ်မနှစ်ဖော် ၊ သူတို့နှစ်ယောက်အနီးတွင်ကား ခံ့ချောချောသော ကိုနန္ဒာ ၊ သူတို့သည် ပျော်ပွဲစား ထွက်လာခဲ့ကြခြင်း ဖြစ်လေသည် ။

“ ကဲ မြမျက်ချယ် ၊ ဟောဒီ စပျစ်သီးကလေး စားလိုက်စမ်းပါ ။ စားလေ လှသက်လှယ် ၊ ဒီတစ်ပတ် သင်္ဘောကြုံတာနဲ့ မောင်ကြီးတို့ ကုမ္ပဏီက ဒီမှာရှိတဲ့ အရာရှိကြီးတွေအတွက် လက်ဆောင်ပေးရင်း မောင်ကြီးဖို့ပါ ထည့်ပို့လိုက်တာ ”

ကိုနန္ဒာ က အထူးစေတနာကောင်းနေလေသည် ။ ဦးသီဟ ကား စပျစ်သီးကို မြုံ့ရင်း အုန်းတောကို ဖြတ်၍ ပင်လယ်ပြင်သို့ ငေးစိုက်နေ လေသည် ။

“ မြမျက်ချယ်  ၊ ခု မောင်ကြီးတို့ ‘ စစ်ပျို ’ ပေါ့နော် ”

ကိုနန္ဒာ က သူသင်ကြားထားသော ဗျူဟစက္ကိပျို့မှ စကားလုံး တစ်လုံးကို ကိုးကား ရည်ညွှန်း၍ ပြောလိုက်၏ ။ ‘ စစ်ပျို ’ ဆိုသည်မှာ စစ်သည်တော်များ နေ့ရက်ကြာညောင်း၍ အစားအစာ ဆွံ့ရှားနေသော အခါ တိုင်းတော်ပြည်တော်မှ စားရေရိက္ခာတို့ သယ်ယူ၍ ကျွေးမွေးခြင်း ပင် ဖြစ်သည် ။

မြမျက်ချယ် က မြလက်စွပ် ဝတ်ထားသော ဘယ်လက်ကလေး ဖြင့် သူ့ပါးစပ်ကလေးကို မလုံ့တလုံပိတ်ကာ တခစ်ခစ် ရယ်လိုက်ပြီး

“ စစ်ပျိုမဟုတ်ပါဘူး မောင်ကြီး နန္ဒာ …. ၊ စစ်ရွှင်ပါ ”

“ စစ်ရွှင် ” ဆိုသည်မှာ အခြားတိုင်းပြည်ကို အောင်မြင်သောအခါ စစ်သည်သူရဲတို့အား ထိုတိုင်းပြည်မှ ထိုက်သင့်သော ပစ္စည်းဥစ္စာတို့ကို ယူခွင့်ပေး၍ ဘုရင်မင်းမြတ်မူကား မိမိလိုရာ ဘဏ္ဍာပစ္စည်းကို မိမိ သဘောအလျောက် ရွေးချယ်ယူနိုင်ခြင်းဖြစ်သည် ။

“ စစ်ရွှင်ဟုတ်လား ၊ စစ်ရွှင်ရအောင် မောင်ကြီးတို့က ဘယ် တိုင်းပြည်မှ တိုက်လည်း မတိုက်ရသေး ၊ နိုင်လည်း မနိုင်သေးဘဲနဲ့ ”

“ တိုက်ရင်နိုင်မယ်လို့ သိနေရတဲ့ တိုင်းပြည်ကိုမှ ဝင်ပြီး မတိုက် သေးတာ စစ်ဘုရင်ညံ့လို့ပေါ့ ”

“ အင်း ... အင်း ... ဟုတ်ပါလိမ့်မယ် ၊ တိုက်ရင် နိုင်မယ်ဆိုရင်တော့ တိုက်မယ့်လူချည်းပဲပေါ့ဗျာ ၊ မဟုတ်ဘူးလား လှသက်လှယ် ”

“ ဟုတ်တယ် ” လှသက်လှယ် က ဝင်ပြောလိုက်၏ ။

“ ဒါပေမဲ့ မောင်ကြီးတို့လို စစ်တိုက်ဖို့ ကြောက်တဲ့ လူဆိုရင်တော့ ဘယ်လိုပဲ တိုက်တိုက် နိုင်မှာ မဟုတ်ဘူး ”

“ အေးဗျာ .. ကြောက်တယ် မကြောက်ဘူးဆိုတာတော့ စစ်မြေ ပြင်ရောက်မှပဲ သိရမှာပေါ့ ။ ကဲ ... လာလာ လှိုင်းစီးထွက်ကြရအောင် ”

ကိုနန္ဒာ က ပြောပြောဆိုဆို လှေရှိရာ ကမ်းစပ်သို့ ထွက်လာသော ကြောင့် မြမျက်ချယ် နှင့် လှသက်လှယ် တို့ ညီအစ်မပါ နောက်က လိုက် လာကြလေသည် ။

“ ကဲ .. လေလည်း အငြိမ်သားပဲ ၊ ဟိုဘက် ကျွန်းဆွယ်ကလေးထိ သွားရအောင် ”

ကိုနန္ဒာ က ပဲ့မှလှော်ရင်း တစ်မိုင်ခန့်ဝေးသော ကျွန်းဆွယ်ကလေး ကို ညွှန်ပြလိုက်၏ ။ မြမျက်ချယ် တို့ ညီအစ်မနှစ်ယောက်က အုန်းတောထဲ တွင် ထိုင်၍ ကျန်ရစ်ခဲ့သော ဦးသီဟ ဆီသို့လှမ်းကြည့်ပြီးနောက် ကိုနန္ဒာ  ၏ အကြံပေးချက်ကို ခေါင်းညိတ်လိုက်ကြ၏ ။

လှေကလေး သည် လှိုင်းခေါင်းဖြူကြီးများပေါ်တွင် တအိအိ ရွေ့ လျားရင်း ကျွန်းဆွယ်ကလေးနှင့် နီးလာလေသည် ။ ကျောက်တန်းများ ပေါ်တွင် ပေါက်နေသော ကျောက်ခက် ကျောက်ပန်းကလေးများမှာ နေရောင်တွင် တောက်ပနေ၏ ။ ကျွန်းဆွယ်ကလေး၏ အခြား အကွေ့ တွင် ပင်လယ်ခိုများ ရစ်ဝဲပျံသန်းနေကြ၏ ။

လှေဦးသည် ဖြူလွလွသဲသောင်ပြင်ပေါ်သို့ မှေးတင်လိုက်၏ ။ ကိုနန္ဒာ သည် လှေဦးပေါ်မှ ကျောက်တုံးကို ကမ်းစပ်ပေါ်သို့ ချထားလိုက် ပြီး မြမျက်ချယ် နှင့် လှသက်လှယ် တို့ ညီအစ်မဘက်သို့ လှမ်းတဲ့ကာ

“ မောင်ကြီးတော့ ဒီဘက်ကျွန်းစွယ်ကလေး ရောက်အလာ ဒဂုန် ကနေ သံလျင်ကူးပြီး မွေ့နွန်းနဲ့ တွေ့ ခဲ့တဲ့ နန္ဒာမင်းသားကို သွားသတိရ မိတယ် ... ” ဟု ပြောလိုက်သောကြောင့် လှသက်လှယ် က ...

“ အမယ် … မောင်ကြီး ကလည်း ၊ ကိုယ့်ဟာကိုယ် မင်းနန္ဒာကိုယ် တော်ကြီးများ ဝင်စားတယ် ထင်နေတယ်နဲ့ တူတယ် ။ ဒါဖြင့်လည်း သံလျင်ထိပ်ထားမွေ့နွန်းမင်းသမီးတစ်ပါးတော့ ရှာပေးရဦးမယ် ” ဟု ခနဲ့တဲ့တဲ့ ပြောလိုက်သဖြင့် မြမျက်ချယ် ကလည်း အားကျမခံ..

“ ဟုတ်တယ် ၊ မောင်ကြီး ဟာ ရှေးရှေးတုန်းက မင်းနန္ဒာကိုယ်တော်ကြီး ဝင်စားတာဖြစ်မှာပဲ ၊ မွေ့နွန်းထိပ်ထားကလေးတော့ ဒီကျွန်း ပေါ်ကပဲ မောင်ကြီး ကို မျှော်နေသလား မသိပါဘူး ။ တစ်ကျွန်းလုံးပတ်ပြီး ရှာကြည့်ရအောင် ” ဟု လေပြေထိုးလိုက်ပြန်သောအခါ ကိုနန္ဒာ မှာ မနေ သာတော့ဘဲ

“ ဟို ... ရှေးရှေးတုန်းက မွေ့နွန်းထိပ်ထား ဆိုတာ မြမျက်ချယ် တို့ ၊ လှသက်လှယ် တို့ ညီအစ်မ လောက် လှမယ် မထင်ပါဘူးဗျာ ။ မောင်ကြီး သာ မင်းနန္ဒာကိုယ်တော်ကြီးဆိုရင်တော့ ... ” ဟု စကားဆက်ရမည် ခက်သဖြင့် ရုတ်တရက်ဖြတ်ထားလိုက်သည်တွင် မြမျက်ချယ် ရော လှသက်လှယ် ပါ ပြိုင်တူလိုလိုပင် ...

“ မောင်ကြီးသာ မင်းနန္ဒာ ကိုယ်တော်ကြီး ဆိုရင် မွေ့နွန်းထိပ်ထား ကို ပစ်သွားနိုင်မှာ မဟုတ်ပါဘူး ” ဟု ရယ်ရယ်မောမော ပြောလိုက် သောကြောင့် ကိုနန္ဒာ လည်း ချေပစရာစကားစရှာ၍ မတွေ့သဖြင့် မြမျက်ချယ် တို့ ညီအစ်မ နှင့် ရောနှော ရယ်မောလိုက်ရလေသည် ။

ကျွန်းဆွယ်ကလေး တစ်ဝိုက်တွင် သုံးဦးသား ရယ်မောလိုက်သော အသံက ပဲ့တင်ရိုက်၍ မဆုံးမီ တဒိုင်းဒိုင်း ပစ်ခတ်လိုက်သော သေနတ်သံ များ ပေါ်ထွက်လာ၏ ။ ကိုနန္ဒာ သည် မြမျက်ချယ် တို့ညီအစ်မနှစ်ယောက် ကို တစ်ပြိုင်တည်းဆွဲ၍ မြေကြီးပေါ်သို့ တွန်းလှဲပြီးနောက် သူကိုယ်တိုင် ပါ ပြားပြားမှောက်ချလိုက်၏ ။

ကျည်ဆန်များသည် သူတို့ခေါင်းပေါ်မှ တဝီဝီမြည်၍ ဖြတ်ကျော် သွားကြလေသည် ။

ကိုနန္ဒာ သည် ခါးထဲမှ ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်ပြီး နောက် ရှေ့သို့ တွား၍ တက်လိုက်၏ ။ တစ်ဖက်မှ ရန်သူသည် အရိပ်အကဲ ကို စောင့်ကြည့်နေသကဲ့သို့ ထင်ရ၏ ။ အပစ်အခတ် ရပ်နေပြန်သည် ။

“ သတ္တိရှိရင် ပစ်စမ်းဟေ့ ... ”

ကိုနန္ဒာ က အော်ဟစ်ရင်း ရှေ့သို့ တိုးလိုက်ပြန်သည် ။ တစ်ဖက် မှ ပစ်လွှတ်လိုက်သော ကျည်ဆန်တစ်ခုသည် ကိုနန္ဒာ အကာအကွယ် ယူလိုက်သော သစ်ပင်ခြေရင်းအနီးမှ ကျောက်တုံးကလေးကို ထိမှန် ပေါက်ကွဲသွားလေသည် ။ ကိုနန္ဒာ သည် သစ်ပင်ခြေရင်းကို အကာ အကွယ်ယူရင်း ရန်သူကျည်ဆန်လာရာဘက်သို့ နှစ်ချက်တိတိဆက်၍ ပစ်လိုက်ပြီးနောက် သစ်ပင်ခြေရင်းမှနေ၍ သူနှင့် ဓားလွယ်ခုတ်နှစ်လံ အကွာလောက်တွင် ရှိသော ကျောက်တုံးကြီး ဘေးသို့ ပြေးကပ်လိုက်၏ ။ ရန်သူ့ကျည်ဆန်များသည် သူ အကာအကွယ် ယူခဲ့သော သစ်ပင်ခြေရင်း ကို သွား၍ ထိမှန်ကြလေသည် ။

“ ဗျို့ကိုနန္ဒာ ၊ သတိမလစ်စေနဲ့ ၊ ကျုပ်တို့လာပြီ ”

ရေလယ်မှနေ၍ ဟစ်အော်ပြောလိုက်သော ဦးသီဟ အသံကို ကြားရ၏ ။ ကိုနန္ဒာ သည် ရန်သူဘက်သို့ နားစွင့်လိုက်ပြီး နောက်တစ်ချက် ထပ်၍ ပစ်လိုက်၏ ။ ရန်သူဘက်မှ ပစ်ခတ်သံများ စဲသွားလေသည် ။

ကျွန်းဆွယ်ကမ်းစပ်ပေါ်သို့ လှေတစ်စင်း ထိုးဆိုက်လိုက်ပြီး နောက် ဦးသီဟ နှင့်အတူ တပည့်လေးငါးခြောက်ယောက်ကို သေနတ် ကိုယ်စီနှင့် မြင်ရလေသည် ။

“ ဗျို့ ... ဦးသီဟ ၊ ကျွန်တော်တို့ ဒီမှာ ... ”

ကိုနန္ဒာ က အသံပြုလိုက်သောကြောင့် ဦးသီဟ နှင့် နောက်လိုက် တပည့်များသည် ကိုနန္ဒာ တို့ နေရာသို့ ရောက်လာကြ၏ ။

“ ဒီကောင်တွေ ဒီလောက်ဆို ထွက်ပြေးကြပါပြီ ”

ကိုနန္ဒာ က ဆီးကြို၍ပြောလိုက်လေသည် ။ ဦးသီဟ သည် အနည်း ငယ်မျှ တုန်လှုပ်ဟန်မပြဘဲ သူ့သမီးနှစ်ယောက်ကို အားပေးစကားပြော နေရာမှ ကိုနန္ဒာ ဘက်သို့ လှည့်၍..

“ သတ္တိရှိတဲ့ လူစားတွေ မဟုတ်နိုင်ပါဘူး ကိုနန္ဒာ  ” ဟု ကိုနန္ဒာ  စကားကို ထောက်ခံ၍ ပြောဆိုလိုက်၏ ။

“ ကိုင်း ... ကိုင်း ... ပြန်ကြရအောင် ... ”

လှေနှစ်စင်းသည် ရှေ့ဆင့်နောက်ဆင့် ကမ်းခြေသို့ လှော်ခတ် ခဲ့ကြလေသည် ။

( ၄ )

“ စစ်မှာ အစီအရင် ၇ ပါးရှိတယ် ”

စားပွဲထိပ်တွင် ထိုင်နေသော ဦးသီဟ က ကိုနန္ဒာ နှင့် မျက်ချယ် ၊ သက်လှယ် ညီအစ်မနှစ်ယောက်အား ရှေးမြန်မာတို့၏ စစ်အစီအစဉ်ကို စီကာပတ်ကုံး ရှင်းပြနေ၏ ။ ညမှာ တိတ်ဆိတ် ငြိမ်သက်လှသဖြင့် ဦးသီဟ ၏ အသံသည် ပို၍ကျယ်လောင်သည်ဟု ထင်ရသည် ။

ဦးသီဟ သည် လက်ချိုးရေတွက်ရင်း

“ စစ်အစီအစဉ် ၇ ပါး ဆိုတာဟာ စစ်အင်္ဂါ ၊ စစ်ချီ ၊ စစ်ကပ် ၊ စစ်ထိုး ၊ စစ်ခံ ၊ စစ်ဖျက် ၊ စစ်ပြန် အဲဒီ ၇ ပါးကနေပြီး တစ်ခုစီ တစ်ခုစီ ခွဲထုတ်လိုက်ရင် စစ်အင်္ဂါဆိုတာမှာ ၇ မျိုး ၊ စစ်ချီတာမှာ ၄ မျိုး ၊ စစ်ကပ်တာမှာ ၂ မျိုး ၊ စစ်ထိုးတာမှာ ၆ မျိုး ၊ စစ်ခံတာ ၆ မျိုး ၊ စစ်ဖျက်တာ ၆ မျိုး ၊ စစ်ပြန်တာ ၃ မျိုးဆိုပြီး ရှိပြန်တယ် ”

“ စစ်ထိုးတဲ့ ၆ မျိုးက ဘယ်လိုဟာမျိုးလဲဦး ”

“ ဂဠုန်တောင်လို ၊ ရေယဉ်လို ၊ နွားလားဥသဘလို ၊ လေးညို့လို ၊ မကန်းကွက်လို ၊ မြွေတွားသလို စစ်ထိုးခြင်းဆိုပြီး ၆ မျိုး ရှိတယ် ”

“ ကိုယ့်ရန်သူက ကိုယ့်ကို ဦးပြောတဲ့နည်း ၆ မျိုးနဲ့ စစ်ထိုးပြီဆို ပါတော့ ၊ ကိုယ်က ဘယ်လို စစ်ခံရမလဲ ”

“ စစ်ထိုးခြင်း ၆ မျိုးကို စစ်ခံခြင်း ၆ မျိုးနဲ့ ခံနိုင်တာပေါ့ ကိုနန္ဒာ ။ ရင်ပေါင်တန်းငှက်လို ၊ ကင်းလက်မလို ၊ လှည်းဦးကင်းလို ၊ ပျားလပို့ လို ၊ ကျီးခြေလို ၊ ခုံလောက်လို စစ်ခံခြင်း ခြောက်မျိုးရှိတယ် ”

“ တကယ်လို့ ရန်သူက ဦးပြောတဲ့ ခံစစ်ခြောက်မျိုးနဲ့ ခံနေပါပြီတဲ့ ၊ ကျွန်တော်တို့က အဲဒီခံစစ်ကို ဘယ်လို ဖျက်နိုင်မလဲ ”

“ ဒီလိုဖျက်ဖို့ကျတော့လည်း နည်းရှိတာပါပဲ ကိုနန္ဒာ  ၊ ရန်သူက လှည်းဦးကင်းစစ်နဲ့ ခံနေရင် ကိုယ်က ဂဠုန်တောင်စစ်နဲ့ဖျက် ၊ ရန်သူက ခုံလောက် သဏ္ဌာန်စစ်နဲ့ ခံနေရင်ကိုယ်က ဥသဘစစ်နဲ့ဖျက် ၊ ရန်သူက ရင်ပေါင်တန်းစစ်နဲ့ဖြစ်ဖြစ် ၊ ကင်းလက်မစစ်နဲ့ ဖြစ်ဖြစ် ခံနေရင် ကိုယ်က ရေယာဉ်စစ်နဲ့ ဖျက်ရတယ် ။ ရန်သူက ကျီးခြေစစ်နဲ့ ခံရင် မကန်းစစ်နဲ့ ဖျက် ။ ပျားလပို့ စစ်နဲ့ခံရင် မြွေတွားစစ် ၊ လေးညှို့စစ်နဲ့ ဖျက်နိုင်တာပေါ့ …. ”

“ ဒီပြင် စစ်တိုက်နည်းများ ရှိသေးလား ဦး ”

“ ဟာ ... ရှိတာပေါ့ ကိုနန္ဒာ ၊ ဟိုတစ်နေ့က တိုက်တဲ့ဟာမျိုးဆိုရင် ကာက ဗျူဟာခေါ်တဲ့ တိုက်နည်းပေါ့ ”

ကိုနန္ဒာ က ခေါင်းကို တစ်ချက်ကုတ်လိုက်ပြီး ...

“ ကာကဗျူဟာ ဆိုတာ ဘယ်လိုဟာ ခေါ်သလဲဦး ”

“ ကာကဗျူဟာ ဆိုတာ ကျီးရဲ တိုက်နည်းပေါ့ ။ ကျီးရဲဟာ လူပုံထဲ ကို ပျံဝဲပြီး ငါးတွေ ၊ အမဲသားတစ်တွေကို သုတ်ယူသလိုပဲ ကိုယ့်ဘက် က စစ်အင်အားနည်းပေမဲ့ သူ့ဘက်က စစ်သည်အများကြားထဲကို ရုတ်တရက်ဝင်ပြီးလိုက်လံ တိုက်ခိုက်တဲ့ နည်းမျိုးပေါ့ ။ ကိုနန္ဒာ ဟိုနေ့က တိုက်တာလည်း ဒီနည်းပဲ မဟုတ်လား ”

“ ကျွန်တော်တော့ ဘယ်နည်းမှန်း မသိပါဘူးဦး ။ မျက်ချယ်နဲ့ သက်လှယ်တို့ ညီအစ်မနှစ်ယောက် ပါနေတာနဲ့ပဲ အရဲစွန့်လိုက်ရတာ ပါ ၊ တကယ်တော့ ကျွန်တော် ကျီးရဲတိုက်နည်းလည်း မသိ ၊ ကျီးရဲလို လည်း သတ္တိ မရှိပါဘူး ”

ဦးသီဟ က တစ်ချက်ပြုံးလိုက်ပြီး ...

“ အင်း .. ကိုနန္ဒာ က သတ္တိမရှိပေလို့ပဲ ၊ သတ္တိများရှိရင် ” ဟု ဆိုကာ စကားကို အဆုံးမသတ်ဘဲ ကိုနန္ဒာ ကို အဓိပ္ပာယ် တစ်စုံတစ်ရာ သက်ရောက်သော အကြည့်မျိုးဖြင့် တစ်ချက်မျှ စူးစိုက်၍ ကြည့်လိုက် သောကြောင့် ကိုနန္ဒာ ကလည်း ...

“ ဒီလောက်နဲ့တော့ သတ္တိရှိတယ်လို့ ခေါ်နိုင်မယ် မထင်ပါဘူး ဦးရယ် ၊ ဒါမျိုးလောက်တော့ သူသူငါငါ လုပ်နိုင်လောက်တဲ့ အလုပ်မျိုး ပါ ။ ဦးတို့ လုပ်ခဲ့တဲ့ အလုပ်မျိုးသာ သတ္တိရှိတယ်လို့ မှတ်တမ်းတင် လောက်တာပါ ” ဟု ပြောလိုက်ရာ ဦးသီဟ သည် ထိုင်ရာမှ ဖြုန်းခနဲ ရပ်လိုက်ပြီး ...

“ ကိုနန္ဒာ  ဘာပြောတယ် ၊ ဦးတို့ လုပ်ခဲ့တဲ့ အလုပ် ဘာအလုပ်ကို ဆိုလိုတာလဲ ” ဟု အလျင်စလို မေးလိုက်လေသည် ။ ကိုနန္ဒာ က လေအေးအေးနှင့်ပင် ...

“ ဪ …. တခြား ဟုတ်ပါရိုးလား ဦးရယ် ၊ သေနတ်တွေ တဒိန်းဒိန်း ပစ်နေတဲ့ကြားက ကျွန်တော်တို့ ရောက်နေတဲ့ ကျွန်းဆွယ်ကို ကူးလာဝံ့တာဟာ နည်းတဲ့ သတ္တိလား ” ဟု အဖြေပေးလိုက်သည့်တိုင် ဦးသီဟ ၏မျက်နှာပေါ်တွင် ကိုနန္ဒာ ၏အဖြေကို မကျေမချမ်းဖြစ်နေသည့် အရိပ်လက္ခဏာများ ပေါ်နေလေသည် ။

ထိုအခိုက်တွင် စာသင်ခန်းတံခါးသည် ရုတ်တရက်ပွင့်သွားပြီး နောက် အသက်ငါးဆယ်ကျော်ခန့် ပိန်ပိန်ရှည်ရှည် လူတစ်ယောက် သည် အတွင်းသို့ ဝင်လာလေသည် ။

ဦးသီဟ သည် ဝင်လာသူကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကျားကို မြင်လိုက်ရသော သမင် ၊ ခြင်္သေ့ကို မြင်လိုက်ရသော မြေခွေး ကဲ့သို့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသော်လည်း တတ်နိုင်သမျှ ဟန်ဆောင်ကာ -

“ ဟေ့ ဖိုးကျော် ၊ ငါကတော့ မင်း သေပြီ သတင်းကြားလို့ ” ဟူသော စကားကို အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်၏ ။ ဝင်လာသူ သည် မြမျက်ချယ် နှင့် လှသက်လှယ် ညီအစ်မနှစ်ယောက်အား မျက်ရည် ပြည့်လျှမ်းသော မျက်စိအစုံဖြင့် ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ဆုံးဖြတ်ချက် ချပြီးသူကဲ့သို့ ခါးတွင် ပတ်ထားသော သံပြားရှည်ရှည်ကို ဖြုတ်လိုက် ၏ ။ သူ့လက်ထဲသို့ ရောက်သောအခါတွင်ကား ထိုသံပြားသည် ထက် သော ဓားတစ်ချောင်းဖြစ်ကြောင်းကို ကိုနန္ဒာ က သိရှိလိုက်လေသည် ။

“ ဟေ့ ... ငကျွဲ ”

ဝင်လာသူက ဦးသီဟ အား မိုးချုန်းသံကြီးဖြင့် ခေါ်လိုက်၏ ။

“ နင်ကများ … မင်းထိုက် စိုးတန် နာမည်ခံပြီး ပုန်းနေရင် လွတ်မယ် ထင်နေတာ အံ့သကွာ ။ ဖိုးကျော် အကြောင်း ငယ်ပေါင်းကြီးဖော် အချင်းချင်း အစင်းသား သိဖို့ ကောင်းတယ် ။ ဟေ့ ... နင်နဲ့ ငါ နဲ့ ဓားပြတိုက်လို့ ရတဲ့ရွှေတွေ ဘယ်မှာ ထားသလဲ ပြောစမ်း ”

ဝင်လာသူ က လက်ထဲမှ ဓားကို တယမ်းယမ်းလှုပ်ရင်း မေးလိုက် ၏ ။ ဦးသီဟ သည် ကြမ်းပြင်ပေါ်ထိုင်ချပြီး ...

“ ဖိုးကျော် ရယ် …. ဒီတစ်ခါတော့ ငါ့ အသက်ကို ချမ်းသာပေးပါ ၊ မင်းရော ငါရော အသက်ကြီးလှပါပြီ ၊ မင်း ရွှေတွေလည်း ငါကောင်းကောင်း သိမ်းထားပါတယ် ” ဟု ပြောလိုက်သောကြောင့် ဝင်လာသူ က အသံသြကြီးဖြင့် မခန့်လေးစား ရယ်လိုက်ကာ ..

“ အေးအေး … အသက်ကြီးတော့လည်း တစ်ခါတည်း သေလိုက် တာပေါ့ကွာ ဟုတ်လား ၊ ငါရထိုက်တဲ့ ရွှေတွေကိုပါ သုံးဖြုန်းပြီး မင်းက ဇိမ်ကျနေခဲ့တာ ခုတော့ သေရမှာ ကြောက်သလား ။ အေးဟေ့ ... ဒီ ရွှေတွေအတွက် ငါ ဒီလောက် အဆင်းရဲ အပင်ပန်းခံပြီး နင့်ကို လိုက် ရှာမှာ မဟုတ်ဘူး ၊ ဟောဒီ သမီး နှစ်ယောက်အတွက်ကြောင့် ၊ ခွေး ခွေး ... ငါ့ ရွှေတွေလည်း ယူသွားသေးရဲ့ … ငါ့ သမီးနှစ်ယောက် ကိုလည်း သမီးအရင်းလို ကျွေးမယ် မွေးမယ် ကတိခံပြီး သေ ... သေ .. နင်သေ ... ” ဟု ပြောရင်း လက်ထဲမှ ဓားဖြင့် ပြေးပေါက်ရှာနေသော ဦးသီဟ ဆီသို့ တစ်ဟုန်ထိုးခုန်၍ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်လက်ခနဲ မီးပွင့်သွား သည်ကို မြင်လိုက်ရပြီး ဝင်လာသူရော ဦးသီဟ ပါ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည် ။

ဖြစ်ပျက်ပုံမှာ လျင်မြန်လွန်းလှသဖြင့် မြမျက်ချယ် တို့ညီအစ်မ နှစ်ယောက် နှင့် ကိုနန္ဒာ မှာ ပထမတွင် ငိုင်၍ ကြည့်နေကြပြီး အတန် ကြာမှ ဝင်လာသူအား ဝိုင်း၍ ထူမမိကြသည် ။ ဦးသီဟ ၏ ကိုယ်ခန္ဓာကြီး ကား ခေါင်းတခြား ကိုယ်တခြားဖြစ်ကာ မြင်မကောင်းအောင် သွေး များ စီးကျနေလေသည် ။

“ အင်း … ငကျွဲ … ငကျွဲ ၊ သေသည်အထိ ငါ့ အပေါ်မှာ သစ္စာ ဖောက်တဲ့အကောင် ”

ဝင်လာသူသည် သူ့ ရင်ဘတ်မှ သွေးတပွက်ပွက် ထွက်နေသော ဓားဒဏ်ရာ ကို လက်နှင့်ဖိရင်း မြမျက်ချယ် နှင့် လှသက်လှယ်  ညီအစ်မ နှစ်ယောက်အား..

“ သမီး .. သမီး .. ဒီသမီးနှစ်ယောက်ကြောင့် အဖေလက်စားချေရအောင် လာခဲ့တယ် ၊ အဖေ ဟာ မက္ခရာမင်းသားကြီး ရဲ့ အိမ်တော်ပါ အမှုထမ်းတစ်ဦး ဖြစ်တဲ့ ဗိုလ်ကျော်ခေါင် ပါပဲ ။ သီပေါမင်း နန်းတက်စ မှာ အဖေတို့ရဲ့ အရှင်သခင်မက္ခရာမင်းသားကြီး ဟာ မသမာသူများ လက်ချက်နဲ့ အခြားမင်းညီမင်းသား လေးဆယ်နဲ့အတူ နတ်ရွာစံကံတော် ကုန်ခဲ့ရတယ် ။ ဒါကို အဖေတို့ အိမ်တော်ပါ အမှုထမ်းတွေက စိတ်နာ ကြည်းပြီး အရှင်သခင် အတွက် တန်ပြန်ကလဲ့စားချေဖို့ ဟောဟိုက ငကျွဲ ရယ် ၊ အဖေရယ် ခေါင်းဆောင်ပြီး အောက်ရပ်ဒေသကို ဆင်း ၊ လက်နက် လူစု ၊ ရန်ပုံငွေများ ရှာ စသည်ဖြင့် လုပ်ခဲ့ကြတယ် ။ ဒီလိုလုပ်ရင်းနဲ့ ကိုယ်စုရုံးတဲ့လူ ကိုယ်မနိုင်တော့ဘဲ ဓားပြတိုက်တဲ့အခါ တိုက် ၊ လုတဲ့ အခါ လု ဆိုတဲ့ အခြေအနေရောက်လာပြီး တစ်ရက်မှာတော့ အဖေဟာ အင်္ဂလိပ်စစ်တပ်ရဲ့ အဖမ်းခံလိုက်ရတယ် ... ”

ဗိုလ်ကျော်ခေါင် သည် ခဏနားလိုက်ပြီး ...

“ ဒီအချိန်မှာ သမီးနှစ်ယောက် က သုံးခါလည်လောက်ပဲ ရှိသေး ၊ အမေဖြစ်သူလည်း မီးတွင်းထဲမှာ ဆုံးဆိုတော့ ... ငကျွဲ ကိုပဲ ဒီသမီးနှစ် ယောက်ကို အပ် .. ၊ အဖေစုဆောင်းထားတဲ့ ရွှေတွေပေး .. ၊ အဲဒါတွင်မက အဖေတို့ အရေးတော်ပုံအတွက် သပ်သပ် မြှုပ်ပြီး ဝှက်ထားတဲ့ ရွှေငွေ ပစ္စည်းမှန်သမျှကိုပါ ငကျွဲ လက် ဝကွက်အပ်ခဲ့တယ် ။ အဖေလည်း ထောင်ထဲမှာ ဆယ့်ငါးနှစ်လောက်နေပြီး အပြင်လည်း ရောက်လာရော ... ငကျွဲ သစ္စာဖောက်ပုံ ယုတ်မာပုံတွေ သိရပြီး လွန်ခဲ့တဲ့ ဆယ်ရက်လောက် ကမှ ဒီနယ် ရောက်လာတယ် ... ”

မြမျက်ချယ် နှင့် လှသက်လှယ် တို့ ညီအစ်မနှစ်ယောက်မှာ ယခုမှ သိရသော ဖခင် အတွက် မျက်ရည်စက်လက်နှင့် ရှိနေရသည် ။

“ လွန်ခဲ့တဲ့ ငါးရက်လောက်က ကျွန်တော်တို့ ကျွန်းဆွယ်ကလေးပေါ် မှာ လျှောက်တုန်းက သေနတ်နဲ့ ပစ်တာ ဦးတို့ လူတွေပဲ မဟုတ်လား ”

ကိုနန္ဒာ က မေးလိုက်သောကြောင့် မြမျက်ချယ် တို့ ညီအစ်မမှာ အံ့သြ သွားကြလေသည် ။

“ ဟုတ်တယ် ... ဦးတပည့်နှစ်ယောက်ကလည်း အဲဒီကျွန်းဆွယ် ပေါ်မှာ မြှုပ်ထားတဲ့ လက်နက်တွေ သွားယူတုန်း မောင်ရင်တို့ကို မြင်တော့ ရန်မူမယ့်လူ ထင်ပြီး ပစ်ခဲ့တယ်လို့ ပြောတယ် ။ ကံကောင်းလို့ပေါ့ ကွယ် ၊ နို့မဟုတ်ဆိုရင် ဦး သမီးနှစ်ယောက်ပါ ကြမ္မာဆိုးနဲ့ တွေ့ သွားမယ် ။ ကဲ .. ကဲ .. ဦးလည်း သစ္စာဖောက် လူယုတ်မာကို ကလဲ့စား ချေလိုက်ရလို့ သေပျော်ပါပြီ ”

ဗိုလ်ကျော်ခေါင် သည် ရင်ဝမှဒဏ်ရာကို လက်နှင့်ဖိရင်း အသက် ပျောက်သွားလေသည် ။ မြမျက်ချယ် နှင့် လှသက်လှယ် မှာ ယခုပင် မိမိ တို့၏ မွေးသဖခင် ကို တွေ့ လိုက်ရလျက် ယခုပင် မိမိတို့ မျက်စိအောက်၌ အသက်ပျောက်သွားသည်ကို မြင်လိုက်ရ သောကြောင့် ဖန်လာသော ကံကြမ္မာ၏ ဆိုးရွားပုံကို ဖြေဆည်၍မကုန်နိုင်အောင် ဖြစ်ရရှာလေသည် ။

( ၅ )

မီးသင်္ဘောကလေးတစ်စင်းသည် ရန်ကုန်မြို့ဆီသို့ ဦးတည် ခုတ် မောင်းနေ၏ ။ သင်္ဘောဦးပိုင်းတွင် မြမျက်ချယ် ၊ လှသက်လှယ် နှင့် ကိုနန္ဒာ တို့သည် ပင်လယ်ရေပြင်ကို ငေးစိုက်ရင်း လိုက်ပါလာကြသည် ။

မြမျက်ချယ် သည် လက်ကိုင်အိတ်ထဲမှ အသွား ၆ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်၏ ။ ဓားရိုးမှာ ဆင်စွယ်ဖြင့် ပြုလုပ်ထားလျက် ‘ သီဟ ’ ဟူသော ရွှေစာလုံးကို ဓားရိုးတွင် မြှုပ်နှံထား လေသည် ။

“ ဟောဒီ ဓားကို ပင်လယ်ထဲမှာ ပစ်ချလိုက်ရင် မကောင်းဘူး လား မောင်ကြီးနန္ဒာ ”

မြမျက်ချယ် က ညှိုးလျသောမျက်နှာဖြင့် မေးလိုက်၏ ။

“ ကောင်းတယ် ၊ ဖေဖေ့ အသက်နုတ်ယူလိုက်တဲ့ ဓားကို ပင်လယ် ထဲ အစတုံးမြှုပ်လိုက်တာ ကောင်းတယ် ”

လှသက်လှယ် က ကိုနန္ဒာ မပြောမီ ထောက်ခံချက်ပေးလိုက်၏ ။ ကိုနန္ဒာ ကမူ သဘောမတူသလို ခေါင်းယမ်းပြီး ...

“ ဒီဓားကို ပင်လယ်ထဲချပစ်လိုက်လို့ မဖြစ်သေးဘူး မျက်ချယ်နဲ့ သက်လှယ် ၊ ရုံးတော်မှာ ဒီဓားဟာ ဦးသီဟ ရဲ့ ဓားဖြစ်ကြောင်း တင်ပြ ရဦးမယ် ၊ မောင်ကြီး ... ဦးသီဟ ကို ဖမ်းဖို့ လိုက်နေတာ တော်တော်ကြာပြီ ။ ခုမှ ဦးသီဟ ကိုလည်း မိ ... နောက်ပြီး ... ဦးသီဟ က လူမသိရ အောင် ဝှက်ထားတဲ့ ပုလဲကုံးနှစ်သွယ်ကိုလည်း ရှာတွေ့ တော့တာပဲ ... ” ဟု ပြောလိုက်သောကြောင့် မြမျက်ချယ် ရော လှသက်လှယ် ကပါ ...

“ မောင်ကြီးက အင်္ဂလိပ်ကုမ္ပဏီက အဝယ်တော်ဆိုပြီး ဘာလို့ ဦးသီဟ ကို ဖမ်းဖို့ လိုက်နေရတာလဲ ” ဟု မေးလိုက်သဖြင့်

“ ဦးသီဟ ဟာ ဓားပြဂိုဏ်းခေါင်းဆောင်တစ်ယောက်ပဲ မဟုတ်လား ။ ဒါပေမဲ့ ကုန်သည် ယောင်ဆောင်နေတော့ မောင်ကြီးလည်း ကုန်သည်လုပ်ပြီး သူ့နောက်လိုက်ရတာပေါ့ ။ ပုလိပ်အရာရှိတစ်ယောက် လို လိုက်ရှာရင် သူသိသွားမှာပေါ့ မဟုတ်ဘူးလား ၊ နို့ပြီး ဒီလူကြီးက အကင်းလည်း အတော်ပါး ၊ လက်လည်း အတော်မြန်တယ် ။ မျက်ချယ်တို့ ဖေဖေက ဓားနဲ့ အတင်းဝင်ပိုင်းတော့ ခါးကြားထဲက ဓားမြှောင်ထုတ်ပြီး ထိုးဖြစ်အောင် ထိုးလိုက်သေးတယ် ” ဟု ပြောလိုက်သောကြောင့် မျက်ချယ်ရော သက်လှယ်ပါ သက်ပြင်းကလေးချရင်း အတိတ်မှ အဖြစ် အပျက်များကို မေ့ပျောက်ရန် ကြိုးစားနေကြရရှာလေသည် ။

⎕ တက္ကသိုလ်နန္ဒမိတ်

📖 မြဝတီ မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၅၇

.

Thursday, August 8, 2024

သေမင်း ကို သစ္စာနှံသည်


 

❝ သေမင်း ကို သစ္စာနှံသည် ❞

( ၁ )

“ အဲမွန်ဒယာ နင် အတောင် ရှိ၍ ပျံမည်လော ၊ နဂါးဖြစ်၍ မြေလျှိုး မည်လော ... ၊ မာယာ ဖြင့် သာ နင်ဝင်ရသည် ... ”

ဒလမြို့ ကို ရေကြောင်း , ကြည်းကြောင်း အထပ်ထပ်ပိတ်ဆို့ ဝန်းရံ ထား သော မင်းရဲကျော်စွာ ၏ တပ်များ အနက် ဒလမြို့ရိုး နှင့် အနီးကပ်ဆုံးသော တပ် မှ မြို့တွင်း သို့ ဟစ်၍ မေးလိုက်သံသည် ဟိန်း၍ ပေါ်ထွက်လာလေ သည် ။

“ ငါ ဆက်ဆက် ထွက်မည် ၊ နင်တို့ သာ စောင့်၍ နေတော့ ... ”

အဲမွန်ဒယာ ၏ မကြောက်မတွန့် မရွံ့မရှား ပြန်၍ ဖြေကြားလိုက်သော အသံ မှာ မင်းရဲကျော်စွာ အတွက် အခံရ ခက်ရုံ မက ရှက်လည်း ရှက်စဖွယ် ဖြစ်နေလေသည် ။

“ အဲမွန်ဒယာ ၊ နင် လှည့်ပတ်ပြောဆိုသည် ကို ငါတို့ မလေးမစား ပြု၍ သာ နင် ဒလမြို့တွင်းသို့ ဝင်ရသည် ။ နင် မြို့တွင်း ကထွက်၍ ပဲခူး သို့ ပြန်နိုင် သော် နင် လူစွမ်းကောင်း ဖြစ်သည် ”

“ နက်ဖြန် ပင် ငါ ပဲခူး သို့ တက်မည် ၊ နင်တို့ ဖမ်း နိုင်လျှင် စောင့်၍ ဖမ်းကြ .. ”

“ ဟယ် ... အဲမွန်ဒယာ ၊ ဒလမြို့ကို ငါတို့ ကြည်း အထပ်ထပ် , ရေအထပ်ထပ် ဝန်းရံထားသည် ။ နင့်တွင် ပျံ၍ ပြေးရန် အတောင် ရှိသော ငှက် မဟုတ် ၊ မြေလျှိုး ၍ ပြေးရန် အမောက် ရှိသော နဂါး မဟုတ် ။ နင် တကယ် စွမ်းသော် နင် ဆိုတိုင်း ထွက်လော့ ... ”

“ နက်ဖြန် ငါ ဆက်ဆက်ထွက်မည် ။ နင်တို့ စွမ်းသော် မိအောင် ဖမ်းတော့ ... ”

အဲမွန်ဒယာ ထံ မှ နက်ဖြန် ဒလမြို့မှ ထွက်၍ ပဲခူး သို့ တက်မည့် အကြောင်း ကို ကိုယ်တိုင် ကိုယ်ကျ နား နှင့် ဆတ်ဆတ် ကြားသိရပြီ ဖြစ်၍ မင်းရဲကျော်စွာ သည် တပ်မင်း , စစ်ကဲ ဟူသမျှ တို့အား အဲမွန်ဒယာ မထွက် သာအောင် ကြည်းကြောင်း , ရေကြောင်း အထပ်ထပ် စောင့်စေရမည် ။ သတိ ဝီရိယ ရှိစေရမည် ဟူသော အမိန့် ကို ထုတ်ဆင့်လိုက်လေ၏ ။

( ၂ )

ဒလမြို့ အား ကြည်းကြောင်း ၊ ရေကြောင်း မှ အထပ်ထပ် ဝန်းရံပိတ်ဆို့ ထား သော မင်းရဲကျော်စွာ ၏ တပ်သားများ သည် ကိုယ့် အဖွဲ့ နှင့် ကိုယ် ကင်း စောင့် သူစောင့် ၊ မြား ချွန် သူ ချွန် ၊ ယမ်းထောင်း သူ ထောင်း ဖြင့် အလုပ် များ နေကြ၏ ။ မိမိ တို့ ကင်း စောင့်ရမည့် အလှည့် ပြီးသွားသဖြင့် ဝိုင်းဖွဲ့၍ စကား ပြောနေ ကြသော တပ်သား အချို့ သည် တစ်ချက် တစ်ချက် တွင် အဲမွန်ဒယာ ဒလ မြို့တွင်း သို့ လှည့်ဖြား ၍ ဝင်သွားသည့် အကြောင်းသို့ စကားဦး ရောက်သွားကြ လေသည် ။

“ အဲမွန်ဒယာ က ဒလ ခြင်္သေ့ဆိပ်နား မှာ ရပ် နေတာကို ကျုပ်တို့ဘက် က မြို့တောင်စား က မြင်သတဲ့ ရောင်းရင်း ရဲ့ ။ သည်တော့ မြို့တောင်စား က ခေါ်ပြီး မေးသတဲ့ .. ” ဟု တပ်သား တစ်ယောက် က ပြောလိုက်သောကြောင့် နောက် တစ်ယောက် က လည်း သူ ကြားခဲ့ပုံကို အားကျမခံ ပြန်၍ ပြောလို သော သဘော ဖြင့် ...

“ ဟုတ်တယ် ... အဲမွန်ဒယာ က ဘယ်လို ပြောသလဲ ဆိုတော့ - ကျွန်တော် သည် ကျွန်တော် ၏ သခင် ကို ကောင်းရာ ကောင်းကြောင်း လျှောက်ထားပါသည် ။ ထိုသို့ လျှောက်ထားသည် ကို အလိုတော် မကျ ၊ မျက်တော် မူ သဖြင့် ကျွန်တော် စိတ်နာဝမ်းနည်း ၍ သူရဲကောင်း တို့ အရည်အချင်း ကို အထူး သိတတ်သော မင်းရဲကျော်စွာ ထံ အမှုထမ်း လိုသောကြောင့် လာခဲ့ခြင်း ဖြစ်ပါသည် ဆိုပြီး မြို့တောင်စား ကို လျှောက်သတဲ့ ။ သည်တော့ မြို့တောင်စား ကလည်း သူ လျှောက်တာ ကို ယုံကြည်ပြီး အိမ်ရှေ့ကိုယ်တော်ကြီး မင်းရဲကျော်စွာ ဆီ ကို ပို့သတဲ့ ။ အိမ်ရှေ့ကိုယ်တော်ကြီး ကလည်း ယုံကြည်တော် မူပြီး လက်ခံ ထားသတဲ့ ... ” ဟု လေရှည်ကြီး လျှောက်၍ ပြောနေစဉ် တတိယ တပ်သား တစ်ဦးက ...

“ သည်ဟာတင် ဘယ်ကမလဲ ရောင်းရင်းတို့ ရဲ့ ၊ ဆုတွေ လာဘ်တွေ တောင် ပေးသေးတယ် ဆိုကိုး ။ အဲ ... နောက် တစ်နေ့ မိုးသောက်တော့ မှ ဟောဒီ ဒလမြို့ ရဲ့ တံခါးပြင် , ကျုံးပြင် စတဲ့နေရာတွေမှာ ထွက် နေတဲ့ ရာဇာဓိရာဇ် ရဲ့လူတွေ ကို ကျုပ်တို့ ဘက်က တပ်သားတွေ က ထွက်ပြီးခုတ်တော့ အဲမွန်ဒယာ က ပါ လိုက် ခုတ်သေးသတဲ့ ၊ တော်တော် ဉာဏ်များတဲ့ တလိုင်း ပဲ ... ” ဟု ပြော၍ မဆုံးမီ ပထမတပ်သား က သူ သာ အသိဆုံးဟူသော အနေ ဖြင့် ...

“ ဒါလောက် ဉာဏ်များတာလောက်တော့ ထည့် ပြောဖို့တောင်မလိုဘူး ။ ကြည့်လေ ... ဘယ်လောက် နာသာခံခက် ဖြစ်အောင် ပရိယာယ် များသလဲ ဆိုရင် တစ်ရက် ကျတော့ အဲမွန်ဒယာ က ဆင်ဦး က စီး ၊ ကျုပ်တို့ ဘက် က စလင်းစား က ကုန်းလယ် က စီးပြီး တပ်တွင်း ကနေ မြို့ကျုံး အနား ရောက် အလာ မှာ ရာဇာဓိရာဇ် လူတွေ က မြို့တွင်းက နေ ထွက် တိုက်တယ် ။ အဲသည် လို တိုက်တော့ စလင်းစား မှာ ပါတဲ့ ကျုပ်တို့ ဘက်သားတွေ ထွက်ပြေးကြပါ ရောဗျား ။ သည်တော့ မှ အဲမွန်ဒယာ က ကျွန်တော် ကိုယ်တိုင် ဆင်းပြီး ခုတ်ပါ့ မယ် ဆိုပြီး ဆင် ပေါ် ကဆင်း ထွက်တိုက်တဲ့ လူတွေ ကို ခုတ်မယ့် ဟန် လုပ်ပြီး ဒလမြို့ ထဲ ဝင်ပြေးတာပါပဲဗျား ၊ ဘယ်လောက်များ နာသာ ခံခက်ဖြစ်အောင် လုပ်သလဲ ... ” ဟု မကျေမချမ်းနှင့် အဆုံးသတ်လိုက်သည် တွင် ဒုတိယ တပ်သား က ဆေးလိပ် ဖွာ နေရာ မှ ရပ်တဲ့ပြီး ...

“ ရာဇာဓိရာဇ် လူ ဆိုရင် ရာဇာဓိရာဇ် လိုပဲ ရှိမှာပေါ့ သွေးသောက်ရဲ့ ။ ရာဇာဓိရာဇ် လည်း ကြည့်စမ်းပါလား ၊ ဗညားနွဲ့ ဆိုတဲ့အမည် နဲ့ မင်းသား ဘဝ မှာ ရှိတုန်းက မယားကြီး တလမည်းဒေါ ကို ပစ်ပြီး ဒဂုန်ဆံတော်ရှင် ဘုရား က ပန်းသည်မ မွေမနိတ် အအိုစိုး ကို ကောက် ယူတာလေ ။ နောက်ပြီး ရာဇပလ္လင်ကလေး ဖင်ကပ် လာတယ် ဆိုရင်ပဲ သားတော် ဗောလောကျန်းတော ကို ထီး လုမယ် ၊ နန်းလုမယ် ဆိုပြီး သ,တ်ပစ်တာလေ ... ” ဟု မှတ်ချက် ချ လိုက်ရာ တစ်ယောက် က ..

“ ရာဇာဓိရာဇ် က သ,တ်ခိုင်းတာ မသ,တ်ရသေးပါဘူး ကိုရင် ရဲ့ .. ။ ဗောလောကျန်းတော ဟာ ဗောလောကျန်းတော အဆိပ်သောက်ပြီး သ,တ် သေတာပါ ။ အေးလေ .. သူ့ ဟာ သူ သ,တ်သေပေမယ့် ရာဇာဓိရာဇ် က သ,တ်ဖို့ ခိုင်းထားတော့ တယ် မထူးဘူးပေါ့ .. ” ဟု ကန့်ကွက်တော့ မလိုလိုနှင့် ထောက်ခံ လိုက်လေသည် ။

သူများတကာ စကားဝင်း တွင် တစ်ခွန်း မှ ဝင် မပြောဘဲ မြား ကိုသာ ဂရုစိုက်၍ ချွန်နေသော တပ်သားကြီး တစ်ယောက် က ယခု အချိန်တွင် ပါးစပ် ပိတ်၍ မထားနိုင်တော့ သလို ...

“ ဗညားနွဲ့ ဟာ ဘယ်လောက်များ လူကျင့်လူကြံ မကြံသလဲ ဆိုရင် ကျုပ်တို့ ဘုရင်မင်းခေါင် ရဲ့ နှမတော် ရော , မိဘုရား ရော အားလုံး သိမ်းပိုက် တာသာ ကြည့်တော့ ။ တကယ် ဆိုရင် နှမတော် ကို သိမ်းပိုက်ထားမင့်ဟာ သမီးတော် ကို သူ့ သား နဲ့ သာ လက်ဆက် ပေးဖို့ ထုံးတမ်းစဉ်လာ ရှိတယ် မဟုတ်လား ။ ခုတော့ ... ကြည့်ကြစမ်းပါဗျာ ၊ ရှင်ဘုရင် ဆိုပြီး ရှင်ဘုရင်ကျင့် ရှင်ဘုရင်ကြံ မကြံ တဲ့ ဗညားနွဲ့ လုပ်ပုံ နည်းနည်း မှ မတရားလို့ ပြောနေတာ ” ဟု လက်သီးလက်မောင်း တန်း၍ ပြောလိုက်၏ ။

ထိုအချိန် တွင် ကင်းမှူး ၏ “ နိုးနိုးကြားကြား အိပ်ကြဟေ့ ” ဟူသော နိုးဆော်သံ ပေါ်ထွက်လာသဖြင့် တပ်သားများ လည်း မိမိတို့ နေရာဌာန အသီးသီး သို့ လူစု ခွဲ၍ သွားကြလေ၏ ။

( ၃ )

ဒလမြို့တွင်း သို့ ဝင်လာနိုင်ခဲ့ပြီဖြစ်သော အဲမွန်ဒယာ မှာ ရာဇာဓိရာဇ် ၏ သားတော် ဗညားဒလ နှင့်တကွ တလိုင်းသူရဲကောင်း သမိန်အင်းငနိုင် အမှူးရှိသော တပ်မှူး , တပ်ကဲ , တပ်သားများ ၏ ချီးကျူးထောမနာ ပြုခြင်း ကို ခံယူ နေရလေသည် ။

မင်းရဲကျော်စွာ ၏ တပ်များ က ကြည်း အထပ်ထပ် ရေအထပ်ထပ် ရံကာ ဝိုင်းဝန်းပိတ်ဆို့ခြင်း ကို ခံနေရ သဖြင့် ပဲခူး ရှိ ရာဇာဓိရာဇ် နှင့် အဆက်အသွယ် ပြတ် နေသောကြောင့် ဝိုင်းရံထားသော မင်းရဲကျော်စွာ ၏ တပ်များ ကို မည်သို့ မည်ပုံ ပြန်လည် တွန်းလှန်ရန် မကြံတတ်အောင် ရှိနေသည့် အထဲတွင် မြို့တွင်းမှ ကာကွယ်ခုခံ နေရသော တပ်သားများ မှာလည်း ရက် ကြာ၍ လာ သည်နှင့် အမျှ စိတ်ဓာတ် ကျဆင်း နေချိန်၌ အဲမွန်ဒယာ က ရာဇာဓိရာဇ် ထံ မှ သတင်းစကားများ နှင့် တကွ တပ်သားများ အား ဝေငှရန် ရွှေ ငါးပိဿာ ကို ဆောင်ကျဉ်း၍ ယူလာ နိုင်ခဲ့၏ ။

ထို့ကြောင့်လည်း စိတ်ပန်းကိုယ်ပန်း ဖြစ်နေကြသော ဗညားဒလ ၏ တပ်သားများ မှာ ယနေ့ည အဖို့ ရွှင်လန်းအားတက်၍ လာကြရပြန်သည် ။ မင်းရဲကျော်စွာ အပေါ်တွင် မိမိ တို့ ဘက်မှ သူရဲကောင်းကြီး အဲမွန်ဒယာ က ပရိယာယ် ဖြင့် အောင်ပွဲ ဆင်နိုင်ခဲ့သောကြောင့် လည်း ရန်သူ ကို အောင်ရမည် ဟူသော ဇွဲသတ္တိ က တိုး၍ တက်လာလေသည် ။

“ နက်ဖြန် မနက် အရုဏ် တက်ရင်တော့ ကျုပ်တို့ ဘက် က အဲမွန်ဒယာ နဲ့ ဟိုဘက် က မင်းရဲကျော်စွာ တစ်ပွဲတစ်လမ်း အကဲစမ်း တာတော့ ကြားရဦးမှာ သွေးသောက် ရေ ” ဟူသော တပ်သားအချင်းချင်း အားတက်သရော ပြောသံ ဆိုသံများ မှာ ဒလမြို့တွင်း တွင် ယနေ့ည အဖို့ ရေပန်းအစားဆုံး သော စကား ဖြစ်နေလေသည် ။

ဗညားဒလ ၏ အဆောင်တော်တွင်း မှ သာယာငြိမ့်ညောင်းစွာပေါ်ထွက် လာသော တူရိယာ ဂီတသံ သည် ဒလမြို့ရိုး ကို ကျော်ကာ မင်းရဲကျော်စွာ တပ်စွဲ နေသော နေရာ ပေါ် တွင် ပျံဝဲလာ၏ ။ အဲမွန်ဒယာ ၏ ပရိယာယ် ဖြင့် အနိုင်ယူ သွားခြင်း ကို အရှုံးပေးလိုက်ရသော မင်းရဲကျော်စွာ သည် စိတ်မော လူမော ဖြစ်ကာ လဲလျောင်း နေရာမှ ရုတ်တရက် ထ ထိုင်ရင်း ...

“ သယ် ... ဘာ မဟုတ်တဲ့ အောင်ပွဲကလေး ကိုများ သင်းတို့ က တကယ် ကြွားစရာ ထင်နေသည်မှာ ရှက်စဖွယ် ကောင်းလှသည် ” ဟု မိန့်တော်မူပြီး တစ်ဆက်တည်း ပင် ဗိုလ်မှူး , တပ်မှူးများ စခန်းချရာ နေရာသို့ ကြွချီတော် မူ သွား သဖြင့် ကိုယ်ရံတော်များ လည်း ရေးကြီးသုတ်ပျာ နှင့် နောက်မှ လိုက်ပါ၍ သွားကြရလေ၏ ။

••••• ••••• •••••

ဒလမြို့ရိုး ၏ အပြင်ဘက် တွင် မင်းရဲကျော်စွာ နှင့် ဗိုလ်မှူး, တပ်မှူးများ က အဲမွန်ဒယာ လွတ်ထွက်၍ မသွားနိုင်အောင် ကြောင်တစ်ကိုယ်စာ ဝင်နိုင် သည့်အပေါက် ကိုပင် မလစ်စေရဘဲ စောင့်ကြပ်ပိတ်ဆို့ ထားကြရန် အမိန့် ပေးရုံ မျှမက ကိုယ်တိုင်ကိုယ်ကျ လိုက်လံကြည့်ရှု စစ်ဆေး နေခြင်းဖြင့် အလုပ်ရှုပ် နေ သကဲ့သို့ ဒလမြို့ရိုး ၏ အတွင်းဘက် တွင်လည်း ရာဇာဓိရာဇ် သားတော် ဗညားဒလ , သူရဲကောင်း သမိန်အင်းဝနိုင် နှင့် အဲမွန်ဒယာ တို့ မှာ သံကွန်ချာခုနစ်လွှာ နှင့် ထပ်ကာထပ်ကာ အုပ်၍ ထားသလို ဝန်းရံပိတ်ဆို့ စောင့်ကြပ်ထားသည့်အကြား မှ လွတ်ထွက်နိုင်မည့် ယိုပေါက် ကို သုံး ယောက်သား ခေါင်းချင်း ဆိုင်၍ တိုင်ပင် နေကြလေသည် ။

“ ကျွန်တော်မျိုးကြီး သည် အတောင် ပါသော ငှက် မဟုတ်၍ ပျံ မပြေးနိုင် သော်လည်း စိတ်ပူပန်ဖွယ်ရာ မရှိပါ ။ အမောက် ပါသော နဂါး မဟုတ်၍ မြေ မလျှိုးနိုင် သော်လည်း ကြောင့်ကြတော်မူပါနှင့် ။ အရှင့်သား သာ စံမြဲတိုင်း စံနေတော်မူပါ ” ဟု အဲမွန်ဒယာ က သုံးယောက်သား ခေါင်းချင်းဆိုင် တိုင်ပင် နေရာ မှ လျှောက်တင်လိုက်သောကြောင့် ဗညားဒလ က ပြုံးတော်မူ ကာ .. “ သည်ဟာကြောင့်လည်း ဖခမည်းတော် က အားကိုးတော်မူသည် ထင်ပ .. ၊ ဘယ်ကိစ္စ ဘယ်အကြောင်း ကို ရှာပြီး ဘယ်ကဲ့သို့ ပဲခူး ကို တက်နိုင် ပါ့မလဲ လျှောက်ထားစမ်းပါဦး ” ဟု မိန့်တော်မူလိုက် သဖြင့် အဲမွန်ဒယာ သည် ခဏမျှ စဉ်းစားလိုက်ပြီး ...

“ ယောက်ျားတို့ စွမ်းပကားသည် စကား တွင် လည်း တည်ပါသည် ။ လက်ရုံးအား တွင်လည်း တည်ပါသည် ။ နှလုံးသား တွင် လည်း မှီပါသည် ။ မင်းခေါင် ၏ သားတော် မင်းရဲကျော်စွာငယ် မှာ အသက်အရွယ် ငယ်စဉ် ကတည်း ကပင် နှလုံးအား ကို မသုံး ၊ နှုတ်အား ကို မသုံးဘဲ လက်ရုံးအား တစ်ခုတည်း နှင့်သာ စစ်သွေးစစ်မာန် ဖြင့် စိတ်လိုက်ကိုယ်ပါ ပြုတတ်သူ ဖြစ်၍ ကျွန်တော်မျိုးကြီး အား လွတ်ပေါက် မရှိအောင် သံကွန်ချာ ခုနစ်ထပ် ကာ၍ ထား သကဲ့သို့ ဝိုင်းဝန်းပိတ်ဆို့ ထားသော်လည်း ကျွန်တော်မျိုးကြီး လွတ် ထွက် နိုင်မည့် အချက် ကို ကွက်ခနဲ မြင်မိပြီးသား ဖြစ်ပါသည် ။ သို့ရာတွင် ကျွန်တော်မျိုးကြီး ဆောင်ရွက်ရမည့် အမှု မပြီးစီးခင် ကြိုတင်၍ မလျှောက်ထား လိုသေးပါဘုရား ” ဟု ပြန်၍ လျှောက်ထားလိုက်၏ ။

ဗညားဒလ သည် ခေါင်း ကို လက်နှင့် အယား ဖျောက်တော်မူရင်း ..

“ အင်း … အင်း … လျှောက်တင်ချက်ကဖြင့် သင့်မြတ်လှသည် ။ မင်းရဲကျော်စွာငယ် မှာ လျှောက်တင်သည့်အတိုင်း နှလုံးရည် ကို မသုံး ၊ လက်ရုံးရည် ကို သာ သုံးသူ ဖြစ်သည် ။ မင်းရဲကျော်စွာငယ် ၏ ဖခမည်းတော် မင်းခေါင်မှာ လည်း ညီတော် ရှင်သိဒ္ဓတ် နန်းတင် ပေး၍ ရှင်ဘုရင် ဖြစ်လာရသူ သာ ဖြစ်သည် ။ ဖခမည်းတော် ရာဇာဓိရာဇ် ကဲ့သို့ နှလုံးအား , လက်ရုံးအား , ဘုန်းအား ရှိသူ မဟုတ် ။ ငါတို့ က ကြံ ရသော် သင်းတို့ ခံနိုင်ဖွယ် မရှိ ... ” ဟု မိန့်တော်မူကာ အဲမွန်ဒယာ လျှောက်ထားပုံ ကို အားရတော်မူလှ သဖြင့် လက်ဆွဲတော် ရွှေဓားကို အဲမွန်ဒယာ အား ဆုတော် လာဘ်တော် အဖြစ် ပေးသနားတော် မူလိုက်လေသည် ။

( ၄ )

အရုဏ်ကျင်း ၍ အလင်း သို့ လုလာသည်နှင့် အမျှ မင်းရဲကျော်စွာ ၏ တပ် များသည် ပိုးပုရွက်ဆိတ်များ ကဲ့သို့ လှုပ်လှုပ်ရွရွ ဖြစ်နေကြ၏ ။

ကြည်းဘက် တွင် တာဝန်ကျသော တပ်သားများ က ကြောင်တစ်ကိုယ်စာ ဝင်နိုင် ထွက်နိုင်သော အပေါက် ကို မဆိုထားဘိ ၊ ယင် တစ်ကောင်စာ မျှသော အပေါက် ကို ပင် ပိတ်ထားနှင့်ပြီးဖြစ်ကြသလို ရေ တွင် တာဝန်ကျ သော လှေတပ်သားများ ကလည်း ငါးကလေး တစ်ကောင် ပင် လွတ် မပြေး နိုင်အောင် စောင့်ကြပ်ပြီး ဖြစ်နေလေသည် ။

ဤ ဒလမြို့အတွင်းတွင် ကား တိတ်ဆိတ် နေ၏ ။ ခါတိုင်း ကြားနေကျ အော်သံ , ဟစ်သံ ကျုံးဝါးသံများ ကို ပင် မကြားရ ... ။

ထိုသို့ တိတ်ဆိတ်ငြိမ်သက် နေရာမှ ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေး လိုက်သော မိန်းမ တစ်ယောက် ၏ အသံ သည် မင်းရဲကျော်စွာ ၏ လှေတပ်သားများ စောင့်ကြပ် နေသော ဒလမြို့ မြစ်ကမ်း တစ်နေရာ မှ ဝမ်းနည်း ကြေကွဲစဖွယ် ပေါ်ထွက်လာလေသည် ။

လူ နှစ်ယောက် သည် လူသေအလောင်း တစ်ခု ကို ထမ်းစင် ဖြင့် ထမ်း၍ မြစ်ဆိပ် သို့ ယူဆောင် လာခဲ့ကြ၏ ။ ထမ်းစင် နောက် မှ မိန်းမ လေးငါး ယောက်မှာ ဦးစံဖားလျား သနားစဖွယ် ငိုယိုမြည်တမ်း ကာ လိုက်ပါလာ
ကြလေသည် ။

အလောင်းစင် ကို ထမ်းယူလာသော လူ နှစ်ယောက် သည် အလောင်းစင် ကို မြစ်ဆိပ် ကမ်းစပ် တွင် ချပြီး နောက် လူသေကောင် ကို ရေမျှောရသည့် ထုံးစံ အတိုင်း လူသေကောင် ၏ ကိုယ် တွင် နနွင်းများ လိမ်းကျံ ပေး၏ ။ ပြီး လျှင် သပေါ့ဖျာ တစ်ချပ် ဖြင့် အလောင်းကောင် ကို လိပ် ၍ အနီးတွင် အသင့် ရှိ သော ငှက်ပျောဖောင် ထက် သို့ တင်ကြလေသည် ။

မိန်းမများ ၏ ရင်ဘတ်စည်တီး တမ်းတငိုယို လိုက်သော အသံသည် အရုဏ်ကျင်း ၍ အလင်း သို့ လုနေသည့် အချိန်မျိုးတွင် ကြေကွဲဖွယ်ရာ , လွမ်း ဆွတ်ဖွယ်ရာ , သနားဖွယ်ရာ ဖြစ်နေလေသည် ။

ဖောင် ထက် သို့ တင်ပြီးဖြစ်သော အလောင်းကောင် ၏ ခေါင်းရင်းတွင် မြေပန်းကန် နှင့် ဆန်တစ်ခွက် ၊ ကြက်သူငယ် တစ်ခု တို့ ကို ထား ပြီးလျှင် ဆီမီး ညှိ၍ ဖောင်ကို ရေလယ် သို့ တွန်း လိုက်ကြ၏ ။

မိန်းမများ သည် ကမ်းပေါ် မှ နေ၍ ဖောင် မျှောရာ ဘက်သို့ ရင်ဘတ် စည်တီး ရှိုက်ကြီးတငင် ငိုယိုမြည်တမ်းရင်း ပြေး၍ လိုက်ကြသည် ။ “ မောင်မင်း သည် ငါတို့ကို ပစ်၍ သွားတော့မည်လော ... ” ဟူ၍ မိန်းမ တစ်ယောက် ၏ အော်ဟစ်မြည်တမ်းသံ မှာ ကြားရသူတိုင်း အတွက် သနားစရာ ဖြစ်နေ လေသည် ။

ဆီမီးရောင် တလက်လက် ထွန်းညှိ၍ ပါလာသော လူသေကောင် တင်သည့် ဖောင်သည် ကမ်း မှ တဖြည်းဖြည်း ဝေး၍ ဝေး၍ လာလေသည် ။ မင်းရဲကျော်စွာ ၏ လှေတပ်သားများသည် မိမိတို့ လှေ အနီးသို့ ရောက် လာသော ငှက်ပျောဖောင်ကို ထိုးဝါး ဖြင့် တွန်း၍ ထုတ်ကြရ၏ ။ ရေ မှာ တက်ရေ ဖြစ်သည့်အတိုင်း ငှက်ပျောဖောင် သည် တစ်နေရာ မှ တွန်း၍ ထုတ်လိုက်လျှင် အခြား တနေရာ သို့ အရှိန်နှင့် မျောသွား ပြန်လေသည် ။

ရေပြင် တစ်ခုလုံး မှာ မင်းရဲကျော်စွာ ၏ လှေတပ် ဖြင့် ပြည့်လုဘနန်း ရှိနေ သဖြင့် ငှက်ပျောဖောင် ပင် တောက်လျှောက် မျောပါ သွားရန် လမ်း မရှိ သလို ဖြစ်သောကြောင့် လှေတပ်သားများသည် မိမိ တို့ လှေများကို ကမ်းဘေး တစ်ဖက် တစ်ချက် သို့ ကပ်ကာ ဖောင် မျောနိုင်ရန် အူမကြောင်း ဖောက် ၍ ပေး ကြရလေသည် ။

နေ မှာ တဖြည်းဖြည်း မြင့်၍ လာပြီ ဖြစ်၏ ။

ကြည်းတပ်သားများ နှင့် လှေတပ်သားများ သည် ဆည်ဝ မှ ဗျိုင်းစောင့် သကဲ့သို့ အဲမွန်ဒယာ  ထွက်လာမည် ကို သတိ ကြီးစွာထား၍ စောင့် နေကြ လေသည် ။

ဒလမြို့ အတွင်း တွင်ကား တိတ်ဆိတ်မြဲ တိတ်ဆိတ် နေ၏ ။ မြစ်ကမ်းပါး ပေါ်တွင် ထိုင်၍ ယခုတိုင် ရှိုက်ငို၍ မဆုံးနိုင်သေးသော မိန်းမ တစ်ယောက် ၏ ငိုသံ သည် သာ သဲ့သဲ့ကလေး လှုပ်ရှားနေလေသည် ။

“ မောင်မင်း သည် ငါတို့ အား စွန့်ပစ်၍ သွားလေပြီတကား … ”

မိန်းမငယ် သည် သူ့ ချစ်လင် အား အသက်နှင့် ထပ်တူ ချစ်သောသူ ဖြစ်ပေလိမ့်မည် ။ ဦးဆံနှင့် ထပ်တူ မြတ်နိုးသူ ဖြစ်ပေလိမ့်မည် ။

သူ ၏ ငိုရှိုက်သံ သည် လှိုင်းကြက်ခွပ်ကလေးများ ကို စီးကာ သူ့ ချစ်လင် နောက် သို့ တကောက်ကောက် လိုက်နေပေလိမ့်မည် ။

အရုဏ်ကျင်း ၍ အလင်းသို့ လုနေသည့် အချိန်မှ ငိုကြွေးခဲ့၏ ။

ယခုမူ နေမြင့် လာခဲ့ပေပြီ ။ အချိန်က တဖြည်းဖြည်း တစ်စစ ညောင်းခဲ့သည့် နည်းတူ သူ့ အသက် နှင့် ထပ်တူ ချစ်သော ဦးဆံ နှင့် အတူ မြတ်နိုးသော သူ့ ချစ်လင် ၏ အလောင်း သည်လည်း သူ နှင့် ဝေး၍ ဝေး၍ သွားပေပြီ ။

နေ သည် မြင့်ရာ မှ တိမ်းကာ တိမ်းရာ မှ စောင်းလာသည် ။ နောက် တော့ ချုပ် ၍ ပင် ကွယ်သွားပြီ ဖြစ်၏ ။

နံနက် မိုးမသောက်မီ အချိန်မှ မိုးချုပ် နေဝင်သည့် တိုင် တစ်ယောက် ထီးတည်း ငိုကြွေးခဲ့သော မိန်းမငယ် ၏ ရုပ်သဏ္ဌာန် သည် ပင် မှောင်ရိပ်ဝယ် ပျောက်ကွယ်ခဲ့ပြီ ဖြစ်၏ ။ သူ ၏ ရှိုက်ငိုသံ ပင် တိတ်၍ သွားခဲ့ပြီ ဖြစ်၏ ။

မင်းရဲကျော်စွာ ၏ တပ်သားများကား အဲမွန်ဒယာ ထွက်လာမည် ဆို၍ လည် တဆန့်ဆန့် လက် တပြင်ပြင် နှင့် စောင့်နေရသည် မှာ မော၍ နေပေပြီ ။ နံနက် မိုးမသောက်မီ အချိန်မှ မိုးချုပ် နေဝင်သည့် တိုင် အဲမွန်ဒယာ ၏ အရိပ် အယောင် မျှ ကို ပင် မမြင်ရ ။

“ နက်ဖြန် ဆက်ဆက် ထွက်မည် ” ဆိုသော အဲမွန်ဒယာ ကား အရိပ် အယောင် မျှပင် မပြဝံ့ပါတကား ... ။

( ၅ )

စိတ် မရှည်နိုင်ပြီ ဖြစ်သော မင်းရဲကျော်စွာ သည် သွေးသောက်ကြီးတစ်ယောက်အား ဒလမြို့တွင်းသို့ ဟစ်၍ မေးမြန်းစေလေသည် ။

“ အဲမွန်ဒယာ ထွက်မည် ဆိုသည် ၊ မထွက်တကား ”

မင်းရဲကျော်စွာ နှင့် တကွ တပ်မင်း , စစ်ကဲ , တပ်သား ဟူသမျှသည် ဒလ မြို့တွင်း မှ ပြန်၍ ပေးမည့် အဖြေ ကို နားစွန့် နေကြ၏ ။

“ အဲမွန်ဒယာ သည် နံနက် က ပင် ပဲခူး သို့ တက်လေပြီ ။ နင်တို့ မသိလိုက် ဟန်တကား ... ”

“ အဲမွန်ဒယာ သည် ငှက် မဟုတ် - မပျံနိုင် ၊ နဂါး မဟုတ် - မြေမလျှိုးနိုင် ။ အဲမွန်ဒယာ ထွက်လေပြီ ဆိုသည် ကား ရယ်ဖွယ်ကောင်းတော့သည် ... ”

မင်းရဲကျော်စွာ စေခိုင်းသော သွေးသောက်ကြီး က အချက်ကျကျ ပြန်၍ ပြောလိုက်သောကြောင့် မင်းရဲကျော်စွာ နှင့်တကွ တပ်မင်း , စစ်ကဲ , တပ်သား များပါ သဘောကျ သွားကာ ပြင်းစွာ ရယ်မောလိုက်ကြလေသည် ။

ရယ်၍ မဆုံးမီပင် ဒလမြို့အတွင်း မှ ဟစ်၍ ပြောလိုက်သော အသံ ကို ကြားပြန်ရ၏ ။

“ အဲမွန်ဒယာ သည် ငှက် မဟုတ်သော်လည်း ပျံ လေပြီ ၊ နဂါးမဟုတ် သော်လည်း မြေလျှိုး လေပြီ ၊ မယုံသော် ပဲခူး သို့ တက်၍ ကြည့်လော့ ... ”

ထို အသံ နှင့် အတူ ဒလမြို့တွင်း ရှိ ဗညားဒလတပ်သား တို့၏ အော်ဟစ် ကြွေးကြော်သံ ပါ နောက်မှ ထက်ကြပ် ပါ၍လာလေသည် ။

မင်းရဲကျော်စွာ သည် စိတ် မသက်မသာ ဖြစ်တော်မူ၏ ။ ချက်ချင်းပင် ယုံမှားသံသယ ကင်းရန် အတွက် ပဲခူးသို့ လူ စေလွတ်၍ အဲမွန်ဒယာ ကို အကြည့် ခိုင်းလေသည် ။

“ အဲမွန်ဒယာ ကို တွေ့မြင်ရသော် ယခု ပေးလိုက်သော ရွှေ ကသည့်မြင်း တစ်စီး , ကတ္တီပါဝတ်လုံ ကို ပေးလော့ ”

မင်းရဲကျော်စွာ စေလွှတ်လိုက်သော မင်းချင်းယောက်ျား သည် မင်းရဲကျော်စွာ ပေးလိုက်သော မြင်းတစ်စီး နှင့် ကတ္တီပါဝတ်လုံ ကို ယူကာ ရာဇာဓိရာဇ် ၏ နန်းတော်တံခါးဝ သို့ ရောက်လာလေသည် ။

နန်းတော်ဆောင် တစ်ခုလုံး ကား မှူးကြီးမတ်ရာ သေနာပတိ တို့ဖြင့် ပြည့်လျက် သောသောညံအောင် ပျော်မြူးရွှင်ပျ နေကြလေသည် ။

မင်းချင်းယောက်ျား သည် ရာဇာဓိရာဇ် ရှေ့တော် မှောက်တွင် ခစားမိ လျှင် ပင် အဲမွန်ဒယာ ကို တွေ့မြင်ရလေသည် ။

မင်းရဲကျော်စွာ က ဆုတော်လာဘ်တော် အဖြစ် ပေးလိုက်သော ရွှေ က,သည့် မြင်းတစီး နှင့် ကတ္တီပါဝတ်လုံ ကို အဲမွန်ဒယာလက် သို့ အပ်ရင်း သိချင်ဇောဖြင့် မေးလိုက်၏ ။

“ ငှက် ဖြစ်၍ ပျံလေသလော ၊ နဂါး ဖြစ်၍ မြေလျှိုးလေသလော ... ”

အဲမွန်ဒယာ သည် ကျေနပ်အောင်မြင်သော အပြုံး ကို ပြုံးကာ မင်းချင်းယောက်ျား ၏ အမေး ကို အဖြေ ပေးလိုက်လေသည် ။

“ သင့် အရှင် ကို လျှောက်ပါဘိ ၊ ငါ သည် သေမင်း ကို သစ္စာနှံ ၍ ပြန်ခဲ့သည် ... ”

⎕ တက္ကသိုလ်နန္ဒမိတ်

📖 မြဝတီ မဂ္ဂဇင်း

📖 ကိုတောလူ နှင့် အခြားဝတ္ထုများ

#ကိုအောင်နိုင်ဦး

.

Thursday, July 4, 2024

မေတ္တာတော် တုံးပါလို့


 

❝ မေတ္တာတော် တုံးပါလို့ ❞

( ၁ )

ရန်ကုန်တက္ကသိုလ် မြန်မာစာပေအသင်း ၏ အမှုဆောင် ၊ ပါဠိအသင်း ၏ ငွေထိန်း ၊ ရာဇဝင်အသင်း ၏ ဒု - အတွင်းရေးမှူး ၊ သထုံကျောင်းဆောင် သဟာယ နှင့် စာဖတ်အသင်း ၏ ပိဋိကတိုက်စိုး ဖြစ်ခဲ့ဖူးသော ကိုအီစမံအင် ကို ကျွန်တော် က စာဖတ်သူများ နှင့် မိတ်ဆက် ပေးပါရစေ ။ ကိုအီစမံအင် ကို လူချင်း သာ တွေ့မည် ဆိုလျှင် မည်သူ က မျှ သူ့ အား အိန္ဒိယသား အစစ် ဟူ၍ ထင်ကြမည် မဟုတ် ။ သူ သည် မြန်မာစကား ကို အမြဲတစေ ပြော၏ ။ မြန်မာသီချင်း ကို ဆို၏ ။ မြန်မာ အဝတ် ကို ဝတ်၏ ။ မြန်မာ ကျောင်းသားများ နှင့် သာ တွဲ၏ ။ မြန်မာမ ကို သာ ဂေါ်၏ ။ ထို့ကြောင့် သူ့ အား သထုံကျောင်းသား အားလုံး က မြန်မာသွေး ပါသည့် မြန်မာမူဆလင် တစ်ယောက် ဟူ၍ ထင်မှတ် ခဲ့ကြသည် ။

သူ နှင့် တစ်ခန်းတည်း နေသော ကျောင်းသား ပင် သူ ကု,လား အစစ် ဖြစ်ကြောင်း ကို မသိခဲ့ ချေ ။

ကိုအီစမံအင် ကို အိန္ဒိယပြည် အလ္လဟဘတ်မြို့ တွင် ၁၉၂၆ - ခုနှစ် က အဖေ ကု,လားစစ် အမေကု,လားစစ် မှ ဖွားမြင်ခဲ့၏ ။ သို့သော် သူ လေးနှစ်သား အရွယ် တွင် သူ့ အဖေ သည် မြန်မာပြည် အထက်ပိုင်း မြို့ တစ်မြို့ တွင် အစိုးရ ရာထူး တစ်ခု ဖြင့် ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည် က စ၍ ကိုအီစမံအင် သည် ငါးပိနံ့ သင်း သော မြန်မာ လေ ကို ရှူရှိုက် ကာ ကြီးပြင်း ခဲ့ရလေသည် ။

“ ခပတ် ” စော် ညှော်သော မဂိုလမ်း အရေးပေါ် ကောလိပ် မှ နေ၍ ၁၉၄၆ - ခုနှစ် တွင် ရန်ကုန်တက္ကလိုလ် ကို စစ်ပြီးခေတ် သည်ဘက် မှ ပြန်၍ ဖွင့်လှစ် လိုက်သော အခါ ၌ အသက် -၂ဝ အရွယ် မြန်မာရည် လည် နေပြီ ဖြစ်သော ကိုအီစမံအင် သည် ' ဖရက်ရှာ ' ကလေး အဖြစ် ဖြင့် ရန်ကုန်တက္ကသိုလ် သို့ ရောက် လာခဲ့၏ ။

သူ သည် ငါးပိနံ့ ကို ရှူရှိုက်၍ ကြီးပြင်း လာခဲ့ရသော အိန္ဒိယသား ဖြစ်သော ကြောင့် မြန်မာစာ ကို အတော် နှစ်ခြိုက်ကြောင်း တွေ့ရ၏ ။ သာမန် မြန်မာကျောင်းသား တစ်ဦး နှင့် စာ လျှင် သူ သာ မြန်မာစာ ၌ ပို၍ တတ်ကျွမ်းကြောင်း သိရမည် ဖြစ်၏ ။ သူ သည် အထက် မြန်မာပြည် အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်း တစ်ကျောင်း ၌ စာသင် နေစဉ် က ပင် မြန်မာ စကားရည် လုပွဲများ ၌ ထင်ရှား ခဲ့၏ ။ နတ်သျှင်နောင် , နဝဒေး , ရှင်သံခို , မင်းဇေယျ ရန္တမိတ် စသော စာဆိုတော်ကြီးများ ၏ ဘုရားတိုင် , မယ်ဘွဲ့ရတု , စစ်ချီရတုများ ကို အလွန် နှစ်သက် သဖြင့် အပုဒ် တော်တော်များများ ကို အာဂုံ ဆောင်နိုင်ခဲ့၏ ။

ထို့ကြောင့် ရန်ကုန်တက္ကသိုလ် သို့ ရောက်လာသော အခါ ကိုအီစမံအင် က စိတ်ကြိုက် မြန်မာစာ , ပါဠိ နှင့် ရာဇဝင် ကို တွဲ၍ ယူ လေသည် ။ အထူးသဖြင့် မြန်မာစာပေ ကို အပတ်တကုတ် ကြိုးပမ်း လုံ့လ ထုတ်ရာ ၌ နောင် တစ်ခေတ် မြန်မာစာ ပါမောက္ခ ရာထူး ကို ပင် ချိန်ထားလေရော့သလား ဟု အောက်မေ့ရ ပါတော့သည် ။

ဤကဲ့သို့ လျှင် မြန်မာစာ ပါမောက္ခလောင်းကြီး ဖြစ်သော ကိုအီစမံအင် ကို ကိုခင်မောင်လေး ( ယခု ဗထူးမြို့ စစ်တက္ကသိုလ် ၏ မိတ်ဖွဲ့ ပေးမှုကြောင့် ကျွန်တော် က သိကျွမ်း ခဲ့ရသည် ။ ကိုအီစမံအင် ၏ ရာဇဝင်အထုပ္ပတ္တိ မှာ မော်ကွန်း တင် ထား လောက်အောင် စိတ်ဝင်စားဖွယ် အသွယ်သွယ် နှင့် ပြည့်စုံ သဖြင့် စာဖတ်ပရိသတ် အား ယခု တစ်ဖန် ပြန်၍ ဖောက်သည် ချနေရခြင်း ဖြစ်ပါသည် ။

ကိုအီစမံအင် မှာ အိန္ဒိယတိုင်းရင်းသား ပင် ဖြစ်သည် ဟု သူ ၏ ဇာတ် ကို စွဲ၍ ပြောရမယ့်  စကား မူ မြန်မာ ပီသလှသူ ဖြစ်၏ ။ မြန်မာ ပီသသည် ဟု ဆိုသည် မှာ ဆန့်ကျင်ဘက် လိင်များ အပေါ် တွင် အချစ်စိတ် ပြင်းထန် တတ်ခြင်းပင် ဖြစ်၏ ။ ထို့ကြောင့် ကိုအီစမံအင် ၏ နှလုံးသည်းပွတ် အထဲ ၌ အချစ်တုံး, အချစ်ခဲကြီးများ သည် ဆန့်ကျင်ဘက် လိင် နှင့် တွေ့လျှင် ချက်ချင်း လက်ငင်း ထုတ်၍ ပေးနိုင်ရန် အတွက် အမြဲပင် အသင့် ရှိနေပါသည် ။

သူ သည် ကျွန်တော် တို့ မြန်မာ ' ဂေါ်ငနဲ ' များ နည်းတူ လှပခြင်း နှင့် အရုပ် ဆိုးခြင်း ကို ခွဲခြားတတ်သူ ဖြစ်၏ ။ အရုပ်ဆိုးခြင်း ကို ရှောင်၍ လှပခြင်း ကို ရှာလေ့ ရှိသူ ပင် ဖြစ်၏ ။ သူ ရှာ၍ တွေ့မြင် နေသမျှ သော လှပခြင်း ကို သူ ၏ မျက်လုံး , သူ ၏ ဦးနှောက် , သူ ၏အသိဉာဏ် တို့ မှ တစ်ဆင့် သူ ၏ စာပေရိပ်မြုံ ထဲ သို့ ကဗျာ ဆန်လှသော စာတို , ပေစကလေးများ အဖြစ် ဖွဲ့တတ် , နွဲ့တတ် သီကျူးတတ် သူ ဖြစ်ပါသည် ။

ကိုအီစမံအင် နှင့် ကျွန်တော် ကား ကျောင်းတက်ချိန် များ တွင် တတ်နိုင် သမျှ အတူ သွား အတူလာ ကာ ခင်မင် ရင်းနှီးသော သူငယ်ချင်း များ ဖြစ်လာကြ ပါသည် ။ သို့ဖြစ်၍ လည်း ကျွန်တော့် မှာ သူ ၏ တိုးတိုးဖော် တိုင်ပင်ဘက် ဖြစ်လာရ တော့သည် ။ သူ့ အပေါ် တွင် ကျွန်တော် ဂရုစိုက် မိသော အချက် တစ်ခု ကား သူ သည် သူ နှင့် မြန်မာစာ သင်တန်း ၌ အတူတူ တစ်ခန်းတည်း ကျလေ့ ရှိသော ကျောင်းသူကလေး တစ်ဦး ကို တမ်းတမ်းစွဲ ဖြစ်နေခြင်း ပင် ဖြစ်၏ ။

သူ တမ်းတမ်းစွဲ ဖြစ်နေ သူ ကား ကျွန်တော် နှင့် ဂျပန်လက်ထက် က သိရှိခဲ့သော ဟင်္သာတမြို့ မှ ဘုရားဒကာ မြေပိုင်ရှင် ဦးမင်းဟန် ၏ သမီး အမာ ပင် ဖြစ်၏ ။ အမာ မှာ စစ် မဖြစ်မီ က အင်္ဂလိပ် - မြန်မာ ရှစ်တန်း တွင် ပညာ သင်ကြား နေ သော်လည်း စာ ကို ဂရုတစိုက် ကြိုးစားခဲ့ သူ ဖြစ်၍ စစ်ပြီးစ ကျင်းပသည့် ဟိုက်စကူး ဖိုင်နယ် စာမေးပွဲ ကို အောင် ကာ ကျွန်တော်တို့ နှင့် အတူ ကောလိပ် သို့ ရောက် လာ ခဲ့ပေသည် ။

အတန်း ထဲ တွင် ကျွန်တော် တို့ ခုံ ရှေ့ မှ ထိုင် နေသော အမာ ကို သူ က ဆရာ မမြင်အောင် လက်ညှိုး ထိုး ပြ သဖြင့် ကျွန်တော် က ကျွန်တော် သိ နေသော အမာ ဖြစ်နေသည့် အတိုင်း နာမည် , နေရပ် နှင့် အင်းလျားကျောင်းဆောင် မှ အခန်း နံပါတ် ကို ပါ ပြောပြ လိုက်သောကြောင့် ကိုအီစမံအင် က ကျွန်တော့် အား ကျေးဇူး စကား မြွက်ဆို ဖူး ပါသည် ။

ကိုအီစမံအင် က အမာ ကို တမ်းတမ်းစွဲ ဖြစ်မည် ဆို ကလည်း ဖြစ်လောက် ပါ ပေ၏ ။ အမာ မှာ နတ်သျှင်နော င်နှင့် နဝေးကြီး တို့ ၏ မယ်ဘွဲ့ကဗျာ အတိုင်း လှပ ချောမွေ့သူကလေး ဖြစ်ရုံ မက ကဗျာ ဝါသနာအိုးမကလေး လည်း ဖြစ်ပါသည် ။

ကျွန်တော် က သူ တမ်းတမ်းစွဲ နေသည့် အမာ့ အကြောင်းစုံ ကို ပြောပြပြီး နောက် သုံးရက် အတွင်း တွင် ပင် ကိုအီစမံအင် ၏ မနားမနေ ပူဆာချက် ကို နားညည်း လှ သဖြင့် သူ့ ကို အမာ နှင့် မိတ်ဖွဲ့ ပေး လိုက် ရ၏ ။

ထိုသို့ မိတ်ဖွဲ့ ပေးလိုက်ပြီး နောက် ၇ - ရက် အတွင်း တွင် သူ ၏ အဆိုအရ သူ နှင့် အမာ တို့ သည် အတော်ပင် ခင်မင် သွားကြသည် ဟု ဆိုပါသည် ။ သို့သော် ထို အချိန် အထိ ကိုအီစမံအင် သည် သူ့ နှလုံးအိမ် အတွင်း မှ အရည်ပျော် ၍ စီးဆင်း လာသော အချစ်တုံး , အချစ်ခဲကြီးများ ၏ ရေအလျဉ် ကို ရှက်ခြင်း , ကြောက်ခြင်း တည်း ဟူသော ရေကာတာ ဖြင့် အတင်း တားဆီး ၍ ထားခဲ့ရပုံ ရ၏ ။ ထို့ကြောင့် သူ့ အား အုံပုန်းပူ အဖြစ် နှင့် သာ အခန်း အောင်း ဆွေး နေသည် ကို တွေ့ရ တတ်၏ ။

သို့ဖြစ်၍ သူ့ အခန်း နား သို့ ကပ်မိသည် နှင့် တစ်ပြိုင်နက် ...

“ ရေ ဝေးတဲ့ လူ ၊ ကုန်းခေါင်ခေါင် မှာ မွေးခဲ့လို့ ၊ တဆိတ်ကလေး ဖြင့် ထူပါသည် ။ ယူ ချင်တဲ့ သဘော ၊ မေတ္တာများ နှောခဲ့လျှင် ၊ ပြောတဲ့ပ ကုန်ကုန် ၊ ပြုတ်မနူး ဟာမို့ ၊ ကျုပ် ဒူး က တုန်လှချည့် ၊ ပုံမှာဖြင့် ပိုင်ပိုင် ၊ အသရေမနွမ်းပါရစေ နှင့် ၊ ရွှေခွန်းတော် လှိုင်စမ်းပ ...”  ဟူ၍ လည်းကောင်း ၊

“ အဆူဆူတွေ ၊ စစ်ကိုင်း က ဘုရား အကုန် စူးပြီး ၊ ရူးနောက်လို့ သေပါ့စေ ၊ သပြေတန်းခံမြို့ ၊ မသွေတမ်းကြံစို့ ။ ထန်းလျက် ပခုံးထမ်း ၊ တစ်သက် မမုန်းတမ်း ။ ကျမ်းသစ္စာမှန် ၊ ပုဂံ က ဆေးအိုး နှင့် ပဲခူး က ဆေးတံတို တောင် ၊ အင်မတန် ဟန်ရ၍ ၊ ကာလရှည်ညောင်း ၊ လေထိုးသားဖာထည်းတွင် ၊ တစ်ခါတည်းပေါင်း သေးသပ ” ဟူ၍ လည်းကောင်း ၊ နဘေထပ် ကာရန်လုံး တွေ နှင့် ကုန်းကုန်းပြီး ရည်းစား စကား အပြော ကျင့် နေသော သူ့ အသံ ကို ကြား လာ၏ ။

ထို့ကြောင့် လည်း ကျွန်တော် သည် သူ ရှက်မည် စိုးသောကြောင့် သူ့ အခန်း ထဲ ဝင်မည် လုပ်ပြီး မှ ပြန်ပြန် ထွက်လာရသည် မှာ မနည်းလှ တော့ ။ ကျွန်တော်တို့ ၏ မြန်မာစာ ပါမောက္ခလောင်းကြီး ကိုအီစမံအင် သည် ဤသို့ အခန်း ပိတ် ၍ မြည်တမ်း ရေရွတ်ရင်း ပင် လုံးပါး ပါး ဖွယ်ရာ သာ ရှိတော့သည် ။

သို့ဖြစ်၍ ကျွန်တော် သည် ကိုခင်မောင်လေး နှင့် တိုင်ပင် ကာ တတ်သမျှ မှတ်သမျှ ဆေးကလေး ဝါးကလေး ကို သူ့ အား တိုက်ကျွေးတော့အံ့ ဟု ဆုံးဖြတ်ချက် ချ လိုက် မိပါသည် ။

( ၂ )

နောက် တစ်နေ့ ညဘက် တွင် ကျွန်တော် သည် ကိုခင်မောင်လေး ကို ခေါ် ကာ ကိုအီစမံအင် ၏ အခန်း သို့ လာခဲ့၏ ။ ကျွန်တော်တို့ နှစ်ယောက် က ခပ်လှမ်းလှမ်း က ပင် အသံ ပေး၍ ဝင် လာသောကြောင့် သူ့ ကို အိပ်ရာ ပေါ် တွင် ခပ်မဆိတ် လဲလျောင်း နေသည် ကို တွေ့ရပါသည် ။

ကိုအီစမံအင် သည် အချစ်ကိစ္စ နှင့် ပတ်သက်၍ အလွန် ရှက်တတ်သူ ဖြစ်၏ ။ သူ ခံစား နေရသော ဝေဒနာ ကို ဆရာကောင်း သမားကောင်း ထံ ချဉ်းကပ်၍ ကုသမည့် အစား တစ်ယောက် တည်း နဘေလုံးတွေ ကို ကုန်း၍ မြည်တမ်း ရင်း အချိန် ကုန် ခံနေသည် မဟုတ်ပါလော ။

ကိုခင်မောင်လေး က သူ့ အခန်း ထဲ သို့ ရောက် လျှင် ရောက် ချင်း -

“ ဟေ့လူ ... ဘာဖြစ်တာလဲ ၊ မှန်မှန် ပြောစမ်း ”

“ ခေါင်း ကိုက်လို့ပါဗျာ ...”

သူ က သဲ့သဲ့ကလေး နှင့် ယဲ့ယဲ့ကလေး ဖြေ၏ ။ ကိုခင်မောင်လေး က ခပ်တည်တည် လုပ်ပြီး  ...

“ ဖြီး မနေ နဲ့ ကိုယ့်လူ ၊ ဒီ ရောဂါမျိုး က သိပ် အခံရ ခက်တယ် ။ ခင်ဗျား ရောဂါ က အချစ် ရောဂါ ပဲ မဟုတ်လား ” ဟု မေးလိုက်သောကြောင့် ကိုအီစမံအင် က မျက်စိကလေး ပေကလပ် , ပေကလပ် လုပ်ကာ တုဏှိဘာဝေ ဆိတ်ဆိတ်ကြီး မြုံ နေ၏ ။

“ ခင်ဗျား - အမာ ကို ကြိုက် နေတယ် မဟုတ်လား ”

ကိုအီစမံအင် သည် ထန်းလျက်ခဲနံ့ ရသော ခွေးအိုကြီး လို ခေါင်း လှုပ်၍ လာ လေသည် ။

“ ဟုတ်ပါတယ်ဗျာ ... ကျွန်တော့် မှာ တော့ စတင်ရန် ခက်ပါဘိ အသက် ကြောင့် မောင်ပူ ဆိုတာလို ဖြစ်နေပြီ ”

ကျွန်တော် နှင့် ကိုခင်မောင်လေး က ပြိုင်တူ တဟဲဟဲ ရယ် လိုက်ကြသည် ။ ကိုခင်မောင်လေး က ဆက် ၍ ...

“ ဘာများ ခက် နေစရာ ရှိလဲ ကိုယ့် လူ ရဲ့ ၊ ကိုယ် က ချစ်နေတာ ၊ ချစ်တဲ့ အကြောင်း စာ ရေးပေါ့ ။ ခင်ဗျား က မြန်မာစာ ခေတာ မှ မဟုတ်ဘဲ ”

“ စာ ပေးတာတော့ ဟုတ်ပါပြီ ၊ သူ က မပြန်ရင် ဘယ့်နှယ် လုပ်မလဲ ”

ခု သေတော့မည့် မသာလို အိပ်ရာ ပေါ် တွင် စန့်စန့်ကြီး လဲ နေသော ကိုအီစမံအင် က ထ ထိုင်လာ၏ ။

“ တစ်စောင် နဲ့ မရ နှစ်စောင် ၊ နှစ်စောင် နဲ့ မရ သုံးစောင် ပေါ့ ဗျာ ၊ တချို့များ စာပေါင်း ၇၃ဝ - တောင် ပေးတယ် ”

“ ဒီလို ပေးလို့ မရတော့ ကော ”

“ အတင်း လိုက်ပြီး စကား ပြော ပေါ့ ဗျာ ”

“ ပြောတာတော့ ဟုတ်ပါရဲ့ ၊ ဘယ်လို ပြောရမယ် ဆိုတာ ခက်တယ် ” 

“ အိုဗျာ ချစ်ပါတယ် ကြိုက်ပါတယ် ဆိုတာများ ပြောဖို့ ခက် နေရသေးလား ” 

ကိုအီစမံ က ခေါင်း ကို ကုတ် ပြီး ညည်းညည်းညူညူ အသံ နှင့် ...

“ ခင်ဗျား ပြောသလို တုံးတိတိကြီး ဆို ရင် လည်း ဘယ် ကောင်းမလဲ ကိုခင်မောင်လေး ရယ် ... ၊ သူ နားဝင်အောင် ပြောမှ ပေါ့ ...”

“ ဘာလဲ ခင်ဗျား က နဘေထပ် တွေ , ကာရန် တွေ နဲ့ ပြော မလို့လား ”

ကျွန်တော် က ဝင် စွက် လိုက်သောကြောင့် ကိုအီစမံအင် က ...

“ ဟုတ်တယ်ဗျ ... ၊ သူ က လည်း ကဗျာ ဝါသနာအိုးမကလေး ဆိုတော့ အဲဒီလို ပြောမှ ပို ကောင်းမယ် ထင်တယ် ။ ကျွန်တော် လည်း ပြောမယ့် စကား တစ်ခု တော့ ရ ထားတယ် ” 

“ အဲ - အဲ - ဟုတ်ပြီ ... ဆိုစမ်းပါဦး ကိုယ့်လူ ”

“ ဒီလိုလေ ... ဒီလို ၊ အဲ ... အဲ ... ဒီလို ပြောရင် မကောင်းဘူးလား ”

“ ဘယ်လိုလဲဗျ - ခင်ဗျား ဟာ က လုပ်ပါဦး ”

ကိုအီစမံအင် သည် ထိုင် နေရာ မှ ထ လိုက်ကာ ကိုခင်မောင်လေး အနား တွင် မျက်နှာသေကလေး ဖြင့် ရပ် လိုက်၏ ။ ပြီးမှ ကိုခင်မောင်လေး ကို အမာ ဟူသော အထိမ်းအမှတ် ဖြင့် ...

“ မဆိုင်လို့သာ မအမာ ရယ် ၊ ကိုယ့် ဟာ လိုများ တကယ် လို့ ပိုင်ငြားရင် ၊ ကြောင်ပါးကြီး မြီးတိုလို ၊ ခင်ဗျား ကို ကျွန်တော် ဝါးပြီး ၊ ကိုက်စားကာ မျိုလိုက်ချင်ပါတော့တယ် ”

“ ဟာ ... ခင်ဗျား ဟာ က သိပ် မနိပ်သေးပါဘူး ဗျာ ” 

ကျွန်တော် နှင့် ကိုခင်မောင်လေး က ရယ်ချင်စိတ် ကို သော့ပိတ် ထားပြီး ပြိုင်တူ ညည်းညည်းညူညူ ပြော လိုက်ကြ၏ ။

“ ဒါဖြင့် - ဟိုဟာကော ဗျာ ”

သူ က မျက်နှာ ခပ်ပျက်ပျက် နှင့် ခါးတောင်းကျိုက် မဖြုတ်တမ်း ကြိုးစားပမ်းစား ဆက်၍ ပြောနေ ပြန်သည် ။

“ ဘယ်ဟာတုံး ”

ကိုခင်မောင်လေး က မေး လိုက်၏ ။ ကိုအီစမံအင် သည် တစ်ချက်မျှ ခေါင်း ကုတ် ၍ ဉာဏ်ထုတ် လိုက် ပြန်၏ ။ သူ့ ဦးနှောက် ထဲ သို့ နဘေထပ် တစ်လုံး သည် အုန်းသီး ကြွေ သလို ဘုန်းခနဲ ကျလာသည် ဟု ထင် ရသည် ။ ချက်ချင်းပင် နဘေထပ် တစ်ခု ကို ကောက် ၍ ရွတ် လိုက်၏ ။

“ ရှက်ဖို့ အရာ ၊ ကျွန်တော့် ဇာတာ ထဲတွင် နည်းနည်းမှ မပါသောကြောင့် ” 

“ ဟိုး ... ဆရာ ၊ ဟိုး ... ဟိုး  ... ”

“ ဘာလဲဗျ ...”

သူ က ပင် ကျွန်တော့် ကို ဟိန်းဟောက် နေပေပြီ ။

ထို့ကြောင့် စိတ်ပျက်ပျက် နှင့် လက်မြှောက် လိုက် ကာ ...

“ ဒါဖြင့်လည်း ဆက် ဆို ဗျာ ၊ နားထောင်ရ အောင် ”

“ ဆုံးအောင်လည်း နားထောင်ကြစမ်းပါဦးဗျာ ”

“ ကဲ - ကဲ - လုပ်ပါ - လုပ်ပါ ”

“ ရှက်ဖို့အရာ ... အဟမ်း အဟမ်း ကျွန်တော့် ဇာတာ ထဲ တွင် နည်းနည်းမှ မပါသော ကြောင့် ၊ မိုက်စရာ ရှိရင် မီးသွေးခဲ ၊ ရဲစရာ ရှိရင် ပန်းစက္ကူ ၊ မြှူစရာ ရှိရင် ခွေးဝင်စား လို့ ...”

“ ခက်နေပါပြီ ဗျာ ”

“ ဘာ ခက်စရာ ရှိသလဲဗျ .. ခင်ဗျား က ခွေးဝင်စား ဆိုတဲ့ စကား ပါလို့လား ၊ ခွေးဝင်စား ဆိုတာ ကျွန်တော့် ကိုယ် ကို ကျွန်တော် ခိုင်းနှိုင်း ထားတာ ။ ခွေးဝင်စား ဆိုတာ အင်မတန် သနားဖို့ ကောင်းတဲ့ သတ္တဝါ မဟုတ်လား ဗျ ။ ဒီ စကား ဟာ ကျွန်တော့် ဘဝ ရဲ့ ကြေးမုံ ပဲ ”

သူက အားရပါးရ ပြောနေ လေလေ ၊ ကျွန်တော်တို့ နှစ်ယောက် မှာ ရယ်ချင်သည့် စိတ် ကို အံကြိတ် ထားရ လေလေ ဖြစ်နေ၏ ။ ဟက်ဟက်ပက်ပက် ရယ် နိုင်ရန် ထွက်ပေါက် ရှာ လို ဟန် တူသော ကိုခင်မောင်လေး က ...

“ ခု - ခင်ဗျား ပြောပြတာတွေ တစ်ခု မှ မကောင်းသေးဘူး ။ ကျွန်တော် ကြားဖူးတဲ့ နဘေထပ် တစ်ခု တော့ ရှိတယ် ”

“ ဘာလဲဗျ လုပ်စမ်းပါဦးဗျ ”

ကိုအီစမံအင် မှာ လူနာ အမဲခြောက် တောင်း သလို ဖြစ်နေလေသည် ။

“ ဟိုဗျာ ... ပဒုမဇာတ် ထဲ က နဘေထပ် ”

“ ဘာလဲဗျ ဆိုစမ်းပါဦး ၊ ကျွန်တော် တော့ အဲဒီ စာအုပ် မဖတ်မိဘူး ”

“ နားထောင် ... နားထောင် ”

ကိုခင်မောင်လေး က အင်မတန် အဖိုးတန်သော စကား ကို ပြောတော့မည့် ဟန်မျိုး ထုတ်ပြီး ...

“ ကဲ - ဗျာ ... ခင်ဗျား တစ်ခါတည်း ရေးပြီး မှတ်ထား လိုက်ပါ ၊ ဟုတ်လား ” 

“ ကောင်းတယ် ... ကောင်းတယ် ၊ တော်တော်ကြာ မေ့နေရင် ဒုက္ခ ”

ကိုအီစမံအင် က စာအုပ် နှင့် ခဲတံ ကို  ကောက် ကိုင်ကာ အသင့် ဖြစ်နေပေပြီ ။

“ ယောက်ျား တကာ ”

“ ယောက် - ကျား - တ - ကာ ”

ကိုအီစမံအင် က  ပါးစပ် က ပါ လိုက် ဆိုပြီး ကိုခင်မောင်လေး ပြောသမျှ ရေးမှတ် နေ၏ ။

“ မရုန်းသာအောင် ... ”

“ မ - ရုံး - သာ - အောင် ”

“ တဏှာ ချုပ်တည်း .. ”

“ တ - ဏှာ - ချုပ် - တည်း ... ”

“ တွေ့တိုင်း မရှောင် ... ”

“ တွေ့ - တိုင်း - မ - ရှောင် ... ”

“ လူကို ထောင် တဲ့ ... ”

“ လူ - ကို - ထောင် - တဲ့ ... ”

“ မညောင်စည်း ...” 

“ မညောင် ... ဟာဗျာ ... ခင်ဗျား ဟာ က ... ”

မျောက် မီးခဲ ကိုင်မိ သလို ဖြစ် သွားသော ကိုအီစမံအင် ၏ အမူအရာ ကို ကြည့်ပြီး စောစောက ချုပ်တည်း ထားခဲ့ရ သမျှ ကို ခုမှ အတိုး ချ ၍ တဟားဟား ရယ် လိုက်ရင်း ကျွန်တော် နှင့် ကိုခင်မောင်လေး သည် သူ့ အခန်း မှ ဒုန်းစိုင်း ၍ လစ်ခဲ့ကြ လေသည် ။

( ၄ )

ကိုအီစမံအင် သည် ကိုခင်မောင်လေး နှင့် ကျွန်တော့် အား လေးငါးရက် ခန့် စကား မပြောဘဲ နေခဲ့၏ ။ ကျွန်တော် တို့ က ပြောင်စရာ လှောင်စရာ ဟု သဘော ထား၍ ပြောခဲ့ခြင်း ကို သူ က အတော် နာကြည်း သွားဟန် တူပါသည် ။

သို့သော် သူ ကျွန်တော် တို့ ကို ကြာကြာ စကား မပြောဘဲ မနေနိုင်ပါ ။ ခြောက်ရက်မြောက် သော နေ့ တွင် သူ သည် စကား ဆို လာပါတော့သည် ။

“ ကျွန်တော် တော့ ဆုံးဖြတ် ပြီးပြီ ”

သူ က အရင်း မရှိ အဖျား မရှိ ခါးလယ်ပိုင်း မှ နေ၍ ပြော၏ ။

“ ဘာများ ဆုံးဖြတ်ပြီးတာလဲ ဆရာ ရယ် ”

ကိုခင်မောင်လေး က သူ မမြင် အောင် ကျွန်တော့် ကို မျက်စိ တစ်ဖက် မှိတ် ပြရင်း နောင် တစ်ခေတ် မြန်မာစာ ပါမောက္ခလောင်းကြီး ကိုအီစမံအင် အား ကဗျာ ဆန်ဆန် မေးလိုက်၏ ။

“ အမာ ရဲ့အချစ် ကို ကဗျာ နဲ့ ပဲ ရအောင် ယူမယ် ”

ကိုအီစမံအင် က တိကျ ပြတ်သားစွာ ပြောလိုက်၏ ။ သူ့ အသံ မှာ နှစ်ပေါင်း လေးဆယ် အုပ်စိုးမယ် ဟူသော ဗျာဒိတ်သံ နီးနီး တည်ငြိမ် လှ ပါ၏ ။

“ ဟာ ... သိပ် ကောင်းတာပေါ့ဗျာ ။ ဒီနည်း ဟာ နတ်သျှင်နောင် တို့ အသုံးချခဲ့တဲ့ နည်းပဲ ။ ဒီ အတိုင်း သာ လုပ် စွံ မှာ သေချာတယ် ”

ကိုခင်မောင်လေး ၏ စကား ကြောင့် ခပ်တည်တည်ကြီး လုပ် နေသော ကိုအီစမံအင် က ပြုံး လာလေသည် ။ သူ သည် သူ့ အိပ်ရာ ခေါင်းအုံး အောက် သို့ လက် လျှို၍ နှိုက် လိုက်ပြီး လျှင် စာအုပ်လေး တစ်အုပ် ကို ဆွဲ ထုတ် လိုက်၏ ။

“ ဒီမယ် ဘာလဲ ... သိလား ”

သူ က စာအုပ်ကလေး ကို ထောင်ပြရင်း မေး လိုက်သော ကြောင့် ကိုခင်မောင်လေး က ...

“ သိတာပေါ့ ၊ အာသံနိုင် မော်ကွန်း မှတ်စု စာအုပ် ”

“ ဒါ ပြောတာ မဟုတ်ဘူး ”

“ နို့ - ဘာပြောတာလဲ ”

“ ဪ ... ကိုယ့် လူ ကလည်း ... အ , လိုက်တာ လွန်ရော ။ အာသံနိုင် မှတ်စု စာအုပ် ကို ဘာလို့ အလကား သက်သက် ပြ နေရမှာလဲ ”

“ နို့ - ဘာလို့ ပြ နေရတာလဲဗျ ”

“ ဒါ သူ့ စာအုပ် လေ ”

“ ဘယ်သူ့ စာအုပ်တုံး ”

“ အမာ လေ ... အမာ့ စာအုပ် ”

“ အမာ့ စာအုပ် ”

“ ဟုတ်တယ် ”

“ ဘာ လုပ်မလို့လဲ ”

“ ဟဲ ... ဟဲ ... ကောလိပ်ကျောင်းသား လုပ် နေပြီး ဒါလောက် အ , ရ သလား ”

“ ဪ ... ဪ ... စာ ထည့် ပြီး ပေးမလို့ ဆိုပါတော့ ”

“ စာ မဟုတ်ဘူးဗျ ”

“ နို့ ... ဘာတုံး ”

“ ကဗျာ ... ” 

“ ကဗျာ လည်း စာပေါ့ ဗျာ ”

“ ဟာ ... ကဗျာ ဟာ ကဗျာ ပေါ့ ... ဘယ်က စာ ဟုတ်ရမလဲ ”

“ ကဲ - မဟုတ်ရင် လည်း နေပါစေတော့ ၊ ဘာ ကဗျာ ပေးမလဲ ”

“ ရတု ... နတ်သျှင်နောင် လို ရတု ရေးပြီး ပေးမယ် ”

“ ကောင်းပါ့ဗျာ ... ကောင်းပါ့ ”

ကိုခင်မောင်လေး က ညည်း သလိုလို ညူ သလိုလို နှင့် ခပ်လေးလေး ပြော လိုက်၏ ။ ကိုအီစမံအင် က မူ သူ့ အကြံ ကို သူ အတည်ပြု လိုက်ပြီ ဖြစ်၍ နက်ဖြန် ကျောင်း တက် အမီ အမာ့ လက် သို့ သူ ၏ ရတုကဗျာ ကို ပေး လိုက်နိုင်ရန် အတွက် သူ ယခင် က ပင် ရေးစပ် ထားသော ရတု ကို အပြာရောင် စာရွက် ပေါ် ၌ အချော ကူး နေ လေသည် ။

သူ့ ကဗျာ မှာ ဧကပိုဒ်ရတု မဟုတ်ဘဲ ရတုပိုဒ်စုံ ဖြစ်၏ ။ အမာ ၏ ချောပုံ လှပုံ နှင့် သူ့ စိတ် တွင် ခံစား တွေ့ရှိချက် တို့ ကို အသေးစိတ် ရေးသား ထား သဖြင့် လည်း အတော်ပင် ရှည်လှ၏ ။

ကျွန်တော် သည် သူ့ နောက် မှ ရပ်၍ သူ အချော ကူးရေး နေသော ကဗျာ ကို ဖတ်ရင်း ဝါးခနဲ တစ်ချက် သမ်း လိုက် မိလေသည် ။

ကိုအီစမံအင် သည် အပြာနုရောင် စာရွက် လှလှကလေး ပေါ် တွင် ရတုပိုဒ်စုံ ကို အချော ကူးပြီး သွားသော အခါ အပြာနုရောင် စာအိတ် ပေါ် တွင် အသည်း ကို မြား နှစ်စင်း ဖောက် ၍ သွေး တစက်စက် ကျနေပုံ ကို မဂ္ဂဇင်းစာအုပ် အဟောင်း တစ်ခု မှ ခဲတံ နှင့် ထပ် ဆွဲနေပြန်သဖြင့် ကျွန်တော် နှင့် ကိုခင်မောင်လေး တို့ သည် သူ့ အား အနှောင့်အယှက် မပေး တော့ဘဲ သူ့ အခန်း ထဲ မှ ထွက်လာ ခဲ့ကြပါသည် ။

တနင်္လာနေ့ နံနက်ပိုင်း ကျောင်း တက် ချိန် တွင် ကိုအီစမံအင် သည် ရတုပိုဒ်စုံ ကဗျာ ကို ရေး ၍ ထည့် ထားသော အပြာနုရောင် စာအိတ်ကလေး ကို အာသံနိုင်မော်ကွန်း မှတ်စု စာအုပ်ကလေး ထဲ တွင် ညှပ် ၍ အမာ အား ပြန်ပေး လိုက်သည် ကို တွေ့ လိုက်ရ၏ ။

ထို နေ့ တစ်နေ့လုံး ကို ကိုအီစမံအင် သည် အလွန် အူမြူး နေ၏ ။ သူ သည် ခါတိုင်း ထက် ပြုံး၏ ။ အသိ တွေ့ တိုင်း လည်း စပ်ဖြဲဖြဲ မျက်နှာ နှင့် နှုတ်ဆက်၏ ။ ညနေ ကျောင်း မဆင်းမီ နာရီဝက် သာသာမျှ အချိန် ရ သေးရာ ကိုအီစမံအင် သည် အယ်လ် - စီ - အာ ခေါ် မိန်းကလေးကျောင်းသူများ အခန်း ရှေ့ တွင် ၇ - ခေါက် ၈ - ခေါက် ထက် မနည်း ခေါက်တုံ့ ခေါက်ပြန် လျှောက် ကာ သထုံကျောင်းဆောင် သို့ မျက်နှာကြီး တပြုံးပြုံး နှင့် ဒုန်းချ ၍ ပြန်ခဲ့လေသည် ။

ညဘက် တွင် ကျွန်တော် နှင့် ကိုခင်မောင်လေး တို့ သည် ကိုအီစမံအင် ၏ အခန်း ဘက် သို့ ခြေသံ မကြား အောင် လျှောက်လာ ခဲ့ကြ၏ ။ သူ့ အခန်း ထဲ မှာ ပိတ် နေ လေသည် ။ တံခါး နား သို့ နား ကပ် ၍ ထောင် လိုက်သည် နှင့် တစ်ပြိုင် နက် ...

“ မြေထုမဟိန် ၊ မေရုသိန်လဲ ၊ နှိုင်းချိန်မလောက် ၊ မောင်ကြီး ဆွဲတာ ၊ ပုလဲညှာကို ၊ ကဲသာမောက်၍ ၊ ရောက်တဲ့စေတနာ ၊ ကျင်းကုန်မထောင့် ၊ စင်းလုံးဖြောင့်တဲ့ ၊ အဟမ်း ... အဟမ်း .. မောင့် ဟဝါ ... အင်း .. အင်း .. မောင့်မေတ္တာ ကို ၊ ယတြာပြု ၊ အာဂန္တု ၊ ကယ်မူမဟုတ် ၊ မေတ္တာကပ်ပါး ၊ တစ်နပ်စား ၊ အငှားလုပ်တယ် လို့ ၊ ရွှေရုပ်ကယ် နတ်သွင် ၊ စိုးရိမ်အားနှင့် ၊ ယုံမှားထင် ၊ ထင်သူသာ လွဲကြမည် ...  ။ စွဲမိတဲ့ ချစ်ရေ ...  ၊ ပုစွန် , ဝံ , ငါး ၊ ဒေါင်းမြီးဖျား တွင် ၊ စာလေးပါး ကျေကာမှ ၊ သွေပါ့မယ် လှယဉ်ကြူးငဲ့ ၊ တင်ကူးတော် မမူပါနှင့် ၊ နန်းသူငယ် ”

ဟူသော ဝိဇယပြဇာတ် မှ ဝိဇယမင်းသား က မယ်ကုဝဏ် အား လူပျို လှည့် သည့် အပိုဒ် ကို ရွတ် နေသံ ကြားရ၏ ။

ကျွန်တော် နှင့် ကိုခင်မောင်လေး က စာရွက် အလွတ် တစ်ခု ကို ကျောင်းသား တစ်ယောက် ထံ မှ တောင်းပြီး  ...

“ အပန်းနှင့် အဆွေး ၊ စခန်းသင့် မဝေးအောင် ၊ ခွေးရူးကိုက် စွန်ရဲ ၊ သည်ဆောင်းလ အတွင်းမှာ ၊ ဝပ်ကျင်း ကို ဆွဲတော့မည် ။ နန်းပွဲရပ် ကဝိန္ဒံက ၊ အဓမ္မလက်သံ နှင့် ဓားပြဉာဏ် သစ်လိုက်စမ်း ကိုးမြို့စား ... ”

ဟူသော အလွတ် ရနေသည့် စာပိုဒ်ကလေး ကို ရေးကာ ပြတင်းပေါက် မန်ကျည်းစေ့တံခါးရွက် အကြား မှ နေ၍ သူ့ အိပ်ရာ ပေါ် ရောက် အောင် ထိုးချ ပြီး လစ် ၍ လာခဲ့ကြ လေသည် ။

နောက် တစ်နေ့ နံနက်ပိုင်း တွင် ကြော်ငြာစာ ကျောက်သင်ပုန်း နား ၌ တစ်စုံတစ်ယောက် ကို စောင့် နေဟန် တူသော အမာ ကို တစ်ယောက် တည်း မြင် ရ၏ ။ ကျွန်တော် သည် မနေ့ည က အကြောင်း ကို ဘာမျှ မသိဟန် ပြုပြီး ကိုအီစမံအင် ကို အမာ့ ထံ သို့ ဆွဲခေါ် လာ ကာ အတင်း ထိုး ၍ လွှတ်လိုက် သဖြင့် သူ သည် ခပ်ကြောက်ကြောက် နှင့် ပင် အမာ့ ထံ သို့ တစ်လှမ်းချင်း သွား နေသည် ကို တွေ့ရသော ကြောင့် အမာ က ကျွန်တော့် အား မမြင်မီ ထို နေရာ မှ ထွက်ခွာ ၍ လာခဲ့၏ ။

ညနေဘက် တွင် ကျွန်တော် နှင့် ကိုခင်မောင်လေး တို့ ကိုအီစမံအင့် အခန်း သို့ ရောက် သွားသော အခါ ၌ ကား မနေ့ ည က လို နဘေလုံးတွေ ကို ကုန်းကုန်း ပြီး ရွတ် မနေတော့ဘဲ ၁ဝ၈ - ပုဒ် မျှ ရှိသည့် ဧကပိုဒ်ရတုကြီး တစ်ခု ကို ထပ်မံ ၍ စပ် နေသည် ကို တွေ့ရ ပြန်သည် ။

“ ဘယ့်နှယ့်လဲ ဗျ ... ဒီနေ့ ဟန်ရဲ့လား ”

ကျွန်တော် က ပင် စတင် ၍ ပဋိသန္ဓာရ စကား ပြောကြား သော ကြောင့် ကိုအီစမံအင် က ...

“ ဟန်တယ် လို့ လည်း မဟုတ်သေးပါဘူး ဗျာ ၊ ကျောင်း နေတုန်း မှာ ဒီလို စိတ်မျိုး မထားဖို့ ပြောတာပဲ ... ဟဲ ... ဟဲ ”

“ ဟာ ... ဒီလို ပြောရင်တော့ စွံဖို့ သေချာ နေပြီ ”

“ ဟဲ ... ဟဲ ... ဒါကြောင့် ဧကပိုဒ်ရတုစာတော်ကြီး ကို ဒီနေ့ ည အပြီး ရေးစပ်တော် မူနေရတာကလား မောင်မင်းများ ... ”

ကိုအီစမံအင် သည် ယခု အသက် အရွယ် ရောက် မှ နတ်သျှင်နောင် ဝင်စား၍ လာလေသည် လား မပြောတတ် ၊ သူ ပြော လိုက်သော စကား မှာ မင်းညီမင်းသား သံ ပေါက် နေလေသည် ။

သူ ရေးသော ဧကပိုဒ်ရတုကြီး မှာ ရှည်လွန်း လှ သဖြင့် လုံးစေ့ ပတ်စေ့ မမှတ်မိတော့ ၊ ပြီးခါနီး အဆုံးပိုင်း နား တွင် ...

“ မေတ္တာထုတ်စုံ ၊ နောက်တန်းခုံမှ ၊
အာရုံမပျက် ၊ မေတ္တာဆက်သည် ၊
ခင့်မက်မပြေ မှန်သောကြောင့် ... ”

ဟူ၍ ရေးထားသည် ကို သာ မှတ်မိပါသည် ။

“ ဘယ့်နှယ့်လဲဗျ ... ကောင်းရဲ့လား ... ”

သူ က တကယ့် စာဆိုတော် ပညာရှိကြီး လေသံ ဖြင့် မေး လိုက် သောကြောင့် ကိုခင်မောင်လေး က ထုံးစံ အတိုင်း “ ကောင်းပါ့ဗျာ ... ကောင်းပါ့ ” ဟု သံတော်ဦး တင် လိုက်လေသည် ။

နောက် တစ်နေ့ တွင် သူ သည် ခါတိုင်း ကဲ့သို့ ပင် အမာ တို့ ခုံတန်း နောက်မှ ကပ် ၍ ထိုင်၏ ။ ဆရာ က အာသံနိုင် မော်ကွန်း ကို ငုံ့ ၍ ဖတ်ပြစဉ် ကိုအီစမံအင် သည် အပြာနုရောင် စာခေါက်ကလေး ကို နောက်ခုံ မှ နေ၍ လျင်မြန် ဖျတ်လတ်စွာ အမာ့ ထံ သို့ ပို့ လိုက်၏ ။

ကျွန်တော် ကား ကိုအီစမံအင် နှင့် အတူတူ မထိုင်ရဲ ဘဲ နောက်ဘက် လေးခုံ လောက် မှ နေ၍ အရိပ်အခြည် ကို ကြည့် နေရ၏ ။

အမာ သည် အလွန် ပါးနပ်သော မိန်းကလေး ဖြစ်သည် နှင့်အညီ ရှေ့သို့ ကျ လာသော စာခေါက်ကလေး ကို ဘေးလူများ မသိအောင် လက်ကိုင်ပဝါ နှင့် အသာ ဖိအုပ် ကာ ဖမ်းယူ လိုက်သည် ကို မြင်ရသည် ။

ထိုနေ့ အဖို့ ကိုအီစမံအင် သည် ယခင် အခါ က ထက် ပင် ပို၍ အူမြူး နေ လေသည် ။ ထို့ထက် အတိုင်းထက် အလွန် အူမြူးစရာ ကောင်းပုံကား ညနေ ဘက် တွင် အမာ က ပြုံးပြုံးကလေး နှင့် ကိုအီစမံအင် ထံ မှ ပါဠိမှတ်စု စာအုပ်ကလေး ကို ငှားယူ ထားလိုက်သော ကြောင့် ဖြစ်ပါသည် ။

စနေနေ့ နေ့လယ်ပိုင်း ကျီးကန်ရှင်ကြီးမေတ္တာစာ သင် ပြီး ကျောင်း အဆင်း တွင် အမာ သည် ကိုအီစမံအင် ထံ သို့ တကူးတက လာ ကာ မှတ်စု စာအုပ်ကလေး ကို ပြန်ပေး သွား လေသည် ။

မှတ်စုစာအုပ်ကလေး ထဲ တွင် စာခေါက် နှင့် သဏ္ဌာန် တူသော အရာကလေး တစ်ခု ပါ လာရာ ကိုအီစမံအင် သည် အမာ ကို ပင် နှုတ် မဆက်နိုင်တော့ဘဲ သူ့ အခန်း သို့ ကသောကမျော လစ်ပြေး လေသည် ။

ကျွန်တော် က ကိုခင်မောင်လေး ကို သွား ခေါ်ကာ ကိုအီစမံအင် နောက် မှ ထက်ကြပ် မကွာ လိုက်ပါ လာခဲ့၏ ။ ကိုအီစမံအင် သည် မိန်းမပျို တစ်ဦး ထံ မှ လက်ရေး နှင့် စာ ဆို၍ သူ့ နှမ ထံ က လွဲ၍ တစ်ခါဖူး မျှ မရဖူးသည့် အတိုင်း ယခု အမာ့ ထံ မှ စာ ရသော အခါ ဝမ်းသာလုံး ဆို့ နေသော အရှိန် သည် သူ့ ရင်ဝ ကို ခြေ နှင့် စောင့် ကန်နေ သလို တလှပ်လှပ် ခုန်နေ၏ ။

အခန်း ထဲ သို့ ရောက်၍ စာခေါက်ကလေး ကို ဖွင့် နေသော သူ ၏ လက်များ မှာ လည်း တဆတ်ဆတ် တုန်နေ၏ ။

စ ၍ ဖတ် လိုက်သော ခဏ၌ ကိုအီစမံအင် ၏ မျက်နှာ မှာ ပြုံး နေ၏ ။ သို့သော် ... ဖတ်ရင်း ဖတ်ရင်း ပြုံး ရာ မှ မဲ့၍ မဲ့၍ လာ၏ ။ မဲ့ ရာ မှ ရွဲ့၍ ရွဲ့၍ လိုက်လာသည် ။

ကျွန်တော် နှင့် ကိုခင်မောင်လေး တို့ သည် သူ့ လက် မှ လွတ်ကျ သွား သော စာရွက်ကလေး ကို ကောက် ၍ အလျင်စလို ဖတ် လိုက်ကြရာ အောက်ပါ အတိုင်း တွေ့လိုက်ကြရပါ သတည်း ။

“ မပြေခင်မက် ၊ အာရုံရှက်၍
ပန်ဆက်မေတ္တာ ၊ ခွင့်ဆိုလာသည်
မသာပုပ်ကောင် ၊ ညှီငွေ့ဟောင်သည့်
အမောင် လင်းတ - အသုဘ ၊
ဗာလပီပီ ၊ နင့်ရုပ်ရည် ကို
သတီဖို့ဝေး ၊ အန်ချင်သေးရဲ့
အမွေးစုတ်ဖွာ ၊ ' တဏှူးရာ ” ကို
ငါ “ မလင်ဂျို ” ၊ ချစ်ရေးဆို နဲ့
သံချိုသံနွဲ့ ၊ စောင့်ရဆဲဟဲ့
အမဲရိုးရာ ၊ အားမနာလား
နင့်မှာ တစ်မူ ၊ ကိုဘာဘူ မို့
မတူမတန် ၊ ချစ်လာပြန်နဲ့
ထပ်မံ ဖောက်လွဲ ၊ အတင့်ရဲက
မလွဲဧကန် ၊ ခွက်ခွက်လန်အောင်
ဆယ်ပြန်မက ၊ ပါးချပြမည်
တစ်ချီတစ်လမ်း - စမ်းမည်လော ။ ”

မှတ်ချက် ။   ။ လွန်ခဲ့သော ရှစ်နှစ် ခန့် က တက္ကသိုလ် မှ ထုတ်ဝေသည့် ကျွန်တော် အယ်ဒီတာ အဖြစ် ဆောင်ရွက်ရ သော အဟမ်း ... အဟမ်း ... ဤကား ပညာရှိ ပီပီ ကြွားဝါ ချင်၍ မဂ္ဂဇင်း တစ်ခု တွင် ကျွန်တော့် သူငယ်ချင်း ကိုခင်မောင်လေး ရေးသော ဝတ္ထု တစ်ပုဒ် ကို သူ ၏ ခွင့်ပြုချက် အရ မွမ်းမံ ပြင်ဆင် ၍ ရေးသား ထားခြင်း ဖြစ်ပါသည် ။ ကိုခင်မောင်လေး ခင်ဗျား ... ဝတ္ထု ရေးခ ကို တော့ နန္ဒမိတ် “ ဒိုင်ယာတံဆိပ် ၊ ထိုင်ကာနှိပ် ၊ ပစ္စယော ဟောတု ” ပဲ လုပ်လိုက်ပါတော့ ။

◾တက္ကသိုလ် နန္ဒမိတ်

📖 မြဝတီ မဂ္ဂဇင်း
      အတွဲ - ၅ ၊ အမှတ် - ၆
      ဧပြီလ ၊ ၁၉၅၇

#ကိုအောင်နိုင်ဦး

.