Showing posts with label သာကဒိုး. Show all posts
Showing posts with label သာကဒိုး. Show all posts

Saturday, August 3, 2024

ခင်ကြက်သွန် တို့ လေကြီး မိုးကြီး

 

❝ ခင်ကြက်သွန် တို့ လေကြီး မိုးကြီး ❞

( ကျွန်တော့် ပါးစပ်ပုပ် ကို ကြိုးတုပ် ထားခဲ့သည် မှာ တော်တော် ကြာပြီ ။ သို့သော် မမျှော်လင့်သော တစ်နေ့ ၌ မြင်ကွင်း တချို့ကြောင့် တော်တော် ခက်ခဲ့ရပေ၏ ။ ကိုယ်တော် ဦးစိမ်း ဆီ သို့ လူမမာ မေး သွားစဉ်တွင် ဖြစ်၏ ။ မြင်ကွင်း တချို့ ကြောင့် ကျွန်တော့် ပါးစပ် သည် ကြိုးပြတ်လုလု ဖြစ်သွား ရာ လက်တွေ ခြေတွေ ပင် အတော် ကသီလင်တ ဖြစ်ခဲ့ရလေသည် ။ )

ကိုယ်တော် ဦးစိမ်း သည် အပေါင်းအသင်း ကျယ်ဝန်း၏ ။ သူ ၏ ပေါင်းသင်းမှု ကျယ်ဝန်းခြင်း မှာ ဘင်္ဂလားအော် လောက် မကျယ်သည့် တိုင် အင်းယားကန်ကြီး လောက် တော့ ကျယ်လေ၏ ။

ထို့ကြောင့် ကိုစိမ်းကြီး မမာမကျန်း ဖြစ်နေပြီ ဟု သတင်း ထွက်သည် နှင့် တစ်ပြိုင်နက် သူ့ အိမ် တွင် အုန်းအုန်းကျွက်ကျွက် ဖြစ်လေ၏ ။

လူမမာ မေး လာသူ လူရောင်စုံတွေ တသောသော ဝင်လေ၏ ။

ကြီးမားသော ခြံကြီး ထဲ တွင် ကား တွေ ရော ကလေးတွေ ရော ၊ ခွေး တွေ ရော ရှုပ်ယှက်ခတ်လေတော့ပြီ ။

ခြံကြီး ဟူသည် ကား သူပိုင် သူဆိုင် တော့ မဟုတ်ချေ ။ ကျောင်းဝင်း အစွန်း တစ်ခုသာ ဖြစ်ပေ၏ ။ သူ့ အိမ် သည် တောင်စောင်းလေး တစ်ခု တွင် ကတ်သီး ကတ်သတ် နားရွက် ကပ်၍ ဆောက် ထား၏  ။

ထို့ကြောင့် သူ့ ထံ လာသူ တို့ သည် မလှမ်းမကမ်း ကျောင်းဝင်းကျယ် ကြီး တွင် ကားရပ် ပြီး သို့မဟုတ် ဆိုက်ကား ရပ်ပြီး သို့မဟုတ် တက္ကစီ သုံးဘီး မှ ဆင်း ပြီး မှ သူ့ တောင်ကုန်း နားရွက်ကပ် အိမ် သို့ တော်တော်လေး တက်ရ လေသည် ။

လူမမာ မေး လာသူများ မှာ မော်တော်ကား ကို ခြံဝင်း လွတ် တွင် ထား ၍ မဆောင်းချင် ဆောင်းချင် ထီး ဆွဲ ဆောင်းပြီး တောင်ကုန်း ပေါ် သို့ စိတ်ရှုပ် လက်ရှုပ် ရေရုပ်ရှုပ် နှင့် တက်ရမည် ။ ခုတော့ လူမမာ မေး တို့ သည် နေခြည် လင်း နေသောကြောင့် စိတ်လင်း သွားကြ၏ ။ ဆရာ ကင်ပွန်းချုံ နှင့် မကြက်သွန် တို့ ခြံကြီး ထဲ သို့ ကားဆိုက်ချိန် တွင် လူမမာ လာ မေးသော ကားများ သည် ဒါဇင်ဝက် လောက် ရှိနေပေပြီ ။

ဆရာကင်ပွန်းချုံ သည် လက် ဘရိတ် ကို ဂျရိရိ မြည်အောင် ဆောင့်ဆွဲ လိုက်ပြီး အငြိမ့်မင်းသမီး ကဲ့သို့ ပတ်ဝန်းကျင် ကို လျင်မြန်စွာ မျက်လုံး ကစား လိုက်၏ ။ ကား တံခါး ကို ခပ်သော့သော့ ဖွင့် ပြီး ကျီးကန်းနှုန်း ဖြင့်လည်း ကားများ ကို သိမ်းကျုံး ကြည့်လိုက်၏ ။ ထို့နောက် ပါးစပ် ကို လေးလက်မ လောက် ကျယ်အောင် ပြုံးလိုက်လေ၏ ။ “ ဒီ အထဲ မှာ ငါ့ ကား အကောင်းဆုံး ပဲ ”  ဟု ညစာ ရသော ဝက်ဝံ လို ကျေနပ် သွားသည် ။

ဆရာကင်ပွန်းချုံ ပြုံး လျှင် ဇနီး အမွန် မကြက်သွန် လည်း ပြုံးပြီ ချက်ချင်း သိပြီ ၊ ကျေနပ်ပြီ ။ မကြက်သွန် က ကားတံခါး ကို ဖွင့် ထွက်ပြီး ကောင်းကင် ကိုမော့ကြည့်၏ ။

“ တော်သေးရဲ့ မိုးရွာပုံ မရဘူး ၊ ထီး ကိုင် သွားစရာ မလိုဘူး ၊ နို့မို့ ထီးကြီး ကိုင်သွားရမှာ ဘယ်လောက် ရုပ်ပျက်မလဲ ” 

သုံးဆယ့်ငါးနှစ် တိုင်တိုင် ထီး ကိုင်ခဲ့သော လက် သည် ခု ထီး မကိုင်ချင်တော့ပြီ ။ ထီးနှင့် ဝေးဝေး နေလေ ဂုဏ်ရှိ လေ အခြေအနေ သို့ ရောက်ပြီ ။ “ မတတ်သာ လို့ ကိုစိမ်းကြီး အိမ် လာရတာ ၊ တော်တော် စိတ်ရှုပ်တယ် ”  ဟု စိတ် ထဲ မှ ပြောမိ၏ ။

ထို့နောက် ကိုကင်ပွန်းချုံ နှင့် မကြက်သွန် တို့ သည် ဘက်ညီ လက်ညီ ကားမှန်များ ကို ပိတ်၏ ။ တံခါးတွေ ပိတ် သော့တွေ ခတ် ပြီးနောက် ကိုကင်ပွန်းချုံ က သိပ်မောပန်း သွားသလို ဖူးခနဲ လေမှုတ်ပြီး “ ခင်ရေ ၊ တို့ ပစ္စည်း တွေ ဒီအတိုင်း ထားခဲ့လို့ စိတ်ချရပါ့မလားတော့ မသိဘူး ၊ ဒီ နားမှာ ဒါ လောက်သောင်းကျန်းမယ် တော့ မထင်ပါဘူး ။ ( သတ္တဝါများ စိတ်ပျက်ဟန် ဖြင့် ခေါင်းယမ်း၍ ) လူတွေ က လည်း အကျင့်စာရိတ္တ တယ် ပျက်ကိုး ၊ ဘယ် နေရာ မှ စိတ်ချရတယ်မရှိဘူး ။ လူတွေ ရဲ့ စိတ် ကို အတော် ပြုပြင်ပေးရဦး မယ် လူတွေ ရဲ့ စိတ် ကို ငါတို့ အတော် ပင်ပန်းခံပြီး အတော်လေး မြှင့်တင် ပေးရဦးမှာပဲဟေ့ ”

ကိုကင်ပွန်းချုံ က ကရုဏာရသ ပါသော အသံ ၊ ကရုဏာ ရသ ပြည့်ဝန်း သော မျက်နှာ ဖြင့်ပြော၏ ။ ကြက်သွန် ၏ မျက်လုံးများ သည် ဖျတ်ခနဲ တစ်ခု သတိရဟန် ဖြင့် ကားဘီးဖုံးများ ဆီ သို့ ရောက် သွား၏ ။

“ မောင် ကားဘီးဖုံးတွေ စိတ်ချရပါ့မလား ၊ လူ ခိုးသွားဦးမယ် ၊ ဖြုတ်ပြီး တော့ ကားထဲ ထည့် ခဲ့ရင် ကောင်းမယ် မောင် ”

ဆရာကင်ပွန်းချုံ သည် မျက်လုံး ကို ပြူး၍ “ အေး အစစ် ပဲ ၊ ဒီ ဘီးဖုံး တွေ ခွာအုပ် သွားကြရင် အခက်ပဲ ။ ဒါတွေ ဖြုတ်ပြီးတော့ ကား ထဲ ထည့် ထားခဲ့ မှ ထင်တယ် ၊ ရှုပ်ပါ့ကွာ ” 

ညည်းညူပြီး ကားတံခါးသော့ ပြန် ဖွင့် မည် လုပ်၏ ၊ တစ်ဖန် မျက်မှောင် ကုတ်သွားပြန်ပြီး

“ ငါ စိတ်ညစ်လိုက် တာကွာ ။ ကားဖွင့် ဝက်အူလှည့် ထုက် ၊ ဘီးဖုံး တွေ ခွာ ၊ သော့ ပြန်ခတ် ၊ ဒါတွေ လု ပ်ရရင် တစ်ကိုယ်လုံး ချွေးတွေ ပြန်လာမှာပေါ့ကွ ။ ချွေး ပြန်ပြီး ရုပ်ပျက် ကုန်မှာပေါ့ ၊ ဒါတွေ လုပ်တာနဲ့ မင်း နဲ့ ငါ လူကြီးလူကောင်း ဟန် မပေါက် တော့ဘဲ သင်္ဘောကြီး ကူလီ ရုပ် ပေါက်ကုန်တော့မှာပဲ ”

မကြက်သွန် မှာ ခပ်တွေတွေကလေး ဖြစ်သွားပြီး

“ အစစ်ပဲ ဒုက္ခပါ ပဲ ၊ သင်္ဘောကြီး ကူလီရုပ် နဲ့ တော့ လူမမာ မမေးချင်ပေါင် ၊ တယ်ပြီး သိန် ပျက် မှာပဲ ။ ကဲ ဖြစ်ချင်ရာ ဖြစ် ဘုရားတရား တ ပြီး ဒီအတိုင်း သာ ထားခဲ့ပါတော့ မောင် ရယ် ”

ဆရာကင်ပွန်းချုံ တို့ မောင်နှံ သည် စိတ် စနိုးစနောင့် ဖြင့် ကား ကို သုံးခါ ကြည့် ပြီး မှ လူမမာ အိမ် ဘက် သို့ လှည့်ဖြစ်တော့၏ ။ ဦးစိမ်းကြီး ၏ အိမ် သည် ရုပ်ရှင်ရုံသံ ပေါက် နေတော့၏ ။ ကိုစိမ်းကြီး ကို ဝန်းရံပြီး နှစ်ယောက် တစ်တွဲ သုံးယောက် တစ်တွဲ စကား ပြောဆို နေကြ၏ ။ ပြောသော စကားများ မှာ လူမမာ ရေးရာကိစ္စ တွေ ဟုတ်သလား မဟုတ်လား ဘယ်သူမှ ကျကျနန မတ်တမ်း တင် မနေ၍ မသိဖြစ်ချေ ။ အသံ ကျယ်ကျယ်လောင်လောင် လည်း ပါ၏ ။ စူးစူးကလေးလည်း ပါ၏ ။ ရှဲရှဲရှဲရှဲ ပြောကြတာ လည်း ပါ၏ ။ ထိုအချိန် တွင် လူမမာ ဦးစိမ်း သည် ကံကောင်းလှပါသည် ။ အဘယ့်ကြောင့် ဆိုသော် ထိုအချိန် ၌ ကိုစိမ်းကြီး သည် သတိ လစ်ပြီး ဆန့်ငင်ဆန့်ငင် ဖြစ်နေသော ကြောင့် ပင် ။ ရောဂါဒဏ် ဆိုးရွား နေသဖြင့် သူတို့ ပြောသည် ကို စဉ်းစား လည်း မစဉ်းစားနိုင် ၊ ကြား လည်း မကြားနိုင်ရှာပေ ။

ကိုစိမ်းကြီး သည် တစ်စုံတစ်ခု နှင့် အနိုင် တိုက်ပြီး ပင်ပန်းကြီးစွာ အသက် ရှူ နေရပုံ ပေါက် နေ၏ ။ ကိုစိမ်း ၏ ခြေရင်း တွင် ဦးဆပ်သွားဖူး သည် ကိုစိမ်းကြီး ကို တစ်ချက် တစ်ချက် လှည့် ကြည့်ပြီး ဦးကန်စွန်းရုံ နှင့် စကား ပြော နေ၏ ။ ဗိုလ်ကြောင်လျှာသည် ခေါင်း ကို တသဲသဲ ကုတ်၏  ၊ ဗိုလ်ကြောင်လျှာ ခေါင်း ကုတ်ရခြင်း မှာ ရဲဘော်သခင်စိမ်း အတွက် စိတ်သောက ရောက် စိတ် ညစ် ၍ မဟုတ်ချေ ။ သူ့ ဘေး တွင် လာရပ်ပြီး ဘာတွေမှန်း မသိ ပြော နေသော ဦးသရက်ပု အတွက် ဖြစ်၏ ။

ဦးသရက်ပု ၏ ဇနီး မဗေထီ သည် ဦးစက္ကူ ဝတ် ထားသော တက်ထရက် အင်္ကျီ ကို  မသိမသာ ရော သိသိသာသာ ရော ကြည့် နေ၏ ။ ဦးစက္ကူ ဝတ် ထားသော တာရာလင်းရှပ်အင်္ကျီ လည်း ရွရွကလေး ဖြူ ကာ ဦးစက္ကူ တစ်ယောက် အဘယ်မျှ တွင်ကျယ် ပေါက်ရောက်သူ ဖြစ်ကြောင်း နေ၏ ။ အစိမ်းပုပ်ရောင် တက်ထရက် အပေါ်အင်္ကျီ မှာ လည်း ကြွကြွကလေး ပင် တောင့် နေ၏ ။ မဗေထီ သည် မြန်မြန် တွေးသည် ၊ သူ သည် အင်္ကျီစ တွေ ဘယ်လိုများ ရအောင် ရှာနိုင်တာပါလိမ့် ၊ တယ် စွမ်းတဲ့ ပုဂ္ဂိုလ်ပါလား ၊ ငါ့ လင် ကိုသရက်ပု အတွက် ငါ ရှာတာ ကြာပြီ ၊ ခုထက် ထိ မရသေးဘူး ငါလည်း ကြံဦးမယ် ၊ မရ ရအောင် လုပ်ရမယ် ။

“ မရ ရအောင် လုပ်ရမယ် ”

မဗေထီ ၏ ပါးစပ် မှ ယောင်ပြီး အသံစုံ ထွက်သွား၏ ။ ဤတွင် ဦးကန်စွန်းရုံ က လှည့်ကြည့်ပြီး

“ ဟုတ်တယ် ... ဟုတ်တာပေါ့ ၊ ကျွန်တော် တို့ ရဲဘော်ကြီး ကိုစိမ်း အတွက် စိတ်မကောင်းဘူး ။ ရဲဘော်ကြီး ကိုစိမ်း ကို မရ ရအောင် လုပ်ရမယ် ၊ ကုရမယ် ၊ ကြံကြစမ်းပါဦး ခင်ဗျာတို့ ရယ် ”

မဗေထီ ၏ မျက်နှာ သည် တစ်ခု ခု ဖြစ်ပြီး မျက်နှာ ငလျင် လှုပ်သွား၏ ။

ပြီးတော့မှ အသက် တစ်ချက် အောင့် သွား၍

“ ဟုတ်ပါတယ် ရှင် ဟုတ်ပါတယ် ၊ ကျွန်မ လည်း ပဲ ဒီ ကိစ္စ အတွက် အမျိုးမျိုး လှည့် စဉ်းစားနေတာပဲ ၊ မရ ရအောင် တော့ ကျွန်မတို့ ကြိုးစားရမယ် ၊ အင်မတန် စိတ်သဘော ပြည့်ပြီး သိပ် တော်တဲ့ ပုဂ္ဂိုလ် မဟုတ်လား ။ ကျွန်မ တို့ ရဲဘော်ရဲဘက်ကြီး အသက် ကို မရ ရအောင် လုပ်ရမာပဲ ၊ ဆရာဝန် နဲ့ မဟန် ရင် မြန်မာနည်း နဲ့ ဖြစ်ဖြစ် ကြိုးစား ရမှာပဲ ”

“ ဟော ဆရာ ကင်ပွန်းချုံ တို့ မကြက်သွန် တို့ လာ လာ ”

ကိုကင်ပွန်းချုံ ၏ မျက်နှာ မှာ ဝင် လာလာချင်း ပင် အတော်ကလေး ပူပင်သောကရောက် နေဟန် ပေါ်လွင် လှ၏ ။ သို့သော် သူ့ ပူပင်သောက မှာ ရဲဘော်ကြီး ကိုစိမ်းအတွက် လား ၊ သူ့ မော်တော်ကား ဘီးဖုံးများ အတွက် လား ဟူသည် ကို မကြက်သွန် သာ လျှင် သိနိုင်စရာ ရှိပေ၏ ။

ကိုကင်ပွန်းချုံ သည် လူနာ မေး ပရိသတ် ကို လှမ်း ကြည့်လိုက်ရာ သူ နှင့် ခေတ်အဆက်ဆက် ပြိုင်ဘက် ဖြစ်သော သခင်ဆပ်သွားဖူး ကို တွေ့ ပြီး ချက်ချင်းကြီး မျက်နှာ မိုးအုံ့ သွား၏ ။ သို့သော် လက် ထဲ မှာ ကားသော့လေး ကို ချလွင် ခနဲ မြည် အောင် ကိုဆပ်သွားဖူး ဘက် သို့ သိသိသာသာ လှုပ် ကာ တစ်ချက်တည်း ခေါင်းမော့ လိုက်၏ ။

လူမမာ မေး ပရိသတ် တို့ သည် တသောသော တိုး လာပြန်၏ ။ ဟော ဗိုလ်ချယ်ဂါ နှင့် မတောက်တဲ့ ။ အမျိုးသမီး ထိပ်ဖူး မဆီလူး လည်း ဝင်လာ ပြန် တယ် ။ နောက်ပိုင်း က ရောက် လာ တာ ဘယ်သူပါလိမ့် ။ နာမည် တသွင်သွင် ကြီး တဲ့ ဖိုးခံတက်ချဉ်ကြီး ပါ ကလား ။ လူစုံ မျက်နှာစုံ ဖြစ်နေပေတော့သည် ။

ဖိုးခံတက်ချဉ် သည် အားလုံးသော မျက်နှာများ ကို ဝဲ လှည့်၍ ကြည့်မိ ၏  ။ လောက တစ်လောက ၏ အသိုက်အဝိုင်းသစ် ဟု သူ သိလေ၏ ။

ဖိုးခံတက်ချဉ် သို့မဟုတ် ကိုရင်ခံတက်ချဉ် သည် ကမ္ဘာ တစ်ခု မှ လာ ရသည့် နှယ် မော နေလေ၏ ။ မျက်နှာ တစ်ခွင်လုံး အဆီပြန်ပြီး ချွေး နှင့် အဆီ မှာ သမ နေ၏ ။ ကိုရင်ခံတက်ချဉ် ကို ဘေးတိမ်း ပေးကြ၏ ။ လူမမာ ကြည့် နိုင်ရန် ဘေးတိမ်း ပေးပုံ ပေါ် သော်လည်း ကိုခံတက်ချဉ် ကိုယ် က ချွေးနံ့ ချိုင်း ( ဝါ ) ဆင်းရဲသားနံ့ နံ လှ၏ ။

ဖိုးခံတက်ချဉ် သည် ရဲဘော်ကြီး ကိုစိမ်း ကို ခြေဆုံးခေါင်းဆုံး ကမန်း ကတမ်း ကြည့်၏ ။ ပင်ပန်းတကြီး နပန်းလုံး ၍ အသက်ရှူ နေရပုံ ပေါ်သော ကိုစိမ်း ကို ကြည့်ကာ ဖိုးခံတက်ချဉ် သည် နှစ်ဆမျှ မောချင် သွားရတော့သည် ။

သူ သည် စိတ်မောလက်မော လက်ပန်းကျဟန် ဖြင့် လက် ထဲ မှ ဘတ်စ်လက်မှတ်ကလေး ကို ထွေးခံ ထဲ ပစ်ချ လိုက်၏ ။

ထို မြင်ကွင်း ကို ကြည့်ပြီး ဘေးပတ်ဝန်းကျင် သည် လေတစ်မျိုး လှုပ်ကာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်သွားကြသည် မှာ အံ့သြဖွယ် မြင် ကွင်းတစ် ခုဖြစ်သွားလေတော့သည် ။ ဤသည် ကို ဖိုးခံတက်ချဉ် မသိ လိုက်သည် မှာ ရတနာသုံးပါး
မိဘဂုဏ်ကျေးဇူး ဟု ပင် ဆိုရပေတော့မည် ။ ဘတ်စ်ကား လက်မှတ်ကလေး နှင့် လာသော သူ့ ကို ကြည့် ကာ ဝိုင်း သနား သွားကြ ရာ ဤသည်ကို   သူ မသိခြင်း သည် အကောင်းဆုံးပင် ဖြစ်သည် မဟုတ်ပါလား ။

ကိုစိမ်း သည် တစ်ချက် တစ်ချက် သက်ပြင်း ရှိုက်ရှူရင်း မျက်လုံး လန် လန် သွားသည် ။ ဖိုးခံတက်ချဉ် သည် ထိတ်လန့်တကြီး ကိုစိမ်း ၏ လက် ကို ကိုင်ဆုပ် မိ၏ ။ ကိုဆပ်သွားဖူး က မျက်လုံး ကို ပေကလတ် ပေကလတ် လုပ်ရင်း မကြက်သွန် ၏ စိန်နားကပ်ကြီး ကို ကြည့်ကာ “ ကဲ ကြည့် ဆောင်ရွက် ကြပါဦးဗျာ ၊ ဆရာ ပြောင်းတန် ပြောင်း ဖို့ လို သလား ၊ မလိုဘူးလား ပေါ့ ၊ ကျွန်တော် က တော့ ခင်ဗျား တို့ သိတဲ့ အတိုင်းပဲ ၊ တယ်လီဖုန်း သံ တဂွမ်ဂွမ် နဲ့ဗျာ ။ နေ့နေ့ညည ပြေးပြေးလွှားလွှား အလုပ်များ နေတော့ ခင်ဗျား တို့ ဝိုင်း ပြီးတော့ ဖိဖိစီးစီး ကြံကြဦးဗျာ ၊ စီစဉ်ကြပါဗျာ ”

မကြက်သွန် သည် ကိုဆပ်သွားဖူး သူ့ စိန်နားကပ် ဂရုပြု ကြည့်သည် ကို မျက်လုံး အရည် လည်အောင် အကြောလှုပ် ဝမ်းသာရင်း “ ဟုတ်ကဲ့ ဟုတ် တာပေါ့ ။ သခင်ဆပ်သွားဖူး က သိပ် အလုပ် များတာပဲ ၊ ဒီကို လာပြီး မေးနိုင် ကြည့်နိုင် တာတောင် အတော် အချိန် လုရမှာ ၊ ဒီတော့ ဗိုလ်ချယ်ဂါကြီး ရဲ့ ကြည့်ပြီး ကြံစမ်း စည်စမ်း ပါဦး ။ ဒီလို အခြေအနေ နဲ့ ဆိုရင် ဘယ်လို ဆေး ၊ ဘယ်လို ဆရာ နဲ့ ကောင်းမယ် ဆိုတာ ”

ဗိုလ်ချယ်ဂါကတော်ကြီး မတောက်တဲ့ သည် တုတ် နှင့် အထိုး ခံရသလို အောင့်နေချေ၏ ။ သူ့ စိန်နားကပ် ကို ဘယ်သူမှ သတိ မထားသည် မှာ ပိုပို လျှံလျှံ ကြေကွဲဖွယ်ကြီး ဖြစ်နေ၏ ။ ထို့ကြောင့် အသံ ကို မြှင့်၍

“ ဆေး ပြောင်းဖို့ လုပ်ဖို့ ကတော့ သိပ် အရေးကြီးတယ် ထင်တယ် ။ စိန်နီဆရာကြီး လည်း နာမည် ကြီးတယ် ၊ အသက်လု ပေးနိုင်ရင် ပေးနိုင်မလား မသိဘူး ။ ကျွန်မ က တော့ နည်းနည်းမှ စိတ်မချမ်းသာဘူး ရှင် ။ ( မျက်ရည် ကျ မလို မျက်နှာ ဖြင့် ) ည က တောင် အိပ်မရဘူး ။ ကဲ ရှင် ဦးသရက်ပု တို့ ၊ ဗိုလ်ကြောင်လျှာကြီး တို့ မြန်မြန် စီစဉ် ၊ ကြံဖန် ကြပါ ရှင် ၊ ဦးကန်စွန်းရုံ ဒီလို နေလို့ မဖြစ်ဘူးလေ ၊ ဆရာ ကင်ပွန်းချုံ တို့ ဦးစက္ကူ တို့ လုပ်ပါ ရှင့် ။ ရှင်တို့ ကြည့် ရတာ ကြက် လည်လိမ် ထား သလို အကြံ မရကြပါဘဲလား ။ အသက် လုရမှာ နော် ၊ အရေးကြီးပါတယ် ”

ဗိုလ်ချယ်ဂါကြီး ၏ ဇနီး မတောက်တဲ့ သည် အများကြီး စကားပြော လိုက်သည် ။ နာမည်များ ကို ခေါ်ကာ ပြောရင်း အချို့ လက် တို့ခြင်း ၊ အချို့ လက် တွန်းခြင်း ၊ မေးငေါ့ပြခြင်းတွေ လူစေ့ သူစေ့ ပြု ကာ တဆတ်ဆတ် ပြော သွားသည် ။ “ စိတ် မချမ်းသာပါဘူး ၊ စိတ် မချမ်းသာပါဘူး ” ဟူသော စကား လုံးတွေ ပြောချိန် တွင် ခေါင်း ကို နာနာလေး ခါယမ်း ၍ ပြော၏ ။ ထို့ကြောင့် လေးလံသော စိန်နားကပ်ကြီး ပန် ထားသော သူ့ နားရွက် တို့ သည် မျက်နှာ ခါယမ်း လိုက်တိုင်း မျက်နှာ ကို ဘယ်ညာ ဖတ်ခနဲ ဖတ်ခနဲ ရိုက် သွား သလား ဟု ပင် ထင်ရ၏ ။

ဤသည် ကို မိန်းမစစ်စစ် မျက်လုံးများ ဖြစ်သော မကြက်သွန် တို့ မဆီလူး တို့သည် မဗေထီ အပါ အဝင် အလုံးအထည် လိုက်ကြီး သိလိုက် ကုန် လေသည် ။ မကြက်သွန် သည် သူ့ လင် ကိုကင်ပွန်းချုံ ၏ မျက်လုံး ကို တည့် တည့် ကြည့် လိုက်၏ ။ ဆရာ ကင်ပွန်းချုံ က လည်း “ ငါ မြင်ပါတယ်ကွာ ” ဟူသော ဟန် ဖြင့် ပြန် ကြည့်၏ ။

ဖိုးခံတက်ချဉ် ကား ထို ပညာလောကကြီး ကို ဘာမှ သိရှာသူ မဟုတ် ချေ ။ ထို့ကြောင့် မကြက်သွန် တို့ ၊ မတောက်တဲ့ တို့ ၊ ဗိုလ်ချယ်ဂါ တို့ ပြောဆိုသော စကားများ ကို နားထောင် ရင်း ၊ စကား ကို စကား အရင်း အတိုင်း ပဲ နားလည် မိရင်း သူ့ ရဲဘော် ကိုစိမ်းကြီး အတွက် ဆူဆူဖြိုးဖြိုးကြီး ဝမ်းသာ မိ ရသည် ။

မကြက်သွန် သည် ဘာဖြစ်လို့ မတောက်တဲ့ စိန်နားကပ် က ငါ့ စိန်နား ကပ် ထက် ကြီးရတာလဲ ဟု မျက်လုံးပေကလတ် ပေကလတ် နှင့် မခံချင်စိတ် တွေ အငွေ့ ထွက် နေ၏ ။ ဤသည် ကို လည်း ကြက်သွန်ခွံ ထက် ဆယ့်နှစ်လွှာ လောက် ပါးသော ဆရာကင်ပွန်းချုံ သည် ကောင်းစွာ သိပြီး ပြုံးတစ်ပတ် နွမ်းကလေး ဖြစ်ရပြန်တော့သည် ။ ဆရာကင်ပွန်းချုံ သည် မဆီဆိုင်သော စကား ကို ပြောသွင်း လာသည် ။

“ ဒါနဲ့ ဗိုလ်ချယ်ဂါ ၊ ခင်ဗျား ဂျစ်ကား အမိုး လဲ လိုက်သလား ”

ဗိုလ်ချယ်ဂါ က သူ့ ဂျစ်ကား ရှိကြောင်း ကြေညာပေးခြင်း အတွက် ကိုကင်ပွန်းချုံ ကို ပိဿာ ပြည့်ပြည့်ကျေးဇူး တင်သွားသည် ။ ဗိုလ်ချယ်ဂါ က

“ ဟုတ်သဗျာ ၊ ဌာနဆိုင်ရာ ကို အမိုး လဲခိုင်း နေရင် ကြာ နေမယ် မဟုတ်လား ၊ နောက်ပြီး ဌာနဆိုင်ရာ က လဲပေး တဲ့ အမိုး ဆိုရင် တိုင်းပြည် ပိုက်ဆံ ပဲ ကုန် ရမှာပဲ ၊ အဲဒါနဲ့ ကိုယ့် ဘာသာ ပဲ လဲ လိုက်ပါတယ်လေ ”

ဗိုလ်ချယ်ဂါ က သူ့ ဂျစ်ကား အမိုး လဲခြင်း သည် ပင် သူ့ အတွက် မဟုတ် တိုင်းပြည်အတွက် ဟု ကြေညာ နားလည်စေ လိုက်သည် ။

ဆရာကင်မွန်းချုံ က “ အေးဗျာ ၊ ဒီလို စိတ်ထား နဲ့ လုပ်ဟာ သိပ် ကောင်း တာပေါ့ ၊ တခြား လူတွေ ကို လည်း နမူနာ ပေးရာ ကျတာပေါ့ ။ ကျွန်တော်တို့ ရဲဘော်တွေ သူများ ထက် ပိုပြီးတော့ အနစ်နာ ခံနိုင်ရမယ် ၊ ပိုပြီး စံပြ နိုင်ရ မယ် ။ ဒီလို မဟုတ်လား ”

ဆရာကင်မွန်းချုံ ၏ စကား ကို အားလုံး က တစ်ကိုယ်လုံး ထောက်ခံ ကြလေသည် ။ တစ်ဖန် ဆက် ၍

“ ရဲဘော် ကိုစိမ်းကြီး ဆို လို့ ရှိရင် ဒီလို စံပြတဲ့ နေရာမှာ သိပ်ထူးတာပဲ ၊ သူများ အတွက် အနစ်နာ ခံ ဆောင်ရွက်တဲ့ နေရာမှာ လည်း ရှားတယ် ။ သိကြတဲ့ အတိုင်းပဲ ၊ ဒါကြောင့်လည်း သူ အခု လို ဖြစ်တာ တော်တော် စိတ်မကောင်း ဖြစ်ရတာပေါ့ ”

ဆရာ ကင်ပွန်းချုံ က လက်ဟန် ခြေဟန် ၊ ပါးစပ်ဟန် နှင့် စိတ်ပါလက် ပါ ပြောသည်ကို ဘေးက ပုဂ္ဂိုလ်များ မြင်ရသည် ။ သူ စိတ်ပါ လက်ပါ လက်ဟန်ခြေဟန် နှင့်ပြောတိုင်း သူ့ လက်ညှိုး တွင် စွပ် ထားသော မော်တော် ကားသော့ သည် ချလွင်ခနဲ ချလွင်ခနဲ မြည်၍ မြည်၍ သွားသည် ။ ဤ ချလွင် ခနဲ အသံ သည် သူ၏ နောက်ဆုံးပေါ် အဆင့်အတန်း ကို ပြ နေ၏ ။

မော်တော်ကား သော့ ကို သတိ ပြု ၍ ကြည့်မိကြ ရသည် ။ ကားသော့ မှာ အချောင်းကလေး ဖြစ်သောကြောင့် စကိုဒါကားသော့ ဟု သိစေ၏ ။ ဆရာ ကင်ပွန်းချုံ နှင့် မကြက်သွန် တို့ သည် အခုဆိုရင် စကိုဒါကား စီးနေကြတာ ပါကလား ဟု သိစေပြီ ဖြစ်၏ ။ အံ့ဩသူ အံ့ဩ သွားဟန်ပေါ်ချေ၏ ။ ဤ သည် ပင် လျှင် ယနေ့ ညနေ လာရကျိုး နပ်ခြင်းပေတည်း ဟု ... ။

ကိုကင်ပွန်းချုံကြီး ကျေနပ်မြဲကြီး ကျေနပ် သွား၏ ။ ဤနေရာ တွင် မဆီလူး က ဝင်၍
“ ကဲ ရှင် တိုင်ပင်ကြပါ ။ ကျွန်မတို့ တော့ ကိစ္စလေး ရှိလို့ ပြန်ခွင့် ပြုကြဦးမှပဲ ။ ကိုစိမ်းကြီး အတွက် အားလုံး ဝိုင်း ဆောင်ရွက်ကြပါရှင် ဆောင်ရွက်တာ လည်း ကျွန်မတို့ ကို အသိပေးပါ ၊ ခိုင်းစရာ ရှိရင် လည်း ခိုင်းကြပါ ။ ကျွန်မ မှာ ကိစ္စလေး တိုးလိုးတစ်လစ် ဖြစ်နေလို့ သွား ခွင့်တော့ ပြု ကြပါဦး ။ ပြီးတော့ သမီးကလေး ကျောင်း က ပြန်လာတာ တစ်ပါတည်း ခေါ် လာရတာ ၊ အခု ကား ပေါ် မှာ ထားခဲ့ရတယ် နော် ၊ ခွင့်ပြုကြပါ နော် ”

မဆီလူး က ဆီ လူးသော မျက်နှာ ဖြင့် နှုတ်ဆက် စကား ဆို၏ ။ ဤသည် မှာ အဓိက အားဖြင့် မော်တော်ကား ရှိကြောင်း ၊ မော်တော်ကား ဖြင့် လာကြောင်း ကြေညာခြင်းဖြစ်သည် ကို အားလုံး က မြွေမြွေချင်း ဘွတ်ဖိနပ် မြင်ကြ သော် လည်း ဖိုးခံတက်ချဉ် တစ်ယောက် မသိသည် မှာ တော့ ခေတ် နှင့် မလျော်သော သတ္တဝါ ဖြစ်ခြင်း ပင် ဖြစ်သည်ဟု ဆိုရမည် ထင်သည် ။

ဗိုလ်ကြောင်လျှာ သည် မျက်မှောင် ကြုတ် ၍ တွေးနေပုံ ပေါ် သွား၏ ။ လေးလေးနက်နက် လမ်းကြိတ်စက် ရွက် ၍ တွေး နေပုံပေါ်၏ ။ ပေါ်နေ၏ ၊ တရှူးရှူး အသက်ဆွဲ ရှူ နေရသော လူမမာကြီး ကိုစိမ်း ၏ ခြေထောက် ကို တစ်ချက် တစ်ချက် လှမ်း ကြည့်၏ ။ စောင်ကလေး ကို ဆွဲဆွဲ ဆန့်၏ ။ ခြေဖျား ကလေး ကို ကြင်ကြင်နာနာ ဟန် ဖြင့် ဆုပ်၏ ။ ဗိုလ်ကြောင်လျှာ က မျက်မှောင် ကြုတ်၍ ကြုတ်၍ တွေး နေခြင်း မှာ မဆီလူး တို့ နေ့ချင်း ညချင်း ဘာလို့ ကား စီး နိုင်တာလဲ ၊ ကင်ပွန်းချုံ ဆိုတဲ့ လူ တောင် ကား နဲ့ ဘာ နဲ့ ဘယ်လို လုပ် ဖြစ်လာတာလဲ ။ ဌာနဆိုင်ရာ က ပေးတာလား ၊ သူတို့ လက်တွေ ဟာ ခေတ်တိုင်းပဲ တယ် စွမ်းပါကလား ဟု ပိဿာချိန် ကြီးကြီး နှင့် တွေး ပစ် ခြင်း ဖြစ်သည် ။ ဘယ်သူ စွပ်စွဲ အထင်မှားရဲအံ့နည်း ။ ဗိုလ်ကြောင်လျှာ မျက်မှောင်ကြုတ် ၍ ဘာ တွေး နေသည် ကို ဖိုးခံတက်ချဉ် တစ်ယောက် မသိသည် မှာ လည်း အင်း - မသိထိုက် ၍ မသိခြင်းပင် ဖြစ်ပေတော့သည် ဟု ဆိုရမည် ။

ကိုကင်ပွန်းချုံ စကိုဒါ ကားသော့ကလေး ကို တချွင်ချွင် လှုပ်၍ လှုပ်၍ စကား ပြောနေသည် ကို ကြည့်ပြီး ကိုသရက်ပု သည် အိတ် ကို ဟိုနှိုက် သည်နှိုက် လုပ်နေ၏ ၊ “ ဟ - စီးကရက်များ ပါကြသလား ၊ အရေးထဲ ဆေးလိပ် သောက်ချင်လိုက်တာ ” ဟု ပြောရင်း ဘယ်နှိုက် ညာနှိုက် ၊ ဟိုနှိုက် သည်နှိုက် နှိုက် ကြည့် ဟန် ပြု၏ ။ ထိုစဉ် ချလွင် ချလွင် အသံ ကြားပြီး ကိုသရက်ပု လက် ထဲ တွင် ကားသော့ကလေး ပါလာလေ၏ ။ အထင်အရှား မြင်ကြ၏ ။ ကားသော့ ၏ ဖင်ပေါက် သည် တစ်မျိုး တစ်မည် အရှည်ကလေး ဖြစ်ရာ “ ဟ ... သင်း  က မာဇဒါ ဖင်မလီယာကား ဟ ” ဟု ကိုကင်ပွန်းချုံ တို့ ဗိုလ်ချယ်ဂါ တို့ အသံ ထွက် မတတ် အံ့သြ သွားမိ သတည်း ။ လူ စင်စစ်က မျောက်ဖြစ်အောင် မျက်ခုံး တွန့် သတည်း ။

ကိုကင်ပွန်းချုံ သည် ကင်ပွန်းချုံ ကလေး လို ပုသွား၏ ။ ခေါင်း ကို ကောက်ဆွ နှင့် ဆွ သလို ဆွဆွ ပြီး ကုပ်၏ ။ စိတ်မငြိမ် သလို လှုပ်ကာ ရဲဘော် ကြီး ကိုစိမ်း နဖူး ကို ကိုင်လိုက် ၊ ခေါင်းယမ်း လိုက် ဖြစ်နေ၏ ။ ကိုသရက်ပု နှင့် မဗေထီ တို့ သည် အရမ်း ခေါင်း ဖော် နေ ကြလေသည် ။ တစ်ခု ခု ကို အလေးထား တွေး နေ၍ ခေါင်း မော်နေသလို တည်း ။ ထိုစဉ် သခင် ဆပ်သွားဖူး သည် “ ဪ ကျွန်တော့် မှာ ဆေးလိပ်ပါတယ် ။ မေ့နေတယ် ” ဟု ပြောပြောဆိုဆို ဘောင်းဘီ အိတ် ထဲ မှ ဆေးလိပ်ဘူး ကို ဆွဲထုတ် လိုက်၏ ။

“ ခင်ဗျား ဒူးယား သောက်တတ်ရင်တော့ ရှိသဗျ ”

ဤသို့ အပြော အထုတ် ဖြင့် ပြောထုတ် ပြီး ဆေးလိပ်ဘူး ကို ဆွဲထုတ် လိုက်ရာ သော့တွဲ တစ်တွဲ သည် လက် ထဲ တွင် ညပ် ပါ ကာ ကြမ်းပြင် ပေါ် သို့ ချလွမ် ခနဲ ကျသွား လေသည် ။ အားလုံးသော မျက်လုံး နှစ်လုံး စီ တို့သည် ကြမ်းပြင် က သော့ ဆီ သို့ ပစ်မှတ် ဖြစ်သွား ကြ ကုန်၏ ၊ သို့သော် ထို အထဲ တွင် ကိုစိမ်း ၏ မျက်လုံး ၊ ဖိုးခံတက်ချဉ် ၏ မျက်လုံး တို့ ကား မပါချေ ။ ဆေးလိပ် တောင့်တ သော ကိုသရက်ပု ၏ မျက်လုံး သည် ပင် ဆေးလိပ်ဘူး ဆီ သို့ မရောက် ၊ ကြမ်းပြင် ပေါ် က သော့ ဆီ သို့ တိုက်ရိုက် ရောက်နေ ၏ ။

ကြမ်းပြင် ပေါ် မှ သော့ သည် ကား အင်္ဂလိပ်စာလုံး နှစ်လုံး ၊ အထပ် ပါ ရှိသော ၊ ထွင်းထု ထားသော ၊ ဖော် ထားသော သော့ ဖြစ်ရာ ဘောက်စ်ဝက်ဂွန်းကား သော့ဖြစ်ကြောင်း ထင်ရှားသော ကြောင့် ကိုဆပ်သွားဖူး ၏ နောက်ဆုံးပေါ် အခြေအနေကြီး ကို သော့ က အစီရင်ခံ လေ သတည်း ။ ဟင်ခနဲ ဗိုက် ထဲ က မြည်ကာ တုန်လှုပ်ကြကုန်လေ သတည်း ။ မတောက်တဲ့ တုန် သွားပုံ မှာ စိန်နားကပ် ပါ တုန်သွား သလား ထင်ရ၏ ။ မကြက်သွန် ၏ မျက်ခုံးမွေး တွေ ရှေ့ ရောက် သွားသလား ထင် ရ၏ ။ ဗိုလ်ချယ်ဂါ မှာ သူ့ ဂျစ်ကား အတွက် အလိုလို သေး သွား၏ ။ ကိုဆပ်သွားဖူး ဆီ မှ ဆေးလိပ် ကို ယူ ဖွာ လိုက် သော ဦးသရက်ပု သည် ပု ၍ ဖွာ နေသော ပုံ ဖြစ်သွားလေသည် ။

မဗေထီ သည် ကိုဆပ်သွားဖူး ကို စေ့စေ့ ကြည့် ၍ တစ်နာရီ မိုင် တစ်ထောင် နှုန်း ဖြင့် အပြေး တွေး နေသည် ။ ဗိုလ်ကြောင်လျှာ သည် ဖိုလှိုက်ဖိုလှိုက် ဖြစ် ပြီး တွေးသည် ။ ကိုကင်ပွန်းချုံ နှင့် မကြက်သွန် တို့ မှာ အသံ ပျောက် ချင် နေသည် ။

“ ဒီ ဆပ်သွားဖူး ဆိုတဲ့ လူ ဟာ ကျင်လည်တဲ့ မျက်လုံး ၊ ကျင်လည်တဲ့ ပါးစပ် ၊ ကျွမ်းကျင်တဲ့ မျက်လုံး ၊ ကျွမ်းကျင်တဲ့ ပါးစပ် ၊ ကျွမ်းကျင်တဲ့ လက်တွေ နဲ့ ဘယ်လိုများ ကျွမ်းကျင် ပစ်လိုက်ပါလိမ့် ။ အခွင့်အရေးတွေ ကို ကျွမ်းကျင် တဲ့ မျက်လုံးကြီး နဲ့ ကြည့်ပြီး ကျွမ်းကျင်တဲ့ လက်ကြီး နဲ့ ဘယ်လို ဖန်ဆင်းချို့ ဖဲ့ယူ ပါလိမ့် ” ဟု စိမ်းဆတ်ဆတ် တွေး တွေးပစ်ကြလေသည် ။

ဆပ်သွားဖူးကြီး ကို ဝိုင်း ကြည့်သော အကြည့် သည် ပင် အံ့သြခြင်း နှင့် ထိတ်လန့်ခြင်း နှင့် အမြင်ကတ်ခြင်းတွေ ရော မွှေ သလို ဖြစ်သွား၏ ။ ဆပ်သွားဖူး ကြီး သည် ဘာမှ မသိ သလို ရုန်းကန်သော အပြုံး ဖြင့် ကားသော့ ကို အိတ် ထဲ ပြန် အိပ်စေလိုက်၏ ။
ဖိုးခံတက်ချဉ် က မူ ရှိုက်၍ ရှိုက်၍ အသက်ရှူ ရင်း သတိ လစ် နေသော ရဲဘော် ကိုစိမ်းကြီး ၏ ရင်ဘတ် ပေါ်သို့ စိတ် မသက်မသာ ဖြင့် လက် တင်ကာ ဖိလိုက် ခွာလိုက် ဘေးပတ်ဝန်းကျင် ကို မော့ ကြည့်လိုက် နှင့် သောက ပွေ နေသည် ။ ပတ်ဝန်းကျင်ရောင်းရင်းများ မျက်နှာ မှာ အမှန်ပဲ ၊ အမှန် ပါပဲ ၊ မျက်စိ မျက်နှာ ပျက် သထက် ပျက်လာသည် ဟု သူ သတိထား မိပါသည် ။

“ ကဲဗျာ ခင်ဗျား တို့ လည်း သိပ် စိတ်ပူနေကြတာပဲ ။ ကနေ့ ည ကျွန်တော် မပြန်ဘူးဗျာ ၊ ဒီမှာပဲ စောင့် အိပ်ပြီးတော့ လုပ်ပါ့မယ် ။ ရဲဘော်ကြီး အနား ခွာလို့ မဖြစ်ဘူးဗျာ ”

ကိုစက္ကူ က “ အေး တို့ ဖိုးခံတက်ချဉ်ကြီး ကတော့ စံ ပါပဲ ကွာ ”  ဟု ချီးကျူး လိုက်၏ ၊ ဟုတ်ပေ၏ ။ ဖိုးခံတက်ချဉ် သည် စံ ပါ ပဲ ဖြစ်၏ ။

ဗိုလ်ကြောင်လျှာ က “ အေးဗျာ ဖိုးခံတက်ချဉ်ကြီး စောင့် အိပ်မယ် ဆိုရင် ကျုပ်တို့ စိတ်အေး ရတာပေါ့ ။ အရေး ကြီး ရင် ကြီး သလို တယ်လီဖုန်း ဆက်ပေါ့ ” 

သူ့ အိမ် တွင် တယ်လီဖုန်း ရှိကြောင်း ကြေညာရာ နားလည် လိုက် သူများ ပို၍ မသိချင် ယောင် ဆောင်လိုက်၏ ။ ဗိုလ်ကြောင်လျှာ က ဆက်ပြီး

“ အဲဗျ ... ကား ဟွန်းသံ ကြားတယ် ၊ ကလေး ကို ကား ပေါ် ထားခဲ့တာ ကြာ လို့ ဟွန်း တီး နေ ပြီ ထင်တယ် ။ ကဲ ခွင့်ပြုကြဦးဗျာ ” ဟု နှုတ်ဆက်ပြီး ...

“ ဖိုးခံတက်ချဉ်ကြီး ၊ ရော့ တယ်လီဖုန်း နံပါတ် အရေးကြီး ရင် ကြီး သလို ဆက်ဗျာ ၊ ကျုပ် လည်း ပြန် ဆက်ပါ့မယ် ။ ကလေး ကို ကားပေါ် ထားခဲ့ရတော့ တယ် ခက်တယ် ” ဟု ပြောပြောဆိုဆို ထွက်ဟန် ပြုလိုက်လေ၏ ။

“ ခင်ဗျား ကား က ဘာ ကားတုံးဗျ ”  ဟု ကိုကန်စွန်းရုံ က မအောင့်နိုင် သလို ဆယ်လ စေ့သော အသံမျိုးကြီး ဖြင့် မေးထုတ်မိ ချေ၏ ။ ဗိုလ်ကြောင်လျှာ လည်း ချက်ချင်း မျက်နှာကြုတ် သလို ဖြစ်သွားလေသည် ။ မအောင့်နိုင် သလို မျက်စိမျက်နှာ သဲရှပ်ရှပ် ဖြစ်ပြီး အောင့်သေးသေးအသံလေး နှင့် ဖြစ်လေ သည် ။

“ ဪ ... ဪ ... အလုပ် က တစ်တန် မာဇဒါကား ပါ ။  ။ သွား မယ်ဗျာ ၊ သွားမယ်ဗျာ ၊ သွားမယ် ”  ဟု အသံသေးသေး မျက်လုံးသေးသေး နှင့် ပြောပြီး နှုန်းမြန်မြန် ဖြင့် ထွက်လေသည် ။

ဗိုလ်ကြောင်လျှာ သည် တောင်စောင်း က ရိုးရိုး မဆင်း ၊ ပြေးများ ဆင်းမည် လား မပြောတတ်ချေ ။ ကိုကင်ပွန်းချုံ နှင့် မကြက်သွန် တို့ ကမူ သခင်ဆပ်သွားဖူး ကို သာ တကြုတ်ကြုတ် မဲကုတ် ကြည့် နေမိလေ၏ ။ ဒီဟာကြီး ဟာ ၊ ဒီဟာကြီး ဟာ ဟု အတွေး မိုင် ရှည်ရှည် တွေး ပစ်၏ ။ ကိုစိမ်း သည် သက်ပြင်း ကို လု၍ လု၍ ရှူရသောကြောင့် တစ်ချိန် ထက် တစ်ချိန် ပို ပင်ပန်း ၊ ပို နွမ်းနယ်ပုံ ပေါ်နေသည် ။ ကိုကင်ပွန်းချုံ နှင့် မကြက်သွန် တို့ သည် အိပ်ရာ ပေါ် က ကိုစိမ်း ကို ကြည့်ရင်း လူမမာ ကိုစိမ်း ထက် ပင် ပို၍ နွမ်းနယ်ပုံ ပေါ် လေသည် ။ နွမ်း လည်း နွမ်းနယ် လောက်ပေသည် ။

ကိုစိမ်း ၏ အိမ်တောင်ကုန်း မှ အဆင်း တွင် အလာ ထက် ပို၍ ဒူးချောင် သည် ထင်မိ သဖြင့် ဆရာကင်ပွန်းချုံ သည် မကြက်သွန် ၏ ပခုံး ကို မရှု မလှ ပင် ခို လိုက်မိလေသည် ။ ဖြစ်နိုင်ပေသည် ။ စိတ်မကောင်း စိတ်နွမ်းနယ် လေချေသည် ။ မျက်စိ ထဲ တွင် ကိုဆပ်သွားဖူး မျက်နှာ နှင့် ကားသော့ သည် အပြန်အလှန် ပေါ် နေ၏ ။ လူနာရဲဘော် ကိုစိမ်း ကို ကြည့် ပြီး အပြန် တွင် ဆရာ ကင်ပွန်းချုံ နှင့် မကြက်သွန် တို့ သည် တကယ် စိတ်မကောင်း တကယ် နွမ်းနယ် ၍ ပြန်လာကြလေသည် ။

မိုးအုံ့ နေပြီ ။ ထိုအချိန် တွင် မိုး သိပ် အုံ့နေချေပြီ ။ သို့သော် ဆရာ ကင်ပွန်းချို ၏ မျက်နှာ ကို မီအောင် တော့ မိုး က မအုံ့ နိုင်ချေ ။ ကိုကင်ပွန်းချုံ နှင့် မကြက်သွန် တို့ သည် ကားတံခါး ကို ဘယ်ညာ ဖွင့် ပြီး ဝင် ထိုင် လိုက်၏ ။ ကားကလေး သည် ပို၍ တုန်တုန်ယင်ယင် ကျက်သရေ တုံး သွားသည် ဟု ထင်ရ ၏ ။ ကား ထွက်လိုက်ချိန် တွင် လေကြီးမိုးကြီး ကျ လေသည် ။

သို့သော် အပြင် လောကဓာတ်ကြီး တွင် လေကြီးမိုးကြီး ကျခြင်း တော့ မဟုတ်ပြီ ။ ဆရာကင်ပွန်းချုံ နှင့် မကြက်သွန် တို့ မျက်နှာ နှစ်ကွက် တွင် သဘာဝ ထူး ကာ လေကြီးမိုးကြီးတွေ ကျ ကုန်ခြင်းပါတည်း ။

•••••   •••••   •••••

နောက် ဆက် တွဲ

“ ခင်ကြက်သွန် တို့ လေကြီးမိုးကြီး ” ဟု အမည် တပ် ထားသော ဤဝ တ္ထု ကို ကျွန်တော် စိတ်ဆာဆာ နှင့် ရေးပြီး နောက် စိတ် တစ်မျိုး ကြက်တွန့်တက် ကာ စားပွဲ ပေါ် မှာ ပင် အိပ်ခိုင်း ထား လိုက်၏ ။

တစ်နေ့ လမ်း ကြုံ သလို ဝေဖန် ဆဲဆိုတတ်သော ဆရာ ကိုသောက်ရေ သည် ကျွန်တော့် အိမ် အလည် လာရင်း ဤ ဝတ္ထု ကို ဖတ်မိသည် ။ ဖတ်မိသည် နှင့် ပါးစပ် က စေတနာ့ဝန်ထမ်း လုပ်ပြီး “ ဟ နင့် ဝတ္ထု က ဘာ ဆိုလိုသလဲ .. အကြောင်း မပြည့်မစုံ နဲ့ စည်ပိုင်းနှုတ်ခမ်းပဲ့ နဲ့  မတူဘူးလား ။ သခင်စိမ်း ဆိုတဲ့ လူမမာ ဟာ သေချင် လည်း သေ ၊ ရှင် ချင် လည်း ရှင် ပေးဦးမှပေါ့ ဟ ”

စာရေးသူ မှာ သူ ဒီလို ပြောသည် နှင့် စိတ်ညစ် ကာ ပလုတ်တုတ် ပမာ ခေါင်း ခါသွားရသည် ။ အင်း .. ၊ သူ ညံ့တာ လား ၊ ငါ ညံ့တာ လား ဟု အပြေး ကြီး တွေး၏ ။ ဒါနဲ့ ဒီ ဝတ္ထု ၏ အံဖုံး သဘော ကို နည်းနည်း ဖွင့် ပြော၏ ။

ခေတ် အလိုက် ရေပေါ် လူတန်းစား ဆိုတာ ရှိ ရှိလာတယ် ၊ ခေတ် အလိုက် ပဲ ရေပေါ် လူတန်းစား အသစ် အသစ်တွေ တိုး သလို အဟောင်း လက်ကျန် ရေ ပေါ် လူတန်းစား လည်း ရှိတတ်တယ် ။ သူတို့ တွေ ရဲ့ စိတ် ပဋိပက္ခ နဲ့ စိတ် ခံစား မှုတွေ ၊ စိတ်ပေါင်းစပ်မှုတွေ ဟာ စိတ်ဝင်စားစရာ ကောင်းတတ် သလို ၊ အော့ စရာ လည်း ကောင်း ရတတ်တယ် ။ ကြည့်တတ် ရင် ဘယ်တော့ မဆို မြင်ရတယ် ။

သခင်စိမ်း ဟာ သေလုမြောပါး လူမမာကြီး မှန်တယ် ။ ဒါပေမဲ့ ကိုယ် ခန္ဓာ မှာ ရောဂါစွဲတာ မို့ ကုလို့ ရချင် ရမယ် ၊ ကု နိုင်တယ် ။ သေလုမြောပါး တွေ ကုလို့ ရဖူးတာ အများကြီး ရှိတယ် ။ ဒါပေမဲ့ စိတ်ခန္ဓာ မှာ ရောဂါ ဝင် ၊ ပိုး ဝင် နေကြတဲ့ သခင် ဆပ်သွားဖူး တို့ ဆရာကင်ပွန်းချုံ တို့ က တော့ သေသည် အထိ ကု ရ ခက်တတ်တယ် ။ သူတို့ ရဲ့ စိတ်ခန္ဓာ မှာ ဘာ ရောဂါ စွဲ ပြီး ဘာပိုး တွေ ဝင် နေသလဲ ... ဝန်တိုခြင်း ကြီး တဲ့ မစ္ဆရိယ ပိုး လား ၊ သူများတွေ ကို ရော အချင်းချင်း ကို ရော သွေး မထွက်သော သတ်နည်း နဲ့ သတ်ဖြတ်စီးနင်း တတ်တဲ့ လောဘမောဟပိုးမျိုးတွေ လား .. ။

ဤမျှ စကား အင်း လိုက်ရုံ ဖြင့် ဆရာကိုသောက်ရေ က “ ဟေ့ .. ငါ သိပြီ ” ဟုဆိုချေ၏ ။ ထို့နောက် သူ က ဝေဖန်ချက် ဆက် ထုတ်၏ ။

“ အေး နင် ပြောတဲ့ အတိုင်း ဆိုရင် ပေါ်ပြီ ဟ ၊ ငါ ကြိုက်ပြီ ဟ ။ ဒါကြောင့် နင် က တမင် လူမမာ မေးခန်း နဲ့ အကွက် ယူ တာကိုး ။ ဒါပေမဲ့ တစ်ခုက အတွေးကြွေး ထွက် ပြန်တယ် ။ ကိုယ့်လူ ... ဒီလို ရေး တဲ့ စာရေးသူ ဟာ ဒီလို ကြည့် ၊ ဒီလို မြင် ၊ ဒီလို သုံးသပ်ပြီး လူတွေ ကို ငေါ့ ရေး လိုက်ရာ မှာ အဲဒီ ရေးတဲ့ လူ ကိုယ်တိုင် မှာ လည်း ဘယ်လောက် စိတ်ခန္ဓာ မှာ မစ္စရိယပိုး တွေ ... ဝန်တိုစိတ်တွေ ထုတက် နေပြီလဲ ဆိုတာ ဆက် တွက်မိရတဲ့ အဆက် ရှိနေတယ် ၊ အေး နင့် ဝတ္ထု က တစိမ့်စိမ့် ပြုံးတွေး တွေး ပြီး ခံစားရ မှာ ၊ ဟိုမှာ တင် မဆုံးဘဲ နင့် ဆီ အထိ ပြန် ရောက်နိုင်သဟ ”

ဤသို့ ပြောလိုက်ချိန် တွင် စာရေးသူ သည် ပူခနဲ မီးစ ဝင် သလို ခံစား လိုက်ရ ပြီး ဤဝတ္ထု ကို လုံးစေ့ပတ်စေ့ မီးသင်္ဂြိုဟ်ချင်စိတ် ပေါက် သွားရ သည် ။ သို့သော် တတ်နိုင်ဘူး ၊ ထင်ချင် သလို ထင် ပေရော့ ၊ ငါ အနစ်နာ ခံအံ့ ဟု ပါရမီရှင် တို့ စိတ်ထား ကို ကမန်းကတန်း ထား ၍ အချိန် မနှောင်း မီ အိမ်လခ ပေးရန် မဂ္ဂဇင်းတိုက် သို့ ကတိုက်ကရိုက် ပို့ ပစ်လိုက်ပါ သတည်း ။

◾ သာကဒိုး

📖 မြဝတီ မဂ္ဂဇင်း
      အတွဲ - ၁၇ ၊ အမှတ် - ၁၂
      ၁၉၆၉ ခုနှစ် ၊ အောက်တိုဘာလ

#ကိုအောင်နိုင်ဦး

.


Wednesday, September 20, 2023

ကယ်နိုင်လျှင် ကယ်ကြပါ ( ၅ )


 ကံကြမ္မာ ဘဝ ဆိုးလှတဲ့ ကျွန်တော် မောင်သာကဒိုး အား အချို့သော ပုဂ္ဂိုလ် တို့ အထင်တော် ကြီးကြသည် ကို တွေ့ရသောအခါ ကျွန်တော် သည် ဟက်ဟက်ပက်ပက် ကြိတ် ၍ ရယ်မောမိလေပါသည် ။ ဒီကောင် တယ် မခေ ဘူး ။ စာတတ်ပေတတ်ကလေး နဲ့ တူ ရဲ့ ဟု ထောမနာသံများ ကို နား နှင့် ဆတ်ဆတ်ကြားဖူး ရာ ကျွန်တော် ရှက်များပင် ရှက်မိပါတော့သည် ။ ဘယ့်ကြောင့် ဆိုသော် မခေဘူး သာ ဆိုကြတယ် ။ ဒီကောင် ဘယ်လောက် ညံ့သည် ကို ဒီကောင် နဲ့ ဒီကောင့် ကိုယ်စောင့်နတ် ပဲ သိ၍ ပင် ဖြစ်ပါသည် ။ ကျွန်တော် ၏ ပညာအရည်အချင်း ကို ဟုတ်မှန်ရာ အစီရင်ခံရ မှာ ကျွန်တော် အင်မတန် ရှက် လှပါသည် ။ ကျွန်တော် ၏ အခြေခံပညာ အခြေအနေ ကို ကျွန်တော် မပြောရဲပါ ။ နောင်လည်း ဘယ်တော့မှ မပြောရအောင် ရှောင်ကြဉ်မည် ဖြစ်ပါသည် ။ ပညာရဲရင့် မှ ပွဲလယ်တင့် ဆိုသလို ပညာ မရဲရင့်နိုင်သော ကျွန်တော် သည် အဘယ်မှာ လျှင် ပွဲလယ် တွင် တဝင့်ဝင့် တင့် အောင် ဟုတ်သမျှ လှစ်ဟ ရဲပါမည်နည်း ။


သို့ကလို မှန်ရာ ကို မဆိုရဲ အောင် ပင် ကျွန်တော် သည် ပညာဘက် ၌ နိမ့်ကျ ညံ့ဖျင်း ခဲ့ပါသည် ။ ဒါကိုလည်း ကျွန်တော် သည် ကံ ကို ပဲ လွှဲချ ရ လေမလား မသိ ။ ကျွန်တော် ၏ မိဘဆွေမျိုး တို့ သည် စွမ်းနိုင်သမျှ ငါ့ တူ ငါ့ သား ပညာ ရစေတော့ ဟု ထောက်ပံ့ အားပေး ထိန်းသိမ်းကွပ်ကဲ ၍ ပညာယူစေခဲ့ပါလျက် နှင့် ကျွန်တော် ကား ပညာ ညံ့ခဲ့ ဖြစ်ရာ တွေးမိတိုင်း အသည်းနာ စရာကြီး ဖြစ်နေရပါသည် ။ ကျွန်တော် က လည်း သင်ဖော် သင်ဘက် သက်တူ ရွယ်တူများ ကို အားကျ မခံ စွမ်းအား ရှိသမျှ ကြိုးစားခဲ့ရိုး လည်း အမှန်ပင် ဖြစ်ပါသည် ။ သို့စဉ်လျက် ဘယ့်ကြောင့်ပညာအရာ ၌ နိမ့်ကျရဘိ သနည်း ၊ အကြောင်းကား ရှိပါသည် ။ ထိုအကြောင်းမှာ ကျွန်တော် အထက် အထက် က လက်ညှိုး ထိုး၍ ထိုး၍ ချောက်ကောင် အဖြစ် ညွှန်ပြခဲ့သော ချာတူးလန် လက်ရေး ဒုက္ခ ပင် ဖြစ်ပါတော့သည် ။ လက်ရေး ညံ့တာ နဲ့ မင်း ပညာ ညံ့ရတယ် ဆိုတာ သိပ်တော့ ဆိုင်ပေါင်ကွာ .. ဟု အချို့သော ပုဂ္ဂိုလ်တို့ က ဆိုချင် ဆိုမည် ထင်ပါသည် ။ ဆိုင်ပါသည် ခင်ဗျား ၊ ဆိုင်ပါသည် ။ ကျောင်း ၌ အစမ်းစာမေးပွဲ များ၌ လည်းကောင်း ၊ စာမေးပွဲကြီးများ ၌ လည်းကောင်း ၊ ကျွန်တော် ဖြေ လိုက် သော အဖြေလွှာများ ကို ဖတ်ရှုရသော စာစစ်ပုဂ္ဂိုလ်များ သည် စစ်ရင်း စစ်ရင်း သည်းမခံနိုင် ဖြစ်ကြလေသလား မသိ ၊ ကျွန်တော် ဖြေတိုင်း ဖြေတိုင်း အများအားဖြင့် “ ဘဲဥ ” ဆု သာ နှင်းကြပါတော့သတည်း ။


ထို့ကြောင့် ကျွန်တော့်မှာ တစ်တန်း မှ တစ်တန်း သို့ တက်ရန် နှစ်လ များစွာ ကုန်ဆုံးမှ အောင်ရပြီး ၊ ပညာအရာ တွင် မပြောရဲအောင် ညံ့ခဲ့ရခြင်း ဖြစ်ပါသည် ။ ထို့ကြောင့် လည်း ကျွန်တော် ခံစားနေသော လက်ရေး ဒုက္ခဆိုးကြီးမှာ ယခု တွေ့ကြုံရသော ဒုက္ခ မဟုတ် ၊ ဟို .. ငယ်စဉ် တောင်ကျေး အကလေး ဘဝတည်း က တစိမ့်စိမ့် ကြိတ်၍ မှိတ် ခံလာခဲ့ရသော ဒုက္ခပြဿနာကြီး ပင် ဖြစ်ပါတော့သည် ။ လက်ရေး ညံ့မည်သာ ညံ့ရသည် ။ ကျွန်တော် ဝါသနာ ထုံပြီး လက်ရှိ အသက်မွေးဝမ်းကျောင်း ပြု နေသော အလုပ် မှာ စာပေအလုပ် သတင်းစာအလုပ် ဖြစ်နေလေရာ ကျွန်တော် ၏ ဘဝ ဖန်လာပုံမှာ ဒေါသ ထွက်စ ရာလည်း ကောင်း ၊ ကြေကွဲဝမ်းနည်းစရာ လည်း ကောင်း နေပါတော့ သည် ။ ကျွန်တော် ပထမ ဝါသနာအလျောက် ဂျာနယ်ကျော် တွင် ဆောင်းပါး တို ဝတ္ထုတိုကလေးများ ရေးသားစဉ် က ရေးသားပြီး သမျှ ကျွန်တော် ၏ ညီဝမ်းကွဲကလေးအား နှုတ် ဖြင့် ကြောင်းကာ ပြန်လည် ရေးခိုင်းပြီး ပေးပို့၍ ထို လက်ရေးပြဿနာ သည် မကြုံခဲ့ရပါ ။ ထို့နောက် ရှုမဝ ပေါ်လာပြီး ကျွန်တော်ဝတ္ထုတိုများ ရေး လာရာတွင် လက်ရေး ဒုက္ခ ပြဿနာ သည် ကြီးစွာ ဒုက္ခ ပေး လာပါတော့သည် ၊ ထိုစဉ်က ရှုမဝ တွင် လူစွာ လုပ်နေသော ငွေဥဒေါင်း က ..


“ ကိုယ့်လူ ဝတ္ထုတွေ ဟာ အရေးအသားမ ညံ့ဘူး ။ ဗမာပြည် မှာ ဟာသ ရေးတဲ့ လူ နည်းတော့ ... ကိုယ့်လူ အများကြီး ဟန်ကျစရာ ရှိတယ်.. ။ ကြိုးစား ပါ ” ဟု အားပေး စကား မိန့်ကြားတော်မူရာ ကျွန်တော် လည်း အားရဝမ်းသာ ...


“ ဒီလိုဆို ကြိုးစားပေါ့ဗျာ ... ဘယ်နေလိမ့်မလဲ ... ဒါဖြင့် ကျွန်တော် ပေး ထားတဲ့ ဝတ္ထု နှစ်ပုဒ် ကြိုက်တယ်ပေါ့ ... မဂ္ဂဇင်း မှာ ပါမယ်ပေါ့ ” 


ဤတွင် ငွေဥဒေါင်း လည်း သူ့ ထုံးစံအတိုင်း မျက်ခုံး တစ်ချက် နှစ်ချက် ချီ ၊ ဟန်ပါပါ ဆေးပြင်းလိပ်ကို တစ်ဖွာ ၊ နှစ်ဖွာ ဖွာတဲ့ ၍ လေးနက်စွာ စဉ်းစားတွေးတော နေဟန်ဖြင့် ခေတ္တမျှ နေ လိုက်ပြီး ...  


“ အိမ်း ... အဲဒါ ပြောရ တော်တော်ကျပ်တယ် ... မောင်ရင့် ဝတ္ထု နှစ်ပုဒ်လုံး အရေးအသားလည်း ကောင်းတယ် ၊ ကြိုက်လည်း ကြိုက်တယ် ... မဂ္ဂဇင်း ထဲ ထည့်ဖို့ လည်း ဆုံးဖြတ်ထားတယ် ... ဒါပေမဲ့ .. ”  


ကျွန်တော်လည်း ဂစ်ခနဲ တံတွေး မျိုချ မိပြီး ...  


“ ဟုတ်ကဲ့ .. ဟုတ်ကဲ့ ” 


“ ပယ်တယ် ” 


 “ ခင်ဗျာ ” 


“ မခင်ဗျာ နဲ့ ဗျ ၊ မောင်ရင့် လက်ရေး က .. ရှာမှ ရှားအောင် ဆိုးဝါးလှလို့ ဗျ ၊ ဝတ္ထုကြိုက်ပေတဲ့ ကိုယ့် လူ ဝတ္ထု ကို စီ နိုင်တဲ့ စာစီသမား ရှုမ ဝမှာ မရှိသေးလို့ ... ပယ်ရတာပါ ခင်ဗျ ” 


ကျွန်တော် လည်း ကိုယ့် ပေါင် ကိုယ် ထောင်း၍ပင် သေလိုက်ချင်ပါ တော့သည် ။ ဦးကျော်က လည်း သူ့ ထုံးစံအတိုင်း လေအေးကလေး နှင့် ...  


“ ဟုတ်တယ်ဗျာ ... ဒီအတိုင်း ဖြစ်နေတယ် ... ဝတ္ထု ကို သဘောကျပြီး သားပဲဗျာ ... ခင်ဗျားလက်ရေး က ဆိုးလွန်းတော့ .. ရှုမဝ မှာ ခင်ဗျာ့ လက်ရေး စီ နိုင်မယ့် စာစီသမား သတ်သတ် ရှာ မထားနိုင် တော့ ခက်နေတာပေါ့ ဗျာ ”  


ကျွန်တော် လည်း ဟစ်၍သာ ထိုင် ငိုချင်ပါတော့သည် ။ ကျွန်တော် ၏ တက်သစ်စ ကလောင်စ ကို ကျွန်တော် ၏ လက်ရေး က ပင် ဦးချိုး ဖျက်ဆီး နေတော့သည် တကား ။ ကျွန်တော်က ပင် ..


“ ဒါဖြင့်ဗျာ .. ဘယ်လို လုပ်ရမှာလဲဗျာ ” 


ဦးကျော် လည်း ခေါင်း ကို တစ်ဂျစ် ၊ နှစ်ဂျစ် ကုပ်၍ ...


“ ဖြစ်နိုင်တဲ့ လမ်း က တော့ ... ခင်ဗျား ဝတ္ထု ကို တစ်ယောက် ယောက် ကူးခိုင်း ။ ဒါမှ မဟုတ်ရင် လက်နှိပ်စက်လေး ဘာလေး နဲ့ ရိုက်ပြီး ပေးပါ ဗျာ .. ခင်ဗျား လက်ရေး ကို စာစီသမားတွေတော့ မပြောနဲ့ ကျုပ်တို့ ဖတ်တာ တောင် ... ချွေးဒီးဒီး ကျတယ်ဗျာ ” 


ကျွန်တော် လည်း ကော်ပီများ ကို ပြန်ယူကာ ခွေယိုင်ဖေမှိုင် ၍ ပြန်ခဲ့ ရပါတော့သည် ။ ကျွန်တော်လ ည်း ကျွန်တော့်ဝ တ္ထုများ ကို ဒုက္ခ ခံ ကာ ရေး ကူး ပေးမည့်သူ ၊ သို့မဟုတ် စွန့်စား၍ လက်နှိပ်စက် ရိုက်ပေးမည့် လူစွမ်းကောင်းများ ကို ရှာဖွေရပါ တော့သည် ။ ဤတွင် ကျွန်တော် ၏ ဝတ္ထုများ မှာ လူ့ပြည် ချလျှင် မီးလောင် ၊ သမုဒ္ဒရာ ချလျှင် ရေခန်း တတ်သည် ဆိုသော ဗြဟ္မာကြီး ဦးခေါင်း လို ဖြစ်နေပါတော့သည် ။ ဘယ့်ကြောင့်ဆိုသော် ကူညီရန် မေတ္တာရပ်ခံရ သူတို င်း “ သိပ်စိတ်ညစ်တာပဲဗျာ ... ဖတ်မရဘူးဗျာ ” ဟု ဆိုကာ ဝမ်းနည်းစွာ ပြန်ပြန် ပို့သည် ကို ခံယူရ၍ ပင် ဖြစ်ပါတော့သည် ။ ထိုအချိန်က ကျွန်တော် ၏ စိတ်ထိခိုက်မှု ကို အတိုင်းအဆ ဖြင့် မဖော်ပြ နိုင်အောင်ပင် ရှိပါ တော့သည် ။ သို့သော် ကံကောင်းလေး တစ်ခု ထောက်မလာခဲ့သည် မှာ ပရီးမီးယားဆံသဆိုင် မှ မန္တလေးကိုကျော်ခင်ကြီး က ကျွန်တော့် ဖြစ်ထွေ ကို သနားပြီး သူ့ အသက် ကို ပဓာန မထားဘဲ စာမူများ သူ့ လက်ရေး ဖြင့် ကူးပေး ခြင်း ပင် ဖြစ်ပါတော့သည် ။ ထို့ပြင် အမျိုးသမီး သူရဲကောင်း နှစ်ဦး ကို လည်း ရှာဖွေ တွေ့ရှိလာပါတော့သည် ။ ၎င်းတို့ မှာ ပါလီမန်လွှတ်တော် မှ ထိပ်တင်စု နှင့် ကောက်ပဲသီးနှံရုံး မှ မရှုခင် ခေါ် မခင်ဦး တို့ ဖြစ်ပြီး တစ်ခါ ၊ နှစ်ခါ ကျွန်တော်က ကြောင်းပေးကာ မျှ နှင့် သူတို့လည်း ကျွန်တော့် လက်ရေး ကို ဖတ်နိုင် လာကြကာ ကျွန်တော့် ဝတ္ထုများ ကို သူတို့လည်း အသက် ဆံဖျား စွန့်စား ၍ လက်နှိပ်စက် ရိုက်ပေးကြပါသည် ။


ဤတွင် လက်ရေး ဒုက္ခ မှာ အတော်အသင့် အေးသွားသည် ဟု ဆို တော့ ဆိုနိုင်ပါသည် ။ သို့သော် ကျွန်တော့် မှာ စဉ်းစားရ ပြန်ပါတော့သည် ။ ကျွန်တော့် လက်ရေး ဒုက္ခဆိုး ကို ထို ပုဂ္ဂိုလ်များ ကူညီကြရာ ၌ ဤသို့ အမြဲတမ်း တစ်သက်လုံး ကူညီစေနိုင်ကြပါမည်လော ဟူသော အချက် ပင် ဖြစ်ပါ သည် ။ ဘယ်မှာလျှင် တစ်သက်လုံး လုပ်ပေးနိုင်ကြပါမည်နည်း ။ လုပ်မပေး နိုင်သော် ဘယ်သို့ ပြုရအံ့နည်း ။ ထို ကိစ္စကြီး မှာ အေးမယောင် ဖြင့် ပူ လာပြန် ကာ ခေါင်းခြောက်အောင် စဉ်းစားရ ပြန်ပါတော့သည် ။ သတင်းစာနယ် မှ ဆရာကြီး ပီမိုးနင်း ၊ မြန်မာ့အလင်း ဦးထွန်းရှိန် ( ယခု စစ်ရုံး ) စသည်တို့ လည်း ဖတ်ရသူ ကျန်းမာရေး ကို ထိခိုက်လောက် အောင် လက်ရေး ဆိုးကြသည်ဟု ကြားဖူးပါသည် ။ ထို ပုဂ္ဂိုလ် တို့ ၏ လက်ရေးများ ကို ဘယ်သို့ စီခဲ့ကြသည် နည်း ဟု လိုက်၍ သုတေသန လုပ်ရာ တွင် ထို ပုဂ္ဂိုလ်များ လက်ရေး ကို စာစီ ဆရာ တို့ စီ နေကျ လာသောအခါ အမှား မပါအောင် စီနိုင်လာကြသည် ဟု သိပါတော့သည် ။


ဤတွင် သာကဒိုး လည်း ကိုယ့် လက်ရေး ကို စီနေကျ ပြီး မျက်မှန်း တန်းမိ လာအောင် တဖြည်းဖြည်း ဆွယ်ယူမည် ဟု အကြံ ပေါက်မိလာပါ သည် ။ ဤသို့ လက်ရေး ကို မျက်မှန်းတန်းမိအောင် ကိုယ့် လက်ရေး မူ ကိုပင် ဒုတိယ အကြိမ် အချောကူး ၍ ပေးမှ ဖြစ်နိုင်မည် ဖြစ်ပါသည် ။ စာရေးဆရာများ သည် စာ ရေးသောအခါ လက်ရေးလက်သား ကို ဂရုစိုက် မနေနိုင်ဘဲ စိတ် ပါ လျှင် ပါသလို တရကြမ်း ရေးချကြမြဲ ဖြစ်ပါသည် ။ သာကဒိုး လည်း ဤသို့ ရေး၍ ပင် ဒုက္ခတွေ့နေခြင်း ဖြစ်ရာ ကိုယ် တရကြမ်း ရေးထားပြီးသော ဝတ္ထုမူ ကို ကိုယ့် လက်ရေး ဖြင့်ပင် အချောပြန် ကူးပေးပြီး စာစီဆရာများ လက်ရေး မျက်မှန်းတန်း မိအောင် ဆွယ်ယူရပါတော့သည် ။ ထိုနည်းသည် နည်းနည်းတော့ နိပ်တိပ်တိပ် ရှိပြီး စာစီဆရာ တို့ လက်ခံသင့်သလောက် လက်ခံ လာ ကြသည်ကို တွေ့ရ သဖြင့် ဝမ်းသာ လာရပြန်ပါသည် ။ သို့သော် စာရေးဆရာ ချင်း အတူတူ ကိုယ် က ဘဝ ဆိုး ကာ လက်ရေး နှစ်ဆင့် ကူးပြီး ပေး နေရသည် မှာ ရင်တော့ အောင့်လှသဗျာ ။


သို့အတွင်း ‘ ကြေးမုံ မဂ္ဂဇင်း ’ ပေါ်လာခဲ့ပါသည် ။ ကြေးမုံမဂ္ဂဇင်း မှ ကျွန်တော် ၏ ဝတ္ထုများ ကို လစဉ် အလိုရှိသည် ဆိုရာ ကျွန်တော် ကြိုးပမ်းရေး ပေးခဲ့ပါသည် ။ ကြေးမုံမဂ္ဂဇင်းတိုက် မှာ သာကဒိုး လုပ်ကိုင် မှီခို နေသော အိုးဝေတိုက် အနီး၌ ကပ်၍ တည်ရှိရာ ကိုယ့် ဝတ္ထု ကို တတ်နိုင်သမျှ အမှား နည်းအောင် ကိုယ်တိုင်ပင် စာ ပြင် ပြင်ပေးပါသည် ။ ထိုသို့ ပြင်ပေးရာ ၌ တစ်နေ့ စာပြင် ၍ နေစဉ် နံရံခြားသော စာစီခန်း အတွင်း မှ ... 


“ ခက်တယ်ကွာ .. ဒီ သာကဒိုး ဆိုတဲ့ ငနဲ ဟာ .. လူ ကြည့်တော့ သန်သန်စွမ်းစွမ်း ပါ ပဲ ... လက်ရေး ကျတော့ ဘယ့်နှယ်များ ဒုက္ခိတ လက်ရေး ဖြစ်နေရ သလဲ မသိဘူး ”  


“ အေးကွာ .. တို့မှာ မရှိလို့ စာစီစား နေရတဲ့ ဥစ္စာ ၊ ဒီကောင့် လက်ရေး သာ လစဉ် စီ နေရရင် တို့တော့ အသက်တို ကုန်လိမ့်မယ် ထင်တယ် ”  


ထို အသံများ ကို ကြားရပြီး ကျွန်တော် လည်း ပြင်းစွာ တုန်လှုပ်ကာ ကတုန်ကယင်ကြီး ဖြစ်သွားမိပါတော့သည် ။ သူတို့ သည် ကျွန်တော့် လက်ရေး အတွက် ဘယ်မျှ စိတ်ဒုက္ခ ရောက်နေကြသည် ကို နား နှင့် ဆတ်ဆတ် ကြားမှပင် သိရပါတော့သည် ။ စာစီဆရာများ သည် ကျွန်တော် မရှိဘူး ထင်၍ အတင်း ပြော နေသလော ၊ သို့မဟုတ် သိလျက်ကပင် ရှောက်မြင်ကပ် ၍ တမင် ပြောသလော ဟူသည် ကို ကျွန်တော် ယနေ့တိုင် မသိရသေးပါ ။ ထိုစဉ်က ကြေးမုံမဂ္ဂဇင်း စာစီဆရာများ သည် ဘယ်မျှ ကျွန်တော့် လက်ရေး ကို ကြောက်လန့်ကြသနည်း ဟူမူ ကျွန်တော့် လက်ရေး စီရန် တာဝန်ကျသူများ သည် ကျွန်တော် ဖျားလို့ပါ ဟူ၍ လည်းကောင်း ၊ အမေ နေမကောင်းလို့ပါ ဟူ၍ လည်းကောင်း ၊ အကြောင်းတွေ အမျိုးမျိုး ပြပြီး ခွင့်ယူကာ လစ်တတ်ကြ လေရာ ကြာသော် ကြေးမုံ အယ်ဒီတာအဖွဲ့ဝင်များ ခေါင်းခြောက်ရသည့် အဖြစ် ရောက်ကုန်လေပါ သည် ။ ကျွန်တော့် လက်ရေး ဒုက္ခ မှာ ထိုမျှပင် ပြောမယုံ ကြုံဖူးမှ သိမည် ဆိုတာမျိုး ဖြစ်နေပြီး ဘယ်လိုမှ အဖတ်ဆယ် မရ နိုင်ရသည့် အခြေ ဆိုက်နေတော့ရာ ကျွန်တော့် မှာ လည်း ကိုယ် ရှေ့ရေး အတွက် တွေးမိတိုင်း ရင်လေး နေရပါတော့သည် ။ ထိုစဉ်က ပုံနှိပ်တိုက် မှ စာစီဆရာ တို့ ဘယ်ကြောင့် ခဏခဏ ဖျားကြသည် ကို အယ်ဒီတာအဖွဲ့ဝင် တက္ကသိုလ် နေဝင်း တို့ ၊ သန်းဆွေ တို့ မတွေးတတ် ဖြစ်နေခဲ့ရာ ခုတော့ဖြင့် အကြောင်း အစစ် ကို သိကြရောပေါ့ ခင်ဗျာ ။


ထိုစဉ် အတွင်း အိုးဝေတိုက် သို့ ရောင်းရင်းဘက် ကလောင် ရဲဘော်ကြီး သာဓု သည် တစ်နေ့၌ ပေါက်လာကာ “ ဟေ့ သာကဒိုး .. ငါ ( သစ္စာ ) ဆိုပြီး မဂ္ဂဇင်း ထုတ် မလို့ ... ဝတ္ထု ရေးပေးကွာ ”  ဟု ဆို၍ လာရာ ကိုယ့် အကြောင်း ကိုယ် သာ သိသော သာကဒိုး မှာ သာဓု ၏ ရှေ့ရေး ကို တွေး၍ ရင်လေး သွား မိပါသည် ။ သာကဒိုး သည် ဝတ္ထု ရေးပေးရန် ဝန်မလေးပါ ။ သို့သော် ... ပြောမယုံ ကြုံဖူးမှ သိမည့် ကျွန်တော့် ဒုက္ခ ကို သာဓု အား ဝေခွဲ၍ မခံစေချင်ပါ ။


ဒါပေသိ သာဓု သည် ပြော ရမည့် လူစားမျိုး မဟုတ် သဖြင့် ကျွန်တော် လည်း သတင်းစာလောက ရှုပ်နည်းတစ်ခု ဖြစ်သော ကြွစောင်းစောင်း နိုင်ငံရေးသမား များ အား သတင်းထောက်များ က ဆုံးမပုံ ၊ ဆုံးမနည်း ကို သရုပ်ဖော် ကာ ‘ သ,တ်နည်း ’ ဟူသော အမည်ဖြင့် ဝတ္ထု တစ်ပုဒ် ရေးပေးလိုက်ပါသည် ၊ ( ထို သ,တ်နည်း ဝတ္ထု ကို ကွယ်လွန်သူ ကာတွန်းဝိဇ္ဇာကြီး ဆရာဦးဘဂျမ်း က ‘ တုတ်နည်း ’ ဟု အမည် ပြင်ရန် အကြံ ပေး ၍ ‘ တုတ်နည်း ’ အမည် ဖြ င့်ပင် သစ္စာ ၌ ပါခဲ့ပါသည် ။ ) ထို ဝတ္ထု သာဓု ယူသွားပြီး နောက် အင်း .. ငနဲ တော့ ငါ့ ဆီ ပြန် ပြေးလာပြီး ဆဲဦးမှာပဲ ဟု တွက်ကာ တတ်နိုင် သမျှ ရှောင် နေခဲ့ပါ သည် ။ သို့ ရှောင်နေသော်လည်း ၄ ရက် မျှ အကြာ၌ မျှော်လင့်သည့် အတိုင်း သာဓု ကျွန်တော့် အိမ် သို့ ရှာဖွေ ၍ လိုက်လာ ကာ ... 


“ ဟဲ့ .. သေချင်းဆိုး ... ရှာလိုက်ရတာကဘဲ ၊ ရော့ ကော်ပီတွေ .. ကိုယ့် စာ ကိုယ် ပြင်ပေး ... ဒီလောက်တောင် ဘဝ ဆိုးတဲ့ လက်ရေး တစ်ခါမှ တွေ့ ဖူးပါဘူး ။ ကိုယ့် လူ လက်ရေး ကို ဘယ် စာပြင်ဆရာ မှ တာဝန်ယူ ပြင်ပေး မယ့် လူ မရှိဘူး ... တကတဲ အော့ကြောကို လန်ရောပဲ ” 


ဟု သူ့ ထုံးစံ အတိုင်း ဒရောသောပါး ပြောဆို ကာ ကိုယ့် ကံကြမ္မာ ကို ကိုယ် ဖန်ခိုင်းပါတော့ သည် ။ စာစီဆရာ တို့ သည် ရှင်းလင်းသော စာသားများ ကို သူတို့ စိတ်ကူး နှင့် လျှောက်စီ ထား ရာ က ဝတ္ထု သွား မှာ ဆက် မရအောင် ပျက်စီး နေတော့ ရာ သာဓု ချောက်ကျပြီး လာပြင် ခိုင်း ခြင်း ဖြစ်ပါသည် ။ စာပြင် ပေး ပြီး ၍ အပြန် တွင် သာဓု က ...


“ ကိုယ့် လူ ကို တော့ ကြောက်ပြီ နောက် တစ်သက်လုံး ကိုယ့် လူ ဝတ္ထု ဆို မယူတော့ဘူး ... ” ဟု သူ ၏ သန္နိဋ္ဌာန် ကို ထုတ်ဖော် ပြောဆို သွားလေပါသည် ။ ထို သန္နိဋ္ဌာန် မှာ သံမဏိသန္နိဋ္ဌာန် နှင့် တူပါ သည် ။ ဘယ့်ကြောင့် ဆို သော် သာဓသည် ကျွန်တော့် စာများ နောက် တွင် ဘယ်တော့မှ လက် မခံ တော့ပါ ။ သာဓု သည် ကျွန်တော့် လက်ရေး ကို စိတ် အနာကြီး နာပြီး ရိုးရိုး သန္နိဋ္ဌာန် ချရုံမျှ မက ဒီ ဘဝ ၌ ဒီ တစ်ခါပဲ ဒီကောင့် လက်ရေးမျိုး နဲ့ ဆုံတွေ့ရပါ လို၏ ။ ဒီကောင့် လက်ရေး ဆို ပါဏာတိပါတ ကံ ရှောင်သလို ရှောင်ကြဉ်ပါမည် ဟု မြတ်ဘုရား ရှေ့၌ ဆုတောင်းခြင်း ၊ သစ္စာဆိုခြင်းများ ပင် ပြုလေသလား ဟုပင် ကျွန်တော် ထင် မိပါတော့သည် ။


ထိုနည်းနှင်နှင် ပင် ပဒေသာမဂ္ဂဇင်း တွင် လည်း ကြုံတွေ့ရပါသေး သည် ။ ပဒေသာ တွင် ခင်မောင်ရီ အယ်ဒီတာ အဖြစ် လုပ်ကိုင် နေစဉ် က တစ်နေ့တွင် သာဒိုး အား “ ဟာသဝတ္ထုရေးပေးစမ်းပါ ...” ဟုဆိုလာလေ ပါသည် ။ သာကဒိုး လည်း အင်း ... ခင်မောင်ရီ တော့ ကံဇာတာ ညှိုးလာပြီ ထင်ရဲ့ ဒုက္ခတော့ တွေ့တော့မည် ဟု ဗေဒင်နည်း မပါဘဲ ကြို မြင်လိုက်ပါ သည် ။ ခင်မောင်ရီ ၏ ဆန္ဒ ကို သာကဒိုး သည် ကျွန်တော့် ဆရာ ဝန်ကြီး ဦးထွန်းဖေ ဖိလစ်ပိုင်ကျွန်း မနီလာမြို့တော် ရောက်စဉ် က ကြုံတွေ့ခဲ့သော အဖြစ်အပျက်ကို နာမည် မြှုပ်၍ “ တွေးလေ ... တွေးလေ ...”  အမည် ဖြင့် ရေး ပေး လိုက်ပါသည် ။ ထို တွေးလေ တွေးလေ ဝတ္ထု သည် ပဒေသာတိုက်ကြီး ၏ ကံကြမ္မာ ကို ဘယ်သို့ ဖန်၍ ဘယ်မျှ ဒုက္ခ ပေး လိုက်သည်တော့ ကျွန်တော် မသိပါ ။ ကျွန်တော့် ဝတ္ထု ယူသွားပြီးနောက် ထပ်၍ ဝတ္ထု တောင်းဖို့ ဝေးရော့ ခင်မောင်ရီ ၏ မျက်နှာ ကိုပင် နောက်ထပ် မမြင်ရတော့ပါ ။ ကျွန်တော့် ဝတ္ထု နောက်ထပ် ထည့်လျှင် စာစီဆရာ တို့ က သပိတ်မှောက် မလိုလို အရေးဆို တိုက်ပွဲ ဝင်ကြသည်ဟူ၍ ကား သတင်းသန့်သန့် ကြားလိုက်ရပါသတည်း ။ အင်း ... အနိစ္စ ... ဒုက္ခ ။


ယင်းသို့လျှင် ကျွန်တော် ၏ ဘဝဇာတ်လမ်း တစ်လျှောက် ၌ အမျိုးမျိုး ဂြိုဟ်မွေ့ နေသော လက်ရေး ဒုက္ခဆိုးကြီး ကြောင့် ကလောင်သမား တစ်ဦး အနေဖြင့် မဂ္ဂဇင်းလောက ၌ တွေ့ကြုံရပုံ ဒက္ခအဖုံဖုံ ကို ရေးပြ ရ လျှင် ဆုံးနိုင် မည်မထင်ပါ ။ ထို့ပြင် အထက် အထက် က ဖော်ပြရေးသား ခဲ့သော အိုးဝေတိုက် သတင်းထောက်ဘဝ , အယ်ဒီတာဘဝများ တွင် လက်ရေး ကြောင့် စာမားကာ ချောက်ကျပုံများနည်းတူ မဂ္ဂဇင်းလောက ၌ လည်း စာ မှားကာ ချောက်ကျရပုံများ ကို တစ်ကွက်စီ - တစ်ကွက်စီ ရေးသား တင်ဆက်ရပါ လျှင် ဇိနတ္ထပကာသနီ စာအုပ်ကြီး တစ်အုပ်စာ မျှ ပင် ရလိမ့်မည်ဟု ကျွန်တော် ထင်ပါသည် ။ ထို့ကြောင့် အကျယ် ကို မဆိုချင်တော့ပြီ ။ အဆိုပါ လက်ရေး ဒုက္ခ ပြဿနာကြီး မှာ ကျွန်တော့် အဖို့ ယခင် က တွေ့ခဲ့ရုံ သာ မဟုတ် ၊ ယခု လည်း တွေ့ ဆဲ ၊ နောင်လည်း တွေ့ဦးမည် မုချ ဖြစ်ပါသည် ။ ထို့ကြောင့်ပင် ကျွန်တော့် ရှေ့ရေး အတွက် တွေးမိတိုင်း ရင်လေးစရာကြီး ဖြစ်နေခြင်း ဖြစ်ပါ တော့သည် ။ ယခု လက်ရှိ ကျွန်တော် ဝတ္ထုများ ရေးသားနေသော မြဝတီ မဂ္ဂဇင်းကြီး မှ ဆရာဦးဘသောင်း ( ဗိုလ်ကြီးဘသောင်း ) ကိုထွန်းလွင် ( ထွဏ်းနေနွယ် ) စသော အယ်ဒီတာအဖွဲ့ဝင်များ အားလည်း ကျွန်တော် စုတ်သတ်သတ် နှင့် သနားနေ မိပါသည် ။ သူတို့ လည်း ငါတို့ မှာ ဝဋ်ကြွေး ပါ လာလို့ သာ ဒီကောင့် လက်ရေးဆိုး ကို ဖတ်နေရတာပဲ ဟု ထင်ကောင်း ထင် နေကြမည် ထင်ပါ သည် ။


ယင်း သို့ကလို မဂ္ဂဇင်းဆရာ ၊ သတင်းစာဆရာများ သာ ကျွန်တော့် လက်ရေး ကို အော့ကြောလန် ကြသည် မဟုတ် ၊ ပန်းချီဆရာများ လည်း အော့ ကြောလန်ကာ ရှောက်မြင်ကပ်ကြရာ ကျွန်တော့် ရင်ထဲ မှာ အဘယ်သို့ လျှင် ချိ နိုင်ပါတော့မည်နည်း ။ ဝတ္ထုရုပ်ပုံများ ကို ပန်းချီဆရာများ ပုံ ဆွဲရာ၌ ဝတ္ထု ကို ဖတ်ရှုပြီး စာကွက် ကြည့်၍ ရေးဆွဲရ ပါသည် ။ သို့ မဖတ်ဘဲ ဝတ္ထုပုံ ရေး၍ မဖြစ်ပါ ။ ကျွန်တော့် ဝတ္ထုပုံများ ကို ကွယ်လွန်သူ ဆရာကြီး ဦးဘဂျမ်း အများ ဆုံး ရေးဆွဲလေရာ ဆရာကြီး ဦးဘဂျမ်း သည် ကျွန်တော့် ဒုက္ခဒဏ် ကို ဝေမျှ၍ အခံရဆုံး ပင် ဖြစ်ပါသည် ။ ထို့ကြောင့်ပင် လျှင် ဆရာဦးဘဂျမ်း မှာ စောစော ကွယ်လွန် ရှာရသလား ဟု တစ်ခါတစ်ခါ တွေးမိကာ စိတ် မကောင်း ခြင်း ဖြစ်ရလေပါသည် ။


ဆရာကြီးဦးဘဂျမ်း သည် ကျွန်တော့် ဝတ္ထုများ ပုံဆွဲရန် အတွက် အတော်ပင် စိတ်ညစ်ရကြောင်း သူ ကိုယ်တိုင် ထုတ်ဖော် ပြောဖူးရာ ကျွန်တော့် မှာ အဘယ်သို့ စိတ်ကောင်း နိုင်စိမ့်တော့ပါမည်နည်း ။ ဆရာဦးဘဂျမ်း က ...


“ ဟေ့ကောင် ရဲ့မင်း အဖြစ် က ဆိုးလှချည်လား .. မင်း ဘာသာ ဆိုးနေရင် လည်း အကောင်းသား ... ခုတော့ ဒီ့ပြင် မဆိုင်တဲ့ သူတွေ ကို ပါ ဒုက္ခ လိုက် ပေးနေတော့ ... ခက်တာပေါ့ ...  ငါ ဖြင့် မင်း ဝတ္ထု ပုံ ဆွဲဖို့ ရောက် လာရင် ... တစ်ခါ တည်း ခေါင်းခဲတော့တာပဲ .. မင်း ဝတ္ထုတွေ ကို လည်း ... စိတ်ပျော်တဲ့ အခါ နဲ့ မနက်စောစော မှာ ဘယ်တော့မှ မဖတ်ဘူး ”  ဟု အားရစရာ မိန့်ကြားလေ ပါသည် ။ ဆရာဦးဘဂျမ်း မှာ ကျွန်တော့် ဒုက္ခဒဏ် ကို ကြာရှည် မခံနိုင်ရှာ ၍ ဝတ္ထု မဖတ်ရဘဲ ကိစ္စ ပြီးနိုင်သည့် နည်းလမ်း ကို စပယ်ရှယ် အကြံ ထုတ် ခဲ့ရရှာပါသည် ။ ၎င်း မှာ ပုံ ဆွဲရန် အပ် လာလျှင် ဝတ္ထု ကို မဖတ်တော့ဘဲ ကျွန်တော့် ကို ခေါ်၍ ဇာတ်လမ်း ပြောခိုင်း ကာ ပုံဆွဲရခြင်း ဖြစ်ပါသည် ။ ဒါတွေ ပြန်ပြန် တွေး၍ ရေးရသည် မှာ ကျွန်တော် အင်မတန် ရင်ဆို့ လှပါသည် ။ ကျွန်တော့် မှာ ဘဝအကျိုးပေး က နာလှသူ မို့ စာရေးဆရာချင်း အတူတူ ဖြစ်ပါလျက် နှင့် ဝတ္ထုလေး တစ်ပုဒ် အောင်မြင်ပါမည့် အရေး ကိုယ့် လက်ရေး ကိုယ် ပြန် ကူးပေးရ ၊ ပန်းချီ ဆရာ့ ထံ သွား၍ ဇာတ်လမ်း ပြောရ ကိုယ်တိုင် ကော်ပီ ကို စာပြင်ရ နှင့် သူ တကာတွေ ထက် ဒုက္ခတွေ ပိုလှပါဘိ သည် ။ ထို့ကြောင့်ပင် တစ်ခါတစ်ခါ တော့ လည်း ဒီလောက်တောင် ရှိလှ ကမြင်းမ ကလောင် သွားရော့ ဟု ကလောင် ဘဝ ကို စွန့်ပစ်ရန် ပင် ကြံမိပါ တော့သည် ။


သို့သော် ဝါသနာ က ဆက်ခိုင်း နေ၍ လည်းကောင်း ၊ ဒီပြင် လည်း ဘာမျှ လုပ် မစားတတ်ဖြစ်ကာ ခါ နာပြတ်ပြီး မတ်တတ် က လဲမည် ကြောက်၍ လည်းကောင်း ၊ စိတ်ညစ်ညစ် နှင့် ပင် ကလောင် ကို ပြန် ကောက်နေရပါ တော့သည်  ၊ သာကဒိုး အား အလကား ထမင်း ကျွေးထားနိုင်မည့် လူမိုက်များ ပေါ်လာခဲ့လျှင် မူ တကယ် ကလောင် စွန့်တော့မည် ဖြစ်ကြောင်း ရဲရဲကြီး ကြေညာလိုပါသည် ။ သာကဒိုး ၏ ပေါကြောင်ကြောင် စာများ ဖတ်ရ၍ စိတ်ညစ်နေသူများ ရှိလျှင် ထမင်း သာ ခေါ် ကျွေးထားပါ ။ နောင် မရေးတော့ ပါဘူး ဟု ရဲရဲတောက် ကတိ ပေးလိုပါသည် ။ တစ်ဦး တည်း မတတ်နိုင်ရင် လည်း ‘ သာကဒိုး စာမရေးရေး ရန်ပုံငွေ ’ ဆိုပြီး ကောက်ပေးကြပါလားဗျာ ။


တစ်ကြိမ် က ကျွန်တော် သည် ဒီလောက်တောင် ဘဝ ဆိုးလှတာ ကလောင် ကို စွန့်မယ် ဟု ဆုံးဖြတ်ပြီး ကာတွန်း ဆွဲ စားရန် ကြံခဲ့ဖူးပါသည် ။ ဆရာဦးဘဂျမ်း ထံ တွင် ကာတွန်းပညာ သင်ကြား လေ့ကျင့်ခဲ့ဖူးရာ ကျွန်တော် ကာတွန်း ဆွဲ စားရန် ဆုံးဖြတ်ပြီး နောက် ရန်ကုန်သတင်းစာ ၊ စီးပွားရေး သတင်းစာ ၊ အိုးဝေသတင်းစာ တို့ တွင် ကာတွန်းများ ဆွဲခဲ့ပါသည် ။ အောင်မြင် သင့် သလောက်ကား အောင်မြင်ပါသည် ။ သို့သော် .. ကမြင်းထီး လက်ရေး ဒုက္ခသည် ကာတွန်းများ ၌ လည်း လိုက်၍ ဂြိုဟ်မွေ့ ပြန်သည် တကား ။ ရန်ကုန်သတင်းစာ မှ ဆရာဦးအောင်မြင် က ...


“ ဟေ့ကောင် ... မင်း ကာတွန်းတွေ က အတော် နိပ်သားပဲ ” 


ကျွန်တော် ဝမ်းသာ - အူမြူး ပြီး ... 


“ ကြိုက်သလား  ဆရာ .. ကျွန်တော်လည်း နင်းကြိုးစားတာပဲ ဆရာ ”  


“ အေး ... အိုင်ဒီယာလေး တွေ လည်း မဆိုးဘူး .. အရုပ်လေး တွေ လည်း မဆိုးဘူး ... ဒါပေမဲ့ ”  


“ ဟုတ် ... ဟုတ်ကဲ ” 


“ ကာတွန်းရုပ်တွေ ပြောတဲ့ စကား .. မင်း ရေးထားတဲ့ လက်ရေး က တယ် ရှော်တူးကျ သကွာ ... မဟန်ဘူး ”  


ကျွန်တော် လည်း ကိုယ့် နဖူး ကို ကိုယ် ဖျက်ခ နဲရိုက်လိုက် မိပါတော့ သည် ။ အင်း ... တတ်တဲ့ ပညာ မနေသာ ဆိုသလို တစ်ဖက်တစ်လမ်း ကြိုးပမ်း ပြန်တော့လည်း ဒီ လက်ရေး ဒုက္ခ နဲ့ ကင်းပဲ မကင်းနိုင်ပါကလား ၊ သေမှ ပဲ အေးမှာ ထင်ပါရဲ့ ။


ယင်း သို့ကလို ကျွန်တော် မောင်သာကဒိုး မှာ ကံကြမ္မာဇာတာ ညှိုး ပြီး လက်ရေး ဆိုးတဲ့ ဒုက္ခတွေ ဆင့်ကာ ဆင့်ကာ ခံနေရ၍ အပူလုံးကြွ ယူကျုံး မရ ၊ လူလုံးငယ် မလှ ဖြစ်နေရပါသော်လည်း ဘဝင် မြင့်စရာ စကား တစ်ခု ကြားဖူးထား ၍ စိတ်ဖြေသာမှုလေး ရ ပါသေးသည် ။ ၎င်းမှာ “ ထင်ရှား ကျော်ကြားသော ပညာရှိများ သည် ဘယ်သူမျှ လက်ရေး မကောင်းကြ ” ဟု လက်ရေး ဆိုးသူများ အား ဆိုး သထက် ဆိုး ကြရန် မြှောက်ပေး ထားသော စကား ပင် ဖြစ်ပါသည် ။ ဒီလို ဆိုတော့ ငါ လက်ရေး ဆိုး နေတာဟာ ကမ္ဘာကျော်ပညာရှိကြီး ဖြစ်ချင်လို့ ထင်ရဲ့ ... ဟု စိတ်ဖြေကွက်ကလေး ရပြီး ဘဝင် မြင့်တင့်တင့် ဖြစ်ပါသည် ။ ဒါပေသိ ကမ္ဘာကျော်အောင် ပညာ မရှိမီ လောလောဆယ် ခါနာ ပြတ် မှာ က ဆိုးလှပါသဗျာ ။


အဆွေ စာဖတ်သူများ ခင်ဗျား ၊ ကျွန်တော့် ဤဝတ္ထု အစ ၌ ရေးသားခဲ့ သော ကိုယ်တွေ့ ဒုက္ခပြဿနာကြီး မှာ ဘာ ဆိုသည်ကို ဤမျှ ဆို လျှင် စာရှုသူ ပုဂ္ဂိုလ်အပေါင်း တို့ သိရှိလောက်ပြီ ထင်ပါသည် ။ ပြဿနာ ကြုံတွေ့ပုံ အလုံးစုံ ကို လည်း ကျွန်တော် စွမ်းနိုင်သမျှ ဖွင့်ဟ သရုပ်ဖော်ခဲ့ ပြီးပါပြီ ၊ ဒါကြောင့် ... ဒါကြောင့် စာရှုသူ တို့ အား ကယ်နိုင်လျှင် ကယ်ကြပါ လို့ ပဲ ကျွန်တော် ဆိုချင်ပါတော့သည် ။ ဤ ပြဿနာ သည် ကျွန်တော့် အား ငယ်စဉ် တောင်ကျေး ကလေးဘ၀ ကတည်း က ညှဉ်းဆဲဒုက္ခ ပေးနေတော့မည် ဖြစ်နေ ရာ ဤ ဒုက္ခ လွတ်ကင်းအောင် ကြံဆောင် ပေးနိုင်မည့် အကြံဉာဏ် သည် ကျွန်တော် ၏ ဘဝခရီး ၌ တန်ဖိုး မဖြတ်နိုင် အောင်ပင် အကျိုး များမည်ဖြစ်ပါ သည် ။ ထို့ပြင် ကျွန်တော် ကဲ့သို့ အလားတူ ဒုက္ခတွေ့ နေသော ကလောင်သမားများ စာပေလောက တွင် မြောက်မြားစွာပင် ရှိနေရာ ကျွန်တော့် အား ဤ ဒုက္ခ မှ ကင်းလွတ်အောင် ကူညီသော အကြံဉာဏ်သည် ပင် စာပေလောကအတွက် အထူး အကျိုးများမည့် အကြံဉာဏ်ကြီး ဖြစ်သွားမည် မုချ ဖြစ်ပါသည် ။ထို့ကြောင့် ကျွန်တော့် ဒုက္ခပြဿနာ ကို ဖြေရှင်းသော ထို အကြံကောင်း တစ်ချက် ကို ပေးနိုင်မည့် ပုဂ္ဂိုလ် အား ကျွန်တော် က ဆုငွေ တစ်ထောင် သို့မဟုတ် ဆုငွေ ငါးရာ အထိ ဉာဏ်ပူဇော် ကန်တော့ရန် ပင် ဆန္ဒ ရှိပါသည် ။


သို့ရာတွင် ကျွန်တော့် လို နွမ်းပါးသော ကလောင်သမား တစ်ဦး အဖို့ စိတ်ဆန္ဒ ရှိပါ သော် လည်း ထိုမျှ အထိ ပူဇော်နိုင်မည် ကား မဟုတ်ပါ ။ ဒါပေသိ ကျွန်တော် ၏ ချွေးနဲစာ မှ ရင်း၍ အဖျင်းဆုံး “ ပတ်ကား ဖောင်တိန် ”  တစ်ချောင်း ကို အထိမ်းအမှတ် အဖြစ် ဉာဏ်ပူဇော် ရန် ကျွန်တော် ဆုံးဖြတ် ထားပါသည် ။ ထို့ပြင် မြဝတီမဂ္ဂဇင်း က လည်း သီးသန့် စေတနာ ထား၍ ဉာဏ်ပူဇော်ခ ချီးမြှင့်လိမ့်မည် ဟု မျှော်လင့်ပါသည် ။


[ ဆရာ သာကဒိုး က သူ ရင်ဆိုင်ရသည့် လက်ရေး ဒုက္ခ အခက်အခဲကြီး ဖြေရှင်း သွားနိုင်ရန်အတွက် အကြံကောင်း ၊ ဉာဏ်ကောင်း ပေးနိုင်သည့် ပုဂ္ဂိုလ်အား သူ့ ချွေးနဲစာ ပတ်ကားဖောင်တိန်တစ်ချောင်း ပူဇော်မည် ဟု ဆိုပါသည် ။ ကျွန်တော် များ ‘ မြ၀တီ ’ က သူ့ ချွေးနဲစာ ကို မထိစေလိုပါ ၊ သူ့ စေတနာ ဖြစ်သော ဉာဏ်ပူဇော်ခ ‘ ပတ်ကားဖောင်တိန် ’ ကို ကျွန်တော်များ မြဝတီ က ပင် ပူဇော်ပါမည် ။  ။ စာတည်း  ]


ကျွန်တော် သည် လက်ရေး ဒုက္ခပြဿနာ ကို ဖြေရှင်းရန် တစ်ခါက အကြံ တစ်ခု ရခဲ့ဖူးပါသည် ။ ထို အကြံ ကို ဖော်ပြရန် နည်းနည်းတော့ ရှက်စရာပါ ။ သို့သော် လွန်ခဲ့သည် လည်း လွန်ခဲ့ပြီမို့ ရှက်ရှက်နှင့် ပင် ဖွင့်ဟရ ပါ တော့သည် ။ ၎င်းမှာ ဤ လက်ရေးဆိုးမှု ဝဋ်ဒုက္ခကြီး မှ လွတ်ကင်းအောင် မိန်းမ အမြန် ယူပြီး ထို မိန်းမ အား ကိုယ့် ဝတ္ထုများ ကို ကူးခိုင်းပေးခြင်း ၊ ပါးစပ် မှ ပြောသည် ကို လိုက် ရေးခိုင်းခြင်း ဖြင့် လက်ရေး ဒုက္ခ ပြဿနာ ကို ဖြေရှင်းရန် ပင် ဖြစ်ပါတော့သည် ။


ထို အကြံအတိုင်း စီမံကိန်း ချ၍ ကျွန်တော် ကြိုးစားခဲ့ပါပြီ ။ ကျွန်တော့် စီမံကိန်း ပိုက်ကွန်ထဲ သို့ မိတင်အေး ဆိုသော သူငယ်မကလေး သည် ဝင်တိုး၍ လာရာ က ကျွန်တော် မိန်းမ ရခဲ့ပါသည် ။ မိတင်အေး အား လှလှသန်း ကဲ့ သို့ ခွကျ မကုန်စေရန် စာ ပေးခြင်း ၊ လက်ရေးသုံးခြင်း မပြုဘဲ ၊ ဘယ်လို အပိုင် ထူ၍ အရယူ ခဲ့သည်ကိုလည်း ‘ ဗိုလ်ချီသလုံး ’  ဝတ္ထု ဖြင့် ဇာတ်အိမ် ဖွဲ့ပြီး ‘ ဟယ် မိန်းမ ’ ဝတ္ထုရှည်ကြီး ဖြင့် ဖြစ်သမျှ လှစ်ဟ ၍ ဤ မြဝတီမဂ္ဂဇင်းကြီး တွင် စုံလင်စွာ ရေးသားခဲ့ပါပြီ ။ ထို့ကြောင့် ဤနေရာ တွင် အကျယ် မဆိုချင်တော့ပါပြီ ။ သို့ကလို မိန်းမ ယူပြီး လက်ရေးဒုက္ခ ဖြေရှင်းဖို့ ကြံတော့ ဟန်ရဲ့လား ဟု မေးပါ လျှင် အား နှိပ်ပါဘူးဗျာ ။ မိန်းမ က စာ ကူး ရေးပေးဖို့ စိတ် မကူးနိုင်ဘဲ သူ့ မှာ ကလေး မွေးရတာ နဲ့ ကို အချိန်ကုန် ရတာပဲ ဟု သာ ရှက်ကိုးရက်ကန်း နှင့်ပင် ဖြေရပါ တော့မည် ။


ယင်း သို့ကလို မိန်းမ ယူ ပြီးနောက် ကိုယ့် ဒုက္ခ ဖြေရှင်းရန် အကြံကောင်း တစ်ချက် ရ လာပြန်ပါသေးသည် ။ ဒီ အကြံ ကိုလည်း တယ်တော့ မပြောချင် ပါ ။ ၎င်းမှာ ကိုယ့် ကို မကူနိုင်ဘဲ ကလေး ပဲ မွေး နေသည့် မိန်းမ ကို ကလေး မွေးဖို့ပဲ ထား ပြီး လျှင် စာကူး ပေးရန် အတွက် နောက်ထပ် မိန်းမ တစ်ယောက် စပယ်ရှယ် ထပ် ယူရန်ပင် ဖြစ်ပါသည် ။ ကျုပ် အကြံ က မနိပ်သားဗျ ။


ထို အကြံ ကို မိတင်အေး တစ်စွန်းတစ်စ ကြားသည် နှင့် တစ်ပြိုင်နက် “ မောင် ... မောင် ...” နှင့် တစ်မောင် တည်း မောင် နေသော သူ ၏ နှုတ်ပါးစပ် မှ ..


“ တော် က ဘာ လူပါးဝတာလဲ ... မယားငယ် ထားချင်တယ်ပေါ့ .. ဘာ မဟုတ်မဟတ်တွေ ကြံတာလဲ ... အူကြောင်ကြောင် တော့ မလုပ်နဲ့ လည် လှီးပစ်မယ် သိလား ” ဟု ဒေါသအမျက် ချောင်းချောင်း ထွက်ကာ အုံကြွ ကြိမ်းဝါးခြင်း ခံရပါတော့သည် ။


ကဲ .. စာရှုတဲ့ အစ်ကို တို့ အစ်မ တို့ ရေ .. ကျွန်တော် ဘယ်လို လုပ်ရမလဲ ၊ ကလောင် ပစ်ပြီး ကူလီ ပဲ ထမ်း စားရ မလား အကြံကလေး ၊ ဉာဏ်ကလေး ရှိပါက သနား သဖြင့် တစ်ဆုပ်တစ်ခဲ စွန့်ကြဲတော် မူကြပါတော့ ခင်ဗျာ ။


      ( ပြီးပါပြီ )


◾ သာဂဒိုး


📖 မြဝတီမဂ္ဂဇင်း

     ၁၉၅၃ ခုနှစ် ၊ မေလ 


#ကိုအောင်နိုင်ဦး


.

Tuesday, September 19, 2023

ကယ်နိုင်လျှင် ကယ်ကြပါ ( ၄ )


 အလွန် အေးသော ဦးညိုမြ ထိုမျှ ဒေါသကြီး သည် ကို ကျွန်တော် ဒီ တစ်ခါ သာ မြင်ဖူးပါသည် ။ စင်စစ် ဦးညိုမြ အပြစ်လား ဆိုတော့ .. သူ့ အပြစ် လား ဆိုတော့ .. ကျွန်တော်သည် တွေးမိတိုင်း မျက်ရည်တွေ သာ တဖြန်းဖြန်း ကျမိပါ တော့သည် ။ အမှန်သော် ဦးညိုမြ သည် စိတ်ညစ် ခံနေစရာ မလိုပါ ၊ ဂြိုဟ်ကောင် ကျွန်တော့် ကို အလုပ် မှ ထုတ်ပယ် ပစ် လိုက်လျှင် အိုးဝေတိုက်ကြီး လုံးဝ ငြိမ်းချမ်းရေး ရမည် မှာ သေချာပါသည် ။ သို့သော် လူ တစ်ဖက်သား ကို ညှာတာစိတ် ထား တတ်သော ဦးညိုမြ က ကိုယ့်လူ ထွက်တော့ ဟေ့ ... ဟု မပြောရက်ရှာပါ ။ ကျွန်တော် က လည်း ဤတိုက် မှ ကိုယ့် သိက္ခာ ကိုယ် ရိုသေကာ ထွက်လိုက်ဖို့ ကောင်း၏ ။ သို့သော် ဤလို ကျွန်တော့် ဒဏ် ကို ကြိတ်မှိတ် ခံနိုင်သော တိုက်မျိုး ဤ ကမ္ဘာ တွင် သာ မဟုတ် ၊ ဤ စကြဝဠာ တစ်ခွင် တွင် တွေ့နိုင်မည် မဟုတ် ၊ ကုတ် နဲ့ ကော်ထုတ် ၊ ရိုက်ထုတ် ၊ သံကြိုး နဲ့ ခတ်ပြီး ဆင် နဲ့ ဆွဲထုတ် ၊ ဘယ်လိုနည်းနဲ့ ပဲ ထုတ်ထုတ် ၊ မျှော့တွယ် သလို တွယ်နေမည် သာ ဖြစ်ပါသည် ။ ထို့ကြောင့် လည်း ဤ ပြဿနာ မှာ ရှင်းရှင်း နဲ့ ရှုပ်ပြီး ကာယိက ဒုက္ခ - စေသိကာ ဒုက္ခတွေ ပွေ နေခြင်း ဖြစ်တော့သည် ။ ကျွန်တော် လည်း ဆရာ စိတ်ချမ်းသာ အောင် တစ်နည်း ဖန်ဦး မှ ဖြစ်တော့ မည်ဟု တွေး ၍ ... 


“ ဆရာရယ် ... စိတ် မညစ်ပါနဲ့ ... ကျွန်တော့် ကြောင့် ဆရာ နဲ့ တကွ အိုးဝေတိုက် ရဲ့ ဂုဏ်ကျက်သရေတွေ ယုတ်ကုန်ပြီ ဆိုတာ ကျွန်တော် သိပါ တယ် ။ နောင် ကို ကျွန်တော် မမှားစေရဘူး လို့ ပြောရင် ဆရာ လည်း ယုံမှာ မဟုတ်တဲ့ အတွက် ... နောင် မှားရင် ကျွန်တော့် လစာငွေ ကို ဖြတ်တောက်ပြီး ဒဏ် တပ်ပါတော့ ... ကျွန်တော် ပြောလိုပါတယ် ဆရာ ရယ် .. ၊ အမှားကြီး ရင် ကြီး သလို ... တစ်ခါ မှား ငါးကျပ် က နေ ပြီး .. ဆယ့်ငါးကျပ် အထိ ဒဏ် တပ်ပါတော့ ဆရာ ရယ် ” 


ဟု အနူးအညွတ် တောင်းပန် ပြောဆို ရပါတော့သည် ။ စိတ် မသက်မသာ ဖြစ် နေသော ဦးညိုမြ လည်း ခေတ္တမျှ တွေ စဉ်းစား ပြီး နောက် ... 


“ အေး .. ကောင်းတယ် ... ကောင်းပေတယ် .. မင့် စကား သာ မင်း မမေ့နဲ့ ... ကောင်းတယ် ” 


ဟု မိန့်ကြားလေပါသည် ။ 


ဦးညိုမြ က ကောင်းမှာပေါ့ ဗျာ ၊ သူ လည်း ပညာရှိ လူပါးကြီး ပဲ ၊ ဒီလောက် လက်ရေး ဆိုးပြီး အမှားများ တတ်တဲ့ ကောင် ဒဏ်ငွေ ကြောင့် တိုက် က လစာ မပေးရတော့မယ့် အပြင် ငနဲ က ပင် အပြင် မှာ ငွေရှာ စိုက်ရဦးမည် မှာ မုချ သေချာသည် ဟု ကျိန်းသေ နား လည်ပြီး ပေ ကိုး ။ ဒီတော့ တိုက် က လစာ ပေးရသော ငွေ သက်သာ သွားရုံ မက အပိုပင် အမြတ် ထွက် နိုင်မယ် ဆိုတော့ ကျွန်တော့် အစီရင်ခံချက် ကို ပညာရှိ လူပါးကြီး ကြိုက် ပေမပေါ့ ။


ထို့နောက် အတွေးသမား အငေးသမားကြီး ဖြစ်ကာ ၊ မှိုင်ပုံတော်ချ သော ဦးညိုမြ သည် ပြန်လည် ကျန်းမာ ပျော်ရွှင် လာသည် ကို တွေ့ရပါလေ သည် ။ ကျွန်တော် လည်း ကိုယ့် စကား နဲ့ အညီ ဒဏ် ထိတော့မည် ဖြစ်၍ မန်ကျည်းစေ့ ၊ ဒူးရင်းစေ့ကြီးများ တမျှ ကြီးမားစွာ ရေးသား ထားသော ကိုယ့် ဆောင်းပါး သတင်းကော်ပီများ ၊ သတင်းခေါင်းစဉ်များ ၊ ဓာတ်ပုံစာများ စသည် တို့ကို ပထမ အထပ်ထပ် မှန်ဘီလူး နှင့် ကြည့်၍ အမှား ရှာ ၊ ထို့နောက် ဒုတိယ အဆင့် စာစီ ပြီး သမျှ ကို မှန်ဘီလူး နှင့်ပင် အကြိမ်ကြိမ် ပရု ပြင် ၊ တတိယ အဆင့် လည်း စက်တင်မယ့် ဆဲဆဲ ၊ မှန်ဘီလူးကြီး အားကိုး ၍ ပင် အဖန်ဖန် ကြည့်ရှု စစ်ဆေးရပါသည် ။ သို့ကလို ကြည့်ပြီး နောက် တစ်နေ့ သတင်းစာ ထွက် လာသော အခါ ဦးညိုမြ က တိုက်စရိတ် သက်သာအောင် စေတနာ ထား ၍ မှန်ဘီလူးကြီး တကားကား နဲ့ အမှား ရှာ လေပါသည် ။ အဲဒီလို ကျွန်တော် အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ကြိုးစားတာ တောင် မှ ကျွန်တော့် လခ ဟာ အပြည့် ရတယ်ပဲ ရှိပါဘူး ။


တောက် .. တွေးလိုက်တိုင်း မျက်ရည် ကျ သဗျ ။ ဖော်ပြခဲ့သည့် အတိုင်း ကျွန်တော့် ဘဝ အကျိုးပေး မကောင်းသမို့ လက်ရေး ဆိုး ပြီး ခံစားရတဲ့ ဒုက္ခ ဝေဒနာတွေ ၊ စိတ် နာကျင်မှု -ကိုယ် ၏ နာကျင်မှု ဒုက္ခသစ္စာတွေ ကို တတ်နိုင်သမျှ သရုပ်ဖော် လှစ်ဟ ခဲ့ရာ၌ အချို့အချို့သော စာရှု ပရိသတ် တို့ က ပိုလွန်းလှတယ် ၊ သည်းလွန်းကဲလွန်းလှတယ် လုပ်ကြံ ရေးတယ် ဟု ထင်ကောင်း ထင်ကြပါ လိမ့်မည် ။ ဒါကို ကျွန်တော် က မယုံကြပါရင် ဦးညိုမြ သာ မေးကြည့်ကြပါတော့ ဟု ပဲ ပြောချင်ပါတော့သည် ။ ကျွန်တော့် ဆရာ ဦးညိုမြ ဟာ မသေသေးပါ ။ ယနေ့ အိုးဝေတိုက် သို့ သွား ကြည့် လျှင် မှုန်ဝေဝေ မျက်နှာကြီး နှင့် ဦးညိုမြ အား ငုတ်တုတ်ကြီး ငိုင်နေသည် ကို ( အဲလေ ) ထိုင်နေ သည် ကို တွေ့မြင်နိုင်ကြပါသည် ။ ထို့ပြင် ဆရာဇဝန အား လည်း အရက် တို က်၍ မေးကြည့် နိုင်ကြပါသည် ။ ဒီကောင် သက်သေ ထူတာ ကလည်း လူကောင်းချည်း ပဲ ဆိုလည်း တတ်နိုင်ဘူးပ ။


ဦးညိုမြ က တိုက်စရိတ် သက်သာအောင် ကြိုးစားပမ်းစား စေတနာ ထား၍ မှန်ဘီလူးကြီး နှင့် အမှား ရှာနေစဉ် ကျွန်တော် လည်း အမှား တွေ့ က ဆင်ခြေ ပေးနိုင်အောင် မနက်တိုင်း သတင်းစာ ကို မှန်ဘီလူး အားကိုး၍ ကိုယ့် ဘာသာ အမှား ရှာ ရပါသည် ။ ထိုသို့ အားကြိုးမာန်တက် အမှား ရှာနေစဉ် တစ်နေ့ ကျွန်တော့် မှန်ဘီလူး အောက် ၌ မယုံကြည် နိုင်စရာ ကြော်ငြာ တစ်ခု သည် ထင်းခနဲ ဘွင်းခနဲ ပေါ်လာပါ တော့သည် ။ မယုံနိုင်သမှ ဘယ်နည်းနှင့် မျှ မယုံနိုင်စရာပါ ။ ထို ကြော်ငြာ တွေ့သောအခါ ကျွန်တော် သည် စိတ် ၏ ထိခိုက်မှု ကိုယ် ၏ ထိခိုက်မှု ဒဏ် သည် ရုတ်တရက် ပြင်းထန်စွာ တက် ဆောင့် ပြီး ၊ ခေတ္တမျှ မတ်တတ် သေသွားသည်ဟု ပင် ထင်မိပါတော့သည် ။ ဟယ် ... ကိုယ်ကျိုးကြီး နည်းပါပေါ့ကလား ။ ကျွန်တော် သည် ထို ကြော်ငြာ တွက် ရင်တွင်း ၌ စက်သေနတ် ပစ်ကာ မျက်လုံးများ ပြာဝေလျက် က ပင် ထပ်ကာ ထပ်ကာ မှန်ဘီလူး နှင့် ကြည့်မိ ပါသည် ။ သို့ အထပ်ထပ် ကြည့်လည်း ကြော်ငြာ စာလုံးကလေးများ သည် ပြောင်းရွှေ့ မသွားဘဲ ပြုံးဖြဲဖြဲကလေး ပင် ကရော် တိုက် ၍ မူလအ တိုင်း ပေါ်နေလေပါသည် ။ ထို ကြော်ငြာ တွေ့ပြီး တစ်ထိုင် တည်း ပင် မိန်းမတွေ ကို ကျွန်တော် တော်တော်ကြီး စိတ်နာ သွားမိပါသည် ။ မိန်းမတွေ ဟာ လှလေ ရက်စက်လေပဲလား ။ ကျွန်တော် သည် ထို ကြော်ငြာ တွေ့ ပြီး အသည်းဟက်ဟက် ကွဲ ကာ တခြမ်းပဲ့ သွားခဲ့ပြီတကား ။


ထို ကြော်ငြာအကြောင်း ကို ပြောရမှာ ယခုတိုင် ရင် နင့် လှပါသည် ။ မျက်ရည် စို့ လှပါသည် ။ ကျွန်တော့် ချစ်သူ ပုလိပ်ရင်သွေး လှလှသန်းကလေး သည် အကြောင်းမကြား ဘာမကြား နှင့် လူ တစ်ဦး နှင့် စေ့စပ် လိုက်လေပြီ တကား ။


အချစ်ကလေး ရယ် ... ဘယ့်နှယ် လုပ်လိုက်ပါလိမ့် ၊ ဘယ့်နှယ် ဖြစ်ကုန်ပါလိမ့် ဟု ကျွန်တော် ငိုညည်း ကာ ကမ္ဘာ ပျက်၍ ထိတ်လန့်တကြီး ပြေးသော သားကောင် ၏ ခြေလှမ်းမျိုး ဖြင့် သူကလေး စံရာ ရဲဌာန သို့ အပြင်း နှင်ရပါ တော့သည် ။ သူကလေး ဆီ ပြေးသည် ဆိုသော်လည်း အမှန်သော် တိုက်ရိုက် သွားရဲသည် မဟုတ်ဘဲ သူကလေး ထံ တစ်ဆင့် စာသဝဏ် ပါး ရသော ရဲဆာဂျင် ကတော် အဒေါ်ကြီး ထံ သွားရခြင်းဖြစ်ပါသည် ။ ကျွန်တော် လည်း အဒေါ်ကြီး ကို တွေ့လျှင် မောကြီးပန်းကြီး ပင် .. ။


“ ဘယ်နှယ့် ဖြစ်ကုန်တာလဲဗျ .. ၊ ဘယ့်နှယ် ဖြစ်ကုန်တာလဲဗျ .. ”  


အဒေါ်ကြီး က မူ မထုံတေတေး ရွှေမြိုင် ဗော့ဖြူးလေး ခဲ ၍ ... 


“ ဘာဖြစ်ရမှာလဲ ဟဲ့ ... ” 


“ အောင်မယ်လေး .. ဒုက္ခပါပဲ  ၊ ဘာဖြစ်ရမှာလဲဗျ ... ဒီနေ့ သတင်းစာ မှာ ပါတာ မတွေ့ဘူးလားဗျ ... ခက်တော့တာပါပဲ ” 


ဟု ကျွန်တော် က အားမလို အားမရနှင့် အဒေါ်ကြီး ကို ကိုင်ဆောင့်မိ မတတ် ဒေါသ ထွက်မိ၍ အော်ကြီးဟစ်ကြီး ပြော မိပါတော့သည် ။ ဤတွင်မှာ အဒေါ်ကြီး လည်း မျက်လုံးကလေး တစ်ချက်မျှ လန် ကြည့်ပြီး ... 

“ ဪ ... ဪ .. ဒါလား ... ဒါ ဘာဖြစ်သလဲ ၊ ကောင်မလေး အပြစ်မှ မဟုတ်ဘဲ .. ၊ ကောင်မလေး ကို သူ့ မိဘ က အခု ကောင် နဲ့ နားချ နေတာ ကြာလှပြီ .. ၊ မင်း ဟာ ရှုပ်ရှုပ်ယှက်ယှက် ဆိုတော့ ... ကောင်မလေး က စိတ်ပျက် ပြီး နောက်ဆုံး သူ့ မိဘ ဆန္ဒအတိုင်း ခေါင်းညိတ် လိုက်တာပေါ့ ၊ ဒါ ဘာဖြစ်လဲလို့ ” 


ကျွန်တော် လည်း ထိတ်လန့်တကြီး နှင့် ပြဲ နေသော မျက်လုံးသည် ပို၍ ပြဲထွက်မိတော့ ကာ ..


“ ဘာ ... ဘာ ... ဘာ ... ၊ ကျုပ် က ဘာ ရှုပ်လို့လဲ ... ၊ သင်း သစ္စာဖောက် ချင် ဖောက်ချင်တယ်ပေါ့ ... ကျုပ်က ဘာ ရှုပ်လို့လဲ .. ၊ ဒီကတော့ .. ဒီက ” 


“ တော်စမ်းပါ မောင်ရင် ရယ် ... တွေ့ကရာတွေ မပြောပါနဲ့ ... ဒီကိစ္စ ကောင်မလေး အပြစ် မရှိဘူး.. ။ ငါသိတယ် ... ၊ မင်း က သာ ရှုပ်ရှုပ်ယှက်ယှက် လုပ် တာ ” 


ကျွန်တော် ပြင်းထန်စွာ ဒေါသ ထွက်မိ ကာ .. 


“ ကျွန်တော် ဘာ ရှုပ်လို့လဲဗျ ” 


“ ဘာ ရှုပ်ရမလဲ ... မင်း ကိုယ် မင်း ပဲ သိမှာပေါ့ ”  


“ အာ ... သေချင်တာပါပဲဗျာ ... ကျွန်တော် ဘာမှ မလုပ်ရပါလား ခင်ဗျ .. ဘုရားစူး ၊ မြွေစိမ်းကိုက် ရေနစ် ... အိုဗျာ .. သေရာရဲ့ဗျာ .. ကျွန်တော် ဘာမှ မရှုပ်ရပါဘူး ... ဘယ်လို ဖြစ်ကုန်တာလဲဗျာ ... သေချင်တော့တာပါ ပဲ ” 


ကျွန်တော် လည်း ဘာမှ မသိသော ကိစ္စ အတွက် တတ်သမျှ ပညာ နှင့် အမျိုးမျိုး ကျိန်တွယ် ပြောရလေတော့သည် ။ အကြံတူ ရန်သူ့ လက်ချက် ဦးခဲ့ပြီ ထင်ရဲ့  ။ အဒေါ်ကြီး လည်း ဤတွင်မှ မျက်လုံးကြီး ပြူးကြည့်ပြီး .. 


“ အဲဒါ ခက်တာပဲ ... မင့် အရှုပ် မင်း ဘာမှ မသိဘူး ဆိုတော့ ခက်တာပဲ ...  မင်း ကောင်မလေး ကို ပထမ လက်ရေး တစ်မျိုး နဲ့ ရည်းစားစာတွေ ရေးတယ် မဟုတ်လား ” 


“ ဟုတ်တယ် ... ဒါ ဘာဖြစ်လဲ ” 


“ အဲဒါ ခက်တာပေါ့ .. မင်းကို ကောင်မလေး က ပြန် ကြိုက်ရော ... မင်း က ဒုတိယ လက်ရေး တစ်မျိုးနဲ့ ဒါမှ ကျွန်တော့် လက်ရေး အစစ်ပါ .. အရင် လက်ရေး က သူများ ရေး ခိုင်းရတာပါဆိုပြီး ရေးပြန်တယ် ”  


“ ဟုတ်တယ် ... ဒါ ဘာ ရှုပ်လို့လဲ .. ဟုတ်သားပဲ ”  


“ အေး .. အဲဒါ ခက်တာပေါ့ .. ဒီလို မင်း ကပထမ လက်ရေး အစစ် ဆိုတဲ့ အထိ ဘာမှ မရှုပ်ပေမယ့် ... ဟို လက်ရေးတွေ ဟာ တစ်ခုမှ မဟုတ်ဘူး ... ဟောဒီ တတိယ လက်ရေး မှ ကျွန်တော့် လက်ရေး အစစ် လို့ ဆို ပြန်တော့ ... ကောင်မလေး ဟာ .. ခေါင်းနောက် သွားပြီး ကျွန်မ ကြာ ရင် တံတားကလေး အရူးထောင် ရောက်တော့မှာ ပဲ ဆိုပြီးတော့ ... မင်း ကို စိတ်ဖြတ် .. သူ့ မိဘ အလိုကျ ခေါင်းညိတ် လိုက်ရှာတာပဲ ” 


အမယ်လေး ... အောင်မယ်လေးဗျ ... ကျွန်တော် လည်း စကြဝဠာ တံတိုင်း သို့ လွင့်စဉ် သွားသည် ဟု ပင် ထင်မိပါတော့သည် ။ ဟယ် ... အကြံ မလျော် ရန်သူတော် အပိုင်ဆော် ခံရပြီကိုး ။ ကျွန်တော် လည်း ထို သတင်း ကို ကြားလျှင် အထင်မှား ခံရ၍ ဝမ်းနည်းခြင်း ၊ ခြေထိုး ခံရ၍ ဒေါသဖြစ်ခြင်း တို့ ရင် တွင်း ၌ နပန်း ချ ကာ မျက်ရည်များ ပင် တွေတွေ ကျမိပါတော့သည် ။ သိပါပြီ ၊ တစ်စုံတစ်ဦး သော မသမာကောင် သည် ကျွန်တော့် အား အလဲ ထိုး လိုက်လေပြီတကား ။ ရဲဆာဂျင်ကတော် အဒေါ်ကြီး မှာ သူကလေး က သူ့ ဆီ ပေးသော စာများ ပို့ရန် စခန်း အဖြစ် လိပ်စာ ပေးထားရာ ကျွန်တော် သည် တစ်ခါတစ်ခါ ကိုယ်တိုင် ၍ အခွင့် မသင့်သော အခါ မူ စာတိုက် မှ ပင် အဒေါ်ကြီး ထံ ပို့ ခဲ့ရပါသည် ။ ကျွန်တော့် မှာ လက်ရေး ဒုက္ခ ကြောင့် ပထမ ဂျိုမောင်စိန့် အကူအညီ ဖြင့် စာရေး နေခဲ့ရရာ က စွဲလာသော အခါ ကိုယ်ပိုင် ဒုက္ခိတ လက်ရေးမူ ကိုပင် အသုံးပြုပြီး ပြောင်းလဲ ဆက်သွယ်ခဲ့သည် ကို စာရှုသော ဉာတကာ တို့ သိပြီး မဟုတ်ပါလား ။ ထို နိမ့်ကွက် ကို အမည်မသိ ရန်သူတော် သည် ချက်ကိုင်ပြီး ပိုင်ပိုင်ကြီး အုပ်ထည့် လိုက်လေပြီ တကား .. ၊ ဒီလို ဆိုတော့လည်း သူကလေး အပြစ် မဆိုသာ ဖြစ်နေပြန်လေပါသည် ၊ ဟို လက်ရေး မောင့် လက်ရေး မဟုတ်ဘူး ။ ဒီလက်ရေး မှ မောင့်လက်ရေး ဖြစ်ပါ တယ်လို့ ဆိုပြီး ထားရာက ဟိုလက်ရေး ရော .. ဟိုလက်ရေး ရော တစ်ခု မှ မဟုတ်ပြန်ဘူး ။ ဟောဒီ တတိယ လက်ရေး မှ မောင့် လက်ရေးပါ ဟု ဆိုပြန် သည် တွင် သူငယ်မ ခမျာ လက်ရေးမူ အရှုပ်တွေ ကြောင့် ချက်ချင်း ပွဲချင်းပြီး ရူးမသွားသည် ကို ပင် ကံကောင်းလှပေတော့သည် တကား ။


ကျွန်တော် လည်း တစ်စုံတစ်ဦးသော မသမာကောင် ၏ ယုတ်မာမှု ကြောင့် ၊ ဤသို့ ဖြစ်ရသည် ကို အဒေါ်ကြီး မှ တစ်ဆင့် သူကလေး ထံ လျှောက် လဲ အသနားခံရပါ တော့သည် ။ သို့သော် ... သူ့ အဖြစ် မှာ ပြုပြင်၍ မရနိုင်တော့ ပြီ ဆိုကာ လုံးဝ အဆက်အသွယ် ဖြတ်ကာ ရွှေမျက်နှာ လွှဲ လိုက်လေတော့ ရာ ကျွန်တော့် မှာ ရင်ဆို့ပြီး အသည်းနာ ရောဂါ သာ အဖတ်တင် ကျန်ရစ်ပါ တော့သည် ။ ကျွန်တော့် ဖြစ်ထွေ မှာ ရှက်ဖွယ် လည်း ကောင်း ၊ ဒေါသထွက် ဖွယ် လည်း ကောင်း ၊ ဝမ်းနည်းဖွယ် လည်း ကောင်းကာ ကြိတ်မနိုင် ခဲမရ ဖြစ်ပြီး မသမာ ရန်သူယုတ် ကို နားရင်း အုပ်ရန်သာ အကြောင်း ရှိတော့သည် တကား ၊ ထို့ကြောင့် ကျွန်တော်သည် ရန်သူ ကို အပြင်း ဖိ၍ ရှာရပါတော့သည် ။ ဒီကောင့် လက်ချက် ဖြစ်မှာပဲ ဟု ပထမဦးဆုံး ကျွန်တော် ထင်မြင်မိသူ မှာ ဂျိုမောင်စိန် ပင် ဖြစ်ပါသည် ။ သူ နှင့် ပေါင်း၍ လုပ်သမျှ အမြဲချောက်ကျ ရ တတ်သော ဤ ဂျိုမောင်စိန် ပင် ကျွန်တော့် အား ဤ သူငယ်မ ကိစ္စ အကျပ် ကိုင်ခဲ့ဖူးရာ ဒီ ငနဲ ပဲ ဖြစ်ရမည် ဟု ကျွန်တော် တစ်ထစ်ချ ယိုးစွဲပြီး ဒီကောင် ကို တရကြမ်း ရှာဖွေပါသည် ။ တွေ့လျှင် တွေ့ချင်း ငနဲ က စုံဆယ်ဖြာ ပန်ထွာ ဦးတင်ပြီး .. 


“ အာ ... သူငယ်ချင်း ရာ မဟုတ်တာကွ ... ငါ လုပ်ပါ့မလား .. သူငယ် ချင်းချင်း ငါ ဒီလောက် ယုတ်မာပါ့မလားကွာ ...” 


“ မဟုတ်မာရင် သာ ရှိမယ် .. မင်း ပဲ ငါ့ ကို အကျပ်ကို င်ခဲ့တာ မဟုတ်ဘူးလားကွ ” 


“ ဒါတော့ သူငယ်ချင်းချင်း မို့ ... နောက်တီး နောက်တောက် လုပ်တာပဲ ကွ ... ဒီအခြေမျိုး ရောက်အောင် ချောက်တွန်း ချင်ရင် .. အစ ကတည်း က ကို .. မင်း ကို လုပ်မပေးဘူး တစ်ခု တော့ ရှိတယ် ... မင်း ဒီလို ဒီလို ဖြစ်နေတယ် ဆိုတာ ကို ... ငါတော့ တို့ သူငယ်ချင်း သတင်းထောက်တွေ တော့ ပြောခဲ့မိဖူး သကွာ .. ၊ အဲဒီ အပြစ်တော့ ငါ ကျူးလွန်မိတာ အမှန်ပဲ .. ။ ဒီထဲက တစ်ကောင် ကောင် က ဝင်ပြီး ချောက်ချချင် ချမှာပဲ ” 


ဤတွင် ကျောက်စားပွဲ မြသွင် က ဝင်ပြီး ... 


“ ဟုတ်သားပဲကွ ... ဒီလောက် ချစ်ခင်တဲ့ သူငယ်ချင်းချင်း ... ခုလို ဆိုးအောင် လုပ်ရက်ပါ့မလားကွ သတင်းထောက် ထဲ က တစ်ကောင် ကောင် ဝင် လုပ်မှာ သေချာပါတယ် ... မင်း ကလည်း လူ ရှောက်မြင်ကပ်စရာ ဂျစ်တစ်တစ် ဆိုတော့ ... သတင်းထောက် ထဲ မှာ မင်း ချစ်တဲ့ ကောင် က အရှား သားပဲ ကွ ... မင့် ဟာ မဟုတ်သေးပါဘူး ...” 


ဒီလို ဆိုပြန်တော့လည်း ဂျိုမောင်စိန် ကို ထိုးရန် ရှိသမျှ ဗလ နှင့် ကျစ်ကျစ် ပါအောင် ဆုပ်ယူသွားသော ကျွန်တော် ၏ လက်သီးမှာ ပြေကျ သွားရပြန်ပါ သည် ။ မြသွင် ပြောသလို ကျွန်တော် က လည်း ညစ်ကျယ်ကျယ် မို့ ... သတင်းစာလောက တွင် လူချစ်လူခင် က အတော် ပေါသား ဖြစ်ရာ အုပ်သာ လျှင် ကျွန်တော့် ကို အုပ်ထည့်မည့် ကောင်ချည်း ဖြစ်နေလေပါသည် ။ ဒီလို ဆို ပြန်တော့ တရားခံ ဘယ်ကောင်နည်း ။ ဟိုကောင်လား ၊ ဒီကောင်လား နှင့် လူတိုင်း ကို ပင် တောင်တောင်အီအီ ထင်ကာ ဥစ္စာပျောက် ငရဲကြီး ဆိုသလို ရည်းစား ပျက် ၍ သရဲစီးပြီး ၊ ဂျစ်တစ်တစ် မျက်နှာ နှင့် လူတကာ ကို သင်္ကာ မကင်း ကြည့်မိလေ ၊ ချစ်သူခင်သူ တိုးလေ ဖြစ်နေပါတော့သည် ။ ထိုအချိန် မှာ ကျွန်တော့် အဖို့ အတော် ဇာတာ ညံ့ နေပုံလည်းရပါသည် ။ လူ ဆိုတာ ကံကြမ္မာ ဂြိုဟ်စီးတော့ ... ကိုယ့် .. ကို .. ၊ အဲ ကိုယ့် အမြီးတောင် မြွေထင် ဆို သလို ဒုက္ခတွေ ဆင့် ကျတတ် မြဲ ဖြစ်သည် မဟုတ်ပါလား ။ ရည်းစား ပျက် လို့ စိတ်စက် မကောင်းရသည့် အထဲ ၊ မြင်သူတကာ ရန်သူ ထင်မိ ၍ ချစ်ခင်သူ တွေ တစ်နေ့တခြား တိုးပြီး အခြေ ဆိုးသည့် ဘဝ သို့ ဆိုက်နေပါသည် ။ ထို အခြေအနေ မှ တဖြည်းဖြည်း ခေါင်း အေးအေး ထားပြီး စဉ်းစား လာနိုင် သော အခါတွင် ကျွန်တော် သည် ကျွန်တော့် အား ချောက်ချ သော တရားခံ အစစ် ကို ရှာဖွေ တွေ့ရှိပါတော့သည် ။ ၎င်းကား ကျွန်တော် ၏ ဘဝ တစ်လျှောက်လုံး တွင် အမျိုးမျိုး ဂြိုဟ်မွှေ ချောက်ချ နေသော ကျွန်တော် ၏ လက်ရေး ပင် ဖြစ်ပါတော့သည် ။


ကျွန်တော် နှင့် ပုလိပ်ရင်သွေး လှလှသန်းလေး နှင့် ကွဲရချက် နာရခြင်း အကြောင်း ကို စေ့စေ့ တွေးသော် အစ မကောင်းခဲ့ သဖို့ အနှောင်း မှာ မသေချာ ဆိုသလို ကိုယ့် ဘဝ အကျိုးပေး ညံ့ သဖြင့် သူ မတူအောင် ထူးထူးခြားခြား တူးတူးခါးခါး ချာတူးလန် လှသော ကျွန်တော် ၏ လက်ရေး သည် ပင် တရားခံ အစစ် ဟု တွက်မိပါ တော့သည် ။


ဒီ လက်ရေး ... ဒီ လက်ရေး ဆိုးရွားမှုကြီး သည် ကျွန်တော့် အား ချစ်ရေး မှာ လည်း ခိုးလိုးခုလု  ၊ ဝမ်းရေး မှာ လည်း ကသိကအောက် နှင့် အမှောင့် ပယောဂကြီး တစ်ခု လို ဖြစ်နေတော့သည် တကား ။ ထို ဒုက္ခဒဏ် သည် ကျွန်တော့် အား အစဉ်အမြဲ ပင် ဖိစီးနှိပ်စက် နှောင့်ယှက် တော့သည် တကား ။ ကျွန်တော့် ဘ၀ ဇာတ်လမ်း ၌ လူကြမ်း အဖြစ် အမြဲ ကသိကအောက် လိုက် လုပ် နေသော ဤ လက်ရေး ဒုက္ခသည် ပင် ကျွန်တော် ၏ အသည်း ကို ဟက်တက် ခွဲ၍ ဖဲ့ပစ်ခဲ့သည် တကား ။ ထို့ကြောင့် ဤ ဝတ္ထု ရှေ့ပိုင်း တွင် ကျွန်တော့် ကို အချစ် ဒုက္ခ ဘဝ သို့ ပို့ လိုက်သော တရားခံ ကို ဖော်ရန်ခက်ဘိ သည် ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည် ။ ထို့ကြောင့် ဤ ဝတ္ထု ရှေ့ပိုင်း တွင် ပင် ကျွန်တော် သည် ဟာသကလောင်ရှင် တစ်ဦး မို့ အတော် ပျော်တတ်သူ ( ဝါ ) အတော် ပျော်ရွှင်နေမည့်သူ ဟု မထင်ကြပါနဲ့ ။ ထင် သာ ထင် မဝင်ဘူး ၊ ကျောင်းအစ်မ ဖြစ်နေပါတယ် ခင်ဗျ ဟု ဆိုခဲ့ခြင်း ဖြစ်ပါတော့သည် ။ အဆွေတို့ ကျွန်တော် ပြောချင်လျက် နဲ့ မပြောနိုင် ဖြစ်နေသည်ကို ယုံကြပါပြီလား ၊ စေ့စေ့တွေး လေ ဒေါသ ထွက်စရာ ကောင်းလေ ဖြစ်သော ဤ ချာတူးလန် လက်ရေး ပြဿနာကြီး သည် ကျွန်တော် ၏ ဘဝ တစ်လျှောက်လုံး တွင် ဗီလိန် အဖြစ် အမြဲ နှောင့်ယှက် ဒုက္ခပေး လာခဲ့ရာ တွင် ... 


“ နို့ ... ဒီ လက်ရေး ဒုက္ခ ဟာ ... ဘယ်က မြစ်ဖျား ခံလာသလဲကွာ ..” ဟု မေး လာခဲ့ပါသော် “ ဪ ... ဒါတော့ ကျွန်တော့် ကိုယ် ကပဲ မြစ်ဖျားခံခဲ့တဲ့ဟာပါ ပဲခင်ဗျာ ...”  ဟု ပင် ခပ်ရှက်ရှက် နဲ့ ပဲ ဝန်ခံရမည် ဖြစ်ပါသည် ။ မှန်ပါသည် ။ ဗီလိန် အဖြစ် အမြဲ ချောက်ချ နေသော ဤ လက်ရေး သည် အဘယ်သူ က မျှ လာ ပေးသော ဒုက္ခ မဟုတ် ၊ ကိုယ် က ပင် ကိုယ့် ကိုယ် ကိုယ် ပြန် ၍ ဒုက္ခ ဖန် နေသော ဘယ်သူ မပြု မိမိမှုကြီး ပဲ ဖြစ်ကြောင်း ဝန်ခံရပါမည် ။ ဒီလို ဆိုပြန်တော့ ကျွန်တော် ၏ ဘဝ ဇာတ်လမ်း ၌ ခွကျလိုက်ပုံ က ကျွန်တော် ပဲ ဇာတ်လိုက် ဖြစ် ပြီး ကျွန်တော် ပဲ လူကြမ်း ဗီလိန် ပြန် ဖြစ်နေသော အူချာချာ ကြုံဖူးပေါင် တော် ဇာတ်ကြီး အဖြစ် ရောက်နေတော့သည် တကား ၊ ဒုက္ခပါဗျာ .. ” 


( အပိုင်း - ၅ ) ဆက်ရန် 


◾သာဂဒိုး


📖 မြဝတီမဂ္ဂဇင်း

      ၁၉၅၃ ခုနှစ် ၊ မေလ 


#ကိုအောင်နိုင်ဦး


.

Sunday, September 17, 2023

ကယ်နိုင်လျှင် ကယ်ကြပါ ( ၂ )


 “ ဒါနဲ့ ဆရာ ရယ် .. ကျွန်တော့် အတွက် ပုလိပ်သမီး ဂေါ်နည်းလေးများ လုပ်စမ်းပါဦး ဆရာ ... ” 


“ ပုလိပ်သမီး .. ပုလိပ်သမီး ... ”  


( မြသွင် သည် ခေတ္တမျှ တွေ သွားပြီး )


“ အာ .. သတင်းထောက် အဖို့ ပုလိပ်သမီး ဟာ အလွယ်ဆုံး ပေါ့ .. ”  


“ အမယ်လေး .. လုပ်စမ်းပါဦး ဆရာ ရယ် .. ” 


“ ရာဇဝတ်မှု သတင်း ယူဖို့ ဆိုပြီး .. နေ့တိုင်း ဂတ်တဲ တို့ ဂတ်တန်း လျား တို့ သွား ပိုးပေါ့ကွ ၊ မပူနဲ့ ဟေ့ ... ငါ ကိုယ်တိုင် လိုက် အကျိုးဆောင် မယ်  ၊ မင်း မြန်မြန် စွံမှပဲ ၊ ငါတို့ပိုး ရာ မှာ ကန့်လန့်ကန့်လန့် နဲ့ တယ် ရှုပ်တယ် ...” 


“ အမယ်လေး ... ရှိကြီး ခိုးပါရဲ့ ကျေးဇူးရှင်ကြီး ရယ် မြန်မြန် မ တော် မူစမ်းပါ ၊ ဒါနဲ့ ဆရာ ကောင်မလေး မြင်ရင် ဆရာ ကိုယ်တိုင် ကြိုက်သွား ဦးမှာ လား ဆရာ ” 


“ အာ .. ငါ သစ္စာ ရှိပါတယ် ကွ ... ငါ ယောက်ျားပါ ကွ ”  


“ အဲ ... အဲဒီ ယောက်ျားမို့ လို့ ကို ကျွန်တော်မျိုး က ကြောက်တာ ခင်ဗျ ” 


သာကဒိုး စကား အတွက် မြသွင် သည် တော်တော် ‘ ဖု ’ သွားပုံ ရလေ သည် ။ စင်စစ် သာကဒိုး က လည်း ကိုယ့် ကိစ္စ ကို မြန်မြန် တွန်းအောင် လို့ မခံချင် အောင် တမင် လုပ်လိုက်ခြင်း ဖြစ်ပါသည် ။ မြသွင် လည်း သာကဒိုး ချိုးပေါက် ထဲ သို့ တိုးဝင် လာ လေတော့သည် ။ ဘယ်သို့ဆိုသော် မြသွင် သည် သာကဒိုး ပြောသည် ကို မခံချင် ၍ ပင် နေ့စဉ် အချိန် မှန်မှန် ဂေါ် အကျိုးဆောင် လေတော့ သတည်း ။ လှလှသန်း ကို ကျွန်တော်တို့ ဂေါ်သေနင်္ဂဗျူဟာ ဆင်ရာ ၌ နည်းချင်း တော်တော် ဆန့်ကျင် နေ လေသည် ။ သာကဒိုး ၏ ဂေါ်သေနင်္ဂ ဗျူဟာ မှာ ပထမ စာ ပေး ၊ ဒုတိယ အချိန် ယူပြီး လူရိပ်ပြ တတိယ ခြေလှမ်း ကျ မှ ဆက် စာပေး စတုတ္ထ လစ် ရင် အတင်း စကားပြော ဟူ၍ ဖြစ်သည် ။ မြသွင် ၏ ဂေါ်သေနင်္ဂဗျူဟာ ကား ပထမ ကောင်မလေး နှင့် မျက်လုံးချင်း ကျ အောင် လူရိပ်ပြ ၊ ဒုတိယ အဆင့် စာပေး ၊ တတိယ အဆင့် ကား အလစ်ချောင်း ၍ ဆွဲ နမ်းရမည် ဟူ၍ ဖြစ်လေသည် ။ မြသွင် နည်း ကို ဒုတိယ အဆင့် အထိ ကြိုက် သော်လည်း တတိယ အဆင့် မှာ မူ လက်ဝါး နှင့် လည်းကောင်း လက်ထိပ် နှင့် လည်းကောင်း နီး လွန်း၍ တော်တော် လန့် မိလေသည် ။ ကိုင် ရမည့် အမှု မှာ လည်း ပုလိပ်သမီး ဖြစ်ပြီး ဂတ်ဝင်း ထဲ လည်း စွန့်စားရမည့် ကိစ္စကြီး မဟုတ်ပါလား ။


သို့သော် ... ငနဲ ကို ဆရာ တင် မိလက်စ နှင့် သူ့ ဂေါ်သေနင်္ဂဗျူဟာ ကို ပထမ နှင့် ဒုတိယအဆင့် အထိ လိုက်နာရန် ဆုံးဖြတ်ရ လေတော့သည် ။ သူ့ လမ်းစဉ် အတိုင်းပင် သာကဒိုး သည် နေ့စဉ် အချိန်မှန် ဂတ်တန်း ဆီ သို့ သွား၍ ရှိုးပြရ လေသည် ။ 


အင်း .. မိန်းမ ပိုးတယ် ဆိုတာ တော်တော် ကျန်းမာရေး ညီညွတ်တဲ့ ကိစ္စ ကလားဗျ ...  သာကဒိုးတို့များ ပိုးစရာ မိန်းမ တွေ့ ကတည်းက နေ့စဉ် အချိန်မှန် ရေမိုးချိုး လို့ ... နောက်ပြီး အဝတ်ကလေး စမတ်တင်းတင်း ဝတ် ၊ ခေါင်းကလေး ကို အကျ ဖြီး လို့ ၊ ပေါင်ဒါကလေး သ,လို့ ၊ အတော် ကျန်း မာရေး ညီညွတ်တဲ့ ကိစ္စပဲ ဗျ ၊ ဒါကြောင့်လည်း ပြည်ထောင်စုနိုင်ငံသား မြို့မိမြို့ဘ အပေါင်းတို့ အား တိုက်တွန်း လိုသည်မှာ ကိုယ်လက် မအီမသာ ဖြစ်စေသည် ကို တွေ့ရှိ ပါလျှင် စိတ်ကူး မလွဲနဲ့ ၊ ငနဲ ကို မိန်းမ သာ ဖိ ပိုး ခိုင်းပေ ရော့ ။ မုချ မြန်မြန် ကျန်းမာ ရွှင်လန်း လတ္တံ့တည်း ။ ( မယုံမရှိ နဲ့  ကိုယ်တွေ့  )


ရှိုး ပြ၍ ရက်ကလေး အတော် ရ လာသော် ... ကျွန်တော် ၏ ဂေါ်နည်းပြ ဆရာ က “ ကဲ .. ကိုယ့် စာ ပေးတော့ ” ဟု အမိန့်ချ လေတော့ သည် ။ ဤတွင် သာကဒိုး မှာ အခက်အခဲကြီး တစ်ခု နှင့် ကြုံတွေ့ ရ လေသည် ။ ထိုအခက် မှ တစ်သက်လုံး ခက်လာသည့် အခက်ပင် ဖြစ်ပါသည် ။ ထိုအခက် မှာ ကျွန်တော် အဖို့ ကြာ ပါပြီ ။ ကြာ ဆို လူပျိုဖြန်း ဖြစ်လာပြီး ၊ မိန်းမ ပိုးရန် ကြံ လိုက် ကတည်း က ခက်လာသော အခက်ပင် ဖြစ်ပါသည် ။ ဒီ အခက်ကြောင့် ပင် ငါ တော့ တစ်သက်လုံး မိန်းမ ရတော့ မှာ မဟုတ်ဘူး ဟု ပင် အားလျှော့ ခဲ့ မိပါ သည် ။ လောက၌ မကြီးချင် ဘဲ နှင့် လူပျိုကြီး နေ ရသော ပုဂ္ဂိုလ်များ အနက် တွင် ဒီလို အခက်ခဲကြောင့် ပင် လူပျိုကြီး နေရသူများ လည်း ပါလိမ့်မည် ဟု လည်း ထင်နေ မိပါသည် ။ ကျွန်တော့် အခက်တော်ကြီး ကို မိတ်ဆွေ တို့ အစ်ကို ရဲ့ အစ်မ ရဲ့ ဘာလို့ ထင်ကြပါသလဲ ။ ကျွန်တော့် အခက်ကို ထုတ်ဖော် ပြော လျှင် မယုံမည် စိုး၍ ပြောများ ပင် မပြောချင်ပါ ။ ထို အခက် မှာ ကျွန်တော် လက်ရေး မလှတဲ့ ကိစ္စပါ ပဲ ( ဝါ ) ကျွန်တော့် လက်ရေး အင်မတန် ဆိုးလွန်းလို့ ပါ ခင်ဗျား ဟု ဆိုလျှင် ၊ အစ်ကိုတို့ အစ်မတို့ ယုံ မှ ယုံနိုင်ကြပါ့မလား ။ မယုံ တော့ မရှိကြပါနဲ့ ။ လက်ရေး ဆိုးတဲ့ ဒုက္ခ ကို ကိုယ်တိုင် ခံစားရတဲ့ သူများ တော့ 

စာနာတရား နဲ့ ထားပြီး သိကြပါလိမ့်မယ် ထင်ပါတယ် ။ ဒီ ဒုက္ခ ကြောင့် သာကဒိုး မှာ ပြော လျှင် ယုံနိုင်ဖွယ် မရှိအောင် အဖြစ်ဆန်းများ လည်း တွေ့ကြုံ ခဲ့ရပါတယ် ။ အဆိုးဆုံး က တော့ မိန်းမ ကိစ္စ နဲ့ ပတ်သက် လာတဲ့ အခါ ဒီ ဒုက္ခ ဟာ ကျွန်တော့် ကို ချောက်အချဆုံးပဲ ။ လူကြီးမင်းများ ပဲ စာနာတရား နဲ့ စဉ်းစား ကြည့်ကြပါတော့ဗျ ။ လက်ရေး ဆိုးတဲ့ ဒုက္ခဟာ ဒီ့ပြင် ကိစ္စတွေ မှာ ထက် ရည်းစားစာ ပေးတဲ့ နေရာ မှာ ဒုက္ခ အရောက်ဆုံးပါပဲ ခင်ဗျ ။


မိန်းမ ဆိုတာ လှတာ မှ ကြိုက်တတ် ကြတယ် မဟုတ်ပါလား ခင်ဗျ ။ ဒါ့ကြောင့် ရည်းစားစာ ကို လည်း ပုလဲလုံးကလေးတွေ စီထား သလို ရှင်းရှင်းလေး နဲ့ လှလှလေး ရေး နိုင်မှ ကြိုက်တတ်ကြတယ် မဟုတ်ပါလား ။


ကျွန်တော့် လက်ရေး မှာ တော့ ဘဝ ဘဝ က အကျိုးပေး မကောင်းခဲ့ သမို့ ဘယ်လိုပဲ နင်လား ငါလား ကြိုးစားပြီး ရေးပေးသည့် စက္ကူ ပေါ် ပဲပင်ပေါက် တွေ ဖိတ်ထား သလို ရုတ်ရုတ်ရက်ရက် နိုင်လှ သဖြင့် အဘယ်သို့သော မိန်းမ သတ္တဝါတို့ က ရွှေဘောတော် ကျကြပါ မည်နည်း ။ ထို့ကြောင့် ကျွန်တော် လည်း စားရခါနီး စားပွဲ ကြောင် လှဲ ဆိုတာလို လှလှသန်းကလေး ကို မျက်စ မျက်နတွေ ပစ်လို့ နီးစပ်တတ်တတ်လေး ရှိလာပြီး ခါမှ လက်ရေး မလှသည့် ဒုက္ခ ကြောင့် လက်နက်ချ ပြေးရ မလို ဖြစ်နေပြန်တော့သည် ။ ထို့ကြောင့် ဂေါ်ဩဝါဒစရိယ ဆရာမြသွင် အား တိုင်ပင်ရ ပြန်တော့သည် ။ ဆရာ က ထို ပြဿနာ ကို လွယ်လွယ်ပင် 


“ ဟကောင်ရ .. ညံ့လှချည်လား ဟ .. ဒါ ခက်ခက် - နိုးနိုး လိုက် ... လက်ရေး လှတဲ့ အကောင် ရေးခိုင်းပေါ့ .. ဂျို မောင်စိန် ရေးခိုင်းပေါ့ ... ဒီကောင် လက်ရေး တော်တော်လှတဲ့ ကောင်ပဲ ... ” ဟု နည်းညွှန် လမ်းပြ ရာ ကျွန်တော် လည်း ဝမ်းသာအားရ ဆရာ စေသည့် အတိုင်း ဂျိုစိန် ကို ပင် ရေးခိုင်း ရလေပါသည် ။


သို့သော် ဤနေရာ တွင် ဆရာ ညွှန် သည့် အတိုင်း လိုက်နာ ၍ မှားခြင်းကြီး မက မှားကြောင်း ကို ကျွန်တော် နောင်တွင် သိရ လေတော့သည် ။ ဘယ့်ကြောင့် ဆိုသော် “ မင်း ကို မရရင် ဖြင့် မောင် သေလိမ့်မယ် ထင်တယ် ...  နေစိမ့်တဲ့ ခင်ရယ် ။ မင်း ကြောင့် မောင် တော့ သေငယ်ဇော နဲ့ မြောပြီး .. မာလကီးယား ခါ နီးပါပြီကွယ် ... ”   ဆိုတာတွေ ဘာတွေ မဟုတ်က ဟုတ်က တောက်တီးတောက်တဲ့ ဖွဲ့နွဲ့ ရေးသား ပေးပို့သော ဂေါ်လျှောက်လွှာများ ကလေးမ ထဲ တွင် ပိဿာချိန် အတော် ရ လောက်သော အခါတွင် သူငယ်မ ဆီ က ပြန်စာ ရ လာပါသည် ။ သူ့ ဆီ က ပထမ ပြန်စာ မှာ သိပ်တော့ မဆန်းလှပါ ၊ မိန်းကလေးတို့ ၏ မူလကျီသွန်နီ လုပ်နေကျ အတိုင်း ကျွန်မ ဒါတွေ ... စိတ်မကူး တတ်သေးပါဘူး ရှင် ... ဒါတွေ စိတ်ကူးတဲ့ အခါကျတော့ ကျွန်မ ကိုကြီး ကို စဉ်းစားပါ့ မယ်ရှင် တွေ ၊ ဘာတွေပဲ ဖြစ်ပါသည် ။ သူ က ထုံးစံအတိုင်း ဒါတွေ စိတ်မကူးသေးပါ ရှင် ... ဆိုသော်လည်း ဒါတွေပဲ စိတ်ကူး လို့ သာ ဒီ က ဆီ ကို ဒီလို စာ ပြန် တာဖြစ်သည် ကို ဒီကောင် က နောကျေပြီး ဖြစ်၏ ။ ဒီ အချိန်မှာ ဒါတွေ ၊ ဒါတွေ ပို စိတ်ကူးအောင်  ၊ ဒါတွေ ၊ ဒါတွေ နင်း ရေးရမည် ကို လည်း ဒီကောင် က နောကျေပြီး ဖြစ်၏ ။ ထို့ကြောင့် မီးလောင်စ ပြု နေတုန်း လေ တရကြမ်း ပင့် တော့မည် ဟု ဂေါ်ထိုးစစ် ပြင် လိုက်စဉ် အစက မကောင်းခဲ့၍ အနှောင်း မသေချာရ သည့် အမှားကြီး ကို ကျွန်တော် တွေ့ကြုံရ လေတော့သည် ။ ၎င်းမှာ ဘဝ အကြောင်း မကောင်း သမို့ ကံဇာတာ နိမ့်စောင်းပြီး လက်ရေး မကောင်းရသည့် ဒုက္ခ ကို ဂေါ်နည်းပြဆရာ ၏ ညွှန်ကြားချက် အတိုင်း လိုက်နာ ကာ ဂျိုမောင်စိန် ၏ အကူအညီ ကို ယူခဲ့ရာ၌ သင်း က နောက်တီး နောက်တောက်ရယ် လို့ လုပ်ပေး နေခဲ့ရာ က တကယ်ကြီး စွံ လာသော အခါ တွင် ချက်ကောင်း ကိုင်ပြီး ဈေးဆွဲ လာ သောကြောင့်ပင် ဖြစ်ပါတော့သည် ။ 


“ ဟေ့ကောင် ... စာ တစ်စောင် ၅ ကျပ် ရမှ ရေးတော့ မကွာ ... နောင် ကို .. အလကား ရေး မပေးနိုင်တော့ဘူး ” 


ဂျိုစိန် က ဈေး ဆို လေ တော့သည် ။ 


ကျွန်တော် မျက်လုံး ဝိုင်းပြီး ... 


“ အား .. အာ .. ဆရာလေး ရယ် .. ဒီလိုတော့ မလုပ်ပါနဲ့ ဗျာ ”  


“ အို ... မရဘူး .. ငါ့ စာတွေ ကြောင့် မင်း ဟန်လာတာ မဟုတ်လား ၊ အူ ကြောင်ကြောင် မလုပ် နဲ့ ကိုယ့်လူ .. ဒါပဲ .. တစ်ခွန်းဈေး ပဲ ” 


ဂျိုစိန် က ပြတ်ပြတ်ကြီး ဈေး တောင်း လေတော့သည် ။


ကျွန်တော် လည်း ရှားရှားပါးပါး မတော်တဆ ရည်းစားလေး တစ် ယောက် ရ လာခါ မှ ချောက်ကောင် က ခွတိုက် လာသည်ကို စေတနာတွေ အလုံးအရင်း ထား၍ စုံဆယ်ဖြာ နှင့် ချော့မော့ နေရလျက် ... 


“ ဒီလိုတော့ ... မလုပ်ပါနဲ့ အစ်ကိုလေး ရယ် ... ဆင်းရဲသားချင်း မညှဉ်း ချင်ပါနဲ့ဗျာ ... ကျုပ် အကျိုးဆောင် တဲ့ ကျေးဇူးတွေ ကို ဘယ်တော့မှ မမေ့ပါ ဘူး စိတ်ချပါ ” 


“ အိုကွာ ... တစ်ခွန်းဈေး ပဲ ” 

 

“ လျှော့နိုင်ရင် လည်း လျှော့ပါဦး ဆရာလေး ရယ် ... ဒါမျိုး အကျိုးဆောင် ရတာ ကုသိုလ် ရပါတယ် ဆရာလေး ရဲ့ ၊ ဘုရားဟော တောင် ရှိ တယ် မဟုတ်လား ဆရာလေး ရဲ့ ၊ သူများ ကို စေတနာ ထားပြီး အဝတ် လှူ ရင် ကိုယ့်မှာ အဝတ် ပေါ သတဲ့ .. ၊ သူများ ကို စေတနာ ထားပြီး စားစရာ လှူ ရင် ကိုယ့် မှာ စားစရာ ပေါ သတဲ့ ။ ဟော ... ဆရာလေး လည်း စေတနာ ထား ပြီး ရည်းစားစာ တွေ ကို အလှူ အဖြစ် ရေးပေးမယ် ဆိုရင် ဆရာလေး မှာ ပဲ ရည်းစား ပေါ တဲ့ အကျိုး ခံစားရမှာ မုချပဲ မဟုတ်လား .. ၊ ဆရာလေး ရည်းစား မပေါချင်ဘူးလား ဟင် ” 


ကျွန်တော် လည်း ငနဲ ကို တစ်နည်း နဲ့ မရ တစ်နည်း နဲ့ ရ ဟု သဘော ပိုက် ၍ ဘုရား နှင့် ကိုင်ပြီး တရား ပြ ကာ ရည်းစားစာ ရ ရေး အမြိုက်ဆေး တိုက် ကျွေး ၍ ပြီးသော် လည်း ငနဲက မူ ...


“ အိုကွာ ... တစ်ခွန်းဈေး ပဲ ” 


ထိုအဖြစ် အတွက် ကျွန်တော် သည် ကိုယ့် ဘဝကို တော်တော် စိတ် နာ သွားမိပါသည် ။ ကိုယ့် ဘဝ အကျိုးပေး က မကောင်းလေ တော့ သူများ လက် အားကိုး နဲ့ ရည်းစား ထား နေရ၍ ညှဉ်း သမျှ ခံရသည် တကား ဟု တွေး လိုက်တိုင်း ရင်နာ နေမိပါသည် ။ ဤ လှလှသန်း ကိစ္စ တွင် မက ကျွန်တော် သည် ရှေးရှေး က လည်း မိန်းမတွေ တွေ့ကြုံခဲ့ ပိုးခဲ့ လေတိုင်း ဤဒုက္ခ မျိုး ခံခဲ့ရ ပေါင်း လည်း များပါပြီ ။ အခါကောင်း အခွင့်ကောင်းလေး ကြုံ ကာ ကလေးမတို့ နဲ့ ပရောပရိ ငြိတိတိ - ရိတိတိ ဖြစ်လာလို့ “ မင်းကလေး ကို .. ငါ ညားချင်တယ် ” ဟု ချစ်စာ ပါး တော့မည် ကြံ လိုက်တိုင်း ဤ လက်ရေး ဒုက္ခကြီး သည် ပြုံးဖြီးဖြီး နှင့် ဝင် လာတတ်ပေါင်း လည်း များပါပြီ ။ ထို့ကြောင့် လည်း ဤ အခက် သည် တစ်သက်လုံး ခက် လာခဲ့သော အခက် ဟု ကျွန်တော် ဆိုခဲ့ခြင်း ဖြစ်ပါသည် ။ ဒီ အခက် ကြောင့် ပင် ငါ တော့ တစ်သက်လုံး မိန်းမ ရတော့မည် မဟုတ် ဟု ပင် အားလျှော့ ခဲ့မိပါသည် ။ ဤသည်သော သတ္တ လောကကြီး တွင် ကျွန်တော် ကဲ့သို့ လက်ရေး မလှ ၍ မိန်းမရ ဘဲ ဂေါ် တိုးလို့တန်းလန်း ဖြစ် နေသော သတ္တဝါဝေနေယျ အများအပြား ပင် ရှိနေလိမ့် မည် ဟု ကိုယ်ချင်းစာတရား ထား မိပါသည် ။


ဤ လက်ရေး ဒုက္ခ ကို ခံခဲ့ရပေါင်း များပြီ ။ ဒါ ဝဋ် တစ်မျိုးလား ဟု ပင် ကျွန်တော် ထင်မြင်မိပါသည် ။ ကျွန်တော် ၏ မွေးဇာတာ တွင် ဘယ်ဂြိုဟ် နဲ့ ဘယ်ဂြိုဟ် ယှဉ်ပြီး ဘယ်ဂြိုဟ် က ဝင် ဆော်သွား လို့ ဒီကောင် လက်ရေး ဆိုးပြီး တစ်သက်လုံး ဒုက္ခ ရောက်မယ် ဟု ဟောကိန်း ပါ မပါ ကား ကျွန်တော် မသိ ၊ တွေ့လေ သမျှ ကြုံလေ သမျှ ကိစ္စများ၌ ဤ အခက်သည် အမြဲပင် ဝင် ခက်နေ တတ်ပါသည် ။ ကျွန်တော် ဝါသနာ ပါလာသည် ကား စာပေလုပ်ငန်း ၊ ဤ စာပေလုပ်ငန်း ၌ ကျွန်တော် ၏ အကြီးဆုံးသော အနှောင့်အယှက်ကြီး မှာ လည်း ဒီလက်ရေး ညံ့ဖျင်းမှု ဒုက္ခကြီး ပင် ဖြစ်နေ ပါတော့သည် ။ မိန်းမ ပိုး လိုက် မဟဲ့ ဟု ကြံ လိုက်တိုင်း ဤ လက်ရေး ဒုက္ခကြီး ဝင် ဝင် လာ တတ်ပါသည် ။ နောက်ပြီး ကျွန်တော် ဝမ်းရေး ကျောင်းရသော အလုပ် မှာ လည်း လက် နှင့် ရေး နိုင်မှ ထမင်း စားရသော သတင်းစာ လုပ်ငန်း ထို့ကြောင့်ပင် ကျွန်တော့် ဇာတာ တွင် လက်ရေး မကောင်း လို့ တစ်သက်လုံး ဒုက္ခ ရောက်ရန် ဂြိုဟ်ထူး ဂြိုဟ်ဆန်းတွေ နောင်ဂျိန် ချ နေသလော ဟု ထင်ခဲ့မိခြင်း ဖြစ်ပါသည် ။


လှလှသန်း နှင့် တူနှစ်ကိုယ် ပေါင်းဖော်ရေး ကိစ္စ ၌ လက်ရေး ဒုက္ခ ကြောင့် ချစ် မအီမလည်ကြီး ဖြစ်နေစဉ် အချိန်တွင် ပင် ကျွန်တော် သတင်းထောက် လုပ် နေသော အိုးဝေတိုက် ၌ လည်း  ဦးညိုမြ က ...  


“ ဟေ့ကောင် .. မင်း ကို ငါ တစ်ခု မေးချင်တယ် ” 


“ ဟုတ်ကဲ့ မေးပါ ဆရာ ... ဘယ် သတင်းကိစ္စ မရှင်းလို့လဲ ခင်ဗျ ” 


“ အေး .. မင်း ရေးသမျှ ဘယ်သတင်းမှ ... ရှင်းတယ် မရှိဘူး ... ငါ မေးချင်တာက ... မင်း ဟာ ဘယ်သူ့ အားကိုး နဲ့ ဒီလောက်တောင် လက်ရေး ဆိုးနေ ရတာလဲ လို့ ” 


“ အာ ဆရာ ... ကျွန်တော် ကြိုးစားပြီး ရေးပါတယ် ဆရာ ရယ် ”  


“ အေး .. မင်း က ကြိုးစား ရေး နေ ... စာစီသမားတွေ က လည်း ဆူပူလှပြီ .. ။ မင်း လက်ရေး ကြောက်လွန်း လို့ ငါ တော့ သတင်းစာလုပ်ငန်း ကို တောင် စွန့်လိုက်ချင်ပြီ ... မင်း လက်ရေး ကြောင့် စာစီသမားတွေ ရဲ့ ကျန်းမာရေး ကို တောင် ထိခိုက်ကုန် တော့မယ် ... ” ဟု ဦးညိုမြ က သူ့ထုံးစံ အတိုင်း တစ်နာရီ ၂ ဖာလုံနှုန်း ဖြင့် တစ်လုံးချင်း လေးလေးကြီး ပြောဆိုပြီး ကြိမ်းဝါး လေ ရာ ကျွန်တော့် မှာ ကိုယ့် ဒုက္ခ နှင့် ကိုယ် မို့ မှိုင်တွေချ၍ သာ နေရပေ တော့သည် ။ ဤသို့ ကြိမ်းဝါး ခံရပေါင်း များ လှပြီ ဖြစ်၍ ကျွန်တော့် အဖို့ ကြား နေကျ တီးလုံးသွားလေး နားထောင် နေ သလို တယ် မထူး သော်လည်း ယနေ့ ဦးညိုမြ သည် အတော်ကြီး ဒေါသ ထွက် နေပုံ ရ၍ ကျွန်တော် က သနားစရာ သတ္တဝါလေး ဖြစ်အောင် ပို မှိုင်ပြ နေရ လေတော့သည် ။ ဦးညိုမြ က ပင် ...  


“ ဟေ့ကောင် ... ဒီဟာ ကြည့်စမ်း မင်း လုပ်ပုံ ကောင်းသေးရဲ့လားလို့ ... ငါ တော့ သေချင်တာပါပဲ ကွာ ” 


ယနေ့ ထုတ် အိုးဝေ သတင်းစာ ကို ဆောင့်ကြီးအောင့်ကြီး ထိုး ပေးရာ ကျွန်တော် လည်း ဘယ် ရာဇဝတ်အိုးများ ငါ တုတ် ထိုး မိပြန်သလဲ ဟု ထိတ်လန့်တကြီး ဆွဲကြည့် မိတော့၏ ။ သတင်းစာ တစ်နေရာ တွင် ကျွန်တော် ရေး သော သတင်း တစ်ခု ကို မင်နီ အထပ်ထပ် ခြစ်ပြ ထားသည် ကို တွေ့ရပြီး ကျွန်တော့် လက်ရေးမူ ကို လည်း ပူးတွဲ ပြထားသည် ကို တွေ့ရလေပါသည် ။ ဘယ် သတင်းများ မှားပြန်ပါလိမ့် ဟု ကျွန်တော် ဖတ်ရှု လိုက်ရာ အား ရှောက်ကျိုး နည်းကုန်ပါပကော ၊ ဝန်ကြီးချုပ် နဲ့ ပတ်သက်တဲ့ သတင်းပါ ကလား ...  ကျွန်တော် ဇောချွေးများ ပင် ပြန် မိပါတော့သည် ။


ထို သတင်း မှာ ဗမာပြည် လာ ကစားသော ဆွီဒင် ဘောလုံးအသင်း နှင့် မြန်မာလက်ရွေးစင်အသင်း တို့ နောက်ဆုံးနေ့ ဘောလုံးကစား သော သတင်း ပင် ဖြစ်ပါသည် ။ ထိုနေ့ က ဝန်ကြီးချုပ် ကိုယ်တိုင် လာ၍ ရှုစားပြီး ဘောလုံးပွဲ အပြီး တွင် ဝန်ကြီးချုပ်ဦးနု ထိုစဉ်က ( သခင်နု ) က ဆွီဒင်ဘောလုံး အသင်းသားများ အား လက်ဆောင် အဖြစ် ပုသိမ်ထီး တစ်လက်စီ ပေးပါ သည် ။ ထိုသည် ကို ကျွန်တော် က သတင်း ရေးသားလိုက်ရာ တွင် သတင်းစာ ၌ ပါလာသည် ကား ပုသိမ်ထီး အစား “ ဝန်ကြီးချုပ် သခင်နု က ဆွီဒင်ဘောလုံး သမားများ အား ပုသိမ်ဓား တစ်လက် စီ လက်ဆောင် ပေးကြောင်း ဖြင့် တွေ့ရခြင်းပင် ဖြစ်ပါတော့သည် ။


ဒုက္ခပါပဲ ဗျာ ။ စင်စစ် ကျွန်တော် သည် သတင်းမှန် အတိုင်း ထီး ပေး သည် ဟု ရေး လိုက်ရိုးအမှန်ပါ  ။ သို့သော် သတင်းစာ ပုံနှိပ် ပြီးသော အခါ ၌ ထီး ဘဝ မှ ဓား အဖြစ် သို့ ရောက်သွား ခြင်းမှာ တရားခံ ကို ရှာသော် လက်ရေး လက်ရေး ကျွန်တော့် ကို တစ်သက်လုံး ဂြိုဟ်မွှေ နေသော သေချင်းဆိုး လက်ရေး ကြောင့်ပင် ဖြစ်ကြောင်း ကို ကျွန်တော့် ကော်ပီမူ က ပင် ၍ ဖြောင့်ချက် ပေး နေ လေတော့သည် ။ သို့သော် ကျွန်တော် က ...


“ အာ ဆရာ .. ဒီကိစ္စ ဟာ .. ကျွန်တော် လက်ရေး မရှင်းတာ တော့ မှန်ပါတယ် ...  ဒါပေသိ စာပြင်ဆရာ က .. မရှင်းတာ ကို မမေးဘဲ ... စွပ် ထည့် လိုက်လို့ မှားတာပဲ ဆရာ ရဲ့ ”  


အမှု သက်သာအောင် လျှောက်ပါ သေးသည် ။ သို့သော် ဦးညိုမြ က ..


“ မုန်လာဥ လုပ်မနေပါနဲ့ ကိုယ့်လူ ရယ် ... တော်ပါတော့ .. ၊ ငါ တော့ သေချင်တာပါပဲ ”   

( ချူသံ ပါအောင် ညည်းညူပြီး ) 


“ အေး .. မင်း လုပ်လို့ ငါ ကနေ့ သွားလေရာ မှာ လူ ဝိုင်းရယ် ခံနေရတယ် ... ၊ လူတွေ က သတင်းစာ ကို ဖတ်ပြီး ဟားတိုက် နေတာတွေ ကို လည်း တွေ့ရတယ် .. ကြာရင် မင်း ကြောင့် ငါတို့ သတင်းစာ တော့ လူပြက် သတင်းစာ ဖြစ်တော့မယ် ” 


ဟု ဝမ်းနည်းပန်းနည်း သံ ဖြင့် ပြောဆိုလေပါသည် ။ ပြောတော့ ဆရာ..ပြောတော့ ၊ ကျွန်တော့် ဘဝအ ကျိုးပေး က မှ မကောင်း သကိုး ။ ကျွန်တော့် လက်ရေး ကြောင့် သတင်းစာ တွင် မှား ရသော အမှားတွေ မှာ ရေပင် မရေတွက်နိုင်ပါပြီ ။


တစ်ကြိမ်တွင် လည်း မယ်ရွေးပွဲ သတင်း ကို ကျွန်တော် ရေးပေးပါ သည် ။ ကျွန်တော် က “ ဤ မယ်ရွေးပွဲကြီး ၌ မယ်လောင်းပေါင်း ၂၉ ဦး ယှဉ်ပြိုင်ရာ မယ်ဗမာဘွဲ့ကြီး ကို မ ×× က ဆွတ်ခူး သွားကြောင်း ” ဟု ရေးသည် ကို နောက် တစ်နေ့ ပါလာသည် ကား “ မယ်လောင်းပေါင်း ၂၉ ဦး ယှဉ်ပြိုင်ရာ မယ်ဗလာ ဘွဲ့ထူးကြီး ကို မ xx က ဆွတ်ခူးသွားကြောင်း ” ဟု ပါ ရှိ ၍ မယ်မိဘ တို့ အုံကြွ ဒေါသူပုန် ထခြင်းကို ခံရပါသေးသည် ။ ဤ အမှား ကို ကျွန်တော် က မခံမရပ် နိုင် ဘဲ အမှား ပေါ် တိုင်း ကျွန်တော့် လက်ရေး လွှဲချ တတ်သော စာပြင်ဆရာ အား ... 


“ ဟေ့လူ .. ဒါ ခင်ဗျား မှားတာပဲ ၊ မယ်ဗမာပြိုင်ပွဲ ပါ လို့ ဆိုထားတာ ကို ...  မယ်ဗလာ ဖြစ်နေတာတော့ ...  ၊ သိသာကြီး နဲ့ တမင် လုပ်လိုက်တာပဲ ... ဒါ ခင်ဗျား အပြစ်ပဲ ” 


ဟု နိုင်ပေါက် စီး၍ ကြိမ်း ပါသည် ။ ဤတွင် စာပြင်ဆရာ က ...


“ ဘာ ကျုပ် မှားရမလဲဗျ ၊ ခင်ဗျား လက်ရေး ကို က မရှင်းတာ ၊ မယ်ဗမာ ကို မယ်ဗလာ လို့ တမင် နောက်ပြီး နောက်တောက် ရေးတယ် ထင် လို့ မယ်ဗလာ လိုက်တာပဲ ။ ဒီလို မှားပေတဲ့ ဗျာ .. တကယ် ဆိုတော့ ။ မှားတာ ကို က မှန်တန်တန် ဖြစ်နေသားပဲဗျ ” 


သူ ချေပချက် အရ အင်း .. ဒါလည်း ဟုတ်တုတ်တုတ်ပေပ ၊ ထို ကိစ္စ ကား ဦးညိုမြ မသိလိုက်၍ အကြိမ်း လွတ်ကာ တော်ပါသေးသည် ။ တစ်ကြိမ်တွင် မှားသွားသော စာများ ကား အမှားကောင်း ဟု ဆိုလောက်သော အမှား ဖြစ်ပါသည် ။ ထိုစဉ်က အင်းစိန်တိုက်ပွဲ ဖြစ်လျက် ရှိပါသည် ။ တိုက်ပွဲ သို့ သွားရောက် သတင်းထောက် ကြရာ တွင် ကျွန်တော် လည်း ပါခဲ့ပါ သည် ။ တိုက်ပွဲ နေ့ တစ်နေ့ တွင် ကျွန်တော် သည် ထိုးစစ် ဆင်သော တပ်မတော် မှ တပ်စုတစ်စု နှင့် လိုက် သွားပြီး ကိုယ်တွေ့ ရှေ့တန်းစစ်မျက်နှာ တိုက်ပွဲ သတင်း ကို ရေးပါသည် ။ ထို ရှေ့တန်းတိုက်ပွဲ သို့ ဗိုလ်မှူးချုပ် ကျော်ဇော နှင့် ဗိုလ်မှူးကြည်မောင် တို့ ကိုယ်တိုင် ကြည့်ရှု ကွပ်ကဲပေးပုံ ၊ အကြိတ်အနယ် တိုက်ပုံ ၊ လေယာဉ် မှ ဗုံးကြဲပုံ ၊ ကေအင်ဒီအို တို့ လှုပ်ရှား ပြေးလွှားပုံများ ကို အသေးစိတ် ၍ အကျယ်တဝင့် ရေးသားပါ သည် ။ ၎င်း အပြင် ကျွန်တော့် အနီး မှ ရဲဘော် တစ်ဦး အီးဝိုင် သေနတ် နှင့် ပစ်ခတ်ရာ ၌ တွေ့ကြုံရပုံများ ကို ပါ ရေးပါသည် ။ အီးဝိုင် ဆိုသည်မှာ ရိုင်ဖယ်သေနတ် ထိပ် ၌ လက်ပစ်ဗုံး ထည့်၍ ပစ်၍ရသော လက်နက် ကိရိယာ ပင် ဖြစ်ပါသည် ။ ထိုသည် ကို ကျွန်တော် က “ ရဲဘော် သည် တွား၍ ရှေ့တက် သွားပြီး အီးဝိုင် ဖြင့် ပ စ်လိုက်ရာ ကေအင်ဒီအိုများ ချုံတစ်ခု အတွင်း ၌ အတုံးအရုံး ကျဆုံးကြသည် ကို တွေ့မြင်ရကြောင်း ” ဖြင့် သတင်း တစ်နေရာ တွင် ရေးထည့် ပါသည် ။ နောက်တစ်နေ့ သတင်းစာ တွင် တွေ့ရသည် ကား ရဲဘော် က တွား ၍ တက်ပြီး စည်ပိုင်း နှင့် ပစ်လိုက်ရာ ကေအင်ဒီအိုများ အတုံးအရုံး ကျဆုံး ကုန်ကြောင်း ဖြင့် ပါလာလေ သတည်း ။ ဤ အမှားကား အမှားကောင်း ဟု ဆိုမည်လည်း ဆိုလောက်ပါ ပေသည် ။ ဘယ့်ကြောင့် ဆိုသော် ရဲဘော် ၏ စွန့်စားခန်း မှာ အီးဝိုင် ထက် စည်ပိုင်း နှင့် ကောက် ပေါက်သည် က ပို ကြီးကျယ် သွား၍ ပင် ဖြစ်ပေသည် ။ သတင်းစာ ဖတ်သူများ ထံ မှ ထို သတင်း အတွက် “ တယ် .. သတ္တိ ကောင်းတဲ့ ရဲဘော် ပဲ ”  ဟု ချီးကျူးသည် ကို ပင် ကြားခဲ့ရပါသည် ။


အမှန်ဆိုသော် ကျွန်တော့် လက်ရေး ကို ယိုးမယ်ဖွဲ့ ၍ ပြောနေကြသော် လည်း အိုးဝေတိုက် မှ စာပြင်ဆရာများ မှာ စာ မှားသည့် ဘက် ၌ ရွှေတံဆိပ် ပေး လောက်အောင် တော်သူများ ဖြစ်ပါသည် ။ စာမှား လွန်း ၍ ဦးညိုမြ က စာတစ်လုံး မှား ‘ တစ်ပဲ ’ ဒဏ်ချမည် အမိန့်ထုတ် ရာ ၊ စာပြင်ဆရာများ မှာ စာရင်း ရှင်းသော အခါ၌ ရသည့် လစာ ပြုတ်သည့် ပြင် အိတ် က လိုက်စိုက်ရ သည့် အထိပင် တော်ကြပါ ပေသည် ။ မှားမယ့် သာ မှားရသည် ။ ညည စာပြင် ဆရာများ အော်ဟစ် ရွက်ဖတ် ၍ စာပြင်ကြသည် မှာ ဘုန်းကြီးကျောင်း စာအံ သည့် ပမာ သောသောညံ တတ်ပါသည် ။ သို့သော် နောက် တစ်နေ့ သတင်းစာ ၌ မှားလိုက်သည်မှာ သွက်သွက် ကို လည်ရော ဗျာ ... ။


အင်းစိန်တိုက်ပွဲ သတင်း နှင့် ပတ်သက်၍ သတင်းထောက် က စစ်ဗိုလ် တစ်ဦး ၏ ခေါင်း သေနတ်မှန်သည် ကို “ ကေအင်ဒီအို တို့ ပစ် လိုက်သော ကျည်ဆန် တစ်ခုမှာ ဗိုလ်xx ၏ သံခမောက် ကို ထိမှန်၍ သံခမောက် ကွဲ သွားပြီး ဆံပင်များ ပြတ် ကာ ခေါင်း မှ သွေးများ ထွက် လာကြောင်း ” ဟု ရေးသား လိုက်၏  ။ သို့သော် သတင်းစာ ၌ ပါလာသည် ကား “ ဗိုလ်xx ၏ သံခမောက် ကို ထိမှန်၍ သံခမောက် ကွဲသွားပြီး ဆံပင်များ ပြတ်ကာ ခေါင်း မှ သွားများ ထွက်လာကြောင်း ” ဟု ဖြစ်နေ လေတော့သည် ။


အမှန်ဆိုသော် သတင်းစာသမား တို့ ၏ ဒုက္ခ ကို သတင်းစာသမားများ သာ သိကြပါလိမ့်မည် ။ လုပ်ငန်း မှာ ဖုတ်ပူမီးတိုက် လုပ်ငန်း ဖြစ်ပြီး ယနေ့ ဖြစ်ပျက်သော သတင်းများ ကို နက်ဖြန်အမီ ရေးသား ထုတ်ဝေနိုင်ရန် အချိန် လု ၍ ကသောကမျော လုပ်ကြရ လေရာ အဘယ်မှာ လျှင် လုံးစေ့ပတ်စေ့ မှန်နိုင် ကြပါမည်နည်း ။ အနည်း နှင့် အများ မှားကြသည်ချည်း ဖြစ်သည် ။ သို့သော် ကျွန်တော် လုပ်နေ၍လော မသိ အမှားဆုံးကား နံပါတ်ဝမ်းတစ် ဂဏန်း တစ် အိုးဝေ ပါ ပဲ ။ တစ်ကြိမ် တွင် အသက်ကြီး မှ မိန်းမ ယူသော ဂုဏ်သရေ ရှိ ပုဂ္ဂိုလ်ကြီး တစ်ဦး သည် သားဦးရတနာကလေး မွေးဖွားသည် ကို အားရဝမ်းသာ ကြော်ငြာ လာ ထည့်၏ ။ သို့သော် သတင်းစာ က လုပ်လိုက်၍ သူ ၏ အားရဝမ်းသာ ကိစ္စ မှာ ဒေါသအမျက် ချောင်းချောင်း ထွက် စရာ ကိစ္စ ဖြစ်သွား ရ လေတော့သည် ။ ဘယ့်ကြောင့်ဆိုသော် သူ ရေးသော ကြော်ငြာ တွင် “ သားဦး ရတနာ မွေးဖွားပါကြောင်း ” ဟု ပါရှိရမည့် အစား “ သားဆိုး ရတနာ မွေးဖွားပါကြောင်း ” ဟု ပါရှိ သွား၍ ဖြစ်လေသည် ။ ထို ပုဂ္ဂိုလ်ကြီး သည် ရှူးရှူးရှဲရှဲ နှင့် တိုက်သို့ လာ၍ “ ခင်ဗျားတို့ သိပ် ရက်စက်တယ် ၊ သိပ် ရက်စက်တယ် ” ဟု တတွတ်တွတ် အော်မြည် နေပါ တော့သည် ။


အိုးဝေတိုက် တွင် ပုလိပ်မင်းကြီး သတင်း တစ်ခု ရေးထည့်ရာ ၌ ( ပု ) မပါလာသည့် အပြင် “ လိမ်မင်းကြီး ” ဟု ဖြစ်နေ၍ ရဲမင်းကြီး ခမျာ ခိုးလိုးခုလု ဖြစ်ကာ တယ်လီဖုန်း ဖြင့် ကြေကွဲ ဝမ်းနည်းသော စကား ပြောသည် ကို ကျွန်တော် ခံခဲ့ရဖူးပြီ ... 


အမှားများ ကား ပြော မဆုံးပေါင် တော သုံးတောင် ပင် တည်း ။ တစ်ည တွင် နောက်ဆုံး သတင်းစာ စာဖောင် ကို စက် တင်ရာ တွင် စာ အချို့ ပြိုကျသွား ၏ ။ သတင်းစာ ထွက်ရန် အချိန် က လည်း နည်း နေ၍ ကမန်းကတန်း ပြန်ပြီး စီ ထည့်ရာ တွင် ဒေါသအိုး တုတ်ထိုး မိသော ကြော်ငြာ အမှား တစ်ခု ကြောင့် နောက် တစ်နေ့၌ တစ်တိုက်လုံး ပွက်ပွက်ရိုက် သွား ခဲ့လေသည် ။ ထို အမှား ၏ ကြီးမားပုံကား အမျိုးသမီး တစ်ဦး က သူ သာလျှင် မယားကြီး ဖြစ်ကြောင်း ကြော်ငြာရာ တွင် စာစီ မှား ကာ မယားငယ် အဖြစ် ကြော်ငြာရာ ရောက် နေ၍ ပင် ဖြစ်ပါတော့သည် ။


မတော်တဆ မှားယွင်းမှုများ အပြင် နောက်တီး နောက်တောက် လုပ်ရာက ချောက်ကျရ သည့် အဖြစ်များ လည်း ရှိပါသည် ။ တစ်ကြိမ် တွင် မင်းဆွေ မင်းမျိုး နှစ်ဦးဘက် လက်ထပ်ကြ၏ ။ နှစ်ဖက် မိဘဆွေမျိုးများ ဂုဏ် တင်ကာ စုံအလင်ကြော်ငြာ ထည့်ရာတွင် ထိပ်တင် တွေ ၊ ထိပ်စု တွေ တော်ဘုရား တွေ တခမ်းတနား ရှည်လျားစွာ ပါရှိ၏ ။ ထို ကြော်ငြာစာ ကို မစီ မီ တစ်ယောက် က ဖက်ကြည့်ပြီး နောက်တောက်တောက် လုပ်၍ ထိပ်တင် တွေ ထိပ်စု တွေ အကြား ၌ “ အစ်ကိုကြီး ဦးပေါတာ ” ဟု ရေးထည့် လိုက်၏ ။ သို့ နောက်ရာ က အမှတ်တမဲ့ နှင့် ပြန် မဖျက်မိဘဲ သတင်းစာ တွင် ပါလာ ရာ “ ဟယ် ... ငါတို့ မင်းမျိုး ထဲ ဒီ ပေါတာ ဆိုတာ မရှိပါဘူး ဘယ် က ခွေးမျိုးလဲ ” ဟု တိုက် လာပြီး ယမ်းပုံမီးကျ လေတော့ သတည်း ။


သတင်းစာများ ၏ မှားတော်ပုံဆန်းများ ကို ရေးရလျှင် မဆုံးနိုင်ပါပြီ ။ ကျွန်တော် ဖော်ပြပါ သာဓကများ အရ သတင်းစာ ၌ ပါသော အမှားများ မှာ အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်သည်မှာ ထင်ရှား လေပါသည် ။ သို့ကလို အကြောင်း အမျိုးမျိုး တွေ ကြောင့် မှားသည် ဖြစ်သော်လည်း ဒီ ငနဲ လက်ရေး မကောင်း လို့ ဟု ကျွန်တော့် သတင်း နှင့် ပတ်သက်လာတိုင်း ပုံပုံချခြင်း ကို ခံခဲ့ရရာ ၊ ကြာသော် ကျွန်တော် သည် ကိုယ့် ဘဝ ကို ပင် စိတ် နာတာတာ ဖြစ်လာ မိ ပါတော့သည် ။ မနာ လျှင် အဘယ်မှာ ခံနိုင်ချိမ့် မည်နည်း ။ ဒီ လက်ရေး ဒီ လက်ရေး ကြောင့်ပင် ကျွန်တော့် မှာ ချစ်ရေးဆိုမှု မှာ လည်း ဒုက္ခ ဝမ်းရေးလုပ်မှု မှာ လည်း ဒုက္ခ ဖြစ်ပြီး ဆင့်ကာ ဆင့်ကာ ထောင်းထု ခံနေရလေ ရာ အဘယ်မှာ မနာဘဲ နေနိုင်ချိမ့်မည်နည်း ။ လူ့ဘဝ ဇာတ်လမ်းများ တွင် အနှောင့်အယှက် အဖြစ် ဗီလိန် ခေါ် လူကြမ်း သည် ပါလာတတ်မြဲ ဖြစ်၏ ။ ကျွန်တော့် ဘဝ ဇာတ်လမ်း တွင် ကား ဗီလိန်မှာ လူ မဟုတ်ဘဲ ကိုယ် ၏ လက်ရေး ဖြစ်နေပေရာ အကြောင်းကံ ဖန်ပုံ ထူး သမို့ တွေးလိုက်တိုင်း ရူး ချင် ပါတော့သည် ။


ဤသို့လျှင် ဒီ လက်ရေး ဒုက္ခကြီး ကြောင့် ချစ်ရေး မှာ လည်း မအီ မလည် ၊ ဝမ်းရေး မှာ လည်း ကသိကအောက် တွေ ဖြစ်နေစဉ် အတွင်း တစ်သက် မမေ့နိုင် လောက်အောင် တွေး လိုက်တိုင်း မျက်ရည်ဖြာစရာ အဖြစ် တစ်ခု ကြုံတွေ့ရ ပြန်ပါသေးသည် ။ ၎င်း မှာ ကျွန်တော် ရန်ကုန်မြို့ အိုးဝေတိုက် ၌ သတင်းထောက် ဖြစ်ကာ လူတွင်ကျယ် လုပ်နေပုံ အကြောင်းစုံ ကို “ အမေ ဝမ်းသာဖို့ အားရပါးရ ပုသိမ်နယ် တောရပ် မှ အမေ့ ထံ စာ ရေးလိုက် ပါသည် ။ သို့သော် ထို စာ အတွက် ကျွန်တော် မချိစရာ နောက် မှ သိရသည် ကား ကျွန်တော် ရေး လိုက်သော စာ မှာ လက်ရေး ဆိုးလွန်း၍ အမေ့ မှာ သေသည့်တိုင် ထို စာ ၏ အဓိပ္ပာယ် ကို သိမသွားရ ရှာချေတကား ။


အမေ သည် သား ထံ မှ စာ ရလျှင် အားရဝမ်းသာ ဖွင့် ဖောက်၍ ဖတ်သည် ဆို၏ ။ သို့သော် အမေ သည် စာများ ကို ကား မတွေ့ ၊ စက္ကူဖြူ ဖြူ တွင် ကြက်ယက် ထား သလို ရှုပ်ထွေးသော ခြစ်ရာကုတ်ရာများ ကို သာ တွေ့ရလေရာ “ ဟဲ့ ... ကြည့်ကြစမ်းပါဦး ... ငါ့ သား ရေးလိုက်တာ ... အင်္ဂလိပ်စာတွေ လား ၊ ကု,လားစာတွေ လား ” ဟု မေးသော ဟူ၏ ။ ဤတွင် ဘေး ပတ်ဝန်းကျင် မှ လူများ လည်း ခေါင်းချင်းရိုက် ကုန် ကြသည်ဆို၏ ။ အဆုံး ၌ ဘယ်သူမျှ အဖြေ မပေးနိုင်၍ ထို စာ ကို ရွာဦးကျောင်း မှ သံကြိုးစာ လာ လျှင် ဖတ်ဖတ် ပေး တတ်သော ကိုယ်တော်လေး ထံ အပ်ရတော့သည် ဆို၏ ၊ ကိုယ်တော်လေး က ကြည့်ရှု သုံးသပ်ပြီး ..  


“ ဟဲ့ ... ဒါ ဗမာ လို ရေးလိုက်တာ ဟဲ့ ”

 

ဤသို့ ကိုယ်တော်လေး က ဗမာစာ ဖြစ်ကြောင်း အဆုံးအဖြတ် ပေးနိုင် သော်လည်း ဗမာလို ဘာတွေ ရေးထားသည် ကို မူ ကိုယ်တော်လေး သည် အဓိပ္ပာယ် မသိ ဖြစ်နေ ပြန်၏ ။ ဤတွင် ထို စာ မှာ ရွာ တွင် ပဟေဠိစာ ဖြစ်နေ လေတော့သည် ။ အမေ လည်း သား ၏ စာ ပါ အကြောင်းများ ကို မသိ၍ ပင် ခေါင်းအုံး အောက် ၌ တရိုတသေ သိမ်းထားကာ သား ကို လွမ်းတိုင်း ထုတ် ကြည့်နေရှာတော့သည် ။ 


“ ငါ့ သား ဘာတွေ ရေးနေမှန်း မသိတာပဲ ... ခပ်ကောင်းကောင်း ... ငါ့ သား ဘာတွေ ရေးထားပါလိမ့် ...  တွေးကြည့် နေရတာကို က ... ..တယ် အရသာရှိသဟဲ့ ”  ဟု အမေ က ပဟေဠိစာ ကို ကြည့် ကာ အရသာ ယူပြီး လွမ်းစိတ် ဖြေနေ ပေတော့သည် ။ “ ငါ့သား က .. သူ့ မိန်းမ ရပြီလို့များ ရေးလိုက်သလားပဲ နော် ... ရန်ကုန် ဆိုတော့ ခပ်ရှုပ်ရှုပ်တွေ များ  ... ငါ့ သား တော်၏ ရော်၏ တွေ နဲ့ များ ညားနေမလား ဟယ် ” ဟု အမေ က စာ ကို ကြည့် ကာ သား အတွက် သောကတွေ ပို မိ ပြန်သေးသည် ။ သူပုန်သူကန် အရေးများ ကြောင့် ကျွန်တော့် အမေ နှင့် ကျွန်တော် မှာ ထို စာ ပေးပြီး အဆက်ပြတ် နေရာ နောင်တွင် အမေ သည် ထို စာ ကို ပိုက်ပြီး သား ကို တ ရင်း ပင် ဘဝ ကို စွန့်ခွာ သွားရှာပြီ ဟု သိရသောအခါ ကျွန်တော့် မှာ တစ်သက် တွင် မမေ့နိုင် လောက် အောင် ဒါတွေကို တွေးလိုက်မိတိုင်း မချိတရိ ဖြစ်ပြီး မျက်ရည် ဖြာဖြာ ကျမိပါ တော့သည် ။


( အပိုင်း - ၃ ) ဆက်ရန် 


◾သာဂဒိုး


📖 မြဝတီ မဂ္ဂဇင်း

      ၁၉၅၃ ခုနှစ် ၊ မေလ 


#ကိုအောင်နိုင်ဦး


.

Saturday, September 16, 2023

ကယ်နိုင်လျှင် ကယ်ကြပါ ( ၁ )


 

❝ ကယ်နိုင်လျှင် ကယ်ကြပါ ❞

ကျွန်တော့် ဒုက္ခ ပြဿနာကြီး အတွက် အကြံပေး ကူညီနိုင်သော ပုဂ္ဂိုလ် ကို ‘ ဆုငွေ တစ်ထောင် သို့မဟုတ် အဖျင်းဆုံး ‘ ဆုငွေ ငါးရာ ’ ဖြစ်ဖြစ် ၊ ဉာဏ်ပူဇော်ရန် ကျွန်တော် ရည်ရွယ် ထားပါသည် ။ ဒါကြောင့် ပြည်ထောင်စု နိုင်ငံတော် သူ နိုင်ငံတော် သား အပေါင်းတို့ အား ဤ “ ကယ်နိုင် လျှင် သူ ကယ်ကြပါ ” ဝတ္ထု ဖြင့် ကျွန်တော့် ကို ကယ်နိုင်လျှင် ကယ်ကြပါ ဟု ခြေရာ လက်ရော စုံအဖြာ နှစ်ဆယ် လက်အုပ်မိုး တဲ့ ပြီး ရှိခိုး လို့ တောင်းပန်ချင်ပါ သည် ။

“ ဆုငွေတစ်ထောင် ဉာဏ်ပူဇော် ရလောက်အောင် ... မင်း ပြဿနာက ဘယ်လောက်များ ကြီးကျယ်လို့လဲ ...” ဟု စာရှုသူ တို့ စိတ် ထဲ မေးချင် ကောင်း မေးချင် ကြ ပါလိမ့်မည် ။ ဒါကို အမ ရို့ - အစ်ကို ရို့ အရေလည်၍ အပတ်စေ့ တော့ သိကြပါလိမ့်မယ် ဟု ကျွန်တော် တိုတိုပဲ ဖြေချင်ပါသည် ။ သာကဒိုး သည် အများပြည်သူ လူထု အား တတ်စွမ်းသမျှ ဟာသဝတ္ထုများ ရေးသား ၍ ဖျော်ဖြေ နေရာ “ ဒီကောင် တော်တော် ပျော်တတ်တဲ့ ကောင် နဲ့ တူရဲ့ ... ” ဟု အများလူထု က ထင်ကောင်း ထင်ပါလိမ့်မည် ။ ဒါကို သာကဒိုး က “ အရပ်ကတို့ ရေ .. ထင်သာ ထင် မဝင်ဘူး ကျောင်းအစ်မ ဖြစ်နေပါတယ် ခင်ဗျ ...” ဟု ပဲ ဟစ်လို့သာ ဖြေချင်ပါ တော့သည် ။ ဒါနဲ့ စကားမစပ် ကြားဖြတ် ၍ ဒီ ထင် သာ ထင် မ၀င်ဘူး ကျောင်းအစ်မ ဆိုတဲ့ မြန်မာစကားပုံ ဟာ ဘယ်လိုက ဘယ်လို ပေါ်လာတာလဲ ခင်ဗျာ ၊ ကြားရ ကြားရ နားဝ မှာ တယ် ခွကျတဲ့ စကားပုံပဲ ၊ ဒီ စကားပုံ ကို ပါလီမန် ထဲ ဘယ်ထဲ မှာ တောင် အရေးတယူ သုံးစွဲ ပြောဆို နေကြလို့ သာ သာကဒိုး သုံး လိုက်ရတယ် ... တွေးမိတိုင်း ကြက်သီး ထ စရာကြီးဗျ နော် ..”

အမျိုးသား နဲ့ အမျိုးသမီး မျက်နှာချင်း ဆိုင်ပြီး ဒီ စကား သုံးရာမှာ အားနာစရာကြီး ။ သို့သော် ထားပါတော့ ... သာကဒိုး မှာ တော့ ထင်သာ ထင် မဝင်ဘူး ကျောင်းအစ်မ ပဲ ဖြစ်နေလေပါသည် ။ သာကဒိုး သည် ဝါသနာ ဘာဂီ ဆက်တိုင်းမီ ဆိုတာ လို ဝမ်းတွင်း ပါ ပြောင်ချော်ချော် ဝါသနာ့ရင်း ကလေး က ရှိ သမို့ နောက်တီး နောက်ကောက် ဝတ္ထုကလေးတွေ ရေးသား နေ ခဲ့ပါသည် ။ ဒီလို ရေးပြီး ပျော်ချင်တဲ့ စိတ် ကို ပျော်အောင် ကြိုး စား ပါသည် ။ သို့သော်  ... သို့သော် ကျွန်တော် ကား မပျော်ခဲ့ပါ ။ မပျော်သမှ ဒီလို ပျော်အောင် စာတွေ ရေးတိုင်း ရေးတိုင်း စိတ်ညစ်ရတဲ့ ဒုက္ခ ကို ပင် တိုးဆင့် လို့ ခံစား နေရ လေပါသည် ။ သို့ကလို ပျော်အောင် ကြိုးစားလေ စိတ်ညစ်ရလေ ဖြစ်နေတဲ့ ဒုက္ခ ကို ကျွန်တော် ဖွင့်ထုတ်ပြီး လူထု အကူအညီ တောင်းရန် ကြံခဲ့သည် မှာ ကြာလှလေပြီ ။ ဒါပေသိ ထင်တိုင်း မပေါက်ခဲ့မို့ ခုမှပဲ ဤ ဝတ္ထု ဖြင့် လူထု ကို အကူအညီ တောင်းလို့ အကြောင်း တင်ပြ ဖြစ်ပေတော့သည် ။ ဒါကြောင့် ကူနိုင် လျှင် ကူကြပါ ။ ကယ်နိုင် လျှင် ကယ်ကြပါ ။ အမယ်မင်း ... တောင်းပန် လိုက်ရတာ ငါ့နှယ် “ ကယ်ပါ ” သံ တောင် ပေါက်နေပါပကော ... ။

ကျွန်တော့် ဒုက္ခပြဿနာ ကို ဖြေရှင်းနိုင်ရန် စာရှု ပရိသတ် ထံ မှ ထိုက်သင့်သော အကြံကောင်းဉာဏ်ကောင်းများ ရရှိနိုင်လိမ့်မည် ဟု ကျွန်တော် မျှော်လင့် ယုံကြည် ထားပါသည် ။ ကျွန်တော့် မှာ ဒီ ဒုက္ခကြီး ၏ ဒဏ်ချက် ကြောင့် လူလား မြောက် သည် နှင့် တစ်ပြိုင်နက် ဟက်ခနဲ အသည်း တစ်ခြမ်း ပဲ့ထွက် သွားခဲ့ရပါသည် ။ ဒါကို ကျွန်တော့် မှာ တွေးမိတိုင်း မျက်ရည်လည် မိ ပါသည် ။ ထို ဒုက္ခ ဒဏ်ချက် သည် ဤသို့ အသည်း တစ်ခြမ်း ပဲ့ထွက် အောင် ဂြိုဟ်မွှေရုံ ဖြင့် အားမရသေးဘဲ ယခု လည်း သာကဒိုး ရှေ့ရေး သာကဒိုး ၏ လုပ်ငန်း ၊ သာကဒိုး ၏ ဝါသနာတွေ ကိုပါ ဆင့်ကာ ဆင့်ကာ ဆက်၍ အနှောင့် အယှက် ဖြစ်နေရာ ဒီ ပြဿနာ - ဒီ ဒုက္ခ ကို ကျေလည်အောင် မဖြေရှင်းနိုင်ပါ က သာကဒိုး မှာ သေဖွယ်သာ ရှိနေပါ တော့သည် ။ ဒါကြောင့် - ဒါကြောင့် အများ လူထု စာရှုပရိသတ် က သတ္တဝါ တစ်ခု ကံ တစ်ခု ဆိုတာ လျစ်လျူရှုတော် မမူကြဘဲ ဒုက္ခသည် သာကဒိုး အား ဇီဝိတဒါန သဘောပဲ ထား ကာ ဝိုင်း သနားကြပါရန် မေတ္တာရပ်ခံ လိုပါသည် ။ သို့သော် ငါတို့ စာဖတ် ပရိသတ် ကို ဦးနှောက် ခြောက်အောင် ပေါကြောင်ကြောင် စာတွေ ရေးတဲ့ အကောင် ဘိုင်းခနဲ လဲ သေကောင် ရှောက်ဂရု မစိုက်ပေါင် ဆိုလည်း သာဂဒိုး ကုသိုလ်ကံ ပေ ပ ။

ဘာပဲဖြစ်ဖြစ် သာကဒိုး ၏ အားထားရာ မှီခိုရာ လဲလျောင်းရာ မှာ စာရှု ပရိသတ် သာ ဖြစ်သမို့ ရိုကျိုးစွာ တောင်းပန် နေရခြင်း ဖြစ်ပါသည် ။ သာကဒိုး သည် တစ်ခါတစ်ခါ လူ မသိအောင် တစ်ကိုယ်တည်း တိတ်တိတ် ကိုယ့် ကိုယ် ကိုယ် မှန် ထဲ ပြန်ကြည့်ရင်း ၊ ဪ ... တယ်သနားစရာ ကောင်းနေ တဲ့ ငါ ပါကလား ... ဟု စုတ်တသပ်သပ် နှင့် သနားနေ မိပါသည် ။ မှန်ထဲ ၌ မခို့တရို့ကလေး ပေါ် နေသော သာကဒိုး သည် တော်တော် ချစ်စရာ ကောင်း ပါသည် ။ တီ မျိုတာ ခံရစေရဲ့ အဟုတ်ပါ ။ သို့သော် ထို ချစ်စရာကောင်း သော သာကဒိုး သည် အသည်း ဟက်တက် ကွဲ ကာ တစ်ခြမ်းပဲ့ နေခဲ့ပြီ တကား ... ။ သာကဒိုး ၏ အသည်း ကို မိလှသန်း သည် ရက်စက်စွာ ဖဲ့ ထားခဲ့ လေသည် ။ ဒါတွေကို ပြန် တွေးမိတော့ ရင် ထဲ မှာ တော်တော် နာသည် ။ ဟာသ ကလောင်သမား အဖြစ် ခံယူထား သော်လည်း ကိုယ့် မှာ ကျိတ်ကျိတ် ပြီး ငို နေရတာ ကို တော့ လူတွေ က မသိ ။ သင်းကလေး နဲ့ ဖြစ်ပျက်ခဲ့တာတွေ တွေးလိုက် မိတိုင်း မျက်ရည်တွေ ပေါက်ခနဲ ... တောက်ခနဲ ... ကျကျပြီး ၊ ငေါက်ခနဲ ငေါက်ခနဲ ဒေါ ထ ကာ အံကြိတ် ၍ ကံ ကို သာ မှိတ်ပြီး တရားခံ အဖြစ် ပုံချ နေရပေတော့သည် ။ သို့ကလို တားမရ ၊ ဆီးမနိုင် မျက်ရည်တွေ သွန်ကျ လာပြီလား ဆိုရင် အပေါင်းအသင်းတွေ က ..

“ ဟေ့ကောင် ... ဟေ့ကောင် ... ဘာဖြစ်တာလဲ ... ပြိတ္တာတို့ မျက်ရည် မြေမကျ ကောင်းဘူးကွ ... ကမ္ဘာ ပျက်တတ် သတဲ့ ... လူထု ကို သနားရင် ... ဒီလို မငိုပါနဲ့ကွာ .. ” ဟု တောက်တီး တောက်တဲ့ အပြောအဆို ခံခဲ့ရသည် ။ အချို့က လည်း ...

“ ဘာဖြစ်လို့ ငိုရတာလဲ ကွာ .. ပြောစရာ ရှိရင် ပြောပြပေါ့ .. ။ ကူစရာ ရှိရင် ကူမှာပေါ့ ... ”  ဟု စေတနာနဲ့ မေးကြ ပါသည် ။ ဒါပေသိ ကျွန်တော့် မှာ တော့ ဖြေလို့ မရ ၊ သူတို့ အမေး ကို မဖြေနိုင်သည် မှာ ဖြစ်ရသည့် အကြောင်းရင်း တရားခံ ဖော်ရ ခက်လို့ပင် ဖြစ်ပါသည် ။ ယခု စာဖတ် ပရိသတ် ကို ဖွင့်အံ ပြတော့မည် ဟု ကြံတော့ လည်း ဖြစ်ရပုံ အကြောင်းရင်း တရားခံ ကို ကျွန်တော် ဖော်ပြရန် ကျပ် လှသည် ။ ထို တရားခံ သည် ကျွန်တော့် ဘဝ တစ်ခုလုံး ကို မွှေနှောက် သွားခဲ့၏ ။ အရေလည် ၍ အကွက်ကျ တော့ မှ ပဲ ထို တရားခံ ကို ထုတ်ဖော်ပါရစေတော့ ။

စာဖတ်ပရိသတ် ကို တောင်းပန်ချင် တော့သည် ။ ကျွန်တော် လှလှသန်း ကို စ တွေ့ ပုံ မှာ ဆန်းသည် ဟု ဆိုချင် လည်း ဆိုနိုင်လောက် ပါသည် ။ အချိန်မှာ ၁၉၄၇ ခု ဇူလိုင်လ ဗိုလ်ချုပ် တို့ လုပ်ကြံ ခံရပြီး စ အခါသမယ ည တစ်ညဝယ် ..

“ ဟေ့ကောင် ... ရပ်လိုက် ... ၊ ခွေးမသား .. ဗိုလ်ချုပ်တို့ လုပ်ကြံတာ ... မင်း ပဲ ထင်တယ် .. လာ လိုက်ခဲ့ .. ဂတ်တဲ ကို အူကြောင်ကြောင် မလုပ်နဲ့နော် ... အုပ်ထည့် လိုက်လို့ ... ဂန့်ခနဲ နေ သွားမယ် ”

ကျွန်တော် ရန်ကုန်မြို့ တစ်နေရာ ၌ သတင်းထောက် တာဝန် ကိစ္စ နှင့် စက်ဘီး စီး သွားစဉ် ရဲပတ္တရောင်များ နှင့် တွေ့ရာ က ဤသို့လျှင် ရဲအဖွဲ့ဝင် တို့ က တို့ဗမာ ပီပီ ချိုသာစွာ မိန့်ကြား ပြီး မသင်္ကာ ဆိုကာ ရဲဌာန သို့ ခေါ်ဆောင် သွားခြင်း ခံရလေသည် ။ ကျွန်တော် အိုးဝေ က သတင်းထောက် ပါ ဆို သော်လည်း မရဘဲ ...

“ မင်း လား ကွ သတင်းထောက် .. ၊ သတင်းထောက် ဟာ မင်း ရုပ်မျိုး မဟုတ်ဘူး ..”

ကျွန်တော် လည်း မျက်လုံး ပြဲခနဲ ဖြစ်သွား မိပြီး

“ ဗျာ ... သတင်းထောက် က ဘာရုပ် ပေါက်ရမှာလဲ ဗျ .. ။ သတင်းထောက် တွေ မှာ အမြီးပါလို့လား ...” ဟု ကျွန်တော် လည်း မခံချင်စိတ် နှင့် ထ အော်မိ လေတော့သည် ။

“ အမြီးတော့ ဘယ် ပါမလဲ ကွ .. ဒါပေသိ .. သတင်းထောက်တွေ ...  မင်း လို သူခိုးဂိုက်မျိုး တစ်ယောက် မှ မတွေ့ဖူးဘူး .. ”

ကျွန်တော် ရဲငနဲ ၏ စကား အတွက် ဒေါသ ထောင်းလမောင်း ထသွားမိ လေသည် ။ သို့သော် ကိုယ့် ကိုယ် ကိုယ် ပြန် ကြည့်သော အခါ မှ ရဲငနဲ ပြောမည် ဆိုလည်း ပြောစရာ ဖြစ်နေသည် ကို သတိပြု မိတော့၏ ။ ကျွန်တော် သည် ညသတင်း ယူရန် အထွက် တွင် ခါတိုင်းလို ရိုးရိုး မဝတ်ဘဲ ရုပ်ရှင် ထဲ က ဇေယျ တို့ ရွှေဘ တို့ ၊ သေကွ တို့ အားကျ ကာ ဇာတ်လိုက် စိတ် ပေါက်ပြီး ဘောင်းဘီရှည်နက် ၊ အင်္ကျီ နက် ၊ ဦးထုပ်နက် တို့ နှင့် နက်နိုင် သမျှ နက် ပြီး ဝတ်ဆင် လာခဲ့မိခြင်း ဖြစ်ရာ စင်စစ် ဇာတ်လိုက် နှင့် ကား မတူ ၊ အလစ် ကွမ်းယာဆိုင် ဖောက်မည့် မိုးနက် စတိုင် ဖြစ်နေချေသည် တကား ... ။ ဤတွင် မှ ကိုယ့် ဟာ ကိုယ် စိတ်ရူးပေါက်ခြင်း အတွက် ဒေါသ ထွက် မိတော့၏ ။ သို့ရာတွင် မကြာမီ ထိုသို့ နက်နိုင် သမျှ နက်၍ ဝတ်ခဲ့သော မိုးနက် အဝတ်များ ကို ပင် ကျေးဇူးတင်ရသည့် အဖြစ် ရောက်ရလေတော့သည် ။ ဘယ့်ကြောင့် ဆိုသော် ထို အဝတ်နက်များ ကြောင့် အချုပ်ခန်း ဝ ရောက် ကာ ကံဆိုး ရ သော် လည်း ကံ ကောင်း ချင်တော့ ထို အဝတ်နက်များ ကြောင့် ပင် ရဲအုပ်ကြီး သမီး လှလှသန်း လေး နှင့် ဖူးစာ ဆုံ ဖို့ ဖန်လာခြင်း အတွက် ဖြစ်လေသည် ။ ထိုနေ့က လှလှသန်း နှင့် တွေ့အောင် ဖူးစာရေးနတ် က ကျွန်တော့် စိတ် ကို မိုးမှောင် အဝတ်များ ဝတ်ချင်အောင် တမင် စေ့ဆော်ခဲ့သည် ဟု ပင် ကျွန်တော် ထင်မိ၏ ။ သို့သော် ထို ဖူးစာရေးနတ်ငနဲ က ပင် မလို တစ်မျိုး လို တစ်မျိုး နှင့် ဘယ်လို ဆက်၍ ကလီကမာတွေ လျှောက် လုပ်သည်ကို စာရှုသူ တို့ ဆက် ရှုပါ လျှင် သိမြင်ရမည် ဖြစ်ပါသည် ။

ဤသို့လျှင် ကျွန်တော် နှင့် လှလှသန်းလေး တို့ တွေ့ကြုံပုံ မှာ တရားခံ နှင့် ပုလိပ်သမီး တို့ တွေ့နည်းကား နှင့် တွေ့ခဲ့ရခြင်း ဖြစ်လေသည် ။ ထို ည က အိုးဝေတိုက် မှ ထောက်ခံချက် အရ အချုပ်ခန်း မှ ထွက်ခွာ လာနိုင်ခဲ့သော် လည်း ကျွန်တော် ဂတ်တဲ မှ မထွက်နိုင်အောင် လှလှသန်း က ဆွဲထား လေတော့သည် ။ လှလှသန်း ကိုယ်တိုင် ကျွန်တော့် ဘောင်းဘီစ ကို ထဆွဲ မထား သော်လည်း လှလှသန်း ၏ ရူပါရုံတွေ ဘာရုံတွေ ဆိုတာက ဆွဲနေပြီ တကား ။ လှလှသန်း အား ကျွန်တော် သည် ယောက်ျားကောင်း ပီပီ မြင်မြင်ချင်း ကြိုက် မိရာ က တတ်သမျှ ပညာ ဖြင့် အစွမ်းကုန် ဂေါ်စစ် ဖြန့် ပြီး ဂေါ်ထိုး စစ်ဆင်ရန် ဆုံးဖြတ် လိုက်ပါသည် ။

သို့သော် ... ဤလောက ၌ သူ့ သမီး ယူရေး ကိစ္စများ သည် အတော် မလွယ်ကူချေ တကား ။ သတင်းစာနယ် ၊ စာပေနယ် တွင် သာကဒိုး သည် ဂေါ်ပရိယာယ် ၊ ဂေါ်စစ်ဆင် ၊ ဂေါ်စစ်တက် ဂေါ်တိုက်ပွဲဆင်မှု တို့ ၌ ဂေါ်ဝိဇ္ဇာ ဘွဲ့ ရလောက် အောင် ဂေါ်ရည် ဂေါ်ချင်း အတော်ဆုံး ဟု ထင်ရှား ခဲ့ပါ သည် ။ ဂေါ်ဝိဇ္ဇာဘွဲ့ အတွက် ဘယ်သူက မှ အောင်လက်မှတ် သာ မပေးသေးတာ ဂေါ်ရည်ကောင်းကြောင်း ကို မူ ဝိုင်း၍ အသိအမှတ် ပြုခြင်း ခံခဲ့ရပါသည် ။ ဂေါ်ဝိဇ္ဇာအောင်လက်မှတ် လက်ခံ မရှိလင့်ကစား ..“  ခုံဖိနပ်စာ ရယ် နားအုံစပ် မှာ တွယ် ...” ဟူသော စာများ “ ရှင်ကြီး .. ကျုပ်တို့ အိမ်ရှေ့ လာပြီးတော့  ... ခွေးနာ လောက် ကိုက်သံ နဲ့ သီချင်း မဆိုပါနဲ့တော့ ... ပုလိပ် တိုင်ရလိမ့်မယ် ...” ဆို သော စာများ “ ကိုယ့်အမေ ... ကိုယ့် အစ်မ နဲ့ ကိုယ်ချင်းမစာ တတ်ဘူးလား ...”  စသော ဂေါ်သက်သေခံ စာများ ယွန်းသေတ္တာကလေး နှင့် အပြည့် လက်ခံ ရရှိ ထားပြီး ဖြစ်ပါသည် ။ ထိုမျှ ကျွန်တော် တော်၏ ။

ထိုသို့ တော် သဖြင့်လည်း သာကဒိုး ထက် ဂေါ်ရည် ညံ့သော အပေါင်းအသင်း သတင်းစာကြမ်းပိုး စာပေငနဲ များ အား ရှာလပတ်ရည်သည် ပိုး လျှင် ဆီးရွှင်လတ္တံ့ ၊ ကွမ်းယာသည် ကို ပိုး လျှင် သွားချေး ထူလတ္တံ့ ၊ ငါးရွဲသမီး ကို ပိုးလျှင် ငရဲကြီး လတ္တံ့ ၊ ပန်းသည် ပိုး လျှင် ကုသိုလ်ရလတ္တံ့ ၊ ဆရာမ ပိုးလျှင် ပညာတိုး လတ္တံ့ စသည်ဖြင့် တတ်သမျှ ပညာ မနေသာ ဆိုသလို ဂေါ်သင်ခန်းစာ ဂေါ်နိဿယများ ပေးခဲ့လေသည် ။ ထို ဂေါ်နိဿယများ ကို ပညာပါရမီ ဖြန့်ဝေသော အားဖြင့် သတ္တဝါ ဂေါ် ဝေနေယျများ ကို စေတနာ ထားပြီး ဤ မြဝတီ မဂ္ဂဇင်း “ ဗိုလ်ချီသလုံး ” ဝတ္ထု တွင် အကျယ်တဝင့် ရေးသား ခဲ့ပြီး ဖြစ်ရာ ဤနေရာ တွင် ကျမ်းလေးအံ့ စိုး၍ အကျယ် မဖော်လိုတော့ပြီ ။ သို့သော် .. ထို ဗိုလ်ချီသလုံး ဝတ္ထု တွင် ပင် ပြည်ထောင်စုနိုင်ငံသား ဂေါ်သွေးသောက် အပေါင်းတို့ အား သာကဒိုး မတတ်နိုင်၍ ဂေါ်အကူအညီ ပြုပြီး ဂေါ်အကြံ ပေးကြပါရန် မေတ္တာရပ်ခံ ခဲ့သည် ကို ဖတ်မိသူ တို့ မှတ်မိကောင်း မှတ်မိမည် ထင်ပါသည် ။ ၎င်းမှာ ပဲလှော်သည် ကို ပဲလှော် ဝယ် ရင်း ပိုးနိုင် သလို ၊ အထည်သည် ကို အထည် ဝယ်ရင်း ပိုးနိုင် သလို ၊ ဇာဘော်လီသည် ကို ဇာဘော်လီ ဝယ်ရင်း ပိုး ဖို့ အတော် ခက်နေသည့် ဂေါ်ဝိနိစ္ဆယ ကိစ္စကြီး ပင် ဖြစ်ပါသည် ။ ထို ဂေါ် အခက် ကို သာကဒိုး သည် ယခုတိုင် မရှင်းနိုင်သေးပါ ။ ဟုတ်တယ်ဗျ ၊ သာကဒိုး သည် ယခုအခါ သိမ်ကြီးဈေး ၌ ဇာဘော်လီသည် မြာ အနိပ်ကလေး တစ်ယောက် တွေ့ထား သော်လည်း ဂေါ်နည်းလမ်း အကြံ ခက် ကာ ဂေါ်တိုးလို့တန်းလန်း နှင့် အဒေါ် အတွက် ဆိုပြီး ဇာဘော်လီ ဝယ်ရမှာ လည်း အခက် ။ နှမအတွက် ဆိုပြီး ပြော ဝယ်ရမှာလည်း အခက် ။

သိမ်ကြီးဈေး တွင် ဇာဘော်လီသည် အနိပ်ကလေး တစ်ယောက် တွေ့ထားတယ် ဟု ဆိုသဖြင့် ဂေါ်ထုကြီး အုံကြွပြီး သိမ်ကြီးဈေး သို့ တရကြမ်း ချီတက်ကြ လျှင် ဒုက္ခ တွေ့ကုန်ကြမည် ကို ကြိုတင်၍ တစ်ခု သတိပေး လိုပါ သေးသည် ။ မိတ်ဆွေ ဂေါ်လောကသား အပေါင်းတို့ ဇာဘော်လီဆိုင်များ ရှေ့ သွား လျှင် အန္တရာယ် ရှိတယ် ဆိုတာ တစ်ခု သတိထား သွားကြဗျ ။ ရဲစွမ်း သတ္တိ နဲ့ စိတ်တော်တော် နိုင်မှ သွားကြဗျ ၊ သာကဒိုး တော့ သွားတိုင်း သွားတိုင်း ကြက်သီးတွေ တဖြန်းဖြန်း ထ လှတယ် ။ ဘာကြောင့်လဲ ဆိုတော့ ခုခေတ် ဇာဘော်လီဆိုင်တွေဟာ ရိုးရိုး မရောင်းကြတော့ဘဲ ဖောင်းဖောင်းဖုဖု ဟိုမှာ ပုံစံတုမျိုးစုံ ကို သူ့ ထက် ငါ အပြိုင် စပယ်ရှယ် စပယ်ရှယ်တွေ ပြုလုပ် ရှိုးပြ ထားတော့ တော်တော် အသည်းယားစရာ ကောင်းလှသဗျာ ၊ ဒါကြောင့် အဆွေ သတ္တလောက ၊ သင်္ခါရလောက ၊ သြကာသလောက သား အပေါင်းတို့ ဇာဘော်လီဆိုင်များ ရှေ့ သွား လျှင် အလွန် ဘေးအန္တရာယ် ကြီး လှ သဖြင့် ဣတိပိသော နာနာရွတ် သွားဖို့ မမေ့ကြနဲ့ ဟရို့ ရဲ့ ... ။

သာကဒိုး သည် ဇာဘော်လီသည် ပိုးဖို့ ဘယ်လို ကြံဆ၍ နည်းလမ်း မရ ဖြစ်နေစဉ် လှလှသန်း အား တွေ့ရသော အခါ ပိုးရ ခက်သော မြာတစ်စား အဖြစ် သတ်မှတ်ရ ပြန် တော့သည် ။ လှလှသန်း သည် ပုလိပ်သမီး မဟုတ်ပါ လော ။ ကျွန်ုပ်တို့ ‘ အသည် ’ တွေ ကို ‘ ဝယ် ’ စနစ် ဖြင့် ဂေါ်လျှင် ဇာဘော်လီသည် က လွဲလျှင် မကပ်နိုင် စရာ မရှိ ဟု သတ်မှတ်ခဲ့ကြ ကုန်၏ ။ သို့သော် ပုလိပ်သမီး နှင့် နီးချင်သော် ဘယ်နည်း သုံး၍ ကပ်ရမည်နည်း ဟု သာကဒိုး သည် အကြံ ခက်ရ ပြန်လေသည် ။ ဟုတ်သည် ။ ဒါလည်း တော်တော် ဂေါ်ရ ကျပ်သည့် မြာ တစ်စား ဖြစ်သည် ကို ကိုယ်တွေ့ ကြုံမှ သင်ခန်းစာ ရပြန် တော့သည် ။ ပုလိပ် သမီး နဲ့ နီးအောင်ဆိုတော့ သူတို့ ပုလိပ်ဇာတ် ထဲ ပဲ ဝင်ပြီး ကပ်ရ ကောင်းမလား ဒါမဟုတ် ကိုရွှေပုလိပ်သမီး နဲ့ အမြဲ နီးစပ်သွားဖို့ ခဏခဏ ပုလိပ် ဖမ်း ခံရ အောင် ကြံပြီး တရားခံ အဖြစ် နဲ့ ပဲ ဂေါ် ပွဲ ဆင်ရ ကောင်းမလား ။ ဒါလည်း နိပ်သေး ပါဘူး .. သူ့ သမီး ပိုး နေမှန်း သိရင် ရဲငတိ က အချုပ်ခန်း ထဲ မှာ တရကြမ်း ဖိနေ လို့ ရှောက်ကျိုး နည်း နေဦးမယ် ။

အေးလေ ... ပုလိပ်သမီး ပိုးချင် ကြ လျှင် သတိတမံ ဉာဏ်မြေကတုတ် ပညာစွမ်း ကို ချွန်းအုပ် တဲ့ ။ ပြီးတော့ အခြေအနေ ကို ကြည့် ပိုးကြပေါ့လေ ။ သာကဒိုး ကား ဤသို့ အားဖြင့် မှတ်မှတ်ရရ ဗိုလ်ချုပ် တို့ လုပ်ကြံခံရသည့် နေ့ ည က အချောင် ဂက် ထဲ ရောက်ရာ က ဂက်တန်းလျား မှ လှလှသန်း တည်း ဟူသော ရှုမငြီး သည့် ပုလိပ်သမီး ကြိုက်ခဲ့ မိ လေပြီ ။ သို့သော် ဖော်ပြခဲ့သည့် အတိုင်း ဂေါ်စစ်ဆင်ရန် အခက်ကြုံ နေသည်တွင် မိုက်ဖော် မိုက်ဖက် တွင် သတင်းထောက်များ ဖြစ်သော ဗမာ့ခေတ် မှ ‘ ကျောက်စားပွဲ မြသွင် ’ ၊ မြန်မာ့အလင်း မှ ‘ ဂျိုမောင်စိန် ’ တို့အား မမလေး ပိုး ဖို့ လူဆိုးများ နဲ့ မောင် တိုင်ပင် ဆိုတာ လို ငနဲများ အား ဂေါ်အကြံဉာဏ် တောင်းရလေတော့သည် ။ စာရှု သော ပုဂ္ဂိုလ်များ သည် ဂျိုမောင်စိန် ၊ ကျောက်စားပွဲမြသွင် ဟု ကျွန်တော် ဖော်ပြရာ ၌ သူရို့ နာမည် ရှေ့ မှ ဘွဲ့ထူးကလေးများ ကို ဂရုပြုမိကောင်း ပြု မိမည် ထင်ပါသည် ။ ထို ဘွဲ့ထူးများ အကြောင်း ကို တချို့က သိချင်ကောင်း သိချင်မည် ဖြစ်၍ ဒါကို နည်းနည်း ရှည် လိုက်ချင်ပါသေးသည် ။ အစ်ကိုတို့ အစ်မတို့ သည် အင်္ဂလိပ် တို့ က ပေး တတ်သော “ ကေအက်စ်အမ် ” ဘွဲ့ တို့ “ အေတီအမ်ဘွဲ့ ” တို့ ကြားဖူးကြမှာပေါ့  ။

နောက်ပြီး ဗမာပြည် လွတ်လပ်ရေး ရ မှ ပေါ် လာသော ‘ မဟာသရေ စည်သူ ’ တို့  ၊ ‘ သတိုးသီရိသုဓမ္မ ’  တို့  ၊ ‘ ဝဏ္ဏကျော်ထင် ’ တို့ ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူး တွေ ကို တော့ ကြားဖူးကြမှာပဗျာ ။ အဲသလိုပဲ ‘ ကျောက်စားပွဲ ’ တို့ ‘ ဂျို ’  ဆိုတာတွေ လည်း ဘွဲ့ထူးဂုဏ်ထူးများ ဖြစ်ပါတယ် ။ သို့သော် ဒီ ဘွဲ့ထူးများဟာ သတင်းစာလောကသား အချင်းချင်း သာ သိပြီး အချင်းချင်းသာ ပေးတဲ့ ဘွဲ့ များဖြစ်ပါတယ် ။ အပြင်လူများ ဒီ ဘွဲ့ တွေ ကို လိုချင်လို့ လဲသေသေ မရနိုင် ပါ ။ ငွေ ပေး လို့ လည်း မရပါ ။ သူတို့ ကဲ့သို့ ဘွဲ့ ရသူ အများအပြား ကို လည်း နာမည်ကျော် သတင်းစာဆရာများ အသင်းတိုက်ကြီး မှာ တွေ့ရှိနိုင်ပါသေး တယ် ။ မိတ်ဆွေတို့ အားလပ်တဲ့ အခါ တစ်ခါ တစ်ခေါက် သတင်းစာအသင်းတိုက် ကို ဗဟုသုတ အဖြစ် သွားရောက်စမ်းပါ ။ ဒီလို ဘွဲ့ရ ပုဂ္ဂိုလ်ကြီးများ ဥပမာ မှုန်မပြေ ဘသန်းလေး ၊ ဂျင်မခါနာ မြရီ ၊ ဥက္ကဋ္ဌ စံလှထွန်း ၊ တစ်ဝက် လှဒင် ၊ ပျော့ပျော့ကလေး မောင်ကျော် စသည်ဖြင့် ဘွဲ့ထူးများ တပ် ၍ ခေါ်သံများ ကို ကြားရမည် ဖြစ်ပါတယ် ။ ထိုသို့သော နာမည် ရှေ့မှ ဘွဲ့ထူးများ မှာ သရေစည်သူ တို့ ၊ ဝဏ္ဏကျော်ထင် တို့ ကဲ့သို့ ပုဂ္ဂိုလ် ၏ ဂုဏ်ထူး အရ ချီးမြှင့်ရရှိ တတ်သည် မှန်သော်လည်း ၊ ခြားနားချက် တစ်ခု ကား ရှိပါတယ် ။ အဲဒါက တော့ သရေစည်သူ တို့ ဝဏ္ဏကျော်ထင် တို့ မှာ ကောင်းတဲ့ အချက်ပေါ် မူတည်ပြီး ဘွဲ့ပေးခြင်း ဖြစ်သော်လည်း ကျောက်စားပွဲ တို့ ပျော့ပျော့ကလေး တို့ ကတော့ မကောင်းတဲ့ အချက်တွေ အပေါ် မူတည်ပြီး ဘွဲ့ပေးခြင်း ဖြစ်ပါ တယ် ။

ဒီ ဘွဲ့ကလေးတွေ ရတဲ့ ရာဇဝင် က လည်း တော်တော် စိတ်ဝင်စားဖွယ် ကောင်းလွန်း လို့ အခွင့်သင့်တုန်း အများလူစု ဗဟုသုတ ဖြစ်အောင် သာကဒိုး က ဖော်ကောင် လုပ်ပြီး နည်းနည်း ရှည်ချင်သေးတယ် ဗျာ ။ ဥက္ကဋ္ဌ စံလှထွန်း ဆိုတာ သတင်းစာအသင်း ၊ သတင်းထောက်အသင်း တို့ မှာ ဥက္ကဋ္ဌ ဖြစ်လို့ မဟုတ်ဘူးဗျ ။ ငနဲကြီး က တစ်ခါမှ ဥက္ကဋ္ဌစော် မနံရှာပါဘူး ။ ဒါပေသိ တစ်နေ့ တော့ အသင်းတိုက် ရှေ့ မှာ ဦးစံလှထွန်း က စတိုင်ကြီး တစ်ခွဲသား နဲ့ လျှောက် လာတုန်း ဗြုန်းဆို မိန်းမ တစ်ယောက် ပေါက်လာပြီး “ ရှင် ဘာကောင်လဲ ... ရှင် ဟာ ဥက္ကဋ္ဌကြီး ဆို ဥက္ကဋ္ဌ လုပ် နေပြီးတော့ .. ကျန် နေတဲ့ ငွေနှစ်ကျပ်ခွဲ ကို ခုထိ လာမပေးဘူး ... ၊ အဲဒါပဲ ... အူကြောင်ကြောင်တော့ မလုပ်နဲ့  ၊ နောက် မရဘူး သိလား .. ” ဟု ချိုမြသော အသံ ဖြင့် ကက်ကက်လန် ရန်တွေ့ ရာ က ဦးစံလှထွန်း သည် ဥက္ကဋ္ဌ ဘွဲ့ထူးကြီး ကို ရရှိလေတော့ သတည်း ။

အမည် မသိ မိန်းမ တစ်ဦး က ခန့်ထား ခဲ့သော ဥက္ကဋ္ဌကြီး ပဲ ဗျာ .. ။

အဲ ဂျင်မခါ နာ - မြရီ ဆိုတာ ကတော့ ဂျင်မခါနာ မိန်းမဆေးရုံ ကိစ္စ ရှိရင် ( ဝါ ) လိုတာ ရှိရင် ( ဝါ - ဝါ ) ဆရာမများ ပိုးချင်ရင် ၊ သူ က အပို့ အင်မတန်ကောင်း ပေလို့ ဒီ ဘွဲ့ထူးကြီးရ ဆိုပဲဗျ ။ ဟံသာဝတီသတင်းထောက် မောင်လှဒင် ‘ တစ်ဝက်ခ ’ ဘွဲ့ ရတာတော့ တယ် မပြောချင်ဘူးဗျာ ။ စားပေါက် ပိတ်မှာ စိုးရတယ် ။ သို့သော် ဖော်မိလက်စ နှင့် ဘော့ ထူးတော့ပါဘူး ။ ဒီလိုဗျ ဒီငနဲ က ရန်ကုန်မြို့ လျှို့ဝှက်စခန်း တစ်ခု မှာ တစ်ဝက်ခ ရ ဆိုကိုး ...  ။ ဒီ ငနဲ က ဒီလို ရ တာ ကို သူ တစ်ယောက်တည်း အုပ် မထားဘဲ သတ္တဝါ ဝေနေယျများ မေတ္တာ ထားပြီး သတင်းထောက် အသင်းဝင်များ အားလုံး ကို လည်း တစ်ဝက်ခ ရ အောင် လုပ်ပေးနိုင်လို့ ဒီလို ဘွဲ့ထူးဂုဏ်ထူး နဲ့ ချီးမြှင့်ထားခြင်း ဖြစ်သတဲ့ဗျာ နိပ်ဟ ...

အား ... ပျော့ပျော့ကလေး မောင်ကျော် ဖြစ်ပေါ်လာပုံ က တော့ ပြောရမှာ ကြက်သီးထ စရာကြီး ဗျာ .. ။ သူ ဘွဲ့ရပုံ က စွန့်စားခန်းကြီး နဲ့ ယှဉ် နေလို့ပါပဲ ၊ သူ့ အကြောင်း နားထောင်ရတာ ကို က ရင်တဖိုဖို အင်မတန် ရှိလှတယ် ။ ငနဲ ကလေး က သိပ်တော့ မခေလှဘူး ။ တိုးတက်ရေးသတင်းစာတိုက်ရှင် ဦးစိန် ရဲ့ သား ၊ တိုးတက်ရေးသတင်းထောက် ပ ဗျာ ။ ဒီလိုဗျ .. တစ်နေ့တော့ ငနဲကလေး ဟာ ဇောကြီး - မောကြီး - ရေးကြီး - သုတ်ပျာ နဲ့ သတင်းစာ အသင်းတိုက် ပေါ် ပြေးတက် လာ တာကိုး ။ ဒီတော့ သတင်းထောက် ရဲဘော်တွေ ပဲ “ ဟေ့ .. မောင်ကျော် ဘာဖြစ်လာ သလဲ .. ဘာ သတင်း ရလာလို့လဲ ... ” လို့ ဝိုင်း မေးကြ တာပ ။ ဒီလို မေး ကြတော့ မျက်လုံးကြီး ပြူး ပြီး ချွေးသံ တရွှဲရွှဲ ဖြစ်နေတဲ့ သူ့ မျက်နှာကြီး ဟာ စပ်ဖြီးဖြီးကြီး ဖြစ်သွားပြီး ...

“ အဟီး .. အဟီး ... ပြောချင်ပါဘူးဗျာ ... ၊ အဟီး ... အဟီး ... ” 

“ ဟ ... ဘာလို့ မပြောချင်ရတာလဲ ... ဘာလဲ မင်း က သတင်းကောင်း မိလာလို့ ... တို့ မပေးချင်ဘူးပေါ့လေ ... ။ မင်း တစ်ယောက်တည်း စကု ( သတင်းထူး ) လုပ်မယ်ပေါ့ လေ ... ”

သတင်းထောက်များ က ဝိုင်း အာ ကြ၏ ။

“ အာ .. ဒီလို မဟုတ်ပါဘူး ၊ သတင်း ကိစ္စ မဟုတ်ပါဘူး ...” 

“ နို့ ... ဘာလဲ .. ”

“ ကျွန် ... ကျွန်တော် .. အပျိုလေး အသား ကိုင်လာခဲ့ရတယ် ... ” 

“ အေ .. ဟုတ်လား .. ”

“ ပြောပါဦး .. ဘယ်လို ကိုင်လာရတာတုံး ” 

“ ဖွင့်ချပါဦး ဟ ... ဘယ်နေရာ ကို ကိုင်ခဲ့ရတာလဲ ကွ .. ” 

သတင်းထောက် လောကကြီး သည် အုန်းအုန်းကျွက်ကျွက် သောသော ရုတ်ရုတ် ဖြစ်သွားလေတော့သည် ။ သူတို့ သည် ဒါမျိုး ဝါသနာ မပါကြ ရှာ သဖြင့် ဝိုင်း လာပြီး အငမ်းမရ မေးကြလေတော့သည် ။

“ လုပ်ပါဟ ... ဘယ်လို ကိုင်လာရတာလဲ ... ”

“ ဘယ်လို အရသာ နေသလဲဟ .."

“ အဟီး .. အဟီး .. တစ်မျိုးကြီးပဲ ဗျ .. ” 

မောင်ကျော် က ရှက်ကိုးရှက်ကန်း နှင့် ဖြေလေသည် ။ သို့သော် ရဲဘော် သတင်းထောက်များ က အဖြေ ကို မကျေနပ်ဘဲ ဝိုင်းအုံ တိုးဝှေ့ ကာ ..

“ ဟကောင်ရ ... ဘယ်လို တစ်မျိုးကြီးလဲ ကွ ၊ ပြောစမ်းပါဦး ...” 

“ အဟီး .. သူ့ အသား သွား ကိုင်တော့လေ .. ကိုင်လိုက်တော့လေ ” 

“ အေး ... အေး ... ”

သတင်းထောက်များ သည် ဤနေရာ တွင် အားလုံး အသက်ရှူ ရပ် ကုန် ကာ အားလုံး ရင်တဖိုဖို .. ။

“ အေး ... အေး ... ”

“ ပျော့ပျော့ကလေး နေတယ်ဗျ ... ” 

“ အာ ... လခွီးတဲ့မှပဲ ...”

ထို အဖြေ ကို အားလုံးကပင် မကျေနပ်ကြချေ ။

ထို့ကြောင့် ...

“ မင်းဟာက ဟုတ်သေးပါဘူး .. ဘယ်လိုနေလဲ ဆိုတာ ခေါင်းအေး အေးထားပြီး ပြန်စဉ်းစားစမ်းပါဦး ...”

“ နို့ ... ဘယ် သွား ကိုင်လို့ ပျော့ပျော့ကလေး နေရတာလဲ ကွာ ” 

“ အာဗျာ ... ဒါတော့ ပြောချင်ပါဘူးဗျာ ... ရှက်စရာကြီးဗျာ ...” 

ဒီလို ပြောလေ ငနဲတွေ ငမ်း လေ ...

“ ပြောပါကွာ ... ”

“ ပြောပါကွာ ...  ”

“ လုပ်ပါကွာ ... ငါတို့ ကနေ့ ရတဲ့ သတင်း အားလုံး မင်း ကို ပေးပါ့ မယ် ...”

“ အဟိ - ဒီလိုဗျ ဖြစ်ပုံက ကျွန်တော်တို့ အိမ်နား မှာ ၁၄ နှစ် လောက် ကောင်မလေး ရှိတယ် ... ဒီနေ့ တော့ ... ”

“  အဲ ... အဲ ... ”

“ ဒီနေ့တော့ ကောင်မလေး အောက် ဆင်းရင်း ပုရွက်ဆိတ် ကိုက်ပါရော ဗျား ... ”

“ ဘယ်နေရာ ကိုက်တာလဲ ... ရှင်းပါဦး ဟ ...”

“ ခြေထောက် ကို ဗျ ... ဒီလို ကိုက်တော့ ... ခုန်ဆွ ခုန်ဆွ ဖြစ်နေတုန်း ... ကျွန်တော် က သွားပြီး ပုရွက်ဆိတ်တွေ ပွတ်ချ ပေးတာကိုး ဗျ ...”

“ ဒီတော့ ဘယ် ပျော့ပျော့ကလေး ကိုင် မိတာလဲ ...”

“ ခြေဖမိုး ကို လေ ..” 

“ ထွီ ... ” 

ထိုနေ့မှ စ၍ မောင်ကျော် သည် ‘ ပျော့ပျော့ကလေး ’ ဘွဲ့ထူး အပ်နှင်းချီး မြှင့်ခြင်း ခံရလေတော့ သတည်း ။ ထို့အတူ စွန့်စားမှု နှင့် ယှဉ်၍ ဘွဲ့ရသူများ အများအပြား ပင် ရှိပါသေးသည် ။ စာမျက်နှာ အားနာ၍ အကျယ် ဖော်ကောင် မလုပ်ချင်ပါပြီ ။ မြန်မာ့အလင်း - မောင်စိန် ‘ ဂျိုမောင်စိန် ’ ဖြစ်ရခြင်းကား သူ နှင့် တွဲ၍ သွားလေရာရာ တွင် တစ်ခုခု ဖြစ်တတ်ပြီး ချောက်ကျ ချိုကျ တတ်၍ ပင်ဖြစ်၏ ။ ‘ ကျောက်စားပွဲ ’ ဘွဲ့ထူး ဗမာ့ခေတ်မြသွင် ကို အပ်နှင်းခြင်း အကြောင်းမှာ မူ ၊ မိန်းမများ ကြား လျှင် လန့်စရာတော့ အတော် ကောင်းပါမည် ။ သွေးနုနု သားနုနု အမျိုးသမီးများ ရှေ့ ဆက် မဖတ်ရန်ပင် မေတ္တာရပ်ခံ ချင် ပါသည် ။ မြသွင် သည် ဘိုင်စကုတ် လွှတ်ချိန် ၊ ရုံးဆင်းချိန်များ တွင် လမ်းမ မှ နေ၍ တွေ့သမျှ မ , သတ္တဝါတို့ အား အားရပါးရ ရှုတော် မူပြီး အောက်ပါ အတိုင်း မိန့်ကြား တတ်လေသည် ။

“ အဟင်း .. ဟင်း .. ဒါတွေကြောင့် ငါ တော်တော် ခက်နေတယ် ... တောက် ( မိုးကြိုးသံ တမျှ ပြင်းထန်လှသော တောက်ခေါက်သံ ကြီး ... )  ဒီလို လှတာလေးတွေ ကို လေ ... တောက်..ဘာလုပ်ချင်သလဲ သိလား .. ကျောက် စားပွဲ ပေါ် တင်ပြီးတော့ ... ဘေး က နေ ကျားဟိန်း လှည့် ဟိန်းနေချင် တာပဲ .. တောက် ”

မြသွင် ကြိမ်းဝါးသံ မှာ ဘီလူးကြီး အာဠာဝက ကြိမ်းဝါးသံ ထက် ပင် ကြောက်မက်ဖွယ် ကောင်းလှချေသည် တကား ။ ထိုသို့ မိန်းမ မြင် လျှင် ကျောက်စားပွဲ ပေါ် တင် ၍ ကျားဟိန်း ဟိန်း နေ ချင်သော ကိုမြသွင် နှင့် ဂျို မောင်စိန် တို့ ကို မိန်းမ ကိစ္စ နှင့် ပတ်သက် လာ လျှင် သာကဒိုး သည် တော်တော် ကြောက် ၏ ။ သို့သော် ကိုယ်တိုင် ဂေါ်ဝိဇ္ဇာဘွဲ့ကြီး ခံ ထားသော်လည်း ပုလိပ်သမီး ကျတော့ မကပ်နိုင် ဖြစ်ကာ လက်မှိုင် ချရ မလို ရှိ နေရာ ကျွမ်းကျင်ရာ လိမ္မာ ဆိုသလို ဟန်လို ဟန်ငြား ငနဲများ ထံပါး ကြိုးစားရခြင်း ဖြစ်လေသည် ။ အထူးအားဖြင့် မြသွင် နှင့် မောင်စိန် တို့ သည် သတင်းထောက် လောက တွင် ပုလိပ် နှင့် အပေါင်းအသင်း အများဆုံး ၊ ပုလိပ် နှင့် အတည့်ဆုံး ၊ ဝေစား မျှစား အကျဆုံး ၊ ငနဲများ ဖြစ်သောကြောင့် လည်း ယခု ကိစ္စကြီး တွင် သာကဒိုး ဂေါ်အကြံပေး အရာရှိ ( ဝါ ) ဂေါ်ဩဝါဒစရိယ အဖြစ် ဖြင့် ငနဲ များ ကို ယာယီ တင်မြှောက်ရခြင်း ဖြစ်သည် ။ ဤ ကိစ္စ တွင် မြသွင် က

“ ကိုယ့် လူ က တယ် ညံ့တာကိုး .. လောက မှာ သတင်းထောက် ပိုး မရတဲ့ မိန်းမ ရယ် လို့ မရှိဘူးကွ .. မှတ်ထား ”

“ ဟုတ်ပါတယ် ဆရာ ရယ် ... ကြည့် လုပ်ပေးပါ ဆရာရယ် ...” 

“ သတင်းထောက် ဆိုတာက နေရာတကာ ကို သတင်း ရအောင် သွား လာ နေရတာ မဟုတ်လားကွ ၊ နေရာတကာ သွားလာ နေလို့ လည်း နေရာ တကာက မိန်းမတွေ ကို ပိုး နိုင်တာပေါ့ ။ ပိုးချိန် လည်း သူများ ထက် ပို ရတယ် မဟုတ်လား ၊ မှတ်ထား သတင်းထောက် နဲ့ ပြိုင် ပိုးတဲ့ ငနဲ ဆိုရင် လိမ့်တာ ချည်းပဲ ... ”

“ ဘာကြောင့်လဲ ... ဆရာ ရဲ့ ”

“ အရှင်းသားပဲ ကွ ၊ အပြိုင် ငနဲ က အလုပ် ကုန်း လုပ် နေတုန်း ငါတို့ က အချိန်ပို ယူပြီး သွား ပိုး နိုင်တယ် မဟုတ်လားကွ ၊ ငါတို့ အလုပ် ကို က လမ်းလျှောက် နေရတဲ့ အလုပ် ဆိုတော့ အလုပ် လုပ်ရင်း လည်း .. မိန်းမ လိုက် ပိုး နေနိုင်တာပဲ .. တို့ နဲ့ ဘယ်သူ ပြိုင်လို့ ရပါ့မလဲ ...”

“ ဒါနဲ့ ဆရာ ဂေါ်နေတဲ့ ... အေဂျီရုံး က ကောင်မလေး ကိစ္စ က ဘယ်လို ဖြစ်သွားတာလဲ ဆရာ ”

“ အဲဒါတော့ ငါ မပြောချင်ဘူး ကွာ ... သူ က ငါတို့ ထက် ပို လည် သွားတယ် ကွာ ... ”

“ ဘယ်လိုလဲ ... ဆရာ .. ”

“ တို့ သတင်းထောက်တွေ ဟာ .. သူများ ထက် ပိုးချိန် ပို ရလို့ ... ဒီကိစ္စ မှာတော့ ... ချောက်ကျရတာပဲ ကွာ ” 

“ လင်းပါဦး ဆရာ ...”

“ ဒီလိုကွာ .. သူငယ်မ က ရှင် ဟာ သတင်းထောက် မို့ လို့ ကျွန်မ ဆီ ခဏ ခဏ လည်း လာနိုင်တယ် ၊ နေရာတကာ လည်း ရောက်တယ်တဲ့ .. ဒီတော့ ရှင် ဟာ နေရာတကာ က မိန်းမတွေ ကို လည် ပိုး ပြီးတော့ ... ခဏခဏ သွား နေမယ့် လူစားပဲ ဆိုပြီး .. ငါ့ လျှောက်လွှာ ကို ပယ်ချ လိုက်တာပါပဲကွာ .. ”

သေဟ နန္ဒိယ သူများ ထက် ဂေါ်ချိန် ပို ရသော သတင်းထောက် များ မှာ သူများ ထက် ဂေါ်ချိန် ကို ရ၍ပင် ဂေါ်မစွံ ဖြစ်ရတတ်ကြောင်း ကို ဆရာကိုမြသွင် က ကိုယ်တွေ့ နှင့် ယှဉ်၍ သင်ပြ မှ ပင် ကျွန်တော် ဂေါ်ဗဟုသုတ တစ်ခု ရပေတော့သည် ။

( အပိုင်း -၂ ) ဆက်ရန်

◾ သာဂဒိုး

📖 မြဝတီမဂ္ဂဇင်း
     ၁၉၅၃ ခုနှစ် ၊ မေလ

#ကိုအောင်နိုင်ဦး

.