Showing posts with label မော်မော့်မောင်. Show all posts
Showing posts with label မော်မော့်မောင်. Show all posts

Monday, February 23, 2026

စိတ်လိုက်အိမ်မြှောင်


 

❝ စိတ်လိုက်အိမ်မြှောင် ❞
      ( မော်မော့်မောင် )

“ ဖိုးသား ဒေါ်သိန်းကြည်ကို တွေ့မိသေးလားကွ ”

“ အရူးမ ဒေါ်သိန်းကြည်ကို ပြောတာလား ။ ဟို ပွဲရုံဘေးက သူ့တဲမှာ ရှိမှာပေါ့ ”

“ မရှိဘူး ။ ငါ ရောက်ခဲ့ပြီးပြီ ။ အဲဒါကြောင့် မင်းများ သွားရင်းလာရင်း လမ်းမှာ တွေ့သေးလားလို့ မေးကြည့်တာ ”

“ ဦးလေးက ဒေါ်သိန်းကြည်ကို ဘာလုပ်ဖို့ လိုက်ရှာ နေတာလဲဗျ ”

“ ဘာမှ မဟုတ်ပါဘူးကွာ ။ ကဲ .. သွားဦးမယ်ဟေ့ ”

သူက စကားကို လျှောချကာ ဖိုးသား ရှေ့မှ ထွက်လာခဲ့သည် ။ ဒေါ်သိန်းကြည် ဘယ်မှာ ရှိနိုင်မလဲ ဆိုတာကို စက်ဘီးနင်းရင်း စဉ်းစားနေမိ၏ ။ ဘဝမှာ အရူးမတစ်ယောက်ကို အခုလို အသည်းအသန် လိုက်လံရှာဖွေ ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးဖူးခဲ့ ။ အခုတော့ မမျှော်လင့်ခဲ့ဖူးသော အဖြစ်မျိုးနှင့် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး တိုးနေရပြီ ။ သူ့အဖြစ်ကို အခြားသူတွေ သိလျှင် ရယ် သွမ်းသွေးကောင်း သွေးကြလိမ့်မည် ။ သူ့အတွက်ကျတော့ ဒီကိစ္စက ပေါ့ပြက်ပြက် လုပ်ရမည့် ကိစ္စ မဟုတ် ။ဘဝ နှင့် ချီပြီး အရေးကြီးသော ကိစ္စတစ်ခုပင် ဖြစ်သည် ။

သူ့ဘဝ တစ်ဆင့် မြင့်တက်ရေးမှာ ဒေါ်သိန်းကြည် နှင့်လည်း တစ်စိတ်တစ်ပိုင်း ပတ်သက်နေသည်ဟု သူက အခိုင်အမာ ယုံကြည်ထား၏ ။ ဒီလို ယုံကြည်စိတ် ဖြစ်ပေါ် လာဖို့ အကြောင်းတရားတွေ ကလည်း သူ့မှာ ရှိထားသည်လေ ။

••••• ••••• •••••

အဲဒီနေ့က သူနည်းနည်း စိတ်ပျက်လက်ပျက် ဖြစ်နေမိသည် ။ သေချာပြီဟု တွက် ထားသော ခွင်တစ်ခုက အပျက်ဘက်ကို ဦးတည်ရွေ့ လျားသွားသောကြောင့်ပင် ။ အိမ်ခြံမြေ ပွဲစား တစ်ယောက် အနေဖြင့် ဒီလို အဖြစ်မျိုး ကြုံ ဖူးပေမဲ့ ခုလောက်ထိတော့ စိတ်မပျက်ခဲ့စဖူး ။ အခု ခွင်ကကျတော့ ခါတိုင်းဟာတွေ နှင့် မတူ ။ ပိုပြီး ဝါယမ စိုက်ထုတ်ခဲ့ရသလို အပင်ပန်းလည်း ခံခဲ့ရ၏ ။ သူ့ဆီ ရောက်လာသော ဝယ်လက်က ဇီဇာ အနည်းငယ် ကြောင်ချင်သည် ။ သူ့ကို အပ်ထားသော ဝိုင်းကွက်များ၏ သုံးပုံနှစ်ပုံခန့်ကို လိုက်ပြပြီးမှ အကြိုက် တွေ့၏ ။

ဝယ်လက်က ကြိုက်ပြီ ဆိုတော့ သူက ဦးဘမင်းကို ဖုန်းဆက်၍ လှမ်းခေါ်၏ ။

အိမ်ပွဲစားများ စတည်းချရာ ‘ စိမ်းဝါ ’ လက်ဖက်ရည်ဆိုင်မှာ ဆုံကြဖို့ ချိန်းသည် ။ ဦးဘ မင်းနှင့် ဝယ်လက်ကို ထိပ် တိုက် တွေ့ဆုံပေးကာ ဈေး စကား ပြောစေ၏ ။ သူက ပွဲစားတို့၏ ထုံးစံအတိုင်း ကြားထဲမှ ညှိပေးသည် ။ ညှိနှိုင်းမှုအဆင်ပြေကာ ပွဲ တည့်တော့မည် အနေအထား အရောက်တွင် ဝယ်လက် ဆီမှ စကားတစ်ခွန်း ထွက်ကျ လာ၏ ။

“ အင်း ... လက်ထဲမှာ ရှိနေတဲ့ ငွေပိုကို တခြားမှာ သုံးဖို့ မရှိ ၊ ဘဏ်မှာလည်း အပ်မထားချင်လို့သာ ဒီဝိုင်းကို ဝယ်တာပါဗျာ ။ သိပ်လိုချင်လွန်းလှလို့ရယ်တော့ မဟုတ်ဘူး ”

ဦးဘမင်း၏ ခါးမှာ ဆတ်ခနဲ ခပ်မတ်မတ်ဖြစ် သွားတာကို သူ တွေ့လိုက်ရ၏ ။ ဝယ်လက်၏ အထက်စီး ဆန်ဆန် ပြောစကားကြောင့် ဖြစ်မှန်း တွေးမိတော့ သူ စိုးရိမ်စိတ်ဝင်မိသည် ။ ဦးဘမင်း က သူ့အပေါ် သေးသေးတင်သည်ဟု ထင်လျှင် မခံတတ်သည့် စိတ်မျိုးရှိသူ တစ်ယောက် ဖြစ်၏ ။ ဒါကို သိထားသောကြောင့် ဦးဘမင်း၏ ပြောင်းလဲသွားသော အမူအရာကို တွေ့တော့ သူ ထိတ်ခနဲ ဖြစ်သွားမိခြင်းပင် ။

သူ စိတ်ထင်သည့် အတိုင်း အမှန်တကယ် ဖြစ်လာ၏ ။

“ အဲဒီလိုဆိုလည်း ပြန်စဉ်းစားလိုက်ပါဦးဗျာ ။ တော်ကြာ မကြိုက်ဘဲနဲ့ ဝယ်ထားရတယ် ဆိုပြီး နောင်တရနေပါဦးမယ် ။ ကျွန်တော် ကလည်း ဗိုက်နာနေတဲ့ကောင်မှ မဟုတ်တာ ။ အလောတကြီး ဖြစ်စရာအကြောင်း ဘာမှ မရှိပါဘူး ။ ကဲ ... သွားလိုက်ဦးမယ်နော် ”

သူ နှင့် ဝယ်လက်ကို နှုတ်ဆက်ပြီး ဦးဘမင်း ထ , ပြန်သွားသည် ။ ဝယ်လက်က ပါးစပ် အဟောင်းသားနှင့် ကျန်ရစ်ခဲ့၏ ။ သူလည်း စိတ်ပျက်လက်ပျက်နှင့် ထ , ထွက် လာခဲ့သည် ။ ၆၉ လမ်းပေါ်ရှိ ဖက်တီးမ၏ ခေါက်ဆွဲကြော် ဆိုင်နား ရောက်တော့ စက်ဘီးကို ရပ်လိုက်၏ ။ ဒီနေ့က ကျောင်းပိတ်ရက်မို့ အိမ်မှာ ရှိနေမည့် သားနှင့်သမီး အတွက် နေ့ခင်း အဆာပြေစားဖို့ ခေါက်ဆွဲကြော် ဝယ်သွားရန် စိတ်ကူး ဝင်လာမိ၍ပင် ။

ဖက်တီးမ၏ ခေါက်ဆွဲကြော်ဆိုင်က နာမည်ကြီးသည် ။ လက်မလည်အောင် ရောင်းရသဖြင့် သူ့အတွက် ပါဆယ်ကို ချက်ချင်း ထုပ်မပေးနိုင် ။ အလှည့်ကျ စောင့်နေရသေး၏ ။ ခေါက်ဆွဲကြော်ကို စောင့်နေတုန်း သူ့ခါးကို တစ်စုံတစ်ယောက်က လာတို့သဖြင့် လှည့်ကြည့်လိုက်သည် ။ အရူးမဒေါ်သိန်းကြည် ဖြစ်နေတာ တွေ့ရ၏ ။

“ ဟဲ့ ကောင်လေး ၊ ငါ ဗိုက်ဆာလို့ ခေါက်ဆွဲကြော် နှစ်ရာတန် တစ်ပွဲလောက် ဝယ်ကျွေးစမ်းပါ ”

ဒေါ်သိန်းကြည်၏ စကားကို သူ ချက်ချင်း မတုံ့ပြန်နိုင် ။ ထူးဆန်းသလို ခံစားလိုက်ရပြီး မှင်တက်နေမိ၍ ဖြစ်သည် ။ ဒါကလည်း အကြောင်းရှိ၏ ။ ဒေါ်သိန်းကြည်၏ စရိုက်ကို တီးမိခေါက်မိ ရှိထား၍သာ ဖြစ်သည် ။ ဒေါ်သိန်းကြည်က ရူးနေသည် ဆိုပေမဲ့ သွက် သွက်ခါအောင် ရူးနေသူ မဟုတ် ။ အမှိုက်ကောက်၍ ကိုယ့်ဝမ်းကိုယ်ကျောင်းတတ်သည် ။ ဘယ်သူ တစ်ဦးတစ် ယောက်ဆီကမှ ပိုက်ဆံ တောင်းတာမျိုး ၊ တစ်ခုခု ဝယ်ကျွေးခိုင်းတာမျိုး မရှိခဲ့စဖူး ။ အခုကျ ထူးထူးခြားခြား သူ့အား ခေါက်ဆွဲကြော် ဝယ် ကျွေးခိုင်းနေသည် ။

“ ဘာလဲ ... ဝယ် မကျွေးချင်ဘူးလား ။ ပိုက်ဆံလေး နှစ်ရာလောက်နဲ့များ နှမြောနေလိုက်တာ ”

သူ့ဆီက ဘာသံမှ ထွက်မလာတော့ ဒေါ်သိန်းကြည်က စကားနာ ထိုးသည် ။ ဒီတော့မှ သူ သတိ ပြန်ဝင်လာပြီး “ ဝယ်ကျွေးပါ့မယ်ဗျာ ” ဟု ဆိုကာ ဒေါ်သိန်းကြည် အတွက် ခေါက်ဆွဲကြော်တစ်ပွဲ မှာပေးလိုက်၏ ။ အံ့အားသင့်သည့် စိတ်ခံစားမှုကတော့ အိမ်ကို ရောက်သည်အထိ ပျောက်မသွားသေး ။

••••• ••••• •••••

နောက်ရက်ကျတော့ ဦးဘမင်း သူ့ဆီကို ရောက်လာသည် ။ ဦးဘမင်း ရောက်လာချိန်မှာ သူက မနက်စာ ထမင်းကြမ်း စားနေတုန်းဖြစ်၏ ။ သူက ဦးဘမင်းကို စူးစမ်းဟန်နှင့် တစ်ချက် ကြည့်ပြီး -

“ ဘယ်က လှည့်လာတာလဲ ဦးလေး ။ ထမင်းစားပါဦး ”

“ မင်းဆီကိုပဲ တမင် ထွက်လာခဲ့တာ ။ မနေ့က ကိစ္စအတွက်လေ ။ အဲဒီ ဝယ်လက်ကို ပြန်ခေါ်လို့ ရတယ် မဟုတ်လား ”

“ ရတာပေါ့ ဦးလေးရဲ့ ။ ကျွန်တော် အခုပဲ ဖုန်းဆက်ပြီး ‘ စိမ်းဝါ ’ ကို ချိန်းလိုက်ပါ့မယ် ”

သူက ဝမ်းသာအားရနှင့် ပြန်ပြောလိုက်သည် ။ ဦးဘမင်း ဘာလို့ စိတ်ပြောင်းသွားတာလဲ ။ မထင်မှတ်တဲ့ ငွေရေးကြေးရေး အခက်အခဲ ပေါ်လာလို့လား ။ ဒါမှမဟုတ် တခြား ဘာအကြောင်းတွေ ရှိလို့ အရောင်းအဝယ် ကိစ္စကို စကားပြန်စ,လာသည် ဆိုတာကို သူ မသိ ။ သူ သိတာကတော့ မထင်မှတ်ဘဲ ရေပေါ် ပြန်ပေါ်လာသည့် ကျောက်ခဲကို ရေအောက် ပြန်ရောက် မသွားခင် အမိအရ ဆယ်ယူနိုင်ဖို့ လိုသည်ဆိုတာပင် ။ ထို့ကြောင့် ထမင်းကို တောင် ပြီးအောင် ဆက်မစား တော့ဘဲ ဝယ်လက်ကို လှမ်း ချိတ်ကာ ဦးဘမင်းနှ င့်အတူ ‘ စိမ်းဝါ ’ ကို ထွက်လာခဲ့၏ ။

ဝယ်လက်ရောက်လာတော့ ဈေးစကား ထွေထွေထူးထူး ညှိနှိုင်း ပြောဆိုတာမျိုး မလုပ်ကြ ။ မနေ့က ပြောထားပြီးသားမို့ စာချုပ်,ချုပ်ဖို့ ကိစ္စကိုသာ အသေးစိတ် ပြောဆိုကြသည် ။ သူက အသင့် ဆောင်ထားသော အရောင်းအဝယ်စာချုပ်မှာ လိုအပ်သည့် အချက်အလက်တွေကို ဖြည့်စွက်ရေးသားသည် ။ ထို့နောက် ရပ်ကွက်ရုံးကို သွားကာ စာချုပ် ချုပ်ကြ၏ ။ ရုံးက အပြန် သူ့စိတ်တွေက ပေါ့ပါးလန်းဆန်းလျက် ။ ပျက်ပြီ ဟု ထင်ထားခဲ့သော ပွဲက တစ်ရက် မပြည့်ခင်မှာပဲ ပြန်လည် အဆင်ပြေ သွားတာကိုလည်း မယုံနိုင်သလိုလို ဖြစ်နေမိသည် ။ သို့ပေမဲ့ ဒါက အိပ်မက်တစ်ခု မဟုတ်မှန်း သူ သေချာသိ၏ ။ သူ့ လွယ်အိတ် ထဲတွင် ပါလာသော ပွဲခတွေက အိပ်မက်မဟုတ်ကြောင်း သက်သေထူနေသည် မဟုတ်လား ။

အဲဒီနောက်ပိုင်း တစ်လကျော်လောက် အထိ သူ အလုပ်မဖြစ် ။ အိမ်ခြံမြေ ဈေးကွက်က အေးနေတာ မဟုတ်ဘဲနှင့် သူ့အတွက် ကွက်ပြီး ဈေးကွက် ပျက်သလို ဖြစ်နေသည် ။ ဦးဘမင်း အိမ်ပွဲတည့်တုန်းက စို့စို့ပို့ပို့လေး ရထား၍သာ တော်တော့၏ ။ မဟုတ်လျှင် သူ့ကိုသာ လုံးဝ အားကိုးနေရသည့် မိသားစု စားဝတ်နေရေးက ကျပ်တည်းမှုနှင့် ကြုံရမှာမလွဲ ။ အခုတောင်မှ အိမ်အသုံးစရိတ်က ပြတ်စပြုနေပြီ ။ ဒါကို တွေးမိတော့ သူ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည် ။ အေးစက်စက် ရေနွေးကြမ်းခွက်ကို ယူ၍ မော့သောက်မည် အပြုတွင် သူ့မိန်းမထံမှ ဖုန်းဝင်လာ၏ ။

“ အေး … မိန်းမ ၊ ပြော

“ ကိုလှ... အိမ်ကို ပြန် လာခဲ့ပါဦး ။ ဒီမှာ အိမ်ကြည့်ချင်တဲ့သူတစ်ယောက် ရောက်နေလို့ ”

“ ဟုတ်လား ။ ငါ အခု ထွက် လာပြီ ၊ ခဏ စောင့်ခိုင်းထားလိုက် ”

သူက လက်ဖက်ရည်ဖိုးကို ခွက်အောက်မှာ ဖိထားခဲ့ပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည် ။ စက်ဘီးကို သော့ဖွင့်ကာ အိမ်ကိုပြန်နင်းလာရင်း ဘယ်လိုပုံစံမျိုးနှင့်ပဲဖြစ်ဖြစ် ပွဲတည့်စေဖို့ ဆုတောင်းနေမိ၏ ။ ဖက်တီးမ ဆိုင်နား အရောက် ကွမ်းဝင်ထုပ်သည် ။ ကွမ်းထုပ်ရင်း ဖက်တီးမဆိုင်နှင့် မလှမ်းမကမ်းတွင် ဒေါ်သိန်းကြည်ကို တွေ့လိုက်ရတော့ ခေါက်ဆွဲကြော် ဝယ်စားရန် နှစ်ရာတန်တစ်ရွက် ထုတ်ပေးဖြစ်ခဲ့သေးသည် ။

သူ့ဆုတောင်းက ပြည့်ဝသည် ဟုပဲ ဆိုရမည်ထင့် ။ ရှားရှားပါးပါး ရောက်လာသည့် ပွဲက တည့်သွားသည် ။ အဝယ် မဟုတ်ဘဲ အငှားသာ ဖြစ်သဖြင့် များများစားစား မရပေမဲ့ အသက်ရှူတော့ အနည်းငယ် ချောင်သွားစေတာအမှန် ။ ဒီပွဲက သူ့လာဘ်ကို ပြန်ဖွင့်လိုက်သလို ဖြစ်သွားစေသည်ဟု ပြောရမည် ။ နောက် ဆယ်ရက်ခန့် အကြာမှာ သူကိုင်ထားသော ဝိုင်းကွက်တစ်ကွက် ရောင်းထွက်သွားပြန်၏ ။ ပွဲခငွေကို ရေတွက်ရင်း သူ သတိရမိလိုက်တာ တစ်ခုရှိသည် ။ ပွဲမဆိုင်ခင် နေ့က ဒေါ်သိန်းကြည်အား ခေါက်ဆွဲကြော် ဝယ်ကျွေးဖြစ်ခဲ့သေးသည် ဆိုတာပင် ဖြစ်၏ ။ တကူးတက ဝယ်ကျွေးဖြစ်ခဲ့တာမျိုးတော့ မဟုတ် ။ သူ ခေါက်ဆွဲကြော်ဆိုင်ရှေ့က အဖြတ် ဒေါ်သိန်းကြည်က သူ့ကို ခေါက်ဆွဲကြော် ဝယ်ကျွေး ခိုင်း၍ ကျွေးခဲ့ခြင်းသာဖြစ်သည် ။

ပထမနှစ်ကြိမ်တုန်း ကတော့ သူ ဘယ်လို အတွေးမျိုးမှ မဝင်ခဲ့ ။ အမှုမဲ့အမှတ်မဲ့သာ ရှိခဲ့၏ ။ အခုကျတော့ အဲဒီလို မဟုတ် ။ ဘယ်သူ့ဆီကမှ ဘာတစ်ခုမှ တောင်းဆိုခဲ့ဖူးခြင်း မရှိသော ဒေါ်သိန်းကြည်က သူ့ကို ဘာလို့ ခေါက်ဆွဲကြော် ဝယ်ကျွေးခိုင်းတာလဲ ။ ဒေါ်သိန်းကြည်ကို ခေါက်ဆွဲကြော် ဝယ်ကျွေးတာနဲ့ သူ့လုပ်ငန်းက ဘာလို့ အဆင်ပြေရတာလဲ ။ တစ်ခါ , နှစ်ခါ မဟုတ်ဘဲ သုံးခါကြီးများတောင် ဆိုတော့ တိုက်ဆိုင်မှု သက်သက်လို့ သတ်မှတ်လို့ ရနိုင်ပါ့မလား ။ သူနဲ့ ဒေါ်သိန်းကြည် ကြားမှာ မမြင်နိုင်တဲ့ ကံကြမ္မာ ဆက်စပ်မှု တစ်ခု ရှိနေပြီး အခုကျမှ အကျိုးပေးလာတာများလား ။ စဉ်းစားရင်း သူ့ရင်ထဲကို ယုံကြည်မှု တစ်ခုက အမြစ် တွယ်လာ၏ ။

သူက စမ်းသပ်ချက် တစ်ခု ပြုလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။ သူ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သော စမ်းသပ်ချက်က အခြားတော့ မဟုတ် ။ ဝယ်လက်နှင့် တွေ့၍ နောက်ဆုံး ဈေးစကားပြောချိန် မတိုင်ခင် ဒေါ်သိန်းကြည် အား ခေါက်ဆွဲကြော်ဝယ် ကျွေးကြည့်ဖို့ဖြစ်သည် ။ တစ်လနီးပါး အကြာမှာ သူ့ စမ်းသပ်ချက်ကို အကောင်အထည် ဖော်ခွင့်ကြုံ၏ ။ လုပ်ငန်းက ချောချောမွေ့မွေ့ ပြီးစီးသွားတာ တွေ့ရသည် ။ နောက် တစ်ခါ ထပ်စမ်းကြည့်ပြန်တော့လည်း အလားတူ ရလဒ် ထွက်လာ၏ ။ ဒီမှာတင်ပဲ ဒေါ်သိန်းကြည်အား ခေါက်ဆွဲကြော် ဝယ်ကျွေးလျှင် သူ့ အလုပ်က သေချာပေါက်ဖြစ် သည်ဆိုသော ယုံကြည်ချက်က ပိုမိုကြီးထွားကာ ခိုင်မာ အားကောင်းလာခဲ့လေသည် ။

••••• ••••• •••••

ဒီနေ့လည်း ဝိုင်းကွက် တစ်ကွက် အတွက် နောက်ဆုံး ဈေးစကား ပြောဖို့ ချိန်းထား တာရှိသည် ။ ခါတိုင်း ဝိုင်း ကွက်တွေတုန်းကလို ရာပိုင်း မျှသာ တန်ကြေးရှိသော ဝိုင်း ကွက်မျိုး မဟုတ် ။ သိန်းလေးထောင်နှင့် လေးထောင့်ငါးရာ ကြားတွင် ရှိသဖြင့် ပွဲတည့်လျှင် သူ့အတွက် ရာပိုင်းခန့် ပွဲခ ရနိုင်၏ ။ ဒီလိုပွဲမျိုး ကြုံရဖို့ဆိုတာ သူလို မဖြစ်ညစ်ကျယ် ပွဲစားတစ်ယောက် အတွက် မလွယ် ။ ကြုံတောင့် ကြုံခဲ အခွင့်အရေးကြီး တစ်ခု ဟု ပြောလျှင်တောင် ရသည် ။ ထို့ကြောင့်လည်း ဒေါ်သိန်း ကြည်ကို ဒေါင်းတောက် အောင် လိုက်ရှာနေခြင်းဖြစ်၏ ။ ဒီတစ်ခါ နှစ်ရာတန် မဟုတ်ဘဲ စားသောက်ဆိုင်က ထောင့်ငါးရာတန် ခေါက်ဆွဲကြော် ဝယ်ကျွေးဖို့အထိ စဉ်းစားထားသည် ။

အလျင်လို အနှေးဖြစ် ဆိုတာ သူ အခုမှ ကောင်းကောင်းကြီး နားလည်သဘောပေါက်မိ၏ ။ ‘ စိမ်းဝါ ’ မှာ ချိန်းထားချိန်က နီးကပ်နေပြီ ။ ဒေါ်သိန်းကြည်ကို ခုထိ ရှာလို့ မတွေ့သေး ။ ဒီနေ့ကျမှများ ဘယ်တွေ ခြေရှည်နေသည် မသိသော ဒေါ်သိန်းကြည် ကြောင့် သူ့တစ်ကိုယ်လုံး ချွေးတို့ ရွှဲနစ်လျက် ။ အမှန်တော့ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုး သည် ။ ဒေါ်သိန်းကြည် ကိုမှ အချိန်မီ ရှာမတွေ့လျှင် ဘဝ ပျက်သွားတော့မတတ် သူ စိုးရိမ်ပူပန်နေမိ၏ ။

ဒေါ်သိန်းကြည် ကို လိုက်ရှာရင်း ‘ ကောင်းရသာ ’ စားသောက်ဆိုင်ဘက်ကို ရောက်လာ၏ ။ တစ်လက်စတည်း ကိစ္စပြတ်သွားအောင် ခေါက်ဆွဲကြော်တစ်ပွဲ ပါဆယ် ဝင်ထုပ်လိုက်သည် ။ ဒါကပင် သူ့အတွက် ကံကောင်းသွားသည်ဟု ပြောရမည် ။ ‘ ကောင်းရသာ ’ နှင့် မနီးမဝေးတွင် ရှိသော ပုလင်းခွံအိတ်ခွံ ဒိုင် အိမ်ရှေ့တွင် ဒေါ်သိန်း ကြည်ကို လှမ်းမြင်လိုက်ရ၍ပင် ။ ဒေါ်သိန်းကြည်က ဒိုင် ဆီမှာ ရေသန့်ဘူးခွံနှင့် တိုလီမုတ်စများ လာသွင်းနေခြင်း ဖြစ်၏ ။ ခေါက်ဆွဲကြော် စောင့်ရင်း သူ ကြည့်နေတုန်းမှာပဲ ဒိုင်လုပ်သူက ဒေါ်သိန်းကြည် အား ပိုက်ဆံရှင်းပေးတာ တွေ့ရသည် ။ ဒေါ်သိန်းကြည် ပြန်လည်ထွက်ခွာသွားတော့မည် ။

“ ဖြောင်း ဖြောင်း ဖြောင်း ။ ဒေါ်သိန်းကြည် ဗျို့ ဒေါ်သိန်းကြည် ။ ခဏလောက် လာခဲ့ပါဦး ”

သူက မရှက်နိုင်အားတော့ဘဲ ဒေါ်သိန်းကြည်အား လက်ခုပ်တီးကာ လှမ်းခေါ် သည် ။ ဒေါ်သိန်းကြည်၏ ခြေလှမ်းတွေ တုံ့ခနဲ ရပ်တန့်သွားသော်လည်း သူ့ဆီကိုတော့ ချက်ချင်း ရွေ့လျား မလာ ။ နေရာမှာပင် ရပ်ကာ သူ့အား လှမ်း၍ အကဲခတ်နေသေး၏ ။ သူက စားသောက်ဆိုင်ကို လက်ညှိုးထိုးပြပြီး လက်ယပ်ခေါ်မှ ခေါင်းညိတ် ပြသည် ။ ဒေါ်သိန်းကြည် သူ့ဆီ လျှောက်လာတာ မြင်တော့ သူ့ရင်ထဲမှ အပူလုံးကြီးက အငွေ့ပြန် ပျောက်ကွယ်သွား၏ ။ လေပူတစ်ချက်ကိုလည်း မှုတ်ထုတ်လိုက်မိ၏ ။

ဒေါ်သိန်းကြည် ရောက်လာပြီး တစ်အောင့် အကြာမှာပင် ခေါက်ဆွဲကြော်လည်း ရ၏ ။ သူက ခေါက်ဆွဲကြော်ထုပ်ကို ဒေါ်သိန်းကြည်အား ပေးပြီး ‘ စိမ်းဝါ ’ ဘက်ကို ဦးတည်လာခဲ့သည် ။ ‘ စိမ်းဝါ ’ မှာ ချိန်းထားသူ နှစ်ဦးစလုံး မရောက်ကြသေး ။ သူက လူလွတ်သည့်ဝိုင်းမှာ ဝင်ထိုင်လိုက်သည် ။ စားပွဲထိုးလေး တစ်ဦးက သူ့အတွက် လက်ဖက်ရည် တစ်ခွက် လာချပေး၏ ။ သူ ဆိုင်ထဲကို ဝင်ထိုင်လိုက်ပြီ ဆိုသည်နှင့် လက်ဖက်ရည် မှာစရာမလိုဘဲ လာချပေး စမြဲ ။ သူက ဖောက်သည်တစ်ယောက် ဆိုတာထက် ပိုနေပြီ ဖြစ်သည် မဟုတ်လား ။

“ ရောက်နေတာ ကြာပြီလား ပွဲစားကြီး ”

“ ဟင့်အင်း ၊ မကြာသေးပါဘူးဗျာ ။ ခုနလေးကမှ ရောက်တာပါ ။ ကိုအရှုပ် လည်း မလာသေးပါဘူး ”

ဝိုင်းကွက်ပိုင်ရှင် ကိုမြင့်ခိုင်၏ အမေးကို သူက ပြန်ဖြေလိုက်သည် ။ ထို့နောက် ကိုမြင့်ခိုင် အတွက် လက်ဖက်ရည် တစ်ခွက် မှာပေး၏ ။ ဝယ် လက်ဖြစ်သူ ကိုအရှုပ်အား စောင့်ရင်း ထွေရာလေးပါး ပြောဆိုဖြစ်ကြသည် ။ စကားကောင်းနေသဖြင့် အချိန်ကို သူ သတိမထားမိ ။ အသိတစ် ယောက်က “ ဘယ်အချိန် ရှိပြီလဲ ” ဟု လာမေးတော့မှ သူ ဖုန်းနာရီကို ကြည့်မိ၏ ။ ချိန်း ထားချိန်ထက် ဆယ့်ငါးမိနစ် ကျော်နေပြီ ။

“ ဘာဖြစ်လို့ နောက်ကျနေတာပါလိမ့် ။ လာမှ လာပါတော့မလား ။ စိတ်ပြောင်းသွားတာတော့ မဖြစ်နိုင်လောက်ပါဘူး ” စသဖြင့် တွေးကာ သူ စိတ်ပူစပြုလာသည် ။ ကိုမြင့်ခိုင် ကလည်း တစ်စုံတစ်ခုကို အတွေးနက်နေပုံပင် ။ ဆေးပေါ့လိပ် မီးခိုးငွေ့များ ပျံ့လွင့်သွားရာကို လိုက်ငေးနေ၏ ။ ဆိုင်ရှေ့ပဲ ထွက်မျှော်ရမှာ လိုလို ၊ ဆက်ပဲ ထိုင်နေရမှာ လိုလိုနှင့် သူ့စိတ်ထဲ မရိုးမရွ ဖြစ်လာသည် ။ ဆေးပေါ့လိပ်ကိုကောက်ယူ၍ မီးညှိဖွာရှိုက်ရန် ဟန်ပြင်၏ ။ ထိုအချိန်မှာပင် ဆိုင်ရှေ့ကို ကားတစ်စီး လာရပ်တာ တွေ့လိုက်ရသည် ။ သူ မျှော်နေသော ကိုအရှုပ် စီးလာသည့်ကားပင် ။ မီးညှိတာကို ပြီးအောင် မလုပ်ဖြစ်တော့ဘဲ ဆေးပေါ့လိပ်ကို စားပွဲပေါ် ပြန်တင်သည် ။ ကိုအရှုပ် က ကားတံခါးကို ဖွင့်၍ ကားပေါ် မှ ဆင်းကာ ဆိုင်အတွင်းကို တစ်ချက် ဝေ့ကြည့်၏ ။ ထို့နောက် သူတို့ ရှိရာဆီ တစ်လှမ်းချင်း လျှောက်လာသည်ကို သူ လှမ်းမြင်ရလေသည် ။

⎕ မော်မော့်မောင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း    
     စက်တင်ဘာ ၊ ၂၀၁၈

Thursday, November 20, 2025

ကောက်စား


 

❝ ကောက်စား ❞
( မော်မော့်မောင် )

၁ ။

ဪ ... မောင်ဇော် ပါလား ။ မင်းအဖေ ဘယ်သွားလဲဟ ။ ကိစ္စ အထွေအထူးရှိလို့ မဟုတ်ပါဘူးကွာ ။ လမ်းလည်း ကြုံ ၊ မရောက်တာလည်း ကြာလို့ ဝင်လာတာပါ ။ ဒါနဲ့ မင်း အိန္ဒိယမှာ အလုပ် သွားလုပ်နေတာဆို ။ ဘယ်တုန်းက ပြန်ရောက်တာလဲ ။ ကြာတော့ မကြာလောက် သေးဘူး ထင်တာပဲ ။ ပြီးခဲ့တဲ့ လက ငါဒီကို ရောက်သေးတယ် ။ အဲဒီတုန်းက မင်း မရှိပေါင် ။ ခဏ ထိုင်ဦးမယ်ကွာ ။ မင်းလည်း ထိုင်ပါဦး ။ စကားလေး ဘာလေး ပြောရအောင် ။ စပ်စုတယ် လို့တော့ မထင်နဲ့ကွာ ။ အိန္ဒိယမှာ မင်းက ဘာအလုပ် သွားလုပ်တာလဲ ။ အခုလို မေးတာကလည်း တခြားကြောင့် မဟုတ်ဘူးဟေ့ ၊ နည်းနည်း ထူးဆန်းနေသလားလို့ပါ ။ ငါ သိသလောက် နိုင်ငံရပ်ခြားကို အလုပ် သွားလုပ်ကြသူ အများစု သွားတတ်တဲ့ နိုင်ငံမဟုတ်လို့ မေးကြည့်တာ ။ ထိုင်း ၊ မလေးရှား ၊ ကိုရီး ယား ၊ စင်ကာပူ ၊ ဂျပန် ဆိုတဲ့ နိုင်ငံတွေကို သွားကြသူတွေပဲ များတာလေ ။ မင်းကျမှ အိန္ဒိယသွားအလုပ် လုပ်ရတယ်လို့ ။ အဲဒီမှာ ဘာအလုပ် လုပ်ရတာလဲကွ ။ ဘာ ... ခေါင်းပုံဖြတ်တဲ့အလုပ် ဟုတ်လား ။ မကြားဖူးပါဘူးကွာ ။ ငါက အဘိုးကြီးစာရင်း ဝင်နေပြီဟ ။ ခေတ်စကားတွေ သိပ်လိုက်မမီချင်တော့ဘူး ။ ဆိုတော့ ရှင်းရှင်းလင်းလင်းနဲ့ ငါနားလည်အောင် ပြောစမ်းပါ ။ ခေါင်းပုံဖြတ်တဲ့အလုပ်က ဘာအလုပ်လဲ ဆိုတာ ။ ဪ ... ဆံပင်တွေ ဝယ်တဲ့ အလုပ်ကို ပြောတာကိုး ။

အင်း ... မင်းပြောတာလည်း ဟုတ်တော့ အဟုတ်သားပဲ ။ ခေါင်းပေါ်က ဆံပင်တွေ ဝယ်တဲ့ အလုပ်မို့ ခေါင်းပုံဖြတ်တဲ့ အလုပ်တဲ့ ။ အခေါ် အဝေါ်လေးတော့ သဘောကျသကွာ ။ ဒါနဲ့ နေစမ်းပါဦး ။ အဲဒီက ဆံပင်တွေ ဝယ်ပြီး ဘယ်ကို တစ်ဆင့် ပြန်ရောင်းတာတုံး ။ မြန်မာနိုင်ငံ ဈေးကွက်တော့ ဟုတ်မယ် မထင်ဘူး ။ ငါတို့ဆီမှာ ဆံပင်တွေ သုံးပြီး ပစ္စည်းတစ်ခုခု ထုတ်လုပ်တဲ့ စက်ရုံ ဒါမှမဟုတ် လုပ်ငန်းမျိုး ရှိမှ မရှိဘဲ ။ ရှိတယ် ဆိုရင်လည်း ကိုယ့်ထက် လူဦးရေ အဆမတန်များတဲ့ နိုင်ငံဆီ ကနေ ကုန်ကြမ်းဝယ်ပြီး လုပ်ရလောက်အောင် ကြီးမားတဲ့ အလုပ်ရုံမျိုး မရှိတာ သေချာတယ် ။ ဟော ... ပြောပြန်ပြီ ။ ငါ နားမလည်ပါဘူးဆိုတဲ့ စကား ။ ဘာတွေလဲ ။ အင်အားကြီး နိုင်ငံနှစ်ခုကို အမှီပြုပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားမယ် ဆိုတာ အိန္ဒိယက ဆံပင်တွေကို ဝယ်ပြီး တရုတ်နိုင်ငံမှာ ပြန်ရောင်းတာ ဟုတ်လား ။ ဒါဆို ဈေးကွက်က တော်တော်ကြီးမှာပေါ့ ။

တရုတ်နိုင်ငံ ကိုကျ ဘယ်လိုပို့တုံး ။ မြန်မာနိုင်ငံက တစ်ဆင့် ပို့တယ်ဆိုတာက လွဲပြီး ဘယ်လိုပို့တုံး မသိဘူး ဟုတ်လား ။ ကောင်းကွာ ။ ကိုယ် စီးတဲ့မြင်း အထီးမှန်း အမမှန်း သေချာ မသိဘူးရယ်လို့ ။ အေးလေ ... မင်း ပြောတာလည်း မှန်ပါတယ် ။ လုပ်ငန်းခွင်က အကျယ်ကြီး ဆိုတော့ ကိုယ့်အပိုင်းနဲ့ ပတ် သက်တာက လွဲရင် ကျန်တာ တွေကို ဘယ်လိုလုပ် အသေးစိတ် သိနိုင်ပါ့မလဲ ။ မင်းက အလုပ်ရှင်မှ မဟုတ်ဘဲ ။ မင်း ပြောတာ ငါ လက်ခံပါတယ် ။ အိန္ဒိယကနေ မြန်မာနိုင်ငံကိုကျ ဘယ်လို ပို့တုံးဟ ။ အဲဒါကိုတော့ မင်း သိလောက်မယ် ထင်ပါတယ် ။ မင်း ကိုယ်တိုင် ဝင်ပါရတဲ့ အပိုင်းပဲလေ ။ ဪ ... ရထားနဲ့ တန်ဆာ လုပ်ပြီး ကလေး ၊ တမူးကို ပို့တာပေါ့လေ ။ ဒီရောက်တော့ ရော ဘာတွေ ထပ်လုပ်ရသေးလဲ ။

ငါ သိချင်တာက အိန္ဒိယက ဝယ်ပို့လိုက်တဲ့ အတိုင်းပဲ တရုတ်နိုင်ငံကို လက်လွှဲ ထပ်ပို့တာလား ။ ဒါမှမဟုတ် ကြားထဲမှာ တခြားလုပ်ငန်းစဉ် တစ်ခုခု ရှိ,မရှိ ။ ရှိသေးတယ် ဆိုရင် ဘာလုပ်ရသေးတာလဲ ဆိုတာ ။ ဆံပင်တွေကို ပြန်ရှင်းလင်းသန့်စင်တဲ့ အချောထည်လုပ်ငန်းကျ ဒီမှာလုပ်တာကိုး ။ အလုပ်သမားတွေတော့ အများကြီး လိုမှာပဲနော် ။ လုပ်ငန်းနယ်ပယ်က အကျယ်ကြီး ဆိုတော့လေ ။ တရုတ်တွေကရော ဆံပင်တွေ အဲဒီလောက် အများကြီးကို ဘယ်နေရာမှာ သုံးတာလဲ ။ အဲဒါလည်း မင်း မသိဘူးပေါ့ ။ အင်း ... အင်း ... ထားလိုက်ပါတော့ ။

မင်းက အဲဒီမှာ ဘာလုပ်ရတာတုံး ။ ဒီက ဆံပင် ဝယ်သူတွေလို အရပ်ထဲ လှည့်ပြီး ဆံပင်ကျွတ်တွေ လိုက်ဝယ်ရတာလား ။ ဘယ်လို ... ဒီမှာလို ခြေတိုအောင် လျှောက်ပတ်ပြီး လိုက်ဝယ် နေစရာ မလိုဘူး ။ ဆံပင်ဝယ်တဲ့ ဒိုင်ကြီးတွေက လှမ်းခေါ်ချိန် ကျမှ သူတို့ဆီ ကားနဲ့ သွားပြီး သူတို့ လက်လီ ဝယ်စုထားတာတွေကို ကိုယ်က ဂရိတ်ခွဲ ၊ ဈေးဖြတ်ပြီး ပြန်ဝယ်ရုံပဲ ဟုတ်လား ။ ပစ္စည်းထည့်တာ ၊ ချိန်တာတွယ်တာ ၊ အိတ်ချုပ်တာနဲ့ ဘူတာရုံ ရောက်တဲ့အထိ သူ့အလုပ်သမားနဲ့ သူ ဆိုတော့ ဘာမှ ပင်ပင်ပန်းပန်း မလုပ်ရ ဘူးပေါ့  ။

အဲဒါတွေအတွက် ကီလို ငါးဆယ်ဝင် အိတ်တစ်လုံးကို ရူပီးတစ်ရာ ပေးရတယ် လား ။ ဘာပဲဖြစ်ဖြစ် တန်ပါတယ်ကွာ ။ သူများ နိုင်ငံမှာ သွားလုပ်ရတယ် ဆိုပေမဲ့ အလုပ်သမား သဘောမျိုးမှ မဟုတ်တာ ။ သူတို့ကို ပြန်ခိုင်းရတဲ့ အလုပ်ရှင်ပုံစံဆို တော့ မင်းအလုပ်က အနိပ် သားပဲဟ ။ ဒါနဲ့ နေပါဦး ။ မင်းက ဘာဖြစ်လို့ ပြန်လာတာတုံး ။ ဟိုမှာ အဆင်မပြေလို့လား ။ ဪ ... ဗီဇာသက်တမ်း ကုန်သွားလို့ကိုး ။ သက်တမ်း ထပ်တိုးပြီးရင် ပြန်သွားမယ် ဆိုပါတော့ ။ ဟင် ... မသွားတော့ဘူး ၊ ဘာဖြစ်လို့တုံးဟ ။ မင်းပြောတော့ အိပ်ချိန် ၊ စားချိန် မမှန်တာက လွဲရင် လခလည်း ကောင်း ၊ အဆင်လည်း ပြေတယ်ဆို ။ ကိုယ့်မှာ နောက်ဆံတင်းစရာ သားမယားလည်း မရှိတုန်း ထပ်သွားပေါ့ ။ ဒီလို အလုပ်မျိုး ရဖို့ ဆိုတာ လွယ်မှတ်လို့ ။ မင်းနေရာမှာ ငါသာ ဆိုရင် ပြန်သွားမှာပဲ ။ ဟင် ... အဲဒီလိုကိုး ။ အေးလေ ၊ ကျန်းမာရေး အခြေအနေကြောင့် ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ နော့ ။

••••• ••••• •••••

၂ ။

ကြည့်စမ်း ၊ အခုမှ သတိထားမိတယ် ။ မင်း လက်ထဲမှာ ကိုင်ထားတာ ဘောလုံးဂျာနယ်ပဲ ။ မင်းလည်း ဘောလုံး ဝါသနာပါ တယ်ပေါ့ ။ မဟုတ်ဘူးကွ ။ မင်း မှားနေပြီ ။ ယောက်ျားလေးတိုင်း ဘောလုံးဝါသနာ မပါကြဘူးရယ် ။ တချို့ဆို ကန်ဖို့ မပြောနဲ့ ကြည့်ဖို့တောင် ဝါသနာ မပါတာ ။ တကယ်ဝါသနာ မပါဘဲ လောင်းလို့ ကြည့်တဲ့ လောင်းကစား ဝါသနာရှင်တွေ ဆိုတာလည်း ဒုနဲ့ဒေး ။ မင်း ကရော လောင်းကစား ဝါသနာရှင်လား ၊ အားကစား ဝါသနာရှင်လား ။ မန်ယူ ၊ လီဗာပူး ၊ ချဲလ်ဆီး ၊ မက်ဒရစ် ၊ ဘာကာ ၊ ဘိုင်ယန် ၊ ဒေါ့မွန် ဘယ်အသင်းကို အားပေးတာလဲ ။ ဘာ ... မင်းမှာ အသင်းစွဲ မရှိဘူး ။ ကောင်းမယ်ထင်တဲ့ ပွဲဆို အသင်းငယ်အချင်းချင်း ကန်လည်း ကြည့်တာပဲ ဟုတ်လား ။ ဒါဆို မင်းက ဘောလုံးပွဲကို ကြည့်ရုံ သက်သက်ပဲ ဝါသနာပါတဲ့ အားကစား ဝါသနာရှင် စစ်စစ်ပါ့ ။ အတော် ပဲ ။ အသင်းစွဲ မရှိတဲ့ မင်းနဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ ဝေါ ဟာရလေး တစ်ခုအကြောင်း ဆွေးနွေးရဦးမယ် ။ တခြား မဟုတ်ပါဘူးကွာ ။ “ ကောက် စား ” ဆိုတဲ့ အခေါ်အဝေါ်နဲ့ပတ်သက်ပြီးတော့ မင်း အမြင်လေးကို သိချင်တာပါ ။

မင်းလည်း သိတဲ့အတိုင်းပဲ ။ “ ကောက်စား ” ဆိုတဲ့ ဝေါဟာရကို ဘယ်လို အဓိပ္ပာယ်မျိုးနဲ့ ခေါ်ဝေါ်သုံးစွဲကြသလဲ ဆိုတာကိုလေ ။ အပေါ်ယံလျှပ်ပြီး ပြောရမယ်ဆိုရင် သူများ ဖန်တီးပေးတဲ့ ဘောလုံးကို အဆင်သင့် စောင့် ဆိုင်းပြီး ဂိုးအဖြစ် ပြောင်းလဲတတ်သူပေါ့ ။ ဒါပေမဲ့ အဲဒီနောက်မှာ အနုတ် လက္ခဏာဆန်တဲ့ သဘောထား အမြင်တွေ ပါနေတယ်ကွ ။ ကိုယ်ပိုင် အရည်အချင်း မရှိဘဲ သူများ ဖန်တီးပေးမှ ဂိုးသွင်းတတ်သူ ၊ အခွင့်အရေးကို ရဖို့ အကွက်ချောင်းနေသူ ... အဲဒီလို အဓိပ္ပာယ်မျိုးတွေ ကပ်ပါနေတာ အသေအချာပဲ ။ အထင်သေးရိပ် မကင်းတဲ့ ချီးကျူးမှုလို ပြောရင်ရမယ် ထင်တယ် ။ ငါ ပြောတာကို မင်း လက်ခံရဲ့လား ။ အေး ... “ ကောက်စား ” ဆိုတာနဲ့ ပတ်သက်ပြီး ငါ မကျေနပ်တာလည်း အဲဒါပဲ ။ တကယ်ဆို “ ကောက်စား ” တစ်ယောက် ဖြစ်ဖို့ဆိုတာ တော်ရုံ အရည်အချင်းနဲ့ မဖြစ်နိုင်ဘူးကွ ။

ဒီလိုပြောလို့ ငါ့ဆွေမျိုး သားချင်းတွေထဲမှာ ဘောလုံးသမား ရှိတယ်လို့ မထင်နဲ့ဦးနော် ။ တစ်ယောက်တလေမှ မရှိဘူးရယ် ။ “ ကောက်စား ” ကိစ္စကို ပြန်ဆက်ရအောင် ။ ခုနက ပြောခဲ့သလိုပေါ့ကွာ ၊ “ ကောက်စား ” ဆိုတာကို အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်မျိုးနဲ့ မြင်တာကို ငါ လက်မခံချင်ဘူး ။ သူများရဲ့ ဖန်တီးပေးပို့မှုနဲ့ မပင်မပန်းဘဲ ဂိုးသွင်းဘုရင်ဆု ရတယ် ဆိုဦးတော့လေ ၊ သူ့မှာ အချောင်သမား ဆိုတာထက် ပိုတဲ့ အရည်အချင်းတွေ အများကြီး ရှိတယ် ။ အဲဒါကို ငါ့ ကိုယ်တွေ့ အဖြစ်အပျက် တစ်ခုနဲ့ ယှဉ်ပြီး ပြောပြမယ် ။

ငါ့ ကိုယ်တွေ့က ဘောလုံးလောက အတွေ့အကြုံတော့ မဟုတ်ဘူးပေါ့ကွာ ။ ကျောက်ပွဲစား လုပ်တုန်းက ငါကိုယ်တိုင် လှုပ်ရှားခဲ့တဲ့ ခွင်တစ်ခွင်အကြောင်းပါ ။ နယ်ပယ်ချင်း မတူပေမဲ့ အခြေခံ သဘောတရားချင်း ကတော့ တူနေတယ်လို့ ငါ ထင်တယ်လေ ။

အဲဒီနေ့က ကျောက်ဝိုင်းကို ထွက်လာတော့ ငါ့လက်ထဲမှာ အပွင့်ငါးပွင့် ပါလာတယ် ။ ကိုထွန်းမြင့် က အိမ်ကို လာပေးသွားပြီး ပွဲတိုက်ခိုင်းထားတဲ့ အပွင့်တွေ ။ သူ့ပစ္စည်းတွေက အရည်ကောင်း အရွယ်ညီတွေချည်းပဲ ။ သူ လိုချင်တဲ့ ဈေးနဲ့ဆို နေ့မကူးဘဲ အရောင်းအဝယ် ဖြစ်မယ့်ပစ္စည်းမျိုး ။ ပစ္စည်းကောင်း ကိုင်ပြီး ပွဲတိုက် ရတာမို့ ငါလည်း အားရှိတာပေါ့ကွာ ။ ဝိုင်းထဲကိုရောက်တော့ ငါ အရင်ဆုံးသွားတဲ့ နေရာက “ စိန်ဝင်းဝင်း ” လက်ဖက်ရည်ဆိုင်ပဲ ။

လက်ဖက်ရည် သောက်ဖို့ သက်သက် သွားတာ မဟုတ်ဘူး ၊ ကိုကျော်နိုင့် ကို ရှာဖို့သွားတာ ။ သူ့ကို ပစ္စည်းတွေပြဖို့ စိတ်ကူးထားတာမို့ သူ ထိုင်တတ်တဲ့ လက်ဖက်ရည်ဆိုင်မှာ သွားရှာတာလေ ။ ကံကောင်းချင်တော့ သူနဲ့ တန်းတိုးပါလေရော ။ ငါက သူ့ကို ပစ္စည်းထုတ်ပြလိုက်တော့ သူက ကြိုက်တယ်တဲ့ ။ မကြိုက်ဘဲ နေမလားကွာ ။ ကိုကျော်နိုင် မှ မဟုတ်ဘူး ၊ ဘယ်ဝယ်လက်ကို သွားပြပြ ကြိုက်မယ့် ပစ္စည်းမျိုးဥစ္စာ ။ ဒါနဲ့ ဈေးစကား ပြောကြရော ဆိုပါတော့ ။

ငါက ကိုထွန်းမြင့် ရောင်းခိုင်းတဲ့ ဈေးထက် ရှစ်ထောင် ပိုပြောလိုက်တယ် ။ အောင်မာ ... ရှစ်ထောင် ဆိုလို့ မင်းက ရယ်တယ်ပေါ့ ။ မရယ်နဲ့ကွ ။ အဲဒီအချိန်တုန်းက ရှစ်ထောင် ဆိုတာ အခု ခေတ် သိန်းဂဏန်းနဲ့ တန်ဖိုးချင်း ညီမျှတယ် ။ ဈေးပို ပြောလိုက်တဲ့ အကြောင်းလား ။ ရှင်းရှင်းလေးပါကွာ ။ ပွဲခ အပြင် ပွဲညွန့်ပါ လိုချင်လို့ပေါ့ ။ အဲဒါမျိုးက ငါ တစ်ယောက်တည်းမှ လုပ်တာမျိုး မဟုတ်ဘူး ။ ကိုယ့်ကို ဝကွက် အပ်ထားရင် ပွဲစားတိုင်းနီးပါး လုပ်တတ်ကြတာချည်းပဲ ။ ဒါက လိမ်တာ မဟုတ်ဘူးနော် ။ ကိုယ့် ရပိုင်ခွင့်ကို ကိုယ် လုပ်ယူတာလို့ ပြောမှ မှန်မယ် ။ ပွဲညွန့် ဆိုတာလည်း အမြဲတမ်း မရပါဘူး ။ ကိုယ် ကိုင်ထားတဲ့ ပစ္စည်းက ညံ့နေရင် လိုချင်တဲ့ ဈေးရအောင် အာပေါက် မတတ်ပြောပြီး ထုတ်ရတာကလား ။ ထားပါ ။ ခုနက စကားကိုပဲ ဆက်ပြောမယ် ။

ကိုကျော်နိုင် က ပစ္စည်းကို ကြိုက်ပေမဲ့ ဈေးကို ကျတော့ မကြိုက်ဘူးတဲ့ ။ ကိုထွန်းမြင့် ရောင်းခိုင်းတဲ့ ဈေးအထိ ကွက်တိ ဆင်းခိုင်းတယ် ။ သူ ဈေးဆစ်ပုံက ကိုထွန်းမြင့် ရောင်းခိုင်းတဲ့ ဈေးတန်းကို ကြိုသိထားတဲ့ ပုံစံမျိုး ။ အမှန်က အဲသလို မဟုတ်ဘူးရယ် ။ ကျောက်လုပ်စားလာတာ ဝါရင့်နေပြီမို့ သူ့အတွက် အမြတ်များများ ကျန်နိုင်မယ့် ဈေးတန်းကို အောက်ဆုံးထိ နှိုက်လိုက်တာ ။ ဒါပေမဲ့ ငါက သူ ဆွဲချသလောက် မဆင်း ပေးဘဲ သုံးထောင်ပဲ လျှော့ ပေးနိုင်မယ်လို့ ပြောလိုက် တယ် ။ သူ တအား ကြိုက်နေမှန်း ရိပ်မိနေတာကြောင့်လည်း ပါတာပေါ့ကွာ ။

ကိုကျော်နိုင်က ငါ ဆင်းပေးတာကို ချက်ချင်း လိုက်မတက်ဘူး ။ ငါ့ကိုပဲ ထပ်ဆင်းပေးဖို့ ဇွတ်ဖိအား ပေးနေလို့ နှစ်ဖက်အပြိုင် လွန်ဆွဲရင်း တင်းခံ နေကြတယ် ပြောပါတော့ ။ အဲဒီအချိန်မှာ ကိုထွန်းမြင့် ကို ငါ လှမ်းမြင်လိုက်တာပဲ ။ ငါတို့ဆီ လာနေတာ မဟုတ်ဘူး ။ သူ့ရဲ့ တခြား မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင် အပြင်ဘက်မှာ ရပ်ပြီး စကားပြောနေကြတာ ။ အဲဒါနဲ့ ငါက ကိုကျော်နိုင့် ကို “ ခင်ဗျား ပြောတဲ့ ဈေးနဲ့ ရချင် ရင်တော့ ပိုင်ရှင်နဲ့ မျက်နှာချင်းဆိုင် တွေ့ပြီး ကိုယ်တိုင် ဆစ်မှ ဖြစ်မယ် ။ သူနဲ့ တွေ့မလား ၊ ကျွန်တော် လှမ်းခေါ် လိုက်မယ်လေ ” လို့ ပြောလိုက်တယ် ။ သူ လိုချင်တဲ့ အောက် ဈေးနဲ့ ရမယ်ဆိုတော့ ကိုကျော်နိုင် က မဆိုင်းမတွဘဲ “ ဟုတ်လား ၊ အခု သူက ဘယ်မှာလဲ ။ ခေါ်ဖို့ လွယ်ရင် လှမ်းခေါ်လိုက်ဗျာ ” တဲ့ ။

ငါကလည်း “ ဟောဟိုမှာ ... ဆိုင်ရှေ့ ရပ်ပြီး စကားပြောနေတဲ့ သူပဲ ” လို့ ပြောလည်း ပြော လက်ညှိုးလည်း ထိုးပြလိုက်တယ် ။ ကိုထွန်းမြင့် ကိုလည်း မြင်ရော ကိုကျော်နိုင် မျက်မှောင်ကြုတ် သွားတော့ တာပဲ ။ ပြီးတော့ “ ခင်ဗျား ပြောတဲ့ ဈေးနဲ့ပဲ ယူလိုက်မယ်ဗျာ ။ အဲဒီလူနဲ့ တွေ့ပြီး ဈေးဆစ် မနေချင်တော့ဘူး ” တဲ့ ။ ပွဲက အဲဒီမှာ ပြတ်သွားတာပဲ ။ ကိုကျော်နိုင် က ငါနဲ့ လက်ဝါးချင်း ရိုက်ပြီး ထ,ထွက်သွားပါလေရော ။ ကျောက်လောကမှာ ဝယ်သူ ရောင်းသူ လက်ဝါးချင်း ရိုက်တယ် ၊ ဒါမှမဟုတ် လက်ဆွဲ နှုတ်ဆက်တယ် ဆိုတာ ပွဲတည့်သွားပြီ ဆိုတဲ့ သဘော သက်ရောက်တယ် ။ ငွေအကျေ မချေဘဲ ပစ္စည်း လိုချင်တယ် ဆိုရင်လည်း ယူသွားလို့ ရပြီ ။ ကိုယ့်အပေါ် ယုံကြည်မှု ရှိအောင် တည်ဆောက်ထားနိုင်ရင် လုပ်စားလို့ ရတဲ့ အလုပ် အမျိုးအစားထဲမှာ ပါတယ် ဆိုပါတော့ ။

မင်း ဒီမေးခွန်းမျိုး မေးလာလိမ့်မယ်လို့ ငါ မျှော်လင့်ထားပြီးသားပါ ။ ဟင့်အင်း ၊ သူတို့ နှစ်ယောက် ဆုံမိလို့ ငါ ပွဲညွန့်တင်ထားတာ ပေါ်သွားပြီး ချောက်ကျမှာကို လုံးဝ တွေးမပူပေါင်ကွာ ။ အမှန်အတိုင်း ဝန်ခံရရင် ကိုကျော်နိုင့် ကို ကိုထွန်းမြင့် နဲ့ တွေ့မလားလို့ တမင် မေးလိုက်တာပဲဟေ့ ။ ဘယ်အကွက်ကို ရွှေ့လိုက်ရင် ဘယ်လို ဖြစ်လာမယ် ဆိုတာ ငါ သိထားပြီးသားမို့လည်း အဲဒီလို လုပ်ရဲတာလို့ ပြောရလိမ့်မယ် ။

ဒီလိုကွ ။ ကိုကျော်နိုင် နဲ့ ကိုထွန်းမြင့် က သိပ်အစေး မကပ်ကြဘူး ။ သူတို့ ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်လို့ မရတဲ့ အကျိတ်အခဲလေးတွေ ရှိထားတယ် ။ လူတိုင်း မသိတဲ့ အဲဒီ အကြောင်းကို ငါက သိထား လို့ ပျော့ကွက်ကို အပိုင်ချနင်း ပြီး ခွင်ဖန်လိုက်တာဆိုပါ တော့ ။ ဘယ်လိုလဲ ၊ ဘောလုံးစကားနဲ့ ပြောရင် “ ကောက်စား ” လုပ်တဲ့ သဘောမျိုး သက်ရောက် မနေဘူးလား ။ အဲဒါကြောင့် ပြောတာပေါ့ ။ “ ကောက်စား ” လုပ်တယ် ဆိုတာ တကယ်တော့ ပြောသလောက် မလွယ်ဘူးလို့ ။

ပထမဆုံး လိုအပ်ချက်က “ ကောက်စား ” လုပ်လို့ရမယ့် နေရာမှာ ကိုယ်က အသင့် ရှိနေရမယ် ။ အဲဒီလို ရှိနေဖို့ ဘောလုံးလမ်းကြောင်းကို ခန့်မှန်းတတ်ဖို့ လိုတယ် ။ ချိန်သားကိုက် လှုပ်ရှားတတ် ဖို့နဲ့ ရလာတဲ့ အခွင့်အရေးကိုမိမိရရ အသုံးချနိုင်စွမ်းလည်း ရှိထားဦးမှရယ် ။ ကွင်းထဲမှာ လျှောက်ပတ် ပြေးနေရုံနဲ့တော့ မောတာပဲ အဖတ်တင်မယ် ။ “ ကောက်စား ” ကောင်း တစ်ယောက် ဖြစ်မလာနိုင်ဘူး ။ အခြေအနေ အရပ်ရပ်ကို မြန်မြန်ဆန်ဆန် ၊ မှန်မှန်ကန်ကန် ဝေဖန်ပိုင်းခြား သုံးသပ်နိုင်တဲ့ ဉာဏစွမ်းရည် ဒါမှမဟုတ် ဘောလုံးဦးနှောက်ပေါ့ သွက်လက်ဖျတ်လတ်စွာ ရွေ့လျားပြီး တိတိကျကျ ၊ သေသေသပ်သပ် အဆုံးသတ်နိုင်တဲ့ ကျွမ်းကျင်လိမ္မာမှု ။ လိုအပ်ချိန်မှာ လိုအပ်သလို ထုတ်ယူလို့ ရမယ့် ကာယခွန်အား ။ အဲဒါ “ ကောက်စား ” တိုင်းမှာ ရှိကို ရှိထားရမယ့် အရည်အချင်းတွေပဲလို့ ငါတော့ မြင်တယ် ။ ဆိုတော့ ။ “ ကောက်စား ” ကို အနုတ်လက္ခဏာ ဆန်တဲ့ အနက် အဓိပ္ပာယ်မျိုးနဲ့ ပြော , ပြောနေကြတာကို ငါ လက်မခံချင်ဘူးကွာ ။

မင်းရော ဘယ်လိုမြင်လဲ ။ မင်း အမြင်လေးကိုလည်း လုပ်စမ်းပါဦး ။ ငါနဲ့ အမြင် ချင်း ထပ်တူကျတယ် ဟုတ် လား ။ ဒီလိုပဲ ဖြစ်ရမှာပေါ့လေ ။ ငါ ပြောတာတွေက နည်းလမ်း ကျနေတာပဲဥစ္စာ ။ ကဲ ... တခြား မိတ်ဆွေ တစ်ယောက်ဆီ သွားလိုက်ဦးမယ် ။ မစောင့်တော့ပါဘူးကွာ ။ မင်းအဖေ ပြန်ရောက်လာရင်သာ ငါ လာသွားတယ်လို့ ပြောလိုက် ။ ပြီးတော့ အားရင် အိမ်ဘက် လှည့်ခဲ့ဖို့ ငါက မှာသွားတယ်လို့လည်း ပြောပေးပါဦး ။

⎕ မော်မော့်မောင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇွန် ၂၀၁၈

Friday, December 6, 2024

နှစ်ကိုယ်ခွဲ လိပ်ပြာ


 နှစ်ကိုယ်ခွဲ လိပ်ပြာ 

( မော်မော့်မောင် )


၁ ။


“ ဒီလ တော့ ထီ ထိုးဦးမှပဲ ” 


အခန်း ထဲ ကို ရောက် ရောက်ချင်း ရတီချို က ပြောသည် ။ ကျော်စွာအောင် က ဆိုဖာခုံ ပေါ်တွင် နောက်မှီ ၍ ထိုင်နေရင်း မှ လှမ်းမေး၏ ။ 


“ ဘာဖြစ်လို့လဲ ရတီ ” 


“ အစ်ကိုကြီး မပါဘဲ အောင် တစ်ယောက်တည်း ရောက်လာလို့လေ ” 


“ ဘာလဲ ။ အစ်ကိုကြီး မပါရင် ဒီကို လာလို့ မရဘူးလား ” 


ကျော်စွာအောင် က အလိုမကျသံ နှင့် မေး လိုက်တော့ ရတီချို က ခပ်ဖွဖွ ပြုံး၏ ။ ကျော်စွာအောင့် ဘေးမှာ ကပ် ထိုင်ကာ သူ့ ရင်ခွင် ထဲ မှာ ခေါင်းတိုး ဝင်သည် ။ လက် နှစ်ဖက် ဖြင့် ပခုံး ကို သိုင်းဖက်ရင်း ပြောလိုက်သော စကား က တိုးသက်ညင်သာလွန်း၏ ။ ချိုချိုအေးအေး ရှိလှသော ရတီချို့ အသံ က ကျော်စွာအောင့် နားစည် မှ တစ်ဆင့် နှလုံးသား ၏ အတွင်းပိုင်း အထိ စီးမျော ရောက်ရှိ သွားသည် ။


“ မဟုတ်ပါဘူး အောင် ရယ် ။ အောင် က အစ်ကိုကြီး နဲ့ မှ ဒီကို လာနေကျမို့ ပြောတာပါ ” 


ရတီချို  ပြောမည် ဆို လျှင် လည်း ပြောချင်စရာပင် ။ ကျော်စွာအောင့် အနေဖြင့် ဒီကို တစ်ယောက်တည်း လာတာ ဒါ ပထမဆုံးအကြိမ် ဖြစ်၏ ။ အစ်ကိုကြီး ခေါ်လို့ သာ ဒီကို မကြာခဏ ရောက်ဖြစ်နေခြင်း ဖြစ်သည် ။ သူ့ အတိုင်းအတာ နှင့် ဆိုလျှင် တစ်လ တစ်ခေါက် တောင် ရောက်ဖို့ မလွယ် ။ ဒီမှာ သုံးဆက်ရှင် လောက် ထိုင်လျှင် ကုန်ကျမည့် ငွေ ပမာဏက သူ့ လစာ ၏ တစ်ဝက် နီးပါးခန့် ရှိသည်လေ ။ 


“ ကဲ ...လူ ကို ဒီအတိုင်း ပဲ ဖက်ထားတော့ မလား ။ ဘာ သီချင်း အရင် ဆိုမလဲ ပြောဦး ” 


“ အောင် အခု လာတာ သီချင်း ဆိုဖို့မဟုတ်ဘူး ရတီ ။ ရတီ နဲ့ တွေ့ချင်လို့ ၊ ပြီးတော့ ရတီ့ ကို ပြောစရာရှိလို့ ” 


ကျော်စွာအောင် က ရတီချို့ မျက်နှာ ကို စေ့စေ့ကြည့်ရင်း ပြောသည် ။ ရတီချို က မျက်မှောင်လေး ကြုတ်ကာ နားမလည်သလို ပြန်ငေး ကြည့်၏ ။ မှိန်ဖျော့ဖျော့ အလင်းရောင် အောက်တွင် တောက်ပလင်းလက် နေသော ကျော်စွာအောင့် အကြည့်တွေ ကို မြင်တော့ ရင်ထဲ မှာ လှိုက်ခနဲ ဖြစ်သွားရသည် ။ အမှန်တော့ ရတီချို အခုလို ဖြစ်ဖြစ် သွားတတ်တာ အခုမှ မဟုတ် ။ အစ်ကိုကြီး နှင့် အတူ ကျော်စွာအောင် ဒီကို ပါ လာပြီး စတင် တွေ့ဆုံရသည့် နေ့ ကတည်းက ပင် ။ အဲဒါကြောင့် လည်း ကျော်စွာအောင့် အပေါ်မှာ အလုပ်သဘော ဆိုတာ ထက် ပို၍ ပြုစုနေမိခြင်း ဖြစ်သည် ။ 


အရင်တုန်း က တော့ ရတီချို ၏ တွဲဖက် မှာ အစ်ကိုကြီး ဖြစ်၏ ။ သို့ပေမဲ့ သူ မအားသော တစ်နေ့ တွင် အစ်ကိုကြီး ရောက်လာ၍ ယွန်းနဒီ က သူ့ ကိုယ်စား တွဲထိုင် ပေးပြီး နောက်ပိုင်း အစ်ကိုကြီး ၏ တွဲဖက်မှာ ယွန်းနဒီ ဖြစ် သွားသည် ။ ဒီအတွက် တော့ ရတီချို က အစ်ကိုကြီး အပေါ် စိတ် မခုသလို အခငအမင် လည်း မပျက်ခဲ့ပါ ။ ဒါက အစ်ကိုကြီး ၏ ရွေးချယ်ပိုင်ခွင့် ဖြစ်သည် ။ ပြီးတော့ ယွန်းနဒီ က သူ့ ထက် လှသလို ဆက်ဆံရေး လည်း ကောင်းသည် မဟုတ်လား ။ 


အစ်ကိုကြီး နှင့် မတွဲဖြစ်ပေမဲ့ ဆိုင် ကို ရောက်လာတိုင်း ရတီချို့ ကို ခေါ်တွေ့တတ်သည် ။ သူ နှင့် အတူ ကျော်စွာအောင် ပါလာသော နေ့ မှာတော့ ခေါ်တွေ့ရုံ သာ မကဘဲ ကျော်စွာအောင့် ကို အဖော် လုပ်ပေးဖို့ ပါ ပြော၏ ။ အဲဒီ နေ့ က စပြီး ကျော်စွာအောင်  ပါလာ သည့် အခါတိုင်း ရတီချို့ ကို ပဲ တွဲဖက် အဖြစ် ရွေးချယ်တော့၏ ။


“ ပြောလေ အောင် ၊ ရတီ နားထောင်နေပါတယ် ” 


“ ရတီ့ ကို အောင် ချစ် တယ် ။ ဒီစကားက ရတီ ဧည့်သည်တွေ ဆီ က ကြားဖူး နေကျ ပါးစပ် အရသာ ခံပြီး ပြောတဲ့ စကားမျိုး မဟုတ် ဘူးနော် ။ ပြီးတော့ ရတီ အတွေ့အထိ မှာ သာယာမိ လို့ ချစ်မိတယ် ထင်ပြီး ပြောတာ လည်း မဟုတ်ဘူး ။ အောင့် ရင် ထဲ က တကယ် ချစ်မိလို့ ရတီ့ ကို လက်ထပ်ဖို့ အထိ စဉ်းစားပြီးမှ အခုလို ဖွင့်ပြော တာပါ ”


“ ဟင့်အင်း အောင် ၊ မဖြစ် ... ၊ မဖြစ်နိုင်တာကို မပြောပါနဲ့ အောင်ရယ် ” 


“ မဖြစ်နိုင်ဘူး ဆိုတာ ဘာကို ပြောတာလဲ ရတီ ။ အောင် နားမရှင်းဘူး ။ အောင့် ကို ပြန် မချစ်နိုင်လို့ , လို့တော့ မပြောနဲ့နော် ။ ရတီ လည်း အောင့် ကို ချစ်တယ် ဆိုတာ အောင် ခံစားသိနဲ့ သိနေတယ် ” 


ကျော်စွာအောင့် မျက်နှာ ကို စိုက်ကြည့်ရင်း မျက်ရည် တွေ သာ စီးကျလာသည် ။ ချစ်သူ က လက်ထပ်ခွင့် တောင်း တာ ကို ဝမ်းမသာနိုင် ဖြစ်ရ လောက်အောင် ဆိုးရွား နေသည့် လက်ရှိ အခြေအနေ ကိုလည်း ရတီချို  စက်ဆုပ်ရွံရှာ မိ၏ ။ ကျော်စွာအောင် က အသိုင်းအဝိုင်းကြီး ထဲ က မဟုတ်ဘူး ဆိုဦးတော့ သူ လို လူမျိုး နှင့် မထိုက်တန် ဟု ရတီချို က မှတ်ယူထားခဲ့သည် ။ အဲဒါကြောင့် လည်း ရတီချို က ကျော်စွာအောင့် အချစ် ကို မျှော်လင့်မိပေမဲ့ မမျှော်ကိုးခဲ့ ။ ချစ်စိတ် ကို မထိန်းနိုင်၍ ချစ်မိခဲ့ပေမဲ့ ကျော်စွာအောင်  က သူ့ အား ချစ်စကား ပြော မလာပါစေနှင့် ဟု အမြဲ ဆု တောင်းနေခဲ့သည် ။ တကယ် လို့ သာ ပြောလာခဲ့ လျှင် ငြင်းဆန်နိုင်မည် မဟုတ်မှန်း ဘာ သာ သိထား၍ ပင် ။ အခုတော့ ရတီချို့ ဆုတောင်း က အတိအကျကြီး ကို လွဲမှား သွားခဲ့ပြီ ။ 


ဝမ်းပန်းတနည်း ရှိုက်ငို နေသော ရတီချို့ ကို ကြည့်ရင်း ကျော်စွာအောင် ထိတ်လန့် သွားသည် ။ သူ ပြောလိုက် တာ မှားများ မှားသွားပြီလား ဟု တွေးမိတော့ နောင်တ ရ ချင် သလိုလို ။ ယောက်ျား တစ်ယောက် က ချစ်တယ် ပြော၍ ငိုသော မိန်းကလေးမျိုး ကို မတွေ့ဖူးသဖြင့် အံ့လည်း အံ့သြမိ၏ ။ သို့ပေမဲ့ အံ့သြ ရုံ နှင့် မပြီးသေး ။ စ,ခဲ့သည့် ကိစ္စ တစ်ခု ကို ဆုံးခန်းတိုင်အောင် ဆက် လျှောက်ရဦးမည် ။ 


“ မငိုပါနဲ့ ရတီ ရယ် အောင့် စကား က ရတီ့ ကို အထင်သေး စော်ကားသလို ဖြစ်သွားတယ် ဆိုရင် တောင်းပန်ပါတယ် ။ ပြီးတော့ အောင့် စကား ကို လည်း ပြန် ရုပ် ... ”


စကား မဆုံးခင်မှာပင် ရတီချို က ကျော်စွာအောင့် ပါးစပ် ကို လှမ်းပိတ်၏ ။


“ မဟုတ်ဘူး အောင် ၊ အောင် မမှားပါဘူး ။ အောင် ပြောသလို ရတီ လည်း အောင့် ကို ချစ်ပါတယ် ။ ဒါပေမဲ့ ... ” 


“ ဒါပေမဲ့ ဘာဖြစ်လဲ ရတီ ။ ဪ .. .သိပြီ ။ ရတီ က KTV မှာ လုပ်နေတာမို့ လက်ထပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောချင်တာလား ။ အဲဒါဆို အောင် တစ်ခု မေးမယ် ။ ရတီ ဒီ အလုပ် ကို လုပ်ချင်လွန်းလို့ လုပ်နေတာလား ” 


“ ဘွဲ့ရတွေ တောင် မှ အလုပ်အကိုင် ရှာဖို့ မလွယ်တဲ့ ခေတ်ကြီး ထဲ မှာ ရတီ လို ဆယ်တန်း မအောင် ၊ အဆက်အသွယ်ကောင်း လည်း မရှိတဲ့ နယ် က မိန်းကလေး တစ်ယောက် အတွက် တစ်လ ကို နှစ်သိန်း လောက် ရမယ့် လူရိုသေ ၊ ရှင်ရိုသေ အလုပ်မျိုး က မရှိသလောက် ရှားတယ် ။ လူတကာ အထင်သေးတဲ့ KTV မှာ ကျတော့ ဘာ ပညာအရည်အချင်း မှ မလိုဘဲ အဲသလောက် ရနိုင်တယ်လေ ။ ရုပ်ရည်လေး ရှိဖို့နဲ့ အပြောအဆို တတ်ဖို့ တော့ လိုတာပေါ့ ။ ဝင်ငွေ ကောင်းလို့ လုပ်နေတယ် ဆိုပေမဲ့ ရတီ က စပွန်ဆာ ရှာ ၊ အပြင် ကို လိုက်တဲ့ အထိ တော့ ကိုယ့် ဘဝ ကိုယ် အနစ်မွန်း မခံပါဘူး အောင် ။ ပြီးတော့ တစ်နေ့ နေ့ မှာ ဒီက ရုန်းထွက်ဖို့ ကို လည်း စိတ်ကူး ထားပါတယ် ”


“ အောင် လို ချင်တာ လည်း အဲဒါပဲ ရတီ ။ အခု ရတီ့ ဆီကို ရုန်းထွက်ဖို့ အခွင့် အရေး က ရောက်လာပြီလေ ။ ရတီ လုပ်ရမှာ တစ်ခု ပဲ ရှိတယ် ။ အောင့် အချစ် ကို လက်ခံပြီး အောင့် ဘဝ ထဲ ကို ဝင်လာခဲ့ဖို့ ၊ ကျန်တာတွေ ကို အောင် ကြည့် စီစဉ်မယ် ”


“ ရတီ အောင့် ကို အရှုံး ပေးလိုက်ပါပြီ အောင် ရယ် ။ အောင် ကြိုက်သလိုသာ လုပ်ပါတော့ ”


oooooooooooooo


၂ ။


ကျော်စွာအောင် ၏ နှုတ်ထွက် စကား ကို ကြား ကြားချင်း အစ်ကိုကြီး က မယုံ ။ နောက်ပြောင် ပြောဆို နေသည် ဟု ထင်မိ၏ ။ သူ မယုံမှန်း သိ၍ ကျော်စွာအောင် က အလေးအနက် ထပ်ပြောတော့ အစ်ကိုကြီး မျက်လုံး ပြူး သွားရသည် ။ သောက်လက်စ ဘီယာ ပင် နင်ချင် သလိုလို ဖြစ်သွား၏ ။


ကျော်စွာအောင်  ရတီချို့ ကို နွယ်ချင် နေမှန်း ရိပ်မိပေမဲ့ ဒီလောက် ထိ ဖြစ်လာလိမ့်မည် ဟု အစ်ကိုကြီး ထင် မထားခဲ့ ။ သူ့ လိုပဲ KTV ခန်း ထဲ က ဆက်ဆံရေး ကို KTV ခန်း ထဲ မှာ ထားခဲ့နိုင်မည် ထင်ကာ အသာ လွှတ်ထား ပေးခဲ့ မိ သည် ။ အခုတော့ သူ ထင်မှတ် မထားသည့် ကိစ္စ တစ်ခု က သူ့ ရှေ့ တည့်တည့် မှာ ဘွားခနဲ ပေါ်လာပြီ ။


“ စဉ်းစားဦးနော် ကျော်စွာ ။ ရတီ က ပျက်စီး နေတဲ့ မိန်းကလေး တစ်ယောက် မဟုတ်ဘူးပဲ ထားဦး ၊ KTV မှာ လုပ်တယ် ဆိုတဲ့ အချက် တစ်ခုတည်း နဲ့ တင် မင်း အိမ် က လက်ခံမှာ မဟုတ်ဘူး ” 


“ ဟုတ်ကဲ့ ၊ ကျွန်တော် သိပါတယ် ။ အဲဒါကြောင့် ရတီ့ အတွက် တခြား အလုပ် တစ်ခု ရှာပေးဖို့ ကျွန်တော် တွေး ထားပြီးသားပါ ။ တစ်လက်စတည်း အစ်ကိုကြီး လည်း အပူ ကပ်ရဦးမယ် ။ အစ်ကိုကြီး ရဲ့ အသိအကျွမ်း တွေ ထဲမှာ အလုပ် တစ်နေရာစာ ပေးနိုင်မယ့် သူများ ရှိ ၊ မရှိ မေးမြန်း ကြည့်ပေးပါဦး ” 


အားကိုးတကြီး ပြော နေ သော ကျော်စွာအောင် ကို ကြည့်ကာ အစ်ကိုကြီး သက်ပြင်းမော တစ်ချက် ချလိုက်သည် ။ သက်ပြင်း နှင့် အတူ စီးကရက် မီးခိုးငွေ့များ လေ ထဲ ကို လွင့်၏ ။ ဒီ ဇာတ်လမ်း က သူ့ ကြောင့် စတင် ဖြစ်ပေါ်ခဲ့တာ ဆိုပေမဲ့ ဒီ အခြေအနေ ထိ ရောက်ဖို့ သူ မရည်ရွယ်ခဲ့ရိုး အမှန် ။ အခုတော့ မရည်ရွယ်ဘဲ ရေးဖြစ်ခဲ့သော ဇာတ်လမ်း ထဲ မှ ဇာတ်ကောင် တစ်ဦး က သူ့ ကို တာဝန် တစ်ခု ပေးအပ် လာပြီ ။ မဖြစ်မနေ လုပ်ပေးရမည် ဟု တောင်းဆို နေတာတော့ မဟုတ် ။ သို့ပေမဲ့ သူ့ ပယောဂ မကင်းခဲ့သော ဇာတ်လမ်း ၏ အဆုံးသ,တ် မှာ ပျော်ရွှင်ခြင်းတွေ နှင့် သာ ပြည့်နှက်နေစေချင်သည်လေ ။ 


အစ်ကိုကြီး က သူ စုံစမ်းပေးမည် ဟု ကတိပေး လိုက်၏ ။ ကိုယ်တိုင် ရှာဖွေ ရန်လည်း ကျော်စွာအောင် ကို ပြောသည် ။ ကျော်စွာအောင် က ရတီချို အလုပ် ပြောင်းပြီး တစ်လ ၊ နှစ်လ ခန့် အကြာ တွင် လက်ထပ်ကြမည် ဖြစ်ကြောင်း နှင့် ဝါဝင်တော့မည် မို့ အချိန်မီ လက်ထပ်နိုင်ရန် အလုပ် မြန်မြန် ပြောင်းနိုင်ဖို့ လိုကြောင်း ... ။ အစရှိသဖြင့် သူ့ စိတ်ကူး အချို့ ကို အစ်ကိုကြီး ကို ဖြန့်ခင်း ပြသည် ။ နှစ်ယောက် တည်း သာ ရှိသော ဘီယာဝိုင်း သည် ကျော်စွာအောင့် စကားသံ တို့ ဖြင့် ဝေစည်လျက် ။ 


“ ငါ တစ်ခု လောက် တော့ ပြောချင်သေးတယ် ။ အချိန် မလွန်ခင် မင်း စဉ်းစား သင့်တယ်ထင်လို့ ”


“ ဘာများလဲ အစ်ကိုကြီး ”


“ ရတီချို  KTV မှာ လုပ်ခဲ့ဖူးတယ် ဆိုတဲ့ အတွေးမျိုး မ င်းစိတ်ထဲကို ဝင်လာတဲ့ အခါ မင်းတို့ အိမ်ထောင်ရေး က သာယာနိုင်ပါဦးမလား ။ အဲဒါ ကို လည်း ကြို တွေးထားဦး ကွ ”


“ ကျွန်တော် က လူ တစ်ယောက် ရဲ့ ပြင်လို့ မရတော့တဲ့ အတိတ် ကို စိတ် မဝင်စားဘူး အစ်ကိုကြီး ။ အဲဒါကြောင့်ပဲ ရတီ့ ကို လက်ထပ်ဖို့ ထိ ဆုံးဖြတ် လိုက်တာပေါ့ ။ သူ သာ မှန်မှန်ကန်ကန် နေသွားမယ် ဆိုရင် အစ်ကိုကြီး ထင်သလို ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူးလို့ ကျွန်တော် ယုံကြည်ထားတယ် ” 


အစ်ကိုကြီး က ပခုံး တွန့် ပြလိုက်သည် ။ သူ ဘယ်လို ဖျက်ဖျက် မပျက်နိုင်တော့ မှန်း လည်း သဘောပေါက် သွား၏ ။ အမှန်တော့ အစ်ကိုကြီး မှ မဟုတ် အခြား ဘယ်သူတွေ တားတား ကျော်စွာအောင် က နောက် ဆုတ်ဖို့ လုံးဝ တွေး မထား ။ အခက်အခဲ မှန်သမျှ ကို မေတ္တာဓား နှင့် ခုတ်ထွင် ရှင်းလင်းကာ ဖြတ်ကျော် ဖို့ သာ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်၏ ။


ooooooooooooo


၃ ။


မဟုတ်ဘူး ။ ဒါ အိပ်မက် တစ်ခု မဟုတ်ဘူး ။ အိပ်မက် သာ ဆိုရင် ဘယ်ဒီလောက်ထိ အစီအစဉ်ကျ နေနိုင်မှာလဲ ။ တကယ်ကြီး မို့ သာ အားလုံး က စီကာစဉ်ကာ ဖြစ် နေတာပေါ့ ။


မင်္ဂလာခန်းမ ထဲမှာ ဟို ဒီ လျှောက်လှမ်းကာ ဧည့်ခံ ရင်း ရတီချို ကိုယ့် အဖြစ် ကိုယ် ယုံကြည်လက်ခံနိုင်ရန် ကြိုးစား နေရသည် ။ ကြည်နူး ပျော်ရွှင်မှုတွေ ရင် ထဲ မှာ ပြည့်နှက်နေ၍ ထင့် ၊ လူ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်း ကာ တိမ်တွေ ကြားတွင် ရောက်နေ သလိုလို ခံစားနေရသည် ။ မျက်ဝန်းအိမ် မှ ဝမ်းသာ မျက်ရည်များ စီးကျ မလာစေရန် မနည်း ထိန်း ထားရ၏ ။ သူ့ လို KTV က မိန်းကလေး တစ်ယောက် အတွက် ဒီလို လက်ထပ်ပွဲမျိုး ဆင်နွှဲနိုင်ဖို့ ဆိုတာ အိပ်မက် အဖြစ် နှင့် တောင် မလွယ်ကူသည့် အနေအထားမျိုး ဖြစ်သည် မဟုတ်လား ။ ကျော်စွာအောင် ၏ သူ့ ကို မြတ်နိုး တန်ဖိုးထားစိတ် နှင့် ကြိုးပမ်းမှု ကြောင့် သာ မဟုတ်လျှင် ဒီလို ဖြစ်လာနိုင်စရာ အကြောင်း လုံးဝ မရှိ ။


ရတီချို က ကျော်စွာအောင့် လက် ကို ခပ်တင်းတင်း ဆုပ်ကိုင် လိုက်သည် ။ ကျော်စွာအောင် က အပြုံး နှင့် လှည့်ကြည့်၏ ။ သူ့ အပြုံး က ရတီချို့ အတွက် အနှိုင်းမဲ့ ခွန်အား ဖြစ်စေသည် ။ နှစ်ယောက် တစ်ဘဝ အဖြစ် နှင့် စတင် လျှောက်လှမ်း ရတော့မည့် ခရီးရှည်ကြီး တွင် မလွဲမသွေ ကြုံတွေ့ လာနိုင်သော ခလုတ်ကန်သင်းများ ကို ကြံ့ကြံ့ခံ ဖြတ်ကျော်ရန် အားအင်များ တိုးပွား လာ သလိုလို ။ ဒါကပဲ အချစ် က ပေးသည့် စွမ်းအား တစ်ခု ဖြစ်မည် ဟု ရတီချို ထင်၏ ။


မင်္ဂလာပွဲ ကို ရတီချို့ ဘက် က မိသားစု အရင်းအချာ တွေ လောက်သာ လာ၏ ။ ခရီး ဝေးသဖြင့် ဘယ်သူ့ ကို မှ မဖိတ်တာကြောင့် လည်း ပါသည် ။ တစ်ဖက်မိတ် ဆိုပေမဲ့ မင်္ဂလာပွဲ က လူ စည်သလို ဘာ အဖုအထစ် မှ မရှိဘဲ အောင်မြင်စွာ ပြီးဆုံးသွား၏ ။ ပွဲ ပြီးတော့ ရရှိသော လက်ဖွဲ့ ပစ္စည်းများ ကို ကား ပေါ် တင် ကာ ပြန်လာခဲ့ သည် ။ ကျော်စွာအောင့် မိဘတွေ နေထိုင်ရာ အိမ် ကို မဟုတ် ။ သူ လက်ရှိ အလုပ် ဝင်နေသော ကုမ္ပဏီ ၏ ရုံး ဆီ ကိုသာ ဖြစ် ၏ ။ ရုံး ဆိုပေမဲ့ ရုံးချုပ် မှ လူကြီးများ လာလျှင် တည်းခို နိုင်ရန် အိမ် နှင့် တွဲလျက် ငှား ရမ်းထားသော သီးသန့်ခြံ ဖြစ်သည် ။ ရုံးချုပ် မှ လူကြီးများ လာချိန်မှ လွဲ၍ ကျန် အချိန်များ တွင် ဘယ်သူမှ မနေ ။ ညရေးညတာ အတွက် ရုံးစောင့် တစ်ဦး တော့ ရှိခဲ့ဖူးသည် ။ သို့ပေမဲ့ သူ ကလည်း လွန်ခဲ့သော လ ကပင် အလုပ် ထွက် သွား၏ ။ ရုံး နှင့် နီးသော ကျော်စွာအောင် က ည , ည လာ စောင့်ပေးနေရသည် ။ ထို့ ကြောင့် သူ က သူ နှင့် ရတီချို လက်ထပ် ပြီးလျှင် နေစရာ အိမ် ကို အပင်ပန်း ခံကာ လိုက် ရှာ မနေတော့ဘဲ ရုံး မှာ ပင် အစောင့် လုပ်ရင်း နေခွင့် ပေး ရန် ရုံးချုပ် ကို လှမ်း ၍ပြော ၏ ။ ရုံးချုပ် က လည်း နှစ်ဦး နှစ်ဖက် အဆင်ပြေမည့် ကိစ္စ မို့ ခွင့်ပြုကြောင်း အကြောင်း ပြန်သည် ။


ရုံး မှာ နေခွ င့်ရတာ ကျော်စွာအောင် တို့ အတွက် တော်တော် ကံကောင်းသည် ။ မဟုတ်လျှင် အိမ်လခ ထောင်း တာနှင့် သူတို့ နှစ်ယောက် ၏ ဝင်ငွေလေး ပွန်းပဲ့ သွားနိုင်၏ ။ အခုတော့ အိမ်လခ အတွက် လုံးဝ ပူစရာ မလို ။ ကျော်စွာ အောင် ဒီ ကုမ္ပဏီ မှာ လုပ်နေ သမျှ ကာလပတ်လုံး နေထိုင် ခွင့် ပေးထားပြီးသား ။ မိဘ တွေ ၏ အိမ် နှင့် လည်း အလှမ်းမဝေး သဖြင့် တစ်ပတ် ကို နှစ်ရက် ခန့် ရောက်ဖြစ်ကြ သည် ။ ရောက်သည့် အခါ တိုင်း လည်း ရတီချို က ဘာသိဘာသာ မနေ ၊ ကိုယ့် မိဘ အိမ် လို သဘောထား ကာ လုပ်စရာ ရှိတာတွေ ကို ဝင်ရောက် ကူညီ လုပ်ကိုင်၏ ။ တစ်အိမ် လုံး က လည်း ရတီချို့ အား ချစ်ကြသည် မှာ ကျော်စွာအောင် မနာလိုချင်စရာ ကောင်း လောက်အောင် ပင် ဖြစ်သည် ။


သို့ပေမဲ့ ကျော်စွာအောင်  က ဒီလို ဖြစ်နေတာ နှင့် ပတ်သက်၍ ရတီချို့ ကို တစ်ခါမှ စကားနာ မထိုးပါ ။ ကျေနပ်ပီတိ ဖြစ်မိသည် ဟု ပြောမည် ဆိုလျှင် တောင် ရနိုင်၏ ။ ဒီလို ဖြစ်မိလောက်အောင် လည်း ရတီချို့ အနေအထိုင်တွေ က တည်ကြည်နေသည် လေ ။ လက်ရှိ သူ လုပ်နေသည့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် မှာပဲ ဖြစ်ဖြစ် ၊ ရပ်ကွက် ထဲ မှာ ပဲ ဖြစ်ဖြစ် ရတီချို့ သတင်း က မွှေး၏ ။ ရနံ့ဆိုး နှင့် မဟုတ် ဘဲ ကောင်းသော ရနံ့ နှင့် မွှေး ပျံ့ခြင်းသာ ဖြစ်သည် ။ ရတီချို သည် တစ်ချိန်က KTV တွင် လုပ်ခဲ့ဖူးသူ တစ်ယောက် ဖြစ်သည် ဟု သူ့ အတိတ် ကို သိထားသူ က တူးဆွကာ ကျိန်တွယ် ပြောဆို လာလျှင် တောင် မှ ပတ်ဝန်းကျင်သစ် တွင် သူ နှင့် ဆက်ဆံနေရသူ တွေ က ယုံကြည်မည် မထင် ။ 


ရတီချို ကိုယ်တိုင် လည်း နေရာသစ် ၊ ဘဝသစ် မှာ ကျေနပ်ပျော်ရွှင် နေပြီး အစ်ကိုကြီး ၏ အကူအညီ နှင့် ရထားသော အရောင်းစာရေး အလုပ် က ဝင်ငွေ သိပ် မကောင်း ။ ဒါတောင် သူ့ လုပ်ရည်ကိုင်ရည် ကြောင့် လခ တိုးထားသေးသည် ။ ဘာပဲ ဖြစ်ဖြစ် KTV မှာ လုပ်တာ လောက် မရ သလို ပိုလည်း ပင်ပန်း ၏ ။ သို့ပေမဲ့ ရတီချို က ဘဝ ဟောင်း ကို ယောင်လို့ တောင် မှ သတိမရ ။ အစ ကတည်း က မလုပ်ချင်ဘဲ လုပ်ခဲ့ရသော အလုပ် က ရုန်းထွက်နိုင်ခဲ့တာ ကို ပင် ဝမ်းသာ နေသည် ။ ဒီလို ဘဝမျိုး ရောက်အောင် နွံ ထဲ မှ ဆွဲထုတ်ခဲ့သော ကျော်စွာအောင် နှင့် အစ်ကိုကြီး ကို ည တိုင်း ရှိခိုး ကန်တော့၏ ။ သူတို့ နှစ်ယောက် က ရတီချို့ အတွက် ကယ်တင်ရှင်တွေ ဖြစ်သည် မဟုတ်လား ။ 


“ မင်း လည်း မိန်းမ ရပြီး မှ တော်တော် ပြောင်းလဲသွား တယ်နော် ။ KTV ခေါ်တာ တောင် မလိုက်တော့ဘူး ။ ဘာလဲ ၊ ရတီချို က မသွားရ ဘူး ပြောထားလို့လား ” 


“ မဟုတ်ပါဘူး အစ်ကိုကြီး ရယ် ။ ရတီ က ဘာမှ မပြောပါဘူး ။ ကျွန်တော် ကိုယ်တိုင် က မသွားဖို့ ဆုံး ဖြတ်ထားလို့ပါ ” 


“ ဘာလို့တုံးဟ ” 


“ ရတီ့ ကို ကျွန်တော် က KTV မှာ တွေ့ပြီး လက်ထပ်ခဲ့ တာလေ ။ ဆိုတော့ အခု ကျွန်တော် သွားရင် သူ စိတ်မချ ဖြစ်နေမှာ အသေအချာပဲ ။ ကျွန်တော့် ကြောင့် ရတီ စိတ် မဆင်းရဲစေချင်ဘူး ။ ဘဝသစ် မှာ စိတ်သစ် နဲ့ ပျော်ရွှင် နေတာကို ပဲ မြင်ချင်တယ် ။ အဲ ဒါကြောင့်ပါ ”


oooooooooooo


၄ ။


ကျော်စွာအောင်  ရုံးကိစ္စ နှင့် ခရီး ထွက်သွားတော့ ရတီချို တစ်ယောက်တည်း ကျန် ရစ်ခဲ့သည် ။ ရုံး မှာ မအိပ်ရဲ လျှင် အိမ်တွင် သွား အိပ်ရန် မှာခဲ့ပေမဲ့ သူ သွား မအိပ်ဖြစ် ။ ကျော်စွာအောင့် ညီမလေး က သာ ည , ည လာအိပ်ပေး၏ ။ အစောကြီး ရောက်လာတာ မဟုတ် ။ ည ကိုးနာရီကျော် လောက် ကျမှ ရောက်လာခြင်း ဖြစ်၍ သူ ရောက် မလာမချင်း ရတီချို  တစ်ယောက်တည်း သာ ရှိ၏ ။ ရတီချို အလုပ် မှ ပြန်ရောက်ချိန်ဆိုလျှင် ရုံး က ဆင်းနှင့်ကြပြီ ဖြစ်လေသည် ။ 


“ တီး ... တောင် ။ တီး ...တောင် ”


လူခေါ် ခေါင်းလောင်းသံ ကြောင့် ရတီချို အိမ် အပြင် ထွက်လာသည် ။ ခြံရှေ့ မှာ ရပ်နေသော အစ်ကိုကြီး ကို တွေ့ရသဖြင့် ခြံတံခါး ကို အပြေးအလွှား သွား ဖွင့်ပေး၏ ။


“ အစ်ကိုကြီးတို့ များ နေနိုင်လိုက်တာ ၊ ခုမှပဲ ပေါ် လာတော့တယ်နော် ” 


“ အေးဟာ ။ ဟို တစ်ခေါက် နင်တို့ ဆီ ရောက်ပြီး ကတည်း က နယ်ဆိုဒ်တွေ ဘက် ခရီး ထွက် ထွက်နေရလို့ ဟ ။ ကျော်စွာ နဲ့ တောင် ပြီးခဲ့ တဲ့ လက တစ်ခေါက်ပဲ ဆုံဖြစ် တယ် ။ ဒါနဲ့ ကျော်စွာ ရော ၊ အပြင် သွားတာလား ” 


“ မဟုတ်ဘူး အစ်ကိုကြီး ရဲ့ ၊ ခရီး ထွက်သွားတယ် ။ ရုံး က လွှတ်လို့လေ ”


“ ဒါဖြင့် နင် တစ်ယောက်တည်း ပေါ့ ”


“ ဟုတ် ။ ဒါပေမဲ့ ည ကျရင်တော့ အောင့် ညီမလေး လာပြီး အဖော် လုပ် ပေးပါတယ် ။ အစ်ကိုကြီး ခဏ ထိုင်ဦးနော် ” 


ရတီချို  မီးဖိုချောင် ဆီ ထွက်လာခဲ့ပြီး ရေခဲသေတ္တာ ထဲမှ ဘီယာ တစ်ပုလင်း ထုတ် သည် ။ ဧည့်သည် လာလျှင် ဧည့်ခံရန် ရည်ရွယ်ကာ ဝယ် ထား၍ အဆင်သင့် ရှိနေတာ မဟုတ် ။ ကျော်စွာအောင့် အတွက် ရတီချို ကိုယ်တိုင် ဝယ်ထည့် ပေးထားသည့် ပုလင်း သာ ဖြစ်၏ ။ အခုတော့ အထူး ဧည့်သည်တော် အစ်ကိုကြီး ကို ဧည့်ခံရန် ဖြစ်သွားပြီ ။ 


အဖုံး ဖွင့် ထားသော ပုလင်း နှင့် ငါးကြင်းခွက် ကို သူ့ ရှေ့ ချပေး လိုက်တော့ အစ်ကိုကြီး က မော့ ကြည့်သည် ။ အစ်ကိုကြီး ၏ အကြည့် ထဲ တွင် အမျိုးအမည် မကွဲပြား သော အရိပ်အငွေ့ တို့ ယှက် သန်းနေသည် ဟု ရတီချို ထင် မိ၏ ။ ရတီချို က အစ်ကိုကြီး ကို ပြုံး ပြရင်း မျက်နှာချင်း ဆိုင် ဝင် ထိုင်လိုက်သည် ။ အစ်ကိုကြီး က ပုလင်း ကို ကောက် ကိုင်ကာ ငှဲ့မလို လုပ် ပြီးမှ မငှဲ့ ဘဲ ပြန်ချ၏ ။ “ ဘာ များ ဖြစ်လို့ပါလိမ့် ” ဟု တွေး ကာ ရတီချို အစ်ကိုကြီး ကို ငေးစိုက်ကြည့်မိ၏ ။ 


“ နင် ကိုယ်တိုင် ငှဲ့ပေးပါလား ရတီချို ”  


ငြင်းဆန်၍ မကောင်း တတ် သဖြင့် ရတီချို  က အစ်ကိုကြီး ၏ တောင်းဆိုမှု ကို လိုက်လျော လိုက်သည် ။ ဒီလို လုပ် ပေးရတာ သူ့ အတွက် တော့ ဘာမှ မထူးဆန်း ။ ဟိုတုန်း က နေ့တိုင်း လုပ်နေကျ အလုပ် တစ်ခု ဖြစ်၏ ။ ကျော်စွာအောင် အိမ် မှာ သောက်သည့် အခါတိုင်း ဂရုတစိုက် လုပ်ပေးလေ့ ရှိသော အလုပ် တစ်ခု လည်း ဖြစ်၏ ။ သို့ပေမဲ့ ဒီ တစ်ခါတော့ ခါတိုင်း နှင့် မတူဘဲ ထူးဆန်း သလို ခံစား နေရ သည် ။ ဘာလို့ ဒီလို ခံစားနေ ရတာလဲ ဆိုတာကို တော့ ရတီချို ကိုယ်တိုင် လည်း မသိ ။ 


“ နင်ရော အလုပ် ထဲမှာ အဆင် ပြေရဲ့လား ။ မပြေလည်တာ ရှိရင် နင့် အလုပ်ရှင် ၊ ဒါမှမဟုတ် ငါ့ ကို ပွင့်ပွင့်လင်းလင်း ပြောလို့ ရတယ်နော် ။ ဘာမှ အားနာစရာ မလိုဘူး ။ လူတန်းစား မတူဘူး ဆိုပေမဲ့ အလုပ်ရှင် နဲ့ အလုပ်သမား ဆို တာ တကယ်တော့ လုပ်ဖော်ကိုင်ဖက်တွေပဲ ။ တစ်ဖက် နဲ့ တစ်ဖက် အဆင်ပြေ မှ လုပ်ငန်းခွင် က  ပျော်စရာ ကောင်းတာ ”


“ ပြေပါတယ် အစ်ကိုကြီး ရယ် ။ အလုပ်ရှင် က လည်း ရတီ တို့ အားလုံး အပေါ် မှာ ကောင်းပါတယ် ။ ဒီလို အလုပ်မျိုး ရှာပေးတဲ့ အစ်ကိုကြီး ရဲ့ ကျေးဇူးကို လည်း ရတီ ဘယ်တော့မှ မမေ့ပါဘူး ”


“ ရပါတယ် ဟာ ။ ဒါပေမဲ့ အဲဒီလို စကားကတော့ လူတိုင်း ပြောတတ်ကြတာပဲ ။ နောက်ကျမှသာ မသိချင် ယောင် ဆောင်ပြီး အရူးကွက် နင်းတာများတယ် ”


“ ရတီ က အစ်ကိုကြီး ပြောတဲ့ အမျိုးအစား ထဲ မှာ မပါ , ပါဘူး ”


ရတီချို့ လေသံ က အနည်းငယ် မာသလို ဖြစ် သွားသည် ။ အစ်ကိုကြီး က ခေါင်းတ ဆတ်ဆတ်ညိတ်ရင်း သဘောကျစွာ ပြုံး၏ ။ ခွက် ထဲ က လက်ကျန် ကို အပြတ် ဖြတ်ကာ ထ , ရပ်သည် ။ ပြန် ဖို့ ထ , ရပ်တာဖြစ်မည် ဟု ရတီချို  ထင်မိပေမဲ့ သူ ထင် သလို မဟုတ် ။ အစ်ကိုကြီး က ခုံ ကို ပတ်၍ ရတီချို့ဆီ ကို လျှောက်လာသည် ။ နှစ်ယောက် ထိုင်ခုံ ပေါ်တွင် ထိုင် နေသော ရတီချို့ဘေးမှာ ဝင် ထိုင်၏ ။ ရတီချို က ခုံ ၏ အစွန်း တစ်ဖက် ကို မသိမသာ ရွှေ့ လိုက်သည် ။


“ နင် ငါ့ ကို ကျေးဇူး ဆပ်ချင်တယ် ဆိုရင် အခု ဆပ် လို့ရတယ် သိလား ” 


“ ပြောလေ အစ်ကိုကြီး ။ ရတီ ဘယ်လို ပြန် ကူညီ ပေးရမလဲ ”


အစ်ကိုကြီး က ရတီချို့ အမေး ကို နှုတ်က မဖြေ ။ ရတီချို့ ကို မပြောမဆို နှင့် လှမ်း ဖက်ခြင်းဖြင့် သာ အဖြေ ပြန် ပေး၏ ။ သူ့ ဘေး ကို အစ်ကိုကြီး ဝင်ထိုင် ကတည်း က သတိထား နေသော ရတီချို က ဝုန်းခနဲ ထ , ရပ်သည် ။ ဒေါသသွေး တွေ ကလည်း ခန္ဓာကိုယ် တွင်း မှာ ဆူဝေလျက် ။


“ ဘာဖြစ်တာလဲ ရတီချို ရဲ့ ။ ငါ က နင့် ပါး ကို နမ်းရုံ သက်သက်ပါ ။ နင် ပဲ ငါ့ ကို ကျေးဇူး ဆပ်ချင်တယ် ဆို ” 


“ အစ်ကိုကြီး ကို ဒီလို နည်း နဲ့ ကျေးဇူးဆပ်မယ် လို့ ရတီ ဘယ်တုန်းကများ ပြောခဲ့ဖူးလို့တုံး ”


“ လူတကာ ရင်ခွင် ထဲ ကို ဝင်ပြီး အနမ်း ခံခဲ့တဲ့ သူ ကများ အခုမှ ကြီးကျယ် နေလိုက်တာ ”


“ အဲဒါ ဟိုတုန်း က လေ ။ အခု ချိန်မှာ ရတီ က KTV မှာ လုပ် နေတဲ့ မိန်းမ တစ်ယောက် မဟုတ်တော့ဘူး ။ ပြီးတော့ စိတ်တူ ကိုယ်တူ ဘဝ လက်တွဲဖော် လင်ယောက်ျား လည်း ရှိနေပြီ ။ ဟိုတုန်းက ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မှာ ရတီ ရဲ့ သွေးသား မှန်သမျှ ကို အောင် တစ်ယောက်ပဲ ရယူပိုင်ဆိုင်ခွင့် ရှိ တယ် ။ အောင် က လွဲ ရင် ဘယ် သူစိမ်း ယောက်ျား တစ်ယောက် ကို မှ အနား ကပ်ခွင့် မပေးနိုင်ဘူး ။ အစ်ကိုကြီး က ရှေ့ ဆက် တိုးဖို့ ကြိုးစားလာရင်တော့ အသက်ချင်း လဲ ပစ်မယ် ”


ပြောပြောဆိုဆို နှင့် ပင် ရတီချို က စားပွဲ ပေါ် တွင် ရှိ သော ဘီယာပုလင်း ကို ကောက် ကိုင်ကာ ရိုက်ခွဲလိုက် ၏ ။ ကျားရဲတစ်ကောင် လို မာန်ချီ နေသော ရတီချို့ အား ကြည့်ကာ အစ်ကိုကြီး ဖြုံ သွားသည် ။ အလုံးစုံ ပြောင် လဲ သွားပြီ ဖြစ်သော ရတီချို့ ကို လည်း အထင်ကြီး လေးစားမိ၏ ။ မမူးဘဲ နှင့် တဒင်္ဂ စိတ်လွတ် သွားသော ကိုယ့် အဖြစ် ကို လည်း အံ့သြမိသည် ။ ကိုယ့် အမှား ကိုယ် ပြန် မြင် မိတော့ ရတီချို့ ရှေ့မှာ ဆက်လက် ရပ်တည် နေဖို့ ကို ရှက်ရွံ့ လာ သလိုလို ။ 


“ ဆောရီးပဲ ရတီချို ၊ ငါ မှားသွားတယ် ” 


“ ရပါတယ် အစ်ကို ကြီး ။ ရတီ ရဲ့ မကောင်းခဲ့တဲ့ အတိတ် ကြောင့် အခုလို စော်ကား ခံရတာလို့ပဲ သဘော ထားလိုက်ပါ့မယ် ။ ဒီ ကိစ္စ အောင့် ကို ပြန် ပြောနေမှာ မဟုတ်လို့ အစ်ကိုကြီး စိတ် ပူစရာ မလိုပါဘူး ။ ဒါပေမဲ့ နောက်ဆို အိမ် မှာ အောင် မရှိတဲ့ အချိန် အိမ် ကို မလာပါနဲ့ ။ အခု လည်း ပြန်ပါတော့ ” 


လေးလံသော ခြေလှမ်း များ နှင့် အတူ အစ်ကိုကြီး ကျောခိုင်း ထွက်ခွာသွားသည် ။ မြင်ကွင်း ထဲ မှ ပျောက်ကွယ် သွားသည် အထိ ရတီချို နေရာ မှ မရွှေ့ဘဲ ရပ်ကြည့် နေခဲ့၏ ။ ထို့နောက် တံမြက်စည်း ကို ယူရန် မီးဖိုချောင် ထဲ ဝင်လာခဲ့သည် ။ ယောက်မလေး ရောက် မလာခင် သူ ရိုက်ခွဲ ၍ ကွဲကြေကာ သမံတလင်း ပေါ်တွင် ပြန့်ကျဲ နေသော ဘီယာပုလင်းစတွေ ကို ရှင်းလင်း ပစ်ရဦးမည်လေ ။ 


( ရတီချို နှင့် ရတီချို များသို့ ... )


မော်မော့်မောင်

ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

မေ ၊ ၂၀၁၇

Saturday, August 17, 2024

ပင်လယ်ထဲက မျက်ကန်းများ


 

❝ ပင်လယ်ထဲက မျက်ကန်းများ ❞
━━━━━━━━━━━━━━━━
       မော်မော့်မောင်
━━━━━━━━━━━━━━━━
( ၁ )

ဝါတွင်း ဥပုသ်နေ့ သာ ဆိုတယ် ၊ ရွာကလေး ရဲ့ တစ်ခုတည်းသော ရွာဦးကျောင်း က ငြိမ်သက်တိတ်ဆိတ် လို့ ။ လူဆိုလို့ ကျောင်းထိုင် ဆရာတော် ဦးနန္ဒဝံသနဲ့ ကိုရင် လေးတွေရယ် ၊ ကပ္ပိယကြီး ဦးဘမှီ ရယ်ပဲ ရှိတယ် ၊ ရွာဦး ကျောင်းမှာ ဥပုသ် လာစောင့်သူ တစ်ယောက်မှ မရှိဘူး ။ အရင်ကဆို ဒီလို ဘယ်ဟုတ်လိမ့်မတုံး ။ ဝါတွင်း ဥပုသ်နေ့မှာ ကျောင်း ကို လာကြတဲ့ ဥပုသ်စောင့်မယ့် သူတွေ ဆိုတာ ကျောင်းပေါ်မှာ အပြည့်ပဲ ။ ပြောရရင်တော့ ဝါတွင်းဥပုသ်နေ့မှ မဟုတ်ပါဘူး ။ ကြားရက်တွေမှာ လည်း ကျောင်းကို လာကြသူတွေ ရှိပါတယ် ။ ခေါင်းစဉ် အမျိုးမျိုး အကြောင်းကိစ္စ ကြီးငယ်နဲ့ ဦးနန္ဒဝံသ ကို ဦးတိုက်လာကြသူတွေကလည်း အများသား ။

ဦးတိုက်မယ် ဆိုရင်လည်း ဦးတိုက်ချင်စရာပဲလေ ။ ဦးနန္ဒဝံသ က မည်ကာမတ္တ ဘုန်းကြီးမျိုးမှ မဟုတ်တာ ။ မဟာဂန္ဓာရုံကျောင်းထွက် စာတတ်ပေတတ်ပုဂ္ဂိုလ် ။ ဝိနည်းသိက္ခာနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာမရှိဘူး ။ အကျင့်သီလ ကလည်း ဘာပြည့်စုံသလဲ မမေးနဲ့ ။ ပရိယတ္တိ ဘက်မှာရော ပဋိပတ္တိ ဘက်မှာပါ ကြိုးစား အားထုတ်ပုံက ကြည်ညိုချင်စရာ ။ ဒီရွာနဲ့ တန်တောင် မတန်ဘူးဆိုရင် လွန်တယ်ထင်မယ် ။ အမှန်က မလွန်ဘူး ရယ် ။ ဦးနန္ဒဝံသ ရဲ့ အရည်အချင်း မျိုးနဲ့ဆိုရင် မြို့မှာ နာမည်ကြီး ဆရာတော်တစ်ပါး ဖြစ်နေရမှာ ။

ဒါပေမဲ့ ဦးနန္ဒဝံသ က ပုထုဇဉ်ပဲ ရှိသေးတာမဟုတ် လား ။ ဘုန်းကြီး ဆိုပေမဲ့ ကိလေသာ တို့ တဏှာ တို့ မကုန်ခန်းသေးဘူးလေ ။ သံယောဇဉ်တို့ ဇာတိချစ်စိတ် တို့ ရှိသေးတာပေါ့ ။ အဲဒါကြောင့် ကျောင်းထိုင် မဲ့နေတဲ့ သူ့ ရွာကျောင်းမှာ လာပြီး ကျောင်းထိုင် နေတာကလား ။ ဒီရွာမှာပဲ ကျောင်းထိုင် အဖြစ်နဲ့ အရိုးထုတ်ရင်း ရွာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် လည်း ရှိတယ် ။ ရှိတဲ့အတိုင်း လုပ်သလို ရွာကလည်း တိုးတက်သင့်သလောက် တိုးတက်ခဲ့တာပါပဲ ။ သူ့ စေတနာကို နားလည်တဲ့ ရွာသူရွာသားတွေကလည်း ကျောင်းကို အဝင်အထွက် စိပ်ခဲ့တယ် ။ ဦးနန္ဒဝံသ နဲ့ ရွာသူရွာသားတွေ ရဲ့ ဆက်ဆံရေး ဟာ ရေနဲ့ကြာလို ပနံ သင့်လို့ ။

အဲသလို ကောင်းပြီ ကောင်းရက် နေလာကြရင်း ရွာသူရွာသားတွေ ဘက်က အချိုးတွေ ပြောင်းလာတယ် ။ ဦးနန္ဒဝံသ ဆီကို သိပ်မလာကြတော့ဘူး ။ ရွာဦးကျောင်း မှာ သူတို့ အတွက် ကန့်သတ်နယ်မြေလို့ သဘောထားပြီး အသွားအလာ ကျဲကုန်ပြီ ။ ဦးနန္ဒဝံသ ကိုလည်း မစား ကောင်းတဲ့ အဆိပ်သီး လို ရှောင်ဖယ်ရှောင်ဖယ်နဲ့ ။ အတိတ်ကို အတိတ်မှာပဲ ချန်ထားရစ်ခဲ့ကြပုံက ဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် အခုပဲကြည့်လေ ။ ဝါတွင်း ဥပုသ်နေ့ကြီး မှာတောင် ကျောင်းကို ဥပုသ်လာမစောင့် ကြတော့ဘူး ။

သူတို့ဘက်က သာ ဒိုင်မင်းရှင်းတွေ ရွေ့လျားကုန် ကြတာပါ ။ ဦးနန္ဒဝံသ ကတော့ ဟိုအရင်တုန်းက အတိုင်းပါပဲ ။ အနေအထိုင် အပြောအဆို ဘာတစ်ခုမှ ပြောင်းလဲ သွားတာမျိုး မရှိဘူးရယ် ။ သူတို့ အကြည်ညို ပျက်ချင်စရာ ဘုန်းကြီးကျင့်ဝတ် ၊ ဘုန်းကြီးသိက္ခာ ဖောက်ဖျက်တာမျိုးလည်း ယောင်လို့မှ မလုပ်ခဲ့ဖူးဘူး ။ အဲသလို လုပ်မိလို့ ဦးနန္ဒဝံသ ကို ရွံပြီး မကိုးကွယ်ချင် ကြတော့တာ ဆိုရင်တော့ တစ်မျိုးပေါ့ ။ အခုကျ ဘုန်းကြီး ပီပီသသ ကျင့်ကြံ နေထိုင်တဲ့ ဦးနန္ဒဝံသ အပေါ် ရှိသင့်တဲ့ ဝတ္တရားတွေ ပျက်နေကြတယ် ။ ပြီးတော့ အမေကျော် ဒွေးတော် လွမ်းပြီး တခြား ရွာက ရွာဦးကျောင်း ကို ရောက် ကုန်ကြပြီ ။

တော်သေးတာပေါ့ ။ ရွာဦးကျောင်း ကို အလှည့်ကျ ဆွမ်းပို့တဲ့ ဝတ္တရားလေး မပျက်ကြသေးလို့ ။ မဟုတ်ရင် ဦးနန္ဒဝံသ ရဲ့ ဆွမ်းကိစ္စက အခက်အခဲ ရှိလာနိုင်တယ် ။ သူ့မှာ တချို့ဘုန်းကြီးတွေလို ဝင်ငွေ ရပေါက်ရလမ်းမှ မရှိဘဲကိုး ။ ရှိတယ်ပဲ ထားဦး ၊ ဦးနန္ဒဝံသ က အဲဒါမျိုးတွေ လုပ်ဖို့ ဝသီ မပါဘူး ။ ဗုဒ္ဓ ရဲ့ အဆုံးအမ အတိုင်း လိုက်နာ ကျင့်ကြံပြီး သံသရာ စက်ဝိုင်းထဲက လွတ်မြောက်အောင် ရုန်းထွက်နိုင်ဖို့ပဲ စိတ်ကူးရှိတယ် ။ အဲဒါကြောင့်ပဲ ရွာသူ ရွာသားတွေ ရဲ့ အကြိုက်ကို သိပေမဲ့လည်း မလိုက်ဘဲ နေတာပေါ့ ။ သူသာ မူပြောင်းလိုက်မယ် ဆိုရင် ရွာသူ ရွာသားတွေ သူ့ဆီ ပြန် ကပ်လာမယ်မှန်း ဦးနန္ဒဝံသ သိသားပဲ ။ ဒါပေမဲ့ သူက မူမပြောင်းဘဲ နေမြဲအတိုင်း နေတယ် ။ ရွာသူရွာသားတွေ သူ့ကို ဆေးဖော်ကြောဖက် သိပ်မလုပ်ကြတော့ သူ့အတွက် တရား အားထုတ်ချိန် ပိုရတယ်လို့ ဦးနန္ဒဝံသ က နှလုံးသွင်း ထားတာကလား ။

ဒီလိုမျိုး ဖြစ်လာတာ သိပ်မကြာသေးပါဘူး ။ လွန် ခဲ့တဲ့ နှစ်လကျော် သုံးလလောက်ကမှပါ ။ ဒီမီးကို စတင် မွှေးသူ ၊ ပြဿနာမျိုးစေ့ကို ဆောင်လာသူ ၊ အဖြစ်အပျက် တစ်ခုလုံး အတွက် သတ္တုချရမယ့် သူကတော့ ဦးနန္ဒဝံသ နဲ့  သားချင်းမကင်းသူ တစ်ယောက်ပဲ ။ သူ့ နာမည် က မိငြိမ်း တဲ့ ။

( ၂ )

မိငြိမ်း ကို ဒီရွာမှာပဲ မွေးတယ် ။ သူ မွေးတုန်းက ဦးနန္ဒဝံသ က ရွာမှာ မရှိဘူး ။ မဟာဂန္ဓာရုံကျောင်းမှာ စာသင်သား အဖြစ်နဲ့ ရှိနေလို့ ။ ဆိုတော့ သူနဲ့ မိငြိမ်း က သားချင်းမကင်းပေမဲ့ သူစိမ်းတွေလိုပါပဲ ။ တစ် ယောက်နဲ့ တစ်ယောက် ကြားမှာရှိတဲ့ အသက် ကွာခြား ချက်က ကြီးမားနေသလို အနေကလည်း ဝေးလွန်းနေခဲ့တာကိုး ။

မိငြိမ်းတို့ မိသားစုထဲမှာ မိငြိမ်း က တစ်ရုပ်ထွက် တယ် ။ အသားအရေက ပြောသလောက် မမည်းဘဲ ညို ပြေပြေလေး ။ ခန္ဓာကိုယ်က ပြည့်ပြည့်ဖြိုးဖြိုး ဝဝကစ်ကစ် နဲ့ ။ ဉာဏ် ကလည်း ကောင်းတယ် ပြောပါတော့ ။ တကယ်လို့ မိငြိမ်းသာ ပြည့်စုံတဲ့ မိသားစုက ပေါက်ဖွား လာသူဆိုရင် ပညာရေးမှာ ထွန်းထွန်းပေါက်ပေါက် ရှိမယ့်ပုံပဲ ။ ဒါပေမဲ့ သူ့ခမျာ ကံမကောင်းရှာဘူး ။ မူလတန်း အပြီးမှာ ကျောင်းထွက်လိုက်ရတယ် ။ ပြီးတော့ တခြားသော လယ်ကူလီ တို့ရဲ့သမီး ၊ သားတွေရဲ့လမ်းစဉ် ကို လိုက်ရတော့တာပဲ ။ ဒီအတွက်တော့ မိငြိမ်း က ထူးပြီး ဝမ်းနည်းမနေပါဘူး ။ ဝမ်းနည်းခွင့်လည်း မရှိဘူးလေ ။ ဒါက သူတို့ ဘဝတွေ အတွက် ပြဋ္ဌာန်းထားပြီးသားလို့ ပြောရမယ့် ပုံစံတစ်ခုပဲ ဥစ္စာ ။ ကျေကျေနပ်နပ်ပဲ ဖြစ်ဖြစ် ၊ မကျေမနပ်ဘဲ ဖြစ်ဖြစ် လက်ခံလိုက်ရုံကလွဲပြီး ဘာတတ် နိုင်တာမှတ်လို့ ။

အဲသလိုနဲ့ပဲ မိငြိမ်း အရွယ် ရောက်လာခဲ့တယ် ပြော ပါတော့ ။ နေပူစပ်ခါးမှာ လုပ်ကိုင်ရသူ ဆိုပေမဲ့ အရွယ်ရောက်လာတဲ့ မိငြိမ်း အလှက ညှိုးမသွားဘူး ။ နေရောင်ကို အန်တုပြီး ငွားငွားစွင့်စွင့်ပွင့်တဲ့ နေကြာပန်း တစ်ပွင့်လိုပဲ ။ သူ့ သတင်းက ဒီရွာ ထဲမှာတင် မကဘဲ တခြားရွာတွေ အထိ မွှေးတယ် ။ သူ့ကို ကြိုက်ကြတဲ့သူ တွေ ဆိုတာလည်း ပေါမှပေါ ။ တချို့များဆို သူ့အတွက်နဲ့ ရန်တွေဘာတွေတောင် စောင်ကြသေးဆိုပဲ ။ ကျီးကန်း တွေကြားမှာ ဥသြက သရဖူ ဆောင်းထားတယ်လို့ ပြော ရင် ရမယ်ထင်ပါရဲ့ ။ မိငြိမ်း က အဲသလောက်ထိ နာမည် ကြီးတာ ။

ကာလသားတွေ ကြားမှာ ရေပန်းစားနေမှန်း သိပေ မဲ့ မိငြိမ်း က ဘာသိဘာသာပါပဲ ။ ဘဝင်မြင့်တာမျိုး မာန်တက်နေတာမျိုး မရှိပါဘူး ။ ခါတိုင်းလိုပဲ သွားသွား လာလာ ရှင်သန်လှုပ်ရှားတယ် ။ မိငြိမ်း ကသာ အေးအေး ဆေးဆေး နေနိုင်တာပါ ၊ သူ့မိဘတွေ ကတော့ စိတ် မအေးနိုင်ကြဘူး ။ မိငြိမ်း တစ်ယောက် အန္တရာယ် တွေ့ မှာ ဒါမှမဟုတ် မတော်တရော် ဖြစ်သွားမှာကို စိုးရိမ်ကြ တယ် ။ ဒါနဲ့ သူတို့ မျက်စိ မမှိတ်ခင် စိတ်ချချင်တယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ မိငြိမ်း ကို ယောက်ျား ပေးစားလိုက် ကြပါရော ။

မိငြိမ်းယောက်ျား ကျော်စိုး ကလည်း ဒီရွာသားပဲ ။ အသက် ကတော့ မိငြိမ်းထက် နှစ်နှစ်လောက် ကြီးတယ် ။ မိငြိမ်း မိဘတွေက သူတို့သဘောကျ ရွေးချယ်ပြီး ပေးစား ထားတာ ။ သဘောကျ , ကြမှာပေါ့ ၊ ကျော်စိုးက လူ ဆင်းရဲပေမဲ့ စာရိတ္တ မဆင်းရဲဘူး ။ ရိုးရိုးသားသားနဲ့ ပိုက်ဆံ ရမယ်ဆိုရင် ပင်ပန်းချင် ပင်ပန်းပါစေ ဘာပဲ ဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ လူစားမျိုး ။ မိငြိမ်း ကို ချစ်လိုက် တာလည်း တုန်လို့ ။ ဘယ်လောက်ထိ ချစ်သလဲ ဆိုရင် သူနဲ့ ယူပြီးတာနဲ့ မိငြိမ်း ကို ဘာအလုပ်မှ မလုပ်ခိုင်းတော့ တာပဲ ကြည့် ။

ကလေး မရခင် အထိတော့ မိငြိမ်း အလုပ်မလုပ်တာ ပြဿနာမရှိပါဘူး ။ လင်မယား နှစ်ယောက်တည်း ရှိတာ မို့ ကျော်စိုးရဲ့ ဝင်ငွေလေးနဲ့ အဆင်ပြေတယ် ။ စုမိဆောင်း မိတာမျိုးတော့ မဟုတ်ဘူးပေါ့လေ ။ ရရစားစား ဝါးဝါး မျိုမျိုနဲ့ကသီလင်တ မနိုင်တာကိုပြောတာ ။ တဖြည်းဖြည်း အိမ်ထောင်သက် ရင့်လာပြီး ကလေးတွေရ ၊ ပါးစပ်ပေါက် တွေ တိုးလာချိန်မှာတော့ မိငြိမ်း အိမ်မှာ ထိုင်နေလို့ မရ တော့ဘူး ။ ပွားစီးထားတဲ့ သားသမီးတွေ ရှိလာပြီမို့ ကျော်စိုး ရဲ့ ဝင်ငွေလေးနဲ့တင် မိသားစုစားဝတ်နေရေး ကို ကျားကန်ဖို့ ဆိုတာ မနိုင်ဝန် တစ်ခုလိုဖြစ်လာပြီ မဟုတ်လား ။ ဆိုတော့ မိငြိမ်း အလုပ်လုပ်ဖို့ စဉ်းစားရပြီ ။

မတတ်သာလို့သာ မိငြိမ်း ကို အလုပ်လုပ်ဖို့ ခွင့်ပြုရပေမဲ့ ကျော်စိုးက တစ်ခု ပြောထားတယ် ။ တအားကြီး ပင်ပန်းမယ့် အလုပ်မျိုး ရှာမလုပ်ဖို့ပေါ့ ။ ဒါနဲ့ မိငြိမ်း ဘာမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်သေးဘူး ။ ကျော်စိုး သဘောနဲ့ ကိုက်ညီမယ့် အလုပ်မျိုးကို စိစစ်ရွေးချယ်နေလို့ ။ အဲသလို ဖြစ်နေတုန်းမှာပဲ မိငြိမ်း အတွက် အသင့်တော်ဆုံး အလုပ် တစ်ခု ကို တွေ့တယ် ။ ပင်ပင်ပန်းပန်းကြီး လုပ်နေဖို့ မလို သလို ကိုယ် လုပ်နိုင်ရင် လုပ်နိုင်သလောက် ပိုက်ဆံရမယ့် အလုပ်မျိုး ။ တစ်နေ့ နှစ်ခေါက် ရွာ နဲ့မြို့  ကို အသွားအပြန် လုပ်နိုင်ဖို့ရယ် ၊ ပါးရည်နပ်ရည် ရှိဖို့ရယ်တော့ လိုတာပေါ့ ။ ဒါမှလည်း လိုအပ်လာရင် ရှောင်နိုင်တိမ်းနိုင်မှာ လေ ။ ဘာဖြစ်လို့လဲ ဆိုတော့ မိငြိမ်း လုပ်ရမှာက နှစ်လုံး ၊ သုံးလုံး လက်ခွဲ အလုပ် ဖြစ်နေလို့ပါ ။

ကျော်စိုး က ဒီအလုပ်ကို ဥပဒေနဲ့ မလွတ်ကင်းလို့ ခွင့်မပြုပေမဲ့ မိငြိမ်းကို တားလို့ မရဘူး ။ ဆွေမျိုးတွေ က လည်း မိငြိမ်း ဘက် ခပ်ပါပါမို့ ကိုယ့် အန္တရာယ်တော့ ကိုယ် ကြည့်ရှောင်ပေါ့ကွာဆိုပြီး လက်လျှော့လိုက်ရ တယ် ။ မိငြိမ်း လက်ခွဲ စလုပ်ချိန်မှာ ဦးနန္ဒဝံသက ဒီရွာမှာ ကျောင်းထိုင် နေတာ တစ်ဝါတောင် ဆိုခဲ့ပြီးပြီ ။

( ၃ )

လက်ခွဲ စလုပ်ခါစ တုန်းကတော့ မိငြိမ်း ရဲ့ စားကျက် က ရွာ ထဲတင်ပါပဲ ။ လုပ်ခါစမို့ မရဲသေးတာရယ် ၊ တခြား ရွာတွေ သွားဖို့ ကိုယ်ပိုင်ယာဉ် မရှိတာရယ်ကြောင့်ပေါ့ ။ တဖြည်းဖြည်းနဲ့ လုပ်သက်ရင့်လာပြီး စက်ဘီးဟောင်း လေးတစ်စီး ဝယ်နိုင်ချိန် မှာတော့ မိငြိမ်း ရဲ့ခြေလှမ်းတွေ ကျဲလာတယ် ။ တခြား ရွာနီးချုပ်စပ်တွေ အထိပါ စက်ဘီး တစ်စီး နဲ့ပတ်ပြီး ဈေးကွက် ချဲ့ထွင်တော့တာပဲ ။ ကိုယ် ရောင်းအား ကောင်းရင် ကောင်းသလောက် ကော်မရှင် ရတာမို့ များများ ရချင်တဲ့ လောဘစိတ်က မိငြိမ်းဆီမှာ ကပ်ငြိနေပြီ ။ ဒီကြားထဲ ပေါက်သီး ပါတဲ့ သူတွေဆီက မုန့်ဖိုးပဲဖိုးလေး ရသေးတာကလား ။ ဆိုတော့ မိငြိမ်း စက်ဘီး တစ်စီးနဲ့ ရွာစဉ်လှည့်တာ ကိုလည်း အပြစ် ပြော ချင်လို့ မရဘူး ။ ပရိယေသန အတွက် ဒီလောက် ရုန်းကန်နိုင်မှ တော်ရုံကျမှာ မဟုတ်လား ။

အဲသလို ရွာစဉ်လှည့်ရင်း မိငြိမ်း က သတင်းတွေ သယ်သယ်လာတတ်တယ် ။ သူ သယ်လာတဲ့ သတင်း တွေထဲမှာ ရွာသူရွာသားတွေ အနှစ်သက်ဆုံး သတင်း တစ်ခု ရှိလေရဲ့ ။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး ။ ဒီရွာ ရဲ့ မြောက်ဘက် တစ်ရွာ ကျော်မှာ ရှိတဲ့ ရွာကျောင်း ဆရာတော် ဆီက ထွက်ပေါ်လာတဲ့ စကားလေး တစ်ခွန်း ပါ ။ အဲဒီ နှုတ်ထွက် စကားဟာ ခပ်တိုတို ဖြစ်ချင် ဖြစ်မယ် ၊ ဒါမှမဟုတ် ရှည်ချင် လည်း ရှည်နိုင်တယ် ။ ဘာပဲဖြစ်ဖြစ် သေချာတာ တစ်ခုကတော့ သူ့ နှုတ်ထွက်စကား ဟာ ဒီရွာ အပေါ်ကြီးမားတဲ့ သြဇာသက်ရောက်မှု ရှိတယ် ။ သူ့ စကား ရဲ့ အနက်အဓိပ္ပာယ် ကို ဒီရွာက လူတွေ ခေါင်းချင်းဆိုင် ဘာသာပြန် ဖော်ထုတ်တတ်ကြတယ် ဆိုတာပဲ ။

ရောဂါတစ်ခု ကို အချိန်မီ မကာကွယ်နိုင်ရင် ဒါမှ မဟုတ် လက်ခံ မွေးမြူထားမယ် ဆိုရင် ကြီးထွားလာတတ် စမြဲ ။ ဒီရွာက လူတွေ လည်း အဲဒီလိုပဲ ပြောပါတော့ ။ မိငြိမ်း ဆီက တစ်ဆင့် ကြားရတဲ့ စကားသံကို နားထောင် ရင်း ရောဂါက ရင့်သန်လာတယ် ။ တစ်ဆင့် စကား ကို နားထောင်ရရုံနဲ့တင် မကျေနပ် မတင်းတိမ် နိုင်ကြတော့ဘူး ။ ကိုယ်တိုင် ကိုယ်ကျ နားနဲ့ ဆတ်ဆတ် ကြားချင် ကြတဲ့ အာသီသတွေ သူတို့ ကိုယ်ထဲမှာ ရွပိုးထိုးလို့ ။ ဒီမှာတင်ပဲ သူတို့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ် တွေဟာ တောင်လေ မတိုက်ဘဲ မြောက်ကို လွင့်ပါ ရောက်ရှိသွား ကြရော ။

ခုဆိုရင် အခြေအနေက တော်တော်ကို ဆိုးရွားနေ ပြီ ။ လူ ကြားလို့တောင် မကောင်းဘူးလို့ ပြောရမယ် ။ ဝါတွင်းဥပုသ်နေ့ မှာတောင် ကိုယ့်ရွာ ရဲ့ ရွာဦးကျောင်း မှာ ဥပုသ်စောင့်မယ့်သူ မရှိ ဖြစ်နေတာ ။ တခြား ရွာမှာရှိတဲ့ ကျောင်းဆီ ရောက်နေကြတယ် ဆိုတာ တကယ်လည်း လူကြားလို့မှ မကောင်းဘဲကိုး ။

ဒီကိစ္စကြီး က မဖြစ်သင့်မှန်း ၊ ပြုပြင်ပြောင်းလဲသင့် မှန်း ဦးနန္ဒဝံသ သိတယ် ။ ကပ္ပိယကြီး ဦးဘမှီ ကလည်း တိုက်တွန်းတာ ခဏခဏပါပဲ ။ ရွာသူရွာသားတွေ ရွာဦး ကျောင်း ကို အရင်လို သွားသွားလာလာ ပြန်ဖြစ်အောင် လုပ်ဆောင်ဖို့ကိုပေါ့ ။ ဦးဘမှီ ကလည်း တိုက်တွန်းရုံတင် တိုက်တွန်းတာ မဟုတ်ဘူး ။ ဘယ်လို ဘယ်ပုံ ပြန်လည် စည်းရုံး သိမ်းသွင်းရမယ် ဆိုတာကိုပါ ချပြတယ် ။ ဒါပေမဲ့ သူ့ ကြိုးပမ်းမှုက သဲထဲ ရေသွန် တာလောက် တောင် အရာမထင်ဘူးလို့ ပြောရမယ် ။

ဟုတ်တယ်လေ ။ ဦးဘမှီ အာပေါက်မတတ် မဲဆွယ် ပေမဲ့ ဦးနန္ဒဝံသ ရဲ့ စိတ်က ဆံခြည်တစ်မျှင်စာ လောက်တောင်မှ ယိုင်နဲ့ မလာဘဲကိုး ။ ဦးနန္ဒဝံသ စိတ်က တစ်သမတ်တည်းပဲ ။ လျှာပေါ် မြက်ပေါက် လာရင် တောင် အဲဒီ မြက်ပင် ကိုပဲ ပြန်နုတ်စားမယ် ။ လာဘ် လာဘ မရချင်နေ ၊ ကယ်တင်တာ လိုလိုနဲ့ နွံထဲ ဆွဲနှစ် နေတဲ့ အလုပ်မျိုး ကိုတော့ မလုပ်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုး ။ ဆိုတော့ ဦးဘမှီ ခပ်မဆိတ်ဘဲ နေလိုက်တယ် ။ ထပ် ပြော နေရင်လည်း လေကုန်တာပဲ အဖတ်တင်မှန်း သိပြီး သားဥစ္စာ ။

ကိုးနာရီခွဲလောက် မှာ ဦးဘမှီ ကျောင်းပေါက်ဝရှေ့ ကို မယောင်မလည် ထွက်လာခဲ့တယ် ။ လူ က ကျောင်း ရှေ့မှာ ရပ်နေပေမဲ့ အကြည့်တွေ က တခြား တစ်နေရာ ဆီ ရောက်နေလေရဲ့ ။ မြောက်ဘက် က ရွာတွေ နဲ့ ဒီရွာ ကို ဆက်ပြီး ဖောက်ထားတဲ့ လမ်းမ ဆီကိုပါ ။

ဦးဘမှီ ကြည့်နေတုန်းမှာပဲ စက်ဘီး နင်းလာတဲ့ လူ တစ်ယောက် သူ့ မြင်ကွင်း ထဲ ဝင်လာတယ် ။ မြောက်ဘက်ရွာ ရဲ့ ရွာဦးကျောင်း က ပြန်လာတဲ့ ညိုဝင်း ပါပဲ ။ ညိုဝင်း အနားရောက်လာတော့ ဦးဘမှီ က လှမ်းမေးလိုက် တယ် ။ သူ့ ပုံစံ က သိချင်လွန်း လို့ မရိုးမရွ ဖြစ်နေဟန် အပြည့်နဲ့ ။

“ ညိုဝင်းရေ ၊ ဒီနေ့ ဘာပြောလိုက်သလဲ ဟ ”

“ ဆုပ် လည်း စူး ၊ စား လည်း ရူး တဲ့ ကပ္ပိယကြီးရေ ”

ညိုဝင်း စက်ဘီး ကို မရပ်ဘဲ ဦးဘမှီ ရဲ့ အမေးကို ဖြေသွားတယ် ။ ဦးဘမှီ လည်း ကျောင်း ထဲ က သူ့ ဘုံ ဗိမာန်ဆီ ပြန်ဝင်လာခဲ့ပါရော ။ “ ဆုပ် လည်း စူး ၊ စား လည်း ရူး ရဲ့ အဓိပ္ပာယ် ကို ခြေရာကောက်ဖို့ ဦးနှောက် ကို အပြင်းအထန် အလုပ်ပေးရဦးမယ်လေ ။  ။

⎕ မော်မော့်မောင်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း    
      ၂ဝ၁၅ ၊ မေ

#ကိုအောင်နိုင်ဦး

.

Saturday, April 6, 2024

ကျေးဇူးတရား ရဲ့ စာလုံးပေါင်းသတ်ပုံ


 

❝ ကျေးဇူးတရား ရဲ့ စာလုံးပေါင်းသတ်ပုံ ❞

“ မေတ္တာအေးရိပ် ” ဆိုတာ ကျုပ် နေတဲ့ ခြံ ရဲ့ နာမည် ။ ဒီ ခြံ ကို ကျုပ် ရောက်လာတာ
သုံး ၊ လေးလ လောက် ပဲ ရှိသေးတယ် ။ အရင်က တော့ ကျုပ် မှာ အိပ်စရာ နေရာရယ် လို့ အတည်တကျ မရှိခဲ့ဘူး ။ စားဖို့ သောက်ဖို့ အတွက် လည်း မနည်း လှုပ်ရှား ရုန်းကန်ခဲ့ရတာ ။ ဒါကလည်း ထူးဆန်းတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး လေ ။ ကျုပ် ရဲ့ လာခြင်း က ကောင်း မှ မကောင်းခဲ့ဘဲ ကိုး ။ မကောင်း ဆို ကျုပ် ကို လမ်းဘေး ရေနုတ်မြောင်း တစ်ခု ရဲ့ ဘေး မှာ မွေးခဲ့တာလေ ။

အမေ ကျုပ် ကို မွေးတု န်းက တစ်ကောင် တည်း မွေးခဲ့တာ မဟုတ်ဘူး ။ ကျုပ် နဲ့ အတူ မွေးချင်း သုံးကောင် လည်း ရှိသေးတယ် ။ ဒါပေမဲ့ အခု သူတို့ ဘယ် ရောက်ကုန်ကြပြီလဲ ဆိုတာ ကျုပ် မသိတော့ဘူး ။ အရင် နေရာ ဟောင်း မှာ ပဲ အလေအလွင့် ဘဝ နဲ့ ရှိချင် ရှိနေလိမ့်ဦးမယ် ။ ဒါမှမဟုတ် ကျုပ် လို နေဖို့ စားဖို့ မပူရတဲ့ နေရာ တစ်နေရာ ကို ရောက် နေတာမျိုး လည်း ဖြစ်ချင် ဖြစ်နေမှာပဲ ။

လွန်ခဲ့တဲ့ လေးလ လောက် ကတည်း က ကျုပ်တို့ တွေ ကွဲသွား ကြတာ ကိုး ။ ဆိုတော့ အဲဒီ နောက်ပိုင်း ကြုံတွေ့ရတဲ့ သူတို့ ရဲ့ အပြောင်းအလဲ ကို ကျုပ် ဘယ် အတိအကျ သိနိုင်ပါ့မလဲ ။ သူတို့ ဘဝတွေ ပြောင်းလဲခြင်း ရှိ ၊ မရှိ မသိပေမဲ့ ကျုပ် သေချာ သိတာ တစ်ခုတော့ ရှိတယ် ။ ကျုပ် ဘဝ က သိသိသာသာကြီး ကို ပြောင်းလဲခဲ့ပြီ ဆိုတာပဲ ။ ဒီ ခြံ ကို ရောက်ပြီး နောက်ပိုင်းမှာ ဆိုပါတော့ ။

ကျုပ် ဘယ်လောက် ထိ ပြောင်းလဲ သွားသလဲ ဆိုရင် ကျုပ် ရဲ့ မွေးချင်းတွေ က ကျုပ် ကို လမ်း မှာ ပြန် တွေ့ရင် တောင် မှတ်မိဖို့ ခပ်ခက်ခက်ပဲ ။ ဒါ က ကျုပ် ရဲ့ ပြောင်းလဲ နေတဲ့ သွင်ပြင်ကြောင့် လည်း ပါကောင်း ပါနိုင်တယ် လို့ ပြောမယ် ဆို ပြောလို့ ရလိမ့်မယ် ။ ဟုတ်တယ်လေ ။ ဒီ ခြံ ကို ရောက် မလာခင် နေ့ က ထိ ကျုပ် ရဲ့ခန္ဓာကိုယ် ဟာ ပိန်ခြောက်ခြောက် နဲ့ ကိုယ် ပေါ် မှာ ရှိတဲ့ အမွေးတွေ က လည်း မလှ မပ ညစ်စုတ်စုတ် ရယ် ။ ဒီ ကြား ထဲ ရပ်ကွက်ချင်း ကပ်လျက် က ကောင်တွေ နဲ့ ရန်ဖြစ် ပြီး ဒဏ်ရာ ဗရပွ နဲ့ လမ်းဘေး မှာ လဲကျ နေချိန် မို့ စဉ်းစား သာ ကြည့်တော့ ။ ကျုပ် ရဲ့ သွင်ပြင် က ဘယ်လို ပုံစံ ပေါက်နေ မလဲ ဆိုတာ ။ ဒါပေမဲ့ အဲဒီ နေ့က အဲဒီလို ဖြစ်ခဲ့တာ လည်း ခပ်ကောင်းကောင်း ပဲ လို့ ဆိုရမယ် ထင်ပါရဲ့ ။ မဟုတ်ရင် ကျုပ် ဒီ ခြံ ကို ရောက် လာ စရာ လမ်းစ မမြင်ဘူးလေ ။ အဲဒီ နေ့ က ကျုပ် လမ်းဘေးမှာ လဲ ကျ နေတာ ကို မြင်ပြီး သနား လို့ တဲ့ ဦးခင်စိုး တို့ သားအဖ က ကျုပ် ကို သူ တို့အိမ် ခေါ် လာခဲ့ ကြတာ ။“ မေတ္တာအေးရိပ် ” ဆို တဲ့ ဒီ ခြံ ထဲ ကို ပဲ ပေါ့ ။

ခြံ ထဲ ရောက် ရောက် ချင်း နေ့ မှာပဲ ကျုပ် အတွက်နဲ့ ဦးခင်စိုး တို့ မိသားစု စကား အချေအတင် ဖြစ်ကြရသေး တယ် ။ ဒါလီစိုး က ကျုပ် ကို အိမ် မှာ မမွေးဖို့ အပြင်းအထန် ကန့်ကွက်တာ ကြောင့် ပါ ။ ဪ ဒါလီစိုး ဆိုတာ က ဦးခင်စိုး ရဲ့ သမီး အကြီးမ ကို ပြောတာ ။ သူ့ မှာ သမီး နှစ်ယောက် ရှိတယ် ။ ကျုပ် ကို သနား ပြီး အိမ် ခေါ်လာတာ က အငယ်မ ။ နာမည် က ရူပါခင် တဲ့ ။ သူတို့ အမေ က တော့ ဒေါ်ထက်ယုဇနထွန်း ၊ နာမည် မှာ “ ထက် ” ပါနေ ပေမဲ့ လူ က တော့ ခပ်အေးအေးသမား ထင်ပါ ရဲ့ ။ ကျုပ် ကို အိမ် မှာ မွေးဖို့ ၊ မမွေးဖို့ ကိစ္စ နဲ့ ပတ်သက် ပြီး ဘာမှ ဝင် မပြောဘူး ။ အဲဒါ နဲ့ ပဲ ကျုပ် ဒီ ခြံ မှာ နေထိုင်ခွင့် ရခဲ့တယ် ဆိုပါတော့ ။ ဒါလီစိုး က နှစ်မဲ ၊ တစ်မဲ နဲ့ ရှုံးနိမ့် သွားတယ်လေ ။ မလွှဲသာ မရှောင်သာ လို့ လက်ခံ ထားရပေမဲ့ ဒါလီစိုး က ကျုပ် ကို လုံးဝ အမြင် မကြည်ဘူး ရယ် ။ လစ် ရင် လစ် သလို တံမြက်စည်းရိုး နဲ့ ရိုက်တယ် ။ ကျုပ် က သူ့ မျက်လုံး ထဲ အချိုးမကျ ဖြစ် အောင် ဘာမှ မလုပ်ဘဲနဲ့ ကို ရိုက်တာ ။ ရောက်စ က တော့ ဒဏ်ရာတွေ အပြည့် နဲ့ စုတ်ချာချာ သွင်ပြင် ကြောင့် ကျုပ် ကို ကြည့်မရ ဖြစ်နေတာ လို့ ထင်မိ ပေမဲ့ မဟုတ်ပါဘူး ။ ရူပါခင် ရဲ့ ဂရုတစိုက် ကျွေးမွေး စောင့်ရှောက်မှု ကြောင့် တစ်သွေး တစ်မွေး ဖြစ်လာတော့ လည်း အရင် အတိုင်းပဲ ။ ကျုပ် ကို သာ ကြည့် မရတာရယ် ၊ ပင်စီ ကို ကျ တော့ ပွတ်သီးပွတ်သပ် နဲ့ ။ ပင်စီ ဆို တာ “ ဖေဖေတို့ က ဒီ ခွေး ကို မွေးရင် သမီး လည်း ခွေး တစ်ကောင် မွေးမယ် ” ဆို ပြီး ဒါလီစိုး ဝယ် ထားတဲ့ မွေးပွခွေးလေး ပေါ့ ။ ညနေ တိုင်း သူ့ ကို ခေါ်ပြီး လမ်း လျှောက် ထွက်ရတာ က လည်း အလုပ် တစ်ခု ဖြစ်လို့ ။ ဒီ အတွက် တော့ ကျုပ် ပင်စီ ကို မနာလို မဖြစ်ပါဘူး ။ ပြောရမယ် ဆို ကျေးဇူးတောင် တင်မိ သေးရဲ့ ။ ဟုတ်တယ်လေ ။ ပင်စီ ရောက် လာတော့ သူ့ ကို ဂရုစိုက် နေရတာနဲ့ ပဲ ကျုပ် ဘက် ကို သိပ် မလှည့်နိုင်တာ ကြောင့် ဒါလီစိုး ရဲ့ ဒဏ် ကို အရင်တုန်း က လောက် မခံရ တော့ဘူး မဟုတ်လား ။

ဒါပေမဲ့ ကျုပ် က လည်း ဒါလီစိုး ကို အတတ်နိုင်ဆုံး ရှောင် ပါတယ် ။ သူ ကျုပ် ကို ကြည့်မရမှန်း သိနေမှ တော့ သူ့ အနား မကပ်တာ ဟာ ကျုပ် အတွက် အကောင်းဆုံးပဲ လေ ။ အဲသလို ရှောင်နေတဲ့ ကြား ထဲ က ကို ဒါလီစိုး နဲ့ ကျုပ် ထိပ်တိုက် တိုး ရမယ့် ကိစ္စ တစ်ခု က မထင်မှတ် ဘဲ ပေါ် လာခဲ့သေး တယ် ။ မှတ်မှတ်ရရ အဲဒီ ည က လမိုက်ည ။

ကောင်းကင် ထက် မှာ မှုန်ပျပျလေး လင်းနေတဲ့ ကြယ်လေးတွေ ရဲ့ အလင်းဖျော့ဖျော့ ရယ် ၊ ဝပ်အားနည်း မီးသီး က ဖြာကျ လာတဲ့ အလင်း မှိန်မှိန် အမှောင် ထု ရယ် က လွဲ ရင် တစ်ခြံလုံး ကို ဖုံးအုပ် ထား တယ် ။ ဦးခင်စိုး တို့ မိသားစု အတွက် အကုန်လုံး အိပ်မော ကျနေကြပြီ ။ ကျုပ် က တော့ ခြံ ထဲ အနှံ့ လျှောက်ပတ် ကြည့် ရင်း မအိပ်နိုင်သေးပါဘူး ။ မအိပ်နိုင်သေးဘူး ဆိုတာ ထက် မအိပ်သေးဘူး ဆိုရင် ပို မှန်လိမ့် မယ် ။ ဒီ ခြံ ရဲ့ လုံခြုံရေး တာဝန် ကို ယူထားတာ ကြောင့် ပါ ။ ဒါက ဒီ ခြံ ကို ရောက်ပြီး ထူထူထောင်ထောင် ဖြစ်လာ ကတည်း က ကျုပ် ယူခဲ့တဲ့ တာဝန် ဆိုပါတော့ ။ ဘယ်သူ က ခိုင်း လို့ မှ မဟုတ်ဘဲ ကိုယ့် အသိ စိတ် နဲ့ ကိုယ် ယူထားတဲ့ တာဝန် ပေါ့ ။

ခြံ ထဲ မှာ လျှောက်ပတ် သွား နေတုန်း အနောက်ဘက် တံတိုင်း မှာ ရှိတဲ့ မလွယ်ပေါက် တံခါး ပွင့် လာတာ တွေ့ လိုက် ရတယ် ။ အဲဒီ တံခါး က သိပ် အသုံး မပြုလို့ ဖွင့်ခဲတယ် ။ အမြဲလိုလို သော့ခတ် ပြီး ပိတ် ထား တာ ရယ် ။ ဒီနေ့ ကျ မှ ဘယ်လို ဖြစ်လို့ သော့ က ပွင့်
နေရတာ လဲ ။ သော့ ကို အပြင် က များ လက် နှိုက်ပြီး ဖွင့် လိုက်တာလား ။ ကျုပ် ရှည်ရှည်ဝေးဝေး တွေးတော မဆ အားဘူး ။ ပွင့် လာတဲ့ တံခါး ပေါက် ကနေ ခိုးကြောင်း ဝှက်နဲ့ ဝင် လာတဲ့ လူ တစ်ယောက် ကို လှမ်း မြင်လိုက်ရ လို့ပါ ။ သေချာတယ် ၊ ဒါ သူခိုး ပဲ ဖြစ်ရမယ် ။ အဲဒါနဲ့ ကျုပ် လည်း အဲဒီ သူခိုး ဆီ တစ်ဟုန်ထိုး ပြေး သွားပြီး သူ့ ခြေသလုံး ကို မိမိရရ ခဲ ပစ်လိုက်တာပေါ့  ။

“ အား .... ”

သူခိုး ဆီ က ထွက် လာတဲ့ အော်သံ နဲ့ အချိန် သိပ် မကွာပါ ဘူး ။ အိမ်မကြီး ဆီ က မီး တွေ ဖျတ်ခနဲ လင်းလာတယ် ။ ပြီးတော့ ကျုပ် ကို လှမ်း မေးလိုက် တဲ့ ဦးခင်စိုး ရဲ့ အသံ ကို ကြား လိုက်ရလေ ရဲ့ ။ သူ့ အသံ ကြောင့် အိမ်မကြီး ဆီ စိတ် ရောက် သွားမိတဲ့ ခဏလေး အတောအတွင်း မှာ ပါပဲ ။ သူခိုး က ကျုပ် ခေါင်း ကို လက်သီး နဲ့ အားကုန် ထိုး ချ ပါလေရော ။ ကျုပ် လည်း သတိ လက်လွတ် ဖြစ်ပြီး သူ့ ခြေသလုံး ကို ခဲ ထား ရာ က လွှတ်ပေး လိုက်မိတယ် ။ ဦးခင်စိုး တို့ ရောက်လာချိန် မှာ သူခိုး က မရှိတော့ဘူး ။ မလွယ်ပေါက် က နေ ပြန် ထွက်ပြေး သွားပြီ ။ သူခိုး ကို မမိလိုက် လို့ ကျုပ် က အပြစ် မကင်း သလို ခံစား နေရ ပေမဲ့ ဦးခင်စိုး က တော့ အဲသလို မမြင်ဘူးရယ် ။ ကျုပ် ကြောင့် ဘာပစ္စည်း မှ ပါ မသွားတာ ဆို ပြီး ချီးမွမ်းခန်း တောင် ဖွင့် နေ သေးတာကလား ။ ဒါပေမဲ့ အဲဒီ အထဲ မှာ ဒါလီစိုး တော့ မပါဘူး ။

ဟုတ်တယ် ။ တခြား သူတွေ က ကျုပ် ကို ချီးကျူး ပြောဆိုကြပေမဲ့ ဒါလီစိုး က တော့ မီးဝင်းဝင်း တောက် နေ တဲ့ အကြည့် တွေ နဲ့ ကြည့်လို့ ။ အံ ကို လည်း ကြိတ် ထားလိုက် သေးရဲ့ ။ သူ ဘာလို့ အဲသလို ဖြစ်နေတာလဲ ဆိုတာ ကို မနက် ရောက်တော့ မှ ကျုပ် သိရ တယ် ။ အိမ် မှာ သူ နဲ့ ကျုပ် ပဲ ကျန်ရစ်ခဲ့ ချိန် ကျုပ် ကို တိုင် မှာ ကြိုး နဲ့ ချည်ပြီး တံမြက်စည်းရိုး နဲ့ ရိုက်နှက် ရင်း ဒါလီစိုး ပြောလို့ သိ လိုက်ရတာပါ ။ တကယ်တော့ ည က ကျုပ် သူခိုး ထင်ပြီး ကိုက် လိုက်တဲ့ လူ က သူခိုး မဟုတ်ဘူး ။ ခြံ ထဲ မှာ  တွေ့ဖို့ အချိန်းအချက်
လုပ် ထား လို့ လာတဲ့ ဒါလီစိုး ရဲ့ ရည်းစား ။ မလွယ်ပေါက် တံခါး ကို လည်း ဒါလီစိုး ကိုယ်တိုင် သော့ ဖွင့် ပေးထားတာတဲ့ လေ ။

အဲသလို ပါးစပ် က လည်း ပြော ၊ လက် က လည်း ရိုက် နဲ့ ကျုပ် မှာ တော်တော်လေး အီ သွားတယ် ။ ရူပါခင်  က ကျုပ် ကိုယ် ပေါ် မှာ အရှိုးရာတွေ တွေ့လို့ မေး တော့ ဒါလီစိုး က ဘာပြန် ပြောတယ် မှတ်လဲ ။ ကျုပ် က ဟင်း ခိုး စား လို့ ဆုံးမ ထားတာတဲ့ ။ ရုပ်လေး နဲ့ မလိုက်အောင် လီဆယ် ပြီး ပြောချလိုက်ပုံ က လွန် လွန်းတယ် ။ တော်ပါ သေး ရဲ့ ။ သူ့ စကား ကို ဘယ် သူ က မှ မယုံကြည်ကြလို့ ။

  •••••   •••••   •••••

၂ ။

နေစောင်း သွားပြီ ဆိုပေ
မဲ့ အပူရှိန် က တော့ ကျန် နေ တုန်းပဲ ။ ဘာဖြစ်လို့ ဒီလောက် ထိ ပူလောင် နေရတယ် မသိ ဘူး ။ သစ်တောတွေ ပြုန်းတီး ကုန်လို့ ဆိုလား ၊ အယ်နီညို ရာသီဥတု ကြောင့် ဆိုလား အိမ်သား တွေ ပြောသံ ကို ကျုပ် ကြားဖူးတယ် ။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပေါ့ လေ ။ ညနေစောင်း တဲ့ အထိ အပူရှိန် က သိသိသာသာ လျော့ မသွားသေးတာ က တော့ အမှန်ပဲ ။ ဒါပေမဲ့ မိဝမ်းဖြူ ဆီ ကို ကျုပ် ထွက်လာခဲ့တယ် ။ ဒါလီစိုး လည်း ပင်စီ နဲ့ လမ်းလျှောက် ရင်း ခွေငှားဆိုင် ကို ထွက် သွားပြီ ။ ပြီးတော့ ခြံတံခါး ကို လည်း ချက် ပြန် ထိုး မထားခဲ့ဘူးလေ ။

မိဝမ်းဖြူ နဲ့ ကျုပ် နဲ့ က လွန်ခဲ့တဲ့ နှစ်လလောက် ကတည်း က စပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာ ။ ချစ်သူ သက်တမ်း နှစ်လ အတွင်းမှာ ငါးကြိမ် လောက် ပဲ တွေ့ဖြစ်ကြ တယ် ။ ကျုပ် သဘော အရ ဆို ရင်တော့ နေ့တိုင်း နီးပါးတွေ့ ချင်တာပေါ့ ။ ကိုယ့် ချစ်သူ နဲ့ နေ့စဉ် မတွေ့ချင်တဲ့သူ ရယ်လို့ ဘယ် ရှိပါ့မလဲ ။ ခြွင်းချက် ဆို တာမျိုး ရှိကောင်း ရှိနိုင်ပေမဲ့ အဲဒီ ထဲ မှာ ကျုပ် မပါဘူး ။ ဒါပေမဲ့ ဒီ ခြံ မှာ ခြံတံခါး ကို အမြဲ ပိတ် ထားတတ်တယ် ။ အုတ်တံတိုင်း နဲ့ ကာ ရံထားတဲ့ ခြံ မို့ တိုးထွက်စရာ အပေါက် က လည်း မရှိဘူးလေ ။ ဆို တော့ ဒါလီစိုး က ပင်စီ နဲ့ လမ်းလျှောက် ဖို့ အပြင် ထွက် တဲ့ အချိန် ၊ ပြီးတော့ ခြံတံခါး ကို ချက်ပြန် ထိုး ဖို့ မေ့ သွားတဲ့ အခါမျိုး ကျ မှ ကျုပ် လည်း မိဝမ်းဖြူ နဲ့ တွေ့ခွင့် ရတာ ကလား ။

ခြံ အပြင် ကို ရောက်တာ နဲ့ မိဝမ်းဖြူ ရှိရာ ဆီ ခပ်သွက်သွက်ကလေး လှမ်း လာခဲ့တယ် ။ သူ့ ကို မြင်ချင် တွေ့ချင် အားပေး ချင် လှပြီ ။ သူ နေမကောင်းဘူး ဆိုတဲ့ သတင်း ကြား ထားလို့ ပါ ။ အဲဒီ သတင်း ကို လာပေး တဲ့ နီမ ပြော သွားတာ က တော့ မိဝမ်းဖြူ ရဲ့ ဝေဒနာ က တော်တော် ဆိုးပုံ ရတယ် တဲ့ ။ အစား ကို ဟုတ်တိပတ်တိ မစားဘဲ သစ်တိုသစ်စ တို့ ၊ သံတိုသံစ နဲ့ ကျောက်တုံးကျောက်ခဲတွေ ကို လိုက် ကိုက်နေတယ် ။ တစ်ခါ တစ်ရံ ပါးစပ် က သွားရည်တွေ စီးကျပြီး တအီအီ နဲ့ ညည်းညူ နေတတ်တယ် ဆိုပဲ ။ သေချာပါတယ် ။ သူ့ ကို မေတ္တာ အပြည့် နဲ့ အားပေး ယုယမယ့် ကျုပ် ကို မိဝမ်းဖြူ မျှော် နေတော့မယ် ။

ကျု ပ် က လည်း သတင်း ကြား , ကြားချင်း ကတည်း က မိဝမ်းဖြူ ဆီ အပြေး သွားချင်ခဲ့တာပါ ။ ဒါပေမဲ့ အခြေအနေ က မပေးခဲ့ဘူး လေ ။ ဒီနေ့ မှ အခွင့်အရေး ရ လို့ ထွက် လာနိုင်တာ ။ သိ , သိ ချင်း ရောက်မလာနိုင်တဲ့ အတွက် မိဝမ်းဖြူ က ကျုပ် ကို စိတ် ကောက် မှာ မဟုတ်ဘူး ။ ကျုပ် နဲ့ မိဝမ်းဖြူ ကြား မှာ ရှိတဲ့ အပြန်အလှန် နားလည်မှု က အား ကောင်းတယ်လေ ။ ကျုပ် ရောက် လာတာ တွေ့ရင် ပျော် တောင် ပျော်သွားဦးမှာ ဆိုတာ ကျုပ် အတပ် သိ တာပေါ့ ။ ကျုပ် ကိုယ်တိုင် က လည်း ပျော်နေ မိတာပါပဲ ။

မိဝမ်းဖြူ တို့ အိမ် နား နီး လာ တော့ သူ့ ကို ခြံပေါက်ဝ မှာ ခွေခွေလေး အိပ် နေတာ မြင်ရ တယ် ။ သူ က တော့ ကျုပ် ကို မြင်ပုံ မရဘူး ရယ် ။ ခြံပေါက်ဝ က သစ်တုံး ပေါ် မှာ မေးတင် ရင်း လမ်းမ ဆီ ကို ငေးရီ လို့ ။ မျက်ဝန်းတွေ က လည်း ရီဝေဝေ နဲ့ ။ ပုံမှန် မဟုတ်တာ တော့ သေချာတယ် ။ ကျုပ် သူ့ ဆီ ကို အသံ မပေးဘဲ ပြေးသွားဖို့ ဟန်ပြင် ပြီး မှ မသွားဖြစ်ဘူး ။ ခွေဆိုင် က ပြန်လာတဲ့ ဒါလီစိုး ကို လှမ်း တွေ့လိုက်ရလို့ ။ သူ က ကျုပ်ကို အမြင် မကြည်သူ မို့ အခုလို တွေ့ရင် အပြစ် မရှိ အပြစ် ရှာ ပြီး ရိုက်နှက် နေဦးမှာ ဆို တာ ကျုပ် သိတယ် ။ အိမ် မှာ ကျုပ် ကို ဘယ်လိုပဲ လုပ်လုပ် ခံနိုင်ပေမဲ့ မိဝမ်းဖြူ ရှေ့ မှာ တော့ အရိုက် မခံနိုင်ဘူး ။

နောက် တစ်ခု က ဒါလီစိုး နောက် မှ အိမ် ပြန်ရင် ဦးခင်စိုး ပြန် မလာမချင်း ကျုပ် ခြံပြင်မှာ ပဲ နေရလိမ့်မယ် ။ ဒါလီစိုး က ခြံတံခါး ကို ပြန် ပိတ် ထားမှာ ကြောင့် ပေါ့ ။ အဲဒါကြောင့် မိဝမ်းဖြူ ကို လာ တွေ့တဲ့ အခါတိုင်း ဒါလီစိုး ပြန် မရောက်ခင် ကျုပ် က အရင် ပြန် နေကျ ။ သူ့ အရင် အိမ် ပြန်ရတာ မှန် ပေမဲ့ ဆယ်မိနစ် လောက်တော့ မိဝမ်းဖြူ နဲ့ တွေ့ချိန် ရပါတယ် ။ ဒီနေ့ ကျ မှ ဘာ စိတ်ကူး ပေါက်ပြီး အစောကြီး ပြန် လာတယ် မသိ ဘူး ။ ကျုပ် နဲ့ မိဝမ်းဖြူ ရဲ့ တိုရေရှားရေ တွေ့ဆုံချိန်လေး ဆုံးရှုံးရတော့မယ် ထင်ပါရဲ့ ။

ရှေ့ ဆက် သွားရမလား ဒါမှမဟုတ် နောက်ပြန် လှည့် ရမလား ။ ချီတုံချတုံ ဖြစ်နေ တုန်း ဒါလီစိုး က တဖြည်းဖြည်း နဲ့ မိဝမ်းဖြူ တို့ အိမ်နား ကို ရောက် လာခဲ့ပြီ ။ အဲဒီ အချိန် မှာ ပဲ မိဝမ်းဖြူ ရဲ့ မျက်ဝန်းတွေ အရောင် ပြောင်း သွားတာ ကို မြင်ရတယ် ။ စောစောက လို ရီဝေဝေ မဟုတ် တော့ ဘဲ ရန်လိုမှု အပြည့်နဲ့ တောက်ပြောင် ဝင်းလက် လာ ကြလေရဲ့ ။ ကျုပ်တို့ ရဲ့ သဘာဝ အရ သူ ဒါလီစိုး ကို ပြေး ကိုက်တော့မယ် မှန်း ကျုပ် သိ လိုက်ပြီ ။ ဒါလီစိုး က တော့ ဘာကိုမှ သတိ မထားမိဘဲ ပင်စီ ကို ကြိုး နဲ့ ဆွဲရင်း အေးအေး လူလူ လျှောက် နေတုန်း ။

ကျုပ် ဘာ လုပ်ရမလဲ ။ ဒါလီစိုး က ကျုပ် ကို မမြင် ခင် လှည့် ထွက်ခဲ့တာ ကောင်းမလား ။ မိဝမ်းဖြူ ရဲ့ အကိုက်ခံရတာ ကို ရပ်ကြည့် နေရမလား ။ ဒါမှမဟုတ် ဒါလီစိုး ရှေ့ က မားမားမတ်မတ် ရပ်တည်ပြီး ခုခံကာကွယ် ပေးမယ် ဆိုရင် ရော ။ ဟုတ်တယ် ။ ဒါလီစိုး ကို မိဝမ်းဖြူ ကိုက်ခွင့် မရ အောင် ကြားဝင် ရမယ် ။ ဒါလီ စိုး က ဦးခင်စိုး ရဲ့သမီး ၊ ရူပါခင် ရဲ့ အစ်မ လေ ။ အဲဒီ တစ်ချက်တည်း နဲ့ တင် သူ့ ကို အကာအကွယ် ပေးဖို့ လုံလောက်နေ ပြီ ။ သူ က ကျုပ် အပေါ် လုံးဝ မကောင်းခဲ့တာ မှန်တယ် ၊ ဒါပေမဲ့ ဦးခင်စိုး တို့ က ကျုပ်ရဲ့ ကျေးဇူးရှင် တွေ မဟုတ်လား ။ ဒါလီစိုး ကို မနှစ်မြို့ဘူး ဆိုရင်တောင် ဦးခင်စိုး မျက်နှာ ကို ထောက်ရဦး မှာ ပေါ့ ။ ကျေးဇူး ရှင် တို့ ရဲ့ သားချင်း တစ်ယောက် ကိုယ့် မျက်စိ ရှေ့ မှာ ပဲ အန္တရာယ် ကြုံရမယ့် အရေး ကို မြင်နေပါ လျက် နဲ့ မျက်နှာလွှဲ ခဲပစ်လု ပ် ရလောက် အောင် ကျုပ် အသိစိတ် က လည်း ခွင့် မှ မပြုဘဲကိုး ။

ထင်ထားတဲ့ အတိုင်းပါ ပဲ ။ မိဝမ်းဖြူ က ဒါလီစိုး ကို ပြေး ကိုက်တယ် ။ ဒါလီစိုး က အထိတ်တလန့် အော်ဟစ်ပြီး ကြောင်တက်တက် နဲ့ ရပ်နေလေ ရဲ့ ။ မိဝမ်းဖြူ ပြေး ဝင် သွားတာ မြန် ပေမဲ့ သူ့ ထက်ခြေ သုံးလှမ်း စာ လောက် ကြိုပြေး ထား နှင့် တာ မို့ ကျုပ် အတွက် အချိန် မီ ပါတယ် ။ မိဝမ်းဖြူ က ကျုပ် ကို သူ့ ချစ်သူ လို့မှတ်မိပုံ လည်း မပေါ်ဘူး ။ ရုတ်တရက်ကြီး ဒါလီစိုး ရှေ့ ရောက် လာတဲ့ ကျုပ် ကို ရန်သူကြီး တစ်ယောက် လို တိုက်ခိုက်တယ် ။ ကျုပ် လည်း ဘာ တစ်ခွန်း မှ  ပြောချိန် မရဘဲ ပြန်တိုက်ခိုက် ရတော့တာပေါ့ ။ ဒါလီစိုး နဲ့ ပင်စီ တို့ က တော့ အိမ် ကို ပြန် ပြေး သွားကြပြီ ။

ရေ နဲ့ အပက် ခံလိုက်ရာ ပဲ ကျုပ် နဲ့ မိဝမ်းဖြူ ရဲ့ ပွဲ က ပြတ်သွားတယ် ။ ခြံတံခါး ပိတ်ထား ရင်တော့ ဒဏ်ရာ ဒဏ်ချက်တွေ နဲ့ အပြင် မှာ နေရတော့မှာပဲ ။ စိုးရိမ်စိတ် တွေ နဲ့ တွေးပူမိ ပေမဲ့ ဒီတစ်ခါ တော့ ဒါလီစိုး က သူ့ ကို အန္တရာယ် မဖြစ်အောင် ကာ ကွယ်ပေလို့ ထင်ပါရဲ့ ၊ ခြံတံခါး ကို ချက် ပြန် မထိုးထားခဲ့ဘူး ။ ဒါပေမဲ့ ကျုပ် ရခဲ့တဲ့ ဒဏ်ရာ တွေအကြောင်း ကို ကျ လှီးလွှဲ ပြောဆို ထားတယ် ။ ရူပါခင် က ကျုပ် ဒဏ်ရာတွေကို  ထည့်ပေးရင်း ပြော လို့ သိရတာ ပါ ။ ကျုပ် အခု ရတဲ့ ဒဏ်ရာ တွေ က မိဝမ်းဖြူ ကို တခြား ခွေးထီး တစ်ကောင် နဲ့ ယှဉ် လု ရင်း ရလာတာတဲ့ ။ ဘယ် ဘဝ ရေစက်ကြောင့်များ ဒါလီ စိုး ကျုပ် အပေါ် ဒီလောက် ထိ မုန်းတီး နေတာပါလိမ့် ။ ကျုပ် ဖြင့် တွေးတောင် မတွေးတတ် တော့ဘူး ။

  •••••   •••••   •••••

၃ ။

မိဝမ်းဖြူ သေပြီ တဲ့ ။

ကြားလိုက် ရတဲ့ သတင်း က ကျုပ် ကို အရူး တစ်ပိုင်း ဖြစ် သွားစေတယ် ။ သူ သေသွားတာ သူ့ ရောဂါ ကြောင့် ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများတယ် ဆိုစေဦးတော့ ကျုပ် ပယောဂ လည်း မကင်းသလို ခံစား နေမိတယ် ။ အချိန် ခဏလေး အတွင်း မှာ ဝမ်းနည်း စိတ် တွေ က ကျုပ် ဆီ ကို မဖိတ် ခေါ်ဘဲ ရောက်လာကြပါလေ ရော ။ ချစ်သူခင်သူတွေ နဲ့ သေကွဲ ကွဲရတဲ့ ဒုက္ခ ရဲ့ ဖိစီးနှိပ်စက်မှု ဒဏ် က တော်တော်ဆိုး ရွားတာပဲ ။ ရင် ထဲ မှာ တစ်ခု ခု ဝင်ရောက် ကာဆီး ထား သလို တစ်ဆို့ဆို့ကြီး ။ ခါတိုင်း လို ခြံ ထဲ မှာ လျှောက်ပတ် သွားချင် လာချင် စိတ် လည်း မရှိတော့ ဘူး ။ ပရိဒေဝ အပူမီး လောင်ကျွမ်း ခံထားရလို့ အားအင် တွေ တောင် ဆုတ်ယုတ် ကုန်ခန်း သွား သလိုလို ။

“ ဪ ... နင် က ဒီ ရောက် နေတာကိုး ။ ငါ့ မှာ ဖြင့် ရှာ လိုက်ရတာ ဖတ်ဖတ် ကို မောလို့ ။ ဘာလဲ ၊ မိဝမ်းဖြူ သေသွား လို့ ဒီမှာ ချောင်ကပ် ပြီး လာ ဆွေး နေတာပေါ့လေ ။ အဲလောက် ထိ လည်း ဝမ်းနည်းမနေပါ နဲ့ ကောက်ရ ရယ် ။ လာ ... လာ ထမင်း စားရအောင် ”

ကျုပ် ကိုယ့် နား ၊ ကိုယ့် မျက်စိ ကို တောင် မယုံသင်္ကာ ဖြစ် သွားမိတယ် ။ အပူလုံး ဆို့ ပြီး အမြင်အကြား အာရုံတွေ ဖောက်ပြန် ကုန်တာများလား ။ ဒါမှမဟုတ် မှိန်း နေရင်း တကယ် အိပ်ပျော် သွားပြီး အိပ်မက် မက် နေတာများလား လို့ လည်း ထင်မိလိုက်လေရဲ့ ။ ဒီလို ထင်မိလို့ ကျုပ် ကို အပြစ် တင် မစောလိုက်ကြပါနဲ့ဦး ။ ဘယ်သူမဆို ကျုပ် နေရာမှာ ရောက် နေရင် ကျုပ် ထင်သလို ထင်မိကြ မှာပါပဲ ။ ကျုပ် အပေါ် ဘယ်တုန်း က မှ အကောင်း မမြင်ဘဲ အပြစ် ပေး ဖို့ အမြဲ ချောင်း နေတတ်တဲ့ ဒါလီစိုး က စကား ချိုချိုတွေ ပြော ပြီး ထမင်း စား ဖို့ လာ ခေါ်နေတာကိုး ။

မျှော်လင့် မထားတဲ့ အခြေအနေ ကြောင့် ဖြစ်ပေါ် လာတဲ့ အံ့သြစိတ် ၊ ငါ့ အပေါ် သဘောထား ပြောင်းသွားပြီ ထင်တယ် ဆိုတဲ့ အတွေးကြောင့် ပွင့်လန်း လာတဲ့ ကြည်နူးစိတ် ။ အဲဒီ စိတ်တွေ အစားထိုး ဝင် ရောက် လာလို့ဖြစ်မယ် ၊ မိဝမ်းဖြူ အတွက် ဝမ်းနည်းတဲ့ စိတ် တွေ လွင့်ပါး ပျောက်ကွယ် သွားပါလေရော ။ အင်အား ချင်း မမျှတဲ့ အခါ အားနည်း သူ က အရှုံးပေး ဆုတ်ခွာ ရတာ ဓမ္မတာ ပဲ မဟုတ်လား ။ အခု လည်း အဲသလို ပဲ ပေါ့ ။ မိဝမ်းဖြူ သေဆုံးခြင်း အတွက် ဝမ်းနည်းရမှု က ဒါလီစိုး ရဲ့ ပြောင်းလဲခြင်း ကြောင့် ကြည်နူးဝမ်းသာရမှု လောက် ကျုပ် ရင် ကို ထိထိရှရှ ဖြစ် သွားအောင် မစွမ်းဆောင်နိုင်ဘူးလေ ။

ဒါလီစိုး ကျွေး တဲ့ ထမင်း က ဖြစ်သလို မဟုတ်ဘူးရယ် ။ အသေအချာ နယ်ဖတ် ထားတာ ဆိုတော့ ဟင်းနံ့လေး က လည်း မွှေးလို့ ။ မနက် ကတည်း က ဘာမှ မစားဘဲ ခွေ နေ ခဲ့တာမို့ ဗိုက် ထဲ မှာ လည်း ဂီဂွမ် မြည် နေပြီ ။ ကျုပ် လည်း ဟန် မဆောင် နိုင်တော့ ဘဲ အားရပါးရ တွယ် ပစ်လိုက်တာ ပေါ့ ။ ဒါလီစိုး က တော့ အငမ်းမရ စားနေတဲ့ ကျုပ် ကို ပြုံးပြုံးကြီး ကြည့် နေလေရဲ့ ။ အစာခွက် ထဲ က ထမင်းတွေ ပြောင်တလင်း ခါအောင် ကျုပ် စား ပြီးပြီ ဆိုတော့ မှ ဒါလီစိုး ထွက် သွားတယ် ။

သူ ထွက်သွားပြီး ဘာ ကြာ လို့တုံး ။ အလွန်ဆုံး ရှိ ဆယ့်ငါးမိနစ် လောက် ပေါ့  ။ ကျုပ် ရင် ထဲ မီးခဲ မျိုချ ထားမိ သလို ပူပူလောင်လောင် ဝေဒနာ ကို ခံစား လိုက်ရတယ် ။ အနား မှာ ရှိတဲ့ ရေခွက် ထဲ က ရေတွေ ကုန်အောင် သောက် ပစ်တာလည်း မရဘူး ။ ပူလောင်မှု ဝေဒနာ က လျော့ကျ မသွားတဲ့ အပြင် ပို လို့တောင် ဆိုး လာသေးတယ် ။ ဝမ်း တွင်း က ကလီစာတွေ လည်း ပြတ်ထွက်တော့ မတတ်ဘဲ ။ ခန္ဓာကိုယ် တွင်း မှာ လှည့်ပတ် နေတဲ့ အစီးကြောင်း က တဖြည် ဖြည်း နယ်ချဲ့ လာလို့ ထင်ပါ ရဲ့ ။ အမြင်အာရုံ တွေ လည်း ရီဝေမှုန်ဝါး လာကြပြီ ။

“ ဟယ် ... ကောက်ရ ၊ လာကြပါဦး ဒီမှာ ကောက်ရ ဘာဖြစ်နေမှန်း မသိလို့ ”

ရူပါခင့် အသံ ကြောင့် အိမ် ရှိ လူ အကုန် ကျုပ် နား ကို ရောက် လာကြတယ် ။ သူတို့
ရောက် လာတာ သိပေမဲ့ ကျုပ် အရေး မစိုက်နိုင်ဘူး ။ တစ်စ ထက် တစ်စ ပို ပို ဆိုးလာတဲ့ ဝေဒနာ ကြောင့် သမံတလင်း ပေါ် မှာ လူးလှိမ့် နေရလို့ ။ ဒီ ဝေဒနာ နဲ့ ပဲ မကြာခင် မှာ ကျုပ် သေရတော့မယ် ဆိုတာကိုလည်း သိ လိုက်ရပြီ ။ မခံမရပ် နိုင် အောင် အနှိပ်အစက်ခံနေရတဲ့ ကြား ထဲ က ကျုပ် အနား မှာ စုရုံး ရောက်ရှိ နေသူတွေ ကို တစ်ချက် ဝေ့ ကြည့်လိုက်တယ် ။

အမှောင် ထုထည် က ပို သိပ်သည်း နေတာမို့ သဲသဲကွဲကွဲ မြင်ရမှာ မဟုတ်မှန်း သိပေမဲ့ နောက်ဆုံး နှုတ်ဆက်တဲ့အ နေနဲ့ ကြည့် တာပါ ။

“ ဒါ ဆေး မိတဲ့ လက္ခဏာ ပဲ ။ ကောက်ရ ခြံ အပြင် လည်း မထွက်ဘူး ဆိုတော့ တရားခံ က အိမ် ထဲ မှာ ပဲ ရှိရ မယ် ။ မဟုတ်မှ လွဲရော အကြီးမ လက်ချက် ပဲ ဖြစ်ရမယ် ။ ကဲ... ဒါလီစိုး ပြောစမ်းပါဦး  ”

“ ဟုတ်တယ် ဖေဖေ ၊ ကောက်ရ နဲ့ ကိုက် ခဲ့တဲ့ မိဝမ်းဖြူ က ရူးပြီး သေ သွားပြီ ။ အဲဒါကြောင့် ကောက်ရ မရူး ခင် ဘယ်သူ့ ကို မှ အန္တရာယ် မပြုနိုင် အောင် အစာ ထဲ မှာ အဆိပ် ခတ်လိုက်တာ ”

ကျုပ် ရဲ့ အမြင်အကြား အာရုံတွေ အလုံးစုံ မှောင် အတိ ကျ မသွားသေး ခင် ကြား လိုက်ရတဲ့ ဒါလီစိုး ရဲ့ နှုတ်ထွက် စကားပါ ။ ဒါပေမဲ့ ကျုပ် သူ့ အပေါ် စိတ် မကွက် ပါဘူး ။ သူ့လုပ်ရပ် က ရက် က်လွန်းရာ ရောက်တယ်ပဲ ထားဦး ။ သူ့ အတွေး နဲ့ သူကျ တော့ လည်း မှန် နေတာပဲ လေ ။ အခုလို ဖြစ်ရတာကို လည်း ကျုပ် ကျေနပ် ဂုဏ်ယူ မိပါတယ် ။ ကျေးဇူးရှ င်ရဲ့ သွေးသားရင်းချာ တစ်ယောက် အတွက် ကျုပ် အသက် စတေး ပြီး ကျေးဇူး ဆပ်ခွင့် ရခဲ့တာ ကြောင့် ပေါ့ ။ တကယ်ဆို ကျုပ် က လွန်ခဲ့တဲ့ လေးလ လောက် ကတည်း က လမ်း ဘေး မှာ တင် မထင်မရှား သေဆုံးသွားရမယ့် ခွေး တစ်ကောင် မဟုတ်လား ။

◾ မော်မော့်မောင်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      အောက်တိုဘာ ၊ ၂၀၁၆

#ကိုအောင်နိုင်ဦး

.

Thursday, November 4, 2021

ရေတိမ်နစ်တဲ့ ငါး


 

❝ ရေတိမ်နစ်တဲ့ ငါး ❞

ကိုယ်ကတော့ ရိုးရိုးလေးတွေးပြီး ရိုးရိုးလေး ရေးလိုက်တာပဲ ။ ဒါပေမဲ့ နေရာတိုင်းမှာ ပြာလဲ့ကို ဇာချဲ့ တတ်သူတွေ ရှိနေတော့ ပြောစရာတွေ ဖြစ်ကုန်တာပေါ့  ။ သူတို့က ချစ်တီးခေါင်း သန်းရှာပြီး အတွေးတွင်းကို ခပ်နက်နက် တူးချင်ကြတယ်လေ ။ ပြီးတော့ သူတို့ အထင်တွေကို ဝမ်းထဲမှာပဲ ထားတယ်ဆိုလည်း တော်သေးရဲ့ ။ အခုကျ ...

အဲဒီလို မဟုတ်ဘူး ။ လူစည်စည်မှာ ကွမ်းထုပ်သလို လုပ်ကြသေးတာကလား ။ ဘယ်သူတွေ ရှိရဦးမှာလဲ ။ ကျုပ်ဆီမှာ လာပြီး ဗေဒင်မေးကြသူတွေထဲက တချို့ပေါ့  ။ ဟောခန်းကပြန်ပြီး နေ့တောင် မကူးဘူးထင်ပါ့ ။ သူတို့ ထင်ထားတာနဲ့ တက်တက်စင်အောင် လွဲနေတဲ့ အချက်တစ်ခုအကြောင်းကို သတင်းလွှင့်ကြသတဲ့လေ ။ လွဲတယ်ဆိုတာလည်း ကျုပ်ရဲ့ ဟောပြောချက်တွေက လွဲတာ မဟုတ်ဘူးရယ် ။

အဲဒါတွေနဲ့ မပတ်သက်တဲ့ တခြားတစ်ခုက လွဲနေတာတဲ့ ။ ဈေးက ပြန်လာတဲ့ ကျုပ်မိန်းမ က ပြန်ပြောပြလို့ သိရတာပါ ။

ဟုတ်တယ် ။ ဒီနေ့ ကျပ်မိန်းမဈေးက ပြန်လာတော့ ကျုပ်အတွက် မထိတ်သာ မလန့်သာဖြစ်စရာ သတင်းစကားတစ်ခုပါ ဟင်းချက်စရာတွေနဲ့အတူ ပါလာခဲ့လေရဲ့ ။ တခြား ဟုတ်ပါရိုးလား ။ ကျုပ်ကို လူတွေက ပြောနေကြပြီတဲ့ ။ သူ့စကား ကြားတော့ ကျုပ် အလန့်တကြား ဖြစ်မိသွားတယ် ပြောပါတော့ ။ ကိုယ်က မဟုတ်တာ ဘာတစ်ခုမှ လုပ်မထားမိပေမဲ့ ရုတ်တရက်ဆိုတော့ လန့်မိတာပေါ့ ။ ကိုယ့်ကိုယ်ကိုတောင် မယုံ သင်္ကာဖြစ်ပြီး ဘာမဟုတ်တာတွေ လုပ်ထားမိခဲ့လဲလို့ ပြန်စဉ်းစားကြည့်မိသေးရဲ့ ။ ဒါပေမဲ့ ခေါင်းထဲမှာ ဘာမှကို ပေါ်မလာပါဘူး ။ ဘယ်ပေါ်နိုင်ပါ့မလဲ ။ လူပြောစရာဖြစ်မယ့် ကိစ္စတစ်ခုတလေမှ ကျုပ် မလုပ်ခဲ့ဘူးဆိုတာ သေချာနေတာကိုး ။ ဒါဖြင့် လူတွေက ကျုပ်ကို ဘာပြောနေကြတာပါလိမ့် အချိန်ပေးပြီး စဉ်းစားနေမယ့်အစား မိန်းမကို မေးကြည့်လိုက်တာ ပိုကောင်းမယ် ထင်ပါရဲ့ ။

“ ကဲ ပြောစမ်းပါဦး ။ ဘယ်သူတွေက ဘာပြောနေကြတာလဲ ”

" ဘာပြောတာလဲ ဆိုတော့ အိမ်ရှေ့မှာ ချိတ်ထားတဲ့ တော့် ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီး တော့်ဆီမှာ ဗေဒင်လာမေးသွားသူတွေက ပြောကြတာပဲ ”

မိန်းမရဲ့စကားက ကျုပ်ဦးနှောက်ကို အလုပ်ရှုပ်သွားစေတယ် ။ သူ ပြောတာလည်း ကြည့်ဦးလေ ။ အိမ်ရှေ့မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီး ပြောနေကြတာတဲ့ ။ ဆိုတော့ ဆိုင်းဘုတ်က ဘာများ ဖြစ်နေလို့လဲ ။ ကျုပ် မစဉ်းစားချင်လည်း စဉ်းစားရပြီ ။ စဉ်းစားမယ့်သာ စဉ်းစားရတာပါ ၊ ဆိုင်းဘုတ် နဲ့ပတ်သက်တဲ့ ပြစ်ချက်ရယ်လို့ ကျုပ် ခေါင်းထဲမှာ ပေါ်မလာပါဘူး ။

" ငါ့ ဆိုင်းဘုတ်က ဘာ များဖြစ်နေလို့လဲကွာ ”

လမ်းရိုးလမ်းဟောင်းကြီးကို ဆက်လျှောက်ပြီး စောစောကလိုပဲ ကျုပ် မိန်းမ ကို မေးခွန်းထုတ်လိုက်တယ် ။ ကျုပ် ရှာမတွေ့တဲ့ အပြစ်ကို ကျုပ် မိန်းမက သိထားပြီးသား မဟုတ်လား ။ သူ့ကို မေးလိုက်ရင် အလွယ်တကူ ပြီးသွားမယ့် ကိစ္စအတွက် ကျုပ် ခေါင်းစားခံမနေချင်ဘူး ။

“ တခြား ဟုတ်ပါရိုးလား ။ တော်က ဆိုင်းဘုတ်မှာ “ လျှပ်စစ် နှင့် ဗေဒင် ဟောသည် ” လို့ရေးထားပြီး တကယ်ဟောတော့ ဘာလျှပ်စစ် မှ မပါဘူးတဲ့ ။ အဲဒါကို ပြောနေကြတာ ”

“ ဪ ... အဲဒီလိုကိုး ”

ဒီတစ်ခါမှာတော့ မိန်းမရဲ့ ရှင်းလင်းချက်က ကျုပ်ကို ရယ်ချင်ပက်ကျိ ဖြစ်သွားစေ တယ် ။ မဖြစ် ခံနိုင်ရိုးလား ။ “ လျှပ်စစ် နှင့် ဗေဒင် ဟောသည် ” ဆိုတဲ့ စာသားကို ကျုပ်က ကိုယ့်အတွေးနဲ့ကိုယ် ရိုးရိုးလေး ရေးခဲ့တာလေ ။ ဒါကိုပဲ ချော်တောငေါ့ ပြီး အတွေးခေါင် နေကြသူ တွေ ရှိနေသေးတာ သိလိုက်ရလို့ ဆိုပါတော့ ။ အဲသူတို့ အတွေးနဲ့ ကျုပ်အတွေး ဘယ်နေရာမှာ ဘယ်လို ကွာခြား နေသလဲဆိုတာ ပြောပြဖို့ လိုမယ် ထင်တယ် ။ ဒါမှလည် ရှင်းရှင်းလင်းလင်း ဖြစ်သွားမှာကိုး ။ ကိစ္စတစ်ခုဟာ မရှင်းမရှင်း ဖြစ်နေရင် စိတ် ထဲမှာ ခိုးလိုးခုလုကြီးဖြစ်ပြီး နေရထိုင်ရတာ အဆင်မပြေဘူးလေ ။

°°°°°°  °°°°°  °°°°°°°

ကျုပ်ရဲ့ အဓိကအသက် မွေးဝမ်းကျောင်း အလုပ်က လျှပ်စစ်မီး ဆင်တဲ့ လုပ်ငန်းပါ ။ အများအခေါ်ကတော့ မီးဆရာ ပေါ့  ။ မီးဆရာ ဆိုပေမဲ့ ကျုပ်မှာ ဘာအသိအမှတ်ပြု လက် မှတ်မှ မရှိဘူး ။ ဝစ်သောက် မီးဆရာ ဆိုပါတော့ ။ ဒီလို ဘာလက် မှတ်မှ မရဘဲ မီးဆရာဖြစ်လာဖို့ ဆိုတာကလည်း လွယ်တာ မဟုတ်ဘူးရယ် ။ ကိုယ်ရည်သွေးတာ မဟုတ်ပေမဲ့ ကျုပ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာတာလို့တော့ ပြောချင်တယ် ။ ခြေကောက်ခံဘဝနဲ့ ဖြတ်သန်းလာခဲ့ရတာ နည်းတဲ့နှစ်တွေလား ။ ဆိုတော့ အောက်ခြေက စ,ခဲ့တဲ့ ကျုပ်အနေနဲ့ အခုလို လက် မှတ်မဲ့ မီးဆရာ ဖြစ်လာတာ အဆန်းတကြယ် ဖြစ်ရပ်တစ်ခုတော့ မဟုတ်ဘူးပေါ့  ။

နည်းနည်းဆန်းတယ်လို့ ယူဆနိုင်တာတစ်ခုက ပြီးခဲ့တဲ့ နှစ်လလောက်က စပြီး အလုပ်ပါးလာတာပဲ ။ ကျုပ်တစ်ယောက်တည်းကျမှ ကွက်ပြီး ပါးတာမျိုးတော့မဟုတ်ပါဘူး ။ တခြားသူတွေလည်း ကျုပ်နည်းနှင်နှင် ပါးကြတာကို သိနေရပါတယ် ။ ဒီလို အလုပ်ပါးတာက ဒေါ်လာဈေးတက်တာ ၊ ရွှေဈေးတက်တာတွေနဲ့ ဆိုင်, မဆိုင် ကျုပ် မစဉ်းစားအားပါဘူး ၊ လျှပ်စစ်လုပ်ငန်း ပါးနေချိန်မှာ အိမ်ရဲ့ မီးဖိုချောင်ကို ထိန်းဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ စဉ်းစားနေရလို့ ။ အလုပ် ပြန်လှိုင်ချိန်ကို စောင့်ရင်း ရှိတာလေး ထိုင်စားနေလို့ မဖြစ်သေးဘူးလေ ။ ဆယ်တန်းကျောင်းသူ တစ်ယောက် နဲ့ ဖိုင်နယ် ကျောင်းသား တစ်ယောက် ရဲ့ ပညာရေးစရိတ် က ရှိသေးတယ် မဟုတ်လား ။ ဒီနေ့ခေတ်ရဲ့ပညာရေးတန်ဖိုး ကြီးမားပုံကလည်း သိကြတဲ့အတိုင်းပဲ ဥစ္စာ ။ အဲဒီလို ဘာလုပ်ရမလဲ စဉ်းစားရင်းနဲ့ပဲ ဗေဒင် ဟောဖို့ အကြံပေါက်သွားတာ ။

ဒီအလုပ်ကို ရွေးချယ်လိုက်တာက အခြေခံထက် ပိုတဲ့ ဗေဒင်ပညာကို ကျုပ်တတ်မြောက်ထားလို့ ပါ ။ ဝါသနာပါလို့ လေ့လာလိုက်စားခဲ့တဲ့ နှစ်တွေကလည်း နည်းမှ မနည်းဘဲကိုး ။ ဒါပေမဲ့ တကယ်ဟောစားတော့မယ်ဆိုတော့ ပညာရပ်ဆိုင်ရာ အချက်အလက်တွေကို မှတ်ဉာဏ်ထဲက ပြန်ခေါ် ။ ချောင်ထိုးထားတဲ့ ဗေဒင်လက္ခဏာ စာအုပ်တွေကို ဖုန်သုတ်ပြီး ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တစ်ယောက်လို တရိုတသေ ပြန်လည်နေရာပေးပြီး ဧည့်သည်လာရင် တည်းဖို့ လုပ်ထားတဲ့ အခန်းလွတ်ကို ဟောခန်းအဖြစ် အသွင်ပြောင်း ။ အဲဒီလိုနဲ့ပဲ နှစ်ပတ်အတွင်း ဗေဒင်ဆရာဘဝကို ပြောင်းလဲဖို့ အသင့် ဖြစ်သွားတယ် ။

အမှန်အကန် ဗေဒင်ဟောစားတော့မယ်ဆိုတော့ ဆိုင်းဘုတ် တင်ဖို့က လိုလာပြီမို့ နေ့ရက်နဲ့ အချိန်အခါကို ကိုယ့်ဘာသာကိုယ် တွက်ချက်ပြီး “ လျှပ်စစ် နှင့် ဗေဒင် ဟောသည် ” လို့ ဆိုင်းဘုတ် တင်လိုက်တယ် ။ ဆိုင်းဘုတ်ပါ စာသားနဲ့ ပတ်သက်တဲ့ ကျုပ်အတွေးက ပြောခဲ့ပြီးသလို ရိုးရိုးလေးပါ ။ ကျုပ် အရင်က လျှပ်စစ်မီး ဆင်တဲ့အလုပ် လုပ်တယ် ။ အခု အလုပ်ပါးနေချိန်မှာ ဗေဒင် ဟောတယ် ။ လျှပ်စစ်လုပ်ငန်း ပြန်ပြီး ဦးမော့လာတဲ့အခါ အဲဒီ အလုပ်ကို ပြန်လုပ်မယ် ။

ဗေဒင် လည်း ဟောနေဦးမှာပဲ ။ အဲဒါကြောင့် ကျုပ်ရဲ့ လုပ်ငန်း နှစ်ခုစလုံး ပါအောင် “ လျှပ်စစ် နှင့် ဗေဒင် ဟောသည် ” လို့ ဆိုင်းဘုတ်တင်လိုက်တာ ။ ဒါပဲ ။

ဒါကို ကျုပ်ဆီ ဗေဒင်လာမေးဖူးသူတွေက ကိုယ့်အတွေးနဲ့ ကိုယ် ထင်ရာတွေ အဓိပ္ပာယ်ကောက် ။ “ လျှပ်စစ် နှင့်ဗေဒင် ဟောသည် ” ဆိုပြီး ဘာ လျှပ်စစ်မှလည်း မပါဘူးဆိုတဲ့ လေသံ ထွက်လာတော့ ကျုပ် ရယ်ချင်စိတ် ဖြစ်မိတာ မလွန်ဘူးထင် ပါတယ်  ။ တစ်ဆက်တည်းမှာပဲ ရယ်ချင်စိတ်နဲ့ အတူ ကျုပ် သဘောပေါက်သွားတာ တစ်ခုလည်း ရှိသေးရဲ့ ။ တင်ထားတဲ့ ဆိုင်းဘုတ်နဲ့ ကိုက်ညီတဲ့ အပြောင်းအလဲတစ်ခု မဖြစ်မနေ လုပ်ဆောင်ရတော့မယ် ဆိုတာပါပဲ ။ ဟုတ်တယ် ။ အခြေအနေနဲ့ အချိန်အခါရဲ့ တောင်းဆိုမှုအရ ပြောင်းလဲချိန်တန်ပြီ ။

ပြောင်းလဲမှုကို စတင်ဖို့ အဆင့် နှစ်ဆင့် သတ်မှတ်လိုက်တယ် ။ ပထမအဆင့်က ဟောခန်းကို ဆယ်ရက်တိတိ ပိတ်လိုက်ဖို့ပါပဲ ။ အကြောင်းပြချက်ကိုတော့ လူ အထင်ကြီးအောင် ဆရာ အဓိဋ္ဌာန် ဝင်နေလို့ ဆိုပြီး ပြထားလိုက်တာပေါ့ ။ အမှန်က မဟုတ်ဘူး ။ ဟောခန်းထဲမှာ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ ပိတ်လိုက်တာ ။ ဆိုင်းဘုတ်ပါ စာသားနဲ့ သဟဇာတ ဖြစ်သွားအောင် ပြင်ဆင်ဖို့ အတွက်ပေါ့ ။ အဲဒါက ဒုတိယအဆင့် ဆိုပါတော့ ။ ဘယ်လို ပြင်ဆင်လဲဆိုတော့ ဒီလိုလေ ....

ဟောခန်းထဲမှာ ဗေဒင်ဆရာ နဲ့ လာမေးသူ ထိုင်ဖို့ ခုံနှစ်လုံး ချထားလိုက်တယ် ။ ခုံနှစ်လုံးရဲ့ အလယ်မှာတော့ စားပွဲခုံ အမြင့်တစ်လုံး ရှိလေရဲ့ ။ စားပွဲခုံ ပေါ်မှာလည်း ဟိုပစ္စည်း ဒီပစ္စည်းတွေ တင်ထားရသေး ။ ဒါမှ လာမေးသူကို ဆွဲဆောင်လို့ ကောင်းမှာလေ ။ ထားပါ ။ ကျုပ် အထူးတလည် ပြောချင်တာ အဲဒါ မဟုတ်ဘူး ။ ဗေဒင်လာမေးသူ ထိုင်ရမယ့်ထိုင်ခုံကို ကျုပ် ဘယ်လိုလုပ်ထားတယ် ဆိုတာကိုပါ ။

စကားကြီးစကားကျယ်တွေ ပြောနေလို့ ဘယ်လို ထူးထူးဆန်းဆန်းများ ပြင်ဆင်ထားပါလိမ့်ဆိုပြီး သိချင်စိတ်တွေ ရွစိထိုးနေကြပြီထင်ပါရဲ့ ။ ထွေထွေထူးထူး ဘာမှလုပ်ထားတာ မဟုတ်ပါဘူး ။ ထိုင်ခုံမှာ လျှပ်စစ်ဓာတ်အား လွှတ်ထားတာပါ ၊ လျှပ်စစ်ထိုင်ခုံ သဘောမျိုးပေါ့ ။ ထိုင်ခုံကို သစ်သားနဲ့ လုပ်ထားတာရယ် ၊ ဗေဒင် လာမေးသူ မရိပ်မိအောင် ဝိုင်ယာကြိုးတွေကို ဖျောက်ထားတာရယ်က လွဲရင် လျှပ်စစ်ထိုင်ခုံ လိုပါပဲ ။ လျှပ်စစ်ထိုင်ခုံ လို လူကိုသေစေနိုင်တဲ့အထိ ဓာတ်အားမပြင်းဘူး ။ အခုဟာက လူကို ကျဉ်ခနဲ ဖြစ်သွားစေရုံလောက်တင် လုပ်ထားတာ ။

အမြဲတမ်းကြီး ဓာတ်အား လွှတ်ထားတာမျိုးလည်း မဟုတ်ဘူး ။ လိုအပ်ချိန်ကျမှ လွှတ်တာ ။ အဲဒီလို လုပ်နိုင်အောင်လည်း စီစဉ်ထားရတာပေါ့ ။ ဘာမှ မခက်ပါဘူး ။ ထိုင်ခုံဆီကို လျှပ်စစ်ဓာတ်အားလွှတ်ဖို့ ထိုင်ခုံမှာ မြှုပ်ထားတဲ့ ဝိုင်ယာကြိုးတွေနဲ့ ဆက်ထားတဲ့ ပလတ်ခေါင်းကို ကျုပ် အနားမှာပဲထားတယ် ။ ပလတ်ခေါင်း ထိုးရမယ့် ပလတ်ပေါက် ကလည်း ကျုပ် အနားမှာပဲ ။ ကျုပ် လို မီးဆရာ တစ်ယောက် အတွက် ဒါက ချွေးစို့ဖို့မလိုတဲ့ အသေးအဖွဲကိစ္စ တစ်ခုလေ ။

အဓိကကျတဲ့ နေရာကို အသေအချာ ပြင်ဆင်ပြီးတော့ ဟောခန်းကို ဆေးပြန်သရတယ် ။ ဟောခန်းထဲဝင်လိုက်တာနဲ့ ကျုပ်ကို အားကိုးချင်စိတ် ပေါက်လာအောင် ဆိုက်ကိုနည်းတွေသုံး ၊ အရောင်တွေရဲ့ အကူအညီယူတဲ့ သဘောဆိုပါတော့ ။ အားလုံး စိတ်တိုင်းကျ ပြင်ဆင်ပြီးပြီဆိုမှ ဟောခန်းကို ပြန်ဖွင့်တယ် ။ ဆယ်ရက်ကလည်း ပြည့်သွားပြီမဟုတ်လား ။

“ ကျွန်မ ကို ကူပါကယ်ပါဦး ဆရာ ”

ဈေးဦးပေါက် ရောက်လာတာက သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက် ။ သူ့ကို ကြည့်လိုက်တော့ ဆံထုံးကို ဖြစ်သလို ထုံးထားပြီး သောကဗျာပါဒတွေရဲ့ ဖိစီးနှိပ်စက် မှုကို ခံနေရတဲ့ပုံနဲ့ ။ မျက်နှာအမူအရာကသာ အပူမီးကြောင့် ညှိုးနွမ်းနေပေမဲ့ ဝတ်စားဆင်ယင်ထားတာတွေက ပြောင်လက်လို့ ။ ဝယ်ထားတာ သိပ်မကြာသေးမှန်း ရတနာပစ္စည်းတွေနဲ့ မနီးစပ်သူတွေတောင်မှ အထင်းသားသိနိုင်တယ် ။ အဲဒါနဲ့ ကျုပ်က ဟောသလို ပြောချလိုက်တာ ။

“ အင်း ... စီးပွားလေးမှ တက် မယ်မကြံသေးဘူး ။ ယောက်ျား က ဗွေဖောက်လာလို့ ဆရာ့ဆီ ရောက်လာခဲ့တာ မဟုတ်လား ”

“ အို ... မှန်လိုက်တာ ဆရာရယ် ။ အဲဒါ တနင်္လာ သမီး ခိုင်သဇင်ဆိုတဲ့ ကျွန်မကို ကူညီပါဦး ဆရာ ”

ခိုင်သဇင့် လေသံထဲမှာ ကျုပ်ကို အထင်ကြီးလေးစားမှုတွေက အပြည့် ။ ဒါဆိုရင် ပြီးပြီ ။ ကျုပ် အလုပ်ရဲ့ သုံးပုံနှစ်ပုံလောက်က ခရီးရောက်သွားပြီလို့ ပြောလို့ရတယ် ။ ဘာလို့လဲ ဆိုတော့ လူအချင်းချင်း ပြောဆိုဆက်ဆံတဲ့နေရာမှာ အရေးအကြီးဆုံးက ယုံကြည်လေးစားမှုပဲ မဟုတ်လား ။ တော်ရုံနဲ့တည်ဆောက်နိုင်ဖို့ မလွယ်သလို ၊ တည်ဆောက်ပြီးသွားပြီဆို ရင်လည်း အလွယ်တကူ ဖျက်ဆီးဖို့ ခက်တဲ့အထဲ ဒါလည်း ပါတယ်လေ ။ အခု ကျုပ်ကို ခိုင်သဇင်က လေးစားယုံကြည်နေပြီ ။ ဆိုတော့ ကျုပ် ပြောသမျှ ဟောသမျှကို သူ လက်ခံတော့မယ် ။

ထင်တဲ့ အတိုင်းပါပဲ ။ ခိုင်သဇင် က ကျုပ်ရဲ့ ဟောလုံး ပြောလုံးတွေထဲမှာ အလိုက်သင့် မျောပါနေလေရဲ့ ။ တစ်ချက်တစ်ချက်ကျမှ သူ သိချင်တာလေးတွေကို ကြားဖြတ်ပြီး မေးတယ် ။

“ ကျေးဇူးပါပဲ ဆရာ ။ ဒါနဲ့ဉာဏ်ပူဇော်ခ ဘယ်လောက် ကန်တော့ရမလဲ မသိဘူး ”

“ ဟောပြောခနဲ့ ယတြာစီရင်ခအတွက်ပါ ငါးထောင်ပဲ ပေးပါ ။ နေဦး ၊ ဆရာ့အဟောတွေ မှန် မမှန် စစ်ဆေးခွင့် တူမကြီးကို ပေးရဦးမယ် ။ ကဲ ... တူမကြီးရဲ့ မျက်လုံးကို မှိတ်ပြီး ဆရာ့ လက်ဖဝါးအလယ်တည့်တည့် မှာ လက်ညှိုးနဲ့ ထောက်လိုက် ”

ခိုင်သဇင့် ကို ကျုပ် လုပ်ခိုင်းတဲ့ပုံစံ ကို မျက်စိထဲမြင်ကြမယ် ထင်ပါရဲ့ ။ မမြင်ဘူး ဆိုရင်ဖြင့် တရုတ်သိုင်းကားတွေထဲက လက်ဝါးသိုင်းနဲ့ချတာကို လက်ညှိုးနဲ့ ပြန်ထောက်တဲ့ ပုံစံမျိုး တွေးကြည့်လိုက် ။ အဲဒီလို ထပ်တူမကျတောင် သိပ်တော့ မကွာခြားလှပါဘူး ။

" ကဲ ... ဘုရားတရား ကို အာရုံပြုထား တူမကြီး ။ ဆရာ ဟောတာတွေ မှန်တယ်ဆိုရင် တူမကြီး တစ်ကိုယ်လုံး ဓာတ်လိုက်ခံလိုက်ရ သလို တုန်ခါသွားလိမ့်မယ် ။ မှားရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ”

လက်ကို ဆန့်ထုတ် လက်ဖဝါးကို ဖြန့်ပေးလိုက်တယ် ။ ခိုင်သဇင် က ကျုပ် လက်ဖဝါး အလယ်တည့်တည့်ကို လက်ညှိုးနဲ့ မရဲတရဲ ထောက်လေရဲ့ ။ ကျုပ်လည်း အနားမှာရှိတဲ့ ပလတ်ခေါင်းကို အမြန်ယူပြီး ပလတ်ပေါက် မှာ ထိုးရတာပေါ့ ။ ချက်ချင်း ဆိုသလို ပြန်ဖြုတ်တယ် ။ ဒါဆို လုံလောက်သွားပြီလေ ။ သိပ်မကြာခင် အချိန်အတွင်း ကျုပ်ရဲ့ သတင်းက အပြင်မှာ ပျံ့နှံ့သွားဖို့ မြေကြီးလက်ခတ်မလွဲ သေချာနေပြီကိုး ။

°°°°°  °°°°°°°  °°°°°°

” တိုကင် နံပါတ် ( ၅ ) ဟောခန်းထဲ ဝင်လို့ရပါပြီ ”

အောင်မြင်လာ တဲ့လုပ်ငန်းရဲ့ လိုအပ်ချက်အရ ခန့်ထားရတဲ့ ကောင်လေး ရဲ့ခေါ်သံ ထွက်လာပြီး ဘာကြာမှာတုံး ။ ကျုပ်နဲ့ အသက်ရွယ်တူလောက်ရှိမယ့် ယောက်ျားတစ်ယောက် ဝင်လာတယ် ။ သူ့ ကြည့်ရတာ ဗေဒင်မေးဖို့ လာတဲ့ပုံတော့ မပေါ်ဘူး ။ အကူအညီ တစ်ခုခုတောင်းဖို့ ရောက်လာပုံမျိုး ။ ဘာပဲဖြစ်ဖြစ် ကျုပ် သူ့ကို ထိုင်ခိုင်းလိုက်ပါတယ် ။

“ ဆရာ့ကို စော်ကားတယ်လို့ မထင်ပါနဲ့နော် ။ ကျွန်တော် ဒီကို လာတာ ဗေဒင်မေးဖို့ မဟုတ်ပါဘူး ။ ဆရာ့ဆီက အကူအညီတစ်ခု တောင်းချင်လို့ပါ ”

“ ဟုတ်ကဲ့ ၊ ပြောပါဦး ။ ဘယ် လို အကူ အညီ မျိုး တောင်းချင်တာလဲ ”

ကျပ်က ခွင့်ပြုစကားဆိုလိုက်တော့ သူက သူ့အခက်အခဲကို ဖြန့်ခင်းပြတယ် ။ သိပ်အရှုပ်ကြီးတော့ မဟုတ်ပါဘူး ။ သမားရိုးကျဆန်တဲ့ ဦး နဲ့ သမီး ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်နေရသလိုပါပဲ ။ ထက်ဝက်ကျော်လောက် ကွာဟနေတဲ့ အသက်အရွယ်ကြောင့် ကောင်မလေး မိဘတွေဘက်က သဘောမတူနိုင်ဖြစ်နေတာမျိုးတော့ မဟုတ်ဘူး ။ သဘောတူတာမှ ဟိုဘက်ဘူတာကိုတောင် လွန်နေသေးရဲ့ ၊ ဒါပေမဲ့ ခက်နေတာက ကောင်မလေး ပဲ ။ သူ့မှာ သူ နဲ့ ရွယ်တူ ချစ်သူရှိနေတယ် ။ စုံစမ်းသိရတာတော့ ကောင်မလေး ရဲ့ ချစ်သူက ခပ်ဆိုးဆိုး ခပ်ပေပေ လူ့ပေါ်ကြော့လေး တဲ့ ။

ဒါကို ကောင်မလေး မိဘတွေက သိပေမဲ့ ဘာမှ မပြောသာဘူး ဖြစ်နေရှာတယ် ။ " သမီးရဲ့အိမ်ထောင်ဖက်ကို သမီးကိုယ်တိုင် ရွေးချယ်ခွင့် ရှိတယ် ” ဆိုပြီး စကားကျွံထားမိလို့ ဆိုပဲ ။ ခုပုံအတိုင်းဆို ကောင်မလေး က သူ့ချစ်သူကိုပဲ လက်ထပ်မယ့်သဘော ရှိနေတယ် ။ သူကလည်း ကောင်မလေး ကို အဆုံးရှုံးမခံနိုင်ဘူး ၊ ကောင်မလေး မှာ ပျော့ကွက်တစ်ခုတော့ ရှိလေရဲ့ ။ ဗေဒင် ကို မျက်စိမှိတ်ပြီး ယုံတတ်တာပဲ ။ အဲဒီ ပျော့ကွက်ကို နင်းပြီး ကောင်မလေး ကို ပိုင်ဆိုင်ခွင့်ရအောင်လုပ်ဖို့ ကျုပ်ဆီလာပြီး အကူအညီ တောင်းတာတဲ့ ။

သူ က ကောင်မလေး ကို ကျုပ်ဆီ ခေါ်လာတဲ့ အခါ ကျုပ်က ကောင်မလေး နဲ့ သူ့ချစ်သူ ဘယ်လိုမှ ပေါင်းဖက်ဖို့ မဖြစ်နိုင်ကြောင်း ဟောပေးရမယ် ။ တစ်နည်းအားဖြင့်ဆိုရင် ဗေဒင်ကို လိမ်ဟောပေးရမယ်ပေါ့ ။ အဲဒီအတွက် ကျုပ်ကို ပုံမှန်ဟောခရဲ့ ဆယ်ဆ ပေးပါ့မယ် တဲ့ ။ တကယ်ဆိုရင် ဒါက ကျုပ်ပညာကို လာပြီး စော်ကားနေတာ ။ ကျုပ်နာမည် ပျက်စီးရာပျက်စီးကြောင်း လာလုပ်နေတာ ။ ဒါပေမဲ့ ကျုပ် လက်ခံလိုက်ပါတယ် ။ သားသမီးချင်း ကိုယ်ချင်းစာစိတ်နဲ့ ကောင်မလေးကို လင်ကောင်းသားကောင်း ရသွားစေချင်တဲ့ ဆန္ဒကြောင့် ပါ ။ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် ရမယ့်ငွေကြေးပမာဏကြောင့်လည်း ပါတယ် ဆိုပါတော့ ။

နောက်တစ်နေ့ သူနဲ့ ကောင်မလေး ရောက်လာကြတော့ ကြိုတင်စည်းဝါးရိုက်ထားတဲ့အတိုင်း ဟောပေးလိုက်တာပေါ့ ။ ပြီးတော့ ထုံးစံအတိုင်းပဲ ဟောပြောချက်တွေ မှန် မမှန် စစ်ဆေးခိုင်းလိုက်တော့ ကောင်မလေးက ကျုပ်ဟောတာတွေကို အကြွင်းမဲ့ ယုံကြည်သွားပါလေရော ။ စစ်ဆေးခိုင်းချိန်မှာ အဖုအထစ်လေး တစ်ခုတော့ ပေါ်လာသေးတယ် ။ မီးပျက်နေလို့ အကြောင်းရှာပြီး မီးစက်နှိုးခိုင်းလိုက်ရတာပါ ။ သူတို့ကတော့ ဘယ်ရိပ်စားမိကြပါ့ မလဲ ။ ကျုပ်ကို ဟောပြောခ ငါးသောင်းပေးပြီး ပြန်သွားကြတယ် ။

ဟောခန်းထဲက ထွက်သွားတဲ့ သူတို့ စုံတွဲကို ကြည့်ရင်း ကျုပ်လည်း ပီတိတွေ ဖြာလို့ ။ ကုသိုလ်လည်းရ ၊ ဝမ်းလည်းဝဆိုတာ ဒါမျိုးကို ပြောတာဖြစ်မယ်လို့တောင် တွေးမိနေသေး ။

°°°°°°  °°°°°°  °°°°°°

မောင် ...

သွယ့် ကို မေ့လိုက်ပါတော့ ၊ တကယ်ဆို ဒီစကားမျိုးကို သွယ် မပြောချင်ပါဘူး ။ ဒါပေမဲ့ မပြောလို့ မဖြစ်တဲ့ အခြေအနေကို ရောက်လာတော့လည်း ရင်နာနာနဲ့ ပြောရတော့တာပေါ့ မောင်ရယ် ။

တစ်နေ့က ဟောတာတွေ မှန်လွန်းလို့ နာမည် အရမ်းကြီးနေတဲ့ ဗေဒင်ဆရာ တစ်ယောက်ဆီကို သွယ် ရောက်သွားတယ် ။ အဲဒီ ဆရာက သွယ် နဲ့ မောင် ဟာ ဘယ်လိုမှ ပေါင်းဖက်ဖို့ မဖြစ်နိုင်ဘူးလို့ ဟောလိုက်တယ် မောင် ။ သူ ‌ဟော တာတွေ မှန် ကြောင်းကိုလည်း သူ့ သမာဓိအား နဲ့ သက်သေထူပြသေးတယ် ။ သူ့ သမာဓိအားက ကောင်းလွန်းလို့ ထင်ပါရဲ့ မောင် ရယ် ။ သူ့ လက်ဖဝါး အလယ်တည့်တည့်ကို သွယ် လက်ညှိုး နဲ့ ထောက်လိုက်ရုံနဲ့တင် လူတစ်ကိုယ်လုံး ကို ဓာတ်လိုက် ခံလိုက်ရသလို ကျဉ် တက်သွားတာပဲ ။

သွယ် ပြောတာကို မယုံဘူးဆိုရင် မောင် ကိုယ်တိုင် သွားမေးကြည့်ပေါ့ ။ လျှပ်စစ် နဲ့ ဗေဒင် ဟောတဲ့ ဆရာ့ အိမ်က ဘယ်မှာလဲ လို့သာ မေးကြည့်လိုက် ။ မြို့သစ် အမှတ် ( ၅ ) ရပ်ကွက် ထဲက လူတိုင်းသိကြတယ် ။ ဒါပါပဲ မောင် ။ သာယာချမ်းမြေ့ပါစေ ။

    မောင့်ရဲ့

               သွယ်

“ ဒါ ... ဒါဆို ... အဖေ့ ကို ငါးသောင်းပေးပြီး ဗေဒင်လိမ်ဟောဖို့ လာအကူအညီတောင်းသူနဲ့ ပါလာတဲ့ ကောင်မလေး က ”

“ ဟုတ်တယ် အဖေ ။ အဲဒါ သားချစ်သူပဲ ”

ကျုပ်သားက အဲဒါပဲပြောပြီး ကျုပ်ရှေ့က ထွက်သွားပြီ ။ ကျုပ်မှာသာ ခေါင်းငိုက်စိုက်ကျ ကျန်ရစ်ခဲ့ရတာ ။ ကျုပ်က သားဖြစ်သူရဲ့အသည်းကို ကိုယ်တိုင်ကိုယ်ကျ ခွဲလိုက် မိတဲ့ အဖေတစ်ယောက် ဖြစ်နေပြီလေ ။ မသိလို့ဖြစ်သွားတဲ့ကိစ္စမို့ တမင်တကာ ခွဲတဲ့ မိဘတွေ နဲ့ ယှဉ်ရင် တော်ပါသေးရဲ့လို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပြီး ဆင်ခြေပေးလိုက် မှပဲ နည်းနည်း ခံသာသွားတာကလား ။ ဒါပေမဲ့ ခံရခက်တဲ့ ဝေဒနာတစ်ခုက ကျုပ် ရင်ထဲမှာ အမြစ်တွယ်နေတုန်းပဲ ။ တခြား ဟုတ်ပါရိုးလား ။ ကျုပ်သားကို လူဆိုးလူပေ လူ့ပေါ်ကြော့လို့ ဝိသေသတပ်သွားတဲ့ ကိစ္စပေါ့  ။

အဲဒီတုန်းက တော့ ကိုယ့်သားကို ပြောလို့ပြောမှန်း မသိသေးတော့ ကောင်လေးရဲ့ မိဘတွေ ကိုတောင် စိတ်ထဲက ကဲ့ရဲ့မိလိုက်သေးတယ် ။ အခု ကျုပ် ကဲ့ရဲ့ခဲ့တာက ကျုပ်ကိုယ် ကျုပ် ဖြစ်နေမှန်း သိလိုက်ရတော့ ကျုပ် မှာ မအီမလည်ကြီး ဖြစ်လို့ ။ နောက်ထပ် ဒါမျိုးကြုံလာခဲ့ရင် သတိထားမှ ဖြစ်မယ်လို့လည်း တွေးလိုက် မိလေရဲ့ ။

ကျုပ်မှာ သမီးတစ်ယောက် ကျန် သေးတယ် မဟုတ်လား ။

◾မော်မော့်မောင်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 
      အမှတ် ၃၅၃ ၊ ဧပြီ ၂၀၁၉

koaungnaingoo.blogspot.com

.