Showing posts with label လူထုဒေါ်အမာ. Show all posts
Showing posts with label လူထုဒေါ်အမာ. Show all posts

Friday, April 12, 2024

မန္တလေး သင်္ကြန် .. သင်္ကြန် .. သင်္ကြန်


 

❝ မန္တလေး သင်္ကြန် .. သင်္ကြန် .. သင်္ကြန် ❞

အမေတို့ အသက် တော်တော်ကြီး လာ တော့ မန္တလေးသင်္ကြန် က ပြောင်းလဲ သွား လိုက်တာ ။ ဟိုတုန်းက နဲ့ ဘာဆို ဘာကမှ မတူတော့ဘူး ။ ပြောင်းသမှ အားလုံး ကို ပြောင်း လဲသွားတာ ။

ပထမ ပြောင်းတာ က နေရာပါ ။ ဟိုး အရင် က တော့ သင်္ကြန်ပွဲ ဟာ အိမ်ရှေ့ တွေ မှာ အရပ် က သမီးပျို ၊ သားပျိုတွေ ပျော်ချင် လို့ နွှဲ ကြတဲ့ ရေသဘင်ပွဲ မို့ ရွှေဘုန်းရှိန် က အမျိုး သမီးရေပက်အဖွဲ့ ချည်း သုံးဖွဲ့ အပြိုင်အဆိုင် လုပ်ကြတယ် ။ ပိုက်ကျုံး က တော့ အဝီစိ တွင်းဒကာ က ရေ အလျှံပယ် ပေးတာမို့ ရေပက် ဘယ်လို ကြမ်းတယ် ၊ ဆေးရုံကြီး နား မှာ ရေခဲရေ နဲ့ ပက်တာ ရှိတယ် ။ ဝါးတန်း က ပွဲစားကုန်သည် သူဌေးတွေ က သူတို့ ဝါးတန်း လူ စည်အောင် ပွဲရုံ တစ်ရုံ ငွေ ၁,ဝဝဝ ကျပ်စီ ထည့် တာတဲ့ ... စတဲ့ စတဲ့ သတင်းတွေ ၊ ၈၄ လမ်းမကြီး ပေါ် မှာ က လည်း နဂါး ချည်း မကဘူး ၊ မြောက် ဆိုရင် ဒါးတန်း အထိ ၊ တောင် ဆိုရင် ဘုရားကြီးကွေ့ အထိ ရေပက်မဏ္ဍပ်တွေ က နည်းတာ မဟုတ်ဘူး ။ သိပ် များတာ ဆိုတဲ့ သတင်းတွေ နဲ့ နှစ်တိုင်း ရှိပေမဲ့ လွန်ခဲ့တဲ့ ၄ - ၅ - ၁၀ နှစ် ကတော့ သင်္ကြန်ပွဲ ဟာ မြို့ ထဲ ကနေ ကျုံးဘေး ရွှေ့ သွားပါလေရော ။ ပြီးတော့ နေရာ ပြောင်းတာ နဲ့ အတူ ရေပက် မဏ္ဍပ်ကြီး တွေ လည်း ပုံစံတွေ က လည်း အများကြီး ပြောင်း သွား ပါတယ် ။

ပြီးတော့ အရင် က ရေပက်အဖွဲ့ ၊ ရေခံအဖွဲ့ ဆိုတာ လူငယ်တွေ ပျော်ရ ပါးရ အောင် အရပ်က  ငွေ စုကြ ၊ လူငယ်တွေ ကိုယ်တိုင် ထည့်ဝင်ကြ ၊ ရပ်ကွက် ထဲ က များများ ထည့်နိုင် တဲ့ သူ က များများ ထည့် ၊ နည်းနည်း တတ်နိုင်သူ က နည်းနည်း ထည့်ပြီး ဘုံငွေ နဲ့ ပျော်ကြတာ ။ ခုတော့ ဒီနှစ် ကျင်းပ သွားတဲ့ မန္တလေးသင်္ကြန် မှာ စီးပွားသတင်းစာ တစ်စောင် ဖြစ် တဲ့ ဝါးလ်ဒ်ဂရု ( ပ် ) က ၂ဝ - ၄ - ၉၅ နေ့ မှာ ဘယ်လို သတင်း ပေးသလဲ ဆိုတော့ “ သင်္ကြန် ရက်များ နှင့် ကြော်ငြာပွဲတော် ” ဆိုတဲ့ ခေါင်းစီး အောက် မှာ

“ ယခု ကာလ သည် ဈေးကွက် စီးပွားရေးခေတ် ကာလ ဖြစ် လေရာ ပုဂ္ဂလိက စီးပွား ရေးလုပ်ငန်းများ စန်းထ နေချိန် ဖြစ်သည် ။ သို့ဖြစ်၍ ယခုနှစ် သင်္ကြန်မဏ္ဍပ် တိုင်း လိုလိုပင် စီးပွားရေး လုပ်ငန်းများ ၊ ကုမ္ပဏီများ ၏ ကြော်ငြာများ က လွှမ်းမိုး ခဲ့သည် ။

၁၉၉၅ ခု ၊ သင်္ကြန်ရက်များ အတွင်း ရေကစား မဏ္ဍပ်များ ၉၀% စီးပွားရေး လုပ်ငန်းရှင်များ ၏ ကြော်ငြာများ က နေရာ ယူ ထားကြသည် ။ စီးပွားရေး လုပ်ငန်းများ နှင့် ကုမ္ပဏီ များ ၏ ရေကစားမဏ္ဍပ်များ ကို လည်း အပြိုင်အဆိုင် တွေ့ ရသည် ။ ဖျော်ဖြေရေး အစီအစဉ် များ တွင် ခေတ်ပေါ် တေးဂီတ ကို ထည့်သွင်း ထားခြင်းသည် လည်း ပရိသတ် က ကြော်ငြာ ကို သတိထား မိ စေသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း တွေ့ ရသည် ” လို့ သတင်း ပေး ထားပြီး စီးကရက် နဲ့ ဘီယာ ဧရာမ စာလုံးကြီးတွေ နဲ့ နဖူးစီး တပ်ထားတဲ့ ရေကစား မဏ္ဍပ် မှာ ရေကစား နေတဲ့ သတင်းဓာတ်ပုံတွေ နဲ့ ဖော်ပြ ထားပါတယ် ။

ဒီလို ကြော်ငြာမဏ္ဍပ်တွေ ပေါ် မှာ ဘယ်သူတွေ က ဆိုကြ ၊ ကကြ သလဲ လို့ မေး တော့ အရပ်တကာ က မိန်းကလေးတွေ ပါပဲ ။ ယူနီဖောင်းဖိုး တစ်ယောက် ၁၀၀၀ စီ ပေးပြီး ထမင်းကျွေး ခေါ်တာပဲ လို့ ဆိုပါတယ် ။ တချို့ ကြော်ငြာမဏ္ဍပ် က လည်း က,မယ့် အက အဖွဲ့ ကို တစ်ည တစ်ဖွဲ့ ပြောင်း ပြီး ငှား ကြတယ် ။ ဒီလို အငှား လိုက် ကမယ့် အက အဖွဲ့ တွေ ကို ထောင် စားတဲ့ လုပ်ငန်း တစ်ခု ဒီနှစ် မှာ မှ ပေါ်လာ သတဲ့ ။ ၄ - ၅ - ၁၀ ယောက် လောက် ပါတဲ့ အဲဒီ အဖွဲ့ ကို သင်္ကြန် မတိုင်ခင် မှာ တစ်ပတ် လောက် ကြိုပြီး က,တတ်တဲ့ လူ တစ်ယောက် က သီချင်း သုံးပုဒ် လောက် နဲ့ ယိမ်းတိုက် ထားတယ် ။ ဒီ သီချင်း သုံးပုဒ် က ဘယ် မဏ္ဍပ် မဆို ဒါနဲ့ ဆိုကြ ၊ ကကြ တာပဲ ။

စီးပွားရေးသတင်းလွှာ က လည်း သတင်းပေး ၊ မြင်ရ ကြားရသူတွေ က လည်း သင်္ကြန်မဏ္ဍပ်ကြီး တွေ က ကုန်ပစ္စည်းတွေ ချည်း ကြော်ငြာ ထား လိုက်ကာ သိပ် ပေါ် ထင်တယ် ။ ကြော်ငြာမဏ္ဍပ် မဟုတ်ရင် ဌာနဆိုင်ရာမဏ္ဍပ် တွေ သာ ရှိ တာကိုး ။ အမေတို့ အရင် က တွေ့ ရတဲ့ အရပ် ထဲ က မိန်းကလေး ၊ ယောက်ျားလေးတွေ စု ထောင် ကြတဲ့ ‘ ပိတောက် ရွှေဝါ ’ တို့ ၊ ‘ မေသင်္ကြန် ’ တို့ လို ရေပက်သင်းမ ဏ္ဍပ် မျိုး က ပါ မှ မပါတော့ဘဲ ကိုး ။

ဟိုတုန်း က တော့ မြို့မအသင်း က ဆရာငြိမ်း ရေးစပ် ပေးလိုက်တဲ့ သင်္ကြန်သီချင်း ဟာ တစ်နှစ် တစ်ပုဒ် မက တစ်ခါတလေ နှစ်ပုဒ် လောက် ရေးပေး လိုက်လို့ လူငယ် မိန်းမငယ် တွေ ပါးစပ်ဖျား မှာ စုံရေမက်ရေ သီဆို ကြရတာ က အမော ။ မန္တလေးသင်္ကြန် က ဆရာငြိမ်း သီချင်း နဲ့ ခွဲ လို့ ရတာက မဟုတ်ဘူး ။

မြို့မအဖွဲ့ က တီးမှုတ် ပြီး ရင် တစ်မဏ္ဍပ် က တစ်မဏ္ဍပ် ကို ကူးတော့မယ် ဆိုရင် တခြား သီချင်းတွေ ဆို အပြီး မှာ “ နောင်နှစ်တွင် လည်း ဆီးလို့ ကြိုကွယ် .. မောင်ကြီး လာ ပါမယ် ... လာပါမယ် ... ဒီနှစ် လို ပဲ ဆီးလို့ ကြိုမယ် ... မောင်ကြီး လာပါတယ် ... လာပါတယ် ... ပြန်ပါဦးမယ် ... ပြန်ဦးမယ် ... နှုတ်ခွန်း ဆက်ပါတယ် ” ဆိုတဲ့ နှုတ်ဆက် သီချင်းလေး နဲ့ ခွဲတာ ။ ဒီ သီချင်း ဟာ သင်္ကြန် အတက်နေ့ မှာ မဏ္ဍပ်တိုင်း လိုလို မှာ ကြား နေရတယ် ။ သူတို့ သူတို့ တစ်တွေ ရှေ့ နှစ်ခါ သင်္ကြန် မှာ လည်း ပြန်ပြီး တွေ့ကြဦးမယ် ... ဆုံကြဦးမယ် ပေါ့ ။

ဒီလို ဒီလိုနဲ့ လူငယ်တို့ ဘာဝ သံယောဇဉ်တွေ ငြိကြ ၊ တွယ်ကြ တာ လည်း နည်း မယ် မဟုတ်ဘူး ။ ဒါ လူငယ် တို့ ဘာဝ မဟုတ်လား ။

ခု ခေတ် မှာ တချို့ လူငယ်တွေ က “ မြနန္ဒာ ရေညိုညို ရစ်ခတ်သမ်း ၊ ရွှေမန်းတောင် ထိပ် တူစုံမောင်မယ် ပျော်ချင်ပါတယ် ” ဆိုတဲ့ သီချင်း ကို သာ ဆို နေကြတာ ။ နန္ဒာရေညို က ဘယ်က နန္ဒာရေ မှန်း တောင် သိကြတာ မဟုတ်ဘူး ။ တစ်ယောက် သော လူငယ် က တော့ “ အမေ ရယ် ... နန္ဒာကန် ဆိုတာ ဘယ်မှာ လဲ ၊ မန္တလေးတောင် ရဲ့ အနောက်ဘက် က လား ”  တဲ့ ။

ဟုတ်တာပေါ့ ။ မြန်မာမင်းတွေ လက်ထက် က ရှိ ခဲ့တဲ့ မဟာနန္ဒာ ကန်တော်ကြီး ကို ဗြိတိသျှအစိုးရ က ရေတွေ ဖောက် ထုတ်ပြီး လယ်မြေတွေ လုပ် ပစ် လိုက်တော့ မန္တလေး တောင်ထိပ် ပေါ် က မြောက်ဘက် လှည့်ပြီး လှည့် ကြည့်လိုက်တဲ့ အခါ မြင်ရတဲ့ နန္ဒာကန်ရေ တွေ က ရှိမှ မရှိတော့ဘဲ ကိုး ။ အခု မန္တလေး - မတ္တရာ - မိုးကုတ် ကားလမ်းမကြီး ဟာ တစ်ဖက်ဆည်ဘောင်ကြီး ပါ ပဲ ။ ကားလမ်း ဘေး မှာ မဟာနန္ဒာရေကန် ရဲ့ ကျောက်စာ ၊ ကျောက်စာ ဂူကလေး နဲ့ မြေ ထဲ မြုပ်လု မြုပ်ခင် ရှိနေတာ မြင်ရပါသေးတယ် ။

ဒီ သီချင်း အကြောင်း ပြောတော့ အမေ ငယ်ငယ် က ကြုံရပုံကလေး သတိရ လို့ ပြုံးမိပါသေးရဲ့ ။ အမေ ငယ်ငယ် က “ မြနန္ဒာ ရေညိုညို ရစ်ခတ်သမ်း တော့ ရွှေးမန်းတောင်ထိပ် ပူနိမ် ၊ ဗြောင်နိမ် ” လို့ စိတ်ပါလက်ပါ ကျေကျေနပ်နပ် သီဆို နေတုန်း အမေ နဲ့ အတူ နေ အဒေါ် တစ်ဦး က “ ညည်း သီချင်း က လည်း အေ ... အရူး သီချင်း နဲ့ တူ လိုက်တာ ၊ ဘာ သီချင်း လဲ ” တဲ့ ။

အမေ့ အဒေါ် တို့ နဲ့ အမေ တို့ နဲ့ တစ်ခေတ် ကွာဟ နေတာကိုး ။ အခု ခေတ် စင်မြင့် တွေ ပေါ် က “ အသံချဲ့ခွက် ကို ကြိမ်းမောင်း နေတယ် ထင်တာပဲ ” လို့များ ပြော မလား မသိပါဘူး ။

ဆရာစိန်ဗေဒါ သုံးတဲ့ စကား အတိုင်း ပြောရ ရင် “ သူ့ ခေတ် နဲ့ သူ့ နား ” တော့ လည်း ကောင်းကြမှာပေါ့လေ  ။

ကဲ .. မန္တလေးသင်္ကြန် က တော့ အမေ့ တစ်သက် မှာ ပဲ အပြောင်းအလဲတွေ အမျိုးမျိုး တွေ့မြင် နေရတယ် ကွယ် ။

◾လူထုဒေါ်အမာ

📖 အမေ့ ရှေးစကား စာအုပ် မှ

📖 ပိတောက်ဖူးတဲ့ လတန်ခူး
      နှစ်ဦးသင်္ကြန်ခါ

#ကိုအောင်နိုင်ဦး

.

မန္တလေး သင်္ကြန် ( ၂ )


 

❝ မန္တလေး သင်္ကြန် ❞

( ၂ )

အထက် က အမေ တို့ ကလေးဘဝ တုန်း က ကြုံခဲ့ရတဲ့ သင်္ကြန်တွေ အကြောင်း ရေး ခဲ့တယ် ။ အခု အမေတို့ အသက်ကလေး တော်တော် ရလာတဲ့ အချိန် ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင် က အထိ ကြုံခဲ့ရတဲ့ မန္တလေး သင်္ကြန်ပွဲတွေ အကြောင်း ရေးချင်သေးတယ် ။

အမေတို့ လူတွေ က လေ ပျော်ချင်တတ်တဲ့ လူမျိုး ၊ ပျော်ပျော် နေချင်တဲ့ လူမျိုး ၊ ပျော်စရာ ဆိုရင် တော်တော် တန်ဖိုး ကြီးတာတွေ နဲ့ တောင် လဲချင်တတ်တဲ့ လူမျိုး ပါ ။

ဒီလို ပျော်ချင်တတ် တဲ့ လူမျိုး စရိုက် က ကောင်းတာတွေ လည်း ရှိရဲ့ ၊ မကောင်းတာ တွေ လည်း ရှိပါတယ် ။ ပျော် လို့ ချည်း နေတာပဲလား ဆိုတော့ လည်း မဟုတ်ပြန်ဘူး ။ စိတ်ဆိုးစရာ ရှိရင် ထောင်းခနဲ ။ ဒါပေမယ့် မြန်မြန် ပြန်ပြီး ပြေ တတ်တယ် ။ မေ့ လွယ်တယ် ။ ဒါဟာ သွေးပူတဲ့ လူမျိုး ရဲ့ လက္ခဏာ လို့ ဆိုကြတာပဲ ။

ဘာပဲဖြစ်ဖြစ် သင်္ကြန်ပွဲ ကို ကလေးတွေ ကစား နေကြရာ က နောက်တော့ ဆယ့်လေးငါးနှစ် တွေ လည်း ဝင် ကစားကြတယ် ။ အဲဒီတော့ လမ်းမ ပေါ်တွေ မှာ သွားလာ နေတဲ့ မြင်းရထား တွေ ၊ စက်ဘီး တွေ ကားတွေ ကိုပါ ရေ နဲ့ လှမ်း ပက်တာတွေ ဘာတွေ ၊ ကြီးတဲ့ ကလေးတွေ က လုပ် လာကြရော ။ ဒီလို ရေပက် တဲ့ ကိစ္စ ကျယ်ပြန့် လာတော့ ပထမ တော့ ရေပက် မခံချင်သူ ရော ၊ ခံချင်သူ နဲ့ ရော တွေ့ တာပေါ့ ။ နောက်နှစ် နောက်နှစ် တွေ ကျ တော့ လမ်းမကြီးတွေ ပေါ် မှာ အစုအဝေး နဲ့ ဘယ်နား ဘယ်နား က ရေပက် နေကြတယ် ဆိုတာ သတင်း ရပြီး ပျော်ချင်တဲ့ ရေပက်ခံ ထွက်ချင်တဲ့ လူတွေ က ပက် မယ့် အစုအဝေး ရှိတဲ့ နေရာ ကို လာကြ ဖြတ်ကြသန်းကြ လုပ် လာတယ်လေ ။ ပျော်ချင် လို့ တမင် ရေပက်ခံ လာတယ်ပေါ့ ကွယ် ။

အဲဒီလို အစုအဝေးကလေး တွေ နဲ့ အင်တုံကြီး တွေ ရေစည်ပိုင်း တွေ ချပြီး ဆယ့်လေးငါးနှစ် အရွယ်တွေ ရေပက် လာကြတော့ သမီး မိန်းကလေးရှင် မိဘတွေ ထဲ က အချို့က သမီးပျို ပေါက်စလေး တွေ ကို ရေဝင် ပက်ခွင့် ရေကစားခွင့် ပြု ပါတယ် ။ တချို့ မိဘတွေ က ခွင့် မပြုပါဘူး ။ ဘာပြုလို့လဲ ဆိုတော့ ရေပက်သမား အချင်းချင်း တစ်ရပ်တည်း သားသမီးတွေ ဆိုတော့ သူများ မလောင်းခင် ကိုယ့် အချင်းချင်း က ပထမ လောင်းကြ ပက်ကြ သေးတာကိုး ။ အဲဒီလို ပက်တဲ့အခါ တချို့ ကလေးတွေ က ကျောကုန်း ပေး တဲ့ မိန်းကလေး ကို ကုပ် က နေပြီး ရိုးရိုး ရေ နဲ့ လောင်းချတာမျိုး လုပ်တာ ပေမယ့် တချို့ ညစ်တဲ့ လူငယ်များ က ကျောကုန်း ခံတဲ့ မိန်းမပျို ကို ရေ လောင်းတာ ရိုးရိုး မလောင်းဘဲ လက် နဲ့ ပုတ် လောင်းတာတို့ ဘာတို့ လုပ် ချင်တယ် ။ အဲဒါမျိုး မခံရအောင် လို့ တချို့ အမေ တွေ က သူတို့ သမီး ရေ ပက်တဲ့ အထဲ မထည့်ပါဘူး ။ ဒီလို အမေများ ရဲ့ သမီးများ ရေပက် ကစား ရခဲ့ပါတယ် ။

အဲဒီလို အစုအဖွဲ့ နဲ့ ရေပက် မှုမျိုး ဟာ တစ်နှစ် ထက် တစ်နှစ် ပိုပို များများ လာပြီး အပျိုခေါင်း တို့  ၊ လူပျိုခေါင်း တို့ ဩဇာ ကြီးတဲ့ အရပ် ၊ အပျိုလူပျို ပေါ တဲ့ အရပ်တွေ က ရေပက်သင်းကြီး တွေ လို ဖြစ် လာပြီး အင်တုံ လောက် မကတော့ ဘဲ စည်ပိုင်းကြီး တွေ ရေစည်ကြီး တွေ သံရေကန်ကြီး တွေ ပါ လမ်းဘေး ချပြီး လူ သုံးဆယ် လေးဆယ် ရေလောင်းကြ ၊ ရေကစားကြတယ်လေ ။ နေ မြင့်လို့ သိမ်းပြီ ဆိုရင် အရပ် ထဲ မှာ အမေ တို့ မထည့် လို့ ဝင် မပက်ရတဲ့ မိန်းကလေးတွေ အိမ် အပျိုကြီးတွေ အိမ် ကို လိုက် ပက်ကြ ပြန်တယ် ။ ပြီးမှ လူစုခွဲ ရေချိုး အဝတ် လဲ ကြတယ် ။

၁၉၂၈ ခုနှစ် ရောက် တော့ မန္တလေးမြို့ မှာ မြို့မ အပျော်တမ်းတူရိယာ အဖွဲ့ ဆိုတာ လူငယ်တွေ စုစည်း တည်ထောင်တဲ့ အဖွဲ့ ပေါ် လာတယ် ။ မြို့မအဖွဲ့ က သူ့ ချည်း လည်း ပေါ် လာတာ မဟုတ်ဘူး ။ မာဃတူရိယာ အဖွဲ့ ဆိုတာ လည်း သူ နဲ့ မတိမ်းမယိမ်း ပေါ် လာတယ် ။ မာဃ နဲ့ မြို့မ ဆိုပြီး အပြိုင်အဆိုင် ဖြစ်နေကြ သေးတယ် ။ မြို့မငြိမ်း က ယမုန်နာငါး နဲ့ ဂင်္ဂါငါး သီချင်းမျိုး စပ်တာ ဟာ သူတို့ မြို့မ နဲ့ မာဃ နဲ့ ပြိုင် နေတာ ကို ထုတ်ဖော်တဲ့ သီချင်းပါ ။

ဒီလို အပြိုင် ရှိနေတော့ မြို့မအဖွဲ့ က သင်္ကြန်တွင်း မှာ ဘုရား ရေသပ္ပါယ် သွားမယ် ဆိုတဲ့ အစီအစဉ် တစ်ခု လုပ်ပြီး ငန်းဖြူရုပ်ကြီး တစ်ရုပ် ကို ဝါး နဲ့ စက္ကူ နဲ့ လှလှပပ ချိုး စေပါတယ် ။ ပြီးတော့ ကားပက်လက်ကြီး ရဲ့ ထိပ် မှာ ငန်းရုပ်ကြီး တင်ပြီး သူတို့ အဖွဲ့သားတွေ က ပုဆိုး ဆင်တူတွေ နဲ့ ကား ပေါ် မှာ ကု,လားထိုင် တွေ နဲ့ ထိုင် ၊ တီးမှုတ်ပြီး မဟာမုနိဘုရား ကို ရေ ကန်တော့ သွား ကြတယ် ။ ငွေရေတကောင်းကြီး ထဲ ပန်းတွေ ထည့်ပြီး အလှပြ ရင်း အတီးပြ ရင်း ကြွားဝင့် သွားပါတယ် ။

အဲဒီ အချိန်မှာ မာဃတူရိယာ အဖွဲ့ က လည်း “ ( တူလိမ့်မယ် မထင်ကြနဲ့ ) ကိုး ဆယ်ဆ ကွာ ၊ တူလိမ့်မယ် မထင်ကြနဲ့ ယဉ်စစ မာဃတူရိယာ ” ဆိုတဲ့ သီချင်းမျိုး တွေ နဲ့ တီးမှုတ် နေတာပါ ။

မြို့မ ကတော့ မဟာမုနိဘုရားကြီး ကို ရေသပ္ပါယ် ပန်းကပ် သွားရာ က ပြန် တော့ မြို့ ကို လှည့်တာပါပဲ ။ ဒီလို အလှပြ လှည့် နေတာကို ရေပက် မခံရ သေးပါဘူး ။

နောက်နှစ် နောက်နှစ် တွေ ကျတော့ ဘုရား ကို ရေသပ္ပါယ် သွားတဲ့ ရက် က အကြိုနေ့ ။ အကျနေ့ တွေ မှာ သူတို့ က လည်ရင်း ရေပက်ခံရင်း ပြုံးပြုံးရွှင်ရွှင် ဖြစ် ကုန်ကြပါပြီ ။ မတားပါဘူး ။ ရေ စိုရင် ပျက်စီးမယ့် တူရိယာမျိုး ကို လည်း ကား ပေါ် ယူ မလာခဲ့ကြဘူး ။ အဲဒီလို မြို့မ က အလှပြကား နဲ့ ရေပက် ခံတာ စ ပြီးတဲ့ နောက် ရေပ က်တဲ့ မိန်းကလေး တွေ က လာပုံ ကို အမေ မှတ်မိ သမျှ ပြော ရရင် -

မြို့မ ရေပက်ခံကား ရေပက်သူ တွေ ရှေ့ ရပ်ပြီး တီး ပြတဲ့ အခါ က တတ်တဲ့ လူ ရှိရင် က ပါ လို့ သူ တို့ က လည်း တောင်းဆိုတယ် ။ ဘေး က ပွဲကြည့် ပရိသတ် က လည်း ပြောကြတယ် ။ ဒါကြောင့် နည်းနည်းပါးပါး က တတ်တယ် ထင်တဲ့ ရေပက်သူ မိန်းကလေး တစ်ယောက် ယောက် က ရှက်ကိုးရှက်ကန်း နဲ့ ကားဘေး ထွက်လာတယ် ။ နောက်တော့ တစ်ယောက် ထဲ က တာ ကြောင် လို့ နှစ်ယောက် သုံးယောက် ထွက် လာတယ် ။ ရပ် က ရင်း နဲ့ မြို့မကား ကို လှည့်ပတ် ပြီး က လာတယ် ။

ဒီလိုနဲ့ ရေပက်သူ မိန်းကလေးတွေ က က တာ စ တာပါပဲ ။ နောက်တော့ ယိမ်းသဘောမျိုး အထိ တိုးတက် လာပါတယ် ။ ရေ ပက်တဲ့ အသင်းတွေ က အကြီးအကျယ် ပြင်ဆင် ကြတာ ကို စတင်သူ က တော့ နဂါးရေသဘင် လို့ အမေ ထင်ပါတယ် ။ နဂါးရေသဘင် ဆိုတာ နဂါးဆေးလိပ်ခုံကြီး က ဖွဲ့ တဲ့ ရေသဘင် အဖွဲ့ ပါ ။ နဂါးဆေးလိပ်ခုံ က ဖွဲ့ တာ ပေမယ့် နဂါးမယ် ဆိုတဲ့ နာမည် မှည့်တာ က လွဲ လို့ ဆေးလိပ် ကြော်ငြာတဲ့ သဘော လုံးဝ မဆောင်ပါဘူး ။ ဒီ ခေတ် မှာ ပေါ် လာတဲ့ ကြော်ငြာ ရေသဘင်တွေ နဲ့ ဘာမှ မတူပါ ၊ မဆိုင်ပါဘူး ။

နဂါးဆေးလိပ်ပိုင်ရှင် ဒေါ်ဦး က အက လည်း သင် ပေးတဲ့ လူ မရှိခဲ့ဘဲ နဲ့ ကောင်းကောင်း က တတ်တယ် ။ ပြီးတော့ သူ က ပျော် တတ်တယ် ။ ဒါကြောင့် သူ့ ဆေးလိပ် လိပ် တဲ့ မိန်းကလေး တွေ ပျော်ပါစေ ဆိုပြီး ရုပ် ချောတဲ့ ၊ သင် ပေးရင် က တတ်မယ့် ဆေးလိပ်သမလေးတွေ ကို လေးငါးဆယ် ရအောင် ရွေးတယ် ။ ရွေးပြီး သီချင်း ရေး ခိုင်းတယ် ။ မင်းသမီး တစ်ယောက် ကို အက သင်ပေး ဖို့ ခေါ်တယ် ။ ပြီးတော့ ဆိုင်း တစ်ဆိုင်း နဲ့ အကျအန အက တိုက် တယ်လေ ။ ဒေါ်ဦး က အက သင်တာ က လည်း တစ်လ ကိုးသီတင်း ၊ ပြီးမှ ယူနီဖောင်း ဝယ်ပေး ပြီး က စေတာ ။ သူ ကိုယ်တိုင် က ဝင် မကတာ က လွဲ ရင် မိန်းကလေး တွေ နဲ့ အတူ မိုး အလင်း ခုံ ပေါ်က ဆင်း တာ မဟုတ်ဘူး ။ သူ့ အကအဖွဲ့ ကို တစ်ခါတလေ ရေနန်းသူဇာ လို့ နာမည် ပေးတယ် ။ နဂါးမယ် ဆိုတဲ့ စကား နှစ်တိုင်း သုံးတာ မဟုတ်ဘူး ။

မြို့မအဖွဲ့ က မော်တော်ကားကြီး နဲ့ ငန်းရုပ်ကြီး နဲ့ တစ်နှစ် ပြီး တစ်နှစ် ရေပက်ခံ ထွက်တော့ နောက်ထပ် ရပ်ကွက် တွေ က နေပြီး ရေပက်ခံ ထွက်တဲ့ ကားတွေ လည်း ပေါ် လာတယ် ။ ပေါ် လာတာ က နောက်တော့ တစ်ခါတလေ အစီး ၂၅ - ၃ဝ ရှိ တာပါ ။

မိန်းကလေး ရေပက်အသင်း တွေ က လည်း နဂါး အပြင် ပိတောက်ရွှေဝါ တဲ့ ။ မေသင်္ကြန် တဲ့ ၊ ငုရွှေဝါ တဲ့ ၊ နှစ်ဦးမေ တဲ့ စသဖြင့် စိတ်ကူး ပေါက်ရာ သင်္ကြန် နဲ့ နှစ်သစ် နဲ့ ပိတောက် နဲ့ တွဲဖက်ပြီး နာမည် ပေး ရေပက်ကြ ကကြ တာပဲ ။

တစ်ချိန်တုန်း က များ ဆိုရင် မန္တလေးသင်္ကြန် ဟာ အမျိုးသမီးအဖွဲ့ တွေ အနေ နဲ့ နဂါးမယ် က အဖွဲ့ မလုပ်ဖြစ်တဲ့ နှစ် ဟာ သင်္ကြန် လက္ခဏာ မပြည့်စုံ သလို ရုပ်ရှင်မင်းသား အဆိုတော်ဝင်းဦး မန္တလေး လာပြီး ရေ မကစား တဲ့ နှစ် ဟာလည်း မန္တလေးသင်္ကြန် မပီပြင်ဘူး လို ဖြစ် နေတယ် ။ ဒါပေမယ့် ဝင်းဦး က လည်း မလာဘဲ မနေဘူး ။ နဂါး က လည်း မလုပ်ဖြစ် တဲ့ နှစ် မရှိဘူး ။

ရုပ်ရှင်မင်းသား ဇော်ဝမ်း တို့ က မန္တလေးသား တွေ ပါ ။ ဒါပေမယ့် ဝင်းဦး လောက် မန္တလေး သင်္ကြန် ကို မှန်မှန် လာတာ မဟုတ်ဘူး ။ ဝင်းဦး က တော့ နေ့ အချိန် မိတ်ဆွေ အပေါင်းအသင်း တွေ နဲ့ ကြုံရာဆုံရာ ကားတွေ နဲ့ ရေပက်ခံ လည်တယ် ။ ဝင်းဦး ရေပက် ခံနေတယ် ဆိုရင် အဲဒီ မဏ္ဍပ် တော့ လူ တိုး လို့ မပေါက်တော့ဘူး ။ ရေခံ ကားတွေ ဟာ လည်း ကျပ်ခဲ ပြီး သွား မရ လာ မရ နဲ့ ပိတ်ဆို့ နေလို့ ကြာလွန်းမက ကြာ လာတဲ့ အခါ လမ်းရှင်းရဲတွေ က ကားတွေ ကို ဇွတ် အထွက် ခိုင်း ယူရတယ် ။

ည ကျ ပြန်တော့လည်း ဝင်းဦး က မြို့မ နဲ့ ဖြစ်ဖြစ် အခြား အဖွဲ့ နဲ့ ဖြစ်ဖြစ် လိုက် လာပြီး အဖွဲ့ ကျ ရာ စင်မြင့် ပေါ် တက် သီချင်း ဆိုတာပါ ။ ဝင်းဦး သီချင်း ဆို နေပြီ ဆိုရင် အဲဒီ နေရာ ဟာ လူပင်လယ် ဖြစ် တော့တာပဲ ။ ကားတွေ ဆိုတာ ဟွန်း ဘယ်လို တီးတီး ဘယ် ကား က မှ တုတ်တုတ် မှ မလှုပ်ဘူး ။ ဒါကြောင့် နေ့ တုန်းက လိုပါပဲ ယာဉ်ထိန်း ရဲ လာပြီး ကားရှင်း ပေး ရတော့တာ ပါ ။ ဝင်းဦး က သင်္ကြန် သုံးရက် ၊ လေးရက် နေ့တိုင်း ညတိုင်း မိုး အလင်း လည် တာပါ ။ ဒါတောင်မှ လည်း သူ့ မှာ ရပ်ကွက် နှံ့တာ မဏ္ဍပ် စုံတာ မဟုတ်ဘူး ။

အမေ ပြော ပကော ၊ တို့ လူမျိုး က ပျော်ချင်တဲ့ လူမျိုး ၊ ပျော် ရမယ် ဆို ရင် မီးကုန် ယမ်းကုန် အားလုံး ကို မေ့ပြီး ပျော်နေချင်တဲ့ လူမျိုး ။ ဒါပေမယ့် အပျော် ကို ဝမ်းဗိုက် က ဘရိတ် အုပ် လိုက်တယ် ။

သင်္ကြန်ပွဲ ဆိုတာ က ရက် အရှည်ဆုံး ပွဲ ။ အမေ တို့ မန္တလေး မှာ သင်္ကြန် အကြိုနေ့ က စ က နေတဲ့ ပွဲ ။ အကြိုနေ့ မှာ ဘုရား ကန်တော့ ဖို့ ဘုရား ရေသပ္ပါယ် ဖို့ မဟာမုနိဘုရားကြီး ကို သွားကြတယ် ဆိုပြီး အဲဒီ နေ့ ကတည်း က ဝတ်စုံပြည့် ဝတ်စား ဆင်ပြင် ထွက် ကြရတာ ။ အကျနေ့ ၊ အကြတ်နေ့ ၊ အတက်နေ့ ပါ ဆိုတော့ အားလုံး ၄ ရက် ကြာတယ် ။ သင်္ကြန် သာ ၂ ရက် ကြတ်တယ် ဆိုရင် အားလုံး ၅ ရက် ကြာတဲ့ ပွဲ ။

ဒီ ၅ ရက် အတွင်း မှာ လူတွေ ရဲ့ လုပ်အား အားလုံး ရပ်ဆိုင်း ထားရတယ် ။ ဝင်ငွေ တစ်ပြား မှ မရှိတဲ့ အပြင် ကုန်ရကျရတာ က နေ့တိုင်း ။ တချို့များ သောက်တတ် စားတတ် လို့ စားစရိတ် အပြင် သောက်စရိတ် လည်း ကုန်ရ သေးတယ် ။ လည်စရိတ် က လည်း ကုန်ရသေးတယ် မှုတ်လား ။

အဲဒီတော့ သင်္ကြန်ပွဲ တစ်ခါ တစ်ခါ ပြီးသွားရင် မြို့ ဟာ တိတ်ဆိတ် နေတာ ၂ ရက် ၊ ၃ ရက် ကြာတယ် ။ လူ လည်း ဖား ၊ ငွေ လည်း ဖား ကုန်ကြတာ ကိုး ။ မလှုပ်နိုင်ကြတော့ဘူး ပေါ့ ။

◾လူထုဒေါ်အမာ

📖 ကလျာ မဂ္ဂဇင်း
      အမှတ် ၁၂၅
      ၁၉၉၅ ၊ ဇူလိုင်
     
#ကိုအောင်နိုင်ဦး

.

မန္တလေး သင်္ကြန် ( ၁ )


 

❝ မန္တလေး သင်္ကြန် ❞

( ၁ )

မန္တလေး မှာ ဒီနှစ် သင်္ကြန်ပွဲ တစ်ပွဲ ပြီးသွားပြန်ပြီ ဆိုတော့ အသက်အရွယ် ကြီးတဲ့ လူကြီး တစ်ယောက် ဖြစ်နေတဲ့ အမေ တို့ အဖို့ အမေ တို့ ငယ်ငယ်တုန်း က ရေကစား ခဲ့ကြရတဲ့ သင်္ကြန်ပွဲကလေးတွေ နဲ့ ဒီခေတ် သင်္ကြန်ပွဲကြီးတွေ ကို မကြာမကြာ ယှဉ် ကြည့် မိတယ် ။

အမေ့ အနေ နဲ့ သိမီ မှတ်မိတဲ့သင်္ကြန်ပွဲ က ပဲ အကြိမ်ပေါင်း ၇၅ ခါ လောက် ကြုံဖူးခဲ့ပြီ မှုတ်လား ။

အမေတို့ ငယ်ငယ်တုန်း က မန္တလေး မှာ သင်္ကြန် ကျတယ် ဆိုတာ လူကြီးတွေ ဥပုသ် စောင့်ကြ ၊ ဘုရား ရေသပ္ပာယ်ကြ တဲ့ ကာလ ၊ လူရွယ်လူလတ် ယောက်ျားလေးတွေ က ရေတွင်းချေး ဆယ်ကြ ၊ ရေကန်တွေ ရေ လှယ်ကြ ၊ သန့်ရှင်းကြတဲ့ ပွဲ ။ ကလေးငယ်တွေ က သံဖြူရေပြွတ်ကလေး တွေ ၊ သံဖြူဖလားကလေး တွေ နဲ့ ရေပက် ကစားကြတဲ့ ပွဲ လေ ။

သင်္ကြန် နား နီးလာပြီ ဆိုရင် သံဖြူသမားတွေ က လုပ် ရောင်းတဲ့ ရေပြွတ် ၊ ရေဖလား တွေ ကို ဗန်းကြီး တွေ ထဲ ထည့်ပြီး အရပ် ထဲ လည် ရောင်းတဲ့ ဈေးသည်တွေ ပေါ် လာပြီ “ အမေ ရေပြွတ်ကလေး ဝယ် ပေးစမ်းပါ ၊ ဖလားလေး ဝယ် ပေးစမ်းပါ ။ သင်္ကြန် ကျတော့မယ် ” လို့ အသည် ကို ကြည့် ပြီး အမေတို့ က ပူဆာ ရပြီ ။ အမေ လုပ်သူ က တစ်ယောက် တစ်ခု စီ အရွယ် နဲ့ လိုက်ဖက် တဲ့ ပြွတ် နဲ့ ဖလားလေး တွေ ဝယ် ပေး လိုက်ရင် ဝမ်းသာ လိုက်တာ ။ ဘယ်တော့ သင်္ကြန် ကျတဲ့ အမြောက်သံကြီး “ ဒိန်း ” ခနဲ ကြားရပါ့မလဲ လို့ မျှော် နေကြရတာပဲ ။ ရှေးတုန်းက သင်္ကြန် မကျသေးဘူး ဆိုရင် ဧပြီလ ၁၃ ရက် နေ့ ပေမယ့် ရေ ပက်ရတာ မဟုတ်ဘူး ။ “ ဟဲ့ မပက်နဲ့ ဦး ၊ သင်္ကြန် မကျသေးဘူး ” ဆိုရင် ခွက်ကလေး ၊ ပြွတ်ကလေး ကိုင်ပြီး အသာ ရပ် နေရတာ ။ သင်္ကြန် ကျပြီ - ဆိုတာ က လည်း တစ်မြို့လုံး ကြား ရအောင် အမြောက်ကြီး တစ်ချက် ပစ်ဖောက် ပေး လိုက်တာပါ ။

အဲဒီ အမြောက် က အသံကြီး သာ မြည်တာ ဘယ်သူ့မှ ဘာမှ ထိခိုက်တာ မဟုတ်ဘူး ။ ဒါကြောင့် အမေ တို့ ဆီ မှာ “ ဟန် သာ ရှိပြီး အဆန် မပါဘူး ၊ သင်္ကြန် အမြောက် ပဲ ” လို့ တင်စား ပြောတဲ့ စကား တစ်ခွန်း တောင် ရှိခဲ့တယ် ။ ဒီခေတ် မှာ တော့ သင်္ကြန် ကျပြီ လို့ အချက်ပေးတဲ့ အသံ ဘာသံ မှ မကြားရတော့ဘဲ သင်္ကြန် မကျသေးတာ ၊ ကျပြီ ဆိုတာ ကို လည်း ဘယ်သူမှ ဂရုစိုက် မနေကြတော့ဘူး ။ နောက်ပြီးတော့ ရေ ပက်တယ် ဆိုတာ ကို လည်း ပက်ချင်တဲ့ နေရာ က ပက်ချင်တဲ့ နေ့ မှာ ပက်ကြတာ ကို လူတွေ က ဒီအတိုင်း ခံ နေကြရတယ် ။ ဆိုး တာ က မီးရထား စီး ခရီးသည် လို ဟာတွေ ကို ရေအိတ် နဲ့ လမ်း က ဆီး ပေါက်တာမျိုး သင်္ကြန် မတိုင်ခင် ရက်တစ်ပတ် လောက် က စပြီး ခံရတာတွေ ရှိ နေတယ်လေ ။ တချို့များ မျက်လုံး ရေအိတ် မှန်လာတဲ့ ဒဏ်ရာ အညိုအမည်းကြီး ကို တစ်ပတ် လောက် ဆေးကု နေရတယ် ။

အမေတို့ ငယ်ငယ် က ရေ ပက်တယ် ၊ ရေ ကစားတယ် ဆိုတာ တကယ့် ၁ဝ နှစ် ၁၂ နှစ် အောက် ကလေးငယ်တွေ ရဲ့ ပွဲ သက်သက်ပဲ ။ အပျိုလူပျိုတွေ ရေ ကစားတာ မရှိဘူးလား ၊ ရှိပါရဲ့ ။ ရှိပုံ က ဒီလိုလေ ၊ ဘယ် အိမ် မှာ အပျို ရှိတယ် ၊ တစ်ယောက် မက ရှိတယ် ဆိုရင် အဲဒီ အိမ် က အပျို ကို ရေ လောင်းဖို့ တစ်ရပ်တည်း က လူပျိုတွေ က ချောင်း နေကြရတယ် ။ အပျိုတွေ က လည်း ရေပက် ခံရမှာ ကြောက် လို့ သင်္ကြန်တွင်း ဆိုရင်တော့ တတ်နိုင် သလောက် လူမြင် မခံဘဲ အိမ်တွင်းအောင်း နေကြတာပဲ ။ မလွှဲသာ တဲ့ ကိစ္စ နဲ့ အိမ်ပြင် ထွက်ပြီ ဆိုရင်တော့ ရေပက်ချင် လို့ စောင့်နေ ၊ ချောင်းနေ တဲ့ ကောင်လေးတွေ က ချမ်းသာ မပေးတော့ဘူး ၊ ဇွတ်အတင်း ပက် တော့တာပဲ ။ အိမ် ထဲ ဝင် ပြေးရင်လည်း မိဘမောင်ဖား ကို ကျွန်တော်တို့ ရေ ပက်ချင်လို့ မ ... ကို ထုတ် ပေးပါ ခင်ဗျာ လို့ တောင်း တော့တာပဲ ။ ဒီအခါ မိဘမောင်ဖား က မ .... ရေ လာပါကွယ် ၊ ရေပက် ခံလိုက်ပါတဲ့ လို့ မလာမချင်း ခေါ်ပေးတယ် ။ ထွက် လာတော့ လူကြီးမိဘ တွေ ရှေ့မှာပဲ လောင်းချင် သလောက် လောင်းကြရော့ ။ ဘယ် အိမ် က အပျို ဘယ်သူ ရေပက် ခံနေရပြီ လို့ အရပ် ထဲ က တခြား ကာလသားတွေ က ကြား ရင် လည်း ရ ရာ ရေပုံး ရေဖလား ဆွဲယူ ပြေးလာပြီး လာ လောင်းကြတော့တာပဲ ။ တစ်ခါတလေများ လောင်းသူတွေ က များ လွန်းလို့ ချောင်းစီး မြောင်းစီး ပေါ့ ။

လူကြီးတွေ ဥပုသ်စောင့် သွားတယ် ဆိုရင် ကလေးတွေ ကို “ ဟဲ့ - ဟို မပက်ကြပါနဲ့ ။ သီလ ယူမလို့ပါ ” လို့ တောင်းပန်တယ် ၊ ကလေးတွေ က လည်း နားထောင်တယ် ။ သီလ ယူပြီး ပြန်လာပြီ ဆိုရင်တော့ ကလေးတွေ က လောင်းတော့မယ်လေ ။ ရေတွေ နဲ့ လမ်း က စောင့် နေကြတာ ။

“ ဥပုသ်သည်တွေ ပါ ကွယ် ၊ သီလ ယူခဲ့ပါတယ် ” လို့ ပြောရင် လူကြီးတွေ ကို သာ ချမ်းသာ ပေးချင် ပေး လိုက်တာ ၊ ငယ်တဲ့ လူတွေ ပါလာရင် တော့ “ ဥပုသ်သည် နာနာပက် ၊ သိကြားမင်း က မှာလိုက်တယ် ” လို့ တစ်ညီတည်း အော် ဆိုပြီး ဝိုင်း လောင်းကြတော့တာပဲ ။

သင်္ကြန် ဆိုတာ မြန်မာနိုင်ငံ ရဲ့ အပူဆုံး ရာသီ ၊ မိုး ကျခါနီးရာ သီမှာ ဖြစ်တဲ့ နှစ်ကူးပွဲ ဆိုတော့ ရေတွင်းရေကန်တွေ က ရေ ခန်းတဲ့ ကာလ ပါ ။

ရှေးတုန်း က ခု ခေတ် လို ပိုက်ရေတွေ က လုံလုံလောက်လောက် ပေါပေါများများ ရှိတာ မဟုတ်ဘူး ။ ရေတွင်း တွေ ကို အားကိုး ရတဲ့ မြို့လူထု က လူများစု ၊ ဒါကြောင့် ရပ်ကွက် ထဲ က ယောက်ျားလေး လူငယ်တွေ က ရေတွင်းချေး ဆယ် ကြတာ သင်္ကြန်တွင်း ရက် မှာ လုပ်ကြတဲ့ လူမှုရေး ကုသိုလ် ပဲ ။

တွင်း ထဲ က ရှိရှိသမျှ ရေ ကို ကုန်အောင် ဝိုင်းပြီး ခပ်ထုတ် ကြတယ် ။ ရေတွင်း ထဲ ကျ နေတဲ့ အိုးခွက်ရေပုံးစုတ် ၊ ဆပ်ပြာခွက် စတဲ့ ပစ္စည်းမျိုးစုံ ကို ရှင်းလင်း ဖယ်ရှားပြီး တစ်ရပ်ကွက်လုံး က အားကိုး သောက်သုံး ရ တဲ့ ရေတွင်း ကို သန့်ရှင်းရေး လုပ်ကြတာလေ ။

ပြီးတော့ တွင်း ပေါ် ရေချိုး လို့ စီးကျ လာတဲ့ ရေ ကို တွင်းနား မှာ ကန်ငယ် တစ်ခု နဲ့ စုပြီး ခံထားတာမျိုး ရှိတတ်တယ် ။ ဒီ ကန်ငယ် ထဲ ကို ဈေး က ဝယ် လာတဲ့ ငါး ထဲ က အရှင် ပါ လာရင် လွှတ် ထားတာ ။ မြန်မာ အိမ်ထောင် က ငါးအရှင် ကို ထုရိုက် ခုတ်ထစ် ပြီး ချက် မစားလေ့ဘူး ။ ဘေးမဲ့ ပေးလိုက်တယ် ။ အဲဒီ ရေကန်ငယ် ကို လည်း သင်္ကြန်ရက် မှာ သန့်ရှင်းရေး လုပ်ကြတယ် ။ ငါးတွေ ကို ဖမ်း ပြီး လှောင် ထားတယ် ။ ရေတွင်းချေး ဆယ်ရာ က ခပ် ထည့်တဲ့ ရေသစ်ကန် ထဲ ရေ ဝင်ပြီ ဆိုတော့ ဖမ်းထားတဲ့ ငါးတွေ ကို ပြန်လွှတ် ပေး လိုက်ရော ။ ရေကန်ငယ် ရေတွင်း ဘေး မှာ ရှိရင် ကန် ဆေး တာ က ပထမ ၊ ရေတွင်းချေး ဆယ် တာ က ဒုတိယ ပေါ့  ။

အဲဒါတွေ ပြီးတော့ ရပ်ကွက် အလိုက် ရှိကြတဲ့ ဘုရား ၊ ဇရပ်တွေ က ဘုရားတွေ ကို ရေသပ္ပါယ် ကြတယ်လေ ။ ပြီးတော့မှ နှစ်ဆန်း တစ်ရက် နေ့ မှာ ရပ်ကွက် အလိုက် ပရိတ်ရွတ်ပွဲ တွေ လုပ်တယ် ။ ဘေး အမျိုးမျိုး ရန် အသွယ်သွယ် က ကင်းဝေး အောင် သံဃာတော်တွေ က အန္တရာယ်ကင်း ပရိတ်တော် တွေ ရွတ်တော်မူပေးကြတာပါ ။

ကန် ဆေးတဲ့ အချိန် မှာ ကာလသားတွေ လူ ကို ဖမ်းပြီး ဗွက် ထဲ ချတဲ့ အကစားမျိုး ၊ တချို့က အချင်းချင်း နောက်ပြောင် ကစားကြ သေးတယ် ။ ဒါက အပျော် သဘော ပဲ လေ ။ ဒါ့ကြောင့် မခံချင်လို့ ခိုက်ရန် ဖြစ်ပွားမှုတော့ မရှိကြဘူး ။ ဒါဟာ အမေ တို့ သိပ် ငယ်ငယ်တုန်း က တွေ့ကြုံရတဲ့ သင်္ကြန်ပွဲ ပဲ ။

နောက်တော့ ခေတ်တွေ ကာလတွေ ပြောင်းပြောင်း လာပြီး ဒုတိယကမ္ဘာစစ်ကြီး မဖြစ် ခင် အမေတို့ အပျိုအရွယ် ကာလ မှာ ကျင်းပတဲ့ သင်္ကြန် က တစ်မျိုး ပုံ ပြောင်းလာတယ် ။

◾လူထုဒေါ်အမာ

📖 ကလျာ မဂ္ဂဇင်း 
      အမှတ် ၁၂၄
      ၁၉၉၅ ၊ ဇွန်

#ကိုအောင်နိုင်ဦး

.

Thursday, February 8, 2024

ပုတီး နှစ်သွယ်


 ❝ ပုတီး နှစ်သွယ် ❞


ဦးဘိုးရင် သည် ကနားဖျင်း အောက် တွင် နှီးသတ် နေရာ မှ မိမိ ဇနီး အား ကြည့်၍ ပြုံးမိသည် ။ ဒေါ်ဖော့ မှာ အသက် ၅၀ ကျော် မှ မိတဆိုး ဖတဆိုး မြေးမကလေး ကို ကျွေးမွေး သုတ်သင်၍ နေရ ရှာသည် ။ သမီး သေရွာ လိုက်၍ သွား သဖြင့် ပစ် ခဲ့သော မြေးကလေး ကား ဘာမှန်း မှ မသိရှာ ၊ တအိုအို တအာအာ ဖြင့် ပုခက် ထဲ တွင် ငို၍ နေသည် ။ “ နင့်အမေ ရေနံချောင်း က မုန့်ပေါင်း ဝယ်ခဲ့လိမ့်မလေ - အေ - အေ - အေ - ခွေးပု ရယ် ၊ အိပ်ဟေ့ အိပ် - အိုအို အိုအို - ရီလေး တဲ့ ရို ကျွီ - ကျွီ ဂျိုပေါက်တဲ့ နွား ကျွီ - ကျွီ ပျိုးခင်းကို ဝင် ကျွီ ကျွီ - ပျိုးဆယ်ပင် ကုန်အောင် စား ကျွီ - ကျွီ ကြီးတော်တို့ နွား အင် - အင် အင် - အင်း ” စိတ် မရှည် နိုင် သလို ရှိ သဖြင့် ပုခက် ကို ဆောင့် ၍ လွှဲ ပြန်သည် ။ ကလေး မှာ အတန်ကြာ အောင် ငို ၍ မောလှ မှ ငှက်ပျောသီး တစ်လုံး ကို ဖက် ရင်း အိပ်ပျော် တော့သည် ။


ဒေါ်ဖော့ သည် ဆေးဗန်း ကို ယူ ၍ ဦးဘိုးရင် အနီး တွင် ဆေးလိပ် လိပ် ရင်း ပုခက် ကို ကြိုးရှည်ကြီး နှင့် တစ်ချက် တစ်ချက် လွှဲ ရ သေးသည် ။


“ ကိုဘိုးရင် ရယ် ခွေးပု ကို ရွှေထိပ်ကလေးတွေ လုပ်ပေး ချင်ပါတယ် ၊ ကလေး ဒါမှ သက်ဆိုး ရှည်မယ် ”


“  ငါ့ လက်စွပ်ကလေး ရှိသားပဲ အေ့ ၊ ကျောက်နီကလေး ဖြုတ် သိမ်း ထား လိုက်တာပေါ့ ၊ ဒီ လက်စွပ်ကလေး တစ်ချည်လုံး ဆိုရင် ညည်း ထိပ် က လုပ်လောက်ရော ပေါ့ ”


“ ကျုပ် က ကို မြတ်နိုးတဲ့ လက်စွပ် မို့ တော် ”


“ တို့ အသက် ကြီးတောင်း ကြီး မှ အို ကံကောင်းချင် လို့ သမီး ပစ် ခဲ့တဲ့ ကလေး ကောက် မွေးရတာပဲ အေ ၊ တို့ ရှိသမျှ သူ့ ဖို့ပေါ့ မယ်ဖော့ ရဲ့ ၊ ဖျင်းပါဘိ ညည်း နှယ် ”


“ ဒီလိုဆို ပြီးပါရော တော် ၊ ကျုပ် နက်ဖြန် ပန်းထိမ် သွား အပ်ချည်ရဦး ”


“ အနို့ ညည်း စု ထားတာကလေး များ ကော ”


“ သူကြီး အခွန်တော် က နုတ် လိုက်ရတာ ၊ ဆယ့်သုံးကျပ် ခြောက်မူး ကျန်တော့တာ ပေါ့ ”


“ အေး အေး ကောင်းကောင်း သိမ်းထား ၊ ၁ နှစ် ၂ နှစ် ဆို နားကောက်ကလေး လုပ်နိုင် ကောင်းပါရဲ့ ”


ပြောင်းဖူးဖက် ဆေးလိပ် လိပ် ရင်း တိုးတိုးဖော် ရသော ဇနီး နှင့် မပြတ်မလပ် ကြား ရသော ပုခက်ကြိတ်သံ တို့ သည် ဦးဘိုးရင် အဖို့ လှုပ်ရှား သက်ဝင် သော လောကကြီး ဖြစ် ၍ မြေးကလေး ခွေးပု ကြီးပြင်း လာ အောင် မွေးကျွေး ဖို့ စိတ်ကူး အမျိုးမျိုး ထုတ်ရခြင်း တို့ သည် နေပျော်သော အသက် သာ ဖြစ်၍ နေတော့သည် ။


ခွေးပု ကလေး မှာ ငှက်ပျောသီး နှင့် ထမင်းဆီဆမ်း တို့ ၏ အသက် ဆက် ချက် ကြောင့် အခါလည် ရွယ် မှ သည် ကစားနိုင် ပြေးလွှား နိုင် သော သုံးနှစ် နီးပါး သို့ တိုင်ခဲ့ လေပြီ ။ ခွေးပု သုံးနှစ် သမီး အရွယ် တွင် ဦးဘိုးရင် လင်မယား မှာ အိမ် ဆည်းလည်း အိမ် ခလောက်ကလေး နှင့် နေရ သဖြင့် တစ်ခါ တစ်ခါ လင် ရော မယား ပါ မြေးကလေး နှင့် အတူ ဝင်၍ ကစား မတတ် အဖော် ရ ၍ နေကြ တော့သည် ။


“ ဘ ဘ ထွေးပု ဖို့ တောင်း ငယ်ငယ်ကလေး ရက်ပေးဦး ” ဟု တစ်ခါ ပူဆာ လိုက် သဖြင့် ( ၁ ) လုံး မှ သည် ကြီးကြီးငယ်ငယ် ဆယ်လုံး ခန့် သစ္စေးသရိုး ကိုင်၍ ပေးထားသည် ။ နှီး ချိန်ခွင်ကလေး နှင့် တစ်မျိုး ၊ အိုးပုတ်ကလေး နှင့် တစ်လှည့် ၊ ခွေးပု မှာ အဘိုးကြီး ကို ‘ ဘ ’  ၊ အမယ်ကြီး ကို ‘ အစ်မ ’ နှင့် သူ့ ပေါင် ပေါ် ရောက် လိုက် ၊ ငါ့ ပခုံး ပေါ် တက် လိုက် နှင့် ပျော်၍ နေရှာသည် ။


ဒေါ်ဖော့ မှာ အလှူ သွား လည်း တတန်းလန်းလန်း ၊ ရေခပ် သွား လည်း တွဲလောင်းလောင်း တွဲလောင်းလောင်း ။ ဤသို့ ခြေရှုပ်သည် ကို ပင် အကျေနပ်ကြီး ကျေနပ်၍ ကစား နေလျှင် သွားခါနီး ၌ ‘ ခွေးပု ရေ ’ ဟု ခေါ်၍ အဖော် ပြု ရ မှ ကျေနပ်သည် ။ ခွေးပု သည် တွတ်တီးတွတ်တာ နှင့် ဤ လင်မယား မှ လွဲ၍ အခြား သူ လည်း ကနွဲ့ကလျ လုပ်စရာ မရှိရ ကား ၊ ဦးဘိုးရင် အနား တွင် လည်း ပွတ်သီးပွတ်သပ် နေ တတ်သည် ။


“ ဘ ထွေးပု ဖို့ ဖျာငယ်ငယ်ကလေး ရက် ပေးဦး ”


“ အေ - အေး ပေးရန့်ဗျာ ၊ ဖျာစိမ်းကလေး ရက်ပေးမယ် နော် ၊ ကဲ ငါ့ မြေး ‘ ဘ ’ သင်ပေးတာ ရအောင် လိုက်ပြီး ဆို ၊ ပြီးတော့ ရက်ပေးမယ် ”


“ ဟင့် - ဆိုချင်ဖူး ”


“ အို မမိုက်ရဘူး ၊ ကုသိုလ် ရအောင် ‘ ဘ ’ က သင်ပေးတာ ၊ ဆို … အနိစ္စ ”


“ အနိစ္စ ”


“ ဒုက္ခ ”


“ ဒုက္ခ ”


“ အနတ္တ ”


“ အနတ္တ ”


“ အဲဒါ ရအောင် ဆိုနော် ‘ ဘ ’ သင်ပေးမယ် ”


“ ဖျာ ရက် ပေးရမှာနော် ”


“ ပေး မှာ ပေါ့ ၊ နက်ဖြန် ဝါး ခုတ် က ပြန်တော့ ရက် ပေးမှာ ”


“ ဘ ဟို ဥကြီးတွေ ယူခဲ့ပါဦး ၊ မျောက်ဥကြီးတွေ ”


“ အေး အေး ဘ တော ထဲ က ရှာခဲ့မယ် ”


“ အစ်မ က ထွေးပု အများကြီး မစားရဘူး တဲ့ ”


“ ငါ့ မြေး ရင် ကြပ်မှာ စိုးလို့ပါ ”


“ အို ကြပ်ဖူး ၊ စား မှာ အများကြီး ”


“ အေး - အေး - ကဲ စားတာပေါ့ ”


ဦးဘိုးရင် သည် ဆေးတံကြီး ကို ပင် တစ်ခါတစ်ရံ ပါးစပ် မှ ချွတ်၍ ခွေးပု နှင့် အချေအတင် ပြောရ ရှာသည် ။


“ ငါ့ မြေး နင့် အစ်မ ဆီ မီးခြစ် တောင်း ချေစမ်း ” ဟု ခိုင်း လိုက်လျှင် ထဘီကလေး ကို ပြင် ၍ ဝတ်ရင်း ဒေါ်ဖော့ ဆီ မှ မီးခြစ် ကို ယူ၍ လာ ပေးသည် ။


လသာသာ ညများ တွင် ဥနှဲပင်ရိပ် ရှိ ခုတင်ကလေး ပေါ် ၌ ဦးဘိုးရင် လက်မောင်း ခေါင်း အုံး၍ ခွေးပု က လမင်း ကို မျှော် ကြည့်ကာ အိပ်သည် ။ ဒေါ်ဖော့ က ပဲညှစ် ၍ အနီး တွင် ထိုင်သည် ။


“ အေး … အဘိုးကြီး က မောင်းထောင်း လို့ ၊ အမယ်ကြီး က ဆန်ဖွပ် လို့ ”


“ ဟင် ဒါဖြင့် ဘ ဘာလို့ မောင်း မထောင်းသလဲ ၊ အစ်မ ချည်း ထောင်းတာပဲ ”


“ ဘ က မအားလို့ ကွဲ့ ”


“ သူတို့ တော့ အားတယ်လား ”


“ အေး ယုန်ကလေး က ဘေး က ဝပ် လို့ ”


“ ဘ ထွေးပု ယုန်ကလေး လိုချင်တယ် ဖမ်းပေးစမ်း ၊ နော် ဘ ၊ နောက် တစ်ခါ ဝါးခုတ် သွားတော့ ဖမ်းခဲ့ နော် ၊ ၃ ကောင် ၊ အို … အများကြီး ဖမ်းခဲ့ ”


“ ဘ တို့ ဝါး ခုတ်တဲ့ တော က ယုန် မရှိဘူး ခွေးပု ရဲ့ ၊ တစ်ခါ တစ်ခါ မြွေကြီးတွေ ကျားခြေရာ တွေ တွေ့ရတယ် ”


“ ကျား ဆိုတာ နွားလောက် ကြီးကြီးလား ဘ ”


“ အေး … နွား ခပ်ငယ်ငယ် လောက် ရှိတယ် ”


“ ထွေးပု ကြည့် ချင်တယ် ၊ ဘ ပြစမ်း နော် ”


“ ကျား ဆိုတာ ကိုက် တတ်တယ် ၊ ကြောက်စရာကြီး ”


“ အံမာ ထွေးပု ကိုက်ရင် ဘ , က ဝင် ရိုက်မှာပေါ့ ”


“ ရိုက်မှာပေါ့ လေ ၊ နို့ပေမယ့် ဘ , ပါ ကိုက်ရင် ဘယ့်နှယ် လုပ်မလဲ ”


“ အို ဘ , တော့ ကိုက်ရဘူး ၊ ဘ , ကိုက် ရင် ထွေးပု အော် ငို မှာ ကိုက်ရဘူး ”


“ အေး … အေး … ကဲ … ငါ့ မြေး အိပ် တော့ မိုးချုပ်လှပြီ ”


“ အို အိပ်သေးဘူး ၊ ရှေးစကား ပြောဦး ”


“ မဖော့ ညည်း မြေး တော့ သိပ် စကား ကြိုက်တာပဲ အေ ၊ ရှေးစကားများ နားထောင်ရမယ် ဆိုရင် အိပ်ချင်တယ် ကို မရှိဘူး ”


“ တော် အကျင့် လုပ်တာပဲ ”


“ ကဲ အေ ခေါ်ပါဦး ၊ လက်များ ကို ကျဉ် နေပါပြီ ”


“ လာ လာ ငါ့ မြေး ၊ ပေါက်ပေါက်ဆုပ် စားချေရအောင် ၊ ပြီးတော့ အိပ်တော့ ၊ မနက်တော့ ဘ ဝါးခုတ် သွား မှာမို့ စောစော ထ ရအောင် ”


ခွေးပု မှာ တစ်အိမ်လုံး သူ တွင်ကျယ် ၍ နေတော့သည် ။ ဦးဘိုးရင် ၏ အဖော် မှာ ခွေးပု ၊ ဒေါ်ဖော့ ၏ လက်ဆွဲ မှာ လည်း ခွေးပု ၊ ရွာ ထဲ ရှိ ကလေးများ နှင့် ပင် ကစားရသည် မရှိ ။ မျက်စိ အောက် မှ အပျောက် မခံသော အဘိုးကြီး နှင့် အမယ်ကြီး တို့ ၏ ဖျော်ဖြေရာကလေး ဖြစ်၍ နေတော့သည် ။


ခွေးပု သုံးနှစ် ပြည့်၍ လေးနှစ် ထဲ အဝင် တွင် ဒေါ်ဖော့ မှာ မိုး အားကြီး စွေသော နယုန်လ ထဲ တွင် ပန်းနာရောဂါ ကြောင့် နာလန် မထူဘဲ အနိစ္စ ရောက် ၍ သွားသည် ။


“ ဘ ဘ အစ်မ သေပြီလား ” ဟု ရှိုက်ကြီး တငင် ငိုသော အသံ ကြောင့် ဦးဘိုးရင် သည် ဇနီးသည် ပျက်စီးရသည် ကို ရူး မတတ် စိတ်ဆင်းရဲ မိ ရှာသည် ။ ခွေးပု ကား ပထမ အကြိမ် သာ ငိုယို ပြီး “ အစ်မ ဒါဖြင့် ထွေးပု တို့ နဲ့ အိပ်တော့ဖူးပေါ့ နော် ” ဟု ပြောကာ မေ့မေ့ပျောက်ပျောက် ဧည့်သည် အဝင်အထွက်များ အကြား တွင် ကစား ၍ နေတော့သည် ။


ဦးဘိုးရင် မှာ ကား မြေးငယ်ကလေး က သိတတ် သလို မေးသည့် အတွက် မချိမဆံ့ ဝမ်းနည်း ရသည် ။ ဘာမျှ ကောင်းစွာ မသိတတ် သဖြင့် မေ့မေ့ပျောက်ပျောက် ကစား ၍ နေသည့် အတွက် လည်း အင်း … ဒင်းကလေး ဘာမှ မသိရှာဘူး ။ ဒင်း ငါ တစ်ယောက် တည်း အုပ်ထိန်းတာ နဲ့ သာ ကြီးပြင်းရ ရှာတော့မယ် ။ လှမေ ရေ … နင့် သမီး နဲ့ ငါ့ ကို မြင်လှည့်ဦး ။ မဖော့ က တစ်ခါ နင့် နောက် လိုက်ပြန်ပကော ဟု ဝမ်း ထဲ တွင် ပူဆွေး ၍ နေ တော့၏ ။ ကစား လိုက် ၊ လက်ဖက် စား လိုက် နှင့် နေသော ခွေးပု ကို ရင်ခွင် ပိုက်၍ ရောက်လိုရာ သာ ထွက်သွားချင် တော့သည် ။


ဦးဘိုးရင် သည် သားအမိ သားအဖ သုံးယောက် နှင့် အတူ နေခဲ့ရသည့် ငယ်စဉ် က အဖြစ်အပျက်များ ကို ထင်မြင် လာသည် ။ တစ်ယောက် တည်း သော သမီး လှမေ ကို အရွယ် ရောက် သော် အိမ်ထောင် ထိမ်းမြား လိုက်ရ သဖြင့် မိမိတို့ လင်မယား နှစ်ယောက် တည်း နေခဲ့ရသည် တို့ ကို မြင် ပြန်သည် ။ ၄ - ၅ နှစ် အကြာ တွင် သမီး ဆုံး၍ ငယ်ရွယ်စဉ် အမိ မှန်း အဖ မှန်း မသိလိုက် ရှာသော မြေးကလေး ကို မွေးကျွေး သုတ်သင် ၍ မြေးအဘိုး ၃ ယောက် ပျော်ရွှင်စွာ နေခဲ့ကြသည် ကို မြင် ပြန်သည် ။ ယခုသော် ကား ဒေါ်ဖော့ လည်း သေမင်း နောက် သို့ လိုက်ပြန် ချေပြီ ။ သူ နှင့် ခွေးပု တို့ သာ ကျန်ရစ်ခဲ့သည် ။ သေခြင်းတရား ကား အမြဲ ရှိသော တရားသာ တည်း ။ ငါတို့ မြေးအဘိုး ပင် အသက် အတိုင်း နေခဲ့သော် ငါ က အရင် စွန့်ပစ် ၍ ဒင်းကလေး လူ့ဘောင် တွင် ထားခဲ့ရဦးတော့မည် ။ မျက်စိသူငယ် နှင့် လူလား မမြောက်ခင် ဖြ င့် မပစ်ခဲ့ပါရစေ နဲ့ ၊ ဒင်းကလေး ကြီးပြင်းသည် တိုင်အောင် ငါ့ သီလ ရှိကောင်းပါ ရဲ့ အစ ရှိ သဖြင့် မြေးသံယောဇဉ် နှင့် အနိစ္စတရား တို့ သည် ရောကာ ထွေးကာ တလည်လည် နှင့် နေရှာ လေ၏ ။


ခွေးပု မှာ ဒေါ်ဖော့ မရှိတော့ သဖြင့် ဦးဘိုးရင် နှင့် သာ နေရရှာ တော့သည် ။ “ ဘ အစ်မ က လည်း လာဘူး ” ဟူသော အသံကလေး များ ကြား လိုက်ရလျှင် “ ဒင်းကလေး ကံ ဆိုးရှာတယ် ၊ ငါ ပဲ အဖေ ၊ ငါ ပဲ အမေ ရှိရှာတယ် ” ဟု အောက်မေ့ ၍ ကလေးငယ်ငယ် လွမ်းသည် မှာ တော်တော်ပင် ၊ သိတတ်သော လူကြီး လုပ်သူမှာ ဖြေမနိုင် ဆည်မရ ဝမ်းနည်းပက်လက် နှင့် မျက်ရည်များ ပင် ကျမိ တော့သည် ။ ဒေါ်ဖော့ မရှိ သဖြင့် ဦးဘိုးရင် သည် ခွေးပု ကို ပို၍ ဂရုစိုက်သည် ။ မေ့မေ့ပျောက်ပျောက် မှ ရှိပါစေတော့ ဟု အနား မှ မခွာစေဘဲ ကစားစရာ အမျိုးမျိုး ရှေးစကား အမျိုးမျိုး တို့ ဖြင့် မပျင်းရ အောင် ထား ရှာသည် ။


ခွေးပု နှင့် ဦးဘိုးရင် မှာ တတွဲလောင်းလောင်း နှင့် ထမင်းချက် ရာ မှာ လည်း အတူတူ ၊ ထမင်း စားရာ မှာ လည်း မြေးအဘိုး နှစ်ယောက် ၊ တောင်းရက် ရာ မှာ လည်း ကူဖော်လောင်ဖက် အဖြစ် နှင့် မကွဲမကွာ နေကြသည် ။ တစ်ရွာလုံး မြင်မြင်ကရာ တို့ က လည်း မြေးအဘိုး နှစ်ယောက် ကို မြင်တိုင်း သနား ၍ နေကြတော့၏ ။


ခွေးပု ၆ နှစ် လောက် တိုင်ခဲ့လေပြီ ။ ဦးဘိုးရင် ၏ ဘဝ ကား ခွေးပု နှင့် ကင်း ၍ မဖြစ်တော့ သလောက် ဖြစ်ခဲ့၏ ။ ခွေးပု ကို သမီး လှမေ တုန်း က ကဲ့သို့ အချိန်အရွယ် ရောက်ပြီး မိမိ နှင့် ခွဲလိုက်ရမည် ကို အစိုးရိမ်ကြီး စိုးရိမ် မိသည် ။ အချိန်တန် အရွယ် ရောက် ၍ အတောင်အလက် စုံ လျှင် ဓမ္မတာ တရား ကို မလွန်ဆန် နိုင် ။ ထို အကြောင်းများ ကို စဉ်းစား မိ လျှင် အဘိုးကြီး မှာ တစ်ခါတစ်ရံ လင်းကြက် တွန် သည် အထိ အိပ် ၍ မပျော်နိုင်ရှာ ။ ခွေးပု မှာ ထဘီကလေး လည်ပင်း ရောက် လျက် ၊ စောင်းလျက် တစ်ဖုံ ၊ မှောက်ခုံ တစ်မျိုး နှင့် မိမိ အနား တွင် အိပ်ပျော် လျက် ရှိရှာ၏ ။ ဘာမှ မသိရှာ ။


ဦးဘိုးရင် သည် သာ လျှင် နဖူး ပေါ် လက် တင်လိုက် ၊ ဆေးတံ ယူ၍ ခဲလိုက် နှင့် အိပ် မပျော်နိုင်ဘဲ တစ်ခါတစ်ခါ ကလေးမ ၏ နဖူးပြင်ကလေး သို့ ငုံ့ ၍ နမ်း မိသည် ။ ငါ့ မြေး ရယ် ဒီ အရွယ် က မကြီးပါနဲ့ တော့ကွယ် ။ ဘ , နဲ့ ဘယ်တော့ မှ မခွဲရဘဲ အတူ နေရအောင် ။ ဘ ငါ့ မြေး ကို တောင်းရက် ကျွေး မှာပေါ့ စသည်ဖြင့် နတ်ရေကန် သို့ သွား၍ ယခု အရွယ် မှ ပို မကြီး အောင် ရေချိုး ပေးလိုက် ချင် တော့သည် ။


အနတ္တတရား ကား အစိုးရခြင်းတရား မဟုတ်ပေ ။ မတ်တတ်ပြေးကလေး က ဆင်မြန်း ထားသော ရွှေထိပ်ကလေး ပင် ယခု အရွယ်တွင် နားကောက်ကလေး အဖြစ် သို့ ရောက် ရပြီ ။ သျှောင်ထုံးကလေး မှ ဆံမြိတ်ကလေး ခါ တိုင်း နားကောက်ကလေး လှုပ်ရှား ၍ နေလေပြီ ။ ခွေးပု ပြဿနာ သည် ဦးဘိုးရင် အား ၂ ည တစ်ခါ ၃ ည တစ်ခါ ဆို သလို ဦးနှောက် ရှုပ်စေလှတော့၏ ။


တောင်း ရက်ရန် ဝါးခုတ် ကြသော နေ့များ တွင် လှည်း တစ်စီးနှင့် မြေးအဘိုး နှစ်ယောက် စကား တတွတ်တွတ် နှင့် သွားလေ့ ရှိကြသည် ။ အပြန် တွင် ဝါးပုံကြီး ပေါ် ၌ ခွေးပု ကား ထိုင် လျက် သစ်ခွပန်းတွေ မြောက်ဥတွေ ကို ပွေ့လျက် ။ အဘိုးကြီး မှာ နွား မောင်းရင်း ပြန်လာလေ့ ရှိကြသည် ။


“ ဘ ဟို ပင်ပေါ်က အသီးကြီး ခူး ပေးပါ ၊ ထွေးပု လိုချင်တယ် ”


“ ကျီးအာသီးပါ ကွယ် မကောင်းပါဘူး ”


“ အို ဘ ရာ လိုချင်တယ် ခူးပေးပါ ၊ ထွေးပု ကစားမယ် ”


“ အမြင့်ကြီး ဟဲ့ ”


“ အို … အို … ရအောင် ခူးပေး ၊ အလုံးကြီး သိပ် လှတာပဲ ”


ဦးဘိုးရင် သည် နွယ်တွေ ကို ဆွဲ၍ ချ၏ ။ မရသည့် အဆုံး ရှုံ့တွ နေသော ဖင်ပိန်ကလေး ပေါ် အောင် ခါးတောင်းကျိုက် ၍ ကျီးအာပင် နွယ် လျက် ရှိသော သစ်ပင် ကို တက်ပြီး ခူးပေး ရ ရှာသည် ။


“ အဲ ဘ , က လိမ္မာတယ် ၊ ထွေးပု အိမ် ရောက်တော့ ဘုရားရှိခိုးမယ် နော် ၊ ထွေးပု လိုချင်တာ ခူးပေးတာ ကိုး ”


“ အေး … အေး ရှိခိုး ၊ ဒါမှ ကုသိုလ် ရတယ် ။ ငါ့ မြေး ပုတီးစိ ပ်တာ သင်ပေးရ ဦးမယ် ”


“ အရှည်ကြီးလား ဘ , ရဲ့ ”


“ မရှည်ပါဘူး ”


“ အင်း … အင်း … ဒါဖြင့် သင်ပေး ”


ဦးဘိုးရင် မှာ ဤသို့ ခွေးပု နှင့် နေရ သဖြင့် ဒေါ်ဖော့ ကို ပင် တစ်ခါတစ်ရံ မှ သတိရ မိသည် ။ တို့ မြေး အဘိုး နှစ်ယောက် ဟူသော လောက တစ်ခု သာ လျှင် ရှိသည် ။


ခွေးပု သည် တစ်ညနေ သော် သုံးအိမ်ခြား ၌ နွားကလေး မွေးသည် ကို သွား၍ ကြည့်၏ ။ ကလေးများ နှင့် ၎င်း အိမ် မှ တစ်ဖန် ရွာစည်းရိုး နား သို့ ရောက်၍ သွား၏ ။ လိပ်သရေပွင့်များ ဝါဝါဝင်း အောင် ပွင့် ၍ နေ သဖြင့် စည်းရိုး တွင် ပန်း ခူးရင်း အဖော်များ နှင့် ကွဲ၍ သွား၏ ။ ၁၀ မိနစ် ခန့် အကြာ တွင် ကား နားကလေး နှစ်ဖက် ကို လက် ဖြင့် အုပ်လျက် “ ဘ , ရေ ဘ , ရေ နာလိုက်တာ ” ဟု ထွန့်ထွန့်လူး အော်၍ ငိုနေသည် ။ စည်းရိုးနား ရှိ အိမ် က ကြား၍ ထွက် ကြည့်ရာ ခွေးပု မှန်း သိ သဖြင့် ဦးဘိုးရင် အား ပြေးလွှား ခေါ်ငင် ခဲ့ရာ ကလေးမ ၏ နား ရှိ နားကောက်ကလေး ကို အတင်း ဆွဲ ၍ ပြေး သဖြင့် နားကလေး ပြတ်၍ ကျန်ရစ်ရာ နာရှာ လွန်း ၍ ငိုနေသည် ကို တွေ့ရလေ၏ ။


အဘိုးကြီး မှာ သွေးစက်များ ခွေးပု ၏ ပခုံး ပေါ်နှင့် လက်ဖမိုး ပေါ် တွင် တွေ့မြင် လိုက် ကတည်း က ထိတ်ခနဲ ဖြစ်ကာ ဖမ်း ၍ ပွေ့ လိုက်ရာ “ အမယ်လေး ဘ , ရဲ့ နာတယ် နာတယ် လုပ်ပါဦး ဘ,ရဲ့ ၊ နာတယ် ” စသော အသံများ သည် နားတွင်း သို့ လှိမ့်၍ ဝင်လာ တော့သည် ။ အံသွား တကြိတ်ကြိတ် ဖြင့် မြေးကလေး အား ချော့မော့ ရင်း မေးမြန်းရာ ၊ “ ဆွဲလုပြီး ထွက်ပြေးတယ် ၊ ကိုညိုအေး ဆိုတဲ့ လူကြီး ထင်တာပဲ ” ဟု ပြောပြ လေ၏ ။ “ တောက် ! ရိုင်းလေကွာ ညိုအေး ရာ ၊ ငါ့ လာ ဓား နဲ့ ခုတ်ပါတော့ ၊ ခွေးပု မှ လုပ်ပါပေ့ ” ဟု အခဲ မကျေ နိုင်ဘဲ ရှိ တော့သည် ။ “ လာဟေ့ သတ္တိ ကောင်းရင် ဓားချင်း ယှဉ် ခုတ်လှည့် ၊ ငါ့ မြေး တော့ မစော်ကား နဲ့ ” စသော စကားများ သည် တစ်ယောက်ထီး တည်း ပြော၍ နေသော စကားများ ဖြစ် လေသည် ။ တောင်း ကို လည်း ကောင်းကောင်း မရက်တော့ပြီ ။ ခွေးပု ၏ နား မှ အနာ မကျက်နိုင် လေလေ ဒေါပွ လေလေ ဖြစ်တော့သည် ။ ညိုအေး မှာ ရွာ တွင် နာမည်ကြီး လူဆိုး ဖြစ်သည် ။ ဒင်း ပဲ ဖြစ်ရမှာပဲ ။ ဒင်းတော့ ကွာ တစ်နေ့တော့ ဆိုသော အသံများ ကို လည်း ခဏခဏ ကြိမ်း မိပေ၏ ။


ယခင် က ခုတင် ပေါ် တွင် မြေးအဘိုး နှစ်ယောက် စကား ပြောရင်း အိပ်ကြလေ့ ရှိ၏ ။ ခွေးပု အိပ် အောင် အဘိုးကြီး သည် ရှေ့ရေး နောက်ရေး ကို တွေး၍ နေလေ့ ရှိ၏ ။ ခွေးပု သည် လက်မောင်း ပေါ် တွင် အိပ် နေရာမှ အနာ နာ သဖြင့် အင့်ခနဲ လုပ် လိုက်လျှင် ဦးဘိုးရင် သည် ငေါက်ခနဲ ထ ၍ ထိုင်မိသည် ။ ဆောင့်ကြောင့်ကြီး ထိုင် ရာ မှ တောက် ခေါက်သံကြီး မှာ တိတ်ဆိတ်သော ညဉ့် အချိန် တွင် ဦးဘိုးရင် ကို ပင် ပြန်၍ အားပေး သလို ရှိလေသည် ။


ဤသို့ အခင်း ဖြစ်ပွားပြီး နောက် ညိုအေး မှာ ရွာ နှင့် ထန်းတော အကြား တွင် လူသ,တ် ခံရ၍ သေ လေ၏ ။ လူမိုက် ကို မည်သူ ဇီဝိန် ခြွေလေသည် ကို မသိသော် လည်း မသေမီ တစ်နေ့ က သူကြီး အိမ်နား တွင် ဦးဘိုးရင် နှင့် ခွန်းကြီးခွန်းငယ် ပြောခဲ့ကြသည့် ဦးဘိုးရင် မှာ လူသူတော်ကောင်း ဟု ဆိုရ သော်လည်း ခွေးပု နှင့် ပတ်သက် သဖြင့် သူတော် မှ ငါ ကောင်းချင် သလိုလို နေရသည့် အထဲ တွင် မျက်နှာချင်းဆိုင် တွေ့သော ညိုအေး က မခိုးမခန့် လုပ်၍ သွားလေသည် ။ အဘိုးကြီး မှာ အသားများ ဆတ်ဆတ်တုန် အောင် စိတ် ဆိုးလျက် ထိုးမည် ပုတ်မည် ပင် လုပ် သေးသည် ။ ရွာသားများ က ဝိုင်း ၍ တောင်းပန် သဖြင့် လှည့် ပြန် ခဲ့ရသည် ။


ယခုသော် ကား ဓား ဒဏ်ရာများ မှာ အားကောင်း ခွန်ကောင်း နှင့် ထိုးသည့် ဒဏ်ရာများ မဟုတ် ဟူသည် က တစ်ချက် ၊ ထို ညနေ က မြေးအဘိုး နှစ်ယောက် ဝါးခုတ် သွားကြသည် ဆိုခြင်း က တစ်ချက် တို့ ကြောင့် ဦးဘိုးရင် ကို ပင် ဖမ်းဆီး၍ ထောင် ၁၀ နှစ် ချ လိုက်သည် ။ ခွေးပု သည် မြေကြီး ပေါ်တွင် လူး ၍ “ ဘ , ရေ ၊ ဘ , ရေ ” နှင့် ငို နေရစ် တော့သည် ။ တွန့်လိပ်သော ပါးရေတို့ အကြား တွင် မျက်ရည်ယိုရွှဲ ဖြင့် သီဝေသော မျက်စိ အစုံ တို့ မှာ အိမ်နီးချင်း ဒေါ်ရွှေရေး လက် တွင် ထွန့်ထွန့်လူး ငိုရင်း ရုန်းကန် နေရှာသော ခွေးပု ကို မကြည့်ရက် သဖြင့် မျက်နှာ လွှဲ ခဲ့ရတော့သည် ။


အချိန်တို့ ကား တစ်နေ့ ပြီး တစ်နေ့ ကုန်ဆုံးခဲ့ တော့သည် ။ နေ့ ကို ရက် စား၍ ရက် ကို လ မျို ကာ တစ်ဝါ ပြီး တစ်ဝါ ဆို ခဲ့ပြီ ။ ဦးဘိုးရင် သည် ထောင် ထဲ တွင် အလုပ် လုပ်ရင်းလည်း ခွေးပု ၊ ထမင်း စား ရင် လည်း ခွေးပု ၊ လူစစ်ချိန် ပင် ခွေးပု အကြောင်း အောက်မေ့ နေ သဖြင့် မထူးမိ သော ကြောင့် အရိုက် ခံရ ရှာသည် ။ မိမိ တို့ ကဲ့သို့ အဘိုးကြီး ချင်း တွေ့ကြ၍ စကားဆုံမိ ကြ လျှင် အချို့က သားမိုက် သမီးမိုက် တို့ သံယောဇဉ် ကြောင့် ဒုက္ခ ဖြစ်ရပုံ တို့ ကို ပြောပြ လျှင် “ ခွေးပု ရေ ” ဟု ထ ၍ ဟစ်ပစ် လိုက် ချင်တော့၏ ။ ‘ ဘ ’ ဆိုသော အသံကလေး ကား နား ထဲ တွင် မပြတ် ကြား ၍ နေသည် ။ အခြားသူများ ကား သားသမီး လွမ်းဆွတ်ကြောင်း ပြော လျှင် အဘိုးကြီး စကား မဆို နိုင် တော့ပြီ ၊ လည် တွင် တစ်ဆို့ နေ လျက် မျက်ရည် ဝိုင်း ၍ နေတော့၏ ။


ထောင် မှ ၆ လ လောက် အကြာ တွင် လွတ် တော့မည် ။ အဘိုးကြီး မှာ ရက် ကို လက်ချိုး ၍ ရေ နေ၏ ။ သူ့ မျက်စိ ထဲ တွင် ပေါင် ပေါ် တက်ထို င်နေသော ခွေးပု ကို မြင်၏ ။ လက်မောင်း ခေါင်းအုံး ၍ အိပ် ရ မှ ကျေနပ် သော ခွေးပု ကို သာ တွေ့၏ ။ ထဘီကလေး မနိုင့်တနိုင် မဝတ်တတ် ဝတ်တတ် နှင့် ကစား နေသော ခွေးပု ကို မြင်၏ ။ ဆေးပေး မီးယူ လုပ် တတ်သော ခွေးပု ကို သတိရ၏ ။ ဝါးလှည်း ပေါ် တွင် တစ်ခါတစ်ရံ သီချင်းများ ဆိုလျက် လိုက်ပါ ကာ ဘာ ငှက်တုံး ၊ ဘာ ပင်တုံး ၊ တစ္ဆေ ချောက်တတ် သလား စသည့် တီတီတာတာ ပြော တတ်သည့် အသံကလေး ကို ကြားယောင် လျက် ရှိ သေး၏ ။


ဦးဘိုးရင် သည် ကြိမ် ဆွဲကြိုးကလေး တစ်ကုံး ကို မိ မိကိုယ်တိုင် လှပစွာ လုပ် ၍ လုံခြုံစွာ ဝှက်ထား လေသည် ။ အုန်းစိပ်ပုတီးကလေး တစ်ကုံး ကို လည်း အရောင် တလက်လက် ထွက် အောင် ပွတ်တိုက် ၍ သိမ်းဆည်း ထား၏ ။ ထောင် မှ လွတ် လျှင် ကြိမ်ပုတီးကလေး ကို ဆွဲ ခိုင်းမည် ။ အုန်းစိပ်ပုတီးကလေး ဖြင့် ပုတီးစိပ် သင် ပေးရင်း ညတိုင်း မြေးအဘိုး နှစ်ယောက် ဘုရား ဝတ်တက် ကြမည် ။ အရောင်အဆင်း ကင်းမဲ့ပြီ ဖြစ်သော ၆၀ ကျော် အဘိုးကြီး ၏ မျက်စိ တို့ သည် ငယ်မူ ပြန် ၍ ကြည်လင်ဝင်းပ လျက် လာ တော့၏ ။ ထောင် မှ လွတ် ၍ လာ ပြီး -


ရွာ ပေါက် သို့ သွက်လက်သော ခြေလှမ်း တို့ ဖြင့် ဝင်လာခဲ့၏ ။ ၁၀ နှစ် အတွင်း တွင် ဝါးတော သွားရာ လမ်း ကား မပြောင်းလဲ ။ ရွာ စည်းရိုးလမ်း မှာ ယခင် အတိုင်းပင် ရှိသည် ။ သို့သော် အိမ်ခြေတို့ ကား တစ်မျိုးတစ်မည် ဖြစ်၍ နေ၏ ။ လူရွယ် လူလတ် တို့ သည် ဦးဘိုးရင် ကို စွေစွေစောင်း လှမ်း ၍ ကြည့်ကြ၏ ။ အချို့ကား မှတ်မိ သဖြင့် ဟင် … ဘကြီးရင် ဟု ပါးစပ် အဟောင်းသား နှင့် နှုတ်ဆက် မေးမြန်းကြ ရာ ခွေးပု ရှိရဲ့လား ဟူသော စကား ကို သာ ပြန်၍ မေး၏ ။


“ ရှိတယ် ရှိတယ် သွား သွား ဟာ ခင်ဗျား မသိပေဘူး ၊ ကျွန်တော် လိုက်ပို့မယ် ” ဟု  ခေါ် သဖြင့် ရင် တခုန်ခုန် ဖြင့် လိုက်ခဲ့ ရာ -


အသက် ၁၆ နှစ် ခန့် ဝဝတုတ်တုတ် မိန်းကလေး တစ်ယောက် သည် လူငယ်ကလေး တစ်ယောက် အား နင်းပေး နေသည် ကို အိမ် တစ်အိမ် အောက် တွင် တွေ့မြင်ရ လေ၏ ။


“ မခွေး ဘကြီးရင် ပြန်လာပြီ ” ဟု လိုက် ပို့သော သူငယ် က ပြော သဖြင့် မိန်းကလေး က လှမ်း ကြည့်ပြီး ခပ်အမ်းအမ်း ဖြစ် နေရာ -


အဘိုးကြီး မှာ ဘာမှ မပြောနိုင်ရှာ ။ ပါးစပ် ဟ ၍ ရှေ့ မတိုးနိုင်သော ခြေလှမ်း တို့ ကြောင့် စုံ ရပ်၍ နေမိ တော့သည် ။


မိန်းကလေး သည် နင်း ရာ မှ ဆင်း ခဲ့၍ အဘိုးကြီး ရှိရာ သို့ လာပြီး လျှင် “ ဘ လာလေ ” ဟု ခေါ်သည် ။


ဦးဘိုးရင် သည် ဤ အဖြစ် ကို မတွေးခဲ့ မိ ။ ဤမျှ ကြီးပြင်းဦးမည် မထင် ။ သူ့ စိတ် တွင် ၁၆ နှစ် သမီး ရှိတော့မည် ကို သိ၏ ။ သို့သော် သူ့ နာမည်ကလေး ကို မပီမသ ဖြင့် ‘ ထွေးပု ထွေးပု ’ နှင့် ထည့် ၍ ပြော တတ်သော ထဘီ မနိုင်စဉ် က အရွယ်ကလေး ကို သာ မြင် မိသည် ။ ငါ ပြန်လာ ရင် ပြေး ဖက်ပြီး ငိုရှာ လိမ့်မည် ။ “ ဘရယ် ကြာ လိုက်တာ ” ဟု ဆိုရှာ လိမ့်မည် ။ ဤသို့ သာ တွေးခဲ့၏ ။ လေးကန်လှ စွာ ခုတင်ကလေး ပေါ် တွင် ထိုင် ရင်း သူ့ ခွေးပု ကို သာ ခြေဆုံး ခေါင်းဆုံး ကြည့်၍ နေတော့၏ ။


ဥဿဖရား နားပွင့်ကလေး နှင့် အမ်မစီဆွဲကြိုးကလေး တို့သည် ခွေးပု ၏ နေရေးထိုင်ရေး တို့ ကို ဖော်ပြလင့် ကစား အိတ်ထောင် ဆီ သို့ စမ်း မိသော ဦးဘိုးရင် အဖို့ မှာ သက်ပြင်း သာ ချမိ တော့သည် ။


အဘိုးကြီး ကို မခွေးပု တို့ လင်မယား က ကျွေးမွေး ၍ ထားသည် ။ သို့သော် ဦးဘိုးရင် ကား ငြိမ်ငြိမ်အေးအေး အိမ် တွင် မနေ ။ ဖျာ တစ်ချပ် ဖြင့် မိမိ အိမ် နေရာဟောင်း ဖြစ်သော ဝင်းမြေ တွင် ဥနှဲပင်ရိပ် ၌ သွား ၍ ထိုင်လေ့ ရှိသည် ။ တစ်ခါတစ်ရံ စိပ်ပုတီး ကို စိပ်လျက် ၊ တစ်ခါတစ်ရံ ကြိမ်ဆွဲကြိုး ကို လက်ဝါး ပေါ် တင် လျက် ကသိုဏ်းရှု သလို ငြိမ်သက်စွာ ထိုင် နေလေ့ ရှိသည် ။ ဘကြီး ဘာ လုပ်တာလဲ ဟု မေး လျှင် “ ခွေးပု ငယ်ငယ် က ဓာတ်ပုံလေ ” ဟု ကြိမ်ပုတီး ကို လက်ဝါး ပေါ်တင်ရင်း ဖြေလေ့ ရှိသည် ။


◾မြမဉ္စူ ( လူထုဒေါ်အမာ )


📖 ကြီးပွားရေး မဂ္ဂဇင်း 

      ၁၉၄၀ ၊ ဇူလိုင်လ 


#ကိုအောင်နိုင်ဦး


.

Monday, September 20, 2021

ကရင်း သေတဲ့ ကိုတင်မောင်


 

❝ ကရင်း သေတဲ့ ကိုတင်မောင် ❞

“ ရွှေမန်းကိုတင်မောင် ဆုံးလို့တဲ့ ” ဆိုတဲ့သတင်းကြောင့် ၈၄ လမ်း လက်ဆည်ကန်မှာ လူတွေဟာ လှုပ်လှုပ်ရွရွ ဖြစ်သွားပါတယ် ။ ကိုတင်မောင့် တိုက် နဲ့ ကျွန်မတို့ အိမ်နဲ့ ငါးအိမ်သာ ခြားတာမို့ ကြားကြားချင်းပဲ သူတို့တိုက်ဘက်ကို လာခဲ့တယ် ။ လမ်းမှာ “ အရင်တစ်ခါလိုပဲ တုံးကျော်တာဖြစ်ပါစေ ၊ မဟုတ်ပါစေနဲ့ ၊ ဒီသတင်းမမှန်ပါစေနဲ့ ” လို့လည်း ဆုတောင်းလာခဲ့ရတယ် ။

သူ့တိုက်ပေါ်မှာတော့ ဇနီး မသိန်းညွန့် မျက်ရည်စက်လက်နဲ့ ဇဝေဇဝါ မရေမရာကြီး စိုးရိမ်ပူပန်နေတာကို တွေ့ရပါတယ် ။

ကိုတင်မောင် ရဲ့ ဇာတ်အဖွဲ့ကြီးက သရက် ခရိုင်ထဲက မဟာပိန္နဲ ဘုရားပွဲကို ကနေကြတာပါ ။ ပွဲကရင်း သွေးတိုးရောဂါ နဲ့ ရုတ်တရက် ကွယ်လွန်တော့ ဇာတ်အဖွဲ့နဲ့အတူ ပါသွားတဲ့ တူတော်သူ က မန္တလေးအိမ် ကို လှမ်းပြီး ဖုန်းဆက်တယ် ။ အဲဒီအချိန်မှာ ဇနီး မသိန်းညွန့် က ကလေးတွေ ဆံပင်ညှပ်ပေးချင်လို့ ဆံပင်ညှပ်ဆိုင်မှာ သွားနေတယ် ။ ဒါကြောင့် တူမလေး တစ်ယောက်က ဖုန်းကို နားထောင်တယ် ။ ဦးလေး မရှိတော့ဘူးလို့ စကားစပြီး သတင်းပေးတဲ့လူက သတင်း မဆုံးသေးဘူး ၊ သတင်း ယူတဲ့လူက ငိုတယ် ။ ဒါကြောင့် ဘာမှလိပ်ပတ်လည်အောင် မပြောနိုင် မကြားနိုင်လိုက်ဘူး ။ ဒီကလေးမ သိတာက အလောင်းကို ယူလာပြီ ။ အိမ်မှာ ဈာပနလုပ်ဖို့ အားလုံး အသင့်ပြင်ထားပါ ဆိုတာပဲ သိလိုက်တယ် ။ ဒါကြောင့် မသိန်းညွန့် မှာ သူလည်း ကိုယ်တိုင် မကြားရတဲ့ သတင်းအတွက် ဟုတ်သလိုလို မဟုတ်သလိုလို ဇဝေဇဝါကြီး ဖြစ်နေတယ် ။ အရင်တစ်ခါက သာစည် မှာ အသည်းအသန် မမာတော့ အိမ်ယူလာလို့ အိမ်က ဆီးပြီး ဆေးကုပေးခဲ့ရသေးလို့ အဲဒီလိုပဲ ဖြစ်တာ ထင်ပါရဲ့လို့လည်း အောက် မေ့နေတယ် ။ သား မောင်ညွန့်ဝင်း ရှိရာ ရန်ကုန် ကို လှမ်းပြီးဖုန်းဆက်တော့ မောင်ညွန့်ဝင်း တို့က သူတို့ သတင်းစုံ ကြားရပြီးပြီ ၊ မန္တလေးကို နေ့ရထားနဲ့ လိုက်ခဲ့မယ်လို့ အကြောင်း ပြန်သတဲ့ ။

ဒီအတောအတွင်းမှာ သတင်းက ချက်ချင်း ပျံ့နှံ့ကုန်လေတော့ တယ်လီဖုန်းနဲ့ မေးကြတာတွေက မစဲတော့ဘူး ။ ဒါကြောင့် သတင်း တိတိကျကျ ရမလားလို့ ပေါင်းတည် ရဲဝန်ထောက်ဆီ ဖုန်းဆက် မေးရတယ် ။ ပြည် က ကျားပျံမကောက် တို့ဆီ ဖုန်းဆက် မေးရတယ် ။ ပြည် နဲ့ ပေါင်းတည် ကလည်း ဘာမှ မပြောနိုင်ဘူး ။ ဘယ် ပြောနိုင်မလဲ ၊ ကိုတင်မောင် ရဲ့ ရုပ်အလောင်းက အောင်လံမြို့ ကနေပြီး ကားနဲ့ သယ်ဖို့ စီစဉ်နေပြီကိုး ။

ဖြစ်ပုံက ဒီလိုတဲ့ ၊ သရက်ခရိုင် ထဲက မဟာပိန္နဲ ဘုရားပွဲကို ကိုတင်မောင် တို့ဇာတ်က တစ်နှစ်ခြား လိုက်ပေးနေတာ လေးကြိမ် ရှိပြီတဲ့ ။ ဒီနှစ်လည်း ဘုရားပြိုတာကို ပြုပြင်ချင်လို့ ဇာတ်ဆရာ လာကပေးပါဆိုတော့ ကနေကျ သံယောဇဉ်ကလေးနဲ့ ကိုတင်မောင် က အဲဒီပွဲကို နိုဝင်ဘာ ၂၇ ရက်နေ့က ၃၀ ရက် နေ့ အထိ လေးည ကပေးဖို့ ကတိပေးလိုက်တယ် ။ အဲဒီမှာ ကပြီးရင် ပေါင်းတည် မှာ ကမယ် ၊ ပေါင်းတည် က လက်ပံတန်း ကူးမယ် ၊ လက်ပံတန်း ကပြီးရင် ရန်ကုန် ကမ္ဘာအေး မှာ ကမှာ ၊ ပြီးတော့ ဗိုလ်တထောင် မှာ ကမယ် ၊ ပြီးတော့ လွတ်လပ်ရေးပွဲ ရန်ကုန် မှာ ကမယ်ပေါ့ ။

ဒီအစီ အစဉ်အတိုင်း မဟာပိန္နဲ ပွဲမှာ ကတော့ လူသိပ်စည်လာတဲ့ တတိယည ( ၂၉ - ၁၁ - ၆၉ ) မှာ ပထမဆုံး “ သေလပတ္တ ” ပြဇာတ်ကို ကတယ် ။ အဲတာက ပြီးတော့ “ အိပ်မ က် လေလား ပုံပြင်လား ” ဆိုတဲ့ အော်ပရာကို သားလေး ဆန်းဝင်း နဲ့ ကတယ် ။ အဲဒီ အခန်းပြီးတော့ ကိုတင်မောင် က နှစ်ပါးသွား ထွက်တယ် ။ ခါတိုင်းလိုပဲ လှလို့ ၊ ပလို့ ၊ မြူးလို့ ၊ ရွှင်လို့ ။ နေမကောင်းဘူးရယ်လို့လည်း မပြောဘူး ။ အဲဒီနေ့က ထမင်းလည်း စောစော ၄ နာရီက စားထားတယ် ။

နှစ်ပါးသွား ထွက်လို့ သီချင်းနှစ်ပိုဒ် ဆိုအပြီးကျတော့ ငါ့ မျက်စိတွေ ဘာဖြစ်မှန်း မသိဘူး ၊ မျက်လုံးထဲ မီးပွင့်သွားသလိုပဲ ပြောလာတယ် ဆိုတာနဲ့ ကနေရင်း တန်းလန်း မင်းသမီးတွေ နဲ့ လူပြက်တွေ က ကိုတင်မောင် ကို ဝိုင်းတွဲတော့ သူက ပွဲကြည့်ပရိသတ်ကို လက်အုပ်ချီ ကန်တော့ခဲ့ပြီး ကားကြားထဲ ဝင်လာတယ် ။ ဇာတ်ခုံထောင့်မှာပဲရှိတဲ့ သူ့ အလှပြင်တဲ့ နေရာကို ရောက်တော့ ဇာတ်သူဇာတ်သားတွေက တတ်သလောက် မှတ်သလောက် ဝိုင်းနှိပ်ကြ နယ်ကြတယ် ။ တိုနာ ဖြစ်လိမ့်မယ်လို့ ပြောတဲ့ လူကပြောတော့ ကိုတင်မောင် က မဟုတ်ဘူးလို့ လက်ဝါးကာပြသေးတယ် ။ သည့်နောက်တော့ ဘုရား ... ဘုရား လို့ လက်အုပ်ချီ ဘုရားတရင်း သတိမရဘဲ ဖြစ်သွားပါတော့တယ် ။

မဟာပိန္နဲဘုရား ဟာ ဆရာဝန်ရှိတဲ့အရပ် မဟုတ်ဘူး ။ ဒါကြောင့် ဆေးမှူးကို ပွဲခင်းက အသံချဲ့စက်ကနေပြီး ခေါ်ရတယ် ။ ဆေးမှူးလာတော့ ဒီဝေဒနာက ကြီးပါတယ် ။ ဆေးရုံတင်ပါလို့ ဆိုသတဲ့ ။ ဆေးရုံတင်မယ်ဆိုရင် အောင်လံ ဆေးရုံ သွားရင် မြစ်ဆန်ရမယ် ။ သရက်ဆေးရုံသွားရင် မြစ်စုန် ရမယ် ။ အောင်လံ နဲ့ သရက် ၊ သရက် က ဆေးရုံ ပိုကြီးတယ်ဆိုပြီး မော်တော်တစ်စီးနဲ့ ကိုတင်မောင် ကို ပွေ့ခေါ်လာကြတယ် ။ တကယ်ကတော့ ဇာတ်ခုံပေါ်မှာပဲ မနက် ၃ နာရီ သာသာ ကတည်းက အသက် မရှိတော့ပါဘူး ။ သွေးတိုးရောဂါ နဲ့ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးရှာပါပြီ ။ သရက် မရောက်ခင် လမ်းမှာ အသက်ကုန်တာ သိပ်သေချာနေလို့ ဆက် မသွားတော့ဘဲ မော်တော်ကို ပြန်လှည့်လာခဲ့ကြတယ် ။

ပြီးတော့ ရှေ့ဘာဆက် လုပ်မလဲဆိုတာကို တိုင်ပင်ကြတယ် ။ တချို့ က မဟာပိန္နဲမှာ အနိစ္စရောက်တာမို့ မဟာပိန္နဲမှာပဲ သဂြိုဟ်ရမလား စဉ်းစားသေးတယ် ။ ဒါပေမဲ့ မန္တလေး သူ့အိမ်ကို အလောင်းပြန်ယူမှ ကောင်းမယ်လို့ အများ သဘောကြိုက်ညီကြတာကြောင့် ကိုတင်မောင့် အလောင်းကို အောင်လံ ဘက် ပြန်လှည့်ပြီး မော်တော်ကို ဆန်လာခဲ့တယ် ။

ဇာတ်သူ ဇာတ်သားတွေကိုတော့ ဇာတ်ဆရာ ရုတ်တရက် အနိစ္စ ရောက်တာနဲ့ ဇာတ်ခေါင်း မကွဲသေးဘူး ။ ဒါကြောင့် ဇာတ်ပစ္စည်းတွေကို လူလေးယောက်က တာဝန်ယူပြီး ရန်ကုန်ပို့ ၊ ဇာတ်သူဇာတ်သားတွေ အားလုံး ကားတွေငှားပြီး မန္တလေး ဇာတ်ဆရာ ဈာပနရှိရာကို လိုက်ခဲ့ကြလို့ စီစဉ်ရတယ် ။ သူတို့ ဇာတ်ဆရာ့အလောင်းကိုတော့ လော်လီကားကြီးတစ်စီး ငှားပြီး အောင်လံ က မန္တလေး အရောက် ဆောင်ကြဉ်းလာပါ တော့တယ် ။

လမ်းမှာ သတင်းကြားကြားသမျှက သူတို့ ချစ်တဲ့ ရွှေမန်းကိုတင်မောင် ရဲ့ ရုပ်အလောင်းကို နောက်ဆုံးကြည့်ခြင်းနဲ့ ကြည့်ပါ ရစေလို့ တားကြတာ အနေရာရာကပဲ ။ ဒါပေမဲ့ မေတ္တာရပ်သူတွေရဲ့ အလိုကို မဖြည့်နိုင်တော့ဘဲ မန္တလေး ကို အမြန်ဆုံးရောက်အောင် ယူလာပါတယ် ။

ကိုတင်မောင် ရဲ့ ရုပ်အလောင်းဟာ သူ့အိမ် ကို မနက် ၄ နာရီ မထိုးခင် ဆိုက်ရောက်လာပါတယ်။ သူ့ခမျာ ဇာတ်ခုံပေါ် ကနေရင်း ရုတ်တရက် ဖြစ်ပွားရတာမို့ ဇာတ်အဝတ်အစားတွေအတိုင်း ပုဆိုးရော ၊ ထိုင်မသိမ်းရော ၊ ဝတ်လျက် ၊ မိတ်ကပ်လိမ်းလျက် ၊ နှုတ်ခမ်းနီပါးနီဆိုးလျက်ပဲ ။ ဒါကို ပြင်ဆင်မယ့်လူများက ဇာတ်ဝတ် ဇာတ်စားတွေ ချွတ်ပစ်ပြီး အလောင်းပြင်ရပါတယ် ။ အမရပူရ ပိုးပုဆိုးအဝါနု အဝါရင့် ချိတ်ကို လွှမ်းထားတဲ့ ရုပ်ကလာပ်ဟာ ကနေရာမှာ သူ့ပွဲကြည့်မြင်နေကျ ၊ တွေ့နေကျအတိုင်းပါပဲ ။ ဖြီးဖြီး ၊ လိမ်းလိမ်း ၊ လှလှပပမို့ ကြည့်လိုက်ရင် သေတယ်လို့လည်း မထင်ရ ၊ သေတာပဲဆို တော့လည်း ကြည့် ရက်စရာမရှိပါဘူး ။

အလောင်းရောက်လာမှ သေမှန်း တိတိကျကျသိ ရှာတဲ့ ဇနီးဒေါ်သိန်းညွန့် ကတော့ သူ့ခင်ပွန်း ကရင်း ဆိုရင်း ဇီဝိန်ချုပ်ရမှာကို စိုးနေတယ် ။ “ သားရေ .. မောင်ဆန်းဝင်း ၊ အမေ့ပြောစမ်း ၊ နင့် အဖေသေခါနီး ဘာမှာသလဲ ။ ဘာပြောနိုင်သလဲ ၊ ကရင်း အသက်ကုန်တာလား ” လို့ သနားစရာ တစ်လုံးချင်း မေးကြည့်နေတယ် ။

သူ့သားကြီး မောင်ညွန့်ဝင်း နဲ့ မောင်ဝင်းဗိုလ် ကတော့ သူတို့ အဖေ အနုပညာထမ်းပိုး မချွတ်ဘဲ သေသည်အထိ ကပြသွားတဲ့အဖြစ်ဟာ အဖေကြိုက်တဲ့ အဖြစ်ပဲဆိုပြီး နှစ်သိမ့်ကြတယ် ။

ကိုတင်မောင် ရဲ့ကျန်းမာရေး နည်းနည်း ချို့တဲ့လာတာ ကြာပါပြီ ။ ဒါကြောင့် ဇနီး နဲ့ သားသမီးတွေက မကစေချင်တော့ဘူး ။ နို့ပေမယ့် သူ့ ကို မကပါနဲ့တော့ ပြောလို့ မရကြဘူး ။ တစ်ခါကတော့ မသိန်းညွန့်က “ အစ်ကိုရယ် .. အမေမြိုင် လည်း လူကျန်းမာတုန်း ပရိသတ်က ချစ်တုန်းမှာ ဇာတ်သဘင်အလုပ်က နားလိုက်တာပါပဲ ၊ အစ်ကိုလည်း အမေမြိုင် လိုနားပါ ” လို့ ပြောသတဲ့ ။ သူ့ဆရာရဲ့ သာဓကကို ပြပြီး တောင်းပန်ပေမယ့်လည်း ကိုတင်မောင် က နားမထောင်ဘူး ၊ " ငါက တော့ ငါ့အတွက်ချည်း မဟုတ်ဘူး ၊ ငါ့မှာ တာဝန်တွေ အများကြီး ရှိတယ် ” လို့ ပြောသတဲ့ ။

သူ့ အစ်မလို ၊ အမေလို နေတဲ့ ရွှေကုန်သည် ဒေါ်မြခင် ကိုတော့ ရွှေရတုသဘင်လုပ်တဲ့နှစ်က “ ကျွန်တော် နောက်ကို ( ၁၀ ) နှစ် ကဦးမယ် ” လို့ အသက် ( ၆၀ ) အထိ သူ ကဖို့ ရည်ရွယ်ထားတဲ့အကြောင်း ပြောသတဲ့ ။

သားကြီးတွေက “ အဖေ မကပါနဲ့တော့ ကျွန်တော်တို့ လုပ်ကျွေးပါ့မယ်ဆိုရင်လည်း သူက မင်းတို့ လုပ်စာ မစားချင်ပါဘူး ၊ ငါ့ အတွက်ချည်းလည်း မဟုတ်သေးဘူး ” လို့ ပြောတာပဲတဲ့ ။ မောင်ညွန့်ဝင်း က ကိုတင်မောင် ရဲ့ မွေးနေ့ တစ်နေ့မှာ ဘရိုကိတ် ပုဆိုး တစ်ထည် ကန်တော့လက်ဆောင်ပေးပြီး “ အဖေ ဒါပဲနော် ၊ ဒါပြီးရင် ပြီးတော့ ... ” လို့ ပြောတဲ့အခါ ကိုတင်မောင် က “ မောင်ညွန့်ဝင်း ပြောတဲ့ အဓိပ္ပာယ် သိကြရဲ့လား ၊ ဒီပုဆိုးတစ်ထည် ဟောင်းအောင် ဝတ်ကပြီးရင် နောက်ထပ် မကနဲ့တော့လို့ ပြောတာ ၊ ဒီပုဆိုးဟောင်းရင် ငါ မကရတော့ပေဘူး ၊ ဒါကြောင့် မဟောင်းအောင် မဝတ်ဘဲထားမှ ” လို့ ပြောပါသတဲ့ ။ သူက ဒါလောက် ကချင်တဲ့လူပါ ။

ကိုတင်မောင် က ငယ်ငယ်ကလေးထဲက လူတွေ ကို သူ့ပညာ နဲ့ ဖြေဖျော်လာခဲ့တာဆိုတော့ သူက ဒီအလုပ်က သူ နားလိုက်ရမယ်ဆိုတာကို စဉ်းစားလို့ ရဟန် မတူဘူး ။ တစ်နှစ်မှာ တစ်လ ပွဲနားကြတယ် ဆိုပေမယ့် အဲဒီတစ်လ ကို သူက အိမ်မှာနေပြီး အချိန် မကုန်တတ်ဘူး ။ ဟို .. ခရီးထွက်တာပဲ ။ မန္တလေးမြို့မှာ ပွဲကလို့မှ အိမ်ပြန်အိပ်တာ မဟုတ်ဘဲ ။ ဇာတ်ရုံထဲမှာပဲ အိပ်တဲ့ လူပါ ။

သူ့အလုပ်ဟာ ကလား ၊ ခုန်လား ၊ ဆိုလား ၊ ငိုလား ၊ ပြောလား ၊ ဆိုလားနဲ့ အင်မတန် ပင်ပန်းတဲ့ အလုပ်ပါ ။ ရှေးကတော့ မင်းသားဆိုတာ နှစ်ပါးသွားမှ ထွက်ကြတာပဲ ။ သန်းခေါင်မတိုင်ခင် မင်းသားအခန်း မပေါ်တော့ အိပ်နေလို့ ရတယ် ။ ခုခေတ်တော့ ယိမ်းတောင် မရှိဘူး ။ အော်ပရာ တဲ့ ၊ ပြဇာတ် တဲ့ ဆိုတာတွေကို ပွဲဦး ကတည်းက ထွက်ရတာဖြစ်တော့ မင်းသား က ည ၉ နာရီ ခွဲ ထွက်ရင် ၉ နာရီ က စပြီး ထွက်ရတယ် ။ အဲဒီ အချိန်ကနေ မိုးသာလင်းရော မင်းသား နား ရတယ်ပဲ မရှိဘူး ။ သူ့ အခန်း ချည်းပဲ ။ ဒါလည်း သားတွေနဲ့ လုယက် ကရတာကိုလည်း သူက ပျော်နေသေးတယ် ။ ဒါကြောင့် ရွှေမန်းတင်မောင် အလုပ်ဟာ အင်မတန် ပင်ပန်းပါတယ် ။ ပွဲတွေကလည်း အမြီးဆက် ခေါင်းဆက် ၊ ဗမာပြည် တနံတလျား လှည့်ပြီး ပွဲကူးလွယ်သလို လက်ခံ ကကြရတာ ဖြစ်လေတော့ အိမ်မှာ နားရတယ်ပဲ မရှိဘူး ။ မြို့ငယ်ရင် လေး , ငါး ည ကလိုက် ၊ နှစ်ရက် နားပြီး ဇာတ်ရွှေ့ လိုက် ၊ နေရာသစ်မှာ တစ်ခါ လေး,ငါးည ကလိုက်နဲ့ တစ်နှစ်ပေါက်တာပါပဲ ။

ဇာတ်ရုံထဲမှာ အိပ် ၊ ဇာတ်ရုံထဲမှာ စား ၊ ဟိုမြို့ပြီး ဒီမြို့ လှည့်သွား ၊ ပွဲကြည့်တွေကို ရယ်အောင် ၊ ငိုအောင် ၊ သာယာကြည်နူးအောင် ၊ ဆွေးအောင် လွမ်းအောင် အမျိုးမျိုး ဇာတ်ခုံပေါ်ကနေပြီး ပြုစားလာတဲ့ သံသရာမှာ အနှစ် ( ၄၀ ) နီးပါး ကျင်လည်ခဲ့ရတော့ ဒီဘဝက နားဖို့ဆိုတာကို သူက စဉ်းစား မရတော့ဘူး ။ ဒါကြောင့် သူ့ကျန်းမာရေး ချို့တဲ့လာတဲ့ကြားက မနားနိုင်ဘဲ က ၊ ကရင်းပဲ သူ့ဘဝကို နိဂုံးချုပ်သွားတာ ဖြစ်ပါတယ် ။

ကိုတင်မောင် အနိစ္စရောက်တဲ့အတွက် ဗမာ ဇာတ်သဘင်ရဲ့ ဆုံးရှုံးမှုဟာ တိုင်းတာ မရအောင် ကြီးမားလှပါတယ် ။

◾ လုထု ဒေါ်အမာ

📖 ဟံသာဝတီသတင်းစာ ၊ ၂ - ၁၂ - ၁၉၆၉

koaungnaingoo.blogspot.com

.

Saturday, January 30, 2021

သမီး မိန်းကလေးဖို့ အလုပ်


 

❝ သမီး မိန်းကလေးဖို့ အလုပ် ❞

အမေတို့ ငယ်ငယ်က သမီးမိန်းကလေးကို အင်္ဂလိပ်ကျောင်းထားဖို့ မိဘတိုင်းက စိတ်အားထက်သန်မှု မရှိကြဘူး ။ အထက်တန်းလွှာလို့ခေါ်တဲ့ အရာရှိသားသမီးများသာ အင်္ဂလိပ်စာ သင်ရတယ် ။ ရိုးရိုးအရပ်သား ၊ ကုန်သည်သားသမီးများဆိုရင် မြန်မာစာအသင့်အတင့် တတ်ရင် ကျောင်းနုတ်ကြပြီး မန္တလေးက လူလတ်တန်းစားက သမီးမိန်းကလေးကို ဈေးသင်တယ် ။

ဈေးသင်တယ်ဆိုတာ မန္တလေးဈေးချိုတော်ကြီးထဲက အသိမိတ်ဆွေ ဆိုင်တစ်ဆိုင်မှာ ဈေးရောင်းတတ်အောင် နေ့တိုင်း ဈေးလိုက်ထွက်ရပြီး ဈေးအရောင်း သင်ရတာကို ခေါ်တာ ။ တကယ်လို့ အင်္ဂလိပ်စာသင်ရင်လည်း အင်္ဂလိပ်စာတတ်တဲ့ မိန်းကလေးကိုခေါ်တဲ့အလုပ်က စာရေးစာချီမ ၊ ကျောင်းဆရာမနဲ့ သူနာပြုဆရာမဆိုတဲ့ အလုပ်မျိုးလောက် လုပ်ကြရတာကိုး ။

ဈေးသင်တဲ့ မိန်းကလေးတွေကတော့ မိုးလင်းရင် အဝတ်လဲ ထမင်းချိုင့်ကလေးဆွဲပြီး ကိုယ်အရောင်းသင်တဲ့ ဆိုင်ကိုဖြစ်စေ ၊ ဆိုင်ရှင့်အိမ်ကိုဖြစ်စေ လာခဲ့တာပဲ ။ ဈေးကိုရောက်ကြတော့ ဆိုင်ကူဖွင့်ပြီး ဆိုင်ကူ ရောင်းကြတာပေါ့ ။ အဲဒီလို တစ်နှစ် ၊ ဒါမှမဟုတ် နှစ်နှစ် ဆိုင်ရှင်နဲ့ အတူ ဈေးရောင်းရတယ်လေ ။ ဆိုင်ရှင်က ရောင်းရင်းနဲ့ ဈေးသည်ကောင်းတစ်ယောက်ဖြစ်ရေးကို လက်တွေ့နဲ့တွဲပြီး သင်သွားတာပဲ ။

ပထမသင်တာကတော့ ချိန်တွယ်ရောင်းရတဲ့ ပစ္စည်းဆိုရင် အချိန်အတွယ်သွက်လက် လည်ပတ်ဖို့ပေါ့ ။ ခြင်တွယ်ရောင်းရတာမျိုးဖြစ်ရင်လည်း အခြင်အတွယ် လည်ပတ်ဖို့ပေါ့ ။ ဒါတွေက လက်တွေ့လုပ်ရင်းနဲ့ ကျွမ်းကျင်သွားရတဲ့ကိစ္စ ။

ပြီးတော့ ဈေးသည်တစ်ယောက်အနေနဲ့ အပြောအဆို ၊ ချေငံယဉ်ကျေးဖို့ သင်ပါတယ် ။ မန္တ လေးဟာ ရှင်ဘုရင်ရှိခဲ့တဲ့ မင်းနေပြည်မြို့ဟောင်းဆိုတော့ မန္တလေးမှာ စကားက အဆင့်ဆင့်ရှိပါတယ် ။ ပဒေသရာဇ်မင်းများနဲ့ ပြောတဲ့အသုံးအနှုန်းတွေ ၊ လူကြီးသူမနဲ့ လူငယ်နဲ့ပြောတဲ့အသုံးအနှုန်းတွေ ၊ တန်းတူရည်တူ ရွယ်တူ ရွယ်တန်ချင်း ပြောတဲ့ အသုံးအနှုန်းတွေ ၊ လက်အောက်ငယ်သားနဲ့အထက်ကလူနဲ့ပြောတဲ့ အသုံးအနှုန်းတွေ စသဖြင့် အဆင့်ဆင့်ရှိတာကို အမေတို့ငယ်ငယ်က ကြားခဲ့ သိခဲ့ရပါတယ် ။ အဲဒီတော့ စကားကို တစ်ဘက်သားနဲ့ ပြောဆိုဆက်ဆံရာမှာ သူက ဘယ်အတန်းအစားထဲကမှန်း ကိုယ်က မသိပေမယ့် ကိုယ်က အောက်ကနေပြီး ကြို့ ပြောဖို့ ဆိုင်ရှင်ဈေးသည်က သင်ပါတယ် ။ “ လူ့အောက်ကြို့ရင် လူပိ မသေဘူး ” လို့လည်း ဆုံးမပါတယ် ။ ပြီးတော့ “ နှုတ်ချိုရင် လျှိုတစ်ပါး ” တဲ့ ဆိုတာမျိုး ၊ “ ချစ်စေလို ခံတွင်းလက်လေးသစ် ၊ မုန်းစေလို ခံတွင်းလက်လေးသစ် " ဆိုတာမျိုးတွေကိုရှင်းလင်းပြောပြပြီး တစ်ဘက်သားနဲ့ ချိုချိုသာသာ ဆက်ဆံရမယ်ဆိုတာကို တစ်ထစ်ချ လိုက်နာရမယ့်အနေနဲ့ သင်ကြားပါတယ် ။

ဈေးသည်နဲ့ ဈေးဝယ် တစ်ချို့ဈေးဝယ်က မောက် မာတယ် ။ တစ်ချို့က ရိုင်းစိုင်းတယ် ။ ဒါမျိုးနဲ့ တွေ့ရင်တောင်မှ ကိုယ်က မတုန့်ပြန်ဘဲသည်းခံလိုက်ပါလို့ပဲ မှာကြားပါတယ် ။ မှားစရာရှိရင် ဈေးဝယ်ကပဲ မှားသွားပါစေ ၊ ကိုယ်က မမှားစေနဲ့တဲ့ ။

ပြီးတော့ ကိုယ်ရောင်းချမယ့် ကုန်ပစ္စည်းအကြောင်းကို ကိုယ်က နားလည်ထားဖို့ ကိုယ့်ကုန် ဘယ်လို ကောင်းတယ်ဆိုတာမျိုး ၊ ကိုယ်က ဈေးဝယ်သူကို ပြောပြတတ်ဖို့လည်း သင်ကြားပေးတယ် ။

ဈေးသည်မှာ အရေးကြီးဆုံးတစ်ချက်က ကိုယ်ရောင်းမယ့်ကုန်ကို ကိုယ်က တကယ် နားလည်ပြီး ပြန်ရောင်းစားဖို့ ဝယ်တဲ့အခါ ဝယ်တတ်ဖို့ပဲ ဖြစ်သတဲ့ ။ အဝယ်တော်မှ အရောင်းတော်တယ် ။ ဝယ်ရာက ဈေးချောင်မှ ဈေးသက်သာမှ ကိုယ်က ပြန်ရောင်းတဲ့အခါ မြတ်လည်းမြတ်စွန်းနိုင်တယ် ။ ဝယ်သူ ကိုယ့်ဖောက်သည် ဖြစ်သွားရအောင် လျှော့ပေါ့ပေး ၊ လက်ဆောင်ပေးတာ ဆိုတာမျိုးလည်း လုပ်နိုင်တယ် ။ ဝယ်ကတည်းက ဈေးကြီးနေတဲ့ကုန်ကို မြတ်အောင် ပြန်ရောင်းဖို့ မလွယ်ဘူးဆိုပြီး ကုန်ရဲ့ သဘော ၊ ဈေးတက် ဈေးကျသဘော ၊ အချိန်ကာလသဘော ဆိုတာတွေကိုလည်း သင်ပေးတယ် ။

ပြီးတော့ ဈေးသည်အဖို့ လိုအပ်လှတဲ့ လူကဲခတ်ပညာကိုလည်း သမ္ဘာရင့် ဈေးသည်ကြီးများက လူငယ်တွေကို သင်ပေးသေးတယ် ။ လူတစ်ယောက် ကိုယ့်ဆိုင်ရှေ့ဖြတ်လျှောက်လာရင် ဒီလူကို အကဲခတ်ပါ ။ ဝယ်မယ့်လူ ဟုတ်မဟုတ် ၊ ဝယ်ပြန်ရင် နည်းနည်း ဝယ်မှာလား ၊ များများဝယ်မှာလား အကဲခတ်တတ်ဖို့ စကားတစ်ခွန်းနှစ်ခွန်း ပြောကြည့်ပြီး ကိုယ့်ပစ္စည်းအပေါ် ဘယ်လိုစိတ်ဝင်စားမှု ရှိတယ် မရှိဘူး
စတာတွေကို အကဲခတ်တတ်ရမယ် ။

ဈေးရောင်းတဲ့ပညာထဲမှာ ဈေးသည်က အစစ စဉ်းစားပြီး ဈေးဝယ်ရဲ့ အကဲကို ကိုယ်က သိထား နားလည်ထားရင် အလွန်နေရာကျတယ် ။ ဈေးသည်လုပ်နေပြီး မ အ ရဘူး ၊ အရာရာ ရိပ်စားမိအောင် ကြိုးစား ၊ မျက်စိကလည်း လျင်ပါ ။ ဈေးဝယ်ဆိုတာ လူမျိုးစုံ ၊ တချို့က ဝယ်ဟန်ဆောင်ပြီး ပစ္စည်းကို လစ်တတ်သူလည်း လာတဲ့အခါ လာတတ်တယ် ။ အဲဒီလိုလူမျိုးလက် ပစ္စည်း ပါမသွားအောင်လည်း လျင်ပါ ၊ မြင်ပါ ဆိုတာမျိုးတွေ ဈေးသည်တို့တတ်အပ်တဲ့ တစ်ဆယ့်ရှစ်ရပ်ကို လက်တွေ့နဲ့တွဲပြီး ရောင်းရင်း ဝယ်ရင်း သင်ပေးသွားတာပဲ ။

ဈေးဝါး တော်တော်ဝပြီ ၊ လူကိုလည်း မကြောက်တော့ဘူး ၊ ရောင်းတတ် ဝယ်တတ်ရှိပြီလို့ထင်တဲ့အခါ မိဘက တတ်နိုင်တဲ့ အရင်းအနှီးထုတ်ပေး ၊ ဆိုင်လွတ် တစ်နေရာ ရှာဝယ်ပြီး ဈေးဆိုင်တစ်ဆိုင် ဖွင့်စေတာပါပဲ ။

အဲဒါ အမေတို့ ငယ်ငယ်တုန်းက မန္တ လေးက မိန်းကလေးတွေ ဈေးသည်ဖြစ်ဖို့အတွက် သင်ကြားလေ့ကျင့်ခဲ့ရတဲ့ အဖြစ်ပဲ ။ မန္တ လေး ဈေးချိုတော်ကြီးထဲမှာ ဒီလိုနဲ့ပဲ ဈေးသည်လက်ဟောင်းကြီးတွေလို ဈေးသည်မျိုးဆက်သစ်တွေက ဆက်လက်ပြီးတော့ ရောင်းဝယ်သွားကြတာပဲ ။ ဈေးချိုတော်ဟာ မန္တ လေးရဲ့ စီးပွားရေးအသက်သွေးကြော ၊ ဈေးချိုသူဟာ မန္တ လေးရဲ့ လည်ဆွဲပါ ။

မန္တလေး ဈေးချိုတော်ကြီးက အဆင့်မြင့်တိုက်ဈေးကြီး ဖြစ်သွားတဲ့နောက် အမေ့မြေးအရွယ် မိန်းကလေးတွေ ဈေးရောင်းကြတဲ့ပုံစံတစ်မျိုး အမေမြင်တွေ့လာရတယ် ။

မိန်းကလေးတွေ လှကလှနဲ့ ၊ လိမ်းခြယ်သထားတာကလည်း ပွဲထိုင်သွားတော့မယ့် ပုံမျိုး ၊ ခါးပေါ်မှာလည်း ထဘီမပါဘူး ၊ စကတ်ကလေးတွေဝတ်လို့ ၊ခြေထောက် မှာလည်း ဗမာဖိနပ်မရှိဘူး လေဒီရှူးလေးတွေနဲ့ ။ ဒါနဲ့ အမေက ကျောင်းကပွဲ သွားကြရမှာထင်ရဲ့ လို့ အောက် မေ့တာ ။ ခဏနေတော့ ကားတစ်စီးက သူတို့ကို လာခေါ်သွားတယ် ။ အမေလည်း တည်းခိုခန်းကြီးတစ်ခုပေါ်က အဲဒီလို ဝတ်စားဖြီးလိမ်းပြီး ညနေ ၄ နာရီလောက် မိန်းကလေးတွေ ထွက်သွားကြတော့ ဘယ်ကျောင်းကပွဲပါလိမ့်လို့ စဉ်းစားနေတုန်း “ အမေ အဲဒါ မိန်းကလေးတွေ စီးကရက်ရောင်းဖို့ ၊ ဘီယာရောင်းဖို့ သွားကြတာ ” တဲ့ ။

“ ဒီလို ဝတ်စားဆင်ပြင်ပြီး ဘယ်လို ရောင်းကြရတာလဲကွယ် ” လို့ အမေကမေးတော့ စီးကရက်ရောင်းရတဲ့မိန်းကလေးက စီးကရက်ဘူးတွေ ဗန်းထဲထည့်ပြီး ရက်စတောရင့်ကြီးတွေ ၊ စားသောက်ဆိုင်ကြီးတွေမှာ စားသောက်နေကြသူတွေ ၊
ကာရာအိုကေ ကြည့်နေကြသူတွေကို စီးကရက် လိုက်တည်တာ ရောင်းတာတဲ့ ။ သောက် မယ့်လူကို မီးခြစ်ပြီး မီးညှိပေးတယ် ။ ဘီယာရောင်းတဲ့ ကလေးမလေးတွေကလည်း ဒီလိုပဲ ။ ဘီယာဘူး ဖွင့်ပေး ၊ တိုက်ပေါ့တဲ့ ။

အနို့ကွယ် ဒီကလေးမတွေက ဘယ်လို အခကြေးငွေရတာလဲလို့မေးတော့ တချို့က လုပ်ခွင် ယူနီဖောင်း ရတယ်။ လခက တစ်လ ငါးထောင်ကျပ် ၊ ခြောက်ထောင်ကျပ် ရတယ် ။ ပြီးတော့ ဘောက်ဆူးလည်း ရသေးတယ်တဲ့ ။

“ ဟဲ့ ဘောက်ဆူးက ဘာလို့ရရတာလဲ ” လို့ မေးတော့ “ သူတို့စီးကရက် ၊ သူတို့ဘီယာကို သောက်တဲ့ ဖောက်သည်တွေက သူတို့မီးညှိပေး ၊ သူတို့ဘီယာငှဲ့ပေးတဲ့ အပြုအစုကို ကျေနပ်လို့ ကျေနပ်ဆု ပေးတာပေါ့ အမေရဲ့” တဲ့ ။

ပြီးတော့ ဒီအလုပ်ခွင်က ဘယ်အချိန်ပြန်ရတာလဲလို့မေးတော့ ညဆယ့်တစ်နာရီမှာ တည်းခိုခန်း ပြန်ပို့ပေးသတဲ့ ။

အလုပ်ကတော့ တကယ်တမ်းပြောရရင် ခေါင်းရွက်ဗျပ်ထိုး အလုပ်ပါပဲ ။ ဒါပေမယ့် ကုန်ပစ္စည်းရောင်းရတဲ့ အခြေအနေချင်းက ကွာလှပါကလား ။ ရတဲ့ အခကြေးငွေကလည်း ကွာလှပါကလားလို့ အမေက ကြက်သီးထမိတယ် ။

အမေက မေးကြည့်တယ် ။ ဒီကလေးမလေးတွေ သဘောကကော ဘယ်လိုလဲဆိုတော့ သူတို့ကလည်း သူတို့လုပ်ခ သူတို့လုပ်ခွင်ကို ကျေနပ်လို့ ပျော်လို့ပါပဲတဲ့ ။

အမေတို့ဆီမှာ စီးကရက်ကြော်ငြာ ပိုစတာကြီးတွေ ၊ ဘီယာနဲ့ အရက်ကြော်ငြာ ပိုစတာကြီးတွေ ကြည့်မလွဲ တွေ့မြင်နေရတဲ့ကြားထဲက ကုန်ပစ္စည်းနှစ်မျိုးကို ဒီလို ပုံစံတွေနဲ့ ကြော်ငြာပြီးလည်း ရောင်းနေသေးတယ်ဆိုတော့ ဆေးလိပ်ကိုအကြောင်းပြုပြီးရလိုက် မယ့်ရောဂါဝေဒနာတွေ ၊ အရက်ကိုအကြောင်းပြုပြီး ရလိုက် မယ့် ရောဂါဝေဒနာတွေ အမေဖြင့် တွေးတောင်မတွေးဝံ့ဘူး ။

အမေတို့အရင်က ကြားဖူးတာက အနောက်နိုင်ငံတွေမှာ ရေ မသောက်ဘူး ၊ ဘီယာ သောက်ကြတာပဲတဲ့ ။ သူတို့ဆီက ပူတဲ့နိုင်ငံမျိုးမှ မဟုတ်ဘဲ ။ ရေငတ်စရာ အကြောင်းမရှိတော့ ဘီယာကိုသောက်တယ်ဆိုတာ မဆန်းပါဘူး ။ အဲဒါဟာအနောက်က ယဉ်ကျေးမှုလို့ ထင်မှတ်ပြီး အမေတို့နိုင်ငံလို ပူတဲ့ အိုက်တဲ့နိုင်ငံ တစ်နေ့ကို ရေအေးလေးငါးခွက်ထက် မနည်း မသောက်ရရင်မနေနိုင်တဲ့ နိုင်ငံတွေက သူတို့စတိုင် ရေအစား ဘီယာသောက်ကြမယ်ဆိုရင်တော့ အစောကြီး သေကုန်ကြမှာ ဧကန်ပဲ ။ ဘီယာထဲမှာလည်း အရက်ပါတယ်လေ ။

မိန်းကလေးတွေတောင် အရက်တို့ ဘီယာတို့ သောက်နေတယ်ဆိုတာမျိုးကြားရတော့ တစ်မျိုးသားလုံး အသက်တိုကြမယ့်လမ်းပါ ကလားလို့ အမေ ရင်လေးမိတယ် ။

အမေတို့ လူ့အဖွဲ့အစည်းက မတော်ရင် မတော်ဘူးလို့ ပြောဆိုဆုံးမ တားမြစ်မှုနဲ့ အချင်းချင်း ထိန်းသိမ်းစောင့်ရှောက်တဲ့ လူ့အဖွဲ့ အစည်းပါ ။ မတော်တာကိုတော့ မတော်ဘူးလို့ အရင်ကလိုပဲ လူကြီးသူမ ဆရာသမား သက်ကြီးရွယ်အိုနဲ့ ဆရာတော် သံဃာတော်များကပါ ဆုံးမတားမြစ်ကြပါဦးလို့ အမေ မေတ္တာရပ်ခံချင်လှတယ် ။

◾လူထုဒေါ်အမာ

ကလျာမဂ္ဂဇင်း
အမှတ် ၁၂၇
၁၉၉၅ ၊ စက်တင်ဘာလ

https://koaungnaingoo.blogspot.com

.