Thursday, September 10, 2026

ကုရာနတ္ထိ


❝ ကုရာနတ္ထိ ❞
( စံလှမောင် - တောင်ကုတ် )

ဝါဆိုချိန် ရောက်တိုင်း ဝါးတောင်မြို့နယ်အသင်း၏ ဝါဆိုသင်္ကန်း ကပ်လှူပွဲဖိတ်စာ ရောက်လာတတ်သည်။ ဖိတ်စာ ရောက်တိုင်းလည်း ကျွန်တော်တို့ ဇနီးမောင်နှံမှာ သင်္ကန်း တစ်စုံကို ပိုက်လျက် မပျက်မကွက် သွားခဲ့ကြသည်။ ဝါးတောင် မြို့နယ်သား မဟုတ်သော်ငြား ဝါးတောင်မြို့တွင် အထက်တန်းပြဆရာ အဖြစ် ၅ နှစ်ခန့် တာဝန်ထမ်းဆောင်ဖူးသဖြင့် မြို့နှင့် ရင်းနှီးနေကာ မြို့သားတစ်ပိုင်း ဖြစ်နေခဲ့သည်။ သည်နှစ်လည်း ဖိတ်ထားသည့် နေ့ရက်၊ ဖိတ်ထားသည့် အချိန်၊ ဖိတ်ထားသည့် ဘုန်းတော်ကြီးကျောင်းသို့ ရောက်သွားခဲ့ကြပြန်သည်။ သင်္ကန်း မကပ်မီ ရခိုင်မုန့်တီဖြင့် ဧည့်ခံသည်။ အခမ်းအနား ပြီးမြောက်ပြန်တော့ ဖွယ်ဖွယ်ရာရာ ဟင်းလျာမျိုးစုံတို့ဖြင့် ကျွေးမွေးသည်ကို သုံးဆောင်ရပြန်ပါသည်။

စိတ်ထဲတွင် ထူးခြားနေတာ တစ်ခုကတော့ တွေ့နေကျ လူတစ်ယောက် လစ်လပ်နေခြင်းပင်။ သူကတော့ ဦးမြဖေ။ ရုံးစာရေးကြီး (ငြိမ်း) ဦးမြဖေ။ ယခင်နှစ်များက ဆိုလျှင် ဦးမြဖေ တစ်ယောက် ပွဲနေပွဲထိုင်အဖြစ် ဟိုလူကို နှုတ်ဆက်လိုက်၊ ဒီလူ ဧည့်ခံလိုက်ဖြင့် ရွှင်မြူးနေတတ်သည်။

ကျွန်တော် ဝါးတောင်မြို့တွင် ရှိစဉ်တုန်းက ရုံးစာရေးကြီး ဦးမြဖေနှင့် ရင်းနှီးခင်မင်ခဲ့သည်။ စာရေးကြီးကတော် အပါအဝင် မိသားစုငါးယောက် ရုန်းကန်ခဲ့ရသည်။ သားသမီးနောင်ရေး အတွက် မောင်တစ်ထမ်း မယ်တစ်ရွက် မမောတမ်း လှုပ်ရှားခဲ့ပုံများကို ယနေ့ထိ မမေ့နိုင်သေးပါ။

ဝါးတောင်မြို့မှ ထွက်လာပြီး နှစ်အစိတ်ခန့်ကြာမှ ရန်ကုန် တွင် ပြန်ဆုံဖြစ်ကြသည်။ စာရေးကြီး၏ သားသမီးတွေလည်း လူလားမြောက်၊ လူရာဝင်ခဲ့ကြပြီ။ သားကြီးက နိုင်ငံခြားသင်္ဘော အင်ဂျင်နီယာ၊ သားလတ်က စီးပွားရေးသမား YBS သုံးစီးနှင့် အခြား လုပ်ငန်းကြီးများကို ပိုင်ဆိုင်ထားသည်။ သမီးငယ်က အထက်တန်းပြဆရာမ။ သည်တော့ စာရေးကြီးမှာ လုပ်သက် ပင်စင် ယူလိုက်ပြီး သားသမီးတွေ ရှိရာ ရန်ကုန်တွင် အခြေလာချသည်။ စာရေးကြီးက သူ့သမီးအကြောင်း ပြောနေရလျှင် မောရမှန်းမသိ။

“စာရေးကြီး... ကျန်းမာရေးလည်း ဂရုစိုက်ဦး။ ပိန်နေတယ်နော်”

“ဟာ...ဆရာကြီးကလည်း ကျွန်တော် နဂိုကတည်းက ဝနေလို့လား”

ရန်ကုန်ဆင်ခြေဖုံးက အထက်တန်းကျောင်းအုပ်ကြီးမို့ ယခင် “ဆရာ” ခေါ်ခဲ့ရာမှ “ဆရာကြီး” ဟု ပြောင်းခေါ် လိုက်ခြင်းပင်။

“မဟုတ်ဘူးလေ။ စာရေးကြီးကို ကြည့်ရတာ အရင်ကထက် ပိန်နေသလိုပဲ။ အရင်က ပိန်တယ် ဆိုပေမယ့် စိုစိုပြည်ပြည် ရှိသေးတယ်။ ဘာလဲ ချမ်းသာခြင်းနဲ့ ဓာတ်မတည့်လို့လား” ဟုပင် နောက်ခဲ့သေးသည်။

ခင်မင်ရသော စာရေးကြီးကို မတွေ့ရသဖြင့် တစ်ခုခု လိုနေ သလို ခံစားရသည်။ သို့နှင့် စာရေးကြီးတို့ အိမ်နီးချင်းဖြစ်ခဲ့သူ တပည့်ကျော် တင်ထွန်းအောင် (ယခု ဦးစီးအရာရှိ) အား မေးကြည့်လိုက်သည်။

“ဪ ... ဆရာ မသိသေးဘူးထင်တယ်။ အေးလေ ဒီသတင်းက လူသိရှင်ကြား ပြောလို့ ဘယ်ကောင်းပါ့မလဲ။ ဦးမြဖေ က..” ဟု အစချီလျက် စာရေးကြီး ပွဲမလာဖြစ်သည့်အကြောင်းကို ရှင်းပြသည်။ ကြားရ နားဝမသက်သာ။ နားနှစ်ဖက်ကို ယောင်၍ ပိတ်မိလိုက်သည်။ တင်ထွန်းအောင်၏ စကားသံတွေက အိမ်ပြန်ရောက်သည်အထိ နားထဲတွင်သာမက ရင်ထဲတွင်ပါ ထိတ်လန့်ဖွယ် စိုးမိုးနေခဲ့သည်။ “ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ” ဟု တဖွဖွ ရေရွတ်လျက် အတွေးစဉ် အမျှင်တန်း နေမိတော့သည်။

“အင်း ... လူတချို့ဟာ ဆင်းရဲဒဏ်ကို ခံနိုင်ကြပေမယ့် ချမ်းသာခြင်းဝန်ထုပ်ကိုတော့ မထမ်းပိုးနိုင်ကြပါလားနော်။ အင်း ချမ်းသာခြင်းကို အကျိုးရှိမယ့် နေရာမှာ အသုံးမချဘဲ တဒင်္ဂ သာယာမှုအတွက်ပဲ အသုံးချခဲ့တာကိုး”

▢  စံလှမောင် (တောင်ကုတ်)
📖 မဟေသီ မဂ္ဂဇင်း
      ဇူလိုင် ၊ ၂၀၁၉

No comments:

Post a Comment