Tuesday, September 22, 2026

ပဲယဉ်းပွင့်ချိန်

❝ ပဲယဉ်းပွင့်ချိန် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ဝင်းထိန်သော ပဲယဉ်းပွင့် ပွင့်ရွှေဝါများသည် စိမ်းမှောင်သော ကန်သင်းများကို ဖုံးအုပ်ထားလေ၏။ သန္ဓေရင့်စ စပါးနှံများသည် လေယူတိုင်း မယိမ်းနွဲ့ နိုင်ကြပြီ။ ယဉ်ကျေးသည်ဆိုရုံ ညင်ညင်သာသာကလေးသာ ယမ်းနိုင် လှုပ်နိုင်တော့သည်။

ရီးကျီးဒန်သည် ကုန်းထားသော ခါးကို ဆန့်ကာ လယ်ကွင်းကြီးတစ်ကွင်းလုံးကို ဝေ့ဝိုက်ကြည့်လေသည်။ အစိမ်းရင့်လွှာရုံကြီးသည် ပိန်းပိတ်အောင် ခြုံထားပေသည်။ သေသေချာချာကြည့်မှသာလျှင် စပါးပင်များ ကြားတွင် တလှုပ်လှုပ် ရွေ့နေသော လူ့ဦးခေါင်းကို မြင်ရ၏။ လယ့်ဗာဟီရက အများသား မဟုတ်လား။ အောင်ရေ အရေးကြီးနေချိန်တွင် ကန်သင်းမှ ရေမကျော်အောင်၊ ပုစွန်လုံးနှင့် မြွေလက်ပတ် မဖောက်အောင် တငုံ့ငုံ့ လျှောက်နေရသူများဖြစ်မည်။ မိမိနည်းတူ ပဲခွဲသူလည်း ရှိမည်။ မြက်ရိတ်သူ၊ ဆေးဖျန်းသူလည်း ရှိမည်။ သည်တော့ လယ်ပွဲတိုင်းတွင် အနည်းဆုံး လူတစ်ယောက်တော့ မုချ ရှိနေမည်ဖြစ်သည်။

ရီးကျီးဒန်သည် ဖြတ်ထုတ်ပြီးသော ပဲယဉ်းပင်များကို ကန်သင်းဆုံတွင် စုထပ်သည်။ မိမိ၏ ခွန်အားနှင့် ပဲပင်၏ အလေးချိန်ကို ဆကြည့်သည်။ ရသေးသည်။ နောက်ထပ် လေးငါးရုံတော့ ကောင်းကောင်း ချိတ်နိုင်သေးသည်။ သို့ကြောင့် ခွဲလက်စ ပဲရုံများ ဘက်သို့ ပြန်လျှောက်လာ၏။ ရွှန်းရွှန်းဖပ်ဖပ် ပန်းတော်နီမြက်များသည် နင်းရက်စရာ မရှိ။ ကန်သင်း တစ်ခုလုံး ဖုံးနေ၏။ သို့ဖြစ်ငြား သည်မြက်ကိုမှ နင်းမသွားလျှင် လယ်ကွက်ထဲက ဆင်းသွားရုံသာ ရှိတော့သည်။

ရီးကျီးဒန် လျှောက်လာစဉ် ရီးဆေးရိုးကို ရိပ်ခနဲ မြင်လိုက်ရ၏။ ကန်သင်းပေါင်ပေါ် တက်လာခိုက်နှင့် ကြုံသောကြောင့် မြင်ရခြင်းဖြစ်သည်။ ခေါင်းတွင် ပုဆိုးစုတ်တစ်ထည်ပေါင်းထားကာ သည်ပုဆိုးစဖြင့် နှာခေါင်းပါ ပတ်စည်းထား၏။ ကျောပေါ်တွင်ကား သံမဏိရောင် တပြောင်ပြောင် လက်နေသော ဆေးဖျန်းပုံး။

“မပြီးသေးဘူးလား၊ မနှံ့သေးဘူးလား”

ရီးဆေးရိုးထံမှ တုံ့ပြန်သံ မပေါ်လာ။ လူပါ စပါးပင်များ ကြားတွင် ပြန်လည် ပျောက်ကွယ်သွား၏။

သည်နေရာမှာ တမန်းနှိုးစဉ်ကပင် သေနာနာ ဖြစ်နေခဲ့သောကြောင့် မြေသြဇာပက်သည်။ ဆေးလည်း ဖျန်းခဲ့သေးသည်။ လေးငါးဆယ်ရက် အတွင်းတွင်ကား ဟုတ်တော့ မလိုလို၊ ဟန်တော့ မယောင်ယောင် ရှိခဲ့၏။ သည့်နောက်တွင်ကား စပါးလှန်းဖျာ လေး ငါးချပ်စာ သည်နေရာမှာ ပြန်ပြီး နိမ့်မြဲ နိမ့်ကျခဲ့သည်။ ဖုံးချိန်လုံးချိန်ပင် ရောက်နေပြီမို့ လုပ်နေလည်း မထူးတော့ပါဘူးဟု ရီးကျီးဒန် ကန့်ကွက်ငြား ရီးဆေးရိုး ခေါင်းမာသည်။ ရိုးရိုးအထွက်တိုး မဟုတ်၊ အထူး အထွက်တိုးမို့ လေးငါးဖျာစာမှာ နည်းသည်မဟုတ် ဆိုကာ မြေဆီ ထည့်သည်။ ဆေးဖျန်းသည်။ ယခု နောက်ဆုံး အကြိမ်အဖြစ် ကြိုးစားခြင်းဖြစ်၏။

နေပူစ ပြုလာပြီ။ နှင်းမှုန် နှင်းငွေ့များ မပြယ်မီ၊ မကွဲမီက နေသည် အဆိပ်မရှိသော မြွေနှယ် လင်းရုံသာ လင်းခဲ့၏။ နေလုံးသော်မှ နီကြင်ကြင် အဝိုင်းကလေး အဖြစ်သာ မြင်ခဲ့ရ၏။ ကန်သင်းတစ်လျှောက်ရှိ မြက်တွေမှာ နှင်းဖြင့် ရွှဲနေခဲ့သည်။ ပဲပင်တွေမှာလည်း နှင်းပင် နှင်းခဲ ဖြစ်နေခဲ့၏။ မထိလိုက်နှင့် ထိလိုက်လျှင် အေးသည်။ သာမန် အအေးမဟုတ်။ ကျဉ်လာသည်။ ကိုက်လာသည်။ ပေပြီး လုပ်သော အခါ ထုံလာသည်။ သို့သော် ညောင်ပင်အောက် မီးဖိုသို့ ပြန်ပြီး မီးမကင်နိုင်။ လုပ်စရာရှိသည်ကို ရီးကျီးဒန် လုပ်ရသည်။ လုပ်စရာမှာ ပဲခွဲခြင်း ဖြစ်၏။

ထွန်တုံး ပိတ်လျှင်ပိတ်ချင်း ပဲယဉ်းစေ့များကို လယ်ကန်သင်းတစ်လျှောက် စူးထိုးချခဲ့သည်။ ကန်သင်း အသစ်ဆွဲထားသဖြင့် ကန်သင်းပေါ်တွင် မြက် ဟူ၍ ဟုတ်တိပတ်တိ မရှိ။ စပါးပင်ကလည်း တုန်းထဆဲ။ ထို့ကြောင့် ရီးကျီးဒန်မှာ အမှန်းရခက်သည်။ သို့မဟုတ် လောဘကြီးနေသောကြောင့်လည်း ဖြစ်ချင် ဖြစ်မည်။ စူးထိုး တစ်နေရာစာကို သုံးလေးစေ့ သာချ၊ တစ်နေရာနှင့် တစ်နေရာ တစ်တောင့်ထွာ ကွာပစေ။ ရီးဆေးရိုး အပြောသား၊ ကိုယ်လည်း နှစ်စဉ် လုပ်လာခဲ့သည်မှာ အသက်ပင် ဖင်ဆောင့်နေပြီ။ သို့ပါလျက် တစ်ကျင်းတွင် ငါးစေ့ ခြောက်စေ့ ချမိသည်။

“မပေါက်လို့ ပြန်ချရင် မလွယ်ဘူး” ဟူသော ဆင်ခြေပေးစိတ်ကလေးဖြင့်။

“တစ်တောင့်ထွာ ဆိုတာ အဝေးကြီး။ သက်သက်မဲ့ မြေကြီး အလဟဿဖြစ်ရော့မယ်” အတွေးဖြင့် တစ်တောင်ကွာ ချခဲ့သည်။

ကန်သင်းမှာ ဟိုဘက် လယ်ကွက်မှ ရေ၊ သည်ဘက် လယ်ကွက် ရေကြောင့် အစိုဓာတ် ကောင်းသည်။ ရာသီကလည်း အအေးဘက်လုကာ မိုးနှင်းလိုလို နှင်းလိုလိုနှင့် ဝေ့လာ အုံလာသည်။ ဒီရာသီမျိုးတွင် အညှောက်ထိုးလာသော ပဲပင်များသည် မြေမှထွက်သည်နှင့် ဟုန်းခနဲ ထလာတော့သည်။ ကန်သင်းတွင် ပေါက်နေကျ ပန်းတော်နီ မြက်များ၊ ပတ္တမြားရိုးတံတွင် မြအသွေးရွက်များ ဆင်လျက် ဝေဆာလာချိန်တွင် ပဲယဉ်းများလည်း ကန်သင်းကို ဖုံးတော့သည်။ ထိုအခါကျမှ ပဲယဉ်းအချ များသွားပြီ၊ အနေအထား စိပ်သွားပြီဟု ရီးကျီးဒန် ဝန်ခံမိတော့၏။ ဝန်မခံချင်၍ မရပေ။ အနည်းဆုံး တစ်နေ့ တစ်ခေါက် ကန်သင်းပေါ် လျှောက်သူအတွက် လမ်းပိတ်နေပြီကိုး။ လမ်း ပိတ်နေသကော ဟူ၍ တက်မနင်းဝံ့။ ပဲယဉ်းပင်တွင် ဆူးမရှိ။ သို့ဖြစ်ငြား ပဲရုံရိပ်တွင် ခိုနေမည့် အကောင်ရှည်တွင် အဆိပ်ရှိသည်။

လယ်ကွက်တွင်း ရေနေရေထားနှင့် ကန်သင်း ကြည့်သူမှာ သည်ပဲရုံတွေနှင့် လွတ်အောင် ခုန်နေရ၊ ဖယ်ရှားနေရသည်နှင့် အလုပ်မတွင်တော့ပေ။ လျှောက်ရသည့် ကန်သင်းမှာ သည်ကန်သင်း တစ်ခုတည်း မဟုတ်၊ ကန်သင်းတွေက အများကြီး။ ပဲယဉ်းရုံကလည်း ကန်သင်းတိုင်းမှာ။

သည်အခါ ပဲယဉ်းရုံကို ခွဲရတော့မည်။ ခွဲမှ ကန်သင်းကို မြင်ရမည်။ ခွဲမှ အပင်သန်မည်။ အပင် သန်မှ အသီးများမည်။ မခွဲ မဖြစ်သောကြောင့် ရီးကျီးဒန် ကိုယ်တိုင် လယ်ထဲလိုက်လာရသည်။ စိုစိုစွတ်စွတ် ချမ်းချမ်းစီးစီးနှင့် အံခဲပြီးလုပ်ရသည်။ သန်လျှင် တစ်ရုံကို နှစ်ပင်၊ ချည့်လျှင် သုံးပင် ချန်ပြီး တံစဉ်ဖြင့် ချိတ်ပစ်ရသည်။

သို့ဖြစ်ငြား အလဟဿ မဖြစ်ပါ။ အရွက်ကို ဟင်းချိုချက်သောက်၊ ပြုတ်တို့၊ နွား အလွန်ကြိုက်သဖြင့် နွားလည်း ကျွေးရမည်။ ပန်းတော်နီမြက် ရွှမ်းရွှမ်းနှင့်သာ ရောနှောစဉ်းပြီးကျွေးလျှင် နွားတွေ ဗိုက်ပေါက်ထွက်မှာပင် စိုးရသည်။ သို့သော် အစိုက်ကြီး စိုက်ခဲ့ကာ ပွင့်ဝါကလေးတွေ ခဲနေကာမှ ရိတ်ပစ်ရသည့်အတွက် ရီးကျီးဒန် နှမြောနေ၏။ နှမြောစိတ် ဝင်လာသောအခါ သိသိသာသာကြီး စူးခနဲ ပူလာသော နေအပူကိုပင် မေ့သွား၏။

“လုပ်လေ လုပ်လေ၊ နေပူလာလို့ မပြီးဘဲနေမယ်”

ရီးဆေးရိုး ရောက်လာသည်ကိုပင် သတိမထားမိ။ အသံကြားမှ မော့ကြည့်မိသည်။ ဆေးပုံး မပါတော့ပြီ။ ငန်းပြားကြီး ထမ်းလျက် ရပ်နေ၏။

“ဘာလုပ်ဦးမလို့လဲ၊ နေပူပြီလည်း ပြောပြီးတော့”

“အောက်ဆုံးလယ်ဟာ ကတွတ်ပေါက် ‘ကလိုင်’ စားနေလို့ တစ်လက်စတည်း ဖို့ပေးချေဦးမယ်”

ကတွတ်ပေါက်ကို ကလိုင်စားပြီ ဆိုမှဖြင့် လယ်ကွက်ထဲတွင် ရေမရှိတော့မည်မှာ သေချာသည်။ သည်လယ်များမှာ သည်ရာသီတွင် မြောင်းရေသွင်းရန် မလိုတော့ပေ။ အထက်လယ်ပွဲများမှ အဆင့်ဆင့် စီးထွက်လာသော ကျင်းရေဖြင့်ပင် လုံလောက်သည်။ လုံလောက်သည်ဆိုငြား ကတွတ်ပေါက်မူ လယ်ကွက် မြေမျက်နှာပြင်နှင့် တညီတည်းထား၍ မရပါ။ လယ်ထဲတွင် ‘ရေနေ’ ရှိနေစေရန် ကတွက်ပေါက်ကို တစ်ထွာခန့် မြှင့်ထားရ၏။ ယခု သည်တစ်ထွာအမြင့် မရှိတော့ ဆိုသောအခါ အမှန်ပင် လက်ငင်းလုပ်ရမည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် ရီးကျီးဒန် မတားဆီးနိုင်ပါ။ ကန်သင်းဆုံးရန် လေးငါးရုံမျှသာ ကျန်တော့ သဖြင့် ပဲပင်များ ကြားသို့ တံစဉ်ဦးကို ထိုးသွင်းကာ လိုသလောက်စီ ဆွဲဖြတ်နေလေ၏။

••••• ••••• •••••

ပဲယဉ်းပင်များကို ညောင်ပင်ရိပ်သို့ သယ်ပြီးသွားသည် အထိ ရီးဆေးရိုး ရောက်မလာသေး။ ရီးကျီးဒန်သည် မျက်ခွံများရှုံ့ လျက် အောက်ကျင်းဘက် မျှော်ကြည့်၏။ ပြာရီသော အပြင်ကိုသာ မြင်ရ၏။

“အင်းလေ၊ ဘယ်မှာ မြင်ရပါတော့မလဲ၊ အသက် ခုနစ်ဆယ်တောင် ကျော်လာပြီ  မဟုတ်လား”

ရီးကျီးဒန် သက်ပြင်းချမိသည်။ သည်မျှ အသက် ရှည်နေရသည်ကိုပင် ပင်ပန်းသည် ထင်သောကြောင့် သက်ပြင်း ချသည်လား၊ မောသောကြောင့် သက်ပြင်း ချသည်လား ဟူသည်ကို သူ့ဘာသာ သူလည်း မသိပါ။ ပဲပင်ပုံ ဘေးတွင် ထိုင်ပြီးမှ မီးဖိုကို လှည့်ကြည့်၏။ မီးမတောက်၊ မီးခိုးသာ ခဲပြီး အူနေသည်။ သို့ကြောင့် တစ်ချက်ပြင်းပြင်း ကုန်းမှုတ်လိုက်ရာ ပြာမှုန်ခဲကြီး ပျံတက်သွား၏။ မီးလည်း တောက်လာသည်။ ပဲပင် ပုံဘက်သို့ ရီးကျီးဒန် ပြန်လှည့်လာ၏။ ဝါးလုံးမှ ဖြစ်သော ပြာ၊ ထန်းပလပ်မှ ဖြစ်သော ပြာများသည် ပဲပင်ပုံနှင့် ရီးကျီးဒန့် ကိုယ်ပေါ်သို့ အမျှင်လိုက် အမျှင်လိုက် ကျဆင်းလာကြ၏။ ကျလာသော ပြာမှုန်များကို မှုတ်ထုတ်ရင်း ရီးကျီးဒန်သည် ပဲညွန့်များကို ဆိတ်နေသည်။

နေမြင့်လာသည်နှင့်အမျှ စိမ်းလန်းသော လယ်ကွင်းကြီးမှာ ငြိမ်၍လာ၏။ တိတ်၍လာ၏။ မြောင်းပေါင် မြောက်ဘက်ရှိလယ်ကွက်ဘေး ထန်းပင်မှ ထန်းရွက်ခြောက် လျှောကြွေသံသည် ကျယ်လောင်လှ၏။ ချိုးကူသံကလေး တစ်ချက်တလေပင် မကြားရ။

“ကျီးဒန် ဘယ်မှာလဲဟေ့”

ပဲပင်ပုံ ကွယ်နေသောကြောင့် ရီးကျီးဒန်သည် လည်ပင်းဆန့်ထုတ်ကာ လှမ်းကြည့်လိုက်၏။ ငန်းပြား ထမ်းလျက် ရီးဆေးရိုး ပြန်လာပြီ။

“ဒီမှာ တော်ရေ့”

“အေး အေး၊ ငါက ညည်း မသိမ်းသေးဘူး ထင်လို့”

ခဏကြာလျှင် မြေကြီးပေါ်သို့ ငန်းပြား ထိုးစိုက်လိုက်သံကြားရသဖြင့် လှည့်မကြည့်ဘဲ မေးလိုက်သည်။

“ထမင်းစားတော့မလား”

“ဖြည်းဖြည်းပေါ့ဟာ”

ရီးဆေးရိုးအသံမှာ မောဟိုက်နွမ်းနယ်မှုဖြင့် ပြည့်နေသည်။ သည်မှာ တစ်ဆက်တည်း “အလုပ်မရှိ အလုပ် ရှာနေပြန်ပြီဟာ” ဆိုလေသည်။

“ဘာအလုပ်မရှိ အလုပ်ရှာလဲ”

အလုပ်မရှိလျှင် မနေတတ်သော မိမိကို မချီးမွမ်းချင်နေပါ။ သည်ပုံ အပြစ်ပြောသည်ကိုကား ရီးကျီးဒန် မကြိုက်။ သို့ကြောင့် ယင်နားခံရသော မြွေပွေးအလား ဆတ်ခနဲလှည့်မေး၏။ ရီးဆေးရိုးကား အေးအေးလူလူပင် ပြောင်းဖူးဖက်ဆေးလိပ်တိုကို မီးတောက်တွင် လှမ်းတို့နေ၏။

“ညည်း အခုလို အညွန့်တွေ ဆိတ်ထားတော့ အိမ်ပြန်တဲ့အခါမှာ သယ်စရာတစ်ခု ပိုလာတာပေါ့”

“ဒီပဲပင်စည်းထဲမှာ ပြန်ထိုးထည့်မှာပေါ့ ဉာဏ်ကြီးရှင်ရဲ့”

“လမ်းမှာ ကျကျန်တော့ ဘယ့်နှယ်လုပ်မလဲ၊ နွားက တစ်ဖက်၊ ထမင်းထုပ်က တစ်ဖက်၊ ရေနွေးကရားက ပါသေး။ အိမ်ရောက်မှ ဆိတ်လည်း ရသားဟာကို”

“အိမ်ရောက်တော့ ပဲညွန့်ဆိတ်မယ့်အစား တခြား အလုပ်... အိုတော်၊ တော်ပါပြီ။ ထမင်းစားရအောင် ခြေလက်ဆေးပေတော့”

စကားကြောရှည်လျှင် အမှားပါနိုင်သည်။ အမှား ပါလျှင် ဒေါသမဖြစ်ဟု ကိုယ့်ကိုယ်ကိုယ်လည်း အာမ မခံနိုင်သည့်အတွက် သတိတစ်ချက် ဝင်သည်နှင့် ရီးကျီးဒန် စကားဖြတ်သည်။

“မဆေးတော့ပါဘူးဟာ၊ ပေး ဇလုံ”

ရီးကျီးဒန် ဆွဲဖြေနေသော ထမင်းထုပ်ထဲမှ ဇလုံဇောက်တစ်လုံး လှမ်းယူကာ ရီးဆေးရိုး ထလာ၏။ အဝေးကြီး မဟုတ်ပါ။ သည်နားတွင် ဖြစ်၏။ လယ်ကန်သင်းထောင့်တွင် ပေါင်တင်ထားသော ရေတွင်းကလေးသို့ ဖြစ်၏။ ရေတွင်းမှာ တစ်တောင်မျှသာ ကျယ်၍ နှစ်တောင်မျှသာ နက်၏။ လယ်ကွက်ထဲမှ ရေမဝင်စေရန် ရွှံ့ပေါင် တစ်ထွာခန့် ဝိုင်းပတ်ပြီး တင်ထားသည်။ ထန်းရွက်သေးသေး တစ်ချပ်ဖြင့် ဖုံးထားသည်။ မြောင်းရေထက်တော့ သန့်သည် ဆိုရမည်။ သို့ဖြစ်ငြား ထန်းရွက်ဖယ်လိုက်သောအခါ ဖားပြုပ် တစ်ကောင်ကို ကားကားကြီး မြင်ရ၏။ ရီးဆေးရိုး လက်တွန့်သွား၏။

ဖားပြုပ်မှာ ဖားနှင့် ဆင်သော်ငြား ရေသတ္တဝါ မဟုတ်။ တွင်းနံရံကိုလည်း ပြောင်နေအောင် ချောတိုက်ထားရာ ရေတွင်းထဲ လိမ့်ကျသော ဖားပြုပ် ပြန် မတက်နိုင်ဘဲ ရေနစ်သေခြင်းဖြစ်မည်။ ယခု ပုပ်ပွနေမှ ပေါလောပေါ်နေခြင်းဖြစ်၏။ ရီးဆေးရိုးသည် တွန့်သွားပြီးမှ ဖားပြုပ်သေကို ရေများများနှင့် ခပ်ထုတ် ပစ်လိုက်၏။ နောက်ထပ်လည်း လေး၊ ငါး၊ ခြောက်ခွက် ခပ်ထုတ်သည်။ သူ့စိတ်တွင် သတီစိတ်ဝင်လာတော့မှ ရေကို ခပ်ယူခဲ့၏။ ညောင်ပင်ရိပ်သို့ ရီးဆေးရိုး ပြန်ရောက်ချိန်တွင် ရေနွေးအိုး အသင့်ဖြစ်နေပြီ။ ထမင်းဇလုံ၊ ဟင်းဇလုံများလည်း မြေတလင်းတွင် စီခင်းပြီးနေပြီ။ ထမင်းအေး ဟင်းအေး ဖြစ်သော်ငြား ထမင်းပွဲဘေးတွင် တင်ပျဉ်ခွေလိုက်သည်နှင့် အမဲသားဟင်းနံ့သည် ရီးဆေးရိုး၏ နှာဝသို့ ပြေးဝင်လာ၏။ ရီးဆေးရိုးသည် သွားရည်ကို ကွပ်ခနဲ မြည်အောင် မျိုချရာက တင်ပျဉ်ခွေ ဝင်ထိုင်သည်။

••••• ••••• •••••

ရီးကျီးဒန်သည် ဟင်းသုံးခွက်အနက် နှစ်ခွက်သာ နှိုက် သည်။ ကန်စွန်းရွက်၊ ကျီးအာရွက်နှင့် ချဉ်ပေါင်ရွက် ရောချက်ထားသော ချဉ်ရည်ဟင်းကို နှိုက်သည်။ သည်ချဉ်ရည်ဟင်းထဲတွင် ထည့်ချက်ပြီးမှ ပြန်ဆယ် ယူသော ပုစွန်ခြောက်နှင့် ငရုတ်သီး ရောနှောကာ ထောင်းထားသော ငရုတ်သီးထောင်းကိုသာ နှိုက်သည်။ ကျန်တစ်ခွက်ကား အမဲသားဟင်း ဖြစ်သည်။ ရီးကျီးဒန်လည်း အမဲသားဟင်း စားခဲ့ပါသည်။ သို့သော် အမဲသား ရှောင်ခဲ့သည်မှာ နှစ်အနည်းငယ် ကြာပြီ။ သူ့ခင်ပွန်း ကြင်ဖော်ကား ယခုထက်ထိ အမဲသား စားတုန်း စားဆဲ။

ရီးဆေးရိုးသည် အမဲသားတစ်ဖတ်ကို ဝါးနေ၏။ သွားဖုံးဖြင့် ကြိတ်ချေနေရကား ကြာသည်။ ကြာဆို အတော်ကြာသည်။ သည်အဖြစ်ကို ရီးကျီးဒန် တစိမ့်စိမ့်ကြည့်ရင်း စိတ်မကောင်းမိ။

“ကိုယ့်ဆန္ဒ ပြည့်ဝဖို့ သူများ အသက်ကို ဝါးတာတောင် ပင်ပန်းဆင်းရဲလိုက်တာနော်”

သို့ကြောင့် ပင်ပန်းတကြီး လှုပ်ဝါးနေသော ပါးစပ်မှ မျက်နှာ၊ နဖူး၊ ထို့နောက် တစ်ကိုယ်လုံးသို့ တရွေ့ရွေ့ကြည့်မိ၏။

“တော့်မလဲ ဘယ်လောက် အသက်ကြီးပြီလဲဆိုတာကို ပေါင်က ထိုးကွင်းကတောင် စကားပြောနေပါရောလား”

ရီးဆေးရိုးက “ဘာဖြစ်လို့လဲဟ” မပီမသ မေး၏။

“ဆံပင်ဖြူတာ တော်မသိဘူး။ အဲဒါကြောင့် အခု ထိုးကွင်းကပါ ဖြူပြီး ပြနေပြီ။ ထိုးကွင်းတောင် ဖြူနေပါပကော”

“ဘာ နင့်အမေ၊ ထိုးကွင်းက ဖြူရမှာလဲ”

ဆဲဆဲဆိုဆိုဖြင့် ဖျတ်ခနဲ ငုံ့ကြည့်၏။ ရီးဆေးရိုး “ဟာ” ခနဲ ဖြစ်သွားရာက လက်ဖြင့် တအားပွတ်လိုက်၏။

“တယ် ဒီအမယ်ကြီးဟာ မှုန်မှုန်မွဲမွဲနဲ့ ရမ်းပြောနေတာပဲ။ ရွှံ့စက်က ခြောက်လို့ ဖြူနေတာပါဟ၊ ဘယ်ကလာ ထိုးကွင်း ဖြူရမှာလဲ”

ရေနံမင်ဖြင့် ထိုးထားသော ကြောင်ရုပ်၊ ဇော်ရုပ် မည်းမည်းများသည် တွန့်ကြေနေသော အဝတ်ပေါ်မှ အရုပ်များကဲ့သို့ ထင်နေ၏။ ရီးဆေးရိုး၏ အသား မည်းသော်ငြား ပေါင်ထက်ပိုမည်းသော ထိုးကွင်းရုပ် တွန့်တွန့်လိပ်လိပ်များက မြင်သာထင်သာ ရှိနေပါသေးသည်။ ရီးဆေးရိုး ရယ်မောမိ၏။ သို့ဖြစ်ငြား ရီးကျီးဒန် မရယ်ဖြစ်။ ချဉ်ရည်ဟင်းဖတ် တစ်ထွေးကို ငရုတ်သီးထောင်းနှင့် ရောမြှုပ်နေရာက လေးလေးကြီ ပြော၏။

“ရွာထဲမှာဆို ထိုးကွင်းရှိတဲ့ လူရယ်လို့ တော်ပဲ ရှိတော့တယ်နော်”

ရီးဆေးရိုး မျက်မှောင်ကုတ်သွား၏။

ဒီအမယ်ကြီးအို ဘာပြောချင်လို့ပါလိမ့် တွေးသည်။

“တော်နဲ့ ကျောင်းနေဖက်တွေလည်း တစ်ယောက်မှ မရှိတော့ဘူးနော်”

“အေးပေါ့၊ တို့နောက်မှာ ထိုးကွင်းမှ မထိုးကြတော့ဘဲကိုး။ သူတို့ သေမှတော့ ထိုးကွင်းရှိတဲ့လူ ဆိုလို့ ငါပဲ ကျန်တော့တာပေါ့”

“ဒါကြောင့် ရွာထဲမှာ တော် အသက်အကြီးဆုံး”

“သေမင်း ကြားသွားမယ်၊ အသာနေစမ်း”

ပြက်ရယ်စကား ဆိုကာ ရီးဆေးရိုးသည် ထမင်းကို တစ်လုတ်ပြီး တစ်လုတ် လွေးသည်။ အမဲသား ဟင်းရည် ဆမ်းလိုက်၊ ချဉ်ရည်ဟင်း သောက်လိုက် လုပ်ကာ ဟင်းရည်ဖြင့် မျှောချသည်။

ရီးကျီးဒန်ကား စကားအစ မသတ်သေး။

“ဒါလောက် အသက်ကြီးမှတော့ အမဲသား စားမနေပါနဲ့တော်။ ဝါးရတာ ပင်ပန်းလှပါတယ်”

“အမဲသားပဲ ပေါပေါရတာ၊ လွယ်လွယ်ရတာဟ။ စားလို့လည်း ကောင်းတယ်ဟ”

“ရသတဏှာကို ဖြတ်ဖို့ ကောင်းပါပြီတော်၊ ကျုပ်တို့ကို တစ်သက်လုံး လုပ်ကျွေးလာတဲ့ ကျေးဇူးရှင်တွေ တော်ရဲ့။ အမဲသားကို တစ်သက်လုံးလည်း စားလာခဲ့ ပြီးပြီပဲတော်”

ရီးဆေးရိုးသည် ထမင်းထပ်ထည့်၏။ နောက်မှ လူလိုက်လာသလို အသော့နှင်ကာ သွေးသည်။ ရီးကျီးဒန့် အပြောကို ထပ်မံမခံရအောင် ဟင်းဖတ်ကိုလည်း တစ်ချက်နှစ်ချက် ဝါးပြီး မျိုချ၏။ ထမင်းတစ်လုတ်တွင်မူ လည်ချောင်းတွင်း၌ နင်နေသဖြင့် မျက်လုံးပြူးနေရသေး၏။

“တလောတုန်းက အိမ်ထရံကြားက သံပြား တစ်ပြား တွေ့ တယ်တော့်။ ‘နွားသားမစား’ တဲ့ ရေးထားတယ်။ အဲဒီသံပြားကို တွေ့တော့မှ တော့်အဖေနဲ့ အမေများ အမဲသားမစားတာကို သတိရတယ်”

ရီးဆေးရိုးသည် ရီးကျီးဒန် ပြောမှ ထိုသံပြားကို သတိရသည်။ အလျားဆယ်လက်မ၊ အနံ လေးလက်မခန့် ရှိသော သံပြားဖြစ်၏။ အနက်ခံပေါ်တွင် အဖြူဖြင့် ‘နွားသားမစား’ ဟု ရေးထား၏။ ရီးဆေးရိုးတို့ ကာလသား အရွယ်တွင် သည်သံပြားမျိုးကို အိမ်တိုင်း အိမ်တိုင်း၏ ခါးပန်းများတွင် ကပ်ထားကြ၏။ ‘နွားသားမစား’ သံပြားကပ်ကာ အိမ်တိုင်း နွားသား ရှောင်ကြဉ်ခဲ့ကြသည်။ နွားသား မစားရန် အလှူခံသူမှာ လယ်တီဆရာတော်ဘုရားကြီး ဖြစ်၏။ ရီးဆေးရိုးမှာ သည်မျှသာ သိသည်။ မိဘလက်ငုတ် အိမ်ကြီးကို ဖျက်ပြီး အိမ်သစ်ဆောက်စဉ်က ‘နွားသားမစား’ ဆိုင်းဘုတ်လည်း ခါးပန်းမှကွာကာ ချောင်ထဲ ရောက်သွားခဲ့၏။ သည်ဆိုင်းဘုတ်ကို တွေ့သော ရီးကျီးဒန်က နွားသား မစားရန် တရားဟောနေပြီ။

“နောက်ချီး (နွားချေး) ဆိုလည်း မြေသြဇာ ရသတော်။ နို့ကိုလည်း သောက်ရသတော်။ မြေကြီးနင်းဖို့လည်း နွားရေ ရသတော်။ အသုံးအစွဲ ပြတ်လို့ လှည်းတိုက် လိုက်ဦးမလား၊ နွားကပဲ အေးအေးပူပူ လှည်းဆွဲပေးတာတော်ရဲ့”

“အင်း... ဒီလိုမှန်း သိရင်အေ၊ ညည်းကို စောစောကတည်းက စာသင်ပေးခဲ့ပါတယ်အေ”

ရီးဆေးရိုး လှည့်၍ လက်ဆေးရာက အပြုံးဖြင့် ဆိုမိ၏။

“မငေါ့ပါနဲ့”

“မငေါ့ပါဘူးဗျာ၊ ညည်း စောစော စာဖတ်တတ်ရင် ငါ အမဲသား မစားအောင် စောစောက တရားဟောမှာအေ့၊ အခုတော့”

“အခုတော့ ဘာဖြစ်လဲ”

“အခုတော့ စွဲနေပြီဟ”

ရီးဆေးရိုးသည် ခပ်သောသော ရယ်ရင်း ထရပ်လိုက်ပြီး “နွားတွေ နေပူနေပြီဟေ့၊ အရိပ်ထဲ ရွှေ့လိုက်ဦးမယ်” ဆိုကာ ညောင်ပင်ရိပ်မှ ထွက်လာသည်။ ညောင်ပင်ရိပ်၏ပြင်ပတွင် နေသည် ကျဲကျဲတောက် ပူနေပေပြီ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment