❝ ကိုယ်မလွယ်ဘူး ရူးနိုင်တယ် ❞
( လေးသူစံ )
“စပွန်ဆာပေးမယ် အသက် ၂ဝ အတွင်းဖြစ်ရမယ်။ ယောက်ျားလေး စိတ်ဝင်စားရင် Chat box လာခဲ့ပါ။ ကျွန်မ လိုအပ်ချိန်တိုင်း အနားမှာ ရှိနေပေးနိုင်ရမယ်”
ဘုရား... ဘုရား... ဘုရား။ ဒါ ဘာတွေလဲဟင်။ ရှက်စရာ ကောင်းလိုက်တာ။ မိန်းကလေးတန်မဲ့နော်။ ဒီလိုမျိုးတွေ ရေးပြီး ဖွဘုတ်ပေါ် တင်တာ မိန်းမကောင်းတဲ့လား။ နေပါဦး ဒီပို့(စ်) တင်ထားတာ ဘယ်သူပါလိမ့်။ ကောင်မလေးတဲ့... အိမ်က တူမ ဇီဇဝါ နာမည်တော့ မဟုတ်ဘူး။ နာမည်ဝှက်နဲ့ တင်ထားရင် ဘယ့်နှယ့်လုပ်မလဲ။ လာပါစေဦး။ သင်းတော့ သိမယ်။
ငါ့နှယ်နော်။ နေလို့မရ ထိုင်လို့မရ။ ဒေါသတွေရော၊ စိတ်ပူ တာတွေရော။ ဟွင်း ဟွင်း. ..
တော်သေးတယ် ဖွဘုတ် ကြည့်ပုံကြည့်နည်းတွေကို သင်ထားပေလို့ပဲ။ တူ၊ တူမတွေ ခြေလှမ်း ဘယ်လိုအချိုးတွေလဲ ဆိုတာ သိအောင်လို့ကို သင်ထားရတာ။ အစ်မကြီး အမိအရာတဲ့။ အစ်မကြီးဆိုတာ ဒုတိယမိခင်ပါတဲ့။ အဲဒီလိုတွေ စကားဥပမာတွေနဲ့ ချွဲနွဲ့လို့ သူတို့ သားသမီးတွေကို ဟောဒီ အပျိုကြီး ကိုယ့် လက်ထဲကို ထည့်ပေးခဲ့ကြပြီး ထိုင်းတို့၊ မလေးရှားတို့ကို ထွက်သွားကြပါလေရော။ မောင်၊ ညီမလေးတွေ အလုပ်အဆင်ပြေဖို့ အရေးကြီးတာပါပဲ ဆိုတဲ့ အစ်မကြီးတစ်ယောက်ရဲ့ မေတ္တာစိတ်နဲ့ တူ၊ တူမလေးတွေကို ရင်အုပ်မကွာ စောင့်ရှောက်မှုတွေ ပေးခဲ့တဲ့ ကြီးတော်ပါ။
မောင်နှမလေးယောက်မှာ ကိုယ်က အကြီးဆုံးသမီး။ ကိုယ့် အောက်မှာ ညီမနှစ်ယောက်။ အငယ်ဆုံးက မောင်လေး။ မောင်၊ ညီမတွေက ကြင်ဖော်အသီးသီး ဖြစ်သွားကြပေမယ့် ကိုယ်က ကျောင်းဆရာမ အပျိုကြီးပဲလေ။ ဟွန်း လက်တွဲမယ့်သူ မရှိလို့ မဟုတ်ဘူးနော်။ တမင်ကို အပျိုကြီးဘဝ ရွေးချယ်ထားတာ။ မိဘတွေ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ကုန်ကြတော့ မောင်၊ ညီမလေးတွေကို ကိုယ်ပဲ စောင့်ရှောက်ခဲ့ရတာပါ။ သူတို့တွေ အိမ်ထောင်ရက်သားကျသွားလည်း အိမ်ခွဲ မနေခိုင်းပါဘူး။ မိဘရဲ့ အမွေဖြစ်တဲ့ ဟောဒီ အိမ်မှာပဲ အတူတူ စုစည်းချစ်ခင်စွာ နေထိုင်ခဲ့ကြတာပါ။ သူတို့က ပေါက်ဖွားလာကြတဲ့ ကလေးတွေကိုလည်း ကိုယ်က တုန်နေအောင် ချစ်တာကိုး။
သူတို့ အပျို၊ လူပျို ဖြစ်လာတဲ့အရွယ်နဲ့ ကိုယ် ပင်စင်ယူတဲ့အချိန်က ကွက်တိဆိုတော့ သူတို့လေးတွေကို ပိုပြီး ကြည့်ရှုနိုင်ခဲ့ပါတယ်။ မောင်၊ ညီမတွေက လက်ဆောင်ပေးထားခဲ့တဲ့ တူနှစ်ယောက်နဲ့ တူမတစ်ယောက်။ ကိုယ့်သွေးသားမို့ ပြောတာမဟုတ်ပါဘူး။ လိမ္မာကြပါတယ်။ ကြီးတော်ကြီး ကိုယ့်စကားကို နားထောင်ကြပါတယ်။ ကိုယ့် ပင်စင်လစာလေးက ဆင့်ပါးစပ်နှမ်းပက် သလို ဖြစ်နေလေတော့ အများနည်းတူ ဖွင့်ထားရတဲ့ ကျူရှင်မှာလည်း သူတို့ ဝိုင်းကူ သင်ကြားပေးနေကြပါတယ်။
ခေတ်ကလည်း သိတဲ့အတိုင်းဆိုလေတော့ သူတို့လေးတွေကို လိမ္မာတယ် ဆိုပြီး စိတ်ချလက်ချ လွှတ်မထားပါဘူး။ သူတို့ စာအုပ်တွေ၊ စားပွဲတွေကို ရှင်းပေးသလိုလိုနဲ့ နေ့စဉ်နီးပါး စစ်တာပေါ့။ စိတ်ထဲ မသင်္ကာရင် သူတို့ဖုန်းတွေကို ယူပြီး ချက်ကင်ဝင်ရတယ်။ “မိဘတွေက သူများနိုင်ငံမှာ မျက်နှာငယ်ခံပြီး အလုပ်လုပ်နေကြရရှာတယ်။ မင်းတို့က ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားနဲ့ ကျောင်းစာကို မကြိုးစားချင်ကြဘူး။ ရည်းစားကလည်း ထားချင်ကြသေးတယ်။ ဘာညာနဲ့” ပေါက်ပေါက်ဖောက်သလိုလည်း ပြောရတာပေါ့။
အင်း... ကိုယ့်ကို သူတို့လေးတွေက “ဂေါ်လော်ကြီး” လို့ ကွယ်ရာမှာ ကမ္ပည်းတင် ခေါ်နေကြတာ သိတာပေါ့။ ဂေါ်မစွံတဲ့ အပျိုကြီး ၊ လော်စပီကာကြီးပေါ့လေ။ ဝါးနုက ဝါးရင့်ပတ်ချင်နေကြတာ ဟွင်း... ဟွင်း။
သူတို့ ဖုန်းတွေကို စစ်ဖို့အတွက် ဖွဘုတ် အဲလေ... ဖေ့ဘွတ် သုံးပုံ သုံးနည်းတွေကို ကိုယ့်တပည့် ဖုန်းဆိုင်မှာ သွားပြီးတော့ကို သေချာသင်ထားတာ။ ဘာရမလဲ။ တစ်ခုတော့ ရှိတာပေါ့လေ။ ကိုယ့် အသက်က ခြောက်ဆယ်ကျော် ဆိုလေတော့ ခုခေတ် နည်းပညာတွေနဲ့ အလှမ်းဝေးတယ်လေ။ ဒီတော့ မေ့သွားလိုက်၊ ပြန်သင်လိုက်နဲ့ အတော်လေးတော့ ဟုတ်နေပါပြီ။ သူတို့ ဝေါထဲ ဝင်ကြည့်ပြီး သူတို့ တင်တဲ့ ပို့(စ်)တွေ ဖတ်ရပါတယ်။ အမယ်လေး မြီးကောင်ပေါက်တွေကို ထိန်းရတာ လွယ်မှတ်လို့လားနော်။
ခုပဲ ကြည့်လေ၊ တူမ ဇီဇဝါ့ဖုန်းထဲမှာ သေသေချာချာ Screenshots ရိုက်ထားတဲ့ စာ။ ဖတ်ရတာတောင် မျက်စိရှက်ပါရဲ့။ လာပါစေဦး ကောင်မ။ မနက် ဆွမ်းတော် ကပ်ဖို့ ကော်ဖီမစ်နဲ့ မုန့်ကို သွားဝယ်ခိုင်းထားပြီး သူ့ဖုန်းကို စစ်နေခဲ့တာ။
ဟွန်း... ။
••••• ••••• •••••
“ဟာ...ကြီးကြီးကလည်း အုန်းစားပြန်ပြီ”
“ဘာအုန်းမှ မစားဘူး၊ သွေးတိုးတယ်”
“ဦးနှောက်စားတယ်လို့ ပြောတာ”
“ရူးတူးပေါတော လုပ်ပြမနေနဲ့။ ငါ့တူမလို့ ပြောရမှာတောင် ငါရှက်တယ် မိဇီဇဝါ။ ဒီလောက် ဆုံးမနေတဲ့ ကြားထဲက အရှက်ကင်းမဲ့လိုက်တာ”
“ကြီးကြီးကလည်းနော် သမီး ရှင်းပြတာ နားထောင်ပေးပါဦး။ ပြီးတော့မှ ရိုက်ချင်ရိုက်ပါ။ အဲဒီ ပို့(စ်)က သမီးရေးတာ မဟုတ်ပါဘူး။ အင်တာနက်မှာ တွေ့လို့ s/s ရိုက်ထားတာ။ သမီး ပို့(စ်)ဆို သမီးပုံ ပါမှာပေါ့။ သမီးနာမည်လည်း မဟုတ်ဘူးလေ။ ကြီးကြီးကလည်း သေချာလည်းကြည့်ပါဦးတော့”
“ညည်းအကောင့်တု လုပ်ထားရင်ရော”
“အမယ်လေး... မလုပ်ရပေါင်း အကောင့် တစ်ခုတည်းတောင် ဘေ(လ်) ကုန်လွန်းလို့ ကြီးကြီးပေးတဲ့ မုန့်ဖိုးက နည်းနည်းလေးရယ်”
“ကြီးကြီးက ကိုယ့်တူမလေးကို စိတ်ပူလွန်းလို့ပါအေ။ ဒါနဲ့ နေစမ်းပါဦး။ ဒါလောက် အရှက်သိက္ခာမရှိတဲ့ စာကိုများ ညည်းက မြတ်မြတ်နိုးနိုး”
“ဪ... ကြီးကြီးကလည်း သမီးက စာရေးဆရာမ ဖြစ်ချင်နေတာ သိရက် သားနဲ့။ အဲဒါ ... အဲဒါက မီး ဝတ္ထုရေးရင် အသုံးဝင်မလားလို့ ယူထားတာပါ။ ဇာတ်လမ်းဆင်ရမှာပေါ့။ ဟုတ်ပြီ။ အကြံရပြီ။ သမီးဝတ္ထု အဖွင့်မှာ ဒီပို့(စ်)ကို တွေ့လို့ ဂေါ်လော်ကြီး အဲ... အဲ ကြီးကြီးက တစ်အား ဆူတဲ့ နေရာက စရေးရမယ်။ အဟဲ ဟဲ”
ပြောပြောပြေးပြေး ထွက်သွားတဲ့ တူမကို ခေါင်းလှမ်းခေါက်လိုက်ပေမယ့် မမိတော့ဘူးလေ။ အင်း ... ကိုယ့်တူမလေး မဟုတ်လို့ စိတ်အေးသွားရပေမယ့် ရာနှုန်းပြည့်တော့ မအေးနိုင်ခဲ့ပါဘူး။ စပွန်ဆာပေးမယ် ဆိုပြီး လိုင်းပေါ်တင်ရဲတဲ့ ခုခေတ် မိန်းကလေးတွေ အတွက် ရင်လေးမိပါရဲ့။ အသက်ခြောက်ဆယ်ကျော် အဘွားကြီး ကိုယ့်မှာတော့ ဘာမှကို နားမလည်နိုင်တော့ပါဘူး။ သူတို့ခေတ် အင်း ... သူတို့ခေတ်။
ခေတ်ကလည်း မိန်းကလေးတွေကိုတင် စိတ်ပူရတာမဟုတ်ပါဘူး။ ယောက်ျားလေးတွေကိုလည်း စိတ်ပူရတာပဲလေ။ ကိုယ့်တူလေးတွေက ဟိုစပွန်ဆာပေးမယ်ဆိုတဲ့ ကောင်မလေး အလိုရှိတဲ့ အသက်နှစ်ဆယ်အရွယ်လေးတွေ။ ဘုရား... ဘုရား...ဘုရား။ အဲဒီ post ကို တူလေးတွေ မတွေ့ပါစေနဲ့။ မဖတ်မိပါစေနဲ့။
ခုမှ သတိရတယ်။ တူတော်မောင်နှစ်ယောက် ငြိမ်ချက်သား ကောင်းနေလိုက်ကြတာ။ သွား ချောင်းဦးမှပါ။
••••• ••••• •••••
အံမယ်...ကိုယ်တော်ချောနှစ်ယောက်က ဖုန်းကိုယ်စီနဲ့ ငြိမ်ချက်သား ကောင်းနေလိုက်ကြတာ။ ကျောင်းစာအုပ် တွေကိုတော့ ပစ်ထားကြတယ်။
“အဟမ်း”
“အမယ်လေး လန့်လိုက်တာ ကြီးကြီးရယ်”
“လန့်သွားရအောင် ဘာမဟုတ်တာတွေ ကြည့်နေကြတာလဲ။ ပေးစမ်းဖုန်း”
အနားနီးနေတဲ့ အငယ်ကောင်လက်ထဲက ဖုန်းကို ဆွဲယူလိုက်တယ်။ ပြီးတော့ အကြီးကောင်ဆီကို လက်ဖြန့်ထားလိုက်ပါတယ်။
“အင်တာနက် ပိတ်ပါရစေဦး ကြီးကြီးရယ်။ အငယ်ကောင့်ဖုန်းကို အရင်စစ်မှာ မဟုတ်လား”
အကြီးကောင်က လိုင်းပိတ်ပြီးမှ ဖုန်းကို ပေးပါတယ်။ အငယ်ကောင့်မျက်နှာက အပိုးမသေဘူးလေ။ ဒါကြောင့် သူ့နားသယ်မွေးကို တစ်ချက် ဆွဲလိုက်ပြီးမှ သူ့ဖုန်းကို ကြည့်လိုက်တဲ့အခါ ...
“ခုလေးတင် ကြေးစားအသည်းခွဲပေးဖို့ လာပြောတာ လက်ခံလိုက်ပြီ။ သူ့နေရပ်လိပ်စာက အစပေါ့။ “သဇင်” ဆိုတဲ့ ကောင်မလေးရေ- ဒူးနဲ့မျက်ရည် သုတ်ဖို့ ပဝါ ဝယ်ထားပေတော့။ ယုံယုံကြည်ကြည် အလုပ်လာအပ်တဲ့ကောင်ငယ် စိတ်ချထား။ မင်းနာမည် ငါ လျှို့ဝှက်ပေးမယ်။ မနက်ဖြန် wave နဲ့ ငွေလွှဲလိုက်ပါ”
အောင်မယ်လေး... လေး လေး။ ကောင်ငယ်က သဇင် ဆိုတဲ့ ကောင်မလေးရဲ့အသည်းကို ခွဲခိုင်းတယ်။ နှမချင်းမစာမနာ။ ကိုယ့်မှာလည်း ညီမ ရှိနေတဲ့ဟာ။
“ကောင်ငယ်”
“ဗျာ”
“ဒါဘာသဘောလဲ”
“ဟင်... ဘာကို ပြောတာလဲ”
“ဒီမှာလေ ကောင်ငယ်က အလုပ်အပ်တယ်တဲ့။ အသည်းခွဲပေးဖို့”
“ကောင်ငယ်ဆိုတာ သားတစ်ယောက်တည်းရှိတာမှ မဟုတ်တာ။ အသည်းခွဲဖို့ ဓားလည်း မရှိဘူး”
“ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့နော်။ ဒါဆို ဒီပို့(စ်)က ဘာလို့ ရောက်နေရတာလဲ”
“ခက်တာပဲ ကြီးတော်။ ဖေ့စ်ဘွတ်မှာ လူတွေက စိတ်ကူးပေါက်ရာ ရေးကြ၊ တင်နေကြတာပဲဟာ။ သား ပြဿနာ မဟုတ်ရေးချ မဟုတ်။ သားသာဆို ဒီပို့(စ်)ကို ဖျက်ပြီးမှ ပေးမှာပေါ့”
“အောင်မယ်... ဖျက်ချိန်မရအောင် ငါက ဆွဲယူလိုက်တာကို”
“ကြီးတော်ရယ် အရေး မပါတာကို အရာလုပ်နေတယ်”
“အောင်မာ ... ငါလုပ်လိုက်ရ”
“ဒီထက် ဆိုးတဲ့ ပို့(စ်)တွေ အများကြီးရယ်။ သားတို့က ကြည့်ရုံပဲ။ အာရုံအနောက် မခံဘူး။ ကြီးတော် ကတော့ စံပါပဲ။ ထစ်ခနဲရှိ ဆူဖို့ပဲကြည့်နေ”
“စိုးရိမ်လို့ဟဲ့ စိုးရိမ်လို့”
“ကြီးတော်မေတ္တာကို သားတို့ နားလည်ပါတယ်။ ကြီးတော် စိုးရိမ်သလို မဖြစ်စေရဘူး။ စိတ်ချနော်။ ကဲ... ဘုရား ရှိခိုးချိန်မဟုတ်လား။ ဘုရားခန်းကို သားကြီး လိုက်ပို့ပေးမယ်”
ကိုယ် နားမလည် လိုက်မမီတဲ့ နည်းပညာသစ် ကွန်ရက်တွေထဲမှာ မျောပါနေကြတဲ့ သူတို့လေးတွေ အတွက် အစိုးရိမ် ပိုနေမိတဲ့ ကိုယ့်အဖြစ်က လွန်နေလို့လားဟင်...။
ကိုယ် ကျောခိုင်းလိုက်တာနဲ့ ကောင်ငယ်ရဲ့ ကျိတ်ရယ်လိုက်သံကို ကြားမိလိုက် သလိုလို။
အို ...
ကိုယ် သွေးပဲတိုးမလား...
ရူးပဲ ရူးမလားလေ...။ ။
▢ လေးသူစံ
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
ဩဂုတ် ၊ ၂၀၁၈
No comments:
Post a Comment