Friday, April 12, 2024

မန္တလေး သင်္ကြန် ( ၁ )


 

❝ မန္တလေး သင်္ကြန် ❞

( ၁ )

မန္တလေး မှာ ဒီနှစ် သင်္ကြန်ပွဲ တစ်ပွဲ ပြီးသွားပြန်ပြီ ဆိုတော့ အသက်အရွယ် ကြီးတဲ့ လူကြီး တစ်ယောက် ဖြစ်နေတဲ့ အမေ တို့ အဖို့ အမေ တို့ ငယ်ငယ်တုန်း က ရေကစား ခဲ့ကြရတဲ့ သင်္ကြန်ပွဲကလေးတွေ နဲ့ ဒီခေတ် သင်္ကြန်ပွဲကြီးတွေ ကို မကြာမကြာ ယှဉ် ကြည့် မိတယ် ။

အမေ့ အနေ နဲ့ သိမီ မှတ်မိတဲ့သင်္ကြန်ပွဲ က ပဲ အကြိမ်ပေါင်း ၇၅ ခါ လောက် ကြုံဖူးခဲ့ပြီ မှုတ်လား ။

အမေတို့ ငယ်ငယ်တုန်း က မန္တလေး မှာ သင်္ကြန် ကျတယ် ဆိုတာ လူကြီးတွေ ဥပုသ် စောင့်ကြ ၊ ဘုရား ရေသပ္ပာယ်ကြ တဲ့ ကာလ ၊ လူရွယ်လူလတ် ယောက်ျားလေးတွေ က ရေတွင်းချေး ဆယ်ကြ ၊ ရေကန်တွေ ရေ လှယ်ကြ ၊ သန့်ရှင်းကြတဲ့ ပွဲ ။ ကလေးငယ်တွေ က သံဖြူရေပြွတ်ကလေး တွေ ၊ သံဖြူဖလားကလေး တွေ နဲ့ ရေပက် ကစားကြတဲ့ ပွဲ လေ ။

သင်္ကြန် နား နီးလာပြီ ဆိုရင် သံဖြူသမားတွေ က လုပ် ရောင်းတဲ့ ရေပြွတ် ၊ ရေဖလား တွေ ကို ဗန်းကြီး တွေ ထဲ ထည့်ပြီး အရပ် ထဲ လည် ရောင်းတဲ့ ဈေးသည်တွေ ပေါ် လာပြီ “ အမေ ရေပြွတ်ကလေး ဝယ် ပေးစမ်းပါ ၊ ဖလားလေး ဝယ် ပေးစမ်းပါ ။ သင်္ကြန် ကျတော့မယ် ” လို့ အသည် ကို ကြည့် ပြီး အမေတို့ က ပူဆာ ရပြီ ။ အမေ လုပ်သူ က တစ်ယောက် တစ်ခု စီ အရွယ် နဲ့ လိုက်ဖက် တဲ့ ပြွတ် နဲ့ ဖလားလေး တွေ ဝယ် ပေး လိုက်ရင် ဝမ်းသာ လိုက်တာ ။ ဘယ်တော့ သင်္ကြန် ကျတဲ့ အမြောက်သံကြီး “ ဒိန်း ” ခနဲ ကြားရပါ့မလဲ လို့ မျှော် နေကြရတာပဲ ။ ရှေးတုန်းက သင်္ကြန် မကျသေးဘူး ဆိုရင် ဧပြီလ ၁၃ ရက် နေ့ ပေမယ့် ရေ ပက်ရတာ မဟုတ်ဘူး ။ “ ဟဲ့ မပက်နဲ့ ဦး ၊ သင်္ကြန် မကျသေးဘူး ” ဆိုရင် ခွက်ကလေး ၊ ပြွတ်ကလေး ကိုင်ပြီး အသာ ရပ် နေရတာ ။ သင်္ကြန် ကျပြီ - ဆိုတာ က လည်း တစ်မြို့လုံး ကြား ရအောင် အမြောက်ကြီး တစ်ချက် ပစ်ဖောက် ပေး လိုက်တာပါ ။

အဲဒီ အမြောက် က အသံကြီး သာ မြည်တာ ဘယ်သူ့မှ ဘာမှ ထိခိုက်တာ မဟုတ်ဘူး ။ ဒါကြောင့် အမေ တို့ ဆီ မှာ “ ဟန် သာ ရှိပြီး အဆန် မပါဘူး ၊ သင်္ကြန် အမြောက် ပဲ ” လို့ တင်စား ပြောတဲ့ စကား တစ်ခွန်း တောင် ရှိခဲ့တယ် ။ ဒီခေတ် မှာ တော့ သင်္ကြန် ကျပြီ လို့ အချက်ပေးတဲ့ အသံ ဘာသံ မှ မကြားရတော့ဘဲ သင်္ကြန် မကျသေးတာ ၊ ကျပြီ ဆိုတာ ကို လည်း ဘယ်သူမှ ဂရုစိုက် မနေကြတော့ဘူး ။ နောက်ပြီးတော့ ရေ ပက်တယ် ဆိုတာ ကို လည်း ပက်ချင်တဲ့ နေရာ က ပက်ချင်တဲ့ နေ့ မှာ ပက်ကြတာ ကို လူတွေ က ဒီအတိုင်း ခံ နေကြရတယ် ။ ဆိုး တာ က မီးရထား စီး ခရီးသည် လို ဟာတွေ ကို ရေအိတ် နဲ့ လမ်း က ဆီး ပေါက်တာမျိုး သင်္ကြန် မတိုင်ခင် ရက်တစ်ပတ် လောက် က စပြီး ခံရတာတွေ ရှိ နေတယ်လေ ။ တချို့များ မျက်လုံး ရေအိတ် မှန်လာတဲ့ ဒဏ်ရာ အညိုအမည်းကြီး ကို တစ်ပတ် လောက် ဆေးကု နေရတယ် ။

အမေတို့ ငယ်ငယ် က ရေ ပက်တယ် ၊ ရေ ကစားတယ် ဆိုတာ တကယ့် ၁ဝ နှစ် ၁၂ နှစ် အောက် ကလေးငယ်တွေ ရဲ့ ပွဲ သက်သက်ပဲ ။ အပျိုလူပျိုတွေ ရေ ကစားတာ မရှိဘူးလား ၊ ရှိပါရဲ့ ။ ရှိပုံ က ဒီလိုလေ ၊ ဘယ် အိမ် မှာ အပျို ရှိတယ် ၊ တစ်ယောက် မက ရှိတယ် ဆိုရင် အဲဒီ အိမ် က အပျို ကို ရေ လောင်းဖို့ တစ်ရပ်တည်း က လူပျိုတွေ က ချောင်း နေကြရတယ် ။ အပျိုတွေ က လည်း ရေပက် ခံရမှာ ကြောက် လို့ သင်္ကြန်တွင်း ဆိုရင်တော့ တတ်နိုင် သလောက် လူမြင် မခံဘဲ အိမ်တွင်းအောင်း နေကြတာပဲ ။ မလွှဲသာ တဲ့ ကိစ္စ နဲ့ အိမ်ပြင် ထွက်ပြီ ဆိုရင်တော့ ရေပက်ချင် လို့ စောင့်နေ ၊ ချောင်းနေ တဲ့ ကောင်လေးတွေ က ချမ်းသာ မပေးတော့ဘူး ၊ ဇွတ်အတင်း ပက် တော့တာပဲ ။ အိမ် ထဲ ဝင် ပြေးရင်လည်း မိဘမောင်ဖား ကို ကျွန်တော်တို့ ရေ ပက်ချင်လို့ မ ... ကို ထုတ် ပေးပါ ခင်ဗျာ လို့ တောင်း တော့တာပဲ ။ ဒီအခါ မိဘမောင်ဖား က မ .... ရေ လာပါကွယ် ၊ ရေပက် ခံလိုက်ပါတဲ့ လို့ မလာမချင်း ခေါ်ပေးတယ် ။ ထွက် လာတော့ လူကြီးမိဘ တွေ ရှေ့မှာပဲ လောင်းချင် သလောက် လောင်းကြရော့ ။ ဘယ် အိမ် က အပျို ဘယ်သူ ရေပက် ခံနေရပြီ လို့ အရပ် ထဲ က တခြား ကာလသားတွေ က ကြား ရင် လည်း ရ ရာ ရေပုံး ရေဖလား ဆွဲယူ ပြေးလာပြီး လာ လောင်းကြတော့တာပဲ ။ တစ်ခါတလေများ လောင်းသူတွေ က များ လွန်းလို့ ချောင်းစီး မြောင်းစီး ပေါ့ ။

လူကြီးတွေ ဥပုသ်စောင့် သွားတယ် ဆိုရင် ကလေးတွေ ကို “ ဟဲ့ - ဟို မပက်ကြပါနဲ့ ။ သီလ ယူမလို့ပါ ” လို့ တောင်းပန်တယ် ၊ ကလေးတွေ က လည်း နားထောင်တယ် ။ သီလ ယူပြီး ပြန်လာပြီ ဆိုရင်တော့ ကလေးတွေ က လောင်းတော့မယ်လေ ။ ရေတွေ နဲ့ လမ်း က စောင့် နေကြတာ ။

“ ဥပုသ်သည်တွေ ပါ ကွယ် ၊ သီလ ယူခဲ့ပါတယ် ” လို့ ပြောရင် လူကြီးတွေ ကို သာ ချမ်းသာ ပေးချင် ပေး လိုက်တာ ၊ ငယ်တဲ့ လူတွေ ပါလာရင် တော့ “ ဥပုသ်သည် နာနာပက် ၊ သိကြားမင်း က မှာလိုက်တယ် ” လို့ တစ်ညီတည်း အော် ဆိုပြီး ဝိုင်း လောင်းကြတော့တာပဲ ။

သင်္ကြန် ဆိုတာ မြန်မာနိုင်ငံ ရဲ့ အပူဆုံး ရာသီ ၊ မိုး ကျခါနီးရာ သီမှာ ဖြစ်တဲ့ နှစ်ကူးပွဲ ဆိုတော့ ရေတွင်းရေကန်တွေ က ရေ ခန်းတဲ့ ကာလ ပါ ။

ရှေးတုန်း က ခု ခေတ် လို ပိုက်ရေတွေ က လုံလုံလောက်လောက် ပေါပေါများများ ရှိတာ မဟုတ်ဘူး ။ ရေတွင်း တွေ ကို အားကိုး ရတဲ့ မြို့လူထု က လူများစု ၊ ဒါကြောင့် ရပ်ကွက် ထဲ က ယောက်ျားလေး လူငယ်တွေ က ရေတွင်းချေး ဆယ် ကြတာ သင်္ကြန်တွင်း ရက် မှာ လုပ်ကြတဲ့ လူမှုရေး ကုသိုလ် ပဲ ။

တွင်း ထဲ က ရှိရှိသမျှ ရေ ကို ကုန်အောင် ဝိုင်းပြီး ခပ်ထုတ် ကြတယ် ။ ရေတွင်း ထဲ ကျ နေတဲ့ အိုးခွက်ရေပုံးစုတ် ၊ ဆပ်ပြာခွက် စတဲ့ ပစ္စည်းမျိုးစုံ ကို ရှင်းလင်း ဖယ်ရှားပြီး တစ်ရပ်ကွက်လုံး က အားကိုး သောက်သုံး ရ တဲ့ ရေတွင်း ကို သန့်ရှင်းရေး လုပ်ကြတာလေ ။

ပြီးတော့ တွင်း ပေါ် ရေချိုး လို့ စီးကျ လာတဲ့ ရေ ကို တွင်းနား မှာ ကန်ငယ် တစ်ခု နဲ့ စုပြီး ခံထားတာမျိုး ရှိတတ်တယ် ။ ဒီ ကန်ငယ် ထဲ ကို ဈေး က ဝယ် လာတဲ့ ငါး ထဲ က အရှင် ပါ လာရင် လွှတ် ထားတာ ။ မြန်မာ အိမ်ထောင် က ငါးအရှင် ကို ထုရိုက် ခုတ်ထစ် ပြီး ချက် မစားလေ့ဘူး ။ ဘေးမဲ့ ပေးလိုက်တယ် ။ အဲဒီ ရေကန်ငယ် ကို လည်း သင်္ကြန်ရက် မှာ သန့်ရှင်းရေး လုပ်ကြတယ် ။ ငါးတွေ ကို ဖမ်း ပြီး လှောင် ထားတယ် ။ ရေတွင်းချေး ဆယ်ရာ က ခပ် ထည့်တဲ့ ရေသစ်ကန် ထဲ ရေ ဝင်ပြီ ဆိုတော့ ဖမ်းထားတဲ့ ငါးတွေ ကို ပြန်လွှတ် ပေး လိုက်ရော ။ ရေကန်ငယ် ရေတွင်း ဘေး မှာ ရှိရင် ကန် ဆေး တာ က ပထမ ၊ ရေတွင်းချေး ဆယ် တာ က ဒုတိယ ပေါ့  ။

အဲဒါတွေ ပြီးတော့ ရပ်ကွက် အလိုက် ရှိကြတဲ့ ဘုရား ၊ ဇရပ်တွေ က ဘုရားတွေ ကို ရေသပ္ပါယ် ကြတယ်လေ ။ ပြီးတော့မှ နှစ်ဆန်း တစ်ရက် နေ့ မှာ ရပ်ကွက် အလိုက် ပရိတ်ရွတ်ပွဲ တွေ လုပ်တယ် ။ ဘေး အမျိုးမျိုး ရန် အသွယ်သွယ် က ကင်းဝေး အောင် သံဃာတော်တွေ က အန္တရာယ်ကင်း ပရိတ်တော် တွေ ရွတ်တော်မူပေးကြတာပါ ။

ကန် ဆေးတဲ့ အချိန် မှာ ကာလသားတွေ လူ ကို ဖမ်းပြီး ဗွက် ထဲ ချတဲ့ အကစားမျိုး ၊ တချို့က အချင်းချင်း နောက်ပြောင် ကစားကြ သေးတယ် ။ ဒါက အပျော် သဘော ပဲ လေ ။ ဒါ့ကြောင့် မခံချင်လို့ ခိုက်ရန် ဖြစ်ပွားမှုတော့ မရှိကြဘူး ။ ဒါဟာ အမေ တို့ သိပ် ငယ်ငယ်တုန်း က တွေ့ကြုံရတဲ့ သင်္ကြန်ပွဲ ပဲ ။

နောက်တော့ ခေတ်တွေ ကာလတွေ ပြောင်းပြောင်း လာပြီး ဒုတိယကမ္ဘာစစ်ကြီး မဖြစ် ခင် အမေတို့ အပျိုအရွယ် ကာလ မှာ ကျင်းပတဲ့ သင်္ကြန် က တစ်မျိုး ပုံ ပြောင်းလာတယ် ။

◾လူထုဒေါ်အမာ

📖 ကလျာ မဂ္ဂဇင်း 
      အမှတ် ၁၂၄
      ၁၉၉၅ ၊ ဇွန်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment