Sunday, September 6, 2026

မြစ်ရဲ့ ရိုးရာ


❝ မြစ်ရဲ့ ရိုးရာ ❞
       ▢ ငဒိန်း

“ကျော်မောင်တို့ မနိုးကြသေးဘူးလား မသိဘူး”

အဘိုးအိုက မျက်ခုံးနှစ်ခုကို ထိလုနီးပါး ရှုံ့၍ တစ်နေရာဆီသို့ မျှော်ကြည့်ရင်း ပြောသည်။ လအလင်း ပါးပါးအောက်တွင် ပတ်ဝန်းကျင်ကား တိတ်ဆိတ်နေ၏။

“အစောကြီး ရှိသေးတာကိုး၊ မိုးဓာတ်ကလေးနဲ့ ကွေးကောင်းတုန်း နေမှာပေါ့”

ညဦးပိုင်းက ရွာသွားသော မိုးကြောင့် အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်နေသည်ကို ရည်ရွယ်ရင်း အဘွားအိုက ပြောသည်။

“အင်း...”

အဘွားအို ပြောမှ ဥတုကို သတိထားမိသည့်အလား ကိုယ်ပေါ် လွှမ်းထားသော ပုဆိုးကို ပြင်ခြုံရင်း မီးဖိုဘေးသို့ ပိုတိုးကပ်လိုက်မိသည်။

“ပုဆိုးစလည်း မီးလောင်နေဦးမယ်၊ အောက်စလည်း သိမ်းဦး”

အဘွားအိုက ထင်းစအချို့ကို မီးဖိုထဲ ထိုးထည့်နေရင်းက အဘိုးအိုကို မျက်စောင်းထိုး၍ ပြောသည်။ မီးညွန့်တလူလူကြားမှ အဘွားအို မျက်နှာကို ကြည့်ပြီး အရှက်ပြေ တဟဲဟဲ ရယ်လိုက်၏။ အဘွားအိုကတော့ သူ့ကို ဂရုမစိုက်။ အရှိန်ရနေသော မီးဖိုထဲသို့ ထင်းတုံးအချို့ကိုပါ ထပ်ထည့်နေပြန်သည်။ တဲငယ်လေးအတွင်း ပို၍ လင်းသွား၏။ ထို့နောက် တဲအပြင်ဘက် ကပ်လျက် စင်ပေါ်မှ ဒန်အိုးတစ်လုံးကို ယူကာ ရေထည့်ပြီး မီးဖိုပေါ် တင်လိုက်၏။ အဘိုးအိုကတော့ အဘွားအို လုပ်ကိုင်နေသည်ကိုသာ လိုက်ကြည့်နေသည်။ အဘွားအိုက တဲခေါင်မိုးတွင် ချိတ်ထားသော ကြိမ်ခြင်းအသေးလေးကို ဖြုတ်ယူကာ မီးဖိုဘေး ပြန်ထိုင်သည်။ ကြိမ်ခြင်းထဲမှ ပြောင်းဖူးနှစ်ဖူးကို ယူပြီး မီးဖိုပေါ်က အိုးထဲ ထည့်လိုက်သည်။

“ဘာလုပ်တာတုံး အဘွားကြီး”

အဘွားအို လုပ်ကိုင်နေသည်ကို ကြည့်ပြီး မျက်မှောင် ကုတ်ဖြင့် မေးလိုက်သည်။

“ပြောင်းဖူးပြုတ်တာလေ၊ တော် မစားဘူးလား”

အဘိုး အမေးကို အဘွားအိုက ခပ်ဆတ်ဆတ် ဖြေရင်း ပြန်မေး၏။

“ရောင်းဖို့ ထားတဲ့ဟာကိုကွာ၊ မင်းကတော့...”

“အမယ်လေး၊ ဟောဟိုမယ် တစ်ခင်းလုံး ရောင်းပါလေ့၊ နှစ်ဖူးတည်းနဲ့ စီးပွားပျက်မလား၊ ဟင်း...”

တဲအပြင်မှ ပြောင်းဖူးခင်းဆီ မေးငေါ့ရင်း မဲ့ကာရွဲ့ကာ ပြောနေသော အဘွားအိုကို သူ ပြန်မပြောတော့။ ပြော၍လည်း မရ။ ပြောင်းဖူး နှစ်ဖူးက အိုးထဲရောက်သွားပြီလေ။

“ဒီက သူ အဆာပြေ စားဖို့လည်း ပြုတ်ပေးရသေး”

မပြီးနိုင် မစီးနိုင် တတွတ်တွတ် ရွတ်နေသော အဘွားအိုကို ကြည့်ပြီး သူ ပြုံးမိသည်။

“ပြုတ်တော့လည်း စားရုံပေါ့ကွာ”

နေရာမှ ပြင်ထိုင်ရင်း ပြောလာသော သူ့ကို အဘွားအိုက မီးဖိုထဲ ထင်းထည့်နေရာမှ ပြန်ကြည့်၏။

“အပယ်လေးတွေ ပြုတ်တာပါတော်”

“အေးပါ”

အဘွားအိုကို ထိုမျှသာ ပြန်ပြောပြီး ခါးကျောဆန့်ရင်း မီးဖိုနားမှ ခွာလိုက်သည်။ တဲ အပြင်ရောက်တော့ မိုးနံ့ပါသော လေကြောင့် လန်းဆန်းလာသလို ခံစားရသည်။ လေ တိုး၍ ပြောင်းပင်တို့ တရှဲရှဲ လှုပ်ခါသွားကြ၏။ လရောင် ကျဲကျဲအောက်တွင် ယိမ်းက နေသည့်နှယ်။

“ဟေး...၊ ဟေး... ”

ကြည့်ရင်း စိတ်ထဲရွှင်မြူးလာ၍ တဟေးဟေး ဟစ် အော်လိုက်သည်။ သူ့အော်သံက ဟိုးအဝေးရှိ ထန်းတောများဆီအထိ လွင့်ပျံသွား၏။ သူ့အော်သံနှင့် မရှေးမနှောင်းမှာပင် ဟိုမှသည်မှ တဟေးဟေး တဝူးဝူး အသံများ ထွက်လာကြသည်။ သူလို ကိုယ်လို ယာခင်း စောင့်ကြသူများပင်။ ပီတိစိတ်ဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး တဲထဲ ပြန်ဝင်တော့ အဘွားအို၏ မျက်စောင်းက ဆီးကြို၏။

“သူခိုး မကပ်အောင် အော်တာပါကွာ၊ ဟဲဟဲ”

တဟဲဟဲရယ်ရင်း ဖြေရှင်းချက် ပေးနေမိသော သူ့ကို အဘွားအိုက အပြစ်တင်ဟန် ဆို၏။

“အူပွတာက အဲ့ဒီလိုတော့်”

••••• ••••• •••••

ဘိုးလေးတို့ လင်မယားကတော့ လိုက်ပါ့ဗျာ၊ မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတာ ဘိုးလေးတို့မှ အစစ်”

ပြောင်းဖူး ချိုးနေရင်း အသံကြား၍ လှည့်ကြည့်လိုက်သည်။ ဒင်္ဂါးဆေးပေါ့လိပ်ကို ခဲပြီး ဟန်ပါပါ ခါးထောက်ရပ်နေသော ကျော်မောင့်ကို တွေ့ရသည်။ အဘွားအိုက ကြားဟန်မတူ။ နေမမြင့်ခင် ဖောက်သည် ပေးလောက်ရန်အတွက် ပြောင်းဖူးကိုသာ တွင်တွင်ချိုးနေ၏။

“လာလေကွာ၊ ရေနွေး သောက်ဦး”

ခေါင်းတွင် ပေါင်းထားသော ပုဆိုးအိုကို ဖြုတ်ယူပြီး မျက်နှာနှင့် လည်ပင်းတစ် လျှောက်ရှိ ချွေးစများကို သုတ်ဖယ်ပစ်ရင်းက ကျော် မောင့်ကို ခေါ်လိုက်သည်။ ကျော်မောင်က အဘိုးအိုအနီးရှိ ပုံထားသော ပြောင်းဖူးများကို တစ်ချက်လှမ်း ကြည့်ရင်း ပြောင်းဖူးခင်းထဲ ဆင်းလာသည်။

“မလောက်သေးဘူးလား ဘိုးလေးရ၊ များလှပြီရော”

အဘိုးအိုက ပြောင်းဖူးပုံ အနား နေရိပ်တွင် ပုဆိုးစဖြင့် အုပ်ထားသော ရေနွေးအိုးကို လှမ်းယူပြီး ပန်းကန်ထဲ ငှဲ့ထည့်လိုက်သည်။ ထို့နောက် ရေနွေးပူပူကို တရှူးရှူး မှုတ်သောက်ရင်း-

“ရင့်တာတွေ များနေပြီကွ၊ ဒီနေ့ ချိုးရသမျှ အကုန် ပေးရမှာ၊ အင်း.. နေကုန်မယ် ထင်တာပဲ”

“လူငှားလေ ဘိုးလေးရာ၊ လင်မယားနှစ်ယောက်တည်း ဘယ်နိုင်မတုံးဗျ”

“ဟကောင်ရ၊ လူငှားဖို့က လွယ်မလားဟ၊ တစ် ယောက်ကို နေကုန်ဆိုရင် သုံးထောင်ဟ။ ပြီးတော့ အဲ့ဒီလောက်လည်း မချိုးလောက်သေးဘူး။ တို့လင်မယား နှစ်ယောက်တည်းနဲ့ နိုင်ပါတယ်ကွာ”

အဘိုးအိုက ပြောရင်း ပြောင်းဖူးခင်းကို ဝေ့ကြည့် လိုက်၏။ ပြောင်းပင်ကိုယ်စီမှ အမွေးခြောက်လုလု ပြောင်းဖူးများကို တွေ့ရသည်။ ထို့နောက် ပြောင်းခင်းဆီ လာရာလမ်းသို့ တစ်ချက် မျှော်ငေးသည်။ လူရိပ်လူယောင် မမြင်ရသေး။ တံလျှပ်တရိပ်ရိပ် ထ,နေသော နေရောင်အောက် ညဦးမိုးကြောင့် စိုထိုင်းသွားသည့် လမ်းလေးပင် ခြောက်နေရော့မည်။

“ဖိုးထူးနဲ့ မိရွှေဝင်းက မလာဘူးလား ဘိုးလေး”

“ဟေ”

“ဖိုးထူးနဲ့ မိရွှေဝင်းရောလို့”

“ဪ... အေး၊ လာမှာကွ၊ အိမ်မှာကလည်း သိတဲ့အတိုင်းပဲ၊ ဈေးဆိုင်နဲ့ ချက်ရ ပြုတ်ရနဲ့ မအားကြဘူးဟ၊ လာကြမှာပါ”

လမ်းလေးဆီ မျှော်ငေးနေရင်း ကျော်မောင့်အမေးကို အထစ်ထစ် အငေါ့ငေါ့ ပြန်ဖြေမိသည်။ တကယ်က သူ့သမီးနှင့် သမက်အကြောင်းကို အဘိုးအိုလင်မယားပင် မက တစ်ရွာလုံးက သိကြပါသည်။ ကျော်မောင်က အဘိုးအိုကို ကြည့်ပြီး ခေါင်းတစ်ချက် ညိတ်ကာ ပြုံးသည်။ သူ့ အပြုံးသည် အဘိုးအိုလင်မယားကို အားကျနေဟန် ရှိ၏။

“ကိုင်း ရေနွေးသောက်ဦးကွာ၊ အလုပ်ကလေး ပူနေလို့ ဆက်လုပ်လိုက်ဦးမယ်”

ပြောရင်း ထိုင်ရာမှထ, ကာ ချိုးလက်စ ပြောင်းပင်တန်းဆီ လျှောက်သွားသည်။ အသက် ခြောက်ဆယ်ကျော် လာခဲ့သော်လည်း အဘိုးအို၏ ခြေလှမ်းတို့မှာ ပေါ့ပါးနေဆဲ။ ပြောင်းပင်ကို တစ်ဖက်က ကိုင်၍ ပြောင်းဖူးကို ဆတ်ခနဲဆတ်ခနဲ ချိုးယူနေပုံမှာ ဘဝတစ်လျှောက်လုံး လုပ်လာခဲ့သည့်ပုံစံမျိုး ကျွမ်းကျင်လွန်းလှသည်။ တကယ်လည်း သည်အလုပ်ကို အဘိုးအို ဘဝတစ်လျှောက်လုံး လုပ်လာခဲ့သည်ပဲ။ တောထဲမှာနေ တောလေကို ရှူရင်း မိသားစုကို ပျိုးထောင်လာခဲ့သည်။ ပင်ပန်းမှုကို တွေးပင် မတွေးမိ။ အဘွားအိုကတော့ သူနှင့် စာလျှင် အနည်းငယ်အိုစာသည်။ သို့သော်လည်း အလုပ်နှင့် ပတ်သက်လာလျှင် ညည်းညူသည်ဟူ၍ မရှိ။ လုပ်စရာ အလုပ် မရှိလျှင် ချိတ်ကောက် တစ်ချောင်းဖြင့် တောလည် ထွက်ရင်း ဟင်းစားရှာနေတတ်သူမျိုး။ သည်နေ့တော့ မိုးစင်စင် မလင်းမီကတည်းက လင်မယားနှစ်ယောက် ပြောင်းခင်းထဲ ဆင်းခဲ့ကြ သည်။ နေ့လယ်တွင် ပြောင်း ဖူး ဖောက်သည် လာယူမည် ဟူသော သတင်းစကားအရ ရနိုင်သမျှ ဆင်းချိုးနေကြခြင်းဖြစ်၏။ နေပြင်းပြင်း ပူနေသော်လည်း ပြောင်းခင်းထဲမှာတော့ သိပ်မခြောက်တတ်သေး။ တစ်နယ်မြေမို့ ရေ အနေကြာသည်။ စေးကပ်နေ သော ရွှံ့မြေကို အားထည့် ရုန်းရင်း အလုပ်တွင်ရေးသာ အာရုံစိုက်ထားရ၏။ နေက တော့ တဖျစ်ဖျစ်မြည်အောင် လောင်နေဆဲ။

••••• ••••• •••••

“တစ်ဖူး ခြောက်ဆယ်ပဲ၊ မလျှော့ပေးတော့ဘူးလေ၊ ပြောင်းဖူးလည်း ကြည့်ဦး၊ တကယ့် ခေါင်ဖူးတွေတော့၊ တော်တို့မို့ ဦးဦးဖျားဖျား ဒီ ဈေးနဲ့ ပေးတာ၊ တော်တို့ မယူလည်း ကျုပ်ပြောင်းဖူး မျက်နှာ မငယ်ရဘူး၊ ယူမယ့်လူမှ ပေါလွန်းလို့”

သူ့သမီးနှင့် ပြောင်းဖူး ဖောက်သည် ယူမည့်သူတို့ ဈေးစကား ပြောနေသည်ကို ခပ်လှမ်းလှမ်းမှ နေ၍ ရေနွေးကြမ်း သောက်ရင်း အကဲခတ်နေမိသည်။ စကားတတ်လှပြီး စီးပွားရေးအကွက် မြင်လှသည့် သမီးကို ကြည့်ရင်း အဘိုးအို ကျေနပ်နေသည်။ အဘွားအိုကတော့ ညနေစာ ချက်ရန် ပြင်နေ၏။ ပြောင်းဖူးခပ်ရွယ်ရွယ် ငါးဖူးခန့်ကိုလည်း ရေဆေးထားသေးသည်။ ကြည့်ရတာ ညနေစာ ပြောင်းဖူးစေ့ကြော်နှင့် ညားမည့်ပုံပင်။ ပြောင်းဖူးနုနုလေးများကို ကြက်သွန်နီပါးပါးထည့် ကြော်စားရသည်ကို အဘိုးအို နှစ်သက်သည်။ ချိုဆိမ့်ဆိမ့်အရသာက တွေးကြည့်ရုံနှင့်ပင် လျှာပေါ်ဖြတ် ပြေးသွားလေသည်။

“အိုတော်... ငါးဆယ့် ငါးကျပ်လည်း မထားဘူး၊ အဆစ်ပေးဆို ပေးလိုက်မယ်၊ ခြောက်ဆယ်ပဲ”

နောက်ဆုံးတော့လည်း သူ့သမီးစကားကို ဖောက်သည်တို့က လိုက်လျောရ သည်ပင်။ ဈေးစကားပြော အပြီး ရေကြတွက်ကြ၊ ပိုက်ဆံ ရှင်းကြနှင့် အလုပ်များကြပြန်သည်။

“ဟော်တော်... အမေ၊ အဲ့ဒါ ဘာလုပ်တာတုံး”

ပြောင်းဖူးစေ့ ကြော်ရန် အတွက် ပြောင်းဖူးကို ဓားဖြင့် လှီးရန်ပြင်နေသော အဘွားအိုမှာ သမီးဖြစ်သူ အသံကြောင့် တန့်သွားရသည်။

“ဟေ ... ပြောင်းဖူးစေ့ ကြော်မလို့လေ၊ ညနေစာ..”

“အမယ်လေး အမေရယ်၊ တစ်ဖူး ခြောက်ဆယ် ရတဲ့ ပြောင်းဖူးကို ကြော်စားမလို့လား၊ ပေး ပေး”

ပြောပြောဆိုဆို အဘွားအိုလက်ထဲမှ ပြောင်းဖူးကို ဆတ်ခနဲ ဆွဲယူရင်း ဖောက် သည်များ ရေတွက်နေသည့် အထဲ ပစ်ထည့်ပေးလိုက် သည်။ အဘွားအိုမှာ ဓားမတိုကို ကိုင်ထားလျက်မှ ကြောင်အမ်းအမ်းဖြစ်နေသည်။

“အပယ်လေးတွေပါ အေ၊ အဘိုးကြီး ကြိုက်တတ်လို့ ကြော်ကျွေးမလားလို့ပါ”

“အမေကလည်း အပယ် ဆိုတာ ရှိမလား၊ သူ့ဈေးနဲ့ သူ ရောင်းလို့ ရတာပဲ”

“အေးပါ အေးပါ”

အဘွားအိုက ထိုမျှသာ ပြန်ပြောပြီး တဲဘေးနားတွင် ထောင်ထားသော ချိတ်ကိုယူ ၍ ခပ်လှမ်းလှမ်း တောတန်း ဆီ ထွက်သွားသည်။ ညနေ စာအတွက် ဟင်းရွက်ခူးထွက်သည့် သဘောပင်။

“မိရွှေဝင်းတို့တော့ ဈေးကောင်းရပြီဟေ့”

ကျော်မောင်က ပြောရင်း အဘိုးအိုဘေးတွင် ဝင်ထိုင်၏။

“တော့်ပြောင်းခင်းက မချိုးရသေးဘူးလား”

“နောက်လထဲမှ ချိုးရမှာဟ၊ ဈေးကောင်းတော့ မမီတော့ဘူးပေါ့ဟာ”

ကျော်မောင်နှင့် သူ့သမီးတို့ ပြောဆိုနေကြသည်ကို ကြည့်ပြီး အဘိုးအို ကျေနပ်နေသည်။ လူပုံအလယ် လက်မ ထောင်နိုင်နေသော သမီး အတွက် ဂုဏ်ယူမိ၏။

“ဒါနဲ့ ဖိုးထူး မပါဘူးလားဟ”

“ကိုဖိုးထူးက ရှင်ဘုရင်လေတော့၊ ရှင်ဘုရင်ဆိုတာ နန်းတော်ထဲကနေပဲ အကုန် ညွှန်ကြားတာ၊ ဘယ်တုန်းက များ လူရှေ့ ထွက်ဖူးလို့တုံး၊ ဟင်း... ဟင်း....”

မိရွှေဝင်း ပြောစကား ကြောင့် ကျော်မောင် မျက်နှာ တစ်ချက် ပျက်သွားကာ အဘိုးအိုကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ အဘိုးအို ကတော့ မကြားဟန်ပြု၍ ဟင်းရွက်ခူးရန် တရွေ့ရွေ့ လှမ်းသွားနေသော အဘွားအို ကိုသာ ငေးကြည့်နေလိုက်သည်။ မိရွှေဝင်းက သူ့စကား သူ သဘောကျကာ တဟင်း ဟင်း ရယ်နေသေး၏။ ခဏကြာမှ ဖောက်သည် ပေးသော ပိုက်ဆံတစ်ထပ်ကို ချိုင်းကြားညှပ်ရင်း ကန်သင်းရိုးပေါ် ရပ်ထားခဲ့သော ဆိုင်ကယ်ရှိရာ ထွက်သွားသည်။ သူ့ကိစ္စ ပြီးပြီဖြစ်၍ အိမ်ပြန်တော့မည်လေ။

“ဩော် ... အဖေ၊ မနက်ဖြန်လည်း ရသလောက် ချိုးထားဦးနော်၊ ဖောက်သည်တွေ ပြန်လာဦးမှာ”

“အေးပါ အေး အေး၊ စိတ်ချ”

ဖောက်သည်တွေနှင့် ကျော်မောင်က ဆိုင်ကယ်စီး၍ ထွက်သွားသော သူ့သမီးကိုတစ်လှည့် သူ့ကို တစ်လှည့် ကြည့်နေကြသည်။ သူက တော့ ကျော်မောင်တို့ အကြည့်များကို မသိကျိုးကျွန်ပြုရင်း တဖြည်းဖြည်း ဝေးသွားသော သမီးဖြစ်သူကိုသာ ပြုံး၍ ကြည့်နေမိသည်။ စောင့်ကြည့်နေကြသော မျက်ဝန်းများကြား ကြိတ်မှိတ်ပြုံးရသည်မှာ ပင်ပန်းလွန်းလှ၏။ သမီးဖြစ်သူ၏ စကားတစ်ခွန်းကို ခွင့်လွှတ်ပေးပြီးသား ဆိုသော်လည်း သူ ဝမ်းနည်းတတ်ပါသည်။

••••• ••••• •••••

ထန်းတောကြား ငုပ်လျှိုးလုဆဲဆဲ နေလုံးကို ငေးနေမိသည်မှာ သူ့ဘေးနား အဘွားအို လာထိုင်သည်ကို ပင် သတိမထားမိ။

“အဘိုးကြီး၊ ထမင်းစားတော့မလား”

တိုးလျလျ အဘွားအို အသံကြောင့် သူ လှည့်ကြည့်လိုက်သည်။ အဘွားအိုက မှိန်ဖျော့သော မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေ၏။

“မဆာသေးပါဘူးဟာ”

တကယ်လည်း အဘိုးအို မဆာသေးပါ။ စားချင်စိတ် မရှိတာလည်း ဖြစ်နိုင်ပါသည်။

“ဟင်းရွက်ကြော်လေး ပူတုန်း စားလိုက်ပါ့လား တော်၊ အဆာလွန်နေမယ်”

ကရုဏာသံအပြည့်ဖြင့် ပြောလာသော အဘွားအိုကို သူ ခပ်ငေးငေး ကြည့်ဖြစ်သည်။

“အဘွားကြီး”

“တော်”

အဘွားအိုက သူ ဘာပြောမည်ကို သိနှင့်နေသည့် အလား မျက်လုံးချင်း အဆုံ မခံ။ ထန်းတောညို့ညို့ဆီသို့ ငေးနေ၏။

“မြစ်ရေ မခန်းစေနဲ့ အဘွားကြီးရေ၊ မြစ်ရေ မခန်းစေနဲ့”

ထိုမျှသာ သူ ပြောပြီး တဲထဲဝင်ခဲ့သည်။ အဘွားအို ကတော့ နေရောင် မရှိတော့ သော ထန်းတောဆီ ငေးကျန်နေခဲ့၏။ ခန္ဓာရှိသေးသရွေ့ လိုအပ်သည်ကို ဖြည့်ဆည်း ပေးရမည်ဟု တွေးရင်း ထမင်းစားပွဲပေါ်မှ အုပ်ဆောင်းလေးကို လှန်လိုက်သည်။ ခူးပြီးသား ထမင်း ပန်းကန်ပြား တစ်ချပ်နှင့်အတူ အဘွားအို၏ မရိုးနိုင်သော လက်ရာ ဟင်းရွက်ကြော်က အငွေ့တလူလူနှင့် ဆီးကြို၏။ သည်ထမင်းဝိုင်းမျိုးကို ဟိုး အရင်ကာလတစ်ခုဆီတုန်းကတော့ မိသားစုစုံညီ လက်ရည်တစ်ပြင်တည်း စားခဲ့ဖူးပါသည်။

▢ ငဒိန်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇူလိုင်၊ ၂ဝ၂ဝ

No comments:

Post a Comment