❝ မန္တလေး သင်္ကြန် ❞
( ၂ )
အထက် က အမေ တို့ ကလေးဘဝ တုန်း က ကြုံခဲ့ရတဲ့ သင်္ကြန်တွေ အကြောင်း ရေး ခဲ့တယ် ။ အခု အမေတို့ အသက်ကလေး တော်တော် ရလာတဲ့ အချိန် ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင် က အထိ ကြုံခဲ့ရတဲ့ မန္တလေး သင်္ကြန်ပွဲတွေ အကြောင်း ရေးချင်သေးတယ် ။
အမေတို့ လူတွေ က လေ ပျော်ချင်တတ်တဲ့ လူမျိုး ၊ ပျော်ပျော် နေချင်တဲ့ လူမျိုး ၊ ပျော်စရာ ဆိုရင် တော်တော် တန်ဖိုး ကြီးတာတွေ နဲ့ တောင် လဲချင်တတ်တဲ့ လူမျိုး ပါ ။
ဒီလို ပျော်ချင်တတ် တဲ့ လူမျိုး စရိုက် က ကောင်းတာတွေ လည်း ရှိရဲ့ ၊ မကောင်းတာ တွေ လည်း ရှိပါတယ် ။ ပျော် လို့ ချည်း နေတာပဲလား ဆိုတော့ လည်း မဟုတ်ပြန်ဘူး ။ စိတ်ဆိုးစရာ ရှိရင် ထောင်းခနဲ ။ ဒါပေမယ့် မြန်မြန် ပြန်ပြီး ပြေ တတ်တယ် ။ မေ့ လွယ်တယ် ။ ဒါဟာ သွေးပူတဲ့ လူမျိုး ရဲ့ လက္ခဏာ လို့ ဆိုကြတာပဲ ။
ဘာပဲဖြစ်ဖြစ် သင်္ကြန်ပွဲ ကို ကလေးတွေ ကစား နေကြရာ က နောက်တော့ ဆယ့်လေးငါးနှစ် တွေ လည်း ဝင် ကစားကြတယ် ။ အဲဒီတော့ လမ်းမ ပေါ်တွေ မှာ သွားလာ နေတဲ့ မြင်းရထား တွေ ၊ စက်ဘီး တွေ ကားတွေ ကိုပါ ရေ နဲ့ လှမ်း ပက်တာတွေ ဘာတွေ ၊ ကြီးတဲ့ ကလေးတွေ က လုပ် လာကြရော ။ ဒီလို ရေပက် တဲ့ ကိစ္စ ကျယ်ပြန့် လာတော့ ပထမ တော့ ရေပက် မခံချင်သူ ရော ၊ ခံချင်သူ နဲ့ ရော တွေ့ တာပေါ့ ။ နောက်နှစ် နောက်နှစ် တွေ ကျ တော့ လမ်းမကြီးတွေ ပေါ် မှာ အစုအဝေး နဲ့ ဘယ်နား ဘယ်နား က ရေပက် နေကြတယ် ဆိုတာ သတင်း ရပြီး ပျော်ချင်တဲ့ ရေပက်ခံ ထွက်ချင်တဲ့ လူတွေ က ပက် မယ့် အစုအဝေး ရှိတဲ့ နေရာ ကို လာကြ ဖြတ်ကြသန်းကြ လုပ် လာတယ်လေ ။ ပျော်ချင် လို့ တမင် ရေပက်ခံ လာတယ်ပေါ့ ကွယ် ။
အဲဒီလို အစုအဝေးကလေး တွေ နဲ့ အင်တုံကြီး တွေ ရေစည်ပိုင်း တွေ ချပြီး ဆယ့်လေးငါးနှစ် အရွယ်တွေ ရေပက် လာကြတော့ သမီး မိန်းကလေးရှင် မိဘတွေ ထဲ က အချို့က သမီးပျို ပေါက်စလေး တွေ ကို ရေဝင် ပက်ခွင့် ရေကစားခွင့် ပြု ပါတယ် ။ တချို့ မိဘတွေ က ခွင့် မပြုပါဘူး ။ ဘာပြုလို့လဲ ဆိုတော့ ရေပက်သမား အချင်းချင်း တစ်ရပ်တည်း သားသမီးတွေ ဆိုတော့ သူများ မလောင်းခင် ကိုယ့် အချင်းချင်း က ပထမ လောင်းကြ ပက်ကြ သေးတာကိုး ။ အဲဒီလို ပက်တဲ့အခါ တချို့ ကလေးတွေ က ကျောကုန်း ပေး တဲ့ မိန်းကလေး ကို ကုပ် က နေပြီး ရိုးရိုး ရေ နဲ့ လောင်းချတာမျိုး လုပ်တာ ပေမယ့် တချို့ ညစ်တဲ့ လူငယ်များ က ကျောကုန်း ခံတဲ့ မိန်းမပျို ကို ရေ လောင်းတာ ရိုးရိုး မလောင်းဘဲ လက် နဲ့ ပုတ် လောင်းတာတို့ ဘာတို့ လုပ် ချင်တယ် ။ အဲဒါမျိုး မခံရအောင် လို့ တချို့ အမေ တွေ က သူတို့ သမီး ရေ ပက်တဲ့ အထဲ မထည့်ပါဘူး ။ ဒီလို အမေများ ရဲ့ သမီးများ ရေပက် ကစား ရခဲ့ပါတယ် ။
အဲဒီလို အစုအဖွဲ့ နဲ့ ရေပက် မှုမျိုး ဟာ တစ်နှစ် ထက် တစ်နှစ် ပိုပို များများ လာပြီး အပျိုခေါင်း တို့ ၊ လူပျိုခေါင်း တို့ ဩဇာ ကြီးတဲ့ အရပ် ၊ အပျိုလူပျို ပေါ တဲ့ အရပ်တွေ က ရေပက်သင်းကြီး တွေ လို ဖြစ် လာပြီး အင်တုံ လောက် မကတော့ ဘဲ စည်ပိုင်းကြီး တွေ ရေစည်ကြီး တွေ သံရေကန်ကြီး တွေ ပါ လမ်းဘေး ချပြီး လူ သုံးဆယ် လေးဆယ် ရေလောင်းကြ ၊ ရေကစားကြတယ်လေ ။ နေ မြင့်လို့ သိမ်းပြီ ဆိုရင် အရပ် ထဲ မှာ အမေ တို့ မထည့် လို့ ဝင် မပက်ရတဲ့ မိန်းကလေးတွေ အိမ် အပျိုကြီးတွေ အိမ် ကို လိုက် ပက်ကြ ပြန်တယ် ။ ပြီးမှ လူစုခွဲ ရေချိုး အဝတ် လဲ ကြတယ် ။
၁၉၂၈ ခုနှစ် ရောက် တော့ မန္တလေးမြို့ မှာ မြို့မ အပျော်တမ်းတူရိယာ အဖွဲ့ ဆိုတာ လူငယ်တွေ စုစည်း တည်ထောင်တဲ့ အဖွဲ့ ပေါ် လာတယ် ။ မြို့မအဖွဲ့ က သူ့ ချည်း လည်း ပေါ် လာတာ မဟုတ်ဘူး ။ မာဃတူရိယာ အဖွဲ့ ဆိုတာ လည်း သူ နဲ့ မတိမ်းမယိမ်း ပေါ် လာတယ် ။ မာဃ နဲ့ မြို့မ ဆိုပြီး အပြိုင်အဆိုင် ဖြစ်နေကြ သေးတယ် ။ မြို့မငြိမ်း က ယမုန်နာငါး နဲ့ ဂင်္ဂါငါး သီချင်းမျိုး စပ်တာ ဟာ သူတို့ မြို့မ နဲ့ မာဃ နဲ့ ပြိုင် နေတာ ကို ထုတ်ဖော်တဲ့ သီချင်းပါ ။
ဒီလို အပြိုင် ရှိနေတော့ မြို့မအဖွဲ့ က သင်္ကြန်တွင်း မှာ ဘုရား ရေသပ္ပါယ် သွားမယ် ဆိုတဲ့ အစီအစဉ် တစ်ခု လုပ်ပြီး ငန်းဖြူရုပ်ကြီး တစ်ရုပ် ကို ဝါး နဲ့ စက္ကူ နဲ့ လှလှပပ ချိုး စေပါတယ် ။ ပြီးတော့ ကားပက်လက်ကြီး ရဲ့ ထိပ် မှာ ငန်းရုပ်ကြီး တင်ပြီး သူတို့ အဖွဲ့သားတွေ က ပုဆိုး ဆင်တူတွေ နဲ့ ကား ပေါ် မှာ ကု,လားထိုင် တွေ နဲ့ ထိုင် ၊ တီးမှုတ်ပြီး မဟာမုနိဘုရား ကို ရေ ကန်တော့ သွား ကြတယ် ။ ငွေရေတကောင်းကြီး ထဲ ပန်းတွေ ထည့်ပြီး အလှပြ ရင်း အတီးပြ ရင်း ကြွားဝင့် သွားပါတယ် ။
အဲဒီ အချိန်မှာ မာဃတူရိယာ အဖွဲ့ က လည်း “ ( တူလိမ့်မယ် မထင်ကြနဲ့ ) ကိုး ဆယ်ဆ ကွာ ၊ တူလိမ့်မယ် မထင်ကြနဲ့ ယဉ်စစ မာဃတူရိယာ ” ဆိုတဲ့ သီချင်းမျိုး တွေ နဲ့ တီးမှုတ် နေတာပါ ။
မြို့မ ကတော့ မဟာမုနိဘုရားကြီး ကို ရေသပ္ပါယ် ပန်းကပ် သွားရာ က ပြန် တော့ မြို့ ကို လှည့်တာပါပဲ ။ ဒီလို အလှပြ လှည့် နေတာကို ရေပက် မခံရ သေးပါဘူး ။
နောက်နှစ် နောက်နှစ် တွေ ကျတော့ ဘုရား ကို ရေသပ္ပါယ် သွားတဲ့ ရက် က အကြိုနေ့ ။ အကျနေ့ တွေ မှာ သူတို့ က လည်ရင်း ရေပက်ခံရင်း ပြုံးပြုံးရွှင်ရွှင် ဖြစ် ကုန်ကြပါပြီ ။ မတားပါဘူး ။ ရေ စိုရင် ပျက်စီးမယ့် တူရိယာမျိုး ကို လည်း ကား ပေါ် ယူ မလာခဲ့ကြဘူး ။ အဲဒီလို မြို့မ က အလှပြကား နဲ့ ရေပက် ခံတာ စ ပြီးတဲ့ နောက် ရေပ က်တဲ့ မိန်းကလေး တွေ က လာပုံ ကို အမေ မှတ်မိ သမျှ ပြော ရရင် -
မြို့မ ရေပက်ခံကား ရေပက်သူ တွေ ရှေ့ ရပ်ပြီး တီး ပြတဲ့ အခါ က တတ်တဲ့ လူ ရှိရင် က ပါ လို့ သူ တို့ က လည်း တောင်းဆိုတယ် ။ ဘေး က ပွဲကြည့် ပရိသတ် က လည်း ပြောကြတယ် ။ ဒါကြောင့် နည်းနည်းပါးပါး က တတ်တယ် ထင်တဲ့ ရေပက်သူ မိန်းကလေး တစ်ယောက် ယောက် က ရှက်ကိုးရှက်ကန်း နဲ့ ကားဘေး ထွက်လာတယ် ။ နောက်တော့ တစ်ယောက် ထဲ က တာ ကြောင် လို့ နှစ်ယောက် သုံးယောက် ထွက် လာတယ် ။ ရပ် က ရင်း နဲ့ မြို့မကား ကို လှည့်ပတ် ပြီး က လာတယ် ။
ဒီလိုနဲ့ ရေပက်သူ မိန်းကလေးတွေ က က တာ စ တာပါပဲ ။ နောက်တော့ ယိမ်းသဘောမျိုး အထိ တိုးတက် လာပါတယ် ။ ရေ ပက်တဲ့ အသင်းတွေ က အကြီးအကျယ် ပြင်ဆင် ကြတာ ကို စတင်သူ က တော့ နဂါးရေသဘင် လို့ အမေ ထင်ပါတယ် ။ နဂါးရေသဘင် ဆိုတာ နဂါးဆေးလိပ်ခုံကြီး က ဖွဲ့ တဲ့ ရေသဘင် အဖွဲ့ ပါ ။ နဂါးဆေးလိပ်ခုံ က ဖွဲ့ တာ ပေမယ့် နဂါးမယ် ဆိုတဲ့ နာမည် မှည့်တာ က လွဲ လို့ ဆေးလိပ် ကြော်ငြာတဲ့ သဘော လုံးဝ မဆောင်ပါဘူး ။ ဒီ ခေတ် မှာ ပေါ် လာတဲ့ ကြော်ငြာ ရေသဘင်တွေ နဲ့ ဘာမှ မတူပါ ၊ မဆိုင်ပါဘူး ။
နဂါးဆေးလိပ်ပိုင်ရှင် ဒေါ်ဦး က အက လည်း သင် ပေးတဲ့ လူ မရှိခဲ့ဘဲ နဲ့ ကောင်းကောင်း က တတ်တယ် ။ ပြီးတော့ သူ က ပျော် တတ်တယ် ။ ဒါကြောင့် သူ့ ဆေးလိပ် လိပ် တဲ့ မိန်းကလေး တွေ ပျော်ပါစေ ဆိုပြီး ရုပ် ချောတဲ့ ၊ သင် ပေးရင် က တတ်မယ့် ဆေးလိပ်သမလေးတွေ ကို လေးငါးဆယ် ရအောင် ရွေးတယ် ။ ရွေးပြီး သီချင်း ရေး ခိုင်းတယ် ။ မင်းသမီး တစ်ယောက် ကို အက သင်ပေး ဖို့ ခေါ်တယ် ။ ပြီးတော့ ဆိုင်း တစ်ဆိုင်း နဲ့ အကျအန အက တိုက် တယ်လေ ။ ဒေါ်ဦး က အက သင်တာ က လည်း တစ်လ ကိုးသီတင်း ၊ ပြီးမှ ယူနီဖောင်း ဝယ်ပေး ပြီး က စေတာ ။ သူ ကိုယ်တိုင် က ဝင် မကတာ က လွဲ ရင် မိန်းကလေး တွေ နဲ့ အတူ မိုး အလင်း ခုံ ပေါ်က ဆင်း တာ မဟုတ်ဘူး ။ သူ့ အကအဖွဲ့ ကို တစ်ခါတလေ ရေနန်းသူဇာ လို့ နာမည် ပေးတယ် ။ နဂါးမယ် ဆိုတဲ့ စကား နှစ်တိုင်း သုံးတာ မဟုတ်ဘူး ။
မြို့မအဖွဲ့ က မော်တော်ကားကြီး နဲ့ ငန်းရုပ်ကြီး နဲ့ တစ်နှစ် ပြီး တစ်နှစ် ရေပက်ခံ ထွက်တော့ နောက်ထပ် ရပ်ကွက် တွေ က နေပြီး ရေပက်ခံ ထွက်တဲ့ ကားတွေ လည်း ပေါ် လာတယ် ။ ပေါ် လာတာ က နောက်တော့ တစ်ခါတလေ အစီး ၂၅ - ၃ဝ ရှိ တာပါ ။
မိန်းကလေး ရေပက်အသင်း တွေ က လည်း နဂါး အပြင် ပိတောက်ရွှေဝါ တဲ့ ။ မေသင်္ကြန် တဲ့ ၊ ငုရွှေဝါ တဲ့ ၊ နှစ်ဦးမေ တဲ့ စသဖြင့် စိတ်ကူး ပေါက်ရာ သင်္ကြန် နဲ့ နှစ်သစ် နဲ့ ပိတောက် နဲ့ တွဲဖက်ပြီး နာမည် ပေး ရေပက်ကြ ကကြ တာပဲ ။
တစ်ချိန်တုန်း က များ ဆိုရင် မန္တလေးသင်္ကြန် ဟာ အမျိုးသမီးအဖွဲ့ တွေ အနေ နဲ့ နဂါးမယ် က အဖွဲ့ မလုပ်ဖြစ်တဲ့ နှစ် ဟာ သင်္ကြန် လက္ခဏာ မပြည့်စုံ သလို ရုပ်ရှင်မင်းသား အဆိုတော်ဝင်းဦး မန္တလေး လာပြီး ရေ မကစား တဲ့ နှစ် ဟာလည်း မန္တလေးသင်္ကြန် မပီပြင်ဘူး လို ဖြစ် နေတယ် ။ ဒါပေမယ့် ဝင်းဦး က လည်း မလာဘဲ မနေဘူး ။ နဂါး က လည်း မလုပ်ဖြစ် တဲ့ နှစ် မရှိဘူး ။
ရုပ်ရှင်မင်းသား ဇော်ဝမ်း တို့ က မန္တလေးသား တွေ ပါ ။ ဒါပေမယ့် ဝင်းဦး လောက် မန္တလေး သင်္ကြန် ကို မှန်မှန် လာတာ မဟုတ်ဘူး ။ ဝင်းဦး က တော့ နေ့ အချိန် မိတ်ဆွေ အပေါင်းအသင်း တွေ နဲ့ ကြုံရာဆုံရာ ကားတွေ နဲ့ ရေပက်ခံ လည်တယ် ။ ဝင်းဦး ရေပက် ခံနေတယ် ဆိုရင် အဲဒီ မဏ္ဍပ် တော့ လူ တိုး လို့ မပေါက်တော့ဘူး ။ ရေခံ ကားတွေ ဟာ လည်း ကျပ်ခဲ ပြီး သွား မရ လာ မရ နဲ့ ပိတ်ဆို့ နေလို့ ကြာလွန်းမက ကြာ လာတဲ့ အခါ လမ်းရှင်းရဲတွေ က ကားတွေ ကို ဇွတ် အထွက် ခိုင်း ယူရတယ် ။
ည ကျ ပြန်တော့လည်း ဝင်းဦး က မြို့မ နဲ့ ဖြစ်ဖြစ် အခြား အဖွဲ့ နဲ့ ဖြစ်ဖြစ် လိုက် လာပြီး အဖွဲ့ ကျ ရာ စင်မြင့် ပေါ် တက် သီချင်း ဆိုတာပါ ။ ဝင်းဦး သီချင်း ဆို နေပြီ ဆိုရင် အဲဒီ နေရာ ဟာ လူပင်လယ် ဖြစ် တော့တာပဲ ။ ကားတွေ ဆိုတာ ဟွန်း ဘယ်လို တီးတီး ဘယ် ကား က မှ တုတ်တုတ် မှ မလှုပ်ဘူး ။ ဒါကြောင့် နေ့ တုန်းက လိုပါပဲ ယာဉ်ထိန်း ရဲ လာပြီး ကားရှင်း ပေး ရတော့တာ ပါ ။ ဝင်းဦး က သင်္ကြန် သုံးရက် ၊ လေးရက် နေ့တိုင်း ညတိုင်း မိုး အလင်း လည် တာပါ ။ ဒါတောင်မှ လည်း သူ့ မှာ ရပ်ကွက် နှံ့တာ မဏ္ဍပ် စုံတာ မဟုတ်ဘူး ။
အမေ ပြော ပကော ၊ တို့ လူမျိုး က ပျော်ချင်တဲ့ လူမျိုး ၊ ပျော် ရမယ် ဆို ရင် မီးကုန် ယမ်းကုန် အားလုံး ကို မေ့ပြီး ပျော်နေချင်တဲ့ လူမျိုး ။ ဒါပေမယ့် အပျော် ကို ဝမ်းဗိုက် က ဘရိတ် အုပ် လိုက်တယ် ။
သင်္ကြန်ပွဲ ဆိုတာ က ရက် အရှည်ဆုံး ပွဲ ။ အမေ တို့ မန္တလေး မှာ သင်္ကြန် အကြိုနေ့ က စ က နေတဲ့ ပွဲ ။ အကြိုနေ့ မှာ ဘုရား ကန်တော့ ဖို့ ဘုရား ရေသပ္ပါယ် ဖို့ မဟာမုနိဘုရားကြီး ကို သွားကြတယ် ဆိုပြီး အဲဒီ နေ့ ကတည်း က ဝတ်စုံပြည့် ဝတ်စား ဆင်ပြင် ထွက် ကြရတာ ။ အကျနေ့ ၊ အကြတ်နေ့ ၊ အတက်နေ့ ပါ ဆိုတော့ အားလုံး ၄ ရက် ကြာတယ် ။ သင်္ကြန် သာ ၂ ရက် ကြတ်တယ် ဆိုရင် အားလုံး ၅ ရက် ကြာတဲ့ ပွဲ ။
ဒီ ၅ ရက် အတွင်း မှာ လူတွေ ရဲ့ လုပ်အား အားလုံး ရပ်ဆိုင်း ထားရတယ် ။ ဝင်ငွေ တစ်ပြား မှ မရှိတဲ့ အပြင် ကုန်ရကျရတာ က နေ့တိုင်း ။ တချို့များ သောက်တတ် စားတတ် လို့ စားစရိတ် အပြင် သောက်စရိတ် လည်း ကုန်ရ သေးတယ် ။ လည်စရိတ် က လည်း ကုန်ရသေးတယ် မှုတ်လား ။
အဲဒီတော့ သင်္ကြန်ပွဲ တစ်ခါ တစ်ခါ ပြီးသွားရင် မြို့ ဟာ တိတ်ဆိတ် နေတာ ၂ ရက် ၊ ၃ ရက် ကြာတယ် ။ လူ လည်း ဖား ၊ ငွေ လည်း ဖား ကုန်ကြတာ ကိုး ။ မလှုပ်နိုင်ကြတော့ဘူး ပေါ့ ။
◾လူထုဒေါ်အမာ
📖 ကလျာ မဂ္ဂဇင်း
အမှတ် ၁၂၅
၁၉၉၅ ၊ ဇူလိုင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment