❝ တွတ် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
“တွတ် တွတ် တွတ်၊ တွတ် တွတ် တွတ်”
ငွေလရောင်သည် ရမ်းဘိုကုန်းတစ်ရွာလုံးကို ငွေရည်လောင်းထားပေသည်။ ငွေရည်လိမ်းထားသော ရွာငယ်သည် တေးချင်းသံများ၊ ရယ်မောသံများဖြင့် မြူးထူးလျက်ရှိပေ၏။ ဓာတ်ပေါင်းစု ဘုရားဘက်မှ ငွေဆည်းလည်းသံသည် တစ်ချက်တစ်ချက်တွင် လွင့်ပျံလာသည်။ တွတ်သံ ရပ်သွားလျှင် နွားစာစဉ်းသံများကို ကြားရ၏။
ရီးဆေးရိုးသည် လေပြည်သွေးတိုင်း လွင့်ဝဲလာသော၊ ကြူသင်းသော နန်းလုံးကြိုင်ပန်းရနံ့ကို နှစ်သက်စွာရှူရှိုက်ရင်း ပြောင်းဖူးဖက် ဆေးလိပ်ကို အရသာခံ ဖွာရှိုက်နေ၏။ ငြင်းသံခုံသံများကို ကြားရသော် ရီးဆေးရိုး ပြုံးမိသည်။ တွတ်ထိုး ကစားခြင်းသည် အလွန် ငြင်းခုံရသော ကစားနည်း မဟုတ်လား။
အိမ်ထဲတွင် မှောင်ချထား၏။ မီးသာထွန်းထားလျှင် ပြုံးရခြင်းအကြောင်းကို ရီးကျီးဒန် စောကြောလိမ့်ဦးမည်။ ငြင်းခုံသံ၊ အုတ်အုတ်ကျက်ကျက် အသံများ ရပ်သွားလျှင် တွတ်အော်သံများ ပေါ်လာပြန်၏။ တွတ်သံ မှိန်အသွား၌ နွားစာစဉ်းသံများ ဝေ့ဝဲလာပြန်၏။
ရီးဆေးရိုးသည် ဤကား ခြေနင်းဓားဖြင့် စဉ်းသံ၊ ဤကား နန်းတိုင်တွင် လက်ခုတ်ဓားဖြင့် စဉ်းသံ၊ ဤအသံမူ တုံးနေသော ဓားဖြင့် စဉ်းသံတည်းဟု အသံကို ခွဲခြား မှတ်သားနေ၏။
အိမ်ရှေ့ တလင်းပြောင်တွင် ကောက်လှိုင်းများ လက်စမသတ် ရှိနေဆဲ ဖြစ်သော်ငြား၊ တာဝန်ကျ စပါးတင်းရေ သွင်းပြေပြီးမို့ ရီးဆေးရိုးမှာ အေးအေး ဆေးဆေးရှိ၏။ ယခုပင် နွားစာစဉ်းသံကို ခွဲခြားသော အာရုံဝင်စားနိုင်သည်အထိ အေးဆေးသည်။ သည်နား တစ်ဝိုက်ရှိ လယ်သမားတိုင်း အေးအေးလူလူ ရှိနေကြ၏။ သူတို့မှာ အားလုံးလိုလိုပင် ကုလားပဲ ပျက်ကြသည်။ မလိုဘဲ စေတနာပိုသော မိုးကြောင့် တစ် ကြောင်းဖြစ်သည်။ ကုလားပဲသာ ကောင်းလျှင် ဝါစိုက်ရန် ထွန်ယက်ရေးက တစ်ဖက်၊ ရိတ်သိမ်းပြီးသော ကုလားပဲများ မိုးလွတ်အောင် အပြေးအလွှား နယ်ရ၊ လှေ့ရနှင့် ယားသည်ကိုပင် မကုတ်အား။ ယခုနှယ် တွတ်ထိုးရန်ကား ဝေးစွ။ သည်နှစ်တော့ ဝါစိုက် နှမ်းကြဲမည့် မြေများကို စက်ထွန်ဝင်ပြီးနောက် မြောင်းရေကို စောင့်ဆိုင်းနေရသောကြောင့် အေးအေးလူလူ နေနိုင်ကြခြင်းဖြစ်ပေ၏။
ဖုန်လုံးကြီးတစ်လုံးသည် အလုံးလိုက် အခဲလိုက် ဝဲဝေ့လာ၏။ ရီးဆေးရိုးသည် မျက်နှာရှေ့ကို ပုဆိုးဖြင့် ပုတ်ယမ်းသည်။ “မဖြစ်ပါဘူး၊ ဒီတွတ်ဝိုင်းကို သွား ပြောဦးမှပါ” ဆိုသည်။
ရီးကျီးဒန်ကား ရီးဆေးရိုး၏ စကားကို ကြားဟန် မတူပေ။ ကပြင် (ကြမ်းပြင်) တွင် ဆေးတောင်းကြီးချကာ၊ ဆေးလိပ်တစ်လိပ်ကို တရှဲရှဲ ‘ပွတ်’ ရင်း ငွေရောင် ညအလှကို ငေးမောနေ၏။ အစီခံဖက်ကြမ်းများ၊ ဆေးရွက်ရိုးရည် ဆွတ်ထားသော ဖက်ဝါဝါများ၊ အုပ်မပျက်သေးသော ဖက်အုပ်များ၊ စည်းကြိုးလုပ်သော မြိတ်ဆာထွေးများ၊ ဆေးရိုးထုပ်နှင့် အစီခံညှပ်စများသည်လည်း ရီးကျီးဒန်ကို ပတ်ခြံဝန်းရံလျက် ငေးမောနေကြဟန် ရှိပေ၏။ တန်ခူး မပီတပီမို့ လေကလည်း မရူးတရူး ဖြစ်နေဟန်ရှိ၏။
ခုနက တောင်ဘက်မှ လာသော လေသည် တွတ် ဝိုင်းကျင်းပသော နေရာဆီသို့ ရီးဆေးရိုး ရောက်သွားချိန်တွင် တောင်ဘက်သို့ ဝေ့လွင့်နေပြန်၏။ ဖုန်လုံးကြီးသည် မှုန်ရီသော လရောင်အောက်တွင် အညွန့် တလူလူဖြင့် ယိမ်းက နေချေ၏။ တွတ်သံသည် အခါမလပ် ညံစာ မနေနိုင်ပေ။ မည်သူမျှ အဆက်မပြတ် အော်မနေနိုင်သောကြောင့် ဖြစ်၏။ တွတ်ကွင်းသည် တောင်မြောက်တန်းနေသော လမ်းပေါ်တွင် တည်သည်။ ဟိုဘက် သည်ဘက်ကို စည်းသားထားသည်။ စည်းမှာ မြေကြီးပေါ်တွင် တုတ်ဖြင့် ခြစ်ထားရာ ရီးဆေးရိုး၏ မျက်စိမျိုးဖြင့် မြင်ရန် မလွယ်ကူချေ။ ယခု သက်ပြန်ရှိုက်ရင်း တွတ်သံ မပြတ်အောင် အော်လျက် စည်းတောင်ဘက်ပိုင်းသို့ တက်ရောက်နေသူမှာ ထွန်းမှုန် ဖြစ်၏။ ထွန်းမှုန်၏ ကိုယ်တွင် အင်္ကျီ မပါပေ။ ဖုန်တွေ သည်မျှ ထနေပါလျက်နှင့် သူ့ကျောပြင်မှ ချွေးသီးများကို လရောင်ဖြင့် တလက်လက် မြင်ရ၏။
သူသည် ပုဆိုးကို ပေါင်လယ်ရောက်အောင် ဝတ်ထား၏။ ညာခြေရှေ့သို့ တိုးထားကာ ဘယ်ခြေကို နောက်ပစ်ပြီး ခါးကိုကုန်းထားသည်။ ပါးစပ်မှလည်း တွတ်တွတ် မပြတ်အောင် အော်သည်။ ဝဲယာကိုလည်း လျင်မြန်စွာ ရွှေ့ပြောင်းနေသည်။ တစ်ဖက်တွင် လူ ခြောက်ယောက် ရှိသည်။ သည်အခံဘက်မှ လူများလည်း အင်္ကျီ မပါကြ။ သူတို့က အလယ်ဟိုက်ကာ လခြမ်းပုံသဏ္ဌာန်ဖြင့် ခံစစ် စစ်မျက်နှာ ဖွင့်ထားကြ၏။ ထွန်းမှုန်က အလယ်ကောင်ရှိ လူကို လှမ်းပုတ်၏။ အပုတ်ခံရသူ နောက်သို့ ခုန်ဆုတ်စဉ် ဘေးနှစ် ဖက်မှ လူများက ပြေးကပ်လာကြ၏။ ထွန်းမှုန် လှည့်ပြီး ပုတ်သည်။ ခုန်ပြီး ရှောင်ကြသည်။ ခံစစ်သမားများ အနေအထားပျက်သွားစဉ် ထိုသူများကို ကျောပေးကာ ထွန်းမှုန် ဆုတ်ခွာသည်။ သို့ဖြစ်ငြား ပါးစပ်မှ တွတ်သံကား မပြတ်၊ မရပ်။ ထွန်းမှုန် စည်းနား ရောက်သွားပြီ။
ထွန်းမှုန်တို့ ဘက်သို့ ဝင်ထိုးရန် တာဝန်ကျသူမှာ ကိုဘညိန်း။ ကလေး လေးယောက်အဖေပေမယ့် သူလည်း အားလပ်ခိုက်တွင် ငယ်မူပြန်ကာ ဖုန်လူးသော ကစားနည်းတွင် ဝင်နွှဲနေခြင်းဖြစ်၏။ ကိုဘညိန်းသည် ထွန်းမှုန် စည်းတစ်ဖက်သို့ ရောက်ချိန်ကို ချောင်းနေ၏။ စည်းပေါ်တွင် ရှိနေသေးလျှင် လုပ်၍ မရ၊ ဝင်၍ မရ။ စည်း ဟိုဘက်ရောက်မှ ဝင်ခွင့် တိုက်ခွင့်ရှိသည်။ သို့ကြောင့် သည်ဘက်ကို ထွန်းမှုန် ကျောခိုင်းကာ စည်းဆီသို့ ဆုတ်သွားသည်နှင့် တစ်ပြိုင်နက် ကိုဘညိန်း ပြေးထွက်သွား၏။ ထွန်းမှုန် ချာခနဲ လှည့်ပုတ် သည်။ ကိုဘညိန်းမှာ လွတ်ရုံကလေးသာ ရှောင်နိုင်သည်။ နောက်က ထက်ကြပ်လိုက်လာမည့်သူကို ဟန့်တားပြီးလျှင် ပြီးချင်း ထွန်းမှုန် ဆုတ်သွား၏။ စည်းပေါ် အရောက်တွင် ခွရပ်ကာ အခြေအနေကို အကဲခတ်သည်။ တစ်ဖက်လူများ ငြိမ်နေသည်။
“တွတ် တွတ် တွတ် ၊ တွတ် တွတ် တွတ်”
ထွန်းမှုန် စည်းကို ခွာမိသည်နှင့် တစ်ပြိုင်နက် ကိုဘညိန်း တအား ပြေးတက်လာသည်။ ထွန်းမှုန် နောက်သို့ စွန်ရဲသုတ်သလို ထိုးဝင်ကာ ကျောပြင်ကြီးကို ဖြန်းခနဲ ပုတ်မိချိန်တွင်၊ အလယ်ဟိုက်ကာ အနားသား ကွေးထားသူများက ကဏန်းလက်မပုံ ဝိုင်းဖမ်းသည်။ အုန်းဗုန်းအသံများ ကြားရပြီး ကိုဘညိန်း လွတ်ထွက်သွား၏။ တွတ်တို့၏ စည်းကမ်းမှာ လာရောက်တိုက်ခိုက်သော အတက်သမားက ပုတ်ခတ်နိုင်လျှင် ပြီးသည်။ အတိုက်ခံရသူများကမူ ပုတ်ခတ် နိုင်ရုံဖြင့် မရ၊ အမိ ဖမ်းရသည်။ ထိုအခါ အပုတ်ခံရသူမှာ မိအောင် ဖမ်းနိုင်လျှင် ဖမ်း၊ မဖမ်းနိုင်လျှင် သေပြီမို့ ကိုဘညိန်းခြေထောက်ကို တအား ကျုံးဖက်သည်။ ကိုဘညိန်းမှာ ကိုင်ရိုက်ခံရဘိအလား မြေကြီးပေါ် ပစ်ကျသွားငြား တွတ်အော်သံ မပျက်၊ လက်ဖြင့် တွန်းထိုး ပုတ်ခတ်သလို ခြေဖြင့်လည်း ကန်ကျောက်ရင်း စည်းရှိရာသို့ တရွေ့ရွေ့ ချဉ်းကပ်၏။
“ဒီကောင်လောက်များ မနိုင်ကြဘူးလား၊ လက်ကို မ ထား၊ ပါးစပ်ကို ပိတ်ထား၊ သေရော့ပေါ့ဟ”
အားမလို အားမရဖြစ်ကာ ဝင်ရောက် သညာပေး လိုက်သူမှာ ရီးဆေးရိုး ဖြစ်သည်။
“သေပြီ သေပြီ၊ အားလုံးသေပြီ”
ကိုဘညိန်းသည် ဝိုင်းဆွဲသော လူခြောက်ယောက်ကို တွတ်အော်သံ မပြတ်စေဘဲ စည်းကြောင်းရှိရာသို့ ပါလာအောင် ရုန်းကန် ချဉ်းကပ်လာရုံသာမက၊ စည်းပေါ်သို့ မိမိရရ လက်တင်နိုင်ခဲ့၏။ သို့ကြောင့် သူ့ ဘက်သားများက တစ်ဖက်လူအားလုံး သေပြီဟု အော်ခြင်းဖြစ်သည်။ သို့သော် ကိုဘညိန်းကား တွတ် အော်ဆဲ။
“ကိုဘညိန်း သေကုန်ပြီဗျ”
“ငါသိပါတယ်ကွ၊ အော်လို့ ကောင်းတာနဲ့ အော်နေတာပါ”
ယင်းသို့ ဖြေပြီးမှ ကိုဘညိန်း ကုန်းရုန်းထသည်။ ထ၍ မရ။ ခွစီးထားသည် မဟုတ်ပါလား။
“ဟေ့ကောင်တွေ ၊ ဘယ်သူတွေလဲ၊ ဖယ်ကြလကွာ”
ဖယ်ပါ ပြောကာမှ ကျောပေါ်မှ လူများက ခုန်ဆောင့်နေကြသေးရာ ကိုဘညိန်းမှာ တအင့်အင့် မြည်သံဖြင့် ကော်ဆဲရ၏။
“မင်းတောင် အော်နေသေးတယ်၊ ငါတို့လည်း ထိုင်နေတာပေါ့ကွ”
မအေ နှမဆဲသံကို ပန်းဖြင့် ပေါက်ခံရသည့် အလား တဟားဟား ရယ်နေသော အေးအောင်နှင့် စိန်အုတ်က တစ်ယောက်တစ်ပေါက် ပြောရင်း နောက် တစ်ပွဲစရန် ပြင်ဆင်ကြသည်။ ရီးဆေးရိုးမှာ တွတ်ပွဲကို တားဆီးရန်၊ သို့မဟုတ် နေရာရွှေ့ဖို့ပြောရန် လာခဲ့သည်။ ပွဲဘေး ရောက်သောအခါ သူပါ စိတ်ဝင်စားနေပြီ။ ပြောရန် မေ့နေပြီ။ ဖုန်မှုန့်တွေ သူ့ခေါင်းပေါ် တဖွားဖွား ကျသည်ကိုပင် သတိမထားအား။
“တွတ် တွတ် တွတ်၊ တွတ် တွတ် တွတ်”
နိုင်သောဘက်က ဦးစွာ တက်ရသည်။ တက်လာသူမှာ အဖွဲ့ခေါင်းဆောင် ငဦး ဖြစ်၏။ သူလည်း တစ်ဖက်လူ အဖမ်းရခက်စေရန် ခါးကို ကုန်းထားပြီး လက်ကို ရှေ့ထုတ်ထား၏။ ဆင်နှာမောင်းအလား တယမ်းယမ်း ပုတ်ခတ်၏။
“ကြင်မောင် အရဲမကိုးနဲ့လေ”
အဖွဲ့ခေါင်းဆောင် ညိုကြီး လှမ်းသတိပေးစဉ် ငဦး ဝုန်းခနဲ ခုန်ပုတ်သည်။ ညိုကြီး ခုန်ဆုတ်၏။ နောက်ကျသွားသည်။ ရင်ဘတ်ကို ဗုန်းခနဲ ပုတ်မိသည်။ လက်ကို ဆောင့်ဆွဲသည်။ ငဦး သေပြီ။ မသေ ခံနိုင်ရိုးလား၊ လူကို စည်းရှိရာ မသွားနိုင်အောင် ချုပ်ရုံသာ မဟုတ်၊ တွတ် ပြတ်အောင် ပါးစပ်ပါ ပိတ်ကြသည်ကိုး။
“ထွီး... ငါ့ပါးစပ်ပိတ်တာ ဘယ်ကောင်လဲကွ၊ ငန်လိုက်တာ”
“ငါပါကွ၊ လက်က သန့်ပါတယ်၊ အဲ... စောစော ကတော့ ခွေးချေးနည်းနည်း ပေသွားတယ်”
သေသူ ဘေးထွက် ထိုင်နေရသဖြင့် ငါးယောက်သာ ကျန်တော့သောဘက်သို့ ခြောက်ယောက်အပြည့် ကျန်သေးသောဘက်မှ အဖွဲ့ခေါင်းဆောင် ညိုကြီး ပြေးတက်လာ၏။ သူတက်ပုံက တစ်မျိုး။ ခါး မကုန်းပေ၊ စောင် မနေပေ။ အတင်း ပြေးဝင်ကာ လိုက်ပြီး ပုတ်သည်။ ဖြန်းခနဲ ဗုန်းခနဲ အသံတွေ အဆုံးတွင် ညိုကြီးမှာ မြေကြီးပေါ်တွင် ရေကူးနေပြီး သူ့ခြေထောက်ကို ဆွဲထားသော ဘမောင်မှာ တရွတ်တိုက်ပြီး ပါနေ၏။ သို့ကြောင့် သာစိန် ပြေးလာကာ ဘမောင်ကို ကူသော်ငြား ညိုကြီး၏ လက်က စည်းပေါ် ရောက်နေပြီ။
“ဘမောင်နဲ့ သာစိန် သေသွားပြီ”
ညိုကြီး မောဟိုက်သံဖြင့် ပြောရင်း ပြန်လှည့်လာသည်။
“တွတ်တွတ်တွတ်၊ တွတ်တွတ်တွတ်”
မိမိဘက်သို့ ညိုကြီး ခြေချမိရုံရှိသေး၊ ခင်မောင်လေး ပြေးတက်လာသည်။ ညိုကြီး ကျောကို လက်သီးဖြင့် ထိုးပစ်ခဲ့သည်။
“ညိုကြီး သေပြီ၊ တို့ဘက်က အဦးဆုံး သေတာ ဘယ်သူလဲ၊ ငဦး မဟုတ်လား၊ ငဦး ရှင်ပြီဟေ့”
“မရဘူး၊ မရဘူး”
“ဘာပြုလို့ မရရမှာလဲ၊ စည်းတစ်ဖက်ကို ရောက်နေပေါ့ဟာကို”
“ဘယ် ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ”
“အစက ဘာစည်း ဘာကမ်းမှ ကြိုတင်ထားတာမှ မဟုတ်ဘဲ၊ ရတာပေါ့။ ညိုကြီး သေပြီ၊ ငဦး ရှင်တယ်”
“မရဘူးကွာ”
“ရတယ်ကွာ”
ဖုန်လုံးကြီး ရပ်သွားသည့် အခိုက်တွင် စကားလုံးများ သောသောညံနေသည်။ မခံချင်စိတ်ဖြင့် ငြင်းသူ ပါသလို၊ အပြောင်အပျက် ငြင်းသူလည်း ပါဝင်၏။ ယခုမှ နားရတော့သည် ဆိုကာ ဖုန်ထဲ ပစ်ထိုင်သူထိုင်၊ ဆေးလိပ်သောက်သူသောက်။
“ပိုက်ဆံရမယ့် အလုပ် မဟုတ်လား၊ ငြင်းကြကွ။ အဲ ဟုတ်ပြီ၊ လက်သီးနဲ့ ထိုးကွာ၊ ငါ ဓားငှားမယ်”
ရီးဆေးရိုး ဝင်ပြီး ရွှတ်သည်။
“အံမယ် ဆေးရိုး၊ မင့်ကိုယ်မင်း ကာလသားလေး မှတ်နေသလား။ ကလေးတွေ ကြားထဲမှာ သူက”
ဆေးလိပ်မီးပွား တဖွားဖွားဖြင့် ရောက်လာကာ ပွာလောင်ပွာလောင် အော်လိုက်သူကား ရီးသာဒွန်း ပင်တည်း။
“ဟ ငါက ကာလသားပဲကွ၊ မင်းသာ သေခါနီး နေတာ။ ငါ့တော့ ပြောပြီး သူကလည်း ကလေးကြားထဲ ရောက်နေတာများ”
“ဘာရယ် မဟုတ်ပါဘူးကွာ၊ အမှတ်မဲ့ ရပ်ကြည့်နေမိတာပါ။ ဟေ့ ဒီကလေးတွေက ငါတို့ထက် တော်တယ်ကွ။ ငါတို့တုန်းက တစ်ခါဟာကွာ တွတ်ထိုးရာက စပြီး ရိုက်ကြသေးပါကောလား”
“တစ်ခါတည်းပါကွာ”
“မင့်မေလွှားတဲ့၊ တစ်ခါကလည်း သေရာပါပါ ရောလား”
ရီးသာဒွန်းသည် ပြောရင်းဆိုရင်းက သူ့ချိုစောင်း ညာဘက်ကျကျရှိ ပြောင်ချောနေသော နေရာကလေးကို စမ်းကြည့်သည်။
“အဲဒီတုန်းက စညစ်တာ ဘယ်သူလဲကွ ဟေ ဆေးရိုး”
“မင်းပေါ့ကွ”
“ငါညစ်တော့ မင်းတို့ဘက်က မင်းလည်း ညစ်ရော”
ရီးသာဒွန်းသည် အားပါးတရ အော်ဟစ်၍ ရယ်မောလေ၏။ ကိုယ်ထီးလက်ချ သုံးမရသည့် သည်အရွယ်တွင် ရယ်မောစရာ အသေးအမွှား ဖြစ်ခဲ့ပြီ ယူဆငြား၊ ငယ်ရွယ်စဉ်ကမူ တကယ့် သဲကြီးမဲကြီးပါပေ။
“မှတ်မိသေးလား ဆေးရိုး”
“မှတ်မိတာပေါ့ကွာ၊ ပေပင်ကြီး အောက်မှာ”
ပေပင်ကြီးကား သားမြေး ပေသီးများကို အပင် လောကအတွက် မွေးဖွားပေးခဲ့ပြီးနောက် သေသွားပါပြီ။ ပေပင်ကြီး အောက်တွင် ဖြစ်ပွားခဲ့သော ကိစ္စကိုမူ ကျန်ရစ်သူတို့ မမေ့နိုင်ကြသေး။ ပေပင်ကြီး အောက်မှာ ကုန်းကျသောကြောင့် ဖုန်မထူပေ။ နေ့တွင် ပေသီးဝိုင်း။ ညနေတွင် ခြင်းဝိုင်းနှင့် ညတွင် တွတ်ထိုး၊ ဘုတ်တလုပ်တောက်တဲ့ စသည်။
ထိုနေ့ညက တွတ်ထိုး ကစားရာတွင် ရီးသာဒွန်း တို့ဘက်က စ ညစ်သည်။ ညစ်ပုံမှာ ရီးသာဒွန်းတို့ ဘက်မှ တက်လာသူ တစ်ယောက်ကို ဝိုင်းဖမ်းကြ၏။ အဖမ်းခံရသူက တွတ်မပြတ်အောင် အော်လျက် စည်းသို့ ရောက်အောင် ရုန်းကန်ပြီး သွား၏။ သွားသော်ငြား စည်းနှင့် တစ်တောင့်ထွာမျှ ဝေးသေးသည်။ သည်တွင် ရီးသာဒွန်း ပြေးလာ၏။ စည်းအဖြစ် ချထားသော ဝါးလုံးကို ကိုယ့်ဘက်သား လက်လှမ်းမီအောင် ရွှေ့ပေးလိုက်သည်။
“ဟေ့ စည်းကို သာဒွန်း ရွှေ့ပေးတယ်ကွ”
“အောင်မယ်၊ ဘုရားပေးပေး ကျမ်းပေးပေး မရွှေ့ပါဘူးဗျာ”
“ဟေ့ မူလက စည်းနဲ့ ပေပင်နဲ့ တည့်တည့်ကွ”
“အခုလည်း တည့်သားပဲ”
ကြာမြင့်စွာ ငြင်းခုံကြပြီးနောက် တစ်ဖက်က လျှော့ပေးလိုက်ရာ ရီးဆေးရိုးတို့ ဘက်တွင် တစ်ယောက်သာ ကျန်ပြီး အားလုံး သေကုန်သည်။ ကျန်သော တစ်ယောက်မှာ ရီးဆေးရိုး။
“ဆေးရိုး၊ ညစ်သာ ညစ်ဟေ့”
မခံချိမခံသာ အလျှော့ပေးလိုက်ရသူ တစ်ယောက်က တီးတိုးသံဖြင့် မြှောက်ပေး၏။ တစ်ယောက်တည်း ကျန်တော့သော ရီးဆေးရိုးလည်း ခါးတောင်းကို မြှောင်အောင် ကျိုက်လိုက်သည်။ အသက်ကို ဝအောင် ရှူလိုက်သည်။ တစ်ဖက်စည်းတွင်းသို့ တွတ် မဆိုဘဲ ပြေးဝင်သည်။ တွတ်မဆိုဘဲ ဝင်လာသူအား တစ်ဖက် လူက ထိရုံပုတ်ရုံကလေးဖြင့် သည်ဘက်ကလူ သေ၏။ ရီးသာဒွန်းတို့ ဘက်မှ လူများသည် ဝက်ခေါင်းထိုး အနေအထားဖြင့် စောင့်နေကြ၏။ တွတ်မဆို ကောင်းလားဟု ပြေး၍ မပုတ်ဝံ့။ ကိုယ်ပြေးလာသည်ကို မြင်မှ တွတ် ဆိုပြီး ပုတ်ပြေးလျှင် အချောင် သေမည်မို့ မှားကွက်ကို စောင့်နေကြ၏။
ရီးဆေးရိုး တွတ် ဆိုပြီ။ ဝဲတောင်ပံသို့ ပြေးဝင်ကာ လူသုံးယောက်ကို လက်ဖြင့် ရိုက်၊ ခြေဖြင့် ကန်၏။ ထိုစဉ်တွင် ယာတောင်ပံမှ လူများ ပြိုဆင်းလာကာ ရီးဆေးရိုးကို ပိတ်ဖမ်းရန် ကြိုးစားကြသည်။ ရီးဆေးရိုး ဝက်ခေါင်းပုံ ခါးလယ်သို့ ပြေးဝင်သည်။ နောက်ထပ် လူသုံးယောက်ကို ပုတ်ပြီး ပြေးသည်။ ပြေးသည် ဆိုရာ၌ စည်းရှိရာသို့ ဆုတ်ပြေးခြင်း မဟုတ်။ စည်းနှင့် ဝေးရာ ရွာတောင်ပိုင်းသို့ ခွေးတစီစီ၊ ဖုန်တထောင်းထောင်း၊ တွတ်သံ တညံညံဖြင့် ပြေးခြင်းဖြစ်၏။ သူသည် ခွေးဝင်ပေါက် တစ်ခုမှ ဖြဲကာ ရွာ့ပြင် လှည်းလမ်းသို့ ထွက်သည်။ တစ်ဖန် အခြား ခွေးဝင်ပေါက် တစ်ခုမှ ရွာတွင်းသို့ ဖြဲဝင်ပြီး သူ့အဖွဲ့သားများ ရှိသည့်ဘက်သို့ ပြန်ရောက်လာ၏။
“ဆေးရိုး တွတ်ပြတ်တယ်၊ သေပြီ”
“ဘာပြုလို့ ငါသေရမှာလဲ၊ မင်းတို့ဘက်က ခြောက်ယောက်သေတာ၊ တို့ဘက်က အားလုံး ပြန်ရှင်ပြီ”
“မရှင်ဘူး”
“ရှင်တယ်၊ မင်းတို့သာ သေတယ်”
“မသေဘူးကွာ”
“သေတယ်ကွာ”
ဤသည်မှ စကာ ဆဲရေးကြသည်။
သည်ခေတ် သည်အခါက သူငယ်ချင်းဘဝ မအေ၊ နှမ၊ ငါနှင့် ဆဲခြင်းမှာ အဆန်း မဟုတ်။ ထမင်းစား ရေသောက်မျှသာ။ သို့တစေ မခံချင်ဇောဖြင့် ဒေါသကလေး ခံလာသောအခါ တစ်ချိန်က ပန်းပွင့်သဖွယ် ပေါ့ပါးခဲ့သော မအေနှမသည် မြင်းမိုရ်တောင်တမျှ လေးလံလာသည်။ ခွန်းတုံ့ပြန် ဆဲရေးရာက လက်သီး၊ လက်ဝါး၊ တံတောင်၊ ထိုမှတစ်ဆင့် တုတ်များ၊ ခဲများ ပါလာတော့သတည်း။ ထိုအချိန်က ဧရာမ မခံချင်စရာကြီး ထင်ခဲ့သော ကိစ္စမှာ ယခုသော် ရီးဆေးရိုးနှင့် ရီးသာဒွန်းတို့ အတွက် ရယ်စရာ ဖြစ်နေချေပြီ။
“အခုတော့လည်း ရယ်စရာပေါ့ကွာ”
ရီးဆေးရိုးလည်း ရယ်မောမိသည်။
“ကဲကွာ ကဲကွာ အစက ပြန်ကစားမယ်၊ ဘယ်သူမှ မသေဘူး၊ ဟုတ်ပြီလား။ ခုနတုန်းကလိုပဲ နိုင်တဲ့ ဘက်က စတက်”
“မစဘူးကွာ၊ ညိုကြီး သေတယ်ပဲ ထားလိုက်ကွာ၊ ကိစ္စမရှိဘူး”
တစ်ဖက်က ကိုဘညိန်းက ကျေရာကျေကြောင်း ဖျန်ဖြေသော်ငြား အေးအောင်က လက်မခံဘဲ အငြင်းပွားခြင်းကို ရပ်စဲပြီး ဆက်လက် ကစားကြသည်။
“တက်ပြီဟေ့”
အော်သံအဆုံးတွင် စည်းတစ်ဖက်သို့ ကားခနဲ ရောက်လာသူကား အေးအောင်တည်း။ သူသည် တွတ်သံလည်း မပြတ်စေရ။ စည်းနှင့်လည်း သိပ်မခွာပေ။ ထိုအခါ “စည်းကို ဖင်မှာ ချည်ပြီး တက်နေတာကိုးဟ အေးအောင်ရ၊ သတ္တိ မရှိလည်း ပြန်ပါကွာ” ဟု မခံချင်အောင် စသည်။
အေးအောင်သည် အတန်ကြာအောင် ဝဲပြေး ပုတ်လိုက်၊ နောက်ဆုတ်လိုက်၊ ယာပြေး ပုတ်လိုက်၊ ပြန်ဆုတ်လိုက် လုပ်ပြီးနောက် စည်းဘက်သို့ မျက်နှာမူသည်။ ပါးစပ်မူ တွတ် မပျက်။ သူ့နောက်သို့ ကျော်ထွန်း ကပ်လိုက်လာ၏။ စည်းကျော်မိလျှင် ကျော်မိချင်း အငိုက်ဖမ်းရန် ဖြစ်သည်။ သို့သော် အေးအောင် ကလည်း သည်အကွက်ကို ဆင်ခြင်းဖြစ်ရာ စည်းနား ရောက်ကာမှ ချာခနဲ လှည့်၍ ခုန်ပုတ်သည်။ ကျော်ထွန်းကို ထိသည်။ ကျော်ထွန်း မဖမ်းနိုင်မီ အေးအောင် သူ့ဘက် ပြန်ရောက်သွားချေပြီ။ ကိုဘညိန်း ပြေးတက်လာ၏။ ဝဲရော ယာရော အလယ်ပါ လိုက်ပုတ်သည်။ တစ်ဖက်လူများ ဆုတ်ပေးကာ မြှူသည်။ သို့ဖြစ်ငြား ကိုဘညိန်း စည်းဘက်သို့ မျက်နှာမူ၏။ ကပ်လိုက်သူ ရှိ မရှိ အကဲခတ်သည်။ သည်အနက် ခုနကမှ ပြန်ရှင် လာသော ညိုကြီးကို စည်းအနီး ယာစွန်တွင် ဆောင့်ကြောင့်ကလေး မြင်ရသည့်အတွက် ပြေးပုတ်သည်။ သူ ပြေးပုတ်ချိန်နှင့် ညိုကြီး ဝမ်းလျားထိုး အဖမ်းတို့ တစ်ပြိုင်နက် ကျသွား၏။ စည်းနှင့် တစ်တောင်ပင် မကွာ၊ တွတ်သံ မပြတ်စေဘဲ ကိုဘညိန်း အလူးအလဲ ရုန်းသည်။ ရုန်းစဉ်တွင် တွတ်သံ မမှန်တော့။
“ကိုဘညိန်း တွတ်ဆက်တယ်၊ သေပြီ”
တွတ်သံသည် တစ်ဆက်တည်း မှန်မှန် အော်နေရမည်။ ပြတ်သွားပြီးမှ ပြန်အော်လျှင် တွတ်ဆက်သည် မည်၏။
“မမောခင်မှာ တိုက်ရတယ်ကွ၊ တွတ်အော်ရတာ တစ်မျိုး၊ ခုန်ရပုတ်ရတာ တစ်မျိုးနဲ့ မောကာမှ ဆိုတော့ တစ်တောင်လောက်ကလေး ဝေးရင်တောင် ရောက်အောင် မရုန်းနိုင်တော့ဘူး မဟုတ်လား။ တွတ် မဆက်လည်း သေမှာပဲကွ”
ရီးသာဒွန်းက မှတ်ချက်ချလိုက်သည်။ သူက တွတ်ထိုး ကစားခြင်းကို ရည်ရွယ်သော်ငြား ရီးဆေးရိုး မူ အလေးအနက် တွေးမိ၏။
“ဟုတ်တယ်၊ လူဆိုတာ မအိုမင်းခင်မှာ ရုန်းရ ကန်ရ ကြိုးစားရတယ်ကွ။ အိုမင်း မောဟိုက်ခါမှ ဆိုရင်”
“ကိုထွန်းမှုန် တော့်... ကိုထွန်းမှုန်”
စာစာ စာစာနှင့် မိန်းမတစ်ယောက်၏ အသံဖြစ်၏။
“လာပြီဟေ့… လာပြီ”
ညိုကြီးတို့ အဖွဲ့မှ ထွန်းမှုန်သည် ချွတ်ထားသော ဖိနပ်ကို စီး၊ အင်္ကျီကို ရွာခရိုးပေါ်မှ လှမ်းရုပ်လိုက်သော်လည်း စာစာသံက ရပ်မသွားပေ။
“ထယ် သွားငှားချေဦးမယ် ဆိုပြီး ထွက်သွားလိုက်တာ၊ ထယ်သွားများ ဖြစ်နေသလားလို့”
“ရိုက်ပါဟေ့၊ ရိုက် ရိုက်”
ကစားဖော်များက လှမ်းနောက်ကြသည်။
ထွန်းမှုန် လျော့သွားသဖြင့် ပွဲရပ်ကာ အစားထိုးရန် လူစားရှာနေစဉ် မလှမေ ရောက်လာ၏။
“ကဲ ကိုဘညိန်းရေ၊ ကျုပ်မတော့ ထမင်းပွဲကြီးနဲ့ စောင့်လို့။ တော့်မှာတော့ ဒီမှာ လာပြီး သူငယ်ပြန်နေတာ ပါကလား။ ကိုယ့်အသက်အရွယ် ကိုယ် ကြည့်ဦးမှပေါ့”
“အေး.. အေး... လာမယ်”
လာမယ်ဆိုငြား ကိုဘညိန်း နေရာမှ မရွှေ့။
“ဟဲ့ကောင်မလေး၊ နင် စကားပြောတာ ကြည့်ပြော၊ နင့်ယောက်ျားကို မနိုင်တိုင်း ငါတို့ကို မစော်ကားနဲ့”
မလှမေ “ဟောတော့်” အော်သည်။ ရီးသာဒွန်း ဝမ်းခေါင်းသံကြီးဖြင့် ရယ်မော၏။
“အရီး ရှိမှန်း မသိပါဘူးတော်၊ တကယ်ပါ”
“ဘာအခုမှ မသိပါဘူးလဲ၊ နင့်ယောက္ခမကလည်း ငါ့ကို ဆွယ်နေတာ၊ တွတ်ထိုးရအောင်လို့တဲ့။ အခု ငါတို့နှစ်ယောက် ဝင်ပြီး တွတ်ထိုးဖို့ ကြံနေတာ၊ နင် ရောက်လာလို့ ပျက်သွားပြီ”
ရီးဆေးရိုး မနေသာတော့ချေ။
“မကြီးမငယ်နဲ့ကွာ၊ ငါ လှိမ့်ကန်ရ သေတော့မှာပါ”
ဆဲဆဲဆိုဆိုဖြင့် တွတ်ဝိုင်းဘေးမှ ထသွားလေတော့ရာ ရီးသာဒွန်းမှာ တဟားဟား ရယ်မောရင်း ကျန်ခဲ့လေသည်။ သူ့ ရယ်သံနှင့် ပြိုင်သော ကာလသားတို့၏ တွတ်တိုးသံကား ကျယ်လောင်စွာ ထွက်ပျံနေဆဲပေတည်း။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment