❝ နှမ်းစည်းချိန်❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
လက်လှည့်မအား ဗြောသမား ဆိုသော စကား၊ ယား ရာကို ထုံးတို့ပြီး မှတ်ထားရသည် ဆိုသော စကားသည် ရီးကျီးဒန် အတွက် သွေးထွက်အောင် မှန်ရုံသာမက အမှန်ကြီးများပင် မှန်နေပါပြီရော။
တာဝန်ကျသည့် စပါးက သာမန် အထွက်တိုး မဟုတ်၊ အထူး အထွက်တိုး။ သည်တော့ ပျိုးသက်ရင့်၍ မဖြစ်၊ စိုက်ရက် နောက်ကျ၍ မလျော်။ သို့သော် လယ်ပွဲတစ်ခုလုံးတွင် မြေလွတ်မကျန်။ ဝါပင် မရှိလျှင် နှမ်း၊ နှမ်း မရှိလျှင် ဝါပင်များ ဖုံးနေသည်။ နောက်ဆုံး ဝါကောက် အပြီးတွင် စက်ဖြင့် တရကြမ်း ထွန်ရသည်။ အိမ်က နွားတစ်ရှဉ်းဖြင့် မလုံလောက်ပြီမို့ ထွန်နှစ်ရှဉ်း ငှားရသည်။ ဟိုက လာပါ၊ သည်က လာပါ ဖြစ်နေသော အချိန်တွင် ထွန်အငှားသမား များသည် မျက်စိ မနာပါဘဲလျက် မျက်လုံး မပွင့်ကြတော့ပေ။ သည်မျက်စိ မပွင့်သူများကို မောင်မောင် ဘဘ ခယရသေးသည်။ မကောင်း ကောင်းကြောင်း ကျွေးရသေးသည်။ ထွန်ခ ကျတော့လည်း တစ်နံနက်စာကို တစ်ဆယ့်ငါးကျပ်မှ ငါးပြားစေ့ပင် မလျှော့။
ရီးကျီးဒန်မှာ စက်သမားနှင့် ထွန်သမားများ စားရန် ချွေးတလုံးလုံးဖြင့် ချက်ကာမျှ မပြီးသေး။ လယ်ပြင်သို့ အချိန်မီပြေးပြီး ထမင်းပို့လိုက်ရသေးသည်။ ရီးဆေးရိုး အပါအဝင် သူတို့တစ်တွေ တဝတပြဲ စားပြီးနောက် အရိပ် ကောင်းကောင်းတွင် လှဲနေကြပြီ။ ထမင်းထုပ်ကို ကပျာကယာ ရွက်ကာ ရီးကျီးဒန် ပြန်ပြေးလာရ၏။ သည့်နောက် ကောက်စိုက်စည်း၊ ပျိုးနုတ်စည်းခေါင်းထံ ပြေးရပြန်သည်။ စည်းများမှာ ထုံးစံအတိုင်း ကျပ်နေသည်။ စည်းခေါင်းနှင့် ပြေပြေပြစ်ပြစ် ညှိနှိုင်းရလျှင် ရ၊ မရလျှင် ရန်ဖြစ်ရ၏။ တုတ်ရ၏။ အိမ်ပြန်ရောက်သောအခါ ရီးကျီးဒန် မလှုပ်ချင်အောင် ဖြစ်နေလေပြီ။ လုပ်စရာကိုင်စရာ အိမ်မှ ဗာဟီရများသည် ရီးကျီးဒန် ဖတ်ဖတ်ဆာအောင် မောနေသည်ကို မသိ၊ တန်းစီပြီး စောင့်နေကြသည်။ နွားစာ ရေခပ်ရန်၊ နွားစာစဉ်းရန်၊ ထမင်းဟင်း ချက်ပြုတ်ရန် စသည်။
ထိုအခါတွင် မြေးများကို ရီးကျီးဒန် တောင့်တမိသည်။ မြန်မြန် ကြီးကြပါတော့ဟု ဆုတောင်းမိသည်။ သူတို့ထဲမှ ငတက်ပြားမသည် ဆိုဆိုဆဲဆဲ ခေါက်ခေါက်ထစ်ထစ်နှင့်ပင် အမေကြီးနှင့် အဘ အပေါ် တွယ်တာမှုကလေးများ ပြတတ်သည်။ ထမင်းအိုးဖင် ပေါက်အောင် ယောက်မဖြင့် ထိုးကာမှ ထိုးရော့၊ ထမင်းအိုး ဝေလျှင် ဝင်ကြည့်ဖော်ရသည်။ ငရုတ်သီး ဝင်ထောင်းသည်။ မျက်လုံးထဲသို့ ငရုတ်စေ့ဝင် သောကြောင့် သူ့ကို ပြုစုရသည့်အတွက် ပိုပြီး ပင်ပန်းသည်က တစ်ကဏ္ဍ။ သို့သော် သည်မြေးတွေလည်း ဘနှင့် အမေကြီးထက် ပိုပြီးတွယ်တာရသူ မတွေ့မီသာပါကလားဟု တွေးမိသောခဏ၌ မောမြဲ မောရ၏။ အရင်းစစ်သောအခါ သည်လင်၊ သည်မယားနှင့် စခဲ့သော အိမ်ထောင်မှာ ဒုံရင်း ဒုံရင်းပါကလား ဟူ၍ အတွေး ကျွံလာချိန်တွင် ရီးကျီးဒန် အားငယ်ရတော့သည်။ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာဟာ ဘယ်ဘက်က တွေးတွေး တယ်မှန်ပါကလားဟု အားငယ်ငယ်နှင့် ဆင်ခြင်မိ၏။
“ဟယ်…. မဖြစ်သေးဘူး၊ လုပ်ဦးမှ... လုပ်ဦးမှ”
သည်သို့ ရီးကျီးဒန် ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ကုန်းရုန်းထသည်။
“သေမယ့်ရက်ကို ထမင်းစားပြီး စောင့်နေရတယ် ဆိုပေမဲ့ သည်ထမင်းအတွက် လုပ်ရဦးမှာပါကလား”
သံဝေဂ ပွားငြား၊ လူက နွားစာစဉ်းသည့် နေရာသို့ ရောက်နေပြီ။ လက်မောင်းအောင့်လျှင် ထပြီး ရေခပ်လိုက်၊ ခြေညောင်းလျှင် ထိုင်ပြီး နွားစာစဉ်းလိုက်ဖြင့် အချိန်ကုန်မှန်းမသိ ကုန်ခဲ့သည်။ သတိရ၍ နေလုံးကို မျှော်ကြည့်သောအခါ နေလုံးသည် ရှားတောရွာ သစ်ပင်အုပ်တွင် မေးတင်နေချေပြီ။ ထမင်းအိုးကို ကိုင်မိသောအခါ ဟင်းအိုးတွေကို သတိရကာ ဟင်းကျန် ရှိ မရှိ စစ်ဆေးရသည်။ အမဲသားဟင်းကျန် သုံးလေးဖတ်ကို ငရုတ်သီးနှင့် ရောမည် စိတ်ကူးကာ ရှိသေး၊ အရည်သောက်အတွက် ဟင်းရွက် ထွက်ခူးချင်လာပြန်သည်။ သည်အခိုက် မနက်ဖြန်တွင်လည်း စက်ထွန်နှင့် နွား နှစ်ရှဉ်းကို ထမင်းကျွေးရဦးမည်ကို သတိရသည်။ တစ်ခါတည်း ခေါင်းထဲတွင် ပူထူသွား၏။
အချိန်က လင့်ပြီ။ ဟင်းက မရှိသေး၊ ဘာလုပ်ရပါ့။
“ဟောသည်က ငါး … ငါးဝယ်ကြဦးမလား”
ရီးကျီးဒန်သည် ဘာငါးလဲ မမေး။ လာဦး လှမ်းခေါ်မိပြီးသား ဖြစ်သွားလေတော့သည်။ ငါးဝယ်ရသည်မှာ အဆင်မပြေလှ။ ဆစ်၍ ဆွက်၍ မကောင်း။ အခြားအချိန်သာ ဖြစ်လျှင် ရွှေထွက်ပေ့စေ၊ မဝယ်ဘူးဟေ့ ပြောလွှတ်မည် ဖြစ်ငြား၊ ယခုမူ ရီးကျီးဒန် ငါးဆယ်သား ဝယ်လိုက်ရသည်။ မဝယ်လျှင် မဖြစ်ပေဘဲကိုး။
ထမင်းအိုး နှပ်ပြီးနောက် ငါးဟင်းအိုး တည်သည်။ ငါးဟင်းအိုးအကျ မီးရှိန်လျော့ကာမှ အိုးငယ် ဖြစ်သော အမဲသားဟင်းအိုး တည်မည်။ အမဲသား ဟင်းကျန်အိုး ပြင်ပြီး၍ ငါးဟင်းအိုး ကြည့်သောအခါ မမြင်ရတော့ပါ။ မှောင်ပြီ။ သို့ကြောင့် ဟင်းအိုးတွင် ရေနေဆီနေ မြင်ရရန် ရေနံဆီမီးခွက် ထွန်းသည်။ အလင်းရောင် ဝင်းခနဲ လက်မလာပါ။ အဝတ်မီးလောင်သော အနံ့သာ ရ၏။ ရေနံဆီ မရှိ။ မီးစာကို လက်ဖြင့် ဖျစ်ပစ်ရသေးသည်။ ပြီးမှ မီးတောက်ရှိသော ထင်းစကို မြှောက်ပြီး ဟင်းအိုးမွှေကာ ရှိသေး၊ မီးစက ခေါင်းကျိုးပြီး ဟင်းအိုးထဲ ထိုးကျလာ၏။ ရီးကျီးဒန် ရမ်းသန်းပြီး ကောက်ယူပစ်လိုက်ရ၏။ လက်နှစ်ချောင်း ကျက်မ တတ် အပူလောင်သွားသော ဝေဒနာဆီ အာရုံရောက်စတွင် အိမ်ရှေ့မှ ရီးဆေးရိုး၏ အသံ ကြားရသည်။ နွားခွာသံ၊ နှာမှုတ်သံများနှင့် ငေါက်ငမ်းသံ။ ရီးကျီးဒန်သည် ဟင်းအိုးကို မီးလျှော့ပစ်ခဲ့ကာ အိမ်ရှေ့သို့ ပြေးဆင်းလာရ၏။ နွားစာ မထည့်ရသေးသောကြောင့် ဖြစ်သည်။ နွားစာ အသင့်ဖြစ်ရေးမှာ သူ့တာဝန် မဟုတ်လား။
“နွားစာ မထည့်ရသေးဘူးလား၊ နေနေ ငါထည့်လိုက်မယ်”
မောင်မင်းကြီးသား စိတ်ကောင်း ဝင်လာသဖြင့် တော်သေး၏။ တွေးကာ ကျေးဇူးတင်ရသည်။ စိတ်ကောင်း ဝင်မနေလျှင် သည်အသေးအဖွဲကလေးကိုပင် ဖျစ်တောက်ဖျစ်တောက် မြည်မဆုံးတော့။
သို့သော် ရီးဆေးရိုး ကလည်း သူ့အကြံနှင့် သူမို့ နွားစာကို သူ့ဘာသာ ထည့်ကြောင်းကို နောက်ထပ် ဟင်းအိုးတစ်အိုး တည်လိုက်ချိန်တွင် ရီးကျီးဒန် သိရလေပြီ။
“ပျိုးနုတ်စည်းနဲ့ ကောက်စိုက်စည်းက ဘာတဲ့လဲ ကျီးဒန်”
“ဖိန်းနွှဲခါမှ ပျိုးနုတ်သမား ရမယ်တဲ့”
“ကောက်စိုက်သမကကော”
“ဖိန်းသန်ဘက်ခါ မရဘူးတဲ့၊ ပျိုးနုတ်ပြီး တစ်ရက် ကျော်ကျမှပဲ ရမယ်တဲ့။ အဲဒါတောင် ပတ်ကြမ်းတိုက်ရသေးသတော့်”
“ကောင်းပါတယ်ဟာ၊ တမန်းအေးတာပေါ့”
ရီးဆေးရိုးသည် နွားတင်းကုပ်တွင်းမှ ယင်းသို့ လှမ်းပြောပြီးနောက် အိမ်ပေါ် တက်လာရင်း ဆက်ပြော ပြန်သည်။
“ဟ.. ဘာလိုလိုနဲ့ နှမ်းပင်တွေလည်း ရိတ်ရတော့မှာပါကလား”
ရီးကျီးဒန်မှာ ကြိုတင်စိတ်ကူး မရှိသဖြင့် မဖြေနိုင်။ သည်စဉ်တွင် ကပြင် (ကြမ်းပြင်) အစပ်သို့ ရီးဆေးရိုး ရောက်လာ၏။
“ဟေ... ဘယ်လို လုပ်မလဲဟ”
“ကျုပ်ပြောထားတဲ့ ကောင်မလေးတွေတော့ ရှိတာပဲ။ သူတို့ အားရင်တော့ ရကောင်းပါရဲ့”
ထိုမိန်းကလေးများမှာ ကောက်စိုက်ညံ့သူများ ဖြစ်ကြ၏။ သို့ရာတွင် သူတို့လည်း အလုပ် မရှားပါ။ ဝါကောက်သည့် အလုပ်၊ နှမ်းရိတ်သည့် အလုပ်ဖြင့် ဂျင်ခြေလည်နေကြပါ၏။
“ဒါဖြင့် သွားလိုက်စမ်းပါဦးဟာ”
“တော်လည်း ဆာရောပေါ့တော်၊ သူတို့လည်း အခုလောက်နဲ့ ရောက်ချင်မှ ရောက်ကြဦးမှာပါ။ စားသောက်ပြီးမှ သွားပါရစေ”
သည်သို့ဖြင့် မျက်စိနှစ်လုံး ပွင့်ကတည်းက မအားခဲ့ရသော ရီးကျီးဒန်မှာ ထမင်းစားပြီး၊ ဆေးကြော သိမ်းဆည်းပြီးနောက်၊ ည ရှစ်နာရီထိုးသည်အထိ မနားရသေးပေ။ မှောင်ကြီးထဲတွင် ရွာရိုးလျှောက် သွားနေရပြန်လေ၏။
••••• ••••• •••••
၂
“နေမင်းကြီးရယ် ပူလိုက်စမ်းပါတော်။ များများ မပူချင် နေပါ၊ သုံးလေးရက်တည်းပဲ ပူပါ”
သည်နေ့ နှမ်းစည်းမည်။
သို့သော် နံနက်စောစောတွင် မိုးဖွဲကလေးတွေ ကျနေခဲ့သဖြင့် ရီးကျီးဒန် အားလျော့သွား၏။ နှမ်း စည်းမည့် မိန်းကလေးများအား အဆာပြေ ကျွေးရန် ဗယာကြော်နှင့် ငါးပေါင်းကြော်များပင် ဝယ်ပြီးနေပြီ။ မိုးဖွဲ မကျအောင် ရီးကျီးဒန် မတတ်နိုင်။ သို့ဖြစ်၍ ကြံမိကြံရာ နေထံ ဆုတောင်းရတော့သည်။
သို့စဉ်တွင် ရီးဆေးရိုးမှာ အခက်အခဲ တစ်ခု ပေါ်လာ၏။
“ညည်းမှာ ငွေငါးကျပ်လောက် မရှိဘူးလား”
ရီးကျီးဒန် မျက်လုံး အပြူးသား မော့ကြည့်မိသည်။ မည်သည့် အခါကမျှ အင်္ကျီဝတ်လေ့ မရှိသော ထန်းသားရောင် ကိုယ်လုံးကြီးကို အနားပြာ ပေါ်ပလင်ဖြူ ရှပ်အင်္ကျီ စွပ်လိုက်သောအခါ ရီးကျီးဒန် မျက်စိထဲတွင် ထူးဆန်းနေချေ၏။
“မေးနေတာ မပြောဘူး။ လူကို မမြင်ဖူးတဲ့ အတိုင်းပဲ”
ရီးဆေးရိုးသည် စလင်းသို့ ပိုးသတ်ဆေးဝယ်ရန် သွားဖြစ်သဖြင့် နက်ဖြန် လယ်ပြင်မသွားဟု မနေ့ကတည်းက ပြောခဲ့ပြီးဖြစ်၏။ သို့ကြောင့် ပုဆိုးလတ်လတ်၊ အင်္ကျီလတ်လတ်ကလေး ဝတ်ကာ ပြင်ဆင်နေခြင်းဖြစ်၏။
“မရှိပါဘူးတော်။ နှမ်းစည်းတဲ့ ကောင်မလေးတွေတောင် နှမ်းစည်းခ ပိုက်ဆံပေးစရာ မရှိလို့ ‘နှမ်းပေါက်ဆန်’ ပဲ ပေးမယ် အောက်မေ့ထားတာ”
ရီးဆေးရိုးသည် ‘ဟင်း’ ခနဲ သက်ပြင်းချလိုက်ရာက လွယ်အိတ်ထဲမှ ပိုက်ဆံကို ထုတ်ကြည့်၏။
တစ်ဆယ်ကျပ် တိတိပင်။ ငါးပြားကလေးပင် အပိုမရှိ။
“တမြန်နေ့ကလား၊ တော်ပြောတော့ ဆေးဖိုး ရှိတယ်ဆို”
“ဆေးဖိုး ရှိတယ်လေ၊ အခု ငါတောင်းတာ ရထားခဟ”
ရထား (မြင်းလှည်း) ခသည် ရမ်းဘိုကုန်းနှင့် စလင်း နှစ်ကျပ်ဖြစ်၏။ အသွားအပြန် လေးကျပ်အပြင် ဆေးလိပ်ဖိုး၊ မုန့်ဖိုးအဖြစ် တစ်ကျပ် ပိုတောင်းခြင်း ဖြစ်ပေသည်။
“ရှာစမ်းပါဦး ကျီးဒန်ရာ၊ ရထားခ မရှိလို့ ဆေး မထုတ်ဘဲထားရင် ဖြုတ်က နေမှာ မဟုတ်ဘူး။ ပိုက်ဆံ ကလည်း တတိတတိနဲ့ ကုန်သွားမှာဟ”
“ခြေကျင်သွားပေါ့တော်”
စလင်းနှင့် ရမ်းဘိုကုန်းသည် အသွား အပြန် (၁၁) မိုင်ပင် မရှိချင်ပေ။ တစ်နေ့တစ်နေ့ ရီးဆေးရိုး ထွန်နောက်မှ လျှောက်လိုက်သော ခြေလှမ်းတွေကို ပေါင်းဆန့်လျှင် စလင်းနှင့် ရမ်းဘိုကုန်း အသွားအပြန် ခရီးကား အသာကလေးပင်။
သို့သော် အဖိုးတန်သော အချိန်ကို ငွေလေးကျပ်နှင့် လဲမည်လား။ နှမ်းခင်းကျွတ်တွေတွင် ဓာတ်မြေသြဇာ ပက်စရာရှိသည်။ မည်သူ ပက်မည်နည်း၊ နက်ဖြန်မှ ပက်လျှင် ထွန်ချိန် ပုပ်မသွားပေဘူးလား။
“အိုတော်၊ တော့်ဘာသာတော် တစ်နေရာရာမှာ စပါးတစ်တောင်း သွားရောင်းပြီး သွားပေတော့။ ကျုပ် မအားဘူး၊ ပြောရင်းဆိုရင်း နေတောင် ပွင့်လာပြီ”
အကယ်၍သာ နေရောင် ပွင့်မလာခဲ့လျှင်၊ သို့တည်းမဟုတ် မိုးဖွဲကလေးတွေ ကျနေဦးမည်ဆိုလျှင် ရီးကျီးဒန် ယခုနှယ် မျက်နှာလွှဲခဲပစ် လုပ်သွားပစ်မိမည် မဟုတ်။ ယခုသော်ကား ဝင်းခနဲလင်းလက် လာသော နေရောင်က ရီးကျီးဒန်တင်ပါးကို သံချွန်ဖြင့် ထိုးလေပြီ။ ပြောပြောဆိုဆိုဖြင့် ငါးစပ်စောင်ကြီးတွေကို အောက်မှခံကာ အပေါ်မှ ငါးပေါင်းကြော်နှင့် ရေဘူး ထည့်ထားသော တောင်းကြီးကို ခါးစောင်းတင်ကာ ထွက်လာခဲ့ပါသည်။
ရီးကျီးဒန်မှာ အချိန်ဆွဲနေ၍ မဖြစ်သောကြောင့်သာ ထွက်လာရငြား စိတ်က မဖြောင့်။ စပါး တစ်တောင်းကို အစိတ်ဈေး ရှိတာမှ သိရဲ့လား။ ဆယ့်ငါးကျပ် နှစ်ဆယ် ပေးပြီး နှပ်ချတဲ့ လူနဲ့များ တွေ့နေမှဖြင့် တစ်သီကြီး တွေးလာရာ အုတ်ပေါင်း (တံတား) အနီး အရောက်တွင် လှည်းလမ်းပေါ် ကျူးကျော်ထွက်နေသော လက်ပံမြစ်ကြီးနှင့် တိုက်မိကာ ခြေမကြီး ပဲ့သွားတော့မှ အတွေးရပ်တော့သည်။
နှမ်းစည်းမည့် မိန်းကလေးတွေက လယ်ပြင်သို့ ရောက်နေနှင့်ကြ၏။ နှမ်းပုံကြီး မြင်ပါလျက်နှင့် ယူပြီး မစည်းရဲ။ အောက်ခံအဝတ် မရှိဘဲ စည်းမိသော် နှမ်းတစ်စေ့မျှ မကျဦးတော့ နှမ်းတစ်ပြည်မျှ ကျသလောက်နီးပါး ရီးကျီးဒန် ဆဲရေးတော့မည်။
နေပူခံ သနပ်ခါးပါးကွက်ကလေးတွေ ကိုယ်စီဖြင့် နှမ်းပုံဘေးတွင် မိန်းကလေးတွေ ထိုင်နေကြပုံမှာ ချုံစပ်တွင် မှိုပွင့်ကလေးတွေ ပေါက်နေပုံနှင့်ပင် တူသေးတော့။ သူတို့ မျှော်လင့်နေဆဲတွင် လယ်ထိပ် ညောင်ပင်ကြီးအနီး မြောင်းပေါင်ပေါ်သို့ ရီးကျီးဒန် ဘွားခနဲ ပေါ်လာ၏။
“ဟော လာပြီ လာပြီ”
“အမယ်လေး မျှော်လိုက်ရတာ အရီးရယ်”
“ဆာလိုက်တာ အူကို လိမ်နေပြီ”
တောင်းကို ပြေးရွက်သူက ရွက်၊ ခါးကို ပြေးဖက်သူက ဖက်၊ ငါးပေါင်းကြော် နှိုက်စားသူကစားနှင့် ဆူညံသွားလေ၏။
••••• ••••• •••••
၃
ဝါခင်းကျွတ်များတွင် စိုက်နှင့်ပြီးသော ကောက်ပင်များသည် အဝါရောင်ပျောက်ကာ အစိမ်းရောင် ဝင်စ ပြုပြီ။ ကြိုးတန်း၍ စိုက်ထားသောကြောင့် မိန်းမပျို ပါးမှ ဘီးရာ ပေးထားသော သနပ်ခါးပြင်သဖွယ် အလှ ထူးနေ၏။ နှမ်းခင်းကျွတ်ကား ထွန်ကောင်းတုန်း၊ ယက်ကောင်းတုန်း။ သည်အချိန်တွင် လယ်များသို့ ထွန်စက်လမ်း မပေါက်တော့ပြီ။ ထို့ကြောင့် နွားထွန် ကိုသာ အားကိုးရသည်။ နွားထွန်ကိုလည်း ရီးကျီးဒန် တို့နည်းတူ နှမ်းခင်းကျွတ်သမားများက သူ့ထက် ငါကောင်း ခေါ်ကြရာ၊ သည်မှာ မပြီးသေးဘဲနှင့် ရပ်ထားရသည်။ မကျွတ်တကျွတ် နှမ်းငုတ်များ၊ ထိုးထိုး ထောင်ထောင် အမြှုပ်တဖွေးဖွေးနှင့် မည်မျှကြာအောင် ဆိုင်းငံ့နေရဦးမည် မသိ။ ထွန်တစ် နံနက်စာကို (၁၅) ကျပ်သို့ တက်သွားခြင်းမှာလည်း ယခုနှယ် အလုအယက်ခေါ်သူများ ကောင်းမှုပင်။
ရီးကျီးဒန်သည် အမြှုပ်တဖွေးဖွေး၊ ထွန်ချေးစာ ထိုးထိုးထောင်ထောင် လယ်ကွက်များကို ငေးကြည့်ရင်း ရင်မောနေ၏။ မိန်းကလေးများသည် တောင်းထဲမှ ငါးစပ်စောင်များကို နှမ်းပုံပတ်လည်တွင် ခင်းကာ နှမ်းစည်း နေကြပြီ။
ရိသော နှမ်းရွက်၊ ဝါသော နှမ်းရွက်များသည် နှမ်းပုံပေါ်တွင် ကျန်သူကျန်၊ စောင်ပေါ် ကျသူကျနှင့် ဖြူယောင်ယောင် ငါးစပ်စောင်ကြီးများမှာ ခဏချင်းပင် ရောင်စုံခြယ်ထားသော၊ အမည်မသိသော်ငြား လှကားလှသော ပန်းချီကားချပ်ကြီးများ ဖြစ်သွားကြလေ၏။
သည်အစိမ်းပုပ်ရောင်နှင့် အဝါရောင်မျိုးစုံတို့ ကြားသို့ မစို့မပို့ ကျကျလာသော နှမ်းစေ့များကား မည်သည့် ပန်းချီဆရာမျှ မတို့မပေါက်နိုင်သော ဆေးစက်ကလေးတွေ ဖြစ်နေပေတော့၏။
“အရီး၊ ဘယ်နားက စထောင်ရမလဲ”
နှမ်းပင်ဖြင့် ပြန်လည် စည်းနှောင်သော နှမ်းစည်းများကို စောင်အစွန်တွင် ချထားခဲ့ရာ တဖြည်းဖြည်း များလာသဖြင့် လှမ်းမေးကြသည်။ သည်အသံကို ကြားတော့မှ ရီးကျီးဒန် အငေးရပ်ကာ “ဝေးဝေးသာ ထောင်ကြဟဲ့၊ နေရာ ပိုနေတာ မမှားဘူး” ပြောရင်းမှ သူ့ဘေးပတ်လည်ရှိ နွယ်ထွေးများကို သတိပြုမိသည်။
“ကဆစ်ပင်တွေပါကလား”
ကဆစ်နွယ်တစ်ထွေးကို ဆွဲယူကာ အဖြူစင်းကလေးများဖြင့် မှည့်ဝင်းနေသော ကင်းပုံသီးယောင်ယောင် အသီးကလေးများကို ဆွတ်ယူမိသည်။ တစ်လုံးဆွတ်ကာမျှဖြင့် ပျံ့ကြူသော ကဆစ်သီးမှည့် ရနံ့က သွားရည်ကို ချူသည်။ သို့သော် ရီးကျီးဒန် မစားနိုင်ပါ။ ငယ်စဉ် သွားကောင်းစဉ်က ကဆစ်သီးရွမ်း ပြင်းတွေ အာပေါက်အောင် စားခဲ့ပုံ၊ ကဆစ်သီးအမှည့် အစားလွန်သဖြင့် ရင်ခံခဲ့ပုံတို့ကိုသာ အတွေးဖြင့် လွမ်းရင်း တစ်လုံးပြီး တစ်လုံး၊ တစ်နွယ်ပြီး တစ်နွယ် ဆွတ်ခြွေစုပုံထားမိသည်။
မိန်းကလေးတွေ ကျွက်စီကျွက်စီ ဖြစ်လာကြပြီ။ နှမ်းစည်းသူနှင့် နှမ်းထောင် ထောင်သူ အငြင်းပွားခြင်း ဖြစ်၏။ ထောင်သူက နေပူထဲ သွားပြီး ထောင်ရသဖြင့် ကူမစည်းနိုင် ဆိုသည်။ စည်းသူကလည်း ထောင်စရာ နည်းခိုက် ကူစည်းရမည်။
“ကဲ.. ကဲ ကောင်မတွေ၊ ငါထောင်မယ်။ ငါ့ကို တစ်ယောက်ပဲကူ၊ စည်းဖို့လိုရင် ငါလည်း ကူစည်းမယ်”
ရီးကျီးဒန်မူ ထိုင်ရာမှ ထမိသည်နှင့် မအားရတော့ပြီ။ အလုပ်တွေ ဗုံစီသလို စီနေ၏။ ခုနက ထောင်ပြီးသား နှမ်းထောင်တွေ အကား နည်းသဖြင့် ပြင်ထောင်ရသည်။ တစ်ယောက် သယ်လာသည်များကိုလည်း အလျဉ်မီအောင် ထောင်သည်။ နှမ်းစည်း ထောင်ရာတွင် စုလွန်းလျှင်လည်း လေပြင်းပြင်းတိုက်၍သော်မျှ မခံဘဲရှိမည်။ ကားလွန်းလျှင်လည်း နေရာ မဆံ့ဘဲ ဖြစ်မည်။ ထို့ကြောင့် ကိုယ်တိုင် လုပ်မှသာ အနေတော် ကျတော့သည်။ ထောင်သူက နိုင်သွား ပြန်လျှင် နှမ်းပုံဘေးသို့ ရီးကျီးဒန် ပြေးလာ၏။ အဝတ်ပေါ်မှ နှမ်းခက် နှမ်းရွက်များကို ရှင်းသန့်သည်။ သည်အခါ ညိုသည်လည်း မမည်။ ဖွေးဥသည်လည်း မဆိုသာသော နှမ်းစေ့များကို မြင်ရကာ အမောပြေ သွားရတော့၏။
နေသည် မြင့်ရာမှ တဖြည်းဖြည်း နိမ့်လာလေပြီ။ နှမ်းထောင်ရန် သီးသန့် ချန်ထားသော အကော လယ်ကွက်ကလေးထဲတွင် နှမ်းထောင်များ ပြည့်လုခမန်း ရှိလာပြီ။ ထိုအခါ မိန်းကလေးတို့၏ လှပသော သနပ်ခါးပါးကွက်ကြားများလည်း ချွေးစေးကြောင်းများ အောက်တွင် ပျက်ပြယ်ရသည့်နည်းတူ သွက်လက်သော လက်များလည်း နှေးကွေးလာလေ၏။ တစ်ယောက်ကို တစ်ယောက် စလိုက်၊ နောက်လိုက် ပြောင်လိုက်၊ မောလျှင် သီချင်းဟစ်လိုက်လည်း မလုပ်နိုင်ကြတော့ပါ။ ဟည်းထနေသော နှမ်းပုံကြီးလည်း မြေပြင်ဆီသို့ တစ်စတစ်စ နိမ့်ကျလာသည်။ အလွန် စိတ်ဆောင်နေသော ရီးကျီးဒန်ပင် လက်ပန်းကျနေပါပြီ။
ကျီးကန်းများ အိပ်တန်းသို့ ပြန်လာကြချိန်တွင် နှမ်းပုံကြီး လုံးဝ ပျောက်ကွယ်သွားသည်။ မိန်းကလေးများလည်း မြေကြီးပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြသည်။ သည်အခါ ရီးကျီးဒန်လည်း ပစ်ခတ်ပြီး ထိုင်ချလိုက်ချင်သည်။ သို့ဖြစ်ငြား မထိုင်နိုင်။
“ဟဲ့... ဟဲ့ အပြန် မှောင်နေမယ်ဟဲ့။ နှမ်းပေါက်ဆန်တွေကို လုပ်ကြဦးမှပေါ့”
သူသည် ပြောလည်း ပြော၏။ စောင်ပေါ်ရှိ နှမ်းခက် နှမ်းရွက်များကိုလည်း ထထကြွကြွ ဖယ်ရှား၏။ မိန်းကလေးများမှာ ငါးစပ်စောင် နှစ်ခုကို ပေါင်းသူ ပေါင်း၊ ဆန်ကောဖြင့် ပြာသူက ပြာကြသည်။ နှမ်းခက် နှမ်းရိုးများ နည်းသွားလေလေ စိတ်ပျက်စရာ ကောင်းလာလေလေဖြစ်တော့သည်။ အကြောင်းမူ ပြာအား တီးအားကြောင့် လွင့်သွားသော နှမ်းရွက်များ အောက်တွင် နှမ်းစေ့များအစား တရွရွနှင့် နှမ်းပိုးတွေသာ ဖုံးလွှမ်းနေသောကြောင့်တည်း။
အပြန့် ရှစ်တောင်ကျော်ကျော် ကိုးတောင် ရှိ၍ ရင်စို့ခန့်မြင့်သော နှမ်းပုံကြီးသည် ရီးကျီးဒန်အား မမောအောင် အားပေးခဲ့သည်။ တက်ကြွလှုပ်ရှားအောင် ဆွဲဆောင်ခဲ့သည်။ သည်အပြန့် သည်အမြင့်ရှိသော နှမ်းပုံမှ နှမ်းပေါက်ဆန် လေး ငါး ခြောက်လမယ် ထွက်မည် ခန့်မှန်းခဲ့၏။
ယခုသော်ကား တစ်ခွက်ပင် ပြည့်မည့်ပုံ မပေါ် ချေ။ သည့်နှယ်ဆိုလျှင် အမောဆို့ရပြီတည်း။ ရီးကျီးဒန်တို့ ပုံသေနည်းအရ သည်အရွယ် နှမ်းပုံမှ နှမ်းပေါက်ဆန် တစ်ပြည်ရလျှင် နှမ်းထွက်ကောင်းမည်။ ခြောက်လမယ်ခန့် ရလျှင် မဆိုးလှ။ တစ်ခွက်မျှသာ ရပါမူ သင့်ရုံသာ။ ယခု လေးလမယ်ပင် ပြည့်ပုံ မပေါ်သောအခါ ညံ့ပြီ။ နှမ်းရိတ်သူကို လယ်စိုက်အရေ အတွက်အတိုင်း တစ်နံနက် သုံးကျပ်ဖြင့် ငှားရသည်။ စည်းရာခါရာတွင်လည်း တစ်ကျိပ်စိုက် လယ်မှ နှမ်းပင်ကို တစ်ကျိပ်ပင် ငှားရသည်။ ယနေ့ အစည်းငှားသော မိန်းကလေးတွေကို အကျေ မပေးသေးဘဲ နှမ်းပေါက်ဆန်ပဲ ပေးထားရဦးမည်ဟု ရီးကျီးဒန် စိတ်ကူးထားခဲ့သည်။ ယခု မပေးနိုင်တော့ပါ။ ရှိစေတော့။ ဝမ်းစာ စပါးကို ရောင်းပြီး ပေးလျှင် ဖြစ်ပါသည်။ သို့သော် သည်မျှ ကြီးမားသော အပုံကြီးမှ ‘နှမ်းပါက်ဆန်’ တစ်ပြည်မျှပင် မရသောအခါ ရီးကျီးဒန် မောသွားပါတော့သည်။ စောစောက မျိုသိပ်ထားခဲ့သော အမောတွေပါ ပြန်ပေါ်လာကာ စုပြုံပြီး မောဟိုက်နေလေ၏ ။
“အရီးကလဲ နှမ်းရိတ်တုန်းက မသိဘူးလား”
ဆောင့်ကြောင့်ထိုင်သည်လည်း မမည်၊ ပြားပြားချ ထိုင်သည်လည်း မဟုတ်သော ထိုင်ခြင်းဖြင့် ထိုင်ကာ မောပန်းစွာ ငေးမောနေသော ရီးကျီးဒန်အား မိန်းကလေး တစ်ယောက်က စကားစလိုက်၏။
“ဟဲ့ ငါ ဘယ်သိမလဲဟဲ့၊ ငါမှ မရိတ်တာ”
ရီးကျီးဒန် နားဝေတိမ်တောင် ဖြစ်လေပြီ။ သူသည် အမှတ်မဲ့ ရှိခဲ့သလော၊ သတိထားခဲ့မိသလော စဉ်းစားသည်။
“အလုပ်တွင်ဖို့ပဲ စိတ်စောနေတာကလားအေ”
“ကျုပ်တို့တော့ ရိတ်ကတည်းက သိတယ်တော့။ အရီး နှမ်းပင်တွေက ရိတ်လိုက်တိုင်း ဖောက်ခနဲ ဖောက်ခနဲ မြည်တာ များတယ်။ ကိုင်ရတာလည်း ပေါ့ပေါ့ကလေး။ ထွက်မယ့်နှမ်း ဆိုရင် ရိတ်တည်းက အရိုးမာတယ်။ ကိုင်ရာ မှာလည်း စီးစီးနင်းနင်း ရှိတယ်”
“ညည်းတို့က ရိတ်တဲ့လူကိုးအေ့၊ သိတာပေါ့”
“ကျုပ်တို့ကလည်း အရီး သိပြီးပြီ ထင်လို့ မပြောဘဲ နေခဲ့တာ ”
ရီးကျီးဒန်သည် မိန်းကလေး၏ စကားကို မကြားတစ်ချက် ကြားတစ်ချက် ရှိရာက၊ ကဆစ်သီးအမှည့်ပုံ ထဲမှ တစ်လုံးကို ကောက်ယူကာ ပါးစပ်နားသို့ ကပ်လိုက်၏။
“အရီးကဖြင့် လုပ်ပြီ။ သွားမှ မရှိတာ၊ ဘာနဲ့ သွားပြီး ကဆစ်သီး စားမှာလဲလို့”
အခြားမိန်းကလေးတစ်ယောက်က လှမ်းပြောလိုက်သဖြင့် ရီးကျီးဒန်မှာ ကဆစ်သီးကို ကမန်းကတန်း ချထားလိုက်ပြီးမှ ပြန်ကောက်ယူကာ နမ်းရှိုက်လိုက်၏။
“မစားနိုင်တော့လည်း နမ်းရတာပေါ့အေ”
“ဒါနဲ့များ ဆွတ်ထားလိုက်တာ အရီးရယ်၊ နမ်းဖို့ ဥစ္စာပဲ တစ်လုံးတလေဆို တော်ရောပေါ့”
“ကိုယ်မစားနိုင်ပေမဲ့ မြေးတွေ ရှိနေသေးတယ် အေ့။ ကဲကဲ ဘာတွေ ကျန်သေးသလဲ သေသေချာချာ ကြည့်ကြ။ စုံရင် သွားကြရအောင်။ အင်း မနှစ်တုန်းက ရခဲ့တော့ သည်နှစ်ရနိုးနိုး။ သည်နှစ် မရပြန်တော့ ရှေ့နှစ် ရနိုးနိုးပေါ့ အေတို့ရယ်”
ရီးကျီးဒန်သည် ညည်းညည်းတွားတွား ထရပ်ပြီး နောက် မိန်းကလေးများ ရှေ့မှ လျှောက်လာခဲ့လေ၏။ မှောင်ရိပ်သန်းစ သစ်ပင်ချုံဖုတ်များသည် အိမ်ပြန် တစ်စုအား တိတ်ဆိတ်စွာ ကြိုဆိုနေကြပေ၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment