Monday, September 7, 2026

အရူးပါး


❝ အရူးပါး ❞
▢ အဲလိုထူး

လက်ဖက်ရည်ဆိုင်ထဲသို့ အရူးတစ်ယောက် ဝင်လာသည်။ ကိုအေးသောင်းတို့ စားပွဲကို တည့်တည့်မတ်မတ်။ ဒါကို အိပ်မက်အရဟု အတိတ် ကောက်နိုင်သလို တိုက်ဆိုင်မှု တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

ကိုအေးသောင်း ကတော့ နည်းနည်းလေးမှ သဘောမကျ၊ မျက်နှာအမူအရာ ပျက်ယွင်းနေသည်။

“သွားကွာ.. သွား.. သွား”

အရူးက သွားကလေး ဖြဲပြီး ထွက်သွား၏။သိပ်သိပ်သည်းသည်း ခံစားရပုံ မပေါ်။ ကိုအေးသောင်းတို့ အပိုင်နီးပါး နေရာယူထားသော လက်ဖက်ရည်စားပွဲသည် ဝင်ပေါက်ဘေး ကပ်လျက် ပုဏ္ဏားကွယ် ရှေ့တည့်တည့်က နေရာ ဖြစ်ပါသည်။ ကိုအေးသောင်းသည် အစွဲအလမ်းကြီးသူ တစ်ယောက် ဖြစ်၏။ ထိုပုဏ္ဏားကွယ်ကို အမြဲ မှီပြီး ထိုင်လေ့ ရှိသည်။ လက်ဖက်ရည်ကို ပေါ့ဆိမ့် သောက်၏။ ဆေးလိပ် မသောက်။ စွဲလမ်းခြင်းက လူကို ချုပ်ကိုင်ထား၏။ သူ စားနေကျ ကွမ်းယာဆိုင်မှ ကွမ်းထုပ် အမြဲ ပါလာတတ်သည်။ သူနှင့်အတူ လက်ဖက်ရည် သောက်ဖော်များမှာ သူ့လုပ်ငန်း၊ သူ့ပတ်ဝန်းကျင်နှင့် လားလားမျှ မသက်ဆိုင် သူများ ဖြစ်နေပါသည်။ မောင်ဇော် ဆိုသည့် ကောင် လေးက ပန်းရန်လက်သမား ဘောက်လိုက်လုပ်သည်။ ကိုမောင်ညို ဆိုသည့် လူက ကဗျာဆရာ ယောင်ယောင်၊ နိုင်ငံရေးသမားယောင်ယောင် ဖြစ်၏။ ဤ လက်ဖက်ရည်ဆိုင်တွင် ဆုံကြရင်း မျက်မှန်းတန်းမိရာက အချိန်မှန် ပေါင်းစည်းဖြစ်ကြခြင်း ဖြစ်ပေလိမ့်မည်။ သိပ်တော့ မသေချာပါ။ ဆွဲဆောင်မှု အားကောင်းသည့် အခြား အကြောင်းအရာလည်း ပါဝင်နိုင်ပါသည်။ ဟိုနှစ်ယောက်သည် ကိုအေးသောင်းနှင့် အသွင်တူသူများ မဟုတ်ပေ။ သို့သော် နေ့လယ် ၂ နာရီ ပတ်ဝန်းကျင်ဆိုလျှင် အခြားသူ နှစ်ယောက် မပျက်မကွက် ရောက်လာတတ်ခြင်းက မိတ်ဆွေစိတ်ထားထက် အခြားသော အရသာ တစ်ခုခု ကိုအေးသောင်း ဆီမှာ ရှိလိမ့်မည်ဟု တထစ်ချ ယုံကြည်နေသူများ ဖြစ်နိုင်သည်ဟု ယူဆရပါသည်။

“ဟိုကားတွေ ရှိတယ် ယူဦးမလား ဦးသောင်း”

ကိုအေးသောင်း ခပ်တည်တည်ပဲ ဖုန်းထုတ်ပေးသည်။ သူ မလုပ်တတ်၊ မောင်ဇော် ဆိုသည့် ကောင်လေးကပင် ကိုအေးသောင်း ဖုန်းထဲ ကူးထည့်ပေးရသည် ။ ကိုအေးသောင်း ကတော့ သူပဲ မဟုတ်သလို ဘဏ်ကြော်ငြာက မင်းသမီး ထွားထွား တစ်ယောက်ပုံကို မော့ကြည့်နေ၏။ ထိုအချိန်တွင် လက်ဖက်ရည်ဆိုင်ရှေ့ ဗာဒံပင်က အရွက်တချို့ ကြွေကျလာသည်။ လေက ဟူးခနဲ၊ အေးခနဲ ဖြတ်သွားသည်။ ပူလောင်မှုတချို့ အေးမြသွား၏။

“သောက်လေက ပိုက်ဆံ မပေးရတိုင်း စွတ်တိုက်နေတယ်။ ဒီမှာ ဗာဒံရွက်က လက်ဖက်ရည်ခွက်ထဲ ကျတော့မလို့”

“ဦးသောင်းကလည်းဗျာ၊ လေတိုက်တော့ အေးတာပေါ့ဗျ၊ ဒီလောက် ပူအိုက်နေတာ”

“မဟုတ်ဘူး မောင်ဇော်ရဲ့၊ ကိုအေးသောင်း တွေးတာ မှန်တယ်။ တချို့ဟာတွေက အလကားရတိုင်း ကောင်း တာ မဟုတ်ဘူး။ ဟုတ်တယ် နော် မောင်သောင်း၊ ခက်ခက်ခဲခဲ တိုက်ယူရမှ အရသာ ပိုရှိတာ”

ဒီလိုပဲ ကြုံရာကျပန်း ပြောဆို ဆွေးနွေးကြခြင်း ဖြစ်ပါသည်။ အချို့သည် အရသာရှိတာမျိုး ပါကောင်း ပါနိုင်သလို အချို့အကြောင်းအရာများသည် ဘာရယ်မဟုတ် ပေါ့ပေါ့ပါးပါး၊ ဟုတ်ဟုတ်ငြားငြား မဖြစ်တာမျိုးလည်း ရှိသည်။ သတိထား ကြည့်မိလျှင်တော့ အကြောင်းအရာ ခေါင်းစဉ်တိုင်းသည် ကိုအေးသောင်းကို တိုင်တည်ပြီး ဆွေးနွေး ပြောဆိုနေကြခြင်းကို တွေ့ရပါသည်။ မောင်ဇော် ဆိုသည့် ကောင်လေးက အငယ်ဆိုတော့ အကြောင်းအရာကို မြှောက်ထိုးပင့်ကော် ဆွပေးသည်။ ဒီနှပ်ကြောင်း အတိုင်း ကိုအေးသောင်း ကလည်း တစ်သဝေမတိမ်း ပါလာတတ်သည်။ ဒေါသတကြီးနှင့်။ ဒါသည်ပင်လျှင် ထိုသုံးယောက် အုပ်စုထဲမှာမှ ကိုအေးသောင်း၏ တစ်မူထူးခြားမှု တစ်ခု။ ကိုမောင်ညို ကတော့ ဆရာကြီး အိုက်တင်ဖမ်းပြီး ရှင်းဟယ်လင်းဟယ်နှင့် သူတို့ လက်ဖက်ရည်ဝိုင်းက အမြဲ စည်ဝေ နေတတ်လေသည်။

“ဦးသောင်း ညက ဘောလုံးပွဲ ထ,ကြည့်သေးလား”

“အေးကွာ၊ ဘာစီရဲ့ ခြေကို သိချင်တာနဲ့ ထွက်လာသေးတယ်။ ဒါပေမဲ့ ဘောလုံးပွဲဆီ မရောက်လိုက်ဘူး”

“ဟင် ဘာဖြစ်လို့လဲ၊ ဘောလုံးပွဲပြတဲ့ လက်ဖက် ရည်ဆိုင်က ဦးသောင်းတို့ လမ်းထိပ်တင်ပဲဟာကို။ ဘာလဲ ခွေးကြောက်လို့လား”

“မင်းကြီးဒေါ်ကြီး ခွေး ကြောက်ရမှာလား။ မင်းခွေး တွေ ရိုက်သ,တ်ပြီး ချက် တောင်စားလိုက်ဦးမယ်”

“မလုပ်ပါနဲ့ မောင်သောင်းရာ၊ မင်းကလည်း အရာရာ ဒေါသချည်းပဲ။ ခွေးနဲ့ ဖက်ကိုက် ခွေးလိုမိုက်၊ ကိုက်သူလည်းခွေး ခွေးလည်း ခွေးတဲ့”

“ဘာလဲ ခင်ဗျားက ကျုပ်ကို ခွေးလို့ ပြောတာလား”

“မဟုတ်ရပါဘူး မောင်ရာ၊ မင်းဒေါသကို လျှော့ဖို့ ပြောတာ။ ခွေးပဲကွာ အသိဉာဏ်ရှိတာမှ မဟုတ်တာ။ ကိုယ်က ရှောင်နိုင်ရမှာပေါ့”

“အေး… အခုဟာက ရှောင်လို့ မလွတ်လို့ ဘောလုံးပွဲ မကြည့်ရတာဗျ၊ ရှင်းလား”

“ဟေ.. ဘယ်လို၊ ပြောစမ်းပါဦးဟ”

အဲဒီညက ကိုအေးသောင်း ဘောလုံးပွဲ ကြည့်ရန် ညဆယ့်တစ်နာရီခွဲလောက်ကြီး အိမ်က ခိုးထွက်လာခဲ့၏။ အဝေးကြီး မရောက်လိုက်။ သူ့အိမ်ရှေ့မှာပဲ တွေ တွေကြီး ရပ်နေခဲ့ရသည်။ အခြားမဟုတ်၊ ကိုအေးသောင်းတို့ ခြေရင်းအိမ်က အရူးမကို လှမ်းတွေ့လိုက်ရသောကြောင့် ဖြစ်ပါသည်။

••••• ••••• •••••

စိတ်ကို လာကပ်သည့် အရာက ကိုယ့်အကြိုက် ဖြစ်နေခဲ့မယ်ဆိုလျှင် ကိုယ်တိုင် စွန့်လွှတ်ချင်စိတ်ကို လှမ်း ခေါ်၍ မရနိုင်ပါ။

လက်ဖက်ရည်ဆိုင် ရောက်လျှင် စကားဝိုင်း အတွက် ခေါင်းစဉ်အသေး တစ်ခုတော့ လိုအပ်ပါသည်။လျှပ်စစ်မီး ခဏခဏ ပြတ်သည့် အကြောင်းကို ဆွေးနွေးမည်လား၊ အစိုးရသစ် အကြောင်းကို ပြောမည်လား။ ဒါမှမဟုတ် ယောကျ်ားသုံးယောက် ဆုံ၍ မိန်းမအကြောင်း ပြောကြမည်လား။ ကိုအေးသောင်းက လွဲပြီး ကျန်နှစ်ယောက်သည် အိမ်ထောင်သည်များ ဖြစ်ကြပါသည်။ မောင်ဇော် ဆိုသည့် ကောင်လေးသည် သူတို့ သုံးယောက်ထဲတွင် အသက်အငယ်ဆုံး ဆိုသော်ငြားလည်း ဝါအားဖြင့် ကိုအေးသောင်း ထက် ကြီး၏။ သုံးလေးနှစ် အရွယ်သမီးလေး တစ်ယောက် ရှိသည်။ ကိုမောင်ညို ဆို သည့် သူကလည်း သားတစ်ယောက် ဖခင်ဖြစ်သည်။ ကိုမောင်ညို၏ သားသည် တက္ကသိုလ် ကျောင်းသား ကြီး ဖြစ်နေပါပြီ။ သူ့အမျိုး သမီးက စီးပွားအရှာ ကောင်း ၍ သူက လတ်လျားလတ်လျား ဖြစ်နေခြင်းပင်။ ကိုအေးသောင်း တစ်ယောက်သာ လူလွတ်၊ လူပျိုကြီး။ ကိုအေးသောင်း အသက်က သုံးဆယ် ကျော်ပြီး လေးဆယ်နား ကပ်နေဟန်ရှိ၏။ လူပုံကတော့ ပိန်ပိန်သွယ်သွယ်၊ အသားအရေ ခြောက် တောက်တောက်၊ အမြဲတမ်း မျက်တွင်းဟောက်ပက်နှင့် ဖြစ်သည်။ အစ်မ အပျိုကြီး နှစ်ယောက်ရှိပြီး အိမ်ထောင်သည် အစ်ကို လင်မယားနှင့် အမွေဆိုင်အိမ်ကြီးမှာ စုပေါင်း နေထိုင်ကြသည်။ အခုနောက်ပိုင်း လက်ဖက်ရည်ဝိုင်း စကားခေါင်းစဉ် အောက်မှာ ကိုအေးသောင်းတို့ အိမ်ခြေ ရင်းက အရူးမအကြောင်း ပါ, ပါလာတတ်သည်။

“နာမည် ဘယ်လိုခေါ် သလဲဗျ ဦးသောင်း”

“ဘယ်သိမလဲကွ၊ အရူးမပါ ဆိုမှ အရူးမပေါ့”

“ဘယ်လို အရူးမလဲ မောင်သောင်းရ၊ မင်းကလည်း ရှင်းအောင် ပြောစမ်းပါ”

“မသိပါဘူးဗျာ၊ တောက ဆေးကုဖို့ ပြောင်းလာကြတာလို့ ကျုပ်အစ်မက ပြော တာပဲ။ ကျုပ်က စပ်စပ်စုစု မလုပ်ဘူး။ တောသူဌေးတွေနဲ့ တူပါတယ်။ ကျုပ်တို့ခြေ ရင်း အိမ်ကို ဈေးမဆစ်ဘဲ ဝယ်သွားတာ။ ဒါ ဒီအရူးမ ကို ထားဖို့ပေါ့ ရှင်းနေတာပဲ ဟာ”

“ဦးသောင်းဟာကလည်း မရှင်းမရှင်းနဲ့။ အရူးမက ဘယ်လိုပုံစံမျိုးလဲ၊ ဘာ ကြောင့် အရူးမလို့ ပြောတာ လဲ။ ဦးသောင်းက ဘယ်လို သိတာလဲ”

“ဟာ... ဒီနွားနာလေးက အကုန် လျှောက်မေးနေ တယ်။ အသက်က သုံးဆယ် ကျော်လောက်ရှိပြီ ထင်တယ်ကွာ။ အရပ်မြင့်မြင့်၊ ဒေါင်ကောင်းကောင်း၊ အသားကတော့ ခပ်လတ်လတ်ပဲ။ သူက မင်းသမီးလို ပြင်ဆင်ထားတာကွ။ ဟိုကွာ ရုပ်ရှင်မင်းသမီးလို၊ ဇာတ်မင်းသမီးလို အိမ်နေရင်း အဲလိုကြီး ပြင်ထားတာ။ ပြီးတော့ ငါ တွေ့ သမျှ အိမ်အမှောင် ထဲမှာပဲ ကုပ်နေတာ များတယ်။ မင်း အဲလို အမည်းတွေ ဘာတွေ ဆိုး ထားတဲ့ မျက်လုံးရွဲကြီးနဲ့ လှမ်းကြည့်လိုက်လို့ကတော့ အူတွေအသည်းတွေ ကလီစာတွေ တွန့်လိမ်ကောက်ကွေးသွားမယ်မှတ်၊ ငါ ကြောက်တာ အဲဒါ”

“ဟာ... အဲဒါ မိုက်တာပေါ့ ဦးသောင်းရ၊ လုပ်လိုက်... လုပ်လိုက်၊ လူပျိုကြီးဘဝကို ချွတ်ချလိုက်တော့။ ဒီလောက် စင်းလုံးချောကြီးဟာကို စီးပွားရေးကလည်း အပြည့်အမောက်နဲ့”

“မင်းကလည်း အရူးမပါဆိုတဲ့ ဟာကို”

အခုနောက်ပိုင်း သူတို့ လက်ဖက်ရည်ဝိုင်းက အရူးမ အကြောင်းနဲ့ ပြည့်နှက်နေသည်။ ကိုအေးသောင်းကလည်း အဲဒီအကြောင်း ပြောရရင် အာပေါင်အာရင်းသန်သန်။ ဟိုလူနှစ်ယောက်ကတော့ နားထောင်လိုက်၊ ပြုံးလိုက်၊ ခေါင်းတညိတ်ညိတ်လုပ်လိုက်နဲ့ ထောက်ခံအားပေးနေကြပါ သည်။ ကိုအေးသောင်း၏ အရူးမသည် စိတ်ဝင်စားဖွယ် ကောင်းသော အရူးမ ဖြစ်နေ၏။

“ ဟာ ပြဿနာတော့ တက်ပြီကွာ၊ လမ်းထဲမှာ ဘယ်လို မျက်နှာ ပြရမှန်းတောင် မသိတော့ဘူး။ အိမ်က အပြင် မထွက်နဲ့ ပြောတာ၊ အဲဒါ ခင်ဗျားတို့ကို တွေ့ချင်၊ ပြောချင်တာနဲ့ ထွက်လာခဲ့တာ”

“လုပ်စမ်းပါဦး မောင်သောင်းရ၊ ဘယ်လိုတွေ ဖြစ်ရပြန်ပြီလဲ”

“အရူးမက သူ့ကို ကျွန်တော်က စာပေးပါတယ် ဆိုပြီး လမ်းထဲမှာ လျှောက်ပြော တယ်ဗျာ။ သေဗျာ၊ သေ... သေ၊ သေပြီပေါ့ဗျာ။ လမ်းထဲမှာ ဘယ်လို မျက်နှာ ပြရမှန်းတောင် မသိတော့ဘူး”

“အေးလေ ... ဦးသောင်းကလည်း စာပေးတဲ့ ခေတ်မှ မဟုတ်တော့တာ။ အဲဒါ ဦးသောင်းတို့ လူပျိုပေါက်ခေတ်က လုပ်တဲ့ဟာတွေ။ ဖုန်းတွေ ရှိနေတာပဲ။ ဟယ်လို တစ်ချက် လုပ်လိုက်ရင် ပြီးတဲ့ ဟာကို၊ ဒါမှမဟုတ် မက်ဆေ့ချ်လေး ပို့လိုက် အိုင်လပ်ယူဆို ပြီးပြီ”

“အေး...ဒီမှာကြည့် အရူးမပုံကို၊ ငါ လှမ်းပြီး ဖုန်းနဲ့ ရိုက်လာတာ။ ပြင်ဆင်ထားတာကြည့်စမ်းကွာ၊ အိမ်နေရင်း အရူးကြီးကျနေတာပဲ”

ကိုအေးသောင်း၏ ဖုန်း မျက်နှာပြင်ကို အားလုံးငုံ့ ကြည့်ကြ၏။ ပြီးတော့ ကိုအေးသောင်း မျက်နှာကို မော့ကြည့်ကြသည်။ ဓာတ်ပုံထဲက အမျိုးသမီးသည် မင်းသမီး တမျှ ချောမောလှပ၏။ ကိုအေးသောင်း ပြောသလို ပြင်ဆင်ခြယ်သထားပုံမှာ အပြည့်အစုံ ဖြစ်နေ၏။ မျက်နှာကျမှာ ဇာတ်မင်းသမီးနှင့် ဆင်တူ သလို ဆံထုံးထုံးထားပုံ၊ မိတ်ကပ်ခြယ်သ,ထားပုံ၊ အင်္ကျီ အဝတ်အစား၏ အဆင်အသွေး၊ ပန်းပန်ထားပုံက အစ ကိုအေးသောင်း ပြောသလို မင်းသမီးတစ်ယောက်အလား ဖြစ်နေပါသည်။

“အချောသားပဲကွ၊ မင်းသမီးချော ချောတာ”

“မင်္ဂလာဆောင်တွေ၊ အလှူတွေသွားဖို့ ပြင်ဆင်ထားတာလားမှ မသိတာ ဦးသောင်းရယ်”

“မင်းကလည်း ငါက ခြေရင်းခေါင်းရင်း နေတာ။ အိမ်နေရင်းကို အဲလို ဖြစ်နေလို့ ရူးတယ် ပြောတာပေါ့ကွ။ မင်း စဉ်းစားကြည့်လေ၊ အိမ်နေ ရင်း ပန်းပန်တဲ့မိန်းမ ရှိလား”

“စောင်းစောင်းလေး ဖြစ်နေတော့ မျက်လုံးကို သေ သေချာချာ မမြင်ရဘူး ဖြစ်နေတယ်။ ရူးတယ်၊ မရူးဘူးဆိုတာ မျက်လုံးကို ကြည့်ရင် သိပါတယ်ကွာ”

“ဪ ခင်ဗျားကလည်း ရူးပါတယ် ဆိုမှဗျာ၊ ဒီမိန်းမ ရူးနေတာ။ ကျုပ်ကို ကြည့်တဲ့ အကြည့်တွေက ပုံ မမှန်ဘူး။ ဟိုတစ်နေ့က ကျုပ် နောက်ဖေး ထွက်တော့ လှစ်ခနဲဆို ဝင်ပြေးသွားတယ်။ ဒါ မူမမှန်တာပေါ့ဗျ။ သေချာတယ်၊ သူ့အိမ်ထဲကနေ ကျုပ်ကို ချောင်းနေတာ ဖြစ်မယ်”

ကိုအေးသောင်း အတွက် အရူးမနှင့် ပတ်သက်သည့် ဝေဒနာက တော်တော်လေး ဖိစီးလာပုံ ဖြစ်၏။ တောက်တခေါက်ခေါက်၊ ခေါင်းတခါခါ ဖြစ်နေသည်။ လက်ဖက်ရည်ဆိုင် စကား ဝိုင်း ရောက်တာနှင့် တခြား အကြောင်းအရာတွေဆို ဟက်ဟက်ပက်ပက် မရှိလှ။ အရူးမ အကြောင်း ဆိုလျှင် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်လာသည်။ စကားတွေလည်း တောင်ရောက်မြောက်ရောက်။ ကိုမောင်ညိုက တွေးတွေးချိန်ချိန် လုပ်နေသော်ငြားလည်း မောင်ဇော်က မီးလောင်ရာလေပင့် တွန်းတွန်းထိုးထိုး လုပ်တတ်သည် ။ ဓာတ်ပုံကို မြင်ပြီးကတည်းက ဘယ်က ရှာလာမှန်း မသိသည့် ဂျနဖာလိုပက်လို ညိုညိုတောင့်တောင့် မင်းသမီးဇာတ်ကားတိုတွေ ကိုအေးသောင်း ဖုန်းထဲ ထည့်ပေးသည်။ ကိုမောင်ညိုက လျှောက်မလုပ်ပါနှင့်ကွာဟု ကွယ်ရာမှာ တားနေရ၏။

••••• ••••• •••••

နေမြင့်လေ အရူးရင့်လေ ဆိုသည့်စကား ရှိသည်။ အဲဒီလိုပဲ အရူး အမဲသားကျွေးမိတယ် ဆိုတာမျိုးလည်း ရှိသေး။

တစ်ရက်၊ နှစ်ရက် ကိုအေးသောင်း လက်ဖက်ရည်ဆိုင်ကို ရောက်မလာ။ ဒီတော့ အရူးမဇာတ်လမ်းလည်း မကြားရ။ ကိုအေးသောင်းကို ဟိုနှစ်ယောက်က စားကျက်ထားနေပုံရသည်။ ကိုအေးသောင်း ကိုယ်တိုင်က ဦးနှောက် ကျပ်မပြည့်တာလား၊ အူတိအူကြောင်လားရယ် မသေချာ။ ပြောရင်းဆိုရင်းမှ ကိုအေးသောင်း ရောက်လာသည်။

အိပ်ရေးပျက် မျက်လုံးတွေနှင့်။

“ဒီနေ့တော့ ပေါ့ဆိမ့် မလုပ်နဲ့ဟေ့၊ ဘလက်ကော်ဖီကို သံပရာစိတ်လေး ထည့်ပေး”

“ကြက်ဥသံပရာ သောက်ပါလား ဦးသောင်းရဲ့၊ အားပေးတယ်၊ အားရှိတယ်”

“နေစမ်းပါကွာ၊ ဒီမှာ မအိပ်ရတာ သုံးလေးည ရှိပြီ”

“ဘာဖြစ်လို့လဲ မောင် သောင်းရဲ့၊ စိတ်ကယောက် ကယက် ဖြစ်နေလို့လား”

“ကျုပ် မရူးဘူး၊ ဟိုကောင်မ အရူးမကြောင့်ပေါ့ဗျာ”

“ဘယ်လို ဖြစ်ရတာလဲ ဦးသောင်းရယ်၊ သူ့အိမ်မှာ သောင်းကျန်းနေလို့လား။ အေးပေါ့၊ ဦးသောင်းတို့နဲ့က နံရံပဲ ခြားတာ ဆိုတော့ ဘယ် အိပ်လို့ရပါ့မလဲ။ ကျွန်တော့် ကို လှမ်းခေါ်လိုက် ပြီးရော ဦးသောင်းရယ်၊ ကျွန်တော် ကိုယ်တိုင် ဇိခနဲနေအောင် ဖက်ပြီး ဖမ်းချုပ်လိုက်မှာပေါ့။ ဦးသောင်းအရူးမက တစ်လုံးတစ်ခဲကြီးနော် ဟီး ဟီး”

“အသာနေစမ်းပါ မောင်ဇော်ရယ်၊ ငါ့မှာ ကြောက်လို့ အိပ်မရတာကွ”

“နေစမ်းပါဦး မောင်သောင်းရယ်၊ မင်းက ဘာကို ကြောက်တာလဲ”

“အရူးမ ကျုပ်အခန်းထဲ ရောက်လာမှာကို ကြောက်ရ တာဗျို့၊ ရှင်းပြီလား။ ကျုပ် သေသေချာချာ လေ့လာကြည့်တော့ အရူးမအိပ်တာ ကျုပ် အိပ်တဲ့ ခြေရင်းတည့်တည့်က အခန်းဗျ။ ခင်ဗျားတို့ သိတဲ့အတိုင်း ဒီမှာက ခြံစည်းရိုး ရှိကြတာ မဟုတ်ဘူး။ မတော် ကျုပ်အခန်းထဲ ကျော်ဝင်လာရင် ဘယ်လို လုပ်မလဲ”

ဇာတ်ရှိန်က တော်တော်လေး ကီးမြင့်လာသည်။ ကိုအေးသောင်း၏ အသွင်သဏ္ဌာန်တွေကလည်း တကယ်ကို လေးလေးနက်နက်ကြီး။ သေချာတာက ကိုမောင်ညိုရော၊ မောင်ဇော်ပါ ကိုအေးသောင်း၏ အရူးမကို သေသေချာချာ တစ်ခါမှ မမြင်ဖူးကြ။ အားလုံး ကိုအေးသောင်း တင်ပြလာသည့် အပေါ် မှာ မူတည်ပြီး သုံးသပ်နေရခြင်း ဖြစ်သည်။ အရူးမအကြောင်းက သုံးယောက်သား၏ စကားဝိုင်းမှာ အရေးကြီး ဆွေးနွေးစရာ ပြဿနာ တစ်ရပ်လို ထင်ပေါ်ကျော်ကြားလာ၏။ ကာယကံရှင် ဖြစ်သည့် ကိုအေးသောင်းက အဆိုးဆုံး။ အသည်းအသန် အရူးအမူး။

“အိမ်ကလည်း အရိပ် တကြည့်ကြည့် ဖြစ်လာပြီဗျ။ ကျုပ် လှုပ်ရှားမှု အားလုံးကို လိုက် ချက်နေကြတာ။ ဟို တစ်နေ့က အရူးမ ရေချိုးနေတာဗျာ၊ ကျုပ် အိမ်သာထဲ ဝင်ပြီး ချောင်းကြည့်နေတာ။ ကျုပ်ကို ရှာတာ၊ ရှာတာ။ ကျုပ် အိမ်ဘက်ကို တကြည့်ကြည့်နဲ့။ ကြာတော့ ကျုပ် စိတ်က မရတော့ဘူး။ ထိပ်တိုက် ရင်ဆိုင်ပြီး သွားပြောလိုက်ရင် အားလုံး ကိုယ်ကျိုး နည်းကုန်မယ်။ ဘာပဲပြောပြော ကျုပ် အနေရအထိုင်ရ ကျပ်တယ်ဗျ။ နောက်ကျော မလုံဘူး နေရတာ၊ ဘယ်အချိန်မှာများ ဘွားခနဲ အနား ရောက်လာမလဲလို့။ အရူးစိတ် ဆိုတာ ပြောလို့ရတာ မဟုတ်ဘူး”

ယနေ့ ထူးဆန်းသည်။ လက် ဖက်ရည်ဆိုင်သို့ ကိုအေးသောင်း၏ ယောက်ဖ ရောက်လာသည်။ ကိုအေး သောင်းတို့ စားပွဲကိုတော့ တိုက်ရိုက် မလာ။ မလှမ်းမကမ်းမှာ ထိုင်ပြီး လက်ဖက်ရည် မှာသောက်၏။ ကိုအေးသောင်းက သူ့ယောက်ဖ လိုက်လာတယ်။ လစ်ပြီ ဆိုပြီး ထ,ထွက်သွားလေတော့သည်။

ကြားရက်တွေမှာ ကိုအေးသောင်း ရောက်မလာ။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်မြောက်လောက်မှာတော့ မိတ်ဆွေနှစ်ယောက် အကဲ မရတော့။ ကိုအေးသောင်း အတွက် စိတ်ပူမိသည်။ သူ တွေးတောကြံစည်ထားသည့် အတိုင်း အရူးမကို မျက်နှာချင်းဆိုင် သွားပြောပြီလား။ ပြောလို့ မရဘူး၊ ကိုအေးသောင်းက ဟောဟောဒိုင်းဒိုင်းသမား။ ခင်ဗျား အေးအေးဆေးဆေး နေ၊ ကျုပ်ကို လိုက်ပြီး မနှောင့်ယှက်နဲ့၊ အရူးမသော ဘာသော နားမလည်ဘူးတွေ ဘာတွေ လုပ်နိုင်သည်။ တစ်ဖက်ကလည်း ခံမှာ မဟုတ်၊ အနည်းဆုံးတော့ ရှက်ရမ်း ရမ်းနိုင်သည်။

“မောင်ဇော်၊ မင်း ကိုအေးသောင်းတို့အိမ် သိလား၊ တို့ လိုက်သွားကြည့်ရင် ကောင်းမယ်။ ဒီလူ့ပုံစံ ကြည့်ရတာ အကဲမရဘူး”

“အဲဒီလမ်းထဲမှာ နေတယ် ဆိုတာတော့ သိတယ်၊ အိမ်ကတော့ မေးယူရင် ရပါလိမ့်မယ်။ ဟဲဟဲ ဦးသောင်းရဲ့ အရူးမကိုလည်း မြင်ဖူးတာပေါ့”

ဟိုရောက်တော့ အခြေ အနေ မကောင်း။ ကိုအေး သောင်း၏ အစ်မနှင့် ယောက်ဖလည်း မျက်နှာ မကောင်း။ ခေါင်းကွဲသွား၍ ငါးချက် ချုပ်လိုက်ရသည် ဆို၏။ လောလောဆယ်တော့ ဆေးရုံ ပို့ထားရသည်။

“ခင်ဗျားတို့ လူက လွန်ပါတယ်ဗျာ၊ ကျုပ်တို့လည်း အကဲမရလို့ သူ့အခြေအနေကို မျက်ခြည်မပြတ် ထိန်းနေတာ။ အရက် မသောက်ရဘူး၊ တီဗွီ မကြည့်ရဘူး ဆိုတာကို၊ ဟုတ်တယ်၊ အရက်တော့ မသောက်ပေမဲ့ ဖုန်းထဲ ထည့်ထားတာတွေ တစ်ညလုံး ကြည့်နေတာ ပြန်မဖြစ် ခံနိုင်ရိုးလား။ ခြေရင်းအိမ်က မိသားစုတွေက လူရိုးလူအေးကြီးတွေပါဗျာ။ အခုမှ နယ်က ပြောင်းလာတော့ ရပ်ကွက်ကို ရှိန်ပြီး လန့်နေကြတာ။ သူတို့ဟာ သူတို့ အိမ်ထဲမှာ ကုပ်ပြီး ငြိမ်နေကြတာ။ ခြေရင်းအိမ်က ကောင်မလေးကို သူ ကွက်ကြည့် ကွက်ကြည့်နဲ့ ဟိုကချောင်း၊ ဒီကချောင်း လုပ်နေတာ ကျွန်တော် သိတာပေါ့။ ဒီလောက်ကြီး လုပ်လိမ့်မယ်လို့တော့ ထင်မထားဘူးလေ။ မနေ့ညက ခြေရင်းအိမ်ထဲ ခိုးဝင်တယ်တဲ့ဗျာ။ ကောင်မလေးအခန်းကို သွားတာ။ ဟိုက သူခိုးဆိုပြီး ဝိုင်းရိုက်တော့ အကုန် ရှုပ်ကုန်ရော။ အဲဒါ စိတ်မမှန်ပါဘူး ပြောတာ ဟိုလူတွေက မယုံဘူး။ ဒါနဲ့ ရဲစခန်းရောက် ဘာရောက်ပေါ့ဗျာ။ နောက်မှ တံတားလေး တုန်းက ဆေးရုံတက် လက်မှတ်တွေဘာတွေ ထုတ်ပြတော့မှ၊ ခင်ဗျားတို့လူ ရွာသာကြီးပို့မှ ရတော့မယ်”

ကိုမောင်ညိုနှင့် မောင်ဇော်လည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ဖြစ်နေကြသည်။ ကျွန်တော်တို့ လည်း ထင်တော့ ထင်ပါတယ် ပြောရတာပေါ့။ အပြန် လမ်းရောက်မှ ကိုမောင်ညိုက အရူးအတုဟု နှုတ်က ရေရွတ်သံ ကြားရ၏။ မောင်ဇော် ကတော့ အရူးလိမ်ဟု ပြန် ပြောသည်။ ဘယ်သူ့ကို ပြောတယ်ရယ် မသိ။

▢ အဲလိုထူး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဧပြီ ၊ ၂၀၁၈

No comments:

Post a Comment