❝ မိတ်ဆွေကောင်းတွေ ရှိတဲ့သူ ❞
[ ကိုသိန်းထွဋ် ( ယခု အသက် ၄၇ နှစ် ) က အလုပ်တွေ အများကြီး လုပ်တဲ့သူ၊ အလုပ်မျိုးစုံ လုပ်နေတဲ့သူ ဖြစ်ပါတယ်။
ပုဂံညောင်ဦး နဲ့ မန္တလေး ပြေးဆွဲတဲ့ “ရွှေပုဂံမန်း” ခရီးသည်တင် ကားလိုင်း တစ်ခုကို သူပိုင် ကားတွေနဲ့ ပြေးဆွဲနေတယ်။ ညောင်ဦးမန်း၊ ညောင်ဦးသား ကားလိုင်းတွေထဲမှာလည်း သူ့ကား ထည့်ထားတယ်။ ပုဂံလောကနန္ဒာ ဘေးမဲ့တော ထဲက သစ်ရိပ် ဝါးရိပ်တွေ အောက်မှာ သူ့ရဲ့ နန္ဒဝန် ဆိုတဲ့ စားသောက်ဆိုင် ရှိတယ်။ ညောင်ဦးမြို့မှာ သူ့ရဲ့ “ အိုအေစစ် ” တည်းခိုခန်း ရှိတယ်။ သစ်စက်လည်း ရှိတယ်။
သူက ကန်ထရိုက်လုပ်ပြီး ဈေးဆိုင်တွေ၊ ကျောင်းတွေ၊ ရုံးတွေ၊ ဟိုတယ်တွေ၊ အိမ်တွေလည်း ဆောက်တယ်။ ကျောက်ပန်းတောင်းတို့ ပေါက်တို့မှာ ရေနံမှော်တွေ ပေါ်လာတော့လည်း သူက ရေနံ တူးလိုက်သေးတယ်။
စက်မှုလက်မှု ဝါသနာ ပါတော့ ကိုသိန်းထွဋ် က ကားဆင်တယ်။ ညောင်ဦးမြို့က သူ့ခြံဝင်းထဲမှာ ကားပစ္စည်း သံတိုသံစတွေ နဲ့ ပြည့်နေတယ်။ ကားဖရိမ်တွေ၊ အင်ဂျင်တွေ၊ အိတ်ဇယ်တွေ အစုံပဲ။
ကိုသိန်းထွဋ် အကြောင်း ဘဝဇာတ်ခုံမှာ တင်ဆက်ဖို့ စီစဉ်နေတာ ကြာပြီ။ ကျွန်တော် ပုဂံကို ရောက်တုန်းက သူ့ ဓာတ်ပုံတွေ ရိုက်ယူထားတာ သုံးနှစ်လောက် ရှိသွားပါပြီ။ သူနဲ့ လူချင်း ဆုံပြီး အေးအေးဆေးဆေး စကားပြောဖို့ သူ့ဘက်က အချိန် သိပ်မရဘူး ဖြစ်နေခဲ့တယ်။
သူရော ကျွန်တော်ပါ ဦးလေးလို မိဘလို ဖြစ်နေတဲ့ ဦးတင်အုန်း ထိုင်းနိုင်ငံ ဘန်ကောက် ဆေးရုံကြီးကို ဆေးသွားစစ်ဖို့ အကြောင်းပေါ်လာတယ်။ သူရော ကျွန်တော်ပါ အဖော် လိုက်သွားတယ်။
ကျွန်တော်နဲ့ သူ တစ်ပတ်လောက် ဘန်ကောက်မှာ အတူ နေဖြစ်ကြတယ်။ ကိုသိန်းထွဋ်က သူ့ အကြောင်းတွေကို စိတ်လိုလက်ရ ပြောပြပါတယ်။ ]
••••• ••••• •••••
အဖေနဲ့ အမေက ဝန်ထမ်းတွေ ဆိုတော့ အမေ့ဇာတိ ရေနံချောင်း မှာ မွေးတာပါ။ အမေက ဒေါ်တင်အုန်းမြင့်၊ သားဖွားဆရာမ။ အဖေက ကျန်းမာရေးမှူး ဦးတင်အောင်။
ကြီးပြင်းတာကတော့ မိဘတွေ တာဝန်နဲ့ ရွှေ့ပြောင်းရာ နေရာတွေမှာ။ ပုပ္ပား၊ ကျောက်ဆည်၊ ပုဂံညောင်ဦး မှာ အကြာဆုံးပေါ့။ ၁၉၇၃ ခု ပုဂံညောင်ဦး ရောက်တော့ ကျွန်တော် လေးတန်းပေါ့။
ပုဂံညောင်ဦး ကနေ မိတ္ထီလာကောလိပ် နှစ်နှစ်၊ မကွေးတက္ကသိုလ် နှစ်နှစ် တက်တယ်။ ၁၉၈၄ ခုမှာ ရူပဗေဒအဓိကနဲ့ ဘွဲ့ရပြီး မန္တလေးတက္ကသိုလ်မှာ ဂုဏ်ထူးတန်း တက်တယ်။ တစ်နှစ်ပဲ တက်ပြီး ပြီးအောင် ဆက်မတက်ဘဲ ပုဂံ ပြန်တယ်။
ကျွန်တော်တို့ မမွေးခင် ကတည်းက အဖေ့မှာ ကားရှိတယ်။ ထရပ်ကား။ ကျွန်တော်တို့ အိမ်က ဆောက်လုပ်ရေးဌာနနဲ့ မျက်နှာချင်းဆိုင်။ ကျွန်တော်တို့ ကားက ဆောက်လုပ်ရေးကို ကားအငှား လိုက်တယ်။ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သစ် လိုတဲ့ဟာကို တိုက်ပေးရတာ။ မိတ္ထီလာ မှာ ကျောင်းတက် နေရင်းက ကျွန်တော် ပုဂံ ပြန်ပြန်လာပြီး ကားလိုက်မောင်းတယ်။
ဘွဲ့ရပြီးတော့ ပုဂံ မှာ registered guide ( လိုင်စင်ရ ခရီးသွားလမ်းညွှန် ) လုပ်တယ်။ အဲဒါ ၁၉၈၇ မှာ။ ဂိုက် လုပ်ချင်တော့ အင်္ဂလိပ်စာ သင်ရတာပေါ့။ အခု အမေရိကား ရောက်နေတဲ့ ဂိုက်ဦးရဲ ဆီကနေ သင်ယူတယ်။ လေဆိပ်မှာ ဧည့်သည်နဲ့ တွေ့ရင် ဘာစပြောရမယ်၊ ဘယ်ဘုရား ရောက်ရင် ဘာတွေ ရှင်းပြရမယ်၊ ပြတိုက်မှာ သူတို့ ဘာတွေ စိတ်ဝင်စားတယ်၊ ယွန်းဆိုင် မှာ ယွန်းထုတ်လုပ်ပုံ အဆင့်ဆင့် ရှင်းပြပုံတွေ သင်ရတယ်။
ဂိုက်လုပ်ငန်း သက်တမ်း တိုပါတယ်။ လိုင်စင်ရပြီး သိပ်မကြာဘူး ဆက်မလုပ်ဖြစ်တော့ဘူး။ ဆရာဦးကိုလေး နဲ့ အတူ ချောက် မှာ ချက်ဒီဇယ် အရောင်းအဝယ် သွားလုပ်တယ်။ ရေနံစိမ်း ကို ကားမောင်းလို့ရတဲ့ ဒီဇယ်အချော ချက်တာ။ ဒါလည်း ခဏပဲ။
ဆောက်လုပ်ရေးမှာ ကားနဲ့ ပစ္စည်းတွေ တိုက်ပေးရင်းနဲ့ အက်စ်အေအီးတွေ အေအီးတွေနဲ့ ခင်မင်နေတယ်။ အဖေ ကလည်း ကျန်းမာရေးမှူး ဆိုတော့ ဆေးကုပေးရင်း ရင်းနှီးနေကြတာ။
အေအီးဦးအောင်ကြည် က ကျွန်တော့်ကို ကန်ထရိုက်လိုင်စင် လျှောက်ပေးတယ်။ အင်ဂျင်နီယာ ဦးကိုကိုအောင် နဲ့ တွဲပြီး ကန်ထရိုက်လုပ်ငန်းတွေ ကျွန်တော် လိုက်လုပ်တာပေါ့။ ကျွန်တော်က ဆောက်လုပ်ရေးထဲမှာ ကားလုပ်ငန်းလုပ်တာ ဆိုတော့ အဆောက်အအုံ ဆောက်တာတို့ အခေါ်အဝေါ်တို့ အထိအတွေ့ ရှိတယ်။
ကျွန်တော်တို့ လုပ်ငန်းတွေ အများကြီးရတယ်။ ပုဂံမြို့ဟောင်းနဲ့ မြို့သစ် အပြောင်းအလဲ လုပ်ချိန်ဆိုတော့ ဈေးအဆောက်အအုံတွေ၊ ရုံးတွေ၊ ကျောင်းတွေ အများကြီး ဆောက်ရတယ်။
ကျွန်တော်က ကန်ထရိုက်လုပ်ငန်း သစ်တောဌာန ဦးစီးအရာရှိ ဦးကျော်မြင့် နဲ့ ဆက်သွယ်မိပြီး သစ်စက်လိုင်စင် လျှောက်တယ်။ ကိုယ့်မှာ သစ်စက် ရှိတော့ ကိုယ့်စက် နဲ့ ကိုယ်ခွဲတယ်။ သစ် ကလည်း ကျွန်တော်တို့ ဆီမှာ ပေါတယ်။ ပုံတောင် ပုံညာ ရော၊ ဂန့်ဂေါ ဘက်က ဆင်းတယ်။ ချင်းတွင်း ဘက်က ဆင်းတယ်။
သစ်က ကိုယ့်စက်နဲ့ ကိုယ် ခွဲတော့ ဈေးသက်သာတယ်။ ကိုယ့်မှာ ကားတွေ ရှိတော့ ကိုယ့်ကားနဲ့ ပစ္စည်းသယ်နိုင်တယ်။ ကျွန်တော် ဆောက်တဲ့ အဆောက်အအုံတွေ သူများထက် ဈေးသက်သက်သာသာ လုပ်ပေးနိုင်တယ်။ ဈေးသက်သာပြီး ကောင်းတယ်။ ဆောက်တာလည်း မြန်တယ်။ သစ်တောဦးစီး ဦးအောင်ဝင်း လက်ထက်မှာ သစ်တော ဧည့်ရိပ်သာတွေ ဆောက်ရတယ်။ ညောင်ဦးစိမ်းစိုရုံး ဆောက်ရတယ်။ ဝန်ကြီး က ကျွန်တော် ဆောက်တာ သဘောကျသွားပြီး ပုပ္ပားမောင်တိန်းရီဆော့ ဆောက်ခိုင်းတယ်။ အာဆီယံအစည်းအဝေး လာတက်သူတွေ နားဖို့ အိပ်ဆောင်ငါးဆောင် ဆောက်ရတယ်။
ကျွန်တော်က အင်ဂျင်နီယာ ဝါသနာပါတယ်။ ဆယ်တန်းအောင်တော့ အမှတ်မမီလို့ Physics ပဲ ယူရတာ။
ကျွန်တော်တို့ ခေတ်တုန်းက နိုင်ငံခြားသွား အလုပ် လုပ်ချင်ရင် ငွေခုနစ်သောင်း ရှိရင် ထွက်လို့ရတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ဂျပန် ထွက်သွားတာ အခု ပြန်လာပြီ။ သူက အတူ သွားရအောင် ခေါ်တယ်။ အဲဒီတုန်းက ငွေခုနစ်သောင်း ဆိုတာ ကလည်း အိမ်မှာ ရှိသမျှပစ္စည်း တော်တော် ကုန်အောင် ရောင်းမှ ပြည့်မှာ။ ကိုယ်က ဟိုမှာ အဆင်မပြေရင် ခွကျမှာ။ ကျွန်တော်က ညီအစ်ကို မောင်နှမ လေးယောက်မှာ အကြီးဆုံး။ ကျွန်တော့် ညီက သွားချင်တယ် ဆိုလို့ သူ့ကို ဦးစားပေးလိုက်တယ်။ သူက ဂျီတီအိုင် ဆင်းတော့ စင်ကာပူ သွားအလုပ် လုပ်တယ်။ စင်ကာပူ မှာပဲ ဆုံးသွားလို့ အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် သွားပြီး ဟိုမှာပဲ သင်္ဂြိုဟ်ခဲ့ရတယ်။
ကျွန်တော်တို့ ငယ်ငယ် ကတည်းက အဖေက စာသင်ပေးတယ်။ ကျွန်တော် ရှစ်တန်း၊ ကိုးတန်းနှစ် နွေရာသီ ကျောင်းပိတ်ရက်မှာ အဖေက ဝပ်ရှော့ဆရာ ဦးဖေစိန် ဆီခေါ်သွားပြီး ကားပညာ သင်ပေးတယ်။ အဖေ့သူငယ်ချင်း ဦးလှမောင် ဆီမှာ ရေဒီယို ပြင်တဲ့ ပညာသင်ရတယ်။ အသက်မွေးဝမ်းကျောင်းပညာ တတ်စေချင်တဲ့ သဘောပါပဲ။
အဖေက မိသားစုနဲ့ အတူ တစ်နှစ်တစ်ခါ ခရီးထွက်တယ်။ မိသားစုလိုက် ကျိုက်ထီးရိုး၊ ကျိုက္ခမီ၊ အင်းလေး၊ ရန်ကုန်၊ မန္တလေး အစုံပို့တယ်။
မှတ်မှတ်ရရ ကျွန်တော် တက္ကသိုလ်မှာ ဒုတိယနှစ် တက်နေတုန်း ကျိုက္ခမီ စက်စဲ သွားကြတာ။ သာစည်ဘူတာမှာ ရထားလက်မှတ် မရတော့ ကြုံသလို လိုက်ရတာ။ ပဲခူး မှာ ရထား စီးကြတော့လည်း မိသားစု ခြောက်ယောက်ကို ရထားတစ်တွဲစီ တကွဲတပြားပါသွားတာ။ တက်တက်တက်ဆိုလို့ အဆင်သင့်ရာ တွဲကို ဇွတ်ရော အတင်းရော တက်လိုက်ရတာ။ အဲဒီခေတ်က အခုလို ခရီးသွားရာ အဆင်သင့်အောင် စီစဉ်လို့ မရဘူး။ ရထားလက်မှတ်က ခက်ခဲတယ်။ ဒါပေမဲ့ အဖေကတော့ မိသားစုလိုက် ခရီးထွက်တာပဲ။
အဲဒီ အလေ့အထကို ကျွန်တော် ဆက်ခံပြီး မိသားစုလိုက် ခရီးထွက်ပါတယ်။
၂၀၀၇ ခုတုန်းက မိသားစု အလိုက် ရခိုင်ပြည်နယ် ကို သွားကြတယ်။ အဓိက ကတော့ တီဗွီထဲမှာ မြောက်ဦးဘုရားတွေ တွေ့တော့ အမေ့ကို ပို့ချင်တာ။ သားသမီးတွေကို ငပလီ ပို့ချင်တာ၊ မြောက်ဦး နဲ့ ငပလီ တခြားစီ၊ တောင် နဲ့ မြောက် ဆိုတာ မသိဘူး။
မိတ်ဆွေ စက်ဆရာကို ခေါ်ပြီး သင်္ကြန်တွင်းမှာ ကိုယ့်ကားနဲ့ ကိုယ် သွားကြတာ။
ငပလီ ကို အရင် သွားတယ်။ အောင်လံ အဝင်မှာ ခဲနဲ့ တိုက်မိပြီး အင်ဂျင်ဝိုင်ဆီကန် ပေါက်တယ်။ သင်္ကြန်အကြတ်နေ့မှ သံတွဲ ရောက်တယ်။ သံတွဲ မှာ ထမင်းဆိုင်က သံတွဲ - စစ်တွေလမ်းတွေ မတရားကောင်းတယ် ပြောတာနဲ့ အမေ့ကို မြောက်ဦး ပို့ဖို့ ထွက်ခဲ့တယ်။
ကားက စပယ်ယာဘီး နှစ်လုံးပါတယ်။ တောင်ကုတ် နဲ့ အမ်းလမ်း က မြေလမ်းကြီး၊ အသစ်လုပ်ပြီးစ။ အမ်း မရောက်ခင် ကားဘီးတွေ ပေါက်လိုက်တာ စပယ်ယာဘီး နှစ်လုံး ကုန်ပြီ။ ကားမှာ တပ်ထားတဲ့ ဘီးလေးလုံးပဲ ကျန်တယ်။ ရှေ့ကြည့်လည်း တောင်တွေ၊ နောက်ပြန်ကြည့်တော့လည်း တောင်တွေ။ ကားဘီး လေးလုံးကို ရေတွေ့ရင် ရေလောင်းပြီး မောင်းရတာ။
အမ်း မှာ ကျွတ်အသစ်တွေ ဝယ်တယ်။ သင်္ကြန်အတက်နေ့၊ ဆိုင်က ရေကစား နေလို့ စောင့်ပြီးမှ ဝယ်ရတယ်။
မြောက်ဦးဘက် သွားတဲ့ လမ်းကလည်း ခဲလမ်းတွေ ချည်းပဲ။ အမ်း က ထွက်ပြီး သိပ်မကြာဘူး၊ ဘီးက ပေါက်ပြန်ရော။ ကဏန်းပို့တဲ့ စခန်းတဲတွေ ရောက်မှ ဘီးဖာပြီး ခရီးဆက်ရတယ်။ မြောက်ဦး မရောက်ခင် မှောင်သွားလို့ လမ်းမှာ တွေ့တဲ့ ထမင်းဆိုင် မှာပဲ ခွင့်တောင်းပြီး ညအိပ်လိုက်ရတယ်။
နောက်နေ့မှ မြောက်ဦး ရောက်ပြီး ရှေးဟောင်းက သူငယ်ချင်း ကိုရဲလွင် ရဲ့ အခန်းမှာပဲ တည်းကြပြီး မြောက်ဦး က ဘုရားတွေ ဖူးကြတယ်။
မိသားစု ဘဝ တစ်လျှောက်မှာ ခက်ခက်ခဲခဲ သွားခဲ့ရတဲ့ မှတ်တမ်းလေး တစ်ခုပါပဲ။ အခက်အခဲကို အတူ ရင်ဆိုင်ကြရတော့ မိသားစု ပိုပြီး စည်းလုံး ချစ်ခင်သွားတယ်။ ကျွန်တော့် အိမ်ထောင်ဖက် က ကျောင်းဆရာမ။ သူ့ အမည်က မခင်ကျော့လွင်။ ဇနီးမောင်နှံ ဒိုးတူပေါင်ဖက် အတူ လက်တွဲပြီး အလုပ် လုပ်ကြတယ်။
ကျွန်တော်တို့ အလုပ်တွေ အများကြီး လုပ်ကြတယ်။ ကျွန်တော်က စက်မှုပိုင်း ဝါသနာပါတယ်။ လုပ်ငန်းမှာ ကျွန်တော် ဝါသနာပါတာတွေ လျှောက်လုပ်သလို ဖြစ်နေတယ်။ လောဘနဲ့ ဝါသနာနဲ့ ပေါင်းပြီး လုပ်တာတွေများတော့ ဟိုစပ်စပ် သည်စပ်စပ် လျှောက်လုပ်သလို ဖြစ်နေတယ်။ လုပ်ငန်းတွေက များ၊ ဖိဖိစီးစီး မလုပ်နိုင်တော့ ဟာတဲ့နေရာ ဟာတယ်။ ကျွန်တော် ချုံ့သင့်တာတွေ ချုံ့ပြီး တကယ် လုပ်ချင်တဲ့ အလုပ်၊ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တဲ့ အလုပ်ကို ဦးစားပေး လုပ်ရတော့မယ်။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment