Saturday, September 5, 2026

ပထမနေ့ ဝေဒနာ

❝ ပထမနေ့ ဝေဒနာ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ပျိုးနုတ်သမားများကို ကြည့်မိတိုင်း ရီးဆေးရိုး၏ စိတ်ထဲတွင် မရိုးမရွ ဖြစ်လာသည်။

‘တစ်ကိုင်ပြီး တစ်ကိုင်၊ တစ်ဖတ်ပြီး တစ်ဖတ်၊ တစ်စည်းပြီး တစ်စည်း နုတ်လိုက်ပါတော့လား။ အခုတော့ ဟုတ်ပေါင်၊ ခုနစ်ရက် ထမင်းမတွေ့တဲ့ပုံနဲ့’

မကျေနပ် စိတ်သည်လည်း ရင်ထဲ၌ လှုပ်ရှားလာချေသည်။ လယ်ပြင်ကြီး တစ်ခုလုံးမှာ ရှင်းနေသည်၊ ငြိမ်သက်နေသည်။ လှုပ်လှုပ်ရွရွ ဟူ၍ မိမိ တစ်ဦးတည်းသာ ကျန်တော့သည် ထင်နေ၏။ ကြားနေကျ တေးဟစ်သံများ၊ နွားငေါက်သံများ မကြားရသောကြောင့်ဖြစ်သည်။ သို့လျှင်ဖြစ်ငြား အစိမ်းရောင်စုံ စပ်ကန့်လန့်ကာကြီး တစ် လျှောက် မျက်လုံးကစားလိုက်သည့်အခါ အားတက်သည်။

‘ဟ..ဘယ်မှာ ငါတစ်ယောက်တည်း ဟုတ်လို့တုံး’

အချို့မှာ လယ်ပွဲကြီးတစ်ပွဲလုံး ထွန်တုံးပိတ်သွားငြား ပျိုးခင်းကျန်သေးသည်။ အချို့က စိုက်စရာမကျန်တော့ပါ။ ပျိုးခင်းမှာပင် စိုက်ပြီးပြီ။ သို့ရာတွင် ကန်သင်းပေါ်တွင် ပဲရင်း၊ ပဲကြီး၊ ပဲလွမ်း၊ မောင်မခေါ်၊ တိုင်ထောင်ပဲ၊ ပဲပိစပ် စသည့်ပဲများ စူးထိုးစိုက်ရန် ကျန်သေးသည်။ ဟိုဘက် လယ်ကွက်မှာလည်း ရေ၊ သည်ဘက်မှာလည်း ရေ၊ သည်ရေပြင် နှစ်ခုကြားက ကန်သင်းတွင် စိုက်ပါက ရေမလောင်း ပေါင်းမသင်ရဘဲ လေးငါးတင်း ရနေကျ မဟုတ်လား။ သို့ဖြစ်၍ ကန်သင်းတွင် စူးထိုးစိုက်ရန်ကိုလည်း မေ့မထားနိုင်။ ဤနည်းအားဖြင့် လယ်ပွဲတိုင်းတွင် လူများ လှုပ်ရွနေကြသည်။ ရီးဆေးရိုးမှာ သော်ကား သူတကာထက် နောက်ကျသည်။ ရေနက်ပိုင်းတွင် အစိုက်စောသည် နှင့်အမျှ ကုန်းတန်းပိုင်း နောက်ကျသည်။ ယခုပင် ကြည့်၊ ရေနက်ပိုင်း လယ်ကွက်များတွင် အစိမ်းရင့်ရောင် စပါးပင်ကြီးတွေ တရှဲရှဲ လေဝှေ့သံပေးနေပြီ။ အမြင့်ပိုင်း ‘အကောတန်း’  မူ ထွန်ဆဲ၊ တမန်းပြန်ဆဲ။ တမန်းပြန်နေရာက ပျိုးခင်းဘက်သို့ လည်ဆန့်ကာဆန့်ကာ ကြည့်သည်။ ပျိုးနုတ်သမများမှာ ရွေ့သည် မထင်ရ။

‘ငါ့နှယ်နော်၊ ဘယ်လိုကောင်များ ခေါ်လာမိပါလိမ့်’

ချက်ချင်းပင် ရီးဆေးရိုး၏ အလျင်စလိုစိတ်ကို သတိတရားက ကြိမ်တို့၏။

‘အင်းလေ ဟုတ်သားပဲ၊ ငါ တမန်းပြန်ဖို့ကိုက တစ်ကွက်တောင် ကျန်သေးတာပဲ၊ သူ နုတ်လို့ ပြီးသွားတော့ကော ငါက ထွန်နိုင်မှာမို့လား’

ထိုအခါ စိတ်မရှည်မှုသည် လျော့ပါးသွား၏။ စင်စစ် ရီးဆေးရိုး၏ ပျိုးခင်းထဲတွင် ပျိုးသုံးရာထက် ပို၍ မကျန်တော့ပါ။ ဤမျှသည်ပင်လျှင် စစ်စစ်ဖာဖာ လိုက်နုတ်ပါမှ ရမည့် အရေအတွက်။ သည်မျှအတွက် ပျိုးနုတ်သူ နှစ်ယောက် ခေါ်ဦး၊ လိုက်ချင်သူ ရှိရန် မလွယ်။ အကြောင်းမူ ပျိုးနုတ်သမား၏ လုပ်အားနှင့် ကျွမ်းကျင်မှုကို အစွမ်းကုန် အသုံးမချနိုင်သောကြောင့်ပေတည်း။

လေတဟူးဟူး တိုက်နေသည်။ နေရောင်သည်လည်း ပြောပလောက်အောင် မစူးမပြင်း။ နွားနှစ်ကောင်မှာ စားမြုံ့ပြန်ပင် မပျက်။ တစ်လှမ်းချင်းလှမ်းလျက် အစိုထွန်ကြီးကို တအိအိ ဆွဲနေသည်။ နွားနှစ်ကောင် အေးဆေးနေသည်နှင့်အမျှ ထွန်နောက်က ရီးဆေးရိုးမှာ ပင်ပန်းလှသည်။ ထွန်ကြောင်းမှတ်တိုင် အဟောင်းကို သိမ်းရသည်။ ထွန်ကြောင်းအသစ် အတွက် မှတ်တိုင်စိုက်ရန်ကိုလည်း မေ့၍ မဖြစ်၊ ထွန်သွားတွင် ငြိလာသော အမှိုက်ကို ဆွဲဖယ်ပစ်ရသေး၏။ တက်လာသည့် ‘ထွန်ချေးစာ’ နှမ်းဖတ်ခဲပုံများ လန်ကျမသွားလျှင် ခြေဖြင့် ထိုးကော်ချရသေး၏။

အကောတန်း နောက်ဆုံးလယ်ကွက်သို့ ခြေချမိချိန်တွင် ရီးဆေးရိုး ‘ဒူးဆတ်ခေါက်’ လိုက်နေပြီ။ မောလည်း မောလာပြီ။ သို့ဖြင့် ‘ထွန်နား’ ထားခဲ့ကာ ပျိုးခင်းအနီး ကန်သင်းဆုံသို့ရောက်လာခဲ့လေ၏။ ကိုင်းပင်ကြားတွင် ညှပ်ထားခဲ့သော ဆေးလိပ်တိုကို လှမ်းယူမိငြား ရီးဆေးရိုး မီးမညှိနိုင်သေးပါ။ နွားချေးချပ်ကို ငေးကြည့်နေမိ၏။ နွားချေးခြောက်၏ အနားစွန်းတွင်  ပြာဖြူဖြူဥဥကလေးတွေ ဖြစ်နေပြီ။ သည်ပြာဖြူနှင့် နွားချေးချပ်ကြားမှ မီးခိုးတလူလူ လွင့်ဝေနေပေ၏။ ရီးဆေးရိုး၏ အကြည့်သည် မီးခိုးနွယ်ကို ဖြတ်လျက် ပျိုးနုတ်သမားများထံ ရောက်သွားလေသည်။ ဖြန်းခနဲ ဖြန်းခနဲ ပျိုးပင်နှင့် ရေနှင့် ထိတိုင်း အသံထွက်လာသည်။ အသံ ထွက်လာတိုင်း လည်ကုပ်မှ ချွေးစက်များ စီးကျသွားသည်။

‘ငါကသာ နှေးတယ် ထင်နေတာကိုး၊ သူ့မှာတော့လည်း မသက်သာပါကလား’

ပျိုးတစ်ကိုင်း နုတ်လိုက်တိုင်း ထင်းခနဲပေါ်လာသော နံရိုးများကို ရီးဆေးရိုး ဘေးတိုက် မြင်ရသည်။ ပျိုးနုတ်သူ သော်ကား ရီးဆေးရိုးကို သတိမထားနိုင်ဘဲ ဝဲယာ သိမ်းနုတ်လိုက်၊ ရှေ့တိုးလိုက်၊ ပျိုးဖတ်ကို စီလိုက်၊ ရေပြင်တွင် ဆောင့်လိုက်၊ နှီးပင်ကို လှမ်းဆွဲလိုက်။

••••• ••••• •••••

တုံးကြီးခေါက်သံ ရပ်စဲသွားပြီး ကြက်တွန်သံများလည်း အလုအယက် တွန်ကျူးရာက ကျဲပါးစပြုပြီ။ ရမ်းဘိုကုန်းရွာသည် အသေကောင်ကြီးသဖွယ် အိပ်မောကျနေရာက ညင်သာလူးလွန့်လာ၏။ နာကျင်ကိုက်ခဲသော ဝေဒနာကြီးသည် သွေးပူလာသည့်အခါ မြန်ဆန်စွာ လှုပ်ရှားလာနိုင်ပြီ။ မီးရောင်ကလေးတွေ ပွင့်လာပြီ။ စကားပြောသံများ ပေါ်လာပြီ။

“ဟဲ့... ဆေးရိုး၊ ပျိုးနုတ်လိုက်မလို့ဆို”

အမေသည် ဆေးလိပ်တဖွားဖွား ချောင်းတဟွပ်ဟွပ် ဖြင့် နိုးလာရာက လှမ်းနိုး၏။ ကိုဆေးရိုးမူ အာခေါင်ခြစ်၍ ဟောက်နေသေး၏။

“ဟဲ့ … ဆေးရိုး”

အမေသည် ဝါးခြမ်းကြမ်းပြင်ကိုပါ လက်ဝါးဖြင့် ပုတ်သည်။

“ဆေးရိုးလို့ ဆိုနေ”

“ဟာဗျာ ... အစောကြီး ဘာပြုလို့များ …”

“နင် ပျိုးနုတ်လိုက်မယ်ဆိုလို့ နှိုးတာဟဲ့”

ကိုဆေးရိုး ကုန်းရုန်းထသည်။ ဟုတ်ပါကလား၊ ပျိုးနုတ်လိုက်မှ ပိုက်ဆံရမှာပါကလား။ သည်အသိကြောင့် လူးလဲထူထောင်ရငြား မျက်စိကို ဖွင့်၍မရ။

“ထမင်းတော့ ရှိတယ်၊ ဟင်းကတော့ မကျန်ဘူး။ အေး .. အေး... ငရုတ်သီးထောင်း အကတ်အသတ်နဲ့ ငါးပိဖုတ်တော့ ရှိဦးမလား မသိဘူး”

အမေသည် ဆက်မပြောနိုင်ဘဲ ချောင်းဆိုးနေသည်။ ကိုဆေးရိုး ‘ဂျီအိပတ္တ’ များမနေအား။ မျက်နှာကို ခါးက ပုဆိုးဖြင့်သုတ်ရင်း မီးဖိုထဲသို့ ဝင်ခဲ့ရသည်။ ကြွက်လှန်ထားသော ထမင်းအိုးတွင်းမှ ထမင်းကြမ်းခဲမှာ ကြွက်ခြေရာများ ပွနေ၏။ ပွပါစေ၊ ဝမ်းဖြည့်စရာ ဟူ၍ သည်အရာသာ ရှိသည်။ ပျိုးနုတ်သမားမှာ ဝမ်းမတောင့်၍ မဖြစ်။

ကျွဲချိုမှုတ်သံ တတူတူကို ကြားရသည်။ သည်အသံ ထွက်ပေါ်ရာအရပ်သို့ ပျိုးနုတ်သမားတွေ လာရောက် စုရုံးရန် ဖြစ်သည်။

ယနေ့သည် ပွဲဦးထွက်။ မည်သည့်နေရာ၊ မည်သည့်လယ်ဟု ကြိုတင် မသိရ။ သိမထားလျှင် နောက်ကျ၍ မဖြစ်။ ကိုဆေးရိုး ထမင်းကို အလောတကြီး မျိုသည်။ အရေးကြီးခါမှ ထမင်းက ‘နင်’ နေသည်။ ရင်ထဲတွင် အရိုးတစ်ချောင်း ဝင်စူးပြီလော ထင်ရသည်။ အသက်ရှူ၍ မကောင်း။

“ဆေးရိုးရေ၊ သွားရအောင်ဟေ့”

ကိုအောင်မြ အသံ။ ကိုဆေးရိုးမှာ အသံလည်း ထွက်မလာနိုင်။ သို့ရာတွင် အမေက “ထမင်းစားနေတုန်းဟဲ့၊ ခဏနေဦး” လှမ်းပြောဖော်ရသဖြင့် နေရာကျသွား၏။

“ဘာလို့ စားနေမှာတုံးကွ၊ ရှားပင်ပေါင်း အလွန်ကလေးတင် ဥစ္စာ”

ထိုအချိန်တွင် ကိုဆေးရိုးမှာ ချမ်းသာခြင်းကြီး ချမ်းသာသွားပြီ။ နင် နေသော ထမင်းလုတ် လျှောခနဲ ကျသွားသောကြောင့် ဖြစ်၏။

“အောင်မြရေ၊ လာပြီဟေ့ ခဏလေး... ခဏလေး”

ကိုဆေးရိုး ကုန်းထရင်း ထမင်းကို လွေးသည်။ ငရုတ်သီးထောင်း အကြွင်းအကျန်နှင့် ငါးပိဖုတ် အကတ်အသတ်ပေမယ့် အရသာရှိလှသည်။ ထမင်းအိုးထဲတွင် ကျန်နေသေးသော ထမင်းနှစ်လုတ်စာကို ထားပစ်ခဲ့ရန် ဝန်လေးသည်။ သို့ကြောင့် တစ်လုတ်ကို ခွံ့ပြီး တစ်လုတ်ကို လက်က ကိုင်ထားရသည်။

“ဟဲ့... ဆေးမနေနဲ့၊ အိုးထဲမှာ ထည့်ပြီး ဖုံးထားခဲ့”

အမေ မပြောမီကပင် ပန်းကန်နှစ်လုံးကို ထမင်းအိုးထဲ ထည့်ပြီးပြီ။ စလောင်းဖုံး ဖုံးခဲ့မိပါစ၊ လက်ဆေးမိပါစ။ ကိုဆေးရိုး သတိမထားမိပါ။ ခမောက်ကို ဆွဲ၊ ဆေးလိပ်တိုကို ဆွဲလာမိသည်သာ သတိထားမိ၏။

“ဝေးတယ်ထင်လို့ ထမင်းစားနေတာကွ”

“မင့် စောင့်နေရတာနဲ့ ကောက်စိုက်မတွေ ဝေးသွားပြီ”

သူတို့ သွက်သွက်လှမ်းကြသည်။ ရွာပြင်မှ နံနက်ခင်းလေက အေးမြစွာဆီးကြို၏။ အရှေ့ဆီတွင် မှောင်နေဆဲရှိသေးငြား ကောက်စိုက်မတို့၏ မောင်းသံကို ကြားရသဖြင့် အကွာအလှမ်းကို မှန်းဆနိုင်၏။ ရယ်မောသံကလေးတွေ၊ တေးချင်းညည်းသံကလေးတွေကြောင့် ကိုအောင်မြနှင့် ကိုဆေးရိုး ခြေလှမ်းသွက်သည်။

“ဟေ့.. ဟေ့ လူမစုံသေးဘူးဟ၊ စောင့်ကြပါဦး”

တာလမ်းပေါ်မှ ဆီးကြိုတားမြစ်သူမှာ ကိုပိတ်စ ဖြစ်၏။ ပွဲဦးထွက်နေ့မို့ နေရာ မသိသူများ နစ်နာနိုင်သည်။ သို့ဖြင့် ကောက်စိုက်မများနောက် အမီလိုက်ရေး စိတ်ကူးမှာ ပြယ်လွင့်ရသည်။ သူတို့၏ သီးခေါက်နံ့၊ သနပ်ခါးနံ့သာ လေတွင် ကျန်ရစ်၏။

••••• ••••• •••••

“မောင်တို့.. မောင်တို့”

“လေလေ့ လေလေ့” 

“သရက်ပင်အောက်မှာ သောက်ရေအိုးရှိတယ် မောင်တို့၊ နှီးစည်းကို ကန်သင်းပေါ်မှာ ထားတယ်။ စေတနာထားပြီး ကောင်းကောင်းလေး လုပ်သွားကြပါ ကွယ်တို့”

လယ်ရှင်သည် ပျိုးနုတ်သမားများ ဗရွတ်ရွှတ်တ ပြောသံကို မကြားဟန်ပြုလျက် သူ့ဆန္ဒကို ပြောအပြီး၌ သရက်ပင်အောက်သို့ ပြန်ပြေးသွားလေ၏။

“စိတ်ချ … စိတ်ချ၊ ပျိုးတစ်ဆုပ်ကို လက်ကောက် ဝတ်လောက် ရှိပါစေ့မယ်”

“ဒါပေါ့ဗျာ၊ ကိုင်လိုက်တာနဲ့ တစ်ပင်စီ ဖြစ်ပါစေ့မယ်”

သူတစ်ပါး ပြောသမျှကို သွားအဖွေးသားပေါ်အောင် ကိုဆေးရိုး ရယ်မောသည်။ ရယ်မောသော်ငြား ရပ်မနေ၊ တစ်ရာပါနှီးစည်းကို ခါးပုံနှင့် လုံးကာ ခါးရှေ့တွင်ညှပ်ထားပြီး ပျိုးခင်းထဲ ဆင်းခဲ့သည်။ ဆင်းကတည်းက ‘ကတွတ်ပေါက်’ နှင့် မတိုးမိမည့် နေရာကို ရွေးချယ်ပြီး ဆင်းဖြစ်၏။

မှောင်နှင့် မည်းမည်းအောက်မှ ပျိုးခင်းထဲတွင် ထိုင်စရာမရှိသေး။ သို့အတွက် ခါးကုန်းလျက် ‘ဆင်ဖမ်း’ ဖမ်းသည်။ တစ်ကိုင်စာနုတ်လိုက် “ဟား... ခိုင်တယ်ဟ” တစ်ချက် အော်သည်။ နောက်ထပ် နုတ်ပြန်သည်။ “အမယ်လေး ညောင်ပင်ကြီး နုတ်ရသလား မှတ်ဟေ့” အော်ပြန်သည်။

အော်သာအော်ငြား အနုတ်မရပ်။ လေးငါး ခြောက်ကိုင်စာမျှ ဆွဲနုတ်မိမှ ထိုင်စရာ ကွက်ကွက်ကလေး ပေါ်လာသည်။ ၄၅ ရက်သား မကျော်သေးသရွေ့ ပျိုးမနုတ်သော အချိန်အခါမျိုး။ လွှဲ၍ လွှဲ၍ နုတ်လိုက်တိုင်း ပျိုးပင်ဖျားက ပါးကိုရိုက်သည်။ လွှဲ၍လွှဲ၍ ဆွဲသောကြောင့် အနုတ်ရလွယ်ကူသည်။ ကိုဆေးရိုးသည် ထိုအခါတွင်ကား လွယ်လိုက်တာ၊ ညင်သာလိုက်တာ မအော်တော့ချေ။

လေကလေး တဖြူးဖြူးဖြင့် အအေးဓာတ်ရှိခိုက်တွင် အားသွန်နုတ်ကြ၏။ ပျိုးဖျား ခတ်သံ၊ ပျိုးစည်း စည်းသံများသာလျှင် ပျိုးခင်း၏ အသံဗလံ ဖြစ်နေပေတော့သည်။ သူတစ်ပါးတွေ လေးငါးဆယ်ရသည်အထိ ပျိုးခင်းထဲသို့ ကိုဘသောင်း မဆင်းသေး။ မဆင်းသေးငြား ခါးတောင်းကို ကျိုက်ထားပုံမှာ ‘မြှောင်’ နေ၏။ ကွမ်းစားသယောင်ယောင်၊ ရေသောက် သယောင်ယောင်၊ ပျိုးခင်းဝင်ရေကြည့် သယောင်ယောင်ဖြင့် ယောင်ခြောက်ဆယ် လုပ်နေ၏။

“အောင်မယ်၊ ဆေးရိုးတို့က တယ်လည်း လုပ်လိုက်ပါကလား”

ကိုဘသောင်း ဆင်းလာချိန်တွင် လင်းရောင်ခြည် လာလေပြီ။ ကိုဆေးရိုးလည်း ပျိုးတစ်ရာရပြီ။ နှီးပြတ်များ၊ ပျိုးပြတ်များသည် ပျိုးခင်းရေပြင်တွင်း၌ ကူးကလန်ခတ်နေကြသည်။

“ပျိုးနုတ်ဖို့ လာတာ ပျိုးနုတ်မှာပေါ့ကွ၊ မင်းလို လတ်လျားလတ်လျား လုပ်မနေအားဘူး မောင်ရဲ့”

ကိုဘသောင်း အရှက်ပြေ ရယ်သည်။ ထို့နောက် အရှက်ပြေ ပြောနေပြန်၏။

“မြင်မြင်ထင်ထင်ရှိမှ ဆင်းဝံ့တယ်ဟေ့၊ မြွေရှိသလား၊ ငြောင့်ရှိသလား မသိ”

ပျိုးနုတ်သမားသည် ရေထဲ၌ ဒူးထောက်ပြီး နုတ်ရ၏။ ခြေဖဝါးကို ထောင်ထားကာ လူရွေ့သမျှထောင်လျက် ရွှေ့ပြောင်းလိုက်ရပါသည်။ ကိုယ်အလေးချိန်သည် ဒူးပေါ်ရောက်လိုက်၊ ခြေဖျားပေါ် ရောက်လိုက် ဖြစ်သည်။ ပျိုးပင်ကြား၌ မြွေရှိသလော။ မည်သူမျှ မဥပဒ်၊ ပျိုးရရန် အရေးကြီးသည်။

မြွေတစ်ကောင် ရှိနေပြီး အချိန်မီ ထွက်မပြေးလျှင် ပျိုးနုတ်သမား၏ ခါးကို ရစ်ပတ်မိရန် အနေတော်ဖြစ်သည်။ရေထဲတွင် ပျော်ပိုက်သော မြွေကလည်း ရေမြွေ ဖြစ်လျှင် ဖြစ်၊ မဖြစ်လျှင် မြွေပွေး။ ထို့ကြောင့် ပျိုးနုတ်သမားသည် မြွေသံ မကြားလို။ မကြားလိုသော စကားကို ကိုဘသောင်း ပြောလေပြီ။ ရွှံ့ မည်းမည်း တစ်ခဲသည် ကိုဘသောင်း၏ ပြောင်တင်းနေသော ကျောပြင်ပေါ်သို့ ဖြန်းခနဲ ကျရောက်လာ၏။ ကိုဘသောင်းက ပျိုးအနုတ် မပျက်။

“ဟေ့ကောင်တွေ၊ ဟေ့ကောင်တွေ”

နောက်တစ်ခဲ ကျရောက်လာသည်။ ခမောက်မှာ ခါခနဲ ဖြစ်ကာ လည်ထွက်သွား၏။

“ဟေ့ကောင်တွေနော်၊ ရပ်နဲ့ ရွာနဲ့ ပြောပြီးဆိုပြီး သား။ မင်းတို့ကျေနပ်အောင် ပေးပြီးသား၊ အခုမှ ပစ်လား ခတ်လား မလုပ်နဲ့၊ လုပ်ရင် မင်းတို့ နှမပဲ အရှက်ရမှာ”

သူ့ကိုယ်သူ မင်္ဂလာသတို့သားဟန်၊ သူ့ကို ပစ်ခတ်သူမှာ နှမပေးရသူ ဖြစ်လေဟန်ပြောငြား၊ ရွှံ့ခဲ နှစ်ခဲ ရောက်လာသည်။ တစ်ခဲက ခေါင်းပေါ်၊ တစ်ခဲက ကျောပေါ်။ ကျောပေါ်က ရွှံ့ခဲမှာ အတန်ကြီးသဖြင့် ကိုဘသောင်း ကျောကော့သွား၏။

“ဟေ့ကောင်တွေလို့ ပြောနေတယ်နော်၊ ဟေ့”

ဟေ့ အရောက်တွင် ရွှံ့နှင့်ပျိုးပင် လုံးထွေးထားသော အခဲတစ်ခဲ ကိုဘသောင်း၏ ပါးကို ထိပြန်သည်။ ကိုဘသောင်း ပါးစပ်ပိတ်သွားသည်။ နောက်တစ်ခဲ ခမောက်ပေါ်ရောက်လာစေကာမှ မပြောတော့။ ရွှံ့ခဲ အကျလည်း ရပ်စဲသွားသည်။ ထိုအဖြစ်အပျက်တွင် ကြားထဲက အူနာသူမှာ ကိုဆေးရိုး။ ပျိုးကို ကုန်းနုတ်လိုက်၊ ကိုဘသောင်းကို လှည့်ကြည့်ကာ ရယ်မောလိုက်ဖြင့် ကြာလာသော် မရယ်နိုင်တော့ပါ။

“တော်ကြပါတော့ကွာ၊ ကြားထဲက ငါ ပျိုးအနုတ် ပျက်လှသကွာ”

ပွဲဦးထွက်နေ့မို့ ပင်ပန်းသည် မထင်။ နေကလည်း မပူ၊ ပျိုးခင်းကလည်း ကောင်းသည့်အတွက် ဆွမ်းစား ခေါင်းလောင်းထိုးသံကြားတော့မှ နေကို မော့ကြည့်မိ၏။ ဘာလိုလိုနဲ့ ခေါင်းလောင်းထိုးတာ ဟုတ်မှ ဟုတ်ရဲ့လား။ အဲ... ဟုတ်သဟ။ ခါးထဲက နှီးကုန်လျှင် ဟိုလူ လှမ်းပါ၊ သည်လူ လှမ်းပါဖြင့် တောင်းခဲ့သည်။ မထဖြစ်။ ယခု ထဖြစ်သည်။ ငန်းတစ်လျှောက်ရှိ ပျိုးစည်းများကို ရေတွက်ကြည့်သည်။ စုစုပေါင်း သုံးရာ့နှစ်ဆယ်။

“ကဲဟေ့ ဖေ့သား၊ ငါးဆုပ်လောက် ဆွဲလိုက်ဦးဟ”

ကိုယ့်ဘာသာကိုယ် အားပေးကာ ပြန်ထိုင်သည်။ ကန်သင်းသည် နီး၍နီး၍ လာ၏။

ငါးစည်းစာ မရမီ ‘ငန်း’ ကျွတ်မည် စိုးသဖြင့် ဘေးက လူတွေ၏ ငန်းထဲမှ ဖဲ့ယူရသည်။

••••• ••••• •••••

ပျိုးနုတ်သမားသည် လယ်သမားနှင့် ထပ်တူ ပင်ပန်း၏။ သည်အသိမှာ ယမန်နှစ် ပျိုးနုတ်ရာသီတုန်းက အသိဖြစ်သည်။ သည်ကြားထဲတွင် ကိုးလ ဆယ်လမျှ ခြားခဲ့သောကြောင့် ကိုဆေးရိုး မေ့ပြီ။ ပျိုးတစ်ရာလျှင် တစ်မူး၊ ပျိုးသုံးရာနှင့် အစိတ်အတွက် သုံးမူးနှစ်ပြား။ ကိုဆေးရိုးပျော်သည်။ ခပ်သင့်သင့် ပုဆိုးတစ်ထည် ဝယ်နိုင်သော သည်နှုန်းဖြင့် သုံးလသာ နုတ်ရဦး၊ မိုးရာသီ ကုန်လျှင် ငွေ လေးငါးဆယ် စုမိမည်။

“အမေရေ ကျက်ပြီလားဗျို့”

အိမ်လှေကားရင်းမှ အော်မေးသည်။

“ငရုတ်သီးဟင်းချက်တာ ဆူတောင် မဆူသေးဘူး၊ ရေလေးမိုးလေး ချိုးပါဦးလား”

ကိုဆေးရိုးသည် လေကလေး တချွန်ချွန်ဖြင့် ချောင်းထဲသို့ ဆင်းလာခဲ့သည်။ ရေချိုးရင်း ကြေးတွန်းသည်။ တိုက်စရာ ဆပ်ပြာအစား ချောင်းပြင်ထဲက သဲနုနုဖြင့် ပွတ်သည်။ ထိုအခါတွင် ပျိုးနုတ်သမား၏ လက်က စကားပြောပြီ။ သို့တစေ ကိုဆေးရိုး သတိ မထားမိသေး။ အတွေးဖြင့် ပျော်၍ ကောင်းဆဲမို့။

ဒေါ်ကြွယ်စိုးသည် အငွေ့ထောင်းထောင်းထသော ထမင်းပွဲဖြင့် သားကို ကြိုလင့်၏။ သပြက်ရွက် ဟင်းချိုနံ့သည် သွားရည်ကို ချူ၏။ ငရုတ်သီးချက် ရနံ့က ထမင်းဆာအောင် ဆွ၏။ ‘ဆန်ဆေးတောင်း’ ထဲက လုံးတီးရောရာ ‘စံရွှေဒွန်း’ ထမင်းသည် လာလော့ ဖိတ်ခေါ်နေ၏။

ကိုဆေးရိုး တင်ပျဉ်ခွေ ထိုင်သည်။ ထမင်းမထည့်သေးဘဲ ဟင်းချိုတစ်ဇွန်း ခပ်သောက်သည်။ ဟင်းနံ့ရသည့် အတွက် အူတွေက ကြုတ်ကြုတ်မြည်သံပေးသည်။ ထမင်းထည့်သော ဆန်ဆေးတောင်းကို ယူသည်။ လက်ငါးချောင်း ဖြန့်ကားလျက် ထမင်းကို ဆုပ်လိုက်သည့်ခဏဝယ် ‘အား’ ခနဲ အော်ပြီး လက်ကို ရုပ်သည်။ အကျင့် မရသေးသော လက်ဖဝါးသည် ပျိုးပင်၏ ပွတ်စားမှုကို ခံထားရသည့်အတွက် ဖြစ်ချေသည်။ အမယ်လေး ပူလိုက်တာ၊ နာလိုက်တာ အော်ရင်း လက်ဖဝါးကို ကိုဆေးရိုး ဖြန့်ကြည့်၏။ လက်ဝါး ပြင်တစ်ပြင်လုံး နီရဲနေ၏။ မဖြစ်ဘူး၊ ဇွန်းနဲ့ စားမှ။

“ဟဲ့... ဇွန်းနဲ့ စားရင် ပိုဆိုးမှာပေါ့၊ ထမင်းပူကို လက်ဝါးနဲ့ နာနာဆုပ်”

ဇွန်းကိုင်ရုံဖြင့် ဒေါ်ကြွယ်စိုး လှမ်းတားသည်။

“မခံနိုင်ဘူး အမေရ

“သယ် နင် ယောက်ျား မဟုတ်ဘူးလား၊ သည်လိုဆို မိန်းမ မယူနဲ့”

ကိုဆေးရိုး နာကျင်သွားသည်။ စောဒက မတက်တော့ပါ၊ ဆန်ဆေးတောင်းထဲမှ ထမင်းကို လက်ဖြင့် ယူသည်။ သွေးခြည်ဥနေသည့် လက်ဝါးဖြင့် ထမင်းပူကို တအားဆုပ်ထားသည်။ ခံရချက် ဆိုးရွားလှပါဘိ။ မျက်ရည်တောက်တောက်ကျငြား အံကြိတ်ထားသည်။ နင် ယောက်ျားမဟုတ်ဘူးလား၊ ထပ်မံ အမေးမခံနိုင်။

လက်ဝါးထဲက ထမင်းအေးသွားလျှင် ပန်းကန်ထဲ ထည့်သည်။ ထမင်းတောင်းထဲက နောက်တစ်ဆုပ် ထပ်ယူပြီး ဆုပ်ထားသည်။ အခံရကား ဆိုးရွားဆဲပင်။ သို့သော် ပဉ္စမအဆုပ်တွင် ခံနိုင်ရည်ရှိစ ပြုလာပြီ။ ဒသမ ထမင်းဆုပ်တွင် နေသားကျသွားလေ၏။ သည် ဝေဒနာသည် သည်မျှဖြင့် မပြီးသေးပေ။ ညစာစား ချိန်တွင်လည်း ထပ်မံကြုံရပြန်သေး၏။ ထိုအချိန်တွင် ကား ပြီးခဲ့သော ပျိုးနုတ်ရာသီကို ကိုဆေးရိုး သတိ ရလာပြီ။ အာရုံကို ‘နွှေး’ ပေးသည်။ အသားမကျမီ သုံးလေးရက်တွင် ထမင်းပူပူကို ဆုပ်ပြီး ကျင့်ပေးရဦး မည်။ သို့အတွက် ဇွန်းဖြင့် စားရန် မကြိုးစား။ နင် ယောက်ျား မဟုတ်ဘူးလား အမေးလည်း မခံရတော့ချေ။ သို့သော် ပျိုးနုတ်သမား၏ ဒုက္ခဝေဒနာကား မဆုံးသေး။ နောက်တစ်နေ့ နံနက်အထိ ဆက်တွဲ မြှောင်ကပ်ပါလာသေးသည်။

ခေါင်းချသည်နှင့် အိပ်ပျော်သည်။ သာမန် အိပ်စက်မှုမျိုး မဟုတ်။ သည်းထန်သည့် ရောဂါဝေဒနာသည် တစ်ဦး အိပ်ပျော်ပုံမျိုးဖြင့် ‘တုံးထင်းသရော’ အိပ်ခြင်းဖြစ်၏။ အမေ့ခေါ်သံကို မကြား၊ ကြမ်းကို ပုတ်၍ မနိုး။

“ဟဲ့ ... အသက်မှ ရှိသေးရဲ့လား”

ခပ်ကြမ်းကြမ်းကြီး လာပုတ်မှ နိုးတော့သည်။

“တုံးကြီး ခေါက်ပြီးသွားတာ ဘယ်လောက်ကြာပြီလဲ”

ကိုဆေးရိုး လူးလဲထသည်။ ငုတ်တုတ်ထိုင်ပြီးမှ အရုပ်ကြိုးပြတ် ခွေကျသွားပြန်လေ၏။ အကြင်နာ ကင်းသော လက်ပန်းသည်၏ ကိုင်ပေါက် ထုရိုက်ထားခြင်း ခံရသူနှယ် တစ်ကိုယ်လုံး နာကျင်နေသည်။ မနာသောနေရာ မရှိ။ နွမ်းနယ်မှုကလည်း ဆင့်လောင်းသေး၏။

တူ.. တူ... တူ..။

ဂဒိုးမှုတ်သံ ကြားရသည်။ ဖြစ်နိုင်လျှင် တစ်နေ့လုံး အိပ်၍သာ နေလိုက်ချင်ပါဘိတော့သည်။ တစ်စုံတစ်ရာ မစားသောက်ဘဲ နေရလျှင်လည်း နေရပါစေတော့။

“အမယ် ပြန်လှဲနေပြန်ပြီလား၊ ထ ...ထ၊ ည တုန်းက အမေ ပိုချက်ထားတဲ့ ချဉ်ပေါင်ရွက်နဲ့ ငရုတ်သီးထောင်း ရှိတယ်”

သည်မျှဖြင့် ငေါက်ခနဲ မထလျှင် နင် ယောက်ျား မဟုတ်ဘူးလား ဆက်တွဲလာချေဦးမည်။ ထမှ။ နာကျင် နွမ်းရိစွာ ထသည်။ ပြင်းထန်သော စစ်ပွဲအတွင်း၌ မြားချက် လှံချက် အရာအထောင် ထိထားသော ဆင်တော်ကြီး တစ်ကောင်အလား။ ကိုဆေးရိုးသည် အနွမ်းအနာကို မျိုသိပ်လျက် မီးဖိုဘက်သို့ ဒယီးဒယိုင်ဖြင့် ထသွားလေသည်။

••••• ••••• •••••

ရီးဆေးရိုး သက်ပြင်းရှိုက်မိသည်။ ယောင်ယောင်ယမ်းယမ်းဖြင့် ပခုံးကို လက်ဖြင့် စမ်းသပ်သည်။ ပခုံးကို ဆေးလိပ်နှင့် ထိုးမိမှ ဆေးလိပ်မီးညှိရန် သတိရသည်။ မီးခိုးနှင့် ပြာသာ ထင်ရှားသော နွားချေးချပ်သည် ပါးစပ်ဖြင့် မှုတ်မှ ရဲခနဲ ဖြစ်လာ၏။ ရဲခနဲ ဖြစ်သောနေရာကို ဆေးလိပ်ဖြင့် တို့ပြီး ဖွာရှိုက်သည်။ မီးခိုးပြာပြာသည် တန်းတန်းကြီး လွင့်သွား၏။ မီးခိုး နောက်သို့ ရီးဆေးရိုး၏ အကြည့်က ကပ်လျက် ပါသွားရာ နွားနှစ်ကောင်တွင် ဆုံး၏။

‘အင်း .. တစ်ကွက် ကျန်သေးပါကလား၊ ဒီဟာ တမန်းပြန်ပြီးချိန်နဲ့ ကောင်လေး နုတ်လို့ ကုန်တာနဲ့ အတော်ပဲ နေမယ် ထင်ပါရဲ့’

စိတ်ဖြင့် မှန်းဆရင်း ကုန်းထသည်။ ထိုအခါ ပျိုးနုတ်သမား၏ ဦးဆုံးနေ့ ဝေဒနာသည် ကယောင်ကတမ်းဖြင့် ပေါ်လာ၏။ ပခုံးက နာလေဟန်၊ လက်မောင်းက ကိုက်လေဟန်၊ ရင်ဘတ်က အောင့်လေဟန်။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment