Thursday, February 8, 2024

ပုတီး နှစ်သွယ်


 ❝ ပုတီး နှစ်သွယ် ❞


ဦးဘိုးရင် သည် ကနားဖျင်း အောက် တွင် နှီးသတ် နေရာ မှ မိမိ ဇနီး အား ကြည့်၍ ပြုံးမိသည် ။ ဒေါ်ဖော့ မှာ အသက် ၅၀ ကျော် မှ မိတဆိုး ဖတဆိုး မြေးမကလေး ကို ကျွေးမွေး သုတ်သင်၍ နေရ ရှာသည် ။ သမီး သေရွာ လိုက်၍ သွား သဖြင့် ပစ် ခဲ့သော မြေးကလေး ကား ဘာမှန်း မှ မသိရှာ ၊ တအိုအို တအာအာ ဖြင့် ပုခက် ထဲ တွင် ငို၍ နေသည် ။ “ နင့်အမေ ရေနံချောင်း က မုန့်ပေါင်း ဝယ်ခဲ့လိမ့်မလေ - အေ - အေ - အေ - ခွေးပု ရယ် ၊ အိပ်ဟေ့ အိပ် - အိုအို အိုအို - ရီလေး တဲ့ ရို ကျွီ - ကျွီ ဂျိုပေါက်တဲ့ နွား ကျွီ - ကျွီ ပျိုးခင်းကို ဝင် ကျွီ ကျွီ - ပျိုးဆယ်ပင် ကုန်အောင် စား ကျွီ - ကျွီ ကြီးတော်တို့ နွား အင် - အင် အင် - အင်း ” စိတ် မရှည် နိုင် သလို ရှိ သဖြင့် ပုခက် ကို ဆောင့် ၍ လွှဲ ပြန်သည် ။ ကလေး မှာ အတန်ကြာ အောင် ငို ၍ မောလှ မှ ငှက်ပျောသီး တစ်လုံး ကို ဖက် ရင်း အိပ်ပျော် တော့သည် ။


ဒေါ်ဖော့ သည် ဆေးဗန်း ကို ယူ ၍ ဦးဘိုးရင် အနီး တွင် ဆေးလိပ် လိပ် ရင်း ပုခက် ကို ကြိုးရှည်ကြီး နှင့် တစ်ချက် တစ်ချက် လွှဲ ရ သေးသည် ။


“ ကိုဘိုးရင် ရယ် ခွေးပု ကို ရွှေထိပ်ကလေးတွေ လုပ်ပေး ချင်ပါတယ် ၊ ကလေး ဒါမှ သက်ဆိုး ရှည်မယ် ”


“  ငါ့ လက်စွပ်ကလေး ရှိသားပဲ အေ့ ၊ ကျောက်နီကလေး ဖြုတ် သိမ်း ထား လိုက်တာပေါ့ ၊ ဒီ လက်စွပ်ကလေး တစ်ချည်လုံး ဆိုရင် ညည်း ထိပ် က လုပ်လောက်ရော ပေါ့ ”


“ ကျုပ် က ကို မြတ်နိုးတဲ့ လက်စွပ် မို့ တော် ”


“ တို့ အသက် ကြီးတောင်း ကြီး မှ အို ကံကောင်းချင် လို့ သမီး ပစ် ခဲ့တဲ့ ကလေး ကောက် မွေးရတာပဲ အေ ၊ တို့ ရှိသမျှ သူ့ ဖို့ပေါ့ မယ်ဖော့ ရဲ့ ၊ ဖျင်းပါဘိ ညည်း နှယ် ”


“ ဒီလိုဆို ပြီးပါရော တော် ၊ ကျုပ် နက်ဖြန် ပန်းထိမ် သွား အပ်ချည်ရဦး ”


“ အနို့ ညည်း စု ထားတာကလေး များ ကော ”


“ သူကြီး အခွန်တော် က နုတ် လိုက်ရတာ ၊ ဆယ့်သုံးကျပ် ခြောက်မူး ကျန်တော့တာ ပေါ့ ”


“ အေး အေး ကောင်းကောင်း သိမ်းထား ၊ ၁ နှစ် ၂ နှစ် ဆို နားကောက်ကလေး လုပ်နိုင် ကောင်းပါရဲ့ ”


ပြောင်းဖူးဖက် ဆေးလိပ် လိပ် ရင်း တိုးတိုးဖော် ရသော ဇနီး နှင့် မပြတ်မလပ် ကြား ရသော ပုခက်ကြိတ်သံ တို့ သည် ဦးဘိုးရင် အဖို့ လှုပ်ရှား သက်ဝင် သော လောကကြီး ဖြစ် ၍ မြေးကလေး ခွေးပု ကြီးပြင်း လာ အောင် မွေးကျွေး ဖို့ စိတ်ကူး အမျိုးမျိုး ထုတ်ရခြင်း တို့ သည် နေပျော်သော အသက် သာ ဖြစ်၍ နေတော့သည် ။


ခွေးပု ကလေး မှာ ငှက်ပျောသီး နှင့် ထမင်းဆီဆမ်း တို့ ၏ အသက် ဆက် ချက် ကြောင့် အခါလည် ရွယ် မှ သည် ကစားနိုင် ပြေးလွှား နိုင် သော သုံးနှစ် နီးပါး သို့ တိုင်ခဲ့ လေပြီ ။ ခွေးပု သုံးနှစ် သမီး အရွယ် တွင် ဦးဘိုးရင် လင်မယား မှာ အိမ် ဆည်းလည်း အိမ် ခလောက်ကလေး နှင့် နေရ သဖြင့် တစ်ခါ တစ်ခါ လင် ရော မယား ပါ မြေးကလေး နှင့် အတူ ဝင်၍ ကစား မတတ် အဖော် ရ ၍ နေကြ တော့သည် ။


“ ဘ ဘ ထွေးပု ဖို့ တောင်း ငယ်ငယ်ကလေး ရက်ပေးဦး ” ဟု တစ်ခါ ပူဆာ လိုက် သဖြင့် ( ၁ ) လုံး မှ သည် ကြီးကြီးငယ်ငယ် ဆယ်လုံး ခန့် သစ္စေးသရိုး ကိုင်၍ ပေးထားသည် ။ နှီး ချိန်ခွင်ကလေး နှင့် တစ်မျိုး ၊ အိုးပုတ်ကလေး နှင့် တစ်လှည့် ၊ ခွေးပု မှာ အဘိုးကြီး ကို ‘ ဘ ’  ၊ အမယ်ကြီး ကို ‘ အစ်မ ’ နှင့် သူ့ ပေါင် ပေါ် ရောက် လိုက် ၊ ငါ့ ပခုံး ပေါ် တက် လိုက် နှင့် ပျော်၍ နေရှာသည် ။


ဒေါ်ဖော့ မှာ အလှူ သွား လည်း တတန်းလန်းလန်း ၊ ရေခပ် သွား လည်း တွဲလောင်းလောင်း တွဲလောင်းလောင်း ။ ဤသို့ ခြေရှုပ်သည် ကို ပင် အကျေနပ်ကြီး ကျေနပ်၍ ကစား နေလျှင် သွားခါနီး ၌ ‘ ခွေးပု ရေ ’ ဟု ခေါ်၍ အဖော် ပြု ရ မှ ကျေနပ်သည် ။ ခွေးပု သည် တွတ်တီးတွတ်တာ နှင့် ဤ လင်မယား မှ လွဲ၍ အခြား သူ လည်း ကနွဲ့ကလျ လုပ်စရာ မရှိရ ကား ၊ ဦးဘိုးရင် အနား တွင် လည်း ပွတ်သီးပွတ်သပ် နေ တတ်သည် ။


“ ဘ ထွေးပု ဖို့ ဖျာငယ်ငယ်ကလေး ရက် ပေးဦး ”


“ အေ - အေး ပေးရန့်ဗျာ ၊ ဖျာစိမ်းကလေး ရက်ပေးမယ် နော် ၊ ကဲ ငါ့ မြေး ‘ ဘ ’ သင်ပေးတာ ရအောင် လိုက်ပြီး ဆို ၊ ပြီးတော့ ရက်ပေးမယ် ”


“ ဟင့် - ဆိုချင်ဖူး ”


“ အို မမိုက်ရဘူး ၊ ကုသိုလ် ရအောင် ‘ ဘ ’ က သင်ပေးတာ ၊ ဆို … အနိစ္စ ”


“ အနိစ္စ ”


“ ဒုက္ခ ”


“ ဒုက္ခ ”


“ အနတ္တ ”


“ အနတ္တ ”


“ အဲဒါ ရအောင် ဆိုနော် ‘ ဘ ’ သင်ပေးမယ် ”


“ ဖျာ ရက် ပေးရမှာနော် ”


“ ပေး မှာ ပေါ့ ၊ နက်ဖြန် ဝါး ခုတ် က ပြန်တော့ ရက် ပေးမှာ ”


“ ဘ ဟို ဥကြီးတွေ ယူခဲ့ပါဦး ၊ မျောက်ဥကြီးတွေ ”


“ အေး အေး ဘ တော ထဲ က ရှာခဲ့မယ် ”


“ အစ်မ က ထွေးပု အများကြီး မစားရဘူး တဲ့ ”


“ ငါ့ မြေး ရင် ကြပ်မှာ စိုးလို့ပါ ”


“ အို ကြပ်ဖူး ၊ စား မှာ အများကြီး ”


“ အေး - အေး - ကဲ စားတာပေါ့ ”


ဦးဘိုးရင် သည် ဆေးတံကြီး ကို ပင် တစ်ခါတစ်ရံ ပါးစပ် မှ ချွတ်၍ ခွေးပု နှင့် အချေအတင် ပြောရ ရှာသည် ။


“ ငါ့ မြေး နင့် အစ်မ ဆီ မီးခြစ် တောင်း ချေစမ်း ” ဟု ခိုင်း လိုက်လျှင် ထဘီကလေး ကို ပြင် ၍ ဝတ်ရင်း ဒေါ်ဖော့ ဆီ မှ မီးခြစ် ကို ယူ၍ လာ ပေးသည် ။


လသာသာ ညများ တွင် ဥနှဲပင်ရိပ် ရှိ ခုတင်ကလေး ပေါ် ၌ ဦးဘိုးရင် လက်မောင်း ခေါင်း အုံး၍ ခွေးပု က လမင်း ကို မျှော် ကြည့်ကာ အိပ်သည် ။ ဒေါ်ဖော့ က ပဲညှစ် ၍ အနီး တွင် ထိုင်သည် ။


“ အေး … အဘိုးကြီး က မောင်းထောင်း လို့ ၊ အမယ်ကြီး က ဆန်ဖွပ် လို့ ”


“ ဟင် ဒါဖြင့် ဘ ဘာလို့ မောင်း မထောင်းသလဲ ၊ အစ်မ ချည်း ထောင်းတာပဲ ”


“ ဘ က မအားလို့ ကွဲ့ ”


“ သူတို့ တော့ အားတယ်လား ”


“ အေး ယုန်ကလေး က ဘေး က ဝပ် လို့ ”


“ ဘ ထွေးပု ယုန်ကလေး လိုချင်တယ် ဖမ်းပေးစမ်း ၊ နော် ဘ ၊ နောက် တစ်ခါ ဝါးခုတ် သွားတော့ ဖမ်းခဲ့ နော် ၊ ၃ ကောင် ၊ အို … အများကြီး ဖမ်းခဲ့ ”


“ ဘ တို့ ဝါး ခုတ်တဲ့ တော က ယုန် မရှိဘူး ခွေးပု ရဲ့ ၊ တစ်ခါ တစ်ခါ မြွေကြီးတွေ ကျားခြေရာ တွေ တွေ့ရတယ် ”


“ ကျား ဆိုတာ နွားလောက် ကြီးကြီးလား ဘ ”


“ အေး … နွား ခပ်ငယ်ငယ် လောက် ရှိတယ် ”


“ ထွေးပု ကြည့် ချင်တယ် ၊ ဘ ပြစမ်း နော် ”


“ ကျား ဆိုတာ ကိုက် တတ်တယ် ၊ ကြောက်စရာကြီး ”


“ အံမာ ထွေးပု ကိုက်ရင် ဘ , က ဝင် ရိုက်မှာပေါ့ ”


“ ရိုက်မှာပေါ့ လေ ၊ နို့ပေမယ့် ဘ , ပါ ကိုက်ရင် ဘယ့်နှယ် လုပ်မလဲ ”


“ အို ဘ , တော့ ကိုက်ရဘူး ၊ ဘ , ကိုက် ရင် ထွေးပု အော် ငို မှာ ကိုက်ရဘူး ”


“ အေး … အေး … ကဲ … ငါ့ မြေး အိပ် တော့ မိုးချုပ်လှပြီ ”


“ အို အိပ်သေးဘူး ၊ ရှေးစကား ပြောဦး ”


“ မဖော့ ညည်း မြေး တော့ သိပ် စကား ကြိုက်တာပဲ အေ ၊ ရှေးစကားများ နားထောင်ရမယ် ဆိုရင် အိပ်ချင်တယ် ကို မရှိဘူး ”


“ တော် အကျင့် လုပ်တာပဲ ”


“ ကဲ အေ ခေါ်ပါဦး ၊ လက်များ ကို ကျဉ် နေပါပြီ ”


“ လာ လာ ငါ့ မြေး ၊ ပေါက်ပေါက်ဆုပ် စားချေရအောင် ၊ ပြီးတော့ အိပ်တော့ ၊ မနက်တော့ ဘ ဝါးခုတ် သွား မှာမို့ စောစော ထ ရအောင် ”


ခွေးပု မှာ တစ်အိမ်လုံး သူ တွင်ကျယ် ၍ နေတော့သည် ။ ဦးဘိုးရင် ၏ အဖော် မှာ ခွေးပု ၊ ဒေါ်ဖော့ ၏ လက်ဆွဲ မှာ လည်း ခွေးပု ၊ ရွာ ထဲ ရှိ ကလေးများ နှင့် ပင် ကစားရသည် မရှိ ။ မျက်စိ အောက် မှ အပျောက် မခံသော အဘိုးကြီး နှင့် အမယ်ကြီး တို့ ၏ ဖျော်ဖြေရာကလေး ဖြစ်၍ နေတော့သည် ။


ခွေးပု သုံးနှစ် ပြည့်၍ လေးနှစ် ထဲ အဝင် တွင် ဒေါ်ဖော့ မှာ မိုး အားကြီး စွေသော နယုန်လ ထဲ တွင် ပန်းနာရောဂါ ကြောင့် နာလန် မထူဘဲ အနိစ္စ ရောက် ၍ သွားသည် ။


“ ဘ ဘ အစ်မ သေပြီလား ” ဟု ရှိုက်ကြီး တငင် ငိုသော အသံ ကြောင့် ဦးဘိုးရင် သည် ဇနီးသည် ပျက်စီးရသည် ကို ရူး မတတ် စိတ်ဆင်းရဲ မိ ရှာသည် ။ ခွေးပု ကား ပထမ အကြိမ် သာ ငိုယို ပြီး “ အစ်မ ဒါဖြင့် ထွေးပု တို့ နဲ့ အိပ်တော့ဖူးပေါ့ နော် ” ဟု ပြောကာ မေ့မေ့ပျောက်ပျောက် ဧည့်သည် အဝင်အထွက်များ အကြား တွင် ကစား ၍ နေတော့သည် ။


ဦးဘိုးရင် မှာ ကား မြေးငယ်ကလေး က သိတတ် သလို မေးသည့် အတွက် မချိမဆံ့ ဝမ်းနည်း ရသည် ။ ဘာမျှ ကောင်းစွာ မသိတတ် သဖြင့် မေ့မေ့ပျောက်ပျောက် ကစား ၍ နေသည့် အတွက် လည်း အင်း … ဒင်းကလေး ဘာမှ မသိရှာဘူး ။ ဒင်း ငါ တစ်ယောက် တည်း အုပ်ထိန်းတာ နဲ့ သာ ကြီးပြင်းရ ရှာတော့မယ် ။ လှမေ ရေ … နင့် သမီး နဲ့ ငါ့ ကို မြင်လှည့်ဦး ။ မဖော့ က တစ်ခါ နင့် နောက် လိုက်ပြန်ပကော ဟု ဝမ်း ထဲ တွင် ပူဆွေး ၍ နေ တော့၏ ။ ကစား လိုက် ၊ လက်ဖက် စား လိုက် နှင့် နေသော ခွေးပု ကို ရင်ခွင် ပိုက်၍ ရောက်လိုရာ သာ ထွက်သွားချင် တော့သည် ။


ဦးဘိုးရင် သည် သားအမိ သားအဖ သုံးယောက် နှင့် အတူ နေခဲ့ရသည့် ငယ်စဉ် က အဖြစ်အပျက်များ ကို ထင်မြင် လာသည် ။ တစ်ယောက် တည်း သော သမီး လှမေ ကို အရွယ် ရောက် သော် အိမ်ထောင် ထိမ်းမြား လိုက်ရ သဖြင့် မိမိတို့ လင်မယား နှစ်ယောက် တည်း နေခဲ့ရသည် တို့ ကို မြင် ပြန်သည် ။ ၄ - ၅ နှစ် အကြာ တွင် သမီး ဆုံး၍ ငယ်ရွယ်စဉ် အမိ မှန်း အဖ မှန်း မသိလိုက် ရှာသော မြေးကလေး ကို မွေးကျွေး သုတ်သင် ၍ မြေးအဘိုး ၃ ယောက် ပျော်ရွှင်စွာ နေခဲ့ကြသည် ကို မြင် ပြန်သည် ။ ယခုသော် ကား ဒေါ်ဖော့ လည်း သေမင်း နောက် သို့ လိုက်ပြန် ချေပြီ ။ သူ နှင့် ခွေးပု တို့ သာ ကျန်ရစ်ခဲ့သည် ။ သေခြင်းတရား ကား အမြဲ ရှိသော တရားသာ တည်း ။ ငါတို့ မြေးအဘိုး ပင် အသက် အတိုင်း နေခဲ့သော် ငါ က အရင် စွန့်ပစ် ၍ ဒင်းကလေး လူ့ဘောင် တွင် ထားခဲ့ရဦးတော့မည် ။ မျက်စိသူငယ် နှင့် လူလား မမြောက်ခင် ဖြ င့် မပစ်ခဲ့ပါရစေ နဲ့ ၊ ဒင်းကလေး ကြီးပြင်းသည် တိုင်အောင် ငါ့ သီလ ရှိကောင်းပါ ရဲ့ အစ ရှိ သဖြင့် မြေးသံယောဇဉ် နှင့် အနိစ္စတရား တို့ သည် ရောကာ ထွေးကာ တလည်လည် နှင့် နေရှာ လေ၏ ။


ခွေးပု မှာ ဒေါ်ဖော့ မရှိတော့ သဖြင့် ဦးဘိုးရင် နှင့် သာ နေရရှာ တော့သည် ။ “ ဘ အစ်မ က လည်း လာဘူး ” ဟူသော အသံကလေး များ ကြား လိုက်ရလျှင် “ ဒင်းကလေး ကံ ဆိုးရှာတယ် ၊ ငါ ပဲ အဖေ ၊ ငါ ပဲ အမေ ရှိရှာတယ် ” ဟု အောက်မေ့ ၍ ကလေးငယ်ငယ် လွမ်းသည် မှာ တော်တော်ပင် ၊ သိတတ်သော လူကြီး လုပ်သူမှာ ဖြေမနိုင် ဆည်မရ ဝမ်းနည်းပက်လက် နှင့် မျက်ရည်များ ပင် ကျမိ တော့သည် ။ ဒေါ်ဖော့ မရှိ သဖြင့် ဦးဘိုးရင် သည် ခွေးပု ကို ပို၍ ဂရုစိုက်သည် ။ မေ့မေ့ပျောက်ပျောက် မှ ရှိပါစေတော့ ဟု အနား မှ မခွာစေဘဲ ကစားစရာ အမျိုးမျိုး ရှေးစကား အမျိုးမျိုး တို့ ဖြင့် မပျင်းရ အောင် ထား ရှာသည် ။


ခွေးပု နှင့် ဦးဘိုးရင် မှာ တတွဲလောင်းလောင်း နှင့် ထမင်းချက် ရာ မှာ လည်း အတူတူ ၊ ထမင်း စားရာ မှာ လည်း မြေးအဘိုး နှစ်ယောက် ၊ တောင်းရက် ရာ မှာ လည်း ကူဖော်လောင်ဖက် အဖြစ် နှင့် မကွဲမကွာ နေကြသည် ။ တစ်ရွာလုံး မြင်မြင်ကရာ တို့ က လည်း မြေးအဘိုး နှစ်ယောက် ကို မြင်တိုင်း သနား ၍ နေကြတော့၏ ။


ခွေးပု ၆ နှစ် လောက် တိုင်ခဲ့လေပြီ ။ ဦးဘိုးရင် ၏ ဘဝ ကား ခွေးပု နှင့် ကင်း ၍ မဖြစ်တော့ သလောက် ဖြစ်ခဲ့၏ ။ ခွေးပု ကို သမီး လှမေ တုန်း က ကဲ့သို့ အချိန်အရွယ် ရောက်ပြီး မိမိ နှင့် ခွဲလိုက်ရမည် ကို အစိုးရိမ်ကြီး စိုးရိမ် မိသည် ။ အချိန်တန် အရွယ် ရောက် ၍ အတောင်အလက် စုံ လျှင် ဓမ္မတာ တရား ကို မလွန်ဆန် နိုင် ။ ထို အကြောင်းများ ကို စဉ်းစား မိ လျှင် အဘိုးကြီး မှာ တစ်ခါတစ်ရံ လင်းကြက် တွန် သည် အထိ အိပ် ၍ မပျော်နိုင်ရှာ ။ ခွေးပု မှာ ထဘီကလေး လည်ပင်း ရောက် လျက် ၊ စောင်းလျက် တစ်ဖုံ ၊ မှောက်ခုံ တစ်မျိုး နှင့် မိမိ အနား တွင် အိပ်ပျော် လျက် ရှိရှာ၏ ။ ဘာမှ မသိရှာ ။


ဦးဘိုးရင် သည် သာ လျှင် နဖူး ပေါ် လက် တင်လိုက် ၊ ဆေးတံ ယူ၍ ခဲလိုက် နှင့် အိပ် မပျော်နိုင်ဘဲ တစ်ခါတစ်ခါ ကလေးမ ၏ နဖူးပြင်ကလေး သို့ ငုံ့ ၍ နမ်း မိသည် ။ ငါ့ မြေး ရယ် ဒီ အရွယ် က မကြီးပါနဲ့ တော့ကွယ် ။ ဘ , နဲ့ ဘယ်တော့ မှ မခွဲရဘဲ အတူ နေရအောင် ။ ဘ ငါ့ မြေး ကို တောင်းရက် ကျွေး မှာပေါ့ စသည်ဖြင့် နတ်ရေကန် သို့ သွား၍ ယခု အရွယ် မှ ပို မကြီး အောင် ရေချိုး ပေးလိုက် ချင် တော့သည် ။


အနတ္တတရား ကား အစိုးရခြင်းတရား မဟုတ်ပေ ။ မတ်တတ်ပြေးကလေး က ဆင်မြန်း ထားသော ရွှေထိပ်ကလေး ပင် ယခု အရွယ်တွင် နားကောက်ကလေး အဖြစ် သို့ ရောက် ရပြီ ။ သျှောင်ထုံးကလေး မှ ဆံမြိတ်ကလေး ခါ တိုင်း နားကောက်ကလေး လှုပ်ရှား ၍ နေလေပြီ ။ ခွေးပု ပြဿနာ သည် ဦးဘိုးရင် အား ၂ ည တစ်ခါ ၃ ည တစ်ခါ ဆို သလို ဦးနှောက် ရှုပ်စေလှတော့၏ ။


တောင်း ရက်ရန် ဝါးခုတ် ကြသော နေ့များ တွင် လှည်း တစ်စီးနှင့် မြေးအဘိုး နှစ်ယောက် စကား တတွတ်တွတ် နှင့် သွားလေ့ ရှိကြသည် ။ အပြန် တွင် ဝါးပုံကြီး ပေါ် ၌ ခွေးပု ကား ထိုင် လျက် သစ်ခွပန်းတွေ မြောက်ဥတွေ ကို ပွေ့လျက် ။ အဘိုးကြီး မှာ နွား မောင်းရင်း ပြန်လာလေ့ ရှိကြသည် ။


“ ဘ ဟို ပင်ပေါ်က အသီးကြီး ခူး ပေးပါ ၊ ထွေးပု လိုချင်တယ် ”


“ ကျီးအာသီးပါ ကွယ် မကောင်းပါဘူး ”


“ အို ဘ ရာ လိုချင်တယ် ခူးပေးပါ ၊ ထွေးပု ကစားမယ် ”


“ အမြင့်ကြီး ဟဲ့ ”


“ အို … အို … ရအောင် ခူးပေး ၊ အလုံးကြီး သိပ် လှတာပဲ ”


ဦးဘိုးရင် သည် နွယ်တွေ ကို ဆွဲ၍ ချ၏ ။ မရသည့် အဆုံး ရှုံ့တွ နေသော ဖင်ပိန်ကလေး ပေါ် အောင် ခါးတောင်းကျိုက် ၍ ကျီးအာပင် နွယ် လျက် ရှိသော သစ်ပင် ကို တက်ပြီး ခူးပေး ရ ရှာသည် ။


“ အဲ ဘ , က လိမ္မာတယ် ၊ ထွေးပု အိမ် ရောက်တော့ ဘုရားရှိခိုးမယ် နော် ၊ ထွေးပု လိုချင်တာ ခူးပေးတာ ကိုး ”


“ အေး … အေး ရှိခိုး ၊ ဒါမှ ကုသိုလ် ရတယ် ။ ငါ့ မြေး ပုတီးစိ ပ်တာ သင်ပေးရ ဦးမယ် ”


“ အရှည်ကြီးလား ဘ , ရဲ့ ”


“ မရှည်ပါဘူး ”


“ အင်း … အင်း … ဒါဖြင့် သင်ပေး ”


ဦးဘိုးရင် မှာ ဤသို့ ခွေးပု နှင့် နေရ သဖြင့် ဒေါ်ဖော့ ကို ပင် တစ်ခါတစ်ရံ မှ သတိရ မိသည် ။ တို့ မြေး အဘိုး နှစ်ယောက် ဟူသော လောက တစ်ခု သာ လျှင် ရှိသည် ။


ခွေးပု သည် တစ်ညနေ သော် သုံးအိမ်ခြား ၌ နွားကလေး မွေးသည် ကို သွား၍ ကြည့်၏ ။ ကလေးများ နှင့် ၎င်း အိမ် မှ တစ်ဖန် ရွာစည်းရိုး နား သို့ ရောက်၍ သွား၏ ။ လိပ်သရေပွင့်များ ဝါဝါဝင်း အောင် ပွင့် ၍ နေ သဖြင့် စည်းရိုး တွင် ပန်း ခူးရင်း အဖော်များ နှင့် ကွဲ၍ သွား၏ ။ ၁၀ မိနစ် ခန့် အကြာ တွင် ကား နားကလေး နှစ်ဖက် ကို လက် ဖြင့် အုပ်လျက် “ ဘ , ရေ ဘ , ရေ နာလိုက်တာ ” ဟု ထွန့်ထွန့်လူး အော်၍ ငိုနေသည် ။ စည်းရိုးနား ရှိ အိမ် က ကြား၍ ထွက် ကြည့်ရာ ခွေးပု မှန်း သိ သဖြင့် ဦးဘိုးရင် အား ပြေးလွှား ခေါ်ငင် ခဲ့ရာ ကလေးမ ၏ နား ရှိ နားကောက်ကလေး ကို အတင်း ဆွဲ ၍ ပြေး သဖြင့် နားကလေး ပြတ်၍ ကျန်ရစ်ရာ နာရှာ လွန်း ၍ ငိုနေသည် ကို တွေ့ရလေ၏ ။


အဘိုးကြီး မှာ သွေးစက်များ ခွေးပု ၏ ပခုံး ပေါ်နှင့် လက်ဖမိုး ပေါ် တွင် တွေ့မြင် လိုက် ကတည်း က ထိတ်ခနဲ ဖြစ်ကာ ဖမ်း ၍ ပွေ့ လိုက်ရာ “ အမယ်လေး ဘ , ရဲ့ နာတယ် နာတယ် လုပ်ပါဦး ဘ,ရဲ့ ၊ နာတယ် ” စသော အသံများ သည် နားတွင်း သို့ လှိမ့်၍ ဝင်လာ တော့သည် ။ အံသွား တကြိတ်ကြိတ် ဖြင့် မြေးကလေး အား ချော့မော့ ရင်း မေးမြန်းရာ ၊ “ ဆွဲလုပြီး ထွက်ပြေးတယ် ၊ ကိုညိုအေး ဆိုတဲ့ လူကြီး ထင်တာပဲ ” ဟု ပြောပြ လေ၏ ။ “ တောက် ! ရိုင်းလေကွာ ညိုအေး ရာ ၊ ငါ့ လာ ဓား နဲ့ ခုတ်ပါတော့ ၊ ခွေးပု မှ လုပ်ပါပေ့ ” ဟု အခဲ မကျေ နိုင်ဘဲ ရှိ တော့သည် ။ “ လာဟေ့ သတ္တိ ကောင်းရင် ဓားချင်း ယှဉ် ခုတ်လှည့် ၊ ငါ့ မြေး တော့ မစော်ကား နဲ့ ” စသော စကားများ သည် တစ်ယောက်ထီး တည်း ပြော၍ နေသော စကားများ ဖြစ် လေသည် ။ တောင်း ကို လည်း ကောင်းကောင်း မရက်တော့ပြီ ။ ခွေးပု ၏ နား မှ အနာ မကျက်နိုင် လေလေ ဒေါပွ လေလေ ဖြစ်တော့သည် ။ ညိုအေး မှာ ရွာ တွင် နာမည်ကြီး လူဆိုး ဖြစ်သည် ။ ဒင်း ပဲ ဖြစ်ရမှာပဲ ။ ဒင်းတော့ ကွာ တစ်နေ့တော့ ဆိုသော အသံများ ကို လည်း ခဏခဏ ကြိမ်း မိပေ၏ ။


ယခင် က ခုတင် ပေါ် တွင် မြေးအဘိုး နှစ်ယောက် စကား ပြောရင်း အိပ်ကြလေ့ ရှိ၏ ။ ခွေးပု အိပ် အောင် အဘိုးကြီး သည် ရှေ့ရေး နောက်ရေး ကို တွေး၍ နေလေ့ ရှိ၏ ။ ခွေးပု သည် လက်မောင်း ပေါ် တွင် အိပ် နေရာမှ အနာ နာ သဖြင့် အင့်ခနဲ လုပ် လိုက်လျှင် ဦးဘိုးရင် သည် ငေါက်ခနဲ ထ ၍ ထိုင်မိသည် ။ ဆောင့်ကြောင့်ကြီး ထိုင် ရာ မှ တောက် ခေါက်သံကြီး မှာ တိတ်ဆိတ်သော ညဉ့် အချိန် တွင် ဦးဘိုးရင် ကို ပင် ပြန်၍ အားပေး သလို ရှိလေသည် ။


ဤသို့ အခင်း ဖြစ်ပွားပြီး နောက် ညိုအေး မှာ ရွာ နှင့် ထန်းတော အကြား တွင် လူသ,တ် ခံရ၍ သေ လေ၏ ။ လူမိုက် ကို မည်သူ ဇီဝိန် ခြွေလေသည် ကို မသိသော် လည်း မသေမီ တစ်နေ့ က သူကြီး အိမ်နား တွင် ဦးဘိုးရင် နှင့် ခွန်းကြီးခွန်းငယ် ပြောခဲ့ကြသည့် ဦးဘိုးရင် မှာ လူသူတော်ကောင်း ဟု ဆိုရ သော်လည်း ခွေးပု နှင့် ပတ်သက် သဖြင့် သူတော် မှ ငါ ကောင်းချင် သလိုလို နေရသည့် အထဲ တွင် မျက်နှာချင်းဆိုင် တွေ့သော ညိုအေး က မခိုးမခန့် လုပ်၍ သွားလေသည် ။ အဘိုးကြီး မှာ အသားများ ဆတ်ဆတ်တုန် အောင် စိတ် ဆိုးလျက် ထိုးမည် ပုတ်မည် ပင် လုပ် သေးသည် ။ ရွာသားများ က ဝိုင်း ၍ တောင်းပန် သဖြင့် လှည့် ပြန် ခဲ့ရသည် ။


ယခုသော် ကား ဓား ဒဏ်ရာများ မှာ အားကောင်း ခွန်ကောင်း နှင့် ထိုးသည့် ဒဏ်ရာများ မဟုတ် ဟူသည် က တစ်ချက် ၊ ထို ညနေ က မြေးအဘိုး နှစ်ယောက် ဝါးခုတ် သွားကြသည် ဆိုခြင်း က တစ်ချက် တို့ ကြောင့် ဦးဘိုးရင် ကို ပင် ဖမ်းဆီး၍ ထောင် ၁၀ နှစ် ချ လိုက်သည် ။ ခွေးပု သည် မြေကြီး ပေါ်တွင် လူး ၍ “ ဘ , ရေ ၊ ဘ , ရေ ” နှင့် ငို နေရစ် တော့သည် ။ တွန့်လိပ်သော ပါးရေတို့ အကြား တွင် မျက်ရည်ယိုရွှဲ ဖြင့် သီဝေသော မျက်စိ အစုံ တို့ မှာ အိမ်နီးချင်း ဒေါ်ရွှေရေး လက် တွင် ထွန့်ထွန့်လူး ငိုရင်း ရုန်းကန် နေရှာသော ခွေးပု ကို မကြည့်ရက် သဖြင့် မျက်နှာ လွှဲ ခဲ့ရတော့သည် ။


အချိန်တို့ ကား တစ်နေ့ ပြီး တစ်နေ့ ကုန်ဆုံးခဲ့ တော့သည် ။ နေ့ ကို ရက် စား၍ ရက် ကို လ မျို ကာ တစ်ဝါ ပြီး တစ်ဝါ ဆို ခဲ့ပြီ ။ ဦးဘိုးရင် သည် ထောင် ထဲ တွင် အလုပ် လုပ်ရင်းလည်း ခွေးပု ၊ ထမင်း စား ရင် လည်း ခွေးပု ၊ လူစစ်ချိန် ပင် ခွေးပု အကြောင်း အောက်မေ့ နေ သဖြင့် မထူးမိ သော ကြောင့် အရိုက် ခံရ ရှာသည် ။ မိမိ တို့ ကဲ့သို့ အဘိုးကြီး ချင်း တွေ့ကြ၍ စကားဆုံမိ ကြ လျှင် အချို့က သားမိုက် သမီးမိုက် တို့ သံယောဇဉ် ကြောင့် ဒုက္ခ ဖြစ်ရပုံ တို့ ကို ပြောပြ လျှင် “ ခွေးပု ရေ ” ဟု ထ ၍ ဟစ်ပစ် လိုက် ချင်တော့၏ ။ ‘ ဘ ’ ဆိုသော အသံကလေး ကား နား ထဲ တွင် မပြတ် ကြား ၍ နေသည် ။ အခြားသူများ ကား သားသမီး လွမ်းဆွတ်ကြောင်း ပြော လျှင် အဘိုးကြီး စကား မဆို နိုင် တော့ပြီ ၊ လည် တွင် တစ်ဆို့ နေ လျက် မျက်ရည် ဝိုင်း ၍ နေတော့၏ ။


ထောင် မှ ၆ လ လောက် အကြာ တွင် လွတ် တော့မည် ။ အဘိုးကြီး မှာ ရက် ကို လက်ချိုး ၍ ရေ နေ၏ ။ သူ့ မျက်စိ ထဲ တွင် ပေါင် ပေါ် တက်ထို င်နေသော ခွေးပု ကို မြင်၏ ။ လက်မောင်း ခေါင်းအုံး ၍ အိပ် ရ မှ ကျေနပ် သော ခွေးပု ကို သာ တွေ့၏ ။ ထဘီကလေး မနိုင့်တနိုင် မဝတ်တတ် ဝတ်တတ် နှင့် ကစား နေသော ခွေးပု ကို မြင်၏ ။ ဆေးပေး မီးယူ လုပ် တတ်သော ခွေးပု ကို သတိရ၏ ။ ဝါးလှည်း ပေါ် တွင် တစ်ခါတစ်ရံ သီချင်းများ ဆိုလျက် လိုက်ပါ ကာ ဘာ ငှက်တုံး ၊ ဘာ ပင်တုံး ၊ တစ္ဆေ ချောက်တတ် သလား စသည့် တီတီတာတာ ပြော တတ်သည့် အသံကလေး ကို ကြားယောင် လျက် ရှိ သေး၏ ။


ဦးဘိုးရင် သည် ကြိမ် ဆွဲကြိုးကလေး တစ်ကုံး ကို မိ မိကိုယ်တိုင် လှပစွာ လုပ် ၍ လုံခြုံစွာ ဝှက်ထား လေသည် ။ အုန်းစိပ်ပုတီးကလေး တစ်ကုံး ကို လည်း အရောင် တလက်လက် ထွက် အောင် ပွတ်တိုက် ၍ သိမ်းဆည်း ထား၏ ။ ထောင် မှ လွတ် လျှင် ကြိမ်ပုတီးကလေး ကို ဆွဲ ခိုင်းမည် ။ အုန်းစိပ်ပုတီးကလေး ဖြင့် ပုတီးစိပ် သင် ပေးရင်း ညတိုင်း မြေးအဘိုး နှစ်ယောက် ဘုရား ဝတ်တက် ကြမည် ။ အရောင်အဆင်း ကင်းမဲ့ပြီ ဖြစ်သော ၆၀ ကျော် အဘိုးကြီး ၏ မျက်စိ တို့ သည် ငယ်မူ ပြန် ၍ ကြည်လင်ဝင်းပ လျက် လာ တော့၏ ။ ထောင် မှ လွတ် ၍ လာ ပြီး -


ရွာ ပေါက် သို့ သွက်လက်သော ခြေလှမ်း တို့ ဖြင့် ဝင်လာခဲ့၏ ။ ၁၀ နှစ် အတွင်း တွင် ဝါးတော သွားရာ လမ်း ကား မပြောင်းလဲ ။ ရွာ စည်းရိုးလမ်း မှာ ယခင် အတိုင်းပင် ရှိသည် ။ သို့သော် အိမ်ခြေတို့ ကား တစ်မျိုးတစ်မည် ဖြစ်၍ နေ၏ ။ လူရွယ် လူလတ် တို့ သည် ဦးဘိုးရင် ကို စွေစွေစောင်း လှမ်း ၍ ကြည့်ကြ၏ ။ အချို့ကား မှတ်မိ သဖြင့် ဟင် … ဘကြီးရင် ဟု ပါးစပ် အဟောင်းသား နှင့် နှုတ်ဆက် မေးမြန်းကြ ရာ ခွေးပု ရှိရဲ့လား ဟူသော စကား ကို သာ ပြန်၍ မေး၏ ။


“ ရှိတယ် ရှိတယ် သွား သွား ဟာ ခင်ဗျား မသိပေဘူး ၊ ကျွန်တော် လိုက်ပို့မယ် ” ဟု  ခေါ် သဖြင့် ရင် တခုန်ခုန် ဖြင့် လိုက်ခဲ့ ရာ -


အသက် ၁၆ နှစ် ခန့် ဝဝတုတ်တုတ် မိန်းကလေး တစ်ယောက် သည် လူငယ်ကလေး တစ်ယောက် အား နင်းပေး နေသည် ကို အိမ် တစ်အိမ် အောက် တွင် တွေ့မြင်ရ လေ၏ ။


“ မခွေး ဘကြီးရင် ပြန်လာပြီ ” ဟု လိုက် ပို့သော သူငယ် က ပြော သဖြင့် မိန်းကလေး က လှမ်း ကြည့်ပြီး ခပ်အမ်းအမ်း ဖြစ် နေရာ -


အဘိုးကြီး မှာ ဘာမှ မပြောနိုင်ရှာ ။ ပါးစပ် ဟ ၍ ရှေ့ မတိုးနိုင်သော ခြေလှမ်း တို့ ကြောင့် စုံ ရပ်၍ နေမိ တော့သည် ။


မိန်းကလေး သည် နင်း ရာ မှ ဆင်း ခဲ့၍ အဘိုးကြီး ရှိရာ သို့ လာပြီး လျှင် “ ဘ လာလေ ” ဟု ခေါ်သည် ။


ဦးဘိုးရင် သည် ဤ အဖြစ် ကို မတွေးခဲ့ မိ ။ ဤမျှ ကြီးပြင်းဦးမည် မထင် ။ သူ့ စိတ် တွင် ၁၆ နှစ် သမီး ရှိတော့မည် ကို သိ၏ ။ သို့သော် သူ့ နာမည်ကလေး ကို မပီမသ ဖြင့် ‘ ထွေးပု ထွေးပု ’ နှင့် ထည့် ၍ ပြော တတ်သော ထဘီ မနိုင်စဉ် က အရွယ်ကလေး ကို သာ မြင် မိသည် ။ ငါ ပြန်လာ ရင် ပြေး ဖက်ပြီး ငိုရှာ လိမ့်မည် ။ “ ဘရယ် ကြာ လိုက်တာ ” ဟု ဆိုရှာ လိမ့်မည် ။ ဤသို့ သာ တွေးခဲ့၏ ။ လေးကန်လှ စွာ ခုတင်ကလေး ပေါ် တွင် ထိုင် ရင်း သူ့ ခွေးပု ကို သာ ခြေဆုံး ခေါင်းဆုံး ကြည့်၍ နေတော့၏ ။


ဥဿဖရား နားပွင့်ကလေး နှင့် အမ်မစီဆွဲကြိုးကလေး တို့သည် ခွေးပု ၏ နေရေးထိုင်ရေး တို့ ကို ဖော်ပြလင့် ကစား အိတ်ထောင် ဆီ သို့ စမ်း မိသော ဦးဘိုးရင် အဖို့ မှာ သက်ပြင်း သာ ချမိ တော့သည် ။


အဘိုးကြီး ကို မခွေးပု တို့ လင်မယား က ကျွေးမွေး ၍ ထားသည် ။ သို့သော် ဦးဘိုးရင် ကား ငြိမ်ငြိမ်အေးအေး အိမ် တွင် မနေ ။ ဖျာ တစ်ချပ် ဖြင့် မိမိ အိမ် နေရာဟောင်း ဖြစ်သော ဝင်းမြေ တွင် ဥနှဲပင်ရိပ် ၌ သွား ၍ ထိုင်လေ့ ရှိသည် ။ တစ်ခါတစ်ရံ စိပ်ပုတီး ကို စိပ်လျက် ၊ တစ်ခါတစ်ရံ ကြိမ်ဆွဲကြိုး ကို လက်ဝါး ပေါ် တင် လျက် ကသိုဏ်းရှု သလို ငြိမ်သက်စွာ ထိုင် နေလေ့ ရှိသည် ။ ဘကြီး ဘာ လုပ်တာလဲ ဟု မေး လျှင် “ ခွေးပု ငယ်ငယ် က ဓာတ်ပုံလေ ” ဟု ကြိမ်ပုတီး ကို လက်ဝါး ပေါ်တင်ရင်း ဖြေလေ့ ရှိသည် ။


◾မြမဉ္စူ ( လူထုဒေါ်အမာ )


📖 ကြီးပွားရေး မဂ္ဂဇင်း 

      ၁၉၄၀ ၊ ဇူလိုင်လ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment