Friday, September 18, 2026

ချစ်ဖြိုးကို တုနိုင်ရိုးလား


❝ ချစ်ဖြိုးကို တုနိုင်ရိုးလား ❞
▢ ထက်မြက်မြင့် (ဝက်လက်)

ကျွန်တော် ငယ်ငယ်က ကြားခဲ့ရသော ဇာတ်လမ်း တစ်ပုဒ်ဖြစ်ပါသည်။ ကျွန်တော့်အဖေသည် သည်ဇာတ်လမ်းကို ပြောပြရင်း ရယ်မောနေတတ်ပါသည်။ ဇာတ်လမ်းက သည်သို့သည်နှယ်။

ချစ်ဖြိုး။

ချစ်ဖြိုးသည် ပန်းလှိုင်ရွာသား။ ရိုးသားသူ။ မဟုတ်မခံ။ ကြက်ခေါင်းဆိတ် မခံ။ သို့သော် သူ၏ ပေါကြောင်ကြောင်စိတ်ကြောင့် မခံချင်စိတ်တို့ ပျက်ပြယ်ရလေ့ရှိသည်။

ခါဥ။

ခါဥသည် ချစ်ဖြိုး၏ ဇနီးမယား။ ရွာတွင် အလှဆုံး၊ ကွမ်းတောင်ကိုင်၊ မျက်နှာများသူ၊ ရည်းစားသနာ ပေါသူ၊ ချစ်ဖြိုးမိဘများက စီးပွားရေးတောင့်သဖြင့် လူကြီးချင်း စေ့စပ်၊ တောင်းရမ်း၊ လက်ထပ်ပေးသဖြင့် ချစ်ဖြိုးနှင့် ခါဥ အိမ်ထောင်ကျခဲ့သည်။ ချစ်ဖြိုးက အသောက်အစား ကင်းသူ၊ ရုပ်က မဆိုး၊ သဘောကောင်း မနောကောင်း၊ ငြင်းလို့ မရချင်။ ဘာပဲဖြစ်ဖြစ် လက်ထပ်သည့်နေ့က ချစ်ဖြိုးက ‘ချစ်လား’ မေးတော့ ဘာရယ်ကြောင့် မသိ ခါဥ အလိုလို ခေါင်းညိတ်ခဲ့သည်။ ခါဥက ‘ချစ်တယ်’ ဟု ပြောလျှင် ချစ်ဖြိုး အမြဲတမ်း ပျော်နေတတ်သည်ကို ခါဥ အသိ။

အိမ်ထောင်သက် ကြာလာတော့ ခါဥ ဗွေဖောက်လာသည်။ အာရုံထွေပြားကာ စိတ်တို့ လေလွင့်လာသည်။ သည်တွင် ရည်းစားဟောင်း ဖိုးမောင်နှင့် ကြုံကြိုက်ခဲ့ရသည်။ ဖိုးမောင် မြို့ကျောင်းသို့ စာသင်သွားနေစဉ် ခါဥ အိမ်ထောင်ကျခဲ့သည်။ ဖိုးမောင်ကို မုန်းလို့ ထားခဲ့ခြင်း မဟုတ်။ ကံကြမ္မာ ကိုသာ ယိုးမယ်ဖွဲ့ချင်သည်။ ယခုတဖန် ဖိုးမောင်နှင့် ပြန်လည်ဆုံတွေ့ပြန်တော့ စိတ်အလိုကို လိုက်မိသည်။ မစွန်းရင်းရှိ ကန်စွန်းခင်းငြိခဲ့ပြန်သည်။ ဆိုရလျှင် ဖိုးမောင်က အငယ် အနှောင်း၊ လင်ငယ်။

သည်အဖြစ်ကို ချစ်ဖြိုး ကြားရစဉ်က သူ့နားသူ မယုံချင်။ ဖိုးမောင်သည် သူ့သူငယ်ချင်း၊ တစ်ရွာတည်းသား။ ယုံကြည်ရမည့်သူက သစ္စာဖောက်ပြီ ဆိုသောအခါ မခံချင်စိတ်တို့က ရင်မှာ ပြည့်သိပ်လာသည်။ ခါဥနှင့် ဖိုးမောင်တို့ ဇာတ်လမ်း ရွာသမိုင်းမှာ မှတ်တမ်းတင်စေရမည်။ ချစ်ဖြိုး ငှက်ကြီးတောင်ဓားကို မြိနေအောင် သွေး၊ တွေ့ရင်တော့လား၊ တောက်။

တစ်ည။

ချစ်ဖြိုး ‘လယ်တောမှာအိပ်မည်’ ဟု ဇနီးဖြစ်သူ ခါဥကို ပြောခဲ့သည်။ ပြီးတော့ အိမ်ရဲ့ ကြပ်ခိုးစင်ပေါ်မှာ ငြိမ်သက် စွာ ပုန်းအောင်းနေလိုက်သည်။

မှောင်ရီပျိုးစ။ ညီအစ်ကို မသိတသိ အချိန်။ ချစ်ဖြိုး ထင်သည့်အတိုင်း ရည်းစားဟောင်း ဖိုးမောင် ခါဥ ထံ လာသည်။ ခါဥနှင့် တွေ့သည်။ နှစ်ဦးသား ကလူကျီစယ်ကြ၊ ချစ်စမြုံ့ပြန်ကြ၊ ဘာညာပြုကြသည်။ ခဏနားချိန်တွင်-

“ချစ်ရဲ့လား...ခါဥရယ်”

ဖိုးမောင်၏ မောဟိုက်နေသံကို ချစ်ဖြိုး ကြားရသည်။

“ပြောစရာလိုသေးလား...”

ခါဥ၏ နွမ်းလျသံကို ချစ်ဖြိုး အတော်ချည်း နားထောင်ရသည်။ အသံက တိုးညင်းလှသည်။

“ချစ်ဖြိုးနဲ့ ငါ ... ဘယ်သူ့ကို အချစ်ပိုလဲ”

“ဒါကတော့ ကိုဖိုးမောင်ရယ်... ကိုချစ်ဖြိုးက လင်ကြီးမို့လား ... ကိုချစ်ဖြိုးကို တုလို့တော့ မရဘူးပေါ့”

ခါဥ၏ တိုးညင်းနွမ်းလျသံအဆုံး ကြပ်ခိုးစင်ပေါ် တက် ရောက်ပုန်းအောင်း ချောင်းမြောင်းနေသော ချစ်ဖြိုး တစ်ယောက် ခါဥ အပြောကို မနောခွေ့ပြီး သတိလက်လွတ် ဖြစ်ကာ ငှက်ကြီးတောင်ဓားကို သတိ မရတော့။ ဝမ်းသာလုံးဆို့ သော စကားလုံးတို့သာ သူ့ပါးစပ်မှ ခုန်ထွက်လာတော့သည်။

“ဟား ဟား ဟား ဒီမှာ ဖိုးမောင် ... ချစ်ဖြိုးတဲ့ကွ တစ်ဖြိုးတည်း ရှိတယ် ... မင်း အခု ငါ့ကို တုနိုင်ရိုးလား... ဟား ..ဟား ... ဟား”

ချစ်ဖြိုး၏ အသံပြဲကြီးကြောင့် လင်ငယ်ဖိုးမောင်မှာ တချိုးတည်း သုတ်ချေတင် လစ်ပြေးလေတော့သည်။

▢  ထက်မြက်မြင့် (ဝက်လက်)
📖 ရယ်စရာ မဂ္ဂဇင်း
      ဇွန်လ ၊ ၂၀၁၅

No comments:

Post a Comment