❝ ကီးနိမ့်သူများ ❞
( သဒ္ဓါဆွေ - မန္တလေး )
လက်လုပ်လက်စား မိသားစု ဆိုပေမယ့် သူတို့ကို ကြည့်ရတာ သိပ်ငြိမ်းချမ်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြောပုံ ဆိုပုံတွေက အစ သိမ်မွေ့တယ်။ မိသားစု သုံးယောက်စလုံး ကြည့်လိုက်ရင် သပ်သပ်ရပ်ရပ်၊ အဝတ်အစားတွေကလည်း အကောင်းစား မဟုတ်ပေမယ့် သန့်ရှင်းလို့။
ယောက်ျားဖြစ်သူက ဝတ္ထုမဂ္ဂဇင်း၊ ဂျာနယ်တွေကို ခြင်းကြားကြီး တစ်ခုထဲထည့်။ စာရင်းစာအုပ် တစ်အုပ်နဲ့။ မနက်လင်းတာနဲ့ သုံးတန်းကျောင်းသူ သမီးနဲ့ အတူ အိမ်ကနေ ထွက်နေကျ။ ဆယ်မိုင်ကုန်းမှာ နေတာမို့ အင်းစိန်ကားကို ဈေးထိပ်က စီးလိုက်ရင် အင်းစိန်ဆေးရုံကို ရောက်ပြီ။ ဆေးရုံ ရောက်တာနဲ့ သမီးလုပ်သူက ဈေးထဲက ဝယ်လာတဲ့ စံပယ်ပန်းကုံးတွေကို ဆန်ခါလေးထဲ ထည့်ပြီး သားအဖ ဆေးရုံပေါ် တက်ခဲ့တယ်။
“စံပယ်ပန်းရမယ် စံပယ်ပန်း”
“စာအုပ်အစုံ ငှားလို့ ရပါတယ်”
အသံလေး ထွက်တယ်ဆိုရုံ အသံပြုပြီး တစ်ခန်းဝင် တစ်ခန်းထွက် ဆေးရုံတက်တဲ့ လူနာတိုင်း နံနက်စောစော စံပယ်နံ့ မွှေးမွှေးကြောင့် စိတ်ကြည်လင်စွာနဲ့ ခုတင်တိုင်း ဝယ်တာမို့ ပါသမျှ ကုန်တာပါပဲ။ စာအုပ်ကလည်း လူနာစောင့်ကော၊ စာကြည့်နိုင်တဲ့ လူနာပါ ငှားတာမို့ စာအုပ်အဟောင်းလေးတွေက လက်မလည်အောင် ငှားရပါတယ်။ စာအုပ်အသစ် ဝယ်ပြီး မတင်နိုင်ပါဘူး။ ဆိုင်ကျအဟောင်းတွေကို ငှားတာပါ။ မဖတ်ရသေးရင် အသစ်ပေါ့၊ သားအဖနှစ်ယောက် ထမင်းစားချိန်ဆို အိမ်ပြန်ရောက်ပြီ။ နေ့လယ် ဆယ့်နှစ်နာရီ သမီးလေးက ကျောင်းသွားဖို့ အဆင်သင့်ဖြစ်ပြီ။
မိန်းမလုပ်သူက မနက်ပိုင်း ချက်ပြုတ်လျှော်ဖွပ်ပြီး အိမ်ဗာဟီရတွေ အကုန်ပြီးတဲ့အချိန်၊ ရေမိုးချိုး သနပ်ခါး ပါးကွက်ကျားနဲ့ ဆယ်မိုင်ကုန်းကနေ အေဝမ်းမှတ်တိုင် အထိ ကားစီးပြီး သူ့လုပ်ငန်းခွင်ရှိရာ ဗိုလ်ဉာဏလမ်းထဲကို ဝင်သွားပါတယ်။ ဗိုလ်ဉာဏလမ်း အစပိုင်းကတော့ ဈေးလေးနဲ့ အိမ်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကြောင့် စည်ကားသလောက် အတွင်းလမ်းထဲ ရောက်သွားတာနဲ့ ကိုယ့်ခြံ ကိုယ့်ဝန်းတွေကြောင့် တိတ်ဆိတ်ငြိမ်သက်ပြီး တိုက်တာအဆောက်အအုံကောင်းတွေ ရှိတဲ့ နေရာ၊ တစ်အိမ်နဲ့ တစ်အိမ် ခြံချင်း ကပ်နေတာမို့ ကိုယ့်အိမ်ရဲ့ အမှိုက်တွေဟာ အဲဒီရပ်ကွက်လေးထဲမှာ မီးရှို့ရင်လည်း ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်၊ အမှိုက်ကားလာသိမ်းတဲ့နေရာလည်း မဟုတ်လို့ ဗိုလ်ဉာဏလမ်းသွယ်ထဲက အိမ်တိုင်းဟာ အဲဒီ မိန်းမကိုလည်း အားကိုးရပါတယ်။ ညနေ ခြောက်နာရီဆို ‘ အမှိုက်လာပါပြီ’ ဆိုတဲ့ ကီးအနိမ့်လေးနဲ့ အော်သံဟာ အိမ်ထဲအထိ ဝင်ပါတယ်။ တချို့ အိမ်တွေက စောစောထဲက ခြံတံခါးဝမှာ အမှိုက်ထုပ်ကို ချထားတယ်။ တချို့ကလည်း အသံကြားမှ ထွက်ပြီး အမှိုက်ထုပ်ပေးတယ်။ ပေးသူနဲ့ ယူသူကတော့ အဆင်ပြေလို့ပေါ့။ အဲဒီ မိန်းမက တစ်အိမ်ကို တစ်လစာအတွက် ခြောက်ရာကျပ် ယူပါတယ်။ သူ့အတွက်တော့ တစ်လတစ်လ နှစ်သောင်းကျော်ကတော့ အေးဆေးပါပဲ။
အခြေခံလူတန်းစား မိသားစု ဆိုသော်လည်း နေ့စဉ်ဝမ်းစာကို ပူလောင်ပြင်းပြစွာနဲ့ ရုန်းကန်ရတဲ့ မိသားစု မဟုတ်ပါဘူး။ အသံ၏ အေးချမ်းခြင်း၊ ရုပ်လက္ခဏာ၏ သန့်ရှင်းခြင်းတွေဟာ သူတို့မိသားစုကို ဘုရားသခင်က ပေးထားတဲ့ လက်ဆောင်တွေပဲ ထင်ပါတယ်။
အလုပ်တစ်ခုရဲ့ နေရာဒေသကြောင့် အလုပ်လုပ်သူရဲ့ ဟန်ပန်အားလုံးဟာ ပြောင်းသွားတဲ့ သဘောကို ကျွန်မ နားလည်ပါတယ်။ နေရာကြောင့် လူပြောင်းလဲသလို လူကြောင့်လည်း ပတ်ဝန်းကျင် ပြောင်းလဲနိုင်တာပဲ မဟုတ်လား။ ဘယ်လိုပဲ ပြောင်းလဲမှု ရှိပါစေ။ ကိုယ့်အိမ်ကိုယ့်ရာကို ရောက်တာနဲ့ အဲ့ဒါတွေ အားလုံးကို ခွာချပြီး ပင်ကို ဗီဇအတိုင်း ပြုမူ နေထိုင်တတ်ကြတာလည်း လူ့သဘာဝပဲမို့လား။
သို့ပေမယ့် သူတို့ မိသားစုကတော့ အလုပ်ခွင်ထဲက အတိုင်း ပုံစံကျနေပြီမို့ အိမ်မှာ စကားပြောလည်း ကီးမြှင့်လို့ မရတော့ပါဘူး။
▢ သဒ္ဓါဆွေ ( မန္တလေး )
📖 ကလျာ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၁၅
No comments:
Post a Comment